အခန်း (၈၆၈-၈၆၉)
Vol. 50 Ch. 868-869
Chapter 868
အမှောင်ညဆင်းသက်ခြင်း ၃
“ရထားက မြို့ကို တစ်ပတ်ပြီးတစ်ပတ် ပတ်နေမှာလား” မိုနီကာက မေးသည်။
“အတိအကျပဲ လှည့်ပတ်ပြောက်ကျားစစ်ဆင်ရေးပေါ့”
“ဒါက တကယ့်ကို ထက်မြက်တဲ့ အကြံဉာဏ်ပဲ”
ထိုစဉ် ရှင်းဂျီနှင့် အခြားသူများကလည်း ထိုအစီအစဉ်ကို ထောက်ခံလိုက်ကြသည်၊၊
“ဒါက မင်းတို့ ရထားရဲ့ အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်…. အားနည်းချက်တစ်ခုကတော့ ရထားလမ်းသာ ပျက်စီးသွားရင်…”
“အကယ်၍ ရထားလမ်း ပျက်စီးသွားရင် ကျွန်မတို့တွေက ရထားကိုပဲ ခံစစ်ဘန်ကာအဖြစ် သုံးပြီး ခုခံတိုက်ခိုက်သွားမယ်”
ချန်ဆီရွှမ်က ပြောလိုက်သည်။
ရှီတိယွမ်ကလည်း လက်ပိုက်၍ ခေါင်းငြိမ့်လိုက်သည်၊၊
“ဟုတ်တယ် ဒီလောက်ရှည်တဲ့ ရထားနဲ့ လက်နက်တွေကို ပတ်လမ်းစခန်းမှာပဲ ဒီတိုင်းထားတာထက် လှည့်ပတ်အသုံးပြုတာက ပိုထိရောက်တယ်”
“ဒါဆို အခုပဲလှုပ်ရှားကြတာပေါ့”
ကီကီ၏ မျက်လုံးများမှာ ပြတ်သားနေသည်။
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်သည်၊၊
“အားလုံးပဲ ဒီညရဲ့ အန္တရာယ်တွေကြားမှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ကြပါ၊၊ အာရုဏ်တက်ချိန်မှာ လူတိုင်း ဒီနေရာမှာ ဘေးကင်းကင်းနဲ့ ပြန်ဆုံနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်”
ရှပ် ရှပ်။
လူတိုင်း တပြိုင်နက်တည်း လှုပ်ရှားကြတော့သည်။ လီယီနှင့် လူအိုကြီးမိုတို့က အမျိုးသမီးများ၊ ကလေးငယ်များနှင့် ဝန်ထမ်းအားလုံးကို ဦးဆောင်ကာ မြေအောက်ခိုလှုံနေရာသို့ စတင်ပြောင်းရွှေ့ကြသည်။ ချန်ဆီရွှမ်က ဒါရိုက်တာတင်းကိုလည်း လိုက်သွားစေချင်သော်လည်း တင်းကျန်းရီက ငြင်းဆန်ခဲ့သည်၊၊ သူမသည် အနန္တရထား၏ သုတေသနတွဲနှင့် စိုက်ပျိုးရေးတွဲတွင်နေ၍ သွေးကပ်ဘေးပန်း၊ ငွေနဂါးဆယ်ဆနှင့် သွေးနွယ်ရှင်ကပ်ဘေးအပင်တို့ကို သုတေသနပြုရင်း ကာကွယ်ပေးရန် လိုအပ်သည်ဟု ပြောကာ နေခဲ့သည်၊၊ တစ်ချိန်တည်းမှာပင် ရှောင်ယွမ်ကိုလည်း ရင့်မှည့်နေသော အစိမ်းရောင်အသီးအားလုံးကို ခူးဆွတ်ပြီး မဟာမိတ်အဖွဲ့ဝင်များကို ဝေငှခိုင်းလိုက်သည်။
ဝူးးးး
အနန္တရထား၏ ဝေးလ် 03E သဘာဝဓာတ်ငွေ့သုံး တာဘိုင်အင်ဂျင်ကြီးသည် ချန်ဆီရွှမ်၏ ထိန်းချုပ်မှုအောက်တွင် စတင်လည်ပတ်လာသည်။ ရှီတိယွမ်နှင့် သူမသည် တိုက်ခိုက်ရေးသမား သုံးထောင်ကျော်နှင့်အတူ မြို့ပတ်မီးရထားလမ်းပေါ်သို့ တက်လိုက်ကြသည်၊၊ ရထား၏အပေါ်ဘက်တွင် G-3 လျှပ်စစ်သံလိုက်အမြောက်၊ 1130CIWS ၊ YJ လေကြောင်းရန်ကာကွယ်ရေးအမြောက်နှင့် အလိုအလျောက် အမြောက်များအားလုံး ပေါ်ထွက်လာပြီး ရထား၏ လက်နက်များသည် စွမ်းအားအပြည့်ဖြင့် အသင့်ဖြစ်နေလေပြီ၊၊
ချက်ချင်းပင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရထားကြီးသည် မြို့ပတ်ရထားလမ်းအတိုင်း ဖြည်းညင်းစွာ စတင်ရွေ့လျားလာတော့သည်။ ရှားရှားသည် ကြယ်တာရာစီးနင်းသူ စက်ရုပ်၏ ထိန်းချုပ်ခန်းထဲတွင် ထိုင်နေပြီး အာရုံကြောနာဗ်စနစ်ကို ချိတ်ဆက်ထားသည်။ တန်ချိန်ထောင်ချီလေးလံသော ထိုဧရာမစက်ရုပ်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ နိုးထလာသည်။ သူမသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ထိန်းချုပ်မှုအပိုင်းကို အမြန်ဆုံး အသားကျအောင် ပြုလုပ်နေပြီး ပေါင်းစည်းယာဉ်တန်း၏ နောက်ဘက်ရှိ သယ်ယူပို့ဆောင်ရေးပလက်ဖောင်းပေါ်တွင် ရပ်ကာ လမ်းတစ်လျှောက် ပစ်ခတ်မှုအင်အားကို ချိန်ညှိနေသည်။
ချန်ဆီရွှမ်သည် ခေါင်မိုးပေါ်တွင် Meteor-3 ကို ကိုင်ဆောင်ကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ အခြေအနေကို မျက်ခြေပြတ်မခံပဲ စောင့်ကြည့်နေသည်။ ထိုအချိန်တွင် သူမသည် အဝေးက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး လှပသော မျက်နှာထက်၌ စိုးရိမ်မှုများ ပြည့်နှက်နေသည်။
“လင်းရှန်... ရှင်ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်”
ရှုချင်းနှင့် နန်ကျင်းတို့သည် လှုပ်ရှားရေးအဖွဲ့နှင့်အတူ တွဲတစ်ခုချင်းစီတွင် ပစ်အားများကို နေရာချထားကြသည်။ ရထားပေါ်ရှိ လူတိုင်းသည် ဆက်သွယ်ရေး ချောမွေ့နေစေရန် ဆောင်ရွက်ထားသည်။ ရထားတစ်စင်းလုံးတွင် လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသည့် အဖွဲ့ဝင်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ရထား၏ သံချပ်ကာနှင့်လျင်မြန်သော ရွေ့လျားမှုကို အသုံးချ၍ လမ်းကြောင်းတစ်လျှောက် ခုခံတိုက်ခိုက်ကြမည်ဖြစ်သည်။
ရှင်းဂျီသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ တိတ်ဆိတ်မြို့တော်သို့ ပြန်သွားသည်။ ဤအာရုဏ်ဦးမြို့တော် ခုခံတိုက်ပွဲတွင် တိတ်ဆိတ်မြို့တော်သည် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော၊ မြောက်အမေရိက ပေါင်းစည်းတပ်ဦး လေတပ်၊ သံမဏိအစောင့်တပ်ရင်း လေတပ်တို့နှင့်အတူ ဝေဟင်ခံစစ်အင်အားစုကို ဖွဲ့စည်းထားသည်။ အဓိက ခုခံရမည့် ပစ်မှတ်မှာ ကောင်းကင်ယံမှ မိုးပျံသတ္တဝါများပင် ဖြစ်သည်။
လူတိုင်း အလုပ်ရှုပ်ကာ တင်းမာနေကြသည်။ ကိုယ်ဝန်ဆောင်ထားရသည့် လီယီသည် သူမ၏ခင်ပွန်း လျန်လေး၏ သံချပ်ကာကို အသေးစိတ် စစ်ဆေးပေးနေပြီး စကားအများကြီး မပြောသော်လည်း သူမအတွက် စိတ်မပူရန်သာ မှာကြားနေသည်။
မာရှောင်ထန်းနှင့် မာရှောင်လီလေးတို့သည် ၎င်းတို့၏မိခင် စွန်းယုကျန်းကို နှုတ်ဆက်ကာ လူအိုကြီးမိုနှင့်အတူ မြေအောက်ခိုလှုံနေရာသို့ လိုက်သွားကြသည်။
အခြားတစ်ဖက်တွင် မြေအောက်ခိုလှုံနေရာသို့ ဝင်ရန် ပြင်ဆင်နေသူမှာ ဟူလုရှို့ပင် ဖြစ်သည်။ ဤလူသည် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်သာရှိသော်လည်း ကျည်ကာအင်္ကျီ နှစ်ထပ်ဝတ်ထားသဖြင့် သူ၏ စွမ်းအားဝတ်စုံမှာ အနည်းငယ် ဖောင်းကားနေသည်။
“မိန်းမရယ်... ငါ မဝင်တော့ရင် ကောင်းမလားလို့”
မြေအောက်ခိုလှုံနေရာ လမ်းအဝင်တွင် ဟူလုရှို့က ဆန်းချန်ကို ပြုံးကာ ပြောလိုက်သည်။
“ဒီဟူက တစ်ချိန်က သယ်ယူပို့ဆောင်ရေးသင်္ဘောရဲ့ ဒုလက်ထောက်ကပ္ပတိန်ဖြစ်ခဲ့တာလေ။ တိုက်ခိုက်ရေး စံပြစစ်သည်လည်း ဖြစ်ခဲ့တယ်။ အခု မိန်းမတွေ၊ ကလေးတွေနဲ့အတူ ဗုံးခိုကျင်းထဲမှာ ပုန်းနေရတာက နည်းနည်းတော့ မဟန်ဘူး မဟုတ်လား”
“နင် သေချာလို့လား”
ဆန်းချန်က သူ့ကို ပေါ့ပါးစွာ ကြည့်လိုက်ပြီး သူ၏စွမ်းအားဝတ်စုံကို ပုတ်လိုက်သည်။ ပြင်းထန်သော ခွန်အားကြောင့် ဟူလုရှို့မှာ ခြေလှမ်းနှစ်လှမ်းခန့် နောက်သို့ အရှိန်ပြင်းပြင်း ဆုတ်သွားရသည်။
“ဒီညက ပြင်းထန်တဲ့ တိုက်ပွဲဖြစ်မှာနော်။ S-Class လေးကောင်တောင် လာမှာပဲ။ အဲဒီထဲက ဘယ်ကောင်မဆို နင့်ကို အလွယ်တကူ ချေမွပစ်နိုင်တယ်”
ထိုစကားကို ကြားသောအခါ ဟူလုရှို့သည် ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးကို အနိုင်နိုင်မျိုချလိုက်ရသည်။ သို့သော် ဆန်းချန်၏ မျက်လုံးထဲက အကြည့်ကို မြင်လိုက်ရသောအခါ သူသည် တစ်နည်းနည်းဖြင့် ယုံကြည်မှုများ ရရှိလာပြီး ရင်ဘတ်ကို ကော့ကာ ပြောလိုက်သည်။
“မသွားဘူး၊ မသွားဘူး၊ မသွားဘူးလို့ ငါပြောပြီးပြီပဲ။ ယောကျ်ားတစ်ယောက်က ပြောပြီးရင် ကတိပျက်စရာမလိုဘူး။ ဒါ့အပြင် လူသားမျိုးနွယ်ရဲ့ အကျပ်အတည်းမှာ ယောကျ်ားတစ်ယောက်က ကလေးတွေနောက်မှာ ဘယ်လိုလုပ် ပုန်းနေနိုင်မှာလဲ”
ပြောပြီးသည်နှင့် သူသည် လျှစ်စစ်သေနတ်တစ်လက်ကို ဆွဲယူကာ အနန္တမဟာမိတ်ယာဉ်တန်း၏ ခုခံရေးအဖွဲ့ထဲသို့ တန်းတန်းမတ်မတ်လျှောက်ဝင်သွားသည်။ ဆန်းချန်သည် ထိုမြင်ကွင်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း ပြန်ငြိမ်သက်သွားကာ နောက်ကနေ လိုက်သွားခဲ့သည်။
သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းပေါ်တွင် ကီကီ၊ လုရှင်းချန်၊ တာလို့၊ စွန်းယုကျန်း၊ လော့ယန်၊ လျန်လေး၊ လီကွမ်းဝမ်၊ ချီလီ၊ အားဖေးနှင့် အခြားအစွမ်းထက်သည့် စွမ်းအားရှင်များသည် စွမ်းအားရှင် တိုက်ခိုက်ရေးစစ်ကြောင်းထံ ဦးတည်နေကြသည်။ လမ်းတစ်လျှောက်တွင် လုရှင်းချန်သည် ဝါရင့်ကျွမ်းကျင်သူပုံစံဖြင့် မျက်စိမှိတ်နေသည်။ တာလို့သည် သူ၏ သံမဏိဓားကြီးကို ဘေးချထားပြီး ဂတ်တလင်သေနတ်ကို သန့်ရှင်းရေးလုပ်နေရင်း လုရှင်းချန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။ ထို့နောက် တံတောင်နှင့် အသာတို့ကြည့်သော်လည်း တုံ့ပြန်မှု မရရှိပေ။ ထို့ကြောင့် သူသည် တစ်ဖက်ရှိ ချီလီနှင့် ကီကီတို့ကို လှမ်းကြည့်လိုက်သည်။
ကီကီက ပြုံးပြီး ပြောလိုက်သည်။
“ဒီကောင်က ဘယ်လို ပုံစံမျိုး၊ ဘယ်လို စွမ်းရည်နာမည်မျိုးနဲ့ ပေါ်လာရမလဲဆိုတာကို ပြန်စဉ်းစားနေတာ နေမှာပါ”
ချီလီက ပုခုံးတွန့်လိုက်သည်၊၊
“အဲဒါက အရေးကြီးလို့လား”
“သူ့အတွက်တော့ အတော်အရေးကြီးတယ်လေ”
မထင်မှတ်ထားစွာပင် လုရှင်းချန်သည် မျက်စိမှိတ်ထားလျက်ပင် ခေါင်းခါလိုက်ပြီး သူ၏ အမြဲတမ်း ဟိတ်ဟန်ထုတ်တတ်သည့် ပုံစံနှင့်မတူဘဲ ပြောလိုက်သည်။
“စီလန်မြို့ တိုက်ပွဲတုန်းက လူ လေးသောင်းကျော် သေကျေဒဏ်ရာရခဲ့ကြတယ်။ ငါတို့မှာ မီးနတ်ဘုရားစွမ်းအားရှိပေမဲ့လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒီတိုက်ပွဲက လူသားမျိုးနွယ် ရှင်သန်ရေးအတွက် အဆုံးအဖြတ်တိုက်ပွဲပဲ။ အသေးအဖွဲကိစ္စတွေအတွက် နေရာမရှိတော့ဘူး။ စွမ်းရည်နာမည်တွေက အရေးမကြီးတော့ဘူး။ ဒီညမှာ လူတွေ ပိုပြီး အသက်ရှင်နိုင်ပါစေလို့ပဲ ငါ ဆုတောင်းပါတယ်။ တကယ်လို့ ညအမှောင်ထုက ဖယ်ရှားဖို့ ခက်ခဲနေမယ်ဆိုရင် ငါက တောက်လောင်နေတဲ့ ကြယ်တစ်လုံးရဲ့ မီးလျှံနဲ့ ဒီအဆုံးမဲ့ညကို ဖောက်ထွင်းပစ်မယ်”
ထိုစကားကို ကြားသောအခါ ကီကီ၊ ချီလီနှင့် အခြားသူများအားလုံး သူ့ကို လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ တာလို့က လုရှင်းချန်၏ ပုခုံးကို လှမ်းပုတ်ကာ ပြောလိုက်သည်၊၊
“ညီအစ်ကို... မင်းကို ငါ ယုံတယ်”
“မီးတောက်... အားတင်းထားစမ်းပါ၊၊ ငါတို့ စွမ်းအားရှင်တွေရဲ့ ခွန်အားက အမြဲတမ်း တိုးတက်နေတာပဲ”
လော့ယန်က တုန်လှုပ်နေသော်လည်း လေးနက်စွာပြောလိုက်သည်။
“မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ငါတို့ ကျော်ဖြတ်နိုင်မှာပါ”
“ဘယ်လို မွန်းစတားတွေပဲဖြစ်ဖြစ် ရှင်းပစ်ရုံပဲ”
လျန်လေးက ကိုယ်မတ်လိုက်ရင်း “ငါတို့အတွက် ဆုတ်လမ်းမှ မရှိတာ။ C-Class ဖြစ်ဖြစ်၊ B-Class ဖြစ်ဖြစ်… A-Class ပဲဖြစ်ဖြစ်… တစ်ကောင်သတ်ရင် တန်တယ်၊ နှစ်ကောင်သတ်ရင် အမြတ်ပဲ မဟုတ်လား”
“ပြောတာကောင်းတယ်”
လီကွမ်းဝမ်သည် တံတွေးကို အနိုင်နိုင်မျိုချကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အားဖေးသည် သူ၏ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး လီကွမ်းဝမ်က သူ့ကိုလည်း လှမ်းပြောလိုက်သည်။
“ဟေ့ ကောင်လေး... မင်းရဲ့ လေဆာက တော်တော်မိုက်တယ်။ ခဏနေရင် အကောင်ကြီးကြီးတွေကိုပဲ ချိန်ပစ်လိုက်”
အားဖေးက ခေါင်းညိတ်ကာ “ကောင်းပါပြီ...”
Chapter 869
အမှောင်ညဆင်းသက်ခြင်း ၄
ထိုအချိန်တွင် မြို့၏ မြောက်ဘက်ရှိ ပျက်စီးယိုယွင်းနေသော လမ်းဟောင်းတစ်ခု၌ မြေပြင်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး ဖက်ဒရေးရှင်း၏ [ညဥ့်သံမဏိဒိုင်း] စီးရီး ရှစ်ဘီးတပ် မြေပြင်သွား သံချပ်ကာယာဉ် ဒါဇင်ပေါင်းများစွာသည် ထိုလမ်းကြောင်းမှ အမြန်ဆုံး မောင်းထွက်လာကာ တွန့်ဆုတ်ခြင်းမရှိပဲ မြောက်ဘက် အဝေးဆီသို့ ဦးတည်သွားကြသည်။
အဓိကယာဉ်တစ်စီး၏ အတွင်းပိုင်းတွင် မီးများ လင်းထိန်နေပြီး ခမ်းနားသော ပစ္စည်းကိရိယာများ တပ်ဆင်ထားသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ဝမ်တုံနှင့် လီကျန်းတို့မှာ မျက်မှောင်ကို တင်းတင်းကြုတ်ထားကြသည်။
ဒုန်း…
လီကျန်းက စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အားလုံးက ဟိုလင်းရှန်ဆိုတဲ့ကောင်ကြောင့်ပဲ။ ငါတို့ရဲ့ လူသစ်စုဆောင်းပွဲကို ဖျက်ဆီးခဲ့တာ။ အခုတော့ ငါ့အမေက ဖီးနစ်လက်ထဲ ရောက်နေပြီ။ လေလွင့်သူ နံပါတ် ၁ စီမံကိန်းလည်း လုံးဝ ပျက်စီးသွားပြီ”
“တော်စမ်း” ဝမ်တုံ၏ မျက်နှာမည်းမှောင်နေသည်၊၊
“အခုမှ ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ အသက်ရှင်လျက် ထွက်လာနိုင်တာကိုပဲ ကျေးဇူးတင်စမ်းပါ”
“ဒါပေမဲ့...”
“မင်းမှာ ဒါတွေအားလုံးကို ပြန်ယူနိုင်မယ့် နည်းလမ်းရှိလို့လား”
လီကျန်းသည် ထိုအချိန်တွင် အံကြိတ်ထားကာ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။ ချက်ချင်းပင် ဝမ်တုံသည် အတွေးလွန်နေဟန်ရှိသည့် လူငယ်တစ်ဦးထံသို့ အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။
“ဥက္ကဋ္ဌကျိုး... ညကင်းလှည့်အဖွဲ့နဲ့ မြို့စောင့်တပ်ကနေ ကျွန်တော်တို့ စုစည်းနိုင်သမျှ အမာခံအင်အားစုတွေ အားလုံး ဒီမှာရောက်နေပါပြီ။ အရေအတွက်မများပေမဲ့ ခွန်အားနဲ့ လက်နက်တပ်ဆင်မှုကတော့ ထိပ်တန်းအဆင့်တွေချည်းပါပဲ”
ထိုလူငယ်သည် ချောမောသော မျက်နှာရှိပြီး ဦးခေါင်းနောက်ဘက်တွင် အာရုံကြောနာဗ်ချိတ်ဆက်မှုစနစ် ကျန်ရှိနေသေးသည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်နေသော်လည်း ရှင်သန်ခြင်းအငွေ့အသက်မှာမူ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။ ဤသူမှာ အခြားသူမဟုတ်ဘဲ မှိုမျှင်ချိတ်ဆက်မှုကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို အသွင်ပြောင်းထားသည့် ကျိုးမင်ယွမ်ပင် ဖြစ်သည်။
ပြောပြီးနောက် ဝမ်တုံသည် တွဲ၏နောက်ဘက်ရှိ အေးခဲခန်းတစ်ခုကို လှမ်းကြည့်လိုက်သည်။ ကျိုးမင်ယွမ်သည် သတိကြီးစွာဖြင့် သူ၏ မူလခန္ဓာကိုယ်ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အေးခဲခန်းထဲရှိ လူလတ်ပိုင်း နိုင်ငံရေးသမားကို မြင်သောအခါ ဝမ်တုံက အတွင်းစိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်မိသည်။ ကျိုးမင်ယွမ် အသွင်ပြောင်းထားသည့် ခန္ဓာကိုယ်မှာ အိန်ဂျယ်အဆင့် အထွတ်အထိပ်စွမ်းအားရှိနေသော်လည်း အခြေခံအားဖြင့် တစ်လထက်ပိုပြီး အသက်မရှင်နိုင်ဘူးဆိုသည်ကို သူရော လီကျန်းပါ သိထားကြသည်။ ထိုအချိန်ရောက်လျှင် ဤယာဉ်တန်းတွင် စုစည်းထားသည့် လူအင်အားနှင့် အရင်းအမြစ်အားလုံးသည် ဝမ်မိသားစုလက်ထဲသို့ အလိုလျောက်ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းတို့အတွက် ပြန်ထူထောင်ဖို့ အခြေခံကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဝမ်တုံသည် အနာဂတ်အတွက် အများကြီး တွေးမနေနိုင်သေးပေ။ လက်ရှိ အရေးကြီးဆုံးအလုပ်မှာ ပျက်စီးတော့မည့် အာရုဏ်ဦးမြို့တော်မှ လွတ်မြောက်ရန်သာ ဖြစ်သည်။
“ကောင်းပြီ”
ကျိုးမင်ယွမ်က ခေါင်းညိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
“ဒါတွေက ပြင်ပပစ္စည်းတွေပါပဲ”
“မြန်မြန်မောင်း။ ညမရောက်ခင် ချင်းပိုကို ရောက်အောင်သွားရမယ်။ အဲဒီမှာ ယာဉ်တန်းတွေ အများကြီးရှိတယ်၊၊ အချို့ကို ငါတို့ ပေါင်းစည်းပစ်လို့ရတယ်”
“ပေါင်းစည်းမယ်”
လီကျန်းက နားမလည်နိုင်ဘဲ ရေရွတ်လိုက်သည်။
“သူတို့က သဘောမတူရင်ရော”
ကျိုးမင်ယွမ်က ခပ်ဖွဖွရယ်လိုက်ပြီး “ကောင်လေး... ရှေးလူကြီးတွေ ပြောဖူးသလိုပဲ၊၊ လောကကြီးက ဘယ်လိုပဲ ပြောင်းလဲပါစေ နည်းလမ်းအားလုံးက မူလသဘောတရားတစ်ခုတည်းကပဲ ဆင်းသက်လာတာပဲ။ အင်အားဆိုတာ အာဏာရဲ့ အခြေခံပဲ၊ အဲဒီအာဏာကပဲ အရာအားလုံးအတွက် လမ်းခင်းပေးတာလေ။ မင်းမှာ အကြွင်းမဲ့အင်အားရှိနေရင် ရာဇပလ္လင်တစ်ခုကို မတည်ဆောက်နိုင်မှာ ကြောက်နေစရာလိုသေးလို့လား”
သူပြောပြီးနောက် လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်ရာ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ၏မျက်နှာပေါ်က တင်းမာမှုများအနည်းငယ် မှေးမှိန်သွားပြီး စိတ်သက်သာရာရသွားသည့် ပုံစံမျိုး ပြောင်းလဲသွားသည်။ လီကျန်းလည်း ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်၊၊ ဒါပေမဲ့ ဖီးနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်မှုကိစ္စက အခြေအနေအတော်ဆိုးနေသလိုပဲ၊၊ အဲဒါ တကယ်ဖြစ်နိုင်မလားလို့”
လီကျန်းက အနည်းငယ် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“တကယ်လို့ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားရင် တကယ်ပဲ အာရုဏ်ဦးဆိုတာ ရှိတော့မှာ မဟုတ်ဘူးလား”
“ဟမ့်”
ကျိုးမင်ယွမ်က ဂရုမစိုက်သလို နှာမှုတ်လိုက်သည်၊၊
“နိုင်ငံရေးသမားတွေရဲ့ စကားဆိုတာ နားနဲ့ နားထောင်ရုံပဲ ရှိတာပါ”
ပြောပြီးနောက် သူ၏မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်၊၊
“ချူကျောက်နန်သာ မလှုပ်ရှားခဲ့ရင် အာရုဏ်ဦးမြို့တော်မှာ အနည်းဆုံး လူဦးရေသန်းချီပြီး ထိန်းထားနိုင်သေးတယ်”
“လူဦးရေများတော့ကော ဘာထူးမှာလဲ”
လီကျန်းက နားမလည်သလို ကြည့်လိုက်သည်။
“တွင်းနက်က ဝါးမျိုလိုက်ရင် အားလုံးက ပြီးသွားမှာပဲကို”
“မင်း နားမလည်ပါဘူး။ အတိုင်းအတာပိုကြီးလေ အရင်းအမြစ် ပိုရလေပဲ။ အမှောင်ကျုးကျော်မှုနဲ့ လူသားစွမ်းအားရှင်တွေအကြောင်း သုတေသနက အချိန်တိုအတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်လေ။ လှေက တံတားနားရောက်ရင် လိုရာရောက်မှာပါပဲ...”
ဝမ်တုံက လှောင်ပြုံးပြုံးလိုက်သည်၊၊
“ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ လူအချို့က အသက်ရှင်ကျန်ရစ်မှာပဲ။ အဲဒီလူအချို့က ဘာလို့ ငါတို့မဖြစ်နိုင်ရမှာလဲ”
“မင်းဦးလေး ပြောတာ မှန်တယ်”
ကျိုးမင်ယွမ်က မာန်အပြည့်ဖြင့် ပြောလိုက်သည်၊၊
“ဖီးနစ်ဆိုတာ လူပြိန်းကြိုက်ဝါဒနဲ့ တက်လာတဲ့ ကမ္ဘာပျက်ကပ်အဖွဲ့အစည်းတစ်ခုပါပဲ။ သူတို့ရဲ့ ကြွေးကြော်သံတွေက လူသားယဉ်ကျေးမှုအတွက်၊ ကမ္ဘာကြီးအတွက်လို့ ပြောနေပေမဲ့ အဲဒါတွေက ဖက်ဒရေးရှင်းရဲ့ အာဏာကို ဖြုတ်ချဖို့ လုပ်ကြံထားတာတွေပဲ၊၊ ဟားဟားဟား။ သူတို့က ထွက်ပြေးသွားတဲ့ လူတွေကိုတောင် ပြန်လာပြီး အသေခံဖို့ စည်းရုံးနေသေးတယ်၊၊ဟာသပဲ”
ဝမ်တုံက ခေါင်းညိတ်ထောက်ခံပြီးနောက် ယာဉ်တန်းသို့ အမိန့်ပေးလိုက်သည်၊၊
“အရှိန်အပြည့်မြှင့်။ ၃ နာရီအတွင်း ချင်းပိုမြို့ကို ရောက်အောင်သွားရမယ်”
…
အာရုဏ်ဦးမြို့တော်၊ ကြယ်မြို့တော်ပတ်လမ်းဘူတာ။
ကျန်းရှု့ဝေနှင့် မိုနီကာတို့သည် ကြယ်မြို့တောာ်ပတ်လမ်းဘူတာ၏ ခံစစ်ကို အားဖြည့်ရန် ကြီးမားသော တိုက်ခိုက်ရေးအင်အားစုအဖွဲ့ကို ဦးဆောင်လာကြသည်။ မိုနီကာသည် ကောင်းကင်အမိုးခုံးရထား၏ ကုန်းပတ်ပေါ်တွင် ရပ်ရင်း ကောင်းကင်ကို မော့ကြည့်နေသည်။ သူမ၏ လှပသော မျက်နှာထက်တွင် မျက်မှောင်အနည်းငယ် ကြုတ်နေသည်။ ကောင်းကင်တစ်ခုလုံး တိမ်ထူထပ်နေသည်။ မွန်းလွဲ ၃ နာရီသာ ရှိသေးသော်လည်း ညဥ့်ဦးယံ ရောက်နေသကဲ့သို့ ထူးဆန်းစွာ မှောင်မိုက်နေသည်။
“ညက ဘယ်အချိန် ရောက်လာမလဲဆိုတာ မှန်းလို့မရဘူး။ ကြည့်ရတာ ထူးဆန်းတဲ့ သတ္တဝါတွေ အချိန်မရွေး ပေါ်လာနိုင်တယ်”
ကျန်းရှု့ဝေသည် နားကြပ်ထဲက အသံကို နားထောင်ရင်း လေးနက်သောအမူယာဖြင့် ပြောလိုက်သည်၊၊
“ငါတို့ လုပ်နိုင်သမျှ အားလုံး လုပ်ထားပြီးပြီ၊၊ အခုတော့ အစွမ်းကုန်ကြိုးစားဖို့ပဲ ရှိတော့တယ်”
အထက်အမြင့်ပိုင်းတွင် ကျန်းယွမ်သည် အောက်ဘက် ခရိုင်ဟောင်း၌ တည်ဆောက်နေသည့် ခံစစ်ကြောင်းများကို ငုံ့ကြည့်နေသည်။ မိုးရေထဲတွင် လူအုပ်ကြီးမှာ အလုပ်ရှုပ်နေကြသည်။ S-Class မွန်းစတားတစ်ကောင်၏ အမြင်တွင် လူသားများသည် ပုရွက်ဆိတ်ငယ်များကဲ့သို့ပင် ဖြစ်နေပေမည်။ ယန်ယွီယန်သည် သူ၏ဘေးတွင် ပျံသန်းနေရင်း သူ၏ လေးနက်သော မျက်နှာအမူအရာကို ကြည့်ကာ ပြောလိုက်သည်၊၊
“နင် ဒီလောက် တင်းမာနေတာမျိုး မြင်ရခဲတယ်”
“လူပေါင်း သုံးသန်းကျော်... တစ်ညတည်းနဲ့ ပျောက်ကွယ်သွားနိုင်တယ်”
ကျန်းယွမ်က အဝေးမှ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မည်းမှောင်နေသော တိမ်တိုက်များနှင့် မိုးရေလိုက်ကာကြီးမှာ ပြောင်းပြန်ဆွဲထားသကဲ့သို့ ရှိနေပြီး မီးအလင်းရောင် သို့မဟုတ် ယာဉ်တန်းတစ်ခုမှ မမြင်ရပေ။ မည်သူမှ ကူညီရန် ရောက်မလာကြသလို၊ မည်သူမှလည်း အာရုဏ်ဦးမြို့တော်သို့ ပြန်မလာကြပေ။ ဤအချိန်တွင် အာရုဏ်ဦးမြို့တော်သည် ညအမှောင်ကမ္ဘာကြီးအောက်က တစ်စင်းတည်းသော လှေငယ်လေးကဲ့သို့ ဖြစ်နေသည်။
အနောက်ဘက်နှင့် တောင်ဘက်တွင် ကောင်းကင်မှာ ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်နေပြီး မိုးရေလိုက်ကာနောက်ကွယ်မှ တွင်းနက်ကဲ့သို့ အမှောင်ကမ္ဘာကြီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသကဲ့သို့ပင်။
ချီလျန်တောင်ခြေ၊ တောအုပ်ထဲတွင် မြက်ခြောက်များနှင့် မြေရိုင်းများပေါ်သို့ မိုးစက်များ ထိမှန်သည့် အသံမှအပ တောအုပ်တစ်ခုလုံး တိတ်ဆိတ်နေသည်။
သို့သော် ကောင်းကင်ကြီး ပိုမိုမှောင်လာသည်နှင့်အမျှ ထူးဆန်းသော ပုံရိပ်အချို့မှာ ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေပြီး ပြတ်တောင်းပြတ်တောင်း ခြေရာများကို ချန်ရစ်ကာ အမြန်ဆုံး ပျောက်ကွယ်သွားကြသည်။
တောအုပ်ထဲ၊ လွင်ပြင်ထဲ၊ မြို့ငယ်လေး၏ လမ်းမများ၊ ကားလမ်းများ၊ လယ်ကွင်းများနှင့် တောင်ကုန်းများတွင် ထိုကဲ့သို့သော ထူးဆန်းမှုများ စတင်ပေါ်ပေါက်လာနေပုံရသည်။
နံပါတ် ၁ မြို့ရိုးအထက်တွင် ရှေ့တန်းတပ်မှူးသည် မြို့ပြင်ရပ်ကွက်များ ပိုမိုမှောင်မိုက်လာသည်ကို မြင်လိုက်ရသဖြင့် ဆက်သွယ်ရေးစက်ကို ချက်ချင်းကောက်ကိုင်ကာ အော်ဟစ်လိုက်သည်။
“သတိထားကြ၊ သတိထားကြ။ အခြေအနေက ပုံမှန်မဟုတ်ဘူး၊၊ ဝင်ရိုးစွန်းညရောက်လာတော့မယ်။ ပစ်ခတ်မှု ထိန်းချုပ်ရေးအဖွဲ့တွေအားလုံး အသင့်ပြင်”
“ပစ်မှတ် အကွာအဝေးကို စစ်ဆေး”
“ရေဒါမှာ အချက်ပြမှုတွေ တွေ့နေရပြီ”
“ဒါ... ဒါတွေက ဘာတွေလဲ”