အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
🌹Chapter 197
ယင်ကျီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ကြက်သီးထစရာကောင်းစွာ ရယ်မောလိုက်ပါသည်။
“မင်းလို ကလေးမတစ်ယောက်က ငါ့ကို သတ်နိုင်မယ်ထင်လို့လား၊ ဒီကမ္ဘာပေါ်မှာ ငါ့ကိုသတ်နိုင်တဲ့လူဆိုလို့ မင်းဘေးက လူပဲရှိတယ်၊ ငါ့ကို သေစေချင်တယ်ဆိုရင် သူ့လက်နဲ့ သတ်ခိုင်းမှရမှာ”
ထို့နောက် ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် သူမ မေးလိုက်သည်။
“ဒါပေမယ့်… သူက သတ်ကော သတ်ရဲပါ့မလား”
ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခံရသော်လည်း လင်းယွမ် ဘာမှမတုံ့ပြန်ဘဲ ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်နေပါသည်။ ဒါကိုမြင်ပြီး ယင်ကျီး၏ အပြုံး အနည်းငယ် မှေးမှိန်သွားခဲ့ရသည်။
ယန်ရုန်ရုန်က သူမလက်ထဲရှိ အစီအရင်ကျောက်ပြားကို လှည့်ပြရင်း ပြောလိုက်လေသည်။
“ကျွန်မက ရှင့်ကို မသတ်နိုင်လောက်ပေမယ့် သေချင်သွားတဲ့အထိတော့ လုပ်နိုင်မယ်ထင်တာပဲ”
ယင်ကျီး ဂရုမစိုက်ပေ။
“ဒါဆိုလည်း စမ်းကြည့်လိုက်ပေါ့”
ငရဲမီးတောက်၏ လောင်မြိုက်ခြင်းဒဏ်ကိုပင် သူမ အံတုခဲ့ပြီးပြီဖြစ်ရာ သူမအတွက် ကြောက်စရာဟူသည် ကျန်ဦးမည် မထင်ပေ။ ထို့ပြင် ယန်ရုန်ရုန်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့်သာ ရှိပုံရသည်။
ဒီမိန်းကလေး ဘယ်လိုလှည့်ကွက်မျိုးကိုပဲ ထုတ်သုံးပါစေ သူမကို ထိခိုက်ဒဏ်ရာရအောင်ပင် မလုပ်နိုင်လောက်ပါ။
ယင်ကျီး၏ အတွေးက မမှားပေ။ သူမတို့နှစ်ယောက်၏ စွမ်းအားကွာဟချက်က ကြီးမားလွန်းလှသည်။ ယင်ကျီး အင်အားပျော့ညံ့နေချိန်မှာတောင် သူမအသက်ကို ယန်ရုန်ရုန် မနှုတ်ယူနိုင်ပါ။
ကံကောင်းစွာဖြင့် ယန်ရုန်ရုန်က အားလုံးကို ကြိုတင်ပြင်ဆင်ထားပါသည်။ အစီအရင်ကျောက်ပြားထဲ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီး ယင်ကျီး၏ ရှေ့တည့်တည့်တွင် ထောင်ပြလိုက်သည်။
ထိုကျောက်ပြားကို ကြည့်မိသောအခါ အဖြူရောင် အလင်း တန်းတစ်ခုကြောင့် ယင်ကျီး မျက်လုံးများ စူးရှသွားခဲ့ရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
ယင်ကျီးတစ်ယောက် ဘာမှမရှိတော့သော အနက်ရောင် ဟင်းလင်းပြင်ကြီးထဲတွင် တစ်ယောက်တည်း ဖြစ်သွားခဲ့သည်။
သို့သော် သူမ မကြောက်ဘဲ အပေါ်သို့ မော့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ဒါမင်းတို့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်ဆိုတာ ငါသိတယ်၊ ငါ့ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်တော့ ငါ့စိတ်ကို တိုက်ခိုက်ဖို့ ကြိုးစားကြတာပေါ့၊ အကြံက မဆိုးပါဘူး၊ ဒါပေမယ့် ကံဆိုးစွာနဲ့ မင်းတို့ရဲ့ လှည့်ကွက်တွေကို ငါမြင်နိုင်တယ်၊ မင်းတို့ရဲ့ အပေါစား ပုံရိပ်ယောင်တွေနဲ့ ငါ့ကို မလှည့်စားနိုင်ဘူး”
အစီအရင်အပြင်ဘက်တွင် ကျောက်ပြားက ယင်ကျီး၏ လက်ရှိအခြေအနေကို ယန်ရုန်ရုန်တို့ မြင်နိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသနေပါသည်။ ယင်ကျီး ခေါင်းမော့လိုက်သောအခါ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ဘက်သို့ ကွက်တိ မျက်နှာမူပြီးသား ဖြစ်နေသည်။
ထိုအကြည့်တစ်ချက်က ပုံရိပ်ယောင်ကို ဖောက်ထွင်းပြီး သူတို့နှစ်ယောက်ကို အရှိအတိုင်း မြင်နေသည်ဟုပင် ထင်စရာကောင်းပါသည်။
ယန်ရုန်ရုန် သက်ပြင်းချလိုက်မိသည်။
‘နတ်ဆိုးအရှင်သခင်တစ်ပါးလို့ မပြောရဘူး၊ ဒဏ်ရာတွေ အပြင်းအထန်ရထားပြီး ဒီလိုပိတ်မိနေတာတောင် ကြောက်စရာကောင်းနေတုန်းပဲ’
လင်းယွမ် သတိပေးလိုက်သည်။
“သာမန်ပုံရိပ်ယောင်တွေက သူ့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်”
“ကျွန်မ သိပါတယ်၊ သူ့အတွက် ကျွန်မစီစဉ်ထားတာက သာမန်ဆိုတာထက်ပိုတယ်”
ထို့နောက် ယန်ရုန်ရုန် အစီအရင်ကို စဖွင့်လိုက်တော့သည်။
---
အနက်ရောင် ဟင်းလင်းပြင်ကြီးထဲတွင် ယင်ကျီး တည်ငြိမ်လျက်ရှိသည်။ သူမက အစီအရင်ကျွမ်းကျင်သူ မဟုတ်သော်လည်း ပုံရိပ်ယောင်တစ်ခုကို ချိုးဖျက်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းက အတွင်းဘက်မှ ပြစ်ချက်များကို ရှာဖွေဖို့ဖြစ်မှန်း သူမ နားလည်ပါသည်။
သာမန်ပုံရိပ်ယောင်ပညာတစ်ခုကို အသုံးပြုပြီး သူမထံမှ နတ်ဆိုးမျိုးစေ့အကြောင်း သိနိုင်လိမ့်မည်ဟု ယန်ရုန်ရုန် ထင်ထားလျှင် မှားယွင်းသွားပါလိမ့်မည်။
လူတစ်ယောက်၏ စိတ်ကို လွှမ်းမိုးနိုင်ဖို့အတွက် ပုံရိပ်ယောင်တစ်ခုက လက်တွေ့ဆန်ရမည်။ သို့သော် နတ်ဆိုးမျိုးစေ့ ပေါ်ပေါက်လာသည့် အချိန်ကာလကို ယန်ရုန်ရုန် တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် အမှန်တရားကို သူမ သိမှာ မဟုတ်ပါ။
ထို့ကြောင့် နတ်ဆိုးမျိုးစေ့နှင့် ပတ်သတ်ပြီး သူမ ဖန်တီးဖို့ ကြိုးစားလိုက်သည့် ပုံရိပ်ယောင်တိုင်းက ဟာကွက်များဖြင့် ပြည့်နှက်နေကာ ချိုးဖျက်ဖို့ လွယ်ကူပါလိမ့်မည်။
မကြာမီ သူမဘေးပတ်လည်တွင် လူရိပ်များ စတင်ပေါ်လာခဲ့သည်။ ထိုလူရိပ်များက အသက် ၁၇ - ၁၈ အရွယ် ရှိမည်ဟု ထင်ရပြီး ထူးထူးဆန်းဆန်း ဆင်တူ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အားလုံးက စားပွဲခုံများပေါ်တွင် ကုန်းကာ တစ်ခုခုကို အသည်းအသန် ရေးနေကြလေသည်။
ရှေ့ဆုံးရှိ စင်မြင့်ထက်တွင် ထိပ်ပြောင်နေသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးက မတ်တပ်ရပ်နေသည်။
ယင်ကျီး ခေါင်းငုံ့ကြည့်လိုက်ရာ သူမလည်း ထိုလူရိပ်များကဲ့သို့ပင် အပြာနှင့်အဖြူရောစပ်နေသည့် ပွပွယောင်ယောင် အင်္ကျီနှင့် ဘောင်းဘီတို့ကို ဝတ်ဆင်ထားမှန်း မြင်လိုက်ရသည်။
စားပွဲခုံတစ်လုံး၏ နောက်တွင် သူမထိုင်နေပြီး ဘောပင်တစ်ချောင်းကို ကိုင်ထားကာ သူမရှေ့တွင် အဖြူရောင် စာရွက်အလွတ်တစ်ရွက် ရှိနေပါသည်။
ဒါတွေအားလုံးကို ယင်ကျီး မျှော်လင့်မထားခဲ့ပေ။ ဒီကမ္ဘာကြီးက သူမ တစ်ခါမှ မမြင်ဖူးသည့် ကမ္ဘာသစ်တစ်ခုလိုပင်။
ပုံရိပ်ယောင်တွေထဲ ဟာကွက်ရှာဖွေဖို့ ယင်ကျီး ကြိုးစားလိုက်ပါသည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးက ထူးခြားဆန်းပြားနေသဖြင့် အရာရာမှာ ယုတ္တိရှိနေသလို ခံစားနေရသည်။ အမှန်တကယ် တည်ရှိနေသည့် ကမ္ဘာတစ်ခုပမာ ပြစ်ချက်တစ်ခုတလေပင် သူမ ရှာမရခဲ့ပေ။
ထိုစဉ် ယင်ကျီး ခေါင်းတွေ မူးဝေလာခဲ့သည်။ မူလမှတ်ဉာဏ်များ စတင်ဝေဝါးလာပြီဖြစ်ပြီး သူမ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် မေ့လျော့လာခဲ့ပါပြီ။ ထို့အစား သူမခေါင်းထဲ အချက်အလက်အသစ်တွေ ဝင်ရောက်လာခဲ့သည်။
ယခု သူမက အထက်တန်းကျောင်းတစ်ကျောင်းတွင် စီနီယာကျောင်းသူ တစ်ယောက်ဖြစ်သည်။ ထိုထူးထူးဆန်းဆန်း အဝတ်အစားများကို ‘ကျောင်းယူနီဖောင်း’ဟု ခေါ်ပြီး သူမဘေးတွင် ထိုင်နေသည့်လူများက သူမ၏ အတန်းဖော်များ ဖြစ်ကြကာ စင်မြင့်ပေါ်တွင် ရပ်နေသည့် ထိပ်ပြောင်ကတော့ စာမေးပွဲခန်းစောင့်တစ်ယောက် ဖြစ်ပါသည်။
လောလောဆယ် သူမ လပတ်စာမေးပွဲတစ်ခုကို ဖြေဆိုနေရသည်။ စာမေးပွဲဘာကြောင့် ဖြေဆိုနေရမှန်း မသိသော်လည်း သူမနှလုံးသားထဲမှ လာသည့် အသံတစ်သံက သူမကို ကောင်းကောင်းဖြေဆိုဖို့ မှာကြားနေသည်။ ဒီစာမေးပွဲက သူမအနာဂတ်အတွက် အရေးပါသည်ဟုလည်း ဆိုနေပါသည်။
ထိုအသံ၏ လမ်းညွှန်မှုဖြင့် ယင်ကျီး စာရွက်ပေါ်တွင် အမည်စတပ်လိုက်သည်။
‘ရွှင်းယင်’
စာရွက်ပေါ်တွင် ထိုအမည်ကို ရေးသားလိုက်သည်နှင့်တစ် ပြိုင်တည်း သူမ၏သရုပ်မှန်က ရွှင်းယင်ဖြစ်သွားခဲ့ပါပြီ။
ပထမဆုံးဖြေဆိုရသည့် ဘာသာက တရုတ်စာပေဖြစ်သည်။ ယင်ကျီး၏ စာပေအခြေခံက ကောင်းမွန်သဖြင့် ချောချော မွေ့မွေ့ ဖြေဆိုနိုင်ခဲ့ပါသည်။
သို့သော် နောက်တစ်ဘာသာက အင်္ဂလိပ်စာ…
ကောင်းကင်ဘုံမှလာသည်ဟု ထင်ရလောက်အောင် ထူးဆန်း လှသည့် စကားလုံးများကို ယင်ကျီး မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ သို့သော် တစ်လုံးမှ နားမလည်ပါ။
စာမေးပွဲအခန်းစောင့်က အသံဖွင့်စက်တစ်လုံးပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သောအခါ listening အပိုင်း စတင်ခဲ့သည်။ အခြားကျောင်းသားများက ထိုစက်မှထွက်လာသည့်အသံကို နားစွင့်ကာ သေချာနားထောင်ရင်း အဖြေများကို ချရေးနေကြပါသည်။
ယင်ကျီးတစ်ယောက်တည်းသာ ရီဝေစွာထိုင်နေပြီး ဦးနှောက် ထဲမေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်။
‘အဲ့ဒီထဲကလူတွေ ဘာတွေပြောနေကြတာလဲ၊ ငါဘာလို့ တစ်လုံးမှ နားမလည်နိုင်ရတာလဲ!’
အင်္ဂလိပ်ဘာသာပြီးဆုံးသောအခါ သင်္ချာဘာသာအလှည့်သို့ ရောက်ရှိလာသည်။
ခေါင်းပင်မူးသွားလောက်စေသည့် သင်္ချာပုစ္စာများကို ကြည့်ရင်း ယင်ကျီး တိတ်ဆိတ်သွားခဲ့ရပြန်သည်။
‘ငါနားမလည်ဘူး… ငါဘာမှ နားမလည်ဘူး!’
ဘာသာရပ်အားလုံး ပြီးဆုံးသွားသည့်အချိန်တွင် ယင်ကျီးတစ်ယောက် ခြေကုန်လက်ပန်းကျကာ စားပွဲပေါ် မှောက်ခုံ လှဲအိပ်နေရပြီး လှုပ်ပင် မလှုပ်နိုင်တော့ချေ။
ထိုစဉ် မိန်းကလေးနှစ်ဦး အပြေးအလွှားရောက်လာပြီး သူမကို ခေါ်လိုက်ပါသည်။
“ရွှင်းယင် ကန်တင်းတူတူသွားကြရအောင်လေ”
ရွှင်းယင် မော့ကြည့်လိုက်သည်။ ရင်းနှီးနေသည့် မျက်နှာများကို မြင်ပြီးနောက် ထိုမိန်းကလေးနှစ်ယောက်၏အမည်များက သူမခေါင်းထဲ အလိုလိုပေါ်လာခဲ့ပါသည်။
ကျန်းစစ်စစ်နှင့် ချန်းဝမ်…
ထိုနှစ်ယောက်က သူမ၏ သူငယ်ချင်းမလေးများဖြစ်ကြပြီး မကြာခဏ နေ့လယ်စာအတူတူ စားတတ်ကြသည်။
ရွှင်းယင်လည်း မတ်တပ်ရပ်ကာ ထိုမိန်းကလေးနှစ်ယောက်နောက်သို့ လိုက်သွားခဲ့ပါသည်။
လမ်းလျှောက်နေရင်း ကျန်းစစ်စစ်က ညည်းတွားလိုက်သည်။
“ငါမဖြေနိုင်ဘူးဟယ်၊ သင်္ချာပုစ္စာတော်တော်များများ မတွက်နိုင်ခဲ့ဘူး”
ချန်းဝမ်လည်း သက်ပြင်းချသည်။
“တူတူပါပဲ၊ တရုတ်စာစီစာကုံးမှာ အကြောင်းအရာလွဲသွားတယ်၊ အမှတ်များများ မရလောက်တော့ဘူ၊ အင်္ဂလိပ် listening အပိုင်းမှာလည်း မှားတာတွေ ရှိသေးတယ်”
နှစ်ယောက်သား စကားပြောနေရင်း ရွှင်းယင်တိတ်ဆိတ်နေသည်ကို သတိထားမိသွားကာ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
“ရွှင်းယင် နင်ကော ဘယ်လိုနေလဲ၊ နင်က ပုံမှန်ဆို အမှတ်ကောင်းကောင်းရတတ်တာပဲဥစ္စာ၊ ဒီတစ်ခါလည်း အေးအေး ဆေးဆေးပဲပေါ့ ဟုတ်လား”
ရွှင်းယင် ခေါင်းခါလိုက်သည်။
“ငါလည်း မဖြေနိုင်ပါဘူး၊ အဖြေအများစုကို ဘယ်လိုရေးရမှန်းတောင် မသိဘူး”
သူမက အမှန်အတိုင်းပြောနေခြင်းဖြစ်သော်လည်း အရွဲ့ တိုက်နေသည်ဟုထင်ကာ ကျန်းစစ်စစ်နှင့် ချန်းဝမ်တို့ နှုတ်ခမ်းကိုက်မိကြသည်။
ရွှင်းယင်က အမြဲ ဒီလိုပုံစံပင်။ မဖြေနိုင်ဘူးဟု ပြောကာ ရလဒ်ထွက်လာလျှင် ထိပ်ဆုံးကိုသာ ရောက်နေတတ်သည်။
စာမေးပွဲပြီးဆုံးပြီးနောက် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် ရှိပါသေးသည်။ စားပွဲပေါ်ရှိ စာအုပ်ပုံများ၊ သင်ထောက်ကူ ကိရိယာများ၊ မပြီးပြတ်သေးသော လေ့ကျင့်ခန်းများကို ကြည့်ရင်း ရွှင်းယင် ပို၍ပင် စိတ်ပင်ပန်းသွားခဲ့ရသည်။။
ကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးကာ အဆောင်ကို ပြန်ရောက်ချိန်တွင် သူမ၏ အဆောင်အခန်းဖော်များက ရေမိုးချိုးပြီးကြပြီး စာကြည့်မီးအိမ်များဖွင့်လျက် စာတွေဆက်လုပ်နေကြပါသည်။
ရွှင်းယင် ခေါင်းထဲမှအသံက သူမကို တွန်းအားပေးနေသည်။
‘နောက်ကျလို့မဖြစ်ဘူးနော်၊ သူများတွေထက် နောက်ကျရင် ရှုံးသွားလိမ့်မယ်’
ရွှင်းယင် အလွန်ပင်ပန်းနေသော်လည်း အားတင်းကာ ဖတ်စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ပါသည်။ ည ၁၁ နာရီ အချိန် အဆောင်မီးများ ပိတ်သွားခါမှ သူမတို့ အိပ်ခဲ့ကြသည်။
နောက်တစ်နေ့မနက် အရုဏ်တက်ချိန်တွင် ရွှင်းယင် အိပ်ရာနိုးလာသည်။ ကျောင်းယူနီဖောင်းကို အလျှင်အမြန် ဝတ်ဆင်ပြီး အားလုံးနှင့်အတူတူ မနက်ခင်း အပြေးလေ့ကျင့်ခန်းလုပ်ဖို့ လိုက်သွားရပါသည်။
ထို့နောက် မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန်သို့ အပြေးအလွှား သွားရပြန်သည်။
ယနေ့ စာမေးပွဲရလဒ်များ ထွက်လာပါသည်။ တရုတ်ဘာသာမှအပ ကျန်ဘာသာများတွင် ရွှင်းယင်၏ အမှတ်က သုညနီးပါးဖြစ်နေသည်။ သူမ၏အဆင့်က တစ်ခန်းလုံးတွင် နောက်ဘိတ်ဆုံးပင်။
ထိုအခါ သူမကို ကြည့်နေသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ အကြည့်များက ထူးဆန်းသွားခဲ့သည်။ ရွှင်းယင် အလွန်ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ဝင်ပုန်းစရာ အပေါက်တစ်ပေါက်လောက် ရှိလျှင် ကောင်းမည်ဟုပင် တွေးမိပါသည်။။
ထို့နောက် ရွှင်းယင် နေ့ရက်တိုင်းကို စာတွေဖတ်၊ ပုစ္စာတွေ မရပ်မနားဖြေရှင်းရင်း ဖြတ်သန်းခဲ့ရသည်။ လေ့ကျင့်ခန်း မေးခွန်းများမှာ အဆုံးမရှိနိုင်ဟု ထင်ရလောက်အောင် များပြားလွန်းပါသည်။
အစီအရင်၏ အပြင်ဘက်တွင် ယွင်ကျီး ကြုံတွေ့နေရသည့်ဖြစ်ရပ်မှန်သမျှကို စောင့်ကြည့်နေသည့် လင်းယွမ်တစ်ယောက် မနေနိုင်ဘဲ မေးလိုက်လေသည်။
“ရွှင်းယင်ကို ရူးသွားတဲ့အထိ စာလုပ်ခိုင်းမလို့လား”
🌹Chapter 198
ပုံရိပ်ယောင်တစ်ခု၏ အရေးအကြီးဆုံး ကဏ္ဍမှာ လက်တွေ့ဆန်ဖို့ပင်ဖြစ်သည်။ လက်တွေ့ပိုဆန်လေလေ ထိုပုံရိပ်ယောင်ထဲ လူတစ်ယောက် နစ်မျောသွားဖို့ ပိုလွယ်လေလေပင်။
ဥပမာအားဖြင့် ဖူရှန်းကြေးမုံမှ ဖန်တီးခဲ့သည့် ပုံရိပ်ယောင်များက ဖမ့်လိုင်မသေမျိုးကျွန်းကို အခြေခံထားခြင်းဖြစ်သည်။ ထိုပုံရိပ်ယောင်ကမ္ဘာထဲ တည်ရှိနေသည့် အရာဝတ္ထုတိုင်းက လက်တွေ့ကမ္ဘာမှာလည်း အမှန်တကယ် တည်ရှိနေသဖြင့် ပုံရိပ်ယောင်နှင့် လက်တွေ့ကို ခွဲခြားရ အလွန်ခက်သွားစေပါသည်။
ရှန်းဝမ်ချင်းကဲ့သို့ မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင် ထိုပုံရိပ်ယောင်များလက်မှ မလွတ်မြောက်နိုင်ခဲ့ပါ။ ယန်ရုန်ရုန်သာ ရောက်မလာခဲ့လျှင် ရှန်းဝမ်ချင်းတစ်ယောက် ထိုအိပ်မက်ကမ္ဘာထဲမှာပဲ တစ်သက်လုံး ပိတ်မိသွားနိုင်ပါသည်။
ယခု ယန်ရုန်ရုန် ဖန်တီးလိုက်သည့် ပုံရိပ်ယောင်အစီအရင်က ခေတ်သစ်ကမ္ဘာကို အခြေခံထားသည်။
ကျင့်ကြံသူ တစ်ဦးအတွက် ထိုအရာများက ထူးဆန်းနေနိုင်သော်လည်း အမှန်တကယ်တည်ရှိနေသည့် ကမ္ဘာတစ်ခုကို အခြေခံထားခြင်း ဖြစ်သည့်အလျောက် ကြောက်စရာကောင်းလောက်အောင် စစ်မှန်သည်ဟု ခံစားရပါလိမ့်မည်။
ထို ‘စစ်မှန်ခြင်း’ဟူသည့် ခံစားချက်ကြောင့် ယင်ကျီး ထောင်ချောက်ထဲ မိသွားမှန်းပင် သိလိုက်မှာမဟုတ်ပါ။
သူမ၏ ဘဝအသစ်နှင့် ပေါင်းစပ်ကာ ယခု သူမကိုယ်သူမ အထက်တန်းကျောင်းသူတစ်ယောက်ဟု အမှန်တကယ် ယုံကြည်နေပါပြီ။
ထိုကမ္ဘာတွင် အရေးအကြီးဆုံးအရာက စာကြိုးစားပြီး စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်ကာ တက္ကသိုလ်ကောင်းကောင်း တက်ရောက်နိုင်ဖို့ပင်။
အရုဏ်တက်ချိန်တွင် အိပ်ရာနိုးလာသောအခါ အဆုံးမဲ့သော လေ့ကျင့်ခန်းပင်လယ်ကြီးက စောင့်မျှော်နေပြီး ညကြီးသန်းခေါင်အထိ စာတွေကုန်းလုပ်ရကာ နာရီအနည်းငယ်မျှသာ အိပ်စက်ခွင့်ရသည်။
ခြေကုန်လက်ပန်းကျမှု၊ စိတ်ဖိစီးမှုတို့က အရိပ်လို အနောက်မှတကောက်ကောက် လိုက်နေကာ တစ်နေ့ထက်တစ်နေ့ ဖိအားများ တောင်တစ်လုံးပမာ စုပုံလာခဲ့ရသည်။
အစီအရင်အတွင်း အချိန်သုံးလခန့် ကုန်လွန်သွားပြီဖြစ်သော်လည်း အပြင်ဘက်မှာတော့ အခါးရည်သောက်ချိန်မျှသာ ရှိပါသေးသည်။
စာအုပ်များအောက်တွင် ပိသေလုနီးပါးဖြစ်နေသည့် ယင်ကျီးကို ကြည့်ရင်း လင်းယွမ် မေးလိုက်သည်။
“ဒီပုံရိပ်ယောင်က အရမ်းအသေးစိတ်ကျတာပဲ၊ ဒီလောက် လက်တွေ့ဆန်ပြီး ဆန်းသစ်တဲ့ကမ္ဘာမျိုးကို ဘယ်လိုဖန်တီးခဲ့တာလဲ”
ယန်ရုန်ရုန် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
“ကျွန်မမှာ ပါရမီပါလို့ ဖြစ်မှာပေါ့”
လင်းယွမ်က သူမကိုလှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် မေးလိုက်ပါသည်။
“ပါရမီတစ်ခုတည်းကြောင့်ဆိုတာ သေချာရဲ့လား”
သူဘာတွေ သံသယဝင်နေသလဲ ယန်ရုန်ရုန်လည်း နားလည်ပါသည်။ ဒီလောက် အသေးစိတ်ကျသည့် ပုံရိပ်ယောင်ကမ္ဘာမျိုးကို သာမန်စိတ်ကူးစိတ်သန်း သို့မဟုတ် ပါရမီတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။
သို့သော်လည်း ယန်ရုန်ရုန် ပျာယာမခတ်ဘဲ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“တခြားဘာဖြစ်နိုင်ဦးမှာလဲ၊ အဲ့ဒီပုံရိပ်ယောင်ထဲက ကမ္ဘာက အပြင်မှာတကယ်ရှိတယ်လို့ ရှင်ထင်နေတာတော့ မဟုတ်ပါဘူးနော်၊ တကယ် အဲ့လိုထင်နေတာဆိုရင် ကျွန်မအစီအရင် အောင်မြင်သွားတဲ့ သက်သေပဲပေါ့၊ ရှင့်လို ဘေးကရပ်ကြည့်နေရတဲ့လူတောင် ဝေခွဲမရဖြစ်သွားတယ်ဆိုတော့”
ယန်ရုန်ရုန် ခပ်သဲ့သဲ့ ရယ်မောရင်း ကိုယ့်လက်ရာကိုယ် ဂုဏ်ယူဝံ့ကြွားပြလိုက်သည်။
လင်းယွမ်လည်း ဘာမှဆက်မမေးတော့ဘဲ သံသယများကို ခေတ္တ ဘေးချထားလိုက်ပါသည်။ သူ့စိတ်ထဲ အမှန်တကယ် ဘာတွေတွေးနေသလဲ ဘယ်သူမှ မသိနိုင်ပေ။
---
ပုံရိပ်ယောင်ကမ္ဘာထဲတွင် ယင်ကျီးတစ်ယောင် အားကြိုးမာန် တက် စာကြိုးစားနေပါသည်။
တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် ဘာသာရပ်အများစုကို အတော်လေး လိုက်မီနေပြီဖြစ်သည်။
သို့သော် သင်္ချာဘာသာမှာတော့ အားနည်းနေပါသေးသည်။ အလွန်များပြားလှသော ပုံသေနည်းများကို အလွတ် ကျက်မှတ်ထားသော်လည်း ကိုက်ညီသည့် ပုစ္ဆာများတွင် လက်တွေ့ အသုံးချနိုင်ဖို့ကတော့ ခဲယဉ်းနေသေးသည်။
သင်္ချာချိန်ကို ရောက်တိုင်း သူမ အသက်ရှူကြပ်လာပြီး အချိန်မရွေး အသက်ထွက်သွားနိုင်သလို ခံစားနေရသည်။
ဒါကိုမြင်ပြီး ယန်ရုန်ရုန်လည်း သင်္ချာဘာသာကြောင့် ဒုက္ခရောက်ဖူးသည့် ကိုယ့်ဘဝကိုကိုယ် ပြန်သတိရသွားခဲ့သည်။ သူမက ကျက်စာများတွင်တော်သော်လည်း သင်္ချာဘာသာတွင်တော့ အလွန်ညံ့ဖျင်းပါသည်။
ရှုပ်ထွေးလှသည့် ပုံသေနည်းများက သူမ၏ မဟာရန်သူတော်လိုပင်။ တစ်ချက်လောက်ကြည့်မိရုံနှင့် ခေါင်းတွေပါ ချာချာလည်ရသည်။
သူမကို ဒုက္ခမပေးဖို့ သင်္ကေတများကို တောင်းဆိုလို့ရလျှင် သိပ်ကောင်းမည်ဟုပင် တွေးခဲ့ဖူးပါသည်။
‘ဘယ်လိုမှ သင်လို့ရမှာမဟုတ်ဘူး! လုံးဝ မရဘူး!’
ယန်ကျီးကလည်း ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့သည်။
‘တက္ကသိုလ်ကို ရောက်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်၊ နောက်ထက် ၆ လလောက် သည်းခံလိုက်ရင် ငါလွတ်မြောက်ပါပြီ’
ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ယန်ကျီးတစ်ယောက် စာမေး ပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါသည်။
စာမေးပွဲကြီး ဖြေဆိုပြီးနောက် နွေရာသီအားလပ်ရက် ရှိသင့်သော်လည်း ဒီကမ္ဘာက ယန်ရုန်ရုန်ဖန်တီးထားသည့် ပုံရိပ်ယောင်ကမ္ဘာဖြစ်သဖြင့် ယင်ကျီးအတွက် နားရက်ဟူသည် မရှိပေ။
ယင်ကျီး အထက်တန်း စာမေးပွဲခန်းအပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် တက္ကသိုလ်အဝင်ဝထံ တန်းရောက်သွားပါသည်။
တခြားသူတွေက တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသော်လည်း ယင်ကျီးကတော့ မပျော်နိုင်ပေ။ သူမက အလွန်ခက်ခဲသည့် မေဂျာတစ်ခုကို ‘ရွေးချယ်’ ထားသည်။
အစွမ်းကုန်မကြိုးစားလျှင် အောင်မှတ်ပင် ရမည်မဟုတ်ပါ။ စာမေးပွဲကျလျှင် ပြန်ဖြေရမည်။ စာမေးပွဲကျပေါင်း များလျှင် နှစ်တွေကြာမြင့်လာပြီး တစ်သက်လုံး ဘွဲ့ရတော့မည် မဟုတ်ပေ။
ရွေးချယ်စရာမရှိတော့သဖြင့် တက္ကသိုလ်တွင်လည်း ယင်ကျီး ထပ်မံကြိုးစားရပြန်သည်။
စာသင်ခန်း၊ အဆောင်၊ စာကြည့်တိုက် စသည်ဖြင့် အဆုံးမရှိသော သံသရာထဲ ကျင်လည်ခဲ့ရသည်။
သူမကိုယ်သူမ အားပေးခဲ့ပါသည်။ ‘လေးနှစ်ပဲ! လေးနှစ်ပြီးလို့ ဘွဲ့ရရင် ငါလွတ်လပ်သွားပြီ!’
သို့သော် ထိုဘွဲ့လက်မှတ်ကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ကိုင်ဆောင်ရင်း ယင်ကျီး သက်ပြင်းချလိုက်သည်နှင့် ချက်ချင်း အသွင်ပြောင်းသွားခဲ့ပြန်သည်။
သူမ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားရပြီး သေးငယ်သော ကုမ္ပဏီရုံးခန်း အကန့်လေးတစ်ခုထဲ ထိုင်နေရသည်။
အလုပ်သင်တစ်ယောက်ဖြစ်သည့် သူမက ကုမ္ပဏီ၏ အောက်ဆုံးအဆင့်တွင် ရှိနေသည်။ ရုံးအတွင်းရှိ လူတိုင်းက သူမကို အမိန့်ပေးနိုင်သည်။
ကြက်ဖတစ်ကောင်ထက် စောအောင် အိပ်ရာထရပြီး ခွေးတစ်ကောင်ထက် နောက်ကျမှ အိပ်ရာဝင်ရသည်။ သူမ၏ အလုပ်တာဝန်များက အထက်တန်းကျောင်းသားဘဝတုန်းကထက်ပင် ပိုမို ပင်ပန်းရသည်။
ခွေးလိုနွားလို ရုန်းကန်ရသော်လည်း ရရှိလိုက်သည့် လစာကတော့ အခြေခံကုန်ကျစရိတ်များ ကာမိသည်ဆိုရုံသာရှိသည်။
အလုပ်သင်ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးနောက် ဝန်ထမ်းတစ်ယောက်ဖြစ်လာချိန်တွင် လစာအနည်းငယ် တိုးလာသော်လည်း အလုပ်ဝန်ကတော့ လျော့မသွားသေးပါ။
ရုံးတွင်း နိုင်ငံရေးများ၊ နောက်ကျောကို ဓားနှင့်ထိုးခြင်းများ၊ အချင်းချင်း အကွက်ချကြံစည်မှုများကြောင့် ယင်ကျီး အမြဲတမ်း ခေါင်းကိုက်နေရသည်။
ပုန်းနေလို့မရသလို ပြန်ချဖို့လည်း ခွန်အားမရှိသဖြင့် နောက်ဆုံးတော့ အားလုံး၏ ‘သဲအိတ်’ပမာ ဖြစ်လာခဲ့သည်။
သူမ တစ်ညလုံးမအိပ်ဘဲ အသည်းအသန်ကြိုးစားထားရသည့် အစီရင်ခံစာသည်လည်း ‘အဆက်အသွယ်’ရှိသော လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ အမည်အောက်သို့ အလိုလိုရောက်သွားသည်။
သူမက ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ရသူ ဖြစ်သော်လည်း အသီးအပွင့်များနှင့် လစာတိုးခြင်းတို့ကိုတော့ နောက်ခံရှိသည့် အကောင်ကြီးများကသာ စားသုံးသွားကြသည်။ သူမ အထွန့်တက်၍မရသလို ဘော့စ်ကြီးနှင့်အတူတူ ညစာစားပွဲများသို့ပင် အတူတူ တက်ရောက်ပေးရသေးသည်။
ထိုညစာစားပွဲများတွင် သူမက သက်လတ်ပိုင်းလူကြီးများ၏ အပျင်းပြေစကားပြောစရာအဆင့်သာ ရှိပါသည်။
မနက်ခင်း နိုးထလာသည့်အချိန်တိုင်း ယင်ကျီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခုသာ အကြိမ်ကြိမ်အခါခါ မေးမိသည်။
‘ဒီသောက်စုတ်သောက်ပျက်အလုပ်ကို လုပ်ဖို့ လိုလို့လား!’
အဖြေကတော့ လိုပါသည်။ သူမ ရှင်သန်ဖို့အတွက် အစားစားရမည်။ အစားစားရဖို့အတွက် အလုပ်လုပ်ရပါမည်။
ယန်ရုန်ရုန်က ယင်ကျီး၏ ခေါင်းပေါ်တွင် သူမတစ်ယောက်တည်းသာ မြင်နိုင်မည့် ဂဏန်းကွက်တစ်ခုကို ထည့်သွင်းထားသည်။
ထိုဂဏန်းက သူမ၏ စိတ်အခြေအနေကို ကိုယ်စားပြုပါသည်။ ဂဏန်းမြင့်လေလေ စိတ်ဓာတ်တက်ကြွလေလေဖြစ်ကာ ဂဏန်းနိမ့်လေလေ စိတ်ဓာတ်ကျလေလေပင်။
လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်စဉ်ကတည်းက ယင်ကျီး၏ စိတ်အခြေအနေပြဂဏန်းမှာ တဟုန်ထိုး ပြုတ်ကျသွားခဲ့ပြီး ယခုဆို သုညအောက် အနုတ်ဂဏန်းများထိပင် ရောက်ရှိနေပါပြီ။
လင်းယွမ်က ထိုဂဏန်းများကို မမြင်နိုင်သော်လည်း ယင်ကျီး၏ ပုံပန်းသဏ္ဌာန်ကိုတော့ မြင်နိုင်ပါသေးသည်။ သူမ၏ စိတ်ဓာတ်က အောက်ဆုံးကို ရောက်နေမှန်း မြင်သာသည်။
အထက်တန်းကျောင်းသူဘဝတုန်းက ‘ခွေးတစ်ကောင်လို ပင်ပန်းရသည်’ဟု ဆိုသော်လည်း ထိုစဉ်အခါက ခြေကုန်လက်ပန်းကျရုံသာ ရှိသည်။ ယခုတော့ သူမ အမှန်တကယ် သေလုမျောပါးပုံစံပင်ပေါက်နေပြီး အသက်မဲ့နေသည့် အရှိန်အဝါများလည်း ဖြာထွက်နေပါသည်။
အလုပ်သွားလျှင်တောင် အလုပ်သွားနေသည်ဟု မထင်ရတော့ဘဲ သူမ၏အသုဘအခမ်းအနားသို့ တက်ရောက်ဖို့ သွားနေသည့်အလား ထင်ရသည်။
လင်းယွမ် အလွန်အံ့အားသင့်မိပါသည်။
ဒီပုံရိပ်ယောင်ကမ္ဘာက အေးချမ်းသာယာသည်။ ယင်ကျီးကို အသက်အန္တရာယ်ပေးနိုင်မည့် အရာဟူ၍ မရှိပါ။ သို့သော် သူမ၏ စိတ်ဓာတ်နှင့်ဝိညာဉ်တို့ ဆက်တိုက်ဆိုသလို ခမ်းခြောက်နေခဲ့သည်။
ဒီတိုင်းသာဆက်သွားလျှင် သူမ လုံးပါးပါးသွားမှာ သေချာသည်။
ဒီလို ‘အသံတိတ် သတ်ဖြတ်နည်း’က ကြောက်စရာ ကောင်းလွန်းလှပေသည်။
လင်းယွမ်ခန့်မှန်းထားသည့်အတိုင်းပင် နေ့စဉ်ဘဝ၏ ဖိနှိပ်မှုများအောက် ယင်ကျီး၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားခဲ့ပါပြီ။
သူမ၏ သရုပ်မှန်ကို မေ့လျော့သွားပြီး ပုံရိပ်ယောင်ကမ္ဘာနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။
သူမ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများကဲ့သို့ပင် ယင်ကျီးသည်လည်း ပုံရိပ်ယောင်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလေတော့သည်။