အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
🌹Chapter 185
တတိယအစ်ကိုဖြစ်သူ၏ အချစ်ရေးအတွက် အမာခံပရိတ်သတ်ဖြစ်သည့်အလျောက် ယန်ချီမိန့် မဆိုင်းမတွ သဘောတူလိုက်ပါသည်။
“ရတယ် ရတယ်! ဘာမှမဖြစ်ဘူး!”
ယန်ချီမိန့် ကိုယ်တိုင်က သဘောတူသဖြင့် ယန်ရုန်ရုန်လည်း အားနာမနေတော့ဘဲ ခေါင်းညိတ်လိုက်ပါသည်။
“အဲ့တာဆို အားလုံးကို ကျေးဇူးတင်ပါတယ်နော်”
ယန်လင်းယွမ်က မေးလိုက်သည်။
“ကျွန်တော်တို့ လမ်းလျှောက်ထွက်ကြမလို့လေ၊ အစ်မကော လိုက်ခဲ့ဦးမလား၊ ဒါမှမဟုတ် ပင်ပန်းနေလို့ အနားယူချင်တယ်ဆိုရင် အခန်းဆီ လိုက်ပို့ပေးမယ်လေ”
ယန်ရုန်ရုန်က သူတို့နှင့်အတူ လိုက်လာချင်ကြောင်း ပြောလိုက်ပါသည်။
ထို့ကြောင့် ယန်မောင်နှမလေးဦးတို့ ယန်ရုန်ရုန့်ကို ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့အုပ်စု လုမင်မျှော်စင်မှ ထွက်လာကြပြီး လမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြသည်။
လမ်းတွင် ယန်လင်းယွမ်က ယန်ရုန်ရုန်နှင့် စကားပြောနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားပါသည်။ လမ်းဘေးတွင် မိန်းကလေးတစ်ဦး ပန်းများရောင်းနေသည်ကို မြင်ပြီး ယန်လင်းယွမ်က ရုတ်တရက် ပန်းစည်းတစ်စည်းဝယ်ကာ ယန်ရုန်ရုန့်ကို လက်ဆောင်ပေးခဲ့ပါသည်။
သူ့ထံမှ သဲလွန်စများ ရှာဖွေဖို့ ကြံရွယ်ထားသဖြင့် ယန်ရုန်ရုန်ကလည်း မငြင်းဆန်ခဲ့ပေ။
သူပေးသည့် ပန်းစည်းအား ယန်ရုန်ရုန်လက်ခံလိုက်သည်ကို မြင်ပြီး ယန်လင်းယွမ် အပျော်လွန်သွားခဲ့ပါသည်။ သူ့မျက်နှာပေါ် ရှက်သွေးလေးများ ဖြာသွားပြီး မျက်ဝန်းတွေထဲမှာလည်း လူငယ်တစ်ယောက်၏ ရင်ခုန်မှုများ အထင်းသား ပေါ်လွင်နေလေသည်။
“ကျွန်တော် သူများကို ပန်းပေးဖူးတာ ဒါပထမဆုံးပဲ”
ယန်ရုန်ရုန်တွေးလိုက်သည်။ ကံမကောင်းစွာဖြင့် သူမအတွက်ကတော့ ပန်းရဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပါ။
သူမ နတ်ဆိုးနန်းတော်ထဲတွင် နေထိုင်ခဲ့စဉ်က လင်းယွမ် ခရီးသွားပြီး ပြန်ရောက်လာတိုင်း ပန်းများ ယူဆောင်လာပေးတတ်သည်။ တစ်ခါတရံ အလွန်ရှားပါးသည့် ပန်းပင်များပင် ပါလာတတ်ပါသည်။
ပန်းစည်းလေးကို ဂရုတစိုက်ကိုင်ရင်း ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ယန်လင်းယွမ် မနေနိုင်ဘဲ ရှေ့တစ်လှမ်းဆက်တိုးဖို့ ကြံပါသည်။ မျှော်လင့်ချက်များ ပြည့်ဝနေသော လေသံဖြင့် သူမေးလိုက်သည်။
“အဲ့တာဆို… အခုချိန်ကစပြီး အစ်မရဲ့ နာမည်အရင်းကိုပဲ ခေါ်လို့ရမလားဟင်၊ ‘အစ်မရှောင်းရှောင်း’လို့ ခေါ်ရတာ နည်းနည်း သူစိမ်းဆန်လို့ပါ”
အမည်တစ်ခုသာဖြစ်သဖြင့် ယန်ရုန်ရုန် စိတ်ထဲမထားပါ။
“ရပါတယ်”
ယန်လင်းယွမ် မစောင့်နိုင်ဘဲ ချက်ချင်း တန်းခေါ်ကြည့်လိုက်သည်။
“ရှောင်းရှောင်း!”
ယန်ရုန်ရုန်ကလည်း ပြန်ထူးလိုက်သည်။
“ရှင်”
ထိုအခါမှ သူ့အပြုအမူမှာ အနည်းငယ် ရူးသွပ်သည့်ပုံစံ ပေါက်နေမှန်း ယန်လင်းယွမ် နားလည်သွားခဲ့သည်။ ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်ရင်း ရယ်မောလိုက်ပါသည်။
“ရှောင်းရှောင်းဆိုတဲ့ နာမည်လေးကို တကယ်သဘောကျတယ်၊ အရမ်းလှတာပဲ”
ယန်လင်းယွမ်နှင့် စတင်ဆုံတွေ့သည့်အချိန်ကတည်းက သူ့ကို ယန်ရုန်ရုန် သေချာ အကဲခတ်ခဲ့ပါသည်။ မျက်နှာထားမှအစ ကိုယ်လက်အမူအရာများအထိ သူမ စောင့်ကြည့်နေခဲ့သည်။
ယန်ရုန်ရုန် သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။
“နင်က သူနဲ့တကယ်ခြားနားတာပဲ”
ယန်လင်းယွမ် ခေတ္တကြက်သေသေသွားသည်။ သို့သော် ခပ်မြန်မြန်ပဲ စိတ်နှင့်လူနှင့် ပြန်ကပ်နိုင်ခဲ့ပါသည်။
သူ့နှုတ်ခမ်းပေါ်မှ အပြုံး အနည်းငယ်မှေးမှိန်သွားခဲ့ကာ လေးလေးနက်နက် ပြောလိုက်သည်။
“ကျွန်တော်က ကျွန်တော်၊ သူက သူပဲလေ၊ ကျွန်တော်က သူ့ထက် ရှောင်းရှောင်းအပေါ် ပိုကောင်းပေးနိုင်တယ်!”
ယန်ရုန်ရုန်ကတော့ ဘာမှပြန်မပြောတော့ဘဲ အခြားမေးခွန်းတစ်ခုသာ မေးလိုက်သည်။
“သူ ဘယ်သူလဲဆိုတာ နင်သိတယ်ပေါ့”
ထိုမေးခွန်းကို ယန်ရုန်ရုန် မေးချင်နေသည်မှာ အလွန်ကြာပါပြီ။ လင်းယွမ်နှစ်ယောက် စတင် ဆုံတွေ့သည့် အချိန်က တည်းက သူတို့၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် တစ်ယောက်ကို တစ်ယောက် သိနေကြမှန်း သိသာသည်။
သို့သော် ‘ဒီကမ္ဘာ’မှ လူတစ်ယောက်အနေဖြင့် ယန်လင်းယွမ်က သူ့ကိုယ်သူ ပြန်မြင်လိုက်ရသောအခါ တုန်လှုပ်ချောက် ချားသွားသင့်သော်လည်း ကြိုတင်မျှော်လင့်ထားသည့်နှယ် အရာအားလုံးကို အလွယ်တကူ လက်ခံနိုင်ခဲ့ပါသည်။
အလွန်ထူးဆန်းလွန်းပါသည်။
ယန်ရုန်ရုန့် မေးခွန်းများကို ယန်လင်းယွမ် ပွင့်ပွင့်လင်းလင်း ပြန်ဖြေပေးလိုက်သည်။
“ကျွန်တော်သူ့ကို သိတာပေါ့၊ ကိုယ့်ကိုယ်ကိုယ် မမှတ်မိတဲ့လူဆိုတာ ရှိလို့လား”
ယန်ရုန်ရုန် နားမလည်နိုင် ပိုဖြစ်သွားခဲ့သည်။
“နင့်အတွက် လက်ခံနိုင်ဖို့ မခဲယဉ်းဘူးလား”
ယန်လင်းယွမ် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် အသက်ကြီးလာတဲ့အခါ အဲ့လိုလူမျိုး ဖြစ်သွားမယ်ဆိုတာ သိလိုက်ရတော့… နည်းနည်းတော့ လက်ခံဖို့ ခဲယဉ်းပါတယ်”
ယန်ရုန်ရုန် ရယ်ချင်မိသည်။
“သူက အဲ့လောက် အသက်မကြီးသေးဘူးနော်၊ အနည်းဆုံးတော့ အပြင်ပန်းကကြည့်ရင် အဲ့လောက် မအိုသေးပါဘူး”
ယန်လင်းယွမ်က မခံနိုင်စွာ ချေပလိုက်သည်။
“ဒါပေမယ့် ကျွန်တော်နဲ့ ယှဉ်လိုက်ရင် သူက အသက်ကြီးတယ်လေ! ရှောင်းရှောင်း၊ ကျွန်တော်က သူ့ထက် ပိုငယ်တယ်၊ ပိုတက်ကြွတယ်၊ သူ့ကို မရွေးပါနဲ့ ကျွန်တော့်ကိုပဲ ရွေးပါ!”
ယန်ရုန်ရုန် နှစ်ယောက်စလုံးကို ရွေးဖို့အစီအစဉ်မရှိပါ။ သို့သော် သူ့နားမှာ နေဖို့ လိုအပ်သဖြင့် အနည်းငယ် အရှက်မဲ့စွာ လိမ်ညာလိုက်ရသည်။
“အစ်မ စဉ်းစားပေးပါ့မယ်”
ယန်လင်းယွမ် မျက်နှာပေါ် အပြုံးပန်းများ ပွင့်ဖူးလာခဲ့ပြန်သည်။ သူစိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“ကျွန်တော်က အလုပ်နဲ့သက်သေပြမှာပါ၊ အဲ့ဒီအဘိုးကြီးထက် ရှောင်းရှောင်းကို ကျွန်တော်ပိုဂရုစိုက်ပေးနိုင်မှန်း သက်သေပြမယ်!”
ယန်လင်းယွမ်က လင်းယွမ်ကို ‘အဘိုးကြီး’ဟု ခေါ်ဆိုနေပြီး လင်းယွမ်က ယန်လင်းယွမ်ကို ‘ငတုံးကောင်’ဟု ခေါ်ဆိုနေပါသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မုန်းတီးကြောင်းကို ဖုံးပင်မဖုံးကွယ်နိုင်ကြပေ။
ယန်ရုန်ရုန်က အသိပေးလိုက်သည်။
“နင်နဲ့တူတဲ့ သူ့ကိုမြင်လိုက်ရတော့ ဘာလို့မအံ့ဩတာလဲဆိုတဲ့အချက်ကို မရှင်းပြရသေးဘူးနော်၊ အစ်မတို့ ဒီကိုရောက် လာမယ်ဆိုတာ ကြိုသိနေလို့လား၊ ဒါမှမဟုတ် အစ်မတို့ကို ဒီခေါ်လာတာ နင်လား”
ယန်လင်းယွမ်၏ မျက်နှာကို ယန်ရုန်ရုန် မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံက အလွန်အေးဆေးနေပြီး မေးခွန်းကို ရှောင်တိမ်းဖို့အစီအစဉ်လည်း ရှိပုံမပေါ်ပါ။
“ရှောင်းရှောင်းတို့ ဒီကိုရောက်လာမယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမယ့် ရှောင်းရှောင်းတို့ကို ဒီခေါ်လာတာ ကျွန်တော်မဟုတ်ဘူး၊ ကျွန်တော် အဲ့လောက် စွမ်းအားမကြီးသေးဘူး”
“အဲ့တာဆို ဘယ်သူခေါ်လာတာလဲ သိလား”
ယန်လင်းယွမ်က မေးခွန်းဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
“ရှောင်းရှောင်းလိုချင်တဲ့အဖြေကို ပေးလိုက်ရင် ကျွန်တော်က ရှောင်းရှောင်းအတွက် ဘာတန်ဖိုးရှိဦးမှာလဲ၊ အဲ့ဒီအခါကျ ကျွန်တော့်ကို ချက်ချင်းထားခဲ့မှာပဲမလား”
“မဟုတ်တာ”
ယန်ရုန်ရုန် ငြင်းလိုက်သည်။
ယန်လင်းယွမ် ရယ်မောလိုက်ပါသည်။
“လူလိမ်”
“အစ်မက ကျေးဇူးကန်းတတ်တဲ့လူမျိုးမဟုတ်ဘူး၊ အစ်မတို့ကို ကူညီပေးရင် အစ်မကလည်း ကျေးဇူးပြန်ဆပ်မှာပါ”
ယန်လင်းယွမ် အခွင့်ကောင်းယူလိုက်သည်။
“ဘယ်လိုကျေးဇူးဆပ်မှာလဲ၊ ကျွန်တော့်ကို လက်ထပ်မှာလား”
ယန်ရုန်ရုန် စကားနင်သွားလေသည်။
ယန်လင်းယွမ် ရယ်မောလိုက်ပြန်ပါသည်။
“အလကား နောက်တာပါ၊ မကြောက်ပါနဲ့”
သူမလက်ထဲရှိ ပန်းစည်းကလေးကို ကစားရင်း ယန်လင်းယွမ် ဆက်ပြောလိုက်သည်။
“ရှောင်းရှောင်း အဖြေသိချင်တယ်ဆိုရင် ကိုယ်တိုင် လိုက်ရှာမှပေါ့၊ ကံကြမ္မာ လမ်းဆုံးရောက်တဲ့အခါ အားလုံးနားလည်သွားလိမ့်မယ်”
ထိုစကားလုံးများက ပဟေဠိဆန်လွန်းသဖြင့် ယန်ရုန်ရုန် နားမလည်ခဲ့ပါ။
ယန်လင်းယွမ်က တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဧကန္တ… ရှောင်းရှောင်း အဖြေကိုတောင် သိပြီးလောက်ပြီ”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာတွေပြောနေတာလဲ”
သူမ ဒီလို ပဟေဠိဆန်မှုမျိုးကို အလွန်တရာမှ မုန်းတီးပါ သည်။
ယန်လင်းယွမ်က ဆက်ရှင်းမပြဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
“ရှောင်းရှောင်းက ဘာလမ်းစဉ် ကျင့်ကြံတာလဲ၊ ဓားလမ်းစဉ်လား၊ ဆေးလမ်းစဉ်လား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား”
ယန်ရုန်ရုန် သူ့ကိုသာ စိုက်ကြည့်နေပြီး ဘာမှပြန်မပြောခဲ့ပါ။
ယန်လင်းယွမ်က ဆက်ပြောလိုက်ပါသည်။
“ရှောင်းရှောင်းကို ကြည့်ရတာ ဓားလမ်းစဉ်ကျင့်ကြံသူတစ်ယောက်လို့ ထင်ရတယ်၊ ဒါပေမယ့် ဓားလည်း မပါဘူးနော်”
နေဝင်ခါနီးပြီဖြစ်သော်လည်း မောင်နှမလေးယောက်က မြို့တော်ဂိတ်ပေါက်သို့ ရောက်ရှိနေကြပါသည်။ မြို့ပြင်ထွက်ဖို့ ကြံနေသည့် မောင်နှမများကို ကြည့်ရင်း ယန်ရုန်ရုန် မေးလိုက်သည်။
“မြို့ပြင် ဘာလုပ်ဖို့ ထွက်ကြမှာလဲ”
သူမ စကားပြန်ပြောလာသည်ကို မြင်ပြီး ယန်လင်းယွမ် အမြန်ပြန်ဖြေလိုက်သည်။
“ခုတလော မြို့ထဲက လူငယ်တော်တော်များများ ပျောက်ဆုံးနေတာ၊ စုံစမ်းကြည့်ရသလောက်တော့ နေဝင်ချိန်မှာ မြို့ပြင်ထွက်သွားပြီး ပျောက်သွားကြတာတဲ့၊ မြို့ပြင်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံခဲ့ကြတာဖြစ်မယ်လို့ သံသယရှိလို့ ဒီနေ့ည သွားစစ်ဆေးကြည့်မလို့ပါ”
အခြေအနေကို ယန်ရုန်ရုန် နားလည်သွားခဲ့သည်။
ထိုစဉ် ယန်ချီမိန့်က အနားကပ်လာပြီး သူမကို နှစ်သိမ့်လိုက်ပါသည်။
“မကြောက်ပါနဲ့ မမရှောင်းရှောင်းရဲ့ သမီးတို့ အားလုံးအတူ တူရှိနေမှာ၊ အန္တရာယ်ကြုံလာရင် မမရှောင်းရှောင်းကို သမီးတို့ ကာကွယ်ပေးမယ်”
ယန်ရုန်ရုန် မကြောက်သော်လည်း စိတ်ပူပေးသည့်အတွက် ယန်ချီမိန့်ကို ကျေးဇူးတင်လိုက်ပါသည်။
ယန်ရုန်ရုန်က စကားပြောဖို့ လွယ်ကူမှန်း မြင်သဖြင့် ယန်ချီမိန့် မေးလိုက်သည်။
“မမရှောင်းရှောင်း ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ”
ယန်ရုန်ရုန် အေးအေးလူလူ ပြန်ဖြေလိုက်သည်။
“အသက် ၂၀၀ လောက် ရှိပြီ”
သူမ အသက်ကြီးလိမ့်မည်ဟု ယန်ချီမိန့် မျှော်လင့်ထားသော်လည်း အသက်အစစ်အမှန်ကို ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါသည်။
“သမီးတတိယအစ်ကိုက အသက် ၁၆ နှစ်ပဲ ရှိသေးတာ!”
ယန်ရုန်ရုန်ကတော့ ပြဿနာကို မမြင်မိပေ။
ယန်လင်းယွမ်က ချက်ချင်းဝင်ပြောလိုက်ပါသည်။
“ဇနီးသည်က သုံးနှစ်ပိုကြီးရင် ရွှေချောင်းတွေ ပိုက်ထားရတတ်တယ်တဲ့!”
ဒုတိယအစ်ကိုက ဗြောင်ကျကျ မှတ်ချက်ဝင်ပေးလိုက်သည်။
“အဲ့တာဆို မင်းပိုက်ထားရမယ့် ရွှေချောင်းတွေက မြို့တော်တံတိုင်းတောင် ဆောက်လို့ရလောက်တယ်”
🌹Chapter 186
မိုးကုပ်စက်ဝိုင်းအလွန်သို့ နေမင်းကြီး တိုးဝင်ပျောက်ကွယ်သွားသောအခါ ပတ်ဝန်းကျင်ကို ညအမှောင်ထုက လွှမ်းမိုးလာခဲ့ပါသည်။
ဒုတိယအစ်ကိုက ချန့်ခွင်းအိတ်ထဲမှ လက်ရာမြောက်သော ဖန်ပုလင်းလေး တစ်လုံးကို ထုတ်လိုက်သည်။ ထိုပုလင်းကို အဖုံးဖွင့်လိုက်သောအခါ ပုလင်းထဲမှ ပိုးစုန်းကြူးလေးများစွာ ထွက်လာခဲ့ပါသည်။
ထိုပိုးစုန်းကြူးလေးများက အတူတူ စုဝေးပျံသန်းနေကြပြီး ရှေ့ဆက်လျှောက်ရမည့် လမ်းအတွက် အလင်းရောင်မှိန်ပျပျ ပေးစွမ်းနေပါသည်။
ပိုးကောင်လေးများကို စိတ်ဝင်တစား အကဲခတ်နေသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ယန်လင်းယွမ်က ရှင်းပြပေးလိုက်ပါသည်။
“အဲ့တာလေးတွေကို ကြယ်ရှာပိုးကောင်လို့ ခေါ်တယ်၊ ကျွန်တော်တို့ ယန်မိသားစုကိုယ်တိုင် ဖန်တီးပြီး မွေးထားတာလေ၊ အမှောင်ထဲမှာ အလင်းရောင် ပေးစွမ်းနိုင်တဲ့အပြင် နတ်ဆိုးစွမ်းအင်တွေကိုလည်း အရမ်းအာရုံခံနိုင်စွမ်းရှိတယ်၊ အနီးနားမှာ နတ်ဆိုးသတ္တဝါတွေ ပေါ်လာခဲ့သည်ရှိသော် သူတို့ ချက်ချင်း သတိထားမိကြလိမ့်မယ်”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။
“ဪ…အဲ့လိုကိုး”
ယန်လင်းယွမ်က အခွင့်အရေးကို အရယူပြီး ယန်မိသားစုနှင့် ပတ်သတ်သည့် စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို ပြောပြခဲ့ပါသည်။
ဒီကောင်လေးက လူတွေကို ပြုံးအောင် လုပ်နိုင်သည့်နေရာတွင် အလွန်ထူးချွန်သည်ဟု ဆိုရမည်။ အသေးအဖွဲကိစ္စများကိုပင် စိတ်ဝင်စားစရာကောင်းပြီး မျက်လုံးထဲ မြင်ယောင်လာအောင်ပင် ပြောနိုင်စွမ်း ရှိပါသည်။
သူနှင့်စကားပြောရင်း ယန်ရုန်ရုန် အကြိမ်ကြိမ် ရယ်မောမိသည်။
ယန်ရုန်ရုန့်အသက်အရွယ်ကြောင့် အစ်ကိုဖြစ်သူနှင့် အဆင်မပြေနိုင်လောက်ဟု ထင်မှတ်ထားခဲ့သည့် သတ္တမညီမလေးကလည်း သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို ကြည့်ရင်း ထိုအတွေးကို လက်လွှတ်လိုက်တော့သည်။
အားလုံးက ကျင့်ကြံသူတွေဖြစ်သည့်အတွက် အသက်အရွယ်က အရေးမကြီးပါ။ အရေးအကြီးဆုံးက သူမအစ်ကို ပျော်ရွှင်နေဖို့သာ။
ထိုစဉ် ဒုတိယအစ်ကိုက အားလုံးကို ပါးစပ်ပိတ်ထားဖို့ ရုတ်တရက် အချက်ပြလိုက်သည်။
“ရှူး!”
ယန်လင်းယွမ်လည်း ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်ပါသည်။
သူတို့အားလုံး ကြယ်ရှာပိုးကောင်လေးများထံ လှမ်းကြည့်လိုက်ရာ ပိုးကောင်လေးများ၏ အဖြူရောင် အလင်းရောင်က အနီရောင်ရင့်ရင့်အဖြစ် ပြောင်းလဲလာသည်ကို မြင်လိုက်ရပါသည်။
‘ဒါ နတ်ဆိုးတွေရှိနေတဲ့ သဘောပဲ!’
ပိုးကောင်လေးများ ပိုမို မြန်ဆန်လာပြီး ရှေ့သို့ တဟုန်ထိုး ပျံသန်းသွားခဲ့ကြသည်။ ယန်ရုန်ရုန်နှင့် အခြားသူတွေလည်း ပိုးကောင်လေးများ အနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့ကြပါသည်။
လယ်ကွင်းများကို ဖြတ်သန်းပြီးနောက် တောင်ပတ်လမ်းတစ်ခုပေါ် ရောက်ရှိသွားခဲ့ကြပြီး ကြက်သွေးရောင်ဝေါယာဉ် တစ်စင်းကို မြင်လိုက်ရလေသည်။
ပုံမှန်ဆို ဝေါယာဉ်အား ထမ်းမ,ပေးမည့်လူများကို လိုအပ်သော်လည်း ဒီဝေါယာဉ်အနီးတွင်တော့ ဘယ်သူမှ ရှိမနေပါ။ လေထဲမှာ အလိုလိုပျံသန်းနေပြီး ရှေ့သို့ရွေ့လျားရင်း ဘယ်ညာ ယိမ်းထိုးနေခဲ့ပါသည်။
ကြယ်ရှာပိုးကောင်လေးများက ကြက်သွေးရောင်ဝေါယာဉ်၏ ဘေးပတ်ပတ်လည်တွင် ဝဲကာ ပျံသန်းနေကြသည်။ အထဲမှ နတ်ဆိုးစွမ်းအင်တွေ ထွက်နေမှန်း သိသာပါသည်။
ယန်ရုန်ရုန့်ကို ယန်လင်းယွမ် ချက်ချင်းလှည့်ပြောလိုက်သည်။
“ရှေ့မှာ အန္တရာယ် ရှိလာနိုင်တယ်၊ ဒီမှာစောင့်နေပြီး သတိကပ်ထားနော်”
ထို့နောက် သူ့ဓားကိုထုတ်ရင်း သူ့ညီအစ်ကို မောင်နှမများနှင့်အတူ ဝေါယာဉ်ထံသို့ ချီတက်သွားတော့သည်။ ယန်လင်းယွမ်တို့ တားဆီးလိုက်သောအခါ ဝေါယာဉ်ကြီးလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။
လေထဲမှာ လွင့်မျောနေသည့် ဝေါယာဉ်ကြီးကို ကြည့်ရင်း ယန်လင်းယွမ် ခက်ထန်စွာ မေးလိုက်သည်။
“အထဲက ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း!”
ဝေါယာဉ်ကြီးက တိတ်ဆိတ်နေဆဲဖြစ်ကာ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါ။
ယန်လင်းယွမ်လည်း ဒုတိယအစ်ကိုနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး ရှေ့သို့ တိုးကာ သူ့ဓားထိပ်ဖြင့် ခန်းဆီးလိုက်ကာကို မ,ကြည့်လိုက်ပါသည်။
ကြယ်ရှာပိုးကောင်များ၏ အနီရောင်အလင်းအကူအညီဖြင့် အထဲတွင် လူငယ်တစ်ဦးထိုင်နေသည်ကို မြင်လိုက်ရသည်။
ထိုလူက ဝေါယာဉ်နံရံကို မှီကာ မျက်လုံးများ ပိတ်ထားပြီး အသက်ရှူသံများ တည်ငြိမ်လျက် အိပ်စက်နေပုံရသည်။ လှပသည့် အိပ်မက်တစ်ခုကို မက်နေသည့်အလား မျက်နှာပေါ်တွင် အပြုံးတစ်ခုပင် ရှိနေပါသေးသည်။
ယန်လင်းယွမ်က ချန့်ခွင်းအိတ်ထဲမှ ရေဘူးတစ်ဘူးကို ထုတ်ကာ ထိုလူ့မျက်နှာပေါ် ရေဖြင့် လှမ်းပက်လိုက်သည်။
ဝေါယာဉ်ထဲက လူလည်း အိပ်နေရာမှ လန့်နိုးသွားသည်။ မျက်လုံးများ ပြူးကျယ်ကာ ခါးမတ်မတ် ထထိုင်ပြီး အူတူတူ မျက်နှာဖြင့် ရှေ့သို့ ငေးကြည့်လိုက်ပါသည်။
ဆဌမညီနှင့် သတ္တမညီမလေးတို့လည်း ရောက်လာပြီး လူလေးယောက် မျက်လုံးရှစ်လုံးဖြင့် ဝေါယာဉ်ထဲက လူကို စိုက်ကြည့်နေခဲ့ကြသည်။
ယန်လင်းယွမ်က ဦးစွာ မေးလိုက်သည်။
“ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလဲဆိုတာ မှတ်မိလား”
အချိန်အတော်ကြာမှ ထိုလူ အသိစိတ်ပြန်ဝင်လာခဲ့သည်။ မရင်းနှီးသည့် မျက်နှာများနှင့် ၎င်းတို့လက်ထဲက လက်နက်များကို မြင်ပြီး ထိုလူ့မျက်နှာ ဖြူဖပ်သွားခဲ့ပါသည်။
ဝေါယာဉ်ထောင့်သို့ ပြေးကပ်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။
“ကျွန်တော့်ကို မသတ်ပါနဲ့! ခင်ဗျားတို့လိုချင်တာ ပေးပါ့မယ်! ကျွန်တော့်မှာ ရှိသမျှ အကုန်ပေးပါ့မယ်!”
ဒုတိယအစ်ကိုက ရှင်းပြဖို့ ကြိုးစားသည်။
“ခင်ဗျားနားလည်မှုလွဲနေပြီ၊ ကျုပ်တို့က ဓားပြတွေမဟုတ်ဘူး၊ လူကောင်းတွေပါ”
သို့သော် ထိုလူက နားမထောင်ဘဲ အသတ်ခံရတော့မည့်အလား အော်ဟစ်သောင်းကျန်းနေခဲ့ပါသည်။ နောက်ဆုံးတော့ ယန်လင်းယွမ် စိတ်မရှည်တော့ဘဲ သူ့ဓားစွန်းဖြင့် ထိုလူ့၏ ပခုံးကို ရွယ်ရင်း သတိပေးလိုက်သည်။
“ပါးစပ်ပိတ်ထား! မဟုတ်ရင် တစ်ခါတည်း ခုတ်ပစ်လိုက်မယ်!”
ထိုအခါမှ ထိုလူပါးစပ်ပိတ်သွာားပြီး လေပြင်းဒဏ်ခံလိုက်ရသည့် သစ်ရွက်တစ်ရွက်ပမာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပါသည်။ သူအလွန် ချောက်ချားနေမှန်း သိသာသည်။
မောင်နှမလေးယောက်အနက် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် သတ္တမညီမလေးက ရှေ့တိုးလာပြီး သိမ်သိမ်မွေ့မွေ့ နှစ်သိမ့်လိုက်ပါသည်။
“မကြောက်ပါနဲ့၊ သမီးတို့က တကယ်လူဆိုးတွေမဟုတ်ဘူး၊ ရှန်းလန်မြို့က ယန်မိသားစုအကြောင်း ကြားဖူးလား၊ သမီးတို့က ယန်မိသားစုကပါ၊ ခုတလော ဒီနေရာမှာ လူငယ်တွေအများကြီး ပျောက်နေလို့ သမီးတို့ လာစုံစမ်းတာလေ”
ထို့နောက် သူမ၏ ကျောက်စိမ်းပြားကို မြှောက်ကာ ယန်မိသားစုတံဆိပ်အား ပြသလိုက်ပါသည်။
သူမ၏ အပြစ်ကင်းစင်သော ပုံစံလေးနှင့် ယန်မိသားစု၏ တရားဝင်တံဆိပ်တို့ကို မြင်မှ ထိုလူအနည်းငယ် စိတ်တည်ငြိမ်သွားခဲ့သည်။
“မင်း…မင်းတို့က တကယ်ဓားပြတွေ မဟုတ်ကြဘူးလား”
သူ မယုံသင်္ကာ မေးလိုက်သည်။
ယန်လင်းယွမ်က ပြန်ချေပလိုက်ပါသည်။
“ခင်ဗျားမျက်လုံးကို ဖွင့်ပြီး ကျုပ်တို့အဝတ်အစားတွေကို ကြည့်လိုက်စမ်းပါ၊ ကျုပ်တို့ ဝတ်ထားတဲ့ အဝတ်အစားတိုင်းက ခင်ဗျားအိမ်ထက်တောင် တန်ဖိုးကြီးလောက်တယ်၊ ကျုပ်တို့က ခင်ဗျားကို ဘာလုပ်ဖို့ ဓားပြတိုက်ရမှာလဲ”
ထိုလူ သေချာအကဲခတ်ကြည့်လိုက်ရာ အားလုံး၏အဝတ် အစားများက အမှန်တကယ် အဆင့်အတန်းရှိမှန်း မြင်လိုက်ရပါသည်။
သူတို့နှင့်ယှဉ်လိုက်လျှင် သူကိုယ်တိုင်ကမှ စုတ်ပြတ်နေသူဖြစ်နေသည်။ ထိုလူ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဓားပြတွေ မဟုတ်ရင် ပြီးတာပါပဲ”
ထို့နောက် သူ မေးမြန်းလိုက်သည်။
“ဒါဘယ်နေရာကြီးလဲ ဒီကို ငါဘယ်လိုရောက်လာတာလဲ”
ထိုလူက သာမန်လူသားတစ်ယောက်ဖြစ်မှန်း သေချာမှ ယန်လင်းယွမ် ဓားကို ပြန်သိမ်းလိုက်ပါသည်။
“ကျုပ်တို့လည်း ခင်ဗျားကို အဲ့တာမေးမလို့ပဲ၊ ညကြီး မင်းကြီး ကိုယ့်အိမ်မှာကိုယ် မနေဘဲ တောင်ပတ်လမ်းပေါ်မှာ ဘာလုပ်နေတာလဲ”
ထိုလူ့အမည်က ကျောက်ဝမ်ဖြစ်ပြီး ကျင်းကျိုးမှ စီးပွားရေး သမားတစ်ဦးဖြစ်ပါသည်။ သူဘေးကင်းလုံခြုံမှန်း သေချာသောအခါ သူ့မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အလုပ်ကိစ္စကြောင့်ပါ၊ မင်းတို့သိတဲ့အတိုင်း စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် လူပေါင်းစုံနဲ့ ဆက်ဆံရပြီး တချို့တာဝန်တွေကို လျစ်လျူရှုထားလို့ မရဘူးလေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အလုပ်ကိစ္စစကားပြောဖို့ ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ် ငါသွားခဲ့သေးတယ်”
“အဲ့မှာ ယင်ကျီးလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊ သူ့အသားအရည်ကကွာ… တောက် ဘယ်လိုပြောရမလဲ၊ ဖြူဖွေးပြီး နူးညံ့နေတာပဲ၊ မျက်နှာလေးကလည်း လှတယ်ဆိုတာထက်ကို ပိုတယ်၊ တကယ့် နတ်သမီးလေးလိုပဲ၊ အဲ့လောက်လှတဲ့ မိန်းကလေးမျိုး ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး၊ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ငါ့စိတ်ဝိညာဉ် ညှို့ယူခံလိုက်ရသလိုပဲ”
ပြောပြောဆိုဆိုနှင့် ကျောက်ဝမ် တံတွေးမျိုချကာ အတော်လေး စိတ်လွတ်ကိုယ်လွတ်ဖြစ်နေပါသည်။
ယန်လင်းယွမ် မျက်မှောင်ကြုတ်လျက် စိတ်မရှည်စွာ ငေါက်လိုက်သည်။
“လိုရင်းသာ ပြောစမ်းပါ!”
ကျောက်ဝမ် လန့်ဖျပ်သွားပြီး အမြန်ဆက်ပြောလိုက်ပါသည်။
“သင်္ဘောပေါ်က ဆင်းလာပြီးတော့ ယင်ကျီးကို ငါမေ့မရခဲ့ဘူး၊ အိပ်မပျော် စားမဝင်တဲ့ထိပါ ဖြစ်ခဲ့တာ၊ ငါ့စည်းစိမ်တွေအကုန်လုံးကို သုံးပြီး သူ့ကို ဝယ်ဖို့အထိပါ စဉ်းစားခဲ့သေးတယ်၊ ဒါပေမယ့် ဆိပ်ကမ်းကို ငါထပ်သွားတော့ အဲ့ဒီသင်္ဘောကြီး မရှိတော့ဘူး၊ သူ့ကို မတွေ့ရတာ ကြာလေလေ ပိုပြီး လွမ်းဆွတ်လေလေပဲ၊ ငါ့အိပ်မက်တွေထဲမှာတောင် သူပဲနေရာယူထားတာ၊ ခုနကလည်း သူ့အကြောင်း အိပ်မက်မက်နေတာလေ၊ အိပ်မက်ထဲမှာ သူငါ့ကို ပြုံးပြနေတာ၊ အရမ်းလှတာပဲ…”
ကျောက်ဝမ် သက်ပြင်းချမိပါသည်။
‘အိပ်မက်သာ မဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…’
ယန်လင်းယွမ် အတော်လေး စိတ်မရှည်တော့ပါ။
“ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲဆိုတာ အခုထိ မပြောရသေးဘူးနော်”
ကျောက်ဝမ် ခေါင်းကုတ်လိုက်သည်။
“ငါလည်း မသိဘူးလို့! ဒီနေ့ည သောက်တာများသွားပြီး မူးမူးရူးရူးနဲ့ အိပ်ရာဝင်ခဲ့တာ၊ ငါ့ယင်ကျီးလေးအကြောင်း အိပ်မက်လှလှမက်နေတုန်း မင်းတို့လာနှိုးခဲ့တာလေ၊ ငါ့မျက်လုံးတွေ ပြန်ပွင့်လာတော့ ဒီကို ရောက်နေတာပဲ”
သတ္တမညီမလေးက တီးတိုး ပြောလိုက်သည်။
“ကြည့်ရတာ ယင်ကျီးဆိုတဲ့ အဲ့ဒီမိန်းကလေးက ပြဿနာဖြစ်နိုင်တယ်”