အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
🌹Chapter 189
ယန်ရုန်ရုန် အသိစိတ်ပြန်ဝင်လာခဲ့သည်။
ဆွဲဆိတ်ခံထားရသဖြင့် နီမြန်းနေသည့် သူမပါးကို လျစ်လျူ ရှုရင်း ရီဝေနေသည့် သူမခေါင်းကို ခါယမ်းပစ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါသည်။
‘ဒီနေရာကြီးက အန္တရာယ်များတယ်၊ တွေ့ကရာ မြင်ကရာ လိုက်ကြည့်မနေနဲ့!’
ယန်ရုန်ရုန် ပုံမှန်မဟုတ်သည်ကိုမြင်ပြီး လင်းယွမ်က တိုးညှင်းစွာ သတိပေးလိုက်သည်။
“ဒီမိန်းမရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ဘူး၊ စွမ်းအားကြီးတဲ့ နတ်ဆိုးကျင့်ကြံသူဆိုတာထက်ကို ပိုတယ်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက်အများကြီးပိုနိမ့်လို့ မင်းစိတ်ကို လွှမ်းမိုးဖို့က သူ့အတွက် အရမ်းလွယ်တယ်”
ယန်ရုန်ရုန် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
မေပယ်ရွက်နီပင်ကြီးအောက်တွင် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက ခုံတန်းရှည်ပေါ် လက်တစ်ဖက်ထောက်ကာ ဖြည်းဖြည်းချင်း ထထိုင်လာခဲ့သည်။
လင်းယွမ်၏ မျက်နှာကို သူမ ငေးကြည့်ရင်း စိတ်ဝင်စားနေသော လေသံဖြင့် မေးလိုက်သည်။
“ရှင်နဲ့ ယန်လင်းယွမ်နဲ့ ဘယ်လိုပတ်သတ်လဲ”
လင်းယွမ် မျက်တောင်ပင်မခတ်ဘဲ လိမ်ညာလိုက်ပါသည်။
“သူနဲ့ ဘာမှမပတ်သတ်ဘူး”
အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက ထပ်မေးလိုက်သည်။
“အဲ့တာဆို ယန်ဟဲမိန်နဲ့ကော ဘယ်လိုပတ်သတ်လဲ”
“တစ်ခါမှ မကြားဖူး၊ မဆုံဖူးဘူး”
အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက သူမ၏ နှုတ်ခမ်းနီနီကို ကွေးတက်သွားအောင် ပြုံးလိုက်သည်။
“လူလိမ်… ရှင့်လို မျက်နှာမျိုးနဲ့လူက သူတို့နဲ့ ဘာမှမပတ်သတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး”
လင်းယွမ် ပြန်ချေပလိုက်သည်။
“အဲ့တာဆို သူတို့နဲ့ ငါဘယ်လိုပတ်သတ်သင့်တယ်လို့ မင်းထင်လို့လဲ”
ထိုမိန်းကလေး မတ်တပ်ထရပ်လိုက်ရာ သူမ၏ ချည်ထိုးဖိနပ်လေးများက မေပင်သစ်ရွက်ခင်းပေါ် နင်းမိသွားသော်လည်း ဘာအသံမှ ထွက်မလာခဲ့ပေ။
ထို့နောက် လင်းယွမ်ထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူ့မျက်နှာကို အလွန်စူးရှစွာ အကဲခတ်နေခဲ့သည်။ သူ့မျက်နှာမှတဆင့် သူ့စိတ်ဝိညာဉ်အထိပါ ထိုးဖောက်ကြည့်ချင်နေသည့်အလား ထင်ရပါသည်။
သို့သော် နောက်ဆုံးမှာတော့ ထိုမိန်းကလေး ခေါင်းခါလိုက်လေသည်။
“ကျွန်မ မမြင်ရဘူး၊ ရှင့်အတိတ်နဲ့ အနာဂတ်နှစ်ခုစလုံးက မြူတွေဆိုင်းနေတာပဲ”
ထို့နောက် စိတ်ဝင်စားနေသော မျက်နှာဖြင့် ဆက်ပြောလိုက်သည်။
“ရှင့်ဆီကနေ အရမ်းရင်းနှီးနေတဲ့ ခံစားချက်တစ်ခုကို ရနေတယ်၊ ကျွန်မတို့ကြားမှာ ဆက်နွယ်မှုတစ်ခုခုတော့ ရှိလိမ့်မယ်”
လင်းယွမ် တဲ့တိုး ငြင်းဆန်လိုက်သည်။
“ငါတော့မင်းကို မသိဘူး”
ထိုမိန်းကလေးက ရယ်မောသည်။
“ရှင်ကျွန်မကို သိပါတယ်၊ မဟုတ်ရင် ကျွန်မနာမည် ‘ယင်ကျီး’ဆိုတာ ရှင်ဘယ်လိုလုပ် သိမှာလဲ”
ထို့နောက် ဘေးနားတွင် ရပ်နေသည့် ယန်ရုန်ရုန့်ကို သူမ သတိရသွားပါသည်။ သူမကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး ယင်ကျီး မေးလိုက်သည်။
“ဒီကို လူတစ်ယောက် လာရှာတာလို့ ခုနက ပြောခဲ့တယ်နော်၊ ဒီမှာ လူတွေကအများကြီးရှိတာ၊ ဘယ်သူ့ကို ရှာနေတာများလဲ”
ယင်ကျီးကြောင့် သူမစိတ်တွေ လွှမ်းမိုးခံရမည်ကို စိုးရိမ်သဖြင့် ယန်ရုန်ရုန် ခေါင်းကို ဆက်ငုံ့ထားပြီး မြေကြီးပေါ်ရှိ မေပယ်ရွက်ကြွေများကိုသာ စိုက်ကြည့်နေခဲ့ပါသည်။
“ကျွန်မတို့ ယန်လင်းယွမ်ကို လာရှာတာပါ၊ သူနဲ့ အသက်မတိမ်းမယိမ်း ကောင်လေးနှစ်ယောက်လည်းပါတယ်”
ယင်ကျီးက ညာဘက်လက်ချောင်းလေးဖြင့် ယန်ရုန်ရုန့်မေးကို ပင့်လိုက်ပါသည်။ ထိုအခါ သူမ မျက်နှာကို မမြင်ရစေဖို့အတွက် ယန်ရုန်ရုန် ချက်ချင်းမျက်လုံး မှိတ်ပစ်လိုက်သည်။
ထိုအမူအရာကိုမြင်ပြီး ယင်ကျီး ရယ်မောကာ မေးလိုက်သည်။
“ကျွန်မကို ဘာလို့မကြည့်တာလဲ”
ယန်ရုန်ရုန်အမှန်အတိုင်း ဖြေလိုက်ပါသည်။
“ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်တယ်၊ ရှင့်ကိုကြည့်လိုက်ရင် ကျွန်မ ခံနိုင်ရည်မရှိဘဲ ဝိညာဉ်စုပ်ယူခံရမှာစိုးလို့ပါ”
ယင်ကျီး ထပ်မံရယ်မောလိုက်ပါသည်။
“စိတ်မပူပါနဲ့၊ ကျွန်မက မိန်းကလေးတွေရဲ့ ဝိညာဉ်ကို မနှုတ်တတ်ဘူး”
ထိုစကားက မှန်ကန်နိုင်မှန်း ယန်ရုန်ရုန်သိပါသည်။ ပျောက် ဆုံးသွားသည့် လူငယ်များက ယောက်ျားလေးတွေသာ ဖြစ်သည်။
သို့သော်လည်း ထိုမိန်းကလေးနှင့် မျက်လုံးချင်းဆုံအောင် သူမ မကြည့်ရဲသေးပါ။ ယန်ရုန်ရုန် လည်ပင်းကို တောင့်ထားရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“အကယ်၍ ရှင့်ကိုကျွန်မ အရမ်းသဘောကျသွားပြီး ကျွန်မဝိညာဉ်ကို ဆက်သမိရင် ဘယ်လိုလုပ်မလဲ၊ ရှင့်ရဲ့ ဆွဲဆောင်မှုက အရမ်းအားကောင်းလွန်းတယ်၊ ကျွန်မလို အဆင့်နိမ့်တဲ့ ကျင့်ကြံသူတစ်ယောက် လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ယင်ကျီး အားရပါးရ ရယ်မောလိုက်ပါသည်။ မျက်နှာကို မကြည့်နိုင်သော်လည်း ထိုရယ်သံကို ကြားရုံနှင့် သူမအလွန် စိတ်ရွှင်နေမှန်း ယန်ရုန်ရုန် ပြောနိုင်သည်။
“ဟုတ်ပါပြီ၊ ရှင်က ချစ်ဖို့ကောင်းလို့ ပြဿနာမရှာတော့ဘူးနော်”
ယင်ကျီးရယ်ရယ်မောမောနှင့် ယန်ရုန်ရုန့်မေးစေ့ကို လွှတ် ပေးလိုက်ပါသည်။
ဘေးအန္တရာယ်တစ်ခုကို ရှောင်ရှားနိုင်လိုက်သည့်အလား ယန်ရုန်ရုန် စိတ်သက်သာရာ ရသွားခဲ့သည်။
ယင်ကျီးက လင်းယွမ်ဆီ အာရုံပြန်စိုက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ကျွန်မရဲ့ ဆွဲဆောင်မှုက ရှင့်အပေါ် သက်ရောက်မှုမရှိဘူးထင်တယ်နော်… ရှားပါးတဲ့ဖြစ်ရပ်ပဲ”
လင်းယွမ်၏ မျက်နှာက အေးစက်နေဆဲပင်။
“မင်းရဲ့ ဆွဲဆောင်မှုတွေက မင်းထက် ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ လူတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ”
ယင်ကျင်းမျက်နှာပေါ်က အပြုံး အနည်းငယ် မှေးမှိန်သွားခဲ့သည်။
“အဲ့တာဆို ရှင့်ကျင့်ကြံခြင်းအဆင့်က ကျွန်မထက် ပိုမြင့်တယ်လို့ ယုံကြည်နေတယ်ပေါ့”
လင်းယွမ် ပြန်မဖြေခဲ့ပါ။ သို့သော် သူ့တိတ်ဆိတ်မှုက အဖြေတစ်ခုလိုပင်။
လင်းယွမ်ကို ယင်ကျီး ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး ရုတ်တရက်ကြီး တိုက်ခိုက်လိုက်သည်။
မြေပြင်ပေါ်ငြိမ်သက်နေခဲ့သည့် မေပယ်ရွက်နီများ ချက်ချင်း လေပေါ် ပျံတက်သွားပြီး အနီရောင်ဓားသွားများ အသွင်ပြောင်းကာ လင်းယွမ်ထံတည့်တည့် ထိုးဆင်းလာခဲ့ပါသည်။
လင်းယွမ်ကလည်း သွေးနီရောင် နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ပစ်လိုက်သည်။ သူ့သွေးနီရောင် နတ်ဆိုးစွမ်းအင်များနှင့် ထိတွေ့လိုက်သည့် ဓားသွားတိုင်း သွေးအဖြစ် အရည်ပျော်ကာ မိုးစက်များပမာ မြေပေါ်သို့ ရွာသွန်းခဲ့လေသည်။
ထိုသွေးမိုးစက်များကြောင့် အညိုရောင်မြေပြင်လည်း ချက်ချင်း စိုစွတ်ကာ သွေးနီရောင် ပြောင်းသွားခဲ့ပါသည်။
ခြေဖျားအောက်မှ စိုစိုစွတ်စွတ် စေးစေးထန်းထန်း ခံစားမှုကြောင့် အသားစိမ်းများအပေါ် မတ်တပ်ရပ်နေရသလို ယန်ရုန်ရုန် ခံစားနေရပြီး အလွန်အူယားစရာ ကောင်းလှသည်။
သို့သော် သူမ မလှုပ်ရဲပါ။
ယင်ကျီး၏ ပစ်မှတ်က လင်းယွမ်တစ်ယောက်တည်းသာဖြစ်သည်။ ထို့ကြောင့် ဓားသွားများက ယန်ရုန်ရုန့်ကို မထိခဲ့ပေ။
ထို့နည်းတူစွာ လင်းယွမ် နတ်ဆိုးစွမ်းအင်များ ထုတ်သုံးခဲ့စဉ်ကလည်း ယန်ရုန်ရုန့်ကို မထိမှန်အောင် သေချာ ချိန်ရွယ်ခဲ့ပါသည်။
ထို့ကြောင့် တစ်ဦးတည်းသော ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ယန်ရုန်ရုန်မှာ နတ်ဆိုးလောက၏ ထိပ်သီး မဟာစွမ်းအားရှင်ကြီးနှစ်ယောက်၏ တိုက်ပွဲကို အနီးကပ်ကြည့်ရှုခွင့်ရခဲ့သည်။
ယင်ကျီး၏ ထိန်းချုပ်မှုအောက်တွင် မြေပြင်ပေါ်ရှိ သွေးများ ထပ်မံ မြင့်တက်လာခဲ့ပြီး လေပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော ချည်မျှင်များအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ထိုချည်မျှင်များက ပင့်ကူအိမ်များပမာ ထွေးယှက်ကာ လင်းယွမ်ကို ပိုးကောင်တစ်ကောင်အလား ဖမ်းချုပ်လိုက်ပါသည်။ လင်းယွမ်၏ ခန္ဓာကိုယ်ကို ချည်မျှင်များစွာက တစ်လွှာပြီးတစ်လွှာ ရစ်ပတ် ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ထိုချည်မျှင်များ တစ်စစီ ပြင်းပြင်းထန်ထန် ဆွဲဖြတ်ခံလိုက်ရသည်။ ပြတ်တောက်သွားသည့် အနီရောင်ချည်မျှင် အပိုင်းအစများက လိပ်ပြာနီများအသွင် ထပ်မံပြောင်းလဲသွားခဲ့ပြန်ပါသည်။
ထိုလိပ်ပြာနီနီများက လင်းယွမ်၏ ဘေးပတ်လည်တွင် အိပ်မက်ဆန်ဆန် ပျံသန်းကခုန်နေကြပြီး အန္တရာယ်ရှိမည့်ပုံ မပေါ်ပေ။
သို့သော် လင်းယွမ်၏ အမြင်များ ရုတ်တရက် ပြောင်းလဲသွားပါသည်။
အဆုံးမဲ့အသူရာချောက်နက်ကြီးထဲ သူထပ်မံချုပ်နှောင်ခံခဲ့ရသည်။ ယန်ရုန်ရုန်က သူ့ကို ကယ်တင်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
သူမခန္ဓာကိုယ်ကို ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ သစ်ကိုင်းချွန်ချွန်များက ထိုးဖောက်သွားခဲ့သည်။ သူမ ဝတ်ရုံပေါ် သွေးများ စွန်းထင်းသွားပြီး မျက်လုံးများပြူးကျယ်ကာ မျက်နှာပေါ်တွင် နာကျင်မှုအပြည့် ပေါ်လွင်နေသည်။
သူမကို နတ်ဆိုးသစ်ပင်ကြီး၏ အမြစ်များက ရစ်ပတ်လိုက်ပြီး ကမ္ဘာမြေကြီးထဲ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားခဲ့ပါသည်။
မကြာမီ သူမသေဆုံးသွားပြီး ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးအတွက် မြေဩဇာဖြစ်လာပါတော့မည်။
လင်းယွမ် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒါတွေအားလုံးက အတုအယောင်ဖြစ်၍ အတည်မယူသင့်မှန်း သူသိပါသည်။
သို့သော် ပုံရိပ်ယောင်ဖြစ်နေလျှင်တောင် သူသည်းမခံနိုင်ပေ။
လင်းယွမ်၏ ဘေးပတ်လည်တွင် လိပ်ပြာနီများ ဝန်းရံပျံသန်းနေသည့် မြင်ကွင်းကို ယန်ရုန်ရုန် စောင့်ကြည့်နေခဲ့သည်။ လိပ်ပြာနီများက တိုက်ခိုက်နေသည့်ပုံမပေါ်သော်လည်း လင်းယွမ်ကတော့ ဝိညာဉ်ပူးကပ်ခံထားရသကဲ့သို့ ကျောက်ရုပ်ပမာ ရပ်တန့်နေခဲ့ပါသည်။
ဘာမှမရှိသည့် ရှေ့တည့်တည့်ကို စိုက်ကြည့်နေပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် သွေးကြောများပင် ထောင်နေသည်။ မျက်မှောင်ကြီးလည်း ကြုတ်နေပြီး တစ်စုံတစ်ခုကို အစွမ်းကုန် အောင့်အည်းထားရသကဲ့သို့ မျက်နှာတစ်ခုလုံး ခက်ထန်မှောင်မိုက်နေခဲ့ပါသည်။
သူပုံရိပ်ယောင်တွေထဲ ပိတ်မိနေခြင်းဖြစ်မှန်း ယန်ရုန်ရုန် ချက်ချင်း နားလည်လိုက်ရသည်။ ထို့ကြောင့် အလျှင်အမြန် အော်ပြောလိုက်လေသည်။
“ရှင်မြင်နေရတာတွေကို မယုံလိုက်နဲ့! အဲ့တာတွေ အားလုံး အတုအယောင်တွေ!”
ယင်ကျီးက အေးအေးလူလူ ပြောလိုက်သည်။
“အော်နေလည်း အသုံးမဝင်တော့ဘူး၊ ရှင့်အသံကို သူကြားနိုင်မှာ မဟုတ်ဘူး”
ယင်ကျီးကို ယန်ရုန်ရုန်လှည့်ကြည့်ကာ မေးလိုက်သည်။
“ရှင်ဘယ်သူလဲ”
“ရှင်တို့ သိပြီးကြပြီးသားမဟုတ်ဘူးလား၊ ကျွန်မနာမည် ယင်ကျီးလေ”
ယန်ရုန်ရုန် အခိုင်အမာ ပြောဆိုလိုက်သည်။
“အဲ့တာ ရှင့်နာမည်အရင်းမဟုတ်ဘူး!”
နတ်ဆိုးအရှင်သခင်တစ်ယောက်ဖြစ်သည့်အလျောက် လင်းယွမ်က နတ်ဆိုးနယ်မြေတွင် ပြိုင်ဘက်ကင်း နံပါတ်တစ် ဖြစ်သည်။ သို့သော် ဒီမိန်းကလေး၏ ခွန်အားက လင်းယွမ်အောက် မနိမ့်ကျလှပါ။
နတ်ဆိုးအရှင်သခင်တစ်ပါးကို အနိုင်ယူနိုင်သူဟူ၍ နတ်ဆိုးအရှင်သခင်တစ်ပါးသာ ရှိသည်။
ယန်ရုန်ရုန့် အာရုံထဲ အမည်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့ပြီး နှုတ်မှ လွှတ်ခနဲ မေးလိုက်မိသည်။
“ရှင်က ရွှင်းယင်လား!”
ယွင်ကျီး မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“အဲ့လောက်မြန်မြန် ရိပ်မိသွားတာလား၊ မင်းက ပါးနပ်သားပဲ၊ ဒါပေမယ့် စိတ်မကောင်းစရာပဲ၊ ငါ့သရုပ်မှန်ကို သိသွားတဲ့လူတိုင်းကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ဘူး၊ ဒီနေ့ည မင်းနဲ့ ဒီကောင်လေးတို့ နှစ်ယောက်စလုံး ဒီမှာပဲ သေကြရလိမ့်မယ်”
🌹Chapter 190
ယင်ကျီး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် နားကွဲလောက်စရာ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ လင်းယွမ်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ချည်မျှင်နီများအားလုံး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
လင်းယွမ် ခန္ဓာကိုယ်အတွင်းမှ မီးတောက်မီးလျှံများ ထွက်လာပြီး ကြောက်မက်စရာအလျှင်ဖြင့် ပြန့်ကားသွားကာ မျက်စိတစ်မှိတ်အချိန်အတွင်း မီးပင်လယ်ကြီးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။
လေထဲတွင် ကခုန်နေသည့် လိပ်ပြာနီများလည်း အန္တရာယ်ကို အာရုံခံမိပြီး လွတ်ရာကျွတ်ရာသို့ ထွက်ပြေးဖို့ အသည်းအ သန် ကြိုးစားကြသည်။
ကံမကောင်းစွာဖြင့် သူတို့ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါသည်။
ဟုန်းဟုန်းတောက်လောင်နေသည့် မီးလျှံများက ချည်မျှင်နီများနှင့် လိပ်ပြာနီများကို ချက်ချင်းဆိုသလိုပင် ဝါးမျိုပစ်လိုက်သည်။
ချည်မျှင်တစ်ခု မီးစွဲသည်နှင့် ကျန်ချည်မျှင်များထံပါ ဆက်တိုက် မီးကူးသွားပြီး အနက်ရောင်ပြာမှုန်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ နှင်းပွင့်ပမာ ကြွေကျကုန်တော့သည်။
မီးတောက်များ၏ အလယ်တည့်တည့်တွင် ရပ်နေသော လင်းယွမ်၏ ဆံနွယ်ကောက်ကောက်များမှာ မီးအလင်းရောင်ကြောင့် ရွှေရောင်သန်းနေခဲ့ပါသည်။
သူ့ကြက်သွေးရောင် ဝတ်ရုံကလည်း မီးတောက်မီးလျှံများနှင့် ရောယှက်သွားပြီး နောက်ဆုံးတွင် ခွဲခြား၍ပင် မရတော့ချေ။ သူ့မျက်ဝန်းနီနီများတွင် နွေးထွေးမှုကင်းမဲ့နေပြီး ရက်စက်ကြမ်းကြုတ်သည့် ရောင်ဝါများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ထိုမီးတောက်များကို မြင်လိုက်ရသည်နှင့် ယင်ကျီး အလွန်မျက်နှာပျက်သွားခဲ့သည်။ တုန်လှုပ်ချောက်ချားမှုတို့ကို မချုပ်တည်းတော့နိုင်ဘဲ သူမ၏ မျက်ဝန်းလှလှလေးများက ချက်ချင်း ပြူးကျယ်သွားခဲ့ပါသည်။
ယင်ကျီး မယုံကြည်နိုင်စွာ ရေရွတ်မိသည်။
“ငရဲမီးတောက်တွေပါလား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… သူက ဘာလို့ ငရဲမီးတောက်တွေကို ဆင့်ခေါ်နိုင်တာလဲ၊ ဧကန္တ… သူ့မှာ နတ်ဆိုးမျိုးစေ့ ရှိနေတာလား”
ပျောက်ကွယ်နေသည့် မှတ်ဉာဏ်များနှင့် ချိတ်ဆက်မိသွားသည့်အလား လင်းယွမ်ကို ကြည့်နေသည့် ယင်ကျီး၏ မျက်လုံးများ အလွန်ရှုပ်ထွေးသွားခဲ့သည်။
“ဒါဆို… မင်းက ‘သူ’ပဲပေါ့”
ယင်ကျီး ရေရွတ်လိုက်သည်။
လက်ရှိအခြေအနေတွင် လင်းယွမ်၏ စိတ်များ အလွန်မတည်မငြိမ်ဖြစ်နေပါသည်။ ပြင်ပလောက၏ အသံများကို မကြားနိုင်တော့ဘဲ သူဘယ်ကိုရောက်နေမှန်းပင် သတိမရတော့ချေ။
သူ့မျက်လုံးများက ယင်ကျီးကိုသာ စိုက်ကြည့်နေပြီး သူ့ခေါင်းထဲ အတွေးတစ်ခုသာ တောက်လောင်နေသည်။
‘သတ်ပစ်မယ်!’
သူမကို သတ်ပစ်မှသာ စက်ဆုပ်စရာကောင်းသည့် ပုံရိပ်ယောင်များမြင်ကွင်းများ ထာဝရပျောက်ကွယ်သွားလိမ့်မည်။ သူမကို သတ်ပစ်မှသာ သူနှင့် ကျုံးရှောင်းရှောင်းတို့ ဒီနေရာကြီးမှ လွတ်မြောက်နိုင်လိမ့်မည်။
သူ့အလိုဆန္ဒကို နာခံသည့်အလား မြေကြီးထဲမှ ငရဲမီးတောက်များ ထိုးထွက်လာပြီး ဧရာမ မီးတောက်မြွေကြီးအသွင် ပြောင်းလဲသွားခဲ့သည်။
အလွန်ပူပြင်းတောက်လောင်နေသည့် မီးတောက်မြွေကြီးက ၎င်း၏ ဧရာမ ပါးစပ်ကြီးဖြင့် ယင်ကျီးကို ဝါးမျိုပစ်ဖို့ ကြံလိုက်ပါသည်။
ယင်ကျီး အလိုလို နောက်ဆုတ်မိသွားသည်။ ငရဲမီးတောက် ၏ ဝါးမျိုခြင်းကိုသာ ခံရလျှင် သူမပင်လျှင် ပျောက်ကွယ်သွားနိုင်ပါသည်။
သို့သော် ရုတ်တရုတ်ဆိုသလို ယင်ကျီး၏ ခြေလှမ်းများ တည်ငြိမ်သွားခဲ့ပြီး ထိုနေရာမှာပင် ခိုင်ခိုင်မာမာ ရပ်တည်လိုက်ပါသည်။
ထို့နောက် လက်နှစ်ဖက်ဖြင့် နတ်ဆိုးစွမ်းအင်များကို အလျှင်အမြန် စုစည်းလိုက်သည်။ သူမခန္ဓာကိုယ်အတွင်းမှ အလွန်များပြားသော အနက်ရောင် ချီစွမ်းအင်များ ဖြာထွက်လာသဖြင့် သူမ၏ ဆံနွယ်များပင် လေထဲ လွင့်ပျံနေခဲ့ပါသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် နက်ရှိုင်းပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လွင်နေပြီး ရှိသမျှအကုန် ထုတ်သုံးကာ နောက်ဆုံးတစ်ကြိမ် တန်ပြန်တိုက်ခိုက်ဖို့ ကြံရွယ်ထားသည့် ပုံစံပင်။
သို့သော် တစ်ခုခု လွဲမှားနေသည်ကို ယန်ရုန်ရုန် ခံစားမိသည်။
ငရဲမီးတောက်များကို မြင်ပြီး ဖြစ်ပျက်သွားသည့် ယင်ကျီး၏ မျက်နှာနှင့် သူမ၏ ပဟေဠိဆန်သော စကားလုံးများကို အကဲခတ်ကြည့်ခြင်းအားဖြင့် လင်းယွမ်၏ သရုပ်မှန်ကို သူမ သိနေကြောင်း သက်သေပြနေသည်။
သူမမျက်ဝန်းတွေထဲမှာလည်း တုန်လှုပ်ချောက်ချားမှု၊ နာကျည်းမှုနှင့် ဖော်ပြ၍မရနိုင်သော အပြစ်ရှိစိတ်လေးတစ်ခုပါ ထင်ဟပ်နေသေးသည်။
အလွန်ထူးဆန်းလှပါသည်။
ယုတ္တိရှိရှိဆိုရလျှင် ယင်ကျီးနှင့် လင်းယွမ်တို့က ပတ်သတ်မှု တစုံတရာ မရှိကြပါ။ ထို့ကြောင့် လင်းယွမ်ကို မြင်လိုက်ရသည့်အခါ ယင်ကျီး ဒီလောက်ထိ စိတ်ခံစားချက်များ ပြင်းပြမသွားသင့်ပေ။
သို့မဟုတ် ယခင်တုန်းက သူတို့နှစ်ယောက် အမှန်တကယ်ပဲ မိတ်ဆွေဟောင်းတွေဖြစ်ဖူးကြပြီး လင်းယွမ် အတိတ်မေ့သွားခြင်းကြောင့်သာ သူမကို မေ့လျော့သွားခြင်းဖြစ်နိုင် သည်။
ယန်ရုန်ရုန့်စိတ်ထဲ ဖြစ်နိုင်ချေပေါင်းစုံကို စဉ်းစားနေစဉ် မီးတောက်မြွေကြီးက ယင်ကျီးရှေ့သို့ ရောက်ရှိသွားပါပြီ။
ယင်ကျီးက နောက်ဆုတ်ရမည့်အစား ရှေ့ကိုသာ ဆက်တိုးခဲ့သည်။
သူမ၏ နတ်ဆိုးစွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်ပြီး မီးတောက်မြွေကြီး၏ ပါးစပ်တည့်တည့်သို့ ဦးတည်လိုက်ပါသည်။ သို့သော် သူမ၏ နတ်ဆိုးစွမ်းအင်များက မီးတောက်မြွေကြီး၏ ပါးစပ်နှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို ဝါးမျိုခံလိုက်ရပြီး လောင်စာပမာ မီးတောက်များကို ပိုမိုအားကောင်းသွားစေခဲ့သည်။
ယခုလောက်ဆို ယင်ကျီး ကြောက်ရွံ့သွားသင့်ပြီဖြစ်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။
သူမ ပြုံးနေခြင်းပင်။
မီးလောင်ကျွမ်းပြီး သေဆုံးရတော့မည့်လူတစ်ယောက်က ဒီလို ပြုံးနေနိုင်မည်တဲ့လား။
‘သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိနေလို့လား’
ယန်ရုန်ရုန့်ရင်ထဲ အလွန်လေးလံလာခဲ့ပြီး နှုတ်မှ လွှတ်ခနဲ အော်တားလိုက်မိသည်။
“လင်းယွမ် တော်တော့!!”
မီးတောက်များက ယင်ကျီး၏ ဝတ်ရုံအစွန်းနားထိပင် ရောက်ရှိနေပါပြီ။ သူမ၏ ဖြူဖြူဖွေးဖွေး ဝတ်စုံလည်း မည်းနက်လာခဲ့လေပြီ။
ယင်ကျီးတစ်ကိုယ်လုံး မီးတောက်မီးလျှံများ၏ ဝါးမျိုမှုကို ခံရတော့မည့်အချိန်တွင် ယန်ရုန်ရုန့်အသံက လင်းယွမ်နားထဲသို့ တိုးဝင်လာခဲ့သည်။ လင်းယွမ်၏ မျက်လုံးများထဲ အသိတစ်ချက် ပြန်ဝင်လာခဲ့ပြီး မီးတောက်မြွေကြီးလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
ယင်ကျီးက သူမ၏ နောက်ဆုံးအချိန်ကို ကြိုဆိုရန် မျက်လုံးများကို မှိတ်ထားပြီးသားဖြစ်သည်။ သို့သော် ယန်ရုန်ရုန့်အော်သံကို ကြားသောအခါ သူမ မျက်လုံးများ ပြန်ပွင့်လာခဲ့ပါသည်။
သူမရှေ့တွင် မလှုပ်မယှက် ရပ်တန့်နေသည့် မီးတောက်မြွေကြီးကိုမြင်သောအခါ ယင်ကျီး နှုတ်ခမ်းကို ကိုက်လိုက်ပြီး သတ္တိမွေးလျက် ထိုမြွေကြီး၏ ပါးစပ်ထဲ ခုန်ဝင်ဖို့ ကြိုးစားလေသည်။
ဒါကိုမြင်ပြီး ယန်ရုန်ရုန့်ရင်ထဲ ပိုသေချာသွားခဲ့သည်။ ထိုယင်ကျီးက သာမန်မဟုတ်ပါ။
‘ဘာကြောင့်လဲ’ဟူသည့် မေးခွန်းကို ယန်ရုန်ရုန် နားမလည်သေးသော်လည်း ယင်ကျီးက ဒီလောက်သေချင်နေသဖြင့် သူမ အလွယ်တကူ ခွင့်ပြုပေးလိုက်လို့ မဖြစ်ပေ။
ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်များကို ထုတ်သုံးကာ သူမခန္ဓာကိုယ်ပတ်လည်တွင် အကာအရံတစ်ခုကို ဖန်တီးလိုက်ပြီး လင်းယွမ်၏ အမည်ကို အဆက်မပြတ်ခေါ်ရင်း သူ့ထံ ပြေးသွားခဲ့ပါသည်။
သူမ ဖန်တီးထားသည့် အကာအရံများက ငရဲမီးတောက်နှင့် ထိတွေ့သောအခါ ချက်ချင်းပင် အရည်ပျော်ကျသွားရသည်။ ပူပြင်းတောက်လောင်နေသည့် အပူရှိန်များက သူမခန္ဓာကိုယ်ကို လာရောက် ရိုက်ခတ်နေသဖြင့် ယန်ရုန်ရုန်တစ်ယောက် အသက်ဝိညာဉ်အထိပါ လောက်ကျွမ်းသွားသလို ခံစားလိုက်ရသည်။
နာကျင်မှုကြောင့် သူမ ခြေလှမ်းများ နှေးကွေးသွားပြီး ခန္ဓာကိုယ်လည်း ယိမ်းယိုင်ကာ မျက်လုံးများပင် ဝေဝါးသွားခဲ့သည်။ သူမ၏ ဖြူဖြူဖျော့ဖျော့ မျက်နှာပေါ် ချွေးသီးချွေးပေါက်များ စီးကျလာခဲ့ပါသည်။
ယန်ရုန်ရုန် နှုတ်ခမ်းများကို အားတင်းကာ ဟလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ခေါ်လိုက်သည်။
“လင်းယွမ်…”
ယန်ရုန်ရုန် အားအင်များ အလွန်ကုန်ခမ်းနေပြီဖြစ်ရာ သူမ၏ခေါ်သံက တီးတိုးပြောသံမျှသာ ရှိပါတော့သည်။ သို့သော် လင်းယွမ်က သူမကို လှည့်ကြည့်လာခဲ့သည်။
သူမ ကိုယ်ပေါ်တွင် လင်းယွမ်ထည့်သွင်းထားသည့် နတ်ဆိုးအမှတ်အသားက အာနိသင်ရှိနေပါသေးသည်။ ထိုအမှတ် အသားမှတဆင့် ယန်ရုန်ရုန်၏အသက်စွမ်းအင်များ အန္တရာယ်ရှိလောက်အောင် အားနည်းနေသည်ကို လင်းယွမ် ခံစားမိခဲ့သည်။
လင်းယွမ် အလွန်စိတ်ချောက်ချားသွားခဲ့ပြီး ယန်ရုန်ရုန့်ကို ဝါးမျိုနေသည့် ငရဲမီးတောက်များလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါသည်။
အရိုးထဲထိ လောင်ကျွမ်းနေသည့် ခံစားချက်ကြီး နောက်ဆုံးတော့ ရပ်တန့်သွားခဲ့လေပြီ။ သေမင်းလက်မှ သီသီလေးလွတ်လာခဲ့သည့် ယန်ရုန်ရုန်တစ်ယောက် ခြေထောက်များ ပျော့ခွေသွားခဲ့ပါသည်။
ယန်ရုန်ရုန် လဲကျသွားခါနီးဆဲဆဲအချိန်တွင် လင်းယွမ်ရောက်လာပြီး သူမကို ဖမ်းထိန်းပေးလိုက်သည်။ ယန်ရုန်ရုန်က သူ့ဝတ်ရုံကိုလက်ဖြင့်ဆွဲကာ အသက်ကိုခက်ခက်ခဲခဲရှူရင်း ပြောလိုက်သည်။
“ယင်ကျီးကို… မသတ်ပါနဲ့”
သူ့ရင်ခွင်ထဲက မိန်းကလေးကို လင်းယွမ် ငုံ့ကြည့်လိုက်သည်။ သူမက အစစ်အမှန်ဖြစ်ပြီး မကြာသေးခင်က သူမြင်ခဲ့ရသည့် ကြောက်စရာမြင်ကွင်းများကတော့ အတုအယောင် သာ ဖြစ်ပါသည်။
စိတ်ဓာတ်ထောင်ချောက်ထဲမှ လင်းယွမ် လွတ်မြောက်လာပြီဖြစ်သဖြင့် စဉ်းစားဆင်ခြင်ဉာဏ်များ ပြန်လည်ဝင်ရောက် လာကာ မျက်ဝန်းများလည်း ပြန်လည်တည်ငြိမ်သွားခဲ့တော့သည်။
ယန်ရုန်ရုန်လဲကျမသွားအောင် ခါးကိုသေချာဖက်ထားပြီး လင်းယွမ်မေးလိုက်သည်။
“ကိုယ်တို့ကို သူသတ်ဖို့ ကြိုးစားခဲ့တာလေ၊ သူ့ကို ဘာလို့မသတ်ရမှာလဲ”
ယင်ကျီးကို ယန်ရုန်ရုန် လှမ်းကြည့်လိုက်သည်။ ယခု ယင်ကျီးက မြေပေါ်တွင် ဒူးထောက်လျက်သားရှိနေပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ငရဲမီးတောက်ကြောင့် ရရှိလိုက်သည့် မီးလောင်ဒဏ်ရာများအပြည့် ရှိနေပါသည်။
တစ်ချိန်က ပြိုင်ဘက်ကင်းအောင် လှပခဲ့သည့် သူမမျက်နှာက သွေးမဲ့ဖြူရော်နေပြီး ဆံပင်တွေလည်း ရှုပ်ပွနေခဲ့သည်။ သူမခန္ဓာကိုယ်ကို မီးတောက်မြွေကြီးက ရစ်ပတ်ထားဆဲဖြစ်ပြီး ၎င်း၏ဗလာကျင်း မျက်ဝန်းပေါက်များဖြင့် သူမကို စိုက်ကြည့်နေပါသည်။
အသက်ရှူအနည်းငယ် ပြန်ဝလာသောအခါ ယန်ရုန်ရုန် ပြောလိုက်သည်။
“သူတစ်ခုခု ထူးဆန်းနေတယ်လို့ ကျွန်မခံစားနေရလို့၊ သူ့ကံကြမ္မာကို မဆုံးဖြတ်ခင် ကျွန်မကို အချိန်နည်းနည်းလောက်ပေးပါ”
လင်းယွမ်က ယန်ရုန်ရုန့်ကို ယင်ကျီးအနားသို့ ခေါ်ဆောင်လာပေးခဲ့သည်။
ယင်ကျီးက သူတို့ကို မော့ကြည့်လာခဲ့ပါသည်။ သူမပုံစံက စုတ်ပြတ်နေသော်လည်း မျက်နှာကတော့ ကြောက်စရာကောင်းအောင် တည်ငြိမ်နေသေးသည်။
လင်းယွမ်ကို ကြည့်ပြီး ယင်ကျီး မေးလိုက်သည်။
“ငါ့ကို ဘာလို့မသတ်တာလဲ”
သို့သော် ယန်ရုန်ရုန်က ကိုယ်စား ဝင်ဖြေပေးလိုက်ပါသည်။
“ရှင်က နတ်ဆိုးအရှင်သခင်တစ်ပါးပဲ၊ အဲ့လောက်လွယ်လွယ်ကူကူ သေသွားလို့ဖြစ်ပါ့မလား”
ထိုစကားကိုကြားပြီး ယင်ကျီး တိုးညှင်းစွာ ရယ်မောလိုက်မိသည်။
“အဲ့တာဆို ငါဘယ်သူလဲ မင်း သိသွားပြီပေါ့”
လင်းယွမ်ကလည်း သိပ်မအံ့ဩမိပါ။ သူတို့ တိုက်ခိုက်နေစဉ်တုန်းက ယင်ကျီး၏အဆင့်အတန်းကို သူခန့်မှန်းမိခဲ့ပါသည်။
“ရှင်ဘယ်သူလဲဆိုတာ သိရုံတင်မဟုတ်ဘူး”
ယန်ရုန်ရုန်ကဆိုသည်။
“ရှင်နဲ့ လင်းယွမ်နဲ့ ဘယ်လိုပတ်သတ်သလဲဆိုတာလည်း ကျွန်မသိနေတယ်”
ထိုစကားကို ပြောပြီးသည်နှင့် ယင်ကျီးမျက်နှာအား ယန်ရုန်ရုန် မျက်တောင်မခတ် စောင့်ကြည့်နေခဲ့သည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ယင်ကျီး၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး အလန့်တကြား အော်ပြောလိုက်လေသည်။
“မဖြစ်နိုင်တာ! မင်းက ဘယ်လိုလုပ်သိမှာလဲ!”