အခန်း (၈၆၆-၈၆၇)
Vol. 50 Ch. 866-867
Chapter 866
အမှောင်ညဆင်းသက်ခြင်း ၁
အာရုဏ်ဦးမြို့တော်သည် အမှောင်ထုကို ပြန်လည်တိုက်စစ်ဆင်တော့မည်ဟု ယဲ့လန်က ကြေညာပြီးနောက် မြို့တော်တစ်ခုလုံးသည် စစ်မီးမစတင်ခင် အလွန်အမင်း အလုပ်ရှုပ်ကာ စိုးရိမ်ပူပန်မှုအငွေ့အသက်များ လွှမ်းမိုးနေလေသည်။
အသက်ရှင်ကျန်ရစ်သူများ၊ ဒုက္ခသည်များနှင့် ယာဥ်တန်းအဖွဲ့အားလုံးသည် နံပါတ် ၁ တံတိုင်းအတွင်းရှိ ခရိုင်ဟောင်းထဲ၌ စုဝေးနေကြသည်။ ဖီးနစ်မှ တာဝန်ရှိသူများနှင့် စစ်တပ်၏ စီမံခန့်ခွဲမှုအောက်တွင် မြေအောက်ခိုလှုံနေရာ ၂၄ ခု၏ ဝင်ပေါက်များ၌ လူများတန်းစီနေကြပြီး အများစုမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် အားနည်းသူများသာဖြစ်ကြသည်။ နောက်ဆုံးတိုက်ပွဲမစမီ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသူ မည်သူမဆို အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ခိုလှုံခွင့်ကို မိမိသဘောဖြင့် စွန့်လွှတ်ကာ မြို့စောင့်တပ်တွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။
လူအုပ်ထဲတွင် အမျိုးသားတစ်ဦးသည် ဆောင့်ကြောင့်ထိုင်ကာ သတင်းစာဟောင်းဖြင့် ထုပ်ထားသော အထုပ်ကို သားဖြစ်သူလက်ထဲကို ထည့်ပေးနေသည်။
“သား… အမေ့စကားကို နားထောင်နော်”
သူက ကလေး၏ဆံပင်ကို ဖွရင်း အက်ရှသောအသံဖြင့် မှာနေသည်။ ဇနီးဖြစ်သူကမူ သူ့အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး
“ဂရုစိုက်နော်… ကျွန်မတို့သားအမိတွေ ရှင်ပြန်လာမှာကို စောင့်နေမယ်”
“စိတ်မပူပါနဲ့”
ထိုအမျိုးသားက သူ့နောက်တွင် မြို့တော်ကာကွယ်ရေးအတွက် ပါဝင်လာကြသော မြို့သူမြို့သားများကို ကြည့်ကာ ပြုံးပြလိုက်သည်၊၊
“အခုချိန်မှာ ပုန်းနေလို့ မထူးတော့ဘူး… ငါတို့တွေ မြို့ကို ကာကွယ်ရမယ်”
အခြားတစ်ဖက်တွင် သေနတ်လွယ်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် သူမ၏ သမီးငယ်လေး၏ ဖိနပ်ကြိုးကို ဒူးထောက်ချည်ပေးနေပြီး သမီးငယ်၏လက်ကို ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ဦး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ရှောင်ကျိ…. မင်းက အစ်ကိုကြီးပဲ ညီမလေးကို ဂရုစိုက်ရမယ်နော် နားလည်လား”
ကောင်လေးက ခေါင်းငြိမ့်ပြပြီး ညီမဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
“မေမေရော”
သမီးငယ်လေးက စိုးရိမ်တကြီး မော့ကြည့်သည်။
“လိမ္မာတယ်… မေမေက အပြင်မှာ ကူညီပေးပြီးရင် သမီးဆီ အမြန်လာခဲ့မယ်နော်”
ထိုအမျိုးသမီးသည် မျက်ရည်ကို သုတ်ကာ လှည့်ထွက်သွားသည်။ သူမ၏ ဘေးနားတွင် ဖီးနစ်အရေးပေါ်တပ်ဖွဲ့ဝင်များက ခြေမသန်သော အမျိုးသားတစ်ဦးကို ဆွဲခေါ်လာကြသည်။
“ငါ့ကို လွှတ်စမ်း”
ထိုလူက ဒေါသတကြီးဖြင့် သေနတ်ကို ချိုင်းထောက်သဖွယ် အားပြုကာ ရုန်းကန်နေသည်၊၊
“ငါ သေနတ်ပစ်နိုင်သေးတယ် မြေအောက်ထဲ မဝင်နိုင်ဘူး ငါ မြို့တံခါးမှာ သေရမယ်ဆိုရင်တောင် အဲ့ဒီမိစ္ဆာကောင်တွေကို ပစ်သတ်သွားဦးမှာ”
…
ယာဥ်တန်းအဖွဲ့အသီးသီးသည် ဖီးနစ်နှင့် အစောင့်တပ်၏ လက်နက်တိုက်များမှ ခဲယမ်းမီးကျောက်များကို ထုတ်ယူနေကြသည်။ ဖီးနစ်ကာကွယ်ရေးဌာန၏ စီစဉ်မှုအရ စစ်သည်ပေါင်း သုံးသောင်းနီးပါးသည် မြို့တွင်း၌ ကာကွယ်ရေးလိုင်းများ တည်ဆောက်ထားသည်။ ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ သုံးရပ်ရှိသည်။ ၁ အချက် မြို့တော်၏ လေကြောင်းကာကွယ်ရေးကို ကူညီရန်၊ ၂ အချက်က မြို့တွင်း၌ ဖြစ်ပေါ်လာနိုင်သော သန္ဓေပြောင်းမှုများကို ထိန်းချုပ်ရန်နှင့် ၃ အချက်မှာ အကယ်၍ နံပါတ် ၁ တံတိုင်း ကျဆုံးသွားခဲ့ပါက လမ်းမပေါ်ရှိ ကာကွယ်ရေးလိုင်းများကို အခြေခံ၍ မြို့တွင်းတိုက်ပွဲများ ဆင်နွှဲကာ မွန်းစတားလှိုင်းများ နံပါတ် ၂ တံတိုင်းဘက်သို့ မတက်လာနိုင်အောင် ဟန့်တားရန်နှင့် အခြားသူများ ဆုတ်ခွာနိုင်ရန် အကာအကွယ်ပေးရန် ဖြစ်သည်။
မြေအောက်ခိုလှုံနေရာသို့ ဝင်သွားကြသူများမှလွဲ၍ မြို့တွင်း၌ တိုက်ခိုက်နိုင်စွမ်းရှိသူ ၁.၄ သန်းခန့် ကျန်ရှိနေသည်။ ၎င်းတို့သည် ယာဥ်တန်းအဖွဲ့များ သို့မဟုတ် တစ်ကိုယ်တော်ယာဥ်တန်းများ စုပေါင်းထားသည့် အဖွဲ့များဖြစ်ကြပြီး လမ်းမတလျှောက်ရှိ ကာကွယ်ရေးလိုင်းရာပေါင်းများစွာတွင် မိမိသဘောဖြင့် ပါဝင်နေကြသည်။ တစ်ချိန်တည်းမှာပင် မြို့သူမြို့သားအများအပြားသည် အစောင့်တပ်နှင့် သံမဏိအစောင့်တပ်ရင်းတို့ကို ကူညီကာ မြို့ပြင်တွင် ကတုတ်ကျင်းများတူးခြင်း၊ ခဲယမ်းများသယ်ယူခြင်း၊ မိုင်းထောင်ခြင်းနှင့် စက်ပစ္စည်းများ ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ပေးနေကြသည်။
အထက်ကောင်းကင်တွင်မူ မြေအောက်လမ်းကြောင်းများကို ပိတ်လိုက်ပြီးနောက် တံတိုင်းများဆီသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးနေသည့် ဒရုန်းများမှာ ကောင်းကင်ယံရှိ ကန့်လန့်ကာကြီးတစ်ခုအလား ထူထပ်နေသည်။ ဖီးနစ်သည် မြေပြင်နှင့် ဝေဟင် ပူးပေါင်းကာကွယ်ရေးစနစ်ကို ရေးဆွဲခဲ့သည်။ ယဲ့လန်နှင့် အဆင့်ဆင့်သော တပ်မှူးများသည် အမွှာကြယ်မျှော်စင် မြို့ပတ်လမ်းကြောင်းရှိ ထိန်းချုပ်ရေးခန်းမတွင် ယာယီကွပ်ကဲမှုဌာန ဖွင့်လှစ်ကာ မြို့ပတ်လမ်းကြောင်းကို ကာကွယ်ရန် အင်အားအမြောက်အမြား ချထားသည်။
“ဝူး ဝူး ဝူး”
ထိုစဉ် လမ်းဘေးစခန်းများတွင် ဆူးကြိုးများထောင်နေသော လူများက အထက်သို့ မော့ကြည့်လိုက်ကြသည်။ ကြီးမားသော သယ်ယူပို့ဆောင်ရေးယာဉ်များက Iron-Guard-3၊ Guardian- X နှင့် မီးနတ်ဘုရား စီးရီးများ အပါအဝင် အားကောင်းသော စစ်သုံးမီကာကြီးများကို တံတိုင်းရှေ့တန်းသို့ သယ်ဆောင်သွားနေကြသည်။
ဝုန်း ဝုန်း ဟူသော အသံများနှင့်အတူ C-99 ဟာကျူလီသယ်ယူပို့ဆောင်ရေးလေယာဉ်များ၏ အင်ဂျင်သံများက မိုးချုန်းသံကဲ့သို့ ဟိန်းထွက်နေသည်။ သံမဏိကြိုးများဖြင့် ချိတ်ဆွဲထားသော မိုးမျှော်တိုက်သဖွယ် ကြီးမားလှသည့် ကြယ်တာယာစီးနင်းသူ စက်ရုပ် ၈ ခုကို မြို့၏ မြင့်မားသော အဆောက်အအုံများကြားမှ ဖြည်းညင်းစွာ သယ်ဆောင်သွားသည်။ အဆိုပါ လက်နက်များကို S-Class အဆင့် တိုက်ရိုက်ကျူးကျော်မှုများကို ရင်ဆိုင်ရန်အတွက် မြို့တောင်ဘက်နှင့် အနောက်ဘက် အဓိကနယ်မြေများတွင် တပ်ဆင်ထားသည်။
မြို့တွင်းရှိ ကွင်းပြင်များ၊ အထပ်မြင့်အဆောက်အအုံများနှင့် မျှော်စင်စင်္ကြံအားလုံးကို လေကြောင်းရန်ကာကွယ်ရေး အတားအဆီးများနှင့် စွမ်းအင်မြင့် ပစ်ခတ်မှုဇုန်များအဖြစ် ပြောင်းလဲလိုက်သည်။ ကြယ်ဆိပ်ကမ်း၏ နက်ရှိုင်းသော မြေအောက်တွင် စွမ်းအင်ဗဟိုဌာနများစွာကို မြှုပ်နှံထားပြီး မြို့တော်တစ်ခုလုံးရှိ အလိုအလျောက်လက်နက်များအတွက် စွမ်းအင်ပေးပို့နေသည်။ တိုက်ခိုက်ရေးဒရုန်း တစ်သိန်းကျော်သည် စွမ်းအင်ဖြည့်တင်းနေကြပြီး ဒရုန်းအင်ဂျင်နီယာများကလည်း ချို့ယွင်းချက်များကို အရေးပေါ် ပြုပြင်နေကြသည်။ အမှောင်ထု၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် မြို့အနှံ့တွင် အချက်ပြမျှော်စင်တစ်ထောင်ကျော်ကို တည်ဆောက်ထားသည်။
ကွပ်ကဲမှုဗဟိုဌာနတွင် ဗိုလ်ချုပ်ရှုသည် ဟိုလိုဂရမ်မြေပုံရှေ့၌ တည်ကြည်သော မျက်နှာထားဖြင့် ရပ်နေသည်။
“မြောက်အမေရိက ကာကွယ်ရေးလိုင်း၊ ညလမ်းလျှောက်သူမဟာမိတ်၊ အလင်းတမန်ဌာနနဲ့ မြို့တွင်းအဖွဲ့အစည်းတွေက စွမ်းအားရှင်တွေကို အဆင့်သုံးဆင့်နဲ့ အထူးတိုက်ခိုက်ရေးအဖွဲ့တွေ ခွဲထားပါတယ်”
“ပထမအဆင့်မှာတော့ ပျံသန်းခြင်း၊ သာလွန်အမြန်နှုန်း၊ လေ၊ မီး၊ မိုးကြိုးနဲ့ အလင်း စတဲ့ စွမ်းရည်ရှိပြီး လျင်မြန်ဖြတ်လတ်တဲ့ စွမ်းအားရှင်တွေ ပါဝင်ပါတယ်။ သူတို့ကို ဝန်ကြီးလော့က ဦးဆောင်ပြီး ရှေ့တန်းက S-Class အဆင့် တိုက်ခိုက်တွေကို ရင်ဆိုင်တာ၊ ထောက်လှမ်းရေးနဲ့ မြို့တော်တစ်ခုလုံးရဲ့ လေကြောင်းတုံ့ပြန်မှုတွေကို တာဝန်ယူရပါမယ်”
“ဒုတိယအဆင့်ကတော့ လေဆာ၊ သံလိုက်မုန်တိုင်း၊ ထူးဆန်းမျက်လုံး၊ မြေကြီး၊ တုန်ခါမှုနဲ့ အသံလှိုင်း စတဲ့ အဝေးပစ် စွမ်းအားရှင်တွေ ပါဝင်ပါတယ်။ ခေါင်းဆောင်ချီက ကွပ်ကဲမယ့် အခုစွမ်းအားရှင်တွေက တာဝေးတိုက်ခိုက်ရေး အလွန်ကောင်းမွန်ကြပြီး တံတိုင်းကာကွယ်ရေးလိုင်းတွေရဲ့ နောက်ကွယ်ကနေ မွန်းစတားလှိုင်းတွေနဲ့ ကြီးမားတဲ့ ထူးဆန်းသည့် သတ္တဝါတွေကို ချေမှုန်းရပါမယ်”
“တတိယအဆင့်မှာတော့ လူသန်ကြီး၊ သွေးစွမ်းအင်၊ မိစ္ဆာအသွင်၊ သားရဲအသွင်၊ သံမဏိအရေပြား၊ နတ်ဆိုးအရိုးအသွင်၊ ကိုယ်ပျောက်ခြင်းနဲ့ ကိုယ်ခံပညာလှုပ်ရှားမှု သန်မာတဲ့ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူအားလုံး ပါဝင်ပါတယ်။ ဒီအနီးကပ်တိုက်ခိုက်ရေး စွမ်းအားရှင်တွေကတော့ မြို့တွင်းက လမ်းမကာကွယ်ရေးလိုင်းတွေနဲ့ မြေအောက်ခိုလှုံနေရာတွေကို ကာကွယ်ဖို့ ကူညီပေးရပါမယ်”
“ဗိုလ်ချုပ်ရှုရဲ့ စစ်ရေးဖြန့်ကျက်မှုကို ငါသဘောတူပါတယ်၊၊ ငါတို့ရဲ့ သံမဏိအစောင့်တပ်ရင်း ၈၃ က မြို့အနောက်ဘက်က ကာကွယ်ရေးဇုန် ၄ ခုကို တာဝန်ယူမယ်၊၊ ယန္တရားတပ်ဖွဲ့နဲ့ အထူးသံချပ်ကာတပ်တွေကို အဆင့်လိုက် ဖြန့်ကျက်ထားမယ်၊၊ အဓိကရည်မှန်းချက်က S-Classအဆင့်တွေနဲ့ တံတိုင်းကာကွယ်ရေးကို အာရုံစိုက်ဖို့ပဲ”
သံမဏိအစောင့်တပ်ရင်းမှူး ဟွာကျန်း၏ စကားမဆုံးမီမှာပင် လုထျန်းယဲ့က ချက်ချင်းဖြတ်ပြောလိုက်သည်။
“မြို့တော်တစ်ခုလုံးမှာ ဇုန် ၁၂ ခုရှိတယ်၊၊ တွင်းနက် ၅၊ ၇ နဲ့ ၈ ရဲ့ အဓိကတိုက်စစ်က တောင်ဘက်ဇုန် ၅ ကနေ အနောက်ဘက်ဇုန် ၁၀ အထိပဲ၊၊ ခင်ဗျားတို့ သံမဏိအစောင့်တပ်ရင်းက လူ လေးသောင်းကျော်နဲ့ ဇုန်လေးခုကို ပိတ်ထားပြီး ကျုပ်ရဲ့ အစောင့်တပ် တစ်သိန်းသုံးသောင်းက ဇုန်နှစ်ခုတည်းကိုပဲ ခုခံရမှာလား၊၊ ဒါမှမဟုတ် ကျုပ်တို့ကို အရှေ့ဘက်နဲ့ မြောက်ဘက်ကိုပဲ စောင့်ခိုင်းတာလား”
“ငါက အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူး၊၊ အနောက်ဘက်က တွင်းနက် အမှတ် ၅ တစ်ခုတည်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ မင်းတို့ဘက်က တွင်းနက် ၇ နဲ့ ၈ နှစ်ခုလုံးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာလေ၊၊ ဒီလိုခွဲဝေတာက ပိုဆီလျော်တယ်မဟုတ်ဘူးလား”
“မဆီလျော်ဘူး”
လုထျန်းယဲ့က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်၊၊
“တွင်းနက် အမှတ် ၅ မှာ ဖုတ်ကောင်သိုးထိန်းတွေ လှုပ်ရှားနေတာလေ… ခင်ဗျား ဘာကြံစည်နေလဲဆိုတာ ကျုပ်မသိဘူးလို့ မထင်နဲ့… ကျုပ်တို့ အစောင့်တပ်က တွင်းနက် အမှတ် ၅ နဲ့ အတွေ့အကြုံအရှိဆုံးပဲ၊၊ အခက်ခဲဆုံးအပိုင်းကို ကျုပ်ကိုပဲ ပေးလိုက်ပါ”
“အခက်ခဲဆုံးအပိုင်းကို ကြောက်နေစရာလား… ငါရဲ့ ယန္တရားတပ်ဖွဲ့ကိုလည်း အထင်မသေးစမ်းနဲ့” ဟွာကျန်းကလည်း ချက်ချင်း ပြန်ပြောသည်။
“ကျုပ်ရဲ့ ယန္တရားတပ်ရင်း ၂ နဲ့ Thor လျှပ်စစ်သံလိုက်အမြောက်တပ်ကလည်း မနိမ့်ကျဘူး”
လုထျန်းယဲ့ကလည်း အလျှော့မပေးပေ။
မမျှော်လင့်ဘဲ စစ်မစမီ ကွပ်ကဲမှုအစည်းအဝေးတွင် အင်အားကြီးတပ်ဖွဲ့နှစ်ခုမှ ခေါင်းဆောင်များသည် မည်သူက အဓိကတပ်ဖွဲ့အဖြစ် တိုက်ခိုက်မည်ဆိုသည်ကို အချေအတင်ဖြစ်နေကြသည်။ ဖီးနစ်မှ အဆင့်မြင့်အဖွဲ့ဝင်များက ဗိုလ်ချုပ်နှစ်ဦး ငြင်းခုံနေသည်ကို ကြည့်ကာ အချင်းချင်းပြန်ကြည့်နေမိကြသည်။
Chapter 867
အမှောင်ညဆင်းသက်ခြင်း ၂
“တော်တော့”
ထိုစဉ် ယဲ့လန်က ဝင်ရောက်တားမြစ်လိုက်သည်။ သူမ၏အသံမှာ မကျယ်သော်လည်း လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူမ ထရပ်လိုက်ပြီး လမ်းညွှန်တုတ်ချောင်းကို ကိုင်ကာ အာရုဏ်ဦးမြို့တော်၏ စက်ဝိုင်းပုံတံတိုင်းကဏ္ဍကို ထောက်ပြရင်း ပြောလိုက်သည်။
“ငါတို့ရဲ့ ဆုံးဖြတ်ချက်က အခြေအနေပေါ်မှာ အခြေခံပေမဲ့ အတွေးအခေါ်ကိုတော့ တစ်နေရာတည်းမှာ ပုံသေမထားသင့်ဘူး၊၊ အမှောင်ထုက မြို့တော်တစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ဝါးမြိုသွားနိုင်တယ်၊၊ မနေ့ညက တိုက်စစ်ကိုပဲ ကြည့်ပြီး ဒီထူးဆန်းတဲ့ သတ္တဝါတွေက ဒီဘက်ကပဲ လာမယ်လို့ ပုံသေတွက်ထားလို့ မရဘူး”
ယဲ့လန်က လူတိုင်းကို ကြည့်ကာ ဆက်ပြောသည်၊၊
“မင်းတို့အားလုံးက သတင်းအချက်အလက် စစ်ဆင်ရေးမှာ အတွေ့အကြုံများတဲ့ တပ်မှူးတွေပဲ၊၊ အခု ထူးဆန်းတဲ့ သတ္တဝါတွေကို ရင်ဆိုင်နေရပေမဲ့ သူတို့ကို ဦးနှောက်မရှိတဲ့ မွန်းစတားတွေလိုပဲ သဘောမထားပါနဲ့၊၊ လူသားတွေရဲ့ နည်းပညာသုံး စစ်ဆင်ရေးဗျူဟာတွေက ငါတို့ရဲ့ အားသာချက်ပဲ၊၊ ဒါကို ကောင်းကောင်း အသုံးချရမယ်”
လုထျန်းယဲ့က ခေါင်းငြိမ့်ကာ ဟွာကျန်းကို တစ်ချက်ကြည့်လိုက်ပြီး
“မှန်ပါတယ်၊၊ တွင်းနက် သုံးခုနားက အနောက်ဘက်နဲ့ တောင်ဘက်အရပ်တွေက အရေးကြီးတဲ့ ကာကွယ်ရေးနယ်မြေတွေဆိုတာ ဟုတ်ပါတယ်၊၊ ကျုပ်တို့ ယန္တရားတပ်ဖွဲ့က ပစ်အားနဲ့ ကာကွယ်ရေးအားကောင်းပေမဲ့ လှုပ်ရှားမှုအပိုင်းမှာ အားနည်းတယ်၊၊ အစောင့်တပ်နဲ့ သံမဏိအစောင့်တပ်ရင်းက ယန္တရားတပ်ဖွဲ့တွေကို ဒီနေရာမှာ အရင်ဖြန့်ထားနိုင်ပေမဲ့ ခြေလျင်တပ်နဲ့ အထူးသံချပ်ကာတပ်တွေကိုတော့ မြို့ရဲ့ ဇုန် ၁၂ ခုလုံးမှာ အပြည့်အဝဖြန့်ကျက်ထားသင့်တယ်၊၊ တိုက်ပွဲစပြီဆိုတာနဲ့ ရေဒါနဲ့ ဂလက်ဆီနှလုံးသားရဲ့ တွက်ချက်မှုအင်အားကို သုံးပြီး အန္တရာယ်အရှိဆုံး စစ်မျက်နှာတွေကို ရှာဖွေပြီးမှ လိုအပ်သလို အင်အားပြောင်းရွှေ့တာမျိုး လုပ်နိုင်ပါတယ်”
ဟွာကျန်းကလည်း ဤအစီအစဉ်ကို သဘောတူလိုက်သည်၊၊
“တံတိုင်းပေါ်မှာ ချထားနိုင်တဲ့ လူအင်အားက အကန့်သတ်ရှိတယ်၊၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ သံချပ်ကာယာဉ်အားလုံးကို ကာကွယ်ရေးဇုန်တွေကြားမှာ အမြန်ကူးသန်းနိုင်တဲ့ လှုပ်ရှားကိရိယာတွေအဖြစ် သုံးရမယ်”
“ဟုတ်တယ်၊၊ မြို့တော်ရဲ့ အဓိကလမ်းမကြီးတွေကို တပ်ဖွဲ့ဝင်တွေနဲ့ ခဲယမ်းတွေ ပို့ဆောင်နိုင်ဖို့ အမြဲရှင်းလင်းနေအောင် ထားရမယ်”
“ပြီးတော့ အရေးကြီးဆုံးက အမွှာကြယ်မျှော်စင်နဲ့ မြို့ပတ်လမ်းကြောင်း ဘေးကင်းဖို့ပဲ”
“အင်ပါယာပရောဂျက်ရဲ့ ကောင်းကင်နတ်ဘုရားယူနစ်တွေရဲ့ တပ်စွဲမယ့်နေရာကတော့ ဒီဘက်မှာ ဖြစ်သင့်တယ်လို့ ထင်ပါတယ်”
ထိုအချိန်တွင် လူသန်းပေါင်းများစွာ… ထို့ထက်မက လူသားမျိုးနွယ်တစ်ခုလုံး၏ ရှင်သန်ရေးအတွက် အရေးပါလှသော တင်းမာသည့် စစ်ဆင်ရေးစီမံကိန်း အစည်းအဝေးကို အရေးပေါ် ပြုလုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် ကြယ်မြို့တော် ပတ်လမ်းစခန်း၌ အနန္တမဟာမိတ်နှင့် တိတ်ဆိတ်မြို့တော်တို့ ဦးဆောင်သော အဓိကအဖွဲ့ဝင်များသည်လည်း အရေးပေါ်အစည်းအဝေး ပြုလုပ်နေကြသည်။
ပြင်ပအာကာသစစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ရန်အတွက် ရှင်းဂျီက လင်းရှန်ကို ကြယ်တာရာအဆင့် စွမ်းအားဝတ်စုံတစ်စုံ ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် လောလောဆယ်တွင် စတားဖလိ့တပ်၌ အမြင့်ဆုံးအဆင့် တစ်ကိုယ်တော်စစ်သည် တိုက်ခိုက်ရေးကိရိယာဖြစ်ပြီး အသေးစား ပလာစမာတွန်းကန်စနစ်၊ နောက်ကျောဘက် အဓိကတွန်းစက် ၂ ခု၊ ခြေထောက်ရှိ ဦးတည်ချက်ထိန်းနောဇယ် ၄ ခု၊ အဆင့် ၇ ကျည်ကာစနစ်နှင့် အာကာသ သို့မဟုတ် ရေအောက်အတွက် ရှင်သန်ရေးစနစ်တို့ ပါဝင်သည်။
ဤတိုက်ပွဲဝင်ဝတ်စုံမှာ အလွန်စျေးကြီးသော်လည်း ရှင်းဂျီအတွက်မူ ဘာမှမဟုတ်သကဲ့သို့ပင်။
“ကျေးဇူးပဲ”
ထိုစဉ် လင်းရှန်သည် စွမ်းအားဝတ်စုံ၏ လည်ပတ်မှုစနစ်များကို အမြန်စစ်ဆေးနေသည်။ သူ၏အချိန်မှာ ကန့်သတ်ချက်ရှိပြီး ချက်ချင်းလှုပ်ရှားရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အနန္တမဟာမိတ်ဘက်တွင် ကွပ်ကဲမှုများလုပ်ရန် အချိန်မရှိတော့ဘဲ ကျန်းရှု့ဝေ၊ ချန်ဆီရွှမ်၊ ကျန်းယွမ်နှင့် ရှီတိယွမ်တို့ထံသာ လွှဲအပ်ခဲ့ရသည်။
“ဒါက ဘာမှမဟုတ်ပါဘူး… ငါ့မှာလည်း ရည်ရွယ်ချက်ရှိပါတယ်”
ရှင်းဂျီက ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ကျုပ် သိပါတယ်၊၊ ကောင်းကင်အကာအကွယ်အပြင်ဘက်က အာကာသဆိုင်ရာအချက်အလက်တွေကို စုဆောင်းပေးစေချင်တာမလား၊၊ ခင်ဗျား ပြောစရာမလိုပါဘူး၊၊ ဖီးနစ်က အဆင်သင့်ပြင်ထားပါတယ်”
လင်းရှန်က ပြောသည်။
“လင်းရှန်”
ကီကီက သူ့ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်၊၊
“ရှင် ဂရုစိုက်နော်”
လင်းရှန်က ခေါင်းငြိမ့်ပြပြီး “မင်းလည်း ဂရုစိုက်ဦး၊ ဘာပဲဖြစ်ဖြစ် အောင်မြင်တာ ရှုံးတာက ဒီလှုပ်ရှားမှုပေါ်မှာပဲ မူတည်နေတယ်၊၊ ငါတို့တွေ သေလုမြောပါးအန္တာရယ်တွေအများကြီးကို ကျော်ဖြတ်လာခဲ့ပြီးပြီပဲ၊၊ အပိုစကားတွေ ပြောမနေတော့ဘူး”
ထို့နောက် သူက ကီကီနှင့် အခြားသူများကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး
“အားလုံး အသက်ရှင်အောင် နေကြပါ”
ထိုအချိန်တွင် စိုးရိမ်ပူပန်မှုများဖြင့် လူပေါင်းများစွာ စုဝေးရောက်ရှိနေကြသည် - ရှီတိယွမ်၊ နန်ကျင်း၊ ရှောင်ချင်း၊ အားဖေး၊ ချီလီ၊ မိုနီကာ၊ ကျန်းရှု့ဝေ၊ ကျန်းဇီယန်၊ ကျန်းယွမ်၊ ရှုချင်း၊ တာလို့၊ ရှားရှား၊ လုချန်၊ မြောင်လု၊ ရှောင်ယွမ်၊ လီယီ၊ လူအိုကြီးမို၊ စွန်းယုကျန်း၊ မာရှောင်ထန်း၊ တင်းကျန်းရီ၊ လော့ယန်၊ လျန်လေး၊ လီကွမ်းဝမ်...
“ညီလေးလင်း ဂရုစိုက်ပါ”
“ကပ္ပတိန်လင်း”
“လင်းရှန်”
“ကပ္ပတိန်လင်း”
“အစ်ကိုလင်း”
“ကပ္ပတိန်… ကျွန်တော်တို့ ကပ္ပတိန်ပြန်လာမှာကို စောင့်နေပါ့မယ်”
“အားလုံးပဲ ဂရုစိုက်ကြပါ၊၊ အာရုဏ်တက်ချိန်ရောက်ရင် အားလုံးကိုခေါ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ငါခေါ်သွားမယ်”
မရေတွက်နိုင်သော အကြည့်များ စုစည်းနေကြစဉ် လင်းရှန်သည် အချိန်ကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏ အသိစိတ်ထဲတွင် တောက်ပနေသော ကျည်ဆန်အမှတ်အသားကို အာရုံစိုက်လိုက်တော့သည်။
ထိုခဏ၌ပင်။
ဝှမ်းး
ဟင်းလင်းပြင် ကွဲထွက်သွားသည့် အသံနှင့်အတူ လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး လူအားလုံး၏ မျက်စိရှေ့တွင်ပင် လင်းရှန်သည် အရိပ်အယောင်ပင်မကျန်ပဲ ပျောက်ကွယ်သွားတော့သည်။
ချန်ဆီရွှမ်သည် ထိုပျောက်ကွယ်သွားသော အရိပ်ကို စက္ကန့်အနည်းငယ်မျှ လေးလံသော အကြည့်များဖြင့် ကြည့်နေပြီးနောက် ချက်ချင်းပင် ပြတ်သားစွာ ပြောလိုက်သည်၊၊
“ကျွန်မတို့တွေလည်း စပြီး လှုပ်ရှားကြစို့”
ရှင်းဂျီ၏ ဘေးတွင် ရွှန်း၊ တိုင်ယီလန်၊ ရူဂျိ၊ ရှီဇီစသည့် အဓိကအဖွဲ့ဝင်များ ဝန်းရံရပ်နေကြသည်။ ရွှန်း၏ AC ယန္တရားအဖွဲ့သည် သံချပ်ကာယန္တရား တစ်ထောင်ကျော်ရှိသော မြေပြင်တပ်ဖွဲ့နှင့် ပျံသန်းနိုင်သော နည်းဗျူဟာမြောက်ယန္တရား သုံးရာရှိသည့် ဝေဟင်တပ်ဖွဲ့ကို ထိန်းချုပ်ထားပြီး တိတ်ဆိတ်မြို့တော်၏ ဒရုန်းသောင်းပေါင်းများစွာကိုမူ ရှင်းဂျီ၏ ဗဟိုဌာနက ကွပ်ကဲနေသည်။
ဤတစ်ကြိမ်တွင် ရှင်းဂျီသည် လင်းရှန်အတွက် စွမ်းအားဝတ်စုံကိုထောက်ပံ့ပေးခဲ့ရုံသာမက အနန္တမဟာမိတ်အဖွဲ့ကို လက်နက်ခဲယမ်းများ၊ ဒရုန်းများနှင့် ကြယ်တာစီးနင်းသူ သံချပ်ကာ စက်ရုပ်ပုံစံငယ်တစ်ခုကိုပါ ယူဆောင်လာခဲ့ပြီး ယခုအခါ ကြယ်တာရာမြို့တော် ပတ်လမ်းစခန်းရှိ ကွင်းပြင်တွင် ချထားသည်။ ရှင်းဂျီက ယင်းနှင့်ပတ်သက်၍ ရှင်းပြသည်၊၊
“လင်းက စတားဖလိ့ရဲ့ ယန္တရားစနစ်ပုံကြမ်းကို ရပြီးနောက်မှာ ငါ့ကို တည်ဆောက်ခိုင်းထားတာပါ”
“လင်းရှန်က ရှင့်ကို တည်ဆောက်ခိုင်းတာလား”
ချန်ဆီရွှမ်က မျက်မှောင်ကြုတ်ကာ မေးသည်၊၊
“ဒါက ဘယ်သူ့အတွက်လဲ”
ရှင်းဂျီက လူအုပ်ထဲရှိ အငယ်ဆုံးမိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။
ရှားရှားလည်း မျက်လုံးအဝိုင်းသားဖြစ်သွားပြီး သူ့ကိုယ်သူ လက်ညှိုးပြန်ညွှန်ပြကာ မေးသည်၊၊
“အစ်ကိုလင်းက ကျွန်မကို ကြယ်တာစီးနင်းသူ စက်ရုပ်ကြီးကို မောင်းခိုင်းတာလား”
“မင်းက အဆင့် ၄ ယန္တရားထိန်းချုပ်သူ မဟုတ်ဘူးလား”
ရွှန်းက ပြုံးလျက် မေးလိုက်သည်။
“ဒါပေါ့”
ရှားရှားသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့တိုးထွက်လာပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ကွင်းပြင်တွင် ရပ်ထားသော အမြင့် မီတာ ၆၀ ရှိပြီး အလေးချိန် ၄၆၆၅ တန်ရှိသည့် ကြီးမားလှသော စက်ရုပ်ကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။
“ဝါး အစ်ကိုလင်းက ကျွန်မကို Gundam တစ်စီး ပေးလိုက်တာပဲ”
“သောက်ကျိုးနည်း… ဒီကောင်ကြီးရဲ့ ပစ်အားကတော့ မသေးဘူးပဲ”
ရှီတိယွမ်က အံ့သြတကြီး ရေရွတ်မိသည်။
“သောက်ရမ်းလန်းတယ်”
လော့ယန်နှင့် အခြားသူများကလည်း ဝိုင်းအော်ကြသည်။
“သိပ်ပြီး စိတ်မလှုပ်ရှားနဲ့ဦး၊၊ နင်လုပ်ရမယ့် အရေးကြီးတဲ့ တာဝန်ရှိသေးတယ်”
ကီကီက စက်ရုပ်၏ နျူကလီးယားအင်ဂျင်ကို မျက်လုံးကျွတ်ထွက်မတတ် ကြည့်နေသော ရှားရှားကို စိတ်စွမ်းအင်ဖြင့် ဆွဲခေါ်လိုက်သည်။
“အစီအစဉ်က ဒီလိုပါ…. ယာဉ်ပေါ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အားနည်းသူတွေအားလုံးက ဖီးနစ်နဲ့ ပူးပေါင်းပြီး မြေအောက်စခန်းတွေကို ပြောင်းရွှေ့ရမယ် ပြီးတော့...”
ကျန်းရှု့ဝေက ဟိုလိုဂရမ်မြေပုံကို ဖွင့်ကာ မြို့ကိုပတ်ထားသော ကောင်းကင်ရထားလမ်းကြောင်းကို ပြသရင်း ပြောသည်၊၊
“ပေါင်းစည်းယာဉ်တန်းကိုတော့ အနန္တရထားက ဦးဆောင်ပြီး ဒီမြို့ပတ်ရထားလမ်းတလျှောက် လှည့်ပတ်တိုက်ခိုက်တဲ့ ပြောက်ကျားစစ်ဆင်ရေးကို လုပ်ဆောင်သွားမယ်… ငါတို့ရထားရဲ့ ပစ်ခတ်အားကို အပြည့်အဝ အသုံးချရမယ်”
“စွမ်းအားရှင်တွေဖြစ်တဲ့ ကီကီ၊ လုရှင်းချန်၊ တာလို့၊ စွန်းယုကျန်း၊ လော့ယန်၊ လျန်လေး၊ လီကွမ်းဝမ်၊ ချီလီနဲ့ အားဖေးတို့ကတော့ ဖီးနစ်နဲ့ ပူးပေါင်းပြီး ကူညီပေးရမယ်”
“ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး… ကပ္ပတိန်ရှီနဲ့ ကပ္ပတိန်ချန်တို့ကတော့ ရထားပေါ်မှာပဲနေပြီး ပေါင်းစည်းယာဉ်တန်းကို ကာကွယ်ရမယ်၊၊ ပေါင်းစည်းယာဉ်တန်းရဲ့ ပစ်အားကွပ်ကဲရေးကို ကပ္ပတိန်ချန်နဲ့ ကပ္ပတိန်ရှီတို့က ပူးတွဲတာဝန်ယူရမယ်၊၊ ရှုချင်း၊ လုချန်၊ မြောင်လု၊ နန်ကျင်းနဲ့ ရှောင်ချင်းတို့ကတော့ နည်းဗျူဟာအဖွဲ့တွေခွဲပြီး ရထားရဲ့ အစိတ်အပိုင်းအသီးသီးမှာ ဖြန့်ကျက်ထားမယ်”
“မဟာမိတ်ဘက်က ကျန်းယွမ်နဲ့ ယန်ယွီယန်တို့ကတော့ ဟုန်ယွမ်စီးပွားရေးမဟာမိတ်၊ ခေတ်သစ်အင်ဂျင်နီယာအဖွဲ့၊ သံမဏိဒိုင်းကာအဖွဲ့နဲ့ ဖီးနစ်မီးတောက်အဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ပိတ်ဆို့ကာကွယ်ရေးကို တာဝန်ယူရမယ်၊၊ ကျွန်မတို့မှာ လူအင်အားအရမ်းများတဲ့အတွက် ဒီအဖွဲ့တွေက ကြီးမားတဲ့ ကာကွယ်ရေးတည်ဆောက်မှုတွေ လိုအပ်လို့ လူခွဲထားရတာဖြစ်ပါတယ်”
“ပြီးတော့ ဒီက ကြယ်မြို့တော်ပတ်လမ်းစခန်းအတွက်ကတော့ ကောင်းကင်အမိုးခုံးရထားမှာ ကာကွယ်ရေးလက်နက်တွေ မရှိသေးတဲ့အတွက် အခုလောလောဆယ် ကောင်းကင်ကို တက်လို့မရသေးဘူး၊၊ မိုနီကာနဲ့ ကျွန်မက လူအင်အား ၄၀၀၀ ကို ဦးဆောင်ပြီး ပတ်လမ်းစခန်းကို ကာကွယ်မယ်၊၊ ကောင်းကင်အမိုးခုံးရထားကို စောင့်ရှောက်ရင်း တစ်ချိန်တည်းမှာပဲ လေကြောင်းရန်ကာကွယ်ရေး စခန်းတွေကို တည်ဆောက်သွားမယ်”
“နောက်ဆုံးအနေနဲ့ ဒီကြယ်တာရာစီးနင်းသူ စက်ရုပ်ပဲ” ကျန်းရှု့ဝေက ရှားရှားကို ကြည့်လိုက်သည်၊၊
“ရှားရှား ငါတို့တွေ သယ်ယူပို့ဆောင်ရေး နောက်တွဲယာဉ်ကို ပြင်ဆင်ထားတယ်၊၊ မင်းက ဒီစက်ရုပ်ကို မောင်းပြီး ရထားနောက်ကိုလိုက်ရင်း ပြောက်ကျားစစ်ဆင်ရေးမှာ ပါဝင်ရမယ်၊၊ အရေးကြီးတာက ရထားလမ်းမှာ ပြဿနာတစ်ခုခုရှိလာရင် မင်းက ဂရေ့စ်နဲ့ ပူးပေါင်းပြီး ပေါင်းစည်းယာဉ်တန်းကို ကာကွယ်ဖို့ ဒရုန်းတွေကို ဖြန့်ကျက်ပေးရမယ်၊၊ အန္တရာယ်ကြုံလာလို့ အကြီးစားလက်နက်နဲ့ လှုပ်ရှားမှုအင်အား လိုအပ်လာပြီဆိုရင် မင်းက အသင့်ရှိရမယ်”
ရှားရှားသည် နားထောင်ရင်း မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်၊၊
“နားလည်ပါပြီ”