အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
🌹Chapter 219
စက္ကူလူသား ပျောက်ကွယ်သွားပြီး အဆောင်စက္ကူလေးတစ်ရွက်အဖြစ် အသွင်ပြန်ပြောင်းသွားခဲ့သည်။
အဆောင်စက္ကူလေးက သစ်မြစ်တစ်ချောင်း၏ ထိပ်ဖျားတွင် အချိန်မရွေး လေနှင့်အတူ လွင့်ပါသွားနိုင်သည့် ဆောင်းဦးရွက်ကြွေလေးတစ်ခုအလား ချိတ်ဆွဲနေခဲ့ပါသည်။
ယန်ရုန်ရုန် မျက်တောင်ဖြည်းညှင်းစွာခတ်လိုက်ပြီး ဘာကြောင့်မှန်းမသိဘဲ သူမ နှလုံးသားထဲမှ အမျက်ဒေါသများ တလိပ်လိပ် တက်လာခဲ့သည်။
သူမကျင့်ကြံခြင်းစွမ်းအားများကို ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး စုပ်ယူသွားခဲ့စဉ်တုန်းကပင် ဒီလောက်ထိ ဒေါသမထွက်ဖူးပါ။
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး အဆောင်စက္ကူလေးကို တုန်ယင်နေသော လက်ဖြင့် လှမ်းယူလိုက်ပါသည်။ လူသဏ္ဌာန် အဆောင်စက္ကူလေးပေါ်တွင် အပေါက်သုံးပေါက် ဖြစ်ပေါ်သွားသည်ကို သူမ မြင်လိုက်ရသည်။
ယန်ဟဲမိန်က အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြစ်သုံးချောင်းကို ထပ်မံထိန်းချုပ်ကာ ယန်ရုန်ရုန့်မျက်နှာတည့်တည့်သို့ ပစ်လွှတ်လိုက်ပါသည်။
သို့သော် ရုတ်ခြည်းဆိုသလို မမြင်ရသည့် အကာအရံတစ်ခုက အမြစ်သုံးချောင်းကို ဟန့်တားလိုက်သည်။
ယန်ရုန်ရုန် မျက်ဝန်းများကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး ယန်ဟဲမိန်ကို အမျက်ဒေါသ တောက်လောင်စွာ ကြည့်ကာ တစ်လုံးချင်း ပီပီသသပြောလိုက်သည်။
“ရှင့်ကို ကျွန်မသတ်မယ်!”
သူမ လေလုံးထွားနေခြင်းသာ ဖြစ်မည်ဟု ယန်ဟဲမိန် တွေးလိုက်ပါသည်။
သူမ၏ ရွှေအမြုတွေအဆင့်လောက်နှင့် သူ့ကို ယှဉ်နိုင်စရာအကြောင်းမရှိပေ။
စောနက ကြယ်တာရာပြောင်းလဲခြင်း အစီအရင်ကြောင့် သူမ အားသာချက်ရခဲ့သော်လည်း ယခုတော့ ထိုအစီအရင် မရှိတော့ပေ။ သူ့ကို ရင်ဆိုင်ဖို့ပင် အဆင့်အတန်းမမီပါ။
သို့သော် ယန်ရုန်ရုန် ရုတ်တရက် လေပေါ်မြောက်တက်သွားပြီး ဝူဝမ့်ဓားကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။
သူမ ခန္ဓာကိုယ်အတွင်းမှ အလွန် အားကောင်းပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာပြီး သူမခန္ဓာကိုယ်ကို ရောင်ဝါအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
သူမ၏ အနက်ရောင်ဆံနွယ်ရှည်များ၊ ဝတ်ရုံများက လေထဲမှာ တဖျပ်ဖျပ် လှုပ်ခါနေခဲ့ပါသည်။ သခင်ဖြစ်သူထံမှ ထွက်လာသည့် စွမ်းအားများကို အာရုံခံမိသွားပြီး ဝူဝမ့်ဓားကလည်း စိတ်လှုပ်ရှားသွားဟန်ဖြင့် တုန်ခါသွားပါသည်။
ယန်ဟဲမိန် မယုံကြည်နိုင်မှုဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ယန်ရုန်ရုန်၏ ကျင့်ကြံခြင်း စွမ်းအားများမှာ အဆမတန် မြင့်တက်သွားခဲ့သည်။ ထို့အပြင် ယခုချက်ချင်း ကျင့်ကြံခြင်းအဆင့်တက်တော့မည့် လက္ခဏာများပင် ပြသနေပါသည်။
‘ဒီနေရာမှာ နတ်ဝိညာဉ်သန္ဓေအဆင့် ပြောင်းလဲတော့မှာလား’
ထောင်ထျဲနှင့် ဖီရှို့သားရဲတို့လည်း ယန်ရုန်ရုန် တစ်ခုခုပြောင်းလဲသွားသည်ကို စာချုပ်မှတဆင့် အာရုံခံနိုင်ခဲ့ကြသည်။ သူမ၏ သွေးကြောမျှင်များနှင့် ဒန်တျန်တို့ အဆမတန် ကျယ်ပြန့်လာပြီး များစွာသော ဝိညာဉ်စွမ်းအင်တို့က သူမ ခန္ဓာကိုယ်ထဲ မြင်းရိုင်းတစ်ကောင်ပမာ သောင်းကျန်းနေခဲ့ပြီး သူမလက်အောက်မှ လွတ်မြောက်ဖို့ ကြိုးပမ်းနေကြပါသည်။
ဝိညာဉ်စွမ်းအင်အချို့က သူမခန္ဓာကိုယ်အတွင်းမှ စိမ့်ထွက်လာပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
သာမန်အခြေအနေမှာဆို ယန်ရုန်ရုန့်အတွက် အကောင်းဆုံးနည်းလမ်းက အနားယူကာ ထိုဝိညာဉ်စွမ်းအင်များကို ယဉ်ပါးအောင်လုပ်ဖို့ပင် ဖြစ်သည်။
သို့သော် ယခု သူမမှာ အချိန်မရှိပေ။
အရိုးနှင့်ကြွက်သားများ ကျိုးပဲ့နေသည့် နာကျင်မှုကို သည်းခံရင်း ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် ဖိအားပေးကာ ကျင့်စဉ်များကို ထုတ်သုံးလိုက်ပါသည်။
သောင်းကျန်းနေသည့် ဝိညာဉ်စွမ်းအင်တိုင်း ကြမ်းတမ်းစွာ နှိမ်နင်းခံခဲ့ရသည်။
သွေးကြောမျှင်များ ဆက်တိုက် ဆွဲဆန့်ခံနေရပြီး ဒန်တျန်ကိုလည်း ပင်အပ်ပေါင်းသောင်းခြောက်ထောင်က ထိုးစိုက်ထားသလို ခံစားနေရသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ လျှံကျလာခဲ့ပါသည်။
သူမ၏ အနေအထားကို ကြည့်ရုံနှင့် အစွမ်းကုန်ထုတ်သုံးတော့မည်ဖြစ်မှန်း သိနိုင်သည်။
ငှက်ပေါက်လေး အလွန်ကြောက်လန့်သွားပြီး သူမကို တားဆီးချင်ခဲ့သော်လည်း ဘာမှ မပြောရဲခဲ့ပေ။
ယခုချိန်တွင် ယန်ရုန်ရုန့်၏ အရှိန်အဝါက ကြောက်စရာကောင်းလွန်းနေသဖြင့် အခြားသူတွေကို ဒူးထောက် အရှုံးပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည်။
ဖီရှို့ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်သည်။ “ဆင်ခြင်မဲ့လိုက်တာ”
သူ့မေမေ အန္တရာယ်ကျရောက်မည်စိုးသဖြင့် ထောင်ထျဲသားရဲက သွားတားချင်ခဲ့သော်လည်း ဖီရှို့က တားမြစ်လိုက်ပါသည်။
ဖီရှို့က လေးလေးနက်နက် ဆိုသည်။
“မြားတစ်စင်းကို ပစ်ပြီးရင် နောက်ပြန်လှည့်လို့မရတော့ဘူး၊ သူ့အတွက် အဆုံးသတ်က နှစ်ခုပဲ ရှိနိုင်တယ်၊ အဲ့ဒီဝိညာဉ်စွမ်းအင်တွေကို ဖိနှိပ်ပြီး ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်နိုင်ရင် လုပ်၊ မလုပ်နိုင်ရင်တော့ ဒီမှာပဲ သေရလိမ့်မယ်၊ မင်းဝင်ရှုပ်ရင် သူအာရုံပျက်ပြီး ချက်ချင်း သေသွားလိမ့်မယ်နော်”
ထောင်ထျဲ စိတ်လိုက်မာန်ပါ မလုပ်ရဲတော့ပေ။
ယခုအချိန်က ယန်ရုန်ရုန်ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် အလွန်တရာမှ အရေးကြီးသော အချိန်တစ်ခုဖြစ်မှန်း ယန်ဟဲမိန်လည်း နားလည်ပါသည်။
သူမ၏ အထိခိုက်အလွယ်ဆုံး အချိန်ဆိုလျှင်လည်း မှန်သည်။
ရန်သူအားနည်းနေချိန်တွင် တိုက်ခိုက်ခြင်းက ဂုဏ်သိက္ခာရှိသည့် လုပ်ရပ် မဟုတ်နိုင်သော်လည်း ယန်ဟဲမိန် ဂရုမစိုက်တော့ပါ။
သူ့စိတ်တွေ လေးလံနေပါသည်။ ဒီအဆင့်တက်မှုက သာမန်မဟုတ်ပေ။ သူမသာ နတ်ဝိညာဉ်သန္ဓေအဆင့်သို့ တက်လှမ်းနေခြင်းဆိုလျှင် ပြဿနာမရှိနိုင်သော်လည်း ယခင်က ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရရှိကာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ တက်လှမ်းသွားနိုင်လျှင် ဒုက္ခရောက်လိမ့်မည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ အမြစ်အကိုင်းများ ရှည်ထွက်လာခဲ့ပြီး ယန်ရုန်ရုန့်ထံ ပျံသန်းလာခဲ့ပြန်သည်။
ဖီရှို့နှင့် ထောင်ထျဲတို့က ထိုအမြစ်များကို ဝင်ကာပေးဖို့ ချက်ချင်း ပြေးလာခဲ့ကြပါသည်။
သို့သော် အလွန်ကျယ်လောင်သော မိုးချုန်းသံကြီးတစ်သံကို အားလုံး ရုတ်တရက် ကြားလိုက်ရသည်။
ဖီရှို့သားရဲ ရင်ထဲ နိမိတ်မကောင်းသလို ခံစားလိုက်ရပြီး နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ ယန်ရုန်ရုန့် ဆံပင်များ ဖြူဖွေးသွားပြီး အသားများ ဖြည်းဖြည်းချင်း အက်ကွဲရင်း ချက်ချင်း ပြန်လည်ကောင်းမွန်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ သူငယ်အိမ်များက ရွှေရောင်တောက်ပလာပြီး ခန္ဓာကိုယ်ကလည်း မှေးမှိန်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေပါသည်။
မိုးပေါ်မှ ကောင်းကင်ဘုံ မိုးကြိုးရုတ်တရက် ဆင်းသက်လာပြီး သူမပေါ်တည့်တည့် ထိမှန်သွားခဲ့သည်။
ဖီရှို့သားရဲ အလွန်ထိတ်လန့်သွားပါသည်။ ‘ကောင်းကင်ဘုံမိုးကြိုး ဒဏ်ခတ်ခြင်းပဲ!’
ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းမှသာ ကောင်းကင်ဘုံမိုးကြိုး ဒဏ်ခတ်မှုကို ရင်ဆိုင်ရမည်ဖြစ်မှန်း အားလုံးသိကြပါသည်။
သို့သော် ယန်ရုန်ရုန်က ရွှေအမြုတေအဆင့်မှာသာ ရှိသေးသည်။
‘သူနတ်ဝိညာဉ်သန္ဓေအဆင့်ကို ကျော်ပြီး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ တန်းတက်သွားတော့မှာလား!’
အတွေ့အကြုံ ရင့်ကျက်ပြီး အသိပညာကျယ်ပြန့်သည့် ဖီရှို့နတ်သားရဲပင် အလွန်တုန်လှုပ်သွားခဲ့ရသည်။
ယန်ဟဲမိန်၏ စိုးရိမ်မှုများ အမှန်တကယ် ဖြစ်လာခဲ့ပါသည်။
‘မရဘူး… သူ့ကို အောင်မြင်ခွင့်ပေးလို့မဖြစ်ဘူး!’
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ အမြစ်များနှင့် သစ်ကိုင်းများ ယန်ရုန်ရုန့်ထံ တန်းတန်းမတ်မတ် ပျံသန်းလာကြသည်။
ဖီရှို့သားရဲနှင့် ထောင်ထျဲသားရဲတို့က ထိုအမြစ်များကို ကိုက်ဖြတ်၊ စုတ်ဖြဲနေကြသော်လည်း သစ်ပင်ကြီးက လက်မလျှော့ပေ။
နတ်ဆိုးစွမ်းအင်များကို စုပ်ယူပြီး အမြစ်များနှင့် သစ်ကိုင်းများကို ထပ်ထုတ်ခဲ့သည်။ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ အမြစ်များနှင့် သစ်ကိုင်းများက များပြားလွန်းသဖြင့် ဖီရှို့နှင့် ထောင်ထျဲတို့ အကုန် မတားဆီးနိုင်တော့ပေ။
အမြစ်နှင့်သစ်ကိုင်းအချို့က သူတို့နှစ်ယောက်ကြားမှ လွတ်ထွက်ကာ ယန်ရုန်ရုန့်ထံ တန်းတန်းမတ်မတ် ရောက်လာခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ်ကောင်းကင်ဘုံမိုးကြိုးတစ်ချက် သက်ဆင်းလာပြီး ယန်ရုန်ရုန့်အပေါ် ကျရောက်လာခဲ့ပြန်သည်။
သူမတစ်ကိုယ်လုံးကို ကောင်းကင်ဘုံ မိုးကြိုးများက လွှမ်းမိုးသွားခဲ့သည်။ သူမ၏ ရွှေဝါရောင် မျက်ဝန်းများတွင် မိုးကြိုး၏ ပြာလဲ့လဲ့ အလင်းရောင်များ ထင်ဟပ်နေပါသည်။
သူမ ခန္ဓာကိုယ်အတွင်းရှိ ကြမ်းကြုတ်နေသော ဝိညာဉ်စွမ်းအင်များကလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သူမကို မပုန်ကန်နိုင်မှန်း သိသွားကြသည့်ပုံစံပင်။
ယန်ရုန်ရုန့်နောက်တွင် အလင်းပေါက်ဝိညာဉ်တစ်ခု ပေါ်လာခဲ့သည်။ ဝိညာဉ်အသွင်ပြောင်းလဲခြင်း ဟူသည်မှာ ဝိညာဉ်ကို သန့်စင်ပြီး ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ယခု ထိုဝိညာဉ် အသွင်ပေါ်လာပြီဖြစ်သဖြင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ခြေတစ်လှမ်း တက်နိုင်ခဲ့ပြီဟူသည့် သဘောပင်။
ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ အမြစ်အကိုင်းများကလည်း သူမကို တိုက်ခိုက်မြဲ တိုက်ခိုက်နေသည်။
ယန်ရုန်ရုန်က ရှောင်လည်းမရှောင်၊ ကာလည်းမကာကွယ်ခဲ့ပါ။ သူမ၏ ရွှေဝါရောင် မျက်လုံးများဖြင့်သာ ထိုအမြစ်အကိုင်းများကို စိုက်ကြည့်လိုက်သည်။
သူမ နောက်ရှိ ဝိညာဉ်က တစ်ခုမှ နှစ်ခုအဖြစ်၊ နှစ်ခုမှ လေးခုအဖြစ် ရုတ်တရက် ကွဲထွက်သွားခဲ့သည်။
ထိုဝိညာဉ်လေးခုမှ ထိုက်ချိပါ့ကွားအစီအရင် အသွင်ဆောင်ကာ ယန်ရုန်ရုန့်ရှေ့တွင် ကာရံလိုက်ကြသည်။
ထိုအစီအရင်ကို အမြစ်အကိုင်းများ ထိတွေ့မိသောအခါ အချိန်ရပ်တန့်သွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြသည်။
ထို့နောက် ထိုက်ချိပါ့ကွားအစီအရင်က ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားခဲ့ပါသည်။ အစီအရင်ထဲဝင်ရောက်သွားသော အမြစ်နှင့်အကိုင်းများ တစ်စတစ်စ ကြေမွပျက်စီးကာ အမှုန်အမွှားအဖြစ်ပြောင်းလဲသွားရတော့သည်။
ထိုက်ချိပါ့ကွား အစီအရင်က ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးထံ တန်းတန်းမတ်မတ် ရွေ့လျားလာခဲ့ပြီး လမ်းမှာ တွေ့သမျှအရာအားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
ယန်ဟဲမိန် အလွန်ချောက်ချားသွားခဲ့ပါသည်။
ရှေးဟောင်းအစီအရင်များစွာကို သူလေ့လာခဲ့ဖူးသော်လည်း ဒီထိုက်ချိပါ့ကွားအစီအရင်လောက် ရိုးရှင်းပြီး အန္တရာယ်များသည့် အစီအရင်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ရိုးရှင်းသော်လည်း အာနိသင်က ကြောက်စရာကောင်းလွန်းပါသည်။
ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီး၏ အမြစ်နှင့် အကိုင်းများအားလုံး ပျက်စီးသွားခဲ့ရသည်။ ယခုချိန်တွင် သစ်ပင်ကြီး၌ ဘာမှမရှိတော့ဘဲ ပင်စည်တစ်ခုသာ ထီးထီးကြီး ကျန်ခဲ့တော့သည်။
ယန်ဟဲမိန်က သစ်ပင်ကြီးကို ထိန်းချုပ်လျက် နတ်ဆိုးစွမ်းအင်များကို စုပ်ယူကာ အမြစ်နှင့်အကိုင်းများကို ထပ်ထုတ်ဖို့ ကြိုးစားပါသည်။
သို့သော် ယန်ရုန်ရုန်က အခွင့်အရေးမပေးခဲ့ပေ။
သူမ ဝူဝမ့်ဓားကို ကိုင်မြှောက်လိုက်သည်။ ကောင်းကင်ဘုံမိုးကြိုးများ တစ်ချက်ပြီးတစ်ချက် သက်ဆင်းလာခဲ့ပြီး သူမခန္ဓာကိုယ်မှတဆင့်စီးဆင်းကာ ဓားပေါ်တွင် စုစည်းသွားခဲ့သည်။
ငွေဖြူရောင် ဓားသွားပေါ်တွင် မိုးကြိုးဓာတ်များ ဝင်ရောက်ကာ အလွန်တောက်ပလာခဲ့သည်။
ဓားကို တစ်ချက်ဝှေ့ရမ်းလိုက်ရာ တားဆီး၍ မရနိုင်သော စွမ်းအားတစ်ခုက ရှေ့သို့ တဟုန်ထိုး ဖြာထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးတို့ပင် အရောင်ပြောင်းသွားသည့်အလား ထင်မှတ်ရတော့သည်။
🌹Chapter 220
ဝူဝမ့်ဓားချက်ကြောင့် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး အလယ်တည့်တည့်မှ ထက်ပိုင်း ပြတ်သွားခဲ့သည်။
သစ်ပင်နှင့်အတူ ယန်ဟဲမိန်၏ မျက်နှာကြီးပါ နှစ်ပိုင်းပြတ်သွားခဲ့သည်။
သေဆုံးရတော့မည့်အချိန်မှာပင် သူ့ရှေ့က မိန်းကလေး ရွှေအမြုတေအဆင့်မှ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်အထိ ခုန်ကူးသွားနိုင်ခဲ့သည့် အဖြစ်အား မယုံကြည်နိုင်သကဲ့သို့ သူ့မျက်နှာပေါ် တုန်လှုပ်ချောက်ချားမှုအပြည့် ရှိနေခဲ့ပါသည်။
ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး မြေပေါ် အရှိန်အဟုန်ဖြင့် ပြန်ကျလာခဲ့ရာ မြေပေါ်တွင် အလွန်ကြီးမားသည့် ချိုင့်တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့ခဲ့တော့သည်။
အဆုံးမဲ့အသူရာချောက်နက်အတွင်းတွင် ရှိနေသည့် နတ်ဆိုးသားရဲများက သားကောင်၏ သွေးနံ့ကို ရလိုက်သကဲ့သို့ နေရာပေါင်းစုံမှ ထွက်ပေါ်လာကြသည်။ ထို့နောက် ကောင်းကင်ဘုံ သစ်ပင်ကြီးပေါ် အလုအယက် ခုန်တက်ကာ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် ကိုက်ဖဲ့ ဝါးမျိုပစ်ကြတော့သည်။
တစ်ချိန်တုန်းက အသူရာချောက်နက်ကြီးတစ်ခုလုံး၏ အရှင်သခင်လည်းဖြစ်၊ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေခဲ့သူလည်းဖြစ်သည့် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး ယခုတော့ သေဆုံးသွားပါပြီ။
ယခင်တုန်းက ဩဇာကြီးမားခဲ့သမျှ ယခုတော့ အခြားမကောင်းဆိုးဝါးများအတွက် အားဖြည့်စာသာသာ ဖြစ်သွားခဲ့ရသည်။
ကမ္ဘာမြေတုန်ခါသွားစေသော ဝူဝမ့်ဓားချက်ကို ငှက်ပေါက်လေး မှင်သက်လို့ မဆုံးသေးပါ။ သူ့စနစ်ပိုင်ရှင်က ဒီလောက်ထိ ဘော့စ်ဆန်ဆန် မိမိုက်နေလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးချေ။
စနစ်တစ်ခုအနေဖြင့် ၎င်း၏ စနစ်ပိုင်ရှင်အတွက် ဂုဏ်ယူဝံ့ကြွားမိပါသည်။
“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင် ခုနက အရမ်းမိုက်တာပဲ!”
ငှက်ပေါက်လေး ချီးကျူးလို့ မဆုံးခင် ယန်ရုန်ရုန် မျက်လုံးများ ပိတ်သွားပြီး လေပေါ်မှ အောက်သို့ တန်းတန်းမတ်မတ် ပြန်ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။
ငှက်ပေါက်လေး အလွန်ထိတ်လန့်ကာ သူမထံ အလျှင်အမြန်ပျံသန်းသွားပြီး ဝတ်ရုံလည်ခွံကို နှုတ်သီးဖြင့်ဆွဲမဖို့ ကြိုးစား လိုက်ပါသည်။
ယန်ရုန်ရုန် ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်ခဲ့သည်မှာ ကြာပါပြီ။ ထိုဓားချက်က သူမ၏အသက်ကို လောင်းကြေးထပ်ထားရသော ပထမဆုံးနှင့် နောက်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။
ထိုဓားချက်ကို ပစ်လွှတ်ပြီးသည်နှင့် သူမ ခံနိုင်ရည်မရှိတော့ဘဲ သတိလစ်မေ့မျောသွားခဲ့တော့သည်။ သူမ၏ ငွေဖြူရောင် ဆံနွယ်များလည်း ပြန်လည် နက်မှောင်သွားခဲ့ပါပြီ။
--- --- ---
သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုဖြင့် ပန်းမိစ္ဆာမလေး ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးကို ရှာတွေ့သွားခဲ့သည်။
သို့သော် သစ်ပင်ကြီးက သေဆုံးနေပြီဖြစ်ကာ ၎င်း၏ အသားကို နတ်ဆိုးသားရဲများက အလုအယက်စားသောက်နေကြသည်။
ထိုသစ်ပင်ကြီးနှင့် နတ်ဆိုးသားရဲများကို ပန်းမိစ္ဆာမလေး လျစ်လျူရှုလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ယန်ရုန်ရုန့်ကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားခဲ့ပါသည်။
ဝူဝမ့်ဓားကို ယန်ရုန်ရုန် ဆက်ပြီး ဆုပ်ကိုင်မထားနိုင်တော့ပါ။ သို့သော် ဝူဝမ့်ဓားက အောက်သို့ ပြုတ်ကျမသွားဘဲ ယန်ရုန်ရုန့် အောက်သို့ ပျံသန်းကာ ပင့်မပေးထားခဲ့ပါသည်။
ထောင်ထျဲနှင့် ဖီရှို့သားရဲတို့လည်း သူမအခြေအနေကို သတိထားမိသွားကြပြီး ဒီနေရာကြီးမှ အမြန်ဆုံး ခေါ်ထုတ်သွားရန် ပျံသန်းလာခဲ့ကြပါသည်။
ပန်းမိစ္ဆာမလေးက ပစ်မှတ်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရခြင်းဖြစ်သဖြင့် ဒီတိုင်း ထွက်သွားခွင့် မပေးနိုင်ပါ။ ထို့ကြောင့် မိစ္ဆာပုလဲလုံးကို ထုတ်ကာ မြေကြီးပေါ်သို့ အားပါပါ ပေါက်ချလိုက်တော့သည်။
မြေကြီးနှင့် ရိုက်မိသွားသည်နှင့်တစ်ပြိုင်တည်း မိစ္ဆာပုလဲလုံး အစိတ်စိတ်အမွှာမွှာကွဲသွားပြီး မိစ္ဆာစွမ်းအင်တစ်မျှင် ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟမ်ယဲ့က နတ်ဆိုးနယ်မြေနှင့် မိစ္ဆာနယ်မြေတို့အကြားရှိ အကာအရံကို ခွန်အားသုံးကာ ချိုးဖောက် ပစ်လိုက်ပါပြီ။
ဆူညံသံက ကျယ်လောင်လွန်းသဖြင့် အနီးနားတွင်ရှိနေသည့် ချပ်ဝတ်တန်ဆာအပြည့်နှင့် နယ်စောင့် နတ်ဆိုးကျင့်ကြံသူများ ထိတ်လန့်သွားကြပြီး ဟမ်ယဲ့ကို ဝန်းရံလိုက်ကြပါသည်။
ဟမ်ယဲ့ စိတ်မရှည်တော့ဘဲ ပွပွယောင်းယောင်း သူ့အမြီးကြီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်သည်။
သူ့စိတ်ထဲ တွန့်ဆုတ်နေခဲ့သည်။
‘ငါ့ကို လာနှောင့်ယှက်နေတဲ့ ဒီနတ်ဆိုးတွေ အကုန်လုံးကို သတ်ပစ်လိုက်ရမလား’
ထိုစဉ် သူ့မိစ္ဆာပုလဲလုံးတစ်လုံး ကွဲကြေသွားသည်ကို ဟမ်ယဲ့ ခံစားလိုက်ရသည်။
‘မိစ္ဆာတွေထဲကတစ်ကောင် ကျူးကျူးကို ရှာတွေ့သွားပြီလား!’
ဟမ်ယဲ့ ရင်တွေ တုန်လာခဲ့သည်။ သူ့လမ်းကို လာပိတ်နေသည့် နတ်ဆိုးကျင့်ကြံသူများအား တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ လေပေါ်သို့ အရှိန်အဟုန်အပြည့်ဖြင့် ခုန်တက်သွားခဲ့သည်။
ဧရာမ ရှေးဟောင်းမိစ္ဆာသားရဲကြီးတစ်ကောင် ရုတ်တရက် ခုန်အုပ်လာသည်ကို မြင်ပြီး နတ်ဆိုးများ စိတ်ချောက်ချားသွားခဲ့ကြသည်။
စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် မတွေးတောနိုင်ခင်မှာပင် မသိစိတ်ထဲမှ ရှင်သန်လိုမှုကြောင့် ဘေးလွတ်ရာသို့ သုတ်ခြေတင် ထွက်ပြေးကြတော့သည်။
အနှောင့်အယှက်များ မရှိတော့သဖြင့် ဟမ်ယဲ့ နောက်တစ်ဖန် ထပ်ခုန်လိုက်ရာ သူ့ဧရာမခန္ဓာကိုယ်ကြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့တော့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း မိုင်ပေါင်းသောင်းချီကို ဖြတ်သန်းကာ ပန်းမိစ္ဆာမလေး၏ ရှေ့မှောက်သို့ ဟမ်ယဲ့ ရောက်ရှိလာခဲ့သည်။
စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း မိစ္ဆာဘုရင်ကြီး ဘွားခနဲ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ပန်းမိစ္ဆာမလေး ထိတ်လန့် မှင်သက်သွားခဲ့ရပါသည်။
ဟမ်ယဲ့ကတော့ ပန်းမိစ္ဆာမလေးကို ကြည့်ပင်မကြည့်ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးကို သူ့မိစ္ဆာသားရဲမျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ ယန်ရုန်ရုန့်ကို ချက်ချင်း တွေ့သွားခဲ့သည်။
သူမက ဝူဝမ့်ဓားပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေပြီး ဆံနွယ်တွေ ဖရိုဖရဲ ရှုပ်ထွေးကာ တစ်ကိုယ်လုံး သွေးများပေကျံနေပါသည်။ မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင် ဖြူရော်နေလေသည်။
ဟမ်ယဲ့ရင်ထဲ ချက်ချင်း စူးနင့်သွားခဲ့ရသည်။
အနားတွင် ဖီရှို့နတ်သားရဲက ဟမ်ယဲ့ကို စောင့်ကြည့်နေပါသည်။ ယန်ရုန်ရုန့်ကို မိစ္ဆာဘုရင် ချက်ချင်း ဖမ်းခေါ်သွားလိမ့်မည်ဟု ထင်ထားသဖြင့် ဖီရှို့သားရဲ တိုက်ခိုက်ဖို့ အသင့်ပြင်ထားခဲ့သည်။
သို့သော် ဟမ်ယဲ့က တိုးညှင်းလေးလံနေသော အသံဖြင့် ဆိုလိုက်သည်။
“သူ့ဒန်တျန်နဲ့ သွေးကြောမျှင်တွေ တော်တော်ထိခိုက်ထားတယ်၊ သူ့ကို အခုချက်ချင်း ကုသပေးမမှဖြစ်မယ်၊ မဟုတ်ရင် အမြစ်တွယ်ဒဏ်ရာတွေ ကျန်ခဲ့ပြီး နောက်ပိုင်းကျင့်ကြံလို့မရတော့တဲ့အထိ ဖြစ်သွားလိမ့်မယ်”
ဖီရှို့သားရဲကလည်း ဒါကို နားလည်ပါသည်။ သို့သော် စိတ် ဆတ်လွယ်မည်ဟု ထင်ရသော မိစ္ဆာဘုရင်ကို ဒီလို တည်တည်ငြိမ်ငြိမ်ပုံစံမျိုးနှင့် မြင်ရလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
ဟမ်ယဲ့က ဆက်ပြောသည်။
“ငါသူ့ကို မိစ္ဆာနယ်မြေထဲခေါ်သွားပြီး ကုသပေးရမယ်”
ဖီရှို့က ချက်ချင်း ငြင်းဆန်လိုက်သည်။
“မလိုပါဘူး၊ ကျုပ်တို့ ဝမ်ပေါင်မျှော်စင်မှာ သူ့ကို ကုသပေးနိုင်မယ့် ဝိညာဉ်ဆေးဝါးတွေ အများကြီးရှိတယ်”
“သူ့ဒဏ်ရာတွေကို ကုသပေးဖို့ဆိုရင် မိစ္ဆာမြူ မေပယ်ရွက်နဲ့ စာကလေးမိစ္ဆာဝိညာဉ်တို့ကိုလိုအပ်တယ်၊ အဲ့တာတွေက မိစ္ဆာနယ်မြေထဲမှာပဲ ရှိတဲ့ ရတနာတွေနော်၊ မင်းတို့ ဝမ်ပေါင်မျှော်စင်က ဘယ်လောက်ချမ်းသာကြွယ်ဝနေပါစေ အဲ့ဒီ ရတနာနှစ်မျိုးစလုံးတော့ မရှိနိုင်ဘူးမလား”
ဖီရှို့သားရဲ စကားနင်သွားခဲ့သည်။ သူ့တွင် မိစ္ဆာမြူမေပယ်ရွက်ရှိသော်လည်း စာကလေးမိစ္ဆာဝိညာဉ်တော့ မရှိပေ။ ထိုရတနာကို လိုက်ဝယ်ဖို့ကလည်း အချိန်ပေးရလိမ့်မည်။
ဖီရှို့သားရဲက စောင့်နိုင်သော်လည်း ယန်ရုန်ရုန်ကတော့ စောင့်နေနိုင်မှာ မဟုတ်ပါ။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သတိလစ်နေသည့် ယန်ရုန်ရုန့်အတွက် ဖီရှို့သားရဲ ကိုယ်စား ဆုံးဖြတ်ပေးလိုက်ရပါသည်။
“ကောင်းပြီလေ၊ သူ့ကို မိစ္ဆာနယ်မြေဆီ အရင်ခေါ်သွားကြတာပေါ့”
ဟမ်ယဲ့က ချက်ချင်း ပြောလိုက်သည်။
“မင်းတို့အကုန်လုံး လိုက်ခဲ့လို့ရပေမယ့် အဲ့ဒီကောင်ကိုတော့ ခေါ်လာလို့ မရဘူး”
သူ့အကြည့်က လင်းယွမ်ထံကို ရောက်ရှိသွားသည်။
လင်းယွမ် မကြာမီ သတိလည်လာတော့မည်ဖြစ်သဖြင့် ဒီမှာတစ်ယောက်တည်း ထားခဲ့၍ ပြဿနာမရှိနိုင်ဟု ဖီရှို့သားရဲ တွေးလိုက်ပါသည်။ ထို့ကြောင့် သူ့ကို ဘေးကင်းလုံခြုံသည့် နေရာတစ်ခုသို့ ရွှေ့ထားခဲ့ဖို့ ထောင်ထျဲသားရဲကို တာဝန်ပေးလိုက်သည်။
ဟမ်ယဲ့က လူသားအသွင် ပြန်ပြောင်းကာ ယန်ရုန်ရုန့်ကို အလွန်ညှင်သာစွာ ပွေ့ချီလိုက်သည်။ သူ့ရင်ခွင်ထဲက မိန်းကလေးကို ရီဝေစွာ ငေးကြည့်လိုက်ပါသည်။
သူမ မျက်နှာက ဖြူဖပ်နေပြီး နှုတ်ခမ်းတွင် သွေးများစွန်းနေကာ ခန္ဓာကိုယ်ကလည်း တစ်ချက်လောက် ထိလိုက်ရုံနှင့် ကျိုးပဲ့သွားတော့မည့်အလား အားနည်းနေပါသည်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုအခြေအနေထိရောက်အောင်တွန်းအား ပေးခဲ့သည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ဟမ်ယဲ့ အလွန် ရင်နာသွားခဲ့သည်။ သူသာ ဒီ့ထက်စောစော ရောက်လာနိုင်ခဲ့လျှင် သူမ ဒီလိုခံစားခဲ့ရမှာ မဟုတ်ပါ။
ဟမ်ယဲ့ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“အိမ်ပြန်ကြရအောင်နော် ကျူးကျူး”
ယခုချိန်ကစပြီး သူမကို အစွမ်းကုန် ကာကွယ်ပေးပါမည်။ နာကျင်မှုဟူသည့်အရာကို ကျူးကျူး ထပ်ပြီး မခံစားစေရတော့ပါ။
သူ့ရင်ခွင်ထဲ ယန်ရုန်ရုန် အားအင်ချည့်နဲ့စွာ နားခိုနေရသည်။ မျက်လုံးများကို မှိတ်ထားပြီး လက်ရှိအခြေအနေကိုလည်း သိပုံမရပေ။
ယန်ရုန်ရုန် အလွန်ထူးဆန်းသည့် အိပ်မက်တစ်ခုကို မြင်မက်နေပါသည်။
အိပ်မက်ထဲတွင် လူတစ်ယောက်က သူမရှေ့မှာ မတ်တပ်ရပ်နေသည်။ ထိုလူက ကျောခိုင်းထားသဖြင့် သူ့မျက်နှာကို မမြင်နိုင်ဘဲ သူ့ကျောပြင်ကိုသာ မြင်ရသည်။
သူမကို တစ်ခုခုပြောနေပုံရသော်လည်း ပတ်ဝန်းကျင်က ဆူညံလွန်းသဖြင့် သေသေချာချာ မကြားနိုင်ခဲ့ပေ။
ယန်ရုန်ရုန် သူ့ကျောပြင်ကို ထိတွေ့ဖို့ လက်လှမ်းလိုက်သည်။ သူ့မျက်နှာကို မြင်ချင်ပါသည်။ သူ ဘာတွေပြောနေသလဲ ကြားချင်သည်။
သို့သော် အလွန်ပြင်းထန်သည့် အားတစ်ခုက သူမကို တွန်းထုတ်ပစ်လိုက်သည်။ ယန်ရုန်ရုန် အနောက်သို့ လွင့်ထွက်သွားခဲ့ပြီး အဆုံးမရှိသော သမုဒ္ဒရာကြီးထဲ ပြုတ်ကျသွားခဲ့သည်။
သူမရှေ့တွင် ရပ်နေခဲ့သည့်လူက နောက်ဆုံးတော့ လှည့်ကြည့်လာခဲ့ပါသည်။
ရင်းလည်းရင်းနှီး ထူးလည်းထူးဆန်းနေသည့် မျက်နှာတစ်ခုပင်။