အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
🫧 Chapter 71
အလုပ်မှတ်စုစာအုပ်ပေါ်တွင် ပေါ်လာသော တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးနောက် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု ကို ပိတ်ကာ မရဏကမ္ဘာသို့ ပြန်လာခဲ့သည်။
ထို့နောက် ယခင်က တာဝန်ထမ်းဆောင်ရင်း ရရှိထားသော ကျင့်ကြံခြင်းကတ်ကို ကိုင်ဆောင်ကာ ကျင့်ကြံခြင်းခန်းမသို့ သွားရောက်ခဲ့သည်။
ယင်ချီစွမ်းအင်လုံးများကို စားသုံးရင်း တစ်ဖက်မှလည်း ကျင့်ကြံခြင်းခန်းမအတွင်းရှိ ယင်ချီဓာတ်များကို အသုံးပြုကာ ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်လိုက်သည်။
ယခုအခါ သူ၏ကိုယ်တွင်းရှိ တစ္ဆေဝိညာဉ်စွမ်းအား များသည် ယခင် အနိမ့်ပိုင်းအဆင့် များတွင် ရှိစဉ်ကထက် အလွန်ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိုးပွားလာခဲ့ပြီဖြစ်သည်။
အကယ်၍ ယခင်က စွမ်းအားသည် စမ်းချောင်းလေးတစ်ခုဆိုလျှင် ယခုအခါ သူ၏ကိုယ်တွင်းရှိ တစ္ဆေဝိညာဉ်စွမ်းအားများသည် မြစ်ကြီးတစ်စင်းနှင့်ပင် နီးပါးတူနေပြီဖြစ်သည်။
မည်သို့ပင် အသုံးပြုပါစေ ကိုယ်တွင်းမှ စွမ်းအားများသည် အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။
ကျန်းလင်အနေဖြင့် 'ဝိညာဥ်ဘုရင်' အဆင့်သို့ ရောက်ရှိပါက မည်မျှအထိ စွမ်းဆောင်နိုင်မည်ကို အတော်လေး မျှော်လင့်နေမိသည်။
ယခင် မုန့်ပေါ် က သူ၏အဆင့်ကို 'တစ္ဆေစစ်သေနာပတိ' အထွတ်အထိပ်အဆင့်အထိ မြှင့်တင်ပေးခဲ့ပြီးနောက်ပိုင်း သူမည်သို့ပင် ကျင့်ကြံပါစေ ထိုတစ္ဆေစွမ်းအားများသည် အောက်ခြေမရှိသော တွင်းနက်ကြီးထဲသို့ စီးဝင်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော် မကြာသေးမီကမှ ကြာမြင့်စွာ လှုပ်ရှားမှုမရှိခဲ့သော အဆင့်အတားအဆီးမှာ စတင်လျော့ရဲလာသည်ကို သူခံစားလိုက်ရသည်။
"ဟူး"
ယင်စွမ်းအင်လုံးများအားလုံးကို အကုန်အစင် စုပ်ယူအသုံးချပြီးနောက် ကျန်းလင် မတ်တပ်ရပ်လိုက်သည်။
ဖြစ်နိုင်လျှင် သူပို၍ တက်ကြွလှုပ်ရှားရန် လိုအပ်နေပြီ၊ အမှတ် များများ ရှာဖွေရမည်။
မကြာမီအချိန်အတွင်းမှာပင် တစ္ဆေဘုရင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု ဆိုနိုင်သည်။
မိမိကိုယ်မိမိ အသက်ရာဂဏန်းမျှဖြင့် တစ္ဆေဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည်ကို တွေးမိသောအခါ ကျန်းလင်း အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားမိ၏။
ဤသည်မှာ ရှည်လျားလှသော အချိန်ကာလများအတွင်း မိမိကိုယ်ကိုယ်ပေးသော မျှော်လင့်ချက်လေးတစ်ခုပင် ဖြစ်သည်။
ကျင့်ကြံခြင်းခန်းမမှ ထွက်လာပြီးနောက် ကျန်းလင်းသည် စနစ်၏ တာဝန်စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။
ယခုအခါ စနစ်မှပေးသော နေ့စဉ်တာဝန် သုံးခုရှိပြီး ၎င်းတို့အနက် နှစ်ခုမှာ အမှတ်များအတွက်ဖြစ်ကာ နောက်တစ်ခုမှာ ကုသိုလ်မှတ် များအတွက်ဖြစ်သည်။
ကုသိုလ်မှတ်များ ရရှိရန်အတွက် လူသားများ၏ မရဏကမ္ဘာအပေါ် ယုံကြည်ကိုးကွယ်မှု လိုအပ်သည်။
အမှတ်ရရှိမည့် တာဝန်များထဲမှ တစ်ခုမှာ မရဏကမ္ဘာအကြောင်း နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ပြသရန်ဖြစ်ပြီး နှစ်နာရီပြည့်တိုင်း အမှတ် ၂၀၀ ရရှိမည်ဖြစ်သည်။
တစ်နေ့လျှင် သုံးကြိမ်ပြုလုပ်နိုင်သဖြင့် စုစုပေါင်း အမှတ် ၆၀၀ ရရှိမည်ဖြစ်သည်။
နောက်ထပ်တစ်ခုမှာ မရဏကမ္ဘာ၏ ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းကိုလည်း တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်နိုင်သည်။
ကျန်းလင်သည် ယနေ့၏ နေ့စဉ်တာဝန် တိုးတက်မှုကို ကြည့်လိုက်ရာ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ထက်ဝက်သာ ပြီးသေးပြီး မရဏကမ္ဘာယဉ်ကျေးမှု ပြန့်ပွားရေးတာဝန်မှာလည်း တစ်ကြိမ်သာ ပြီးသေးသည်။
"အလုပ်မှတ်စုစာအုပ်ထဲမှာ လောလောဆယ် ဝိညာဉ်အသစ် သတင်းအချက်အလက်တွေ မတက်သေးဘူးဆိုတော့ တခြားတာဝန်လေးတွေ သွားလုပ်လိုက်ဦးမယ်"
ကျန်းလင် ခဏမျှစဉ်းစားပြီးနောက် မရဏကမ္ဘာ၏ တာဝန်ပေးအပ်ရေးဗဟိုဌာန သို့ လျှောက်လှမ်းခဲ့သည်။
ပြီးခဲ့သောကာလက သရဲပွဲတော် ရောက်ရှိနေသဖြင့် တစ္ဆေအရာရှိ အားလုံး အလွန်အမင်း အလုပ်ရှုပ်နေကြသောကြောင့် တာဝန်များ လာရောက်မယူနိုင်ခဲ့ကြပေ။
ထို့ကြောင့် တာဝန်ပေးအပ်ရေးဗဟိုဌာနတွင် တာဝန်များစွာ ပုံနေခဲ့သည်။
ယခုအခါ တစ္ဆေပွဲတော် ပြီးဆုံးသွားပြီဖြစ်၍ တစ္ဆေအရာရှိများမှာ အလုပ်အားသွားကြရာ ကျန်းလင်ကဲ့သို့ တာဝန်လာကြည့်သူများမှာလည်း မနည်းလှပေ။
...
"ယမမင်းကြီးက မကြာသေးမီကပဲ ပြန်ထွက်သွားပြန်ပြီလား"
"အနောက်နန်းဆောင် ဘက်မှာ ပြဿနာတက်လို့တဲ့၊ ယမမင်းကြီးက သိတာနဲ့ ချက်ချင်းပဲ အလျင်အမြန် ပြေးထွက်သွားတာ"
"အေးလေ၊ လူအသေအပျောက် မရှိပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ၊ မဟုတ်ရင် ငါတို့ အလုပ်တွေ ထပ်တိုးဦးမယ်"
"အခုပဲ အလုပ်သင် တစ္ဆေအရာရှိတစ်သုတ် အတည်ပြုခန့်အပ်တော့မယ် မဟုတ်လား မင်း ဘာကို စိတ်ပူနေတာလဲ"
"တကယ်လား"
ထိုစကားကို ကြားသောအခါ တစ်ဖက်မှ တစ္ဆေအရာရှိမှာ ပိုစိတ်ညစ်သွားပုံရသည်။
"အား... အသစ်ထွက်လာမယ့် တစ္ဆေအရာရှိတွေ ပြဿနာအကြီးအကျယ် မရှာပါစေနဲ့လို့ပဲ မျှော်လင့်မိတယ်"
အလုပ်သင် တစ္ဆေအရာရှိများ အတည်ပြုခန့်အပ်သည့် အဆင့်တိုင်းတွင် ပြဿနာအမျိုးမျိုး ပေါ်ပေါက်တတ်စမြဲ ဖြစ်သည်။
ဥပမာအားဖြင့် ဝိညာဉ်တစ်ခုကို လာရောက်ခေါ်ဆောင်ရန် မေ့လျော့သွားခြင်းကြောင့် ထိုဝိညာဉ်မှာ လူ့လောက၏ အငွေ့အသက်များကို ထိတွေ့ကာ အသွင်ပြောင်းသွားခြင်းမျိုး၊ သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို မိမိသဘောဖြင့် ပြောင်းလဲပစ်လိုက်သဖြင့် နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်ပေါ်လာခြင်းမျိုး စသည်တို့ဖြစ်သည်။
အချို့ဆိုလျှင် မိုးမမြင်လေမမြင်ဖြင့် မိမိထက် ကျင့်ကြံမှုအဆင့် အများကြီးမြင့်သော တစ္ဆေမိစ္ဆာများကို သွားရောက်ရန်စမိကာ... ဝိညာဉ်ကိုလည်း ဆုံးရှုံး၊ မိမိအသက်ပါ ရန်ရှာခံရသည်အထိ ဖြစ်တတ်သည်။
ဒါတွေအပြင် အသစ်ဝင်လာသော တစ္ဆေအရာရှိများ ရှာတတ်သည့် ပြဿနာများမှာ အလွန်များပြားလှပြီး အချို့မှာ ရယ်လည်းရယ်စရာ၊ စိတ်ပျက်စရာလည်း ကောင်းလှသည်။
လုံးဝအတိုချုပ်ပြောရလျှင် ဒုက္ခများလှသည်ဟုသာဆိုနိုင်၏။
သို့သော်လည်း တစ္ဆေအရာရှိအများစု၏အလုပ်မှာ လုံးဝ ဥဿုံ ဘေးကင်းသည်တော့ မဟုတ်ပေ။
အကယ်၍ တစ္ဆေအရာရှိအသစ်များ မရှိလျှင် မရဏကမ္ဘာ၏ အလုပ်များသည် ပုံသွားပေလိမ့်မည်။
"ကဲပါ၊ အများကြီး မတွေးပါနဲ့တော့"
အခြား တစ္ဆေအရာရှိတစ်ဦးက နှစ်သိမ့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အခုတွေးနေလည်း အပိုပဲ၊ လာစရာရှိတာကတော့ လာမှာပဲလေ"
"...မင်းပြောမှ ငါပိုပြီး ရင်လေးသွားရတယ်"
"..."
ထိုစကားများကို ကြားရသောအခါ ကျန်းလင် နှုတ်ခမ်းကိုစေ့ကာ အနည်းငယ် ရယ်ချင်စိတ်ပေါက်သွားသည်။
သို့သော် တာဝန်ပေးအပ်ရေးဗဟိုဌာနသို့ ဝင်ပြီးနောက် သူသည် တာဝန်များကို ချက်ချင်းလက်ငင်း မယူသေးပေ။
တာဝန်စာရင်းများကို ကြည့်ရှုရင်း တစ်ဖက်မှလည်း ဘေးနားရှိ တစ္ဆေအရာရှိများ၏ စကားဝိုင်းများကို နားထောင်နေခဲ့သည်။
ပုံမှန်အားဖြင့် အလုပ်မရှိသည့်အချိန်များတွင် သူသည် တစ္ဆေဈေး သို့ သွားရောက်ထိုင်နေတတ်ပြီး သတင်းအချက် အလက်အချို့ကို စုဆောင်းတတ်သည်။
အလုပ်သင် တစ္ဆေအရာရှိများ အတည်ပြုခန့်အပ်ခံရပြီးနောက် ဖြစ်ပွားတတ်သော ကိစ္စအချို့ကိုလည်း သူကြားသိထားဖူးသည်။
တစ္ဆေမိစ္ဆာများအနေဖြင့် တစ္ဆေအရာရှိ ဖြစ်လာလိုပါက ယေဘုယျအားဖြင့် စွမ်းဆောင်ရည်နှင့် အရည်အချင်းစစ်ဆေးမှုများကို အရင်ဖြတ်ကျော်ရသည်။
ထိုစစ်ဆေးမှုမှ အောင်မြင်သူများသာ အလုပ်သင် စတင်ရခြင်းဖြစ်သည်။
ဥပမာ ချီယောင်ယောင် ကဲ့သို့ပင် အလုပ်သင်ကာလတွင် အခြေခံအလုပ်များကို လုပ်ကိုင်စေခြင်းဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို လေ့ကျင့်ပေးသည်။
ထို့ပြင် ၎င်းတို့အား တစ္ဆေအရာရှိဟူသော အဆင့်အတန်းကို တဖြည်းဖြည်း အသားကျစေပြီး တစ္ဆေအရာရှိတစ်ဦး၏ ရှုထောင့်မှနေ၍ ကိစ္စရပ်များကို ကြည့်မြင်တတ်စေရန် သင်ကြားပေးသည်။
လုံလောက်သော အတွေ့အကြုံနှင့် စွမ်းဆောင်ရည် ရှိလာမှသာ အတည်ပြုခန့်အပ်ခြင်းကို စဉ်းစားကြသည်။
အတည်ပြုခန့်အပ်ပြီးစ အချိန်တွင်လည်း အတွေ့အကြုံရှိသော စီနီယာတစ်ဦးက အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်များကို အတူတွဲလုပ်ရင်း လမ်းပြပေးလေ့ရှိသည်။
ကျန်းလင်သည် မိမိအတည်ပြုခန့်အပ်ခံရစ အချိန်ကိုပြန် လည်စဉ်းစားကြည့်ရာ ထိုစဉ်ကလည်း ဝိညာဉ်ဖြူတမန်တော် စီနီယာတစ်ဦးက သူ့ကို လမ်းပြပေးခဲ့ဖူးသည်။
သို့သော် အလုပ်အနည်းငယ် တွဲလုပ်ပြီးနောက်တွင် ထိုစီနီယာက သူ့ကို ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီဟုဆိုကာ လွှတ်ပေးခဲ့သည်။
ကျန်းလင်သည် တစ္ဆေအရာရှိအဖြစ် အသားကျနေပြီဖြစ် ကြောင်း၊ စိတ်လိုက်မာန်ပါ မလုပ်တတ်ကြောင်း၊ ရရှိလာသော စွမ်းအားနှင့် လုပ်ပိုင်ခွင့်များကြောင့်လည်း ဘဝင်မမြင့်တတ်ကြောင်းနှင့် လုပ်ငန်းတာဝန်များကို တစ်ဦးတည်း အောင်မြင်စွာ ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍...
ကျန်းလင်ကတော့ လူသားဘဝက ကြုံတွေ့ခဲ့ရသော အတွေ့ အကြုံများနှင့် သက်ဆိုင်လိမ့်မည်ဟု ယူဆသည်။
အနည်းငယ် ဝေဝါးနေသော်လည်း သူ့မှာ မှတ်မိသယောင် ယောင် ရှိနေသေးသည်။
သူနေထိုင်ခဲ့သော ခေတ်ကာလမှာ သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ကျရောက်ပြီး စစ်မီးများ တောက်လောင်နေသည့် ခေတ်ပျက်ကြီးဖြစ်သည်။
နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ သေဆုံးနေကြသည်ကို သူမြင်တွေ့ခဲ့ရသည်။
ကျန်းလင်သည် သေခြင်းတရားကို ရိုးအီနေအောင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
သူ့ကို ခဏတာ ကျွေးမွေးစောင့်ရှောက်ခဲ့သော အဖိုးအို သေဆုံးချိန်တွင်သာ သူတစ်ကြိမ်မျှ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့ဖူးသည်။
သို့သော် အခြားအရာများစွာကိုမူ သူ သဲသဲကွဲကွဲ မမှတ်မိတော့ပေ။
လူမဖြစ်မီဘဝက အမှတ်တရများနှင့် ပတ်သက်၍ ကျန်းလင်သည် တစ္ဆေအရာရှိအချို့ကို မေးမြန်းဖူးသည်။
ဤသို့ဖြစ်ခြင်းမှာ မထူးဆန်းလှပေ။
အချို့မှာ မိမိဘာသာ မေ့ပစ်ရန် ရွေးချယ်ခြင်း သို့မဟုတ် အမှတ်တရများကို ပိတ်လှောင်ထားခြင်းကြောင့် ဖြစ်နိုင် သည်။
အချို့မှာမူ သေဆုံးခါနီး သို့မဟုတ် သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော ကိစ္စရပ်များကြောင့် မှတ်ဉာဏ်အပေါ် သက်ရောက်မှုရှိသွားခြင်း ဖြစ်နိုင်သည်။
သို့မဟုတ်လျှင်လည်း ဝိညာဉ်ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကြောင့် ထိုမျှများပြားသော အမှတ်တရများကို မသိုလှောင်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အကြောင်းပြချက် အမျိုးမျိုး ရှိနိုင်ပေသည်။
ကျန်းလင်အနေဖြင့်လည်း ထိုကိစ္စကို အလွန်အမင်း စိတ်ထဲမထားတော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကိစ္စများမှာ ကြာမြင့်လှပြီဖြစ်သောကြောင့်ပင်။
ယခုလက်ရှိဘဝမှာ အတော်လေးကောင်းမွန်နေပြီး အလုပ်အကိုင်လည်း အတည်တကျရှိကာ စွမ်းအားများမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နေသည်။
ထို့ပြင် နှစ်ပေါင်းများစွာအတွင်း လူ့လောကသည်လည်း အလွန်အမင်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ပြဿနာအသစ်များစွာ ရှိနေသေးသော်လည်း သူနေထိုင်ခဲ့သည့် ခေတ်ထက်စာလျှင်မူ အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေပြီဖြစ်သည်။
"ငါ တာဝန်ရွေးပြီးပြီ၊ သွားတော့မယ်"
"ငါလည်း တော်တော်လေး လိုတော့တယ်"
စောစောက စကားပြောနေသည့် တစ္ဆေအရာရှိ နှစ်ဦးမှာ တာဝန်များယူကာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
ကျန်းလင်သည် တာဝန်စာရင်းကို ခဏမျှ ထပ်မံကြည့်ရှုပြီးနောက် စိတ်ဝင်စားစရာကောင်းသော တာဝန်နှစ်ခုကို ယူလိုက်သည်။
တစ်ခုမှာ 'တစ္ဆေသရဲမ လက်ထပ်ပွဲ' ဖြစ်သည်။ မြို့တစ်မြို့တွင် တာဝန်ထမ်းဆောင်နေသော တစ္ဆေအရာရှိတစ်ဦးက လက်ထပ်စာ လိုက်ဝေနေသော တစ္ဆေသရဲငယ်လေးတစ်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုတစ္ဆေသရဲငယ်၏ ပြောပြချက်အရ ထိုတစ္ဆေသရဲမသည် လင်ယောက်ျား ၁၀ ယောက်ကျော် ရထားပြီးဖြစ်ကာ ယခုအခါ နောက်ထပ်တစ်ဦးကို ထပ်မံလက်ထပ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
ထိုသူမှာ လူသားတစ်ဦးပင် ဖြစ်သည်ဟုလည်းပြောသည်။
ယခင်က ယောက်ျားများစွာက မိန်းမအများအပြား ယူသည်ကိုသာ မြင်ဖူးသော်လည်း၊ မိန်းမတစ်ဦးက လင်ယောက်ျား ဂဏန်းနှစ်လုံးအထိ ယူသည်မှာ တွေ့ရခဲလှသည်။
ကျန်းလင်းအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းရာချီက မင်းသမီးတစ်ပါး ထိုသို့လုပ်သည်ကို တစ်ကြိမ်သာမြင်ဖူးခဲ့သည်။
နောက်ထပ် တာဝန်တစ်ခုမှာမူ အနည်းငယ် ထူးဆန်းနေ သည်။
လူသားတစ်ဦး၏ကံကြမ္မာမှာ အကြိမ်ကြိမ် ပြောင်းလဲနေသည်ဟု ဆိုသည်။
ထို့ကြောင့် ကျန်းလင်သည် လူ့လောကသို့ ယခုပင် သွားရောက်ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။
ပထမတာဝန်အတွက်မူ အချိန်အနည်းငယ် ကျန်သေးသဖြင့် မလောသေးပေ။
ဤတာဝန်ပေးအပ်ရေးဗဟိုဌာနရှိ တာဝန်များသည် မရဏကမ္ဘာက တိုက်ရိုက်ထုတ်ပြန်သည်များအပြင် တစ္ဆေအရာရှိများ လုပ်ဆောင်၍မပြီးသော တာဝန်များလည်း ရှိတတ် သည်။
ထို့ပြင် တစ္ဆေအရာရှိများ တာဝန်ထမ်းဆောင်စဉ် ထူးခြားမှုများကို တွေ့ရှိ၍ ဗဟိုဌာနသို့ အကြောင်းကြားလာသော တာဝန်များလည်း ရှိသည်။
ပထမတာဝန်မှာ တစ္ဆေအရာရှိများကတွေ့ရှိပြီး အကြောင်း ကြားထားသော အမျိုးအစားဖြစ်သည်။
ဤကဲ့သို့သော တာဝန်များအတွက် အကျိုးအမြတ်ကိုမူ ဗဟိုဌာနမှ ပေးဆောင်လေ့ရှိသည်။
တာဝန်ပေးအပ်ရေးဗဟိုဌာနမှ ထွက်လာပြီးနောက် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီး တစ်ဖက်မှလည်း မရဏလမ်းကြောင်းကို ဖွင့်လိုက်သည်။
"ဝိညာဉ်ခေါ်ဆောင်တဲ့ တာဝန်ကတော့ လောလောဆယ် ပြီးသွားပြီ၊ အခု နောက်ထပ် တာဝန်တစ်ခုကို သွားလုပ်တော့မယ်"
တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များအားလုံးထံသို့ အကြောင်းကြားစာများရောက်ရှိသွားတော့သည်။
[သင်follow ထားသော‘မရဏလောက၏အံ့ဖွယ်နေ့ရက်များ’ live က စတင်နေပြီဖြစ်သည်၊ အမြန်လာကြည့်လိုက်ပါဦး]
🫧 Chapter 72
လူ့လောက...
မီးသတ်ကားတစ်စီးပြီးတစ်စီး ဂိုဒေါင်ထဲသို့ ပြန်ဝင်လာကြသည်။
အားလုံးမှာ တာဝန်တစ်ခုပြီးဆုံး၍ ပြန်လာစဖြစ်သဖြင့် လူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နုံးချိနေကြသည်။
"ပင်ပန်းလိုက်တာ... ပင်ပန်းလိုက်တာ..."
"မရတော့ဘူး၊ ငါသွားအိပ်တော့မယ်"
"မင်း တစ်ခုခု မစားတော့ဘူးလား"
"မုန့်နှစ်လုံး ယူလာခဲ့တယ်"
ထိုအခါ ယဲ့ရင် သူမလက်ထဲမှ မုန့်ကို မြှောက်ပြလိုက်သည်။
ထို့နောက် သူမသည်မုန့်ကို ကိုက်စားရင်း အိပ်ဆောင်သို့ ပြန်လာခဲ့ကာ ခုတင်ကို မြင်သည်နှင့် တန်းလျက် အိပ်ပျော်သွားတော့သည်။
လက်ထဲမှ မုန့်ကို နှစ်လုပ်ခန့်သာ စားရသေးသော်လည်း အိပ်မောကျသွားခဲ့ပြီပင်။
သူမ တစ်ဖက်သို့ လှည့်လိုက်စဉ် ခေါင်းအုံးအောက်မှ ဓာတ်ပုံတစ်ပုံ ထွက်လာ၏။
၎င်းမှာ အတွဲဓာတ်ပုံတစ်ပုံဖြစ်ကာ ဝဝကောင်မလေးတစ်ဦးနှင့် အရပ်ရှည်ရှည် ကောင်လေးတစ်ဦး၊ နှစ်ဦးသားမှာ ပခုံးချင်းဖက်ထားကြပြီး ရင်းနှီးသောဆက်ဆံရေးရှိပုံရသည်။
ထိုဝဝကောင်မလေး၏ မျက်နှာမှာ...
ခုတင်ပေါ်တွင် အိပ်ပျော်နေသော ခါးသေးသေးနှင့် လက် မောင်းတွင် ကြွက်သားများရှိသည့် ယဲ့ရင်နှင့် အတော်လေး ဆင်တူနေသည်။
အစာစားပြီး ပြန်လာကြသော အခန်းဖော်များမှာ ထိုအခြေ အနေကို မြင်သော် အသံမထွက်ဘဲ တိုးတိုးလေးသာ ခုတင်ပေါ် တက်သွားကြသည်။
အိပ်မက်ထဲတွင် ယဲ့ရင်သည် မျက်မှောင်ကို ကြုတ်ထားပြီး မျက်ခွံအောက်ရှိ မျက်လုံးများမှာလည်း စိုးရိမ်တကြီး လှုပ်ရှားနေသည်။
ဝုန်း...
အဆောက်အအုံအတွင်းမှ ကြီးမားသော ပေါက်ကွဲမှုနှင့်အတူ မီးတောက်များ ထွက်ပေါ်လာသည်။
မီးမှာ တတိယထပ်မှ အခြားအထပ်များသို့ လျင်မြန်စွာ ကူးစက်သွားသည်။
မီးလျှံများမှာ အခန်းတွင်းသို့ တိုးဝင်ကာ လောင်ကျွမ်းနိုင်သမျှ အရာအားလုံးကို ဝါးမြိုနေသည်။
"အဟွတ် အဟွတ်"
ယဲ့ရင်သည် ခုတင်ပေါ်မှ လန့်နိုးလာပြီး မြင်သမျှနေရာတိုင်းတွင် အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေသော မီးတောက်များနှင့် မီးခိုးလုံးကြီးများကိုသာ တွေ့ရသည်။
သူမသည် ဘာလုပ်ရမှန်းမသိဖြစ်ကာ ထွက်ပေါက်ကို ရှာဖွေနေမိသည်။
အိပ်ခန်းတံခါးမှာ သစ်သားနှင့်ပြုလုပ်ထားသဖြင့် လောင် ကျွမ်းနေပြီဖြစ်သည်။
ကြီးမားသော မီးတောက်များက တံခါးဝကို ပိတ်ဆို့ထားသလောက် ဖြစ်နေသည်။
ထို့နောက် သူမမှာ အသက်ရှူရ ခက်ခဲလာပြီး အမြင်အာရုံများလည်း ဝေဝါးလာသည်။
သူမ၏ နှလုံးခုန်သံမှာ အလွန်မြန်နေပြီး လည်ချောင်းဝသို့ပင် တိုးထွက်လာတော့မည့်အတိုင်းပင်ခံစားနေရ၏။
ဘုန်း..
ဘုန်း..
"ယဲ့ရင်"
"ယဲ့ရင်"
တံခါးအပြင်ဘက်မှ တိုက်မိသံများနှင့်အတူ လူသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ဒုန်း...
အတင်းတွန်းထိုးမှုကြောင့်တံခါး ပွင့်ထွက်သွားပုံရသည်။
"ယဲ့ရင် မင်း ဘယ်မှာလဲ"
"ဘယ်မှာလဲ "
"ငါ... အဟွတ်"
ယဲ့ရင် ပါးစပ်ဟလိုက်သည်နှင့် မီးခိုးများက လည်ချောင်းထဲသို့ တိုးဝင်လာကာ စကားပင် မပြောနိုင်တော့ပေ။
နောက်တစ်စက္ကန့်တွင် အိပ်ခန်းတံခါးဝမှ မီးတောက်များကို ဖြတ်၍ အရပ်ရှည်ရှည် လူရိပ်တစ်ခု သူမရှေ့တွင် ပေါ်လာသည်။
ထို့နောက် ရေစိုပုဝါတစ်ထည်က သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို အုပ်လိုက်သဖြင့် ခဏတာ အသက်ရှူချောင်သွားသည်။
မုရွှမ်း ၏ မျက်နှာပေါ်တွင် ရေစိုပုဝါတစ်ထည်ကို စည်းထားပြီး ကိုယ်ပေါ်တွင်လည်း ရေစိုစောင်တစ်ထည်ကို ပတ်ထား သည်။
ယဲ့ရင်က ပုဝါကို လှမ်းယူလိုက်သည်နှင့် သူက စောင်ကို နှစ်ဦးလုံးအပေါ် လွှမ်းခြုံပေးကာ သူမကို ဖက်၍ အပြင်သို့ တိုးထွက်ခဲ့သည်။
မ... မလုပ်နဲ့..
မြန်မြန်ပြေး...
မိနစ်အနည်းငယ်အတွင်းမှာပင် မီးအရှိန်မှာ အဆပေါင်းများစွာ တိုးလာကာ တစ်အိမ်လုံးမှာ မီးလျှံများဖြင့် ပြည့်နှက်နေတော့သည်။
နှစ်ဦးသား ဧည့်ခန်းသို့ ရောက်ရှိစဉ်မှာပင် အပေါ်မှမျက်နှာ ကြက်မှာ မီးတောက်များနှင့်အတူ ပြိုကျလာသည်။
ချက်ချင်းဆိုသလိုပင် ယဲ့ရင်မှာ ကြီးမားသော ဖိအားတစ်ခုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
တောက်...
နွေးထွေးသော အရည်တစ်စက် သူမ၏ မျက်နှာပေါ်သို့ ကျလာသည်။
ရေစိုစောင်အောက်တွင် ယဲ့ရင်၏အမြင်အာရုံမှာ ဝေဝါးနေပြီဖြစ်သည်။
ပူပြင်းလှသော အငွေ့အသက်များက အရပ်မျက်နှာအနှံ့မှ တိုးဝင်လာပြီး အရာအားလုံးကို လောင်ကျွမ်းတော့မည့်အတိုင်းဖြစ်နေကာ သူမရှိနေသော နေရာလေးမှာ အလွန်ကျဉ်းမြောင်းသော်လည်း သူမအပေါ်မှ လူက သူမအတွက် ကောင်းကင်တစ်ခုသဖွယ် ကာကွယ်ပေးထားသည်။
"မုရွှမ်း..."
ထို့ကြောင့် ယဲ့ရင်သည် ရေစိုပုဝါအောက်မှနေ၍ ရှိုက်ကြီးတ ငင် ငိုကြွေးနေမိသည်။
သူမ ထချင်သော်လည်း သူမကြောင့် သူ ဒုက္ခရောက်သွားမည်ကို ကြောက်နေမိသည်။
ထို့နောက် သူမ၏ ခေါင်းထဲတွင် ပို၍ မူးဝေလာပြီး သတိမှာလည်း တဖြည်းဖြည်း လျော့ရဲလာသည်။
သူမ နှုတ်ခမ်းကို ကိုက်ကာ ခဏမျှသာ တောင့်ခံနိုင်ခဲ့သည်။
ရှင် အထဲကို မဝင်လာသင့်ဘူး...
မဝင်လာသင့်ဘူး...
တောင်းပန်ပါတယ်...
မှုန်ဝါးဝါး အခြေအနေအတွင်းမှာပင် ဥသြသံများထွက်ပေါ်လာသည်။
အလွန်ကျယ်လောင်လှသော ဥသြသံများနှင့်အတူ အပြေး အလွှား သွားလာနေသော ခြေသံများကို ကြားလိုက်ရသည်။
"ယဲ့ရင်၊ ထတော့၊ တာဝန်ထွက်ရမယ်"
အိပ်ဆောင်အတွင်း၌ ယဲ့ရင်သည် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး လက်ရှိအခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်သည်။
အခန်းဖော်များမှာ သူမကို နှိုးပြီးသည်နှင့် အပြင်သို့ အပြေး အလွှား ထွက်သွားကြပြီဖြစ်ကာ လေထဲတွင် ဥသြသံများ ဟိန်းထွက်နေသည်။
မျက်လုံးဖွင့်ပြီး သုံးစက္ကန့်အတွင်းမှာပင် ယဲ့ရင်၏ ခန္ဓာကိုယ်မှာ ဦးနှောက်ထက် အလျင်ဦးစွာ လှုပ်ရှားလိုက်သည်။
သူမမှာ ခုတင်ပေါ်မှ ခုန်ဆင်းကာ အပြင်သို့ ပြေးထွက်ခဲ့၏။
မျက်နှာပေါ်သို့ တိုးဝှေ့လာသော လေမှာ အေးစိမ့်နေသည်ဟုခံစားရ၍ သူမ မျက်နှာကို လက်ဖြင့် သပ်လိုက်ရာ မျက်ရည်များဖြင့် ပြည့်နှက်နေတော့သည်။
ထိုအိပ်မက်ကို မမက်ခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာပြီလဲ။
...
[ဒီတစ်ခါတော့ မိုက်တဲ့ အစ်မကြီးပါလား]
[သူ့လက်မောင်းက ကြွက်သားတွေကို ကြည့်ဦး၊ တကယ်ကို လေးစားစရာပဲ]
[ဘယ်မှာ မီးလောင်ပြန်ပြီလဲ ဘေးကင်းပါစေနော်]
ကျန်းလင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်မှာ မိနစ်အနည်း ငယ်သာ ရှိသေးသော်လည်း ပရိသတ်ဦးရေမှာ သန်းချီရှိနေပြီဖြစ်သည်။
ကျန်းလင်က ယခုတစ်ခါမှာ ဝိညာဉ်ခေါ်ဆောင်ရန် မဟုတ်ကြောင်း ပြောလိုက်သောအခါ...
ပရိသတ်များမှာ သက်ပြင်းချလိုက်ကြပြီး ဖုန်းနံပါတ်နှိပ်ထားသည့် စာမျက်နှာမှ ထွက်လိုက်ကြသည်။
သူတို့နှိပ်ထားသည့် နံပါတ်များမှာ အလွန်တူညီကြသည်၊ ၁၂၀ (သို့မဟုတ်) ၁၁၀ ပင်။
[အလုပ်ချိန်အတွင်းမှာ ခိုးကြည့်နေတာ မဟုတ်တော့ဘူး၊ အစ်ကိုကြီးတို့ရေ၊ ဒီဇာတ်လမ်းလေးကို မှတ်တမ်းတင်ပေးကြပါဦး]
[အလုပ်မှာ ပျင်းနေတဲ့ ကျွန်တော်တောင် အားနာသွားမိတယ်]
[မျက်လုံးဖွင့်တာကနေ အပြင်ထွက်ပြီး အဝတ်အစားလဲတဲ့အထိ ငါအချိန်ကြည့်လိုက်တာ ၅ မိနစ်တောင် မပြည့်ဘူး]
[မီးသတ်သမားတချို့ရဲ့ မျက်လုံးအောက်မှာ ကွင်းညိုတွေနဲ့၊ တကယ်ကို ပင်ပန်းပုံရတယ်]
ပရိသတ်များ မှတ်ချက် ပေးနေကြစဉ် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းအတွင်း၌...
ယဲ့ရင်နှင့် အဖွဲ့သားများမှာ မီးသတ်ကားပေါ်သို့ တက်လိုက်ကြပြီဖြစ်သည်။
ထို့နောက်ဥသြသံများ အဆက်မပြတ် မြည်ဟိန်းလျက် ကားများမှာ ထွက်ခွာသွားကြသည်။
လူတိုင်းမှာ ယူနီဖောင်းများ ဝတ်ဆင်ထားပြီး တည်ကြည်လေးနက်သော မျက်နှာများ ရှိ နေကြကာ မည်သည့်အချိန်တွင်မဆို စစ်မြေပြင်သို့ တိုးဝင်ရန် အသင့်ဖြစ်နေကြသည်။
လေထဲတွင် ကျန်းလင်သည်လည်း လက်ပိုက်လျက် သူတို့နောက်သို့ ငြိမ်သက်စွာ လိုက်ပါသွားသည်။
တာဝန်အချက်အလက်များအရ ထိုကံကြမ္မာ အကြိမ်ကြိမ်အပြောင်းလဲခံနေရသူမှာ ဤမိန်းကလေးပင်။
အနီးကပ် လေ့လာကြည့်ပြီးနောက် ကျန်းလင်းသည် ခပ်သဲ့သဲ့ ခံစားလိုက်ရသည်။
ကံကြမ္မာ အကြိမ်ကြိမ်အပြောင်းလဲခံရပြီးနောက် သူမ၏ ကံကြမ္မာမှာ ပိုရှုပ်ထွေးလာပြီး ပိုဆိုးရွားလာသည်။
သို့သော် ထူးဆန်းသည်မှာ ယခုအချိန်အထိ သူမ၏ကိုယ်ပေါ်တွင် ကံကြမ္မာကို ပြောင်းလဲနိုင်လောက်သော အရာတစ်ခုကိုမျှ သူ မတွေ့ရှိသေးခြင်းဖြစ်သည်။
'ဒါဆိုရင်...
ကံကြမ္မာကို ပြောင်းလဲနေတဲ့ သူက သူမ မဟုတ်ဘူးလား'
ထို့ကြောင့်ကျန်းလင်က ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် အဝေးမှနေ၍ မီးတောက်များကို လူတိုင်း မြင်တွေ့လိုက်ရသည်
မီးသတ်ကားများမှာ စက်ရုံရှေ့တွင် ရပ်တန့်သွားပြီး လူတိုင်း ကားပေါ်မှ အလျင်အမြန် ဆင်းလာကြသည်။
အချို့က မီးငြှိမ်းသတ်ရန် ပြင်ဆင်ကြသည်၊ အချို့က လူကယ်ထုတ်ရန်၊ အချို့ကတော့ မီးအခြေအနေကို စူးစမ်းရန်...ဟူ၍ လူတိုင်းမှာ လုပ်ငန်းတာဝန်များကို တိတိကျကျ ခွဲဝေထားကြသည်။
စက်ရုံအတွင်းမှ မီးလျှံများမှာ ရံဖန်ရံခါ ထွက်ပေါ်လာပြီး မီးခိုးမည်းကြီးများမှာ ကောင်းကင်သို့ မြင့်တက်နေ၏။
စက်ရုံအတွင်းရှိ လူအများစုမှာ အပြင်သို့ ထွက်ပြေးလွတ်မြောက်လာကြပြီး ကွင်းပြင်တွင် စုဝေးနေကြသည်။
မီးသတ်သမားများ မလာမီကပင် အတွင်း၌ ပိတ်မိနေသူများ ရှိနေသေးကြောင်း သတင်းရရှိထားသည်။
ထို့ကြောင့် ကားပေါ်မှ ဆင်းသည်နှင့် မီးသတ်သမားများမှာ အတွင်းသို့ အပြည့်အဝ တိုးဝင်သွားကြသည်။
ယဲ့ရင်ကလည်း ဝတ်စုံအပြည့်ဖြင့် အတွင်းသို့ တိုးဝင်သွားသည်ကို မြင်သောအခါ ပရိသတ်အချို့မှာ နောက်ကျမှ သတိထားမိကြသည်။
'သူမက ရှေ့တန်းကယ်ဆယ်ရေးသမား ဖြစ်နေသည်မဟုတ်ပါလား'
[ဟာ မိန်းကလေး ကယ်ဆယ်ရေးသမားပါလား]
[မိန်းကလေးဖြစ်တော့ ဘာဖြစ်လဲ]
[တော်လိုက်တာ ရှေ့တန်းကယ်ဆယ်ရေးမှာ တုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရေးကြီးလို့ မိန်းကလေး ကယ်ဆယ်ရေးသမားဆိုတာ ရှားတယ်၊ အများစုက ယောက်ျားလေးတွေပဲ]
[မီးသတ်သမားတွေကို ဂုဏ်ပြုပါတယ်! ကြိုးစားပါ]
ယဲ့ရင်က မီးထဲသို့ တိုးဝင်ကာ ကယ်ဆယ်ရေးလုပ်ဆောင်သည်နှင့်အမျှ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကင်မရာမှာလည်း အတွင်းသို့ လိုက်ပါသွားသည်။
နေရာတိုင်းတွင် မီးများသာ ရှိနေပြီး မြင်ကွင်းမှာလည်း မီးခိုးများကြောင့် နှောင့်ယှက်ခံနေရသည်။
ကင်မရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မီးလျှံများမှာ ခဏခဏ ထွက်ပေါ်လာတတ်သည်။
ဖန်သားပြင်ကို ဖြတ်၍ပင် အခင်းဖြစ်ပွားရာနေရာ၏ အပူချိန်မှာ မည်မျှမြင့်မားကြောင်း ပရိသတ်များ ခံစားသိရှိနိုင်ကြသည်။
[ဘယ်သူရှိသေးလဲ]
[အတွင်းမှာ ဘယ်သူကျန်နေသေးလဲ]
စက်ရုံအတွင်း ရောက်သည်နှင့် ယဲ့ရင်သည် ပိတ်မိနေသူများကို စတင်ရှာဖွေတော့သည်။
သူမသည် အခန်းတစ်ခုချင်းစီကို လိုက်ကြည့်နေပြီး လေထုမှာ တင်းမာကာ လေးနက်နေသည်။
သူမအနေဖြင့် ပတ်ဝန်းကျင်ရှိ မီးအခြေအနေနှင့် အခန်းအတွင်း လူရှိမရှိကို လျင်မြန်စွာ ဆုံးဖြတ်ရမည်ဖြစ်သည်။
စက္ကန့်တိုင်းမှာ အချိန်နှင့်အပြေးပြိုင်နေရခြင်းပင်..
ရုတ်တရက် ယဲ့ရင် ရပ်တန့်သွားကာ ချက်ချင်းဘေးနားရှိ အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။
"အဟွတ် ကျွန်မ ဒီမှာ..."
"ကယ်ကြပါဦး..."
မိန်းကလေးတစ်ဦးမှာ စက်ပစ္စည်းတစ်ခုအောက်တွင် ပိနေပြီး ခက်ခဲစွာ အကူအညီတောင်းနေရှာသည်။