အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
55
“သူဌေး”
ထိုအမည်တစ်ခုကြောင့် ရုတ်တရက်ကြီး ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ ဖုန်းမြည်သံမှတစ်ပါး အခြားမည်သည့်အသံမျှ မကြားရတော့ပေ။
ဖုန်းမြည်သံအား ကြားလိုက်ရသောအခါ အစ်ကိုယု၏ မျက်နှာမှာ သိသိသာသာပင် ပျက်ယွင်းသွားပြီး အတင်းရုန်းကန်လာတော့သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခုသာရှိသည်။ သူတို့အကြောင်းအား ရဲတွေရိပ်မိသွားပြီဖြစ်ကြောင်းနှင့် အခုချက်ချင်း ထွက်ပြေး၍ သူ၏သူဌေးကို အသိပေးလိုခြင်းပင်။
သို့သော် သူမည်မျှပင် လှုပ်ရှားရုန်းကန်ပါစေ ချည်နှောင်ထားသည့်ကြိုးမှာ တစ်လက်မမျှပင် လျော့ရဲသွားခြင်းမရှိပေ။ ချင်ရန်သည် အစ်ကိုယုအား တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“မင်းက ဒီလောက်ထိ အချည်ခံထားရတာကို ဘာလို့ငြိမ်ငြိမ်မနေတာလဲ”
ထို့နောက် ချင်ရန်သည် ကောင်းချောင်ကိုကြည့်ကာ မေးလိုက်သည်။
“စခန်းမှူးကောင်း အခု ကျွန်တော်တို့ဘာလုပ်ကြမလဲ၊ ဖုန်းကို ကိုင်ကိုင်၊ မကိုင်ကိုင် ကျွန်တော်တို့ဆိုတာကို ဟိုဘက်ကရိပ်မိမှာပဲ”
ချင်ရန်၏ မျက်လုံးများ မှေးကျဉ််းသွားသည်။ အကယ်၍ သူတို့သာ ထိုဖုန်းအား လက်ခံလိုက်ပါက တစ်ဖက်လူမှ ဘာမှပြောစရာမလိုပဲ အခြေအနေကို ကောင်းစွာရိပ်မိသွားပေလိမ့်မည်။
ဖုန်းမကိုင်ပါကလည်း ပါးနပ်လှသော သူဌေးဖြစ်သူ ချီလုံဝေသည် အစ်ကိုယုတို့အဖွဲ့ အန္တရာယ်ကြုံနေရပြီဆိုသည်ကို သဘာဝအတိုင်း ရိပ်မိသွားပေလိမ့်မည်။
ကောင်းချောင်သည် မျက်မှောင်ကြုတ်ကာ အကျပ်ရိုက်နေသည်။ သူလည်း ဤသဘောတရားကို ကောင်းကောင်း နားလည်သည်။ ယခုအချိန်တွင် ဖုန်းမကိုင်ဘဲနေ၍လည်း မရသလို ကိုင်လိုက်ရန်မှာလည်း မဖြစ်နိုင်သည့် အနေအထားပေ။
ကောင်းချောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖုန်းလက်ခံကာ ချီလုံဝေအား ပြင်းပြင်းထန်ထန် သတိပေး၍ ကိုယ့်အသိစိတ်နဲ့ကို လာရောက်အဖမ်းခံရန် ခြိမ်းခြောက်ကြည့်ဖို့ ပြင်လိုက်သော်လည်း ချင်ရန်က လက်ကာပြကာ ခေါင်းခါလျက် တားလိုက်၏။
“စခန်းမှူးကောင်း ဒီဖုန်းကို အခုထိ ကိုင်လို့မဖြစ်သေးဘူး၊ အကယ်၍ ကျွန်တော်တို့သာ ဖုန်းကိုင်လိုက်ရင် သူ့လက်အောက်က လူတွေကို ဖမ်းဖို့လုပ်ထားတဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်က အကုန်ပျက်ကုန်လိမ့်မယ်၊ ဖုန်းမကိုင်ဘဲ ထားလိုက်ရင်တော့ သူက သံသယဖြစ်ရုံပဲဖြစ်မှာ တခြားအစွန်းရောက်တဲ့ လုပ်ရပ်တွေကို ချက်ချင်း လုပ်ချင်မှ လုပ်လိမ့်မယ်”
ကောင်းချောင်သည် ချင်ရန်အားကြည့်ကာ ထိုစကားများကို စဉ်းစားမိပြီး ခေါင်းညိတ်သဘောတူလိုက်၏။
“ကောင်းပြီ ဒါဆို ငါဖုန်းမကိုင်တော့ဘူး”
ထိုသို့ပြောပြီးနောက် ဖုန်းသည် ၁၅ စက္ကန့်ခန့် ဆက်တိုက်မြည်ပြီးနောက် ရုတ်တရတ် တိတ်ဆိတ်သွားတော့၏။ ကောင်းချောင်သည် ရင်ထဲက အလုံးကြီး ကြသွားသကဲ့သို့ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ ဝါရင့်စခန်းမှူးဖြစ်သော်လည်း သူသည် အံ့သြဖွယ်ကောင်းလောက်အောင်ပင် မည်သည့် ကောင်းမွန်သော အကြံဉာဏ် မထွက်လာပေ။
ထို့ကြောင့် သူက ချင်ရန်အား အားကိုးတကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။
“ချင်ရန် ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”
“ချီလုံဝေက သာမန်လူမဟုတ်ဘူး စခန်းမှူး၊ သူက ဖိန်လင်မြို့ရဲ့ မြို့မျက်နှာဖုံး နာမည်ကျော် လူကုံထံသူဌေးကြီးတစ်ဦး၊ သူပိုင်ဆိုင်ထားတဲ့ အဲဒီဘားတွေထဲမှာ လက်သပ်မွေးထားတဲ့ သူ့လက်ပါးစေတွေက အနည်းဆုံး လူအင်အား ရာနဲ့ချီပြီး ရှိလိမ့်မယ်”
ချင်ရန်၏ ခန့်မှန်းချက်ကိုကြားပြီးနောက် ကောင်းချောင်က သူ၏အဖွဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ငါတို့ဘက်က လူအင်အားက တော်တော်နည်းနေတယ်၊ အဲဒါအပြင် ချီလုံဝေ အခုဘယ်မှာလဲဆိုတာတောင် ငါတို့ အတိအကျ မသိရသေးဘူး”
“ဒါက အချိန်ဆွဲလို့မရတဲ့ အရေးပေါ်ကိစ္စပဲ စခန်းမှူး၊ ဗဟိုရဲဌာနကို အကြောင်းကြားပြီး ရဲအင်အားထပ်လွှတ်ပေးဖို့ တောင်းဆိုရအောင်”
ထိုအကြံပြုချက်အား ကြားသောအခါ ကောင်းချောင်၏ အမူအရာမှာ ခဏမျှ တန့်သွားပြီးမှ လေးနက်စွာ ခေါင်းညိတ်လိုက်၏။
“မှန်တယ်. ဗဟိုရဲဌာနကိုဖုန်းဆက်ပြီး သူတို့ဆီက အကူအညီတောင်းဖို့ပဲ ရှိတော့တယ်”
ထို့နောက် ကောင်းချောင်သည် ညွှန်ကြားရေးမှူးဆုန့်ထံသို့ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ကောင်းချောင်းက တိုက်ရိုက်ပင် ပြောချလိုက်၏။
“ညွှန်ကြားရေးမှူးဆုန့် ညဉ့်နက်ကြီးမှာ အခုလို အနှောင့်အယှက်ပေးမိတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး ခင်ဗျာ”
“ဘာကိစ္စလဲ ကောင်းချောင်၊ ဒီလောက် ညဉ့်နက်နေတာကို နှုတ်ဆက်ရုံသက်သက်နဲ့ ဖုန်းဆက်တာတော့ မဟုတ်ဘူးမလား”
ဖုန်း၏ အခြားတစ်ဖက်မှ ညွှန်ကြားရေးမှူးဆုန့်၏အသံမှာ အခုမှ တရေးနိုးကာစဖြစ်၍ အသံမှာ နုံးချိနေပုံရသော်လည်း သူက ဒေါသတကြီး ဖြစ်မနေပေ။
ထို့ကြောင့် ကောင်းချောင်သည် ချီလုံဝေနှင့် ပတ်သက်သော ကိစ္စရပ်များကို အကျဉ်းချုပ်ရှင်းပြလိုက်၏။
“ဘာပြောတယ်”
ညွှန်ကြားရေးမှူးဆုန့်မှာ အလွန်အံ့အားသင့်သွားသည်။ ဤသည်မှာ သာမန်ကိစ္စတစ်ခု မဟုတ်ပေ။
ချီလုံဝေမှာ ဖိန်လင်မြို့၏ ထိပ်တန်းသူဌေးကြီးတစ်ဦးဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားသူ ဖြစ်သည်။ ထိုကဲ့သို့သောလူက တရားမဝင်ရာဇဝတ်မှုများကို အဘယ်ကြောင့် ကျူးလွန်နေရတာလဲ ဆိုသည်ကို သူစဉ်းစားမရပေ။
“ညွှန်ကြားရေးမှူးဆုန့် ကျွန်တော်တို့လည်း ဒါကို မယုံနိုင်အောင်ဖြစ်နေရတာပါ၊ ဒါပေမဲ့ ငြင်းမရတဲ့ သက်သေအထောက်အထားတွေက ကျွန်တော့်တို့လက်ထဲကို ရောက်နေပြီဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း မျက်မြင်ကိုယ်တွေ့ စစ်ဆေးပြီးပါပြီ”
ထိုအခါ ညွှန်ကြားရေးမှူးဆုန့်က အေးစက်စက်လေသံဖြင့် ပြန်လည်ပြောကြားလာ၏။
“ကောင်းချောင် မင်းမသိသေးတာတစ်ခုရှိတယ်၊ ပြီးခဲ့တဲ့ လဝက်အတွင်းမှာတင် ဖိန်လင်မြို့မှာ ကလေးပျောက်ဆုံးမှု ၇ မှုထက်မက ဖြစ်ပွားခဲ့တယ်၊ ငါတို့ ရဲအရာရှိတွေ အစွမ်းကုန် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ရာဇဝတ်ကောင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာတောင် မတွေ့ခဲ့ရဘူး”
“အခု မင်းပြောပုံအရဆိုရင်တော့ ချီလုံဝေက သူ့ရဲ့ အာဏာကိုသုံးပြီး သက်သေတွေကို ဖုံးကွယ်ထားနိုင်တဲ့ အစွမ်းအစ အမှန်တကယ်ရှိနေတာပဲ”
ကောင်းချောင်မှာ ညွှန်ကြားရေးမှူးဆုန့်၏စကားကြောင့် အလွန်တုန်လှုပ်သွားရ၏။ လဝက်အတွင်းမှာတင် ကလေး ၇ ယောက်ထက်မက ပျောက်ဆုံးသွားခဲ့သည်လော။
ပျောက်ဆုံးသွားသော ကလေးများ၏ မိဘများမှာ ဗဟိုရဲဌာနသို့ အကြောင်းကြားခဲ့ကြပုံရသော်လည်း ကောင်းချောင်းမှာမူ ထိုကိစ္စများကို အခုမှ ပထမဆုံးအကြိမ် ကြားမိခြင်းဖြစ်သည်။
“ဒီအမှုတွေကို ငါကိုယ်တိုင် တာဝန်ယူကြီးကြပ်နေတာ၊ အခုပြန်စဉ်းစားကြည့်တော့ ဒါက တကယ်ကို တိုက်ဆိုင်မှုတစ်ခု မဟုတ်တော့ဘူးပဲ”
ညွှန်ကြားရေးမှုးဆုန့်က လေးနက်သောလေသံဖြင့် ဆက်ပြောလာသည်။
“တစ်ခု ထူးခြားတာက အဲဒီကလေး ၇ ယောက် ပျောက်ဆုံးသွားတဲ့ နေရာတွေအားလုံးက လုံဝေဘားနဲ့ သိပ်မဝေးတဲ့ နေရာတွေချည်းမှာပဲ ပျောက်သွားတာ၊ ငါတို့ လူလွှတ်ပြီးစုံစမ်းခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး၊ ချီလုံဝေ ကိုယ်တိုင်က ဒီကိစ္စထဲ ပါဝင်ပတ်သက်နေသလား ဆိုတာကိုတော့ ငါတို့ အခုထိမသိရသေးဘူး”
ကောင်းချောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ခုန်သံများပင် မြန်လာ၏။ ချီလုံဝေမှာ ယွမ်ပေါင်းသန်းတစ်ထောင်နီးပါး ကြွယ်၀ကာ ဖိန်လင်မြို့၏ အချမ်းသာဆုံးသူများထဲမှ တစ်ဦးဖြစ်ပြီး ဖိန်လင်မြို့တွင် သူသည် အကြွင်းမဲ့အာဏာရှိသူဟုပင် ဆိုနိုင်သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း ၎င်းတို့ဘက်မှ ငွေကြေးနှင့် အာဏာကိုသုံးကာ တစ်ခုခု လှည့်စားထားခဲ့ခြင်းမှာ အတော်လေးဖြစ်နိုင်ခြေရှိသည်။
ထို့အပြင် သူသည် ဘီလီယံနာ တစ်ဦးဖြစ်သဖြင့် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားမည်မဟုတ်ပေ။
ချီလုံဝေသည် ထိုအချက်ကို လက်ကိုင်ထားပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ထင်တိုင်းကျဲနေခဲ့ခြင်းဖြစ်သည်။
“ကောင်းပြီ”
ညွှန်ကြားရေးမှူးဆုန့်က ကျေနပ်စွာဖြင့် အော်ပြောလိုက်သည်။
“ငါ အခု အကုန်နားလည်သွားပြီ၊ အခုမှပဲ အကြောင်းအရာ တော်တော်များများက ဆက်စပ်သွားတော့တယ်၊ ငါ အခုချက်ချင်း လက်နက်ကိုင်တပ်ဖွဲ့ကို အကြောင်းကြားပြီး လုံဝေဘားကို ဝင်ရောက်စီးနင်းဖို့ လူလွှတ်လိုက်မယ်”
“မင်းတို့ဘက်က…. မင်းတို့လက်ထဲက သက်သေတွေကိုတော့ ဘေးကင်းအောင် သေချာထိန်းသိမ်းထားဖို့ မမေ့နဲ့”
ညွှန်ကြားရေးမှူးဆုန့်သည် သူတို့လက်ထဲရှိ သက်သေအထောက်အထားများ ပျောက်ဆုံး သွားမည်ကို အမှန်တကယ်ပင် ကြောက်နေမိ၏။
“ချီလုံဝေက ဖိန်လင်မြို့မှာ သြဇာအာဏာ အလွန်ကြီးမားလွန်းတယ်၊ အကယ်၍ ငါတို့က ခိုင်လုံတဲ့သက်သေမရှိဘဲ သူ့ကို အရေးယူလိုက်ရင် ငါတို့အတွက် ကြီးမားတဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်”
ညွှန်ကြားရေးမှူးဆုန့်သည် ထိုအချက်ကြောင့် ခဏမျှတုံ့ဆိုင်းသွားပြီးမှ သူသည် အံကြိတ်ကာ ပြက်သားစွာဖြင့် ပြောလိုက်သည်။
“ငါ အခုချက်ချင်းဖုန်းဆက်ပြီး ချီလုံဝေကို မြို့ပြင်ထွက်ခွာခွင့်မရအောင် အသွားအလာတွေကို ယာယီ ကန့်သတ်ခိုင်းလိုက်မယ်၊ ဒါမှ သူက ဒီဖိန်လင်မြို့ထဲမှာတင် ပိတ်မိနေမှာ”
“စိတ်ချပါ ညွှန်ကြားရေးမှူးဆုန့် ကျွန်တော်တို့ သက်သေအထောက်အထားတွေကော၊ အဓိက လူသက်သေတွေကိုရော သေချာ ဂရုတစိုက်စောင့်ရှောက်ထားပါ့မယ်”
ကောင်းချောင်က လေးနက်စွာ ခေါင်းညိတ်အာမခံလိုက်သည်။
ထို့နောက် ဖုန်းကျသွားပြီး လေထုမှာ ရုတ်တရက်ကြီး လေးလံသွားတော့သည်။ ကောင်းချောင်ကိုယ်တိုင်မှာလည်း မယုံနိုင်အောင်ကိုဖြစ်နေရ၏။
‘ဘယ်လိုပဲဖြစ်ဖြစ် သူက ဘာလို့ ဒီလို စက်ဆုပ်စရာ ရာဇဝတ်မှုတွေကို ကျူးလွန်ရတာလဲဆိုတာ ငါ လုံးဝ နားမလည်နိုင်သေးဘူး၊ သူ့ဘားလုပ်ငန်းကရတဲ့ ဝင်ငွေက မလုံလောက်လို့များလား’
‘ဒါက တကယ်တော့ ယုတ္တိမရှိဘူး၊ မင်းက အောင်မြင်တဲ့ ဘားတစ်ခုကို ပိုင်ဆိုင်ထားပြီး ပုံမှန်အတိုင်း ငွေတွေ ရှာနိုင်နေတာပဲ၊ ဘာဖြစ်လို့များ၊ ဥပဒေကို ချိုးဖောက်ပြီး အန္တရာယ်များတာတွေ ဘာဖြစ်လို့လုပ်နေကြတာလဲ'
ထိုအချိန်မှာပင် ဘေးတွင်ရပ်နေသော လင်းပင်က အားနည်းစွာ ရှင်းပြလိုက်သည်။
“အရာရှိကြီးတို့... ခင်ဗျားတို့ မသိသေးတာက အဲဒီချီလုံဝေက လိင်တူစိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ကာမလည်း အထူးလိုက်စားသေးတယ်၊ အထူးသဖြင့် သူက ယောင်္ကျားလေးငယ်လေးတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ ဒါမှမဟုတ် မုဆိုးမတွေကိုပဲရွေးပြီး အဓိက ပစ်မှတ်ထားတာပါ”
“ဟင်”
ထိုစကားကို ကြားသောအခါ ချင်ရန်၊ ကောင်းချောင်နှင့် ယန်ရှုတို့မှာ မှင်တက်သွားကြပြီး ရှကျဲမှာမူ ရုတ်တရက် မျက်နှာနီမြန်းသွားပြီး နားတွေပါထူပူသွား၏။
“သူက ဥပဒေကိုဂရုမစိုက်ပဲ အရာအားလုံးကို ငွေနဲ့ပဲ ဖြေရှင်းချင်တာ၊ အဲဒါကြောင့်လည်း သူက အမျိုးသမီးတွေနဲ့ ကလေးတွေကို အရောင်းအဝယ် လုပ်နေတာပေါ့”
“သူက ငွေကိုပဲ ဦးထိပ်ထားပြီး လူတစ်ယောက်ကို အသုံးမကျတော့တဲ့အထိ အဆုံးစွန်ထိ အမြတ်ထုတ်မယ့်သူမျိုးပဲ, သူ အသုံးချလို့ ဝသွားပြီဆိုရင်တော့ အဲဒီလူကို အမှိုက်လိုပဲ ပြန်ရောင်းစားပစ်ဖို့ ဝန်လေးမှာမဟုတ်ဘူး”
လင်းပင်က ချီလုံဝေအကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ထိုရှင်းပြချက်ကို ကြားပြီးနောက် ချင်ရန်နှင့် ကောင်းချောင်တို့သည် ချီလုံဝေက ထိုကဲ့သို့သော တရားမဝင်သည့် လုပ်ရပ်များကို အဘယ်ကြောင့် လုပ်ခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်သွားကြတော့၏။
သူသည် ဥပဒေကို လုံးဝဂရုမစိုက်တော့ဘဲ ကမ္ဘာပေါ်တွင် သူ့ကို မည်သည့်အရာကမှ မတားဆီးနိုင်ဟု ယုံကြည်နေခြင်းဖြစ်ပေမည်။
ချင်ရန်၏ မျက်လုံးများမှာ အေးစက်သွားသည်။
“ဒီလို အမှိုက်မျိုးကို ဖိန်လင်မြို့မှာ ဆက်ပြီး ရှိနေခွင့်ပေးထားရင် နောက်ထပ် လူဘယ်နှယောက်များ ဒုက္ခရောက်ဦးမလဲမသိဘူး၊ တောက်စ်”
“ကံကောင်းတာကတော့ သူ့ကို မကြာခင်မှာ ဖမ်းမိတော့မှာပဲ”
ချင်ရန်၏ လေသံမှာ နှစ်ထောင်ချီအေးခဲနေသည့် ရေခဲတုံးအလား အေးစက်တောင့်တင်းနေ၏။
ကောင်းချောင်က ချင်ရန်၏ပခုံးကို ပုတ်ကာ စိတ်သက်သာရစေလိုက်၏။
“ချင်ရန် ဒီတစ်ခါတော့ မင်းကို ငါတို့တွေ အများကြီးကျေးဇူးတင်ရမယ်၊ ဒီရာဇဝတ်ကောင်တွေကို ဖမ်းမိခဲ့လို့ ချီလုံဝေဆိုတဲ့ ငါးကြီးကိုဖမ်းမိနိုင်ဖို့ လမ်းစပွင့်သွားပြီ”
ချင်ယန်က ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ မျက်မှောင်များ ကျုံ့သွားသည်။
“စခန်းမှူး ကျွန်တော် ရုတ်တရက် တစ်ခုခုသတိရလိုက်တယ်၊ ချီလုံဝေက တစ်နေရာကို သွားကောင်းသွားနိုင်တယ်”
“ဟင် ဘယ်နေရာလဲ”
ကောင်းချောင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ချင်ရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လင်းပင်အား စိုက်ကြည့်လိုက်သည်။
လင်းပင်၏ဇနီး မဒမ်မာ၏ပုံရိပ်မှာ သူ၏စိတ်ထဲသို့ တိုးဝင်လာသည်။ ချီလုံဝေသည် အခြေအနေ မဟန်တော့သဖြင့် သက်သေဖျောက်သည့်အနေဖြင့် ဖြစ်စေ၊ အငြိုးအတေးဖြင့် ဖြစ်စေ လင်ပင်း၏မိသားစုကို အန္တရာယ်ပြုဖို့ ရွေးချယ်သွားနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လင်းပင်၏မိသားစုတွင် ဇနီးသည်သာမက ကလေးငယ်နှစ်ဦးပါ ရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
ထိုစကားကြောင့် လင်းပင်၏အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူလည်း တစ်ခုခုအား သတိရသွားသည်။ သူ၏ ဇနီးသည်မှာ အိမ်တွင်ရှိနေဆဲဖြစ်ပြီး သူမသည် သာမန်အိမ်ရှင်မသာဖြစ်သဖြင့် ခုခံနိုင်စွမ်း မရှိပေ။
အကယ်၍ ချီလုံဝေသည် ယခုအချိန်တွင် သူ၏အိမ်သို့ ရောက်ရှိသွားပါက ဘာတွေဆက်ဖြစ်မယ်ဆိုတာ မတွေးရဲစရာပေ။
လင်းပင်၏ဇနီး မဒမ်မာသည် သူဌေးချီလုံဝေမှာ ယုတ်မာသော ရာဇဝတ်ကောင်ဖြစ်ကြောင်း မသိသေးသည်ကိုလည်း သတိပြုရပေမည်။
အကယ်၍ ချီလုံဝေသာ ညနက် သန်းခေါင်ကြီး ရုတ်တရက် ရောက်ရှိလာပါက သူမသည် ဘာမှမသိသဖြင့် သူ့အတွက် တံခါးကို သေချာပေါက် ဖွင့်ပေးမိပေလိမ့်မည်။
“ဒုက္ခပဲ၊ လူကြီးမင်းလင်းရဲ့ဇနီး မဒမ်မာအတွက် အန္တရာယ်များနေပြီ”
ချင်ရန်သည် အခြေအနေ၏ အတိမ်အနက်ကို နားလည်သွားသဖြင့် ချက်ချင်းပြောလိုက်သည်။
“စခန်းမှူး ကျွန်တော့်ကို အခုချက်ချင်း မဒမ်မာရဲ့အိမ်ကို သွားခွင့်ပြုပါ၊ အခုချက်ချင်း ခွင့်ပြုပါ ကျွန်တော့ကို”
56
ကောင်းချောင်သည် အချိန်မဆွဲတော့ပဲ တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီလိုဆိုရင်တော့ ချင်ရန်နဲ့ ချန်ရှင်းချန် မင်းတို့နောက်ကနေလိုက်မယ့် နောက်ထပ်လူသုံးယောက်ခေါ်ပြီး သတင်းပေး လင်းပင်ရဲ့အိမ်ကို သွားလိုက်ကြ၊ ချီလုံဝေက မိသားစုဝင်တွေကို လက်တုံ့ပြန်တာမျိုး၊ နှိပ်စက်တာမျိုးမလုပ်နိုင်အောင် တားဆီးရမယ်”
“ဟုတ်ကဲ့ပါ စခန်းမှူး”
“ကျန်တဲ့သူတွေကတော့ သတင်းပေး လင်းပင်ကို အရင်ဆုံးဆေးရုံပို့လိုက်ကြ၊ သူ့ဒဏ်ရာတွေက တော်တော်ပြင်းတယ်။ ဖမ်းမိထားတဲ့ ဒီရာဇဝတ်ကောင် ၉ ယောက်ကိုတော့ မကြာခင် စစ်ဆေးအရေးယူရမယ်၊ ဒီတော့ သူတို့ကိုစောင့်ကြည့်ဖို့ လူ ၈ ယောက် ချန်ထားခဲ့မယ်၊ ဘာအမှားအယွင်းမှမရှိကြစေနဲ့ ကြားလား”
“ကြားပါတယ် စခန်းမှူး”
ကောင်းချောင်က ကိစ္စအဝဝကို လစ်ဟင်းမှုမရှိရအောင် တစ်ခုချင်းစီကို စနစ်တကျ ရှင်းရှင်းလင်းလင်း ညွှန်ကြားလိုက်သည်။
ချင်ရန်က တခြားလူ ၄ ယောက်နှင့်အတူ ကားပေါ်တက်ကာ လင်းပင်း၏အိမ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ချီလုံဝေသည် မဒမ်မာ၏အိမ်သို့ မရောက်ခင် သူတို့အရင် ဦးအောင်သွားရောက်ရန် အလွန်အမင်း အလျင်လိုနေကြသည်။
လုံဝေဘား၏ မြေအောက်ခန်းတစ်ခုတွင် ဘားပိုင်ရှင် ချီလုံဝေသည် တစ်ခုခုကိုအား အလေးအနက်ထား၍ စဉ်းစားခန်းဖွင့်နေသည်။
သူသည် ရှောင်ယု၏ဖုန်းကို စက္ကန့် ၂၀ ခန့် ခေါ်ဆိုခဲ့သော်လည်း မည်သူမျှ ပြန်မဖြေခဲ့ပေ။
အရင်ဆိုလျှင် ရှောင်ယုက သူ၏ဖုန်းကို မည်သည့်အခြေအနေမျိုးမှာမဆို မလွတ်တန်းကိုင်သည်။
ဖုန်းမကိုင်မိဘဲ လွတ်သွားခဲ့လျှင်ပင် သူဖုန်းချပြီးမကြာမီတွင် ရှောင်ယုက အမြဲတမ်းပြန်ခေါ်စမြဲဖြစ်၏။
သို့သော် ယခုမူ ထို့သို့မဟုတ်ပေ။ ဤအရာက ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိသည်။
ပထမအချက်မှာ ရှောင်ယုသည် ဖုန်းကို သူ့အနားမှာမထားဘဲ တခြားတစ်ခုခု လုပ်နေခြင်းဖြစ်နိုင်သည်။
ဒုတိယအချက်မှာမူ ရှောင်ယုအဖမ်းခံလိုက်ရပြီး ဖုန်းကိုင်နိုင်သည့်အခြေအနေတွင် မရှိတော့ခြင်းပင်ဖြစ်ရပေမည်။ ထိုအကြောင်းတွေးမိသောအခါ ချီလုံဝေ၏စိတ်ထဲတွင် မတင်မကျခံစားလာရပြီး ချက်ချင်း မတ်တတ်ရပ်လိုက်မိ၏။
“ရှောင်ယုက တခြားဘယ်သူ့ဖုန်းကိုမဆို မကိုင်ပဲနေပါစေ၊ ငါ့ဖုန်းကိုတော့ အမြဲဖြေပါတယ်၊ ဒါပေမယ့် အခု ငါ့ဖုန်းကိုတောင် သူပြန်မဖြေဘူးဆိုတော့ ရဲတွေလက်ထဲ ရောက်သွားလို့ပဲဖြစ်ရမယ်”
ထိုသို့ စဉ်းစားမိပြီးနောက် ချီလုံဝေ မျက်နှာပျက်သွားလေသည်။
‘ရှောင်ယုက ရဲနှစ်ယောက်ပဲ လာမှာမို့လို့ သူကိုင်တွယ်နိုင်တယ်လို့ အစောပိုင်းက ဖုန်းထဲမှာ ပြောခဲ့သေးတယ်မဟုတ်လား’
ထိုစဉ်က ချီလုံဝေသည်လည်း ရဲနှစ်ယောက်တည်းဆိုလျှင် ဖြေရှင်းရလွယ်မည်ဟု ထင်ခဲ့သော်လည်း ယခုတော့ အဆက်အသွယ်မရသည့်အတွက် အခြေအနေမဟန်တော့ကြောင်း သိလိုက်ရပြီဖြစ်သည်။
“တောက်စ်၊ လင်းပင် အယုတ်တမာကောင်၊ ဒါ မင်းလက်ချက်ပဲမဟုတ်လား၊ တောက်စ်”
လင်းပင်သည် သူ့အားသစ္စာဖောက်ပြီး လက်ထောက်ချလိုက်ပြီဟူသော အတွေးကြောင့် ချီလုံဝေသည် အလွန်အမင်းဒေါသထွက်ကာ လင်းပင်အား သတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။
‘ရဲတွေ ဒီသတင်းအချက်အလက်ကို ဘယ်လိုရတာလဲ၊ လင်းပင်က ဖွင့်ပြောလိုက်တာပဲဖြစ်ရမယ်’
“နှစ်အတော်ကြာ လင်းပင်အပေါ် ထားခဲ့တဲ့ ငါ့ရဲ့ကျေးဇူးတွေက အကုန်ရေစုန်မျော ပြီပေါ့”
“မဟုတ်သေးဘူး၊ အခု အရေးကြီးဆုံးက ထွက်ပြေးလွတ်မြောက်ဖို့ပဲ ကျန်တာတွေက နောက်မှစာရင်းရှင်းလို့ရတယ်”
ထိုကဲ့သို့ တွေးလိုက်ပြီးနောက် သူ၏စိတ်အခြေအနေမှာ အနည်းငယ် တည်ငြိမ်သွားသည်။ ယခုချိန်တွင် သူ ကားဖြင့် ထွက်ပြေး၍မရလောက်တော့ပေ။ ရဲများက လမ်းတိုင်းကို ပိတ်ဆို့စစ်ဆေးနေလောက်ပြီဖြစ်သလို လမ်းတိုင်းတွင်လည်း စစ်ဆေးရေးဂိတ်များ ရှိသဖြင့် မလွယ်ကူနိုင်လောက်ပေ။
သူသည် ဘီလျံနာသူဌေးတစ်ဦးဖြစ်သည့်အတွက် ကိုယ်ပိုင်ဂျက်လေယာဉ် ရှိသော်လည်း လေယာဉ်ကွင်းကိုသွားရန်က ကီလိုမီတာ ၂၀ ခန့်ဝေးပြီး လေယာဉ်ပျံတက်ရန်အတွက်လည်း အချိန်က လိုအပ်နေသေးသည်။
ထိုအခါ ရဲတွေအတွက် အခွင်းရေးကောင်းတစ်ခုကို ဖန်တီးပေးလိုက်သလိုဖြစ်သွားပြီး အနှောင့်အယှက်မျိုးစုံဖြင့် ရင်ဆိုင်ရပေတော့မည်။
“ငါ့မှာ အာမခံချက်တစ်ခုခုတော့ ရှိမှဖြစ်မယ်ထင်တယ်၊ မဟုတ်ဘူး လုံးဝကိုရှိမှဖြစ်မယ်”
ချီလုံဝေ၏မျက်လုံးများ အရောင်တောက်သွားသည်။ နှစ်ပေါင်းများစွာအတွင်း သူသည် ပြည်ပ၌ ငွေအမြောက်အမြား စုဆောင်းထားခဲ့ပြီးပြီဖြစ်သည်။
တရုတ်ပြည်ကနေ စွန့်ခွာသွားရလျှင်ပင် သူသည် ဘီလျံနာတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေနိုင်ပေမည်။ ပြည်ပမှာဆိုလျှင်တော့ ငွေရှိလျှင် မဖြစ်နိုင်တာ ဘာမှမရှိပေ။
အဓိကအချက်က လေယာဉ်နှင့် နိုင်ငံပြင်ပကို ထွက်ပြေးလွတ်မြောက်ရန်ပင်ဖြစ်သည်။ ချီလုံဝေ၏မျက်လုံးများထဲ၌ ရူးသွပ်မှုများ ဖြတ်ပြေးသွား၏။ ရဲများ သူ့ကိုမဖမ်းရဲအောင် လုပ်ရပေမည်။
သူ ဓားစာခံလိုအပ်နေချေပြီ။
လုံဝေဘားထဲတွင်တော့ လူငယ်အမြောက်အမြားသည် သောက်စားမူးယစ်ကာ ပျော်ပါးနေကြသည်။ ဤလူငယ်များသည် ဓားစာခံဖြစ်ရန် အလွန်သင့်တော်၏။ ချီလုံဝေက ဝေါကီတော်ကီကို ထုတ်ကာ အသံအက်အက်ကြီးဖြင့် ပြောလိုက်သည်။
“ရှောင်ကျန့်၊ ရှောင်ဝူ ငါတို့ရဲ့လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားပြီ၊ ရဲတွေ ငါ့တို့ဆီရောက်လာတော့မယ်၊ အခုချက်ချင်း ဘားထဲကနေ လူသုံးယောက်ကိုအမိဖမ်းထားလိုက်၊ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ထားတဲ့သူတွေကို ရွေးဖမ်းနော်၊ သူတို့ကို ဓားစာခံလုပ်မယ်၊ ဒါ ငါ့အမိန့်ပဲ၊ ကြားလား”
သူ့နောက်လိုက်များသည် လုံဝေဘား၏ နေရာအနှံ့အပြားတွင် ရှိနေကြပြီး ချီလုံဝေအပေါ် ၌လည်း သူတို့က အလွန်သစ္စာရှိကြ သူများဖြစ်ကြသည်။
၎င်းတို့ကို ငယ်စဉ်ကတည်းက ချီလုံဝေက ကျွေးမွေးစောင့်ရှောက်ခဲ့ခြင်းဖြစ်ရာ သူ့အား ဖခင်တစ်ဦးသကဲ့သို့ သဘောထားကြပြီး အသက်ပေးဝံ့ကြသူများဖြစ်ကြ၏။
“ဟုတ်ကဲ့ပါဆရာ၊ ဖမ်းပြီးရင် ဘာဆက်လုပ်ရမလဲ?း”
“ဗန်ကားတစ်စီးပြင်ထားလိုက် ပြီးရင် သူတို့ကို သတိလစ်အောင်လုပ်ပြီး ကားထဲသာပစ်ထည့်ထားလိုက်၊ ငါအခုထွက်လာခဲ့မယ်”
သူ့နောက်လိုက်များအား လိုအပ်သည်များကို မှာကြားပြီးနောက် စက်ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချီလုံဝေ၏မျက်လုံးများထဲတွင် ယုတ်မာကောက်ကျစ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“လင်းပင်၊ လင်းပင်၊ ငါလို ဘီလျံနာတစ်ယောက်က မင်းကြောင့် အခုလိုအခြေအနေမျိုးရောက်နေရပြီ၊ အဲဒါတွေအားလုံးက မင်းကြောင့်ပဲ၊ မင်းနဲ့ မင်းမိန်းမနေတဲ့အိမ်က ငါလက်ဆောင်ပေးထားတာပါ”
“အဲ့ဒါကိုတောင် မင်းက ငါ့ကိုသစ္စာဖောက်ပြီး ကျေးဇူးကန်းရဲတယ်ပေါ့လေ၊ ငါ့ကိုသစ္စာဖောက်ရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမယ်ဆိုတာကို ပြရသေးတာပေါ့ကွာ၊ တောက်စ်”
ထိုသို့ ကျိန်ဆဲပြီးနောက် ချီလုံဝေသည် လင်းပင်၏အိမ်ရှိရာ ကျွင်းယွဲ့ဖူ ရပ်ကွက်သို့ မောင်းထွက်လာလိုက်၏။
လုံဝေဘားကနေ လင်းပင်၏အိမ်အထိ ကားမောင်းလာလျှင် နှစ်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ချီလုံဝေသည် လင်းပင်၏အိမ်သို့ ဖြတ်လမ်းမှတစ်ဆင့် မောင်းထွက်လာစဉ် အနက်ရောင် ဗန်ကားတစ်စီးက သူ့ရှေ့၌ ကြိုတင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
“ဆရာ”
“ဖမ်းလာခဲ့ပြီလား”
“စိတ်ချပါဆရာ၊ ဒီသုံးယောက်လုံးကို သတိလစ်အောင်လုပ်ထားပြီး ခေါ်လာပါပြီ၊ သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေက တန်ဖိုးကြီးတာကြောင့် ချမ်းသာတဲ့မိသားစုက လူတွေဖြစ်ရမယ် ဆရာ”
“သွားမယ်၊ ကျွင်းယွဲ့ ဖူအိမ်ရာကိုမောင်းတော့”
ချီလုံဝေသည် သူ၏ကားဖြင့် အရှေ့မှဦးဆောင်၍ မောင်းနှင်သွား၏။ ကားပေါ်တွင် ချီလုံဝေသည် သူ၏ကိုယ်ပိုင်လေယာဉ်မှူးထံ ဖုန်းဆက်လိုက်သည်။
“အခု မင်းဘယ်မှာပဲရှိရှိ လေယာဉ်ကွင်းကို ချက်ချင်းရောက်အောင်လာခဲ့၊ ဒီည ငါ ဒီတရုတ်ပြည်ကနေ ပြည်ပကိုထွက်မယ်၊ ဘာအကြောင်းပြချက်မှ ငါမလိုချင်ဘူး”
ချီလုံဝေသည် သူ၏လွတ်မြောက်ရေးလမ်းကြောင်းအား စနစ်တကျ အစီအစဉ်ချမှတ်ပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။ နှစ်ပေါင်းများစွာအတွင်း လှိုင်းတံပိုးပေါင်းစုံကို ရင်ဆိုင်ဖြတ်ကျော်ခဲ့သူဖြစ်ရာ ယခုတစ်ခါတွင်လည်း သူကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေ၏
သူ ဤရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်သည်။
ဤသုံးနှစ်အတွင်း သူ့၏ငွေကြေးအင်အားနဲ့ အာဏာရှိသည့်လူပေါင်းစုံကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး မည်သူမှ ဖျက်ဆီးလို့မရသည့် အာဏာအရှိန်အဝါမျိုးကို တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်သည်။
‘ယခုလို တစ်ကွက်မှားသွားရုံနဲ့ ငါ့အတွက် လွတ်လမ်းမရှိတော့ဘူးလား။ ဟင့်အင်းလုံးဝမဟုတ်ဘူး ငါ့မှာ ဓားစာခံဆိုတဲ့ လွတ်လမ်းရှိနေသေးတာပဲ၊ ဒါက ငါ့အတွက် အသက်အာမခံချက်ပဲလေ ၊ အခု ငါ လေယာဉ်ကွင်းကိုသွားမယ်၊ လေယာဉ်ပေါ်တက်မယ်။ ငါ့ဆီမှာ ဓားစာခံရှိနေမှတော့ ဘယ်သူက ငါ့ကိုပစ်ရဲမှာလဲ၊ လေယာဉ်ကိုရော ဘယ်သူကပစ်ချရဲမှာလဲ’
ချီလုံဝေ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုပေါ်လာတော့သည်။
“ငါ ချီလုံဝေက ဘာမှမရှိတဲ့ တောသားဘဝကနေ ဒီအဆင့်ထိရောက်အောင် တက်လှမ်းလာခဲ့တာ၊ ဥပဒေတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာတောင် ဘယ်သူက ငါ့ကို ဘာအပြစ်ပေးနိုင်မှာလဲ၊ ရဲတွေကတော့ အခု လုံဝေဘားကို ဝိုင်းနေကြတဲ့အချိန် ငါက ကျွင်းယွဲ့ဖူကို ဦးတည်နေမယ်လို့ ဘယ်သူကထင်မှာလဲ ဟားဟား၊ ငတုံးတွေ”
သူပြောနေသော ငတုံးများသည် လမ်းမပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်နေသည့် ရဲကားတစ်စီးပေါ်တွင် လိုက်ပါလာကြသည်။ သူ့ထက်အရင် ကျွင်းယွဲ့ဖူသို့ ထိုငတုံးများက ရောက်ရှိနေပြီဖြစ်ကြောင်းကိုတော့ သူ လုံးဝမသိရှိခဲ့ပေ။
ရဲကားထဲတွင် ချင်ရန်၊ ချန်ရှင်းချန်၊ ယန်ရှုနှင့် အခြားနှစ်ဦးပါလာသည်။ ချန်ရှင်းချန်သည် ကားမောင်းနေရင်းဖြင့် ဇောချွေးပြန်နေရသည်။ အကြောင်းမှာ ချင်ရန်က လမ်းတစ်လျှောက်လုံး အခြေအနေ အလွန်စိုးရိမ်ရကြောင်း ပြောဆိုလာကာ ကားအား အရှိန်မြှင့်ခိုင်းနေသောကြောင့် ဖြစ်သည်။
“ချင်ရန် ငါကားမောင်းနေတုန်း ငါ့ကိုလာပြီးပွားမနေနဲ့”
မတက်နိုင်တဲ့အဆုံး ချန်ရှင်းချန်သည် ချင်ရန်အား အော်လိုက်ရသည့်အဆင့်ထိ ရောက်သွားရသည်။
“ချီလုံဝေကြောင့်မရူးဘူး၊ မင်းကြောင့်နဲ့ငါရူးတော့မယ်၊ တကယ်လို့ ချီလုံဝေသာ အဲဒီကိုမလာခဲ့ရင်တော့ မင်းကို ငါ ကောင်းကောင်းဆူပစ်ဦးမယ်”
ချင်ရန်သည် ခပ်အေးအေးပင် ပြုံးပြလိုက်၏။
“ရပါတယ်၊ တကယ်လို့ သူမလာဘူးဆိုရင် ဆရာ့စိတ်ကြိုက်ဆဲလို့ရပါတယ်၊ ဒါပေမဲ့ သူလာခဲ့ရင်ကော”
ပြောလက်စ စကားအား မပြောပဲရပ်လိုက်ပြီးမှ ဆက်ပြောလာသည်။
“ဒါဆိုရင်တော့ သူ့ကို ကြိုတင်ပြီးဖမ်းဆီးနိုင်တာပေါ့ ဟုတ်တယ်မလား”
ချင်ရန်၏ ပြောင်ချော်ချော် စကားကြောင့် ထိုင်းမှိုင်းနေသည့် ကားထဲမှလေထုက အနည်းငယ်ပြေလျော့သွားတော့သည်။
မကြာခင်မှာပင် ချင်ရန်တို့အဖွဲ့သည် မဒမ်မာ၏အိမ်တံခါးရှေ့သို့ ရောက်ရှိသွားကာ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
ထို့နောက် မဒမ်မာထွက်လာပြီး ချင်ရန်နှင့်ယန်ရှုတို့ကို မြင်လိုက်ရသည့်အခါ အံ့သြသွားကာ စိုးရိမ်တကြီးဖြင့် မေးမြန်းလာလေသည်။
“အရာရှိကြီးတို့ ကျွန်မအမျိုးသားရော၊ ကျွန်မအမျိုးသားကို ရှာတွေ့ပြီလား၊ သူ… သူ အဆင်ကောပြေရဲ့လားဟင်”
ချင်ရန်သည် လေးနက်သောမျက်နှာထားဖြင့် သူမအားပြောလိုက်သည်။
“လူကြီးမင်းလင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက်တော့ စိတ်ပူစရာမရှိတော့ပါဘူး၊ ဒါပေမဲ့ အခု သူ့ထက်ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ကျွန်တော်တို့ မဒမ်မာရဲ့ပူးပေါင်းဆောင်ရွက်မှုကို အထူးလိုအပ်နေပါတယ်”