← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

🌹Chapter 201

မြေကြီးပေါ်မှ ထိုမျက်နှာဖုံးလေးကို ယန်ရုန်ရုန် သွားကောက်လိုက်သည်။

မျက်နှာဖုံးလေးက အကြမ်းထည် ဖန်တီးထားခြင်းဖြစ်ပြီး ဆီဆေးများဖြင့် အလွန်တရာမှ အရုပ်ဆိုးအကျည်းတန်လှသော မျက်နှာတစ်ခုကို ရေးဆွဲထားပါသည်။

မျက်နှာဖုံးပေါ်မှ ဖုန်များကို ယန်ရုန်ရုန် ခါချရင်း သူမ မျက်နှာပေါ်တပ်ကာ လင်းယွမ်အား လှည့်မေးလိုက်သည်။

“ဘယ်လိုလဲ၊ ကျွန်မ ကြောက်ဖို့ကောင်းရဲ့လား”

သူမ မျက်နှာပေါ်မှ မျက်နှာဖုံးကို လင်းယွမ်ကြည့်လိုက်ပြီး စောနက ကလေးများ ပြောဆိုသွားသည့် စကားလုံးများကို ပြန်လည်ကြားယောင်သွားခဲ့သည်။

ယန်ဟဲမိန်က နတ်ဆိုးမျိုးနွယ်ကို အရိုးထဲထိစွဲအောင် မုန်းတီးပါသည်။ ‘နတ်ဆိုးတိုင်းကို သုတ်သင်ပြီး လောကကို ကာကွယ်ရမည်’ဟူသော အယူဝါဒကို သူ့အသက်ဝိညာဉ်ထဲသူ ရိုက်သွင်းခဲ့ရုံတင်မဟုတ်ဘဲ ယန်မိသားစုဝင်တိုင်း၏ ခေါင်းထဲကိုလည်း ရိုက်သွင်းပေးခဲ့သည်။

ထို့နည်းတူစွာ ရှန်းလန်တစ်မြို့လုံးကလည်း နတ်ဆိုးများကို စက်ဆုပ် မုန်းတီးကြသည်။

ဤမြို့တွင် လူကြီးလူငယ် ကျားမမရွေး ‘နတ်ဆိုး’ဟူသည့် အသံကို ကြားလိုက်ရရုံနှင့် သတ်ချင်ဖြတ်ချင်စိတ်များ အလိုလို ပေါ်ပေါက်လာတတ်ကြသည်။ အများစုက နတ်ဆိုးများကို တစ်ခါမှ မမြင်ဖူးကြသော်လည်း ၎င်းတို့၏ အငြှိုးတရားများကတော့ အများနည်းတူ ကြီးမားကြပါသည်။

သူတို့စိတ်ထဲတွင် နတ်ဆိုးဟူသည်မှာ ဒီမျက်နှာဖုံးကဲ့သို့ပင် အကျည်းတန်၊ စက်ဆုပ်စရာကောင်းပြီး ကြောက်စရာ ကောင်းနေလိမ့်မည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် လင်းယွမ် ပြန်ဖြေလိုက်ပါသည်။

“ရှောင်းရှောင်းဖြစ်နေသရွေ့ ဘယ်လိုမျက်နှာဖုံးပဲ ဝတ်ထားဝတ်ထား လှတယ်”

‘ထုံးစံအတိုင်း စကားချိုသွေးနေပြန်ပြီ’

ယန်ရုန်ရုန် မျက်နှာဖုံးကို ပြန်ချွတ်လိုက်ပြီး သေသေချာချာ အကဲခတ်ကာ ဆိုလိုက်သည်။

“ဒီလောက် အကျည်းတန်တဲ့ မျက်နှာမျိုးကို လှတယ်လို့ ရှင်ပြောထွက်တာ မယုံနိုင်ဘူး”

ထို့နောက် လင်းယွမ်လက်ထဲ မျက်နှာဖုံးကို ထည့်ပေးလိုက်ကာ လူယုတ်မာအပြုံးပြုံးလျက် ယန်ရုန်ရုန် ပြောလိုက်သည်။

“အဲ့လောက် လှနေတယ်လို့ ထင်ရင် ရှင်ပဲယူလိုက်တော့၊ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားပေါ့”

လင်းယွမ် မငြင်းနိုင်ခင် ယန်ရုန်ရုန် လှည့်ထွက်သွားပါပြီ။ သူ့လက်ထဲမှာ ကျန်ခဲ့သည့် မျက်နှာဖုံးလေးကို လင်းယွမ် ငုံ့ကြည့်လိုက်သည်။

မျက်နှာဖုံးက အမှန်တကယ် အကျည်းတန်လွန်းပါသည်။ သို့သော် သူမကိုယ်တိုင် ပေးခဲ့သည့်အရာဖြစ်၍ ဘယ် လောက်ပဲ အကျည်းတန်နေပါစေ သူသဘောကျသည်။

---

မကြာမီ သူတို့နှစ်ယောက် ယန်အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။

ယန်မိသားစုမှာ မဟာကျင့်ကြံခြင်း မျိုးနွယ်စုကြီး ၇ စုတွင် အထင်ရှားဆုံးဟူသည့် ဂုဏ်သတင်းနှင့် ကိုက်ညီလှပါသည်။ ခြံတံခါးကြီးကိုပင် တခမ်းတနား တည်ဆောက်ထားသည်။

ခြံတံခါးကြီး၏ ဘေးတစ်ဖက်တစ်ချက်ရှိ မြင့်မားလှသော နံရံကြီးများက အဆုံးမဲ့အောင် ရှည်လျားလွန်းလှသည်။ ဒီစံအိမ်ကြီး ဘယ်လောက်ထိ ကြီးမားကျယ်ပြန့်သလဲ ခန့်မှန်းရခက်ပေသည်။

ဝင်ပေါက်ရှေ့တွင် အစောင့်များ စောင့်ကြပ်နေကြသည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်ပြီး ချက်ချင်း သတိကပ်သွားကြကာ ယန်ရုန်ရုန့်ကို အကဲခတ်လိုက်ကြသည်။ ထို့နောက် ယန်ရုန်ရုန့်နောက်တွင် လိုက်လာသည့် လင်းယွမ်ကို လှမ်းကြည့်လိုက်ကြပါသည်။

အစောင့်များ၏ မျက်နှာများ ထူးဆန်းသွားကြသည်ကိုမြင်ပြီး ယန်ရုန်ရုန်လည်း နောက်လှည့်ကြည့်လိုက်သည်။

လင်းယွမ်တစ်ယောက် လက်နှစ်ဖက်ကို ဝတ်ရုံထဲ ထည့်သိမ်းထားကာ မတ်တပ်ရပ်နေပါသည်။ သူ့ကိုယ်ဟန်အနေအထားမှာ အရပ်ရှည်ပြီး ကျော့ရှင်းသဖြင့် မျက်စိကျစရာကောင်းသော်လည်း သူ့မျက်နှာပေါ်က အကျည်းတန်မျက်နှာဖုံးမှာတော့ မျက်စိစပါးမွေးစူးစရာဖြစ်နေပါသည်။

ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားသည်။

“ရှင်ဘာလို့ အဲ့ဒီမျက်နှာဖုံးကြီး တပ်ထားတာလဲ”

လင်းယွမ် မျက်နှာတစ်ခုလုံးကို မျက်နှာဖုံးက ဖုံးအုပ်ထားသဖြင့် မျက်လုံးနှစ်လုံးကိုသာ မြင်နိုင်သည်။ သူ့မျက်လုံးများ ပြုံးသွားဟန်ဖြင့် ကွေးသွားပြီး ပြန်ပြောလိုက်ပါသည်။

“ကိုယ့်ကို ရှောင်းရှောင်း ပထမဆုံးပေးဖူးတဲ့ လက်ဆောင်လေးမို့လို့လေ၊ တစ်ချိန်လုံးတပ်ထားမှ ဖြစ်မှာပေါ့၊ ဒါမှ ရှောင်းရှောင်းရဲ့ မေတ္တာတွေ အလကားမဖြစ်မှာ”

သူ့စကားလုံးများက ချိုသာလွန်းသဖြင့် သူစိမ်းတွေသာ ကြားသွားလျှင် သူတို့နှစ်ဦးကို အလွန်ချစ်မြတ်နိုးကြသော စုံတွဲတွေဟု ထင်သွားကြလောက်သည်။

ယန်ရုန်ရုန်က ပြတ်ပြတ်သားသား အမှန်ပြင်ပေးလိုက်ပါသည်။

“အဲ့မျက်နှာဖုံးက ကျွန်မဟာမှ မဟုတ်တာ၊ အဲ့တာကြောင့် ကျွန်မ လက်ဆောင်ပေးတာလို့ သတ်မှတ်လို့ရလို့လား၊ ပြီးတော့ ရှင့်အပေါ် ကျွန်မ ဘာ ‘မေတ္တာ’မှ မရှိဘူး၊ ကျွန်မတို့နှစ်ယောက် ဘာပတ်သတ်မှုမှ မရှိဘူး၊ အဖြူထည်သက်သက်ပဲ”

လင်းယွမ်က စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ ရှောင်းရှောင်းရယ်၊ ရှောင်းရှောင်းဘာပြောပြော ကိုယ်နားထောင်ပါမယ်”

သူ့လေသံက ယန်ရုန်ရုန် ဘယ်လိုပဲ ဂျစ်တိုက်နေပါစေ နားလည်ပေးမည့် လေသံမျိုးပေါက်နေပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် သရော်ကာ မေးလိုက်သည်။

“ရှင့်ကို နောက်ချေးပုံထဲ သွားလူးခိုင်းရင်ကော ကျွန်မစကား နားထောင်မှာလား”

လင်းယွမ်: “…”

လင်းယွမ် ဘာမှဆက်မပြောတော့ဘဲ စကားနားထောင်စွာဖြင့် ပါးစပ်ပိတ်ထားလိုက်တော့သည်။

မဟာဉာဏ်ကြီးရှင်ကို ပါးစပ်ပိတ်ပေးပြီးနောက် ‘ဖရဲသီး’စားနေသည့် အစောင့်နှစ်ယောက်ဘက်သို့ ယန်ရုန်ရုန် ပြန်လှည့်ကာ မေးလိုက်သည်။

“တဆိတ်လောက်၊ ယန်လင်းယွမ်က ဒီမှာနေတာလားမသိဘူး”

အစောင့်နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး တစ်ယောက်က မေးသည်။

“ခင်ဗျားက?”

ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။

“ကျွန်မက ကျုံးရှောင်းရှောင်းပါ၊ သူက ယင်ရှင်းတဲ့၊ ကျွန်မတို့နှစ်ယောက် ယန်လင်းယွမ်ရဲ့ သူငယ်ချင်းတွေပါ၊ ရှန်းလန်မြို့ကို လမ်းကြုံဝင်လာရင်းနဲ့ သူ့ဆီ လာလည်တာပါ”

အစောင့်တစ်ယောက်က ဆိုသည်။

“စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ တတိယသခင်လေး နာမကျန်းဖြစ်နေလို့ အနားယူဖို့ လိုအပ်လို့ပါ၊ အခုလောလောဆယ်တော့ ဧည့်သည်တွေကို လက်ခံနိုင်ဦးမှာ မဟုတ်လောက်ဘူး”

ယန်ရုန်ရုန် မေးလိုက်သည်။

“ဘာရောဂါဖြစ်တာလဲ၊ စိုးရိမ်ရလား”

“တော်တော်လေး စိုးရိမ်ရတယ်လို့ကြားတယ်၊ အသေးစိတ်ကိုတော့ အိမ်တော်သခင်ကြီးက မပြောတော့ ကျွန်တော်တို့လည်း မမေးရဲဘူး”

ယန်ရုန်ရုန်က ထပ်မေးသည်။

“သူဘယ်တုန်းက စပြီး နေထိုင်မကောင်းဖြစ်တာလဲ၊ ခဏလေးတောင် တွေ့လို့ တကယ်မဖြစ်တာလား၊ ပြူတင်းပေါက်အပြင်ကနေ ကြည့်လို့တောင်မရဘူးလား၊ သူ့အတွက် ကျွန်မတို့ တကယ် စိတ်ပူနေလို့ပါ”

“ကျွန်တော်တို့ ကြားမိတာတော့ ကျင်းကျိုးကနေ ပြန်ရောက် လာတာနဲ့ တတိယသခင်လေး သတိလစ်သွားတာတဲ့၊ အဲ့ဒီအချိန်ကတည်းက ကုတင်ပေါ်လဲနေခဲ့တာ၊ အိမ်တော်သခင်ကြီးနဲ့ လူကြီးတချို့ကလွဲပြီး သူ့ကို ဘယ်သူမှ တွေ့ခွင့်မရှိဘူး၊ ဧည့်သည်တို့ ရောက်လာတဲ့အကြောင်းကို ကျွန်တော် ပြန်ပြောပေးပါ့မယ်၊ အခုလောလောဆယ်တော့ ကျေးဇူးပြုပြီး ပြန်ကြပါဦး၊ တတိယသခင်လေး သက်သာလာမှ လာတွေ့လည်း နောက်မကျပါဘူး”

သူတို့နှစ်ယောက်ကို ပြန်ကြဖို့ အစောင့်နှစ်ယောက်က လက်ဟန်ပြလိုက်ပါသည်။ သူတို့၏ အပြုအမူများက ယဉ်ကျေးသော်လည်း ညှိနှိုင်းခွင့်ပေးမှာ မဟုတ်ကြောင်း ပြသနေ သည်။

အစောင့်များကို နှောင့်ယှက်နေရုံနှင့် ဘာမှမထူးနိုင်မှန်း ယန်ရုန်ရုန်သိပါသည်။ ထို့ကြောင့် တင်းကြပ်စွာ ပိတ်ထားသော တံခါးများကို တစ်ချက်လှမ်းကြည့်ရင်း လင်းယွမ်နှင့်အတူတူ ပြန်လှည့်လာခဲ့တော့သည်။

လုံခြုံသော အကွာအဝေးကို ရောက်သောအခါ ယန်ရုန်ရုန် တီးတိုးပြောလိုက်သည်။

“တစ်ခုခုတော့ မူမမှန်ဘူး”

လင်းယွမ်က ထိုအကျည်းတန်မျက်နှာဖုံးကို တပ်ထားဆဲဖြစ်သဖြင့် လမ်းသွားလမ်းလာများက အူကြောင်ကြောင်ဖြင့် တစ်ချက်တစ်ချက် လှည့်ကြည့်သွားကြပါသည်။

သို့သော် လင်းယွမ်ကတော့ ဂရုမစိုက်ဘဲ အေးအေးလူလူ လမ်းလျှောက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့ဒီကောင်လေးကို အကျယ်ချုပ်ချထားကြတာနေမှာပေါ့”

ယန်မိသားစုကဲ့သို့ ဂုဏ်သရေရှိ မျိုးနွယ်စုများအတွက် ဂုဏ်သိက္ခာက အရာရာပင်။

မိသားစုဝင်တစ်ဦးက မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းနေမည့် ကိစ္စတစ်ခုခုတွင် ပါဝင်ပတ်သတ်နေလျှင် ထိုမိသားစုက ‘နာမကျန်းဖြစ်သည်’ဟူသော အကြောင်းပြချက်ကို ပေးလျက် အကျယ်ချုပ်ချထားတတ်ကြပါသည်။

လောလောဆယ် ယန်လင်းယွမ်၏အခြေအနေကလည်း ထိုသို့ထင်ရသည်။

ယန်ရုန်ရုန် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ယန်လင်းယွမ်ရဲ့ မျိုးရိုးအစစ်အမှန်အကြောင်းကို ယန်ဟဲမိန် သိသွားပြီလား မသိဘူးနော်”

လင်းယွမ်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါသည်။

“ဘယ်ပြောတတ်မလဲ”

ယန်ရုန်ရုန် ဒီတိုင်း ရပ်စောင့်မနေချင်ပါ။ ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်သည်။

“အိမ်ရှေ့ကနေ ဝင်လို့မရဘူးဆိုတော့ ခိုးဝင်ဖို့ တခြားနည်းလမ်းရှာရတော့မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ယန်လင်းယွမ်ကို တွေ့ရမှဖြစ်မယ်”

---

ယန်အိမ်တော်မှာ လုံခြုံရေး အလွန်တင်းကြပ်သည်။ ကျင့်ကြံသူများစွာက အိမ်တော်၏ အတွင်းအပြင်ကို အချိန်ပြည့် စောင့်ကြပ်နေကြသည်။

ထို့အပြင် အိမ်တော်ကြီးတစ်ခုလုံးတွင် အကာအကွယ်အစီအရင်များ ခင်းကျင်းထားသဖြင့် သာမန်အခြေအနေမှာဆို လူမသိသူမသိ ဖောက်ဝင်နိုင်ဖို့ မဖြစ်နိုင်လှပါ။

သို့သော် ထိုအရာများက နတ်ဆိုးအရှင်သခင် လင်းယွမ်အတွက်တော့ ကလေးကစားစရာပင်။

ပယ်ဖျက်၍ မရနိုင်ဟု ထင်ရသော အကာအရံအစီအရင်များက လင်းယွမ်အတွက်တော့ ရေစိုနေသော စက္ကူတစ်ရွက်ပမာ ပျော့ပြောင်းလှပါသည်။ မန္တန်တစ်ခု ရွတ်လိုက်ရုံနှင့် ယန်ရုန်ရုန့်ကို ခေါ်ဆောင်ပြီး ယန်အိမ်တော်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာနိုင်ခဲ့သည်။

အိမ်တော်၏ အတွင်းဘက်က ယန်ရုန်ရုန် မျှော်လင့်ထားသည်ထက်ပင် ပိုမိုကျယ်ပြန့်နေပါသေးသည်။ ယန်အိမ်တော်တွင် အရာရာတိုင်းက စနစ်ကျလှသည်။ အဆောက်အဦးများ၊ ဥယျာဉ်များကို အညီအညာ နေရာချ တည်ဆောက်ထားသည်။

အိမ်ဝန်းအတွင်းရှိ သစ်ပင်ပန်းပင်များကို အရောင်နှင့် အမျိုးအစားအလိုက် သေသေသပ်သပ် စီရီထားသည်။ မြက်ခင်းများပေါ်တွင်လည်း ပေါင်းပင်တစ်ပင်မှ မတွေ့ရပါ။

ယန်ရုန်ရုန်သာ ဇီဇာအလွန်ကြောင်တတ်သူဆို ဒီနေရာကြီးကို သဘောကျမိလိမ့်မည်။ သို့သော် ယန်ရုန်ရုန်က ဇီဇာမကြောင်တတ်ပေ။

ထို့ကြောင့် ဒီလောက်ထိ လွန်ကဲလွန်းသော စနစ်ကျမှုမျိုးကို သူမ အသိအမှတ်မပြုနိုင်ပါ။

ယန်ဟဲမိန်က အစီအရင်ပညာကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် ယန်အိမ်တော်တစ်ခုလုံးတွင် အစီအရင်စည်းဝိုင်းများနှင့် ပြည့်နှက်နေပါသည်။

အိမ်တော်၏ အနေအထားကို ကျွမ်းကျင်စွာ မသိသောသူဆိုလျှင် ထောင်ချောက်များကို အလွယ်တကူ နင်းမိသွားနိုင်ပြီး အစောင့်များက သတိပြုမိသွားကြပါလိမ့်မည်။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန်ကိုယ်တိုင်ကလည်း အစီအရင်အတတ်တွင် ကျွမ်းကျင်မှုရှိပါသည်။

ယန်ရုန်ရုန် ထောင်ချောက်များကို စနစ်တကျ ရှောင်ရှားရင်း ယန်လင်းယွမ် ရှိမည့်နေရာကို လိုက်ရှာခဲ့သည်။ ကင်းလှည့်နေသည့် အစောင့်များကို ခက်ခက်ခဲခဲ ရှောင်တိမ်းရင်း သူတို့ အချိန်အတော်ကြာအောင် လိုက်ရှာခဲ့ရပါသည်။

မရှောင်ရှားနိုင်သည့် အခြေအနေများတွင်လည်း လင်းယွမ်က ကိုယ်ရောင်ဖျောက်ပညာတစ်ခုကို ထုတ်သုံးကာ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည်။

နေဝင်မိုးချုပ်သွားသည့်အချိန်မှသာ ယန်လင်းယွမ်ရှိနေသည့် တည်နေရာကို သူတို့နှစ်ယောက် ရှာတွေ့ခဲ့ကြပါသည်။

🌹Chapter 202

ယန်အိမ်တော်တစ်ခုလုံး၏ တည်ဆောက်ပုံမှာ ခေါက်ချိုးညီနေသည်။

ယန်လင်းယွမ် နေထိုင်သည့် ဟိုက်ယန်အဆောက်အဦးက ယန်အိမ်တော်၏ ဗဟိုဝင်ရိုးတည့်တည့်တွင် တည်ရှိသည်။

ထိုဝင်ရိုးအတိုင်း ရှေ့ဆက်လျှောက်သွားလျှင် ယန်ဟဲမိန်နေထိုင်သည့် ဝူရှားဆောင်ကို ရောက်ရှိပါလိမ့်မည်။

ဟိုက်ယန်အဆောက်အဦး၏ တံခါးများကို တင်းကြပ်စွာ ပိတ်ထားသည်။ ယန်ရုန်ရုန်က တံခါးပေါ်ရှိ အပေါက်လေးတစ်ပေါက်မှ အထဲသို့ ချောင်းကြည့်လိုက်ပါသည်။

အဆောက်အဦးကြီးတစ်ခုလုံးက အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး လူတစ်ဦးတစ်ယောက်ကိုမှလည်း မတွေ့ရပါ။ လူနေထိုင်သည့် ပုံစံပင် မပေါက်ပေ။

ထိုအဆောက်အဦးကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသဖြင့် အခွင့်မရှိဘဲ မဝင်နိုင်ပေ။ ယန်ရုန်ရုန် အတော်လေး အားထုတ်ကြိုးစားလိုက်မှ အစီအရင်ကို ချိုးဖျက်နိုင်ခဲ့သည်။

အစီအရင်ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်တည်း တံခါးက အလိုလို ပွင့်သွားခဲ့ပါသည်။ ယန်ရုန်ရုန် အထဲသို့ ချက်ချင်း ဝင်သွားခဲ့ပြီး လင်းယွမ်ကလည်း အနောက်မှ လိုက်လာခဲ့သည်။

ညအချိန်ရောက်နေပြီဖြစ်သဖြင့် အပြင်ဘက်တွင် ကောင်း ကင်ကြီးက မှောင်မိုက်နေပါပြီ။ အဆောက်အဦး၏ အတွင်းဘက်က ပိုမှောင်မိုက်ကာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ကံကောင်းစွာဖြင့် ယန်ရုန်ရုန် ကြိုတင်ပြင်ဆင်လာပါသည်။ မီးအလင်းတောက်အဆောင်စက္ကူတစ်ရွက်ကို ထုတ်ကာ လက်ကိုဝှေ့ယမ်းလိုက်ရာ အဆောင်စက္ကူ အလိုလို မီးတောက်လာခဲ့သည်။

ထိုမီးတောက်၏ အလင်းရောင်ဖြင့် မီးအိမ်တစ်လုံးကို ယန်ရုန်ရုန် ရှာဖွေနိုင်ခဲ့သည်။ ထိုမီးအိမ်ကို မီးထွန်းလိုက်ပြီးနောက် အဆောင်စက္ကူ မီးတောက်ကို ငြှိမ်းသတ်လိုက်သည်။ မီးအိမ်ကို သယ်ဆောင်ပြီး ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ရှေ့ဆက်လျှောက်လာခဲ့ကြပါသည်။

ဟိုက်ယန်အဆောက်အဦးအတွင်းရှိ အပြင်အဆင်များကလည်း ယန်အိမ်တော်ကြီးတစ်ခုလုံးနှင့် မခြားနားလှဘဲ အရာအားလုံးက အလွန်အမင်း စနစ်ကျလွန်းနေသည်။

အရွယ်အစား ကြီးမားသော ပရိဘောဂများမှစလို့ သေးငယ်သော အခါးရည်ခွက်များအထိပင် ပစ္စည်းတိုင်းကို အလွန်အသေးစိတ်ကျအောင် နေရာချထားသည်။ ထူးဆန်းသည်က ဟိုက်ယန် အဆောက်အဦးတစ်ခုလုံးတွင် အလှထားပစ္စည်းတစ်ခုတလေမှ မတွေ့ရခြင်းပင်။

ယန်လင်းယွမ်က လူငယ်တစ်ယောက်ဖြစ်သဖြင့် သစ်ပင်ပန်းပင်များကို သဘောမကျတတ်သည်မှာ မထူးဆန်းလှပါ။ သို့သော် နံရံပေါ်တွင် အလှထား ပန်းချီလေးတစ်ချပ်ပင် ရှိမနေသည်ကတော့ အတော်လေး ထူးဆန်းနေပါသည်။

နေ့စဉ် အသုံးပြုရသည့် ရေနွေးအိုးများ၊ အခါးရည်ခွက်များ၊ ခန်းဆီးလိုက်ကာများ၊ ထိုင်ခုံများကလည်း အလှအပ မပါသော ရိုးရိုးရှင်းရှင် ဗြောင်အရောင်များသာ ရှိကြသည်။

အဆောက်အဦးတစ်ခုလုံး ငြီးငွေ့စရာကောင်းကာ အသက်မဲ့ပြီး မွန်းကျပ်စရာကောင်းသည်ဟု ခံစားရသည်။

အဆောက်အဦးတစ်ခုဟု ခေါ်ဆိုနိုင်ရုံသာရှိပြီး အိမ်တစ် လုံး၏‌ နွေးထွေးမှုမျိုးကို မခံစားရပါ။ ဒီလိုနေရာမျိုးမှာသာ နေထိုင်ရမည်ဆိုပါက စိတ်အပန်းဖြေခြင်း ဟူသည့်အဓိပ္ပာယ်ကို တစ်သက်လုံး နားလည်နိုင်မှာ မဟုတ်ပါ။

ယန်ရုန်ရုန် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဗလာကျင်းဖြစ်နေသည့် ကုတင်ကို မြင်လိုက်ရသောအခါ ယန်လင်းယွမ် ဒီမှာ ရှိမနေမှန်း ပိုမိုသေချာသွားခဲ့ပါသည်။

ယန်လင်းယွမ် နာမကျန်းဖြစ်နေသည်ဟူသော အစောင့်များပေးခဲ့သည့် ဆင်ခြေမှာ အပြင်လူများကို လှည့်စားဖို့ စီစဉ်ထားသည့် အလိမ်အညာတစ်ခုသာ။

ယန်ရုန်ရုန် လှည့်ထွက်သွားဖို့ ပြင်လိုက်စဉ် ကုတင်နှင့် မျက်နှာချင်းဆိုင် နံရံပေါ်တွင် ရှိနေသည့် အရာတစ်ခုကို မြင်သွားပြီး ကြက်သေသေသွားခဲ့ရသည်။

ထိုနံရံပေါ်တွင် ရှိနေသည့်အရာက ထင်ရှားသော စာလုံးများဖြင့် ရေးဆွဲထားသည့် လက်ရေးပန်းချီတစ်ချပ်ပင်။

“နတ်ဆိုးများကို နှိမ်နင်းပြီး လမ်းစဉ်ကို စောင့်ရှောက်လော့!”

ထိုစာများကို ယန်ဟဲမိန် ရေးသားထားခြင်းဖြစ်သည်။ ယန်ဟဲမိန်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် သူရေးဆွဲထားသည့် လက်ရေးပန်းချီမှာတောင် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခု ရှိနေပါသည်။

တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ယန်ရုန်ရုန့်ရင်ထဲ ကြောက်ရွံ့စိတ်အနည်းငယ် ဖြစ်ပေါ်လာမိသည်။

လင်းယွမ်လည်း ထိုစာလုံးများကို ကြည့်နေပါသည်။ သို့သော် ဘာမှမခံစားရသကဲ့သို့ မျက်နှာက တည်ငြိမ်နေသည်။

ယန်ရုန်ရုန် အသိစိတ်ပြန်ဝင်လာခဲ့ပြီး စိတ်များ ရှုပ်ထွေးသွားခဲ့သည်။ ဟိုက်ယန်အဆောက်အဦးထဲတွင် အလှထားပစ္စည်းဟူ၍ ထိုလက်ရေးပန်းချီတစ်ချပ်သာ ရှိလောက်သည်။

သို့သော် ထိုလက်ရေးပန်းချီ၏ ရည်ရွယ်ချက်က အခန်းကို လှပစေဖို့မဟုတ်ဘဲ ယန်လင်းယွမ် မနက်ခင်း နိုးထလာသည့် အချိန်တိုင်း မြင်နိုင်စေဖို့ ဖြစ်နေပါသည်။

ယန်ဟဲမိန်က ထိုစကားလုံးများကို ယန်လင်းယွမ်၏ အရိုးထဲထိစွဲအောင် ရိုက်သွင်းပေးချင်ခဲ့ပုံရသည်။

ဖြစ်ချင်တော့ ယန်ဟဲမိန်၏ ဦးနှောက်ကျင်းသည့် နည်းလမ်းက အာနိသင် ရှိခဲ့ပါသည်။ ယန်လင်းယွမ်က ‘နတ်ဆိုးများကိုသုတ်သင်ပြီး လမ်းစဉ်ကိုကာကွယ်ရမည်’ဟူသော အယူဝါဒကို သူ့ဘဝဆောင်ပုဒ်အဖြစ် အမှန်တကယ်ပင် လက်ခံထားခဲ့သည်။

နတ်ဆိုးမျိုးနွယ်အားလုံးကို စက်ဆုပ်ရွံရှာခဲ့ပြီး ကမ္ဘာပေါ်ရှိ နတ်ဆိုးအားလုံးကို သုတ်သင်ဖို့အတွက် ယန်လင်းယွမ် နေ့စဉ်မပြတ် အားကြိုးမာန်တက် ကျင့်ကြံခဲ့ပါသည်။

ထို့ကြောင့်ပဲ သူ့ခန္ဓာကိုယ်ထဲ နတ်ဆိုးသွေးများ စီးဆင်းနေသည့်အကြောင်း သိလိုက်ရချိန်တွင် ယုံကြည်ချက်များ ပြိုလဲကာ စိတ်ဓာတ်များ ပိုပျက်စီးသွားခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။

ယန်ရုန်ရုန် သက်ပြင်းချမိသည်။

“သွားကြစို့၊ သူဒီမှာ မရှိဘူး”

သူမ ဆက်ရှာဖို့ အစီအစဉ်ရှိမရှိ လင်းယွမ် မေးကြည့်ခဲ့သည်။

သူတို့ ဆက်ရှာရပါမည်။ သို့သော် အရူးမျက်ကန်းလို ရှာဖွေလို့တော့ မဖြစ်ပေ။

ယန်ရုန်ရုန် အပြင်သို့ ပြန်ထွက်လာရင်း အတွေးများကို စုစည်းလိုက်သည်။

ယန်လင်းယွမ် နာမကျန်းဖြစ်နေသည်ဟု ယန်မိသားစုက ဆိုသော်လည်း ဟိုက်ယန်အဆောက်အဦးထဲတွင် ရှိမနေပါ။ ထို့ကြောင့် ယန်လင်းယွမ် အကျဉ်းချခံထားရခြင်း ဖြစ်မည်ဟူသော သူမတို့၏ သံသယကို အတည်ပြုပေးလိုက်သလိုပင်။

‘သူဘာလို့ အကျဉ်းချခံထားရတာလဲ…’

ယန်ရုန်ရုန် ပထမဆုံးတွေးမိသည့် အကြောင်းအရင်းက ယန်လင်းယွမ်၏ မျိုးရိုးအစစ်အမှန်ကို ယန်ဟဲမိန် သိသွားခြင်းကြောင့် ဖြစ်မည်။

သာမန်လူတစ်ယောက်သာဆို သားဖြစ်သူက နတ်ဆိုးတစ်ကောင်ဖြစ်နေမှန်း သိလိုက်ရချိန်တွင် တွန့်ဆုတ်ကောင်း တွန့်ဆုတ်မိလိမ့်မည်။ သို့သော် ယန်ဟဲမိန်ကတော့ မတူပေ။

ဘယ်လို နတ်ဆိုးမျိုးကိုမှ သူညှာတာမှာ မဟုတ်ပါ။ သူ့သားအရင်း ဖြစ်နေလျှင်တောင် အရေးမကြီးပေ။

ထိုအတွေးကြောင့် ယန်ရုန်ရုန့် ခြေလှမ်းများ ပိုမိုမြန်ဆန်လာပြီး တီးတိုး ရေရွတ်လိုက်လေသည်။

“ယန်မိသားစုက နတ်ဆိုးတွေကို နှစ်ပေါင်းများစွာ အမဲလိုက်လာခဲ့တာ၊ အိမ်တော်ထဲမှာ နတ်ဆိုးတွေကို အကျဉ်းချပြီး ကွပ်မျက်တဲ့ နေရာတစ်ခုတော့ ရှိလိမ့်မယ်၊ ကျွန်မတို့ အဲ့ဒီနေရာကို ရှာရမယ်”

ယန်ရုန်ရုန်တို့နှစ်ယောက် ဟိုက်ယန်အဆောက်အဦးထဲမှ ထွက်ခွာလာကြပြီး လမ်းမှာတွေ့သော ဝတ်ကောင်းစားကောင်းနှင့် သတ်လတ်ပိုင်း လူတစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။

ထိုလူက အခြေခံအုတ်မြစ်ချအဆင့်သာ ရှိသဖြင့် သူ့ရှေ့ လူစိမ်းနှစ်ယောက် ရုတ်တရက် ပေါ်လာသောအခါ အလွန်ချောက်ချားပြီး အော်ဟစ်ဖို့ ကြိုးစားခဲ့သည်။

သို့သော် သွေးနီရောင်နတ်ဆိုးစွမ်းအင်များဖြင့် ဖန်တီးထားသည့် လက်ကြီးတစ်ဖက် ရုတ်တရက် ပေါ်လာပြီး သူ့ပါးစပ်ကို ဆွဲပိတ်ထားသဖြင့် ဝူးဝူးဝါးဝါး အသံများသာ ထွက်နိုင်တော့သည်။ သူ့ခန္ဓာကိုယ်ကိုလည်း သွေးနီရောင် နတ်ဆိုးစွမ်းအင်များက တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားလေသည်။

ထိုလူ့ ခန္ဓာကိုယ်ပေါ်သို့ ယန်ရုန်ရုန် ‘ခုန်ခုန်ခုန်’အဆောင်စက္ကူတစ်ရွက် ကပ်လိုက်သည်။ သိပ်မကြာလိုက်ဘဲ ထိုလူ့ခေါင်းပေါ်တွင် ယန်ရုန်ရုန် မြင်ဖူးနေကျ စာကွက်တစ်ကွက် ပေါ်လာခဲ့ပါသည်။

ထိုစာကွက်ကို စိုက်ကြည့်ရင်း ယန်ရုန်ရုန် တိုးညှင်းစွာ မေးလိုက်သည်။

“ယန်လင်းယွမ် ဘယ်မှာလဲ”

ထိုလူ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ မသိဘူးဟု ပြောချင်သော်လည်း ပါးစပ်ပိတ်ခံထားရပါသည်။ သူ့ခေါင်းပေါ်ရှိ စာကွက်ထဲတွင်တော့ စာလုံးများ ဆက်တိုက်ဆိုသလို ပေါ်လာနေသည်။

[တတိယသခင်လေးက နေမကောင်းဖြစ်နေတာ မဟုတ်ဘူးလား၊ သူအနားယူနေတယ်လို့ အိမ်တော်သခင်ကြီးပြောတယ်လေ၊ ဒီနှစ်ယောက်က ဘယ်သူတွေလဲ၊ တတိယသခင်လေးအကြောင်း ဘာလို့မေးနေတာလဲ]

နောက်ဆက်တွဲ စာများက အသုံးမဝင်သဖြင့် ယန်ရုန်ရုန် ဆက်မဖတ်တော့ဘဲ ထပ်မေးလိုက်သည်။

“ယန်မိသားစုက ဖမ်းထားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို ဘယ်လိုကိုင်တွယ်တတ်လဲ”

ထိုလူ စကားမပြောနိုင်သော်လည်း သူ့စိတ်က အဖြေချက် ချင်းပေးခဲ့ပါသည်။ သူ့ခေါင်းပေါ်ရှိ စာကွက်ထဲ စာလုံးအသစ်များ ပေါ်လာသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။

[နတ်ဆိုးကျင့်ကြံသူတွေကို အကျဉ်းထောင်ထဲမှာ ထည့်ပြီး စစ်ဆေးမေးမြန်းကြတာ မဟုတ်ဘူးလား၊ အားလုံး ဝန်ခံပြီးပြီဆိုတာနဲ့ ကွပ်မျက်ပစ်တာ၊ ဒီနှစ်ယောက်က ဘယ်သူတွေလဲ! ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ၊ အိမ်တော်ထဲ အပြင်လူတွေ ဖောက်ဝင်လာတာကို သခင်ကြီးကော သိရဲ့လား၊ ငါ့ကို နှုတ်ပိတ်ဖို့ သတ်လိုက်ကြရင် ဘယ်လိုလုပ်မလဲ! ကယ်ကြပါဦး!!!]

အသုံးမဝင်သည့် ဒရမ်မာများ ထပ်ပေါ်လာခဲ့ပြန်သည်။ ယန်ရုန်ရုန် အချိန်မဖြုန်းချင်သဖြင့် တဲ့တိုး မေးလိုက်ပါသည်။

“အကျဉ်းထောင်က ဘယ်နားမှာလဲ”

ထိုလူ တုန်ယင်သွားခဲ့ပြီး သူဘာမှမသိကြောင်းပြောဖို့ ခေါင်းတွေဆက်တိုက် ခါပစ်လိုက်ပါသည်။ သို့သော် သူ့ခေါင်းပေါ်ရှိ စာကွက်ကတော့ အဖြေရှင်းရှင်းလင်းလင်း ပေးခဲ့လေပြီ။

[အကျဉ်းထောင်က ဝူရှားဆောင်နောက်မှာ မဟုတ်ဘူးလား၊ ဒါပေမယ့် ငါလုံးဝ မပြောပြဘူး! ငါက ယန်မိသားစုအပေါ် သေတဲ့အထိ သစ္စာရှိသွားမှာ၊ ဒီနှစ်ယောက် ငါ့ကို သတ်ပစ်မယ်ဆိုရင်တောင် သခင်ကြီးက ငါ့အတွက် ကျိန်းသေပေါက် ကလဲ့စားချေပေးမှာ!]

လိုချင်သည့် အချက်အလက်များကို ရလိုက်ပြီဖြစ်သဖြင့် ဒီလူက သူမတို့အတွက် အသုံးမဝင်တော့ပါ။ ထို့ကြောင့် လက်သီးဖြင့်တစ်ချက်ထိုးကာ သတိလစ်သွားအောင် လုပ်လိုက်သည်။

ထိုလူ သတိလစ်သွားသည့်တိုင် ဒီနှစ်ယောက် ဘာတွေလုပ်နေသလဲ နားမလည်နိုင်ခဲ့ပါ။ သူ့ကို စစ်ဆေးမေးမြန်းနေသည့်ပုံစံပေါက်သော်လည်း အသံမထွက်နိုင်အောင် ပါးစပ်ကို ပိတ်ထားကြသည်။ သူတစ်ခွန်းမှ မပြောခဲ့သော်လည်း အဖြေအားလုံးကို သိလိုက်ရသလို ပြုမူနေကြပါသည်။

‘ဘာတွေဖြစ်နေတာလဲကွာ!’

လင်းယွမ်က ထိုလူ့ကို သစ်ပင်တစ်ပင်အောက်ရှိ ခြုံပုတ်ထဲ ပစ်ထည့်လိုက်သည်။ ညအမှောင်နှင့် ခြုံပုတ်တို့၏ အကာ အကွယ်ကြောင့် သူ့ကို ရှာတွေ့ဖို့ ခက်ခဲပါလိမ့်မည်။ အလွန် ဆုံးအရုဏ်တက်ချိန်လောက်မှ သူ့ကို သတိထားမိကြလိမ့် မည်။

အရုဏ်တက်ဖို့ အချိန်လိုသေးသည်။ ယန်လင်းယွမ်ကို ရှာဖွေဖို့အတွက် ယန်ရုန်ရုန် အချိန်လုံလောက်ပါသည်။

All Chapters