အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
🌹Chapter 215
ထိုမိစ္ဆာငယ်လေးများက စွမ်းအား သိပ်မကြီးမားကြသဖြင့် နတ်ဆိုးနယ်မြေထဲ ဝင်ရောက်သည့်အခါ အာရုံသိပ်စိုက်ခံရမည် မဟုတ်ပေ။
မိစ္ဆာငယ်တစ်ကောင်လျှင် မိစ္ဆာပုလဲလုံးတစ်လုံးစီ သူပေးခဲ့သည်။ ထိုမိစ္ဆာပုလဲလုံးများထဲတွင် ဟမ်ယဲ့၏ မိစ္ဆာစွမ်းအင် အနည်းငယ်စီ ပါဝင်ပါသည်။
မိစ္ဆာပုလဲလုံး အက်ကွဲသွားပြီး မိစ္ဆာစွမ်းအင်များယိုစိမ့်လာသည်နှင့် တည်နေရာကို ဟမ်ယဲ့ သိရှိရပြီး ချက်ချင်းလိုက်သွားနိုင်ပါလိမ့်မည်။
သူသာ အမြန်ဆုံးသွားနိုင်လျှင် ကျူးကျူးကို လင်းယွမ် ဖွက်ဖို့ အချိန်ရှိမှာ မဟုတ်ပါ။
ထို့ကြောင့် ဟမ်ယဲ့ ဒီရက်ပိုင်းအတွင်း အကာအရံကြီးရှေ့မှာ ထိုင်ရင်း ဂနာမငြိမ် စောင့်နေခဲ့ရသည်။
‘မိစ္ဆာတွေ ကျူးကျူးကို ရှာတွေ့ပါ့မလား၊ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ…’
တကယ်သာ ရှာမတွေ့ခဲ့ကြလျှင် အကာအရံကို သူကိုယ်တိုင် ဖျက်ဆီးပြီး နတ်ဆိုးနယ်မြေထဲ ဝင်ရောက်ကာ လင်းယွမ်ကို တိုက်ခိုက်ပါမည်။
သူနိုင်လျှင် ကျူးကျူးကိုပြန်ခေါ်နိုင်လိမ့်မည်။ ကံအကြောင်းမလှဘဲ ရှုံးနိမ့်သွားခဲ့လျှင်လည်း လင်းယွမ်ကို နိုင်သည်အထိ ထပ်မံ တိုက်ခိုက်ပါမည်။
ဟမ်ယဲ့ စောင့်ရင်းစောင့်ရင်း စိတ်မရှည်တော့ဘဲ တစ်ကိုယ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူ့ညာဘက်လက်ကို သားရဲလက်ကြီးအဖြစ် အသွင်ပြောင်းကာ အကာအရံဆီသို့ ဖြည်းဖြည်းချင်း လှမ်းလိုက်တော့သည်။
---
ယန်ရုန်ရုန်လည်း လင်းယွမ်နှင့်အတူ မြေအောက်ထဲမှ ထွက်လာပြီး ဓားပျံစီးလျက် ကောင်းကင်ပေါ် တက်သွားခဲ့သည်။
သူတို့နောက်တွင် သစ်မြစ်များကလည်း ထပ်ကြပ်မကွာ လိုက်နေဆဲပင်။ ထိုသစ်မြစ်များက ကမ္ဘာမြေကို ထိုးခွင်းလျက် ရေဘဝဲလက်တံများပမာ ယန်ရုန်ရုန်တို့ နှစ်ယောက်ကို တိုက်ခိုက်နေခဲ့ပါသည်။
ယန်ရုန်ရုန်က ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန်ထုတ်သုံးပြီး ဓားပျံကို အရှိန်အမြင့်ဆုံးဖြစ်အောင် မြှင့်တင်လိုက်သည်။ သူတို့နှစ်ယောက်၏ အရှိန်က မြန်ဆန်လွန်းသဖြင့် သာမန်မျက် လုံးနှင့်ပင် မမြင်နိုင်တော့ပေ။
ယန်ရုန်ရုန် နောက်သို့ လှည့်ကြည့်လိုက်တိုင်း မြေကြီးများထဲမှ ထိုးထွက်လာသော သစ်မြစ်အရေအတွက် ပို၍များပြားလာသည်ကိုသာ မြင်နေရသည်။ ၎င်းတို့မှာ ဒီရေလှိုင်းကြီးတစ်ခုအလား သူမတို့နောက် ကပ်လိုက်လာခဲ့ပါသည်။
ယန်ရုန်ရုန် စိတ်ထဲမှ စိုးရိမ်တကြီး အော်ဟစ်နေမိပါပြီ။
‘လျို့လန်၊ လောလော… နင်တို့ ဘယ်မှာလဲ!’
ထိုစဉ် အောက်ဘက်တည့်တည့်မှ သစ်မြစ်တစ်ခု ထိုးထွက်လာပြီး ဝူဝမ့်ဓားကို ရစ်ပတ်ကာ အောက်သို့ ဆွဲချပစ်လိုက်သည်။
ဝူဝမ့်ဓား လေထဲတွင် တိမ်းစောင်းသွားခဲ့ပြီး အပေါ်တွင် ရပ်နေသည့် ယန်ရုန်ရုန်လည်း ဟန်ချက်ပျက်ကာ လင်းယွမ်နှင့်အတူတူ ပြုတ်ကျသွားခဲ့တော့သည်။
ထိုအခါ နောက်မှလိုက်လာသည့် သစ်မြစ်များက ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို လှမ်းဆွဲကာ ဖမ်းဆီးလိုက်ကြသည်။
ယန်ရုန်ရုန် အသည်းအသန် ရုန်းကန်ခဲ့သော်လည်း သူမ ရုန်းကန်လေလေ သစ်မြစ်များ၏ ရစ်ပတ်မှုက ပိုမို တင်းကျပ်လာလေလေပင်။
သူမအရိုးတွေ အကုန်လုံး အဆစ်လွဲကုန်သည့် အသံကိုပင်ကြားနိုင်သည်။ သူမ ကိုယ်တွင်းအင်္ဂါများ ကြေမွသွားတော့မလားဟုပင် ထင်ရသည်။
သို့သော် ယန်ရုန်ရုန် ဘာနာကျင်မှုမှ မခံစားခဲ့ရပေ။
သူမ ခံစားရမည့် နာကျင်မှုတိုင်းက အခြားသူတွေဆီကိုသာ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်မြူခိုးများထဲမှ လွတ် မြောက်လာခါစဖြစ်သည့် စမ့်ရှန်းမင်၊ ဟိုက်မင်၊ ဖုန့်ကျင်းရှားနှင့် ဟေးယန်တို့ လေးယောက် အလွန်ပြင်းထန်သော နာကျင်မှုများကို ခံစားလိုက်ရသည်။
သူတို့ခြေလက်များရှိ အရိုးများ အဆစ်လွဲကုန်ပြီး နံရိုးတွေ ကျိုးကာ ကိုယ်တွင်းအင်္ဂါများကိုလည်း အလွန်ကြီးမားသည့် ဖိအားတစ်ခုက ဖိနှိပ်ပစ်လိုက်သလို ခံစားလိုက်ရသည်။ အသက်ပင် ဝဝမရှူနိုင်ကြတော့ပေ။
လေးယောက်စလုံး ခြေလှမ်းများယိမ်းယိုင်ကာ မြေပေါ် လဲကျသွားခဲ့ကြသည်။ မျက်နှာများ ဖြူရော်လျက် ဇောချွေးများ စိုရွှဲလာခဲ့ကြပါသည်။
ဖုန့်ကျင်းရှား နာကျင်မှုကြောင့် အံကြိတ်ရင်း ကျိန်ဆဲလိုက်သည်။
“လခွီးထဲမှ! အဲ့ဒီကောင်မ ဘာလုပ်ပြန်ပြီလဲ၊ ဘာလို့ ဒဏ်ရာတွေ ထပ်ရနေတာလဲ!”
စမ့်ရှန်းမင် အသက်ဝဝ ရှူလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်သည်။ ထို့နောက် ချန့်ခွင်းအိတ်ထဲမှ ဆေးလုံးများကို ထုတ်ကာ ပါးစပ်ထဲ အကုန်ပစ်ထည့်လိုက်ပါသည်။
နာကျင်မှု အနည်းငယ် သက်သာသွားခါမှ သူပြောလိုက်သည်။
“သူအခု အန္တရာယ်နဲ့ ကြုံနေရတာ ဖြစ်လိမ့်မယ်၊ ဒါငါတို့အတွက် အခွင့်ကောင်းပဲ၊ သူ့ကို မြန်မြန်ရှာပြီး အသတ်မခံရခင် ဖမ်းချုပ်ပစ်ရမယ်”
ကျန် နတ်ဆိုးဘုရင် ၃ ပါးလည်း ကန့်ကွက်စရာမရှိပေ။
ဆေးလုံးများဖြင့် နာကျင်မှုကို ဖိနှိပ်လိုက်ကြရင်း နတ်ဆိုးဘုရင် ၄ ပါး ခရီးဆက်ဖို့ ပြင်လိုက်ပါသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ရင်ဘတ်ထဲ စူးအောင့်သွားခဲ့ကြပြီး သွေးများ အန်ထွက်ကုန်ကြသည်။
ဒီတစ်ခါတော့ စမ့်ရှန်းမင်ပင် သည်းမခံနိုင်တော့ချေ။
“ဒီကောင်မ ဘယ်လိုသတ္တဝါမျိုးနဲ့ တိုက်ခိုက်နေတာလဲ! ဘာလို့ ဒီလောက်ထိ ဒဏ်ရာတွေဆိုးဆိုးဝါးဝါး ရနေတာလဲ!”
ဟိုက်မင်က လက်တစ်ဆုပ်စာ ဆေးလုံးများကို ပါးစပ်ထဲ ထပ်ထည့်လိုက်ပါသည်။ ထို့နောက် မြေကြီးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး နတ်ဆိုးစွမ်းအင်ဖြင့် သူ့ဒဏ်ရာများကို ကုသဖို့ ကြံလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များက တုံ့ပြန်မလာခဲ့ပါ။
ထိုအခါမှ ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်၏ အာနိသင်ကြောင့် သူတို့နတ်ဆိုးစွမ်းအင်များကို ထုတ်သုံး၍ မရမှန်း သတိရသွားခဲ့ကြသည်။
သို့သော် သူတို့အတွင်းဒဏ်ရာများက အလွန်ပြင်းထန်သည်။ ဆေးလုံးများ၏ အကူအညီတစ်ခုတည်းဖြင့် မလုံလောက်ပေ။
နတ်ဆိုးစွမ်းအင်များကို အသုံးပြုပြီး သူတို့ခန္ဓာကိုယ်များကို အမြန်ဆုံးကုသမှ ဖြစ်မည်။ မဟုတ်ပါက အမြစ်တွယ်ဒဏ်ရာများအဖြစ် ကျန်ရှိသွားနိုင်ကာ နောက်ပိုင်း ကျင့်ကြံဖို့အတွက်ပင် ခက်ခဲသွားနိုင်ပါသည်။
နတ်ဆိုးဘုရင် ၄ ပါး တစ်ယောက်မျက်နှာတစ်ယောက် ခါးခါးသီးသီး ကြည့်လိုက်ကြသည်။
အစက ဝူထျန်နတ်ဆိုးနှိမ်နင်းရေးအစီအရင်ဖြင့် လင်းယွမ်ကို ထောင်ချောက်ဆင်ဖို့ သူတို့ ရည်ရွယ်ထားခဲ့သော်လည်း ယခုတော့ သူတို့ထောင်ချောက်တွင်သူတို့ ပြန်မိနေခဲ့ပါပြီ။
---
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့နှစ်ယောက် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးထံသို့ ပြန်လည်ဆွဲခေါ်ခံခဲ့ရသည်။
သူတို့နှစ်ယောက်ကို ခရမ်းရောင် နွယ်ပင်များက တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားပြီး ပင်စည်ပေါ်တွင် ဧရာမ ပိုးအိမ်ကြီးနှစ်ခုပမာ ဇောက်ထိုး ဆွဲထားပါသည်။
ထိုခရမ်းရောင် နွယ်ပင်များတွင် အဆိပ်ရှိပုံရသည်။ အရေ ပြားနှင့် ထိတွေ့လိုက်တိုင်း ခရမ်းရင့်ရောင် အစင်းအရာများ ထင်ကျန်ခဲ့ပါသည်။
သို့သော် ယန်ရုန်ရုန် နာကျင်မှုကို မခံစားရခင်မှာပင် ထိုအစင်းအရာများ ပျောက်ကွယ်သွားခဲ့သည်။
ဘာမှစဉ်းစားဖို့ပင် မလိုအပ်ပေ။ သူမ ဒဏ်ရာများ အခြားတစ်နေရာရာကို ထပ်မံ ရောက်ရှိသွားပြန်ပါပြီ။
တစ်ချိန်တည်းမှာပင် စမ့်ရှန်းမင်နှင့် နတ်ဆိုးဘုရင်များ၏ ခန္ဓာကိုယ်များပေါ်၌ ခရမ်းရင့်ရောင် အစင်းအရာများ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအစင်းအရာများက ယားလည်းယား နာလည်းနာသည်။
အကုတ်မရပ်နိုင်သဖြင့် အရေပြားများ ပေါက်ပြဲကာ သွေးများ စိမ့်ထွက်လာခဲ့ပါသည်။ ဒါအဆိပ်မိနေသည့် လက္ခဏာတစ်ခုပင်။
ဖုန့်ကျင်းရှားတစ်ယောက် သတိလစ်လုနီးပါး ဖြစ်နေပါပြီ။
“ဘယ်တော့မှ အဆုံးသတ်မှာလဲကွာ! မပြီးနိုင်တော့ဘူးလား!”
ဟိုက်မင်က အဆိပ်ဒဏ် သက်သာစေဖိုအ့တွက် တုန်ယင်နေသော လက်များဖြင့် ဆေးမှုန့်များထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ် ဖြူးချလိုက်သည်။
ဘယ်လိုအဆိပ်အမျိုးအစား ဖြစ်မှန်း မသိရသဖြင့် ကုသဖို့ နည်းလမ်းလည်း မရှိပါ။ သူလုပ်နိုင်သည့်အရာဟူ၍ အဆိပ်ကို ဖိနှိပ်ပြီး နာကျင်မှုကို အနည်းငယ် သက်သာစေရုံသာ ရှိသည်။
ဟေးယန်က သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။
“အဲ့ဒီမိန်းမ ဘယ်မှာလဲ”
သံလိုက်အိမ်မြှောင်က စကားမပြောနိုင်သလို ကျန်သုံးယောက်ကလည်း အဖြေမပေးနိုင်ပေ။
ထို့ကြောင့် အားလုံး တိတ်ဆိတ်သွားခဲ့ကြပါသည်။
အမှန်တော့ ယန်ရုန်ရုန်က သူတို့နှင့် အနီးဆုံးမှာ ရှိနေသည်။ မြစ်တစ်စင်းသာ ခြားပါတော့သည်။
ရှေ့တွင်ရှိနေသော မြစ်နီကြီးကို ဖြတ်ကျော်လိုက်လျှင် ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးကို ရှာတွေ့မည်ဖြစ်ပြီး ထိုသစ်ပင်ပေါ် တွဲလောင်းဆွဲခံထားရသည့် ယန်ရုန်ရုန့်ကိုပါ ရှာတွေ့ကြလိမ့်မည်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့ မသိခဲ့ကြပေ။
---
ယန်ရုန်ရုန်တစ်ယောက် နတ်ဆိုးသစ်ပင် ပင်စည်ကြီးနှင့် အလွန်နီးနီးကပ်ကပ် တွဲလောင်းဆွဲခံထားရပါသည်။ ထို့ ကြောင့် ပင်စည်ပေါ်က မျက်နှာကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ပထမတော့ ပင်စည်ပေါ်တွင် မျက်နှာတစ်ခု ကပ်နေခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် တွေးခဲ့မိသော်လည်း ယခု အနီးကပ် မြင်လိုက်ရသောအခါ သစ်ပင်ကြီးထဲမှ မျက်နှာတစ်ခု ပေါက်နေခြင်းဖြစ်မှန်း သိလိုက်ရသည်။
သူမနှင့် အလွန်နီးကပ်နေသည့် မျက်နှာကြီးကို ကြည့်ရင်း ယန်ရုန်ရုန် မေးလိုက်သည်။
“ကျွန်မကို သတ်မလို့လား”
ယန်ဟဲမိန် စိတ်ပြန်တည်ငြိမ်နေပါပြီ။
“အစကတော့ မင်းကို သတ်ဖို့ အစီအစဉ်မရှိခဲ့ဘူး၊ ဒါပေမယ့် မင်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းချင်နေတာဆိုတော့ ရွေးချယ်စရာမရှိဘဲ မင်းတို့နှစ်ယောက်စလုံးကို သတ်ရတော့မှာပေါ့”
ယန်ရုန်ရုန်က ကံကြမ္မာကို လက်ခံလိုက်ပုံရသည်။
“ကျွန်မ မသေခင် တစ်ခုခု မေးလို့ရမလား”
“မေးလေ”
“အသူရာချောက်နက်ထဲမှာ သံသရာခွင်းဘုံကို သွားတဲ့ ဝင်ပေါက်တစ်ခု တွေ့မိသေးလား”
အသူရာချောက်နက်ထဲ ယန်ဟဲမိန် ပိတ်မိနေခဲ့သည်မှာ နှစ်ပေါင်း ၆၀၀ ကျော်ရှိပါပြီ။ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ အမြစ်များက အသူရာချောက်နက်တစ်ခုလုံးတွင် ပျံ့နှံ့နေသဖြင့် ထိုကဲ့သို့ ဝင်ပေါက်မျိုးသာ အမှန်တကကယ် ရှိနေလျှင် သူသေချာပေါက် သိပါလိမ့်မည်။
“တစ်ခါမှ မမြင်ဖူးဘူး”
သူမ ဘာကြောင့် ထိုမေးခွန်းမျိုး မေးမှန်း မသိသော်လည်း ယန်ဟဲမိန် ပြန်ဖြေပေးလိုက်သည်။
သူ့မျက်နှာကို ယန်ရုန်ရုန် သေချာအကဲခတ်လိုက်ပါသည်။ သူ့ပုံစံက တည်ငြိမ်နေပြီး လိမ်ညာနေသည့်ပုံစံ မပေါက်သဖြင့် ယန်ရုန်ရုန် စိတ်ပျက်သွားခဲ့ရသည်။
ကောလဟာလများက မမှန်ကန်ဘဲ အသူရာချောက်နက်ထဲ သံသရာခွင်းဘုံ ဝင်ပေါက် ရှိပုံမပေါ်ပေ။
ထို့နောက် ယန်ရုန်ရုန် ထပ်မေးလိုက်သည်။
“အနက်ရောင် မြူခိုးတွေကို ရှင်ဖန်တီးထားတာလား”
ယခုလိုအခြေအနေမျိုးတွင် ဘာမှဖုံးကွယ်စရာမလိုတော့သဖြင့် ယန်ဟဲမိန် ဝန်ခံလိုက်သည်။
“ဟုတ်တယ်”
ယန်ရုန်ရုန်က ဆက်မေးသည်။
“အဲ့ဒီ အနက်ရောင်မြူခိုးတွေကို သုံးပြီး ကျွန်မတို့ကို လူစုကွဲအောင် လုပ်ခဲ့တာ၊ ပြီးတော့ လင်းယွမ်ရဲ့ မှတ်ဉာဏ်တွေကို အသုံးချပြီး ပုံရိပ်ယောင်ကမ္ဘာထဲ ကျွန်မတို့ကို မျှားခေါ်ခဲ့တာ၊ ဟုတ်တယ်မလား”
ယန်ဟဲမိန်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“မင်းသိပြီးသားဆိုရင် ဘာလို့ငါ့ကို လာမေးနေသေးလဲ”
သတိလစ်နေဆဲဖြစ်သည့် လင်းယွမ်ကို ယန်ရုန်ရုန်တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။
“စိတ်မလောပါနဲ့၊ ရှင်က အစီအရင်ပညာမှာ အရမ်းတော်တယ်လို့ ကျွန်မ ကြားမိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မကလည်း အစီအရင်ပညာကို အဓိကထားလေ့လာနေတာလေ၊ ရှင့်လို အစွမ်းထက်တဲ့ ဝါရင့်ပညာရှင်တစ်ယောက်ကို ဒီလို ဆုံနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ အဲ့တာကြောင့် တွေ့တုန်းတွေ့ခိုက်လေး အကြံဉာဏ်တချို့ မတောင်းသင့်ဘူးလား”
“မင်း တမင်သက်သက် အချိန်ဆွဲနေတာ”
ယန်ဟဲမိန်က ယန်ရုန်ရုန့်အကြံအစည်ကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်ပစ်လိုက်ပါသည်။
🌹Chapter 216
ယန်ရုန်ရုန် ထိုသို့ အမှန်တကယ် ကြံရွယ်ထားခဲ့သော်လည်း ရန်သူက ရိပ်မိသွားပြီဖြစ်သဖြင့် ရှက်ကိုးရှက်ကန်း ရယ်ပြကာ ပြောလိုက်သည်။
“ကျွန်မ အချိန်ဆွဲဖို့ ကြိုးစားနေတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် တကယ်လည်း သိချင်တာ၊ အဲ့ဒီ ပုံရိပ်ယောင်ကမ္ဘာက အရမ်းကို အသေးစိတ်ကျလွန်းတယ်၊ အစီအရင်တွေ အထပ်ထပ်နဲ့ ဖန်တီးထားတာမလား”
ယန်ဟဲမိန်၏ အကြည့်များ ရှုပ်ထွေးသွားခဲ့သည်။
“စုစုပေါင်း အစီအရင် လေးခုကို ငါအသုံးပြုခဲ့တာ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို အဲ့တာတွေကို မမြင်သင့်ဘူး၊ ကြည့်ရတာ မင်းက အစီအရင်ပညာမှာ တော်တော်လေး ပါရမီပါတဲ့ပုံပဲ”
သို့သော် သူ့လေသံ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းက နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းဖို့ စိတ်ပိုင်းဖြတ်ထားတာကိုး၊ အဲ့တာကြောင့် အနာဂတ်မှာ လူသားတွေ ဒုက္ခမရောက်နိုင်အောင် မင်းကို ဒီနေ့ပဲ သုတ်သင်ပစ်ရမယ်!”
သူ့စကားဆုံးသည်နှင့် ခရမ်းရောင်နွယ်ပင်များ၏ ရစ်ပတ်မှုက ပိုမိုတင်းကျပ်သွားခဲ့သည်။
ထိုခွန်အားမျိုးနှင့်သာဆို ယန်ရုန်ရုန့်ကို တစ်ကိုယ်လုံး ကျိုးကြေသွားစေလောက်သည်။
ကံကောင်းစွာဖြင့် ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင်က မပြယ်သေးပါ။ ထို့ကြောင့် ယန်ရုန်ရုန် နာကျင်မှုကို မခံစားရသလို ဒဏ်ရာလည်း မရရှိပေ။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး နာကျင်ချင်ယောင်ဆောင်ကာ ယန်ဟဲမိန် သတိလွတ်သွားစေဖို့အတွက် ကျယ်ကျယ်လောင်လောင် အော်ပြလိုက်ပါသည်။
---
ထိုအချိန်တွင် ပန်းမိစ္ဆာ သားရဲမလေးကလည်း အနက်ရောင်မြူခိုးများထဲမှ ထွက်လာပြီဖြစ်သည်။
အသူရာချောက်နက်သို့ ရောက်မလာခင်တုန်းက ညမဲ့မြို့တော်ကို သူမ သွားရောက်ခဲ့သည်။ ကျုံးရှောင်းရှောင်းက နတ်ဆိုးဘုရင် ၆ ပါးကို အလောင်းအစားတစ်ခုတွင် အနိုင်ရကာ ညမဲ့မြို့စားအသစ်ဖြစ်လာသည်ဟူသော အကြောင်းကို ကြားခဲ့ရခြင်းကြောင့်ပင်။
သို့သော် ညမဲ့မြိုတော်အတွင်း ရက်ပေါင်းများစွာ တိတ်တ ဆိတ်စောင့်နေခဲ့သော်လည်း ကျုံးရှောင်းရှောင်းနှင့် သူမ မဆုံခဲ့ရပါ။
ထို့နောက်ပိုင်း အသူရာချောက်နက်ထဲတွင် ရတနာပေါင်းများစွာကို သိုဝှက်ထားသည်ဟူသော ကောလဟာလများ ထွက်လာသည်။ နတ်ဆိုးကျင့်ကြံသူပေါင်းများစွာက အသူရာချောက်နက်ထဲ အလုအယက် ဆင်းသွားကြပြီး နတ်ဆိုး အရှင်သခင်နှင့် ကျုံးရှောင်းရှောင်းတို့လည်း အပါအဝင်ဖြစ်သည်ဟု သူမ ကြားခဲ့ရပါသည်။
ထို့ကြောင့် ပန်းမိစ္ဆာသားရဲမလေးလည်း နတ်ဆိုးဘုရင်များနောက်မှလိုက်လာပြီး အသူရာချောက်နက်ထဲ ဆင်းခဲ့သည်။
သို့သော် အသူရာချောက်နက်အတွင်းသို့ ရောက်သည်နှင့် နှစ်ဖွဲ့ကွဲသွားခဲ့ကြသည်။
နတ်ဆိုးအရှင်သခင်နှင့် ကျုံးရှောင်းရှောင်းတို့က အရင်ဆုံး ထွက်သွားကြပြီး အလွန်လည်း မြန်ဆန်ကြပါသည်။ ပန်းမိစ္ဆာ သားရဲမလေးက လူမိသွားမည်ကို စိုးရွံ့သဖြင့် နီးနီးကပ်ကပ်လိုက်မသွားရဲခဲ့ပေ။
ထို့ကြောင့် သိပ်မကြာလိုက်ဘဲ ကျုံးရှောင်းရှောင်းကို သူမ ခြေရာပျောက်သွားခဲ့ရသည်။
ရွေးချယ်စရာမရှိတော့သဖြင့် ဒုတိယအကောင်းဆုံး နည်းလမ်းကို ရွေးချယ်ကာ စမ့်ရှန်းမင်တို့အဖွဲ့နောက် တိတ်တဆိတ် လိုက်လာခဲ့သည်။
ထိုနတ်ဆိုးဘုရင်များနောက်မှ သူမလည်း အနက်ရောင်မြူခိုးများထဲ ဝင်သွားခဲ့ပါသည်။ အမှန်တကယ်ဆို ထိုနတ်ဆိုးဘုရင်များက သူမထက် ရှေ့ကို ပိုရောက်နေသင့်သော်လည်း သူမ မြူထဲမှထွက်လာသည်နှင့် ထိုလေးယောက်ကို မြင်လိုက်ရသည်။
ပန်းမိစ္ဆာသားရဲမလေး ထိတ်လန့်သွားပြီး သူမကို သတိထားမိသွားကြပြီအထင်နှင့် မြူထဲပြန်ဝင်ပြေးဖို့ ကြံလိုက်ပါသည်။
သို့သော် တစ်ခုခုထူးဆန်းနေသည်ကို သူမ သတိထားမိသွားသည်။ နတ်ဆိုးဘုရင် ၄ ပါးစလုံး မျက်နှာတွေ ခရမ်းရောင် သန်းနေကြပြီး နှုတ်ခမ်းတွေမှာလည်း သွေးတွေ စွန်းနေကြသည်။
မြေကြီးပေါ် အားလုံး လဲကျနေကြပြီး တစ်ကိုယ်လုံး တွန့်လိမ်ကာ အသိစိတ်ပင် ကပ်တစ်ချက် မကပ်တစ်ချက်ဖြစ်လျက် အချိန်မရွေး သေသွားတော့မည့်ပုံစံပေါက်နေပါသည်။
ရုတ်တရက်ကြည့်လိုက်လျှင် ကြောက်စရာပင် ကောင်းလှသည်။
ပန်းမိစ္ဆာသားရဲမလေး ရှေ့သို့ မဝံ့မရဲတိုးလာခဲ့သည်။
နတ်ဆိုးဘုရင် ၄ ပါးစလုံးက သေလုမျောပါးဖြစ်အောင် နာကျင်နေကြသည်။ သူတို့ခြေလက်များနှင့် ခန္ဓာကိုယ်များကို တစ်စုံတစ်ခုက တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားသကဲ့သို့ လှုပ်ရှား၍ပင် မရတော့ချေ။
အရိုးတွေ တစ်ချောင်းပြီးတစ်ချောင်း ရိုက်ချိုးခံနေရသလို ကိုယ်တွင်းအင်္ဂါများအားလုံးလည်း ကြေမွပျက်စီးသွားတော့မည့်အလား ခံစားနေရပါသည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာမှန်း သိကြသော်လည်း ကိုယ့်ကိုယ့်ကိုယ် ခုခံကာကွယ်ဖို့ ခွန်အားမရှိကြတော့ချေ။
နတ်ဆိုးဘုရင်များ မတုံ့ပြန်သည်ကို မြင်ပြီး ပန်းမိစ္ဆာသားရဲမလေး သတ္တိမွေးလိုက်ကာ ရှေ့သို့ ဆက်တိုးလာခဲ့ပါသည်။
နတ်ဆိုးစွမ်းအင်များကို ရှာဖွေနိုင်သည့် နတ်ရတနာတစ်ခု ဟေးယန်ထံတွင် ရှိနေမှန်း သူမ သိသည်။ ထိုနတ်ရတနာကို အားကိုးပြီး နတ်ဆိုးဘုရင် ၄ ပါး ဒီအထိ ရောက်လာခဲ့ကြခြင်းပင်။
ထိုရတနာကိုသာ သူမ လုယူနိုင်လျှင်…
ထိုအတွေးဖြင့် ပန်းမိစ္ဆာသားရဲမလေး အိတ်ကပ်ထဲမှ ပန်းဝတ်မှုန်လက်တစ်ဆုပ်စာကို ထုတ်လိုက်သည်။
ထို့နောက် လက်ဖဝါးကိုဖြန့်ကာ နတ်ဆိုးဘုရင် လေးပါးဆီသို့ ပန်းဝတ်မှုန်များ မှုတ်ထုတ်ပစ်လိုက်ပါသည်။ ဝတ်မှုန်များက လေထဲတွင် လွင့်ပျံသွားခဲ့သည်။
ထို့နောက် ပန်းမိစ္ဆာသားရဲမလေး လက်သင်္ကေတဖော်ဆောင်ကာ လေပြည်လေညှင်းတစ်ချက်ကို ဆင့်ခေါ်လိုက်သည်။
လေပြည်လေညှင်းလေးက ပန်းဝတ်မှုန်မျာားကို နတ်ဆိုးဘုရင် ၄ ပါးထံ သယ်ဆောင်သွားပေးခဲ့ပါသည်။
ထိုပန်းဝတ်မှုန်များကို သူမကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး ရှူရှိုက်မိသူတိုင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေသည်။
သာမန်အခြေအနေမှာဆို စမ့်ရှန်းမင်နှင့် ကျန်နတ်ဆိုးဘုရင်များ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် ထိုကဲ့သို့ အမှုန်မျိုးက သူတို့အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။
သို့သော်လည်း ယခု သူတို့နတ်ဆိုးစွမ်းအင်များ ချိပ်ပိတ်ခံထားရပြီး ဒဏ်ရာများလည်း အပြင်းအထန် ရရှိထားသဖြင့် သာမန်လူများထက်ပင် ပိုမိုအားနည်းကာ သေတစ်ဝက်ရှင်တစ်ဝက် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီး ဘာမှ မခုခံနိုင်ခဲ့ကြပေ။
ထိုပန်းဝတ်မှုန်များကို ရှူရှိုက်လိုက်မိသည်နှင့်တစ်ပြိုင်တည်း အားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြပြီး လှုပ်ရှားမှုမရှိတော့ချေ။
ထိုအခါ ပန်းမိစ္ဆာသားရဲမလေး ရှေ့ဆက်တိုးလာပြီး ဟေးယန်လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ယူဆောင်လိုက်တော့သည်။
သံလိုက်အိမ်မြှောင်ပေါ်ရှိ မြားဦးက ရှေ့တည့်တည့်သို့ ညွှန်ပြနေပါသည်။
ထို့ကြောင့် ပန်းမိစ္ဆာသားရဲမလေး တွန့်ဆုတ်မှုမရှိတော့ဘဲ နတ်ရတနာပျံတစ်ခုကို ထုတ်ကာ ရှေ့တွင်ရှိနေသော မြစ်နီပေါ်မှ ပျံသန်းဖြတ်ကျော်လာခဲ့တော့သည်။
---
တစ်စုံတစ်ခု မူမမှန်သည်ကို ယန်ဟဲမိန်လည်း ရိပ်မိသွားခဲ့သည်။
ခရမ်းရောင်နွယ်ပင်များက အလွန် အဆိပ်ပြင်းပါသည်။ ထိုနွယ်ပင်များ၏ ရစ်ပတ်မှုကို ခံရသူတိုင်းက အရေပြားများ ရောင်ရမ်း ပုပ်ပွသွားရမည်ဖြစ်သည်။ သို့သော် ယန်ရုန်ရုန့်တွင်တော့ ထိုကဲ့သို့ လက္ခဏာမျိုး မတွေ့ရချေ။
နာကျင်နေဟန်ဖြင့် အော်ဟစ်နေရုံသာ ရှိသည်။
ထို့အပြင် နွယ်ပင်များ၏ ရစ်ပတ်မှုက အလွန်တင်းကျပ်နေပြီဖြစ်သဖြင့် သူမ သတိလစ်သွားသင့်ပါပြီ။ သို့သော် အော်ဟစ်ဖို့ပင် အားရှိနေသေးသည်။ လုံးဝ အဓိပ္ပာယ်မရှိပေ။
ယန်ဟဲမိန် မျက်မှောင်ကြုတ်လိုက်ပြီး နွယ်ပင်များကို ယာယီဖြေလျှော့ပေးလိုက်ပါသည်။
သူမ ဘာတွေလျှို့ဝှက်ထားသလဲ ယန်ဟဲမိန် သိချင်သည်။
နွယ်ပင်များ လျော့ကျသွားသည်နှင့် ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ စက္ကူလူသားအဆောင်စက္ကူကို ထုတ်လိုက်ပါသည်။
ညမဲ့မြိုမှာ ရှိစဉ်က သူမ ခက်ခက်ခဲခဲ ဖန်တီးခဲ့ရသည့် စက္ကူလူသားအဆောင်ပင်။
ထိုအဆောင်စက္ကူက လေထဲတွင် လူသားတစ်ယောင်အသွင် ပြောင်းလဲသွားခဲ့သည်။ သူ့ပုံစံက ရှန်းယွင်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့လေးယောက် ပေါင်းစပ်ထားသလိုပင်။
ရုပ်ရည်က အလွန်တရာမှ ချောမောနေပြီး နွီဝါးမယ်တော်၏ ဖန်းဆင်မှုများအနက် ပြစ်ချက်မရှိသည့် အပြီးပြည့်စုံဆုံး လူသားဟု ထင်မှတ်ချင်စရာ ကောင်းလှပါသည်။
ထိုစက္ကူလူသား၏ လက်ထဲ ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ယန်ဟဲမိန်၏ ပါးကို အားပါပါ ရိုက်ချပစ်လိုက်တော့ သည်။
‘ဖြောင်း!’
ခပ်စူးစူး ပါးချသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုရိုက်ချက်ကြောင့် ယန်ဟဲမိန် မှင်သက်သွားရသည်။
ယန်ရုန်ရုန်ကိုယ်တိုင်ပင် ကြက်သေသေသွားခဲ့ရပါသည်။
စက္ကူလူသား၏အဓိကတိုက်ကွက်က… သူများကို ပါးချခြင်းဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
ထိခိုက်မှု နည်းသော်လည်း အလွန်စော်ကားရာကျသည်။
သူ့ရှေ့က စက္ကူလူသားကို ယန်ဟဲမိန် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ သူ့ဘယ်ဘက် ပါးပေါ်တွင်လည်း လက်ဝါးရာကြီးတစ်ခုက ဟာသဆန်ဆန် အထင်းသားပေါ်နေသည်။
ထိုအခွင့်အရေးကို အရယူပြီး ယန်ရုန်ရုန် နွယ်ပင်များမှ ရုန်းထွက်ကာ ဝူဝမ့်ဓားကို ထုတ်လျက် လင်းယွမ်ကို ချုပ်နှောင်ထားသော နွယ်ပင်များကို ခုတ်ထစ်ပစ်လိုက်သည်။
ယန်ဟဲမိန်လည်း အသိစိတ်ပြန်ကပ်သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါသည်။
အမျက်ဒေါသကြီးမားလာသဖြင့် သူ့စိတ်တွေ ထိန်းချုပ်မရတော့ဘဲ ထပ်မံရူးသွပ်သွားခဲ့ပြန်သည်။
နွယ်ပင်များအားလုံး ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါကာ စက္ကူလူသား၊ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို တိုက်ခိုက်ခဲ့ပါသည်။
ယန်ရုန်ရုန်က လင်းယွမ်ကို ခေါ်ပြီး ဝူဝမ့်ဓားပေါ်တက်ကာ နွယ်ပင်များကို ဘယ်ညာရှောင်တိမ်းရင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။
စက္ကူလူသားကလည်း အလွန်လျှင်မြန်ပါသည်။ သစ်မြစ်နှင့် နွယ်ပင်အားလုံးကို သွက်သွက်လက်လက် ရှောင်တိမ်းကာ ညာဘက်လက်ကိုမြှောက်လိုက်ပြီး ယန်ဟဲမိန်ကို ပါးတစ်ချက် ထပ်ချလိုက်သည်။
ယန်ဟဲမိန် ဒေါသပိုပေါက်ကွဲသွားပြီး သစ်မြစ်များစွာ ထပ်ထုတ်ကာ စက္ကူလူသားကို တိုက်ခိုက်ခဲ့ပါသည်။
စိတ်လွတ်နေပြီဖြစ်သဖြင့် ယန်ဟဲမိန်တွင် စဉ်းစားဆင်ခြင်ဉာဏ်မရှိတော့ချေ။ သူ့မျက်လုံးတွေ သွေးချင်းနီနေပြီး သူ့ခေါင်းထဲ အတွေးတစ်ခုသာ ရှိတော့သည်။ သက်ရှိအားလုံးကို သုတ်သင်ပစ်ဖို့သာ…
ထိုစဉ် ရှေ့တည့်တည့်မှ အော်သံတစ်သံထွက်ပေါ်လာသည်။
“သခင်မ!”
လောလော၏ အသံပင်။
ယန်ရုန်ရုန် အပျော်လွန်သွားပြီး ရှေ့သို့ လှမ်းကြည့်လိုက်ရာ လောလောနှင့် လျို့လန်တို့ အပြေးအလွှားရောက်လာကြသည်ကို မြင်လိုက်ရသည်။
ယန်ရုန်ရုန့်ကို ဒီ့ထက်စောစော ရှာတွေ့ခဲ့သင့်သော်လည်း သူတို့ ထောင်ချောက်အစီအရင်တစ်ခုထဲ မိကာ ပြန်ထွက်ဖို့ အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသဖြင့် ယခုမှ ဒီကို ရောက်ရှိလာကြခြင်းဖြစ်သည်။
လောလောနှင့် လျို့လန်တို့ အရှိန်အဟုန်ဖြင့် ခုန်လိုက်ကြပြီး လေထဲတွင် သားရဲအသွင်ပြောင်းသွားခဲ့သည်။ ယန်ရုန်ရုန့်ရှေ့သို့ ရောက်သောအခါ ဖီရှို့သားရဲနှင့် ထောင်ထျဲသားရဲတို့ အသီးသီးဖြစ်သွားကြပါပြီ။
ထောင်ထျီး၏ ကိုယ်ပေါ်မှ ငှက်ပေါက်လေး ပျံသန်းလာပြီး ယန်ရုန်ရုန့်ရင်ခွင်ထဲ ပြေးဝင်သွားခဲ့သည်။
ငှက်ပေါက်လေးက သူမ လည်ပင်းနားတွင်ကပ်ရင်း တကျိကျိ အော်ပြောသည်။
“နောက်ဆုံးတော့ စနစ်ပိုင်ရှင်ကို ရှာတွေ့ပြီ!”
အန္တရာယ်မှ မလွတ်မြောက်သေးသဖြင့် ယန်ရုန်ရုန့်တွင် စကားပြောဖို့ အချိန်မရှိပေ။ ဓားပျံကို လေထဲတွင် ၉၀ ဒီဂရီလောက် ရုတ်တရက် ကွေ့ချလိုက်ပါသည်။
ထိုအခါ သစ်မြစ်များက အရှိန်မသတ်နိုင်ဘဲ သူမဘေးမှ ကျော်သွားကာ ဖီရှို့နှင့် ထောင်ထျဲသားရဲတို့ကို ဝင်တိုက်မိကြသည်။
ထိုသားရဲနှစ်ကောင်က တိုက်ခိုက်စွမ်းအားကော၊ ခုခံစွမ်း အားကော အလွန်မြင့်မားကြပါသည်။
သစ်မြစ်များက သူတို့ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့သော်လည်း သူတို့အကြေးခွံများပေါ်တွင် ခြစ်ရာမျှသာထင်ခဲ့ပြီး ဘာထိခိုက်မှုမှ မရှိခဲ့ချေ။