အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
🌹Chapter 217
ထောင်ထျဲသားရဲက ပါးစပ်ကြီးကိုဟကာ ချွန်ထက်နေသော အစွယ်များဖြင့် သစ်မြစ်များကို ကိုက်ချပစ်လိုက်ပါသည်။
ထောင်ထျဲသားရဲကို ရစ်ပတ်ချုပ်နှောင်ဖို့ ကြိုးစားနေသည့် သစ်မြစ်များလည်း အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ဝါးစားခံလိုက်ရသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက စွမ်းအားကြီး နတ်ဆိုးတစ်ကောင်ဖြစ်သဖြင့် ယုတ်ညံ့သော ရောင်ဝါများ အပြည့်ရှိသည်။ ထို့ကြောင့် ၎င်း၏ သစ်မြစ်များက ထောင်ထျဲသားရဲအတွက် အလွန်ကောင်းမွန်သည့် အားဖြည့်စာ တစ်ခုလိုဖြစ်၍ ထောင်ထျဲသားရဲက တကျွတ်ကျွတ်မြည်အောင် အားရပါးရ ဝါးစားနေလေသည်။
သို့သော်လည်း ဖီရှို့ကတော့ သစ်မြစ်များကို ဝါးစားဖို့ စိတ်ကူးမရှိပေ။ သူ့တောက်တောက်ပပ ရွှေအကြေးခွံများ ညစ်ပတ်သွားမည်စိုးသဖြင့် သစ်မြစ်များကို အလျှင်အမြန် ဖျက်ဆီးပြီး အဝေးသို့ လွှင့်ပစ်ခဲ့ပါသည်။
ယခု ယန်ဟဲမိန်မှာ စက္ကူလူသား၏ ပါးရိုက်ချက်များကို ခုခံနေရသည့်အပြင် အလွန်စွမ်းအားကြီးမားသည့် ဖီရှို့သားရဲနှင့် ထောင်ထျဲသားရဲတို့ကိုပါ တစ်ပြိုင်တည်း တိုက်ခိုက်နေရသည်။
ထို့ကြောင့် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို သူအာရုံမစိုက်အားခဲ့ပေ။
ယန်ရုန်ရုန့်အတွက်ကတော့ အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။
သူမချန့်ခွင်းအိတ်ထဲမှ နောက်ဆုံး အစီအရင်ကျောက်ပြားတစ်ချပ်ကို ထုတ်လိုက်သည်။
ထိုကျောက်ပြားကို မြင်သောအခါ ငှက်ပေါက်လေး မျက်လုံးများ အရောင်လက်သွားပါသည်။
“အဲ့…အဲ့တာ ကြယ်တာရာပြောင်းလဲခြင်း အစီအရင်မဟုတ်လား!”
အသူရာချောက်နက်ထဲဆင်းပြီး လင်းယွမ်ကို ကယ်တင်ပေးဖို့အတွက် ယန်ရုန်ရုန် ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို စတေးခဲ့ရသည်။
ထို့နောက်ပိုင်းတွင် စနစ်စတိုးဆိုင်ထဲ အမှတ်များစွာ အသုံးပြုပြီး ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကို ဝယ်ယူခဲ့ပါသည်။
ထိုအစီအရင်ကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် သူမ အားကြိုးမာန်တက်ကြိုးစားခဲ့သည်။ ယခု သူမလက်ထဲတွင် ရှိနေသည့် ကြယ်တာရာပြောင်းလဲခြင်း အစီအရင်က သူမအားထုတ်ကြိုးပမ်းမှု၏ အသီးအပွင့်ဟုပင် ဆိုနိုင်ပေသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူခဲ့ပြီး ဝိညာဉ်ရင်းမြစ်ကိုပါ ဖျက်ဆီးပစ်ခဲ့ဖူးသည်။ ထို့အတွက် ထိုသစ်ပင်ကြီးကို သူမ အမြဲတမ်း အငြှိုးထားခဲ့ပါသည်။
ယနေ့တော့ ကလဲ့စားချေဖို့ အခွင့်အရေးတစ်ခု ရလာခဲ့လေပြီ။
ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကျောက်ပြားထဲ ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီး မန္တန်ကို ရွတ်ဆိုလိုက်သည်။
ကျောက်ပြား၏ မျက်နှာပြင် လင်းလက်လာခဲ့ပြီး ယန်ရုန်ရုန့်ခြေဖျားအောက်မှ ရွှေရောင်စည်းဝိုင်းကွက်တစ်ခု ပေါ်လာကာ ကျယ်ပြန့်သွားခဲ့ပါသည်။
ယန်ဟဲမိန်ကတော့ စက္ကူလူသား၊ ထောင်ထျဲနှင့် ဖီရှို့တို့ကို အာရုံစိုက်နေရသဖြင့် ယန်ရုန်ရုန်၏ လှုပ်ရှားမှုများကို သတိမထားမိခဲ့ပါ။
တစ်ခုခု မူမမှန်သည်ကို သူသတိထားမိသွားချိန်တွင် အားလုံးနောက်ကျသွားခဲ့ပါပြီ။
ကြယ်တာရာပြောင်းလဲခြင်း အစီအရင်က အပြည့်အဝ အသက်ဝင်သွားခဲ့လေပြီ။ မရေမတွက်နိုင်အောင် များပြားသော ရွှေချည်မျှင်များက တစ်ခုနှင့်တစ်ခု ပိုက်ကွန်ပမာ လိမ်ယှက်ကာ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးတစ်ခုလုံးကို ရစ်ပတ်လိုက်ကြသည်။
ယန်ဟဲမိန်လည်း အသိစိတ်အနည်းငယ် ပြန်ဝင်လာခဲ့သည်။
သူက အစီအရင်ပညာတွင် တစ်ဖက်ကမ်းကပ် ကျွမ်းကျင်သူဖြစ်သော်လည်း ဒီလို အစီအရင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် အန္တရာယ်များသည့် အစီအရင်တစ်ခုဖြစ်နိုင်သည်ဟု သူ့မသိစိတ်မှ သတိပေးနေခဲ့ပါသည်။
စက္ကူလူသား၊ ဖီရှို့နှင့် ထောင်ထျဲတို့ကို သူလျစ်လျူရှုလိုက်ပြီး သစ်မြစ်များကို ပြန်ဆင့်ခေါ်ကာ ပင်စည်ကို ရစ်ပတ်နေသည့် ရွှေချည်မျှင်များအား ဖျက်ဆီးပစ်ဖို့ ကြိုးစားပါသည်။
ရွှေချည်မျှင်များက နူးညံ့ပြီး အန္တရာယ်ကင်းမည့်ပုံစံပေါက်သော်လည်း သစ်မြစ်များက ဘယ်လောက်ပဲ ဆွဲခွာပါစေ ရွှေချည်မျှင်များကို မချိုးဖျက်နိုင်ခဲ့ပေ။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးပေါ်တွင် ရွှေချည်မျှင်များ များသထက် များလာခဲ့ပြီး ပင်စည်ကြီးတစ်ခုလုံးကို ရစ်ပတ် ဖုံးလွှမ်းသွားတော့သည်။
ယန်ဟဲမိန် သူ့ခန္ဓာကိုယ်ထဲ ထူးထူးဆန်းဆန်း စွမ်းအင်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအင်က ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများအား အပြင်ဘက်သို့ ဆွဲငင်နေပါသည်။
ယန်ဟဲမိန် ချက်ချင်းနားလည်သွားခဲ့ပြီး ယန်ရုန်ရုန့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ငါ့ကျင့်ကြံခြင်းစွမ်းအားတွေကို စုပ်ယူနေတာလား!”
သူမ ခန္ဓာကိုယ်ထဲ စီးဝင်လာသည့် ကျင့်ကြံခြင်းစွမ်းအားများကို ယန်ရုန်ရုန် ခံစားမိသည်။ အတော်လေး နေလို့ကောင်းပါသည်။
ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။
“ကျွန်မဆီက စုပ်ယူသွားတဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ကျွန်မပြန်ယူတာ ဘာဖြစ်လဲ”
ဒီမိန်းကလေးကို သူအထင်သေးခဲ့မိပြီဖြစ်မှန်း ယန်ဟဲမိန် နားလည်သွားခဲ့သည်။
“ကောင်းတယ်… သိပ်ကောင်းတယ်! အဲ့လောက်လိုချင်တယ်ဆိုရင် ယူနိုင်သလောက် ယူပစ်လိုက်စမ်းပါ!”
ယန်ဟဲမိန်၏ မျက်နှာ ရုတ်ခြည်းဆိုသလို အကျည်းတန်သွားခဲ့ပြီး မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
ထောင်ထျဲသားရဲနှင့် ဖီရှို့သားရဲတို့ မြေပြင်ပေါ် ဆက်မနေနိုင်တော့သဖြင့် ကောင်းကင်ပေါ် ပျံတက်သွားခဲ့ရပါသည်။
ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးက ရွှေချည်မျှင်များကို ချိုးဖျက်ဖို့ မကြိုးစားတော့ဘဲ မြေကြီးထဲမှ သူ့အမြစ်များကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ခဲ့သည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ ဘေးတစ်ဝိုက်ရှိ မြေစိုင်များ စတင်ပြိုကျလာခဲ့ပါသည်။ အသူရာချောက်နက်ကြီး တစ်ခုလုံးတွင် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့် ငလျင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တောတောင်နှင့် ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားခဲ့သည်။ သက်ရှိမှန်သမျှ အလွန်ထိတ်လန့်ချောက်ချားကုန်ကြပါသည်။ အတောင်ပံပါသူများက ကောင်းကင်ပေါ် ပျံတက်ပြီး အတောင်ပံ မပါသူများကတော့ နတ်ရတနာပျံများကို အားကိုးရင်း အသက်လု ထွက်ပြေးကြရသည်။
အနက်ရောင်မြူခိုးများအနီး စမ့်ရှန်းမင်၊ ဟိုက်မင်၊ ဖုန့်ကျင်းရှားနှင့် ဟေးယန်တို့ လေးယောက် သတိလစ်နေကြဆဲ ဖြစ်သဖြင့် အန္တရာယ်ကို မသိမြင်နိုင်ကြပေ။
သူတို့အောက်ရှိ မြေများ ပြိုကျသွားသောအခါ လေးယောက်သား အသံပင်မထွက်ဘဲ ပြုတ်ကျသွားခဲ့တော့သည်။
သစ်မြစ်များအားလုံး မြေပြင်ပေါ်သို့ ထွက်လာပြီဂနောက် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးတစ်ပင်လုံး လေပေါ် ပျံတက်လာခဲ့သည်။
မရေမတွက်နိုင်အောင် များပြားသော သစ်မြစ်များမှာ တစ်ခုနှင့်တစ်ခု စုပြုံရောယှက်နေပြီး ရေဘဝဲလက်တံများပမာ ပြွတ်သိပ်နေကြသဖြင့် ယန်ရုန်ရုန့်အတွက် အော်ဂလီဆန်စရာပင် ကောင်းနေပါသည်။
အသူရာချောက်နက်အတွင်းရှိ နတ်ဆိုးစွမ်းအင်များအားလုံး ကောင်းကင်ဘုံ သစ်ပင်ကြီးအတွင်းသို့ စီးဆင်းလာခဲ့သည်။
ရွှေချည်မျှင်များကလည်း သစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် ရှိနေကြသေးသည်။ များစွာသော နတ်ဆိုးစွမ်းအင်များက ဝိညာဉ်စွမ်းအင်များအဖြစ် အသွင်ပြောင်းကာ ရွှေချည်မျှင်များမှ တဆင့် ယန်ရုန်ရုန့်ကိုယ်ထဲ အဆက်မပြတ် စီးဝင်သွားခဲ့ပါသည်။
မကြာမီ သူမ သွေးကြောမျှင်တွေထဲ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွားသည်ကို ယန်ရုန်ရုန် ခံစားလိုက်ရသည်။ ဒီတိုင်းသာ ဆက်သွားလျှင် သူမ သွေးကြောမျှင်တွေ ပေါက်ထွက် ကုန်ပါတော့မည်။
ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကို ရုတ်သိမ်းဖို့ ကြိုးစားသော်လည်း ယန်ဟဲမိန်က ခွင့်မပြုပေ။
သစ်မြစ်များက ရွှေချည်မျှင်များကို လွတ်မထွက်နိုင်အောင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားပါသည်။
ယန်ရုန်ရုန့်မျက်နှာ အလွန် နီရဲသွားခဲ့သည်။ သူမခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ အလွန်ဗြောင်းဆန်လာခဲ့ပြီး သွေးကြောမျှင်များကလည်း ပေါက်ထွက်လုနီးပါး ဖြစ်နေပါပြီ။
ငှက်ပေါက်လေး အလွန်စိတ်ချောက်ချားသွားသည်။ သူကူညီချင်သော်လည်း ဘယ်လိုကူညီရမှန်း မသိပါ။
‘ငါဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ၊ စနစ်ပိုင်ရှင် သေရတော့မယ်၊ ငါဘာလုပ်ရမလဲ!’
ဖီရှို့နှင့် ထောင်ထျဲတို့လည်း ကူညီပေးဖို့ အလျှင်အမြန်ရောက်ရှိလာကြပါသည်။ ရွှေချည်မျှင်များကို ၎င်းတို့၏ လက်သည်များ၊ အစွယ်များဖြင့် ကိုက်ဖဲ့ဖျက်ဆီးပစ်ဖို့ ကြိုးစားသည်။ သို့သော် ချည်မျှင်များက အလွန်မာကျောလွန်းပါသည်။ သူတို့ဘယ်လောက်ပဲ ကြိုးစားပါစေ ရွှေချည်မျှင်များကို မချိုးဖျက်နိုင်ခဲ့ပေ။
ယန်ရုန်ရုန့် နှလုံးခုန်သံများက ဗုံတီးသံပမာ ကျယ်လောင်လာသည်။ ခေါင်းတွေထဲ တဝီဝိမြည်နေပြီး အလွန်းမူးဝေလာခဲ့ကာ နာကျင်မှုကြောင့် စိတ်ဝိညာဉ်ပေါက်ထွက်သွားတော့မလိုပင် ခံစားနေရသည်။
သူမ ခံနိုင်ရည်မရှိတော့သည်ကိုမြင်ပြီး ယန်ဟဲမိန်က အေးစက်စွာ ရယ်မောလိုက်သည်။
“ငါမင်းကို ဒီတိုင်းလှည့်ထွက်သွားဖို့ အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် မင်းလက်မခံဘဲ ဒီမှာပဲ သေဖို့ ရွေးချယ်ခဲ့တာ…၊ အခုတော့ နောင်တရနေပြီလား”
ယန်ရုန်ရုန့် နှာခေါင်းမှ သွေးတစ်စက် ကျလာသည်။ ထို့နောက် သူမ မျက်လုံးများ၊ နားရွက်များနှင့် နှုတ်ခမ်းများမှ သွေးများ စတင်စီးကျလာတော့သည်။
သူမ မျက်လုံးများ သွေးချင်းနီနေပြီး မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းကာ ခန္ဓာကိုယ်ယိမ်းယိုင်နေပြီး ဝူဝမ့်ဓားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်နေပါပြီ။
အလွန်အရေးကြီးနေသည့်အချိန်တွင် ငှက်ပေါက်လေး ခွန်အားများကို စုစည်းလျက် ရှေ့သို့ ပြေးဝင်ကာ သူမ၏ အဝတ်အစားများကို နှုတ်သီးဖြင့် လှမ်းဆွဲထားခဲ့ပါသည်။
စိတ်ခံစားချက်များ ပြင်းထန်သွားခြင်းကြောင့်လား မသိနိုင်သော်လည်း ငှက်ပေါက်လေး၏ ခန္ဓာကိုယ်ရုတ်တရက် အလွန်ကြီးမားလာခဲ့သည်။ သူ့ကိုယ်သူ သတိထားမိပုံမပေါ်ဘဲ ယန်ရုန်ရုန့်ကိုသာ ကယ်တင်ဖို့ စိတ်ရောက်နေခဲ့ပါသည်။
ငှက်ပေါက်လေးက နှုတ်သီးဖြင့် လှမ်းဆွဲထားသဖြင့် ယန်ရုန်ရုန် ဓားပေါ်မှ ပြုတ်ကျမသွားခဲ့ပေ။
ယန်ရုန်ရုန် ဝူဝမ့်ဓားပေါ်သို့ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ဒူးပေါ်လက်တင်လျက် ခေါင်းငုံ့ထားပါသည်။ သူမ နှာခေါင်းနှင့် ပါးစပ်များမှ သွေးစက်များက ဓားပေါ်စီးကျလာခဲ့သည်။ သခင်ဖြစ်သူ အန္တရာယ်ရှိနေမှန်း အာရုံခံမိသဖြင့် ဝူဝမ့်ဓားကလည်း တုန်ခါလာခဲ့သည်။
သွေးအချို့မှာ သူမလက်ထဲတွင်ကိုင်ထားသည့် ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကျောက်ပြားပေါ်ကျကာ စိမ့်ဝင်သွားခဲ့ပါသည်။
တစ်ချိန်လုံး ရွှေရောင်လင်းလက်နေခဲ့သည့် အစီအရင်ကျောက်ပြား ရုတ်တရက် လှုပ်ခါသွားခဲ့ပြီး ရွှေချည်မျှင်များအားလုံး ကြက်သွေးရောင် ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်က နူးညံ့ပျော့ပြောင်းနေခဲ့သည့် ချည်မျှင်များ ယခုတော့ သံမဏိပမာ ခိုင်မာထက်ရှသွားပြီး သစ်ပင်ကြီး၏ ပင်စည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါသည်။
ယခုတော့ ယန်ဟဲမိန်သာမက ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးကိုယ်တိုင်ပင် အန္တရာယ်ကို အာရုံခံမိနေပါပြီ။
ယန်ဟဲမိန်နှင့် သစ်ပင်ကြီးတို့ နတ်ဆိုးစွမ်းအင်များကို အသည်းအသန် စုပ်ယူလိုက်ကြပြီး ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးထံသို့ နတ်ဆိုးစွမ်းအင်ပေါင်း မြောက်များစွာ လှိုင်းလုံးပမာ စီးဆင်းလာခဲ့ပြီး အဆုံးမဲ့ အသူရောချောက်နက်ကြီး၏ ကောင်းကင်ပေါ်၌ ဧရာမ နတ်ဆိုးစွမ်းအင် လေပွေ ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယန်ရုန်ရုန့်ကို ယန်ဟဲမိန် မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပါသည်။
သူမက ရွှေအမြုတေကျင့်ကြံခြင်းအဆင့်သာ ရှိသည်။ သူမ၏ ဒန်တျန်သာမကဘဲ ဝိညာဉ်စွမ်းအင်များကို သိုလှောင်နိုင်စွမ်းကလည်း အကန့်အသတ်ရှိသင့်သည်။
ဝိညာဉ်စွမ်းအင်ပေါင်းများစွာ အဆက်မပြတ် စီးဝင်နေခြင်းကြောင့် သူမတစ်ကိုယ်လုံး ပေါက်ကွဲထွက်ပြီး သေသွားသင့်သည်မှာ ကြာပါပြီ။
‘ဒါဖြင့်ရင် သူ ဘာလို့ အသက်ရှင်နေသေးတာလဲ… တစ်ခုခုတော့ မှားနေပြီ!’
🌹Chapter 218
အမှန်တော့ ယန်ရုန်ရုန်ကိုယ်တိုင်လည်း သေဆုံးရတော့မည်ဟု ခံစားနေရသည်။
သူမခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအင်ပေါင်းများစွာ အဆက် မပြတ် ဝင်ရောက်လာနေသည်။ သူမ၏ သွေးကြောမျှင်များနှင့် ဒန်တျန်တို့ ခံနိုင်ရည်ရှိသည့် အကန့်အသတ်ကို ကျော်လွန်နေပါပြီ။
သူမတစ်ကိုယ်လုံးကို အဘက်ဘက်မှ ဆွဲဆန့်ထားသလို ခံစားနေရပြီး နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သေသွားလျှင်ပင် ပိုကောင်းမည်ဟု တွေးမိသည်။
သူမ သွေးကြောမျှင်နှင့် ဒန်တျန်တို့ကို ပူပေါင်းများနှင့် နှိုင်း ယှဉ်ရမည်ဆိုလျှင် ထိုပူပေါင်းများက အလွန်ဖောင်းကားနေပြီး အချိန်မရွေး ပေါက်ထွက်သွားနိုင်သည့် အနေအထားတွင် ရှိနေပါသည်။
သို့သော် ထူးဆန်းသည်မှာ သူမ၏ သွေးကြောမျှင်များနှင့် ဒန်တျန်တို့က အဲ့ဩစရာကောင်းလောက်အောင် ဆက်လက်တောင့်ခံထားနိုင်ခဲ့သည်။
ထို့အပြင် အနည်းငယ်ပင် ပိုကျယ်ပြန့်လာသလို ခံစားရသည်။ ဝိညာဉ်စွမ်းအင်များ အဆုံးမရှိ စီးဝင်နေဆဲဖြစ်ရာ ထိုစွမ်းအင်များကို လက်ခံနိုင်ရန်အတွက် သူမ၏ သွေးကြော မျှင်နှင့် ဒန်တျန်တို့ကလည်း တစ်စတစ်စ ပိုကျယ်ပြန့်လာခဲ့ရပါသည်။
ဒါကောင်းမွန်သည့်အရာတစ်ခုဖြစ်မှန်း ယန်ရုန်ရုန်သိသော် လည်း တစ်ကိုယ်လုံး ဆွဲဆန့်ခံထားရသည့် ခံစားချက်ကြီးက အလွန်နာကျင်ရသည်။
သူမ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး ပါးစပ်ဖြင့် အသက် ရှူနေရကာ မျက်လုံးထဲမှ မျက်ရည်နှင့် သွေးများ ရောယှက်ကာ စီးကျလာခဲ့ပါသည်။
ငှက်ပေါက်လေး စိတ်အလွန်ချောက်ချားသွားခဲ့သည်။
“စနစ်ပိုင်ရှင် အားတင်းထားပါဦး! စနစ်ပိုင်ရှင် သေသွားရင် ကျွန်ုပ်ဘာလုပ်ရမလဲ!”
သူ့ဖြစ်တည်မှုက ယန်ရုန်ရုန့်အပေါ်မှာသာ မူတည်နေသည်။ ယန်ရုန်ရုန်သာ သေသွားလျှင် သူ့ဖြစ်တည်မှုလည်း အဓိပ္ပာယ်မဲ့သွားလိမ့်မည်။
တစ်ဖက်တွင် ထောင်ထျဲသားရဲနှင့် ဖီရှို့သားရဲတို့ စွမ်းအားအကုန် ထုတ်သုံးနေကြသော်လည်း ချည်မျှင်နီများကို မဖြတ်တောက်နိုင်ကြသေးပေ။
နှစ်ယောက်စလုံး အံ့အားသင့်မိကြသည်။ ချည်မျှင်များက အလွန်ပါးလွှာသည်ဟု ထင်ရသော်လည်း သူတို့ဘယ် လောက်ပဲ အားပါပါ ကြိုးစားခဲ့ပါစေ မဖြတ်တောက်နိုင်ခဲ့ပါ။
အထူးသဖြင့် ထောင်ထျဲသားရဲအတွက် ပိုပြီး အံ့အားသင့်စရာကောင်းပါသည်။ ထောင်ထျဲသားရဲဟူသည်မှာ အရာရာကို ဝါးမျိုနိုင်သည့် သတ္တဝါတစ်ကောင်ဖြစ်၍ သူ ကိုက်မဖြတ်နိုင်သည့်အရာဟူသည် မရှိပေ။
သို့သော် ယခုတော့ ထိုချည်မျှင်များကို သူအရှုံးပေးနေရလေသည်။
ဒေါသလည်းထွက် စိတ်လည်းဖိစီးကာ ချည်မျှင်များကို ထောင်ထျဲသားရဲ အသည်းအသန် ဆက်ကိုက်နေခဲ့သည်။
သို့သော် ဖီရှို့သားရဲကတော့ ရပ်တန့်လိုက်ပါပြီ။ လေပေါ်ပျံဝဲနေသည့် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို သူမော့ ကြည့်လိုက်သည်။
ကြယ်တာရာပြောင်းလဲခြင်းအစီအရင်ကို မချိုးဖျက်နိုင်သဖြင့် ထိုနတ်ဆိုးသစ်ပင်ကြီးကိုသာ တိုက်ရိုက် တိုက်ခိုက်ရုံ ရှိတော့သည်။
ချည်မျှင်များကို အားကြိုးမာန်တက် ကိုက်ဖြတ်နေဆဲဖြစ်သည့် ထောင်ထျဲသားရဲအား ဖီရှို့ ဆောင့်ကန်လိုက်ပါသည်။
ထိုကန်ချက်ကြောင့် ထောင်ထျဲသားရဲ ဒယိမ်းဒယိုင်ဖြစ်သွားပြီး ဒေါသတကြီး မာန်ဖီလိုက်လေသည်။
“ငါ့ကို ဘာလို့ ကန်တာလဲ!”
ဖီရှို့သားရဲက ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို ညွှန်ပြရင်း တိုးညှင်းစွာ မေးလိုက်သည်။
“မင်းအဲ့ဒီသစ်ပင်ကြီးကို မစားချင်ဘူးလား”
ထောင်ထျဲသားရဲလည်း သူညွှန်ပြသည့်နေရာကို လှမ်းကြည့်လိုက်ရာ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို မြင်လိုက်ရသည်။ တံတွေးမျိုချလျက် ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။
“စားတော့စားချင်တယ်၊ ဒါပေမယ့် အကြီးကြီးပဲ! ငါတစ်ကိုက်တည်းနဲ့ စားနိုင်မှာ မဟုတ်ဘူး”
ယခင်တုန်းကသာဆို ထောင်ထျဲသားရဲ၏အရွယ်အစားက ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးထက်ပင် ပိုမိုကြီးမားသဖြင့် ထိုသစ်ပင်ကြီးကို တစ်လုတ်တည်းနှင့် ဝါးမျိုနိုင်စွမ်းရှိသည်။
သို့သော် ယခုတော့ သူ့ကျင့်ကြံခြင်းစွမ်းအားများက ယခင်တုန်းကလို မဟုတ်တော့ဘဲ အရွယ်အစားကလည်း အဆမ တန်ကျုံ့သွားခဲ့ပါပြီ။
သစ်ပင်ကြီးကို ဝါးမျိုချင်သည်ဆိုလျှင်တောင် လုံလောက်သည့် ခွန်အား မရှိပေ။
ထိုစဉ် ဖီရှို့သားရဲက ပြောလိုက်သည်။
“မင်းကို တစ်ကိုက်တည်းနဲ့ အကုန်စားပစ်ရမယ်လို့ ဘယ်သူမှ မပြောဘူး၊ ကိုက်ချင်သလောက် ကိုက်စားလို့ရတယ်!”
ထောင်ထျဲသားရဲ ရုတ်တရက် နားလည်သွားဟန်ဖြင့် မျက် လုံးများ အရောင်လက်သွားခဲ့ပါသည်။
“ဟုတ်သားပဲ!”
ထို့နောက် သားရဲနှစ်ကောင် အတောင်များကိုခတ်ရင်း ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးထံ ပျံသန်းလာခဲ့ကြသည်။
သစ်ပင်ကြီး၏ ပင်စည်ကို ချည်မျှင်နီများက ရစ်ပတ်ထားသဖြင့် ထောင်ထျဲသားရဲ ကိုက်စားစရာ နေရာလွတ်မရှိပါ။ ထို့ကြောင့် အကြီးမားဆုံး သစ်မြစ်ကြီးများကိုသာ ပစ်မှတ်ထားလိုက်ပြီး ၎င်း၏ ဧရာမ ပါးစပ်ကြီးကိုဟကာ အားပါပါ ကိုက်ချပစ်လိုက်တော့သည်။
ချည်မျှင်နီများကို မကိုက်ဖြတ်နိုင်သည့်အတွက် စုပြုံလာသည့် ဒေါသများကို သစ်ပင်ကြီးအပေါ် ပုံချခဲ့သည်။ ထို့ကြောင့် တစ်ကိုက်တည်းနှင့် အလွန်ထူသော သစ်မြစ်ကြီးတစ်ခု ပြတ်ကျသွားခဲ့ပါသည်။
သို့သော် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ ဒဏ်ရာပြန်ကျက်နိုင်စွမ်းက အလွန်လျှင်မြန်သည်။ မျက်စိတစ်မှိတ် အချိန်အတွင်း အမြစ်အသစ်တစ်ချောင်း ထပ်ပေါက်လာခဲ့သည်။
ဖီရှို့သားရဲက သစ်ပင်ကြီး၏ ပြောင်းလဲမှုများကို သေချာအကဲခတ်နေခဲ့သည်။
ထိုအမြစ်ကို ထောင်ထျဲကိုက်ဖြတ်လိုက်စဉ်က ကျိုးပြတ်သွားသည့် အစွန်းမှာ အတွင်းဘက်သို့ အနည်းငယ် ကျုံ့ဝင်သွားပြီး နတ်ဆိုးစွမ်းအင်များကို စုပ်ယူကာ အသစ်ပြန်ပေါက်လာခြင်းဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးက အလွန်မြန်ဆန်သော်လည်း ဖီရှို့ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါသည်။
ထောင်ထျဲသားရဲ ဒုတိယသစ်မြစ်ကို ကိုက်ဖြတ်လိုက်သောအခါ ဖီရှို့သားရဲက ချည်မျှင်နီတစ်ချောင်းကို ဆုပ်ကိုင်ပြီး အလျှင်အမြန် ပျံသန်းလာခဲ့သည်။ ကျိုးပြတ်နေသည့် အမြစ်စွန်း အတွင်းဘက်သို့ ကျုံ့ဝင်သွားသောအခါ ဖီရှို့သားရဲက ချည်မျှင်ဖြင့် ထိုးစိုက်လျှက် အလွန်အားကောင်းသည့် ကြိုးထုံးတစ်ခုဖြစ်သွားအောင် ထုံးပစ်လိုက်သည်။
ထို့ကြောင့် အမြစ်စွန်းက နတ်ဆိုးစွမ်းအင်များကို ထပ်မံစုပ်ယူနိုင်စွမ်း မရှိတော့ပေ။
ဖီရှို့ ခေတ္တစောင့်ကြည့်နေလိုက်ပြီး အမြစ်အသစ် ထပ်ထွက်မလာတော့သည့်အခါ ဒီနည်းလမ်းအလုပ်ဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့ပါသည်။
ထိုအချိန်မှစ၍ ထောင်ထျဲသားရဲက အမြစ်တစ်ချောင်းကို ကိုက်ဖြတ်ပစ်လိုက်တိုင်း ဖီရှို့သားရဲက ချည်မျှင်နီများကို ယူကာ ပြတ်တောက်သွားသည့် အမြစ်စွန်းများတွင် လိုက်ပြီး တုပ်ချည်ခဲ့ပါသည်။
ချည်မျှင်နီများက အလွန်များပြားပြီး ပျော့လည်း ပျော့ပြောင်းကြသဖြင့် ချည်နှောင်ဖို့ အလွန်လွယ်ကူသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက နတ်ဆိုးစွမ်းအင်များကို စုပ်ယူဖို့ အမြစ်များကို အားကိုးရသည်။ ယခု အမြစ်တွေ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်လာသဖြင့် နတ်ဆိုးစွမ်းအင် စုပ်ယူနိုင်သည့်နှုန်းကလည်း တဖြည်းဖြည်း နှေးကွေးသွားခဲ့ပါသည်။
ဒါကို ယန်ဟဲမိန် သတိထားမိသွားပြီး ဒေါသလည်းထွက် ကြောက်လည်း ကြောက်ရွံ့သွားခဲ့သည်။ ကျန်ရှိနေသေးသည့် အမြစ်များကို ထိန်းချုပ်ပြီး ထောင်ထျဲသားရဲနှင့် ဖီရှို့သားရဲတို့ကို တိုက်ခိုက်ဖို့ ကြိုးစားပါသည်။
သို့သော် ထိုဧရာမ သားရဲကြီးနှစ်ကောင်က အရေထူပြီး မာကျောသော အကြေးခွံများလည်း ရှိသည်။ ထို့ကြောင့် အမြစ်များက သူတို့အတွက် ဘာမှမဟုတ်ပါ။
ယန်ဟဲမိန်နှင့် ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးတို့ကို ချည်မျှင်နီများက စည်းနှောင်ထားဆဲဖြစ်သည်။
ထိုချည်မျှင်များက ပင်စည်အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး သူ့ဝိညာဉ်ကိုပင် အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်လုနီးပါး ဖြစ်နေ၍ နာကျင်မှုကြောင့် သူ့မျက်နှာ အလွန်အကျည်းတန်သွားခဲ့ရသည်။
သူတုံ့ပြန်နိုင်သည့် နည်းလမ်းကလည်း သိပ်မရှိပေ။ ထို့ကြောင့် သူ့အမြစ်တွေ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်လျော့နည်းသွားသည်ကို ဒီတိုင်း ရပ်ကြည့်နေခဲ့ရသည်။
ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ နတ်ဆိုးစွမ်းအင် စုပ်ယူနှုန်း လျော့နည်းသွားသောအခါ ယန်ရုန်ရုန့်ကိုယ်ထဲ စီးဝင်နေသည့် ဝိညာဉ်စွမ်းအင် ပမာဏလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။
ထို့ကြောင့် ယန်ရုန်ရုန် အနည်းငယ် သက်သာရာရသွားခဲ့သည်။
သူမ အသိစိတ်အနည်းငယ် ပြန်ဝင်လာပြီး အစီအရင်ကျောက်ပြားပေါ် တုန်ယင်စွာ လက်တင်လိုက်သည်။ ထို့နောက် နှုတ်မှ မန္တန်တစ်ခု ရွတ်ဆိုလိုက်ပါသည်။
ထိုအခါ အစီအရင်ကျောက်ပြား ရပ်တန့်သွားခဲ့ပြီး အနီရောင်ချည်မျှင်များလည်း အလျှင်အမြန် ပျောက်ကွယ်သွားတော့ သည်။
ကြယ်တာရာပြောင်းလဲခြင်းအစီအရင် ရပ်တန့်သွားခဲ့ပါပြီ။
ယန်ရုန်ရုန် အားအင်များ အလွန်ကုန်ခမ်းကာ ဓားပျံပေါ် လဲကျသွားခဲ့သည်။ သူမ ခန္ဓာကိုယ်က ခံနိုင်သည်ထက်ပိုသော ဝိညာဉ်စွမ်းအင်များကို တစ်ပြိုင်တည်း စုပ်ယူခဲ့ရသဖြင့် တစ်ကိုယ်လုံးမှာ အကြိမ်ကြိမ် လှည်းနင်းခံထားရသလို ခံစားနေရပါသည်။
သူမ ခန္ဓာကိုယ်ပေါ်တွင် မနာကျင်သည့် အစိတ်အပိုင်းဟူ၍ မရှိပေ။ လက်ချောင်းလေး တစ်ချောင်းပင် မလှုပ်နိုင်တော့ဘဲ မမျက်နှာပေါ် ချွေးသီးချွေးပေါက်များ စီးကျနေသည်။ တစ်ကိုယ်လုံး ဖြူဖျော့လျက် အမြင်အာရုံတွေလည်း ဝေဝါးနေခဲ့ပါသည်။
ချည်မျှင်နီများ မရှိတော့သည့်အခါ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး ပြန်လည် လွတ်မြောက်သွားခဲ့သည်။
ပြတ်တောက်သွားသည့် အမြစ်များ ချက်ချင်း ပြန်ပေါက်လာခဲ့ကာ ထောင်ထျဲနှင့် ဖီရှို့သားရဲတို့ကိုပင် ဂရုမစိုက်အားဘဲ အမြစ်များအားလုံး ယန်ရုန်ရုန့်ထံ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့ပါသည်။
အမြစ်တိုင်းက သူမတစ်ကိုယ်လုံးကို အပေါက်များဖြစ်သွားအောင် ထိုးဖောက်ပစ်မည့် လှံများအလား အရှိန်အဟုန်ဖြင့် ဦးတည်လာကြသည်။ ထောင်ထျဲနှင့် ဖီရှို့တို့က အမြစ်များကို တားဆီးရန် ကြိုးစားကြပါသည်။
အမြစ်များကို သူတို့ခန္ဓာကိုယ်နှင့် ဝင်တိုက်ပြီး အများစုကို ပြန့်ကျဲသွားစေခဲ့သည်။ သို့သော် အမြစ်သုံးချောင်းက သူတို့အကြားမှ လွတ်ထွက်လာပြီး ယန်ရုန်ရုန့်ထံ ရောက်ရှိသွားခဲ့ပါသည်။
ယခုအချိန်တွင် ယန်ရုန်ရုန်တစ်ယောက် တစ်ကိုယ်လုံး အားအင်များ ခမ်းခြောက်ကာ ဦးနှောက်ထဲ အသံပေါင်းစုံ ဆူညံနေခဲ့သည်။ အန္တရာယ်တွေ ချဉ်းကပ်လာသည်ကိုပင် သတိမထားမိတော့ဘဲ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ်ပမာ ကြောင်စီစီဖြင့် ထိုင်နေခဲ့ပါသည်။
အရေးကြီးနေသည့်အချိန်တွင် အားလုံး လျစ်လျူရှုထားသည့် လူတစ်ယောက် ပျံသန်းလာခဲ့သည်။
ယန်ရုန်ရုန် ဖန်တီးထားသည့် စက္ကူလူသားလေးပင်။
ထိုစက္ကူလူသားက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ယန်ရုန်ရုန့်ရှေ့တွင် လူသားဒိုင်းပမာ မဆိုင်းမတွ ဝင်ရပ်လိုက်ပါသည်။
သစ်မြစ်များက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားခဲ့ပြီး ယန်ရုန်ရုန်နှင့် တစ်လက်မ အလိုတွင် ရပ်တန့်သွားခဲ့သည်။
ယန်ရုန်ရုန့် မျက်ဝန်းများ တဖြည်းဖြည်း ကျယ်လာခဲ့သည်။
သူမရှေ့ရှိ မြင်ကွင်းများအားလုံဂ နှေးကွေးသွားသလို ခံစားလိုက်ရသည်။ စက္ကူလူသား၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါသည်။
သူယန်ရုန်ရုန့်ကို လှည့်မကြည့်ခဲ့ပါ။ ထို့ကြောင့် သူ့မျက်နှာကို ယန်ရုန်ရုန် မမြင်နိုင်ဘဲ နောက်ကျောကိုသာ မြင်နိုင်ခဲ့သည်။
ဘာကြောင့်မှန်းမသိဘဲ သူမရှေ့က မြင်ကွင်းကို အလွန်ရင်းနှီးနေသည်ဟု ထူးထူးဆန်းဆန်း ခံစားလာရသည်။
ယခင်တုန်းကလည်း သူမရှေ့တွင် ဒီလို မဆိုင်းမတွ ရပ်တည်ပေးပြီး ကာကွယ်ပေးခဲ့သည့်လူတစ်ယောက် ရှိခဲ့ဖူးသလိုပင်…
ထိုလူ၏ ကျောပြင်နှင့် သူမရှေ့ရှိ စက္ကူလူသား၏ ကျောပြင်တို့ ထပ်တူကျသွားခဲ့သည်။