← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

🌹Chapter 199

ပုံရိပ်ယောင်ကမ္ဘာ၏ ဖန်ဆင်းရှင်က ယန်ရုန်ရုန်ဖြစ်သဖြင့် ထိုကမ္ဘာထဲရှိ အရာအားလုံးကို သူမ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ယင်ကျီးကလည်း ထိုအတုအယောင်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားခဲ့ပြီဖြစ်ရာ ယန်ရုန်ရုန့် ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့လေပြီ။

ပုံရိပ်ယောင်ကမ္ဘာထဲ ညမိုးချုပ်သောအခါ အိပ်ရာထဲတွင် ယင်ကျီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။

ယန်ရုန်ရုန်၏ လမ်းညွှန်မှုဖြင့် ထူးလည်းထူးဆန်းပြီး ကြောက်စရာကောင်းအောင် ရင်းနှီးနေသော အိပ်မက်တစ်ခုကို ယင်ကျီး မြင်မက်ခဲ့သည်။

ထိုအိပ်မက်ထဲတွင် ယင်ကျီးက ရှေးခေတ်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ မည်းနက်နေသော နွယ်ပင်များ ရစ်နွယ်နေပြီး မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြီးမားထွားကျိုင်းလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ရှေ့တွင် သူမ မတ်တပ်ရပ်နေပါသည်။

ထိုသစ်ပင်ကြီး၏ အမြစ်အများစုက မြေကြီးထဲ တိုးဝင်နေသော်လည်း အချို့သော အမြစ်ကြီးများမှာမူ မြေပြင်ပေါ်သို့ ထိုးထွက်နေကာ အနက်ရောင် မြေဆီလွှာပေါ်တွင် အသက်ရှူကြပ်စရာ ပင့်ကူအိမ်ကြီးအလား ပြန့်ကျက်နေခဲ့သည်။

ယင်ကျီးက ထို ‘ပင့်ကူအိမ်’ကြီး၏ ထိပ်ဆုံးတွင် မတ်တပ်ရပ်နေပါသည်။

နွယ်ပင်တစ်ပင်က သူမရှေ့သို့ ရောက်လာပြီး သူမလက်ထဲ အနက်ရောင်မျိုးစေ့တစ်စေ့ကို ထည့်ပေးသွားသည်။ ယင်ကျီးက ထိုမျိုးစေ့ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ခံလိုက်ပြီး လေးနက်စွာ သစ္စာဆိုခဲ့ပါသည်။

“နတ်ဆိုးမျိုးစေ့ တဖန် ပြန်နိုးထလာစေရမယ်လို့ ကျွန်မသစ္စာဆိုပါတယ်”

ပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဘက်တွင် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့လည်း ယင်ကျီး၏ အိပ်မက်ကို အထင်းသားမြင်နေရသည်။

ထိုသစ်ပင်ကြီးကို သူတို့နှစ်ယောက်စလုံး မြင်ဖူးကြပါသည်။ အခြားမဟုတ်ဘဲ အဆုံးမဲ့ အသူရာချောက်နက်အတွင်းရှိ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးပင်။

ယင်ကျီးကို ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကိုယ်တိုင် နတ်ဆိုးမျိုးစေ့ ပေးအပ်ခဲ့ခြင်း ဖြစ်နေသည်။

အိပ်မက်ထဲတွင် နတ်ဆိုးမျိုးစေ့ကို ရရှိပြီးနောက် အသူရာချောက်နက်အတွင်းမှ ယင်ကျီး ပြန်တက်လာခဲ့သည်။ ထိုနတ်ဆိုးမျိုးစေ့ ပေါက်ဖွားလာအောင် သူမ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

နောက်ဆုံးတော့ ဝိညာဉ်ဆင့်ခေါ်သည့် ပညာကို အသုံးပြုပြီး သေဆုံးပြီးသား နတ်ဆိုးကျင့်ကြံသူများ၏ ဝိညာဉ်များကို ဆင့်ခေါ်ခဲ့သည်။ ထိုဝိညာဉ်များက နတ်ဆိုးနယ်မြေအကြောင်း အလွန်သိကျွမ်းနားလည်ကြသည့် ရှေးဟောင်း ဝိညာဉ်များ ဖြစ်ကြသည်။

နတ်ဆိုးမျိုးစေ့နှင့် ပတ်သတ်ပြီး ထိုဝိညာဉ်များကို ယင်ကျီး မေးမြန်းခဲ့ပါသည်။ ၎င်းတို့၏ ဝိညာဉ်ညည်းသံများမှတဆင့် အသုံးဝင်သည့် သဲလွန်စတစ်ခုကို ရရှိခဲ့သည်။

နတ်ဆိုးမျိုးစေ့က သစ်လွင်လတ်ဆတ်သော အသက်စွမ်းအား၊ အစွန်းရောက်သော အငြှိုးတရားနှင့် အကြွင်းမဲ့ အမျက်ဒေါသတို့ကို တောင့်တသည်။ ၎င်း၏ ပတ်ဝန်းကျင်က မှောင်မိုက်ပြီး အပျက်သဘောဆောင်လေလေ နတ်ဆိုးမျိုးစေ့က ပိုမိုကြီးထွားလာလေလေပင်။

ထို့ကြောင့် ရက်စက်သည့် အစီအစဉ်တစ်ခုကို ယင်ကျီး ရေးဆွဲခဲ့သည်။

သူမ၏ ဝိညာဉ်ကိုခွဲထုတ်ကာ ကျင့်ကြံခြင်းအဆင့်လည်းမရှိ နတ်ဆိုးစွမ်းအင်များလည်း အသုံးမပြုနိုင်သည့် ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့ပါသည်။

ထိုကိုယ်ပွားက သာမန်လူသားမိန်းကလေးတစ်ဦး၏ အသွင်ပုံစံသာ ဖြစ်သည်။ ထိုကိုယ်ပွားကို ယင်ကျီးထိန်းချုပ်ခဲ့ကာ နတ်ဆိုးနယ်မြေမှ ထွက်သွားစေပြီး လူသားနယ်မြေသို့ သွားရောက်စေခဲ့သည်။

လူသားနယ်မြေတွင် ငယ်ရွယ်နုပျိုသည့် ယန်ဟဲမိန့်နှင့် မတော်တဆ တွေ့ဆုံစေခဲ့သည်။

ယင်ကျီးက သူမ၏ ကိုယ်ပွားကို အားနည်းပျော့ညံ့ပြီး ပန်းရောင်းရင်း အသက်မွေးရသည့် အိမ်ရာမဲ့ မိဘမဲ့ မိန်းကလေးတစ်ဦးသဖွယ် ပုံဖော်ခဲ့သည်။ ဈေးထဲတွင် လူမိုက်တစ်ယောက်က ယင်ကျီးကို အနိုင်ကျင့်နေစဉ် ယန်ဟဲမိန်က ဝင်ရောက် ကယ်တင်ပေးခဲ့ပါသည်။

ထိုအခါ ယင်ကျီးက အလွန်ကျေးဇူးတင်သွားပြီး အသက် သခင်ကျေးဇူးရှင်ဖြစ်သည့် ယန်ဟဲမိန်ကို ကျေးဇူးဆပ်ဖို့အတွက် အစေခံအဖြစ် အလုပ်အကျွေးပြုပါရစေဟု တောင်းဆိုခဲ့သည်။

ထိုအချိန်က ယန်ဟဲမိန်မှာ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးသည်။ ကျင့်ကြံခြင်းအဆင့်ကလည်း နိမ့်ပါးသေးသဖြင့် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်ပုံရသော ထိုမိန်းကလေးမှာ စွမ်းအားကြီးနတ်ဆိုးမတစ်ကောင် ဖြစ်နေမှန်း မသိနိုင်ခဲ့ချေ။

ယန်ဟဲမိန်က သူမကို အိမ်ပြန်ခိုင်းသော်လည်း သူမက ပြန်စရာအိမ်မရှိကြောင်း ပြန်ပြောခဲ့သည်။ သူမကို ဒီတိုင်း ထားခဲ့လျှင် အနိုင်ထပ်ကျင့်ခံရမှာ စိုးရိမ်ရသဖြင့် ယန်ဟဲမိန် ရွေးချယ်စရာမရှိတော့ဘဲ သူနှင့်အတူခေါ်သွားပြီး နောက်မှ သင့်လျော်သည့် မိသားစုကို ရှာဖွေပေးဖို့ စီစဉ်လိုက်ရပါသည်။

တစ်ဦးနှင့်တစ်ဦး နေ့တိုင်းလိုလို အနေနီးခဲ့ရင်း သံယောဇဉ်ပန်းများ ပွင့်ဖူးလာခဲ့သည်။ ယင်ကျီးက အခွင့်ကောင်းတစ်ခုကို အရယူပြီး ယန်ဟဲမိန်အား သူမခန္ဓာကိုယ်ကို ပေးအပ်ခဲ့ပါသည်။

ထိုလုပ်ရပ်က ကျင့်ဝတ်အရ မလျော်ကန်မှန်း ယန်ဟဲမိန်သိသော်လည်း လူငယ်တစ်ယောက်ဖြစ်သည့်အပြင် သူချစ်မြတ်နိုးရသည့် မိန်းကလေးလည်းဖြစ်ကာ နှစ်ဦးနှစ်ဖက် လိုက်လျောမှုရှိသဖြင့် သူ မငြင်းဆန်နိုင်ခဲ့ပေ။

ဒီလိုနှင့် တွေဝေမှု၊ တောင့်တမှုတို့အကြား သူနှင့် ယင်ကျီးတို့ နီးစပ်ခဲ့ကြသည်။ ကိုယ်ကျင့်တရားနှင့် အသက်ဆက်သူ ဖြစ်သည့်အလျောက် ယန်ဟဲမိန်က သူ့တာဝန်သူ လျစ်လျူရှုဖို့ အစီအစဉ်မရှိပါ။

ယင်ကျီးကို ယန်မိသားစုထံသို့ ပြန်လည်ခေါ်ဆောင်သွားပြီး အခြေအနေကို ရှင်းပြကာ လက်ဆက်ထိန်းမြှားဖို့ ကြံရွယ်ထားပါသည်။

ယင်ကျီးက ဝမ်းသာမိသော်လည်း အနည်းငယ် စိုးရိမ်ပူပန်ချင်ယောင် ဆောင်ခဲ့သည်။ သူမလို အဆင့်အတန်းမရှိသည့် သာမန်မိန်းကလေးတစ်ဦးကို ယန်မိသားစုကဲ့သို့ ဂုဏ်သရေရှိ မျိုးနွယ်စုတစ်စုက လက်ခံနိုင်မည်မဟုတ်လောက်ဟု ဆိုခဲ့သည်။

ထို့ကြောင့် သူ့ဆွေမျိုးများနှင့် မတွေ့ဆုံခင် အချိန်နည်းနည်းလောက် ထပ်ပေးဖို့ ယင်ကျီး တောင်းဆိုခဲ့ပါသည်။ ယန်ဟဲမိန်ကလည်း သဘောတူခဲ့ပြီး နှစ်ယောက်အတူတူ ခရီးဆက်ခဲ့ကြသည်။

ထိုကာလအတွင်း ယန်ကျီး ကိုယ်ဝန်ရှိလာခဲ့သည်။

သားဦးဖြစ်သဖြင့် ယန်ဟဲမိန်လည်း အလွန်ပျော်ရွှင်သွားခဲ့ရပါသည်။ ခရီးကို ခေတ္တရပ်နားခဲ့ပြီး ယင်ကျီးကို တိတ်ဆိတ်ငြိမ်သက်သည့် မြို့လေးတစ်မြို့တွင် အနားယူစေလျက် ကလေးကော မိခင်ပါ ကျန်းမာစေဖို့အတွက် ဝိညာဉ်ဆေးပင်များစွာကို ရှာဖွေပေးခဲ့ပါသည်။

၁၀ လခန့် ကြာပြီးနောက် ယင်ကျီး သားယောက်ျားလေးတစ်ဦးကို ဖွားမြင်ပေးခဲ့သည်။ ယန်ဟဲမိန်တစ်ယောက် အတိုင်း ထက်အလွန် ပျော်ရွှင်သွားခဲ့ရပြီး လက်သည်ကိုပင် အိမ်တံခါးရှေ့ထိ ရောက်အောင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယန်ဟဲမိန် ရှိမနေသည့် ထိုအခိုက်အတန့်တွင် ယင်ကျီးက နတ်ဆိုးမျိုးစေ့ကို ထုတ်ကာ ထိုကလေး ပါးစပ်ထဲထည့်ပေးခဲ့ပါသည်။ နတ်ဆိုးမျိုးစေ့က အရွယ်အစား သေးငယ်သဖြင့် ကလေး၏ ပါးစပ်ထဲ ရောက်သည်နှင့် လည်ချောင်းမှတဆင့် ခန္ဓာကိုယ်အတွင်း ချောချောမွေ့မွေ့ ဆင်းသက်သွားခဲ့သည်။

ကလေးလေး၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ယင်ကျီး နူးညံ့သိမ်မွေ့စွာ တီးတိုးပြောလိုက်သည်။

“မေမေ့ ကလေးလေး၊ မြန်မြန်အရွယ်ရောက်လာရမယ်နော်၊ မကြာခင် မေမေလာရှာမယ်”

သားဖြစ်သူကို ပြန်ချထားပြီးနောက် ယင်ကျီး ကိုယ့်ကိုယ်ကိုယ် သွေးထွက်လွန်အောင် ဖန်တီးလိုက်သည်။ ယန်ဟဲမိန် ပြန်ရောက်လာချိန်တွင် နောက်ကျသွားခဲ့ပါပြီ။

ယင်ကျီးက ကလေးမီးဖွားပြီး မတော်တဆဖြစ်ကာ ‘သေဆုံး’ သွားခဲ့ရသည်။

ဖခင်တစ်ယောက်ဖြစ်လာရခြင်း၏ပျော်ရွှင်မှုကို မခံစားနိုင်ခင်မှာပင် ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုအား ယန်ဟဲမိန် အပြင်းအထန် ခံစားခဲ့ရသည်။

ယန်ဟဲမိန် ပစ္စည်းများကို အမြန်ထုပ်ပိုးသိမ်းဆည်းပြီး ယင်ကျီး၏ရုပ်ကြွင်းများကို ချန့်ခွင်းအိတ်ထဲထည့်လျက် သူ့သားလေးနှင့်အတူ အိမ်ကိုပြန်လာခဲ့တော့သည်။

ထို့နောက်ပိုင်း ယန်မိသားစုတွင် ဘာတွေဆက်ဖြစ်သလဲ ယင်ကျီးမသိတော့ပါ။ ထို့ကြောင့် သူမ အိပ်မက်က ၁၆ နှစ်ခန့်အကြာသို့ ကျော်လွန်ရောက်ရှိသွားခဲ့သည်။

ဘဝအတွေ့အကြုံယူဖို့အတွက် ယန်ဟဲမိန်၏သားဖြစ်သူ ခရီးထွက်လာမှန်း ယင်ကျီး ကြားသိခဲ့ရသည်။ ထို့ကြောင့် ကျင်းကျိုးတွင် ဆူပူမှုများဖြစ်လာအောင် တမင်ဖန်တီးခဲ့သည်။

ယန်လင်းယွမ်မှာ သူ့ဖခင်ကဲ့သို့ပင် နတ်ဆိုးများကို နှိမ်နင်းဖို့ကသာ ဘဝရည်မှန်းချက်ဟု မှတ်ယူထားကြောင်း ယင်ကျီးသိပါသည်။ ထို့ကြောင့် ပျောက်ဆုံးနေသည့် လူငယ်များက သူမလက်ချက်ဖြစ်မှန်း ယန်လင်းယွမ်သာ သိသွားလျှင် သူမလို ‘နတ်ဆိုးမ’ကို သုတ်သင်ပစ်ဖို့ ဝန်လေးမည် မဟုတ်ပေ။

အိပ်မက်ထဲတွင် ယင်ကျီး ဘာကြောင့် ယန်လင်းယွမ်၏ လက်ထဲတွင် သေချင်နေရသလဲ ဟူသည့်အကြောင်းပြချက်ကိုရှင်းရှင်းလင်းလင်း ဖော်ပြမသွားခဲ့ပါ။ သို့သော် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကတော့ အကြောင်းအရင်းကို ခန့်မှန်းမိနေကြပါပြီ။

နတ်ဆိုးမျိုးစေ့က အစွန်းရောက်အငြှိုးတရားနှင့် အကြွင်းမဲ့အမျက်ဒေါသတို့ကို စားသုံးသည်။ လူသားတစ်ဦးထံမှ ထွက်လာနိုင်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်တိုင်းက နတ်ဆိုးမျိုးစေ့အတွက် အားဖြည့်စာများပင်။

နတ်ဆိုးများကို စက်ဆုပ်မုန်းတီးတတ်အောင် ပျိုးထောင်ခံခဲ့ရသည့် ယန်လင်းယွမ်တစ်ယောက် သူ့မျိုးရိုးအစစ်အမှန်ကို သိရှိသွားသည့်အပြင် သူ့အမေအရင်းကိုပါ သူကိုယ်တိုင် သတ်ပစ်ခဲ့မိကြောင်း သိလိုက်ရသည့်အခါ စိတ်သောကအကြီးအကျယ် ရောက်သွားပါလိမ့်မည်။

သူ့ကို မွေးဖွားပေးခဲ့သည့်အတွက် ယင်ကျီးကို မုန်းတီးလိမ့် မည်။ နတ်ဆိုးမှန်သမျှကို နှိမ်နင်းရမည်ဟူသော အယူဝါဒကို သူ့ခေါင်းထဲ ရိုက်သွင်းပေးခဲ့သည့် ယန်ဟဲမိန်ကိုလည်း မုန်းတီးလိမ့်မည်။ နောက်ဆုံး သူ့ကိုယ်သူပါ မုန်းတီးသွားပါလိမ့်မည်။

ထိုကဲ့သို့ ပြင်းထန်လှသော အာယာတ အငြှိုးတရားများက နတ်ဆိုးမျိုးစေ့ကို နိုးထလာစေဖို့ လုံလောက်သည့် အာဟာရများ ဖြစ်လာာနိုင်သည်။ နတ်ဆိုးမျိုးစေ့ ပြန်လည် နိုးထလာသည်နှင့် နတ်ဆိုးနယ်မြေတစ်ခုလုံး အနာဂတ်အသစ်တစ်ခုကို ပိုင်ဆိုင်ရကာ ယင်ကျီး၏တာဝန်လည်း ပြီးမြောက် အောင်မြင်သွားပါလိမ့်မည်။

ပုံရိပ်ယောင်ကမ္ဘာထဲ အိပ်မက် အဆုံးသတ်သွားပါပြီ။ ယင်ကျီး အိပ်ရာနိုးလာပြီး ကုတင်ပေါ်တွင် ငူငူငိုင်ငိုင်ထိုင်ကာ အိပ်မက်ကို ပြန်စဉ်းစားဖို့ ကြိုးစားသော်လည်း ဘာမှ မမှတ်မိပေ။

နောက်ဆုံးတော့ ယင်ကျီး ခေါင်းသာခါလိုက်ပြီး ရေမိုးချိုးကာ လက်ဆွဲအိတ်ကိုယူဆောင်လျက် အလုပ်သွားရန် ဘတ်စ် ကားဂိတ်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။

အစီအရင်၏ အပြင်ဘက်တွင် လင်းယွမ်ကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်မိသည်။ သူမတစ်ခုခုမေးဖို့ နှုတ်ပြင်လိုက်ပါသည်။

နတ်ဆိုးမျိုးစေ့အကြောင်း သူမ စဉ်းစားနေမှန်း လင်းယွမ်သိသဖြင့် ဦးစွာ ပြောလိုက်သည်။

“ကိုယ့် ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့က နိုးနေပြီ”

ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။ နတ်ဆိုးမျိုးစေ့က နိုးထပြီးသားဖြစ်နေလျှင် ထိုမဟာအဖြစ်ဆိုးများကို လင်းယွမ် အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည့် သဘောပင်။

ထိုအငြှိုးတရားများ၊ အမျက်ဒေါသများကို သူအမှန်တကယ် ခံစားခဲ့ရသည်။

ထို့ကြောင့်လည်း သူ့အတိတ်ဘဝကို အလွန် မုန်းတီးနေခြင်းဖြစ်လိမ့်မည်။ မုန်းတီးလွန်းသဖြင့် အရာရာကို မေ့ပစ်ဖို့ ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။

🌹Chapter 200

လင်းယွမ်နေရာမှာ သူမသာဆို ထိုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် ကျိန်းသေပေါက် ရူးသွပ်သွားနိုင်သည်ဟု ယန်ရုန်ရုန် တွေးလိုက်မိပါသည်။

အတိတ်များကို ဆုံးရှုံးခဲ့ရသော်လည်း စိတ်လွတ်မသွားအောင် ထိန်းထားနိုင်ရုံနှင့်ပင် လင်းယွမ်အံ့ဩစရာကောင်းအောင် အလွန်သန်မာနေပါပြီ။

ယန်ရုန်ရုန့် အကြည့်များ ပြောင်းလဲသွားသည်ကို သတိထားမိပြီး လင်းယွမ် ချက်ချင်း အနားတိုးလာခဲ့ကာ မရိုးသားသော လေသံဖြင့် မေးလိုက်သည်။

“ကိုယ့်အတွက် စိတ်မကောင်းဖြစ်နေတာလား”

ယန်ရုန်ရုန့်အဖြေကိုပင် စောင့်မနေဘဲ သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ပိုပိုသာသာ အာမေဍိတ်သံကြီးဖြင့် ပြောလိုက်သည်။

“ကိုယ့်အတွက် တကယ်စိတ်မကောင်းဖြစ်နေရင် ရှောင်း ရှောင်းရဲ့ခန္ဓာကိုယ်လေးနဲ့ အနွေးဓာတ်လေး ပေးပါလားကွာ!”

ယန်ရုန်ရုန် : “…”

မကြာသေးခင်ကမှ ဖြစ်ပေါ်လာသည့် ကရုဏာစိတ်ပမွှားလောက်လေး ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားသည်။ ယန်ရုန်ရုန် ညာဘက်ခြေထောက်ကို မြှောက်လိုက်ပြီး လင်းယွမ်၏ ဝမ်းဗိုက်အောက်သို့ ချိန်ရွယ်ကာ ဒူးဖြင့် တိုက်ချပစ်လိုက်သည်။

လင်းယွမ်ကလည်း အလျှင်အမြန် တုံ့ပြန်ခဲ့ပါသည်။ သူမကို ချက်ချင်းပြန်လွှတ်လိုက်ပြီး သေစေနိုင်သော တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။

လင်းယွမ် မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်သွားခဲ့သည်။

“ကိုယ့်ကို မျိုးဆက်ပြတ်အောင် လုပ်မလို့လား!”

ယန်ရုန်ရုန်က သူမအဝတ်အစားများကို အသာအယာ သပ်ချရင်း နှာခေါင်းရှုံ့လိုက်သည်။

“ဟင်း… အဲ့တာလက်သရမ်းတဲ့ အကျိုးဆက်ပဲ”

ဒီလို စိတ္တဇအတွက် စိတ်မကောင်းဖြစ်မိသည့် သူမကပဲ ရူးသွပ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

လင်းယွမ် ဝမ်းနည်းသွားပုံပေါ်သည်။

“နှလုံးသားမဲ့လိုက်တာ”

ယန်ရုန်ရုန် သူ့ကို လျစ်လျူရှုလိုက်ပြီး လက်သင်္ကေတအချို့ ဖော်ဆောင်ကာ ပုံရိပ်ယောင်အစီအရင်ကို ဖျက်သိမ်းပစ်လိုက်ပါသည်။ ထိုအခါ ကြမ်းပြင်ပေါ်တွင် အစီအရင်ကျောက်ပြားလေးသာ ကျန်ခဲ့ပြီး ယင်ကျီးကို မတွေ့ရတော့ချေ။

လင်းယွမ်က မေးသည်။

“သူ့ကို သတ်လိုက်တာလား”

အမည်ကို မဖော်သော်လည်း သူဘယ်သူ့ကိုမေးနေမှန်း ယန်ရုန်ရုန်သိပါသည်။ ထို့ကြောင့် အစီအရင်ကျောက်ပြားကို ပြန်သိမ်းရင်း အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အဲ့လို ကောက်ချက်ချချင်တယ်ဆိုလည်း ရပါတယ်”

အမှန်တော့ ပုံရိပ်ယောင်အစီအရင်နှင့် ပေါင်းစပ်သွားပြီဆိုသည်နှင့် ယင်ကျီးမှာ ထိုအိပ်မက်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပါပြီ။

ခန္ဓာကော ဝိညာဉ်ကော ထိုပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ပါ။ တစ်နည်းအားဖြင့် သေဆုံးခြင်းနှင့် မခြားနားလှပေ။

ယန်ရုန်ရုန် အခင်းများကို ပြန်သိမ်းရင်း လင်းယွမ်ကို ပြောလိုက်သည်။

“သွားကြစို့”

လင်းယွမ်လည်း သူမနောက် လိုက်လာခဲ့ပြီး တောင်စောင့်ဘုရားကျောင်း၏ ဘေးပတ်ပတ်လည်တွင် ခင်းကျင်းထားခဲ့သည့် အကာအရံများအား ဖျက်သိမ်းရင်း မေးလိုက်သည်။

“ဘယ်ကိုသွားမှာလဲ”

ယန်ရုန်ရုန် နှုတ်ခမ်းဟကာ တွေးထားခဲ့သည်မှာ ကြာပြီဖြစ်သည့် အဖြေကို ပေးလိုက်တော့သည်။

“ရှန်းလန်မြို့က ယန်မိသားစုဆီကို”

နတ်ဆိုးမျိုးစေ့အကြောင်းကို ယင်ကျီးထံမှ သူမတို့ သိရှိခဲ့ရပါပြီ။ နတ်ဆိုးမျိုးစေ့က အာဃာတအငြှိုးတရားနှင့် အမျက်ဒေါသတို့ အပါအဝင် အပျက်သဘောဆောင်သော စိတ်ခံစားချက်တိုင်းကို စားသုံးသည်။

ထို့ကြောင့်လည်း ယင်ကျီးက ယန်လင်းယွမ်အပေါ် အသည်းအသန် အကွက်ချ ကြံစည်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့မိသားစု၊ သူ့အနာဂတ်နှင့် သူ့ယုံကြည်မှုတို့အားလုံးကို ဆုံးရှုံးသွားစေချင်ပြီး ထာဝရငရဲနှင့် အတိုင်းအဆမဲ့ နာကျင်မှုတို့ထံ တွန်းပို့ချင်ခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ယန်ရုန်ရုန်ကတော့ ယန်လင်းယွမ်ကို ကာကွယ်ပေးပါမည်။ သူ့ကို မျှော်လင့်ချက်များ ပေးမည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ သူ့ထံ ရောက်မလာအောင် တားဆီးပေးမည်။ ထိုအခါ နတ်ဆိုးမျိုးစေ့လည်း နိုးထလာနိုင်တော့မှာ မဟုတ်ဘဲ ယန်လင်းယွမ်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါလိမ့်မည်။

သူမတို့နှစ်ယောက် ရှန်းလန်မြို့သို့ အမြန်ဆုံး သွားရောက်ခဲ့ကြသည်။

ရှန်းလန်မြို့က တောတောင်နှင့် ရေမြေတို့ကို အမှီပြုကာ တည်ဆောက်ထားသော မြို့တော်ကြီးတစ်ခုဖြစ်ပြီး သဘာဝရှုခင်းများက ရင်သပ်ရှုမောစရာ ကောင်းကာ နေထိုင်ချင်စဖွယ် မြို့တစ်မြို့ဖြစ်ပါသည်။

မြို့တော်တံတိုင်းကြီးများက အလွန်မြင့်မားပြီး ခမ်းနားလှသည်။ မြို့တော်ဂိတ်ပေါက်တွင် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့က စောင့်ကြပ်နေပါသည်။

မြို့တော်ထဲသို့ ဝင်ရောက်မည့် လူများက တန်းစီရပြီး တစ်ယောက်ပြီးတစ်ယောက် အစစ်ဆေးခံရသည်။

ယန်ဟဲမိန် စည်းမျဉ်းစည်းကမ်းတစ်ခု ထုတ်ပြန်ထားခဲ့သည်မှာ ကြာပါပြီ။ ရှန်းလန်မြို့က အပြင်လူများကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါသည်။ မြို့တော်အတွင်း ဝင်ရောက်ချင်သည့် အပြင်လူများက လူသားဟုတ်မဟုတ် အရင်ဆုံး စစ်ဆေးခံရမည်။

လူသားမဟုတ်ဘဲ နတ်ဆိုးဖြစ်နေကြောင်း တွေ့ရှိရပါက ခြွင်းချက်မရှိ နေရာမှာတင် ချက်ချင်း သုတ်သင်ပစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထိုစည်းမျဉ်းအကြောင်းကိုကြားပြီး ယန်ရုန်ရုန် လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။

လင်းယွမ်က ပုံရိပ်ယောင်ပညာကို အသုံးပြုပြီး သူ့ရုပ်ကို ဖျက်ထားပါသည်။ လောလောဆယ် သူ့ပုံစံက ထူးထူးခြားခြား သတိထားမိစရာမရှိသည့် သာမန်လူသားကျင့်ကြံသူတစ်ယောက်၏ ပုံစံမျိုးပင်။

သို့သော် နတ်ဆိုးကျင့်ကြံသူဖြစ်နေသည့် အချက်ကိုတော့ ပြောင်းလဲမရနိုင်ပေ။ စစ်ဆေး၍သာ မိသွားခဲ့လျှင် ယန်မိသားစုတစ်စုလုံးက သူ့ကို သုတ်သင်ဖို့ ကြိုးစားကြပါလိမ့်မည်။

ယန်ရုန်ရုန်စိတ်ပူနေမှန်း လင်းယွမ် ရိပ်မိသဖြင့် ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။

“ဘာမှ စိတ်မပူနဲ့”

သူတို့နှစ်ယောက် လူတန်းကြီး၏ နောက်ဆုံးတွင် ဝင်တန်းစီလိုက်ကြသည်။ သူတို့အလှည့်သို့ ရောက်သောအခါ ကျင့်ကြံသူတစ်ယောက်က ယန်ရုန်ရုန်နှင့် လင်ယွမ်တို့ကို မျက်လုံးဖြင့် ဦးစွာ အကဲခတ်လိုက်သည်။

ထို့နောက် ချောမွတ်နေသည့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ကာ သူတို့ရှေ့ ချပေးလိုက်ပါသည်။

“ဝိညာဉ်ကျောက်တုံးပေါ် လက်တင်လိုက်ပါ”

ယန်ရုန်ရုန် ညာဘက်လက်ကို မြှောက်ကာ ထိုဝိညာဉ်ကျောက်တုံးပေါ် တင်လိုက်ပါသည်။ ကျောက်တုံး၏ မျက်နှာပြင်က ရွှေရောင် လင်းလက်သွားခဲ့သည်။

ဒါကိုမြင်ပြီး ကျင့်ကြံသူက သာမန်ကာလျှံကာ ပြောလိုက်လေသည်။

“ရွှေအမြုတေအဆင့် လူသားကျင့်ကြံသူ၊ ပုံမှန်မဟုတ်တာ မရှိဘူး၊ ဝင်လို့ရပြီ”

ယန်ရုန်ရုန် ဘေးဖယ်ပေးလိုက်ပြီး လင်ယွမ်အလှည့်သို့ ရောက်ရှိသွားခဲ့သည်။ လင်းယွမ် ဝိညာဉ်ကျောက်တုံးပေါ်သို့ လက်တင်လိုက်သည်ကို ယန်ရုန်ရုန် အသက်အောင့်ရင်း စောင့်ကြည့်နေခဲ့သည်။ သူနတ်ဆိုးတစ်ကောင်ဖြစ်မှန်း ပေါ်သွားမှာကို ယန်ရုန်ရုန် အလွန်ကြောက်ရွံ့နေခဲ့ပါသည်။

အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဝိညာဉ်ကျောက်တုံးက ခရမ်းရောင်ခပ်ဖျော့ဖျော့ လင်းလာခဲ့သည်။ ကျင့်ကြံသူ၏ မျက်နှာထားလည်း အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်ကို ပြန်မော့ကြည့်ကာ လေသံကလည်း ပိုမို ရိုသေသွားခဲ့သည်။

“ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါလား၊ ရှန်းလန်မြို့မှ ကြိုဆိုပါတယ်၊ ကျေးဇူးပြုပြီး ဝင်နိုင်ပါပြီ”

ထိုစကားကို ကြားသောအခါ အခြားကျင့်ကြံသူများကပါ လင်းယွမ်ကို အံ့အားသင့်စွာ ဝိုင်းကြည့်ကုန်ကြပါသည်။

လက်ရှိတွင် ကုန်းမြေတိုက်ကြီးကိုးခု၌ စွမ်းအားအကြီးမားဆုံး ကျင့်ကြံသူမှာ မဟာအောင်မြင်ခြင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည့် ယန်မိသားစုဦးစီး ယန်ဟဲမိန်ပင်ဖြစ်သည်။

ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်အထက်တွင် မဟာအောင်မြင်ချင်းအဆင့်သာ ရှိတော့သည်။ တစ်နည်းအားဖြင့် ရှန်းလန်မြို့တွင် ဒီလူစိမ်းကျင့်ကြံသူကို အနိုင်ယူနိုင်သည့်လူမှာ ယန်ဟဲမိန်မှအပ တခြားမရှိနိုင်ပါ။

လင်းယွမ် တစ်ချိန်လုံး အပြုံးမပျက်ခဲ့ပေ။ လူအုပ်ကြီး၏ စောင့်ကြည်မှုအောက်တွင် ရှန်းလန်မြို့တွင်းသို့ တည်တည်ငြိမ်ငြိမ် ဝင်သွားခဲ့ပါသည်။

သူ့အမူအရာများကို အကဲခတ်ကြည့်ရုံနှင့် ထိပ်တန်းကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါမျိုးကို အားလုံး ခံစားနေရပါသည်။

လင်းယွမ်တစ်ယောက် ဘေးကင်းကင်း လွတ်မြောက်လာသည်ကိုမြင်မှ ယန်ရုန်ရုန် အသက်ဝဝရှူနိုင်တော့သည်။

ရှန်းယန်မြို့တွင် နေထိုင်ကြသူအများစုက ကျင့်ကြံသူများဖြစ်ကြပြီး သာမန်လူအနည်းငယ်သာ ရှိပါသည်။ ယန်မိသားစု၏ အုပ်ချုပ်မှုကြောင့် မြို့တော်က အလွန်လုံခြုံမှုရှိပြီး ကျင့်ကြံသူများ အနိုင်ကျင့်နှိပ်စက်မှာကို သာမန်လူများက စိုးရိမ်စရာ မလိုအပ်ပါ။

ကျင့်ကြံသူများကလည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပြီး မြို့တော်တစ်ခုလုံး အံ့အားသင့်ဖို့ကောင်းလောက်အောင် အေးချမ်းသာယာနေပါသည်။

အလည်အပတ်လာရောက်ခြင်းဖြစ်သဖြင့် လက်ချည့်ဗလာသွားလို့တော့ မဖြစ်ပါ။ ထို့ကြောင့် ယန်ရုန်ရုန် ဈေးဆိုင်တစ်ဆိုင်မှ မုန့်ပဲသရေစာအချို့နှင့် သစ်သီးများကို ဝယ်ယူလိုက်ပြီး ယန်အိမ်တော်၏ တည်နေရာကိုလည်း ဆိုင်ရှင်အား မေးမြန်းခဲ့ပါသည်။

အထုပ်အပိုးများသယ်ရင်း ယန်ရုန်ရုန် ဆိုင်ထဲမှ ပြန်ထွက်လာသောအခါ လမ်းမပေါ်တွင် မတ်တပ်ရပ်နေပြီး တစ်နေရာရာကို စိုက်ကြည့်နေသည့် လင်းယွမ်ကို မြင်လိုက်ရသည်။

ယန်ရုန်ရုန်လည်း သူ့အကြည့်နောက် လိုက်ကြည့်လိုက်ရာ ကလေးတစ်စု ကစားနေသည့် မြင်ကွင်းကို တွေ့သွားခဲ့သည်။

ကလေးများက ဇာတ်ကောင် သရုပ်ဆောင်တမ်း ကစားနေပုံရသည်။ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး နတ်ဆိုးတစ်ကောင်အဖြစ် သရုပ်ဆောင်နေကာ အခြားကလေးများက သူ့ကို သစ်သားဓားများ တုတ်ချောင်းများဖြင့် ဝိုင်းရိုက်ရင်း အော်ဟစ်နေကြသည်။

“ကောက်ကျစ်တဲ့ နတ်ဆိုးကြီး! ငါတို့မင်းကို သတ်မယ်ကွ! ရား!!”

မျက်နှာဖုံးနှင့် ကောင်လေးက ပထမတော့ ခုခံဖို့ကြိုးစားသော်လည်း တစ်ဖက်က လူအင်အားပိုများပြီး ခွန်အားလည်းမမျှသဖြင့် ပြန်မခုခံနိုင်ခဲ့ဘဲ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရပါသည်။

က‌လေးတစ်ယောက်သာဖြစ်သဖြင့် နာကျင်မှုများကို ခံနိုင်ရည်မရှိဘဲ မျက်နှာဖုံးကို ဆွဲချွတ်ကာ အဝေးသို့ လွှတ်ပစ်လိုက်ပြီး မြေကြီးပေါ်တွင် ထိုင်ငိုနေလေတော့သည်။

ထိုငိုသံကြောင့် အနီးနားရှိ အမျိုးသမီးတစ်ယောက် အပြေးအလွှားရောက်လာပြီး ကောင်လေးကို ပွေ့ချီကာ မျက်ရည်များ သုတ်ပေးရင်း အခြားကလေးများကိုလည်း ဆူငေါက်လိုက်ပါသည်။

“ငါတို့ တာ့ကျွမ်းလေးကို အနိုင်မကျင့်ကြနဲ့!”

ကလေးများကလည်း သူတို့အမှားလုပ်မိသည်ဟု မထင်ဘဲ ပြန်ငြင်းခုံခဲ့ပါသည်။

“သားတို့သူ့ကို အနိုင်ကျင့်တာမဟုတ်ဘူးး! သားတို့က နတ်ဆိုးတွေ နှိမ်နင်းနေတာ၊ သူက နတ်ဆိုးမို့လို့ သေသင့်တယ်!”

အရိုက်ခံခဲ့ရသည့် ကောင်လေး၏ ငိုသံက ပို၍ပင် ကျယ်လောင်သွားခဲ့ပြီး မျက်ရည်များအကြား ငြင်းဆန်လိုက်ပါသည်။

“ငါနတ်ဆိုးမဟုတ်ဘူး! ငါကလူသားပဲ! နောက်တစ်ခါ နတ်ဆိုးမလုပ်တော့ဘူး!”

အမျိုးသမီးက ကလေးအုပ်စုကို အနည်းငယ် ထပ်ငေါက်ပြီးနောက် သူမကလေးကို အိမ်ပြန်ခေါ်သွားတော့သည်။ တခြားကလေးများလည်း ပျင်းရိသွားသဖြင့် ဆက်မကစားချင်တော့ဘဲ ထွက်သွားကြလေသည်။

အဆုံးသတ်တွင်တော့ နတ်ဆိုးမျိုးနွယ်ကို ကိုယ်စားပြုသည့် မျက်နှာဖုံးလေးသာ အလိုရှိသူကင်းမဲ့လျက် မြေကြီးပေါ်တွင် အဖော်မဲ့စွာ ကျန်ရစ်ခဲ့တော့သည်။

All Chapters