အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
🌹Chapter 191
ယင်ကျီး၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် သူမနှင့် လင်းယွမ်တို့အကြား လျှို့ဝှက်ဆက်နွယ်မှုတစ်ခုခုရှိနေမှန်း သေချာသလောက်ဖြစ်နေပါပြီ။
အသေးစိတ်ကိုတော့ မသိနိုင်သေးသဖြင့် ယန်ရုန်ရုန် စကားထောင်ချောက်ဆင်ခဲ့သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ယင်ကျီးက သူမဆင်ထားသည့် ထောင်ချောက်ထဲ အလွယ်တကူ ဝင်လာခဲ့ပါသည်။
ယင်ကျီး၏ တုံ့ပြန်မှုက အဖြေပင်။ ယန်ရုန်ရုန့် ခန့်မှန်းချက် မှန်ကန်ပါသည်။
ငရဲမီးတောက်ကို မြင်လိုက်ရသည့်အချိန်တွင် ပြောင်းလဲသွားသည့် ယင်ကျီး၏ မျက်နှာကို ပြန်တွေးကြည့်ခြင်းအားဖြင့် ထိုမီးတောက်များနှင့် နတ်ဆိုးမျိုးစေ့တို့က သူမအတွက် အလွန်အရေးပါနေမှန်း သိနိုင်ပါသည်။ ဧကန္တ သူမ သေချင်နေသည့် အကြောင်းအရင်းက ထိုအရာများနှင့်ပင် သက်ဆိုင်နေလောက်သည်။
ယန်ရုန်ရုန်က အားလုံးကို သိထားသည့်ပုံစံမျိုး ဟန်ဆောင်ကာ တည်တည်ငြိမ်ငြိမ် ဆက်မေးလိုက်ပါသည်။
“ကျွန်မက မသိဘဲနေမလား၊ အစက ရှင်ကျွန်မတို့ကို သတ်ဖို့ ရည်ရွယ်ထားခဲ့တာ၊ ဒါပေမယ့် လင်းယွမ်ရဲ့ သရုပ်မှန်ကို သိလိုက်ရတော့ ရှင် စိတ်ပြောင်းသွားခဲ့တယ်၊ ကျွန်မတို့ကို မသတ်ချင်တော့ရုံတင်မကဘူး ရှင်က လင်းယွမ်ရဲ့လက်ထဲမှာ သေနိုင်အောင် ကြိုးစားခဲ့တာ၊ အဲ့တာတွေအားလုံးက သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နတ်ဆိုးမျိုးစေ့ကြောင့်ပဲမဟုတ်လား!”
ထိုစကားများ ပြောဆိုနေစဉ်အတွင်းမှာလည်း ယင်ကျီး၏ မျက်နှာကို ယန်ရုန်ရုန် စူးစူးစိုက်စိုက် အကဲခတ်နေခဲ့သည်။
သူမစကား၏ ပထမတစ်ဝက်တွင် ယင်ကျီးမျက်မှောင် ကြုတ်နေသော်လည်း သိသိသာသာ တုံ့ပြန်မှုမရှိမှန်း မြင်နိုင်ပါသည်။ သို့သော် ‘နတ်ဆိုးမျိုးစေ့’ဟူသည့် စကားလုံး ထွက်လာသည်နှင့် ယင်ကျီးလုံးဝ ကြက်သေသေသွားခဲ့ရသည်။
ထိုတုံ့ပြန်မှုမှာ ရင်ထဲမှ အလိုလိုထွက်လာသည့် တုံ့ပြန်မှုမျိုးဖြစ်သည်။ သူမ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည့် လျှို့ဝှက်ချက်တစ်ခုကို ရုတ်တရက် တူးဖော်ခံလိုက်ရသည့်အလား ချက်ချင်း စိတ်ချောက်ချားသွားခဲ့ပါသည်။
ယန်ရုန်ရုန့်နှုတ်မှ လင်းယွမ်၏ အမည်အရင်းကို သုံးနှုန်းသွားသည်ကိုပင် ယင်ကျီး သတိမထားမိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အမြန်ကာကွယ်ပြောဆိုလိုက်သည်။
“မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ၊ ငါဒီလိုဖြစ်သွားရတာက ငရဲမီးတောက်ကိုမယှဉ်နိုင်လို့လေ၊ ငါက အလကားနေရင်း ဘာလို့ သေချင်ရမှာလဲ”
သူမ ခန့်မှန်းချက်များ ထပ်မံ မှန်ကန်သွားပြီဖြစ်မှန်း ယန်ရုန်ရုန်သိလိုက်ပါသည်။ ပြဿနာ၏ အဓိကဇစ်မြစ်က နတ်ဆိုးမျိုးစေ့ပင်။
ယင်ကျီး၏ မျက်ဝန်းများထဲ ယန်ရုန်ရုန် စေ့စေ့စိုက်ကြည့်ကာ ဆက်မေးလိုက်သည်။
“လင်းယွမ်ရဲ့ ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ ဘာလို့ရှိနေတာလဲဆိုတာကိုတောင် ရှင် စိတ်မဝင်စားဘူးလား”
ယင်ကျီး ခေါင်းငုံ့သွားခဲ့သည်။ သူမ၏ ဆံနွယ်ရှည်များက သူမမျက်နှာကို ဖုံးကွယ်ထားခဲ့ပါသည်။
သူမ ဂရုမစိုက်ချင်ယောင် ဆောင်ပြီး ပြန်ဖြေလိုက်သည်။
“ဘာစိတ်ဝင်စားစရာရှိလို့လဲ၊ ငါနဲ့ ဘာဆိုင်လို့ စိတ်ဝင်စားရမှာလဲ”
ယန်ရုန်ရုန်က သူမကို အလွတ်ပေးမှာ မဟုတ်ပေ။ ထို့ကြောင့် အေးအေးလူလူ ဆက်ပြောလိုက်သည်။
“ငရဲမီးတောက်ကို မြင်လိုက်ရတုန်းက လင်းယွမ်ဆီမှာ နတ်ဆိုးမျိုးစေ့ ရှိနေလိမ့်မယ်လို့ ရှင်ထင်မထားခဲ့လို့ တုန်လှုပ်သွားခဲ့တာ၊ ဒါပေမယ့် ရှင့်စိတ်ကို အမြန်ထိန်းနိုင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ရှင့်ရှေ့မှာ ရှိနေတဲ့ ‘လင်းယွမ်’က မကြာသေးခင်ကမှ ရှင်ဖမ်းဆီးခဲ့တဲ့ ‘ယန်လင်းယွမ်’နဲ့ အတူတူပဲဆိုတာကို သိလိုက်ရလို့၊ သူတို့က တစ်ယောက်တည်းပဲလေ”
“အဲ့ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ယန်လင်းယွမ်ဆီမှာ နတ်ဆိုးမျိုးစေ့ ရှိနေမှန်း အစောကြီးကတည်းက ရှင်သိနေတယ်လို့ ကောက်ချက်ချလို့ရတယ်၊ သူက နတ်ဆိုးတစ်ကောင်ဖြစ်မှန်း ရှင်သိတယ်၊ သူစိမ်းတစ်ယောက်က အဲ့လို လျှို့ဝှက်ချက်မျိုးကို ဘာလို့ သိနေရတာလဲ၊ မဟုတ်မှလွဲရော… ရှင်က…”
ယန်ရုန်ရုန် စကားကို ရည်ရွယ်ချက်ရှိရှိ ရပ်တန့်လိုက်ပြီး ယင်ကျီးကို စိုက်ကြည့်နေခဲ့သည်။
မျက်နှာကို မမြင်နိုင်သော်လည်း စိတ်လှုပ်ရှားမှုကြောင့် ယင်ကျီး၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်နေမှန်း သိသာပါသည်။
လင်းယွမ်ကလည်း ယင်ကျီးကို စိုက်ကြည့်နေသည်။ ယန်ရုန်ရုန့် သုံးသပ်ချက်ကို နားထောင်ပြီးနောက် ဒီအမျိုးသမီးက နတ်ဆိုးအရှင်သခင်ရွှင်းယင် ဖြစ်ရုံတင်မကဘဲ သူနှင့် နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှုတစ်ခု ရှိနေကြောင်းပါ လင်းယွမ် သိလိုက်ရသည်။
လင်းယွမ် မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
“မင်းဘယ်သူလဲ”
ယန်ရုန်ရုန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“တကယ်တော့ ကျွန်မတို့ ယန်ဟဲမိန်ကိုတောင် သွားမေးလိုက်လို့ရတယ်”
ယန်ဟဲမိန်၏အမည်ကို ကြားသောအခါ ယင်ကျီး ရုတ်တ ရက် ရယ်မောလိုက်ပါသည်။ ထို့နောက် ယန်ရုန်ရုန်တို့ကို မော့ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“အဲ့လိုမလုပ်တာ ပိုကောင်းမယ်နော်၊ ယန်ဟဲမိန်က နတ်ဆိုးတွေကို မဟာရန်သူတော်တွေလို့ သတ်မှတ်ထားတာ၊ ကမ္ဘာပေါ်ကနေ နတ်ဆိုးတွေအားလုံးကို သုတ်သင်ဖယ်ရှားပစ်ဖို့တောင် ဆန္ဒရှိခဲ့တဲ့လူ၊ သူ့သားက နတ်ဆိုးတစ်ကောင်ဖြစ်နေမှန်းသိသွားရင် သက်ညှာမနေဘဲ ကိုယ့်သားကိုယ်ပါ သတ်ပစ်မှာပဲ”
ယန်ရုန်ရုန်ကလည်း သူမနှင့်အတူ လိုက်ရယ်သည်။
“စိတ်မပူပါနဲ့၊ ယန်လင်းယွမ်က နတ်ဆိုးတစ်ကောင်ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်မ ထုတ်မပြောသေးဘူး၊ ယင်ကျီးဆိုတဲ့ မိန်းမတစ်ယောက်ကို သိလားလို့ပဲ မေးလိုက်မယ်၊ မသိဘူးဆိုင် ရှင့်ရဲ့ပုံတူပန်းချီကိုပါ ထုတ်ပြလိုက်မယ်၊ အဲ့တာဆိုရင်တော့ အဖြေတစ်ခုခု ရလောက်မှာပါ”
ယင်ကျီး၏မျက်နှာပေါ်မှအပြုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ယန်ရုန်ရုန့်မျက်နှာကို အချိန်အတော်ကြာအောင် ခံစားချက်မဲ့စွာ စိုက်ကြည့်ပြီး သူမ ပြောလိုက်ပါသည်။
“မင်းကို စတွေ့ကတည်းက သတ်ပစ်ခဲ့သင့်တာ…”
ခြိမ်းခြောက်ခံရသော်လည်း ယန်ရုန်ရုန် နည်းနည်းလေးမှ မတုန်လှုပ်မိပေ။
“ကံမကောင်းစွာနဲ့ ဒီကမ္ဘာပေါ်မှာ ‘နောင်တ’အတွက် ဆေးမရှိဘူးလေ”
ယင်ကျီးက လင်းယွမ်ကို ရုတ်တရက် လှည့်ပြောလိုက်သည်။
“ဒီမိန်းမကို သတ်ပစ်မယ်ဆိုရင် ငါမင်းကို လျှို့ဝှက်ချက်တွေ အကုန်ပြောပြမယ်၊ မင်းနဲ့ငါနဲ့ ဘယ်လိုပတ်သတ်သလဲဆိုတာကော၊ မင်းခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ ဘယ်ကနေ ရောက်လာသလဲဆိုတာကော အကုန်ပြောပြမယ်”
ယင်ကျီးနှင့် သူဘယ်လို ပတ်သတ်ကြောင်းကို စဉ်းစားနေသည့် လင်းယွမ်တစ်ယောက် ထိုစကားကိုကြားပြီးမျက်မှောင် ကြုတ်သွားခဲ့သည်။
ယင်ကျီးကို အရူးတစ်ယောက်ပမာကြည့်ရင်း လင်းယွမ်လှောင်ပြောင်လိုက်ပါသည်။
“မင်းကိုယ် မင်း ဘာထင်နေလဲ၊ ငါဘာလုပ်ရမလဲဆိုတာ မင်းမှာပြောပိုင်ခွင့်ရှိလို့လား”
ယင်ကျီး၏ မျက်နှာ အေးစက်ခက်ထန်သွားသည်။
“မင်းရဲ့ သရုပ်မှန်ကို မေ့သွားပြီလား၊ မင်းက နတ်ဆိုးတစ်ကောင်၊ ဒီမိန်းမက လူသားတစ်ယောက်ပဲ၊ သူမင်းကို ဘယ်တော့မှ စစ်မှန်တဲ့ နှလုံးသားနဲ့ ဆက်ဆံမှာမဟုတ်ဘူး၊ မင်းတို့ နှစ်ယောက်အတွက် အနာဂတ်ဆိုတာ မရှိဘူး၊ သူသစ္စာဖောက်မှာကို ဒီတိုင်း ထိုင်စောင့်နေမယ့်အစား အခုချိန်ကတည်းက သတ်ပစ်လိုက်တာ ပိုမကောင်းဘူးလား”
လင်းယွမ်က ပြန်ချေပသည်။
“သူက လူသားဖြစ်နေတော့ကော ဘာဖြစ်လဲ၊ သူက မသေမျိုးဖြစ်နေရင်တောင် ကောင်းကင်ဘုံကနေ ဆွဲချပြီး ငါ့နားမှာပဲ ခေါ်ထားမှာ၊ သစ္စာဖောက်တာတွေ မဖောက်တာတွေ အရေးမကြီးဘူး၊ တစ်ခါတလေ ရန်ဖြစ်တယ်ဆိုတာ လင်မယားနှစ်ယောက်ကြားမှာ အချစ်တောင် ပိုတိုးစေသေးတယ်”
အချိန်အခါက မသင့်တော်မှန်း သိသော်လည်း လင်းယွမ်ကို ယန်ရုန်ရုန် မျက်စောင်းထိုးလိုက်သည်။
‘ဒီလိုအချိန်မျိုးမှာတောင် ဘာတွေလျှောက်ပြောနေတာလဲ!’
လူငယ် ယန်လင်းယွမ်နှင့် ဆုံခဲ့စဉ်တုန်းက ထိုကောင်လေးမှာ ရိုးသားဖြူစင်သည့် ကလေးတစ်ယောက်ဖြစ်မှန်း ယင်ကျီးသိခဲ့ရသည်။ အရွယ်ရောက်ပြီးသား လင်းယွမ်ကတော့ ဒီလောက်ထိ အရှက်မဲ့သည့် လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ ထို့ကြောင့် ယင်ကျီး တိတ်ဆိတ်သွားခဲ့ရသည်။
ယန်ရုန်ရုန့်တွင် အဖြေမရသေးသည့် သံသယများစွာ ရှိနေပါသေးသည်။ ထို့ကြောင့် ယင်ကျီးကို နှုတ်ဆိတ်နေခွင့် ပြုလို့ မဖြစ်ပါ။
ယန်ရုန်ရုန် ရုတ်တရက်ပြုံးလိုက်ပြီး အတည်တစ်ဝက် အနောက်တစ်ဝက်စကားကို ဆိုလိုက်သည်။
“ရှင်က လင်းယွမ်ကို သိတယ်၊ သူနဲ့တစ်ခုခုလည်း ပတ်သတ်နေတယ်၊ သူ့နတ်ဆိုးမျိုးစေ့အကြောင်းလည်း သိနေတယ်၊ သူ့အဖေနဲ့ပါ သိကျွမ်းနေသေးတယ်… ဟူး… အဲ့ဒီအချက်တွေအကုန်လုံးကို ပေါင်းလိုက်ရင် ရှင်က လင်းယွမ်ရဲ့ ‘အမေအရင်း’လို့တောင် ထင်ချင်စရာပဲနော်”
စကားဆုံးသောအခါ ယန်ရုန်ရုန် ဟန်ဆောင်ပန်ဆောင် ရယ်မောပြလိုက်ပါသည်။
ယင်ကျီးကတော့ မရယ်နိုင်ပေ။ သူမ တိတ်ဆိတ်နေဆဲပင်။
ယန်ရုန်ရုန့်မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ လင်းယွမ်၏ မျက်နှာထားလည်း အလွန်ထူး ဆန်းသွားကာ သူမေးလိုက်သည်။
“ဘာလို့ မငြင်းတာလဲ”
ယင်ကျီး ဘာမှပြန်မပြောပေ။
လင်းယွမ် အသံပိုမိုကျယ်လောင်လာသည်။
“ပြောလေ!”
အချိန်အတော်ကြာမှ ယင်ကျီး တိုးညှင်းအက်ကွဲစွာ ပြန်ပြောလိုက်ပါသည်။
“ငါ့ကို သတ်မှာသာ သတ်လိုက်စမ်းပါ”
လင်းယွမ်၏ မျက်နှာ အလွန်အကျည်းတန်လာခဲ့သည်။ ယန်ရုန်ရုန့် ခန့်မှန်းချက်များသာ မှန်ကန်နေပြီး စောစောက သူမအသက်ကိုရင်းပြီး ဝင်မတားဆီးခဲ့လျှင် သူ့အမေအရင်းကိုသူ သတ်ပစ်မိလောက်သည်။
အမှန်တရားကို အချိန်လွန်မှ သိလိုက်ရလျှင် သူ့ကိုယ် သူ ဘယ်လိုရင်ဆိုင်ရမှန်း သိမှာ မဟုတ်တော့ပါ။
ယန်ရုန်ရုန်လည်း ထိုနည်းလည်းကောင်း တွေးမိသည်။
ယင်ကျီးကို စိုက်ကြည့်ကာ ယန်ရုန်ရုန် ဆက်မေးလိုက်ပါသည်။
“သူ့လက်ထဲမှာ ရှင်သေဖို့ ဆုံးဖြတ်လိုက်တာက သူဘယ်သူလဲဆိုတာ သိသွားလို့မလား၊ အဲ့တာဆို လင်းယွမ်ရဲ့လက်ထဲမှာသေဖို့ အစောကြီးကတည်းက စီစဉ်ထားခဲ့တဲ့သဘောပေါ့၊ ကျွန်မတို့ ရောက်မလာခဲ့ရင်လည်း အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ်ရဲ့ လက်ထဲမှာ ရှင်သေဖို့ ကြံစည်ထားပြီးသားမဟုတ်လား၊ အဲ့ဒီကောင်လေး သူ့လက်နဲ့ သူ့အမေအရင်းကို ကိုယ်တိုင်သတ်မိအောင် ရှင် လုပ်ချင်တာမလား”
🌹Chapter 192
ယခုအချိန်တွင် ယန်ရုန်ရုန် အရာများစွာကို ရုတ်တရက် နားလည်သွားခဲ့ရသည်။ အထူးသဖြင့် လင်းယွမ် သူ့အတိတ်ကို ဘာကြောင့် အလွန်မုန်းတီးနေရသလဲ ဆိုသည်ကိုပင်။
လင်းယွမ် ငယ်စဉ်က အမှန်တရားကိုမသိဘဲ အမေအရင်းကို ကိုယ်တိုင်သတ်မိအောင် လှည့်စားခံခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
ထိုအမေက သူ့ကို ပျိုးထောင်ခဲ့ခြင်းမရှိလျှင်တောင်၊ သူတို့နှစ်ယောက်အကြား သားအမိသံယောဇဉ် ရှိမနေခဲ့လျှင်တောင် ထိုအမျိုးသမီးက သူ့ကို မွေးဖွားပေးခဲ့သည့် မိခင်ဖြစ်သည်ဟူသော အချက်ကိုတော့ ငြင်းဆန်မရပေ။
နတ်ဆိုးများကို စက်ဆုပ်မုန်းတီးရင်း ကြီးပြင်းလာရသူတစ်ယောက်အဖို့ သူ့ကိုယ်ထဲ နတ်ဆိုးသွေးများ စီးဆင်းနေကြောင်းနှင့် သူ့အမေအရင်းကိုသူ သတ်မိခဲ့ကြောင်း သိလိုက်ရသည့်အခါ ခံစားရမည့် နာကျင်မှုက မှန်းဆကြည့်ဖို့ပင် ခဲယဉ်းလှပါသည်။
သူ့နေရာမှ ဝင်ခံစားကြည့်သောအခါ ယန်ရုန်ရုန် အသက်ရှူပင် ကြပ်မိသည်။ ယင်ကျီးကို စိုက်ကြည့်ကာ သူမစိတ်ထဲ လောင်ကျွမ်းနေသည့် မေးခွန်းတစ်ခုကို မေးမြန်းလိုက်ပါသည်။
“ဘာလို့လဲ၊ သူ့အပေါ် ဘာလို့အဲ့လို လုပ်ရတာလဲ”
အမေတစ်ယောက်အနေဖြင့် သားဖြစ်သူကို မချစ်ခွင့်ရှိသော်လည်း ဒီလောက်ထိ ရက်ရက်စက်စက်ကြံစည်ပြီး ဒုက္ခပေးဖို့တော့ မလိုအပ်ပါ။
ဒီ့ထက် နက်နဲသည့် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်ဟု သူမ ခံစားမိသည်။
ယင်ကျီးက အဖြေမပေးဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
“မင်းက အားလုံးသိပြီးသားဆို၊ ဘာလို့ ငါ့ကိုလာမေးနေတာလဲ၊ ဒါမှမဟုတ် ဘာမှမသိဘဲနဲ့ တမင်သက်သက် လေလုံး ထွားခဲ့တာလား”
ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။
“ကျွန်မ သိထားတာတွေက အဖြစ်မှန်ဟုတ်မဟုတ် မသေချာလို့ ရှင့်ကို အတည်ပြုခိုင်းနေတာလေ”
အရာရာကို အမှန်တကယ် နားလည်ထားသည့် ပုံစံမျိုးဖြင့် ယန်ရုန်ရုန်တည်ငြိမ်နေပုံအား မြင်ပြီး ယင်ကျီး တုံ့ဆိုင်းသွားခဲ့ပါသည်။
သူမ အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ငါပြောပြီးသွားပြီ၊ ငါ့ဆီက အမှန်တရားကိုလိုချင်တယ်ဆိုရင် လင်းယွမ်ဆီမှာ မင်းအသေခံလိုက်၊ မဟုတ်ရင်တော့ ငါ့ဆီက ဘာတစ်ခွန်းမှ ကြားရမယ်မထင်နဲ့”
“ရှင်ပြောပြတာ မပြောပြတာ အရေးမကြီးပါဘူး”
ယန်ရုန်ရုန် ပေါ့ပေါ့တန်တန် ဆိုလိုက်သည်။
“သိအောင်လုပ်ဖို့ ကျွန်မတို့မှာ တခြားနည်းလမ်းတွေ ရှိသေးတယ်”
ဘယ်လိုနည်းလမ်းတွေများ ရှိနေသလဲဟု ယင်ကျီး မေးချင်ခဲ့သော်လည်း ယန်ရုန်ရုန့်ငါးစာကို ဟပ်မိသလို ဖြစ်မည်စိုးသဖြင့် သိချင်စိတ်ကို ချုပ်တည်းရင်း ဆက်လက် နှုတ်ဆိတ်နေခဲ့ပါသည်။
ထိုစဉ် ရဲတိုက်အတွင်းမှ အစေခံပေါင်းများစွာ ပြေးထွက်လာခဲ့သည်။ ယင်ကျီး အဖမ်းချုပ်ခံထားရသည်ကို မြင်ပြီး အစေခံများအားလုံး တုန်လည်းတုန်လှုပ်၊ ဒေါသလည်း ကြီးမားသွားခဲ့ကြသည်။
၎င်းတို့၏ လှလှပပ လူသားမျက်နှာများကို စွန့်ပယ်ပြီး ချက်ချင်းဆိုသလို နတ်ဆိုးများအသွင် ပြန်ပြောင်းကာ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို တိုက်ခိုက်ဖို့အတွက် နတ်ဆိုးစွမ်းအင်များ စုစည်းလိုက်ကြသည်။
လင်းယွမ်ကော ယန်ရုန်ရုန်ကော မလှုပ်ခဲ့ကြပေ။
အစေခံများ ပစ်လွှတ်လိုက်သည့် နတ်ဆိုးစွမ်းအင်များကို လေထဲမှာပင် ငရဲမီးတောက်များက ဝါးမျိုသွားခဲ့သည်။ ထိုမီးတောက်များက နတ်ဆိုးမများကို လှမ်းဟပ်သဖြင့် ပူပြင်းလွန်းပြီး မျက်နှာများ ဖြူဖပ်ကာ ကြောက်လန့်တကြား နောက်ဆုတ်ကုန်ကြပါသည်။
ငရဲမီးတောက်ကို သူတို့တစ်ခါမှ မမြင်ဖူးပါ။ သို့သော် ထိုမီးတောက်က ကြောက်စရာအလွန်ကောင်းပြီး ထိတွေ့လိုက်သည်နှင့် ကျိန်းသေပေါက် ပြာကျသွားနိုင်သည်ဟု မသိစိတ်မှ အလိုလို နားလည်နေခဲ့ပါသည်။
ယန်ရုန်ရုန်က သူမတို့ကို ရဲတိုက်အတွင်းသို့ ခေါ်ဆောင်လာသည့် နတ်ဆိုးမကို ကြည့်ကာ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ”
နတ်ဆိုးမက ယခင်ကလို ဖော်ရွေမှုမရှိတော့ဘဲ မျက်မှောင် ကြုတ်လျက် ခက်ထန်စွာ ပြန်ပြောလိုက်သည်။
“ဘာတွေလာမေးနေတာလဲ၊ ငါတို့ သခင်မကို အခုချက်ချင်း လွှတ်ပေးစမ်း!”
ယန်ရုန်ရုန်က တည်တည်ငြိမ်ငြိမ်စိုက်ကြည့်ရင်း အကြံပြုလိုက်သည်။
“ကိုယ့်ခွန်အားက သူများထက် နိမ့်ကျတယ်ဆိုတာ သိရင် ဘာပြောပြောဘာလုပ်လုပ် နှစ်ခါပြန်စဉ်းစားသင့်တယ်၊ မဟုတ်ရင် အကျိုးဆက်တွေက ရှင်တို့ခံနိုင်ရည်ရှိတာထက် ပိုဆိုးသွားနိုင်တယ်နော်”
သူမ လေသံက တည်ငြိမ်နေသော်လည်း ထိုစကားက ခြိမ်း ခြောက်စကားဖြစ်မှန်း နတ်ဆိုးမ နားလည်ပါသည်။ ငရဲမီးတောက်များကို ကြောက်ရွံ့မှုကြောင့် နတ်ဆိုးမ အံကြိတ်ရင်း သူမအမည်ကို ထုတ်ပြောလိုက်ရသည်။
“စွေ့ဟုံ”
ယန်ရုန်ရုန်က ဆက်ပြောသည်။
“မိန်းကလေးစွေ့ဟုံ၊ ကျွန်မရှင့်ဆီက အကူအညီတစ်ခုလိုတယ်၊ ကျေးဇူးပြုပြီး ကျွန်မ မိတ်ဆွေတွေကို ခေါ်လာပေးပါ၊ ကျွန်မတို့ထက် ဒီကိုအရင်ရောက်လာတဲ့လူတွေလေ၊ သူတို့ထဲမှာ ယန်လင်းယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ပါတယ်၊ အသက်က ၁၆ နှစ်လောက်ရှိပြီး ပုံစံက…”
ယန်ရုန်ရုန် သူမ ဘေးရှိ လင်းယွမ်ကို လက်ညှိုးထိုးပြလိုက်သည်။
“သူနဲ့ တော်တော်ဆင်လိမ့်မယ်၊ အရပ်နည်းနည်း ပိုပုတာပဲရှိမှာ၊ ကျွန်မ ဘယ်သူ့ကို ပြောနေသလဲ ရှင်သိမှာပါ”
စွေ့ဟုံက မဆိုင်းမတွ ငြင်းဆန်လိုက်ပါသည်။
“နင်ဘယ်သူ့ကို ပြောနေတာလဲ ငါမသိဘူး”
ယန်ရုန်ရုန် ဘာမှထပ်မပြောနိုင်ခင် မီးတောက်တစ်လျှံက စွေ့ဟုံထံသို့ ရိုက်ခတ်လာခဲ့သည်။ စွေ့ဟုံ အမြန်ရှောင်လိုက်သော်လည်း သူမ၏ အဝါရောင်ဝတ်ရုံစကို မီးစွဲသွားခဲ့ပါသည်။
ထိုမီးကြောင့် စွေ့ဟုံ အလွန်နာကျင်သွားခဲ့ရပြီး သူမ ခြေ ထောက်ပေါ်တွင် အကျည်းတန်သော မီးလောင်ရာကြီးတစ်ခု ပေါ်သွားခဲ့သည်။
စွေ့ဟုံ အလွန်ထိတ်လန့်ကာ နတ်ဆိုးစွမ်းအင်များကို အသုံးပြုပြီး ဒဏ်ရာကို ကုသဖို့ ကြိုးစားပါသည်။ သို့သော် ထိုဒဏ်ရာကို ထိလိုက်သည်နှင့် နတ်ဆိုးစွမ်းအင်များက ပျောက်ကွယ်သွားပြီး နာကျင်မှုကလည်း နှစ်ဆတိုးလာသည်။
သူမ မျက်နှာပေါ် ချွေးသီးချွေးပေါက်များ စီးကျကာ မျက်နှာတစ်ခုလုံး ဖြူဖပ်သွားခဲ့ရပါသည်။
လင်းယွမ်က ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်သည်။
“ငရဲမီးတောက်ကြောင့် ရလိုက်တဲ့ဒဏ်ရာတွေက ရုပ်ပိုင်းဆိုင်ရာကိုပဲ ထိခိုက်စေတာမဟုတ်ဘူး၊ ဝိညာဉ်ကိုပါ လောင်ကျွမ်းစေတယ်၊ အချိန်မီ မကုသဘူးဆိုရင် ဒဏ်ရာက ပိုပိုဆိုးလာပြီး နောက်ဆုံး နာနာကျင်ကျင်နဲ့ သေသွားရလိမ့်မယ်”
စွေ့ဟုံ အလွန်ချောက်ချားသွားခဲ့သည်။ နှုတ်ခမ်းများ တုန်ယင်လျက် သူမ ထစ်ထစ်ငေါ့ငေါ့ တောင်းပန်လိုက်ပါသည်။
“ကျွန်…ကျွန်မကို ကယ်ပါဦး… ကျွန်မ တောင်းပန်ပါတယ်”
“အဲ့တာဆို သူခိုင်းတဲ့အတိုင်းလုပ်လေ”။ လင်းယွမ်က အမိန့်ပေးသည်။
ယင်ကျီးကို စွေ့ဟုံလှည့်ကြည့်လိုက်ပါသည်။ သို့သော် သခင်မက မီးတောက်မြွေကြီး၏ ဖမ်းချုပ်မှုကို ခံထားရပြီး ကိုယ့်ကိုယ်ကိုယ်ပင် မကယ်တင်နိုင်သဖြင့် ယခုအခြေအနေတွင် သူမအသက်ကို သူမသာ ကယ်တင်နိုင်ကြောင်း စွေ့ဟုံ နားလည်သွားခဲ့သည်။
ထို့ကြောင့် စွေ့ဟုံတစ်ယောက် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ရဲတိုက်ထဲ ပြန်ဝင်သွားခဲ့သည်။
အခြားအစေခံများက သူမကို တားဆီးဖို့ ကြိုးစားကြသော်လည်း သူတို့ကို ဝါးမျိုဖို့ အသင့်စောင့်နေသည့် ငရဲမီးတောက်များကို မြင်လိုက်ရသည်နှင့် ကြောက်ရွံ့သွားခဲ့ကြပါသည်။ ရဲတိုက်အတွင်းသို့ စွေ့ဟုံဝင်ရောက်သွားသည်ကို ဒီတိုင်း ရပ်ကြည့်နေခဲ့ကြရသည်။
အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် လူသုံးယောက်နှင့်အတူ စွေ့ဟုံ ပြန်ထွက်လာခဲ့သည်။
ယန်လင်းယွမ်၊ ဒုတိယအစ်ကိုနှင့် ဆဌမညီတို့ပင်။
သုံးယောက်စလုံးက အလွန်ရီဝေနေပြီး ရုပ်သေးရုပ်များကဲ့သို့ လှုပ်ရှားနေကြသည်။ စွေ့ဟုံက ရပ်တန့်ဖို့ အမိန့်ပေးလိုက်သောအခါ ဒီတိုင်း ငြိမ်ငြိမ်သက်သက် မတ်တပ်ရပ်နေကြပါသည်။
မျက်နှာများက ခံစားချက်မဲ့နေပြီး မျက်လုံးများကလည်း အသက်မဲ့နေသဖြင့် သွေးရိုးသားရိုး အခြေအနေမဟုတ်မှန်း သိသာလှသည်။
လှိုဏ်ဂူထဲ မဝင်ခင်က ရရှိခဲ့သည့် ရနံ့အကြောင်းကို သတိရကာ ယန်ရုန်ရုန် မေးလိုက်သည်။
“သူတို့ ဝိညာဉ်စုပ် အမွှေးတိုင်အနံ့ကို ရှူလိုက်မိတာလား”
“ဟုတ်တယ်”
စွေ့ဟုံ အမှန်တိုင်း ပြန်ဖြေလိုက်ပါသည်။
ထို့နောက် သူမအိတ်ကပ်ထဲမှ ကြွေပုလင်းငယ်တစ်လုံးကို ထုတ်ကာ သူတို့နှာခေါင်းရှေ့ ခါယမ်းပေးလိုက်သည်။
ထိုကြွေပုလင်းထဲမှ ရနံ့များ သူတို့နှာခေါင်းထဲ ဝင်သွားသည်နှင့် သုံးယောက်စလုံး အသိစိတ် ပြန်ကပ်သွားကြပါသည်။ မျက်နှာများကလည်း အသက်ပြန်ဝင်လာခဲ့သည်။
အသိစိတ်ပြန်ကပ်သည်နှင့် ယန်လင်းယွမ်က ဦးစွာ လှုပ်ရှားခဲ့ပါသည်။ စွေ့ဟုံက နတ်ဆိုးမတစ်ယောက်ဖြစ်မှန်း မြင်ပြီးနောက် ဓားကို ချက်ချင်းထုတ်ကာ ခုတ်သတ်ပစ်ဖို့ ကြိုးစားသည်။
စွေ့ဟုံက ကြိုတင်ပြင်ဆင်ထားသဖြင့် ဓားချက်ကို ရှောင်နိုင်ခဲ့ပါသည်။ စွေ့ဟုံကို ယန်လင်းယွမ် ထပ်မံတိုက်ခိုက်ဖို့ ပြင်လိုက်စဉ် ယန်ရုန်ရုန်၏အသံ ထွက်ပေါ်လာခဲ့သည်။
“တော်ကြတော့!”
ယန်လင်းယွမ် ကြက်သေသေသွားခဲ့ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော လူနှစ်ယောက်ကို မြင်လိုက်ရပါသည်။
ယန်ရုန်ရုန့် ပုံစံက ဖြူရော်ဖြူဖပ်ဖြစ်ကာ အားနည်းနေပြီး လင်းယွမ်ကို မှီထားရသည်။ လင်းယွမ်ကလည်း သူမခါးကို ဖက်ထားပြီး အလွန်နီးနီးကပ်ကပ် ရှိနေကြပါသည်။
ထိုမြင်ကွင်းကြောင့် အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ်၏ ရင်ထဲ မနာလိုဝန်တိုမှုများ ပေါက်ဖွားလာခဲ့သည်။
ယန်ရုန်ရုန့်ထံကိုသာ စိတ်ရောက်နေသဖြင့် ငရဲမီးတောက်များကိုကော၊ ဖမ်းချုပ်ခံထားရသည့် ယင်ကျီးကိုကော ယန်လင်းယွမ် သတိမထားမိခဲ့ပါ။
ယန်ရုန်ရုန့်ကို နတ်ဆိုးများလက်မှ သူ့ထက်အရင် လင်းယွမ်က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်မည်ဟု ထင်သွားခဲ့သည်။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ယန်လင်းယွမ် သုန်မှုန်စွာ ပြောလိုက်သည်။
“ရှောင်းရှောင်း၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်နောက်ကျသွားတယ်”
သူသာ ဒီ့ထက်စောစော ရောက်လာနိုင်ခဲ့လျှင် သူမဘေးမှာ ရပ်နေရမည့်လူက သူပဲဖြစ်လိမ့်မည်။
ယန်လင်းယွမ်တစ်ယောက် နားလည်မှုလွဲနေမှန်း ယန်ရုန်ရုန်သိသော်လည်း ရှင်းမပြခဲ့ပါ။
“ဒီမှာ အန္တရာယ် အရမ်းများတယ်၊ ရှင်းစရာရှိတာ ငါတို့ရှင်းလိုက်မယ်၊ နင်တို့ ညီအစ်ကိုတွေ အမြန်ထွက်သွားကြတော့”