← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

🫧 Chapter 75

'ငါတို့ကို အထဲပေးဝင်လိုက်'

'မင်းကိုယ် မင်း စွန့်လွှတ်လိုက်မှ ပိုသန်မာလာမှာ'

"အားးးးးးးးးးးးးးး"

အသံပေါင်းစုံ၏အငြင်းအခုံဖြစ်မှုအောက်တွင် ထိုအနက်ရောင်မြူလုံးမှာ အကျယ်ကြီးအော်ဟစ်လိုက်ပြီး ပါးစပ်ကို ဟလိုက်သည်။

အနက်ရောင်အစက်အပြောက်ငယ်လေးများမှာ မြူလုံး၏ ကိုယ်ထည်ထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားကြသည်။

မြူလုံးမှာ ပို၍ကြီးမားလာပြီး အရောင်မှာလည်း မည်းနက်နေသော မှင်ရည်ကဲ့သို့ ရင့်မှောင်လာကာကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု တဖြည်းဖြည်း မြင့်တက်လာ၏။

သို့သော် ထိုသို့သောစွမ်းအားနှင့်အတူ ပါလာသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသော နာကျင်မှုပင် ဖြစ်သည်။

"အားးးးးးး"

ထိုအချိန်မှာပင် ဝိညာဉ်ခေါ်တံပိုးတစ်ချောင်းက မြူလုံးဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။

အဖြူရောင် ဝတ်စုံနှင့် လူရိပ်တစ်ခုမှာ မည်သည့်အချိန်က ရောက်နေသည်မသိဘဲ မြူလုံး၏နောက်ကွယ်တွင် ပေါ်လာခဲ့သည်။

'မလုပ်ပါနဲ့ အားးးးးးး'

'ဘာလို့လဲ သူ သဘောတူထားတာပဲ ငါ့ကို အထဲပေးဝင်'

'ဘာလို့ ငါတို့ကို တားရတာလဲ'

တံပိုးနှင့် ရိုက်လိုက်သည့် ခဏမှာပင် အနက်ရောင်အစက် အပြောက်လေးများမှာ မြူလုံးထဲမှ အတင်းအဓမ္မ ပြန်ထွက်လာကြရပြီး လေပြင်းများက တိုက်ခတ်လာသည်။

ကျန်းလင်သည် လေထဲတွင် ရပ်တန့်နေပြီး မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

သူ၏ကိုယ်ပေါ်မှ ဝိညာဉ်အရှိန်အဝါများမှာ တောက်လောင်နေသော အနက်ရောင်မီးလျှံများကဲ့သို့ ထွက်ပေါ်နေသည်။

ခဏချင်းမှာပင် ဝိညာဉ်ဗီဇစိတ်သာ ကျန်တော့သော အနက်ရောင်အစက်လေးများမှာ အသံတိတ်သွားကြပြီး ပျောက်ကွယ်သွားတော့သည်။

ဤတောရိုင်းမြေပြင်မှာ ချက်ချင်းဆိုသလို ပြန်လည်တိတ် ဆိတ်သွားပြီး အေးစိမ့်သော လေအဝေ့ကိုသာ ခံစားရတော့ သည်။

အနက်ရောင်အစက်လေးများ အားလုံးကို ပြန်အန်ထုတ်ပြီးနောက်တွင်တော့...

အနက်ရောင်မြူလုံးမှာ မူလအရွယ်အစားသို့ ပြန်ပြောင်းသွားပြီး အရောင်မှာလည်း မီးခိုးရောင် ပြန်ဖြစ်သွားသည်။

ဘောလုံးအရွယ်ခန့်ရှိသော မြူလုံးလေးမှာ လေထဲတွင် ဝေဝေဝါးဝါး လွင့်မျောနေပြီး "ဘာလို့လဲ... သူ ငါ့ကို လိုအပ်နေသေးတယ်..."

"ဒီအတိုင်း ဆက်သွားရင် သူ့ကို ကာကွယ်ဖို့နေနေသာသာ၊ မင်းရဲ့ အသိစိတ် ပျောက်ဆုံးသွားတဲ့အခါ မင်း ပထမဆုံး သတ်မယ့်သူက သူ ဖြစ်လိမ့်မယ်"

ကျန်းလင်က မြူလုံးလေးကို တစ်ချက်ကိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း သူ့ရဲ့ကံကြမ္မာကို ဝင်ရောက်စွက်ဖက်တဲ့ အကြိမ်တိုင်းမှာ မင်း ပိုပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံရလိမ့်မယ် ငါ လာမတားရင်တောင် မင်း နောက်တစ်ကြိမ်အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

အကယ်၍ လူသားတစ်ဦးက မိမိဘာသာ နည်းလမ်းရှာ၍ အသက်ရှင်ခဲ့လျှင် သို့မဟုတ် အခြားသူကို ကယ်ခဲ့လျှင် ပြဿနာမရှိပေ။

သို့သော် အကယ်၍ လူသားမဟုတ်သော ထူးခြားစွမ်းအားများက လူသားတစ်ဦး၏ ကံကြမ္မာကို ဝင်ရောက်စွက်ဖက်လျှင်တော့ ဤသည်မှာ မရဏကမ္ဘာ၏ စီရင်ပိုင်ခွင့်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

[အစ်ကိုကြီးကတော့ မိမိုက်နေပြန်ပြီ]

[တခြားသူကို ကာကွယ်ချင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ရမှာပေါ့]

[ငါ ရုတ်တရက် သိချင်လာတာ... သူတို့က ဘာပတ်သက်တာလဲ၊ ချစ်သူတွေလား၊ သူငယ်ချင်းတွေလား ဒါက တကယ့်ကို လေးစားစရာပဲ]

[ငါလည်း သိချင်တယ်]

[ငါ 'ဖေဖေ' ဆိုတဲ့ အသံကို ကြားလိုက်ရသလိုပဲ...]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ အမျိုးမျိုးပြောဆိုနေကြသည်။

မြူလုံးလေး၏ စိတ်ကူးကို သူတို့ နားလည်နိုင်သော်လည်း... စောစောက အနက်ရောင်အစက်လေးများကို ဝါးမြိုနေသည့် မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။

ထိုအရာမှာ နောက်တစ်စက္ကန့်တွင် မကောင်းဆိုးဝါးကြီး တစ်ကောင် မွေးဖွားလာတော့မည့်အတိုင်းပင်။

သူတို့မှာ စောင်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အသက်ရှူရန်ပင်မေ့နေခဲ့ကြသည်။

အစ်ကိုကြီး ပေါ်လာပြီး တံပိုး နှင့် တစ်ချက်ရိုက်လိုက်မှသာ ထိုကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါများ ပျောက်ကွယ်သွားတော့သည်။

[အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် မနက်ဖြန် မေမေက ဘာလို့ ဘောင်းဘီတွေ ခဏခဏ လျှော်နေရတာလဲလို့ မေးနေဦးမယ်]

[မင်းက ရင့်ကျက်တဲ့ ပရိသတ်တစ်ယောက် ဖြစ်နေပြီပဲ၊ ဘောင်းဘီ အပိုဆောင်ထားတတ်ဖို့ သင်ယူထားရမယ်လေ]

[...]

ကျန်းလင်က မရဏလမ်းကြောင်းကို ဖွင့်လိုက်သည်ကို မြင်သောအခါ ထိုမြူလုံးလေးမှာ စိုးရိမ်တကြီး ဖြစ်လာသည်။

"သူ... သူ နောင်ကျရင် ဘယ်လိုဖြစ်လာမှာလဲ"

ကျန်းလင်က မျက်ခုံးပင့်လိုက်ပြီး "မင်း သူ့ကံကြမ္မာကို ပြောင်းလဲခဲ့တုန်းက ဒါကို ထည့်မတွေးခဲ့ဘူးလား"

မြူလုံးလေး ချက်ချင်းအသံတိတ်သွားသည်။ ထိုအချိန်က ၎င်းသည် တကယ်ပင် ဘာကိုမျှ ထည့်မတွေးနိုင်ခဲ့ပေ။

ကျန်းလင်က ၎င်းကိုကိုင်ကာ မရဏလမ်းကြောင်းထဲသို့ လျှောက်လှမ်းရင်း "ဝိညာဉ်တွေဆိုတာ ကိုယ်တိုင်က အပြောင်းအလဲတစ်ခုပဲ ဝိညာဉ်တွေက အတင်းအဓမ္မ ပြောင်းလဲလိုက်တဲ့ ကံကြမ္မာဟာ ပိုပြီးခန့်မှန်းရ ခက်ခဲသွားလိမ့်မယ် သူ ပိုပြီး ဆိုးဆိုးရွားရွားသေသွားနိုင်သလို၊ သက်တမ်းစေ့လည်း နေသွားရနိုင်တယ်..."

ဝိညာဉ်ထိန်းသိမ်းရေးသမားများ၏ စာရင်းထဲမှ အကြိမ်ကြိမ် ပျောက်ကွယ်သွားခဲ့သည့် ထိုအချိန်မှစ၍ သူမ၏ကံကြမ္မာမှာ ပြောင်းလဲခဲ့ပြီဖြစ်သည်။

ကျန်းလင်ကတော့ ဝိညာဉ်များကိုသာ တာဝန်ယူသည်။

ဤကံကြမ္မာပြောင်းလဲသူကို ပြန်ခေါ်သွားရန်သာ သူ ဂရုစိုက် သည်။

ကျန်ရှိနေသော တစ်ဦးမှာ လူသားအဆင့်မှာပင် ရှိသေးသဖြင့် သူနှင့် မသက်ဆိုင်ပေ။

မရဏကမ္ဘာသို့ ပြန်ရောက်၍ တာဝန်အပ်နှံပြီးနောက် ကျန်းလင် တိုက်ရိုက်ထုတ်လွှင့်ချိန်ကို ကြည့်လိုက်သည်။

"အင်း... ဒီနေ့အတွက် သုံးကြိမ်စလုံး ပြီးသွားပြီပဲ"

အမှတ် ၆၀၀ ရရှိခဲ့သည်။ ထို့အပြင် တာဝန်မှရရှိသော ဝိညာဉ်ကျောက်တုံးနှင့် ကျင့်ကြံခြင်းကတ်များလည်း ရရှိခဲ့သည်။

တာဝန်တစ်ခုတည်းနှင့် ဆုနှစ်မျိုးရသည့် ဤပုံစံမှာ အတော်လေး အဆင်ပြေလှပေသည်။

...

နောက်တစ်နေ့...

အိပ်ဆောင်တွင် အနားယူနေသော ယဲ့ရင်သည် ရုံးခန်းသို့ ခေါ်ယူခြင်း ခံရသည်။

ထို့နောက် အထက်လူကြီးက သူမထံသို့ ပန်းချီကားတစ်ချပ် ကမ်းပေးလိုက်သည်။ ပန်းချီကားပေါ်မှ အကြောင်းအရာကို မြင်လိုက်ရသည့် ခဏတွင် ယဲ့ရင်မှင်သက်သွားတော့သည်။

မီးလျှံများနှင့် မီးခိုးများ ပြည့်နှက်နေသော စင်္ကြန်လမ်းတွင် အခန်းတစ်ခုထဲမှ မီးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး စင်္ကြံပေါ်ရှိ လူရိပ်ကို လွှမ်းခြုံသွားသည့် မြင်ကွင်းပင်။

"ဒါက..."

ဤသည်မှာ မနေ့က သူမ ကြုံတွေ့ခဲ့ရသည့် အရာဖြစ်သဖြင့် သူမ ကောင်းကောင်းမှတ်မိသည်။

ကျောပေါ်တွင် လူရှိနေသဖြင့် ထိုအချိန်တွင် သူမသည် ပေါက်ကွဲမှုကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။

သို့သော်... ထိုမီးနဂါးရှေ့တွင် ကာကွယ်ပေးထားပြီး သူမတို့ နှစ်ဦးကို ဖုံးလွှမ်းပေးထားသော အနက်ရောင်မြူခိုးကိုမူ သူမ ယခုမှ မြင်ဖူးခြင်းဖြစ်သည်။

ပန်းချီကားထဲတွင် မြူခိုးထုမှာ မီးကို ကာရုံသာမက ၎င်းကိုယ်တိုင်ကပင် တဟုန်းဟုန်း တောက်လောင်နေသယောင် ရှိနေသည်။

ယဲ့ရင်၏အသက်ရှူသံများ မြန်လာ၏။

ဤမြင်ကွင်းမှာ အလွန်ရင်းနှီးနေသည်။ ထိုအချိန်က ခံစားချက်မှာလည်း အလွန်ရင်းနှီးနေသည်။

ထိုဘေးကင်းလုံခြုံပြီး ကျဉ်းမြောင်းသော နေရာလေး...

သူမသည် အထက်လူကြီးကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ဒါက ဘယ်က ရတာလဲ"

'ဘာလို့ သူမကို ဒါကို ပြတာလဲ ပြီးတော့ ဒါက တကယ်ပဲလား'

"..."

အထက်လူကြီးက သူမကို ကြည့်ကာ ဝမ်းနည်းမှု အနည်းငယ် စွက်နေသော လေးနက်သည့် မျက်နှာထားဖြင့် "ဒါက မနေ့က 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်မှု' ထဲက အဖြစ်အပျက်ပဲ တစ်ယောက်ယောက်က အဲဒီမြင်ကွင်းကို ပြန်ပုံဖော်ထားတာ"

အကြောင်းအရာ အားလုံးကို ပြောပြပြီးနောက်တွင်တော့ သူက စိုးရိမ်မှုများကိုပါ ဖွင့်ဟလိုက်သည်။

"မင်း နောက်တန်းကို ပြောင်းမလား၊ ဒါမှမဟုတ် တခြား အလုပ်တစ်ခုခု လုပ်မလား"

ဤမေးခွန်းကို မေးရခြင်းမှာ တစ်ခုမှာ ထိုမြူလုံးလေးမှာ မည်သူဖြစ်ကြောင်း သူတို့ ခန့်မှန်းမိသွားခြင်းဖြစ်ပြီး၊ နှစ်ခုမှာ ကျန်းလင် ထွက်ခွာသွားစဉ်က ပြောခဲ့သော စကားကြောင့် ဖြစ်သည်။

ပိုဆိုးရွားစွာ သေသွားနိုင်သည်... ခန့်မှန်းရ ခက်ခဲသော ကံကြမ္မာ... သူမ၏အလုပ်အန္တရာယ်ကို တတ်နိုင်သမျှ လျှော့ချပေးရန် သူတို့ ကြိုးစားကြည့်ခြင်း ဖြစ်သည်။

"မလုပ်ပါနဲ့ ကျွန်မ ဆက်လုပ်နိုင်ပါတယ်"

ယဲ့ရင်က တွန့်ဆုတ်မနေဘဲ ငြင်းဆိုလိုက်သည်။

"တကယ်လို့ သေရမှာ သေချာနေတယ်ဆိုရင်တောင် ကျွန်မကတော့ မီးလောင်ပြင်ထဲမှာ လူကယ်ရင်း သေရတာကိုပဲ ရွေးချယ်ပါတယ်"

အထက်လူကြီးမှ "မလောပါနဲ့၊ ထပ်ပြီး သေချာစဉ်းစားကြည့်ဦး"

"ဟုတ်ကဲ့"

ရုံးခန်းထဲမှ ထွက်လာပြီးနောက် ယဲ့ရင်သည် လက်ထဲမှ ပန်းချီကားကို ကြည့်ကာ မျက်ရည်များ အသံတိတ် စီးကျနေတော့သည်။

"တကယ်ပဲ ရှင်ဖြစ်နေတာပဲ..."

ရှစ်နှစ်တာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ တော်လောက်ပါပြီ၊ တကယ်ကို လုံလောက်ပါပြီ။

ရှင် လုပ်ရမယ့် အလုပ်တွေကို သွားလုပ်လို့ ရပါပြီ။ ကျွန်မလည်း ရှင်ဖြစ်ချင်ခဲ့တဲ့ အသက်ရှင်မှုမျိုးနဲ့အတူ ဆက်ပြီး လျှောက်လှမ်းသွားပါ့မယ်။

...

အခန်းဖော်များ ပြန်လာသောအခါ ယဲ့ရင်သည် ခုတင်ပေါ်တွင် လှဲနေသည်ကို တွေ့ရသည်။

မနေ့က အဖြစ်အပျက်ကို သူတို့လည်း ကြားသိခဲ့ရသည်။

ထွက်ခွာသွားပြီဟု ထင်ထားသောသူက မိမိတို့ဘေးမှာ အမြဲရှိနေပြီး စောင့်ရှောက်ပေးခဲ့သည်ဆိုသော အချက်မှာ ရုပ်ရှင်ထဲကအတိုင်း အလွန်ရင်နင့်စရာကောင်းလှသည်။

အမြဲရှိနေသော်လည်း တစ်ဖက်လူကို မမြင်ရသလို၊ စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ကြပေ။

ယဲ့ရင် အိပ်ပျော်နေသည်ကို မြင်သောအခါ သူတို့ လုပ်ပေးနိုင်သည်မှာ တိတ်ဆိတ်စွာနေပေးခြင်းသာ ရှိသည်။

'အချိန်တွေ ကုန်ဆုံးသွားရင် အရာအားလုံး ပြန်ကောင်းလာမှာပါ'

ယဲ့ရင် အိပ်မက် ထပ်မက်ပြန်သည်။ အိပ်မက်ထဲက အရာအားလုံးမှာ အလွန်ရင်းနှီးနေသည်။ ၉ တန်း (Grade 10) နွေရာသီ ကျောင်းပိတ်ရက်တုန်းက သတင်းကြားပြီး သူမ သူ့ဆီ ပြေးသွားခဲ့သည့် အချိန်။

"မုရွှမ်း ရှင် နောင်ကျရင် မီးသတ်သမား လုပ်မယ်ဆိုတာ တကယ်လား"

ဘတ်စကက်ဘော ကစားနေသော ကောင်လေးမှာ ဘောလုံးကို ပွေ့ချီကာ လှည့်ကြည့်လာသည်။

ကြည်လင်ပြီး နုနယ်သော မျက်နှာလေးဖြင့် ကောင်လေးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ

"တကယ်ပေါ့"

ဝဝကောင်မလေးက တွန့်ဆုတ်စွာ လျှောက်သွားရင်း

"ဒါပေမဲ့ အဲဒါက အရမ်းအန္တရာယ်များတယ်လို့ ကျွန်မ ကြားတယ်"

"ဒါပေမဲ့ မီးထဲမှာ ပြေးလွှားပြီး အန္တရာယ်ကြားကနေ အသက်တွေကို ကယ်တင်ရတာ... အဲဒါက တော်တော်မိုက်တာ မဟုတ်ဘူးလား"

"အဲဒါဆို... ကျွန်မလည်း နောင်ကျရင် အဲဒါပဲ လုပ်မယ် ဒီနေ့ကစပြီး ဝိတ်ချတော့မယ်"

ကောင်မလေးက ဆုံးဖြတ်ချက်ချလိုက်သလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ကောင်လေးက ကြောင်သွားပြီး သူမ၏ ခေါင်းကို ပွတ်ကာ "မင်းက ဘာတွေ လိုက်လုပ်နေတာလဲ၊ ဒါက ငါ့အိပ်မက်လေ၊ မင်းက မင်းအလုပ် မင်းလုပ်ရင် ရပြီ"

"ဒါပေမဲ့..."

"ရပါပြီ၊ ဝိတ်ချရတာ ဘယ်လောက် ပင်ပန်းလဲ၊ မင်း ကြက်ကြော်တွေ၊ အာလူးကြော်တွေ၊ ကိုကာကိုလာတွေ မသောက်ချင်တော့ဘူးလား..."

"အားးးးးးးး ရှင် မပြောနဲ့တော့"

အားကစားကွင်းတွင် နေပူရှိန်က ပြင်းထန်နေပြီး သစ်ပင်ရိပ်များက ဝေ့ယမ်းနေသည်။

ဝဝကောင်မလေးက နားကို ပိတ်ထားပြီး ဘေးနားမှ ကောင်လေးကတော့ အားရပါးရ ရယ်မောနေတော့သည်။

...

"ဝူးဝူးဝူး "

ဥသြသံက ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုအခါ ယဲ့ရင်သည် ခုတင်ပေါ်မှ ချက်ချင်းထကာ အပြင်သို့ ပြေးထွက်ခဲ့သည်။

ထို့နော် သူမသည်အသင်းဖော်များနှင့်အတူ ဝတ်စုံအပြည့်ဖြင့် ကားပေါ်တက်ကာ ထွက်ခွာခဲ့၏။

သူမသည် ယခုအခါ သူ့အတွက်ပါ ကိုယ်စားပြုပြီး မီးလောင်ပြင်ထဲသို့ အတူတူပြေးဝင်သွားတော့မည်ဖြစ်တော့သည်။

🫧 Chapter 76

"ဒီတစ်ခါတော့ ငါတို့အနိုင်ပဲ မင်းတို့ အရှုံးပေးလိုက်တော့"

"ငါ့ရဲ့ အဆုံးသတ်သိုင်းကွက်ကို ကြည့်လိုက်! လေဆင် နှာမောင်း မိုးကြိုးမုန်တိုင်း"

"ဟယ်လို ကျွန်တော် အခု ဘတ်စ်ကားပေါ်မှာ၊ မကြာခင် ရောက်တော့မယ်၊ မလောပါနဲ့ဦး"

လှုပ်လှုပ်ရွရွ ဖြစ်နေသော ဘတ်စ်ကားပေါ်တွင် ခရီးသည်အချို့မှာ မတ်တတ်ရပ်လျက်၊ အချို့မှာ ထိုင်လျက်၊ အချို့က နေကြာစေ့များ ဝါးနေကြပြီး၊ အချို့က ဖုန်းပြောနေကြသည်၊ အချို့ကတော့ နားကြပ်တပ်ကာ သီချင်းနားထောင် သို့မဟုတ် ဇာတ်လမ်းကြည့်နေကြသည်။

ကားပေါ်ရှိ နေရာလွတ်မှာ သိပ်မကျပ်လှဘဲ လူအတက်အဆင်းမှာလည်း ပုံမှန်ရှိနေသည်။

ကျန်းလင်မှာမူ ဘတ်စ်ကား၏အမိုးပေါ်တွင် ထိုင်နေပြီး ညာဘက်ခြေထောက်ကို သက်သောင့်သက်သာ ခေါက်ထားကာ ရှေ့သို့ လှမ်းကြည့်နေ၏။

ကားလေး လှုပ်လှုပ်ရွရွနှင့် ရှေ့သို့ တိုးလာသည်နှင့်အမျှ လမ်းဘေးမြင်ကွင်းများမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။

သစ်ပင်ရိပ်များ၊ အိမ်ခြေများ၊ လှိုင်းကလေးများ ထနေသော ရေမျက်နှာပြင်များနှင့် လေထဲတွင် ပင်လယ်ရနံ့ကို ရရှိနေပြီဖြစ်သည်။

[အစ်ကိုကြီးက အစီအစဉ်မရှိ ခရီးထွက်နေတာလား]

[ဒီနေရာက ပင်လယ်နားက ဒေသတစ်ခုပဲ၊ မြေပုံပေါ်မှာ အဲဒီလို ပြထားတယ် ဟားဟား...]

[အစ်ကိုကြီးက ဘာလို့ ကားအမိုးပေါ်မှာ ထိုင်နေတာလဲ၊ ဒါမှမဟုတ် ဒီကားပေါ်က လူတွေအားလုံးက... တစ်ခုခု ဖြစ်တော့မှာလား]

[ဟိုး... အပေါ်ကလူ၊ ငါ့ကို လာမခြောက်ပါနဲ့]

[အစ်ကိုကြီးက ဒီအတိုင်း လျှောက်လည်တာလို့ပဲ ငါယုံချင်တယ်၊ ဥပမာ ရှုခင်းကြည့်တာမျိုး]

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ အမျိုးမျိုး ဆွေးနွေးနေကြသည်။

ထုတ်လွှင့်မှုထဲ ဝင်ဝင်ချင်းမှာပင် လှပသော ရှုခင်းကို မြင်လိုက်ရသဖြင့် ကျန်းလင်က ခရီးထွက်နေသည်ဟုပင် ထင်မှတ်သွားကြသည်။

သို့သော် ထိုအတွေးကို သူတို့ကိုယ်တိုင်ပင် ပြန်မယုံနိုင်ကြပေ။

အဘယ်ကြောင့်ဆိုသော် သူထွက်လာတိုင်း အမြဲတမ်း တစ်ခုခုရှိနေတတ်သောကြောင့် ဖြစ်သည်။

ကျန်းလင်သည် ရှုခင်းကို ခေတ္တကြည့်ပြီးနောက် ပရိသတ်များ၏ မှတ်ချက်များကို မြင်မှ သူလာရခြင်း၏ ရည်ရွယ် ချက်ကို မရှင်းပြရသေးကြောင်း သတိရသွားသည်။

သူတို့အား မလိုအပ်ဘဲ ထိတ်လန့်မနေစေရန် သူက တည်ငြိမ်စွာပင် "ဒီတစ်ခေါက်က ဝိညာဉ်တစ်‌‌ယောက်ကို လာကြိုတာပဲ၊ အများကြီး မတွေးကြပါနဲ့"

ထိုစကားကြောင့် ပရိသတ်များမှာ သက်ပြင်းချနိုင်သွားကြသည်။

သို့သော် ယခုတစ်ခေါက်တွင် မည်သူမျှ ဖုန်းများ အလောတ ကြီးဆက်ခြင်းမရှိတော့ပေ။

ရဲတပ်ဖွဲ့မှ လူများပင်လျှင် မဆင်မခြင် လှုပ်ရှားခြင်း မပြုတော့ပေ။

သူ၏ စကားမှာ အများကြီးမတွေးရန်ဟု ဆိုသော်လည်း တစ်ဖက်တွင် သတိပေးချက်တစ်ခုနှင့်လည်း တူနေသည်။

ယခင် ယဲ့ရင် အဖြစ်အပျက်တုန်းက ကျန်းလင် ပြောခဲ့ဖူးသလိုပင် ဝိညာဉ်၏စွမ်းအားကိုအသုံးပြု၍ လူသား၏ ကံကြမ္မာကို အတင်းအဓမ္မ ပြောင်းလဲခြင်းမှာ ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

ကျန်းလင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် လူကယ်ခြင်းက မည်သို့သော နောက်ဆက်တွဲရလဒ်များ ဖြစ်လာနိုင်သည်ကို သူတို့ မသိကြပေ။

အရေးကြီးဆုံးမှာ... သူတို့ တစ်ခါမျှ လူကယ်ရာတွင် မအောင်မြင်ခဲ့ခြင်းပင်။ ဥပမာ ရဲအရာရှိ လျန်ကျန့် တုန်းကဖြစ်စေ၊ စာရေးဆရာ ရန်စစ်မင်တုန်းကဖြစ်စေ...မအောင်မြင်ခဲ့ကြပေ။

ယဲ့ရင်၏အဖြစ်အပျက်နောက်ပိုင်းတွင် ၎င်းတို့သည် ဤအရာများကို ဝင်ရောက်စွက်ဖက်သင့်၊ မသင့် စတင်စဉ်းစားလာကြသည်။

"တိန် တိန် ရေပန်းလမ်းကို ရောက်ပါပြီ၊ ဆင်းမည့်ခရီးသည်များ နောက်တံခါးမှ ဆင်းပေးပါရန်"

"နောက်တစ်မှတ်တိုင် ပင်လယ်ကြည့်လမ်း ၊ ဆင်းမည့်သူများ ကြိုတင်ပြင်ဆင်ထားပါရန်"

ထို့နောက် ဘတ်စ်ကားမှာ လှုပ်လှုပ်ရွရွနှင့်ရပ်တန့်သွားပြီး ခရီးသည်များ ဆင်းပြီးနောက် ရှေ့သို့ ဆက်လက်မောင်းနှင်သွားသည်။

ကားမှာ တစ်ခါရပ် တစ်ခါလှုပ်နှင့်ဖြစ်နေသဖြင့် တစ်ဦးမှာ မအောင့်နိုင်တော့ပေ။

"အော့"

အလယ်တန်းကျောင်းသူလေးတစ်ဦးမှာ ပျို့အန်နေတော့ သည်။

သူမသည် သူမ ကိုယ်ပေါ်တွင် သင်တန်းကျောင်း၏ လွယ် အိတ်လေးကို လွယ်ထား၏။

"အော့"

"သမီးလေး၊ သမီးလေး"

ဘေးနားရှိ ထိုင်ခုံမှ အဘွားအိုတစ်ဦးက ကောင်မလေး၏ အင်္ကျီစကို ဆွဲလိုက်သည်။

"ကားမူးနေတာလား ဒီမှာ လာထိုင်လိုက် လာ...လာ"

"ရပါတယ် အဘွား၊ အဘွားပဲ ထိုင်....အော့"

ကျောင်းသူလေးက ငြင်းရန် ကြိုးစားသော်လည်း အဘွားမှာ ထရပ်လိုက်ပြီဖြစ်သည်။

"သွားထိုင်လိုက်ပါ၊ ကားမူးတာ အရမ်းပင်ပန်းတယ်၊ အဘွားက မကြာခင် ဆင်းတော့မှာပါ"

"ဒါဆို... ကျေးဇူးတင်ပါတယ် အော့"

ကျောင်းသူလေးမှာ တကယ်ပင် ခံစားရခက်နေသဖြင့် ဝေခွဲမရဖြစ်ရင်း ထိုင်လိုက်ရသည်။

ကံကောင်းထောက်မစွာပင် နောက်တစ်မှတ်တိုင်တွင် အဘွားမှာ တကယ်ပင် ဆင်းသွားခဲ့သည်။

ကားအမိုးပေါ်တွင် ထိုင်နေသော ကျန်းလင်းသည်လည်း လွင့်မျောကာ ကားပေါ်မှဆင်းလိုက်၏။

ကားမှတ်တိုင်တွင် ရပ်လျက် မနီးမဝေးရှိ ပင်လယ်ကြီးကို ကြည့်ကာ အဘွားမျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အပြုံးကြောင့် စုဆုံသွားကြသည်။

သူမသည် သူမ၏ ငွေရောင်ဆံနွယ်များကို အနောက်တွင် စုစည်းချည်နှောင်ထားပြီး အပြာရောင် ပန်းပွင့်လေးများပါသော အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီ၊ ပါးလွှာသော ဖိနပ်ကို ဝတ်ဆင်ထားသည်။

သူမသည် တစ်လှမ်းချင်း ပင်လယ်ရှိရာဆီသို့ လျှောက်သွား၏။

သူမ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး သွက်လက်ဆဲပင်။

[အဘွားက တစ်ယောက်တည်း ပင်လယ်လာကြည့်တာလား သူ့သားသမီးတွေကော]

[ငါလည်း အရင်က အဘိုးအဘွားတွေကို ထိုင်ခုံ 'အတင်း' ပေးခဲ့ရဖူးတယ်၊ အဲဒီလူကိုလည်း ဒီတိုက်ရိုက်ထုတ်လွှင့်မှု လာကြည့်စေချင်လိုက်တာ]

[တကယ် ကောင်းပါတယ်၊ ကားမူးတာ တကယ် ခံရခက်တယ်၊ ထိုင်လိုက်ရရင် မပျောက်ရင်တောင် အနည်းဆုံးတော့ သက်သာသွားတာပေါ့]

[အဘွားက ပင်လယ်ထဲ ခုန်ချမှာမဟုတ်ပါဘူးနော် ဒါမှမဟုတ် ဆူနာမီတွေ ဘာတွေ ရုတ်တရက် ဖြစ်လာမလား]

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်အချို့မှာ ခေါက်ဆွဲစားနေကြသည်၊ အချို့မှာ လမ်းဘေးတွင် လူစောင့်နေကြသည်၊ အချို့မှာတော့ လေအေးပေးစက်ခန်းထဲတွင် လှဲရင်း ဖုန်းကြည့်နေကြသည်။

အခြားသူ၏သေဆုံးမှုကို မပြောင်းလဲနိုင်လျှင်တောင် တိုက် ရိုက်ထုတ်လွှင့်မှု ကြည့်ခြင်းမှာ သူတို့အတွက် အလေ့အထတစ်ခု ဖြစ်လာခဲ့ပြီ။

ဤတိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် လောက၏ အနိမ့်အမြင့်၊ အတက်အကျများကို မြင်တွေ့ရခြင်းက သူတို့၏ စိတ်ထဲတွင် တစ်ခုခု ကျန်ရစ်စေသည်။

တစ်ဖြည်းဖြည်းနှင့် စုဆောင်းမိလာသော ထိုခံစားချက်များသည် ဘဝ၏ တစ်ကွေ့တစ်နေရာတွင် ရုတ်တရက် အသုံးဝင်လာပေလိမ့်မည်။

မြင်ကွင်းထဲတွင် အဘွားသည် ပင်လယ်ကမ်းစပ်ရှိ ရှုခင်းကြည့်စင်သို့ ရောက်ရှိလာပြီး နေရာတစ်ခုတွင် ထိုင်ချလိုက်၏။

ထို့နောက် လွယ်အိတ်ထဲမှ ထီးနှင့် ရေဘူးကို ထုတ်လိုက်ကာ ထီးကို ဖွင့်ပြီးနောက် လက်တစ်ဝါးစာအရွယ် ဓာတ်ပုံဘောင်လေးတစ်ခုကို ထုတ်လိုက်သည်။

ဓာတ်ပုံထဲတွင် လမ်းဘေးတွင် ရပ်လျက် ကင်မရာကို ပြုံးပြနေသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ပုံရှိသည်။

"အဘိုးကြီး၊ အတူတူ ပင်လယ်ကြည့်ရအောင်"

အဘွားက ပြုံးလိုက်ပြီး ဓာတ်ပုံဘောင်ကို ပေါင်ပေါ်တွင် လက်နှစ်ဖက်နှင့် အုပ်မိုးတင်ထားကာ ပင်လယ်ကြီးကို လှမ်းကြည့်နေသည်။

ထိုနေရာ၌ ထိုင်‌နေချိန်တွင်တိုးဝှေ့လာသော လေညင်းတွင် ပင်လယ်နံ့များ ပါလာပြီး အဝေးမှ ကလေးငယ်များ၏ ရယ်သံများကို ကြားနေရသည်။

ကောင်းကင်ယံမှ တိမ်တိုက်များမှာ တဖြည်းဖြည်း နွေးထွေးသော လိမ္မော်ရောင်သို့ ပြောင်းလဲသွားပြီး ပြာလွင်သော ပင်လယ်ပြင်ပေါ်တွင် လှိုင်းများနှင့်အတူ မြင်တွေ့နေရသည်။

"ဒီမှာက အမြဲတမ်း လှနေတုန်းပဲနော်၊ ဟုတ်တယ်မလား အဘိုးကြီး"

အဘွား၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေပြီး မျက် လုံးကို မှိတ်လိုက်ကာ မျက်ရည်တစ်စက်မှာ ပါးပြင်ပေါ်သို့ စီးကျလာသည်။

ငါ လာပြီနော် အဘိုးကြီး...

"..."

လေထဲသို့ တဖြည်းဖြည်း လွင့်တက်လာသော ဝိညာဉ်ကို ကြည့်ကာ အဘွားမှာ ဤမျှ တိတ်ဆိတ်စွာ ထွက်ခွာသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

မတော်တဆမှုများလည်း မရှိ၊ ဘေးအန္တရာယ်များလည်း မရှိ၊ ဤကဲ့သို့ အေးချမ်းစွာပင် ဘဝ၏နောက်ဆုံးခရီးကို လျှောက်လှမ်းသွားခဲ့သည်။

မတော်တဆ သေဆုံးမှုများစွာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်များမှာ ဤကဲ့သို့ ထွက်ခွာရခြင်းမှာလည်း လှပသော နည်းလမ်းတစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသည်။

'ဘဝမှာ အမြဲတမ်း အနိမ့်အမြင့်တွေ၊ ခမ်းနားထည်ဝါမှုတွေ ရှိနေဖို့ မလိုပါဘူး'

'ရိုးရှင်းတဲ့ ဘဝတစ်ခုကလည်း ကောင်းမွန်တဲ့ရှင်သန်နည်းတစ်မျိုးဖြစ်တယ်မဟုတ်လား'

[ငါလည်း နောင်ကျရင် ဒီလိုပဲ ဖြစ်မှာပါ၊ ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲ တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်သွားမယ်]

[ဘဝရဲ့ အဆုံးသတ်ကို မြင်လိုက်ရသလိုပဲ၊ ငါက အသက် ၂၀ ပဲ ရှိသေးတာကို...]

['စွမ်းလဲ့ရူယန်' က Host ကို လေယာဉ်ပျံ ၁ စီး လက်ဆောင်ပေးလိုက်သည်]

[အမ် Hsot က ဘယ်သွားတာလဲ]

ကျန်းလင်သည် ဝိညာဉ်ကို ဝိညာဉ်အိတ်ထဲသို့ ခေတ္တထည့်ထားပြီး ထိုနေရာမှထွက်မသွားသေးပေ။

ထိုအစား အခြားတစ်ဖက်ရှိ သဲသောင်ပြင်ဆီသို့ လွင့်မျောသွားသည်။

"မန္တန်စာရွက်တွေ ရောင်းမယ်ဗျို့၊ သရဲနှင်နိုင်တယ်၊ သရဲကိုလည်း ချုပ်နှောင်နိုင်တယ်၊ ထူးခြားတဲ့ အာနိသင်တွေလည်း ရှိတယ်နော်"

"ဖက်ရှင်အသစ် ရေကူးဝတ်စုံတွေ၊ ရေကူးကွင်းတွေက အမိုက်ဆုံးပဲ"

လှပသော နေရောင်ခြည်နှင့်အတူ ပင်လယ်ကမ်းစပ်တွင် ဈေးသည်များ၏ အော်ဟစ်သံများ၊ ရယ်မောသံများရော နှောနေတော့သည်။

All Chapters