← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

Chapter 71+72

~

အခန်း ၇၁+၇၂ : အိုးရန် ရှိနေပြီးသားကို ဂူချန်က ဘာလို့ ပေါ်လာရတာလဲ

~

​ အိုးရန်ပုကျန့်သည် ယနေ့တွင် အလွန် စိတ်ရွှင်လန်းနေ၏။

​ အကြောင်းမှာ စစ်ဆေးမှု စတင်ပြီဖြစ်၍ ဂူချန်ဟု အမည်ကျော်နေသောသူနှင့် ပြိုင်ပွဲတစ်ခုတည်းတွင် ယှဉ်ပြိုင်ခွင့် ရပြီဖြစ်သောကြောင့်ပင်။ ယခုအချိန်မတိုင်မီက ဆရာများ၊ နည်းပြများနှင့် ကျောင်းသားများအားလုံးက ဂူချန်သည် အလွန်အစွမ်းထက်ကြောင်း တစ်ဖွဖွ ပြောနေကြခြင်းမှာ ထိုသူတို့က သူ၏ အစစ်အမှန်ပါရမီကို မသိကြ၍သာ ဖြစ်သည်ဟု သူ ယူဆထားသည်။ ဒုတိယအဆင့် အထွတ် အထိပ်သာ ရှိသောသူကို ကြောက်လန့်နေကြခြင်းမှာ ရယ်ချင်စရာပင်။

​သို့သော်လည်း ငယ်စဉ်ကတည်းက မရှုံးနိမ့်လိုသော စိတ်ဓာတ်ကြောင့် ဂူချန်အပေါ်တွင် ပြင်းထန်သော စူးစမ်းလိုစိတ်နှင့် တရားမျှတစွာ အနိုင်ယူလိုသော ဆန္ဒတို့က သူ့ထံတွင် ကိန်းအောင်းနေသည်။

​' သူ့ခွန်အားနဲ့ဆိုရင် အခုလောက်ဆို ရမှတ်က ငါ့နောက် သိပ်မပြတ်လောက်ဘူး ထင်တယ်..."

​ အိုးရန်ပုကျန့်က စိတ်ထဲတွင် တွေးနေသည်။ သူကိုယ်တိုင်က ဒုတိယအဆင့် အထွတ်အထိပ်ဖြစ်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာကာ သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အလွန်ဆုံး အနေဖြင့် ဂူချန်၏ ရမှတ်မှာ သူ့ထက် အနည်းငယ်သာ ပိုကောင်းနိုင်သည်ဟု သူ ခန့်မှန်းထားသည်။ သို့သော် သူ အစွမ်းကုန် ထုတ်လိုက်လျှင် ဂူချန်သည် သူ့ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။

​' အဆင့်ကို အရင်ကြည့်လိုက်ဦးမှပဲ..'

​ အိုးရန်ပုကျန့်က သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ပတ်နာရီကို တစ်ချက် ပုတ်လိုက်သည်။ အီလက်ထရွန်နစ် မျက်နှာပြင်လေး ပေါ်လာ၏။

​' အင်း... တတိယနေရာက ဖန်းကျန့်..၃၉ မှတ်.. ပုံမှန်ပါပဲ..'

'ဒုတိယနေရာက.. ငါ.. ၄၆ မှတ်.. ဒါလည်း ပုံမှန်ပါပဲ..'

'ပထမနေရာက... သောက်ခွေး.. ဘယ်လောက်တောင်လဲဟ..'

​ အိုးရန်ပုကျန့် နေရာမှာတင် ကျောက်ရုပ်လို တောင့်ခဲသွား၏။ သူဆွံ့အသွားပြီး လက်ပတ်ပေါ်ရှိ ပထမနေရာမှ ဂဏန်းများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

​ခု.. ဆယ်.. ရာ.. ထောင်..သောင်း..

ခုနစ်သောင်းကျော်..

​ ဂဏန်းများသည် အရူးအမူး တိုးတက်နေဆဲဖြစ်ပြီး ရှစ်သောင်းအထိ ရောက်တော့မည်။ သူ၏ ရမှတ်မှာ တစ်ဖက်လူ၏ အစွန်းထွက်လောက်ပင် မရှိ။ ဤသည်က ခိုးချနေခြင်း မဟုတ်တော့ဘဲ ပေါ်တင်ကူးချနေသည့်သဘောပင်။

' ငါတို့ ဖြေနေတာ စာမေးပွဲ တစ်ခုတည်း အတူတူမှ ဟုတ်ရဲ့လား.. '

​ ပထမအဆင့် သားရဲတစ်ကောင်မှ အမှတ်အနည်းငယ်သာ ရချိန်တွင် ၁၀ မိနစ်အတွင်း ရှစ်သောင်းနီးပါး ရရန်မှာ သားရဲပေါင်း ထောင်ချီ သတ်မှ ရမည်ဖြစ်သည်။

​'ဒီ ဂူချန် ဆိုတဲ့ကောင် သေချာပေါက် ခိုးချနေတာပဲ..'

​ ဂူချန်၏ မိသားစုက စနစ်ထဲသို့ ဝင်ရောက်ကာ ဒေတာများ ပြုပြင်ခြင်း သို့မဟုတ် သားရဲတစ်ကောင် သတ်တိုင်း ပုံမှန်ထက် အဆပေါင်းများစွာသော အမှတ်များ ရယူခြင်းတို့ ဖြစ်ရမည်။ မဟုတ်လျှင် ၁၂ နာရီအတွင်း ရရန်ပင် ခက်ခဲသော အမှတ်ကို ၁၀ မိနစ်အတွင်း ရနိုင်စရာ အကြောင်းမရှိပေ။

​"ချင်းဟယ် ဂူမိသားစုရဲ့ အရှိန်အဝါက ဒီလောက်တောင် ကြီးမားတာလား.. ပုံစံတူစစ်ဆေးမှုမှာတောင် ဒီလို ခိုးချရဲတယ်ပေါ့.."

​ အိုးရန်ပုကျန့်က ထိတ်လန့်သွားသလို တစ်ဖက်ကလည်း စိတ်အေးသွားသည်။ ခိုးချနေသည်ဟု သိလိုက်ရသဖြင့် ဂူချန်၏ တကယ့်အစွမ်းမှာ သိပ်မရှိဘဲ ဤနည်းလမ်းကိုသာ အားကိုးနေခြင်း ဖြစ်သည်ဟု သူက ကောက်ချက်ချလိုက်သည်။

​"ဒါဆိုရင်တော့ သူက ငါနဲ့ ယှဉ်ဖို့တောင် အရည်အချင်း မရှိတော့ဘူး.. ခဏနေ ဆုံရင်တော့ ခိုးချရင် ဘာဖြစ်မလဲဆိုတာ သင်ခန်းစာပေးလိုက်ရမယ်..ဟင်းဟင်း."

​ အိုးရန်ပုကျန့်က တစ်ချက် ရယ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ သွေးချီများကို လှည့်ပတ်ကာ အတွင်းပိုင်းသို့ ဆက်ဝင်ရန် ပြင်လိုက်သည်။

​ဗုန်း.. ဗုန်း ..ဗုန်း..

​ ရုတ်တရက် ကောင်းကင်ယံမှ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အနက်ရောင် ဧရာမကြောင်ကြီး အကောင် ၂၀ ခန့်မှာ လေထဲတွင် တစစီ ပေါက်ကွဲသွားပြီး အသားစများနှင့် အရိုးစများမှာ မိုးရေလို မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ ပြင်းထန်သော အပူလှိုင်းတစ်ခုက အိုးရန်ပုကျန့်၏ မျက်နှာပေါ်သို့ ရိုက်ခတ်လာသည်။

​"ဘာဖြစ်တာလဲ.."

​ အိုးရန်ပုကျန့်က လန့်သွားပြီး နောက်သို့ မီတာ ၂၀ ခန့် ခုန်ဆုတ်လိုက်သည်။ ပျံနှံ့နေသော အသားစများကို ကြည့်ပြီး သူ အံ့သြနေမိသည်။ ပထမအဆင့် သားရဲ အကောင် ၂၀ ကျော်ကို တစ်ချက်တည်းနှင့် သတ်နိုင်ရန်မှာ အနည်းဆုံး ဒုတိယအဆင့် အထွက်အထိပ် ရှိရမည်ပင်။

​ ထိုအချိန်တွင် ကောင်းကင်မှ ပျံနှံ့နေသော အသားစများကြားမှ လူငယ်တစ်ယောက် ပြေးထွက်လာပြီး သူ့ဆီသို့ ဦးတည်လာသည်။

​"ဒါ... ဂူချန် မဟုတ်လား.."

​ အိုးရန်ပုကျန့် အံ့သြသွားသလို ဝမ်းလည်း ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ဂူချန်နှင့် ဆုံလေပြီ။ ဂူချန်၏ ထူးခြားသော မျက်နှာကို သူ မှတ်ထားသည်မှာ ကြာလှပြီဖြစ်သည်။

​'ကောင်းပြီလေ... အခုတော့ တကယ့် ပြိုင်ပွဲကို စလိုက်ကြရအောင်..'

​အိုးရန်ပုကျန့်က ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့၏ ကိုယ်ဖော့သိုင်းကို သုံးကာ ဂူချန်ထံသို့ တည့်တည့် ပြေးဝင်သွားသည်။ ခန္ဓာကိုယ်ထဲမှ သွေးချီများက မီးတောင်ပေါက်ကွဲသလို ထွက်ပေါ်လာပြီး အနက်ရောင် စွမ်းအင်များ ဝန်းရံလျက် သရဲတစ်ကောင်လို ပျံတက်သွားသည်။

​ သူသည် အစကတည်းက အားကုန်သုံးပြီး သူ့၏ A အဆင့် သိုင်းပါရမီဖြစ်သော လေလွင့်တစ္ဆေ ကို အစွမ်းကုန် အသုံးချလိုက်သည်။ ဤသည်က သိုင်းပညာရှင်၏ အရှိန်နှင့် လျင်မြန်မှုကို အဆမတန် မြင့်တင်ပေးသဖြင့် သရဲတစ်ကောင်လို တိုက်ပွဲထဲတွင် ကူးခတ်နိုင်၏။ အရှိန်အဟုန်ပြင်းပြင်းနှင့် ထိုးနှက်လိုက်သော ဤလက်သီးချက်သည် သူ့ဘဝတွင် အားအပါဆုံး ဖြစ်လာလိမ့်မည်။

​ဝှစ်..စှစ်....

​ လေထုကို ဖြတ်သန်းသွားသော လေတိုးသံများနှင့်အတူ အိုးရန်ပုကျန့်သည် ရှေ့မှလာနေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်ဆီသို့ အရှိန်နှင့် ဝင်တိုက်လိုက်သည်။

​ဗုန်း...

​ ပြင်းထန်သော အားလှိုင်းများသည် အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ဘေးမှ လိမ္မော်ရောင် စွမ်းအင်များနှင့် ထိမိပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ဖုန်မှုန့်များနှင့် အမှိုက်များမှာ လေပွေထဲတွင် လွင့်တက်လာသဖြင့် ပရမ်းပတာ ဖြစ်ကုန်သည်။

​သို့သော်လည်း...

​ ဤပြင်းထန်သော တိုက်ခိုက်မှုက အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ရှေ့ဆက်သွားနေသော အရှိန်ကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။ ဝင်တိုက်လိုက်သော အခိုက်အတန့်မှာပင် အိုးရန်ပုကျန့်သည် ကြောက်စရာကောင်းသော အားအင်ကြီးတစ်ခုက သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားသလို ခံစားလိုက်ရသည်။ မျက်နှာဆီသို့ တိုးဝင်လာသော အပူရှိန်က သူ့ကို အရည်ပျော်သွားစေမတတ် ပြင်းထန်လွန်းလှသည်။

​"သူက ဒုတိယအဆင့် မဟုတ်ဘူးလား.."

​ အိုရန်ပုကျန့်၏ မျက်လုံးများက မယုံနိုင်လွန်းသဖြင့် နီရဲလာသည်။

' ဒါ စစ်မှန်သော ချီ.. '

' သူ တကယ်ပဲ တတိယအဆင့် စစ်မှန်သောသိုင်းအဆင့်ကို ရောက်နေတာလား.. '

​ ဝင်တိုက်မိပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အိုးရန်ပုကျန့်၏ ဘေးမှ အနက်ရောင် စွမ်းအင်များသည် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး လိမ္မော်ရောင် စွမ်းအင်စီးကြောင်းကြီးက သူ့ခန္ဓာကိုယ်ကို ဆောင့်တိုက်လိုက်သည်။ သူ ဘာမှ ပြန်မလုပ်နိုင်ခင်မှာပင် ထိုဧရာမ အားအင်ကြီးကြောင့် အမြောက်ဆန်တစ်ခုလို လွင့်ထွက်သွားတော့သည်။

​ သူ၏ အစွမ်းကုန် တိုက်ကွက်က တစ်ဖက်လူကို တစ်ခဏမျှပင် မတားနိုင်ခဲ့ပေ။ အိုးရန်ပုကျန့်က ပြန်ရုန်းကန်ချင်သော်လည်း သူ့၏ အားအင်က တစ်ဖက်လူနှင့်ယှဉ်လျှင် သစ်ပင်ကို ပုရွက်ဆိတ်က လှုပ်ခါရန် ကြိုးစားနေသလိုပင် အသုံးမကျ ဖြစ်နေသည်။ သူလုပ်နိုင်သည်မှာ လေထဲတွင် လွင့်နေရင်း စိတ်ပျက်လက်ပျက် ငေးကြည့်နေရန်သာ ရှိတော့သည်။

​ အဆောက်အအုံ ၁၀ လုံးကျော်ကို ဆက်တိုက် ဖြတ်သန်း လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားတော့သည်။

​ဗုန်း...

​အိုးရန်ပုကျန့်သည် မြေကြီးထဲသို့ ကျွံဝင်သွားပြီး မီတာအနည်းငယ်အတွင်းရှိ ကွန်ကရစ်မြေပြင်များက အပိုင်းပိုင်းကွဲကာ သူ့ကို ဖုံးအုပ်သွားသည်။ သတိမလစ်ခင် နောက်ဆုံးအချိန်တွင် သူသည် ပြိုကျနေသော အုတ်ပုံများကြားမှ လက်တစ်ဖက်ကို အားယူထုတ်လိုက်ကာ လက်ချောင်းများဖြင့် မြေကြီးကို ကုပ်ခြစ်ရင်း ဝမ်းနည်းပူဆွေးစွာ ညည်းညူလိုက်သည်။

​"အိုးရန်ရှိနေမှတော့... ဂူချန် ဘာလို့ ပေါ်လာရသလဲ.."

​ သူ သတိလစ်မသွားခင်အထိ သူ အားခဲထားရသော ပြိုင်ဘက်က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်သွားပေ။ တကယ်တော့ သူကသာ အတင်းဝင်တိုက်သဖြင့် တိုက်မိသွားခြင်းဖြစ်ပြီး ဂူချန်က သူ့အား ရှိသည်ဟုပင် အဖက်လုပ်မသွားပေ ။

All Chapters