အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
🌹Chapter 183
ယန်လင်းယွမ်ကတော့ သူ့စကားကိုသူ ထူးဆန်းနေသည်ဟု နည်းနည်းလေးမှ မခံစားမိပါ။
သူလေးလေးနက်နက် မေးလိုက်ပါသည်။
“အဲ့ဒီလူဆီကနေ သူ့ကို ငါ လုယူလို့ ရနိုင်မယ်ထင်လား”
ဒုတိယအစ်ကိုက နေရခက်စွာဖြင့် နှစ်ချက်လောက် ရယ်မောလိုက်ပြီး မေးလိုက်သည်။
“မင်း နောက်နေတာမလား”
ယန်လင်းယွမ်က သူ့ကို မျက်နှာသေဖြင့်ကြည့်ကာ ပြန်ပြောလိုက်သည်။
“ငါ နောက်နေတဲ့ပုံပေါ်လို့လား”
ဒုတိယအစ်ကို ချက်ချင်း ဆွံ့အသွားခဲ့ရသည်။
ထိုစဉ် ဆဌမညီဖြစ်သူက တီးတိုး ပြောလိုက်သည်။
“သူများရဲ့ အချစ်ကို လုယူတာက လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ်မဟုတ်ဘူးနော်”
သို့သော် ယန်လင်းယွမ်ကတော့ သူ့ကိုယ်သူ မှားသည်ဟု မထင်မိပေ။
“သူတို့က လက်ထပ်ရသေးတာမှ မဟုတ်တာ၊ သူများအချစ်ကို လုယူတယ်လို့ ပြောလို့မရဘူးလေ၊ ပြီးတော့ အဲ့ဒီမိန်းကလေးက အဲ့ဒီလူအပေါ်မှာ သံယောဇဉ်ရှိတဲ့ပုံလည်း မပေါ်ဘူး၊ အဲ့တာကြောင့် ဒီပြိုင်ပွဲက မျှတပါတယ်”
သတ္တမညီမလေး၏ မျက်လုံးများ မီးလုံးတစ်လုံးပမာ လင်းလက်သွားခဲ့သည်။
“တတိယအစ်ကိုပြောတာမှန်တယ်! တစ်ခုခုကို သဘောကျရင် ရအောင် ကြိုးစားအားထုတ်ရတယ်၊ မဟုတ်ရင် တစ် သက်လုံး နောင်တရသွားလိမ့်မယ်၊ တတိယအစ်ကိုကို သမီးထောက်ခံတယ်!”
ယန်လင်းယွမ်က ညီမဖြစ်သူကို ပြန်ပြုံးပြလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်၊ ငါကြိုးစားပါ့မယ်”
ဒုတိယအစ်ကိုက သူ့ကို သတိပေးလိုက်သည်။
“တတိယညီလေး… ကျင်းကျိုးကို ငါတို့ ရောက်လာရတဲ့ ရည်ရွယ်ချက်ကိုလည်း မမေ့လိုက်နဲ့ဦးနော်၊ အခုက အချစ်ရေးကိစ္စ စဉ်းစားရမယ့်အချိန် မဟုတ်သေးဘူး”
ယန်လင်းယွမ် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ မမေ့သေးဘူး၊ ခုတလော လူငယ်တွေအများကြီး ပျောက်ပျောက်နေတဲ့ ကိစ္စကြောင့်လေ၊ နတ်ဆိုးကျင့်ကြံသူတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ သံသယရှိလို့ စုံစမ်းဖို့ လာခဲ့ကြတာ”
“အဲ့တာဆိုဘာလို့…”
“နတ်ဆိုးနှိမ်နင်းတာနဲ့ ငါသဘောကျတဲ့ မိန်းကလေးကို ပိုးပန်းတာက ဘာမှမသက်ဆိုင်ဘူးလေ”
ယန်လင်းယွမ် တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
ညီဖြစ်သူကို ဖြောင်းဖြလို့မရတော့မှန်း သိလိုက်သဖြင့် ဒုတိယအစ်ကို ကိုယ့်နဖူးကိုယ် ကိုင်ကာ သက်ပြင်းသာချမိတော့သည်။
--- --- ---
ထိုအချိန်တွင် ယန်ရုန်ရုန်က လင်းယွမ်ကို အဝေးတစ်နေရာသို့ ရောက်အောင် ဆွဲခေါ်လာခဲ့ပြီ ဖြစ်သည်။
လူသူကင်းမဲ့ပြီး တိတ်ဆိတ်အေးချမ်းသည့် သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် သူတို့ ခေတ္တနားခဲ့ကြသည်။ လင်းယွမ်၏ လက်ကို လွှတ်လိုက်ပြီး ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှင် ဘာဖြစ်နေတာလဲ”
လင်းယွမ် ပြန်လည်တည်ငြိမ်နေပြီဖြစ်ကာ ဘာမှမဖြစ်ခဲ့သလို ပြုမူနေပါသည်။
“ဘာကို ဘာဖြစ်ရမှာလဲ”
ယန်ရုန်ရုန်က သူ့ကို စကားလမ်းကြောင်းလွှဲခွင့်ပြုမှာ မဟုတ်ပေ။
“ခုနက ကောင်လေးက… လွန်ခဲ့နှစ်ပေါင်း ၆၀၀ လောက်က ရှင်ပဲမလား”
ပထမတော့ ယန်ရုန်ရုန် မသေချာခဲ့ပါ။ သို့သော် ထိုကောင်လေးကို လည်ပင်းညှစ်ဖို့ ကြိုးစားသောအခါ လင်းယွမ်၏ ခန္ဓာကိုယ်မှေးမှိန်သွားသည်ကို မြင်ပြီး အတည်ပြုနိုင်ခဲ့ပါသည်။
ယန်လင်းယွမ်ဟူသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ခန့်က လင်းယွမ်ပဲ ဖြစ်ရမည်။ တစ်ယောက်က အတိတ်ကို ကိုယ်စားပြုပြီး နောက်တစ်ယောက်က အနာဂတ်ကိုကိုယ်စားပြုသည်။ သို့သော် နှစ်ယောက်စလုံးက တစ်ဦးတစ်ယောက်တည်းပင်။
အတိတ်ကိုကိုယ်စားပြုသည့်လူ သေဆုံးသွားလျှင် အနာဂတ်ကလူလည်း ပျောက်ကွယ်သွားရလိမ့်မည်။
လင်းယွမ် အကြည့်လွှဲလိုက်ပြီး ခေါင်းမာစွာ ငြင်းလိုက်သည်။
“အတွေးလွန်မနေစမ်းပါနဲ့ အဲ့ဒီငတုံးကောင်နဲ့ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး!”
“ရှင့်ရဲ့ အတိတ်ကို လက်ခံရမှာ အဲ့လောက်ခက်ခဲနေတာလား”
ယန်ရုန်ရုန်မေးလိုက်သည်။
လင်းယွမ် တိတ်ဆိတ်သွားခဲ့သည်။
ယန်ရုန်ရုန်က ဆက်ပြောခဲ့ပါသည်။
“ကျွန်မကို ယန်လင်းယွမ်က ဒီခေါ်လာခဲ့တာ၊ သူဘာလို့ ခေါ်လာခဲ့တာလဲ ကျွန်မ မသိပေမယ့် အဲ့ဒီအဖြေကို ရှင်တော့ သိလိမ့်မယ် ထင်တာပဲ၊ ရှင်က သူပဲဆိုတော့ သူများတွေထက် ရှင့်အကြောင်းရှင် ပိုနားလည်မှာပေါ့”
လင်းယွမ် ဆက်ပြီးတိတ်ဆိတ်နေဆဲပင်…
လင်းယွမ်၏ပြန်မပြော နားမထောင် ပုံစံကြောင့် ယန်ရုန်ရုန် ခေါင်းကိုက်လာရပါပြီ။ ထို့ကြောင့် နားထင်များကို ပွတ်ရင်း သူမ မေးလိုက်သည်၊။
“ရှင့်တစ်သက်လုံး အ,အလိုပဲ နေတော့မှာလား၊ ပြဿနာတွေဆီကနေ ဝေးရာကိုထွက်ပြေးလို့ အလိုလိုပြေလည်သွားမယ် ထင်နေလား”
နောက်ဆုံးတော့ လင်းယွမ် ဝေဝေဝါးဝါးလေသံဖြင့် စကားပြန်ပြောလာပါသည်။
“ငါက သူမဟုတ်ဘူး၊ သူနဲ့ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး”
ယန်ရုန်ရုန် စိတ်ရှုပ်လွန်းသဖြင့် ရယ်မောမိသည်။
“မသက်ဆိုင်ဘူးဟုတ်လား၊ ရှင်တို့က ရုပ်ချင်းလည်းတူတယ်၊ စကားပြောတဲ့ ပုံစံချင်းတောင် တူတယ်၊ သူက ‘ကျွန်တော်က ယန်မိသားစုကလာတာပါ၊ ကျွန်တော့်နာမည်က ယန်လင်းယွမ်ပါ’လို့ တဖွဖွ ပြောနေတာ၊ ရှင်ကလည်း ‘ငါကသူမဟုတ်ဘူး သူနဲ့ငါနဲ့ဘာမှမပတ်သတ်ဘူး’ ဆိုတာချည့်ပဲ ဆက်တိုက်ပြောနေတယ်၊ ရှင်တို့နှစ်ယောက်စလုံးက စက်ရုပ်ကြက်တူရွေးတွေလား”
လင်းယွမ်ကြောင်စီစီဖြစ်သွားသည်။
“စက်ရုပ်ကြက်တူရွေးဆိုတာ ဘာကြီးလဲ”
ယန်ရုန်ရုန် စကားပင် နင်သွားသည်။ ကြံရာမရသည့်နောက်ဆုံး တစ်နေရာရာကို ထွက်သွားဖို့ ပြင်လိုက်ပါသည်။
လင်းယွမ်က သူမလက်ကို လှမ်းဆွဲလိုက်သည်။
“မင်း ဘယ်သွားမလို့လဲ”
“ရှင် အမှန်အတိုင်း မပြောပြဘူးဆိုတော့ ယန်လင်းယွမ်ကိုပဲ သွားမေးတော့မယ်လေ၊ သူသာဆိုရင် အမှန်အတိုင်း ပြောလောက်တယ်”
ယန်ရုန်ရုန် မချိုမချဉ်ပြောလိုက်သည်။
လင်းယွမ် ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး သူမလက် ကောက်ဝတ်ကို လိမ်ချိုးတော့မည့်အလား ဆုပ်ကိုင်ပစ်လိုက်ပါသည်။
“မင်း မသွားရဘူး! သူနဲ့ သွားမတွေ့ရဘူး!”
“အား! နာတယ်! လွှတ်စမ်း!”
ယန်ရုန်ရုန်အော်လိုက်သည်။
လင်းယွမ် အသိစိတ်ပြန်ဝင်လာပြီး သူမလက်ကို အမြန်လွှတ်ပေးလိုက်ကာ လက်ကောက်ဝတ်လေးကို ပြန်ပွတ်ပေးဖို့ ကြိုးစားပါသည်။
“တောင်းပန်ပါတယ် ကိုယ် မရည်ရွယ်ပါဘူး”
ယန်ရုန်ရုန် သူမလက်ကို ဆွဲယူလိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ကျွန်မလည်း ရှင့်အတိတ်အကြောင်းကို စိတ်မဝင်စားပါဘူး၊ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတယ်၊ ရှင့်လျှို့ဝှက်ချက်တွေကို ထုတ်မပြချင်တာ ကျွန်မ နားလည်တယ်၊ ဒါပေမယ့် အခုအခြေအနေက မတူဘူးလေ၊ ကျွန်မတို့ကို ဒီရောက်လာအောင် ယန်လင်းယွမ် ခေါ်လာခဲ့တာ၊ အဲ့တာကြောင့် ကျွန်မတို့ ပြန်သွားချင်ရင် သူ့ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး အဖြေရှာရမှာပေါ့”
လင်းယွမ် နှုတ်ခမ်းများ စည်းတင်းသွားခဲ့ပြီး မျက်မှောင်လည်း အလွန်ကြုတ်သွားခဲ့သည်။
သူ့နှလုံးသားထဲ အလွန်ပဋိပက္ခများနေမှန်း သိသာပါသည်။
ယန်ရုန်ရုန်က ဆက်ပြောလိုက်သည်။
“ရှင့်လျှို့ဝှက်ချက်တွေကို ကျွန်မ လျှောက်ပြောမှာ စိုးရိမ်နေတာဆိုရင် ရှင့်အတိတ်အကြောင်း ဘယ်သူမှမသိစေရဘူးလို့ ကျွန်မရဲ့ တာအိုနှလုံးသားကို တိုင်တည်ပြီး သစ္စာဆိုရဲတယ်၊ အဲ့တာမှ ရှင်စိတ်မချသေးဘူးဆိုရင် ပြန်ရောက်တာနဲ့ ကျွန်မ မှတ်ဉာဏ်တွေကိုပါ ဖျောက်ပစ်လိုက်လို့ရတယ်”
ယန်ရုန်ရုန် အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က ခေါင်းခါဆဲပင်။
“အဲ့လိုမဟုတ်ဘူး… ကိုယ်မင်းကို မယုံကြည်လို့မဟုတ်ဘူး၊ ဒီတိုင်း…”
လင်းယွမ် အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်တော့သည်။
“ဒီတိုင်း ကိုယ်ဘာမှ မမှတ်မိလို့ပါ…”
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။ ထိုအဖြေမျိုးကို သူမ မျှော်လင့်မထားခဲ့ပေ။
သူမ မယုံကြည်မှာစိုးသဖြင့် လင်းယွမ် လေးလေးနက်နက် ဆက်ရှင်းပြလိုက်သည်။
“အမှန်အတိုင်းပြောရရင် မင်းကိုယ့်ကို အသူရာချောက်နက်ထဲကနေ လာကယ်တင်ပေးခဲ့တဲ့ အချိန်ကတည်းက ကိုယ်ဘာမှ မမှတ်မိတော့တာ၊ အသူရာချောက်နက်ထဲမှာ အချုပ်နှောင်မခံရခင်တုန်းက ကိုယ့်ဘဝအခြေအနေ ဘယ်လိုရှိခဲ့သလဲဆိုတာလည်း မမှတ်မိဘူး”
“ကိုယ့်မှတ်ဉာဏ်တွေအားလုံးကို ဆုံးရှုံးခဲ့ရပေမယ့် ဆိုးရွားတဲ့အရာမဟုတ်ဘူးလို့ ရင်ထဲကနေ အလိုလိုခံစားနေရတယ်၊ ဘယ်တော့မှ ပြန်မမှတ်မိရင် ပိုကောင်းမယ်လို့တောင် တွေးလာမိတယ်၊ ဒါပေမယ့် ခုနက ငတုံးကောင်ကို တွေ့လိုက်ရတော့ ချက်ချင်း မှတ်မိသွားတယ်၊ သူက အတိတ်က ‘ကိုယ်’ဆိုတာ သိလိုက်ရတယ်၊ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အသိအမှတ်မပြုချင်ဘူး၊ သူ့ကို ကိုယ်မုန်းတယ်… အတိတ်က ကိုယ့်ကိုယ်ကိုယ် မုန်းတယ်”
စကားအဆုံးတွင် လင်းယွမ်၏ အသံကအက်ကွဲနေပြီး ကြက်သွေးရောင် မျက်ဝန်းများထဲတွင် နာကျင်မှုများ အထင်းသား ပေါ်လွင်နေပါသည်။
မှတ်ဉာဏ်တွေ မရှိတော့လျှင်တောင် ထိုကောင်လေးကို မြင်လိုက်ရရုံနှင့် မေ့မရနိုင်သည့်၊ အရိုးထဲထိစွဲနေသည့် နာကျင်မှုမျိုးကို ပြန်ခံစားနေရသည်။
ယန်ရုန်ရုန် နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ်”
လင်းယွမ် ခေါင်းငုံ့ထားပါသည်။
“မတောင်းပန်ပါနဲ့၊ မင်း အပြစ်မှမဟုတ်တာ၊ လက်တွေ့ကို ရင်မဆိုင်ရဲတဲ့ ကိုယ့်မှာသာ အပြစ်ရှိတာ…”
လင်းယွမ်၏ ပုံစံကို ကြည့်ပြီး ယန်ရုန်ရုန် ဆက်မမေးရက်တော့ပါ။ သို့သော် ဒီနေရာမှာလည်း တစ်သက်လုံး ပိတ်မိမနေချင်ပေ။
ထို့ကြောင့် သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“အဲ့တာဆို ရှင်လုံခြုံတဲ့ တစ်နေရာရာမှာ ခဏနားလိုက်ဦး၊ ကျွန်မကို ယန်လင်းယွမ် ဘာလို့ခေါ်လာတာလဲဆိုတာ သိရဖို့ သွားစုံစမ်းလိုက်ဦးမယ်”
လင်းယွမ် ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်သည်။
“မသွားရဘူး!”
“အဲ့တာဆို ကျွန်မတို့ ပစ္စုပ္ပန်ကို ဘယ်လိုပြန်ရမလဲ ရှင်သိလား”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
လင်းယွမ်ဆွံ့အသွားပါသည်။ သူ မသိပါ။
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။
“ရှင်ကိုယ်တိုင်လည်း မသိဘူး၊ ကျွန်မကိုလည်း စုံစမ်းခွင့်မပေးဘူး၊ အဲ့တာ ယုတ္တိရှိရဲ့လား”
လင်းယွမ် နောက်တစ်ဖန် ဆွံ့အသွားခဲ့ရပြန်သည်။
🌹Chapter 184
ဒီတိုင်းထိုင်နေရုံနှင့် ဘာမှဖြစ်မလာနိုင်မှန်း လင်းယွမ်လည်း နားလည်ပါသည်။ ရန်သူနှင့် မိတ်ဆွေ ဝေခွဲမရသည့် ဒီလို အခြေအနေမျိုးတွင် အလှည့်စား မခံရစေဖို့အတွက် လက်ဦးမှုကို အတတ်နိုင်ဆုံး ရယူထားသင့်သည်။
သို့သော် သူ့ရင်ထဲမှာလည်း အရာအားလုံးနှင့် ဝေးရာသို့ ထွက်ပြေးချင်စိတ်တစ်ခု အလိုလို ဖြစ်ပေါ်နေမိလေသည်။
သူ့အတိတ်ဘဝကို ရင်မဆိုင်ချင်ပါ။ ထိုအချိန်တုန်းက အဖြစ်အပျက်များကိုလည်း ပြန်မမှတ်မိချင်ပါ။ ကျိုးကြောင်းဆင်ခြင်ဉာဏ်နှင့် မသိစိတ်တို့၏ လွန်ဆွဲမှုများအကြား လင်းယွမ်၏ အတွေးတို့ ကြိုးထုံးတစ်ခုလို တစ်စတစ်စ ရှုပ်ထွေးလာခဲ့ရသည်။
ယန်ရုန်ရုန် သက်ပြင်းချကာ အကြံပြုလိုက်သည်။
“ဒီလိုဆိုရင်ကော၊ ကျွန်မက ယန်လင်းယွမ်အကြောင်း သွားစုံစမ်းလိုက်မယ်၊ သူ့ဆီက သဲလွန်စတစ်ခုခု ရချင်ရနိုင်မှာပေါ့၊ ရှင်က ဒီနေရာကြီးက ဘာလဲဆိုတာ သေချာသိရအောင်လုပ်၊ ယန်လင်းယွမ်က အတိတ်က ရှင်ဖြစ်နေရင်တောင် ကျွန်မတို့ နှစ်ပေါင်း ၆၀၀ လောက်ကို ပြန်ရောက်သွားတယ်လို့ တပ်အပ် ပြောလို့ မရသေးဘူး၊ ဒါတွေအကုန်လုံး ပုံရိပ်ယောင်တွေ ဖြစ်နေနိုင်တယ်၊ အမှန်တရားကို မသိရမချင်း ကောက်ချက်ချလို့ မဖြစ်ဘူး၊ အဲ့တာကြောင့် ကျွန်မတို့ လူစုခွဲပြီး သေချာ စုံစမ်းသင့်တယ်”
ကြက်ဥအားလုံးကို ခြင်းတစ်လုံးထဲ စုပြုံ ထည့်မထားလျှင် ပိုကောင်းသည်။ လူစုခွဲကာ စုံစမ်းခြင်းက ပိုမို ဘေးကင်းနိုင်ပါလိမ့်မည်။
ထိုကောင်စုတ်ဆီ ယန်ရုန်ရုန့်ကို လွှတ်ရမှာ လင်းယွမ် သဘောမကျလှပါ။
သို့သော် ယန်ရုန်ရုန့်စကားက အဓိပ္ပာယ်ရှိမှန်း သူနားလည်ပါသည်။ အမှန်နှင့် အမှားတို့ ဝေခွဲရခက်သည့် ကမ္ဘာတစ်ခုတွင် သူမကို မကူညီနိုင်လျှင်တောင် အဟန့်အတားမပြုသင့်ပါ။
သူ့နှလုံးသားထဲက လေးလံမှုတို့ကို ချုပ်တည်းရင်း လင်းယွမ် သုန်မှုန်စွာ ခေါင်းညိတ်လိုက်ပါသည်။
“ကောင်းပြီလေ”
ယန်ရုန်ရုန်လည်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချမိသည်။ လင်းယွမ် အဆုံးထိ ခေါင်းမာသွားမည်ကို သူမ အမှန်တကယ် စိုးရိမ်နေခဲ့သည်။ ကံကောင်းစွာဖြင့် သူ့မှာ စဉ်းစားဆင်ခြင်ဉာဏ် ရှိနေပါသေးသည်။
“အဲ့တာဆို အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့၊ ကျွန်မတို့ တစ်ခုခုသိရသည်ဖြစ်စေ မသိရသည်ဖြစ်စေ မိုးချုပ်တဲ့အခါ ရှေ့က အန်းရန်အိမ်တော်လို့ ခေါ်တဲ့ တည်းခိုခန်းမှာ ပြန်ဆုံကြမယ်”
‘အန်းရန်အိမ်တော်’ဟု ဆိုင်းဘုတ်ထောင်ထားသည့် အဆောက်အဦးတစ်ခုကို ယန်ရုန်ရုန် လက်ညှိုးထိုးပြလိုက်ပါသည်။
လင်းယွမ်လည်း ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်ပြီး တွန့်ဆုတ်စွာ သတိပေးလိုက်သည်။
“အဲ့ဒီကောင်ရဲ့ အပေါ်ယံ ရုပ်ရည်ကို ကြည့်ပြီး အလှည့်စားမခံရစေနဲ့၊ သူက လူကောင်းမဟုတ်ဘူး၊ မင်းအပေါ် အရမ်းကောင်းပြနေရင် လက်မခံနဲ့၊ ပြီးတော့ သူ့ကို စွဲလမ်းမသွားစေနဲ့၊ သူက မင်းထင်သလောက် မဖြူစင်ဘူး”
ယန်ရုန်ရုန် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“ရှင်မေ့သွားပြီလား၊ အဲ့ဒီကောင်လေးက ‘ရှင်’ကိုယ်တိုင်ပဲလေ၊ ရှင်သူ့ကို စော်ကားနေတာက ကိုယ့်ကိုယ်ကိုယ် ပြန်စော်ကားနေသလိုပဲနော်”
လင်းယွမ် အေးစက်စွာ ပြောလိုက်သည်။
“ငါက အဲ့ဒီတုန်းကလူမျိုး မဟုတ်တော့တာ ကြာလှပြီ၊ သူနဲ့ငါနဲ့ ဘာမှ မတူဘူး!”
ထိုစကားက အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်သည်။ သူတို့နှစ်ယောက်၏ အကျင့်စရိုက်များက ကမ္ဘာခြားအောင် ကွဲပြားလွန်းသည်ဟု ယန်ရုန်ရုန်လည်း ခံစားမိသည်။
ရုပ်ရည်နှင့် အမည်ချင်းသာ တူမနေလျှင် သူတို့နှစ်ယောက်က တစ်ယောက်တည်းဖြစ်သည်ဟု သူမ ခန့်မှန်းမိမှာ မဟုတ်ပါ။ ထို့အပြင် သူမ စိတ်ဝင်စားသည့် အရာတစ်ခုလည်း ရှိနေပါသေးသည်။
‘ဘယ်လို ကပ်ဆိုးမျိုးက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဒီလောက်ထိ ပြောင်းလဲပေးနိုင်ခဲ့တာလဲ…’
သူမ မျက်လုံးထဲက မေးခွန်းများကို လင်းယွမ် မြင်နိုင်သည့်အလား ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာသည်။ သူ့မျက် တောင်မွေးများ တုန်ယင်နေသည်ကို မြင်ပြီး ယန်ရုန်ရုန် အမြန်နှစ်သိမ့်ပေးလိုက်ပါသည်။
“စိတ်မပူပါနဲ့၊ ကျွန်မရဲ့ ရည်ရွယ်ချက်ကလည်း အိမ်ပြန်နိုင်ဖို့ပဲ၊ ဒီကမ္ဘာမှာ ဘယ်သူနဲ့မှ ပတ်သတ်ဖို့ အစီအစဉ်မရှိဘူး၊ ပြီးတော့ ယန်လင်းယွမ်က ဒီလောက်ငယ်နေတာ၊ ကျွန်မ မျက် လုံးထဲမှာတော့ သူက ကလေးတစ်ယောက်ပဲ၊ ကျွန်မ ကလေးတွေကို သဘောမကျဘူး”
အတိတ်က သူ့ကိုယ်သူ ပြန်ဆုံခဲ့ရခြင်းကြောင့်လား မသိနိုင်သော်လည်း လင်းယွမ် ယခင်ကလောက် မတည်ငြိမ်နိုင်တော့ပါ။ သူ့စိတ်ခံစားချက်များ အလွန်ထိရှလွယ်လာပြီးမြင်လည်း မြင်သာလာခဲ့သည်။
စိတ်ခံစားချက် ပြောင်းလဲသွားတိုင်း သူ့မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေပါသည်။
သူ့ပုံစံက အနည်းငယ်ပင် သနားစရာ ကောင်းနေသည်။
ယန်ရုန်ရုန်က အကြမ်းနည်းထက် အနုနည်းသုံးရခြင်းကိုသာ အမြဲတမ်း သဘောကျသူဖြစ်သည်။ သူ့ကို ဒီလိုပုံစံမျိုးဖြင့် မြင်လိုက်ရသောအခါ ဂရုပိုစိုက်ပေးချင်စိတ် အလိုလိုပေါ်လာခဲ့ပါသည်။
ယန်ရုန်ရုန့်စကားကို ကြားပြီး လင်းယွမ်လည်း အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူ သတိပေးလိုက်ပါသည်။
“အဲ့ဒီကောင်ကို ယန်လင်းယွမ်လို့ မခေါ်နဲ့၊ ကိုယ်မကြိုက်ဘူး၊ ကိုယ့်နားထဲမှာ ကန့်လန့်ကြီးဖြစ်နေတယ်”
ယန်ရုန်ရုန်က ပြန်မေးလိုက်သည်။
“အဲ့တာဆို ဘယ်လိုခေါ်ရမလဲ”
လင်းယွမ် မဆိုင်းမတွ ဖြေလိုက်သည်။
“ငတုံးကောင်လို့ပဲခေါ်”
ယန်ရုန်ရုန်: ‘…’
‘အတိတ်ဘဝက သူ့ကိုယ်သူ ဘယ်လောက်တောင် မုန်းနေတာလဲ’
လင်းယွမ် ဆက်ပြောလိုက်သည်။
“ကိုယ် အတိတ်ကို မမှတ်မိဘူးဆိုပေမယ့် အဲ့ဒီကောင်ကို မြင်လိုက်ရရုံနဲ့ ငတုံးဆိုတာ တန်းသိတယ်၊ အဲ့တာကြောင့် သူအသုံးမကျတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့ဖူးမှာ သေချာတယ်၊ သတိထားနော်၊ သူ လှည့်စားတာ မခံရစေနဲ့”
သက်သေခိုင်ခိုင်လုံလုံမရှိသည့် စွပ်စွဲစကားဖြစ်သော်လည်း ယန်ရုန်ရုန် ခေါင်းညိတ်နာခံလိုက်ပါသည်။
“ကျွန်မ နားလည်ပါတယ်”
ထို့နောက် ယန်ရုန်ရုန် ထွက်သွားဖို့ ပြင်လိုက်ပါသည်။ သို့သော် လင်းယွမ်က လှမ်းခေါ်လိုက်သည်။
“ရှောင်းရှောင်း!”
ယန်ရုန်ရုန် နောက်လှည့်ကြည့်လိုက်ပြီး မျက်လုံးဖြင့် ဘာလိုအပ်သလဲ မေးလိုက်ပါသည်။
လင်းယွမ်က ရှေ့သို့လှမ်းလာပြီး သူမ ဆံနွယ်ပေါ် တင်နေသည့် သစ်ရွက်လေးတစ်ရွက်ကို ဖယ်ပေးလျက် လေးလေး နက်နက် သတိပေးလိုက်သည်။
“သူ မင်းကို အန္တရာယ်ပြုလာခဲ့ရင် သတ်သာ သတ်ပစ်လိုက်နော်၊ ကိုယ့်အတွက် ဘာမှမစဉ်းစားနဲ့”
ယန်ရုန်ရုန်ကတော့ သာမန်ကာလျှံကာ လက်ကာပြရင်း ပြောလိုက်ပါသည်။
“အင်းပါ အင်းပါ၊ ကျွန်မ ဘာလုပ်ရမလဲ သိပါတယ်”
ထို့နောက် ယန်ရုန်ရုန် ရှေ့သို့ ဆက်လျှောက်သွားလေတော့ သည်။ ဒီတစ်ခါတော့ လင်းယွမ် ထပ်မတားတော့ပါ။
သစ်ရိပ်အောက်မှာ တိတ်ဆိတ်စွာ မတ်တပ်ရပ်ရင်း ယန်ရုန်ရုန် လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို ဒီတိုင်း ငေးကြည့်နေခဲ့သည်။
သူ့လက်ထဲမှာလည်း သူမ ဆံနွယ်ပေါ်မှ ဖယ်ပေးလိုက်သည့် သစ်ရွက်လေးကို ဆုပ်ကိုင်ထားမိဆဲပင်။
--- --- ---
ဝူဝမ့်ဓားနှင့် ချန့်ခွင်းအိတ်တို့ ပျောက်ဆုံးနေသဖြင့် ယန်ရုန်ရုန် တည်နေရာပြောင်းအဆောင်ကို အသုံးမပြုနိုင်သလို ဓားပျံလည်း မစီးနိုင်ပေ။
ထို့ကြောင့် ခြေထောက်နှစ်ဖက်ကိုသာ အားကိုးပြီး တစ်လှမ်းချင်း လျှောက်လာခဲ့ရပါသည်။
ယန်မိသားစုမှ မောင်နှမ ၅ ယောက်တွင် ထင်ရှားသော ရုပ်ရည်များ ရှိကြပြီး အဖိုးတန်လှသော တောက်တောက်ပြောင်ပြောင် အဝတ်အစားများကိုသာ ဝတ်ဆင်တတ်ကြသည်။
ထို့အပြင် ၎င်းတို့ မိသားစုတံဆိပ်ပါဝင်သည့် ကျောက်စိမ်းပြားများကို အမြဲလိုလို ချိတ်ဆွဲထားတတ်ခြင်းကြောင့် ဘယ်ကိုသွားသွား လူအာရုံစိုက်ခံရပါသည်။
ထို့ကြောင့် သူတို့တည်နေရာကို ရှာဖွေဖို့ ယန်ရုန်ရုန် အားစိုက်စရာမလိုခဲ့ပေ။
ယခု ထိုမောင်နှမတွေ လုမင်မျှော်စင်မှာ ရှိနေကြပါသည်။
ထိုအဆောက်အဦးကြီးက ကျင်းကျိုးရှိ အကြီးမားဆုံး တည်းခိုခန်းကြီးဖြစ်ပြီး အတော်လေး လူစည်ကားလှသည်။ ယန်ရုန်ရုန် ရောက်ရှိသွားသောအခါ ဧည့်ကြိုဝန်ထမ်းက တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
“စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ဆီမှာ အခန်းပြည့်နေလို့ပါ၊ ကျေးဇူးပြုပြီး တခြားနေရာမှာပဲ သွားရှာကြည့်လိုက်ပါနော်”
ယန်ရုန်ရုန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
“ဟုတ်လား… စိတ်မကောင်းစရာပဲ”
အနီးနားတွင် တည်းခိုစရာနေရာတစ်ခုခု ရှာဖွေပြီး ကျင်းကျိုးမြို့အတွင်း ယန်လင်းယွမ်၏ လှုပ်ရှားမှုများကို စုံစမ်းဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်ပါသည်။ ယန်မိသားစု မောင်နှမများ ကျင်းကျိုးသို့ အဘယ်ကြောင့် ရောက်လာရခြင်းကိုလည်း သူမ သိချင်မိသည်။
သို့သော် ယန်ရုန်ရုန် တံခါးဖွင့်ဖို့ ကြံလိုက်သည်နှင့် တစ်စုံတစ် ယောက်က လှမ်းအော်ခေါ်လိုက်ပါသည်။
“မမလေး ခဏနေပါဦး!”
ထိုအသံကို သူမ အလွန်ရင်းနှီးနေပါသည်။ ယန်ရုန်ရုန် နောက်လှည့်ကြည့်လိုက်ရာ လှေကားပေါ်မှ သုတ်သုတ်ပျာပျာပြေးဆင်းလာသည့် ယန်လင်းယွမ်ကို မြင်လိုက်ရသည်။
သူမရှေ့သို့ ယန်လင်းယွမ် လျှပ်တပြက် ရောက်လာခဲ့ပါ သည်။ သူ့မျက်လုံးများက တောက်ပနေပြီး တက်ကြွလန်းဆန်းနေသဖြင့် ပျော်ရွှင်နေမှန်း သိသာသည်။
“ကျွန်တော့်ကို လာရှာတာလား”
ယန်ရုန်ရုန် မဖြေနိုင်ခင် ဧည့်ကြိုဝန်ထမ်းက ဝင်ဖြေပေးလိုက်ပါသည်။
“သခင်လေးယန်၊ ဒီအမျိုးသမီးက အခန်းလာငှားတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အခန်းပြည့်နေလို့လေ”
ယန်လင်းယွမ် အခြေအနေကို နားလည်သွားပြီး ယန်ရုန်ရုန့်ကို ချက်ချင်း ပြောလိုက်သည်။
“ကျွန်တော့် သတ္တမညီမလေးနဲ့ အတူတူနေလို့ရတာပဲ! သူ့အခန်းမှာ ကုတင်နှစ်လုံးရှိတယ်၊ အစ်မအတွက်တစ်လုံး သူ့အတွက်တစ်လုံး အဆင်ပြေတယ်လေ”
သူ့နားချဉ်းကပ်ဖို့ ယန်ရုန်ရုန် နဂိုကတည်းက ကြံရွယ်ထားခဲ့ပါသည်။ သို့သော် ချက်ချင်းတော့ ခေါင်းမညိတ်သေးပေ။
ထို့အစား တွန့်ဆုတ်ချင်ယောင် ဆောင်ပြကာ မေးလိုက်သည်။
“အစ်မ အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား၊ အားနာစရာကြီး၊ ညီမလေးကို အရင်မမေးသင့်ဘူးလား”
ထိုစဉ် ဒုတိယအစ်ကို၊ ဆဌမညီနှင့် သတ္တမညီမလေးတို့အားလုံး အောက်ဆင်းလာကြပါသည်။ ယန်လင်းယွမ်က သူတို့အားလုံးကို လက်ပြခေါ်လိုက်သည်။
အနားရောက်လာသောအခါ သတ္တမညီမလေးကို ယန်လင်းယွမ် မေးဖို့ ပြင်လိုက်ပါသည်။
“သတ္တမညီမလေး၊ ဒီက…”
ယန်လင်းယွမ် စကားရပ်သွားပြီး ယန်ရုန်ရုန့်ကို ရှက်ကိုးရှက် ကန်း လှည့်ကြည့်လိုက်သည်။
“အစ်မကို ဘယ်လိုခေါ်ရမလဲ ကျွန်တော်မသိသေးဘူး”
“ကျုံးရှောင်းရှောင်းပါ”
သူသဘောကျသည့် မိန်းကလေး၏ အမည်ကို သိလိုက်ရသဖြင့် ယန်လင်းယွမ် စိတ်ပိုရွှင်သွားခဲ့ကာ အပြုံးလည်းပိုကျယ်လာပါသည်။
ထို့နောက် သူ့ညီမလေးကို လှည့်မေးလိုက်သည်။
“သတ္တမညီမလေး၊ ဒီက မမရှောင်းရှောင်းကို ညီမလေးနဲ့အတူတူ ပေးနေလို့ရမလား”