← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

🌹Chapter 193

ဒီနေရာကြီးက အန္တရာယ်များမှန်း ယန်လင်းယွမ်လည်း သိပါသည်။ အန္တရာယ်များခြင်းကြောင့်ပဲ ယန်ရုန်ရုန့်ကို သူ မထားခဲ့နိုင်ပေ။

ယန်လင်းယွမ် ရှေ့သို့ တစ်လှမ်းတိုးကာ လေးနက်သော မျက်နှာဖြင့် ဆိုလိုက်သည်။

“ဒီမှာ နတ်ဆိုးကျင့်ကြံသူတွေ အများကြီးရှိတယ်၊ သူတို့ခေါင်းဆောင်က ယင်ကျီးဆိုတဲ့ မိန်းမတစ်ယောက်ပဲ၊ သူ့စွမ်းအားက ကြောက်ဖို့ကောင်းလောက်အောင် ကြီးမားလွန်းတယ်၊ အားလုံးအတူတူ တိုက်ခိုက်မယ်ဆိုရင်တောင် သူ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော့်မိသားစုကို ဆက်သွယ်ပြီး…”

“ဟား”

ရယ်သံတစ်သံကြောင့် ယန်လင်းယွမ်၏စကား ပြတ်တောက်သွားခဲ့သည်။

ယန်လင်းယွမ် မကျေမနပ် မျက်မှောင်ကြုတ်သွားပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပါသည်။ ထိုအခါမှ ယင်ကျီးရှိနေသည်ကို သူသတိထားမိသွားလေသည်။

သူ့မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီး ဓားကိုချက်ချင်းမြှောက်ကာ ခုခံကာကွယ်ဖို့ အသင့်အနေအထား ပြင်လိုက်သည်။

“ခင်ဗျားက အဲ့ဒီနတ်ဆိုးမပဲ!”

ယန်လင်းယွမ် အော်လိုက်သည်။

သူ့အမူအရာများကို ယင်ကျီး သဘောကျသွားဟန်ဖြင့် ထပ်မံရယ်မောလိုက်ပါသည်။

“ဟင်း… မင်းက ဒီအသက်အရွယ်မှာ ပိုသဘောကျဖို့ကောင်းတာပဲ”

ယင်ကျီး ဒဏ်ရာရရှိထားပြီး မီးတောက်မြွေကြီး၏ ဖမ်းချုပ်မှုကို ခံထားရမှန်း ယန်လင်းယွမ် မြင်လိုက်သည်။ သူတို့ကို ဒီနတ်ဆိုးမ အန္တရာယ်ပေးနိုင်တော့မှာ မဟုတ်မှန်း သိလိုက်ရသဖြင့် ယန်လင်းယွမ် စိတ်အနည်းငယ် အေးသွားခဲ့သည်။

သို့သော် သူမစကားကြောင့် ယန်လင်းယွမ် ဒေါသထွက်သွားရပြန်သည်။

“ကျုပ်ကို ခင်ဗျားသဘောကျဖို့မလိုဘူး! ခင်ဗျားဘယ်သူလဲ၊ လူတွေကို ဘာလို့ ဒုက္ခပေးနေတာလဲ၊ ပျောက်သွားတဲ့ လူငယ်တွေကော ဘယ်ရောက်သွားလဲ!”

ယန်ကျီးက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း မေးခွန်း ပြန်ထုတ်လိုက်သည်။

“ငါဘယ်သူလဲဆိုတာ မင်းတကယ် သိချင်နေတာလား”

ထိုအကြည့်ကြောင့် ယန်လင်းယွမ် အလွန် စိတ်လေးလံသွားရသည်။ သို့သော် ဒီနတ်ဆိုးမရှေ့မှာ သူ့အားနည်းချက်ကို ထုတ်မပြချင်ပါ။

အထူးသဖြင့် အနားမှာ သူသဘောကျနေသည့် မိန်းကလေးကလည်း စောင့်ကြည့်နေသည်။ သူ့ကိုယ်သူ မျက်နှာပျက်အောင် မလုပ်သင့်ပေ။

“ခင်ဗျားဘယ်သူဖြစ်ဖြစ် ဒီနေ့အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ မထင်လိုက်နဲ့!”

ယန်လင်းယွမ် အေးစက်စွာ ပြောလိုက်သည်။

ယင်ကျီးက ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်ပါသည်။

“အဲ့တာဆို သတ်လိုက်လေ၊ မင်းလက်ထဲက ဓားနဲ့ ငါ့နှလုံးသားကို ထိုးစိုက်ပစ်လိုက်၊ ငါမရှောင်ဘူးလို့ ကတိပေးတယ်”

ယန်လင်းယွမ် မျက်မှောင်ပိုကြုတ်သွားခဲ့ရသည်။ ဒီနတ်ဆိုးမက စိတ်မမှန်လောက်ဟု သူတွေးမိသော်လည်း သူ့တစ် သက်တာ ရည်မှန်းချက်မှာ နတ်ဆိုးများအားလုံးကို သုတ်သင်ပြီး ကမ္ဘာလောကကို ကာကွယ်ဖို့ဖြစ်သည်။

လူသားလောက၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် နတ်ဆိုးအားလုံးကို သုတ်သင်ရမည်မှာ သူ့တာဝန်ပင်။ ထိုနတ်ဆိုးမက ဘာပဲဖြစ်နေပါစေ၊ နတ်ဆိုးမတစ်ကောင် ဖြစ်နေသရွေ့ သေသင့်သည်။

ယန်လင်းယွမ် ထပ်ပြီး တွန့်ဆုတ်မနေတော့ဘဲ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပါသည်။ သူ့ဓားသွားပေါ် ဝိညာဉ်စွမ်းအင်များ စီးဆင်းလာပြီး အပြာရောင်ခပ်ဖျော့ဖျော့ လင်းလက်လာခဲ့သည်။

ဒါကိုမြင်ပြီး ယင်ကျီး၏ မျက်လုံးများလည်း တောက်ပသွားခဲ့သည်။ ထိုဓားချက်ကို အမြန်ဆုံး ခံယူချင်နေသည့်အလား ခေါင်းကို ရှေ့သို့ ကိုင်းပေးလိုက်ပါသည်။

ယင်ကျီးထံ ယန်လင်းယွမ် ပြေးလာစဉ် မြေကြီးအတွင်းမှ ငရဲမီးတောက်များ ပေါက်ထွက်လာပြီး သူတို့နှစ်ယောက်အကြား တံတိုင်းတစ်ခုသဖွယ် ကာရံလိုက်ပါသည်။

ထိုငရဲမီးတောက်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်တည်း ယန်လင်းယွမ်၏ ဓားမှာ မည်းကြုတ်သွားခဲ့ရပြီး ဓားထဲ ထည့်သွင်းထားသည့် ဝိညာဉ်စွမ်းအင်များလည်း ဝါးမျိုခံလိုက်ရပါသည်။

ဓားမှတဆင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များပါ စုပ်ယူခံနေရသည်ကို ယန်လင်းယွမ် ခံစားမိသည်။ ထို့ကြောင့် ဓားရိုးကို မြဲမြဲကိုင်ရင်း အနောက်သို့ အမြန် ပြန်ဆုတ်လိုက်ပါသည်။

မီးတောက်များက သူ့နောက်ကို လိုက်မလာသော်လည်း သူ့ဓားသွားကတော့ ပျက်စီးသွားခဲ့ချေပြီ။ ဓားသွားတစ်ခုလုံး မည်းနက်ကာ နတ်ဆိုးစွမ်းအင်များ စွန်းထင်းသွားပြီဖြစ်သဖြင့် အသုံးပြု၍ မရနိုင်တော့ပေ။

ထိုဓားက သူ့အဖေကိုယ်တိုင် လက်ဆောင်ပေးထားသည့် ဝိညာဉ်ဓားတစ်လက်ဖြစ်ပါသည်။ ယန်လင်းယွမ် ဒေါသတကြီး အံကြိတ်ရင်း လင်းယွမ်ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားကျုပ်ကို ဘာလို့လာတားတာလဲ၊ ဒီနတ်ဆိုးမကို ကာကွယ်ပေးချင်လို့လား”

လင်းယွမ်က အေးအေးလူလူ ပြန်ဖြေလိုက်ပါသည်။

“ငါ ဘာလုပ်နေတာလဲဆိုတာ မင်းကို အစီရင်ခံဖို့ မလိုဘူး၊ မင်းလို ငတုံးမျိုး ဒီမှာဆက်နေရင် ပြဿနာပိုကြီးလာရုံပဲရှိမှာ၊ မင်းကို ရှောင်းရှောင်း ထွက်သွားခိုင်းတာက မင်းကောင်းကျိုးအတွက်ပဲ၊ မင်းမှာ ဦးနှောက်ရှိသေးတယ်ဆိုရင် သူခိုင်းတဲ့အတိုင်းလုပ်”

ယန်ရုန်ရုန်က လင်းယွမ်ကို တံတောင်ဖြင့် ထိုးရင်း တီးတိုးပြောလိုက်သည်။

“စကားကို အေးအေးဆေးဆေးပြော”

ယန်လင်းယွမ် ဒေါသထွက်မိသော်လည်း စဉ်းစားဆင်ခြင်ဉာဏ်တော့ မပျောက်ဆုံးသေးပါ။

“ကျုပ်မသွားနိုင်ဘူး၊ ဒီနတ်ဆိုးမက လူတွေအများကြီးကို ဖမ်းဆီးခဲ့တာ၊ သူတို့သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တွေ့အောင်ရှာပြီး သူတို့မိသားစုတွေဆီ ပြန်ပို့ပေးရမယ်”

ထိုအခါ ယင်ကျီးကို ယန်ရုန်ရုန် လှည့်မေးလိုက်သည်။

“ရှင်ဖမ်းထားတဲ့ လူတွေ ဘယ်မှာလဲ”

ယင်ကျီးက သူမကို လျစ်လျူရှုလိုက်ပြီး ယန်လင်းယွမ်ကိုသာ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒီကိုလာခဲ့၊ ငါ့ရှေ့မှာ လာရပ်၊ အဲ့တာဆိုပြောပြမယ်”

ယန်လင်းယွမ်က သွားချင်သော်လည်း ငရဲမီးတောက်များက သူ့လမ်းကို တားဆီးပိတ်ပင်ထားသဖြင့် ရှေ့ဆက်မတိုးနိုင်ခဲ့ပါ။

ယန်ရုန်ရုန်ပြောလိုက်သည်။

“ယင်ကျီးက နင့်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာ၊ သူ့ထောင်ချောက်ထဲ ဝင်မသွားနဲ့၊ ငါတို့ရှင်းလိုက်မယ်၊ ပျောက်နေတဲ့လူတွေကိုလည်း အတတ်နိုင်ဆုံးရှာပေးမယ်၊ နင့်ညီအစ်ကိုတွေနဲ့အတူတူ ပြန်လိုက်ပါတော့၊ နင့်အတွက်နင် စိတ်မပူဘူးဆိုရင်တောင် နင့်ညီအစ်ကိုတွေအတွက် ထည့်စဉ်းစားမပေးသင့်ဘူးလား”

ယန်လင်းယွမ်က ဒုတိယအစ်ကိုနှင့် ဆဌမညီတို့ကို လှည့်ကြည့်လိုက်သည်။ အသိစိတ်များ ပြန်ကပ်နေကြပြီ ဖြစ်သော်လည်း ခေါင်းများ မူးဝေကာ အားနည်းပျော့ညံ့နေကြဆဲပင်။ ဝိညာဉ်စုပ်အမွှေးတိုင်၏ နောက်ဆက်တွဲ အာနိသင်တစ်ခုလည်း ဖြစ်သည်။

ထိုလက္ခဏာများကို ယန်လင်းယွမ်တစ်ယောက်တည်း မခံစားရသည့် အကြောင်းအရင်းက သူ့ခန္ဓာကိုယ်ထဲ နတ်ဆိုးသွေးများ စီးဆင်းနေခြင်းကြောင့်သာ…

သူ့ညီအစ်ကိုများ အခြေအနေမကောင်းသဖြင့် ဒီမှာဆက်နေလျှင် အန္တရာယ်ဖြစ်လာနိုင်ပါသည်။ ယန်လင်းယွမ် နှုတ်ခမ်းများ စည်းတင်းသွားပြီး နောက်ဆုံးတော့ ယန်ရုန်ရုန့် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ ဆုံးဖြတ်လိုက်တော့သည်။

“အဲ့တာဆို ကျွန်တော် သူတို့ကို ပြန်ခေါ်သွားလိုက်မယ်၊ ယန်မိသားစုနဲ့ ကျွန်တော့်အဖေကို အသိပေးပြီး ဒီနတ်ဆိုးတွေကို ရှင်းဖို့ လူလွှတ်ခိုင်းလိုက်မယ်”

ယန်ရုန်ရုန် ချက်ချင်းကန့်ကွက်လိုက်သည်။

“နင့်အဖေကို မပြောနဲ့!”

“ဘာလို့လဲ”

ယန်လင်းယွမ် နားမလည်နိုင်ဖြစ်သွားပြီး မေးလိုက်ပါသည်။

ယန်ရုန်ရုန် သူ့ကို သေသေချာချာ ကြည့်ရင်း ပြောလိုက်သည်။

“ငါတို့နှစ်ယောက် ဒီကို ဘယ်လိုရောက်လာသလဲ နင်သိနေတယ်ဆိုတော့ နင့်ရဲ့မျိုးရိုးအကြောင်းကိုလည်း သိထားပြီးသား ဖြစ်မှာပေါ့၊ နင့်အဖေကို ဘာမှမပြောပြတာက နင်ကောင်းဖို့အတွက်ပဲ”

ယန်လင်းယွမ်၏ မျက်ခုံးများ အနည်းငယ် ပြေလျော့သွားခဲ့သည်။ ယန်ရုန်ရုန့်ကို သူရီဝေစွာကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ ခပ်ပါးပါး ပြုံးလိုက်မိပါသည်။

“ဘာမှမထူးပါဘူး၊ အခု သူ့ကိုမပြောလည်း တစ်ချိန်ချိန်ကျရင် သိသွားမှာပဲ၊ အစကတည်းက ကံစီမံထားပြီးသားမို့လို့ ဘယ်သူမှ မပြောင်းလဲနိုင်ဘူး”

သူ့လေသံတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသော်လည်း အရှုံးပေးထားသည့် ခံစားချက်မျိုးပါ ပါဝင်နေပါသည်။

သူ့မျက်ဝန်းတွေထဲ သေချာစိုက်ကြည့်ရင်း ယန်ရုန်ရုန် ပြောလိုက်သည်။ “ကံကြမ္မာကို ပြောင်းလဲလို့မရဘူးဆိုရင် ငါနဲ့ လင်းယွမ်နဲ့ ဘာလို့ ဒီကိုရောက်လာကြမှာလဲ၊ ငါတို့နှစ်ယောက် ဒီကိုရောက်လာတာက ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ သက်သေပဲ”

ယန်လင်းယွမ် မှင်သက်သွားခဲ့ကာ တိုးညှင်းစွာ မေးလိုက်သည်။

“တကယ်ပြောင်းလဲနိုင်မှာလား”

ထိုစဉ် လင်းယွမ်က စိတ်မရှည်စွာ ဝင်ပြောလိုက်သည်။

“ပြောင်းလဲလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဒီတိုင်း အရှုံးပေးလိုက်လို့ ဖြစ်မလား၊ အဆိုးဆုံးအခြေအနေကိုတောင် ကြုံခဲ့ရပြီးပြီ၊ ဘာတွေကြောက်စရာရှိသေးလို့လဲ”

သူ့စကားလုံးများကြောင့် ယန်လင်းယွမ်၏နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

‘ဟုတ်တယ်… အဆိုးဆုံးတွေက ဖြစ်ပြီးသွားပြီ၊ ဘာလို့ တွန့်ဆုတ်နေမှာလဲ… အလွန်ဆုံး အဲ့လိုနာကျင်မှုမျိုး ထပ်ခံစားရရုံပဲရှိမှာ၊ ဒီတိုင်းအရှုံးပေးလိုက်တာထက်စာရင် ပိုသာပါသေးတယ်’

သူ့မျက်ဝန်းများထဲ အလင်းရောင် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယန်လင်းယွမ် ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါသည်။

“ဒီမှာဘာတွေဖြစ်ခဲ့သလဲ ကျွန်တော်မပြောတော့ဘူး၊ ကျွန်တော့်ညီအစ်ကိုတွေကို ခေါ်ပြီး ပြန်နှင့်မယ်၊ ခင်ဗျားတို့ လုပ်စရာရှိတာလုပ်ပြီးတာနဲ့ ကျွန်တော့်ကို လာတွေ့ပါ”

သူ့စိတ်များ ပြန်လည်လန်းဆန်းလာသည်ကိုမြင်ပြီး ယန်ရုန်ရုန် စိတ်သက်သာစွာ သက်ပြင်းချလျက် ခေါင်းညိတ်ပြလိုက်သည်။

ယန်လင်းယွမ် ဓားကိုသိမ်းကာ သူ့ညီအစ်ကိုများကို လှည့်ပြောလိုက်သည်။

“သွားကြစို့”

ဒုတိယအစ်ကိုက ရီဝေစွာ မေးလိုက်ပါသည်။

“သွားတော့မှာလား၊ ပျောက်နေတဲ့လူတွေကိုတောင် ရှာလို့မတွေ့သေးဘူးလေ”

“ဒီမှာ နတ်ဆိုးအင်အားက များလွန်းတယ်၊ ငါတို့သုံးယောက်တည်းနဲ့ သူတို့ကို ယှဉ်မှာမဟုတ်ဘူး၊ အိမ်ပြန်ပြီး တခြားနည်းလမ်းတစ်ခုခု စဉ်းစားကြမယ်”

ခေါင်းတွေ မူးဝေနေသဖြင့် ဒုတိယအစ်ကိုက သိပ်ပြီး မစဉ်းစားနိုင်ခဲ့ပါ။ ယန်လင်းယွမ်၏ ယုံကြည်မှုကို မြင်ပြီး သူ့ညီတွင် အစီအစဉ်တစ်ခုခု ရှိလိမ့်မည်ဟု ယူဆလျက် ခေါင်းသာ ညိတ်လိုက်ပါသည်။

“ဟုတ်ပြီ”

သူတို့ သုံးယောက် ထွက်သွားတော့မည်ကို မြင်ပြီး ယင်ကျီး လေးဖက်ထောက်လျက်သား ပြေးလိုက်လာခဲ့သည်။ သို့သော် ငရဲမီးတောက်များက သူမကို တားဆီးထားပါသည်။

ယင်ကျီး ရပ်တန့်သွားပြီး ယန်လင်းယွမ်အား လှမ်းအော်ပြောလိုက်လေသည်။

“ပျောက်နေတဲ့လူတွေ ဘယ်မှာလဲဆိုတာ မင်းမသိချင်ဘူးလား၊ ငါ့ကိုသတ်ရင် အကုန်ပြောပြမယ်လေ!”

ယန်လင်းယွမ် မကြားချင်ယောင်သာ ဆောင်ပြီး သူ့ညီအစ်ကိုများကို ခေါ်ဆောင်လျက် ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့ပါသည်။

ယင်ကျီးကလည်း အရှုံးမပေးဘဲ ပိုမိုကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဘာလို့ထွက်သွားမှာလဲ၊ အမှန်တရားကို မင်းသိပြီးသားမို့လို့လား၊ မင်းကိုယ် မင်း နတ်ဆိုးတစ်ကောင်ဆိုတာ သိထားပြီးသား မို့လို့လား!”

ဒီတစ်ခါတော့ ယန်လင်းယွမ်သာမကဘဲ သူ့ညီအစ်ကိုနှစ်ယောက်ပါ ကြားသွားခဲ့ကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့တော့သည်။

🌹Chapter 194

ယန်လင်းယွမ် တစ်ကိုယ်လုံးတောင့်တင်းကာ ကျောက်ရုပ်တစ်ရုပ်ပမာ ရပ်တန့်သွားခဲ့သည်။

ဒီလိုအဖြစ်မျိုးကို ယခင်တုန်းက ကြုံတွေ့ခဲ့ဖူးသော်လည်း၊ ချစ်ခင်ရသည့် လူတိုင်း၏ စွန့်ပစ်မှုကိုခံရသည့် နာကျင်မှုကို ခါးခါးသီးသီး ခံစားခဲ့ရပြီးသား ဖြစ်သော်လည်း ဒီလိုအဖြစ်နှင့် ထပ်မံကြုံလာရသောအခါ အတိုင်းထက်အလွန် စိုးရိမ်ထိတ်လန့်မိဆဲပင်။

ဒုတိယအစ်ကိုနှင့် ဆဌမညီတို့၏ အကြည့်များကို သူခံစားနေရသည်။

သူ့ရင်ထဲ အလွန်ပြည့်ကြပ်သွားခဲ့ပြီး လည်ချောင်းတွေခြောက်ကာ စကားလုံးတစ်လုံးပင် ပြောမထွက်တော့ပါ။

သူ့အကြောင်းကို မေးမြန်းကြတော့မည်ဟု ယန်လင်းယွမ် ထင်လိုက်သည်။

သို့သော် ဒုတိယအစ်ကိုက ရုတ်တရက် ပြောလိုက်ပါသည်။ “ဒီနတ်ဆိုးမ ရူးသွားပြီလား၊ ပေါက်ကရစကားတွေတောင် လျှောက်ပြောနေပြီ”

ဆဌမညီကလည်း ထောက်ခံသည်။

“ထင်တဲ့အတိုင်းပဲ နတ်ဆိုးကျင့်ကြံသူတွေဆိုတာ တကယ်ယုတ်ညံ့တဲ့အမျိုးပဲ၊ ငါတို့ကြားထဲ သွေးခွဲဖို့ ဒီလောက်အောက်တန်းကျတဲ့ အလိမ်အညာမျိုးကိုတောင် ပြောရဲတယ်”

ယန်လင်းယွမ် ရင်ထဲက အလုံးကြီးလည်း ချက်ချင်းဆိုသလို ပြန်ကျသွားခဲ့ပါသည်။ ထို့နောက် သူ့စိတ်ကို ထိန်းကာ ပြောလိုက်သည်။

“မြန်မြန်သွားကြစိုံ”

ညီအစ်ကိုသုံးယောက် ခြေလှမ်းများ ပိုသွက်သွားကြသည်။ ဒီတစ်ခါတော့ ယင်ကျီး ဘာတွေပဲအော်အော် သူတို့ မရပ်ကြတော့ပါ။ သိပ်မကြာလိုက်ဘဲ သုံးယောက်စလုံး ရဲတိုက်ထဲမှ ထွက်သွားကြတော့သည်။

ကျန်ရစ်ခဲ့သော ယင်ကျီးတစ်ယောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။

“အရူးတွေ! ယန်မိသားစုက မိသားစုဝင်တစ်ယောက်မကျန် အကုန်အရူးတွေ!”

ရူးသွပ်သောင်းကျန်းနေသည့် ယင်ကျီးကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး စွေ့ဟုံကိုသာ လှည့်မေးလိုက်သည်။

“ပျောက်နေတဲ့ လူငယ်တွေ ဘယ်မှာလဲ”

ဒီလို အခြေအနေထိတောင် ရောက်လာပြီဖြစ်သဖြင့် စွေ့ဟုံ ဖုံးကွယ်ထားစရာဘာမှမရှိတော့ဘဲ အမှန်အတိုင်း ဖြေလိုက်ပါသည်။

“သခင်မက သူတို့အသက်ဝိညာဉ်တွေကို ခမ်းခြောက်တဲ့အထိ စုပ်ယူခဲ့တာ၊ သူတို့ချက်ချင်း သေသွားကြတယ်၊ အလောင်းတွေကို လူသေကျင်းတွေထဲ ပစ်ချထားတယ်”

ထိုအဖြေကိုကြားပြီး ယန်ရုန်ရုန် သိပ်မအံ့ဩခဲ့ပါ။ လူငယ်တွေ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သဖြင့် အသက်ရှင်နိုင်ချေ အလွန်နည်းပါသည်။

ယခု သူမအတွက် ခေါင်းအကိုက်ရဆုံးမှာ ယင်ကျီးကို ဘယ်လိုကိုင်တွယ်ရမလဲဟူသည့် ကိစ္စပင်။

ယင်ကျီးက လင်းယွမ်၏ အမေဖြစ်မှန်း သိလိုက်ရပြီဖြစ်သဖြင့် ယန်ရုန်ရုန် ဒီတိုင်း သတ်ပစ်လိုက်လို့မရပါ။

မိဘများ၏ အနိုင်ကျင့်နှိပ်စက်မှုကို ကလေးများက ခေါင်းငုံ့ခံသင့်သည်ဟု သူမ ခံယူထားခြင်းကြောင့်မဟုတ်ဘဲ ယင်ကျီးတွင် ဝှက်ဖဲတစ်ခုခု ရှိနေသေးသည်ဟု ယန်ရုန်ရုန် ယုံကြည်နေခြင်းကြောင့်ပင်။

ယခုအချိန် ယင်ကျီးကိုသာ လင်းယွမ်သတ်ပစ်လိုက်လျှင် ပိုကြီးမားသည့် ပြဿနာများပေါ်လာနိုင်သည်။

သို့သော် ဒီတိုင်းထားခဲ့ပြန်လျှင်လည်း အနာဂတ်တွင် ပြဿနာများစွာ ပေါ်လာနိုင်သေးသည်။

လက်ရှိတွင် အကောင်းဆုံး အဖြေက သူမကို ချိပ်ပိတ်ချုပ်နှောင်ပစ်လိုက်ဖို့သာ။ အသူရာချောက်နက်ထဲ လင်းယွမ် ချုပ်နှောင်ခံခဲ့ရသလိုမျိုးပဲ ယင်ကျီးကိုလည်း အချိန်အကြာကြီး အိပ်စက်သွားအောင် သူမ လုပ်ပေးရပါမည်။

လင်းယွမ်ကို ထိုအကြောင်း ပြောပြပြီး တိုင်ပင်ခဲ့သည်။

လင်းယွမ်က ရယ်မောပါသည်။

“လွယ်ပါတယ်”

မီးတောက်မြွေကြီးကို လင်းယွမ် တစ်ချက်လှည့်ကြည့်လိုက်သည်။ သခင်ဖြစ်သူ၏ အမိန့်ကို ရရှိပြီးနောက် မီးတောက်မြွေကြီးက ပါးစပ်ဟကာ ယင်ကျီးကို တလုတ်တည်း မျိုချပစ်လိုက်တော့သည်။

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။

“ရှင်သူ့ကို သတ်လိုက်တာလား”

“မသတ်ပါဘူး”

လင်းယွမ် စကားအဆုံးတွင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ထိုအခါ မီးတောက်မြွေကြီး၏ ပါးများ ဖောင်းလိုက်ပိန်လိုက်ဖြစ်သွားပြီး ၎င်း၏ ကိုယ်ကိုကိုင်းကာ ပါးစပ်ထဲမှ အရာကို ပြန်ထွေးထုတ်ပစ်လိုက်ပါသည်။

ပြန်ထွေးထုတ်ခံလိုက်ရသည့်သူက အခြားသူမဟုတ်ဘဲ ယင်ကျီးဖြစ်နေသည်။ မီးတောက်မြွေကြီး၏ ဝမ်းဗိုက်ထဲ ခဏတာ ပိတ်မိနေခဲ့သဖြင့် သူမခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများ ပိုမို များပြားလာခဲ့ပြီး အတော်လေး အားနည်းသွားပုံ ပေါ်ပါသည်။

သို့သော် သူမ လှုပ်ရှားနိုင်သေးသည်။ ကျိန်ဆဲဖို့ပင် အားရှိပါသေးသည်။

“ကျေးဇူးကန်းတဲ့သား! ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့! မင်းအသေဆိုးနဲ့ သေစေရမယ်!”

ယန်ရုန်ရုန် စိတ်အေးသွားသည်။ ‘အသက်ရှင်နေသေးရင် ပြီးတာပါပဲ’

သူမ ဘာမှမေးစရာမရှိတော့ကြောင်း လင်းယွမ်ကို အချက်ပြလိုက်သည်။

ထိုအခါ လင်းယွမ်က လက်ဖျောက်တစ်ချက် ထပ်တီးလိုက်ပါသည်။

မီးတောက်မြွေကြီးလည်း ပါးစပ်ကို ထပ်ဟပြီး ယင်ကျီးကို မျိုချပစ်လိုက်ပြန်သည်။

ထို့နောက် ငရဲမီးတောက်များအားလုံး ငြိမ်းသွားခဲ့ပြီး မြွေကြီးကလည်း အရွယ်အစား ကျုံ့သွားခဲ့ကာ နောက်ဆုံးတွင် မီးတောက်သဏ္ဌာန်ပုံဖော်ထားသည့် သွေးကျောက်စိမ်း လက်ကောက်တစ်ကွင်းအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး လင်းယွမ်၏ လက်ကောက်ဝတ်ပေါ်သို့ လျှောဆင်းသွားခဲ့ပါသည်။

ဘေးမှကြည့်နေကြသော နတ်ဆိုးကျင့်ကြံသူများအားလုံး ကြောက်ရွံ့လွန်းသဖြင့် လှုပ်ပင်မလှုပ်ရဲကြတော့ပေ။ သူတို့ သခင်မက ဘယ်လောက်ထိ စွမ်းအားကြီးမားသလဲ သူတို့ကောင်းကောင်းသိကြပါသည်။

သို့သော် ဒီလူက သူတို့သခင်မကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်။ ဒီလူ့စွမ်းအားများက သူတို့သခင်မထက် အများကြီး သာလွန်မှန်း သိသာနေပါပြီ။

သူတို့အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်မည် ဆိုလျှင်တောင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်က အားကြီးသူကို အမြဲတမ်း ဦးညွှတ်ရလေ့ရှိပါသည်။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများအားလုံး တွန့်ဆုတ်မှုမရှိတော့ဘဲ လင်းယွမ်ရှေ့တွင် ဒူးထောက်ချလိုက်ကြပါသည်။

လင်းယွမ်က သူတို့ကို လျစ်လျူရှုလိုက်သည်။ ယန်ရုန်ရုန့်ကို တွဲရင်း မေပယ်ပင်ကြီးအောက်သို့ လျှောက်လာကာ ယင်ကျီးထိုင်ခဲ့သည့် ခုံတန်းရှည်ပေါ်တွင် သူမကို အနားယူခွင့် ပေးလိုက်ပါသည်။

သူမ လုပ်ချင်သည့်အရာ ရှိသေးသလားဟုလည်း လင်းယွမ် မေးခဲ့သည်။

ယန်ရုန်ရုန်က နတ်ဆိုးမများကို ကြည့်ကာ မေးလိုက်သည်။

“ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ယင်ကျီးကပဲ သတ်ခဲ့တာလား”

နတ်ဆိုးမများ တုန်လှုပ်သွားကြပြီး ခေါင်းကို ငုံ့ထားလိုက်ကြပါသည်။

နောက်ဆုံးတော့ စွေ့ဟုံကသာ အဖြေပြန်ပေးခဲ့သည်။

“အကျဉ်းချုန်းပြောရရင်တော့ အားလုံးက ယင်ကျီးကြောင့် သေသွားရတာ”

ယင်ကျီးကို ‘သခင်မ’ဟုပင် စွေ့ဟုံ မခေါ်တော့ဘဲ အမည်အရင်းကိုသာ ခေါ်နေပါသည်။ သူမ၏ သစ္စာပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်။

ယန်ရုန်ရုန် မျက်ခုံးပင့်သွားသည်။

“အကျဉ်းချုန်းပြောရရင် ဟုတ်လား၊ အဲ့တာဆို အကုန်လုံး သူ့လက်ချက်နဲ့ သေသွားတာ မဟုတ်ဘူးပေါ့၊ သတ်ဖြတ်တဲ့အထဲ ရှင်တို့တွေပါ ပါသေးလား”

စွေ့ဟုံနှုတ်ခမ်းများ စည်းတင်းသွားသည်။

“အဲ့ဒီလူတွေအတွက် သခင်မလေး ကလဲ့စားချေချင်တယ်ဆိုရင် ကျွန်မ တာဝန်ယူပေးပါ့မယ်”

ပြောပြောဆိုဆိုနှင့် စွေ့ဟုံ ဓားမြှောင်တစ်လက်ကို ထုတ်ကာ သူမရင်ဝတည့်တည့်သို့ ထိုးစိုက်ပစ်လိုက်ပါသည်။

ထိုလုပ်ရပ်က ရုတ်ခြည်းဆန်လွန်းသဖြင့် ယန်ရုန်ရုန် မှင်သက်သွားခဲ့ရသည်။ အတန်ကြာမှ သူမ ပြောလိုက်သည်။

“သူတို့အတွက် ကလဲ့စားချေချင်တယ်လို့ မပြောမိပါဘူး”

စွေ့ဟုံ: “…”

‘ဓားနဲ့ထိုးလိုက်တာ အလကားဖြစ်သွားပြီပေါ့…’

စွေ့ဟုံ ကြက်သေသေသွားပြီး အရူးတစ်ယောက်ပမာ ခံစားလိုက်ရသည်။ နောက်ဆုံးတော့ ဓားမြှောင်ကို ပြန်ဆွဲထုတ်ပြီး တိုးတိုးတိတ်တိတ်သာ ပြန်သိမ်းထားလိုက်တော့သည်။

သွေးများထွက်နေသည့် စွေ့ဟုံ၏ ဒဏ်ရာကိုကြည့်ရင်း ယန်ရုန်ရုန် တွန့်ဆုတ်စွာ သတိပေးလိုက်သည်။

“ရှင်… သွေးတိတ်အောင် မလုပ်သင့်ဘူးလား”

စွေ့ဟုံက မေးသည်။

“သွေးတိတ်အောင် လုပ်ခွင့်ရှိလို့လား”

ထိုမေးခွန်းကြောင့် ယန်ရုန်ရုန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“ရှိတာပေါ့!”

‘ကိုယ့်ဖာသာ ကိုယ် သွေးတိတ်အောင်လုပ်ချင်ရင် လုပ်ပေါ့၊ ဘာလို့ မေးနေရသေးတာလဲ’

စွေ့ဟုံ၏ တွေးခေါ်ပုံက ရိုးရှင်းပါသည်။ သူမတွင် သခင်အသစ်ရှိနေပြီဖြစ်သဖြင့် ဘာပဲလုပ်လုပ် သခင်ဖြစ်သူ၏ ခွင့်ပြုချက်ကို အရင်တောင်းခံရပါမည်။ ဤသည်မှာ လက် အောက်ငယ်သားတစ်ဦး၏ အခြေခံကျင့်ဝတ်တစ်ခုပင်။

စွေ့ဟုံ အိတ်ကပ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ကာ အဖုံးဖွင့်လိုက်ပြီး သူမဒဏ်ရာပေါ် ဆေးမှုန့်များ လောင်းချလိုက်ပါသည်။ ထိုအခါ အလျှင်အမြန်ပဲ သွေးတိတ်သွားခဲ့သည်။

ထို့နောက် ဘူးလေးတစ်လုံးကို ထုတ်ကာ လိမ်းဆေးတစ်မျိုးကို ယူလိုက်ပြီး ဒဏ်ရာပေါ် ပွတ်လိုက်သည်။ လိမ်းဆေးများ အရည်ပျော်သွားသည်နှင့် အကြည်ရောင် အဆီပျစ်တစ်မျိုးအဖြစ် အသွင်ပြောင်းကာ ဒဏ်ရာကို ဖုံးအုပ်သွားခဲ့ပါသည်။

သူမ၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် ဒါမျိုး မကြာခဏ ဆောင်ရွက်ဖူးသည့်ပုံစံပင်။

ယန်ရုန်ရုန်က စကားဆက်လိုက်သည်။

“သူတို့ကို ဘာလို့ သတ်ခဲ့တာလဲ၊ ယင်ကျီးလိုမျိုးပဲ အသက်ဝိညာဉ်ကို စုပ်ယူဖို့လား”

စွေ့ဟုံ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“အဲ့ဒီလူတွေက ယင်ကျီးရဲ့ သားကောင်တွေပါ၊ သူ့သား ကောင်တွေကို ကျွန်မတို့ မလုယူရဲဘူး၊ ကျွန်မတို့ သတ်ပစ်ခဲ့ရတဲ့ အကြောင်းအရင်းက တချို့တွေက ပြဿနာရှာခဲ့ကြလို့ပါ၊ ယင်ကျီးကို စိတ်ရှုပ်အောင် လုပ်လွန်းလို့ အဲ့ဒီလူနှစ်ယောက်ကို သတ်ပစ်ဖို့ ကျွန်မတို့ကို သူကိုယ်တိုင် အမိန့်ပေးခဲ့တာ”

ယန်ရုန်ရုန် စိတ်ဝင်စားသွားသည်။

“ပြဿနာရှာတယ်ဟုတ်လား၊ ဘယ်လိုမျိုးလဲ”

“အားလုံးက ယင်ကျီးရဲ့ တစ်ယောက်တည်းသောသူ ဖြစ်ချင်နေကြတာလေ၊ တစ်ယောက်ကိုတစ်ယောက် မနာလိုဖြစ်ပြီး ဘယ်သူမှ အလျှော့မပေးကြတော့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ”

ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

‘အဲ့တာဖြစ်ကော ဖြစ်နိုင်ရဲ့လား’

ထိုလူတွေက ပြန်ပေးဆွဲခံထားရခြင်းဖြစ်သဖြင့် ထွက်ပြေးလွတ်မြောက်ဖို့သာ စဉ်းစားနေသင့်ပါသည်။ တစ်ဦးကိုတစ်ဦး မနာလိုဖြစ်ပြီး တိုက်ခိုက်ခဲ့ကြခြင်းဟူသည်မှာ ယုံချင်စရာ မကောင်းလှပါ။

သူမ ဇဝေဇဝါဖြစ်နေသည်ကို စွေ့ဟုံမြင်သွားပြီး ရှင်းပြလိုက်ပါသည်။

“သူတို့ကို ဒီရောက်လာအောင် မျှားခေါ်ခဲ့တာ မှန်ပေမယ့် ယင်ကျီးကို သူတို့အားလုံး တကယ်ချစ်ခဲ့ကြတာ၊ ယင်ကျီးရဲ့ သရုပ်မှန်ကို သိပြီးသွားကြတာတောင် ထွက်မသွားချင်ကြဘူး၊ အဲ့တာကို ‘အချစ်စစ်’လို့ ခေါ်ခဲ့ကြတာလေ”

ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။

‘တော်တော်ထူးဆန်းတဲ့ အချစ်စစ်ပါလား’

ထို့နောက် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် သူမ ပြောလိုက်သည်။

“ကျွန်မ နားမလည်နိုင်ပေမယ့် အသိအမှတ်တော့ ပြုပါတယ်၊ ရှင်တို့လူနည်းနည်းခေါ်သွားပြီး အဲ့ဒီလူတွေရဲ့ အလောင်းတွေကို လိုက်ရှာလိုက်၊ ပြီးရင် သူတို့မိသားစုတွေဆီကို ပြန်ပို့ပေးလိုက်ပါ၊ သတိထားနော်၊ ရှင်တို့ကို ဘယ်သူမှ မမြင်စေနဲ့”

စွေ့ဟုံ ခေါင်းညိတ်လိုက်သည်။

“အမိန့်အတိုင်းပါ သခင်မလေး”

All Chapters