← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

🌹Chapter 207

ယန်ရုန်ရုန် တံခါးကို ဖြတ်ကျော်ကာ သူ့အခန်းထဲ ဝင်သွားခဲ့ပါသည်။

ဒီအခန်း၏ အနေအထားက သူမအခန်းနှင့် တစ်ထေရာတည်းနီးပါး တူညီနေသည်။ အခန်းကို အကဲခတ်လိုက်ပြီးနောက် စားပွဲတွင် ယန်ရုန်ရုန် ဝင်ထိုင်လိုက်ပါသည်။

ယန်လင်းယွမ်က အခါးရည်ငှဲ့ပေးရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်တော်လည်း ရှောင်းရှောင်းကို လာတွေ့တော့မလို့ပဲ၊ ဒီနေ့ည မြို့ထဲမှာ မျက်လှည့်အဖွဲ့တစ်ဖွဲ့ လာဖျော်ဖြေဖို့ ရှိတယ်လို့ကြားတယ်၊ ပြီးတော့ မြို့သားတွေကလည်း မြစ်ထဲမှာ မီးမျှောပွဲလုပ်ကြမှာတဲ့၊ အတူတူ သွားကြရအောင်လေ”

သူ့မျက်ဝန်းတွေထဲက ဟန်ဆောင်မှုကင်းမဲ့သော မျှော်လင့် ချက်များကို မြင်ပြီး ယန်ရုန်ရုန် မငြင်းရက်ခဲ့ပါ။ ထို့ကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်ပါသည်။

ယန်လင်းယွမ် မျက်လုံးများ ချက်ချင်းအရောင်တောက်သွားခဲ့ပြီး ပျော်ရွှင်စွာ အောင်ပွဲခံလိုက်လေသည်။

“ပျော်စရာကြီး!”

သို့သော် သူ့ပါးစပ်ကိုသူ လက်ဖြင့် အမြန်အုပ်လိုက်ရသည်။ သူအကျယ်ကြီး မအော်သင့်ပါ။

ဟိုဘက်အခန်းက အဘိုးကြီးသာကြားသွားလျှင် ပြဿနာတက်နိုင်သည်။ သူတို့နောက်ကို ထိုအဘိုးကြီး လိုက်လာပါက ယန်ရုန်ရုန်နှင့် နှစ်ယောက်တည်း ဖြတ်သန်းနိုင်မည့် အချိန်လေးကို အနှောင့်အယှက် ပေးပါလိမ့်မည်။

သူခိုးတစ်ယောက်ပမာ အသံကိုတိုးရင်း ယန်လင်းယွမ် ပြောလိုက်ပါသည်။

“အဲ့ဒီအဘိုးကြီး မသိအောင် အခုပဲမြန်မြန်သွားကြစို့”

သူဘယ်သူ့ကို ဆိုလိုမှန်း ယန်ရုန်ရုန် နားလည်ပါသည်။ ထို့ကြောင့် ခေါင်းထပ်ညိတ်ကာ သဘောတူလိုက်သည်။

“အင်း”

အရာအားလုံးက အဆုံးသတ်ဖို့ နီးနေပြီဖြစ်ရာ သူ့ဆန္ဒကို နောက်ဆုံးတစ်ကြိမ် လိုက်လျောပေးလိုက်၍ အကျိုးမယုတ်နိုင်ပေ။

ယန်လင်းယွမ်၏ မျက်လုံးများ ကြယ်ပွင့်ပမာ တောက်ပသွားခဲ့ပြီး ယန်ရုန်ရုန့်ကို တည်းခိုခန်းအပြင်ဘက်သို့ အမြန်ခေါ်ဆောင်သွားခဲ့ပါသည်။

ပန်းနတ်သမီးပွဲတော်ကြောင့် ဒီနေ့ည မြို့ထဲမှာ အလွန်တရာမှ စည်ကားလွန်းလှသည်။ လမ်းမများပေါ်တွင် အရောင်အသွေးစုံလင်သော ပန်းကလေးများဖြင့် အလှဆင်ထားပြီး ပန်းနတ်သမီးရုပ်တုတစ်ခုကိုလည်း မြို့ထဲ သယ်ဆောင်လှည့်လည်နေကြသည်။

ကလေးသူငယ်များက ပန်းအခြွေအရံများအဖြစ် ဝတ်ဆင်ကာ ရုပ်တုဘေးတွင် ဝန်းရံရင်း ခြင်းကလေးများကိုင်ပြီး ပန်းပွင့်ဖက်များကို လေထဲ ကြဲနေကြပါသည်။

ညလေပြည်ထဲ ရောင်စုံ ပန်းပွင့်ဖက်ကလေးများ လွင့်မျောသွားခဲ့ပြီး ပွဲကြည့်ပရိတ်သတ်များပေါ်သို့ ဆင်းသက်လာခဲ့သည်။ ယန်လင်းယွမ်က ပန်းရောင် ဖွင့်ဖက်လေးတစ်ဖက်ကို လှမ်းယူပြီး လက်နှစ်ဖက်ဖြင့် သေချာသယ်ကာ ယန်ရုန်ရုန့်ကို ပေးလိုက်ပါသည်။

“ဒီပွင့်ဖက်လေးတွေကို ပန်းနတ်သမီးက ကောင်းချီးပေးထားတာလို့ ကြားဖူးတယ်၊ အဲ့တာကြောင့် ဒီပွင့်ဖက်လေးတွေကို ရလိုက်တဲ့လူတိုင်းက ပန်းနတ်သမီးရဲ့ ကောင်းချီးပေးမှုကိုခံရတာနဲ့ အတူတူပဲ၊ ရှောင်းရှောင်းသိမ်းထားလိုက်နော်”

ယန်ရုန်ရုန် ထိုပွင့်ဖက်လေးကို လှမ်းယူလိုက်ပါသည်။ ပန်းရောင် ပွင့်ဖက်သေးသေးလေး သူမလက်ထဲ ရောက်ရှိလာသည်။

လက်ချောင်းကလေးများကို ဖြည်းညှင်းစွာ ကွေးလိုက်ပြီး ပန်းနတ်သမီး၏ ကောင်းချီးကို သူမ လက်ခံခဲ့ပါသည်။

“ကျေးဇူးတင်ပါတယ်”

အံ့ဖွယ် မျက်လှည့်ဖျော်ဖြေမှုများကို နှစ်ယောက်အတူတူ ကြည့်ရှုပြီးနောက် မြစ်ကမ်းနံဘေးသို့ သွားခဲ့ကြသည်။

မြစ်ကမ်းနံဘေးတွင် ယာယီဆိုင်ကလေးများ ဖွင့်ထားပြီး မြစ်ထဲမျှောဖို့အတွက် မီးအိမ်ကလေးများ ရောင်းချနေပါသည်။ မီးအိမ်ကလေးများကို ပန်းအမျိုးအစားပေါင်းစုံဖြင့် အလှဆင်ထာားသည်။

ပန်းအမျိုးအစားက စုံလင်လွန်းသဖြင့် မီးအိမ်တိုင်းက ရိုးအီသွားခြင်းမရှိ တောက်ပကာ အလွန်လှပနေပါသည်။ လူများစွာက မြစ်ကမ်းနံဘေးတွင် ထိုင်ကာ ၎င်းတို့၏ မီးအိမ်ကလေးများကို မြစ်ထဲ မျှောနေကြသည်။

ရေစီးနှင့်အတူ မီးအိမ်လေးများ တစ်လုံးပြီးတစ်လုံး မျောပါသွားခဲ့ပြီး အဝေးကကြည့်လျှင် စကြဝဠာ နဂါးငွေ့တန်းကြီးနှင့်ပင် တူလှပါသည်။

ယန်လင်းယွမ်က မက်မွန်ပွင့်သဏ္ဌာန်ပုံဖော်ထားသည့် မီးအိမ်လေးနှစ်လုံးကို ဝယ်လိုက်သည်။ ထိုမက်မွန်ပွင့်များက အိမ်ထောင်ရေးနှင့် ကံကြမ္မာရေစက်ကို ကိုယ်စားပြုသည်ဟု ဆိုင်ရှင်ကဆိုသည်။

ယန်လင်းယွမ်စိတ်ထဲ လျှို့ဝှက်မျှော်လင့်ချက်လေးတစ်ခု ထားရှိရင်း ယန်ရုန်ရုန့်လက်ထဲ မက်မွန်ပွင့်မီးအိမ်လေးတစ်လုံး ထည့်ပေးလိုက်ပါသည်။

ထို့နောက် စာရွက်နှင့် စုတ်တံတို့ကို ထုတ်ကာ သူပြောလိုက်သည်။

“ကျွန်တော်တို့ အဖြစ်ချင်ဆုံး ဆန္ဒတွေကို စာရွက်ပေါ်မှာရေးပြီး မီးအိမ်ထဲ ထည့်ရအောင်၊ မီးအိမ်လေးတွေက ကျွန်တော်တို့ရဲ့ ဆန္ဒကို ပန်းနတ်သမီးဆီရောက်အောင် သယ်ဆောင်သွားပေးပြီး အိပ်မက်တွေတကယ်ဖြစ်လာအောင် ဖြည့်ဆည်း ပေးလိမ့်မယ်”

ယန်ရုန်ရုန်လည်း စာရွက်နှင့် စုတ်တံတို့ကို ယူလိုက်သည်။ ခေတ္တစဉ်းစားပြီးနောက် သူမ တိုတိုတောင်းတောင်း စာသားတစ်ကြောင်းကို ရေးလိုက်ပါသည်။

သူမ ခေါင်းမော့ကြည့်လိုက်ရာ စာရွက်ပေါ်တစ်ခုခု အသည်း အသန်ရေးနေသည့် ယန်လင်းယွမ်ကို မြင်ပြီး စိတ်ဝင်တစား မေးလိုက်သည်။

“နင့်ဆန္ဒက ဘာလဲ”

ယန်လင်းယွမ် လက်ချောင်းများ ရပ်တန့်သွားခဲ့ပြီး သူ့နား ရွက်ကလေးများလည်း အနည်းငယ်နီမြန်းသွားခဲ့ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်ပါသည်။

“ရှောင်းရှောင်းနဲ့ တစ်သက်လုံး အတူတူနေသွားချင်တာ”

ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။

“နင့်အိပ်မက်က နင့်အဖေထက် ပိုအစွမ်းထက်တဲ့၊ ဖြောင့်မတ်မှန်ကန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်တာမဟုတ်ဘူးလား”

လင်းယွမ် ခေါင်းကုတ်ကာ ပြောလိုက်ပါသည်။

“အဲ့တာလည်း ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီနေ့ညတော့ ရှောင်းရှောင်းနဲ့ အတူတူရှိချင်တဲ့ဆန္ဒက ပိုအရေးအကြီးတယ်”

ထို့နောက် ယန်ရုန်ရုန့်လက်ထဲက စာရွက်လေးကို ကြည့်ပြီး ယန်လင်းယွမ် မျှော်လင့်တကြီး မေးလိုက်သည်။

“ရှောင်းရှောင်း ဆန္ဒကကော”

ယန်ရုန်ရုန် စာရွက်ကို ဖြန့်ကာ သူ့ကို ပြလိုက်သည်။ စာရွက်ဖြူဖြူတွင် ရှင်းရှင်းလင်းလင်း ရေးသားထာသည်မှာ…

‘အိမ်ပြန်ရပါစေ’

ယန်လင်းယွမ် ကြက်သေသေသွားခဲ့သည်။

ယန်ရုန်ရုန်ကတော့ စာရွက်ကို ပြန်ခေါက်လိုက်ပြီး မီးအိမ်လေးထဲ ဂရုတစိုက် ထည့်လိုက်ပါသည်။ ထို့နောက် သိမ်မွေ့စွာ ပြောလိုက်သည်။

“နင့်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ တောင်းပန်ပါတယ်၊ ငါ့မှာလည်း ငါ့ရည်မှန်းချက်နဲ့ ငါ ရှိသေးတယ်”

ယန်လင်းယွမ် မျက်လွှာချလိုက်ပြီး မျက်နှာကလည်းချက် ချင်းဆိုသလို ညှိုးငယ်သွားခဲ့သည်။

“ဒါပေမယ့် ကျွန်တော့်ကို ကတိပေးထားတယ်လေ… ကျွန်တော်နဲ့အတူတူ ကမ္ဘာကြီးတစ်ခုလုံးကို ခရီးသွားမယ်ဆို”

ယန်ရုန်ရုန် မီးအိမ်လေးကို မီးညှိလိုက်သည်။ မက်မွန်ပွင့် မီးအိမ်လေးမှ ပန်းရောင် မီးအလင်းရောင်လေး လှလှပပ ဖြာထွက်လာခဲ့ပါသည်။

“နင်သာ တကယ်ဆန္ဒရှိတယ်ဆိုရင် တစ်ကမ္ဘာလုံးကို မျက်စိတစ်မှိတ်အတွင်း သွားလို့ရတာပဲ”

ယန်လင်းယွမ် သူ့စာရွက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သဖြင့် လက်ဆစ်များပင် ဖြူရော်သွားခဲ့ရသည်။ ထို့နောက် တုန်ယင်နေသော အသံဖြင့် သူပြောလိုက်လေသည်။

“ဘယ်လိုလုပ် တူနိုင်မှာလဲ!”

ယန်ရုန်ရုန် မြစ်ကမ်းနံဘေးတွင် ထိုင်လိုက်ပြီး မက်မွန်ပွင့် မီးအိမ်လေးကို ရေပြင်ပေါ် တင်လိုက်သည်။ ထို့နောက် လက်ဖြင့် အသာအယာတွန်းလိုက်ရာ မီးအိမ်လေး အဝေးသို့ လွင့်မျောသွားတော့သည်။

တစတစ ပျောက်ကွယ်သွားသည့် မီးအလင်းရောင်လေးကို ငေးကြည့်ရင်း ယန်ရုန်ရုန် မတ်တပ်ပြန်ရပ်လိုက်ပါသည်။ လေပြည်တစ်ချက်ကြောင့် သူမ၏ ဆံနွယ်များ လှုပ်ခါသွားခဲ့သည်။

“နိုးထဖို့အချိန်တန်ပြီ ယန်လင်းယွမ်၊ လူဆိုတာ အတိတ်မှာပဲ တစ်သက်လုံး ပိတ်မိနေလို့မဖြစ်ဘူး”

ယန်လင်းယွမ် တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည်။ ယန်ရုန်ရုန်က ကြည်လင်တောက်ပ‌သော မျက်လုံးများဖြင့် သူ့စိတ်ကို ဖောက်ထွင်းမြင်နေရသည့်အလား စိုက်ကြည့်လိုက်ပါသည်။

ယန်လင်းယွမ် မျက်နှာချက်ချင်းလွှဲကာ သူမအကြည့်များကို အသည်းအသန်ရှောင်ရှားလိုက်လေသည်။

“ရှောင်းရှောင်း ဘာတွေပြောနေတာလဲ ကျွန်တော် နားမလည်ဘူး”

ယန်ရုန်ရုန် သူ့ဘက်သို့ ပြန်လှည့်လာပြီး ခပ်စူးစူး စိုက်ကြည့်ကာ ပြောလိုက်သည်။

“နင်နားလည်ပါတယ်၊ အစကတည်းက နင်အားလုံး သိခဲ့တယ်”

“နောက်ကျနေပြီ ပြန်ကြစို့”

ထိုသို့ပြောပြီးနောက် ယန်လင်းယွမ် လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။

သို့သော် သူနောက်လှည့်လိုက်သည်နှင့် တစ်ပြိုင်တည်း အလွန်ကျယ်လောင်သော ဗွမ်းခနဲမြည်သံတစ်သံကိုကြား လိုက်ရသည်။ ရေထဲတစ်စုံတစ်ခု ပြုတ်ကျသွားသည့် အသံမျိုးပင်။

ချက်ချင်းဆိုသလို မြစ်ကမ်းနံဘေးရှိ လူများထံမှ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

“မိန်းကလေးတစ်ယောက် ရေထဲ ပြုတ်ကျသွားတယ်ဟေ့!”

“မြန်မြန်လုပ်လေ သူ့ကို ကယ်ကြပါဦး!”

ယန်လင်းယွမ်လည်း စိတ်ချောက်ချားစွာ လှည့်ကြည့်လိုက်သည်။ ထိုအခါ မြစ်ထဲ အသည်းအသန်ရုန်းကန်နေသည့် ယန်ရုန်ရုန့်ကို မြင်လိုက်ရပါသည်။

သူ့နှလုံးသားများ တင်းကျပ်သွားခဲ့ပြီး နှစ်ခါပြန်မတွေးဘဲ မြစ်ထဲ ခုန်ချလိုက်တော့သည်။

အမှန်တော့ ယန်ရုန်ရုန် ရေကူးတတ်ပါသည်။ သို့သော် ရေနစ်နေသည်ဟု ထင်ရအောင် ခြေလက်များကို အသည်းအသန် ရုန်းကန်ရင်း ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သည်။

သူမနား တစ်စုံတစ်ယောက် ရောက်လာသည်ဟု အာရုံခံမိသဖြင့် ထိုလူ့လက်ကို ယန်ရုန်ရုန် ချက်ချင်းလှမ်းဆွဲလိုက်ပါသည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ သူမကို လာကယ်သည့်လူက အမှန်တကယ် ယန်လင်းယွမ်ဖြစ်နေမှန်း မြင်လိုက်ရသည်။

ယန်လင်းယွမ်က သူမကို ပွေ့ပြီး ကမ်းဆီ ပြန်ကူးခတ်ဖို့ ကြိုးစားသည်။ သို့သော် ယန်ရုန်ရုန်က မရွေ့ပေ။ သူ့ဝတ်ရုံလည်ခွံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း သူမ ခက်ခက်ခဲခဲ မေးလိုက်ပါသည်။

“ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ”

ယခုလောက်ဆို ယန်ရုန်ရုန် ရည်ရွယ်ချက်ရှိရှိ ခုန်ချသွားခြင်းဖြစ်မှန်း ယန်လင်းယွမ် နားလည်သွားခဲ့ရပါပြီ။ ယန်ရုန်ရုန်က သူ့ကို တွန်းအားပေးဖို့ ကြိုးစားနေခြင်းပင်။

ယန်လင်းယွမ် အံကြိတ်ကာ တူညီသည့်အဖြေကိုပဲ ပေးခဲ့သည်။

“ရှောင်းရှောင်းပြောနေတာတွေ ကျွန်တော်ဘာမှ နားမလည်ဘူး”

ယန်ရုန်ရုန်က ပြန်ပြောလိုက်သည်။

“အရင်တုန်းက ငါပုံရိပ်ယောင်တွေနဲ့ ရာဇဝင်ရှိခဲ့ဖူးတယ်၊ အဲ့ဒီတစ်ခါတုန်းက ရေထဲကို ခုန်ချလိုက်ရုံနဲ့ လွတ်မြောက်သွားခဲ့တာ၊ ဒါပေမယ့် နင့်ရဲ့ ‘ပုံရိပ်ယောင်’ထဲမှာတော့ အဲ့ဒီလှည့် ကွက်က အာနိသင်ရှိတဲ့ပုံမပေါ်ဘူး၊ ဒါပေမယ့် ကိစ္စတော့မရှိပါဘူး၊ ငါ့မှာ တခြားနည်းလမ်းတွေ ရှိသေးတယ်၊ ငါခန့်မှန်းကြည့်ရမလား… ဒီပုံရိပ်ယောင် ကမ္ဘာထဲမှာ ငါသေသွားရင် အပြင်ကို ပြန်ရောက်နိုင်မှာလား”

နောက်ဆုံးတော့ ယန်လင်းယွမ် သည်းမခံနိုင်တော့ဘဲ ဟိန်းဟောက်လိုက်ပါသည်။

“ဘာလို့ ထွက်သွားမှဖြစ်မှာလဲ! ဒီမှာပဲ ကျုပ်နဲ့အတူတူ ဆက်နေလို့ ဘာလို့မဖြစ်နိုင်တာလဲ!”

ယန်ရုန်ရုန် ရုန်းကန်နေသည်ကို ရပ်တန့်လိုက်ပြီး သူ့မျက်ဝန်းတွေထဲ စေ့စေ့ကြည့်ကာ လေးနက်စွာ ပြောလိုက်ပါသည်။

“ဒီပုံရိပ်ယောင်ကမ္ဘာက နင့်မှတ်ဉာဏ်တွေကနေ ဖြစ်ပေါ်လာတာ၊ ဘယ်သူမှ မှတ်ဉာဏ်တွေထဲ တစ်သက်လုံး နေသွားလို့မရဘူးလေ”

ယန်လင်းယွမ်က ပြန်ချေပသည်။

“ဘာလို့ နေလို့မရတာလဲ! မှတ်ဉာဏ်ထဲမှာ ပိတ်မိနေတာက ဘာလို့ ကျုပ်တစ်ယောက်တည်း ဖြစ်နေရတာလဲ! အဲ့ဒီနာကျင်မှုတွေ၊ အငြှိုးတရားတွေကို ကျုပ်တစ်ယောက်တည်း ဘာလို့ အကြိမ်ကြိမ်အခါခါ ပြန်ခံစားနေရတာလဲ! ကျုပ်ကို ဘာလို့ အားလုံးက ထားခဲ့ကြတာလဲ! ကျုပ်ဒီလို ရက်ရက် စက်စက် စွန့်ပစ်ခံရအောင် ဘယ်လိုအမှားတွေ လုပ်ခဲ့မိလို့လဲ!”

သူ၏ဟိန်းဟောက်သံများနှင့်အတူ မြစ်ရေများက ချက်ချင်းဆိုသလို ရေခဲအဖြစ် အေးခဲသွားခဲ့သည်။

မြစ်ကမ်းနံဘေးပေါ်ရှိလူများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မီးအလင်းရောင်များလည်းငြိမ်းကာ တစ်မြို့လုံး မှောင်အတိကျသွားတော့သည်။

🌹Chapter 208

မြစ်ရေများက ရေခဲအဖြစ် ပြောင်းလဲသွားသော်လည်း ယန်ရုန်ရုန် အအေးဒဏ်ကို သိပ်မခံစားခဲ့ရပါ။

ယန်လင်းယွမ်က သူမအပေါ် နာကျင်စေချင်သည့်စိတ်မရှိခြင်းကြောင့် ဖြစ်မှန်း ယန်ရုန်ရုန် နားလည်ပါသည်။ အမျက် ဒေါသနှင့် ရူးသွပ်မှုများအောက် ရောက်ရှိနေလျှင်ပင် သူ့မသိစိတ်မှ သူမကို ကာကွယ်ပေးနေပါသေးသည်။

ယန်လင်းယွမ်၏ကြက်သွေးရောင် မျက်ဝန်းများကို ကြည့်ရင်း ယန်ရုန်ရုန် သက်ပြင်းချလိုက်ပါသည်။

“နင် ဘာအမှားမှ မလုပ်ခဲ့ပါဘူး”

ယန်လင်းယွမ်က ထပ်မေးသည်။

“အဲ့တာဆို ကျုပ်ကို ဘာလို့ထားခဲ့ချင်ရတာလဲ”

ယန်ရုန်ရုန် ရှင်းပြလိုက်သည်။

“ငါနင့်ကို ထားခဲ့တာ မဟုတ်ဘူးလေ၊ ဒီပုံရိပ်ယောင်ကမ္ဘာထဲက ထွက်သွားရမယ် ဆိုရင်တောင် ငါလင်းယွမ်နဲ့အတူ ရှိနေဦးမှာ၊ နင်နဲ့ သူနဲ့က တစ်ယောက်တည်းပဲ မဟုတ်--”

“သူ့မှတ်ဉာဏ်တွေကို ချိပ်ပိတ်ပြီး သူ့အတိတ်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကတည်းက သူနဲ့ ကျုပ်နဲ့ မတူတဲ့လူတွေ ဖြစ်သွားပြီ၊ သူက သူ ကျုပ်ကကျုပ်ပဲ!”

ယန်လင်းယွမ်က စကားဖြတ်ပြောလိုက်သည်။

သူ့စကားထဲမှ အဓိကအချက်တစ်ချက်ကို ယန်ရုန်ရုန် သတိ ထားမိသွားကာ ချက်ချင်း မေးလိုက်သည်။

“အဲ့တာဆို လင်းယွမ်က သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးခဲ့ရုံတင်မဟုတ်ဘူး၊ သူ့ဆန္ဒနဲ့သူ လိုလိုလားလား ချိပ်ပိတ်ပစ်ခဲ့တာပေါ့ ဟုတ်လား”

ယန်လင်းယွမ် လှောင်ပြုံးပြုံးလိုက်သည်။

“ဟုတ်တယ်၊ ဆိုးရွားလွန်းတဲ့ သူ့အတိတ်ကို ခံနိုင်ရည်မရှိလို့ သူ့ခန္ဓာကိုယ်ထဲက မှတ်ဉာဏ်တွေကိုခွဲထုတ်ပြီး အသူရာချောက်နက်ထဲမှာပဲ ချိပ်ပိတ် ချန်ထားပစ်ခဲ့တာ”

ထိုစကားကြောင့် ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့ရသည်။

လင်းယွမ် မှတ်ဉာဏ်ဆုံးရှုံးခဲ့ရခြင်းက အသူရာချောက်နက်ထဲ အချိန်အတော်ကြာအောင် ချုပ်နှောင်ထားခံရခြင်း၏ အကျိုးဆက်ဖြစ်မည်ဟု သူမ ထင်ခဲ့မိပါသည်။ သို့သော် လင်းယွမ်က အသူရာချောက်နက်ထဲမှ ထွက်မလာခင် သူ့မှတ်ဉာဏ်များကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ထားခဲ့ခြင်းဖြစ်နေသည်။

ထို့ကြောင့်လည်း ယန်လင်းယွမ်က အငြှိုးတရားကြီးမားနေခြင်း ဖြစ်ပါလိမ့်မည်။ သူမ၏ ကိုယ်ပွားတစ်ယောက်က သူမကိုအမှောင်တွင်းတစ်ခုထဲ ချန်လှပ်ထားခဲ့ပြီး သူကိုယ်တိုင်ကတော့ သာယာလှပသည့်ဘဝတစ်ခုမှာ ပျော်ရွှင်နေလျှင် သူမလည်း ဒေါသထွက်မိမှာ အမှာပင်။

ယန်ရုန်ရုန်က အကြံပြုလိုက်သည်။

“ငါတို့ ပုံရိပ်ယောင်အပြင်ကို ပြန်ရောက်လို့ လင်းယွမ် အဲ့ဒီမှတ်ဉာဏ်တွေကို ပြန်ရသွားရင် နင်လည်း သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာမှာပဲမဟုတ်လား၊ အဲ့တာဆို နင်တို့နှစ်ယောက်က တစ်ယောက်တည်း ပြန်ဖြစ်သွားပြီ၊ ငါတို့နဲ့အတူတူ အသူရာချောက်နက်ထဲကနေ ထွက်သွားလို့ရတယ်၊ ဒီတစ်ခါ နင့်ကို ဘယ်သူမှ စွန့်ပစ်ခဲ့မှာ မဟုတ်တော့ဘူး”

ယန်လင်းယွမ်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

“သူက အဲ့လိုလုပ်နိုင်မှာတဲ့လား၊ သူ့အတိတ်ကို ဖယ်ရှားပစ်ဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တာနော်၊ သူ့ကိုယ်သူ အရိပ်ကမ္ဘာထဲ ပြန်ဆွဲခေါ်မှာ မဟုတ်ဘူး”

“ကြိုးစားကြည့်ကြတာပေါ့၊ သူ စိတ်ပြောင်းမသွားနိုင်ဘူးလို့ မပြောနိုင်ဘူးလေ”

ယန်ရုန်ရုန် ထိုသို့ပြောလိုက်ပြီးနောက် ယန်လင်းယွမ်နောက်ရှိ ခပ်လှမ်းလှမ်းနေရာတစ်ခုထံ အကြည့်ရောက်သွားခဲ့သည်။ ထိုအခါ သူမ မျက်နှာချက်ချင်း ပြောင်းလဲသွားခဲ့ပါသည်။

ယန်လင်းယွမ်လည်း တစ်ခုခုကို အာရုံခံမိပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။

မလှမ်းမကမ်းရှိ မြစ်ကမ်းပေါ်တွင် လင်းယွမ် တိတ်တဆိတ် မတ်တပ်ရပ်နေသည်။

“ခင်ဗျား ဘယ်အချိန်ကတည်းက ရောက်နေတာလဲ” ယန်လင်းယွမ်က မေးသည်။

လင်းယွမ်က ထိုအကျည်းတန် မျက်နှာဖုံးကို တပ်ထားဆဲပင်။ ရေခဲပြင်ပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း သူတို့နှစ်ဦးထံ ချဉ်းကပ်လာခဲ့ပါသည်။

“သိပ်မကြာသေးပါဘူး”

အမှန်တော့ ယန်ရုန်ရုန်နှင့် ယန်လင်းယွမ်တို့ တည်းခိုခန်းထဲမှ ထွက်သွားကြစဉ်ကတည်းက လင်းယွမ် အရိပ်ပမာနောက် ယောင်ခံလိုက်ခဲ့ပါသည်။

ယန်လင်းယွမ်ပေးသော ပွင့်ဖတ်လေးတစ်ဖတ်ကို ယန်ရုန်ရုန်လက်ခံလိုက်သည့် မြင်ကွင်းကိုလည်း လူအုပ်ထဲမှ လင်းယွမ် မျက်နှာဖုံးတစ်ခုဖြင့် ငေးကြည့်နေခဲ့သည်။

ထိုအချိန်တုန်းက ကောင်လေး၏မျက်လုံးများမှာ လခြမ်းသဏ္ဌာန် ကွေးညွှတ်နေခဲ့ပြီး ကြယ်ပေါင်းတစ်ထောင်နှင့် ပြည့်နှက်နေသော ညကောင်းကင်ပမာ တောက်ပနေခဲ့သည်။

လင်းယွမ် တွေးမိပါသည်။

‘အကယ်၍ ဒါတွေအားလုံးသာ အစစ်အမှန်ဆိုရင်… အကယ်၍ ငါ ၁၆ နှစ်အရွယ်တုန်းက ရှောင်းရှောင်းနဲ့သာ တကယ်ဆုံခဲ့ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ…’

သို့သော် ဒီကမ္ဘာကြီးမှာ ‘အကယ်၍’ဟူသည် မရှိပေ။

ယခုတော့ မြစ်တစ်စင်းလုံး အေးခဲနေပြီး ရောင်စုံပန်းကလေးများလည်း ခြောက်သွေ့ညှိုးနွမ်းသွားကြပါပြီ။ လှပသည့် အတုအယောင်များ ကွာကျကာ ရက်စက်သည့် အမှန်တရားကို သူတို့ ရင်ဆိုင်နေရလေပြီ။

လင်းယွမ်က ယန်ရုန်ရုန်နှင့် ယန်လင်းယွမ်တို့ကို ရေခဲမြစ်ထဲမှ ဆွဲခေါ်လိုက်သည်။ ယခု သူတို့သုံးယောက်စလုံး ရေခဲပြင်ပေါ် မတ်တပ်ရပ်နေကြပါသည်။

ယန်လင်းယွမ်က မျက်ရည်များဖြင့် ရယ်မောလိုက်သည်။

“ကျုပ်ကို ယန်အိမ်တော် အကျဉ်းထောင်ထဲကနေ ခင်ဗျားတို့ လာကယ်ခဲ့တုန်းက အဲ့တာတွေအားလုံးကို အစစ်အမှန်ဖြစ်စေချင်ခဲ့တာ…အဲ့ဒီအချိန်တုန်းက… ကျုပ်လမ်းဆုံးကို ရောက်နေခဲ့တုန်းက ခင်ဗျားတို့လို လူတွေ ကောင်းကင်ဘုံပေါ်က ဆင်းလာပြီး နှစ်သိမ့်စကားလေးတစ်ခွန်းလောက် လာပြောပေးရင် သိပ်ကောင်းမှာပဲလို့ ဆုတောင်းခဲ့တာ… ဒါပေမယ့် ဘယ်သူမှ မရှိခဲ့ဘူး၊ ကျုပ်ကို ဘယ်သူမှ လာမကယ်ခဲ့ဘူး၊ ကျုပ်ကို နှစ်သိမ့်စကား ဘယ်သူမှ လာပြောမပေးခဲ့ဘူး”

ထိုစဉ် သူတို့ခြေဖျားအောက်ရှိ ရေခဲပြင်ပေါ်၌ ရုပ်ရှင်ပိတ်ကားတစ်ချပ်ပမာ ပုံရိပ်များရိပ်ပြေးလာခဲ့သည်။ ထိုပုံရိပ်များက ယန်လင်းယွမ် အမှန်တကယ် ခံစားခဲ့ရသည့် အရာများပင်။

လင်းယွမ် ထိုပုံရိပ်များကို မကြည့်ချင်သဖြင့် ချက်ချင်း မျက်လုံးမှိတ်ပစ်လိုက်ပါသည်။ သို့သော် ယန်လင်းယွမ်၏ ရှိုက်ကြီးတငင် ငိုကြွေးသံများက သူ့နားထဲ အလိုလို ဝင်ရောက်လာဆဲပင်။

“ဒီမှတ်ဉာဏ်တွေထဲမှာ ကျွန်တော်တစ်ယောက်တည်း ပိတ်မိနေတယ်… နာကျင်ရတဲ့ ဖြစ်ရပ်တွေကို အကြိမ်ကြိမ်အခါခါ ပြန်ခံစားနေရတယ်… ကျွန်တော်ထွက်သွားလို့မရဘူး၊ ခင်ဗျားလို အတိတ်ကို အလွယ်တကူ မေ့ပစ်လိုက်လို့ မရဘူး၊ အဲ့ဒီ မှတ်ဉာဏ်တွေကြောင့် ကျွန်တော့်နှလုံးသားထဲက ဒဏ်ရာတွေ ထပ်ခါတလဲလဲ ပြန်ပွင့်နေတာကို ဒီတိုင်း ခွင့်ပြုထားရတယ်”

“ဒဏ်ရာတွေ ပြန်ပွင့်လာတိုင်း သွေးသံတရဲရဲနဲ့ ငရဲလို နာကျင်ရတယ်၊ ကျွန်တော် ရူးသွပ်သွားချင်ပေမယ့် ရူးသွင့်ခွင့်တောင် မရဘူး၊ အဲ့ဒီအသိစိတ်ကြောင့် နာကျင်မှုတွေက ပိုထင်ရှားလာတယ်၊ ဒီသံသရာကြီးထဲကနေ ကျွန်တော် မလွတ် မြောက်နိုင်ခဲ့ဘူး… ခင်ဗျားတို့ ရောက်မလာခင်အထိပေါ့၊ ခင်ဗျားတို့ကသာ ကျွန်တော့်နာကျင်မှုတွေကို သက်သာစေခဲ့တာ၊ ကျေးဇူးပြုပြီး မသွားကြပါနဲ့၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော့်ကို တစ်ယောက်တည်း ထပ်မထားခဲ့ကြပါနဲ့…”

သူ့စကားလုံးများမှာ ကစဉ့်ကလျားဖြစ်နေသော်ငြား စိတ် ဓာတ်လုံးဝ ပြိုလဲလုနီးပါးဖြစ်နေသည့် ခံစားချက်က လင်းယွမ်၏နှလုံးသားကို သိသိသာသာ လာရောက်ရိုက်ခတ်ခဲ့ပါသည်။

သူတို့နှစ်ယောက်က တစ်ဦးတစ်ယောက်တည်းဖြစ်သဖြင့် အရိုးထဲထိ စိမ့်အောင် နာကျင်နေသော ခံစားချက်ကို လင်းယွမ်လည်း ထပ်တူ ခံစားရသည်။ ထိုကောင်လေး၏ စိတ်ပြိုလဲနေသော ငိုသံများက သူ့ရင်ကို ကိုက်ခဲလာစေသည်။

လင်းယွမ် သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ယန်လင်းယွမ်၏ မျက်နှာပေါ်တပ်ပေးလိုက်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။

“ငိုမနေနဲ့တော့”

ထို့နောက် ခေတ္တရပ်တန့်ကာ ပိုမိုနူးညံ့သွားသော လေသံဖြင့် ဆိုလိုက်ပါသည်။

“မင်းမငိုတော့ဘူးဆိုရင် ဒီမျက်နှာဖုံး မင်းကို ပေးမယ်”

ယန်လင်းယွမ်က မျက်နှာဖုံးကို လက်နှစ်ဖက်ဖြင့် ဂရုတစိုက် ကိုင်ထားလိုက်ပြီး ငိုသံများလည်း တိုးညှင်းသွားခဲ့ပါသည်။

ရေခဲပြင်ပေါ်တွင် ရိပ်ပြေးနေသည့် ပုံရိပ်များကို ကြည့်ရင်း ယန်လင်းယွမ် ဘာတွေခံစားခဲ့ရသလဲ ယန်ရုန်ရုန် နောက်ဆုံးတော့ နားလည်သွားခဲ့ရပါပြီ။

ယင်ကျီး၏ အစီအစဉ်အောင်မြင်ခဲ့သည်။ သူမကို သတ်ပစ်ဖို့ သွေးဆူနေသည့် ယန်လင်းယွမ်အား တွန်းအားပေးနိုင်ခဲ့သည်။ ထို့နောက် သိပ်မကြာလိုက်ဘဲ သူမ ချန်ထားခဲ့သည့် သဲလွန်စများမှတဆင့် သူမက သူ့အမေအရင်းဖြစ်မှန်း ယန်လင်းယွမ် သိခဲ့ရသည်။

သူ့ကိုယ်ထဲ နတ်ဆိုးသွေးများ စီးဆင်းနေမှန်း နားလည်ခဲ့ရသည်။ သူ့လက်နှင့် ကိုယ်တိုင် သတ်ပစ်လိုက်သည့် ‘နတ်ဆိုးမ’က သူ့အမေအရင်း ဖြစ်နေမှန်းလည်း သိခဲ့ရသည်။ နတ် ဆိုးများအားလုံးကို သုတ်သင်မည်ဟု ခံယူထားခဲ့သော်လည်း သူကိုယ်တိုင်က နတ်ဆိုးဖြစ်နေသည်။

သူက သူတစ်ဘဝလုံး သုတ်သင်လာခဲ့သည့် ‘အကျည်းတန်’ နတ်ဆိုးများနှင့် အတူတူပင်။ သူ့ရည်မှန်းချက်များ ဟာသတစ်ခုလို ဖြစ်ခဲ့ရသည်။

ပိုဆိုးသည်မှာ ယန်ဟဲမိန်ကလည်း အမှန်တရားကို သိရှိသွားခဲ့သည်။ ယန်လင်းယွမ်က ယန်မိသားစု၏အရှက်စရာ လူတစ်ယောက်ဖြစ်လာခဲ့သည်။

သူ့ကို မိသားစုဝင်စာရင်းမှ ထုတ်ပယ်လိုက်ကြပြီး အကျဉ်း ထောင်ထဲ ချုပ်နှောင်ခဲ့ကြသည်။ အသားများကို ဓားဖြင့် အမွှန်းခံရပြီး ကျင့်ကြံခြင်းများပျက်သုဉ်းကာ တစ်ယောက် တည်း သေဆုံးသွားအောင် စွန့်ပစ်ခံခဲ့ရသည်။

ထိုအချိန်တုန်းက သူအမှန်တကယ် သေသွားခဲ့လျှင်တောင် သူ့အတွက် အသက်သာဆုံး လွတ်မြောက်ခြင်းတစ်ခု ဖြစ်ခဲ့နိုင်သည်။ သို့သော် သူ့ကိုယ်အတွင်းရှိ နတ်ဆိုးမျိုးစေ့က နိုးထလာခဲ့ပါသည်။

နတ်ဆိုးတစ်ကောင်အဖြစ် သူအသက်ပြန်ဝင်လာခဲ့သည်။ အသိစိတ်ကင်းမဲ့ကာ အကျဉ်းထောင်၏ အစီအရင်များကို ချိုးဖောက်ပြီး ယန်အိမ်တော်အတွင်းမှ တိုက်ခိုက်ထွက်ပြေးခဲ့သည်။

သူက တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်ချင်ခဲ့ရုံသာ ဖြစ်သော်လည်း အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသည့် အခြားနတ်ဆိုးကျင့်ကြံသူများကပါ အခွင့်အရေးယူပြီး ထွက်ပြေးလွတ်မြောက်ကုန်ကြသည်။

အခြေအနေများ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထိုနတ်ဆိုးကျင့်ကြံသူများက ယန်အိမ်တော်အတွင်း အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့ကြသည်။

ထိုနေ့ညက ယန်မိသားစုဝင်အမြောက်အများ သေကျေပျက် စီးခဲ့ရသည်။ ယန်ဟဲမိန်က နတ်ဆိုးကျင့်ကြံသူများအားလုံးကို သုတ်သင်နိုင်ခဲ့သော်လည်း သေဆုံးသွားသည့် မိသားစုဝင်များကိုတော့ အသက်ပြန်ရှင်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဝမ်းနည်းမှု၊ နာကျည်းမှုတို့ကြောင့် ယန်ဟဲမိန် ညတွင်းချင်း ဆံပင်များ ဖြူသွားခဲ့ရသည်။ ထို့နောက် ရှန်းလန်မြို့မှ ထွက်သွားကာ တစ်သက်လုံး ပျောက်ကွယ်သွားခဲ့တော့သည်။

သူဘယ်ကို ထွက်သွားခဲ့မှန်း ဘယ်သူမှမသိခဲ့ကြပါ။ သို့သော် သူ့ကို ယန်ဟဲမိန် လိုက်ရှာနေခြင်းဖြစ်မှန်း ယန်လင်းယွမ်က တော့ သိနေခဲ့သည်။

All Chapters