← Chapters

အခန်း (၈၆၂-၈၆၃)

Vol. 50 Ch. 862-863

အခန်း (၈၆၂-၈၆၃)

Vol. 50 Ch. 862-863

Chapter 862

မဟာတံတိုင်း ၃

လင်းရှန် စိတ်ထဲတွင် တုန်လှုပ်သွားသည်၊၊ ရလဒ်ကြောင့် အံ့သြခြင်း မဟုတ်ဘဲ ယဲ့လန်သည် ဖီးနစ်၏ တပ်မှူးတစ်ဦးအနေဖြင့် ဤမျှ ပြတ်သားပြီး ခိုင်မာသော ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်ကို ချနိုင်ခြင်းကြောင့် အံ့သြမိခြင်း ဖြစ်သည်၊၊

“ငါတို့ဟာ အမှောင်ထုနဲ့ သတင်းအချက်အလက်ရော၊ အင်အားပါ မမျှတတဲ့အခြေအနေမှာ အမြဲရှိနေခဲ့တယ်၊၊ မင်းလက်ထဲက ပုရွက်ဆိတ်လေးလိုပေါ့၊၊ မင်းက သူ့ရဲ့ လှုပ်ရှားမှုနဲ့ အသက်ရှင်ခြင်း၊ သေခြင်းကို စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်၊၊ ဒါပေမဲ့ မင်း အဲဒီလိုမလုပ်တာက မင်း မလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ စိတ်မဝင်စားလို့ပဲ ဖြစ်ဖြစ်ပေါ့၊၊ ဒါက မင်းက သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို့ပဲ နားလည်ထားပြီး တခြားအရာမဟုတ်လို့ပဲ”

“ဒါပေမဲ့ ပုရွက်ဆိတ်အတွက်တော့ သူဟာ တောင်တန်းတွေကို မြင်တယ်၊၊ ချောက်နက်တွေကို မြင်တယ်၊၊ အနာဂတ်ကို လုံးဝ ထိန်းချုပ်လို့မရတဲ့ ကမ္ဘာကြီးကို မြင်တယ်၊၊ ပြဿနာက မင်းက ဒီသတ္တဝါအကြောင်းကို နားမလည်တဲ့အခါ ဒီခံစားချက်မျိုး မရှိနိုင်ဘူး၊၊ ဘာလို့လဲဆိုတော့ သူ မင်းကို နောက်တစ်စက္ကန့်မှာ ကိုက်မလားဆိုတာ မင်းမသိလို့ပဲ၊၊ လူသားတွေရဲ့ သာမန်ယုတ္တိဗေဒအရ သတ္တဝါတစ်ကောင်ကို သတ်ပစ်ဖို့ဆိုတာ သူ့ရဲ့ အရွယ်အစားနဲ့ မဆိုင်ဘူး”

ယဲ့လန်က လင်းရှန်ကို ကြည့်လိုက်ပြီး “အကယ်၍ ဒီပုရွက်ဆိတ်က မင်းကို ကိုက်မယ်ဆိုရင် မင်း သူ့ကို ဆက်ပြီး ကစားနေဦးမလား”

လင်းရှန်က ပြုံးလိုက်ပြီး “ကျုပ်ချက်ချင်း ရိုက်သတ်လိုက်တာမဟုတ်ရင် မှုတ်ထုတ်လိုက်မှာပေါ့”

“မှန်တယ်၊၊ ဒါပေမဲ့ ဒီပုရွက်ဆိတ်က မင်းကို အန္တရာယ်မပေးနိုင်ဘူးလို့ မင်းယုံကြည်နေသရွေ့တော့ မင်း သူ့ကို သတ်မှာမဟုတ်ဘူး၊၊ ဒါပေမဲ့ အမှောင်ထုကတော့ ငါတို့ကို မတူညီတဲ့ အမြင်နဲ့ ကြည့်နေတယ်၊၊ သူတို့အတွက် ငါတို့က ပုရွက်ဆိတ်တွေလား၊ ဒါမှမဟုတ် သူတို့ကို ပြန်ကိုက်နိုင်တဲ့ သတ္တဝါတွေလားဆိုတာ သူတို့ စမ်းသပ်နေကြတာပဲ”

ယဲ့လန်၏ မျက်ဝန်းများမှာ အေးစက်တည်ငြိမ်နေသည်၊၊

“ငါတို့ ဒီမြို့ကို ကာကွယ်တာဟာ လူသုံးသန်းအတွက်တင် မဟုတ်ဘူး၊ ငါတို့ဟာ ပုရွက်ဆိတ်တွေ မဟုတ်ကြောင်း သက်သေပြဖို့အတွက်လည်း ပါဝင်တယ်”

“ဒါက အစွန်းရောက်တဲ့ ရလဒ်နှစ်ခုပေါ့၊ ဒါပေမဲ့ အဲဒီသတ္တဝါဟာ အလျား ၂ စင်တီမီတာပဲရှိတဲ့ အဆိပ်ပြင်းဖားတစ်ကောင်ဆိုရင်ရော”

ယဲ့လန်က ပြန်မေးသည်၊၊

“ဒါဆိုရင်တော့ ကျုပ်က ကျိန်းသေပေါက်စဉ်းစားရတော့မှာပဲ”

ဝူးးး

ထိုစဉ် အဝေးမှ ကြီးမားသော သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီး ပျံသန်းလာသည်၊၊ လင်းရှန် ကြည့်လိုက်သောအခါ ယင်းမှာ တိတ်ဆိတ်မြို့တော်မှ ပျံသန်းရေးယာဉ်တစ်စီးဖြစ်နေသည်ကို တွေ့ရသည်၊၊

“ရှင်းဂျီရောက်လာပြီ၊၊ လာ... ငါတို့ ဘယ်လို ပြန်တိုက်ခိုက်ကြမလဲဆိုတာ သွားဆွေးနွေးကြမယ်”

ယဲ့လန်က လင်းရှန်ကို မျက်ရိပ်ပြလိုက်ပြီး နှစ်ယောက်သား အစည်းအဝေးခန်းမဘက်သို့ ပြန်လျှောက်လာခဲ့ကြသည်၊၊ ခန်းမအတွင်းရှိ လေထုမှာ များစွာ ပြောင်းလဲသွားပုံရသည်၊၊ လင်းရှန် အမြင်မှားနေသည်လားတော့ မသိသော်လည်း ကပ်ဘေးကြီးဆိုက်ရောက်တော့မည်ဖြစ်သော်လည်း အစည်းအဝေးခန်းမထဲတွင် ယခင်ကထက် ပို၍... ပေါ့ပါးလန်းဆန်းနေသကဲ့သို့ ခံစားရသည်၊၊

ရှင်းဂျီသည် သူ၏ ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အင်္ကျီလက်များကို ‌ခေါက်တင်ထားကာ သေရမှာကို မကြောက်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုသာ မနှစ်မြို့သည့် မျက်နှာအမူယာမျိုးဖြင့် ရှိနေသည်၊၊ သူသည် အစည်းအဝေးခန်းထဲသို့ လိုက်ဝင်လာပြီး လင်းရှန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ဖျော့တော့စွာပြုံးပြလိုက်သည်၊၊

ထိုအပြုံးမှာ “မင်း အခု သိပ်နေမကောင်းဖြစ်နေတာ ငါသိပါတယ်၊၊ ဒါပေမဲ့ မင်း အဆင်ပြေသွားမှာပါ” ဟု ပြောနေသကဲ့သို့ပင်၊၊

လင်းရှန်လည်း သက်ပြင်းချရုံသာ တတ်နိုင်သည်၊၊ စက်ရုပ်ဖြစ်သူ ရှင်းဂျီ၏ ကမ္ဘာပျက်ကပ်အပေါ် ဂရုမစိုက်နိုင်မှုကြီးကို သူ နားမလည်နိုင်အောင်ဖြစ်ရသည်၊၊ သို့သော် ယဲ့လန်၏ နောက်ထပ်စကားလုံးများက သူ၏ သွေးများကို ဆူပွက်လာစေသည်၊၊

“အမှောင်ထုနဲ့ တိုက်ပွဲဝင်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ အများကြီးလုပ်နေဖို့ မလိုဘူး၊၊ အင်အားချင်းယှဉ်ရင် ငါတို့နဲ့ အမှောင်သတ္တဝါတွေကြားမှာ ကွာဟချက်ရှိနေတာ အမှန်ပဲ၊၊ ဒါပေမဲ့ ဒီအကျပ်အတည်းဟာ လူသားယဉ်ကျေးမှုရဲ့ မြို့တော်ကို အမှောင်ထုက စမ်းသပ်နေတာလို့ မြင်မယ်ဆိုရင် ငါတို့ လုပ်နိုင်တာ တစ်ခုတည်းရှိတယ်၊၊ အဲဒါက ပြန်လည်တိုက်ခိုက်ဖို့ပဲ၊၊ ဖီးနစ်ကို တည်ထောင်ကတည်းက လူသားယဉ်ကျေးမှုရှင်သန်ရေးအတွက် တစ်သက်လုံး တိုက်ပွဲဝင်ဖို့ ငါတို့ ပြင်ဆင်ထားပြီးသားပါ၊၊ ဒါဟာ ရုန်းကန်မှုတစ်ခုဆိုရင် ငါတို့မှာ ဆုတ်လမ်းမရှိသလို ရွေးချယ်စရာလည်း မရှိဘူး၊၊ ဒါကြောင့် အခု အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က S-Class အဆင့် သတ္တဝါ လေးကောင်ကို ဘယ်လိုအမြစ်ပြတ်ချေမှုန်းမလဲဆိုတဲ့ ဗျူဟာချမှတ်ဖို့ပဲ”

“ရဲဘော်တို့... ငါတို့ အချိန်တိုအတွင်းမှာ အစွမ်းကုန်ပြင်ဆင်ထားဖို့ လိုတယ်၊၊ မင်းတို့ရဲ့ အမြင်တွေကို ထုတ်ပြောကြပါ”

လုထျန်းယဲ့က ကိုယ်ကိုမတ်ကာ ပြတ်သားသော လေသံဖြင့် “ကျုပ်ကတော့ သဘောတူတယ်၊၊ အာရုဏ်ဦးမြို့တော်မှာ မြို့ရိုးနှစ်ထပ် တည်ဆောက်ထားပြီးသားပါ၊၊ ၁၂၀ မမ လျှပ်စစ်သံလိုက်အမြောက် ၂,၆၇၅ လက်၊ Great Wll-50 အခြေစိုက်သံလိုက်အမြောက် ၃,၅၀၀ လက်နဲ့ ပလာစမာဖွဲ့စည်းပုံ ၁,၁၃၀ ခု ရှိပါတယ်၊၊ အပူစွမ်းအားပြင်း အမြောက် ၁,၂၀၀ ကျော်၊ အလွန်မြင့်မားတဲ့ အပူချိန်ရှိတဲ့ ပလာစမာတန်းတွေနဲ့ အားကောင်းတဲ့ကြိမ်နှုန်းမြှင့်စနစ်တွေ ပါဝင်တဲ့ မြို့ပြင်ကာကွယ်ရေးကွန်ရက် ခြောက်ထပ်၊ အကြီးစားလက်နက် တပ်ဆင်ထားတဲ့ ကင်းမျှော်စင် ၄၂၀ ခု ရှိပါတယ်၊၊ မြို့ထဲမှာတော့ ‘အသံတိတ်မုဆိုး’၊ လေယာဉ်ပစ်အမြောက်၊ ‘မုန်တိုင်း’ ဒုံးကျည်စနစ်နဲ့ ကောင်းကင်လေဆာ+ ဖွဲ့စည်းပုံတွေပါဝင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် ၁၆ ခု ရှိပါတယ်၊၊ ကျုပ်ရဲ့ အစောင့်တပ်အင်အား ၁ သိန်း ၃ သောင်း၊ မီကာတပ်ရင်း နှစ်ခုနဲ့ အထူးသံချပ်ကာ စွမ်းအားရှင်တပ်ဖွဲ့တစ်ခုရှိတဲ့အတွက် သန္ဓေပြောင်းမွန်းစတားတွေကို ရင်ဆိုင်ဖို့ အင်အားအလုံအလောက် ရှိပါတယ်၊၊ အဓိက ပြဿနာက S-Class အဆင့် မွန်းစတားတွေပဲ၊၊ ကျုပ်တို့မှာ နူကလီးယားတစ်ပိုင်းကိရိယာတွေနဲ့ အကြီးစား ဝေဟင်ဗုံးတွေ ရှိပေမဲ့ သူတို့ရဲ့ ကာကွယ်ရေးကို မဖောက်နိုင်ရင်တော့ တိုက်ပွဲက ကြာသွားလိမ့်မယ်”

“အမှန်ပဲ။ S-Class အဆင့် သတ္တဝါတွေက ယေဘုယျအားဖြင့် အပူစွမ်းအင်သုံး လက်နက်တွေကို ခုခံနိုင်တဲ့ ကာကွယ်ရေး စွမ်းအင်စက်ကွင်းတွေ ရှိတတ်ကြတယ်၊၊ ဒါဟာ အရင်က နူကလီးယားတိုက်ခိုက်မှုတွေကြောင့် ဆင့်ကဲပြောင်းလဲလာတဲ့ ရလဒ်တွေ ဖြစ်နိုင်တယ်”

အလင်းတမန်ဌာနမှ လော့မင်က ပြောသည်၊၊

“ကျွန်တော်တို့ အလင်းတမန်ဌာနမှာ S-Class အဆင့် သတ္တဝါတွေရဲ့ ကာကွယ်ရေးစနစ်ပြောင်းလဲမှုတွေကို ထောက်လှမ်းဖို့၊ အကာအကွယ်ပေးဖို့နဲ့ အထူးတိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် စွမ်းအားရှင် တစ်ထောင်ကျော် ရှိပါတယ်၊၊ အရင်တစ်ခေါက် မြူမီးခိုးမွန်းစတားကို သတ်ဖြတ်တုန်းက ကျွန်တော်တို့ တိုက်ပွဲအတွေ့အကြုံ ရထားပါတယ်၊၊ S-Class အဆင့် သတ္တဝါတွေမှာ ကာကွယ်ရေးစွမ်းအင်စက်ကွင်းတွေ ရှိပေမဲ့ သူတို့ အဲဒါကို အကန့်အသတ်မရှိ သုံးလို့မရပါဘူး”

“S-Class အဆင့်က ကာဗွန်အခြေခံသက်ရှိဖြစ်နေသရွေ့တော့ သတ်လို့မရတာ ဘာမှမရှိဘူး”

သံမဏိအစောင့်တပ်ရင်း တပ်မှူး ဟွာကျန်းက နှာခေါင်းရှုံ့လိုက်သည်၊၊

“အဓိကကိစ္စက စစ်မြေပြင်ရဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီသိဖို့ပဲ၊၊ ဒါကို စီလန်မြို့က ပင်လယ်ဖြူကောင်နဲ့ အာရုဏ်ဦးမြို့တော်က မြူမီးခိုးတို့က သက်သေပြခဲ့ပြီးသား၊၊ S-Class အဆင့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့က တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်တာထက် ပိုအရေးကြီးတယ်”

ထို့နောက် သူက သူ၏ လက်ထောက်အရာရှိကို ညွှန်ကြားလိုက်သည်။

“လီကျန်း... ငါတို့ တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးအင်အား တည်ဆောက်ပုံကို ရှင်းပြလိုက်၊၊ ဒီညရဲ့ အဓိကအချက်က မြို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်ဖြစ်လိမ့်မယ်၊၊ တပ်ဖြန့်မှုကတော့ ဇုန်အလိုက် ကွဲပြားလိမ့်မယ်”

သံမဏိအစောင့်တပ်ရင်းမှ အရာရှိငယ်တစ်ယောက်က ချက်ချင်းပင် ဟိုလိုဂရမ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ရှင်းပြသည်၊၊

“ကျွန်တော်တို့ သံမဏိအစောင့်တပ်ရင်းမှာ စုစုပေါင်း အင်အား ၄၂,၅၀၀ ရှိပါတယ်၊၊ အားလုံးက တိုက်ပွဲဝင် စွမ်းအားဝတ်စုံတွေ တပ်ဆင်ထားပါတယ်၊၊ အစောင့်တပ်လိုပဲ ကျွန်တော်တို့မှာလည်း ‘သံမဏိမုဆိုး’ နဲ့ ‘တစ္ဆေဝံပုလွေ’ အဆင့် ယူနစ်တွေ ပါဝင်တဲ့ အထူးသံချပ်ကာ စွမ်းအားရှင်တပ်ရှိပါတယ်၊၊ အရေအတွက်က ၁,၂၀၀ ပါ၊၊ ဒါ့အပြင် ‘Iron Guard-3’ ချေမှုန်းရေး အမျိုးအစား ၃၀၀၊ ‘ကာကွယ်သူ-X’ တိုက်ခိုက်ရေး အမျိုးအစား ၂၇၅၊ ‘မီးနတ်ဘုရား’ စီးရီး မီကာ ၁၂၀ နဲ့ ကြယ်တာယာစီးနင်းသူ မီကာ ၈ စီး ပါဝင်တဲ့ ယန္တရားတပ်ဖွဲ့လည်း ရှိပါတယ်၊၊ ကျွန်တော်တို့ အရင်က သတ္တဝါ အမှတ် ၁၃ နဲ့ ၁၄ တို့နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး S-Class အဆင့် သတ္တဝါတွေနဲ့ တိုက်ပွဲဝင်ဖို့ ဗျူဟာတွေ ဖော်ထုတ်ထားပြီးသားပါ”

Chapter 863

မဟာတံတိုင်း ၄

ထို့နောက် သူသည် ကြယ်တာယာစီးနင်းသူ မီကာ ၈စီးကို အခြေခံထားသည့် ဗျူဟာတစ်ခုကို စတင် မိတ်ဆက်ပေးသည်၊၊

(မီးနတ်ဘုရား စီးရီး)

(Iron Guard-3 စစ်တပ်သုံး ချေမှုန်းရေးအမျိုးအစား)

(ကာကွယ်သူ-X တိုက်ခိုက်ရေး အမျိုးအစား)

“ကျွန်တော်တို့မှာ အပြည့်အစုံ တပ်ဆင်ထားတဲ့ ကြယ်တာယာစီးနင်းသူ မီကာ ၈ စီး ရှိပါတယ်၊၊ ဒီမီကာတွေဟာ အမြင့် မီတာ ၆၀ ရှိပြီး စုစုပေါင်းအလေးချိန် ၄,၆၆၅ တန် ရှိပါတယ်၊၊ နူကလီးယား ပေါင်းစပ်ဓာတ်ပြုခြင်း အင်ဂျင်နဲ့ မောင်းနှင်တာဖြစ်ပြီး တစ်ဦးတည်းက အာရုံကြောစနစ်ကတစ်ဆင့် ထိန်းချုပ်မောင်းနှင်ရတာပါ၊၊ အဆင့်မြင့်ကာဗွန်အလွိုင်း သံချပ်ကာတွေ သုံးထားပြီး ကြိမ်နှုန်းမြင့်ချိန်းဓားသွားတွေ၊ ပလာစမာ လက်ကောက်ဝတ်အမြောက်တွေ၊ ‘လောင်ကျွမ်းသောလေ’ ထုတ်လွှတ်မှုစနစ်နဲ့ ဖျက်ဆီးရေးဒုံးကျည် ၁၆ လုံး တပ်ဆင်ထားပါတယ်၊၊ ဒါတွေဟာ ကျွန်တော်တို့ ဗျူဟာရဲ့ အမာခံတိုက်ခိုက်ရေး ယူနစ်တွေပါပဲ”

“ဒါဟာ ရှေ့တန်းကနေ တိုက်ခိုက်ဖို့အတွက် ငါတို့ လိုအပ်နေတဲ့အရာပဲ”

လုထျန်းယဲ့က ပြတ်သားသော အမူယာဖြင့် ခေါင်းညိတ်လိုက်သည်၊၊

“မြို့ရိုးတွေ မပြိုလဲသရွေ့တော့ ငါတို့ ဒီတိုက်ပွဲကို အသေအလဲတိုက်မှာပဲ”

“ပြီးတော့ တိတ်ဆိတ်မြို့တော်လည်း ပါဝင်လာပြီဆိုတော့ ကျုပ်တို့မှာ တကယ်ပဲ အင်အား အလုံအလောက် ရှိသွားပြီ”

ရှင်းဂျီကို ကြည့်ကာ ပြောလိုက်သည်၊၊

ရှင်းဂျီက လူတိုင်း၏ အကြည့်ကို ရင်ဆိုင်ရင်း ခေါင်းအသာဆတ်ပြသည်၊၊

“ငါ့ရဲ့ တိတ်ဆိတ်မြို့တော် အမှတ် ၂ က လူတွေကို ပြောင်းရွှေ့ပြီးပါပြီ၊၊ အမှတ် ၁ မှာရှိတဲ့ တိုက်ခိုက်ရေးအင်အားနဲ့ လက်နက်တပ်ဆင်မှုတွေ အားလုံးအဆင်သင့်ပါပဲ၊၊ တပ်ဖြန့်ဖို့ဖြစ်ဖြစ်၊ တိုက်ခိုက်ဖို့ဖြစ်ဖြစ် အကုန်ပြင်ဆင်ပြီးသားပါ၊၊ ဒါပေမဲ့ မြေပြင်အနေအထားအရ တိတ်ဆိတ်မြို့တော်ဟာ လေယာဉ်အုပ်စုနဲ့အတူ ပျံဝဲနေတဲ့ အနေအထားမှာပဲ ရှိနေလိမ့်မယ်၊၊ ဒါမှမဟုတ် အဲဒီ မိုးပျံသတ္တဝါကို ရင်ဆိုင်ဖို့အတွက် ပိုမြင့်တဲ့နေရာမှာ ရှိနေပါလိမ့်မယ်”

“လေကြောင်းတိုက်ပွဲလား၊၊ ကောင်းတာပေါ့”

ထိုစဉ် မြောက်အမေရိက ပူးပေါင်းတပ်ဦးမှ ရှုကျန်းယွဲ့က “ကျွန်တော်တို့ ပူးပေါင်းတပ်ဦးရဲ့ ယာဉ်တန်းနဲ့ ဖီးနစ်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော အားလုံးပေါင်းရင် လူဦးရေ ၁၆၀၀၀ ရှိပါတယ်၊၊ အဓိကတိုက်ခိုက်ရေးအင်အားကတော့ စွမ်းအားရှင်တပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါလိမ့်မယ်၊၊ ညလမ်းလျှောက်သူအဖွဲ့နဲ့ အလင်းတမန်ဌာနတို့ ပူးပေါင်းလှုပ်ရှားဖို့ ကျွန်တော် အကြံပြုချင်ပါတယ်၊၊ ပူးပေါင်းတပ်ဦးနဲ့ ဖီးနစ်အဖွဲ့ရဲ့ သံမဏိအစောင်တပ်ရင်း လေတပ်ကတော့ လေကြောင်းကနေ ပံ့ပိုးပေးမှာပါ၊၊ ဒါပေမဲ့ စောစောက ဆွေးနွေးခဲ့သလိုပဲ S-Class အဆင့် ရန်သူတွေ အလုံးအရင်းနဲ့ ဝိုင်းရံလာရင် အမှောင်ကျူးကျော်မှုဒဏ်က အတော်လေး ပြင်းထန်လိမ့်မယ်၊၊ မြို့ထဲမှာ သန္ဓေပြောင်းမှုတွေ အကြီးအကျယ် မဖြစ်အောင် ကျွန်တော်တို့ သေချာပေါက် တားဆီးရပါမယ်”

“ကျွန်တော့်မှာ အကြံတစ်ခုရှိပါတယ်”

ယခင် ဖက်ဒရေးရှင်း ကောင်စီဝင်ရှုယန်က “အခုဆိုရင် မြေအောက် မဟာဗျူဟာမြောက် ခံတပ်တွေကို အကုန်လုံး ပိတ်ဆို့ထားပြီးပါပြီ၊၊ အာရုဏ်ဦးမြို့တော်ရဲ့ မြေအောက် သယ်ယူပို့ဆောင်ရေးကွန်ရက်က ရှိနေဆဲဖြစ်သလို ထူးဆန်းတဲ့ သတ္တဝါတွေ ကျူးကျော်ဝင်ရောက်မလာအောင်လည်း တစ်ပိုင်းချင်းစီ ပိတ်ဆို့ထားပြီးသားပါ၊၊ ဒါကြောင့် မြို့ထဲမှာ သန္ဓေပြောင်းမှုတွေ အကြီးအကျယ် မပြန့်ပွားအောင် မြို့ထဲက တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို အသုတ်လိုက် မြေအောက်ထဲ ပြောင်းရွှေ့ထားဖို့ အကြံပြုချင်ပါတယ်၊၊ ပြီးရင်တော့ နှစ်ဖက်စလုံးက စွမ်းအားရှင်အဖွဲ့တွေထဲက မျိုးဗီဇဆင့်ကဲပြောင်းလဲသူတွေ ဒါမှမဟုတ် မြို့ပြင်တိုက်ပွဲအတွက် မသင့်တော်သူတွေကို ရွေးထုတ်ပြီး အဲဒီလူတွေကို နေရာအလိုက် ကာကွယ်ပေးခိုင်းရပါမယ်၊၊ ဒါဆိုရင် အထိအခိုက် အကျအဆုံးနည်းသွားမယ့်အပြင် သန္ဓေပြောင်းမှုတစ်ခုခုဖြစ်လာရင်တောင် ဧရိယာအကျဉ်းလေးအတွင်းမှာပဲ ထိန်းချုပ်ထားနိုင်မယ်”

“ဒါ အကြံကောင်းပဲ”

ယဲ့လန်က ထိုအချိန်တွင် အမိန့်ပေးလိုက်သည်၊၊

“ဗိုလ်ချုပ်ရှု၊ ခေါင်းဆောင်ချီ၊ ဝန်ကြီးလော့…. မင်းတို့က ရှုယန်နဲ့ စုကျင်းတို့အတွက် လူအင်အားစီစဉ်ပေးလိုက်ပါ၊၊ လူတွေကို အသုတ်လိုက်ခွဲပြီး ကာကွယ်ပေးခြင်းအားဖြင့် သန္ဓေပြောင်းနိုင်ခြေကို အတတ်နိုင်ဆုံးလျှော့ချရမယ်”

“ဒါကတော့ လုပ်လို့ရပါတယ်၊၊ ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်”

ဗိုလ်ချုပ်ရှုက ဟွာကျန်းနှင့် လုထျန်းယဲ့တို့ကို ကြည့်လိုက်သည်၊၊

“ဗိုလ်ချုပ်တို့၊ မြို့ထဲကကိစ္စအပြင် ရှေ့တန်းက ကျွန်တော်တို့ စစ်သားတွေ ရင်ဆိုင်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားနဲ့ အမှောင်ကျူးကျော်မှုက ပထမဆုံးစိန်ခေါ်မှုကြီးပဲ”

တိုက်ပွဲအတွေ့အကြုံများသော စစ်သားများသည် သာမန်အသက်ရှင်ကျန်ရစ်သူများထက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်စွမ်းအားမြင့်မားကြသော်လည်း စစ်တပ်အတွင်း သန္ဓေပြောင်းမှု မဖြစ်နိုင်ဟု မဆိုလိုပေ။ ကမ္ဘာပျက်ကပ်နေ့က စတားဖလိ့၏ တိုက်ခိုက်ရေးစွမ်းရည်များ အစောပိုင်းမှာတင် ပြိုလဲသွားရခြင်းမှာ တပ်တွင်း သန္ဓေပြောင်းမှုများကြောင့်ပင် ဖြစ်သည်။

“မှန်တယ်”

ဟွာကျန်းက လေးနက်သောလေသံဖြင့် “ငါတို့မှာ အားအကောင်းဆုံးလက်နက်အင်အားတွေ ရှိနေတယ်၊၊ စစ်သည်အင်အား နှစ်သိန်းကျော် ရှိနေပေမဲ့ တကယ်လိုအပ်တာက တိုက်ပွဲဝင်စိတ်ဓာတ်ပဲ”

လုထျန်းယဲ့ကလည်း တည်ငြိမ်သော မျက်နှာအမူယာဖြင့် “လက်ရှိအခြေအနေနဲ့ တိုက်ပွဲပန်းတိုင်ကို စစ်သည်တိုင်း သိအောင် ရှင်းရှင်းလင်းလင်းပြောပြရမယ်၊၊ ငါ့တပ်ဖွဲ့ဝင်တွေကို ငါယုံကြည်ပေမဲ့ ဒါက တကယ့်ကို ကြီးမားတဲ့ ဖိအားတစ်ခုပဲ”

တိုက်ပွဲဝင်စိတ်ဓာတ်ရှိခြင်းနှင့် သေရမှာမကြောက်ခြင်းက သန္ဓေပြောင်းသွားပြီးနောက် ကိုယ့်ရဲဘော်ရဲဘက်များကို ပြန်မတိုက်ခိုက်တော့ဘူးဟု အာမမခံနိုင်ပေ။ ဘေးအန္တရာယ်က အတွင်းထဲကနေ မြစ်ဖျားခံလာခြင်းက ကြောက်စရာအကောင်းဆုံး ဖြစ်တတ်သည်။

ခဏတာမျှ အစည်းအဝေး ဆွေးနွေးခန်းမှာ တိတ်ဆိတ်သွားသည်။

“အဟမ်း... ကျုပ်တစ်ခုလောက် အကြံပေးလို့ ရမလား”

ထိုစဉ် လူအုပ်ကြားက ထောင့်တစ်နေရာမှာ ထိုင်နေသည့် လင်းရှန်က ရုတ်တရက် စကားပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လူပေါင်းများစွာ၏ အကြည့်များက သူ့ဆီသို့ ချက်ချင်း ကျရောက်သွားသည်။ တည်ငြိမ်စွာရှိနေသည့် ရှင်းဂျီ၏မျက်လုံးများ တောက်ပသွားပြီး လင်းရှန်ကို စိတ်ဝင်တစား ပြုံးကြည့်နေသည်။ ပြီးခဲ့သည့် တွင်းနက်ဖြတ်ကျော်ရေး စစ်ဆင်ရေးကတည်းက သူသည် လင်းရှန်၏ အကြံပြုချက်များကို အလွန်စိတ်ဝင်စားခဲ့သည်၊၊ အကြောင်းမှာ လင်းရှန်၏ အစီအစဉ်တိုင်းက သူ၏ တွက်ချက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများထက် သာလွန်နေသောကြောင့် ဖြစ်သည်။

ထိပ်ဆုံးခုံတွင် ထိုင်နေသည့် ယဲ့လန်က လင်းရှန်ကို ပြုံးကြည့်ကာ “ကပ္ပတိန်လင်း၊၊ မင်းက ဒီတိုက်ပွဲကို ဦးဆောင်မယ့် အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ၊၊ ဘယ်လိုအကြံပြုချက်ပဲဖြစ်ဖြစ် အားမနာတမ်း တိုက်ရိုက်ပြောနိုင်တယ်”

“အားနာလို့ မဟုတ်ပါဘူး၊၊ ဒီမှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အရှိန်အဝါက ပြင်းလွန်းလို့ စကားပြောဖို့ နည်းနည်း လန့်နေတာပါ”

လုထျန်းယဲ့က သူ့ကို ကြည့်ပြီး အားပေးလိုက်သည်၊၊

“ကပ္ပတိန်လင်း၊၊ မင်းက ဧရာမနတ်ဘုရားတောင်ထိပ်က လွှတ်တင်ရေးစခန်းမှာ မြို့တစ်မြို့လုံးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းပဲ၊၊ မင်းက သူရဲဘောကြောင်တဲ့သူလို့ ငါမထင်ဘူး၊၊ ပြောစရာရှိတာသာ ပြောပါ၊၊ ဒီမှာရှိတဲ့သူ ဘယ်သူမှ မင်းရဲ့စကားကို အလေးမထားဘဲ မနေဘူး”

ထိုစကားကို ကြားသောအခါ ဟွာကျန်း၊ ရှုကျန်းယွဲ့၊ ချီနို၊ ရှုယန်၊ စုကျင်းနှင့် ကျန်ရှိသူများက ခေါင်းငြိမ့်ထောက်ခံကာ လင်းရှန်ကို အသိအမှတ်ပြုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူသည် ဤနေရာတွင် အသက်အငယ်ဆုံးဟု ထင်ရသော်လည်း မည်သူကမျှ သူ့ကို အထင်သေးခြင်းမရှိပေ၊၊

လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အမြွှာကြယ်မျှော်စင်ထိပ်တွင် သူစဉ်းစားခဲ့သည့် အကြံဉာဏ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

“အခုဆိုရင် ကျုပ်တို့က အမှောင်တိုက်စားခြင်းဆဲလ်တွေကို သုံးပြီး အမှောင်ကျူးကျော်မှုကို ခုခံနိုင်စွမ်းက ၁၈ ရာခိုင်နှုန်းအထိ ရှိနေပြီ၊၊ အကယ်၍ ကျုပ်တို့သာ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောဆီက အမှောင်ကျူးကျော်မှုကို စုပ်ယူတဲ့ စွမ်းအင်ဆိုင်ရာ အချက်အလက်တွေကို ရနိုင်မယ်ဆိုရင် အဲဒီအမှောင်တိုက်စားခြင်းဆဲလ်တွေကို သုံးပြီး အမှောင်ကျူးကျော်မှုကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်မယ်၊၊ အဲဒါဆိုရင် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်သွားမှာ မဟုတ်လား၊၊ ဒါဆိုရင် ဒီပြဿနာက ပြေလည်သွားပြီပေါ့”

“ဒါပေမဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောက အခု ကောင်းကင်အကာကွယ်အလွှာရဲ့ အပြင်ဘက်မှာ ရှိနေတာလေ”

ရှုကျန်းယွဲ့က တည်ငြိမ်စွာ ပြောသည်။

“မင်းနဲ့ ချူယန်ကြားက စိတ်ဝိညာဉ်ချိတ်ဆက်မှုကနေတစ်ဆင့် အဲဒီအချက်အလက်တွေကို ရနိုင်လို့လား”

လင်းရှန်က ခေါင်းခါပြလိုက်သည်။

“အဲလိုသာရနိုင်ရင် ကျုပ်ယူလာခဲ့တာ ကြာလှပေါ့”

“ဒါဆို ဘာလို့ ဒါကို အကြံပြုရတာလဲ”

သံမဏိအစောင်တပ်ရင်းအဖွဲ့ခေါင်းဆောင် ဟွာကျန်းက နားမလည်နိုင်သလို မေးလိုက်သည်။

လင်းရှန်က ချောင်းတစ်ချက် ဟန်လုပ်ဆိုးလိုက်ပြီး အနည်းငယ် မဝံ့မရဲ ပြောလိုက်သည်။

“ချူယန်နဲ့ စိတ်ဝိညာဉ် ချိတ်ဆက်မှုကနေ အချက်အလက် မရနိုင်ပေမဲ့ ကျုပ်ကိုယ်တိုင်... ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ်ကို တိုက်ရိုက်တက်သွားလို့ ရတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှင်းဂျီက မျက်မှောင်ကြုတ်သွားသည်။

All Chapters