အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
🌹Chapter 195
ထိုနေ့ညက ကျင်းကျိုးမြို့ နယ်နိမိတ်အတွင်း ပျောက်ဆုံးသွားခဲ့သော လူငယ်များ ပြန်လည်ရောက်ရှိလာကြသည်။
ကံမကောင်းစွာဖြင့် ပြန်လည်ရောက်ရှိလာသည်များက ၎င်းတို့၏ အရိုးစုများသာ။ ထိုအရိုးစုများ ဘယ်ပုံဘယ်နည်းဖြင့် ပြန်လည်ရောက်ရှိလာကြောင်းကိုလည်း မသိကြပေ။
မိသားစုဝင်များ တွေ့ရှိသွားချိန်တွင် ထိုအရိုးစုများက ၎င်းတို့၏ ခြံဝန်းထဲ အလိုလိုရောက်ရှိနေပြီး အနီးနားမှာလည်း လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပါ။
ပျောက်ဆုံးနေကြသည်မှာ ကြာပြီဖြစ်ရာ မိသားစုဝင်များက အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားကြသောလည်း အေးစက်နေသော ရုပ်ကြွင်းများကို မျက်မြင်တွေ့လိုက်ရချိန်တွင်တော့ သေမတတ် ခံစားခဲ့ကြရသည်။
ထိုနေ့ညမှာပင် မိသားစုပေါင်းများစွာ ရုပ်ကြွင်းများကို သယ်ဆောင်ရင်း မြို့တော်တရားရုံးသို့သွားကာ အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါသည်။
ကျင်းကျိုးမြို့ အစိုးရကလည်း လူထု၏ ဆန္ဒထုတ်ဖော်မှုကြောင့် ပျာယာခတ်သွားခဲ့ရသည်။
နောက်တစ်နေ့မနက် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ကျင်းကျိုးသို့ ပြန်လာခဲ့ကြသည်။ ထို့နောက် လုမင်မျှော်စင်တွင် ယန်မောင်နှမ လေးယောက်နှင့် ပြန်ဆုံခဲ့ပါသည်။
ယန်လင်းယွမ် တစ်ညလုံး မအိပ်ရသေးပေ။ ယန်ရုန်ရုန်နှင့် ပြန်ဆုံသောအခါ သူ့မျက်တွင်းများ နက်နေပြီး အတော်လေး အင်အားချည့်နဲ့နေပုံပေါက်သည်။
ယန်ရုန်ရုန် မနေနိုင်ဘဲ မေးကြည့်လိုက်ပါသည်။
“မနေ့ညက မအိပ်ဘူးလား”
ယန်လင်းယွမ် ခါးခါးသီးသီး ပြုံးလိုက်သည်။
“မနေ့ညက အဖြစ်အပျက်တွေကြောင့် ဘယ်လိုအိပ်လို့ပျော်မှာလဲ”
ထို့နောက် ယင်ကျီးအကြောင်းကို မေးကြည့်လိုက်သည်။
ယန်ရုန်ရုန် ဘာမှဖုံးကွယ်မထားခဲ့ဘဲ အမှန်အတိုင်းပြောလိုက်ပါသည်။
“အခု ယင်ကျီး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်၊ လောလော ဆယ်တော့ သူ့မျက်နှာကို မြင်ရဦးမှာမဟုတ်ဘူး၊ ပျောက်နေတဲ့ လူတွေကတော့… အားလုံးသေသွားကြပြီ”
ယန်လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။
“မနေ့ညက ပျောက်ဆုံးနေတဲ့ လူတွေရဲ့ ရုပ်ကြွင်းတွေ သူတို့မိသားစုတွေဆီကို ပြန်ရောက်လာတယ်လို့ ကျွန်တော် သတင်းကြားမိပါတယ်၊ အဲ့တာ ရှောင်းရှောင်းတို့ စီစဉ်ခဲ့တာလား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ယန်လင်းယွမ် စိုးရိမ်ပူပန်သွားပါသည်။
“အဲ့ဒီလူတွေရဲ့ မိသားစုဝင်တွေက ပြဿနာရှာနေကြတယ်၊ ပြဿနာထဲ အစိုးရပါ ပါလာပြီ၊ ဒီကိစ္စအတွက် ယုတ္တိရှိတဲ့ ဖြေရှင်းချက်တစ်ခုခုတော့ ပေးနိုင်မှဖြစ်မယ်၊ ရှောင်းရှောင်းကို သူတို့ သံသယဝင်သွားကြရင် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့တွင် အပြစ်မရှိမှန်း သူသိပါသည်။ သို့သော် သူစိမ်းတွေကတော့ ဒီလိုတွေးမှာ မဟုတ်ပါ။
အမှန်တရားကို နားမလည်သည့် လူတွေအမြင်မှာတော့ ယန်ရုန်ရုန်က ရုပ်ကြွင်းများကို ရှာဖွေပြီး ပို့ဆောင်ခိုင်းခဲ့သူ ဖြစ်နေသဖြင့် ၎င်းတို့၏ သေဆုံးမှုနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်နေလိမ့်မည်ဟု ထင်ချင်စရာဖြစ်နေသည်။
သို့သော် ယန်ရုန်ရုန်ကတော့ စိတ်မပူမိပေ။
“စိတ်အေးအေးထားပါ၊ ရုပ်ကြွင်းတွေကို စွေ့ဟုံ ဂရုတစိုက်နဲ့ သေသေချာချာ ပို့ပေးခဲ့တာ၊ သူ့ကို ဘယ်သူမှ မြင်မသွားဘူး၊ မြင်သွားခဲ့ရင်တောင် အရေးမကြီးဘူး၊ စွေ့ဟုံနဲ့ တခြားအစေခံတွေကို နတ်ဆိုးနယ်မြေဆီ ပြန်ပို့ပြီးသွားပြီ၊ အစိုးရက ငါတို့ကို ခြေရာခံနိုင်မှာမဟုတ်ဘူး”
ထိုစဉ် အခန်းတံခါးခေါက်သံထွက်ပေါ်လာပြီး ဒုတိယအစ်ကို၏ အသံကို ကြားလိုက်ရသည်။
“တတိယညီ၊ ရှောင်းရှောင်းဒီကို ရောက်နေတယ်လို့ကြားတယ်၊ အစ်ကိုတို့ ဝင်လာပြီး စကားခဏလောက် ပြောလို့ရမလား”
ယန်ရုန်ရုန်နှင့် ယန်လင်းယွမ်တို့နှစ်ယောက်သား လင်းယွမ်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
လင်းယွမ် မျက်ခုံးပင့်သွားလေသည်။
“ငါ့ကို ဘာတွေကြည့်နေကြတာလဲ”
ယန်ရုန်ရုန် တိုးတိုးလေး ပြောလိုက်သည်။
“ရှင်ဒီမှာရှိနေတာကို သူတို့မြင်သွားရင် ရှင်းပြရခက်လိမ့်မယ်၊ ခဏလောက် ပုန်းနေစမ်းပါ”
လင်းယွမ်က လက်မခံပေ။
“ကိုယ်အရှက်ရစရာ ဘာမှလုပ်မထားဘူးလေ၊ ဘာလို့ ပုန်းရမှာလဲ”
ယန်ရုန်ရုန် ဆက်မငြင်းခုံနိုင်ခင် ဒုတိယအစ်ကို၏အသံ ထွက်လာပြန်သည်။
“တတိယညီ၊ ငါတို့ဝင်လာလို့ ရမလားလို့”
သူ့လေသံက သံသယသံပေါက်လာပါသည်။ ယန်လင်းယွမ်သာ ယခုချက်ချင်း ဝင်ခွင့်မပေးလျှင် အင်အားသုံးပြီး ဝင်လာနိုင်သည့်ပုံပင်။
ရွေးချယ်စရာမရှိတော့သဖြင့် ယန်လင်းယွမ်ကို ယန်ရုန်ရုန် ခေါင်းညိတ်ပြလိုက်တော့သည်။
ယန်လင်းယွမ်လည်း တံခါးသွားဖွင့်ပေးပြီး သူ့ညီအစ်ကိုများကို ဝင်ခွင့်ပေးခဲ့ပါသည်။
ပထမတော့ ယန်လင်းယွမ်၏ အသံကို မကြားရသဖြင့် အခန်းထဲ ပြဿနာတစ်စုံတစ်ရာဖြစ်နေမှာကို ဒုတိယအစ်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူဘေးကင်းလုံခြုံစွာရှိနေမှန်း မြင်လိုက်ရသည့်အခါ စိတ်အေးသွားခဲ့ပါသည်။
သို့သော် အခန်းထဲတွင် ယန်လင်းယွမ်အပြင် တခြားရှိနေသေးသည့် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ကို မြင်သွားပြီး ဒုတိယအစ်ကို ကြက်သေသေသွားခဲ့ရသည်။
မနေ့ညက ယင်ကျီး၏ ရဲတိုက်အတွင်း ယန်လင်းယွမ်နှင့် ရုပ်ချင်းဆင်တူသည့် ထိုလူ့ကို ဒုတိယအစ်ကိုနှင့် ဆဌမညီတို့ မြင်ခဲ့ကြပါသည်။ ထို့အပြင် မနေ့ကလည်း မြစ်ဘေးတွင် ဆုံခဲ့ကြသေးမှန်း မှတ်မိသည်။
ထိုလူက ယန်လင်းယွမ်နှင့် ဆွေမျိုးတော်စပ်နေမလားဟုပင် သံသယဖြစ်ခဲ့ကြသည်။ မဟုတ်ပါက ဒီလောက် ရုပ်တူနေစရာအကြောင်း မရှိပေ။
ယခု ထိုလူ့ကို ထပ်တွေ့နေရပြီဖြစ်သဖြင့် ဒုတိယအစ်ကို သူ့စိတ်ထဲ တစ်ချိန်လုံး ရှိနေခဲ့သည့် မေးခွန်းကို မေးလိုက်တော့သည်။
“ခင်ဗျားက ဘယ်သူလဲ”
လူသားနယ်မြေတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့အတွက် လင်းယွမ်က နတ်ဆိုးစွမ်းအင်များကို ဖုံးကွယ်ထားပါသည်။ သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သူ မဟုတ်လျှင် သူ့နတ်ဆိုးအရှိန်အဝါများကို မြင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဒုတိယအစ်ကို၏ အမြင်တွင်တော့ သူ့ရှေ့ကလူက စွမ်းအားကြီးမားသည့် လူသားကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
လင်းယွမ်က နောက်ပြောင်ကာ ပြောလိုက်သည်။
“ယန်လင်းယွမ်က ငါ့ရဲ့ အမြွှာညီအစ်ကိုဆိုရင် မင်းတို့ယုံမှာလား”
ဒုတိယအစ်ကို၊ ဆဌမညီနှင့် သတ္တမညီမလေးတို့အားလုံး ထိတ်လန့်သွားကြပါသည်။
သူတို့အမှန်တကယ် ယုံသွားနိုင်သဖြင့် ယန်ရုန်ရုန် အမြန်ဝင်ရှင်းပြလိုက်သည်။
“သူပေါက်ကရပြောတာကို နားထောင်မနေနဲ့၊ သူတို့အသက်ကို ယှဉ်ကြည့်ပါဦး၊ ဘယ်လိုလုပ် အမြွှာဖြစ်နိုင်မှာလဲ”
ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး ယန်လင်းယွမ်ထက် သိသိသာသာ အသက်ပိုကြီးသဖြင့် အမြွှာတွေ မဖြစ်နိုင်ဟု မောင်နှမသုံးယောက် တွေးမိသွားကြသည်။
သူတို့ကို ထိုလူ ကျီစယ်နေခြင်းသာ ဖြစ်ပါလိမ့်မည်။
ဒုတိယအစ်ကိုက အပြုံးဖြင့် ဆိုသည်။
“ဒီရောင်းရင်းက အနောက်သန်တယ်နော်၊ ဘယ်ဂိုဏ်းက လာခဲ့တာလဲ၊ နာမည်ဘယ်လိုခေါ်သလဲဆိုတာလေး သိခွင့်ရှိမလား”
လင်းယွမ် ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည်။
“ငါ့နာမည် ယင်ရှင်းပါ”
သူ့အတွက် ယန်ရုန်ရုန် ရွေးချယ်ပေးထားသည့်အမည်က သူစိမ်းများနှင့် ဆက်ဆံရာတွင် အလွန်အသုံးဝင်ပါသည်။
“ဂိုဏ်းကတော့…”
လင်းယွမ် စကားကို ရည်ရွယ်ချက်ရှိရှိ ရပ်တန့်ကာ ယန်ရုန်ရုန့်ကို ကျီစယ်စွာ ကြည့်လိုက်သည်။
“ရှစ်မေ့လေး ပြောပြလိုက်လေ”
သူ့ ‘ရှစ်မေ့’လေး အလိုလိုဖြစ်သွားသည့် ယန်ရုန်ရုန်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“ဟွေ့လုံဂိုဏ်းပါ”
အတုအယောင် အမည်တစ်ခုကို ယန်ရုန်ရုန် ဒီလောက်မြန်မြန် လုပ်ကြံဖန်တီးနိုင်လိမ့်မည်ဟု လင်းယွမ်ထင်မထားခဲ့ပါ။ ရယ်ချင်စိတ်ကို မနည်းထိန်းထားသော်လည်း သူ့မျက်နှာပေါ်မှ အပြုံးကတော့ ထင်ရှားလှပါသည်။
ယန်ရုန်ရုန်သူ့ကို မျက်စောင်းထိုးလိုက်သည်။ လင်းယွမ် နှုတ်ခမ်းကို စည်းတင်းပြီး မျက်နှာပိုးသတ်လိုက်ရသည်။
ဒုတိယအစ်ကိုက ထူးဆန်းသွားသော မျက်နှာဖြင့် ဆိုလိုက်သည်။
“ဟွေ့လုံဂိုဏ်းဟုတ်လား၊ စိတ်တော့မရှိပါနဲ့၊ အဲ့လိုနာမည်နဲ့ ဂိုဏ်းမျိုး တစ်ခါမှ မကြားဖူးသလိုပဲ”
ယန်ရုန်ရုန်က တည်တည်ငြိမ်ငြိမ်ပဲ ရှင်းပြလိုက်ပါသည်။
“ဟွေ့လုံဂိုဏ်းဆိုတာ ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိပြီး တပည့်သားလည်း နည်းနည်းပဲရှိတဲ့ ဂိုဏ်းတစ်ခုပါ၊ လူတိုင်းက ဂူအောင်းကျင့်ကြံကြပြီး အပြင်လည်း သိပ်မထွက်ကြလို့ သိတဲ့သူရှားတယ်၊ မကြားကြဖူးတာ မထူးဆန်းပါဘူး”
“အဲ့လိုကိုး…”
ဒုတိယအစ်ကို တီးတိုးရေရွတ်လိုက်ပါသည်။
သတ္တမညီမလေးက သူတို့ကြားထဲ အတင်းတိုးဝင်လာကာ အားတက်သရော ပြောလိုက်သည်။
“မနေ့ညက နတ်ဆိုးမ ယင်ကျီးကို ဖမ်းချုပ်ခဲ့တာ မမရှောင်း ရှောင်းလို့ သမီးအစ်ကိုတွေ ပြောတယ်၊ မမရှောင်းရှောင်းက အရမ်းတော်တာပဲ၊ ဟွေ့လုံဂိုဏ်းက တပည့်သားတွေ အားလုံးကကော မမရှောင်းရှောင်းလောက် တော်ကြလား”
ယန်ရုန်ရုန် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ အစ်မတို့ဟွေ့လုံဂိုဏ်းက တပည့်သားတွေအားလုံးက တော်ကြပါတယ်”
သတ္တမညီမလေး ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
“နောက်တစ်ခါ အခွင့်အရေးရရင် မမရှောင်းရှောင်းတို့ဂိုဏ်းဆီ လာလည်ချင်တယ်!”
ဒုတိယအစ်ကိုက ညီမဖြစ်သူကို အမြန်ဆွဲခေါ်လိုက်ပြီး ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို အားနာပါးနာ ပြုံးပြလိုက်ပါသည်။
“စိတ်မရှိပါနဲ့၊ ကျွန်တော့်ညီမလေးက စိတ်လှုပ်ရှားလွယ်လို့ပါ၊ စိတ်ထဲမထားပါနဲ့နော်”
စောနကမှ သူမတို့ဂိုဏ်းမှာ သီးသန့်ကျင့်ကြံသူများဖြစ်ကြပြီး ပြင်ပလောကနှင့် ထိတွေ့မှုသိပ်မရှိဟု ပြောထားသဖြင့် သတ္တမညီမလေး၏ ကလေးဆန်ဆန် တောင်းဆိုမှုကြောင့် အားနာစရာ ကောင်းသွားနိုင်ပါသည်။
ယန်ရုန်ရုန်က ကိစ္စမရှိကြောင်းပြောပြီး ပြန်ပြုံးပြလိုက်သည်။
ဒုတိယအစ်ကိုက မေးလိုက်ပါသည်။
“ကျွန်တော်တို့ ထွက်သွားတော့ ယင်ကျီးကို ဘယ်လိုရှင်းလိုက်ကြလဲ”
“သူ့ကို ဖမ်းထားပါတယ်”
ဒုတိယအစ်ကို ခေတ္တ တွန့်ဆုတ်သွားခဲ့ပြီး စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ တောင်းဆိုစရာရှိလို့ပါ၊ ပျောက်ဆုံးနေတဲ့လူတွေရဲ့ ရုပ်ကြွင်းကို ပြန်ရလိုက်ပြီဆိုပေမယ့် သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ လိုအပ်တယ်၊ ယင်ကျီးက တရားခံမို့လို့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုခံယူပြီး ပြန်ပေးဆပ်သင့်တယ်၊ သူ့ကို လူသိရှင်ကြား ပြစ်ဒဏ်ပေးနိုင်မှသာ လူထုရဲ့ အမျက်ဒေါသကို ထိန်းချုပ်နိုင်လိမ့်မယ်”
🌹Chapter 196
ယန်ရုန်ရုန်လည်း ယင်ကျီးကို အပြစ်ပေးချင်ပါသည်။
သို့သော် ယင်ကျီးက လင်းယွမ်၏ အမေဖြစ်နေသဖြင့် သူမကိုသာ လွှတ်ပေးလိုက်လျှင် ယန်လင်းယွမ်၏ မျိုးရိုးအမှန်အကြောင်း လူတွေသိသွားကြလိမ့်မည်။
ထို့ကြောင့် ယန်ရုန်ရုန် ဆင်ခြေတစ်ခု အမြန်မေးလိုက်သည်။
“သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ယင်ကျီး သေသင့်တာမှန်ပါတယ်၊ ဒါပေမယ့် သူနဲ့ပတ်သတ်ပြီး မရှင်းလင်းသေးတဲ့ ကိစ္စတွေရှိနေသေးတယ်၊ အစ်မတို့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ၊ အဲ့ဒီကိစ္စတွေ ရှင်းလင်းသွားတဲ့အခါကျမှ သူ့ကြောင့် ဆုံးရှုံးလိုက်ရတဲ့အသက်တွေအတွက် ပြန်ပေးဆပ်ရအောင် လုပ်ပေးပါ့မယ်”
ဒုတိယအစ်ကိုက ထပ်ပြောလိုက်သည်။
“ဘာတွေစုံစမ်းဖို့ လိုသေးလို့လဲ၊ ကျွန်တော်တို့ကို ပြောပြရင် ယန်မိသားစုက ကူညီပေးနိုင်တယ်လေ”
ယန်ရုန်ရုန် ပရော်ဖက်ရှင်နယ်ကျကျ ဖော်ရွေစွာ ပြုံးလိုက်သည်။
“လောလောဆယ်တော့ အစ်မတို့ဖာသာ ဖြေရှင်းလို့ရတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေမို့လို့ပါ၊ နောက်ပိုင်း အကူအညီလိုလာခဲ့သည်ရှိသော် ယန်မိသားစုကို ဆက်သွယ်လိုက်ပါ့မယ်၊ အခုလို ကမ်းလှမ်းပေးလို့ ကျေးဇူးတင်ပါတယ်နော်”
နတ်ဆိုးမတစ်ကောင်နှင့် သူမတို့ ဘယ်လို ‘ကိုယ်ရေးကိုယ် တာ’ကိစ္စမျိုး ရှိနေသလဲ ဒုတိယအစ်ကို နားမလည်နိုင်ပေ။ သို့သော် သူမက စကားအကုန်ပြောပြီးပြီ ဖြစ်သဖြင့် ဆက်ပြီး စပ်စုနေလျှင် မသင့်တော်ရာကျနိုင်သဖြင့် ဒုတိယအစ်ကို ထပ်မမေးတော့ပါ။
“ဒါဆိုရင် မြို့တွင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ကိစ္စ ကျွန်တော်တာဝန်ယူပြီး အမှန်အတိုင်း ရှင်းပြလိုက်ပါ့မယ်၊ အဲ့တာဆို သူတို့လည်း အပင်ပန်းခံပြီး ဆက်စုံစမ်းနေစရာမလိုတော့ဘူးပေါ့”
ဒုတိယအစ်ကို စကားရပ်တန့်သွားပြီး မဝံ့မရဲ မေးလိုက်သည်။
“ယင်ကျီးကို နှိမ်နင်းခဲ့တဲ့သူတွေက အစ်မတို့နှစ်ယောက်ဆိုတော့ အစ်မတို့နှစ်ယောက်အကြောင်းကို ကျွန်တော် ထည့်ပြောရလောက်တယ်၊ အဆင်ပြေရဲ့လားမသိဘူး”
ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်သည်။
“ဟွေ့လုံဂိုဏ်းက တပည့်သားတွေ ကိုင်တွယ်ပေးသွားတာလို့ပဲပြောလိုက်ပါ၊ အစ်မတို့ နာမည်တွေကို ထည့်မပြောရင် ပိုကောင်းမယ်၊ အစ်မတို့ လုပ်စရာတွေရှိသေးလို့ လူအာရုံစိုက်ခံရလို့ မဖြစ်လို့ပါ”
ဒုတိယအစ်ကို ခေါင်းညိတ်လိုက်ပါသည်။
“နားလည်ပါပြီ”
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ပြန်ဖို့ ပြင်လိုက်ကြသည်။ မပြန်ခင် ယန်ရုန်ရုန်က ယန်လင်းယွမ်ကို ဆက်သွယ်ရေး အဆောင်တစ်ခု ပေးခဲ့ပါသည်။
“ဒါငါကိုယ်တိုင် ဖန်တီးထားတဲ့ အဆောင်လေ၊ အဲ့ဒီအဆောင်စက္ကူလေးကို ဖြဲလိုက်ရင် ငါ့ကိုဆက်သွယ်နိုင်လိမ့်မယ်”
ယန်လင်းယွမ်က ထိုအဆောင်စက္ကူလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။ သူမကို ဆက်နေခိုင်းချင်သော်လည်း အကြောင်းပြချက် ရှာမရခဲ့ပါ။
အစ်ကိုဖြစ်သူ၏ အတွေးကို သိနေသည့် သတ္တမညီမလေးက အမြန်ဝင်ပြောလိုက်ပါသည်။
“မမရှောင်းရှောင်း၊ သမီးတို့ သဘောတူထားတယ်လေ၊ သမီးအခန်းမှာ အတူတူလာနေမယ်ဆို”
ယခင်တုန်းကတော့ ယန်လင်းယွမ်အနား ချဉ်းကပ်ဖို့လိုခဲ့သဖြင့် ထိုသို့စီစဉ်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုတော့ အခြားအရေးကြီးကိစ္စများ ရှိလာပြီဖြစ်ရာ ယန်မိသားစုနှင့် ဆက်နေဖို့ မဖြစ်တော့ပါ။ ထို့ကြောင့် သူမ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့ပါသည်။
သူတို့ကို တားမရတော့သဖြင့် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့အတူတူ ထွက်သွားသည်ကို သတ္တမညီမလေး ဒီတိုင်း ငေးကြည့်နေခဲ့ရသည်။
သူတို့မရှိတော့ခါမှ သတ္တမညီမလေးက ယန်လင်းယွမ်ဘေးနား ပတ်ပြေးကာ စိတ်ရှုပ်စွာ ရန်တွေ့တော့သည်။
“တတိယအစ်ကို! အရင်တုန်းကပြောတော့ မျှမျှတတ ယှဉ်ပြိုင်ချင်တယ်ဆို၊ အခုတော့ မမရှောင်းရှောင်းကို ဒီမှာဆက်နေခိုင်းဖို့တောင် သတ္တိမရှိဘူးလား”
ယန်လင်းယွမ်လည်း အားလုံးထက်ပိုပြီး သူမကို နေစေချင်ပါသည်။ သို့သော် သူ မတတ်နိုင်ပါ။
မနေ့ညက သတ္တမညီမလေးမှာ အဆောင်စက္ကူတစ်ခုကို အသုံးပြုပြီး ယန်အိမ်တော်သို့ ဆက်သွယ်ခဲ့ကာ ကျင်းကျိုးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အစီရင်ခံခဲ့ပါသည်။
သူ့ခန့်မှန်းချက်သာ မမှားလျှင် မကြာမီ ယန်မိသားစုက နတ်ဆိုးများကို မြေလှန်ရှာဖွေပါတော့မည်။ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ဒီမှာဆက်နေကြလျှင် သံသယရှိသူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။
ညီမဖြစ်သူ၏ မေးခွန်းများအတွက် ယန်လင်းယွမ် အဖြေမပေးနိုင်ခဲ့ဘဲ ယန်ရုန်ရုန်ပေးခဲ့သည့် အဆောင်စက္ကူလေးကိုသာ တိတ်တဆိတ် သိမ်းဆည်းထားလိုက်တော့သည်။
---
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ လိုအပ်သည့် ရိက္ခာများကို ဝယ်ယူပြီး ကျင်းကျိုးမှ ထွက်လာခဲ့ကြသည်။
သူတို့ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ စွမ်းအားကြီး နတ်ဆိုးမကို ရှာဖွေဖမ်းဆီးဖို့တာဝန်ဖြင့် ယန်မိသားစုမှ စုံစမ်းစစ်ဆေးသူများ ရောက်ရှိလာကြပါသည်။
နောက်ရက်အနည်းငယ်ကြာသည်အထိ ယန်လင်းယွမ်က သူ့မိသားစုနှင့် ပူးပေါင်းကာ ယင်ကျီးချန်ထားခဲ့သော အရှုပ်အထွေးများကို ရှင်းလင်းခဲ့ရသည်။
ထိုအချိန်တွင် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကတော့ တောတောင်တွေထဲ ခရီးနှင်ခဲ့ကြပြီး စွန့်ပစ်ထားသည့် တောင်စောင့်ဘုရာကျောင်းတစ်ကျောင်းကို တွေ့ခဲ့ရသည်။
လူသူအရောက်အပေါက် နည်းလှသော ဒီနေရာတွင် သူတို့လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါသည်။ ထို့ကြောင့် ထိုဘုရားကျောင်းတွင် ခေတ္တတည်းခိုဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ယန်ရုန်ရုန် ဖုန်သန့်စင်ခြင်းပညာကို ထုတ်သုံးလိုက်ရာ ဖုန်ထူညစ်ပတ်နေခဲ့သည့် ဘုရားကျောင်းကြီးတစ်ခုလုံး ချက်ချင်းဆိုသလို သန့်ရှင်းသွားခဲ့သည်။
ထို့နောက် ချန့်ခွင်းအိတ်ထဲမှ အခင်းနှစ်ခုကို ထုတ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်ပါသည်။ အခင်းတစ်ခုပေါ်တွင် ယန်ရုန်ရုန် ထိုင်လိုက်ပြီး အစီအရင်ကျောက်ပြားများ ဖန်တီးဖို့အတွက် ကုန်ကြမ်းပစ္စည်းပေါင်းစုံကို ထုတ်ကာ စတင် အလုပ်များလေတော့သည်။
လင်းယွမ်လည်း ကျန်အခင်းတစ်ခုပေါ်တွင် သားသားနားနား ဝင်ထိုင်လိုက်ပါသည်။
အလုပ်များနေသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း သူမေးလိုက်သည်။
“ဘာတွေ လုပ်နေတာလဲ”
ယန်ရုန်ရုန် မော့မကြည့်အားဘဲ ပြန်ဖြေလိုက်သည်။
“ယင်ကျီးအတွက် သီးသန့် ပုံရိပ်ယောင်အစီအရင်တစ်ခုကို ဖန်တီးနေတာ”
လင်းယွမ် လက်တစ်ဖက်ဖြင့် မေးထောက်ကာ သူမကို ကလေးတစ်ယောက်ပမာ ငေးကြည့်ရင်း ထပ်မေးလိုက်ပါသည်။
“အဲ့တာနဲ့ ဘာလုပ်မလို့လဲ”
“နတ်ဆိုးမျိုးစေ့ရဲ့ ဇာစ်မြစ်အကြောင်း သူထုတ်ပြောလာအောင်လုပ်မလို့”
လင်းယွမ် ပိုမိုစိတ်ဝင်စားသွားခဲ့သည်။
“ဘာလို့အဲ့အကြောင်း သိချင်တာလဲ”
“အဲ့ဒီမျိုးစေ့ရဲ့ ဇာစ်မြစ်ကို သိရရင် ယန်လင်းယွမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထုတ်ဖို့ နည်းလမ်းတစ်ခုခု ရှာလို့ရလောက်တယ်၊ နတ်ဆိုးမျိုးစေ့ကို ထုတ်လိုက်ရင် သူ့ရဲ့အနာဂတ် ပြောင်းလဲသွားနိုင်တယ်လေ”
လင်းယွမ်က စိတ်ဝင်တစား ထပ်မေးသည်။
“အဲ့တာပြီးရင်ကော”
“ဒီနေရာက တကယ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ တုန်းက ကာလဆိုရင် ယန်လင်းယွမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်တဲ့အခါ ရှင့်ကံကြမ္မာလည်း ပြောင်းလဲသွားလိမ့်မယ်၊ နတ်ဆိုးမျိုးစေ့မရှိရင် ရှင်လည်း အသူရာချောက်နက်ထဲမှာ ချုပ်နှောင်ခံရမှာလည်း မဟုတ်လောက်ဘူး၊ နတ်ဆိုးအရှင်သခင် ဖြစ်လာမှာလည်း မဟုတ်ဘူး၊ အဲ့လိုပဲ ကျွန်မကလည်း ရှင့်ကို ကယ်တင်ဖို့ အသူရာချောက်နက်ထဲ ဆင်းစရာလိုမှာ မဟုတ်ဘူး၊ ကျွန်မရဲ့ကျင့်ကြံခြင်းအဆင့်တွေ ဆုံးရှုံးရမှာ မဟုတ်သလို ကျွန်မတို့နှစ်ယောက် ဆုံကြမှာလည်း မဟုတ်ဘူး၊ အဲ့ဒီအခါ ဒီနေရာကိုပါ ရောက်လာစရာအကြောင်းမရှိတော့ဘူးလေ”
ယန်ရုန်ရုန် စကားပြောနေသော်လည်း လက်က မရပ်တန့်ခဲ့ပါ။ လင်းယွမ်လည်း သူမစကားကို နားထောင်ပြီး တဖြည်း ဖြည်းနားလည်လာခဲ့ပါသည်။
“အဲ့တာဆို ဒီနေရာက အတိတ်ကာလ တကယ်ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ချင်တာပေါ့”
“ဟုတ်တယ်၊ ဒီနေရာကသာ တကယ်လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကဆိုရင် ကျွန်မအစီအစဉ်အောင်မြင်ရင် ကျွန်မတို့နှစ်ယောက် ဒီခေတ်ကနေပျောက်ကွယ်သွားပြီး ပစ္စုပ္ပန်ကိုပြန်ရောက်သွားလိမ့်မယ်”
လင်းယွမ်က စကားဆက်လိုက်သည်။
“တကယ်လို့ ပြန်မရောက်ဘူးဆိုရင်တော့... ဒါက လွန်ခဲ့တဲ့ နှစ် ၆၀၀ တုန်းက အတိတ်မဟုတ်တဲ့ သဘောပဲပေါ့”
‘အတိတ်မဟုတ်ရင် သူတို့ ဘယ်ရောက်နေတာလဲ…’
ထိုမေးခွန်းကို လင်းယွမ် ထုတ်မပြောခဲ့ပါ။ သို့သော် သူနှင့် ယန်ရုန်ရုန်တို့ နှစ်ယောက်စလုံးတွင် သံသယများ ကိုယ်စီရှိနေကြပါပြီ။
ယန်လင်းယွမ်ကို သတ်ဖို့ ကြိုးစားခဲ့စဉ်က လင်းယွမ်၏ ခန္ဓာကိုယ် မှေးမှိန်လာခဲ့သည်ကိုမြင်ပြီး ဒီနေရာကြီးက အတိတ်ကာလဖြစ်မည်ဟု ယန်ရုန်ရုန် ယူဆခဲ့ပါသည်။ သို့သော် သက်သေခိုင်ခိုင်လုံလုံမရှိသည့် ထင်မြင်ယူဆချက်သာဖြစ်သည်။
ယခု သမိုင်းကြောင်းကို ပြောင်းလဲပြီး သူမ၏သီအိုရီကို အတည်ပြုဖို့ ကြိုးစားချင်သည်။
အစီအရင်ကျောက်ပြားအသစ်တစ်ခု ဖန်တီးနိုင်ဖို့အတွက် ယန်ရုန်ရုန် သုံးရက်လောက် အချိန်ယူခဲ့ရပါသည်။
ထိုကျောက်ပြားကို ကိုင်ရင်း လင်းယွမ်ကို သူမပြောလိုက်သည်။
“သူ့ကို လွှတ်လိုက်တော့”
လင်းယွမ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ငရဲမီးတောက်များ ထွက်ပေါ်လာသည်။ ဘုရားကျောင်းအတွင်း လင်းယွမ် အကာအရံများ ကြိုတင်ဖန်တီးထားသဖြင့် အထဲက အခြေ အနေများကို အပြင်က မြင်လည်းမမြင်နိုင်သလို ကြားလည်း ကြားနိုင်မှာ မဟုတ်ပါ။
ထို့ကြောင့် လင်းယွမ် ဘာကိုမှ ထိန်းချုပ်ထားစရာမလိုအပ်ပေ။
မီးတောက်မြွေကြီးကို ဆင့်ခေါ်လိုက်ပြီး ယင်ကျီးအား ထွေးထုတ်စေခဲ့သည်။
ယင်ကျီး ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလာခဲ့ပါသည်။ တစ်ချိန်က ဖြူဖွေးနေခဲ့သည့် သူ့ဝတ်စုံလည်း မည်းနက်နေပြီဖြစ်ကာ ဆံပင်တွေ ရှုပ်ပွလျက် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက််နေခဲ့သည်။
မျက်နှာတစ်ခုလုံးလည်း သွေးမဲ့ဖြူရော်နေပြီး တုန်ယင်နေသော လက်များကို အားပြုကာ ကိုယ့်ကိုယ်ကိုယ်ထူရင်း အက်ကွဲနေသော အသံဖြင့် သူမ မေးလိုက်ပါသည်။
“ငါ့ကို ဘာလို့ ဒီတိုင်း သတ်မပစ်ကြသေးတာလဲ”
ယန်ရုန်ရုန်က အခင်းပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်ရင်း သူမကို စိုက်ကြည့်လိုက်သည်။
“နတ်ဆိုးမျိုးစေ့ရဲ့ ဇာစ်မြစ်အကြောင်း ပြောပြမယ်ဆိုရင် ရှင့်ကို သက်သက်သာသာ သေခွင့်ပေးဖို့ စဉ်းစားပေးမယ်”