အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
🌹Chapter 187
ကျောက်ဝမ်က မကျေမနပ် ချက်ချင်း ပြန်ချေပလိုက်ပါသည်။
“မဖြစ်နိုင်တာ! ယင်ကျီးက လူကောင်းတစ်ယောက်ပဲ၊ သူ့ဘဝu ခက်ခဲခဲ့လို့ အဲ့လိုအလုပ်မျိုး လုပ်နေရတာဆိုပေမယ့် ကောက်ကျစ်တဲ့လုပ်ရပ်မျိုး ဘာမှ မလုပ်တတ်ဘူး”
ဒီလူ လုံးဝပြုစားခံထားရပြီဖြစ်ကြောင်း ယန်လင်းယွမ် သိလိုက်သည်။ စကားအပိုမပြောတော့ဘဲ လက်ကိုမြှောက်ကာ ကျောက်ဝမ်၏ နဖူးကို အားဖြင့်ရိုက်ချပစ်လိုက်ပါသည်။
ကျောက်ဝမ် ရှေ့နောက်ယိမ်းထိုးသွားပြီး မျက်လုံးများလည်း ပြာဝေသွားကာ လှုပ်ရှားမှုမရှိတော့ဘဲ တောင့်တောင့်ကြီး ထိုင်နေလေသည်။
ဒါကိုမြင်ပြီး ယန်လင်းယွမ် ကောက်ချက်တစ်ခု ချနိုင်ခဲ့ပါသည်။
“သူ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို စုပ်ယူခံထားရတယ်၊ လောလောဆယ် သိပ်မသိသာသေးပေမယ့် အချိန်ကြာလာတဲ့အခါ ကျိန်းသေပေါက် ရူးသွားနိုင်တယ်”
ဒုတိယအစ်ကိုက တိုးညှင်းစွာ ပြောလိုက်သည်။
“ကြည့်ရတာ အဲ့ဒီ ယင်ကျီးဆိုတဲ့ မိန်းမက တရားခံပဲထင်တယ်”
သတ္တမညီမလေးက အခြေအနေကို သုံးသပ်လိုက်သည်။ “သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို စုပ်ယူခံထားရလို့ အဲ့ဒီမိန်းမကို စွဲစွဲလမ်းလမ်းဖြစ်နေတာပေါ့၊ ယင်ကျီးကလည်း သူ့ကို အလွတ်ပေးမှာမဟုတ်ဘူးထင်တယ်၊ သူအိပ်နေတုန်း အိမ်ကနေ ထွက်လာအောင် မျှားခေါ်ခဲ့တယ်၊ သမီးတို့သာ ဝင်မတားရင် အရင်လူတွေလိုပဲ ဒီလူလည်း ပျောက်သွားမှာ သေချာတယ်”
ဒုတိယအစ်ကိုက ဆုံးဖြတ်ချက် ချလိုက်သည်။
“ဆဌမညီနဲ့ သတ္တမညီမလေးတို့၊ ကျောက်ဝမ်ကို ခေါ်ပြီး မြို့ကို ပြန်လိုက်ကြ၊ တတိယညီနဲ့ ငါနဲ့ အဲ့ဒီယင်ကျီးကို ခြေရာခံပြီး လိုက်ရှာလိုက်မယ်”
“မမရှောင်းရှောင်းကကော”
သတ္တမညီမလေးက မေးသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဆဌမညီက ရုတ်တရက်ပြောလိုက်ပါသည်။
“အစ်မရှောင်းရှောင်း ပျောက်သွားပြီ ထင်တယ်”
အားလုံး အလန့်တကြားဖြစ်သွားကြလေသည်။
ကျောက်ဝမ်ကို စစ်ဆေး မေးမြန်းဖို့သာ အားလုံးအာရုံများနေခဲ့ကြသဖြင့် ကျုံးရှောင်းရှောင်းကို ဘယ်သူမှ သတိမထားမိခဲ့ကြပါ။
သူတို့ လာခဲ့ကြသည့် တောင်ပတ်လမ်းကို ပြန်လှည့်ကြည့်လိုက်ကြရာ လမ်းတစ်လမ်းလုံး ဗလာကျင်းဖြစ်နေပါသည်။ လူရိပ်တစ်ရိပ်ပင် မမြင်ရပေ။
ယန်လင်းယွမ် ချက်ချင်း စိတ်ချောက်ချားသွားခဲ့ပြီး သံကုန် အော်ဟစ်ပစ်လိုက်သည်။
“ရှောင်းရှောင်း! ကျုံးရှောင်းရှောင်း!”
သူ့အသံက တောတောင်တွေထဲ ပဲ့တင်သံထပ်သွားသော်လည်း ဘာတုံ့ပြန်မှု မရှိခဲ့ပေ။
သတ္တမညီမလေးက ပြောလိုက်သည်။
“မမရှောင်းရှောင်းကို ယင်ကျီး ပြန်ပေးဆွဲသွားတာများလား၊ ဒါပေမယ့် မမရှောင်းရှောင်းက မိန်းကလေးလေ၊ အရင်က ပျောက်ဖူးတဲ့လူတွေက ယောက်ျားလေးတွေချည့်ပဲ မဟုတ်ဘူးလား”
ယန်လင်းယွမ်၏ မျက်နှာ အလွန်မှောင်မိုက်လာသည်ကို သတိထားမိပြီး ဒုတိယအစ်ကိုက ဝင်နှစ်သိမ့်လိုက်ပါသည်။
“စိတ်အေးအေးထားကြစမ်းပါ၊ ကျုံးရှောင်းရှောင်းကလည်း ကျင့်ကြံသူတစ်ယောက်ပဲ၊ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိမှာပါ၊ ငါတို့ထင်သလောက် မဆိုးနိုင်ဘူး”
သို့သော် ယန်လင်းယွမ်ကတော့ စိတ်မအေးနိုင်သေးဘဲ အလွန် စိတ်ဖိစီးနေပါသည်။ ကျောက်ဝမ်ကို လည်ခွံမှကိုင်ကာ ဝေါယောဉ်ပေါ်မှ ဆွဲချပစ်လိုက်သည်။
ထို့နောက် ယန်လင်းယွမ် ဝတ်ရုံများကို ခါရင်း ဝေါယာဉ်ထဲ ဝင်ထိုင်နေလိုက်တော့သည်။
ဒုတိယအစ်ကို မှင်သက်သွားလေသည်။ “မင်းဘာလုပ်နေတာလဲ”
ယန်လင်းယွမ် အေးစက်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
“အဲ့ဒီ ယင်ကျီးက ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးတွေကိုပဲ ပြန်ပေးဆွဲတာမလား၊ ငါက ငယ်လည်းငယ်တယ် ပြီးတော့ ယောက်ျားလေးလည်း ဟုတ်တယ်၊ သူ့စံနှုန်းနဲ့ ကိုက်ညီတယ်”
“အန္တရာယ်များလွန်းတယ်လေ!”
သတ္တမညီမလေးက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“ငါဂရုမစိုက်ဘူး၊ ရှောင်းရှောင်းအခု အသက်အန္တရာယ်ရှိနေတယ်၊ သူ့ကို ယင်ကျီးဘာမှမလုပ်နိုင်ခင် ငါအမြန် သွားကယ်ရမယ်”
“ဒါပေမယ့်…”
ယန်လင်းယွမ် စကားဖြတ်ပစ်လိုက်သည်။
“ဘေးဖယ်စမ်း!”
စူးရှသည့် သူ့အကြောင့်များကြောင့် သတ္တမညီမလေး ထိတ်လန့်သွားပြီး အနောက်သို့ အလိုလို ဆုတ်လိုက်မိပါသည်။
ဒုတိယအစ်ကိုနှင့် ဆဌမညီတို့လည်း သူ့ကို ဖြောင်းဖြလို့ မရနိုင်တော့မှန်း သိကာ လမ်းဖယ်ပေးလိုက်ရသည်။ လမ်းရှင်းသွားသောအခါ ဝေါယာဉ်ကြီးက ဆက်လက် ရွေ့လျားသွားခဲ့ပြီး ယန်လင်းယွမ်ကို သယ်ဆောင်ရင်း အမှောင်ထုထဲ တိုးဝင်သွားတော့သည်။
ဒုတိယအစ်ကိုက ကျောက်ဝမ်ကို ခေါ်ဆောင်ပြီး မြို့ဆီ ပြန်ဖို့ သတ္တမညီမလေးအား တာဝန်ပေးလိုက်သည်။ သူနှင့် ဆဌမညီတို့ကတော့ ပြဿနာတစ်စုံတရာ မဖြစ်ရအောင် ဝေါယာဉ်နောက်မှ တိတ်တဆိတ် လိုက်သွားကြပါသည်။
--- --- ---
ထိုအချိန်တွင် ယန်ရုန်ရုန်ကတော့ လင်းယွမ်အစစ်၏ လက်ထဲမှ အသည်းအသန် ရုန်းထွက်ကာ တောအုပ်ထဲမှ ပြေးထွက်လာခဲ့ပါသည်။
ဗလာကျင်းဖြစ်နေသော တောင်ပတ်လမ်းကို မြင်ပြီးနောက် ယန်ရုန်ရုန် ပျာယာခတ်သွားလေတော့သည်။
စောနက ယန်လင်းယွမ်၏ ညွှန်ကြားချက်အတိုင်း သူမ စောင့်နေစဉ် ထင်မှတ်မထားစွာဖြင့် လင်းယွမ်အစစ် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
သူမ အသံမထွက်နိုင်ခင် လင်းယွမ်က သူမပါးစပ်ကို အုပ်ပြီး တောအုပ်ထဲ ဆွဲခေါ်သွားခဲ့ပါသည်။
အမှန်တော့ မနက်က သူမဆံနွယ်ပေါ်မှ သစ်ရွက်တစ်ရွက်ကို လင်းယွမ် ဖယ်ရှားပေးခဲ့စဉ်က နတ်ဆိုးအမှတ်အသားတစ်ခုကို သူမကိုယ်ပေါ် လျှို့ဝှက်စွာ ထည့်သွင်းပေးခဲ့သည်။
ထိုအမှတ်အသားက သူမ၏ တည်နေရာနှင့် ဘေးကင်းလုံခြုံမှုတို့ကို ပြသနိုင်ပါသည်။ သို့သော် အလှမ်းဝေးကွာသွားလျှင်တော့ အာနိသင် ပြယ်သွားလိမ့်မည်။
ယန်ရုန်ရုန် မြို့ထဲမှ ထွက်သွားသောအခါ နတ်ဆိုးအမှတ်အသား အားနည်းလာသည်ကို လင်းယွမ်ခံစားမိခဲ့ပါသည်။ ထို့ကြောင့် လုပ်လက်စအလုပ်များကို ရပ်ရင်း သူမနောက်သို့ အလျှင်အမြန် လိုက်လာခဲ့သည်။
သူတို့ပုန်းနေခဲ့သည့် နေရာမှ ယန်လင်းယွမ်တို့ မောင်နှမများ၏ စကားသံကို ကြားနိုင်ခဲ့ပါသည်။ ယန်ရုန်ရုန့်ကို ယင်ကျီးက ဖမ်းခေါ်သွားသည်ဟု မောင်နှမများ ယုံကြည်နေကြပြီး ယခု ထိုနတ်ဆိုးမကို နှိမ်နင်းဖို့အတွက် ထွက်ခွာသွားကြလေပြီ။
သူတို့အန္တရာယ်ကြုံရမည်ကို စိတ်ပူသဖြင့် ယန်ရုန်ရုန် နောက်က လိုက်သွားဖို့ ကြံလိုက်ပါသည်။ သို့သော် လင်းယွမ်က သူမလက်ကို ဆုပ်ကိုင်ကာ တားလိုက်ပါသည်။
“မသွားနဲ့”
ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ ဒေါသထွက်မိသော်လည်း သူမစိတ်ကို ထိန်းကာ မေးလိုက်သည်။
“ဘာလို့လဲ”
“အန္တရာယ်များတယ်”
“အန္တရာယ်များလို့ပဲ သူတို့ကို သွားကူညီပေးသင့်တာလေ!”
လင်းယွမ် ခေါင်းခါလိုက်သည်။
“ဘာမှအသုံးမဝင်ဘူး၊ သူ့ကို ကူညီပေးလို့မရဘူး၊ သူက တုံးလွန်းတယ်”
ယန်ရုန်ရုန် ဒေါသတကြီး ပြန်ချေပလိုက်သည်။
“သူက တုံးတာမဟုတ်ဘူး! ငယ်ရွယ်နေတာ၊ ဘဝအတွေ့အ ကြုံ မရှိသေးလို့ အမှားတွေ အလွယ်တကူ လုပ်နိုင်တာ၊ လူတစ်ယောက် မြူခိုးမြူငွေ့ထဲရောက်နေရင် ရှေ့ကလမ်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာ သဘာဝပဲလေ!”
လင်းယွမ် ကြက်သေသေသွားခဲ့သည်။
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး စိတ်လျှော့လိုက်ပါသည်။
“အတိတ်က ရှင်အမှားတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာ ရှင့်ကိုယ်ရှင်သိတယ်၊ ဒါပေမယ့် အဲ့ဒီအမှားတွေက ဖြစ်ပြီးသွားပြီမို့ ရှင်ဘာမှမပြောင်းလဲနိုင်တော့ဘူးလို့ ခံစားနေရတာ၊ အဲ့တာကြောင့် အတိတ်က ရှင့်ကိုယ်ရှင် လက်မခံနိုင်ခဲ့တာ မဟုတ်လား၊ ဒါပေမယ့် အခု ကျွန်မတို့ အတိတ်ကို ပြန်ရောက်နေပြီလေ၊ အဲ့ဒီ အမှားအယွင်းတွေ မဖြစ်သေးဘူး၊ ကျွန်မတို့ ပြောင်းလဲပစ်ဖို့ အချိန်ရှိသေးတယ်”
လင်းယွမ် သူမကို အချိန်အတော်ကြာအောင် ရီဝေစွာ စိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်ပါသည်။
“အသုံးမဝင်ဘူး၊ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး”
“ကြိုးစားမကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ၊ ကျွန်မတို့က ကျင့်ကြံသူတွေဆိုတာ မမေ့လိုက်နဲ့၊ ကျင့်ကြံရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ကောင်းကင်ဘုံကို တွန်းလှန်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ပဲ မဟုတ်ဘူးလား!”
လင်းယွမ် တွေဝေသွားခဲ့သည်။
“တကယ်ဖြစ်နိုင်ပါ့မလား”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
“ရှင်က ယောက်ျားတစ်ယောက်လေ! ယောက်ျားတစ်ယောက် ပါးစပ်က ‘ဖြစ်နိုင်ပါ့မလား’ဆိုတဲ့ စကားလုံး ထွက်လာစရာလား!”
ပြဿနာတွေကြီးမားနေသော်လည်း လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်မိပါသည်။
“အဲ့တာဆို… ကိုယ်လုပ်နိုင်မယ်လို့ မင်းထင်လား”
ယန်ရုန်ရုန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်သည်။
“လုပ်ကို လုပ်မှဖြစ်မယ်! ရှင့်ကို အသူရာချောက်နက်ထဲကနေ ကယ်ဖို့ ကျွန်မအရာရာ ပေးဆပ်ခဲ့ရတာ၊ အခု ကျွန်မကို ရှင်ကျေးဇူးပြန်ဆပ်ဖို့ အချိန်တန်ပြီ၊ ကျွန်မကို စိတ်ပျက်အောင် မလုပ်နဲ့! ရှင်ကြိုးစားမှ ဖြစ်မယ်!”
ထိုစကားက ခြိမ်းခြောက်စကားနှင့် တူညီနေသော်လည်း လင်းယွမ်အပေါ်မှာတော့ အာနိသင်ရှိခဲ့ပါသည်။
လင်းယွမ် သူ့အတိတ်ကိုသူ ရင်မဆိုင်ချင်ပါ။ သို့သော် ယန်ရုန်ရုန် စိတ်ပျက်သွားမှာကို ပိုလို့တောင် မလိုလားပေ။ သူမ၏ အသိအမှတ်ပြုမှုကို ခံချင်ပါသည်။
“သွားကြစို့”
နောက်ဆုံးတော့ လင်းယွမ် သဘောတူလိုက်သည်။
ယန်ရုန်ရုန် ချက်ချင်း တောက်ပသွားလေသည်။
“သွားကြစို့ သွားကြစို့! မြန်မြန်မသွားရင် လိုက်လို့ မမီဘဲ နေမယ်!”
ယန်ရုန်ရုန်တို့နှစ်ယောက် တောင်ပတ်လမ်းအတိုင်း လိုက်လာခဲ့ကြသည်။
ဝေါယာဉ်ကို ရှာတွေ့သောအခါ ထိုဝေါယာဉ်က လမ်းဘေးမှာ ဗလာကျင်းအနေအထားဖြင့် ရပ်တန့်နေခဲ့ပါသည်။ ယန်လင်းယွမ်ကော၊ သူ့ဒုတိယအစ်ကိုနှင့် ဆဌမညီတို့ကိုကော မတွေ့ရတော့ပါ။
ဝေါယာဉ်၏ အနောက်ဘက်တွင် လျှို့ဝှက်လမ်းကလေးတစ်ခု ရှိသည်။ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ထိုလမ်းအတိုင်း လိုက်လာခဲ့ရာ မှောင်မိုက်နေသည့် လှိုဏ်ဂူကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါသည်။
ဂူအတွင်းမှ ထူးခြားသည့် မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။
လင်းယွမ် အမြန်လှုပ်ရှားလိုက်ပြီး ယန်ရုန်ရုန့် နှာခေါင်းနှင့် ပါးစပ်တို့ကို လှမ်းအုပ်ပေးလိုက်သည်။
“အဲ့တာ ဝိညာဉ်စုပ်အမွှေးတိုင်ရဲ့ အနံ့ပဲ”
လင်းယွမ် တီးတိုးရှင်းပြလိုက်သည်။
“နတ်ဆိုးကျင့်ကြံသူတွေအပေါ် သက်ရောက်မှုမရှိပေမယ့် လူသားကျင့်ကြံသူတစ်ယောက် အများကြီး ရှူမိရင် စိတ်လွတ်သွားလိမ့်မယ်၊ အခြေအနေပိုဆိုးရင် တုံးအသွားပြီး ရူးပါရူးသွားနိုင်တယ်”
🌹Chapter 188
လင်းယွမ် လက်ကိုမြှောက်ကာ လက်သင်္ကေတအချို့ ဖော်ဆောင်လိုက်သည်။
ထိုအခါ သူ့လက်ချောင်းထိပ်များမှ သွေးနီရောင် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး ပါးလွှာသည့် အကာအရံတစ်ခုသဖွယ် အသွင်ပြောင်းကာ ယန်ရုန်ရုန့်ခန္ဓာကိုယ်တဝိုက်တွင် ဝန်းရံသွားခဲ့သည်။
ထိုအခါ ဝိညာဉ်စုပ်အမွှေးရနံ့များက ယန်ရုန်ရုန့်နား မကပ်နိုင်တော့ပေ။
ယန်ရုန်ရုန့်ကို ဘေးကင်းအောင် ကာကွယ်ပြီးမှ လင်းယွမ် လက်ကိုဖယ်ပေးလိုက်ပါသည်။
နောက်ဆုံးတော့ ယန်ရုန်ရုန် အသက်ဝဝ ပြန်ရှူနိုင်ပြီဖြစ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ယန်ညီအစ်ကို သုံးယောက် အဲ့ဒီအငွေ့တွေ ရှူမိထားတယ်ဆိုရင် အန္တရာယ်မရှိနိုင်ဘူးလာား”
လင်းယွမ် အဖြေတိတိကျကျ မပေးနိုင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
“ဝိညာဉ်စုပ်အမွှေးတိုင်ဆိုတာ အရမ်းရှားတယ်၊ ပုံမှန်ဆို အရမ်းစွမ်းအားကြီးတဲ့ နတ်ဆိုးကျင့်ကြံသူတွေပဲ သုံးနိုင်တာ”
ထို့ကြောင့် ‘ယင်ကျီး’ဟူသည့် အမည်နှင့် နတ်ဆိုးမက စွမ်းအားမြင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်မှန်း သိနိုင်ပါသည်။ ဒီလို စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ယန်လင်းယွမ်တို့လို ကလေးသုံးယောက်က ယှဉ်နိုင်မှာ မဟုတ်ပေ။
ယန်ရုန်ရုန့် ရင်ထဲ အလွန်လေးလံလာခဲ့သည်။
“သူတို့ကို အမြန်ဆုံးရှာမှဖြစ်မယ်!”
သူမက အမွှေးတိုင်ရနံ့ကို ရှူရှိုက်၍ မရသော်လည်း လင်းယွမ်အတွက်တော့ ပြဿနာမရှိပေ။ ထို့ကြောင့် ထိုမွှေးရနံ့နောက်ကို လိုက်လာခဲ့ရာ လှိုဏ်ဂူ၏ အဆုံးတွင် ကျောက်သားနံရံကြီးတစ်ခုကို တွေ့လိုက်ကြရပါသည်။
ယန်ရုန်ရုန်က ကျောက်သားနံရံကြီးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ အေးစက်မာကျောပြီး အနည်းငယ်လည်း စိုထိုင်းနေပါသည်။
ဘယ်ညာလှည့်ကြည့်လိုက်တော့လည်း လျှို့ဝှက်ယန္တရားတစ်ခုခုနှင့် တူသည့် အရာဘာမှ မတွေ့ခဲ့ရပါ။
ယန်ရုန်ရုန် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
“လမ်းက ဘာလို့ ဒီမှာဆုံးသွားတာလဲ၊ ဒါလမ်းဆုံးမဖြစ်သင့်ဘူးလေ”
လင်းယွမ်ကတော့ လှည့်စားမှုများကို ချက်ချင်း ဖောက်မြင်နိုင်သည်။
“အဲ့တာ ပုံရိပ်ယောင်တွေ၊ မင်းကျင့်ကြံခြင်းအဆင့်က မမြင့်သေးလို့ မမြင်နိုင်တာ”
ထို့နောက် သူ့လက်ဖဝါးကို မြှောက်ပြီး ကျောက်သားနံရံကြီးအား ရိုက်ချပစ်လိုက်သည်။
ကျောက်သားနံရံကြီးပေါ် သွေးနီရောင် နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းသွားခဲ့ပြီး တစ်ချိန်က တောင့်တင်းခိုင်မာနေခဲ့သည့် နံရံကြီးတစ်ခုလုံး ဖယောင်းတိုင်အရည်ပျော်သကဲ့သို့ ပျော်ကျသွားခဲ့သည်။
မကြာမီ လူနှစ်ယောက်စာ ဝင်ဆံ့သော ဂူပေါက်တစ်ပေါက်အဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
လင်းယွမ် လေးနက်စွာ ပြောလိုက်သည်။
“ဒီပုံရိပ်ယောင်ကို ကိုယ်အကြမ်းနည်းနဲ့ ဖျက်ဆီးလိုက်တာ၊ ကိုယ်တို့ ဒီရောက်နေမှန်း ဒီနေရာရဲ့ အရှင်သခင် သိသွားလောက်ပြီ၊ မြန်မြန်လှုပ်ရှားမှဖြစ်မယ်”’
ယန်ရုန်ရုန်လည်း မတွန့်ဆုတ်ခဲ့ပေ။ လင်းယွမ်နှင့်အတူတူ မှောင်မိုက်နေသည့် ဂူထဲ ဆက်ဝင်သွားခဲ့ပါသည်။
အမှောင်ထုကို အချိန်အတော်ကြာအောင် ဖြတ်သန်းပြီးနောက် မြင်ကွင်းက ရုတ်တရက် ထင်ရှားလာခဲ့သည်။
သူမတို့ရှေ့တွင် အလွန်ခမ်းနားလှသော ရွှေရောင်ရဲတိုက်ကြီးတစ်လုံး ပေါ်လာခဲ့ပါသည်။ ညကောင်းကင်ယံအောက်တွင် ထိုရဲတိုက်ကြီးက ရွှေရောင်တဝင်းဝင်း တောက်ပနေခဲ့သည်။
ယန်ရုန်ရုန် တစ်ချက်လောက်ကြည့်မိရုံနှင့် အထဲသို့ ဝင်သွားချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့ပါသည်။
ထို့ကြောင့် ချက်ချင်းအကြည့်လွှဲကာ ရင်ထဲက ဆန္ဒများကို အလျှင်အမြန် ချုပ်တည်းလိုက်သည်။ သူမတို့ ဒီကို ရောက်နေမှန်း ရဲတိုက်ကြီး၏ အရှင်သခင်သိလောက်ပြီဖြစ်သဖြင့် တစ်ခုခု ပြင်ဆင်ထားမှာ သေချာပါသည်။
သူမ၏ သံသယများကို အတည်ပြုပေးလိုက်သည့်အလား ရဲတိုက်ကြီးရှိ မီးအိမ်မှန်သမျှ တစ်ပြိုင်တည်း မီးငြိမ်းသွားခဲ့သည်။
မကြာသေးခင်ကမှ တောက်ပနေခဲ့သည့် ရဲတိုက်ကြီးတစ်ခုလုံး ပိန်းပိတ်အောင် မှောင်မိုက်သွားခဲ့ပါသည်။ ယန်ရုန်ရုန်တို့ အေးစက်စက် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
အမှောင်ထုထဲ ယန်ရုန်ရုန် တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
“ယင်ကျီးလား… အခုလို ခွင့်မတောင်းဘဲ ဝင်လာမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်မတို့ လူတစ်ယောက်ကို လာရှာတာပါ၊ သူ့ကို တွေ့တာနဲ့ ချက်ချင်း ပြန်မှာပါ၊ ကျွန်မတို့ကို ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ခေတ္တကြာသောအခါ အမှောင်ထုထဲတွင် မီးအိမ်တစ်လုံး ရုတ်တရက် ပြန်လည်ထွန်းလင်းလာခဲ့သည်။
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ အလင်းရောင်လာရာ အရပ်သို့ လှမ်းကြည့်လိုက်ပါသည်။ မီးအိမ်က သူတို့ထံ ပျံသန်းလာခဲ့သည်။ ထိုမီးအိမ်ကို ဖြူဖြူဖွေးဖွေးသွယ်သွယ်လျလျ လက်တစ်ချောင်းက ကိုင်ထားပါသည်။
သို့သော် လက်တစ်ချောင်းသာ…
လက်ကောက်ဝတ်အနောက်ဘက်တွင် ခန္ဓာကိုယ်မရှိဘဲ အရိပ်ပင် မရှိပါ။
ထိုမြင်ကွင်းက ကြက်သီးထစရာကောင်းသော်လည်း ယန်ရုန်ရုန်ကော၊ လင်းယွမ်ကော မကြောက်တတ်ကြသဖြင့် မျက်နှာအမူအရာ မပြောင်းလဲခဲ့ကြပေ။
ထိုလက်က မီးအိမ်ကို ရှေ့သို့တိုးလိုက်ရာ အမှောင်ထုထဲတွင် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့၏ မျက်နှာများ ပိုမို ထင်ရှားသွားခဲ့ပါသည်။
ထိုစဉ် အမှောင်ထုထဲမှ မိန်းကလေးတစ်ဦး၏ သာယာချိုမြိန်သော အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်လည်း ရောယှက်ပါဝင်နေပါသည်။
“ရှင်က ဘယ်သူလဲ”
ဘယ်သူ့ကို မေးနေမှန်း မသေချာသဖြင့် နှစ်ယောက်စလုံးကို ယန်ရုန်ရုန် မိတ်ဆက်ပေးလိုက်ပါသည်။
“ကျွန်မက ကျုံးရှောင်းရှောင်း၊ သူက ယင်ရှင်းပါ”
ယန်ရုန်ရုန့်ကို လင်းယွမ်လှည့်ကြည့်လိုက်သည်။ သူမက အလွန်ဉာဏ်လျှင်လွန်းပါသည်။ သူ့အတွက် အမည်အတုတစ်ခု အလျှင်အမြန် စဉ်းစားပေးနိုင်ခဲ့သည်။
ထို့နောက် လင်းယွမ်တစ်ခုခုကို စဉ်းစားမိသွားသည်။
‘ယင်ရှင်းက နာမည်အတုဆိုရင် ကျုံးရှောင်းရှောင်းဆိုတာကလည်း နာမည်အတုပဲပေါ့… သူ့နာမည်အရင်းက ဘာလဲ’
သူတို့နှစ်ယောက် အတူတူရှိနေသည်မှာ ကြာပြီဖြစ်သော် လည်း သူမ၏ အမည်အရင်းကို တစ်ခါမှ မပြောပြခဲ့ဖူးပါ။ သူမ မေ့လျော့နေခဲ့ခြင်းလား သို့မဟုတ် သူ့ကို မသိစေချင်ခြင်းကြောင့်ပဲလား။
ယန်ရုန်ရုန်ကတော့ သူမ၏အလိမ်အညာကြောင့် ဘေးကလူ စိတ္တဇဖြစ်သွားမှန်း မသိခဲ့ပါ။ အမည်များကို မိတ်ဆက်ပြီးနောက် ခေတ္တတိတ်ဆိတ်သွားပြီး မိန်းကလေး၏အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
“ယင်ရှင်း ဟုတ်လား… ရှင့်ပုံစံက ကျွန်မရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တော်တော်တူတာပဲ”
ထိုမိန်းကလေး သံသယရှိနေသူက လင်းယွမ်ဖြစ်မှန်း ယန်ရုန်ရုန် ချက်ချင်းနားလည်လိုက်ရသည်။ ထို့အပြင် သူ့ကို ထိုမိန်းကလေး အတော်လေးစိတ်ဝင်စားနေပုံရပြီး ထပ်ပြောလိုက်ပါသည်။
“ရှင်တို့ ပိုင်နက်ကျူးကျော်လာတာက စည်းကမ်းဖောက် ဖျက်ရာကျပေမယ့် ဧည့်သည်က ဧည့်သည်ပါပဲ၊ ဝင်ခဲ့ကြပါ”
ထိုစကားဆုံးသောအခါ ရဲတိုက်ရှိ မီးအိမ်များအားလုံး ပြန်လည်လင်းလက်လာခဲ့သည်။ ရဲတိုက်ကြီးတစ်ခုလုံး ယခင်ကလိုပဲ တောက်ပသွားခဲ့ပါသည်။
မီးအိမ်ကို ကိုင်ဆောင်ထားသည့် ဖြူဖြူဖျော့ဖျော့လက်က လာရာလမ်းအတိုင်း ယန်ရုန်ရုန်တို့ကို ခေါ်ဆောင်သွားခဲ့သည်။
ယန်ရုန်ရုန် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် အနောက်မှ ဘယ်သူမှ ပါမလာသည်ကို သတိထားမိသွားသည်။ သူမ ခြေလှမ်းရပ်တန့်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်ကျန်ခဲ့သည့် လင်းယွမ်ကို မြင်လိုက်ရလေသည်။
“ရှင် ဘာတွေ ရီဝေနေတာလဲ”
လင်းယွမ် ရုတ်တရက် အသိစိတ်ပြန်ကပ်သွားပြီး မသဲမကွဲ ပြောလိုက်ပါသည်။
“ဘာမှမဟုတ်ပါဘူး၊ သွားကြစို့”
မီးအိမ်ကိုင်ထားသည့် လက်က သူမတို့ကို လှေကားထစ်များပေါ်မှတဆင့် ရဲတိုက်အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အတွင်းဘက်တွင် ဆင်တူ ဝါဖျော့ဖျော့ဝတ်ရုံများကို ဆင်မြန်းထားကြသည့် လှလှပပ ယောက်ျားလေးများနှင့် မိန်းကလေးများစွာ ရှိနေကြပါသည်။
အားလုံးက ရဲတိုက်ကြီး၏ အစေခံများ ဖြစ်ပုံရပြီး တာဝန်ကိုယ်စီ ထမ်းဆောင်နေကြသည်။
ဧည့်သည်များကို မြင်သောအခါ လုပ်လက်စ အလုပ်များကို ရပ်တန့်ပြီး ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို တရိုတသေ ဦးညွှတ်လိုက်ကြပါသည်။
ထိုအစေခံများ၏ အဝတ်အစားများက လုံလုံခြုံခြုံရှိကြပြီး လှုပ်ရှားမှုများက နူးညံ့သိမ်မွေ့သော်လည်း သူတို့တွင် ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုခု ရှိနေသည်။ တစ်ချက်လောက် ကြည့်မိရုံနှင့် ယန်ရုန်ရုန့်စိတ်တွေ ယိမ်းယိုင်လာရပါသည်။
ယန်ရုန်ရုန် အကြည့်ကို အမြန်လွှဲလိုက်ပြီး လင်းယွမ်ကိုသာ စိုက်ကြည့်နေလိုက်သည်။
‘ဟုတ်တယ်… လင်းယွမ်ကိုပဲ ကြည့်နေရင် အပြုစားခံရမှာမဟုတ်ဘူး’
လှလှပပ အစေခံလေးများကို ယန်ရုန်ရုန် မျက်နှာလွှဲပြီး သူ့ကိုသာ စိုက်ကြည့်နေမှန်း လင်းယွမ်သတိထားမိပါသည်။ သူမနှလုံးသားထဲတွင် သူက အစေခံအားလုံးထက် ပိုပြီးဆွဲဆောင်မှုရှိပုံရသည်။
ထိုအတွေးကြောင့် လင်းယွမ်စိတ်ရွှင်သွားပြီး သူမအမည်အရင်းနှင့် ပတ်သတ်သည့်ကိစ္စကိုပါ မေ့လျော့သွားခဲ့သည်။
အစေခံမလေးတစ်ဦးက ရှေ့သို့တိုးလာပြီး ခေါင်းအနည်း ငယ်ငုံ့ကာ ပြောလိုက်ပါသည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့၊ ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပါ၊ သခင်မက စောင့်မျှော်နေပါတယ်”
ယန်ရုန်ရုန်က အခွင့်အရေးယူပြီး မေးလိုက်သည်။
“ရှင်တို့ သခင်မနာမည်က ယင်ကျီးလား”
အစေခံမလေးက အဖြေတိုက်ရိုက်မပေးခဲ့ပေ။
“တွေ့ရင်သိကြပါလိမ့်မယ်”
အစေခံမလေးက ရှေ့ဆောင်ခန်းမကိုဖြတ်၊ လျှောက်လမ်းအရှည်ကြီးအတိုင်း လျှောက်သွားပြီးနောက် မေပယ်ပင်များဖြင့် ပြည့်နှက်နေသည့် ခြံဝန်းတစ်ခုထဲ ယန်ရုန်ရုန်တို့ကို ခေါ်ဆောင်သွားခဲ့ပါသည်။
လေထဲတွင် သစ်ရွက်နီလေးများ လွင့်မျောနေကြသည်။ ထိုနေရာတွင် အဖြူရောင်ဝတ်စုံ ဆင်မြန်းထားသည့် လှလှပပ မိန်းကလေးတစ်ဦးက ခုံတန်းအိအိလေးပေါ် လှဲလျောင်းကာ မျက်လုံးမှိတ်လျက် အနားယူနေပါသည်။
တောက်ပနေသော မေပယ်ရွက်နီလေးများ၊ ထိုမိန်းကလေး ၏ ဖြူစင်ဝင်းပနေသော ဝတ်စုံလေးနှင့် မက်မွန်ပွင့်လို မျက်နှာလေးတို့က အတော်လေး မျက်စိကျစရာကောင်းလှပါသည်။
ထိုမိန်းကလေးကို မြင်လိုက်ရသည်နှင့် သူမ၏ အလှတရားကြောင့် ယန်ရုန်ရုန် မှင်သက်သွားခဲ့ရကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
အစေခံမလေးက ထိုအခြေအနေကို အသားကျနေသည့်ပုံစံပင်။ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးကို ဂါဝရပြုကာ သူမ အစီရင်ခံလိုက်သည်။
“ဧည့်သည်တော်တွေ ရောက်လာကြပါပြီ သခင်မ”
ထို့နောက် အစေခံမလေး တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။
လင်းယွမ်က ယန်ရုန်ရုန့်ပါးလေးကို ခပ်ဖွဖွ ဆွဲဆိတ်ပစ်လိုက်ပါသည်။
“အဲ့လောက် စိုက်ကြည့်မနေနဲ့”