အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
🌹Chapter 181
‘ရှန်းလန်မြို့မှ ယန်မိသားစု’ ဟူသော စကားလုံးကိုအကြိမ် ကြိမ်အခါခါ ကြားနေရသဖြင့် ယန်ရုန်ရုန့် အာရုံထဲဖုန်တက် နေသည့် မှတ်ဉာဏ်အချို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ရှမ့်ယွင်ဂိုဏ်းတွင် သူမရှိခဲ့စဉ်က စာကြည့်တိုက်တွင် ယန်မိသားစုနှင့် ပတ်သတ်သည့် မှတ်တမ်းအချို့ကိုမြင်ဖူးကြောင်း သတိရသွားခဲ့ပါသည်။
ကုန်းမြေတိုက်ကြီးကိုးခုတွင် မဟာကျင့်ကြံခြင်းဂိုဏ်းကြီး ၄ ခုနှင့် မဟာကျင့်ကြံခြင်းမျိုးနွယ်စု ၇ စု တို့ ရှိကြသည်။ ရှန်းယန်မြို့၏ ယန်မိသားစုက မဟာကျင့်ကြံခြင်းမျိုးနွယ်စု ၇ စုအနက် မျိုးရိုးအနက်ရှိုင်းဆုံးဖြစ်သည့် မျိုးနွယ်စုတစ်စုဖြစ် သည်။
မဟာကျင့်ကြံခြင်းမျိုးနွယ်စု ၇ စုတွင် တရားဝင်အဆင့်သတ်မှတ်ချက်မရှိသော်လည်း ယန်မိသားစုက စွမ်းအားအလွန်ကြီးမားသည့်အထဲတွင် ပါဝင်သည်။
၎င်းတို့၏ မိသားစုဦးစီးဖြစ်သူ ယန်ဟဲမိန်က နှစ်တစ်သန်းနေမှ တစ်ကြိမ်သာ ပေါ်ထွန်းတတ်သည့် ကျင့်ကြံခြင်း ပါရမီရှင်ဖြစ်ကာ အသက် ၃၀၀ ပြည့်နှစ်တွင် ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးအဖြစ် ယန်မိသားစု၏ မိသားစုဦးစီးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် မဟာအောင် မြင်ခြင်းအဆင့်ထိပင် တက်လှမ်းနိုင်ခဲ့ပါသည်။
ထိုလူ့အကြောင်းကို ယန်ရုန်ရုန် မှတ်မိနေရခြင်းက ရှန်းဝမ်ချင်း ပေါ်မလာခင်အထိ ထိုကုန်းမြေတိုက်တွင် ယန်ဟဲမိန်က စွမ်းအားအကြီးမားဆုံး ကျင့်ကြံသူ ဖြစ်ခဲ့ဖူးခြင်းကြောင့်ပင်။
ကောလဟာလများအရ ယန်ဟဲမိန်မှာ မကောင်းမှုကို အလွန်စက်ဆုပ်မုန်းတီးပြီး အစီအရင် ကျွမ်းကျင်တစ်ဦးလည်း ဖြစ်သည်။ သူ့လက်ဖြင့် နတ်ဆိုးပေါင်းများစွာကို သုတ်သင်ခဲ့ကာ ဖြောင့်မတ်မှန်ကန်သည့် သူတော်စင် လမ်းစဉ်ကို ဦးဆောင်လမ်းပြပေးခဲ့သူအဖြစ်လည်း ကျော်ကြားပါသည်။
ကံမကောင်းစွာဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ခန့်က နတ်ဆိုးများ၏ ကလဲ့စားချေမှုကြောင့် ယန်မိသားစုတစ်စုလုံး သုတ်သင်ခံလိုက်ရသည်။
ယန်မိသားစု ပျက်သုဉ်းသွားပြီးနောက် ယန်ဟဲမိန်လည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားသဖြင့် သူသေပြီဟုသာ အားလုံးက ကောက်ချက်ချခဲ့ကြပါသည်။
လင်းယွမ်နှင့် အလွန်တူလှသည့် လူငယ်လေးကို ကြည့်ရင်း ယန်ရုန်ရုန် မနေနိုင်ဘဲ မေးလိုက်သည်။
“ယန်ဟဲမိန်နဲ့ နင်နဲ့ ဘာတော်တာလဲ”
ယန်လင်းယွမ်က ဂုဏ်ယူဝမ်းသာသွားပုံရပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ယန်ဟဲမိန်က ကျွန်တော့်အဖေလေ၊ ကျွန်တော်ပြောသားပဲ၊ ကျွန်တော့်မိသားစုအကြောင့် အစ်မ သိမှာပါလို့”
ယန်ရုန်ရုန် ထပ်မေးလိုက်သည်။
“အဲ့တာဆို နတ်ဆိုးအရှင်သခင် လင်းယွမ်ကိုကော သိလား”
ယန်လင်းယွမ် ပထမတော့ အူကြောင်ကြောင်ဖြစ်သွားပုံရပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
“အခုလက်ရှိ နတ်ဆိုးအရှင်သခင်က ရွှင်းယင်လေ၊ လင်းယွမ်ဆိုတဲ့ နတ်ဆိုးအရှင်သခင် နောက်တစ်ယောက် ဘယ် တုန်းက ပေါ်လာတာလဲ၊ အစ်မကြားထားတဲ့ သတင်းက ဟုတ်ကော ဟုတ်ရဲ့လား”
နတ်ဆိုးနယ်မြေတွင် ယန်ရုန်ရုန် နေထိုင်ခဲ့စဉ်က ရွှင်းယင်ဟူသည့် အမည်အကြောင်း ကြားခဲ့ဖူးပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ခန့်က နတ်ဆိုးအရှင်သခင်မှာ ရွှင်းယင်ဟူသည့် နတ်ဆိုးတစ်ယောက်ဖြစ်သည်။
ရွှင်းယင်သေဆုံးသွားပြီးနောက် ထီးနန်းလုဖို့အတွက် နတ်ဆိုးဘုရင်များ စစ်ခင်းခဲ့ကြကာ နတ်ဆိုးနယ်မြေအတွင်း ပြည်တွင်းစစ်များ ဖြစ်ပေါ်ခဲ့ရသည်။ အသူရာချောက်နက်ထဲမှ လင်းယွမ် လွတ်မြောက်လာသည့်အချိန်ကျမှ ထီးနန်းကို သိမ်းပိုက်လျက် ပုန်ကန်မှုများကို ချေမှုန်းနိုင်ခဲ့ပါသည်။
ယခု ရွှင်းယင်က နတ်ဆိုးအရှင်သခင်အဖြစ် ရှိနေဆဲဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ခန့်ကို သူမ ပြန်ရောက်နေသည့် သဘောပင်။
‘ငါတကယ်ကြီး နှစ်ပေါင်း ၆၀၀ ကို ပြန်ရောက်သွားတာလား’
သူမ ခေါင်းထဲ ပထမဆုံး ဝင်လာသည့်အတွေးက သံသရာခွင်းဘုံကို ရှာတွေ့သွားခြင်းဖြစ်မည်ဟူ၍ပင်။ သံသရာခွင်းဘုံကသာ သူမတို့ကို အချိန်နှင့် အာကာသကို ဖြတ်သန်းပြီး ခရီးသွားခွင့်ပြုနိုင်စွမ်း ရှိပါသည်။
ထို့နောက် အမြဲလိုလို သူမ ဝတ်ရုံထဲရှိနေတတ်သည့် ငှက်ပေါက်လေးကို စမ်းကြည့်သော်လည်း ငှက်ပေါက်လေး ရှိမနေပါ။ အာရုံထဲမှ စနစ်ကို ဆင့်ခေါ်ကြည့်သော်လည်း တုံ့ပြန်မှုမရှိပေ။
သူမတို့ သံသရာခွင်းဘုံကို အမှန်တကယ် ဖြတ်သန်းခဲ့ကြလျှင် စနစ်ပါ အတူတူ လိုက်လာခဲ့မှာ သေချာပါသည်။ ယခု ငှက်ပေါက်လေး ရှိမနေသဖြင့် ထိုခန့်မှန်းချက်ကို သူမ သံသယဖြစ်လာခဲ့သည်။
ယန်ရုန်ရုန် တိတ်ဆိတ်နေသည်ကို မြင်ပြီး ယန်လင်းယွမ် ထပ်မေးလိုက်ပါသည်။
“နတ်ဆိုးအရှင်သခင်က ပြောင်းသွားတာလား၊ ဒါမှမဟုတ် အသစ်တစ်ယောက် ထပ်ပေါ်လာတာလား၊ အဲ့ဒီသတင်းကို ဘယ်ကရလာတာလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အမှန်အတိုင်းပြောပြပါ၊ ယန်မိသားစုအတွက် အဲ့ဒီသတင်းက အရမ်း အရေးကြီးနိုင်တယ်၊ အစ်မကို ကျွန်တော် ဆုကြေးတွေ ချီးမြှင့်နိုင်ပါတယ်”
သူ့ပုံစံက အမှန်တကယ် စိတ်ပူနေပုံပေါ်သဖြင့် ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။
“ဒီတိုင်း အမှတ်မထင် ပြောလိုက်တာပါ၊ ဘာမှအရေးမကြီးဘူး”
ယန်လင်းယွမ် စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချလိုက်ပါသည်။
“နတ်ဆိုးတွေဆိုတာ အချိန်တိုင်း သတ်ဖြတ်နေကြတာ၊ အရမ်း အန္တရာယ်များတယ်၊ နတ်ဆိုးနယ်မြေထဲ အပြောင်း အလဲတစ်ခုခုဖြစ်လာခဲ့သည်ရှိသော် ကျွန်တော်တို့ကို အမြန်ဆုံး အကြောင်းကြားပေးပါနော်”
ယန်ရုန်ရုန့် စိတ်ထဲ ပဋိပက္ခဖြစ်သွားခဲ့သည်။
ဒီကောင်လေးက လင်းယွမ်နှင့် အမည်ကော၊ ရုပ်ကော ဆင်တူနေသော်လည်း နတ်ဆိုးများအကြောင်း မကောင်းပြောနေပုံက လင်းယွမ် ကိုယ့်ကိုယ်ကိုယ် မကောင်းပြန်ပြောနေသကဲ့ သို့ပင်။
အလွန်ထူးဆန်းသည့် အခြေအနေတစ်ခု ဖြစ်သဖြင့် ဒီကောင်လေးက လင်းယွမ်ဟုတ်ရဲ့လားဟု ယန်ရုန်ရုန် သံသယဝင်လာမိပါသည်။
ပစ္စုပ္ပန်ရှိ လင်းယွမ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်က အသူရာချောက်နက်ထဲ ချုပ်နှောင်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ချိပ်ပိတ်ချုပ်နှောင် မခံရခင်တုန်းက သူ့ဘဝအကြောင်းကိုလည်း တစ်ခါမှ မပြောပြခဲ့ဖူးပါ။
အချိန်ကို တွက်ချက်ကြည့်လိုက်လျှင် ယခုအချိန်ကာလတွင် အသူရာချောက်နက်ထဲ လင်းယွမ် အချုပ်နှောင်ခံရဦးမှာ မဟုတ်ပေ။
မျက်နှာချင်းလည်း အလွန်ဆင်တူလွန်းသဖြင့် တစ်ယောက် တည်းဟုပင် ထင်စရာကောင်းသည်။
သို့သော် ပြဿနာတစ်ခုတော့ ရှိနေပါသည်။ ဒီကောင်လေးက အလွန်မျိုးရိုးမြင့်သည့် မျိုးနွယ်စုတစ်ခုမှ ဆင်းသက်လာသော သူတော်စင်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ တရားမျှတမှုကို တန်ဖိုးထားတတ်သူဟု ယူဆရသည်။
ယန်ရုန်ရုန် သိထားသည့် ဉာဏ်နီဉာဏ်နက်များပြီး ရိုင်းစိုင်းသော နတ်ဆိုးအရှင်သခင်နှင့် ကမ္ဘာခြားအောင်ကွဲပြားလှပါသည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်နေသည်ကို သတိထားမိပြီး ယန်လင်းယွမ် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ မမလေး”
“ဘာမှမဖြစ်ပါဘူး…”
ယန်ရုန်ရုန် နားထင်ပွတ်ရင်း ပြန်ဖြေလိုက်သည်။
ဒီကောင်လေးက ဘယ်သူပဲဖြစ်ဖြစ် သူ့ကြောင့် သူမ ဒီကိုရောက်လာမှန်း သေချာပါသည်။ ပစ္စုပ္ပန်ကို ပြန်နိုင်ဖို့အတွက် သူမှတဆင့် သဲလွန်စ ရှာဖွေရမည်။
ထို့ကြောင့် ယန်ရုန်ရုန် အတိတ်မေ့သည့် ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်လိုက်ရသည်။
“ငါ နာမကျန်းဖြစ်ပြီး ဘာမှ သိပ်မမှတ်မိတော့တာ…၊ ဒီကိုဘယ်လိုရောက်လာတာလဲဆိုတာကော ငါ့အိမ် ဘယ်မှာလဲဆိုတာကော မမှတ်မိတော့ဘူး”
ယန်လင်းယွမ်က ကူညီပေးမည်ဟု ကမ်းလှမ်းလိုက်သည်။
“ကျွန်တော် ကူညီပေးမယ်လေ! ကျွန်တော်တို့ မောင်နှမတွေ ဒီကို အလုပ်ကိစ္စနဲ့ လာခဲ့ကြတာမို့လို့ ရက်နည်းနည်းလောက် နေရဦးမှာ၊ အစ်မအကြောင်းကို ကျွန်တော် လိုက်စုံစမ်းပေးမယ်၊ တကယ်လို့ ဘာမှမထူးဘူးဆိုရင် ကျွန်တော်နဲ့အတူတူ ရှန်းလန်မြို့ကို လိုက်ခဲ့”
“ကျွန်တော်တို့ မိသားစုရဲ့ဆေးပညာကျင့်ကြံသူတွေဆီမှာ အစ်မ ဆေးကုသမှုခံယူလို့ရတယ်၊ မှတ်ဉာဏ်တွေ ပြန်ရလာအောင် လုပ်မပေးနိုင်ရင်တောင် ရှန်းလန်မြို့မှာ နေလို့ရပါတယ်၊ အဲ့ကလူတွေက သဘောကောင်းပြီး အေးချမ်းကြတယ်၊ အစ်မ သဘောကျမှာပါ”
သူ့အသံက အလွန်ကြည်လင် နွေးထွေးလှသည်။
ယန်ရုန်ရုန် တွေးလိုက်ပါသည်။
‘ဒီကောင်လေးက တကယ်ဖြူစင်ပြီး စိတ်ထားကောင်းတာပဲ… ပြောရဆိုရခက်ပြီး အရှက်မရှိတဲ့ နတ်ဆိုးအရှင်သခင်နဲ့ ဘာမှမသက်ဆိုင်ဘူး’
ယန်ရုန်ရုန် သဘောတူဖို့ ကြံလိုက်စဉ် အနောက်ဘက်မှ အေးတိအေးစက် ခက်ခက်ထန်ထန် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
“မသွားရဘူး… ဘယ်ရှန်းလန်ကိုမှ မသွားရဘူး!”
ယန်ရုန်ရုန် လန့်ဖျပ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ သူမတို့ထံ တန်းတန်းမတ်မတ် လျှောက်လာသည့် လင်းယွမ်ကို မြင်လိုက်ရသည်။
သူ့အဝတ်အစားများက အလွန်ညစ်ပတ်နေပြီး ဆံပင်တွေလည်း ရှုပ်ပွနေကာ ပုံမှန်ဆို ဒေါင်းတစ်ကောင်လို လှပနေသည့် သူ့အသွင်နှင့် အလွန်ခြားနားလှပါသည်။
လင်းယွမ်က သူ့ပုံစံကိုသူ ဂရုစိုက်ပုံမပေါ်ဘဲ ယန်ရုန်ရုန့်လက်ကို ဆုပ်ကိုင်လိုက်သည်။
“ပြန်ကြမယ်”
“နေပါဦး! ရှင်ဘာလုပ်တာလဲ”
ယန်ရုန်ရုန် လက်ကို ပြန်ဆွဲလိုက်ပြီး မေးလိုက်သည်။
လင်းယွမ် မျက်နှာက အလွန်ကြောက်စရာကောင်းနေသည်။ ညမဲ့မြို့စား၏တိုက်ခိုက်မှုကို ခံခဲ့ရစဉ်ကထက်ပင် ကြောက်စရာ ပိုကောင်းနေပါသည်။
ယန်ရုန်ရုန့်လက်ကို လင်းယွမ် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူ့နား ဆွဲခေါ်လိုက်သည်။
“ဒီမှာရှိနေတာတွေ အားလုံးက အတုအယောင်တွေချည့်ပဲ! ဘာကိုမှ မကြည့်နဲ့၊ ဘာကိုမှ နားမထောင်နဲ့! ငါနဲ့အတူတူ အခုချက်ချင်း ပြန်လိုက်ခဲ့!”
လင်းယွမ်၏အမူအရာများ အလွန်ထူးဆန်းနေသည်ဟု ယန်ရုန်ရုန် ခံစားမိသည်။
“အားလုံးက အတုအယောင်ဆိုရင် ရှင်ကကော အစစ်အမှန်လား”
လင်းယွမ် ကြက်သေသေသွားခဲ့သည်။ သူ့စိတ်ထဲ အလွန်ဇဝေဇဝါဖြစ်သွားပုံရပြီး အချိန်အတော်ကြာအောင် ရီဝေသွားပြီးမှ အသိစိတ်ပြန်ကပ်ကာ ဆက်သောင်းကျန်းခဲ့သည်။
“ငါကအစစ်အမှန်ပဲ! ဒီနေရာကြီးမှာ အစစ်အမှန်ဆိုလို့ မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲရှိတယ်!”
ယန်ရုန်ရုန် လက်ညှိုးထိုးပြလိုက်သည်။
“အဲ့တာဆို သူကကော ? သူကော အတုအယောင်ပဲလား”
သူမ လက်ညှိုးညွှန်ရာဘက်သို့ လင်းယွမ် လိုက်ကြည့်လိုက်ရာ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရပြီး သူ့မျက်နှာ ပိုမို ဖြူရော်သွားခဲ့တော့သည်။
🌹Chapter 182
လင်းယွမ် မျက်နှာကို ယန်ရုန်ရုန် မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သဖြင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားမှုတိုင်းကို မြင်နေရပါသည်။
သူ့မျက်နှာပေါ်တွင် မုန်းတီးမှု၊ နာကျည်းမှုတို့နှင့်အတူ ဖော်ပြရခက်သော… သနားကရုဏာ အရိပ်အယောင်လေးကိုပင် တွေ့ခဲ့ရသည်။
ထို့ကြောင့် ဒီကောင်လေးကို လင်းယွမ် ကျိန်းသေပေါက် သိနေလိမ့်မည်ဟု ယန်ရုန်ရုန် ယုံကြည်ချက် ပိုမိုခိုင်မာသွားခဲ့ပါသည်။
ယန်ရုန်ရုန် တဲ့တိုးမေးလိုက်သည်။
“ဒီကောင်လေးက ဘယ်သူလဲ”
လင်းယွမ် မျက်နှာလွှဲလိုက်ပြီး လုံးဝ မသိသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။
“ငါမသိဘူး၊ သူဘယ်လို သတ္တဝါလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်!”
“သူက ရှင်နဲ့ ရုပ်ချင်းတော်တော်ဆင်တယ်နော်”
ယန်ရုန်ရုန် သူ့ကို အသိပေးလိုက်သည်။
“ရှင်တို့နှစ်ယောက် တစ်ခုခုများ ပတ်သတ်…”
“ငါတို့နှစ်ယောက် ဘာမှမပတ်သတ်ဘူး!”
လင်းယွမ် ခက်ခက်ထန်ထန် ငြင်းဆန်လိုက်သည်။
သူ့တုံ့ပြန်ပုံက အစွန်းရောက်လွန်းသဖြင့် အပြစ်ရှိ၍ အတင်းဖုံးကွယ်နေသည့် ပုံစံမျိုးပေါက်နေလေသည်။
ယန်ရုန်ရုန် သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
လင်းယွမ်က သူမနှင့် အကြည့်ချင်း မဆုံရဲဘဲ အခိုင်အမာ ငြင်းဆန်လိုက်ပါသည်။
“ငါသူ့ကို မသိဘူး၊ တကယ်ပြောတာပါ”
ယန်ရုန်ရုန် ဘာမှထပ်မပြောနိုင်ခင် ကြည်လင်ပြတ်သားသည့် ကောင်လေး၏အသံ ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော်က ရှန်းလန်မြို့ရဲ့ ယန်မိသားစုက လာခဲ့တာပါ၊ ကျွန်တော့်နာမည် ယန်လင်းယွမ်ပါ”
သူနှင့် ရုပ်ချင်းဆင်တူနေသည့် ကောင်လေးကို လင်းယွမ် အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ရက်ရက်စက်စက် ဟိန်းဟောက်လိုက်လေသည်။
“မင်း သောက်ပါးစပ်ကို ပိတ်ထား!”
ထိုအချိန်တွင် လင်းယွမ်မျက်လုံးထဲ အမှန်တကယ် သတ်ချင်ဖြတ်ချင်စိတ်များ ပေါ်လွင်နေမှန်း ယန်ရုန်ရုန် မြင်ခဲ့ရသည်။ ယန်လင်းယွမ်ဟု ခေါ်သည့် ထိုကောင်လေးကို သူအမှန်တကယ် သတ်ပစ်ချင်နေပါသည်။
ထိုကောင်လေးက လင်းယွမ်၏ရန်လိုမှုကို ရိပ်စားမိသော် လည်း နောက်မဆုတ်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်ရင်းထပ်မံ မိတ်ဆက်လိုက်သည်။
“ကျွန်တော့်နာမည် ယန်လင်းယွမ်၊ ယန်မိသားစုရဲ့ တရားဝင် သားအကြီးဆုံးပါ”
သူ့စကားလုံးများကြောင့် လင်းယွမ် ဒေါသထပ်ထွက်သွားခဲ့ရသည်။ သည်းမခံနိုင်တော့သည့်နောက်ဆုံး ထိုကောင်လေးရှေ့သို့ လင်းယွမ်ဖြတ်ခနဲ ရောက်သွားကာ သူ့ညာဘက်လက်ကို ချွတ်ထက်နေသည့် လက်သည်းများအသွင်ပြောင်းပြီး ထိုကောင်လေး၏လည်ပင်းကို ဆွဲညှစ်ထားလိုက်ပါသည်။
ကောင်လေးမှာ အသက်ရှူရခက်သွားပြီး မျက်နှာတစ်ခုလုံး ဖြူသထက် ဖြူဖျော့လာသော်လည်း လင်းယွမ်ကို ခပ်စူးစူး စိုက်ကြည့်ရင်း အက်ကွဲစွာ ပြောလိုက်သည်။
“ခင်ဗျား… ကျွန်တော့်ကို သတ်လို့မရပါဘူး”
လင်းယွမ် သူ့လက်ထဲ အားထပ်ထည့်လိုက်သည်။ သူ့မျက် လုံးတွေထဲက သတ်ဖြတ်လိုစိတ်ကလည်း ပိုမိုပြင်းထန်လာခဲ့ပါသည်။
“စမ်းကြည့်ကြတာပေါ့”
လင်းယွမ်နှင့် ထိုကောင်လေးတို့ကို ယန်ရုန်ရုန် အပြန်ပြန်အ လှန်လှန် ကြည့်လိုက်သည်။
ကောင်လေးကို လည်ပင်းညှစ်သတ်ဖို့ ကြံနေသည့် လင်းယွမ်ကို ကြည့်ရင်းထူးဆန်းသည့်အရာတစ်ခုကို ယန်ရုန်ရုန် သတိပြုမိသွားခဲ့သည်။ လင်းယွမ် ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း မှေးမှိန်လာလေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ယန်ရုန်ရုန့်အာရုံထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
အကယ်၍ ကောင်လေးသာ သေသွားခဲ့လျှင် လင်းယွမ်လည်း ပျောက်ကွယ်သွားနိုင်ပါသည်။
ထို့ကြောင့် လင်းယွမ်၏လက်ကို ယန်ရုန်ရုန် အပြေးသွားဆွဲလိုက်ရသည်။
“လွှတ်စမ်း! သူ့ကို အခုချက်ချင်းလွှတ်လိုက်!”
တစ်ချိန်တည်းမှာပင် တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသည့် လူငယ် ၃ ဦးပါ ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
အသက်အရွယ်များ ကွာခြားကြသော်လည်း အားလုံး၏ ရုပ်ရည်က ဆင်တူနေပါသည်။ ယန်မိသားစု၏တံဆိပ်ကို ရေးထွင်းထားသည့် ကျောက်စိမ်းပြားများကိုလည်း ခါးတွင်ချိတ်ဆွဲထားကြသဖြင့် ယန်မိသားစုဝင်များဖြစ်ကြောင်း ပြသနေသည်။
“ခင်ဗျားဘာလုပ်တာလဲ! လင်းယွမ်ကို လွှတ်လိုက်! မလွှတ်ရင် ကျုပ်တို့ အဆိုးမဆိုနဲ့နော်!”
ထိုလူငယ်များက ပြေးရင်းလွှားရင်း အော်ဟစ်နေကြသဖြင့် လမ်းသွားလမ်းလာများလည်း စုဝေးလာကြပြီး လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ အပေါ်သို့ အကြည့်များစွာကျရောက်လာခဲ့ပါသည်။
ယန်ရုန်ရုန် အတော်လေး အားစိုက်ထုတ်လိုက်မှ လင်းယွမ်ကို ဆွဲခေါ်နိုင်ခဲ့သည်။
အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့် ယန်လင်းယွမ် ခန္ဓာကိုယ် ယိမ်းယိုင်သွားခဲ့ရပြီး သူ့ညီအစ်ကို မောင်နှမများက လာထိန်းပေးလိုက်ရသည်။
ထို့နောက် လင်းယွမ်ကို မောင်နှမအားလုံး ဒေါသတကြီး လှည့်ကြည့်လိုက်ကြသည်။ သို့သော် လင်းယွမ်၏ မျက်နှာကို သေသေချာချာ မြင်လိုက်ရချိန်တွင် လူငယ်လေး ၃ ယောက်စလုံး ကြက်သေသေသွားကြတော့သည်။
ယန်လင်းယွမ်နှင့် လင်းယွမ်တို့ကို သူတို့ အပြန်ပြန်အလှန် လှန်ကြည့်လိုက်ကြသည်။
‘ဘာလို့ ဒီလောက်ထိတူနေရတာလဲ…’
သားအဖအရင်းဟု ပြောလျှင်ပင် ယုံကြည်ချင်စရာကောင်းပါသည်။ သို့သော် ယန်လင်းယွမ်က ယန်ဟဲမိန်၏သားအရင်းဖြစ်မှန်း သေချာသည်။
‘ဒါဆို သာမန်တိုက်ဆိုင်မှုတစ်ခုပဲလား’
ယန်ရုန်ရုန်က ကောင်လေးကို တောင်းတောင်းပန်ပန်ပြောလိုက်သည်။
“စိတ်မရှိပါနဲ့၊ သူက… နည်းနည်း စိတ်မကျန်းမာလို့ပါ၊ စိတ်ထဲမထားပါနဲ့နော်၊ ဘယ်နေရာ နာသွားသေးလဲ၊ သမားတော် ခေါ်ပေးရဦးမလား၊ အစ်မ ဆေးဖိုးဝါးခ ရှင်းပေးပါ့မယ်”
ယန်ရုန်ရုန်နှင့် စကားပြောရသောအခါ ယန်လင်းယွမ်၏ အမူအရာက အလွန်နူးညံ့သိမ်မွေ့နေပါသည်။ သူ့လည်ပင်းပေါ်တွင် ပွန်းရာပဲ့ရာများ အထင်းသားပေါ်နေပြီး လည် ချောင်းထဲမှာလည်း စူးစူးရှရှ နာကျင်နေသည်။
သို့သော် သူ အပြုံးမပျက်ပေ။
“သူ့မှာ ပြဿနာရှိတာ ကျွန်တော်သိပါတယ်၊ ကျွန်တော်သူ့ကို အငြှိုးမထားပါဘူး၊ ဒါပေမယ့် အစ်မ သူ့နဲ့ မနေတာပိုကောင်းလိမ့်မယ်နော်၊ တစ်နေ့နေ့ကျ အစ်မကိုပါ လည်ပင်းညှစ်ဖို့ ကြိုးစားလာနိုင်တယ်”
လင်းယွမ် ဒေါသပေါက်ကွဲသွားကာ ထပ်မံလှုပ်ရှားဖို့ ကြိုးစားပါသည်။ သို့သော် ယန်ရုန်ရုန်က သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး မနည်းထိန်းချုပ်ထားရသည်။
ထို့နောက် လေသံပျော့ပျော့ဖြင့် လင်းယွမ်ကို ချော့ပြောလိုက်ပါသည်။
“ခုနကပြောတော့ ကျွန်မနဲ့အတူတူ အိမ်ပြန်ချင်တယ်ဆို၊ သွားကြမယ်လေ”
ထိုကောင်လေးကြောင့် ယန်ရုန်ရုန် စိတ်ပြောင်းမသွားဘဲ သူနှင့်အတူတူ လိုက်ခဲ့ဖို့ ဆန္ဒရှိသေးသဖြင့် လင်းယွမ် စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားခဲ့ပါသည်။
ယန်လင်းယွမ်ကို ယန်ရုန်ရုန် နောက်ဆုံးတစ်ခေါက် ထပ်တောင်းပန်လိုက်ပြီး လင်းယွမ်ကို ဆွဲခေါ်သွားတော့သည်။
သူတို့ လှည့်ထွက်သွားစဉ်မှာပင် ကောင်လေး၏ဩရှရှအသံကို ကြားလိုက်ရသည်။
“ကျွန်တော့်ကို အစ်မနာမည် မပြောရသေးဘူးနော်”
ယန်ရုန်ရုန် မဖြေနိုင်ခင် လင်းယွမ်က အေးစက်စက်အကြည့်ဖြင့် လှည့်ကြည့်ကာ သတိပေးလိုက်သည်။
“မင်း စိတ်တောင်မကူးနဲ့နော်”
ယန်လင်းယွမ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ယန်ရုန်ရုန့်ကို တောက်တောက်ပပ မျက်လုံးများဖြင့်ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော် အစ်မကို ထပ်တွေ့ရဦးမှာလား”
လင်းယွမ်၏ဒေါသများ တလိမ့်လိမ့်တက်လာသည်ကို ယန်ရုန်ရုန်ခံစားမိသဖြင့် သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး ကောင်လေး၏မေးခွန်းကို ပြန်ဖြေလိုက်ပါသည်။
“ရေစက်ပါရင်တော့ ပြန်ဆုံရမှာပေါ့”
ထို့နောက် လင်းယွမ်ကို ယန်ရုန်ရုန်အမှန်တကယ် ဆွဲခေါ်သွားလေတော့သည်။
ယန်လင်းယွမ်ဘေးနားရှိ မောင်နှမသုံးယောက်က မကျေနပ်ကြသေးပါ။ ထိုလူစိမ်းများကြောင့် ယန်လင်းယွမ် သေမလိုပင် ဖြစ်ခဲ့ရသဖြင့် ဒီလောက်လွယ်လွယ် ခွင့်မလွှတ်သင့်ဟု ထင်မိကြသည်။
သို့သော် ယန်လင်းယွမ်ကိုယ်တိုင်က ခွင့်လွှတ်ပေးထားသဖြင့် သူတို့ ဘာမှမပြောနိုင်ကြပါ။
အားလုံးထဲတွင် အကြီးဆုံးဖြစ်သူက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“တတိယညီလေး မင်းအဆင်ပြေရဲ့လား”
ယန်လင်းယွမ် လည်ပင်းကို ကိုင်ရင်း ချောင်းအနည်းငယ် ဆိုးလိုက်ပါသည်။
“စိတ်မပူပါနဲ့ ဒုတိယအစ်ကို၊ ကျနော် အဆင်ပြေပါတယ်”
သူတို့ အားလုံးက ဘဝအတွေ့အကြုံယူဖို့ ထွက်လာကြသည့် ယန်မိသားစု၏ သားသမီးများဖြစ်ကြသည်။ အငယ်ဆုံး ကလေးမလေးက ချန့်ခွင်းအိတ်ထဲမှ လိမ်းဆေးတစ်မျိုးကို ထုတ်ပေးလိုက်ပါသည်။
“ဒါဖေဖေပေးထားတဲ့ ဒဏ်ရာသက်သာဆေးလေ၊ နည်းနည်းလောက်လိမ်းလိုက်ပါ တတိယအစ်ကို”
ယန်လင်းယွမ် လိမ်းဆေးကို လက်ခံလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် သတ္တမညီမလေး”
ထိုအဖြူရောင် လိမ်းဆေးကို သူ့လည်ပင်းပေါ် ချက်ချင်း လိမ်းခဲ့ပါသည်။ ခပ်မြန်မြန်ပဲ အသားထဲ စိမ့်ဝင်သွားပြီး အေးစိမ့်စိမ့် ခံစားကြောင့် နာကျင်မှုကို သက်သာသွားစေသည်။
ဆေးဘူးကို ပြန်ပေးဖို့ ကြံသောအခါ ကလေးမလေးက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“အစ်ကိုကြီးပဲ သိမ်းထားလိုက်ပါ…”
ကလေးမလေး စကားကို ခေတ္တရပ်တန့်လိုက်ပြီး အတင်းအ ဖျင်းပြောနေဟန်ဖြင့် တီးတိုးဆက်ပြောလိုက်ပါသည်။
“ခုနက အဲ့ဒီမမလှလှကို အစ်ကိုကြီး ဘယ်လိုတွေကြည့်နေလဲ သမီးမြင်တယ်နော်၊ မျက်လုံးတွေ သူ့နောက် ကျွတ်ပါမသွားတာတောင် ကံကောင်း၊ သူ့ကို အစ်ကိုကြီး စိတ်ဝင်စားနေတာလား”
ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်ကာ ဝင်ဆုံးမလိုက်သည်။
“နင်က ကလေးပဲရှိသေးတာ ဘာတွေလျှောက်ပြောနေတာလဲ! အရှက်မရှိဘူးလား”
ကလေးမလေးက သူမအစ်ကိုကို မကြောက်ဘဲ လျှာထုတ်ပြလိုက်ပါသည်။
ထိုစဉ် ယန်လင်းယွမ်က ရုတ်တရက်ပြောလိုက်သည်။
“ငါ သူ့ကို တကယ်စိတ်ဝင်စားတယ်”
မောင်နှမသုံးယောက်စလုံး ယန်လင်းယွမ်ကို ပြိုင်တူလှည့်ကြည့်ကာ မျက်လုံးများပြူးကျယ်သွားခဲ့ကြသည်။
အားလုံးကအတူတူ ကြီးပြင်းလာကြသဖြင့် ယန်လင်းယွမ်ကို မိသားစုက တင်းတင်းကြပ်ကြပ် ပျိုးထောင်ထားမှန်း သူတို့သိကြပါသည်။ သူ့ဘဝ၏ တစ်ခုတည်းသော ရည်မှန်းချက်က ကျင့်ကြံခြင်းနှင့် မကောင်းမှုတို့ကို ဖြိုခွင်းဖို့သာဖြစ် သည်။
နှလုံးသားရေးရာ ကိစ္စများကို ယန်လင်းယွမ် ရုတ်တရက်ကြီး စိတ်ဝင်စားသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။ အထူးသဖြင့် ယခုလို လူပုံအလယ်မှာ ဝန်ခံလိုက်ခြင်းက ပိုလို့ပင်မယုံကြည်နိုင်စရာကောင်းလွန်းနေသည်။