← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

🌹Chapter 211

အချိန်အတော်ကြာမြင့်နေပြီဖြစ်ရာ လင်းယွမ်ကို ကယ်တင်၍ ရနိုင်ပါဦးမလားဟုပင် ယန်ရုန်ရုန် စတင် စိုးရိမ်လာမိသည်။

ထိုစဉ် ယန်လင်းယွမ်က သူ့လက်ကို ရုတ်တရက်မြှောက်ကာ မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်သည်။

ထို့နောက် အကျည်းတန်မျက်နှာဖုံးကို လင်းယွမ်၏ မျက်နှာပေါ် ပြန်တပ်ပေးလိုက်ပါသည်။

ယန်လင်းယွမ်က ဆိုသည်။

“အဲ့ဒီလူတွေပြောတာကို နားမထောင်နဲ့၊ နတ်ဆိုးတစ်ကောင်ဖြစ်လာရတာ ခင်ဗျားအပြစ် မဟုတ်ဘူး”

ထိုမျက်နှာဖုံးတွင် ဆန်းကြယ်သည့် စွမ်းအားတစ်ခုခု ရှိနေသည့်အလား လင်းယွမ် ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ကြောက်စရာ နတ်ဆိုးစွမ်းအင်များ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါသည်။

လင်းယွမ် နားအုပ်ထားသည့် လက်များကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး သူ့ရှေ့က ကောင်လေးကို စေ့စေ့ စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ့ရဲ့ မွေးဖွားခြင်းကို မရွေးချယ်နိုင်ခဲ့ပေမယ့် အနာဂတ်မှာ လျှောက်လှမ်းရမယ့် လမ်းကိုတော့ ရွေးချယ်နိုင်တယ်”

ကောင်လေးကလည်း သူ့ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ကမ္ဘာကြီးမှာ အဖြူနဲ့ အမည်းပဲ ရှိတာ မဟုတ်ဘူး၊ နတ်ဆိုးတိုင်းက မယုတ်ညံ့သလို လူသားတိုင်းကလည်း ဖြောင့်မတ်နေတာ မဟုတ်ဘူး”

လင်းယွမ် ခါးမတ်မတ်ရပ်လိုက်သည်။

“ငါဘာအမှားမှ မလုပ်ခဲ့ဘူး၊ အဲ့တာကြောင့် ငါ့ရဲ့ ရွေးချယ်မှုတွေအတွက် နောင်တမရဘူး”

ကောင်လေးက လင်းယွမ်၏ မျက်နှာကို မော့ကြည့်ရင်း ဆက်ပြောသည်။

“အရာရာ အစကနေ ပြန်စရမယ်ဆိုရင်တောင်၊ ကျွန်တော် နတ်ဆိုးတစ်ကောင်ဖြစ်နေမှန်း အားလုံး သိသွားမယ်ဆိုရင်တောင် လူတွေကို ကယ်တင်ပေးဦးမှာပဲ”

လင်းယွမ် ခိုင်ခိုင်မာမာ ပြောဆိုလိုက်သည်။

“ငါဘာမှ နောင်တမရဘူး”

ကောင်လေးကလည်း ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

“နောင်တ မရှိဘူး”

ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် တောက်တောက်ပပအပြုံးတစ်ခု ယန်လင်းယွမ်၏မျက်နှာပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ အရုဏ်ဦး၏ နေမင်းပမာ တောက်ပပြီး ညကောင်း ကင်၏ ကြယ်ပွင့်များပမာ လင်းလက်ကာ လေထန်နေချိန်မှာပင် မယိမ်းယိုင်သော သစ်ပင်ကြီးတစ်ပင်ပမာ တည်ငြိမ်သည့် အပြုံးတစ်ခုပင်။

ထို့နောက် ယန်လင်းယွမ်၏ ခန္ဓာကိုယ် မြူခိုးမြူငွေ့များထဲ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့တော့သည်။

လင်းယွမ် မလှုပ်မယှက် အချိန်အကြာကြီး မတ်တပ်ရပ်နေခဲ့သည်။ ယန်ရုန်ရုန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းကြည့်လိုက်ရာ သူမကို တွန်းကန်ခဲ့သည့် စွမ်းအားများ ပျောက်ကွယ်သွားပြီဖြစ်မှန်း သိလိုက်ရပါသည်။

ထို့ကြောင့် လင်းယွမ်ထံ အမြန်ဆုံး ပြေးလာခဲ့သည်။

“လင်းယွမ် ရှင်…”

သူမ စကားမဆုံးခင် လင်းယွမ် မျက်လုံးများ မှိတ်သွားပြီး ရှေ့သို့တည့်တည့် ယိုင်ကျသွားခဲ့သည်။ ယန်ရုန်ရုန် သူ့ခန္ဓာကိုယ်ကို အမြန်ဖမ်းလိုက်သော်လည်း နှစ်ယောက်ပေါင်း ကိုယ်အလေးချိန်က များပြားလွန်းသဖြင့် သူတို့ခြေဖျားအောက်ရှိ ရေခဲပြင်များ အက်ကွဲသွားခဲ့သည်။

လင်းယွမ်ကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း အေးစက်နေသည့် ရေခဲမြစ်ထဲ ယန်ရုန်ရုန် ပြုတ်ကျသွားလေတော့သည်။

ရေထဲရောက်ရှိသွားသော်လည်း နစ်မွန်းသည့် ခံစားချက်ကို မခံစားခဲ့ရပေ။ အေးမြမှုကိုသာ ခံစားလိုက်ရသည်။

အရာအားလုံး အဆုံးသတ်တော့မည်ဖြစ်မှန်း သူမ သိလိုက်ပါသည်။

သူမ ခန့်မှန်းချက် မှန်ကန်သည်။ မကြာမီ ရေခဲမြစ်ကြီး ပျောက်ကွယ်သွားကာ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့နှစ်ယောက် ရင်းနှီးနေသည့် မှောင်ပျပျ မြူထူနေသော နေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

အနီးနားမှ လောလောနှင့် လျို့လန်တို့၏ အော်သံများကိုလည်း သူမ ကြားနေရသည်။

“သခင်မ! သခင်မ! ငါတို့ခေါ်တာ ကြားရဲ့လား! ကြားရင်တစ်ခုခုပြန်ပြောပါဦးဟ!”

“မေမေ အီးဟီးဟီး!! သားကိုမထားခဲ့ပါနဲ့!”

သူတို့ကို ယန်ရုန်ရုန်သေချာ မမြင်နိုင်သော်လည်း အသံများကို နားထောင်ကြည့်ခြင်းအားဖြင့် မလှမ်းမကမ်းတွင် ရှိနေမှန်း သိနိုင်ပါသည်။

ထို့ကြောင့် သူမ ပြန်အော်လိုက်သည်။

“လျှောက်အော်မနေကြနဲ့၊ ငါတို့ ဘာမှမဖြစ်ဘူး”

ထိုသို့ပြောပြီးနောက် သတိလစ်နေသည့် လင်းယွမ်ကို သူမ လက်ဖြင့် တို့ကြည့်လိုက်သည်။ မှတ်ဉာဏ်ပေါင်းများစွာ ရုတ်တရက် တိုးဝင်လာခြင်းကြောင့် စိတ်က ခံနိုင်ရည်မရှိဘဲ ကိုမာဝင်သွားခြင်းဖြစ်နိုင်သည်ဟု ယန်ရုန်ရုန် ခန့်မှန်းလိုက်ပါသည်။

သူမအသံကို ကြားလိုက်သည့် လောလောနှင့် လျို့လန်တို့လည်း စိတ်အေးသွားကြသည်။ လောလောက ပြောသည်။

“ငါတို့မင်းကို အကြာကြီးအော်ခေါ်နေတာ၊ ဘာအသံမှမကြားတော့ မင်းတို့နှစ်ယောက်ကို မကောင်းဆိုးဝါးတွေ ဖမ်းခေါ်သွားတယ်ထင်နေတာ”

လင်းယွမ်၏ ခန္ဓာကိုယ်က အလွန် လေးလံပါသည်။ ထို့ကြောင့် ယန်ရုန်ရုန်တစ်ယောက်တည်း သယ်ဆောင်ဖို့ ခက်ခဲသည်။

လောလောကို သူမ လှမ်းပြောလိုက်ပါသည်။

“ရှေ့မှာ မြစ်တစ်စင်းရှိတယ်၊ ရှင်သားရဲအသွင် ပြန်ပြောင်းပြီး ကျွန်မတို့ကို ဟိုဘက်ကမ်းရောက်အောင် ပို့ပေး”

လောလောက ပြန်ချေပသည်။

“မင်းမှာ ဓားပျံရှိတယ် မဟုတ်ဘူးလား”

ယန်ရုန်ရုန့်တွင် ဓားပျံရှိသော်လည်း သတိလစ်နေသည့် လင်းယွမ်ကို သယ်ဆောင်ပြီး ဓားပျံစီးဖို့ မလွယ်လှပေ။ ထို့အပြင် ရှင်းလည်းရှင်းမပြချင်သဖြင့် ဒီတိုင်း ပြောလိုက်သည်။

“ကျွန်မ လှုပ်လှုပ်ရှားရှား လုပ်ရမှာပျင်းနေလို့၊ လိုက်ပို့ပေးစမ်းပါ၊ ကျွန်မ တန်ရာတန်ကြေးပေးပါ့မယ်”

အကျိုးအမြတ်ရမည့်အကြောင်း ကြားလိုက်သည်နှင့် လောလော စိတ်လှုပ်ရှားသွားခဲ့သည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ အခုချက်ချင်း လာခဲ့မယ်”

ခြေသံများ နီးကပ်လာသည်ကို ယန်ရုန်ရုန် ကြားနိုင်သည်။ အသံလာရာဘက်သို့ သူမ လှည့်ကြည့်လိုက်ရာ ဝေဝေဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ရပါသည်။

ထိုပုံရိပ် တဖြည်းဖြည်း နီးကပ်လာသောအခါ အစိမ်းရောင် မီးလင်းကျောက်တစ်ခုကို ကိုင်ထားမှန်း မြင်လိုက်ရသည်။ ထိုမီးလင်းကျောက်မှ ထွက်လာသော ခပ်ဖျော့ဖျော့ အလင်း ရောင်ကြောင့် လောလော၏မျက်နှာကို မသဲမကွဲ မြင်နေရပါသည်။

လောလောက သူမကို ပြုံးပြကာ ချက်ချင်း ရွှေရောင်တောက်နေသော ဧရာမ ဖီရှို့နတ်သားရဲကြီးအသွင် ပြောင်းသွားခဲ့သည်။

“တက်ကြ”

လင်းယွမ်ကို တွဲပေးရင်း ဖီရှို့သားရဲအပေါ်တက်ဖို့ ယန်ရုန်ရုန် ပြင်လိုက်သည်။ သို့သော် သူမလက်နှင့် ဖီရှို့သားရဲ၏ ခန္ဓာကိုယ်အနည်းငယ်မျှ ထိတွေ့မိလိုက်ချိန်တွင် ယန်ရုန်ရုန် ရုတ်တရက် ကြက်သေသေသွားခဲ့သည်။

ထို့နောက် သူမလက်ကို ချက်ချင်း ပြန်ရုတ်သိမ်းပြီး လင်းယွမ်ကိုပါ အနောက်သို့ ပြန်ဆွဲခေါ်သွားခဲ့ပါသည်။

ဖီရှို့သားရဲက မေးသည်။

“ဘာဖြစ်လို့လဲ”

ယန်ရုန်ရုန့် မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“နင်က လောလော မဟုတ်ဘူး၊ နင်ဘယ်သူလဲ”

လောလောနှင့် သူမ ဝိညာဉ်သားရဲစာချုပ် ချုပ်ဆိုထားသည်။ ထို့ကြောင့် အနီးအနားတွင် ရှိနေလျှင် သူ့ကို ယန်ရုန်ရုန် အာရုံခံနိုင်သည်။

အနက်ရောင်မြူခိုးမြူငွေ့များကြောင့် အာရုံခံဖို့ ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါသည်။ သို့သော် ဖီရှို့နတ်သားရဲ၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သော်လည်း ဘာအဆက်အသွယ်မှ မခံစားရခြင်းမှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။

လောလောကို လူသားအသွင် ပြန်ပြောင်းဖို့ ယန်ရုန်ရုန် စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ သူမရှေ့တွင် ရှိနေသည့် ဖီရှို့နတ်သားရဲက လူသားအသွင် ပြန်မပြောင်းခဲ့ပါ။

ထို့ကြောင့် သူမ၏ သံသယများကို အတည်ပြုနိုင်ခဲ့သည်။

ဒီသတ္တဝါက လောလော မဟုတ်ပေ။

‘ဖီရှို့’နတ်သားရဲက အံ့အားသင့်သွားဟန်ဖြင့် ဆိုလိုက်သည်။

“အဲ့လောက်မြန်မြန် သိသွားတာလား”

လင်းယွမ်ကို ခေါ်ဆောင်ပြီး ယန်ရုန်ရုန် ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။ သို့သော် လင်းယွမ်က သတိလစ်နေဆဲဖြစ်ကာ အရာအားလုံးက မှောင်အတိကျနေဆဲဖြစ်သဖြင့် ခပ်ဝေးဝေးပင်မရောက်လိုက်ဘဲ တစ်စုံတစ်ခုနှင့် ခလုတ်တိုက်မိကာ နှစ်ယောက်စလုံး ချော်လဲသွားခဲ့ကြပါသည်။

ယန်ရုန်ရုန် စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ ကြိုးစားခဲ့သည်။ ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင်က မပြယ်သေးသဖြင့် သူမ ထိခိုက်ဒဏ်ရာ ရလျှင်တောင် နတ်ဆိုးဘုရင်များကသာ ခံစားရပါလိမ့်မည်။ သူမ မသေနိုင်ပေ။ ထို့ကြောင့် စိတ်ချောက်ချားစရာ မလိုပါ။

စိတ်ပြန်လည်တည်ငြိမ်သွားသည်နှင့် ချန့်ခွင်းအိတ်ဆီလက် လှမ်းပြီး ဝူဝမ့်ဓားကို ထုတ်ဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် သူမလက်က အောက်တွင်ရှိနေသည့် အရာများနှင့် ထိတိုက်မိသွားသည်။

ထိုအရာများက ရှည်ရှည်မျောမျော သဏ္ဌာန်ရှိပြီး ကျောက်တုံးပမာ မာကျောကာ ကြမ်းတမ်းနေသည့် မျက်နှာပြင်ရှိသည်။ လက်ဖြင့် ထိကြည့်လိုက်လျှင် စိုစွတ်နေသော မြေကြီးကို ကိုင်နေရသလို ခံစားရပါသည်။

သူမ ခေါင်းထဲ အတွေးတစ်ခု ချက်ချင်း ဝင်လာခဲ့သည်။ ‘သစ်မြစ်တွေ!’

ရှုပ်ထွေးပွေလီနေသော သစ်မြစ် အထုံးများအပေါ်သို့ သူမ ရောက်ရှိနေခြင်း ဖြစ်ရမည်။ သူမ ခလုတ်ဝင်တိုက်ခဲ့သည်ကလည်း သစ်မြစ်တစ်ခု ဖြစ်နိုင်သည်။

အသူရာချောက်နက်ထဲတွင် သစ်ပင်များစွာ ရှိနိုင်သော်လည်း သူမစိတ်က ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကိုသာ ချက်ချင်းတွေးလိုက်မိပါသည်။

သူမ၏ အတွေးကို အတည်ပြုနိုင်ဖို့အတွက် မီးအလင်းတောက်အဆောင်စက္ကူများကို ထုတ်ကာ အသုံးပြုလိုက်သည်။ မီးအလင်းရောင် ထွက်လာသောအခါ အနက်ရောင် မြူခိုးမြူငွေ့များကို အနည်းငယ် တွန်းလှန်နိုင်ခဲ့ပါသည်။

မီးအလင်ရောင်ကြောင့် သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အလွန်ကြီးမားလှသော သစ်မြစ် ကွန်ရက်ကြီးတစ်ခုပေါ်တွင် သူမ အမှန်တကယ် ရောက်ရှိနေပါသည်။

ခေါင်းမော့ကြည့်လိုက်ရာ သူမရှေ့တည့်တည့်တွင် အလွန်ကြီးမားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရသည်။ ကြီးမားလွန်းသဖြင့် လူ ၁၀ ယောက်လောက် လက်ချင်းချိတ်လိုက်မှ ထိုသစ်ပင်ကြီးတစ်ပင်လုံးကို ဝန်းရံနိုင်ပါလိမ့်မည်။

ထိုသစ်ပင်ကြီး၏ ပင်စည်ကို ခရမ်းရောင် နွယ်ပင်များက ရစ်ပတ်စည်းနှောင်ထားသည်။ ၎င်းတို့က အပင်များဖြစ်ကြသော်လည်း တီကောင်များပမာ တွန့်လိမ်လှုပ်ရှားနေပြီး နွယ်ပင်များနှင့် သစ်ခေါက်တို့ ပွတ်တိုက်နေသည့် အသံများကို ယန်ရုန်ရုန် ကြားနေရသည်။

ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို သူမ မြင်ဖူးသဖြင့် ယခု ပြန်တွေ့လိုက်ရသောအခါ ချက်ချင်းမှတ်မိခဲ့ပါသည်။

အနောက်ဘက်မှ ခြေသံအချို့ ကြားရသဖြင့် ယန်ရုန်ရုန် နောက်လှည့်ကြည့်လိုက်ရာ သူမထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည့် ‘ဖီရှို့’သားရဲကို မြင်လိုက်ရသည်။

ထိုသတ္တဝါ၏ ခန္ဓာကိုယ် အရောင်တောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျကာ ကြီးမားသော သစ်မြစ်ကြီးတစ်ခုအသွင် ပြန်ပြောင်းသွားတော့သည်။

ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို ယန်ရုန်ရုန် ပြန်လှည့်ကြည့်လိုက်ပါသည်။ ဒီတစ်ခါတော့ သစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် ရင်းနှီးနေသည့် လူသားမျက်နှာတစ်ခု ပေါ်လာခဲ့သည်။

ယန်ဟဲမိန်၏ မျက်နှာပင်။

ယန်ဟဲမိန်က မျက်မှောင်ကြုတ်ထားပြီး ကျောက်တုံးများကို ဖိကြိတ်နေသကဲ့သို့ အသံမျိုးဖြင့် မေးလိုက်သည်။

“သူက နတ်ဆိုးတစ်ကောင်၊ မင်းက လူသားတစ်ယောက်လေ၊ သူ့ကို မသတ်တာကိစ္စမရှိဘူး၊ ဒါပေမယ့် ဘာလို့ အကြိမ်ကြိမ်အခါခါ ကယ်တင်ပေးနေရတာလဲ”

🌹Chapter 212

ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို ယန်ရုန်ရုန် သေချာအကဲခတ်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်ပါသည်။

“ရှင်ဘာလို့ ဒီလိုအခြေအနေဖြစ်သွားရတာလဲ”

သူ့မေးခွန်းကို မဖြေဘဲ သူ့ကိုပြန်မေးနေသဖြင့် ယန်ဟဲမိန် မျက်မှောင်ပိုကြုတ်သွားခဲ့သည်။ မကျေမနပ် ဖြစ်နေသော် လည်း သူအဖြေတစ်ခု ပေးလိုက်ပါသည်။

“ငါ့ဝိညာဉ်က ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်နဲ့ ပေါင်းစည်းသွားခဲ့တာ…”

အလွန်တိုတောင်းသည့် အဖြေတစ်ခုဖြစ်သော်လည်း နောက်ကွယ်မှ အကြောင်းအရင်းကို ယန်ရုန်ရုန် ချက်ချင်း ခန့်မှန်းမိခဲ့သည်။

သူမ မျက်လုံးများ အရောင်လက်သွားပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးရဲ့ စွမ်းအားကို ငှားယူခဲ့လို့ ပြန်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးလား”

ယန်ဟဲမိန် ဘာမှ ပြန်မဖြေခဲ့ပါ။ သို့သော် ဆိတ်ငြိမ်မှုက အဖြေတစ်ခုလိုပင်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ယန်လင်းယွမ်နှင့် နတ်ဆိုမျိုးစေ့တို့ကို ချုပ်နှောင်ဖို့အတွက် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ စွမ်းအားများကို ယန်ဟဲမိန် ငှားယူခဲ့ပါသည်။

သို့သော် ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်က သူတော်စင်မဟုတ်ပေ။ သူ့ထံမှ စွမ်းအားများ ငှားယူချင်လျှင် ထပ်တူညီသည့် တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရမည်။

ယန်ဟဲမိန်၏ ကျင့်ကြံခြင်းစွမ်းအင် အားလုံးကို စုပ်ယူသွားရုံတင်မကဘဲ ဝိညာဉ်ကလည်း ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးနှင့် ပေါင်းစည်းကာ သစ်ပင်ထဲတွင် ထာဝရ ပိတ်မိသွားခဲ့သည်။

ယန်ရုန်ရုန်က အတန်အသင့် သန့်ရှင်းသည့် နေရာတစ်ခုကိုရှာဖွေကာ သတိလစ်နေသည့် လင်းယွမ်ကို သက်တောင့်သက်သာဖြစ်အောင် လှဲပေးထားလိုက်သည်။

ထို့နောက် အစီအရင်ကျောက်ပြားတစ်ချပ် ထုတ်ကာ သူ့ဘေးနားတစ်ဝိုက်တွင် အကာအကွယ် အစီအရင်တစ်ခု ခင်းကျင်းပေးလိုက်ပါသည်။

သူမ၏ လုပ်ရပ်များကို ကြည့်ရင်း ယန်ဟဲမိန်က သဘောမတွေ့စွာ မေးလိုက်သည်။

“သူက နတ်ဆိုးတစ်ကောင်လေ၊ မင်းရဲ့ စေတနာနဲ့ ထိုက်တန်လို့လား”

ယန်ရုန်ရုန် သူ့ကို မော့ကြည့်လိုက်ပါသည်။

“ရှင်လည်း အခုနတ်ဆိုးဖြစ်နေပြီ မဟုတ်ဘူးလား”

ထိုစကားလုံးများက ယန်ဟဲမိန်၏ အရှိုက်ကို ထိသွားပုံရသည်။ သူချက်ချင်း ဒေါသပေါက်ကွဲသွားခဲ့ပါသည်။

“ငါက လူသားကွ!”

လင်းယွမ်ဘေးတွင် ယန်ရုန်ရုန် ဝင်ထိုင်လိုက်သည်။ လောလောနှင့် လျို့လန်တို့ကို ဆက်သွယ်ဖို့ ကြိုးစားနေရင်း ယန်ဟဲမိန်ကို သူမ ပြောလိုက်ပါသည်။

“ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ပါဦး၊ ရှင့်ပုံစံက လူနဲ့ ဘယ်နေရာတူနေသေးလို့လဲ”

ယန်ဟဲမိန်က ပြန်ပြောသည်။

“လိုအပ်လို့ ငါဒီလိုလုပ်ခဲ့ရတာ၊ ယန်လင်းယွမ်နဲ့ သူ့ကိုယ်ထဲက နတ်ဆိုးမျိုးစေ့တို့ကို ချိပ်ပိတ်ချုပ်နှောင်ဖို့ ငါ့ကိုယ် ငါ စတေးပြီး ဒီလိုလုပ်ခဲ့ရတာကွ!”

ယန်ရုန်ရုန်က ရယ်သာ ရယ်မောလိုက်ပါသည်။

“အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ရှင်နတ်ဆိုးတစ်ကောင် ဖြစ်လာပြီ ဆိုတဲ့ အမှန်တရားကို ပြောင်းလဲလို့ မရဘူးလေ၊ မဟုတ်သေးဘူး… တိတိကျကျ ပြောရရင် ရှင့်ကို နတ်ဆိုးတစ်ကောင်လို့ ခေါ်ဖို့တောင် အဆင့်မမီသေးဘူး၊ ရှင့်ရဲ့ လက်ရှိအခြေအနေမှာဆို အလွန်ဆုံး နတ်ဆိုးဆန်တဲ့ မကောင်းဆိုးဝါးလို့ပဲ ခေါ်သင့်တာ”

သူမကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် စိုက်ကြည့်နေသည့် ယန်ဟဲမိန်ကို ကြည့်ရင်း ယန်ရုန်ရုန် လက်ယမ်းပြလိုက်ပါသည်။

“ကျွန်မကို အဲ့လိုလာမကြည့်နဲ့လေ၊ ကျွန်မက အမှန်အတိုင်းပြောတာ၊ ရှင့်ရဲ့ လက်ရှိပုံစံနဲ့သာဆို နတ်ဆိုးနယ်မြေအပြင်ကို ထွက်နိုင်မယ်ဆိုရင်တောင် လူသားကျင့်ကြံသူတွေက ရှင့်ကို တစ်စစီ ခုတ်ပိုင်းပြီး အမြစ်တွေကိုပါ မီးရှို့ပြာချပစ်မှာသေချာတယ်”

ထိုစကားက မှန်ကန်မှန်း ယန်ဟဲမိန် သိပါသည်။ သို့သော် သူဒေါသထွက်မိဆဲပင်။

နတ်ဆိုးပေါင်းများစွာကို နှိမ်နင်းခဲ့ပြီး တရားသောလမ်းစဉ်ကို ဦးဆောင်ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ကောင်း ကင်ဘုံနတ်ဆိုးသစ်ပင်ကြီးနှင့် ဝိညာဉ်ချင်း ပေါင်းစည်းလိုက်ရသည်ဆိုသည်မှာ သူလုံးဝလက်မခံနိုင်သည့် အမှန်တရားပင် ဖြစ်သည်။

သူ့စိတ်အခြေအနေ ပြောင်းလဲလာမှုကို အာရုံခံမိသည့်အလားမြေပေါ်တွင် တည်ငြိမ်နေခဲ့သည့် သစ်မြစ်ကြီးများက စတင်လူးလွန့်လာခဲ့သည်။

သစ်မြစ်များက ရေဘဝဲလက်တံများပမာ လှုပ်ခါနေကြပြီး ၎င်းတို့အပေါ် တင်နေသည့် အနက်ရောင် မြေမှုန့်များကို ခါချပစ်လိုက်သည်။ လူသားမျက်နှာပေါက်နေသော သစ်ပင် ပင်စည်ကြီးနှင့် အနက်ရောင် မြူခိုးမြူငွေ့တို့ ပေါင်းစပ်လိုက်သောအခါ မြင်ကွင်းက ကြောက်စရာအလွန်ကောင်းသွားခဲ့ပါသည်။

ထိုစဉ် သူမ ခြေသလုံးကို တစ်စုံတစ်ခုက လာရောက်ရစ်ပတ်နေသည်ဟု ယန်ရုန်ရုန် ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ သစ်မြစ်များမှ ထွက်ပေါ်လာသည့် ခပ်ပါးပါး အနက်ရောင် အမြစ်ပွားလေးများက သူမခြေထောက်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားမှန်း မြင်လိုက်ရပါသည်။

ယန်ရုန်ရုန် ဝူဝမ့်ဓားကို ဆွဲထုတ်ကာ ထိုအမြစ်ပွားများကို တစ်ချက်တည်း ခုတ်ပိုင်းပစ်လိုက်သည်။

ပြတ်တောက်သွားသည့် အမြစ်ပွားများက မြေပေါ် ပြုတ်ကျသွားခဲ့ပြီး တီကောင်များပမာ ထွန့်ထွန့်လူးကာ မြေဆီလွှာထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်။

မကြာမီ အဖြတ်တောက်ခံလိုက်ရသည့် အမြစ်ဟောင်းများ၏ နေရာများ၌ အမြစ်ပွားအသစ်များ ထပ်ပေါက်လာခဲ့သည်။ ၎င်းတို့၏ ပြန်လည်ရှင်သန်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းလွန်းသဖြင့် အဓိကနေရာကို မရှာနိုင်သရွေ့ သေအောင် သတ်ဖြတ်ပစ်ဖို့ မဖြစ်နိုင်ပါ။

လင်းယွမ်ထံကိုလည်း အမြစ်ပွားများစွာ ချဉ်းကပ်လာခဲ့သည်။ သို့သော် သူ့ကို အစီအရင်တစ်ခုက ကာကွယ်ပေးထားသဖြင့် အမြစ်ပွားများ မထိုးဖောက်နိုင်ခဲ့ဘဲ အကာအရံကိုသာ အသည်းအသန် ရိုက်နှက်နေကြပါသည်။

ယန်ရုန်ရုန်လည်း အစီအရင်ထဲ ပြေးဝင်သွားပြီး ဝိညာဉ်စွမ်းအင်များ ပိုမိုထည့်သွင်းကာ အကာအရံကို ပိုမို ခိုင်မာအောင် ဖန်တီးလိုက်သည်။

ယန်ဟဲမိန် စိတ်ရိုင်းများကို ဖျောက်ပြီး ပြန်လည်တည်ငြိမ်သွားစေဖို့ အချိန်အတော်ကြာအောင် ယူလိုက်ရပါသည်။ သူ့မျက်နှာက အလွန်အကျည်းတန်လှသည်။

ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးနှင့် ဝိညာဉ်ပေါင်းစည်းလိုက်စဉ်ကတည်းက သူ့စိတ်ကို ထိုသစ်ပင်ကြီးက လွှမ်းမိုးထားခဲ့ပြီး အရာရာတွင် စိတ်ဆတ်လွယ်ကာ ထိန်းချုပ်မှု လွတ်သွားတတ်သည်။

ထိုသို့ ထိန်းချုပ်မှုလွတ်သွားသည်နှင့် ကိုယ့်ကိုယ်ကိုယ်ပင် မေ့လျော့ကာ အနီးနားတွင်ရှိနေသည့် သက်ရှိမှန်သမျှကို သတ်ဖြတ်ပစ်ဖို့သာ စိတ်ထဲရှိပါတော့သည်။

သူ့အသိစိတ်ထဲ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး ကျူးကျော်ဝင်ရောက်နေခြင်းဖြစ်မှန်း ယန်ဟဲမိန် နားလည်သည်။ သတ်ချင်ဖြတ်ချင်စိတ်ဟူသည်မှာ နတ်ဆိုးများ၏ ဗီဇစိတ်ဖြစ်သော်လည်း သူက နတ်ဆိုးမဟုတ်ပေ။ လူသားတစ်ယောက်သာဖြစ်သည်။

လူသားတစ်ယောက်က ဒီလို အရိုင်းစိတ်မျိုး ဝင်မလာသင့်ပေ။ သို့သော် ယန်ဟဲမိန် ခုတလော ဒေါသပေါက်ကွဲမှုများကို မကြာခဏ ပိုခံစားလာခဲ့ရသည်။

ဒီတိုင်းသာ ဆက်သွားလျှင် မကြာမီ သူ့ဝိညာဉ်တစ်ခုလုံးကို နတ်ဆိုးသစ်ပင်ကြီးက ဝါးမျိုသွားပြီး မကောင်းဆိုးဝါးလုံးလုံး ဖြစ်သွားတော့မည်ဟု ခံစားနေရပါသည်။

သူက တရားသောလမ်းစဉ်ကို ဦးဆောင်လမ်းပြပေးခဲ့သူ ယန်ဟဲမိန်ဖြစ်ကာ လူပေါင်းများစွာ၏ နှလုံးသားထဲမှ ‘နတ်ဆိုးများကို သုတ်သင်ပြီး လမ်းစဉ်ကိုကာကွယ်ရမည်’ဟူသည့် ဆောင်ပုဒ်၏ သူရဲကောင်းလည်း ဖြစ်သည်။

သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခွင့်ပေးမည့်အစား အသေသာခံလိုက်ပါမည်။

ထိုအတွေးဖြင့် ယန်ဟဲမိန် အမြစ်ထူထူတစ်ချောင်းကို ထိန်းချုပ်ကာ လင်းယွမ်ထံ ပစ်လွှတ်လိုက်သည်။ ထိုအမြစ်ထူထူ၏ စွမ်းအားက အမြစ်ပွားလေးများထက် များစွာပိုကြီးမားပါသည်။

ထို့ကြောင့် အကာအရံနှင့် ဝုန်းခနဲမြည်အောင် ဝင်တိုက်မိပြီး အကာအရံတွင် အက်ကွဲကြောင်းလေးများ သိသိသာသာ ပေါ်လာခဲ့သည်။

ယန်ရုန်ရုန် မျက်နှာပျက်သွားပြီး အစီအရင်ကျောက်ပြားထဲ ဝိညာဉ်စွမ်းအင်များ ထပ်ပေါင်းထည့်ကာ အကာအရံကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားလိုက်ပါသည်။

သို့သော် သစ်မြစ်က သူမကို အခွင့်အရေးမပေးခဲ့ဘဲ အက်ကွဲသွားသည့် နေရာကို ထပ်ခါတလဲလဲ ရိုက်နှက်နေသဖြင့် နောက်ဆုံးတွင် အစီအရင်ကျောက်ပြားလည်း ခံနိုင်ရည် မရှိတော့ဘဲ လုံးဝ ကွဲထွက်သွားရတော့သည်။

ယန်ရုန်ရုန် မီးအလင်းတောက်အဆောင်များစွာကို ချက်ချင်း ပစ်လွှတ်လိုက်သည်။ ထိုအဆောင်စက္ကူများက သစ်မြစ်ကြီးကို ထိတွေ့သောအခါ ဟုန်းဟုန်းတောက်သော မီးလျှံများ ထွက်ပေါ်လာသည်။

သစ်သားဓာတ်ရှိသဖြင့် သစ်မြစ်ကြီးမှာ မီးလောင်ရန် လွယ်ကူလှပါသည်။ ထို့ကြောင့် အချိန်တိုအတွင်း အမြစ်တစ်လျှောက်လုံး မီးကူးသွားခဲ့သည်။

သစ်မြစ်ကြီးက အလွန်နာကျင်သွားဟန်ဖြင့် မြေကြီးကို ပြင်းထန်စွာ ရိုက်နှက်နေခဲ့သည်။ မကြာမီ မြေဆီလွှာကြောင့် မီးများ ငြိမ်းသတ်သွားခဲ့ပါသည်။ မီးလောင်ကျွမ်းသွားသည့် သစ်ချပ်များ ကွာကျသွားပြီး အခွံအသစ်များ ချက်ချင်း ပြန်ပေါက်လာခဲ့သည်။

ထို့နောက် လင်းယွမ်ထံသို့ အမြစ်ပေါင်းများစွာ ထပ်မံ ပျံသန်းလာခဲ့ပြန်သည်။ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါသည်။

လင်းယွမ်ကို သေအောင် သတ်ဖို့သာ…

ယန်ရုန်ရုန်ကလည်း အဆောင်စက္ကူများစွာကို ထပ်ပစ်လွှတ်လိုက်ရာ အမြစ်များ မီးထပ်စွဲကာ ဗြောင်းဆန်သွားခဲ့ပြန်သည်။

ယန်ဟဲမိန် နားမလည်နိုင်တော့ပေ။ “မင်းက လူသားတစ်ယောက် မဟုတ်ဘူးလား၊ နတ်ဆိုးတစ်ကောင်ကို ဘာလို့ ကာကွယ်ပေးနေတာလဲကွ!”

ယန်ရုန်ရုန့် ချန့်ခွင်းအိတ်ထဲ အဆောင်စက္ကူများစွာရှိပါသေးသည်။ သို့သော် ဒီနည်းလမ်းက ရေရှည်အတွက် အဆင်မပြေနိုင်ပါ။ ရန်သူ၏ သစ်မြစ်များက အဆုံးမရှိသော်လည်း သူမ အဆောင်စက္ကူများကတော့ အနှေးနှင့်အမြန် ကုန်ဆုံးသွားလိမ့်မည်။

ထို့ကြောင့် လောလောနှင့် လျို့လန်တို့ ရောက်မလာခင်အထိ ယန်ဟဲမိန်ကို အချိန်ဆွဲထားရပါမည်။

ယန်ရုန်ရုန် ပြောလိုက်သည်။

“လင်းယွမ်က ရှင့်သားလေ၊ သူ့ကို ၁၆ နှစ်လုံးလုံး ရှင်ကိုယ် တိုင် ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူးလား၊ ရှင့်သွေးသားအရင်း မဟုတ်ဘဲ တိရိစ္ဆာန်တစ်ကောင်ဖြစ်နေရင်တောင် သံယောဇဉ် နည်းနည်းလေးတော့ ရှိသင့်တာပေါ့၊ သူ့ကို သတ်ဖို့ ဘယ်လိုတောင် ရက်ရက်စက်စက် စဉ်းစားနိုင်ရတာလဲ”

ယန်ဟဲမိန် ခံစားချက်မဲ့စွာ အေးစက်စက် ပြောလိုက်သည်။

“သူက နတ်ဆိုးတစ်ကောင်ပဲ၊ နတ်ဆိုးတွေမှာ လူသားဆန်မှုဆိုတာ မရှိဘူး၊ ညှာတာမှုမရှိဘဲ သတ်ဖြတ်ဖို့ပဲ သိကြတယ်၊ သူ့ကို ရှင်သန်ခွင့်ပေးလိုက်ရင် လူတွေထပ်ပြီး ထိခိုက်နာကျင်ရမှာ သေချာတယ်”

“လူသားဆန်မှုတဲ့လား”

ထိုစကားလုံးများကို ကြားပြီး ယန်ရုန်ရုန် စိတ်ဝင်စားသွားဟန်ဖြင့် တမင်တကာ ရယ်ပြလိုက်သည်။

“မင်းဘာရယ်တာလဲ”

ယန်ဟဲမိန်က မေးသည်။

“လင်းယွမ်မှာသာ လူသားဆန်မှု မရှိဘူးဆိုရင် အဲ့ဒီအချိန်တုန်းက ရှင့်ကိုရှာဖို့ အဆုံးမဲ့အသူရာချောက်နက်ထဲ သူဘာလို့ဆင်းလာခဲ့တာလဲ၊ အဲ့တာ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်တယ်ဆိုတာ သူ မသိခဲ့ဘူးလို့ ရှင်ထင်လို့လား၊ သူသိသိလျက်နဲ့ ဆင်းလာခဲ့တာ၊ အဲ့တာဘာလို့လဲ သိလား”

ယန်ဟဲမိန် တိတ်ဆိတ်သွားခဲ့သည်။

ယန်ရုန်ရုန်က စကားလုံးတိုင်းကို ပီပီသသ ပြောလိုက်ပါသည်။

“ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ ကြင်နာမှုမီးစလေးတစ်ခု ရှိနေခဲ့လို့ပဲ၊ ဒါပေမယ့် အဲ့ဒီမီးစလေးကို ရှင်ကိုယ်တိုင်ပဲ ရက်ရက်စက်စက် ငြှိမ်းသတ်ပစ်ခဲ့တာ”

ယန်ဟဲမိန်က ငြင်းဆန်သည်။

“သူက နတ်ဆိုးတစ်ကောင်ပဲ၊ နတ်ဆိုးတွေဆိုတာ မွေးလာကတည်းက ယုတ်ညံ့တာ၊ သူ့မှာ ဘာကြင်နာမှုမှ မရှိနိုင်ဘူး!”

နတ်ဆိုးများ၏ ဂုဏ်သိက္ခာအကြောင်းကို ယန်ဟဲမိန်နှင့် စကားနိုင်လုဖို့ ယန်ရုန်ရုန် စိတ်မဝင်စားပါ။

ဒီလူက တစ်ဖက်ပိတ်ပြီး အစွန်းရောက်လွန်းသည်။ သူ့အမြင်တွင် နတ်ဆိုးတိုင်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သေဖို့သာ ထိုက်တန်သည်။

All Chapters