အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
🌹Chapter 209
ယန်ဟဲမိန်က ယန်မိသားစုတစ်စုလုံး သုတ်သင်ခံခဲ့ရသည့် သွေးကြွေးကို ယန်လင်းယွမ်၏ ခေါင်းပေါ်မှာသာ ပုံချထားခဲ့သည်။
ယန်လင်းယွမ် နတ်ဆိုးနယ်မြေအတွင်းထိ ထွက်ပြေးသွားသည့်တိုင် ယန်ဟဲမိန်က အလွတ်မပေးခဲ့ပါ။
နတ်ဆိုးမျိုးစေ့အကြောင်း သိရှိသွားပြီးနောက်တွင် ယန်လင်းယွမ်ကို သတ်ပစ်လိုက်လျှင်တောင် နတ်ဆိုးမျိုးစေ့က သူ့ကို အသက်ပြန်သွင်းပေးမှာဖြစ်မှန်း ယန်ဟဲမိန် နားလည်သွားခဲ့သည်။
နတ်ဆိုးမျိုးစေ့က ယန်လင်းယွမ်နှင့် ပေါင်းစပ်သွားခဲ့သည်မှာ ကြာပါပြီ။ သူထာဝရသေဆုံးသွားခြင်း မဟုတ်သရွေ့ ထိုမျိုးစေ့ကို ထုတ်ယူနိုင်မှာ မဟုတ်ပါ။ သို့သော် ထိုနတ်ဆိုးမျိုးစေ့ကြောင့်ပဲ လင်းယွမ်က မသေမျိုးတစ်ယောက် ဖြစ်နေသည်။
ပြီးပြည့်စုံသော ငရဲတစ်ခုဟုပင် ဆိုနိုင်သည်။
ယန်ဟဲမိန်က မျိုးစေ့ကို ထုတ်ယူလို့မရသလို ယန်လင်းယွမ်ကိုလည်း မသတ်နိုင်ပါ။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာဟူ၍ ယန်လင်းယွမ်နှင့် နတ်ဆိုးမျိုးစေ့တို့ကို အဆုံးမဲ့အသူရာချောက်နက်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ချိပ်ပိတ် ချုပ်နှောင်ပစ်လိုက်ဖို့သာ…
ထိုပုံရိပ်များကို ကြည့်ရင်း ယန်ရုန်ရုန် ရင်တုန်သွားခဲ့ရသည်။
‘ဒါဆို လင်းယွမ်ကို အသူရာချောက်နက်ထဲ ချုပ်နှောင်ခဲ့တာ ယန်ဟဲမိန်ပေါ့!’
ရေခဲပြင်ပေါ်ရှိ ပုံရိပ်များကို ယန်ရုန်ရုန် မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
နတ်ဆိုးနယ်မြေအတွင်းသို့ ယန်လင်းယွမ် ဝင်ရောက်သွားခဲ့ပြီးနောက် လူမသိသူမသိအောင် ပုန်းကွယ်နေခဲ့သည်။ သူ့ကိုယ် သူ နတ်ဆိုးတစ်ကောင်ဖြစ်မှန်း လက်မခံနိုင်သေးသော် လည်း သူ သွားစရာနေရာမရှိပါ။
လူသားဂိုဏ်းများက ယန်လင်းယွမ်မှာ နတ်ဆိုးကျင့်ကြံသူများကို ဦးဆောင်ပြီး သူ့မျိုးနွယ်စုကိုသူ သတ်ဖြတ်ခဲ့သူ ဖြစ်သည်ဟု ယုံကြည်နေကြသည်။
ထို့ကြောင့် မဟာကျင့်ကြံခြင်းဂိုဏ်းကြီး ၄ ခုနှင့် မဟာကျင့် ကြံခြင်း မျိုးနွယ်စု ၇ စုတို့၏ စုပေါင်းအင်အားများက ယန်လင်းယွမ်ကို အမဲလိုက်ခဲ့ကြပါသည်။
သူနတ်ဆိုးနယ်မြေအတွင်းမှ ထွက်သွားသည်နှင့် အတိုက် ခိုက်ခံရလိမ့်မည်။ သူ့မှာ နတ်ဆိုးမျိုးစေ့ ရှိနေသဖြင့် မသေ ဆုံးနိုင်ပါ။ သို့သော် နတ်ဆိုးတစ်ကောင်အဖြစ်လည်း သူ မနေထိုင်ချင်ပေ။
မသေချာမရေရာသည့် အနာဂတ်အတွက် ယန်လင်းယွမ် တွေးပူနေစဉ် နတ်ဆိုးနယ်မြေထဲ ယန်ဟဲမိန် ဝင်ရောက်လာသည်ဟူသော သတင်းကို ကြားခဲ့ရပါသည်။
သူတော်စင်လမ်းစဉ်ကို ဦးဆောင်သူ ဖြစ်သည့်အလျောက် ယန်ဟဲမိန်က နတ်ဆိုးပေါင်းများစွာကို သတ်ခဲ့ဖူးပါသည်။ နတ်ဆိုးများက သူ့ကို မဟာရန်သူအဖြစ် သတ်မှတ်ထားကြသည်။
ထို့ကြောင့် နတ်ဆိုးပေါင်းသောင်းခြောက်ထောင်က ယန်ဟဲမိန်ကို အလစ်ဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတော့ ယန်ဟဲမိန် မယှဉ်နိုင်တော့ဘဲ အဆုံးမဲ့အသူရာချောက်နက်ထဲသို့ ထွက်ပြေးသွားခဲ့ရပါသည်။
အသူရာချောက်နက်ထဲ နတ်ဆိုးများ ဝင်ရောက်ဖို့က အန္တရာယ်များလွန်းသည်။ ထို့ကြောင့် ယန်ဟဲမိန် ပြန်ထွက်လာသည်နှင့် သတ်ပစ်ဖို့ ဝင်ပေါက်မှာသာ စောင့်နေခဲ့ကြသည်။
သို့သော် ယန်ဟဲမိန် ထွက်မလာခဲ့ပါ။ အသူရာချောက်နက်ထဲ သူသေဆုံးသွားပြီးဟု နတ်ဆိုးများက ယူဆခဲ့ကြသည်။
ထိုသတင်းကို ကြားသောအခါ အသူရာချောက်နက်ထဲ ယန်လင်းယွမ် တစ်ယောက်တည်း ဆင်းသွားခဲ့ပါသည်။ ယန်ဟဲမိန် အသက်ရှင်နေသေးသလား သူ သိချင်မိသည်။
အသက်ရှင်နေသေးလျှင် သူ့ကို ကယ်တင်ပေးပြီး သေဆုံးသွားပြီဆိုလျှင်လည်း သူ့ရုပ်ကြွင်းများကို လူသားနယ်မြေသို့ ပြန်လည်ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားခဲ့ပါသည်။
ရလဒ်ကတော့ ခန့်မှန်းရလွယ်လွန်းသည်။
အားလုံးက ယန်လင်းယွမ်အတွက် ယန်ဟဲမိန် ဆင်ထားသည့် ထောင်ချောက်တစ်ခုသာ။
နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်မလာခင်တုန်းက ဗေဒင်နက္ခတ်ပညာကျွမ်းကျင်သူတစ်ဦးနှင့် ယန်ဟဲမိန် တွေ့ဆုံခဲ့ပြီး ရွှင်းယင်ကို ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးက နတ်ဆိုးမျိုးစေ့ ပေးခဲ့ခြင်းဖြစ်မှန်း သိခဲ့ရသည်။
ထိုသစ်ပင်၏ စွမ်းအားများက နတ်ဆိုးမျိုးစေ့အပေါ် လွှမ်းမိုးမှုရှိသည်။ ထို့ကြောင့် ထိုသစ်ပင်ကြီး၏ စွမ်းအားကိုသာ အသုံးချနိုင်လျှင် ယန်လင်းယွမ်နှင့် နတ်ဆိုးမျိုးစေ့တို့ကို ချိပ်ပိတ်နိုင်ဖို့ အောင်မြင်နိုင်ခြေက သိသိသာသာ မြင့်တက်သွားပါလိမ့်မည်။
သူ့တွက်ချက်မှုများက မှန်ကန်ပါသည်။ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီး၏ အကူအညီဖြင့် ယန်လင်းယွမ်နှင့် နတ်ဆိုးမျိုးစေ့တို့ကို နှစ်ပေါင်း ၅၀၀ ကြာသည့်တိုင် အောင်အောင်မြင်မြင် ချိပ်ပိတ်ချုပ်နှောင်နိုင်ခဲ့သည်။
ယန်ရုန်ရုန်သာ ကယ်တင်မပေးခဲ့လျှင် အလင်းမဲ့အမှောင်ထုထဲ ယခုအချိန်ထိ လင်းယွမ် ပိတ်မိနေဦးမည်ဖြစ်သည်။
ရေခဲပြင်ပေါ်ရှိ ပုံရိပ်များက အဆုံးသတ်မသွားသေးပါ။
လင်းယွမ်ကို ယန်ရုန်ရုန် လာရောက်ကယ်တင်ပေးခဲ့သည့် ပုံရိပ်များ ပေါ်လာသည်။ သို့သော် အသူရာချောက်နက်ထဲမှ ထွက်မသွားခင် လင်းယွမ်က အသက် ၁၆ နှစ်မတိုင်ခင်က မှတ်ဉာဏ်များအားလုံးကို ခွဲထုတ်ကာ အသူရာချောက်နက်ထဲ စွန့်ပစ်ထားခဲ့ပါသည်။
ထို့နောက် အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ်တစ်ယောက် အဆုံးမဲ့ အိပ်မက်ဆိုးတွေထဲ ပိတ်မိနေခဲ့သည့် မြင်ကွင်းကို ယန်ရုန်ရုန် မြင်ခဲ့ရသည်။ သူ့နတ်ဆိုး မျိုးရိုးကြောင့် သစ္စာဖောက်ခံရခြင်း၊ ရည်မှန်းချက်အိပ်မက်များ ပြိုလဲခြင်း၊ မိသားစုအရင်းမှ သတ်ဖြတ်ခြင်းတို့ကို ထပ်ခါတလဲလဲ ခံစားခဲ့ရသည်။
ယန်လင်းယွမ်က အသိစိတ်ရှိနေသဖြင့် အားလုံးက မှတ်ဉာဏ်တွေသာ ဖြစ်မှန်း နားလည်နေခဲ့သည်။ သို့သော် ထိုမှတ်ဉာဏ်တွေကို အဆုံးမသတ်နိုင်ဘဲ ထွက်ပြေး၍လည်း မရခဲ့ပါ။ မှတ်ဉာဏ်ဆိုးများထဲ အကြိမ်ကြိမ်အခါခါ ငရဲခံရဖို့သာ တတ်စွမ်းခဲ့ပါသည်။
ရေခဲပြင်ပေါ်ရှိ ပုံရိပ်များ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ယန်လင်းယွမ်က ရေခဲပြင်ပေါ်မှာ ထိုင်နေပြီး မျက်နှာပေါ်က မျက်နှာဖုံးလေးကို ဆုပ်ကိုင်ကာ တိုးတိုးလေး ရှိုက်ငိုနေပါသည်။
လင်းယွမ်ကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။
လင်းယွမ်က ကောင်လေးကို ခံစားချက်များရှုပ်ထွေးပြီး နားလည်ရခက်သော မျက်နှာထားမျိုးဖြင့် စိုက်ကြည့်နေပါသည်။ ယန်ရုန်ရုန် မေးလိုက်သည်။
“ကျွန်မတို့ ထွက်သွားလို့ ရသေးရဲ့လား”
သူ့ကို ကြည့်နေသည့် ယန်ရုန်ရုန့်ကို မြင်ပြီး ထိုမေးခွန်းက သူ့ကိုမေးနေခြင်းဖြစ်မှန်း လင်းယွမ် နားလည်သွားသည်။
လင်းယွမ်က ထူးဆန်းနေဟန်ဖြင့် ပြန်ပြောလိုက်သည်။
“အဲ့ဒီကောင်လေးကို မေးသင့်တာမဟုတ်ဘူးလား၊ ဒါသူ့မှတ်ဉာဏ်လေ”
ယန်လင်းယွမ်ကို သူလက်ညှိုးထိုးပြလိုက်သည်။
ယန်ရုန်ရုန်က ယန်လင်းယွမ်ကို လှည့်မကြည့်ခဲ့ပါ။ ထို့အစား လင်းယွမ်ကိုသာ စေ့စေ့စိုက်ကြည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။
“သူက ရှင်ပဲလေ”
ဒီနေရာမှာ အရာအားလုံးက ယန်လင်းယွမ်ကြောင့် ဖြစ်ပေါ် လာသည်ဟု ထင်ရသော်လည်း အမှန်မှာတော့ လင်းယွမ်က ဇာစ်မြစ်ဖြစ်နေပါသည်။
သူ့အတိတ်ဘဝကို လက်မခံနိုင်ဘဲ ထိုမှတ်ဉာဏ်များကို စွန့်ပစ်ခဲ့ခြင်းကြောင့် စွန့်ပစ်ခံခဲ့ရသည့် မှတ်ဉာဏ်များမှ ဒီလိုပုံရိပ်ယောင်ကမ္ဘာ ဖြစ်ပေါ်လာရခြင်းပင်။
ထို့ကြောင့် ဒီပုံရိပ်ယောင်ကမ္ဘာကို ဖြိုခွင်းဖို့အတွက် သူ့အတိတ်ကိုသူ လက်ခံရပါလိမ့်မည်။
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ပြန်လည်ငြင်းခုံချင်ခဲ့သည်။
သို့သော် ယန်ရုန်ရုန်က စကားဖြတ်ပြောလိုက်ပါသည်။
“အခုချိန်ထိတောင် ရှင့်ရင်ထဲက အကြောက်တရားကို ရင်မဆိုင်နိုင်သေးဘူးလား”
လင်းယွမ်တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ချက် ချင်းပြန်ပိတ်သွားကာ တိတ်ဆတ်သွားခဲ့သည်။
ယန်လင်းယွမ်နှင့် အဝေးဆုံးမှာနေဖို့ သူအစွမ်းကုန် ကြိုးစားခဲ့ပါသည်။ သူတို့နှစ်ယောက် ဆုံလိုက်တိုင်းလည်း အထက်စီးမှ ဆက်ဆံခဲ့သည်။
ပြဿနာ၏ ဇာစ်မြစ်က သူ့သူရဲဘောကြောင်မှုကြောင့်ပင်။ သူဘယ်လောက်ထိ ရူးမိုက်ခဲ့ဖူးလဲ၊ ဘယ်လောက်ထိ သနားစရာကောင်းခဲ့ဖူးသလဲ ဟူသည့် အချက်များကို ပြန်မှတ်မိရမှာ ကြောက်ရွံ့နေခဲ့ခြင်းကြောင့် ဖြစ်သည်။
ယန်ရုန်ရုန် ခြေတစ်လှမ်း ဆက်တိုးလာပြီး သူ့မျက်ဝန်းတွေထဲ ငေးကြည့်လိုက်ပါသည်။
“ရှင်ဘာအမှားမှ မလုပ်ခဲ့ဘူး၊ အဲ့တာကြောင့် ရှင်ထွက်ပြေးစရာမလိုပါဘူး”
ယန်ရုန်ရုန့်အကြည့်က စူးရှလွန်းသဖြင့် လင်းယွမ် မျက်နှာလွှဲဖို့ ကြိုးစားမိသည်။
သို့သော် ယန်ရုန်ရုန်က သူ့ပါးနှစ်ဖက်ကို လက်ဖြင့်လှမ်းကိုင်ရင်း သူမနှင့် အကြည့်ချင်းဆုံစေခဲ့သည်။
“ရှင် ကျွန်မကို သဘောကျတယ်ဆို၊ အဲ့တာဆိုရင် ယောက်ျားတစ်ယောက်လို ပြုမူစမ်းပါ၊ ကိုယ့်အကြောက်တရားကိုကိုယ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်၊ ကျွန်မ အထင်သေးရအောင် မလုပ်နဲ့”
ယန်ရုန်ရုန် ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်ခြင်းဖြစ်သော်လည်း လင်းယွမ်အပေါ်မှာတော့ သက်ရောက်မှု ရှိပါသည်။ လင်းယွမ် မျက်ခုံးတစ်ဖက်ပင့်ကာ အထင်အမြင်သေးစွာပြောလိုက်သည်။
“အတိတ်ကို ရင်ဆိုင်ရတာ ဘာခက်လို့လဲ၊ ပြီးတာပဲ! ဒီနတ် ဆိုးအရှင်သခင်က ဘာကိုမှ မကြောက်တတ်ဘူး!”
ရေခဲပြင်ပေါ် ငိုကြွေးနေသည့် ယန်လင်းယွမ် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဖြည်းညှင်းစွာ မော့ကြည့်လာခဲ့ပါသည်။
မျက်နှာဖုံး၏ မျက်လုံးပေါက်များမှတဆင့် လင်းယွမ်ကို ကြည့်ကာ ကလေးဆန်သော်လည်း လေးလံနေသည့် အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား ဆုံးဖြတ်လိုက်ပြီလား၊ ခင်ဗျားရဲ့ အတိတ်ဘဝကို တကယ်ပြန်လက်ခံတော့မှာလား”
လင်းယွမ် အနည်းငယ် တွန့်ဆုတ်နေပါသေးသည်။ သို့သော် ယန်ရုန်ရုန်၏ အားပေးအားမြှောက်အကြည့်ကို မျက်လုံးထောင့်မှ မြင်နေရသဖြင့် သူမကို စိတ်မပျက်စေချင်ပါ။
ထို့ကြောင့် လင်းယွမ် သတ္တိမွေးလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
“စကားမများဘဲ လုပ်စရာရှိတာ လုပ်တော့!”
ပစ္စုပ္ပန်မှာပဲဖြစ်စေ၊ အတိတ်မှာပဲဖြစ်စေ သူသတ္တိရှိကြောင်း ယန်ရုန်ရုန့်ကို မြင်စေချင်သည်။ သူက ရှန်းဝမ်ချင်း၊ ဟမ်ယဲ့နှင့် ရှုယင်တို့ အားလုံးထက် ပိုအစွမ်းအစရှိပါသည်။ တစ်ကမ္ဘာလုံးမှာ ယန်ရုန်ရုန်နှင့် ထိုက်တန်သူဟူ၍ သူသာ ရှိသည်။
ယန်လင်းယွမ် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး လင်းယွမ်ထံ လျှောက်လှမ်းလာခဲ့သည်။
လင်းယွမ် မသိစိတ်မှ နောက်ဆုတ်သွားချင်ခဲ့သော်လည်း ကောင်လေး၏ မျက်နှာပေါ်မှ မျက်နှာဖုံးကိုမြင်ပြီးကြောက် ရွံ့မှုတို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရသည်။
အတိတ်က သူ့မှတ်ဉာဏ်များမှာ နာကျင်မှု၊ စိတ်ပျက်အား လျော့မှုတို့နှင့် ပြည့်နှက်နေခဲ့သော်လည်း သူ့ကို ယန်အိမ်တော် အကျဉ်းထောင်ထဲမှ သက်စွန့်ဆံဖျား လာရောက်ကယ် တင်ပေးခဲ့သူတွေ ရှိခဲ့ပါသည်။ အမှောင်ထုထဲမှ သူ့ကို နတ်ဘုရားတစ်ပါးပမာ လာရောက်ကယ်တင်ပေးခဲ့ကြသည်။
ထိုမှတ်ဉာဏ်အစိတ်အပိုင်းလေးက အစစ်အမှန်မဟုတ်သော ပုံရိပ်ယောင်ဖြစ်နေလျှင်တောင် ကိစ္စမရှိပေ။
သူမက အစစ်အမှန်ဖြစ်မှန်း သူ သိသည်။ ဒီလောက်ဆို သူ့အတွက်လုံလောက်ခဲ့ပါပြီ။
🌹Chapter 210
ယန်လင်းယွမ်၏ လက်ချောင်းများက လင်းယွမ်ကို ထိတွေ့သွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တုန်ခါပြောင်းလဲသွားသည်ကို လင်းယွမ်ခံစားလိုက်ရသည်။
ဘေးတစ်ဝိုက်ကို လှည့်ကြည့်လိုက်ရာ ယန်ရုန်ရုန် မရှိတော့ပေ။ မြစ်ကမ်းများ၊ လမ်းမများနှင့် အိမ်တွေအားလုံးပါ ပျောက်ကွယ်သွားခဲ့လေပြီ.
ထိုစဉ် သူ့ရှေ့တွင် ရင်းနှီးနေသည့် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
‘ယင်ကျီး!’
ယင်ကျီးက ဒုတိယအစ်ကိုယန်ကို ဖမ်းချုပ်ထားပြီး သူမ၏ လက်သည်းရှည်ရှည်များဖြင့် သူ့ရင်ဘတ်ကို ထိုးစိုက်ထား သည်။ ထိုကောင်လေး၏ ရင်ဘတ်ကို ဆွဲဖွင့်ပြီး နှလုံးသားကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူတော့မည့်ပုံစံမျိုးပင်။
အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ်က သူမကို ဟိန်း ဟောက်လိုက်ပါသည်။
“ရပ်လိုက်!”
ယင်ကျီးက ခေါင်းကိုစောင်းကာ ယန်လင်းယွမ်အား စိုက်ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းနီနီများပေါ်တွင် လှပသော်လည်း အဆိပ်ပြင်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ငါ မင်းတို့အားလုံးကို တစ်ယောက်ချင်း စားပစ်မှာ”
ယန်လင်းယွမ်ရင်ထဲ အမျက်ဒေါသများ တောက်လောင်သွားခဲ့သည်။ သူ့ဝိညာဉ်စွမ်းအင်ကို စုစည်းလျက် ရှေ့သို့ခုန်ကာ ယင်ကျီးကို တိုက်ခိုက်ဖို့ ပြင်လိုက်ပါသည်။
ယင်ကျီးကတော့ သူ့ကို အရုပ်တစ်ရုပ်လိုသာ သဘောထားပြီး စိတ်ကြိုက်ကစားနေခဲ့သည်။ ယန်လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း စက္ကန့်နှင့်အများ တိုးပွားလာခဲ့ကာ သူ့အခြေအနေ ဆိုးသထက် ဆိုးရွားလာခဲ့ပါသည်။
ယန်လင်းယွမ် ဆက်ပြီးတောင့်ခံမထားနိုင်တော့ချိန်တွင် ယင်ကျီးက သူ့အနား ချဉ်းကပ်လာခဲ့သည်။ သူ့မေးစေ့ကို ပင့်ကာ ကျီစယ်သောအသံဖြင့် ဆိုလိုက်ပါသည်။
“ဒီလောက် ရုပ်ရည်ချောမောတဲ့ သခင်လေးကို ဒီတိုင်း စားပစ်လိုက်ရမှာ နှမြောစရာပဲ၊ မင်းရဲ့ အရေခွံကိုနွှာပြီး လူသားမီးအိမ်တစ်ခုလုပ်လိုက်ရင် မကောင်းဘူးလား၊ အဲ့တာဆို ဂန္ထဝင်လက်ရာ ဖြစ်သွားမှာသေချာတယ်”
ထို့နောက် ယင်ကျီး အားရပါးရ ရယ်မောလိုက်ရာ တစ်ကိုယ်လုံးပင် တုန်ယင်သွားခဲ့သည်။ သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူမ မျက်နှာပေါ်မှ အပြုံးအေးခဲသွားရသည်။
ယင်ကျီး မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမနှလုံးသားတည့်တည့်သို့ စိုက်ဝင်နေသော ဓားတစ်လက်ကို မြင်လိုက်ရပါသည်။
ယန်လင်းယွမ်က ဓားရိုးကို လက်နှစ်ဖက်စလုံးဖြင့် မြဲအောင်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ် တုန်ယင်နေသော်လည်း သူ့လက်တွေကတော့ တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။
ဓားကို အားဖြင့်ပြန်ဆွဲထုတ်လိုက်သောအခါ နတ်ဆိုးမက သွေးအိုင်ထဲလဲပြီး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပါသည်။ နောက်ဆုံးတော့ နတ်ဆိုးမကို သူသုတ်သင်နိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယအစ်ကိုနှင့် အပြစ်မဲ့ လူငယ်များကိုလည်း ကယ်တင်နိုင်ခဲ့လေပြီ။
အောင်ပွဲခံရမည့် အခြေအနေဖြစ်သော်လည်း နတ်ဆိုးမ၏ အလောင်းကို သယ်ပြီး ယန်အိမ်တော်သို့ ပြန်သွားကြသော အခါ ယန်ဟဲမိန်၏မျက်နှာက ကြောက်စရာကောင်းလောက်အောင် အကျည်းတန်သွားခဲ့ပါသည်။
ထို့နောက် ယန်ဟဲမိန် သူ့အခန်းထဲမှာသူ တစ်ရက်လုံး ပိတ်လှောင်နေခဲ့သည်။ ပြန်ထွက်လာသောအခါ ယန်လင်းယွမ်ကို ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ ချုပ်နှောင်ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါသည်။
ထို့နောက် ယင်ကျီး၏ ရဲတိုက်သို့ လူတွေလွှတ်ပြီး သွား ရောက်ရှာဖွေစေခဲ့ရာ ပုံရိပ်ဖမ်းယူသော ကျောက်တုံးတစ်တုံးကို ရှာတွေ့ခဲ့သည်။
ထိုကျောက်တုံးထဲတွင် ယင်ကျီးမသေဆုံးခင်က ချန်ထားခဲ့သည့် နောက်ဆုံး အမှာစကားတစ်ခုပါဝင်သည်။ ထိုအမှာစကားက ယန်လင်းယွမ်အတွက် ဖြစ်သည်။
ယန်ဟဲမိန် အကျဉ်းထောင်ထဲ ဝင်လာခဲ့ပြီး ထိုကျောက်တုံးကို ယန်လင်းယွမ်ရှေ့ ပစ်ချပေးလိုက်သည်။
ကျောက်တုံးက ကြမ်းပြင်နှင့် ရိုက်ခတ်ကာ ယင်ကျီး၏ ပုံရိပ် ရုတ်တရက်ပေါ်လာခဲ့ပါသည်။ ယင်ကျီးမှာ ယခင်ကကဲ့သို့ မကောင်းဆိုးဝါးပုံစံ မဟုတ်တော့ဘဲ ကြင်နာနွေးထွေးသော အမေတစ်ယောက်၏ပုံစံမျိုး ဖြစ်နေသည်။
လင်းယွမ်ကို အမည်တပ်ခေါ်ဆိုပြီး သူမက သူ့အမေအရင်းဖြစ်ကြောင်းထုတ်ပြောခဲ့သည်။ သူ့ကို ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရပုံနှင့် သူ့အတွက် လွတ်လမ်းတစ်ခုကို ပြင်ဆင်ပေးထားကြောင်းကိုလည်း ရှင်းပြခဲ့သည်။
ယန်လင်းယွမ်ကို မကြောက်ဖို့ပြောပြီး သူအရွယ်ရောက်လာသည်နှင့် နတ်ဆိုးအဖြစ် ပြန်လည်နေထိုင်နိုင်မည်ဖြစ် ကြောင်း ပြောခဲ့သည်။ ထိုအချိန်ရောက်လျှင် သူမက ယန်မိသားစုဦးစီးကို သတ်ဖြတ်ပစ်မည်ဖြစ်ကာ နတ်ဆိုးကျင့်ကြံသူများကို ဦးဆောင်ပြီး သူ့ကို နတ်ဆိုးနယ်မြေအတွင်းသို့ ပြန်လည်ခေါင်ဆောင်သွားပေးမည်ဟု ကတိပေးခဲ့ပါသည်။
ယန်ဟဲမိန်က ယန်လင်းယွမ်ကို ငုံ့ကြည့်ပြီး ရေခဲတမျှအေးစက်စွာ မေးလိုက်သည်။
“မင်း ဘာပြောချင်သေးလဲ”
ယန်လင်းယွမ် မယုံကြည်နိုင်ဖြစ်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကျွန်တော်က ဘာလို့ နတ်ဆိုးဖြစ်ရမှာလဲ၊ အဲ့ဒီကျောက်တုံးက အတုအယောင်ပဲ! အဲ့ဒီမိန်းမ သွေးထိုးနေတာ၊ ဒါတွေအားလုံး သူ့အကြံအစည်တွေပဲ!”
ယန်ဟဲမိန်က ရက်စက်စွာ ပြောလိုက်သည်။
“အဲ့ဒီမိန်းမက မင်းအမေဆိုတာ အမှန်ပဲ၊ သူ့ကို နတ်ဆိုးမတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ မင်းကိုလည်း နတ်ဆိုးမျိုးဆက်တစ်ကောင်ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး၊ ငါ တကယ်စိတ်ပျက်မိတယ်”
ထိုစကားတစ်ခွန်းတည်းနှင့် အသက် ၁၆ နှစ်အရွယ် ယန်လင်းယွမ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့သည်။
သူဘယ်လောက်ပဲ ငြင်းဆန်ခဲ့ပါစေ ယန်ဟဲမိန်က သူ့ကို မယုံကြည်တော့ပါ။ သူ့ကို အကျဉ်းချခဲ့ပြီး ကျင့်ကြံခြင်းများကို ဖျက်ဆီးကာ နှိပ်စက်ညှင်းပန်းခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ယန်မိသားစုသွေးများကို ဖြည်းဖြည်းချင်း ဖောက်ထုတ်ခံခဲ့ရပြီး နာကျင်မှုနှင့် စိတ် ပျက်အားလျော့မှုတို့အကြား အငြှိုးတရားများပြည့်နှက်နေသော နှလုံးသားဖြင့် သေလမ်းဆီကို လျှောက်လှမ်းခဲ့ရတော့သည်။
---
ထိုမှတ်ဉာဏ်များအားလုံး လင်းယွမ်၏ဦးနှောက်ထဲတစ်ပြိုင် တည်း ဝင်ရောက်လာခဲ့သည်။ စူးရှလှသည့် နာကျင်မှုက သူ့ခန္ဓာကိုယ်ပေါ် ရုတ်တရက် ရောက်ရှိလာသဖြင့် တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာခဲ့သည်။
ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ သွေးနီရောင်နတ်ဆိုးစွမ်းအင်များ အဆက်မပြတ် ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။
သူ၏ ပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်ကို ထိုနတ်ဆိုးစွမ်းအင်များက ဖုံးလွှမ်းသွားပြီး အသစ်တစ်ဖန် ပြန်ဖြစ်အောင် ပြုပြင်ပေးခဲ့သည်။ သူအသက်ပြန်ဝင်လာပါသည်။
သို့သော် အသက်ပြန်ဝင်လာသော ‘ယန်လင်းယွမ်’မှာ နတ်ဆိုးတစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားခဲ့လေပြီ။
လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်ရုံဖြင့် ကြောက်စရာ ငရဲမီးတောက်များက အရာရာကို ဝါးမျိုနိုင်ပါသည်။ သို့သော် သူ့စိတ်ထဲတွင် ယန်ဟဲမိန်၏ အတိတ်က သွန်သင်ဆုံးမမှုများကြောင့် ခြောက်လှန့်ခံနေရဆဲပင်။
‘ငါတို့က ယန်မိသားစု၊ နတ်ဆိုးတွေကို နှိမ်နင်းပြီး တရားသောလမ်းစဉ်ကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်’
‘နတ်ဆိုးတွေကို သုတ်သင်၊ လမ်းစဉ်ကိုကာကွယ်… နတ်ဆိုးတွေကို သုတ်သင်၊ လမ်းစဉ်ကို ကာကွယ်…’
ထိုစကားလုံးများက သူ့ခေါင်းထဲ အဆုံးမရှိအောင်မြည် ဟည်းနေခဲ့သည်။ သို့သော် ယခုတော့ သူကိုယ်တိုင်က နတ်ဆိုးတစ်ကောင် ဖြစ်နေပါပြီ။
ယန်လင်းယွမ်၏ အာရုံထဲ ကြိုးတစ်ချောင်း ပြတ်တောက်သွားခဲ့သည်။ သူ့အတွေးတွေ ဗြောင်းဆန်လာပြီး နားထဲကိုလည်း အသံပေါင်းများစွာ ဝင်ရောက်လာကာ သူ့အမြင်အာရုံထဲ ယိုယွင်းနေသော လူရိပ်များစွာ ပေါ်လာခဲ့သည်။
ယင်ကျီးက နူးညံ့သိမ်မွေ့စွာ ပြုံးကာ ပြောလိုက်သည်။ “သားက အမေ့သားပဲ၊ နတ်ဆိုးနယ်မြေကိုပြန်ဖို့ အမေလာခေါ်တာ”
ဒုတိယအစ်ကိုယန်က သူ့ကို စက်ဆုပ်စွာ ကြည့်နေသည်။
“မင်းက တကယ်ပဲ နတ်ဆိုးတစ်ကောင်လား”
သတ္တမညီမလေးက ကြောက်လန့်တကြား ထွက်ပြေးသွားသည်။
“အား!!! မလာနဲ့ ငါ့အနား မလာနဲ့!!!”
ယန်ဟဲမိန်က သူ့ကို သွေးအေးရက်စက်စွာ ပြောခဲ့သည်။
“ငါမင်းကို တကယ်စိတ်ပျက်မိတယ်”
ထို့နောက် မှုန်ရီဝေဝါးနေသည့် လူရိပ်များစွာက သူ့ကို လက်ညှိုးထိုးကာ တီးတိုး ပြောဆိုနေကြသည်။
“ဟိုမှာကြည့်စမ်း၊ အဲ့တာ ယန်မိသားစုရဲ့ သစ္စာဖောက်ပဲ၊ နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တာတဲ့”
“ယန်မိသားစုက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူးလား၊ နှလုံးသား မဲ့လိုက်တာ!”
“သူက နတ်ဆိုးဖြစ်နေတာကိုး၊ နတ်ဆိုးတွေက အဲ့လိုပဲ၊ ဘာခံစားချက်မှ မရှိတဲ့ လူသတ်သမားတွေ၊ အဲ့လို မြွေခွေးမျိုးကို မွေးခဲ့တဲ့ ယန်မိသားစုကပဲ ကျိန်စာသင့်ခဲ့တာလို့ ဆိုရမှာပဲ”
“အဲ့ဒီ ဂြိုဟ်ဆိုးနဲ့ ဝေးဝေးမှာနေ!”
ထိုအသံများက အလွန်စူးရှလာပြီး နောက်ဆုံးတွင် အဓိပ္ပာယ်မရှိသည့် အသံများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုပုံရိပ်များ၏ မျက်နှာများကလည်း တဖြည်းဖြည်း ယိုယွင်းလာကာ ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးများ ဖြစ်သွားခဲ့သည်။
လင်းယွမ် မျက်လုံးမှိတ်ကာ နားတွေကို အုပ်ထားသော်လည်း အသံများနှင့် ပုံရိပ်များက သူ့ဦးနှောက်ထဲ တိုးဝင်လာနေဆဲဖြစ်ကာ ခေါင်းကွဲသွားလောက်သော နာကျင်မှုမျိုးကို ခံစားနေရပါသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးစွမ်းအင်များ ပိုမိုကြမ်းတမ်းစွာ ဖြာထွက်လာခဲ့သည်။
လင်းယွမ် သံကုန်အော်ဟစ်လိုက်လေသည်။
“ပါးစပ်ပိတ်ထား! မင်းတို့အကုန် ပါးစပ်ပိတ်ထား!”
အော်သံနှင့်အတူ အလွန်အားကောင်းသည့် နတ်ဆိုးစွမ်းအင်တစ်ချက်ကိုပါ သူပစ်လွှတ်လိုက်သည်။ လင်းယွမ် စိတ်တွေလွတ်ပြီး ခေါင်းကိုကိုင်လျက် နာနာကျင်ကျင် အော်ဟစ်နေသည်ကို ယန်ရုန်ရုန် မြင်ပါသည်။
သူမ အလွန်ထိတ်လန့်ကာ သူ့လက်ကို ပြေးကိုင်ပြီး နာမည်ကို ခေါ်ရင်း လှုပ်နှိုးဖို့ ကြိုးစားလိုက်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် နတ်ဆိုးစွမ်းအင်များကြောင့် သူမ လွင့်ထွက်သွားရသည်။ လင်းယွမ်အနား သူမ မကပ်နိုင်တော့ပါ။
လင်းယွမ်၏ အခြေအနေ ပိုပိုဆိုးရွားလာသည်ကို ယန်ရုန်ရုန် ၁၀ ပေခန့်အကွာမှ ဒီတိုင်း ရပ်ကြည့်နေခဲ့ရသည်။ သွေးနီရောင် နတ်ဆိုးစွမ်းအင်များက သူ့ကို ဝါးမျိုနေပြီး သူ့ကြက်သွေးရောင် မျက်ဝန်းတွေလည်း အနက်ရောင်အပြည့် ဖြစ်သွားခဲ့သည်။
မျက်ဖြူများပင် ပျောက်ကွယ်သွားပြီး မျက်လုံးတစ်လုံးလုံးကို အနက်ရောင်များ ဖုံးလွှမ်းသွားသည်မှာ ကြောက်စရာ ကောင်းလွန်းပါသည်။
အကြောင်းအရင်းကို နားမလည်သော်လည်း လင်းယွမ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စွမ်း ဆုံးရှုံးနေပြီဖြစ်မှန်း ယန်ရုန်ရုန်သိလိုက်သည်။ လက်ရှိ သူ့အခြေအနေက အလွန်အန္တရာယ်များနေပါသည်။
သူ့နား ကပ်လို့မရသဖြင့် သူ့ဘေးတွင် ရပ်နေသည့် မျက်နှာဖုံးနှင့် ယန်လင်းယွမ်ကို လှမ်းကြည့်ကာ ယန်ရုန်ရုန် အော်ပြောလိုက်သည်။
“ယန်လင်းယွမ်! နင်သူ့ကို ကူညီမှဖြစ်မယ်!”
ယခုအချိန်တွင် သူ့ကိုအမှန်တကယ် ကူညီပေးနိုင်သူဟူ၍ သူကိုယ်တိုင်သာ ရှိပါသည်။ ယန်လင်းယွမ်က လင်းယွမ်ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။
မျက်နှာဖုံးတပ်ထားသဖြင့် သူ့မျက်နှာကို ယန်ရုန်ရုန် မမြင်နိုင်ပါ။ ထို့ကြောင့် ယန်လင်းယွမ် အမှန်တကယ် ကူညီပေးချင်ရဲ့လား သူမ မသိနိုင်ပေ။
ယန်လင်းယွမ်၏ ဆန္ဒက သူမတို့ကို ဒီနေရာမှာ တစ်သက်လုံး ခေါ်ဆောင်ထားဖို့ ဖြစ်သည်။
သူသာ ဒီတိုင်းရပ်ကြည့်နေလိုက်လျှင် လင်းယွမ်နှင့် သူမတို့ ဒီပုံရိပ်ယောင်ကမ္ဘာထဲ တစ်သက်လုံး ပိတ်မိကာ ယန်လင်းယွမ်၏ဆန္ဒများ ပြည့်ဝသွားပါလိမ့်မည်။