အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
🫧 Chapter 73
"ကယ်ကြပါဦး... အဟွတ်"
မိန်းကလေးတစ်ဦးမှာ စက်ပစ္စည်းတစ်ခုအောက်တွင် ပိနေပြီး ခက်ခဲစွာ အကူအညီတောင်းနေရှာသည်။
သူမ၏ အသံမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုအားနည်းလာကာ မျက်ရည်များမှာလည်း ထိန်းမရအောင် စီးကျနေ၏။
အခန်းတွင်း၌ မီးခိုးများ ပိုမိုထူထပ်လာပြီး မီးလျှံများက အရေပြားကို လောင်မြိုက်တော့မည့်အတိုင်း ပူပြင်းလှသည်။
'ဘာကြောင့်လဲ...'
'သူမ အခုပဲ သေရတော့မှာလား'
မနက်က အိမ်ကထွက်လာတုန်းက အရာအားလုံး ပုံမှန်အတိုင်းပါပဲ။
သူမသည် ကိုယ်ပေါ်မှ စက်ပစ္စည်းကို တွန်းဖယ်ရန် ကြိုးစားသော်လည်း အားအင်လုံးဝ မရှိတော့ကြောင်း သိလိုက်ရသည်။
ဒုန်း...
"ဒီမှာ ဘယ်သူရှိသေးလဲ"
တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ဝတ်စုံအပြည့်ဖြင့် လူရိပ်တစ်ခု ပေါ်လာကာ အော်ဟစ်မေးမြန်းလိုက်သည်။
"ဘယ်သူရှိလဲ"
ယဲ့ရင် တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မမြင်ရပေ။
ဤအခန်းထဲတွင် စက်ကိရိယာများစွာ ရှိနေပြီး အနိမ့်အမြင့် မညီညာသဖြင့် မြင်ကွင်းအတော်များများကို ကာကွယ်ထား သည်။
စောစောက ကြားလိုက်ရသော အသံမှာ ဤနေရာမှ ဟုတ်၊ မဟုတ် သူမ သေချာမသိသေးပေ။
သူမသည် အခန်းထဲသို့ဝင်ကာ အမြန်ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် သဲ့သဲ့သော ထိမှန်သံလေးကိုကြားလိုက်ရသည်။
ဒေါက် ဒေါက်...
ဒေါက် ဒေါက်...
ယဲ့ရင်သည် အသံလာရာသို့ ချက်ချင်းပြေးသွားလိုက်သည်။
ထိုအခါ စက်ကိရိယာ အမြင့်ကြီးတစ်ခု၏ နောက်ကွယ်တွင် စက်ပစ္စည်းအောက်၌ ပိနေသော မိန်းကလေးကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးမှာ မြေပြင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ မှောက်လျက်လဲနေပြီး သတိလွတ်တော့မည့် အခြေအနေတွင် ရှိနေသည်။
ယဲ့ရင်၏ အသံကို ကြားလိုက်ရသောအခါမှ သူမ၏ အသက်ရှင်လိုစိတ် ပြန်လည်နိုးထလာပြီး သတ္တုအစိတ်အပိုင်းလေးတစ်ခုဖြင့် စက်ပစ္စည်းကို အားယူကာ တစ်ချက်ချင်း ခေါက်နေခြင်းဖြစ်သည်။
"ကျွန်မ လာပြီ သတိရှိသေးရဲ့လား"
ယဲ့ရင်သည် ပြေးသွားကာ ထိုင်ချလိုက်သည်။
သူမသည် အော်ဟစ်မေးမြန်းရင်း တစ်ဖက်မှလည်း အပိုပါလာသော အသက်ရှူကိရိယာကို ထိုမိန်းကလေး၏ မျက်နှာတွင် တပ်ဆင်ပေးလိုက်သည်။
"တောင့်ခံထားဦး ငါတို့ ကယ်ပေးမယ်"
မိန်းကလေးသည် ခက်ခဲစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမအတွက် ယဲ့ရင်၏အသံမှာ အလွန်ဝေးကွာသော နေရာတစ်ခုမှ လာနေသယောင် ခံစားနေရသည်။
[အားတင်းထားပါဦး အရှုံးမပေးနဲ့]
[အသက်ရှူကိရိယာ တစ်ခုအပိုယူလာတာ တကယ်မှန်သွားတယ်]
[အရင်က မီးသတ်သမားတစ်ယောက်ဟာ မီးလောင်ပြင်ထဲမှာ သူ့ရဲ့ အသက်ရှူကိရိယာကို ပိတ်မိနေသူကို ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ အသက်ပေးသွားခဲ့ရဖူးတယ်]
[သူက ပိနေတာဆိုတော့ ကယ်ထုတ်ဖို့ နည်းနည်းခက်လိမ့်မယ်]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။
စိတ်လှုပ်ရှားမှုမှာလည်း အခင်းဖြစ်ပွားရာနေရာ၏ တင်းမာမှုနှင့်အတူ မြင့်တက်နေသည်။
အသက်ရှူကိရိယာ ရှိနေသဖြင့် ပိတ်မိနေသူ၏ အသက်အန္တရာယ်မှာ ခေတ္တဘေးကင်းသွားသော်လည်း ဤသည်မှာ ပထမအဆင့်သာ ရှိပါသေးသည်။
အကယ်၍ ပိနေသော စက်ပစ္စည်းကို မဖယ်ရှားနိုင်လျှင် အန္တရာယ်မှာ အချိန်မရွေး ကျရောက်လာနိုင်သည်။
'မီးလောင်ပြင်ထဲတွင် ရှိနေခြင်းကိုယ်တိုင်ကပင် အလွန်အန္တရာယ်များလှသည် မဟုတ်ပါလား'
ယဲ့ရင်သည် ထိုစက်ပစ္စည်းကို မကြည့်ရန် ကြိုးစားသော် လည်း ချက်ချင်းပင် လက်လျှော့လိုက်ရသည်။
စက်မှာ အလွန်လေးလံလှသဖြင့် သူမ အနည်းငယ် မနိုင်သော်လည်း ပိတ်မိနေသူမှာ ကိုယ်တိုင်ထွက်နိုင်မည့် အားအင်မရှိပေ။
စက်ကို ဖယ်ထုတ်ရမည်ဖြစ်ပြီး ပိတ်မိနေသူကိုလည်း ထပ်မံထိခိုက်မှု မရှိစေရန် သတိထားရမည်ဖြစ်သည်။
"..."
သူမသည် ပတ်ဝန်းကျင်ကို အမြန်ဝေ့ကြည့်ကာ အသုံးချနိုင်မည့် အရာကို ရှာဖွေလိုက်သည်။
ဤနေရာတွင် စက်ကိရိယာများစွာ ရှိနေသဖြင့် နည်းလမ်းတစ်ခုခုတော့ ရှိရမည်။
ဖြောက် ဖြောက်...
ဒေါင် ဒေါင်...
မီးလောင်ကျွမ်းမှုကြောင့် အရာဝတ္ထုများမှာ တဖြည်းဖြည်း ပြိုကျပျက်စီးနေသည်။
ရှာတွေ့ပြီ...
ယဲ့ရင်သည် မီးလျှံများအနီးမှ သံတုတ်တစ်ချောင်းကို ကောက်ယူကာ ခိုင်ခံ့မှုကို စမ်းသပ်လိုက်ကာ ပြောလိုက်၏။
"ရပြီ"
ပိတ်မိနေသူ၏ ဘေးနားတွင် ခိုင်ခံ့သော စက်အစိတ်အပိုင်းငယ်တစ်ခုကို အခုအခံအဖြစ် ထားရှိပြီးနောက် သံတုတ်၏ တစ်ဖက်ကို ပိနေသော စက်အောက်သို့ ထိုးထည့်လိုက်သည်။
သူမ အသက်ကို ဝအောင်ရှူကာ လီဗာ အခြေခံသဘောတရားကို အသုံးပြုပြီး စတင်တွန်းတင်လိုက်သည်။
ထို့နောက် ယူနီဖောင်းအောက်ရှိ သူမ၏ လက်မောင်းကြွက် သားများမှာ ဖောင်းတက်လာကာခြေထောက်၊ ခါး၊ လက်... အားအင်အားလုံးကို တစ်နေရာတည်းသို့ စုစည်းလိုက်သည်။
"အားးးးးးး"
"ဖယ်စမ်း"
ယဲ့ရင်သည် ရှိသမျှအားအင်ကုန် သုံးလိုက်သောအခါ စက်ကြီးမှာ တဖြည်းဖြည်း မြင့်တက်လာသည်။
သို့သော် လူကယ်ထုတ်ရန်အတွက်မူ မလုံလောက်သေးပေ။
စက်မှာ အတော်အတန် ကြွတက်လာသည်နှင့် ယဲ့ရင်သည် သူမ၏ခြေရင်းရှိ လေးထောင့်ပုံစံ စက်ပစ္စည်းတစ်ခုကို အားဖြင့် ကန်သွင်းလိုက်သည်။
ဒုန်း....
ယဲ့ရင် အားလျှော့လိုက်သောအခါ စက်ကြီးမှာ ပြန်ကျလာပြီး လေးထောင့်စက်ပစ္စည်းပေါ်တွင် တိတိကျကျတင်သွားသည်။
အနားယူရန် အချိန်မရှိသဖြင့် သူမ ချက်ချင်းထိုင်ချကာ အောက်မှ မိန်းကလေးကို စတင်ဆွဲထုတ်တော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းအတွင်း၌...
ပရိသတ်များမှာ ယဲ့ရင်က နှစ်ကြိမ်၊ သုံးကြိမ်ခန့် ကြိုးစားဆွဲထုတ်ပြီးမှသာ အားကို အောင်မြင်စွာ အသုံးချနိုင်သည်ကို တွေ့လိုက်ရသည်။
စောစောက အားစိုက်ထုတ်မှုကြောင့် သူမ၏ လက်မောင်းများမှာ နုံးချိသွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။
"အားတင်းထား မင်း မကြာခင် အပြင်ရောက်တော့မယ်"
ယဲ့ရင်သည် လူကို ဆွဲထုတ်ရင်း အော်ဟစ်အားပေးနေသည်။
သို့သော် သူမ မည်မျှပင် အော်ပါစေ ထိုမိန်းကလေးမှာမူ ပျော့ခွေနေဆဲပင်။
မည်သို့မျှ ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိပေ။
သတိရှိနေဦးတော့၊ဤမျှကြာအောင် ပိနေခဲ့သဖြင့် ခဏချင်းအတွင်း လှုပ်ရှားနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအခြေအနေကို မြင်သော် ယဲ့ရင်သည် ချက်ချင်းဆုံးဖြတ် ချက်ချလိုက်သည်။
မိန်းကလေးကို ပက်လက်လှန်ထားစေပြီး သူမကိုယ်တိုင် ဘယ်ဘက်တွင် လဲလျောင်းလိုက်သည်။
မိန်းကလေး၏ ညာဘက်ခြေထောက်ကို သူမ၏ခြေထောက်ပေါ် တင်လိုက်ပြီးနောက် ညာလက်ကို ဆွဲယူလိုက်ကာ ကျွမ်းကျင်လှသော လှည့်ကွက်တစ်ခုဖြင့် လူကို ကျောပေါ်သို့ လျင်မြန်စွာ ပိုးလိုက်တော့သည်။
ဘေးကင်းစေရန်အတွက် သူမသည် ကြိုးတစ်ချောင်းဖြင့် နှစ်ဦးသား၏ ကိုယ်အထက်ပိုင်းကို တွဲချည်လိုက်သေးသည်။
သူမ၏ လုပ်ဆောင်ချက်အားလုံးမှာ ကျွမ်းကျင်ပိုင်နိုင်လှသည်။
"ငါတို့ အခု အပြင်ထွက်မယ်"
ယဲ့ရင်သည် လူကို ပိုးလျက် တံခါးပြင်ပသို့ ခပ်သွက်သွက် လျှောက်လှမ်းခဲ့သည်။
မျက်လုံးနှင့် နားကိုလည်း ပတ်ဝန်းကျင် အခြေအနေများအပေါ် အမြဲအာရုံစိုက်ထားသည်။
သူမ အတွင်းသို့ ဝင်လာချိန်မှ ပြန်ထွက်ချိန်အထိမှာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
ခဏအကြာတွင် ယဲ့ရင်သည် ရေစီးသံကို ကြားလိုက်ရသည်။
မီးလျှံသံများ၊ အရာဝတ္ထုများ ပြိုကျသံများ...
သူမ စင်္ကြံလမ်းအဆုံးသို့ ရောက်ခါနီးတွင် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။
ထက်မြက်လှသော အာရုံကြောင့် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။
အသိစိတ်အရ နောက်သို့ လှည့်ကြည့်ရန် ပြင်လိုက်သော် လည်း နောက်တစ်စက္ကန့်တွင် လှည့်မည့်အစား နောက်သို့ ပြန်ဆုတ်ကာ လက်နှစ်ဖက်ဖြင့် ခေါင်းကို ကာကွယ်လိုက်သည်။
ဝုန်း...
စင်္ကြံလမ်းအဆုံးရှိ အခန်းတစ်ခန်းမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး မီးနဂါးတစ်ကောင်သဖွယ် မီးလျှံများမှာ သစ်သားတံခါးကို ဖြတ်၍ တိုးထွက်လာသည်။
မီးလျှံများမှာ နှစ်ဦးသားကို ချက်ချင်း ဖုံးလွှမ်းသွားတော့ သည်။
"အားးးးးးး"
နာကျင်လှသော အော်ဟစ်သံမှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဟိန်းထွက်သွားသည်။
"..."
ပေါက်ကွဲသံကို ကြားလိုက်ရသည့်အချိန်တွင် ယဲ့ရင်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။
သို့သော် သူမ မျက်လုံးမှိတ်ကာ စက္ကန့်အနည်းငယ်စောင့် ဆိုင်းသော်လည်း မီးလောင်မြိုက်သည့် နာကျင်မှုကို မခံစားရပေ။
မီးတောက်များ၏ အလင်းရောင်ကိုသာ ခံစားမိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာ ဖန်သားပြင်ကို စိုက်ကြည့်ရင်း မှင်သက်သွားကြသည်။
အေးစိမ့်လှသော ခံစားချက်တစ်ခုက ဦးနှောက်ဆီသို့ တိုးဝင်လာသည်။ မီးနဂါးမှာ သစ်သားတံခါးကို ဖောက်ထွက်လာသည့် ထိုအချိန်လေးတွင် အနက်ရောင် မြူခိုးထုကြီးတစ်ခု အတွင်းသို့ တိုးဝင်သွားခဲ့သည်။
၎င်းသည် ယဲ့ရင်၏ရှေ့တွင် ပြန့်ကားသွားသည်။ လူတစ်ဦး၏ ပုံသဏ္ဌာန်နှင့် တူသော်လည်း မျက်နှာနှင့် အရောင်အသွေး မရှိပေ။
အနက်ရောင် သက်သက်သာ ဖြစ်သည်။ ယဲ့ရင်သည် သူမ၏ ကိုယ်ခန္ဓာဖြင့် နောက်မှလူကို ကာကွယ်ထားသော်လည်း ထိုအနက်ရောင် အရိပ်မှာမူ ၎င်း၏ကိုယ်ခန္ဓာဖြင့် သူမတို့ နှစ်ဦးရှေ့တွင် ကာကွယ်ပေးထားခြင်းဖြစ်သည်။
မီးလျှံများကို ပိတ်ဆို့ထားကာ ဘေးကင်းလုံခြုံပြီးကျဉ်း မြောင်းသော နေရာလေးတစ်ခုကို ဖန်တီးပေးထားသည်။
မီးလျှံများ ၎င်း၏ကိုယ်ပေါ်သို့ ကျရောက်လာသည့် ထိုခဏတွင် အနက်ရောင်မြူခိုးထုကြီးဆီမှ နာကျင်လှသော အော်ဟစ်သံ ထွက်ပေါ်လာသည်။
"အားးးးးးးးးးးးးးး"
မြူခိုးထုမှာ ပြင်းထန်သော မီးဒဏ်ကြောင့် လောင်မြိုက်ခြင်း၊ တိုက်ခိုက်ခြင်း ခံနေရကာ မီးလောင်သည့် စက္ကန့်တိုင်းတွင် ထိုမြူခိုးထု၏ အရောင်မှာ တဖြည်းဖြည်း မှေးမှိန်လာသည်။
"အားးးးးးး"
ထိုနာကျင်လှသော အသံမှာ ပရိသတ်များ၏ ဝိညာဉ်အထိပင် တိုးဝင်သွားကာ နွေးထွေးသော အရည်များမှာ မိမိတို့ ပါးပြင်ပေါ်သို့ စီးကျလာသည်ကိုပင် သတိမထားမိကြပေ။
သူတို့သည် ထိုမြင်ကွင်းကိုသာ စိုက်ကြည့်ရင်း နားထောင်နေကြသည်။
"..."
ဘေးအန္တရာယ် မရှိတော့ကြောင်း သိလိုက်ရသည့် ထိုခဏတွင် ယဲ့ရင်သည် အချိန်ဆွဲမနေဘဲ အောက်ထပ်သို့ အပြေး အလွှား ဆင်းသွားခဲ့သည်။
ထိုအချိန်တွင် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့သည်။
အပြင်ထွက်ရမယ်...
ပြေးထွက်ရမယ်...
လူကို ကယ်ထုတ်ရမယ်...
သေလို့မဖြစ်ဘူး....
အဆောက်အအုံထဲတွင်မူ မီးတောက်ကြီးများမှာ တဟုန်း ဟုန်း လောင်ကျွမ်းနေဆဲပင်....
စက်ရုံအပြင်ဘက်တွင် မီးသတ်သမားများမှာ ရေပိုက်များဖြင့် မီးငြှိမ်းသတ်နေကြ၏။
ဝန်ထမ်းများစွာမှာလည်း စိုးရိမ်တကြီး ကြည့်နေကြပြီး အချို့မှာ မိသားစုထံ ဖုန်းဆက်ကာ ဘေးကင်းကြောင်း အကြောင်းကြားနေကြသည်။
ဝတ်စုံအပြည့်နှင့် လူအချို့မှာမူ လောင်ကျွမ်းနေသော စက်ရုံကို ကြည့်ကာ မြေပြင်တွင် ထိုင်လျက် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုကြွေးနေကြသည်။
"ဒီဘက်မှာ"
ယဲ့ရင် ထွက်လာသောအခါ လူအများအပြားက သူမ ကျောပေါ်မှ လူကို ဝိုင်းဝန်း ကူညီပေးကြသည်။
ဘေးနားတွင်လည်း လူနာတင်ကားမှာ အသင့်စောင့်ဆိုင်းနေသည်။
အခြားသူများ အားလုံးကို ကယ်ထုတ်ပြီးဖြစ်ကြောင်း သိလိုက်ရသောအခါမှ ယဲ့ရင်မှာ သက်ပြင်းချနိုင်တော့ပြီး အားအင်အားလုံး ချက်ချင်းကုန်ခမ်းသွားတော့သည်။
ဘေးနားရှိ မြက်ခင်းပြင်ပေါ်တွင် လှဲချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူနေမိကာ နာကျင်ကိုက်ခဲမှုများက ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသည်။
သူမ ကောင်းကင်ကို ကြည့်ရင်း စောစောက အခြေအနေကို ထပ်ခါထပ်ခါ ပြန်တွေးနေမိသည်။
ပေါက်ကွဲသံ ထွက်ပေါ်လာသည့် ထိုအချိန်လေးတွင် မီးတောက်များ၏ အလင်းရောင်ကို သူမ ခံစားမိသည်။
သို့သော် ထူးဆန်းသည်မှာ မီးလောင်မြိုက်သည့် ခံစားချက်ကိုမူ သူမ မခံစားခဲ့ရပေ။
ထိုရင်းနှီးနေသော ခံစားချက်လေးက...
'ဒါ ရှင်များလား...'
🫧 Chapter 74
စက်ရုံ၏ မီးအရှိန်မှာ မကြာမီမှာပင် ထိန်းချုပ်နိုင်သွားသည်။
မီးသတ်သမားအချို့ မှာ ဘေးနားရှိ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
ယခုတစ်ခေါက်တွင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကြီးမားသော ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
ယဲ့ရင် ထွက်ခွာသွားပြီးနောက် ထိုအနက်ရောင် မြူခိုးထုကြီးလည်း ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားချိန်တွင် ထိုမြူခိုးထုမှာ လေတစ်ချက်အဝေ့မှာပင် လွင့်စင်ပျောက်ကွယ်သွားတော့မည့်အတိုင်းပင် သေးငယ်လှသော မီးခိုးရောင် မြူလုံးလေးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာမှာလည်း ၎င်းနောက်သို့ လိုက်ပါသွားသည်။
၎င်းသည် လေထဲတွင် တဖြည်းဖြည်း လွင့်မျောနေပြီး တစ်နေရာရာသို့ သွားနေပုံရသည်။
ဤမြင်ကွင်းကို မြင်မှပင် ပရိသတ်များမှာ သတိပြန်ဝင်လာကြပြီး သက်ပြင်းချနိုင်တော့သည်။
'စောစောက သူတို့မှာ အသက်ရှူဖို့ပင် မေ့လျော့နေခဲ့ကြသည် မဟုတ်ပါလား'
လေတစ်ချက်အဝေ့တွင် မျက်နှာပေါ်၌ စေးကပ်ကပ် ဖြစ်နေသည်ကို ခံစားရမှ မိမိတို့ မျက်လုံးများ ခြောက်သွေ့နေပြီး တစ်ခါ ငိုထားပြီးဖြစ်ကြောင်း သတိထားမိကြသည်။
[ဒါက ဘာကြီးလဲ]
[ဟီးဟီး... အစ်ကိုကြီးက ဝိညာဉ်ခေါ်ဖို့ လာတာမဟုတ်ဘူးဆိုပြီး ဘာလို့ ငါ့ဆီမှာ တစ်ရှူးတွေ မလောက်တော့တာလဲ]
[မင်းက မင်းကာကွယ်ချင်တဲ့ အရာကိုပဲ ကာကွယ်ပါ၊ ငါကတော့ မင်းကို ကာကွယ်ပေးမယ်]
[နောက်ထပ် ပေါက်ကွဲမှုတွေ မရှိပါစေနဲ့တော့ တာဝန်ထွက်ရတာတွေလည်း မရှိပါစေနဲ့တော့]
ပရိသတ်များမှာ ယခုတစ်ခေါက် တစ်ရှူးသုံးရလိမ့်မည်ဟု မထင်ထားကြသော်လည်း မျက်ရည်များမှာမူ အမိန့်မနာခံဘဲ အလိုလို ထွက်ကျလာခဲ့သည်။
စောစောက ပေါက်ကွဲသည့်အချိန်တွင် အချို့သော လက္ခဏာများအရ ယဲ့ရင်သည် နောက်သို့ လှည့်ကြည့်ရန် ပြင်ဆင်ခဲ့သည်ကို တွေ့နိုင်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ ရပ်တန့်သွားခဲ့သည်။
အခြားကြောင့် မဟုတ်... သူမ နောက်ကွယ်တွင် လူတစ်ဦး ရှိနေသောကြောင့်ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သူမခန္ဓာကိုယ်နှင့် အသိစိတ်က ကာကွယ်ရန်သာ ရွေးချယ်ခဲ့သည်။
မည်သူမျှ သေဆုံးခြင်းမရှိခဲ့သော်လည်း ပရိသတ်များမှာမူ နှာခေါင်းရှုံ့ကာ ငိုချင်စိတ်ကို မထိန်းနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤမီးကြီးအတွင်း၌ သူတို့သည် အခြားသော အစောင့်အရှောက်တစ်ဦးကို တွေ့မြင်ခဲ့ရသော ကြောင့် ဖြစ်သည်။
ထိုအရာမှာ အနက်ရောင် မြူခိုးထုကြီးမှနေ၍ တဖြည်းဖြည်း ပါးလွှာကာ မှေးမှိန်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
မီးလောင်မြိုက်ခံရစဉ် ၎င်း၏နာကျင်လှသော အော်ဟစ်သံများကို ကြားခဲ့ရသည်။ ထိုအော်ဟစ်သံများမှာ သူတို့ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
၎င်းမှာ လူသားတစ်ဦးမဟုတ်သော်လည်း ၎င်း၏ လုပ်ဆောင် ချက်များမှာ သူတို့၏ လေးစားမှုကို ရရှိရန် ထိုက်တန်လှပေသည်။
သူတို့၏ မျက်ရည်များနှင့်လည်း ထိုက်တန်လှပေသည်။
သူတို့သည် နှလုံးသားထဲမှ အမှန်တကယ် တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။ တစ်ချိန်တည်းမှာပင် သူတို့ စိတ်ဝင်စားမိသည်မှာ
[သူ ဘယ်ကို သွားနေတာလဲ]
[ငါ့သမီးကတော့ သူ့ကို မှင်ရည်လေးနဲ့ အနက်ရောင် ပြန်ခြယ်ပေးချင်တယ်တဲ့၊ ဒါဆို လေတိုက်ရင် လွင့်မသွားတော့ဘူးပေါ့...]
[သူ ဘာလို့ ဒီလိုလုပ်တာလဲ၊ နောက်ပြီး ဒါကို ဘယ်လိုမျိုး လုပ်နိုင်တာလဲ]
ကျန်းလင်သည် ထိုမီးခိုးရောင် မြူလုံးနောက်သို့ လိုက်ပါသွားသော်လည်း ကိုယ်ထင်မပြသေးပေ။
ကံကြမ္မာပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အကောင်အထည် ဖော်သူကို ရှာတွေ့ပြီဖြစ်ရာ ထိုမိန်းကလေးနောက်သို့ ဆက်လိုက်ရန် မလိုတော့ပေ။
ရုတ်တရက် လေထဲတွင် ပျံသန်းနေသော ကျန်းလင်းသည် အောက်ဘက်ရှိ မြို့ပြကို တစ်ချက် လှမ်းကြည့်လိုက်သည်။
မြို့၏ ထောင့်တစ်နေရာတွင် နှုတ်ခမ်းမွေးလေးနှင့် အရပ်ရှည်ရှည် လူတစ်ဦးမှာ လမ်းကြားလေးတစ်ခုတွင် ထိုင်နေ သည်။
သူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်အင်္ကျီ အနားသတ်များတွင် ယင်နှင့်ယန် ပုံစံများ ရှိကာ ကြည့်ရသည်မှာ အတော်အတန် ခန့်ညားသော အသွင်အပြင်ရှိ၏။
"မန္တန်စာရွက်တွေ ရောင်းမယ်ဗျို့၊ မန္တန်စာရွက်တွေ ရောင်းမယ် သရဲနှင် မန္တန်၊ ကိုယ်စောင့်မန္တန် အကုန်ရှိတယ်"
ထိုလူ၏အရောင်းဆိုင်ရှေ့တွင် အသက် ၁၃၊ ၁၄ နှစ်အရွယ် ကောင်လေးတစ်ဦး ရပ်တန့်သွားသည်။
"ဟောဗျာ... ဒီမှာ မန္တန်စာရွက် ရောင်းတဲ့သူ ရှိသေးတာပဲ" ဟု အံ့ဩတကြီး ပြောလိုက်သည်။
ထိုလူက ဂုဏ်ယူစွာဖြင့် "မင်း မယုံနဲ့နော်၊ အခုခေတ်မှာ သရဲတွေ အများကြီးပဲ၊ 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ တိုက်ရိုက်ထုတ်လွှင့်မှု' ကို မင်း မကြည့်ဖူးဘူးလား"
ကောင်လေးက ခေါင်းညိတ်ပြလိုက်၏။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုမှာ အတော်လေး နာမည်ကြီးသည်။
"အဲဒါဆို ဟုတ်ပြီပေါ့ ငါ့ဆီကဟာတွေက အဖိုးတန် သရဲနှင်မန္တန်တွေ၊ ကိုယ်စောင့်မန္တန်တွေ၊ သာမန်လူတွေ ဝယ်လို့မရဘူး"
"အိုး တကယ် တော်တာပဲ"
...
ကျန်းလင်သည် တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို ပြန်လွှဲကာ ရှေ့မှ မြူလုံးလေးနောက်သို့ ဆက်လိုက်သွားသည်။
ထိုမြူလုံးလေးမှာ မြို့ပြမှ တဖြည်းဖြည်း ထွက်ခွာလာပြီး တောရိုင်းဒေသတစ်ခုသို့ ရောက်ရှိလာသည်။
ဤနေရာတွင် လူသူမရှိသလို သင်္ချိုင်းကုန်းများသဖွယ် မြေပုံလေးများလည်း ရှိနေသည်။
နေရောင်မရှိသောကြောင့်လား မသိ... လေတစ်ချက်အဝေ့တွင် အလွန်ခြောက်ကပ်ကာ ကျောချမ်းစရာ ကောင်းလှသည်။
[ဒီနေရာမှာ မကောင်းတဲ့အရာတွေ ရှိတတ်တယ်လို့ ငါ့အမေ ပြောဖူးတယ်၊ အဲဒီကို သွားမကစားနဲ့တဲ့]
[ငါ ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတွေနဲ့ စက်ဘီးစီးရင်း အဲဒီနား ဖြတ်သွားတာ၊ ဘာမှတော့ မခံစားရပါဘူး၊ တော်တော် အေးအေးလူလူပါပဲ]
[ငါတော့ တစ်မျိုးကြီး ခံစားရတယ်၊ တစ်ယောက်တည်း လျှောက်သွားရင် ပျောက်သွားမယ့် ခံစားချက်မျိုး...]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိသတ်များမှာ ထိုနေရာကို ကြည့်ရင်း အသားထဲမှ စိမ့်တက်လာသဖြင့် အခန်းတွင်းရှိ လေအေးပေးစက်ကို အပူချိန် အနည်းငယ် တိုးလိုက်ကြသည်။
ဒီအတိုင်းသာ ဆက်သွားလျှင် နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရင်း လျှပ်စစ်ခပင် သက်သာသွားနိုင်ပေသည်။
'ကြည့်ရင်း ကြည့်ရင်းနှင့် တစ်ကိုယ်လုံး အေးစိမ့်လာတတ် သည် မဟုတ်ပါလား'
မြင်ကွင်းထဲတွင် ထိုမြူလုံးလေးမှာ ဟိုဟိုဒီဒီ လွင့်မျောနေပြီး တစ်ခုခုကို ရှာဖွေနေပုံရသည်။
နောက်တစ်စက္ကန့်တွင် ၎င်းသည် မြေပုံတစ်ခု၏ နောက်ကွယ်သို့ ပျံသန်းသွားကာ ငြိမ်သက်စွာ ထိုင်နေတော့သည်။
ပရိသတ်များမှာ ညဘက်ထွက်ပြီး လူခြောက်ရန် စောင့်နေသည့် သရဲလေးတစ်ကောင်ကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ပန်းချီဆရာတစ်ဦးက ဖောင်တိန်ကို ကိုင်ကာ တစ်မိနစ်ပင် မပြည့်မီမှာပင် ချစ်စရာကောင်းသော Q version သရဲလေးတစ်ကောင်ကို ဆွဲလိုက်သည်။ထိုပုံမှာ တကယ်ကို ချစ်စရာလေးပင်။
ထို့နောက် ထိုမြူလုံးလေးမှာ အိပ်ပျော်သွားသည့်နှယ် မလှုပ်မယှက် ရှိနေတော့သည်။
ပရိသတ်အတော်များများမှာ ထမင်းစားသူကစား၊ အခြားအလုပ်လုပ်သူက လုပ်ရင်း တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ဖွင့်ထားကြသည်။
အားနေသူများကတော့ လက်ဆောင်များ ပေးနေကြသည်။
...
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးလာပြီပင်..
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာ စတင်ပြောင်းလဲလာသည်။
အနက်ရောင် အစက်အပြောက်လေးများမှာ မည်သည့်နေရာမှ ထွက်လာသည်မသိဘဲ လေထဲတွင် ဝဲပျံနေကြသည်။
ညမှောင်လာသည်နှင့်အမျှ ထိုအစက်အပြောက်လေးများ ပိုမိုများပြားလာပြီး မြေပုံများအပေါ်တွင် ဝဲလည်နေကြသည်။
လေတိုးသံကဲ့သို့ 'ဝူးဝူး' အသံများမှာလည်း ထွက်ပေါ်လာသည်။
တီ...
ဖန်သားပြင်ရှေ့မှ ပရိသတ်များမှာ လေအေးပေးစက်ကို ပိတ်လိုက်ကြပြီး စောင်လေးများပင် ခြုံချင်လာကြသည်။
အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်လုံး ပိုအေးလာသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် မြေပုံနောက်ကွယ်၌ ပုန်းနေသော မြူလုံးလေးက လှုပ်ရှားလာသည်။
၎င်းသည် တစ်ကောင်တည်း ဖြစ်နေသော အနက်ရောင် အစက်လေးတစ်စက်ကို ချိန်ရွယ်ကာ အရှိန်ဖြင့် ပြေးဝင်သွားသည်။
'ဝါး'
တစ်လုပ်တည်းနှင့် ဝါးမြိုလိုက်သည်။
မြူခိုးများဖြင့် ဖွဲ့စည်းထားသော ၎င်း၏ ကိုယ်ထည်မှာ ဝါးစားနေသကဲ့သို့ လှုပ်ရှားနေသည်။
ဝါးစားပြီးနောက် ၎င်းသည် အခြားသော အနက်ရောင် အစက်လေးတစ်စက်ဆီသို့ ထပ်မံပြေးဝင်သွားပြန်သည်။
ထိုနည်းတူပင် 'ဝါး' ခနဲ ဝါးမြိုလိုက်ပြန်သည်။
ဝါးမြိုလိုက်သော အနက်ရောင် အစက်လေးများ များပြားလာသည်နှင့်အမျှ ၎င်း၏ ကိုယ်ထည်မှာ မီးခိုးရောင်မှ အနက်ရောင်သို့ ပြန်လည်ပြောင်းလဲလာသည်။
သူသည် တဖြည်းဖြည်းချင်း ပြောင်းလဲနေခြင်းဖြစ်ကာ ပုံသဏ္ဌာန်မှာလည်း တဖြည်းဖြည်း ကြီးမားလာပြီး မူလက ဘတ်စကက်ဘောလုံးခန့်မှ နှစ်ဆခန့် ကြီးထွားလာသည်။
ပရိသတ်များက ၎င်းသည် ဆက်တိုက် ဝါးမြိုနေလိမ့်မည်ဟု ထင်ထားစဉ်မှာပင် ထိုအနက်ရောင် မြူလုံးမှာ လေထဲ၌ ရုတ်တရက် ရပ်တန့်သွားသည်။
၎င်းသည် ပြင်းထန်စွာ တုန်ခါလာပြီး ပုံသဏ္ဌာန် အမျိုးမျိုးသို့ ပြောင်းလဲနေတော့သည်။ တစ်ခါတစ်ရံ မကောင်းဆိုးဝါး၏ လက်သည်းများ ထွက်ပေါ်လာသလို၊ တစ်ခါတစ်ရံ ဦးချိုပါသော သရဲကလေးသဖွယ်ဖြစ်နေ၏။
'သူ့ကို သတ်လိုက်၊ သူ့ကို သတ်လိုက်'
'လူသားတွေအတွက် မင်းကိုယ် မင်း အသုံးချခံနေတာ ဘာထူးမှာလဲ'
'ဒီနေရာကို ဖျက်ဆီးပစ်စမ်း၊ သွေးချောင်းစီးတာကို ငါ မြင်ချင်တယ်...'
'မလုပ်နဲ့၊ မလုပ်နဲ့! ငါ သူ့ကို စောင့်ရှောက်ရမယ်၊ သူ့ကို နာကျင်အောင် မလုပ်နိုင်ဘူး'
'ရှစ်နှစ်ရှိပြီ၊ တော်လောက်ပြီ အဲဒီအရာတွေရဲ့ အနှောင်အဖွဲ့ကို မခံပါနဲ့တော့၊ မင်းကိုယ် မင်း လွှတ်ပေးလိုက်ပါတော့'
မြူလုံးထဲမှ အသံပေါင်းစုံ ထွက်ပေါ်လာသည်။ လူကြီး၊ ကလေး၊ ယောက်ျား၊ မိန်းကလေး... အသံများစွာမှာ အငြင်းအခုံ ဖြစ်နေကြပြီး မြူလုံးမှာလည်း အဆက်မပြတ်ပြောင်း လဲနေသည်။
'ငါ ပိုသန်မာလာရမယ်၊ သူ့ကို အမြဲ စောင့်ရှောက်သွားရမယ်'
အနက်ရောင် မြူလုံးမှာ အနက်ရောင် အစက်လေးများဆီသို့ အရှိန်ဖြင့် ထပ်မံပြေးဝင်သွားပြီး တစ်လုပ်ချင်းဝါးမြိုလိုက် ကာ ကိုယ်ထည်မှာလည်း လျင်မြန်စွာဖောင်းကားလာသည်။
'မင်း သေလိမ့်မယ်၊ မင်းကိုယ် မင်း စွန့်လွှတ်လိုက်မှ မင်း ပိုသန်မာလာမှာ၊ အများကြီး ပိုသန်မာလာမှာ'
'ငါ ပိုသန်မာချင်ယုံပဲ၊ သူ့ကို စောင့်ရှောက်ချင်ယုံပဲ'
'ဒါဆိုရင် မင်းကိုယ် မင်း ဖွင့်ပေးလိုက်စမ်း၊ ငါတို့ကို အထဲပေးဝင်လိုက်'