← Chapters

အခန်း (၈၅၆-၈၅၇)

Vol. 50 Ch. 856-857

အခန်း (၈၅၆-၈၅၇)

Vol. 50 Ch. 856-857

Chapter 856

ရှေ့တန်း ၃

သို့သော် ရှေ့နောက်မညီသည်မှာ အကယ်၍ ချူယန်သာ အတွေးခိုးယူမှုကို မလုပ်ဆောင်ခဲ့လျှင် ပစ်မှတ်အသတ်ခံရချိန်၌ သူမပါ အဘယ်ကြောင့် သေဆုံးသွားရသနည်း။

“ဒါက ယုတ္တိမရှိဘူး”

ထိုအချိန်တွင် လင်းရှန်သည် အေးခဲခန်းအတွင်း လဲလျောင်းနေသော ချူယန်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။

“ဘာလို့လဲ၊၊ ဘာလို့ သူမကသေသွားရတာလဲ”

“မင်း တစ်ခုခုကို လွတ်သွားတာ ဖြစ်နိုင်တယ်”

ယဲ့လန်က လင်းရှန်ကို တည်ငြိမ်စွာ ကြည့်နေသည်။

“မဖြစ်နိုင်တာ… ကျုပ်မျက်စိနဲ့ သူမသေတာကို မြင်ခဲ့တယ်လေ”

လင်းရှန်သည် ပတ်လျှောက်နေရင်း သူ၏အကြည့်မှာ ချူယန်ထံမှ မခွာပေ။ ချူယန် ပြောခဲ့သည့် စကားများကလည်း သူ၏နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။

“လခြမ်းကွေးစစ်ဆင်ရေးရဲ့ အဓိကရည်မှန်းချက်က သတင်းအချက်အလက် ရယူဖို့ပဲ၊၊ ပြီးတော့ ငါက အဓိကလုပ်ဆောင်ရမယ့်သူ”

“ငါ့စကားကို နားထောင်၊ ခဏနေရင် ဂျူးလိယပ်စ်ကို ငါထိန်းချုပ်ထားမယ်၊၊ နင်က သူ့ရဲ့မျက်ဝန်းကို ချက်ချင်း စကင်ဖတ်လိုက်”

“သူ့ဦးနှောက် သေသွားရင်တောင် ဦးနှောက်ဆဲလ်တွေက ချက်ချင်း ရပ်ဆိုင်းသွားမှာ မဟုတ်ဘူး၊၊ နျူရွန်တွေရဲ့ လျှပ်စစ်လှိုင်းလေးတွေက လုံးဝ ပြတ်တောက်သွားပေမဲ့ အတွေး၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်၊ အာရုံခံစားမှုတွေအားလုံးက မိနစ်အနည်းငယ်လောက် ဆက်ရှိနေဦးမှာ...”

“ဒါက... တစ်ခုတည်းသော... ရွေးချယ်မှုပဲ... လင်း... ငါ့ကို... လက်မလွှတ်ပါနဲ့...”

ချူယန် မသေဆုံးမီ ပြောခဲ့သည့် စကားများက လင်းရှန်၏နားထဲတွင် ခေါင်းလောင်းကြီးကဲ့သို့ မြည်ဟီးနေပြီး လင်းရှန်ကို နှုတ်ခမ်းများ ခြောက်သွေ့စေကာ တစ်နေရာတည်းတွင် အေးခဲရပ်တန့်သွားစေသည်။

“ငါ ဘာကို လွတ်သွားတာလဲ”

“ငါ ဘာကို လွတ်သွားတာလဲ”

လင်းရှန် ခြေလှမ်းရပ်လိုက်သည်။

ဝုန်း။

ရုတ်တရက် လင်းရှန်၏ မျက်လုံးသူငယ်များကျယ်ပြန့်သွားပြီး ရှေ့ရှိ ရုံးခန်းမြင်ကွင်းမှာ အလင်းကို ဝါးမျိုသည့် တွင်းနက်ကြီးကဲ့သို့ ဆွဲဆန့်သွားသည်။ မှတ်ဉာဏ်အပိုင်းအစများအားလုံး နောက်ပြန်ရစ်သွားကာ ရှေ့တန်းစီမံကိန်း မစတင်မီ အာရုဏ်ဦးမြို့တော်သို့၊ အာရုဏ်ဦးမြို့တော်မှ လက်နက်များ အလုပ်မလုပ်တော့ဘဲ မြို့တစ်ခုလုံး ထိတ်လန့်နေချိန်သို့၊ ချူယန်မသေဆုံးမီ သူမမျက်နှာပေါ်မှ သွေးစက်များသို့၊ ဂျူးလိယပ်စ်၏ ပုံတူပွားရာပေါင်းများစွာ လွင့်မျောနေသည့် ခန်းမဖြူကြီးဆီသို့ အချိန်များက တရစပ်နောက်ပြန်ဆုတ်သွားပြီး ကျင်းဟိုင်မြို့ဆီသို့ ပြန်ရောက်သွားသည်။

တင်းကျန်းရီက သူ့ကို ပြောခဲ့သည်။

“အခု လူသားတွေက အမှောင်စွမ်းအင်ကို အေးခဲ-အမှောင် အမှုန်တွေထဲကနေ ခွဲထုတ်နိုင်ပြီ၊၊ ဒါက အမှောင်ကျူးကျော်မှုရဲ့ စွမ်းအင်အသွင်ပြောင်းလဲမှု ပုံစံတစ်မျိုးပဲ၊၊ လူသားတွေ စုပ်ယူနိုင်တဲ့ ပိုမိုသန့်စင်တဲ့ အေးခဲ-အမှောင်ဆေးရည်လို့ နားလည်လို့ရတယ်၊၊ ရှင်းဂျီရဲ့ တွက်ချက်မှုအရ ၁၈ ရာခိုင်နှုန်းက လက်ရှိ လူသားတွေအတွက် အကန့်အသတ်ပဲ၊၊ ဒီပမာဏက စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် အရေးကြီးတဲ့ အမှတ်ပဲ၊၊ ဒါကြောင့် သီအိုရီအရ ပြောရရင် လူသားတွေက အတင်းအကျပ် စစ်ထုတ်တာကလွဲလို့ ဒီစွမ်းအင်ကို ခွဲထုတ်နိုင်တဲ့ ဒါမှမဟုတ် သိုလှောင်နိုင်တဲ့ ပစ္စည်းမျိုး လက်ရှိ ကမ္ဘာပေါ်မှာ မရှိသေးဘူး”

ရှင်းဂျီက ပြောခဲ့သည်။

“ဇီဝမျိုးစပ်သတ္တဝါနဲ့ ထိန်းချုပ်စက်တွေကို ကြည့်ရတာ အနီရောင်ကမ္ဘာက သူ့အတွက် သီးသန့်လုပ်ထားသလိုပဲ၊၊ ဒါပေမဲ့ ဒီသတ္တဝါကြီးက မူလကတည်းက သေနေတာပဲ၊၊ သူတို့တွေ ဒါတွေကို ဘာလို့ တပ်ဆင်ထားတယ်လို့ မင်းထင်လဲ”

ချူယန်က ပြောခဲ့သည်။

“ငါတို့ မြင်ရတဲ့ S-Class အဆင့် ဆိုတာ အနီရောင်ကမ္ဘာအတွက်တော့ ဘုရားသခင်လိုပဲ၊၊ အကယ်၍ နင်က အဲဒီလို ဘုရားသခင်မျိုးနဲ့ ချိတ်ဆက်ဖို့၊ တည်နေရာ အတိအကျမသိရတဲ့ သက်ရှိပုံစံနဲ့ ယဉ်ကျေးမှုကို ရှာဖွေဖို့ဆိုရင် သာမန်လူတွေ ဒါမှမဟုတ် စမ်းသပ်ခံတွေနဲ့ လုပ်လို့မရဘူး”

ကီကီက ပြောခဲ့သည်။

“ငါ နားလည်ပြီ၊၊ အနီရောင်သတ္တဝါလိုမျိုးပေါ့၊၊ သူတို့က S-Class အဆင့်နဲ့ ချိတ်ဆက်တာက သတင်းအချက်အလက်ဖလှယ်ဖို့တင် မဟုတ်ဘူး၊၊ သူတို့ကိုယ်တိုင် S-Class အဆင့် သက်ရှိဖြစ်လာဖို့ ဒီပုံစံကို သုံးချင်တာပဲ”

သူ့မှတ်ဉာဏ်များက ကီကီနှင့်အတူ လေထဲပျံတက်သွားပြီး ကျင်းဟိုင်မြို့အောက်ရှိ ဧရာမ ဇီဝမျိုးစပ်အလောင်းကြီးကို ကြည့်နေသည့်အချိန်သို့ ရောက်သွားသည်။ အဆိုပါအရာတွင် စွမ်းအင်ထုတ်လွှတ်မှု မရှိဘဲ ဇီဝစက်ကိရိယာများ၊ ထိန်းချုပ်စက်များနှင့်...

မှိုမျှင်ဦးနှောက်စက်ကိရိယာသာ ရှိသည်။

“ကျုပ် ဘာကို လွတ်သွားလဲဆိုတာ သိပြီ”

လင်းရှန်သည် တည်ငြိမ်မှု ကင်းမဲ့နေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ချိုးဖျက်ကိရိယာကို ရှေ့တန်းစီမံကိန်းရဲ့ နံပါတ် ၁ အစီအစဉ်အနေနဲ့ လွှတ်တင်ခဲ့တာက S-Class အဆင့် ဦးနှောက်ကို ပြန်နိုးထဖို့ ဒါမှမဟုတ် ပြန်ချိတ်ဆက်ဖို့ပဲ၊၊ သူတို့ စမ်းသပ်မှုမတိုင်ခင် ဦးနှောက်တစ်ဝက်ပဲ ချိတ်ဆက်ရသေးတယ်၊၊ ဂျူးလိယပ်စ်က ဒီတစ်ကြိမ်တင် ကိုယ်ပွား ၁၄၅ ယောက် သေသွားတယ်လို့ ပြောခဲ့တယ်၊၊ ကျုပ် အမြဲတမ်း စဉ်းစားနေတာ တစ်ခုရှိတယ်၊၊ အနီရောင်ကမ္ဘာက ကျုပ်တို့နဲ့ ဂလက်ဆီနှလုံးသား ဒါမှမဟုတ် အမှောင်သတင်းအချက်အလက်တွေအတွက် ပြိုင်ဆိုင်နေတာပဲဖြစ်ဖြစ်၊ မြို့တစ်ခုလုံးကို သိမ်းပိုက်ပြီး ယာဉ်တွေကို ဖျက်ဆီးချင်တာပဲဖြစ်ဖြစ်၊ ရှေ့တန်းမံကိန်းကို ဖျက်ဆီးဖို့ သူတို့ တစ်ခါမှ မခြိမ်းခြောက်ခဲ့ဘူး၊၊ ပြီးတော့ ချူကျောက်နန်က ဂျူးလိယပ်စ်က မြူမီးခိုးမွန်းစတားကို အနှောင့်ယှက်မရှိ လွှတ်တင်ခွင့်ပေးလိမ့်မယ်လို့ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”

“ဘာလို့လဲဆိုတော့... ဂျူးလိယပ်စ်ကိုယ်တိုင်က မြူမီးခိုးမွန်းစတားပေါ်မှာ ရှိနေလို့ပဲ”

လင်းရှန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ချူယန်ကို ကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

“အဲဒီအချိန်က မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်မှုဆိုတာက လွှတ်တင်မှု စတင်ပြီးနောက်မှာ အထက်ကို တက်လှမ်းသွားတဲ့ ဂျူးလိယပ်စ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကို မင်းဖမ်းမိသွားလို့ပဲ၊၊ ဒါကြောင့် မင်း တကယ်တမ်း ကျူးကျော်ဝင်ရောက်ခဲ့တာက မြူမီးခိုးမွန်းစတားရဲ့ အသိစိတ်ပဲ”

ဟူး...

လင်းရှန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ မယုံနိုင်သလို ဖြစ်နေသည်။

ဦးနှောက်တစ်ဝက်လောက် ချိတ်ဆက်ရုံနဲ့တင် ကိုယ်ပွား ၁၄၅ ယောက်ကို ချက်ချင်းသတ်နိုင်တယ်ဆိုရင် ဒီလောက် အစွမ်းထက်တဲ့ ချူယန်က ဘာလို့ အဲဒီအချိန်မှာ သေသွားရသလဲဆိုတာ သူ အခုမှ နားလည်တော့သည်။ လင်းရှန်ကို ကူညီပြီး ဂျူးလိယပ်စ်ကို ဟန်ပြတိုက်ခိုက်ဖို့ ကြိုးစားချိန်မှာတင် သူမ ရင်ဆိုင်ရမယ့် ရလဒ်ကို သူမ သိထားပြီးသား ဖြစ်လိမ့်မည်။ အနီရောင်စွမ်းအားရှင်ကြောင့် သူမ သေတာမဟုတ်ဘဲ မြူမီးခိုးမွန်းစတား၏ ဝါးမျိုမှုကို ခံလိုက်ရခြင်းပင်။

တစ်စုံတစ်ခုကို တွေးမိကာ သူက ယဲ့လန်ကို ကြည့်ပြီး ရှုပ်ထွေးသည့် မျက်နှာအမူယာဖြင့် မေးလိုက်သည်။

“ခဗျားက ဒါကို ကြိုတွေးမိပြီးသားလား”

“ချူယန် ပြောဖူးတယ်၊၊ အကယ်၍ စစ်ဆင်ရေး ကျရှုံးခဲ့ရင် ဒါမှမဟုတ် ဂျူးလိယပ်စ်ဆီက သတင်းအချက်အလက်မရခဲ့ရင် နောက်ဆက်တွဲ စီမံကိန်းအနေနဲ့ S-Class အဆင့် ဦးနှောက်ထဲကို ကျူးကျော်ဝင်ရောက်မယ်တဲ့၊၊ သူမက သေမှာကို မကြောက်ဘူး၊၊ ရလာတဲ့ သတင်းတွေကို ဘယ်လိုပေးပို့ရမလဲဆိုတာပဲ စိုးရိမ်နေတာပဲ”

“ဒါကြောင့် သူက ကျုပ်ကို ရွေးခဲ့တာပေါ့”

လင်းရှန်က ရေရွတ်လိုက်သည်။

ယဲ့လန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

“သူမ ပြောတာတော့ မင်းအိပ်မောကျတဲ့ အချိန်ကျမှသာ မင်းရဲ့ အသိစိတ်က သူနဲ့ ချိတ်ဆက်မိတာတဲ့၊၊ ဒါက တူညီတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်”

လင်းရှန် ထရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ ပြာလွင်သော ကောင်းကင်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

“ဒါကို အတည်ပြုဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်”

ပြောပြီးသည်နှင့် လင်းရှန်သည် ပြတ်သားသော မျက်လုံးများဖြင့် ချက်ချင်း လှည့်လာသည်၊၊

“ကြယ်ဆိပ်ကမ်းမှာ မပြီးသေးတဲ့ ကြယ်သင်္ဘောအသေးလေးတစ်စင်း ရှိသေးတယ်၊၊ အဲဒါကို ကျုပ်ကို ခဏ ငှားပေးပါ”

ယဲ့လန် သူ့ကို မတားမြစ်ခဲ့ပေ။

ထို့နောက် သူသည် ကြယ်ဆိပ်ကမ်းသို့ သွားကာ တည်ဆောက်ရေးဆိပ်ကမ်းတွင် မပြီးသေးသော Rayfish အဆင့် ကြယ်သင်္ဘောတစ်စင်းကို တွေ့လိုက်သည်။ ဤသင်္ဘောမှာ တန်ချိန် ၄၀,၀၀၀ အဆင့်ရှိသော်လည်း လက်ရှိတွင် အဓိက ကိုယ်ထည်သာ ပြီးစီးသေးသည်။ လင်းရှန်သည် ချက်ချင်းပင် လက်မြှောက်ကာ ကြယ်နက်ပန်းပဲဖိုကို အသက်သွင်းလိုက်ရာ ပြင်းထန်သော ဟင်းလင်းပြင်ယန္တရားတံခါးကြီး ပွင့်လာပြီး သင်္ဘောကြီးကို ဖြည်းဖြည်းချင်း ဝါးမျိုသွားလေသည်။

လင်းရှန်သည် အံကြိတ်ထားလိုက်မိသည်။ စွမ်းအင်များစွာ ဆုံးရှုံးသွားရသဖြင့် ကြယ်နက်ပန်းပဲဖို၏ ဧရာမတည်‌ဆောက်ရေးဟင်းလင်းပြင်ကို ကြည့်နေရင်း သူ၏အသက်ရှူသံများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ ဤလွှဲပြောင်းမှုကို သူပြီးမြောက်အောင်လုပ်နိုင်ပါ့မလား သို့မဟုတ် အောင်မြင်နိုင်ပါ့မလားဆိုသည်ကို သူ စဉ်းစားမနေတော့ပေ။

Chapter 857

ရှေ့တန်း ၄

သူ့တွင် ယခုရှိနေသည်မှာ အလျင်စလိုဖြစ်နေသည့် စိုးရိမ်စိတ်တစ်ခုသာဖြစ်ပြီး ထိုအမျိုးသမီး အသက်ရှင်နေသေးလားဆိုသည်ကို သူ မဖြစ်မနေ သိအောင်လုပ်ရမည်။

ဝုန်း ဝုန်း ဝုန်း။

သင်္ဘောကျင်းဧရိယာရှိ ဟိုက်ဒရောလစ်တိုင်များမှာ တုန်ခါနေပြီး ဧရာမကြယ်သင်္ဘောကြီးကို လင်းရှန်က ကြယ်နက်ပန်းပဲဖိုအတွင်းသို့ တိုက်ရိုက်ရွှေ့ပြောင်းလိုက်သည်။ ယန္တရားတံခါးပိတ်သွားပြီးနောက် လင်းရှန်သည် ချွေးအေးများထွက်ကာ နောက်ဆုံးတွင် မျက်မှောင်ကြုတ်သွားပြီး ဖြည်းညှင်းစွာ လဲကျမေ့မြောသွားလေသည်။

ဝူး ဝူး ဝူး၊၊

ဟင်းလင်းပြင်၏ ဆူညံသံများမှာ သူ၏ဦးနှောက်အတွင်း ပဲ့တင်ထပ်နေပြီး အဆုံးအစမရှိ ကျယ်ပြောလှသော ဟာလာဟင်းလင်း စကြဝဠာတွင်းနက်ကြီးထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။

လင်းရှန်သည် မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း ဘာမှလုပ်၍မရဘဲ အတွင်းစိတ်အနက်ရှိုင်းဆုံးတွင် တုန်ခါမှုတစ်ခုနှင့်အတူ ကြီးမားသော ခွဲထုတ်ခြင်းဝေဒနာကိုသာ ခံစားနေရသည်။

အတန်ကြာ ကျင့်သားရသွားပြီးနောက် သူ၏တည်ရှိမှုကို ပြန်လည်ခံစားမိလာသဖြင့် လင်းရှန် မျက်လုံးများကို ဖွင့်လိုက်သည်။

ထိုခဏ၌ သူ၏မျက်လုံးသူငယ်များ ရုတ်တရက် ကျုံ့သွားခဲ့သည်။

သူသည် မြူမီးခိုးမွန်းစတား၏ ထိန်းချုပ်ယန္တရားဝတ်စုံပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ မီတာရာနှင့်ချီသောအမြင့်ရှိသည့် ဤ ယန္တရားပေါင်းစပ် S-Classအဆင့်ကြီးမှာ ပါးလျသော အကာကွယ်အလွှာနှင့် ဖုံးလွှမ်းနေပြီး မှောင်မည်းနေသော အာကာသထဲတွင် လွင့်မျောနေသည်။

နေရောင်ခြည်က ရွှေရောင်စက်ဝန်းကဲ့သို့ လင်းရှန်၏မျက်လုံးများကို စူးရှစေသဖြင့် သူက လက်ဖြင့် ကာလိုက်ရာ အပျက်အစီးများစွာနှင့်အတူ လူရိပ်တစ်ခု သူ့ဘေးမှ မျောပါသွားသည်ကို မြင်လိုက်ရသည်။

သူထိတ်လန့်တကြား ကြည့်လိုက်ရာ ကြယ်သင်္ဘောဝန်ထမ်းဝတ်စုံ ဝတ်ထားသည့် လူငယ်တစ်ဦးဖြစ်ပြီး သေဆုံးနေပြီဖြစ်သည်။ သူ၏အမြင်အာရုံထဲတွင် သေဆုံးနေသော ဝန်ထမ်းများစွာကို ထပ်မံတွေ့ရှိရပြီး မြူမီးခိုးမွန်းစတား၏ ပတ်ဝန်းကျင်တွင်လည်း ရေတွက်မရနိုင်သော ကြယ်သင်္ဘော အပိုင်းအစများ လွင့်မျောနေသည်။ ရှေ့သို့ကြည့်လိုက်လျှင် တန်ချိန် ၃၀၀,၀၀၀ ရှိ ကြယ်သင်္ဘောလေးစင်း၏ ပျက်စီးနေသော အကြွင်းအကျန်များမှာ နတ်ဘုရားတစ်ပါး၏ ချေမွခြင်းခံထားရသည့် ကစားစရာများကဲ့သို့ ကမ္ဘာအနီး ပတ်လမ်းတွင် ပျံ့နှံ့နေသည်။

Shepherd Star သင်္ဘော၏ ပဲ့ပိုင်းမှာ နှစ်ပိုင်းပြတ်နေပြီး ပေါ်ထွက်နေသော ကိုယ်ထည်မှာ ငါးရိုးများကဲ့သို့ အေးစက်သော သတ္တုရောင်များ လက်နေသည်။ Ark သင်္ဘော၏ နျူကလီးယားဓာတ်ပေါင်းဖိုမှာ လုံးဝအပေါက်ဖောက်ခံထားရပြီး အရည်ပျော်သွားသော ဝတ်စုံများမှာ ကြောက်မက်ဖွယ်ရာ အမည်းတုံးကြီးများအဖြစ် ခဲနေကာ လောင်ကျွမ်းထားသော နှလုံးသားတစ်ခုနှင့် တူနေသည်။ ကြယ်တာရာအင်ဂျင်အပိုင်းမှာ လုံးဝပျက်စီးသွားပြီး သောင်းနှင့်ချီသော တွန်းကန်စက်များက တိတ်ဆိတ်စွာ လွင့်မျောနေသည်။

ရေတွက်မရနိုင်သော အခန်းများ၊ ရုပ်အလောင်းများ၊ ပျက်စီးနေသော အဆောက်အအုံများ လွင့်မျောနေသည်မှာ ကြယ်တာရာစစ်ပွဲတစ်ခု၏ ဝမ်းနည်းဖွယ် အကျိုးဆက်တစ်ခုကဲ့သို့ပင်။ လေထု၏ အစွန်းပိုင်းတွင် သွေးရောင်လွှမ်းနေသည်မှာ ပတ်လမ်းထဲမှ အပျက်အစီးများ လောင်ကျွမ်းပြီး ပြုတ်ကျနေခြင်းကြောင့်ဖြစ်သည်။

လင်းရှန် ကိုယ်ကိုလှည့်လိုက်ပြီးနောက် ဆွံ့အသွားသည်။

လူတွေ။

သောင်းနှင့်ချီသော ရုပ်အလောင်းများသည် ဟင်းလင်းပြင်ထဲတွင် ထူးဆန်းသော နှင်းတောကြီးကဲ့သို့ လွင့်မျောနေသည်။ အများစုမှာ အိပ်စက်အနားယူခန်းအတွင်း၌ပင် သေဆုံးသွားကြခြင်းဖြစ်သည်။ အငယ်ဆုံးမှာ အသက် ၁၈ နှစ်ထက် မပိုသော ဆံပင်အနီရောင်နှင့် မိန်းကလေးငယ်လေးဖြစ်ပြီး သူမ၏ ဆံပင်ကျစ်ဆံမြီးများ ပြေလျော့ကာ ဂျယ်လီဖစ်လက်တံများကဲ့သို့ လွင့်နေသည်။ ဤသူများသည် ရှေ့တန်းတပ်ဖွဲ့ စီမံကိန်းအတွက် ရွေးချယ်ခံထားရသည့် အထူးချွန်ဆုံးသူများ၊ လူသားယဉ်ကျေးမှု၏ မျိုးစေ့များ၊ ငယ်ရွယ်ဖျတ်လတ်သော ရှေ့ဆောင်လမ်းပြများနှင့် စူးစမ်းရှာဖွေရေး အာဇာနည်များဖြစ်ကြသည်။

လွန်ခဲ့သော နာရီအနည်းငယ်က ဤနေရာတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ အဝေးတွင် လုံးဝပျက်စီးသွားသော စူပါကြယ်သင်္ဘောကြီးတစ်စင်းကို လင်းရှန် မြင်လိုက်ရသည်။ ၎င်းမှာ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပင်။ ယခုအချိန်တွင် နောက်ဘက်ရှိ ကြယ်တာရာတွန်းကန်စက်ခန်းမှာ လုံးဝကျိုးပဲ့နေပြီး ရိက္ခာတွန်းကန်ခန်းမှာလည်း မရှိတော့ပေ။ မြင့်မားသော သင်္ဘောဦးပိုင်းမှာ ဂြိုလ်ပတ်လမ်းဘက်သို့ မျက်နှာမူလျက် တိတ်ဆိတ်စွာ ရှိနေသည်။

လင်းရှန် ပြန်လှည့်ကြည့်လိုက်ရာ အောက်ဘက်တွင် အပြာရောင်ကမ္ဘာကြီး ဆိုင်းငံ့နေသည်။ ဤဧရာမဂြိုဟ်ကြီးမှာ နေရောင်အောက်တွင် တောက်ပသော အပြာရောင်အဖြစ် ရှိနေပြီး ပစိဖိတ်သမုဒ္ဒရာပေါ်တွင် မုန်တိုင်းတိမ်တိုက်များ ဝေ့ဝဲနေကာ တိုက်ကြီးများ၏ ပုံသဏ္ဌာန်မှာ ရှင်းလင်းနေဆဲဖြစ်သည်။ ယခင်က မြို့ပြအစုအဝေးများကိုပင် သူခွဲခြားနိုင်သေးသည်။ သို့သော် ယခုအခါ အာရှ-ပစိဖိတ်တိုက်၏ ကုန်းမြေပေါ်တွင် တွင်းနက်ကြီးများကဲ့သို့ အမာရွတ်အချို့က ဤဂြိုဟ်ကို ကျူးကျော်နေပြီဖြစ်သည်။

အနီးဆုံးမှာ နံပါတ် ၅ တွင်းနက်ဖြစ်ပြီး ဂြိုဟ်ပေါ်တွင် ပေါက်နေသော အမည်းရောင် အကျိတ်တစ်ခုကဲ့သို့ပင်။ အမည်းရောင်ထီးရွက်ကဲ့သို့ လှိုင်းများဖြန့်ကျက်ရင်း လေထုထဲမှ တိမ်တိုက်များကိုပင် ဝါးမျိုနေသည်။

ဤသည်မှာ လင်းရှန်အတွက် တွင်းနက်၏ မြင်ကွင်းအပြည့်အစုံကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းက သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာပင် မှောင်မည်းနေသော ကောင်းကင်ယံဘက်မှ အမှောင်ထုထဲမှ ငိုရှိုက်သံကဲ့သို့ တစ်ခုခုကို ခံစားရပြီး ၎င်းက အပြာရောင်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားကာ အေးစက်ပြီး ဟာလာဟင်းလင်းဖြစ်နေသည့် အနက်ဆုံးတွင်းကြီးကဲ့သို့ပင်။

“လင်းရှန်”

ရုတ်တရက် လင်းရှန် အသံတစ်ခု ကြားလိုက်ရသည်။ သူ လုံးဝမမှားနိုင်ပေ။ ဤသည်မှာ ချူယန်၏ အသံဖြစ်သည်။

လှည့်ကြည့်လိုက်ရာ မြူမီးခိုးမွန်းစတား၏ ထိန်းချုပ်စက်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေသော အမျိုးသမီးတစ်ဦး၏ အလင်းနှင့် အရိပ်ကို တွေ့လိုက်ရသည်။

“ငါ့ကို လက်မလွှတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချူယန်က လင်းရှန်ကို ကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။ သို့သော် ချူယန်၏ အသိစိတ်မှာ အလွန်မတည်မငြိမ်ဖြစ်နေပြီး ဖြူဖျော့ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကိုလည်း လင်းရှန် မြင်နေရသည်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ပုံစံမျိုးပင်။

“တကယ်တော့ ပရော်ဖက်ဆာယဲ့လန်က...”

လင်းရှန်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်မိသည်။

ငါမင်းကို အလောင်းအိတ်ထဲတောင် ထည့်မိတော့မလို့…

ချူယန်က ခေါင်းခါလိုက်သည်။

“ငါ့စကားကို နားထောင်၊ ဂျူးလိယပ်စ်ရဲ့ မူလအသိစိတ်က မှိုမျှင်တွေကတစ်ဆင့် မြူမီးခိုးမွန်းစတားရဲ့ ဦးနှောက်ထဲကို ရောက်သွားပြီ။ သူ ချိတ်ဆက်နိုင်ခဲ့ပေမဲ့ ထိန်းချုပ်ဖို့အတွက် အနီရောင်ကမ္ဘာ အမှတ် ၃ ရဲ့ ပင်မကွန်ပျူတာကို သုံးရမယ်။ ဒီကွန်ပျူတာကို နင့်ရဲ့ ဂရေ့စ်လိုမျိုးပဲ ‘ဗွီအိုလာ’ လို့ ခေါ်တယ်။ အခု ငါက စိတ်ဝိညာဉ်စွမ်းအားနဲ့ သူ့ရဲ့ ထိန်းချုပ်မှုကို တိုက်ရိုက်သိမ်းပိုက်လိုက်ပြီး အမှောင်ထုနဲ့ ချိတ်ဆက်တဲ့ သူ့ရဲ့ အနက်ရှိုင်းဆုံး သတင်းတွေနဲ့ အနီကမ္ဘာအဖွဲ့အစည်းအကြောင်း အချက်အလက်အားလုံးကို ခိုးယူလိုက်ပြီ”

“ဒါပေမဲ့ ဘာတွေရင်းနှီးလိုက်ရလဲ”

“အဲဒါ အရေးမကြီးဘူး”

ချူယန်က လင်းရှန်ကို ပြောလိုက်သည်။

“ငါ အခုပြောမှာကို သေချာနားထောင်… အားလုံးကို မှတ်ထားပြီး ပရော်ဖက်ဆာယဲ့လန်နဲ့ ဗိုလ်ချုပ်ရှုတို့ကို ပြန်ပြောပြပေးပါ”

“ကောင်းပြီ၊၊ ငါ နားထောင်နေတယ်”

လင်းရှန်၏ အကြည့်များက စိတ်လှုပ်ရှားနေသည်။

“S-Class အဆင့် ဦးနှောက်နဲ့ မှိုမျှင်ကွန်ရက်တွေ ချိတ်ဆက်တာကတစ်ဆင့် အနီရောင်ကမ္ဘာရသွားတာက သတင်းအချက်အလက်မဟုတ်ဘူး၊၊ အချက်ပြလှိုင်းတစ်ခုပဲ။ ဒီအချက်ပြလှိုင်းက အရမ်းရှုပ်ထွေးတယ်၊၊ ‘ဗွီအိုလာ’ နဲ့ အနီရောင်ကမ္ဘာက လူသားစမ်းသပ်ချက် အချက်အလက်တွေကို သုံးပြီး ခွဲခြမ်းစိတ်ဖြာကြည့်တော့ ဒီအချက်ပြလှိုင်းဟာ ခံစားချက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာ တွေ့လိုက်ရတယ်”

“ခံစားချက် ဟုတ်လား”

“ဟုတ်တယ်၊၊ တွင်းနက်ထဲကလာတဲ့ ခံစားချက်၊ ဒါမှမဟုတ် စိတ်ဆန္ဒလို့ ပြောလို့ရတယ်၊၊ စုစုပေါင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ကြောက်ရွံ့မှု၊ ဒုတိယတစ်ခုက သံသယပဲ”

“ဘာကို ကြောက်တာလဲ” လင်းရှန်က မေးလိုက်သည်။

“အကြောင်းအရင်း မရှိဘူး။ ဒီကြောက်ရွံ့မှုက လူသားစမ်းသပ်ချက်တွေကနေ လာတာပဲ။ အနီရောင်ကမ္ဘာထဲမှာတော့ အမှောင်ကျူးကျော်မှုတွေဟာ ကြောက်ရွံ့မှုစွမ်းအားပုံစံတစ်မျိုးလို့ ယုံကြည်ကြတယ်။ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီးနောက် လူသားတွေ သန္ဓေပြောင်းသွားတဲ့အပေါ်မှာတော့ ဒီမူက ယုတ္တိရှိပေမဲ့ ပြဿနာက ဒီကြောက်ရွံ့မှုဟာ လူသားတွေက အမှောင်ထုအပေါ် ကြောက်တာလား၊ ဒါမှမဟုတ် အမှောင်ထုက လူသားတွေကို ကြောက်တာလားဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်တာပဲ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“အမှောင်ထုက လူသားတွေကို ကြောက်တယ် ဟုတ်လား”

“နင့်ကိုယ်ပိုင်အမြင်တစ်ခုထဲနဲ့ အဓိပ္ပာယ်မကောက်နဲ့ဦး”

ထိုအချိန်တွင် ချူယန်၏ အကြည့်က အပြာရောင်ဂြိုဟ်ပေါ်ရှိ ဧရာမတွင်းနက်ကြီးဘက်သို့ လှည့်သွားသည်။

“တွင်းနက်အတွင်းပိုင်းကို လေ့လာကြည့်ရင် ယဉ်ကျေးမှုတစ်ခုရဲ့ ရှုထောင့်ကနေ ရှင်းပြရရင် လူသားတွေဟာလည်း အမှောင်သတ္တဝါတွေအတွက် နားမလည်နိုင်တဲ့ ဖြစ်တည်မှုတစ်ခုပဲ။ သူတို့က ငါတို့ကို နားမလည်သလို ငါတို့ကလည်း သူတို့ ဘယ်လိုတည်ရှိနေလဲ ဒါမှမဟုတ် ဘယ်လိုမွေးဖွားလာလဲဆိုတာ မသိဘူး။ ဒါက အချင်းချင်း ဆက်သွယ်လို့မရသလို သက်သေပြလို့လည်းမရတဲ့ ဆက်ဆံရေးမျိုးပဲ”

ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်။

“ရိုဆက်တာ ကျောက်တုံးအကြောင်းကော နင်သိလား”

All Chapters