← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

🌹Chapter 203

ဝူရှားဆောင်က ဟိုက်ယန်အဆောက်အဦး၏ အနောက်တည့်တည့်တွင် တည်ရှိသဖြင့် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ လွယ်လွယ်ကူကူ ရှာတွေ့ခဲ့ကြသည်။

ယန်ဟဲမိန် အာရုံမခံမိစေဖို့အတွက် သူတို့နှစ်ယောက် ဝူရှားဆောင်ကို အဝေးမှ ကွေ့ပတ်သွားခဲ့ကြပါသည်။

ဝူရှားဆောင်၏ အနောက်ဘက်တွင် လှပသော ဆီးပင်စိုက်ခင်းတစ်ခု ရှိနေသည်။ အထူးအစီအရင်တစ်ခုကြောင့် ဆောင်းရာသီမဟုတ်သော်လည်း ထိုစိုက်ခင်းထဲ နှင်းစက် ကလေးများ ကျနေခဲ့သည်။ သစ်ကိုင်းများတွင်လည်း မက်မွန့်ပွင့်များအပြည့် ဖူးပွင့်နေပါသည်။

နှင်းများပေါ်တွင်‌ ခြေရာမကျန်ခဲ့စေဖို့ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ အထူးသတိထားခဲ့ရပြီး စိုက်ခင်းအတွင်းရှိ လျှို့ဝှက် ထောင်ချောက်စည်းဝိုင်းများကိုလည်း ဂရုတစိုက် ရှောင်ရှားခဲ့ရသည်။

အတော်လေး အားထုတ်ကြိုးပမ်းပြီးမှသာ အကျဉ်းထောင် ၏ဝင်ပေါက်ကို သူတို့ရှာတွေ့ခဲ့ကြသည်။ ဝင်ပေါက်ရှေ့တွင် အစောင့်မရှိသော်လည်း အစီအရင်တစ်ခုဖြင့် ကာကွယ်ထားပါသည်။ ထိုအစီအရင်သာ ပွင့်သွားလျှင် စံအိမ်အတွင်းရှိ လူအားလုံးကို အချက်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။

လင်းယွမ်ကို ကင်းစောင့်ခိုင်းထားပြီးနောက် ယန်ရုန်ရုန် ဝင်ပေါက်ရှေ့တွင် ထိုင်ကာ အစီအရင်ကို လေ့လာလိုက်ပါသည်။

ဒီခရီးစဉ်တစ်လျှောက်လုံး အစီအရင်၊ အကာအကွယ်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဒီတစ်ခုက အရှုပ်ထွေးဆုံးနှင့် အကြီးမားဆုံး အစီအရင်ဖြစ်နေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဒီနေရာကြီးကို ယန်ဟဲမိန် ဘယ်လောက်ထိ အလေးထားမှန်း သိသာသည်။

ပင်ပင်ပန်းပန်း ကြိုးစားလိုက်ရပြီး နောက်ဆုံးတွင်တော့ အစီအရင်ကို ချိုးဖျက်ဖို့ ယန်ရုန်ရုန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပါသည်။

ထိုစဉ် သူမနောက်မှ လင်းယွမ်၏အသံ ထွက်ပေါ်လာခဲ့သည်။

“ဒီဘက်ကို တစ်ယောက်ယောက် လာနေပြီ”

ယန်ရုန်ရုန် အစီအရင်ကို အမြန်ချိုးဖျက်လိုက်သည်။ အဖြူရောင်အလင်းတစ်ချက် ထွက်ပေါ်လာပြီး ပိန်းပိတ်အောင် မှောင်မိုက်သော ဝင်ပေါက်တစ်ခု ပေါ်လာခဲ့ပါသည်။

ထို့နောက် လင်းယွမ်ကို အမြန်ခေါ်ပြီး နှစ်ယောက်သား အထဲဝင်သွားခဲ့ကြသည်။

အမှောင်ထုထဲ ခေတ္တဖြတ်သန်းပြီးနောက် အလင်းရောင်အချို့ကို သူတို့ မြင်လိုက်ရသည်။ ‘အကျဉ်းထောင်’ဟု ဆိုသော်လည်း အထဲတွင် အကျဉ်းခန်းတစ်ခန်းမှ ရှိမနေပါ။

ထို့အစား နတ်ဆိုးကျင့်ကြံသူများကို ချုပ်နှောင်ဖို့ အသုံးပြုရသော နတ်ဆိုးချုပ်နှောင်အစီအရင် စည်းဝိုင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ တချို့စည်းဝိုင်းများက ဗလာကျင်းဖြစ်နေပြီး တချို့တွင်တော့ အကျဉ်းသားများ ရှိနေပါသည်။

ထို နတ်ဆိုးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ဒဏ်ရာဒဏ် ချက်များဖြင့် ပြည့်နှက်နေကာ သေလုမျောပါး ဖြစ်နေခဲ့ကြသည်။

အချိန်က အလွန်အရေးကြီးနေသဖြင့် တခြားသူတွေအတွက် ယန်ရုန်ရုန် စိတ်ပူပေးဖို့အချိန်မရှိဘဲ ရှေ့ဆက်လျှောက်လာခဲ့သည်။ လမ်းတွင် ကျင့်ကြံသူတစ်ယောက်နှင့် သူတို့ ဆုံခဲ့ရလေသည်။

ထိုကျင့်ကြံသူက ငယ်ရွယ်မည့်ပုံပေါ်ပြီး သူ့ခါးတွင် ယန်မိသားစု ကျောက်စိမ်းတံဆိပ်ပြားကို ချိတ်ဆွဲထားကာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိပုံပေါ်သည်။

သူက အကျဉ်းထောင်၏ ထောင်စောင့်ဖြစ်သည်။ အကျဉ်း ထောင်ထဲ လူဝင်လူထွက် နည်းပါးသဖြင့် ရုတ်တရက် ကျူးကျော်လာသူများကို မြင်သောအခါ သူအံ့အားသင့်သွားခဲ့သည်။ သို့သော် တုံ့ပြန်မှုက မြန်ဆန်လွန်းပါသည်။

အကျဉ်းထောင်၏ ကာကွယ်ရေးအစီအရင်များကို အပြေးသွားဖွင့်ဖို့ ကြိုးစားခဲ့သည်။

သို့သော် လင်းယွမ်က သူ့ထက် ပိုမြန်ဆန်သဖြင့် ထိုထောင်စောင့်ကို ချက်ချင်းဖမ်းချုပ်ကာ သတိလစ်အောင် ပြုလုပ်ပြီး အနီးနားရှိ နတ်ဆိုးချုပ်နှောင်စည်းဝိုင်းထဲ ပစ်ထည့်ထားလိုက်သည်။

ယန်ရုန်ရုန်လည်း စိတ်ကို ပြန်ထိန်းကာ အကျဉ်းထောင်၏ အနက်ရှိုင်းဆုံးနေရာထံသို့ ဆက်လျှောက်လာခဲ့ပါသည်။ ထိုအခါ နောက်ဆုံးတွင် ရှိနေသည့် အစီအရင်စည်းဝိုင်းတစ်ခုထဲ ယန်လင်းယွမ်ကို သူမ ရှာတွေ့သွားခဲ့သည်။

ယန်လင်းယွမ်၏တစ်ကိုယ်လုံးတွင် ဘောင်းဘီတိုပါးပါးတစ်ထည်သာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်းဗလာနှင့် ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားရသည်။

သူ့နောက်ကျော၊ ရင်ဘတ်နှင့် လက်မောင်းများပေါ်မှ အသားများကို ဓားဖြင့် မွှန်းခံထားရပုံပေါ်ကာ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။

ခေါင်းငိုက်ငိုက် စိုက်ကျနေပြီး ခြေလက်များကို သံကြိုးများက ထိုးဖောက်ကာ တုပ်နှောင်ထားသည်။ ရှုပ်ပွနေသော သူ့ဆံနွယ်များကလည်း ရှေ့တည့်တည့်သို့ ဖြာကျနေကာ သူ့မျက်နှာကို ဖုံးအုပ်နေပါသည်။

တစ်ကိုယ်လုံး လှုပ်ရှားမှုမရှိသဖြင့် သေသလား ရှင်သလား မသေချာလှပေ။

ယန်ရုန်ရုန် ချောက်ချားသွားခဲ့သည်။

‘ငါ နောက်ကျသွားပြီလား’

သူမ ရှေ့တိုးလာခဲ့ပြီး အစီအရင်စည်းဝိုင်း၏အစွန်းတွင်ရပ်ကာ အော်ခေါ်လိုက်ပါသည်။

“ယန်လင်းယွမ် နင် အသက်ရှင်နေသေးလား”

ဘေးတွင် လိုက်လာသော လင်းယွမ်က အေးအေးလူလူ ပြောလိုက်ပါသည်။

“စိတ်မပူပါနဲ့၊ သူ့ကိုယ်ထဲ နတ်ဆိုးမျိုးစေ့ ရှိနေသေးတယ်၊ အဲ့လောက်အလွယ်တကူ မသေနိုင်ဘူး”

သူ့စကားများကို အတည်ပြုပေးလိုက်သည့်အလား ယန်လင်းယွမ်၏ ခန္ဓာကိုယ် လှုပ်ရှားလာခဲ့သည်။ ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ရာ သွေးမဲ့ဖြူရော်နေသည့် သူ့မျက်နှာအထင်း သား ပေါ်လာခဲ့ပါသည်။

မတည်မငြိမ်ဖြစ်နေသည့် သူ့မျက်လုံးများဖြင့် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကို မြင်သွားသည့်အခါ မျက်လုံးတွေထဲ မှိန်မှိန်ပျပျ အလင်းရောင်တစ်ခုရိပ်ပြေးသွားခဲ့သည်။

“ဘာလို့… ဒီကိုရောက်လာကြတာလဲ”

အချိန်အတော်ကြာအောင် ရေငတ်ထားသည့်ပုံစံဖြင့် သူ့အသံက အလွန်ခြောက်ကပ်ကာ အက်ကွဲနေပါသည်။

ယန်ရုန်ရုန် ပြောလိုက်သည်။

“နင့်ကို လာကယ်တာ”

ပြောပြောဆိုဆိုနှင့် နတ်ဆိုးချုပ်နှောင်အစီအရင်ကို ဘယ်လိုချိုးဖျက်ရမလဲ ယန်ရုန်ရုန် စတင်လေ့လာခဲ့သည်။

ယန်လင်းယွမ်က ကွဲရှရှ အသံဖြင့်ဆိုသည်။

“ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့၊ ရှောင်းရှောင်းတို့ကို သူတွေ့သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်”

ယန်ရုန်ရုန်က အဖြေရှာနေသဖြင့် ခေါင်းမော့မကြည့်ဘဲ ပြန်ပြောလိုက်သည်။

“ဒီထိတောင် ရောက်နေပြီဆိုမှတော့ လက်ချည့်ဗလာပြန်ဖို့ အစီအစဉ်မရှိဘူး”

ယန်လင်းယွမ် ခေါင်းပြန်စိုက်ကျသွားခဲ့သည်။

“အသုံးမဝင်ပါဘူး… ဒီနေရာကြီးကနေ လွတ်မြောက်သွားမယ်ဆိုရင်တောင် ကျွန်တော်က နတ်ဆိုးတစ်ကောင်ဆိုတဲ့ အမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

လင်းယွမ်က လက်ပိုက်ကာ သူ့ကို အေးစက်စွာ ငုံ့ကြည့်လိုက်ပါသည်။

“နတ်ဆိုးတစ်ကောင်ဖြစ်ရတာ ဘာဖြစ်လို့လဲ၊ နတ်ဆိုးအရှင်သခင်အဖြစ်နဲ့ ငါ နေလာခဲ့တာကြာပြီ၊ အခုထိ အေးအေးဆေးဆေးပဲ”

ယန်လင်းယွမ် ခေါင်းထပ်မော့လာပြီး လင်းယွမ်ကို ကြည့်လိုက်ပါသည်။ ယခုချိန်ထိ လင်းယွမ်က အကျည်းတန် နတ်ဆိုးမျက်နှာဖုံးကို တပ်ထားဆဲဖြစ်သဖြင့် ရယ်စရာလည်းကောင်းသလို ကြောက်စရာလည်း ကောင်းနေသည်။

အကြည့်ချင်းဆုံသွားသောအခါ ယန်လင်းယွမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားနဲ့မတူဘူး”

လင်းယွမ် လှောင်ရယ်ရယ်လိုက်လေသည်။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့၊ ဘယ်တူပါ့မလဲ၊ မင်းက ဦးနှောက်ကျင်းခံထားရလို့ ဘာစဉ်းစားဆင်ခြင်ဉာဏ်မှ မရှိတော့တဲ့ ငတုံးတစ်ယောက်ပဲဥစ္စာ၊ ငါ့လို ဖြစ်လာနိုင်ပါ့မလား”

လှောင်ပြောင်မှုကို လျစ်လျူရှုရင်း ယန်လင်းယွမ် ထပ်ပြောလိုက်သည်။

“မတူဘူး၊ ကျုပ်ကိုယ် ကျုပ် ခင်ဗျားလိုလူစားမျိုး ဖြစ်လာခွင့် မပေးနိုင်ဘူး”

ထိုစကားကြောင့် လင်းယွမ် ဒေါသထွက်သွားပုံရပြီး သူ့မျက် နှာပေါ်မှ လှောင်ပြုံးကလည်း ပိုမိုနက်ရှိုင်းသွားခဲ့ပါသည်။

“မင်းက ငါ့ကို တန်ဖိုး မရှိတဲ့ကောင်တစ်ယောက်လို ဖြစ်အောင် ပြောနေတာပဲ၊ ငါဘယ်လောက်ပဲ တန်ဖိုးမရှိဖြစ်နေပါစေ ငါ့ဘေးနားမှာ ကျုံးရှောင်းရှောင်း ရှိတယ်၊ မင်းမှာကော ဘာရှိလဲ၊ မင်းအဖေ၊ မင်းရဲ့ ညီအစ်ကို မောင်နှမတွေ၊ မင်းရဲ့ ယုံကြည်မှုတွေပါ အားလုံး ပျောက်ကွယ်သွားပြီလေ! ငါ့ခြေဖျားကိုတောင် မမှီတဲ့ကောင်က ငါ့ကို လာအထင်သေးရဲတယ်ပေါ့!”

ယန်ရုန်ရုန် သည်းမခံနိုင်တော့ဘဲ လင်းယွမ်ကို မျက်စောင်းလှမ်းထိုးကာ ပါးစပ်ပိတ်ထားဖို့ ပြောလိုက်သည်။

ယန်လင်းယွမ် ခေါင်းပြန်ငုံ့သွားခဲ့ပြီး လမ်းပျောက်နေသည့် လူတစ်ယောက်ပမာ တီးတိုး ရေရွတ်လိုက်ပါသည်။

“ခင်ဗျား ပြောတာမှန်ပါတယ်… ကျုပ်မှာ ဘာမှမရှိတော့ဘူး၊ ကျုပ်က နတ်ဆိုးတစ်ကောင်ဆိုတာ အဖေသိသွားပြီ၊ နတ်ဆိုးတစ်ကောင်ကို ဒီအချိန်ထိ ပျိုးထောင်ပေးခဲ့မိတာ နောင်တရတယ်လို့ ပြောတယ်၊ ကျုပ်ရဲ့ ဖြစ်တည်မှုကိုက ယန်မိသားစုနဲ့ သူ့အတွက် အရှက်ရစရာလို့ ပြောတယ်၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးပြီး ယန်မိသားစုနဲ့ သွေးသားတော်စပ်မှုကို ဖြတ်တောက်ပစ်ဖို့ အရိုးထဲက အသားတွေထိပါ ခြစ်ထုတ်ပစ်မယ်တဲ့၊ ကျုပ်မကြာခင် သေရတော့မှာ၊ တကယ်ဆို ကျုပ်က… အစကတည်းက မွေးမလာသင့်တဲ့လူပါ၊ ကျုပ်က ရှင်သန်ဖို့ မထိုက်တန်တဲ့လူ…”

ယန်လင်းယွမ် ခံနိုင်ရည်ရှိတော့ပုံမပေါ်ဘဲ အမာရွတ်အပြည့်နှင့် သူ့ခန္ဓာကိုယ် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့သည်။

ထိုစဉ် လင်းယွမ် ရုတ်တရက် ကျိန်ဆဲလိုက်ပါသည်။

“သောက်ပိုတွေပါကွာ! ရွှင်းယင်နဲ့အတူရှိခဲ့တုန်းက အဲ့ဒီမိန်းမ နတ်ဆိုးတစ်ကောင်ဖြစ်မှန်း မင်းအဖေ ဘာလို့မသိခဲ့တာလဲ၊ သူ့ဖာသာသူ လူတွေကို အရူးမျက်ကန်းလို ယုံကြည်ခဲ့လို့ ဖြစ်လာရတဲ့ ပြဿနာကို မင်းအပေါ် အပြစ်ပုံချခွင့် ရှိလို့လား၊ ဘယ်သူ့ဆီမှာ မွေးလာရမယ်ဆိုပြီး မင်းမှာ ရွေးချယ်ခွင့်ရှိလို့လား!”

သို့သော် ယန်လင်းယွမ်ကတော့ ပြင်ပလောကမှ အသံများကို ကြားနိုင်တော့ပုံမပေါ်ဘဲ နှုတ်ဖျားမှ တူညီသည့် စကားလုံးများကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။

“ငါရှင်သန်ဖို့ မထိုက်တန်ဘူး၊ ရှင်သန်ဖို့ မထိုက်တန်ဘူး…”

ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဆိုးရွားနေရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲနေပြီဖြစ်မှန်း သိသာပါသည်။ ဒီတိုင်းသာ ဆက်သွားလျှင် သူ့ခန္ဓာကိုယ်အတွင်းရှိနေသော နတ်ဆိုးမျိုးစေ့ မကြာမီ နိုးထလာတော့မည်။

ယန်ရုန်ရုန် အလွန်စိတ်ဖိစီးသွားခဲ့ပြီး အစီအရင်ကို အမြန်ဆုံးချိုးဖျက်ဖို့ ကြိုးစားကာ ယန်လင်းယွမ်ကိုလည်း အားပေးနှစ်သိမ့်ပေးနေခဲ့သည်။

“အားလုံးက နင်ထင်နေသလောက် မဆိုးရွားပါဘူး၊ မျှော်လင့်ချက်ရှိသေးတယ်၊ ငါတို့ အပြင်ရောက်တာနဲ့ နင့်ကို ဘဝသစ်တစ်ခု စတင်နိုင်ဖို့ ကူညီပေးမယ်၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်၊ အတိတ်ကို နင်ပြုပြင်လို့ ရတာမှ မဟုတ်တာ၊ အနာဂတ်ဆိုတာကသာ ဖြစ်နိုင်ခြေတွေ အများကြီးရှိတာ”

“မရှိဘူး၊ သူ့မှာ ဘာအနာဂတ်မှ မရှိဘူး”

လူတစ်ဦး၏ အသံ ရုတ်တရက်ထွက်ပေါ်လာသည်။

ယန်ရုန်ရုန် ထိတ်လန့်တကြားဖြစ်ကာ ကြက်သေသေသွားခဲ့ရသည်။ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ နှင်းပြာရောင်ဝတ်ရုံခြုံထားသော လူတစ်ဦးကို မြင်လိုက်ရပါသည်။

သူဘယ်အချိန်က ရောက်လာမှန်းပင် ယန်ရုန်ရုန် အာရုံမခံနိုင်ခဲ့ပါ။ သူ့မျက်နှာက လင်းယွမ်နှင့် ၆၀ ရာခိုင်နှုန်းလောက် ဆင်တူပြီး အရှိန်အဝါကလည်း ပိုပြီး ရင့်ကျက်မှု ရှိသည်။

ယန်ရုန်ရုန် နှုတ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။

“ယန်ဟဲမိန်လား”

ထိုလူ့မျက်နှာမှာ အေးစက်ပြီး တည်ငြိမ်လွန်းလှသည်။ အသံတွင်လည်း အာဏာသံအပြည့် ပါဝင်နေပါသည်။

“ဒီနေ့ လင်းယွမ်ကို လူနှစ်ယောက် လာရှာတယ်လို့ ကြားမိတယ်၊ အဲ့တာ မင်းတို့နှစ်ယောက်ပဲ မဟုတ်လား၊ တားမြစ်ထားတဲ့ နေရာတစ်ခုမှာ မဖိတ်ကြားထားတဲ့ ဧည့်သည်နှစ်ယောက်က ရောက်နေတာ… ငါတို့ ယန်မိသားစုကို မင်းတို့ ဘယ်လိုထင်နေတာလဲ”

🌹Chapter 204

အစီအရင်တိုင်းကို ယန်ရုန်ရုန် ဂရုတစိုက် ရှောင်ရှားခဲ့ပြီး မလွှဲမရှောင်သာသော အစီအရင်များကို သခင်ဖြစ်သူ မသိအောင် ချိုးဖျက်ခဲ့ကာ အလွန်သတိထားခဲ့သော်လည်း ယန်ဟဲမိန်ကတော့ သူ၏ အိမ်တော်ထဲ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည့် ကျူးကျော်သူများကို အာရုံခံမိဆဲပင်။

ကျူးကျော်သူများ၏ ရည်ရွယ်ချက်ကို သေချာမသိရသေးသဖြင့် အိမ်တော်အတွင်းရှိ အခြားသူများကို ယန်ဟဲမိန် အသိမပေးရသေးပါ။

ကျူးကျော်သူနှစ်ယောက်၏ လှုပ်ရှားမှုများနှင့် စကားတို့ကို ပေါင်းစပ်ကြည့်လိုက်ပြီးနောက် ယန်အိမ်တော်ထဲ သူတို့ ဖောက်ထွင်းဝင်ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို ယန်ဟဲမိန် နားလည်သွားခဲ့ပါသည်။

သူကိုယ်ထင်ပြလိုက်သည့်အခါ ရန်သူများ အလွန်ကြောက်ရွံ့ကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြလိမ့်မည်ဟု ယန်ဟဲမိန် ယူဆထားခဲ့သည်။ သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ယန်ရုန်ရုန် ရွှေအလင်းအဆောင်စက္ကူများ ဆွဲထုတ်လိုက်သည်ကို ယန်ဟဲမိန် မြင်လိုက်ရပြီး အလွန်အံ့အားသင့်သွားခဲ့ရသည်။

ယန်ရုန်ရုန်က ဆိုသည်။

“လူမိသွားပြီဆိုတော့လည်း အစီအရင်ကို ဖျက်ဆီးဖို့တိုးတိုး တိတ်တိတ် နည်းလမ်း ရှာစရာ မလိုတော့ဘူးပေါ့၊ ထုံးစံအတိုင်း ဝိုင်းဒိုင်းကြဲ နည်းလမ်းပဲ သုံးကြတာပေါ့”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ယန်ရုန်ရုန် ရွှေအလင်းအဆောင်စက္ကူများကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်စက္ကူများက နတ်ဆိုးချုပ်နှောင်အစီအရင်ထံသို့ ဝှစ်ခနဲမြည်အောင် ပျံသန်းသွားခဲ့ပါသည်။

အစီအရင်စည်းဝိုင်း၏ အစွန်းများနှင့် ထိတွေ့ကာ အဆောင်စက္ကူများ ပေါက်ကွဲသွားခဲ့ပြီး မျက်စိစူးလောက်စရာ ရွှေရောင်အလင်းတန်းများ ဖြာထွက်သွားခဲ့ပါသည်။

ထိုရွှေရောင်အလင်းတန်းများက နတ်ဆိုးချုပ်နှောင်အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အစီအရင်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ဗြောင်းဆန်သွားခဲ့ပြီး အစီအရင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာကာ အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံစံ ပေါက်နေပါသည်။

ထိုနတ်ဆိုးချုပ်နှောင်အစီအရင်ကို ယန်ဟဲမိန်ကိုယ်တိုင် ခင်းကျင်းထားခြင်းဖြစ်သဖြင့် ယခု ထိုအစီအရင် ပျက်စီးခါနီးပြီဖြစ်မှန်း သူခံစားနိုင်ပါသည်။

ယန်ဟဲမိန် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်ဝန်းတွေထဲမှာလည်း ဒေါသမီးများ တောက်လောင်သွားခဲ့သည်။ သူကိုယ် တိုင် ရောက်လာခဲ့သော်လည်း ဒီမိန်းမက အရှုံးမပေးသည့်အပြင် ပို၍ပင် အတင့်ရဲလာသေးသည်။

ယန်မိသားစု၏ မိသားစုဦးစီးဖြစ်သော သူ့ကို လုံးဝ လေးစားမှုမရှိပါ။

“ရပ်စမ်း!”

ယန်ဟဲမိန် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအင်များကိုပါ ထုတ်လွှတ်လိုက်သည်။

မဟာအောင်မြင်ခြင်းအဆင့်ရှိသူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ဖြာထွက်ကာ တောင်တစ်လုံးပမာ ဖိအားမျိုးဖြင့် ယန်ရုန်ရုန့်အပေါ် သက်ရောက်လာခဲ့သည်။

ထိုကဲ့သို့ စွမ်းအားမျိုးကို ယန်ရုန်ရုန် ခုခံဖို့ ခွန်အားမရှိပါ။ ထို့ကြောင့် သူမဦးခေါင်း ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရပြီး ရင်ဘတ်ထဲမှာလည်း တင်းကျပ်ကာ လည်ချောင်းထဲ သွေးနံ့များ ပြည့်နှက်လာခဲ့ပါသည်။

ဒါကိုမြင်ပြီး အသက်မဲ့နေခဲ့သော ယန်လင်းယွမ်၏ မျက်နှာ ရုတ်တရက် တုန်လှုပ်ချောက်ချားကာ အမျက်ဒေါသ ကြီးမားသွားခဲ့သည်။ အချုပ်အနှောင်မှ လွတ်မြောက်အောင် အသည်းအသန်ရုန်းကန်လိုက်ရာ သံကြိုးများ၏ ရိုက်ခတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါသည်။

“အဖေ! သူ့ကို ဘာမှမလုပ်နဲ့နော်! ကျွန်တော်တောင်းပန်ပါတယ်! သူ့ကို လွှတ်ပေးလိုက်ပါ!”

တစ်ချိန်တည်းမှာပင် နတ်ဆိုးစွမ်းအင်တစ်ခုက တိတ်တ ဆိတ် ထွက်ပေါ်လာပြီး ယန်ရုန်ရုန့်ခန္ဓာကိုယ်ကို ဝန်းရံကာ သူမအပေါ် သက်ရောက်နေသော ဖိအားများကိုလည်း ဖယ်ရှားပေးလိုက်ပါသည်။

အော်ဟစ်နေသော ယန်လင်းယွမ်ကို လင်းယွမ် လှည့်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးပြလိုက်သည်။

“တောင်းပန်နေရုံနဲ့ ဘာမှအသုံးမဝင်ဘူး ငတုံးကောင်ရဲ့”

ယန်ဟဲမိန် ကြက်သေသေသွားခဲ့သည်။ လင်းယွမ်ကို သူစိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်ပါသည်။

“မင်းလည်း နတ်ဆိုးမျိုးနွယ်ကပဲ!”

လင်းယွမ် ပေါ်တင် ဝန်ခံလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ”

သူသာ အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ် ဖြစ်နေဆဲဆိုလျှင် ယန်ဟဲမိန်၏ ခွန်အားကို ကြောက်ရွံ့ပြီး သားအဖ သံယောဇဉ်ကိုလည်း ထည့်တွက်ကာ ဒီလို စိန်ခေါ်ရဲခဲ့မှာ မဟုတ်ပါ။

သို့သော် ယခုတော့ သူက နတ်ဆိုးအရှင်သခင် လင်းယွမ်ဖြစ်နေပြီး နိုးထပြီးသား နတ်ဆိုးမျိုးစေ့ကို ပိုင်ဆိုင်ထားကာ အတိတ်လည်း မေ့နေပါသည်။ သူ့ကို နှောင့်နှေးစေမည့်အရာဟူ၍ ဘာမှ မရှိပေ။

ယန်ဟဲမိန် လှောင်ပြုံးပြုံးလိုက်သည်။

“ကောင်းကင်ဘုံ သွားနိုင်မယ့်လမ်းက ထင်ထင်ရှားရှား ရှိနေပါလျက်နဲ့ ငရဲပြည်ကို ဇွတ်တိုးဝင်လာတာပဲ၊ မင်းက အဲ့လောက် သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရသေးတာပေါ့”

ကြမ်းပြင်ပေါ်တွင် အလွန်ရှုပ်ထွေးသော စည်းဝိုင်းများ ရုတ်တရက်ပေါ်လာပြီး ငွေဖြူရောင် အလင်းတိုင်များစွာ ထိုးထွက်လာကာ လင်းယွမ်နှင့် ယန်ရုန်ရုန်တို့ကို လှောင်အိမ်တစ်လုံးပမာ ပိတ်လှောင်လိုက်ပါသည်။

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်သည်။

“ခင်ဗျားလုပ်နိုင်တာ ဒီလောက်ပဲလား”

လင်းယွမ် နတ်ဆိုးစွမ်းအင် အများအပြား ထုတ်လွှတ်လိုက်သည်။ သွေးနီရောင် အခိုးအငွေ့များက ကြမ်းတမ်းစွာ လှုပ်ခါသွားခဲ့ပြီး ငွေဖြူရောင် အလင်းလှောင်အိမ်ကြီးကို ရိုက်ခတ် ချိုးဖျက်သွားခဲ့ပါသည်။ အလင်းတိုင်များပြိုလဲကာ ကြမ်း ပြင်ပေါ်ရှိ စည်းဝိုင်းကွက်များလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

ယန်ဟဲမိန် မျက်နှာပျက်သွားလေသည်။ ဒီနတ်ဆိုးကျင့်ကြံသူက သူခန့်မှန်းထားသည်ထက် အများကြီး ပိုသန်မာနေသဖြင့် ကိုင်တွယ်ရခက်လိမ့်မည်။

လင်းယွမ် အေးအေးလူလူ ပြောလိုက်သည်။

“ရှိသမျှ လှည့်ကွက်တွေ အကုန်ထုတ်သုံးလေ၊ ကျုပ်အချိန်က တန်ဖိုးရှိတယ်”

ဒီတစ်ခါတော့ ယန်ဟဲမိန် စကားပင် ပြန်မပြောတော့ဘဲ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရာ သူ့ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အကျဉ်းထောင်ထဲရှိမြင်ကွင်းများ အလွန်ပြောင်း လဲသွားခဲ့ပါသည်။ ဘေးပတ်လည်ရှိ နံရံများနှင့် အောက်ဘက်ရှိ ကြမ်းပြင်များ ချက်ချင်း ပျောက်ကွယ်ကာ မျက်နှာ ကြက်ပေါ်မှ ပွက်ပွက်ဆူနေသော ချော်ရည်များ တစ်စက်တစ်စက် စီးကျလာခဲ့သည်။

ယန်လင်းယွမ်က အက်ကွဲနေသည့် အသံဖြင့် သတိပေးလိုက်ပါသည်။

“အဲ့တာ ချော်ရည်အစီအရင်ပဲ၊ အဲ့ဒီချော်ရည်တွေနဲ့ ထိမိရင် ခန္ဓာကိုယ်ချက်ချင်း အရည်ပျော်သွားလိမ့်မယ်”

လင်းယွမ်က ဂရုမစိုက်ပေ။

“အဲ့လို အပေါစားဆန်တဲ့ လှည့်ကွက်မျိုးနဲ့ ဒီနတ်ဆိုးအရှင်သခင်ကို ထိခိုက်အောင် လုပ်နိုင်မယ် ထင်နေတာလား”

ထို့နောက် လင်းယွမ် နတ်ဆိုးစွမ်းအင်ကို အသုံးပြုကာ သူတို့သုံးယောက်ပတ်လည်တွင် အကာအရံတစ်ခုကို ဖန်တီးလိုက်ပါသည်။

ချော်ရည်များ စီးကျလာသော်လည်း အကာအရံကို ထိမှန်ကာ လမ်းကြောင်းလွဲသွားသဖြင့် ဘယ်သူမှ မထိခိုက်ခဲ့ပေ။

ယန်လင်းယွမ်ကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာပေါ် ဝမ်းနည်းညှိုးငယ်မှုများ အထင်းသား ပေါ်နေသည်ကို မြင်လိုက်ရပါသည်။

သူ့ကိုယ် သူ နတ်ဆိုးတစ်ကောင်ဖြစ်မှန်း သိနေခဲ့သော်လည်း ယန်ဟဲမိန်ကို ‘အဖေ’ဟု ၁၆ နှစ်တိုင်တိုင် ခေါ်ခဲ့သည်။ ထိုသံယောဇဉ်က အတုအယောင်မဟုတ်ပေ။

ယန်ဟဲမိန်ကတော့ တွန့်ဆုတ်မှုစိုးစင်းမျှမရှိဘဲ သူ့ကို ချော် ရည်အစီအရင်ထဲ သေအောင် ပစ်ထားခဲ့ပါသည်။ ယခု ယန်လင်းယွမ်၏ရင်ထဲ ဘယ်လောက်တောင် နာကျင်နေမလဲ ယန်ရုန်ရုန် ခန့်မှန်း၍ပင် မရနိုင်ပါ။

ယခုဆို နတ်ဆိုးချုပ်နှောင်အစီအရင်လည်း အတော်လေး ယိုယွင်းလာခဲ့ပါပြီ။ ယန်ရုန်ရုန် ရွှေအလင်းအဆောင်စက္ကူနှစ်ရွက် ထပ်ပစ်လိုက်ရာ အစီအရင် ကျိုးပျက်သွားတော့သည်။

ထို့နောက် ယန်လင်းယွမ်ကို တုပ်နှောင်ထားသည့် သံကြိုးများကို ဖယ်ရှားပေးပြီး သူ့ကို ဆွဲထူကာ လင်းယွမ်ကို လှည့်ပြောလိုက်သည်။

“ရှင့်အဝတ်အစားတွေ ချွတ်လိုက်”

လင်းယွမ် ရှက်လည်းရှက် စိတ်လည်းလှုပ်ရှားသွားပုံပေါ် သည်။

“မသင့်တော်ဘူးလေ၊ အခုလိုအချိန်ကြီးမှာ မသင့်တော်ပါဘူး”

ယန်ရုန်ရုန် စူးစူးဝါးဝါး ထပ်ပြောလိုက်ပါသည်။

“ကျွန်မက ချွတ်လို့ပြောရင် ချွတ်လိုက်ပေါ့!”

“သူများတွေကြည့်နေတာ တကယ်မကောင်းပါဘူး”

နှုတ်မှ ‘မကောင်းပါဘူး’ဟု ပြောနေသော်လည်း လင်းယွမ် လက်များက အလွန်မြန်ဆန်ပါသည်။

မျက်စိတ်တစ်မှိတ် အချိန်အတွင်း အပေါ်ဝတ်ရုံကို ချွတ်ပြီးသွားပြီဖြစ်ကာ အတွင်းဘက်ဝတ်ရုံနှင့် ဘောင်းဘီတို့ကိုပါ ချွတ်ဖို့ ပြင်လိုက်သည်။

ယန်ရုန်ရုန်က အပေါ်ဝတ်ရုံကို လှမ်းယူလိုက်ပြီး သူ့ကို နှလုံးသားမဲ့စွာ ပြောလိုက်ပါသည်။

“အဲ့လောက်ဆိုရပြီ၊ ကျန်တာမလိုဘူး”

ထို့နောက် ယန်လင်းယွမ်ကို ထိုအပေါ်ဝတ်ရုံခြုံပေးလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဖုံးကွယ်ပေးလိုက်ပါသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လင်းယွမ် ဘောင်းဘီချွတ်ရင်းတန်းလန်း ရပ်တန့်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်ပါသည်။

“အဲ့ဒီငတုံးကောင်ကို ကိုယ့်အဝတ်အစားတွေ တကယ်ကြီးပေးလိုက်တာလား၊ ကိုယ့် ခံစားချက်ကိုတောင် ထည့်မတွက်ဘူးလား!”

ယန်ရုန်ရုန် သူ့ကို လျစ်လျူရှုလိုက်ပြီး ယန်လင်းယွမ်ကို လေးနက်စွာ ပြောလိုက်သည်။

“နင့်ကို ယန်ဟဲမိန် ဘယ်လိုပဲမြင်မြင် အရေးမကြီးဘူး၊ အရေးကြီးတာက နင့်ကိုယ် နင် ဘယ်လိုမြင်သလဲ ဆိုတာပဲ၊ ငါတို့ ပထမဆုံး ဆုံခဲ့တုန်းက ငါ့ကိုနင် ဘာပြောခဲ့လဲ မှတ်မိသေးလား၊ နင်က ရှန်းလန်မြို့ ယန်မိသားစုကလာတဲ့ ယန်လင်းယွမ်လို့ ပြောခဲ့တာလေ၊ နင့်ကိုယ်နင် ယန်လင်းယွမ်လို့ ယုံကြည်နေသေးသရွေ့ နင်က အမြဲတမ်း ယန်လင်းယွမ်ပဲ!”

သူမကို ယန်လင်းယွမ် ရီဝေစွာ စိုက်ကြည့်လိုက်သည်။

“ဒါပေမယ့် ယန်မိသားစုက ကျွန်တော့်ကို လက်ခံမှာ မဟုတ်တော့ဘူး၊ ကျွန်တော် ရှန်းလန်မြို့မှာလည်း ဆက်နေလို့မရတော့ဘူး”

“အဲ့တာဆိုလည်း ဒီနေရာကြီးကနေ ထွက်သွားလိုက်ပေါ့၊ ကမ္ဘာကြီးက အကျယ်ကြီးပါ၊ ငါတို့အတူတူ နယ်မြေအနှံ့ ခရီးထွက်လို့ရတယ်”

လင်းယွမ်က ဝင်ပြောလိုက်သည်။

“ဒီငတုံးကောင်နဲ့ အတူတူခရီးထွက်ချင်တယ်လို့ မပြောမိပါဘူး”

“ရှင့် ပါးစပ်ပိတ်ထား!”

ယန်ရုန်ရုန် သူ့ကို မျက်စောင်းလှမ်းထိုးလိုက်ပြီး ယန်လင်းယွမ်အား ဆက်ပြောလိုက်သည်။

“နတ်ဆိုးတွေကို ဆက်သုတ်သင်ပြီး လောကကြီးကိုလည်း ဆက်ကာကွယ်ပေးလို့ ရတယ်၊ နတ်ဆိုးဆိုတာနဲ့ပဲ နတ်ဆိုးမျိုးနွယ်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး၊ ကောက်ကျစ်ယုတ်မာတဲ့ မိစ္ဆာတိုင်းကို ဆိုလိုတယ်၊ မတရားမှုကို တွန်းလှန်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးတာက လောကကြီးကို ကာကွယ်ပေးတာပဲ မဟုတ်ဘူးလား”

ယန်လင်းယွမ် အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

ထိုစဉ် ယန်ရုန်ရုန် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပွေ့ဖက်ကာ တီးတိုးပြောလိုက်ပါသည်။

“နင့်ကို ကမ္ဘာကြီးတစ်ခုလုံးက မျက်ကွယ်ပြုလိုက်ရင်တောင် နင့်ဘေးမှာ လင်းယွမ်နဲ့ငါ ရှိနေဦးမှာပါ၊ နင့်မှာ ငါတို့ရှိနေတုန်းပဲ”

လင်းယွမ် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်သွားရသည်။

“မင်းဘာတွေလုပ်နေတာလဲ! ငါ့ကို အသက်ရှိတယ်လို့ကော ထင်သေးရဲ့လား!”

လင်းယွမ်၏ ဒေါသကြောင့် နတ်ဆိုးအကာအရံလည်း ဆက်တိုက်ဆိုသလို ကြီးမားကျယ်ပြန့်သွားခဲ့ပြီး ချော်ရည်အစီအရင်တစ်ခုလုံးကို ပြည့်လျှံသွားခဲ့တော့သည်။

ထိုအခါ ချော်ရည်များက သွားစရာနေရာမရှိတော့သဖြင့် အစီအရင်ကြီးတစ်ခုလုံး တောင့်မခံနိုင်တော့ဘဲ စတင်အက်ကွဲလာခဲ့လေသည်။

All Chapters