အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
ဆ 🌹Chapter 213
ယန်ရုန်ရုန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“လင်းယွမ်က နတ်ဆိုးတစ်ကောင်ဆိုတာ မှန်တယ်၊ ဒါပေမယ့် သူ့အသက် ၁၆ နှစ်မတိုင်ခင်အထိ လူသားတစ်ယောက်အနေနဲ့ပဲ ဘဝကို ရှင်သန်ခဲ့တာ၊ ရှင်ကိုယ်တိုင် သူ့ကို လက်တွဲသင်ကြားပေးပြီး အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးခဲ့တာပဲလေ၊ အကယ်၍ သူသာ ရှင်ပြောသလို ယုတ်ညံ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ရင် ရှင်ကိုယ်တိုင်က သူ့ကို ၁၆ နှစ်လုံးလုံး ပျိုးထောင်ပေးခဲ့ပါ့မလား”
ယန်ဟဲမိန်ဘက်က ပြန်လည်ချေပလိမ့်မည်ဟု သူမ ထင်ထားသော်လည်း အံ့အားသင့်ဖို့ကောင်းစွာဖြင့် ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူ့အမှားသူ ဝန်ခံလာခဲ့ပါသည်။
“အဲ့တာကြောင့်လည်း ငါဒီလောက်ထိ နောင်တရနေတာပေါ့၊ ငါ့လက်နှစ်ဖက်နဲ့ နတ်ဆိုးတစ်ကောင်ကို တကယ် ပျိုးထောင်ပေးခဲ့မိတယ်၊ အဲ့တာ ငါ့ဘဝရဲ့ အမည်းစက်ပဲ၊ အဲ့ဒီအမည်းစက်ကို ငါ့လက်နဲ့ပဲ ပြန်ချေဖျက်နိုင်မှာ”
ယန်ဟဲမိန် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် စတင်လျှောက်လှမ်းကတည်းက သူ၏ မူလရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာ စောင့်ထိန်းခဲ့ပါသည်။
နတ်ဆိုးများအားလုံးကို သုတ်သင်ပြီး တရားသောလမ်းစဉ်ကို စောင့်ရှောက်ဖို့က သူ့ဘဝပေးတာဝန်ဖြစ်သည်ဟု မှတ်ယူခဲ့ပြီး တရားမျှတမှုအတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။
သူ့ဘဝတွင် အမှားနှစ်ခုသာ လုပ်ခဲ့ဖူးသည်။
ပထမ အမှားမှာ ယင်ကျီးကို ချစ်မိသွားခဲ့ခြင်းဖြစ်ပြီး ဒုတိယအမှားမှာတော့ ယန်လင်းယွမ်ကို ပျိုးထောင်ပေးခဲ့မိခြင်းပင်။ ထိုအရာများက သူကိုယ်တိုင် ကျူးလွန်ထားသော အမှားများဖြစ်ရာ သူကိုယ်တိုင် ပြန်လည် ပြုပြင်ဖို့လိုအပ်သည်ဟု ခံယူထားပါသည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“လင်းယွမ်က နတ်ဆိုးစစ်စစ်တောင် မဟုတ်ဘူး၊ သူ့ကိုယ်ထဲမှာ ရှင့်သွေးတွေလည်း စီးဆင်းနေတယ်၊ သူ့မှာ နတ်ဆိုးမျိုးစေ့ရှိတာ မှန်ပေမယ့် အဲ့ဒီမျိုးစေ့က အချိန်အကြာကြီး အိပ်ပျော်နေခဲ့တာ၊ ရှင်သာ သူ့ကို သေသေချာချာ သွန်သင်ဆုံးမပြီး လမ်းဆုံးရောက်အောင် တွန်းမပို့ခဲ့ဘူးဆိုရင် အဲ့ဒီ နတ်ဆိုးမျိုးစေ့ နိုးထလာစရာအကြောင်းမရှိဘူး၊ သူလည်း နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့မှာ မဟုတ်ဘူး”
ယန်ဟဲမိန်က သူမ၏ ရိုးအမှုကို လှောင်ပြောင်နေသည့်အလား ပြုံးလိုက်သည်။
“ငါနှလုံးသားမဲ့ခဲ့လို့ လင်းယွမ် နတ်ဆိုးတစ်ကောင်ဖြစ်လာရတာလို့ မင်းပြောချင်တာလား”
ယန်ရုန်ရုန်က သူ့မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောသည်။
“အဲ့ဒီတုန်းက လင်းယွမ် နတ်ဆိုးတစ်ကောင်ဖြစ်လာအောင် ရွှင်းယင်က ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆောင်ခဲ့တာ၊ လင်းယွမ်က ဘယ်တုန်းကမှ နတ်ဆိုးတစ်ကောင် မဖြစ်ချင်ခဲ့ဘူး၊ လူသားတစ်ယောက်အဖြစ်ပဲ ဆက်ရှိချင်ခဲ့တာ၊ ဒါပေမယ့် ရှင်က သူ့ကို နတ်ဆိုးတစ်ကောင်ဖြစ်လာအောင် တွန်းအားပေးခဲ့တယ်၊ ရွှင်းယင်ရဲ့ အကြံအစည်တွေအောင်မြင်သွားအောင် ရှင်လုပ်ခဲ့တာ၊ ကျွန်မသာ ရွှင်းယင်ဆိုရင် ရှင့်ကို ‘ကျေးဇူးတင်ပါတယ်’လို့တောင် ပြောမိမှာ”
ထိုစကားလုံးများက ယန်ဟဲမိန်၏ စိတ်ကိုအောင်မြင်စွာ ဆွပေးလိုက်နိုင်သည်။ သူ့မျက်နှာပေါ်ကအပြုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး သုန်မှုန် ထိုင်းမှိုင်းသွားခဲ့ပါသည်။
ထိုအချိန်တုန်းက ရွှင်းယင်ကို သူအမှန်တကယ် ချစ်မြတ်နိုးခဲ့မိသည်။ မဟုတ်လျှင် သားတစ်ယောက်ပင် ရလာခဲ့မှာ မဟုတ်သလို ယန်မိသားစုထံ ရွှင်းယင်ကို ပြန်ခေါ်သွားပြီး လက်ဆက်ထိန်းမြှားဖို့လည်း စီစဉ်ခဲ့မှာ မဟုတ်ပါ။
သူမ သေဆုံးသွားပြီးနောက် ယန်ဟဲမိန် အိမ်ထောင်ထပ်မပြုခဲ့ပေ။
သို့သော် ရွှင်းယင်က နတ်ဆိုးမတစ်ကောင် ဖြစ်နေခဲ့သည်။ ထိုမိန်းမက သူ့ကို အစမှအဆုံးအထိ အကွက်ကျကျ ကစားသွားခဲ့သည်။ သူ့အပေါ် ဘာသံယောဇဉ်မှ မရှိခဲ့ဘဲ သူမလက်ထဲက နယ်ရုပ်တစ်ရုပ်ပမာ သဘောထားပြီး အကွက်ရွှေ့ခဲ့ခြင်းပင်။
ထိုသို့တွေးမိလေလေ ယန်ဟဲမိန် မုန်းတီးလာမိလေလေပင်။ သူ့ရင်ထဲ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ကြီးထွားလာခဲ့ပြီး သစ်မြစ်များကလည်း ပြန်လည်လှုပ်ရှားလာခဲ့ပါသည်။
သူ့စိတ်တွေ ထပ်လွတ်သွားတော့မည်ဖြစ်မှန်း ယန်ဟဲမိန် သိနေသည်။ သူ့စိတ်ကိုသူ ထိန်းချုပ်ချင်သော်လည်း အသုံးမဝင်ပေ။ သူ့အတွေးတွေ အလွန်ဗြောင်းဆန်နေကာ ဘာကိုမှ သေသေချာချာ စဉ်းစားလို့မရပါ။
ယခုအချိန် သူ့ခေါင်းထဲ သတ်ဖြတ်ချင်စိတ်တစ်ခုတည်းသာ ရှိသည်။ သူ့ဘေးနားက သက်ရှိတိုင်းကို သတ်ဖြတ်ပစ်ချင်နေပါသည်။
သစ်မြစ်များက ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ထံ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။
သစ်မြစ်များက အလွန်များပြားလွန်းသဖြင့် ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ မီးအလင်းတောက် အဆောင်စက္ကူအားလုံးကို တစ်ပြိုင်တည်း ဆွဲထုတ်ပြီး နေရာအနှံ့ ပစ်လွှတ်လိုက်ရသည်။
အဆောင်စက္ကူများက သစ်မြစ်များထံ မီးလုံးများပမာ ပျံသန်းသွားခဲ့သည်။ သစ်မြစ်များ မီးစွဲသွားပြီး အလွန်ကြီးမားသည့် မီးတောက်မီးလျှံကြီးများ ဖြာထွက်လာခဲ့ပါသည်။
အရှင်လတ်လတ် မီးရှို့ခံရသလို ခံစားလိုက်ရသဖြင့် ယန်ဟဲမိန် အသိစိတ်အနည်းငယ် ပြန်ဝင်လာခဲ့သည်။ သစ်မြစ်များက မီးတောက်များကို ငြှိမ်းသတ်ဖို့အတွက် မြေကြီးထဲတိုး ဝင်သွားကြသဖြင့် လေထုထဲတွင် သစ်သားမီးကျွမ်းသည့် ရနံ့များသာ ကျန်ရစ်ခဲ့သည်။
ယန်ရုန်ရုန်လည်း လျို့လန်နှင့် လောလောတို့ကို အမြန်ဆုံးလာကြဖို့ အာရုံထဲမှ အသည်းအသန် ခေါ်လိုက်ပါသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက မဟာအောင်မြင်ခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးနှင့် စွမ်းအားခြင်း ညီမျှပြီး အသူရာချောက်နက်ထဲတွင် အသန်မာဆုံးဖြစ်သည်။ ယခု ထို့နည်းတူ မဟာအောင်မြင်ခြင်းအဆင့်ရှိသော ယန်ဟဲမိန်၏ ဝိညာဉ်နှင့်ပါ ပေါင်းစပ်ထားသဖြင့် ‘စူပါဘော့စ်’တစ်ကောင် ဖြစ်သွားပြီး ယန်ရုန်ရုန် တစ်ယောက်တည်း အနိုင်ယူဖို့ မဖြစ်နိုင်တော့ပါ။
ယန်ဟဲမိန် တစ်ခုခုကို အောင့်အည်းသည်းခံထားရသကဲ့သို့ မျက်မှောင်ကြုတ်ကာ မျက်လုံးများ မှိတ်ထားသည်ကို မြင်ပြီး သူ့စိတ်တွေ အပြောင်းအလဲမြန်နေမှန်း ယန်ရုန်ရုန် သတိထားမိသဖြင့် ခန့်မှန်းကြည့်လိုက်ပါသည်။
“ရှင့်စိတ်ကို ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက လုံးဝ လွှမ်းမိုးလိုက်တော့မှာလား”
ယန်ဟဲမိန်က မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ပြန်မဖြေခဲ့ပေ။
ယခုဆို သူ့အကြောင်း ယန်ရုန်ရုန် ကောင်းကောင်းနားလည်နေပြီဖြစ်သဖြင့် ယန်ဟဲမိန်က နတ်ဆိုးများကို အရိုးထဲထိစွဲအောင် မုန်းတီးမှန်း သူမ သိပါသည်။ သူ့အတွက် မကောင်း ဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားရခြင်းက သေသည်ထက်ပင် ပိုဆိုးရွားလိမ့်မည်။
ယန်ရုန်ရုန့် မျက်လုံးများ လှုပ်ရှားသွားပြီး လှောင်ပြောင်သရော်သည့် လေသံဖြင့် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ပါသည်။
“ဪ… မထင်ရက်စရာပဲ၊ တရားသောလမ်းစဉ်ကို ဦးဆောင်လမ်းပြပေးခဲ့တဲ့ ခေါင်းဆောင်ကြီး၊ ယန်မိသားစုရဲ့ မိသားစုဦးစီး၊ မဟာအောင်မြင်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူကြီးက… အခုတော့ နတ်ဆိုးတစ်ကောင်ဖြစ်သွားတော့မှာပဲ၊ ကံကြမ္မာက ရက်စက်လိုက်တာနော်”
ယန်ဟဲမိန်ကို စိတ်တွေ ထပ်လွတ်သွားအောင် ယန်ရုန်ရုန် စိန်ခေါ်ချင်ပါသည်။ အသိစိတ်လွတ်နေသည့် အချိန်တွင် အားလုံးကိုသူ အရူးမျက်ကန်းလို တိုက်ခိုက်လိမ့်မည်။
အန္တရာယ်များသော်ငြား အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။ တခြားသက်ရှိများကို အသုံးချကာ သူ့ကို အာရုံလွှဲထားပြီး လင်းယွမ်နှင့်အတူ သူမ ထွက်ပြေးနိုင်လိမ့်မည်။
ယန်ဟဲမိန် သွေးချင်းနီနေသော မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
“ငါ့ကို ဘာမှ စိန်ခေါ်စရာမလိုဘူး၊ မင်းဘာတွေ ကြံစည်နေလဲ ငါသိပြီးသား”
ယန်ရုန်ရုန်က နားမလည်ချင်ယောင် ဆောင်လိုက်သည်။
“ကျွန်မက ဘာကြံစည်ရမှာလဲ၊ ခန့်မှန်းရခက်တဲ့ လောကကြီးအကြောင်း ဒီတိုင်းပြောမိတာပါ”
ယန်ဟဲမိန်က သူမကို စေ့စေ့စိုက်ကြည့်လိုက်သည်။
“မင်းသုံးတဲ့ ပညာတွေက ရှမ့်ယွင်ဂိုဏ်းကပညာတွေ မဟုတ်လား၊ မင်းကလည်း တရားသောလမ်းစဉ်ရဲ့ တပည့်သားတစ်ဦးပဲ၊ မင်းမှာ သတ်ချင်ဖြတ်ချင်စိတ် မရှိဘူး၊ ပြီးတော့ တရားသော လမ်းစဉ်အတိုင်း လျှောက်လှမ်းနေတဲ့လူ ဆိုတာလည်း သေချာတယ်၊ ငါမင်းကို မသတ်ဘူး၊ အခုထွက်သွားလိုက်တော့”
ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့ရသည်။ အခြေအနေတွေ ဒီလောက်ထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ အမှန်တကယ် ထင်မထားခဲ့ပါ။
ယန်ဟဲမိန်ကို ကျေးဇူးတင်လျက် လင်းယွမ်ကို ခေါ်ဆောင်ပြီး သူမ ထွက်သွားဖို့ ပြင်လိုက်ပါသည်။
သို့သော် ယန်ဟဲမိန်က လှမ်းတားလိုက်သည်။
“ဒါပေမယ့် လင်းယွမ်ကိုတော့ ထားခဲ့ရမယ်”
ယန်ရုန်ရုန် ခြေလှမ်းများ ရပ်တန့်သွားရသည်။ ထင်သလောက် မရိုးရှင်းမှန်း သူမ သိနေခဲ့ပါသည်။
နတ်ဆိုးသစ်ပင်ကြီး၏ ပင်စည်ပေါ်မှ ယန်ဟဲမိန်၏ မျက်နှာကို သူမ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ရှင်ပဲပြောခဲ့တယ်လေ၊ ကျွန်မက တရားသောလမ်းစဉ်အတိုင်း လျှောက်လှမ်းနေတဲ့လူဆို၊ အဲ့လို ဂိုဏ်းတစ်ခုက ကျင့်ကြံသူတစ်ဦးအနေနဲ့ ကျွန်မအသက်ကိုကျွန်မ ကယ်တင်ဖို့ မိတ်ဆွေတစ်ယောင်ကို စတေးနိုင်ပါ့မလား၊ ကျွန်မ အဲ့လိုလုပ်လိုက်ရင် ကျွန်မက တရားသောလမ်းစဉ်ကို လိုက်နာတဲ့လူ ဖြစ်ပါဦးမလား၊ အဲ့တာဆို ကျွန်မကိုကော ရှင်သွားခွင့်ပြုဦးမှာတဲ့လား”
ယန်ရုန်ရုန့် မေးခွန်းကို ယန်ဟဲမိန် အမှန်တကယ် စဉ်းစားချင့်ချိန်လိုက်ပါသည်။ အချိန်အတန်ကြာသောအခါ သူပြောလိုက်သည်။
“ယန်လင်းယွမ်က နတ်ဆိုးတစ်ကောင်ပဲ၊ မင်းနဲ့ တူညီတဲ့လမ်းကို ဘယ်တော့မှ လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး၊ အဲ့ဒီတော့ သူ့ကိုထားခဲ့တာက မှားယွင်းတဲ့ လုပ်ရပ်မဟုတ်ဘူး”
ယန်ရုန်ရုန်ကလည်း စကားနိုင်လုသည့်နေရာမှာ ခေသူမဟုတ်သဖြင့် အချက်ကျကျ ပြန်ချေပလိုက်သည်။
“လင်းယွမ်က နတ်ဆိုးတစ်ကောင်ဖြစ်ပေမယ့် ခွင့်မလွှတ်နိုင်လောက်အောင် ယုတ်မာတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူး၊ ပြီးတော့ ဒီအဆုံးမဲ့ အသူရာချောက်နက်ထဲ သူပြန်ဆင်းလာခဲ့ရတာက ကျွန်မကို ကူညီပေးဖို့အတွက်ပဲ၊ ကျွန်မသာ သူ့ကို ထားခဲ့လိုက်ရင် ယုံကြည်မှုကို သစ္စာဖောက်လိုက်သလို ဖြစ်သွားမှာပေါ့၊ အဲ့တာ ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး”
ယန်ဟဲမိန်ကလည်း ‘တရားသောလမ်းစဉ်’အတွက် အစွန်း ရောက်နေသူဖြစ်သဖြင့် ချက်ချင်း ပြန်ချေပလိုက်သည်။
“အခုလို နတ်ဆိုးအရှင်သခင်ဖြစ်လာဖို့ သူသတ်ခဲ့တဲ့ လူတွေရဲ့ အလောင်းတွေက တောင်လိုပုံနေမှာပဲ၊ သူ့မှာ သတ်ချင်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေတာ၊ အဲ့တာက ခွင့်မလွှတ်နိုင်တဲ့အရာ မဟုတ်လို့ဘာလဲ! ပြီးတော့ သူ့မှာ နတ်ဆိုးမျိုးစေ့ ရှိတယ်၊ မွေးလာကတည်းက ယုတ်ညံ့တဲ့သူ၊ သူ့ကို လွှတ်ပေးလိုက်ရင် လောကြီးကို ဒုက္ခပေးဦးမှာပဲ!”
ယန်ရုန်ရုန်က မေးလိုက်သည်။
“ယုတ်ညံ့မှုဆိုတာ ဘာလဲ၊ တရားမျှမှုဆိုတာကကော ဘာလဲ”
ယန်ဟဲမိန် ဘာမှ မပြောနိုင်ခင် ယန်ရုန်ရုန် ဆက်ပြောလိုက်ပါသည်။
“ရှင်သူ့ကို ဓားနဲ့ အကြိမ်ကြိမ် မွှန်းခဲ့တာတောင် ရှင့်ကို ကယ် တင်ပေးဖို့အတွက် လင်းယွမ်က အသူရာချောက်နက်ထဲ ဆင်းလာခဲ့သေးတယ်၊ အဲ့တာက ရှင်ပြောတဲ့ ‘ယုတ်ညံ့မှု’ဆိုတာလား၊ ရှင့်လို တရားသောလမ်းစဉ်ကို လျှောက်လှမ်းတဲ့ လူတစ်ယောက်က နတ်ဆိုးသစ်ပင်ကြီးနဲ့ ပူးပေါင်းပြီး လင်းယွမ်ရဲ့ စေတနာကို အသုံးချပြီး သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းခဲ့တာ၊ အဲ့တာ ရှင်ကာကွယ်ပေးမယ်လို့ ကျိန်ဆိုထားတဲ့ ‘တရားမျှတမှု’လား၊ ရှင့်ကိုယ်ရှင် တရားမျှတမှုကို တန်ဖိုးထားတဲ့လူလို့ တဖွဖွ ပြောနေပေမယ့် ကျွန်မ အမြင်မှာတော့ နတ်ဆိုးဖြစ်နေတဲ့ လင်းယွမ်က ရှင့်ထက်တောင် လူသားပိုဆန်နေသေးတယ်”
ယန်ဟဲမိန် မျက်မှောင်များ ကြုတ်သထက် ကြုတ်လာခဲ့သည်။ သူ့စိတ်အခြေအနေတွေ ထပ်မံပြိုလဲလုနီးပါး ဖြစ်နေပါပြီ။ သူအံကြိတ်ကာ အေးစက်စွာ ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ!”
ထိုစဉ် သစ်မြစ်နှစ်ချောင်း ရုတ်တရက် ထိုးထွက်လာပြီး ယန်ရုန်ရုန့်ကို တိုက်ခိုက်ဖို့ ကြိုးစားပါသည်။ ထိုသစ်မြစ်များကို အလျှင်အမြန်ရှောင်ရှားရင်း ယန်ရုန်ရုန် အော်ပြောလိုက်သည်။
“ကျွန်မ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလို့ ထင်နေသေးရင် သက်သေပြလိုက်လေ၊ အခု ရှင်တိုက်ခိုက်နေတာက ရှင့်ကိုယ်ရှင် မှားနေတဲ့လူမှန်းသိလို့ ကျွန်မကို နှုတ်ပိတ်ချင်တာမလား!”
🌹Chapter 214
ယန်ရုန်ရုန်က ရန်သူများကို ဒေါသထွက်လာအောင် ဆွပေးသည့်နေရာတွင် အတော်လေး ပါရမီပါသည်ဟု ဆိုရမည်။
သူမစကားများကြောင့် ဒေါသမထွက်သင့်ကြောင်းကို ယန်ဟဲမိန် သိနေသော်လည်း မထိန်းနိုင်ဘဲ သူ့ရင်ထဲ ဒေါသမီးများ အလိုလို တောက်လောင်လာခဲ့သည်။
မြေကြီးထဲမှ သစ်မြစ်များစွာ ထပ်ထွက်လာပြီး ယန်ရုန်ရုန့်ကို တိုက်ခိုက်လေတော့သည်။
ယန်ရုန်ရုန့်တွင် မီးအလင်းတောက်အဆောင်စက္ကူများ ကုန်သွားလေပြီ။
ထို့ကြောင့် သစ်မြစ်များကို အသည်းအသန် ရှောင်ရှားရင်း တစ်ချိန်တည်းမှာပင် သတိလစ်မေ့မျောနေသည့် လင်းယွမ်ကိုလည်း ကာကွယ်ပေးနေရသေးသည်။ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်နေရသဖြင့် ရန်သူအတွက် အားသာချက်ပေးမိသလို ဖြစ်သွားခဲ့သည်။
သစ်မြစ်များကို ဆက်တိုက်ရှောင်တိမ်းနေစဉ် သူမ မမြင်ရသည့် နေရာတစ်ခုမှ သစ်မြစ်တစ်ခု ထွက်လာပြီး သူမ၏ ပေါင်ကို ရွယ်ကာ တန်းတန်းမတ်မတ် ထိုးစိုက်ပစ်လိုက်ပါသည်။
ယန်ရုန်ရုန် အသည်းအသန် ရှောင်တိမ်းရင်း သူမ ဝတ်ရုံ ပြဲသွားခဲ့သည်။ ထို့နောက် သူမ၏ နောက်ကျောကို နောက်ထပ် သစ်မြစ်တစ်ခုက ရိုက်နှက်ပစ်လိုက်ပြန်သည်။
သူမ အဝတ်အစားတွေ စုတ်ပြဲသွားသော်လည်း နာကျင်မှု စိုးစင်းမျှ မခံစားရပါ။
ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင်ကြောင့် သူမရရှိရမည့် ဒဏ်ရာများက အခြားသူတစ်ယောက်ယောက်ဆီသာ ရောက်ရှိသွားပါလိမ့်မည်။
သူမနှင့် လင်းယွမ်တို့ မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျသွားခဲ့ကြသည်။ သစ်မြစ်ပေါင်းများစွာက သူမတို့အပေါ်တည့်တည့်သို့ ထိုးဆင်းလာကြသဖြင့် ယန်ရုန်ရုန် လိပ်ခွံအဆောင်စက္ကူတစ်ခုကို အမြန်ထုတ်လိုက်ပါသည်။
အဆောင်စက္ကူပေါက်ကွဲသွားကာ ဧရာမ အနက်ရောင် လိပ်ခွံကြီးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ လင်းယွမ်ကို ခေါ်ဆောင်ပြီး လိပ်ခွံထဲ ယန်ရုန်ရုန် ဝင်ပုန်းနေလိုက်တော့သည်။
တစ်ဖက်တွင် ယန်ဟဲမိန်ကလည်း ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ အသည်းအသန် ကြိုးစားနေပါသည်။ သူ့စိတ်ကိုသူ ပြန်ထိန်းချုပ်ချင်သည်။
သို့သော် ယန်ဟဲမိန် ခုခံလေလေ နတ်ဆိုးသစ်ပင်ကြီး၏ အသိစိတ်က သူ့စိတ်ဝိညာဉ်ထဲ ပိုမိုကျူးကျော်လာလေလေပင်။ အသိစိတ်ဝင်လာလိုက်၊ ရူးသွပ်သွားလိုက်နှင့် ပင်စည်ပေါ်ရှိ သူ့မျက်နှာလည်း တဖြည်းဖြည်း ယိုယွင်းကာ အလွန်အမင်း အကျည်းတန်လာခဲ့သည်။
သစ်မြစ်များကလည်း မြေပေါ်ရှိ လိပ်ခွံကြီးကို ပြင်းပြင်းထန် ထန် ထုရိုက်နေကြဆဲပင်။ အလွန်အားကောင်းလှသည့် တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိတော့ဘဲ လိပ်ခွံပေါ်တွင် အက်ကွဲရာများ ထင်လာခဲ့ပါသည်။
ထို့နောက် အသံကျယ်ကြီးတစ်သံနှင့်အတူ လိပ်ခွံတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
သို့သော် လိပ်ခွံအောက်တွင် ရှိနေသင့်သည့် လူနှစ်ယောက်ကတော့ ပျောက်ကွယ်သွားခဲ့ချေပြီ။
ခက်ခက်ခဲခဲ ရုန်းကန်လိုက်ပြီး နောက်ဆုံးမှာတော့ ယန်ဟဲမိန် သူ့စိတ်သူ ယာယီပြန်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ပျောက်ကွယ်သွားကြသည်ကိုမြင်ပြီး မြေတူးအဆောင်ကို အသုံးပြုကာ မြေအောက်မှတဆင့် ထွက်ပြေးသွားကြခြင်း ဖြစ်မည်ဟု သူချက်ချင်း ခန့်မှန်းလိုက်သည်။
သို့သော် သူ စိတ်မပူပါ။ ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ အမြစ်များက အသူရာချောက်နက်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူတို့ အသူရာချောက်နက်ထဲမှ ထွက်မသွားသေးသရွေ့ နတ်ဆိုးသစ်ပင်ကြီးက ရှာဖွေနိုင်ပါလိမ့်မည်။
---
ယန်ဟဲမိန်၏ ခန့်မှန်းချက်က မှန်ကန်သည်။ ယန်ရုန်ရုန် လိပ်ခွံကို အကာအကွယ်အဖြစ်ယူရင်း မြေတူးအဆောင်စက္ကူတစ်ခုကို အသုံးပြုကာ လင်းယွမ်နှင့်အတူ မြေအောက်ထဲသို့ ထွက်ပြေးသွားခဲ့သည်။
ထို့နောက် မြေကျုံ့အဆောင်စက္ကူဖြင့် နတ်ဆိုးသစ်ပင်ကြီးနှင့် အဝေးဆုံးသို့ ရောက်အောင် ထွက်ပြေးခဲ့ပါသည်။
သို့သော် သူတို့ဘယ်လောက်မြန်မြန်ပဲ ပြေးကြပါစေ သစ်မြစ်များက နောက်မှ ထပ်ကြပ်မကွာ လိုက်လာပြီး သူတို့ကို ရစ်ပတ်ချုပ်နှောင်ဖို့ ကြိုးစားနေခဲ့သည်။
ထိုအချိန်တွင် လောလော၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့လည်း အနက်ရောင် မြူခိုးမြူငွေ့များ အကြားမှလွတ် မြောက်လာခဲ့ကြပါပြီ။
ယန်ရုန်ရုန်၏ အရေးပေါ် ဆင့်ခေါ်မှုကို အာရုံခံမိကြပြီး သူမတည်ရှိနေသည့် နေရာသို့ အမြန်ဆုံးလိုက်လာခဲ့ကြသည်။
လောလောတို့ သုံးယောက် မြူခိုးများထဲမှ ထွက်သွားကြသည်နှင့် တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင် ၄ ပါး ဖြစ်သော စမ့်ရှန်းမင်၊ ဟိုက်မင်၊ ဖုန့်ကျင်းရှားနှင့် ဟေးယန်တို့လည်း အနက်ရောင် မြူခိုးများထံ ရောက်ရှိလာကြပါသည်။ သံလိုက်အိမ်မြှောင်၏အကူအညီဖြင့် သူတို့ ဒီအထိ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
သံလိုက်အိမ်မြှောင်က ရှေ့တည့်တည့်သို့ ညွှန်ပြနေလေသည်။
စမ့်ရှန်းမင်က ပိန်းပိတ်အောင် မှောင်နေသော အနက်ရောင်မြူခိုးများကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားကာစိတ် လေးလံစွာ မေးလိုက်ပါသည်။
“ငါတို့ အဲ့ဒီထဲ ဝင်မှဖြစ်မှာလား”
သံလိုက်အိမ်မြှောင်ကို ကိုင်ထားသည့် ဟေးယန်ပြောလိုက်သည်။
“အစီအရင်အရ ဆိုရင်တော့ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်က ရှေ့တည့်တည့်မှာ ရှိနေလိမ့်မယ်၊ သစ်ပင်ကို ရှာတွေ့ချင်ရင် ဒီမြူတွေကို ဖြတ်သွားမှ ဖြစ်မယ်”
သူ့စကားဆုံးသည်နှင့် နောက်ကျောပေါ်တွင် ကြာပွတ်နှင့် အရိုက်ခံလိုက်ရသကဲ့သို့ စူးစူးရှရှ နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။
သူ့ကို တစ်စုံတစ်ယောက် အလစ်ဝင်တိုက်သည်အထင်နှင့် နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ရှိနေသော စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့လည်း အလွန်နာကျင်နေသည့်ပုံစံ ပေါက်နေကြမှန်း မြင်လိုက်ရပါသည်။
“ဒဏ်ရာရွှေ့ပြောင်းအဆောင်ရဲ့ အာနိသင်ပဲ ဖြစ်မယ်”
ဟိုက်မင် နာကျင်မှုကို အောင့်အည်းသည်းခံရင်း ပြောလိုက်သည်။
ထိုအခါမှ သူတို့ သုံးယောက်သာမကဘဲ ဖုန့်ကျင်းရှားပင် မျက်မှောင်ကြုတ်လျက် ခါးကုန်းနေသည်ကို ဟေးယန် မြင်လိုက်ရပါသည်။ ကံကောင်းစွာဖြင့် ဒဏ်ရာက သိပ်မပြင်း ထန်ခြင်းကြောင့် သူတို့ ခံနိုင်ရည်ရှိခဲ့ကြသည်။
ထိုနာကျင်မှုက သူတို့အတွက် သတိပေးချက်လည်း ဖြစ်နေပါသည်။ ကျုံးရှောင်းရှောင်းကို သူတို့ အမြန်ဆုံး ရှာဖွေရမည်။ မဟုတ်ပါက ဒီ့ထက်ဆိုးရွားသည့် ဒဏ်ရာများကို သူတို့ ခံစားရပါလိမ့်မည်။
လေးယောက်သား တွန့်ဆုတ်မနေကြတော့ဘဲ အနက်ရောင် မြူခိုးများထဲ ဝင်သွားကြတော့သည်။ မြူခိုးများအကြား ဘာကိုမှ မမြင်နိုင်သလောက်ရှိသော်လည်း သံလိုက်အိမ်မြှောင် ၏အကူအညီကြောင့် သူတို့ လမ်းမပျောက်ခဲ့ကြပေ။
နတ်ဆိုးဘုရင် ၄ ပါး မြူခိုးများထဲ ဝင်ရောက်သွားပြီးနောက် သေးသေးငယ်ငယ် လူရိပ်လေးတစ်ခု ထပ်ပေါ်လာခဲ့သည်။
အလွန်လှပသည့် ပန်းမိစ္ဆာသားရဲမလေးတစ်ကောင်ဖြစ် သည်။ အနက်ရောင်ဝတ်ရုံကို ခြုံထားပြီး သူမ ဆံနွယ်ပေါ်ရှိ သစ်ရွက်နုနုလေးများ၊ ပန်းဖူးလေးများကို ဖုံးကွယ်ထားဖို့အတွက် ခေါင်းစွပ်ကိုလည်း စွပ်ထားပါသေးသည်။
ယန်ရုန်ရုန်နှင့်လင်းယွမ်တို့သာ ဒီမှာရှိနေကြလျှင် ထို မိစ္ဆာသားရဲမလေးကို မှတ်မိကြလိမ့်မည်။ သူမက ဝမ်ပေါင်မျှော်စင်တွင် ကြောက်စရာဈေးနှုန်းနှင့် လေလံတင်ရောင်းချခံလိုက်ရသည့် မိစ္ဆာသားရဲမလေးပင်။
လေလံပွဲပြီးနောက် သူမ ချက်ချင်းပျောက်ကွယ်သွားခဲ့သော်လည်း ယခုတော့ အသူရာချောက်နက်ထဲကို အကြောင်းအရင်းတစ်ခုခုကြောင့် ရောက်ရှိနေခဲ့ပါသည်။
ရှေ့က အနက်ရောင်မြူခိုးမြူငွေ့များကို ကြည့်ရင်း သူမရင်ထဲ လေးလံနေခဲ့သည်။ ဒီနေရာကြီးတွင် နတ်ဆိုးစွမ်းအင်များက များသထက် များလာသဖြင့် ရှေ့တွင် စွမ်းအားကြီးမားသည့် နတ်ဆိုးသတ္တဝါများ ရှိနေနိုင်ကာ အလွန်အန္တရာယ်များပါလိမ့်မည်။
သူမလက်ထဲမှာလည်း မိစ္ဆာပုလဲလုံးတစ်လုံးကို ဆုပ်ကိုင်ထားသည်။ ထို မိစ္ဆာပုလဲလုံးကို မိစ္ဆာဘုရင်ဟမ်ယဲ့ ကိုယ်တိုင် ပေးအပ်ထားခြင်းဖြစ်ပြီး သူမကို သေသေချာချာလည်း မှာကြားလိုက်ပါသည်။
‘ကျူးကျူး’ကို ရှာတွေ့သည်နှင့် ထိုမိစ္ဆာပုလဲလုံးကို သူမ ဖိခြေပစ်ရမည်။ ထိုအခါ မိစ္ဆာဘုရင်ဟမ်ယဲ့ ချက်ချင်း ရောက်ရှိလာပါလိမ့်မည်။
သူမ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်လျှင် မိစ္ဆာဘုရင်ဟမ်ယဲ့က ပန်းမိစ္ဆာမျိုးနွယ်စုနှင့် သက်ဆိုင်သည့် ရတနာများကို ပြန်လည်ပေးအပ်လိမ့်မည်။
သူမမျိုးနွယ်စုရတနာများကို ပြန်လည်ရယူပြီး ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန်အတွက် ပန်းမိစ္ဆာမလေး တွန့်ဆုတ်မနေတော့ဘဲ မှောင်အတိကျနေသော မြူခိုးများထဲသို့ ပြတ်ပြတ်သားသား တိုးဝင်သွားခဲ့တော့သည်။
သူမ ကျူးကျူးကိုရအောင်ရှာပြီး မိစ္ဆာဘုရင်ဟမ်ယဲ့ ပေး အပ်ထားသည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရပါမည်။
--- --- ---
မိစ္ဆာနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့၏ နယ်စပ်တွင် အလွန်ထူထပ်သည့် အကာအရံကြီးတစ်ခု ရှိပါသည်။
ထိုအကာအရံတွင် အလွှာနှစ်လွှာရှိသည်။ မိစ္ဆာနယ်မြေဘက်မှ အလွှာကို စွမ်းအားကြီးမားသော မိစ္ဆာစွမ်းအင်များဖြင့် အားဖြည့်ထားပြီး နတ်ဆိုးနယ်မြေဘက်မှ အလွှာကိုလည်း စွမ်းအားကြီးမားသော နတ်ဆိုးစွမ်းအင်များဖြင့် အားဖြည့်ထားပါသည်။
ယခု မိစ္ဆာနယ်မြေဘက်မှ အကာအရံ အလွှာကို ဟမ်ယဲ့က ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။ သို့သော် နတ်ဆိုးနယ်မြေဘက်မှ အလွှာကတော့ အကောင်းအတိုင်း ရှိနေပါသေးသည်။
ဟမ်ယဲ့တစ်ယောက် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့ပွပွယောင်းယောင်း အမြီးကြီးကလည်း မြေပြင်ကို တဖုန်းဖုန်း ရိုက်နှက်နေသည်။
သူ့ရွှေရောင် သားရဲမျက်လုံးများက နတ်ဆိုးစွမ်းအင်များ ထူထူထဲထဲ ဖြာထွက်နေသော အကာအရံကို စူးစူးဝါးဝါး စိုက်ကြည့်နေပါသည်။ ဟမ်ယဲ့သာ ထိုအကာအရံကို ထိတွေ့လိုက်လျှင် ပြင်းထန်လှသော နတ်ဆိုးစွမ်းအင်ကြောင့် လွင့်ထွက်သွားမှာ သေချာသည်။
ဟမ်ယဲ့ အလွန်စိတ်ရှုပ်နေပါသည်။ ဒီအကာအရံကို လင်းယွမ်ဟုခေါ်သည့် ထိုငနဲ တည်ဆောက်ထားခဲ့ခြင်းဖြစ်မှန်း သူသိသည်။ ဟမ်ယဲ့ကို နတ်ဆိုးနယ်မြေထဲ ဝင်မလာစေအောင် လင်းယွမ်က အကာအရံကို သေသေချာချာ စီရင်ထားခြင်း ဖြစ်ပါလိမ့်မည်။
ဟမ်ယဲ့က သူ့မျိုးနွယ်စုမှ နတ်ဆရာကြီးကို မေးမြန်းကြည့်ခဲ့ပြီးပါပြီ။ ကျူးကျူး အသက်ရှင်နေသေးရုံသာမကဘဲ သူမကို လင်းယွမ်က နတ်ဆိုးနယ်မြေအတွင်းသို့ ခေါ်ဆောင်သွားသည်ဟု နိမိတ်များက ပြသနေသည်။
ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် ဟမ်ယဲ့ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ နတ်ဆိုးနယ်မြေအတွင်းသို့ ချက်ချင်းဝင်ကာ ကျူးကျူးကို ရှာဖွေချင်ခဲ့သော်လည်း ဒီကျက်သရေတုံး အကာအရံကြီးက သူ့လမ်းမှာ လာပိတ်နေပါသည်။
အမှန်တော့ သူ့စွမ်းအားအကုန်လုံးကိုသာ ထုတ်သုံးလိုက်လျှင် ထိုအကာအရံကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်လိမ့် မည်။ သို့သော် ထိုသို့ ဖျက်ဆီးပစ်လိုက်ပါက နတ်ဆိုးနယ်မြေတစ်ခုလုံး လှုပ်ခါသွားပါလိမ့်မည်။
နတ်ဆိုးနယ်မြေထဲ သူဝင်ရောက်လာမှန်း လင်းယွမ်သိသွားသည့်အခါ ကျူးကျူးကို ကျိန်းသေပေါက် ဖွက်ထားပြီး သူ့ကို မောင်းထုတ်ဖို့ နည်းလမ်းရှာလိမ့်မည်။
နတ်ဆိုးနယ်မြေက လင်းယွမ်၏ ပိုင်နက်ဖြစ်သဖြင့် ဟမ်ယဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စိတ်ချရစေရန်အတွက် နတ်ဆိုးနယ်မြေအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ဖို့ မိစ္ဆာငယ်အချို့ကို ဟမ်ယဲ့ တာဝန်ပေး စေလွှတ်ခဲ့လေသည်။