← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) - တိုက်ရိုက်ရင်ဆိုင်ပွဲ စတင်ခြင်း

နံနက် ၁၁ နာရီ။

ကျန်းမြို့၊ သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ်။

ရှည်လျားလှသည့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ခေါင်းဆောင်များ၏ မိန့်ခွန်းများ ပြီးဆုံးသွားပြီးနောက် လှုပ်ရှားမှု အသီးသီးကို တရားဝင် စတင်လိုက်သည်။

စစ်ပြန်ကြီး ထောင်ပေါင်းများစွာသည် သူတို့ စာရင်းပေးသွင်းထားသည့် စာသင်ခန်းများသို့ အသီးသီး တိုးဝှေ့ဝင်ရောက်သွားကြသည်။

ထိုအထဲတွင် တတိယမြောက် စာသင်ခန်းမှာ လူအစည်ကားဆုံး ဖြစ်နေသည်။ ဤနေရာကား “အရှေ့တိုင်းဟောင်း” နှင့် “ခရီးသစ်” အဖွဲ့တို့၏ ကြိုတင်လောင်းကြေးထပ်ပွဲ ပြုလုပ်မည့် နေရာပင် ဖြစ်သည်။

မူလက လူ ၅၀၀ ဆံ့သည့် လှေကားထစ်ပုံစံ ကိုယ်ခံပညာ စာသင်ခန်းထဲတွင် ယခုအခါ လူ ၇၀၀ ခန့် ပြည့်နှက်နေသည်။ ကိုယ်ခံပညာ စာသင်ခန်း ဖြစ်သည့်အတွက် ကျောင်းသားတစ်ဦးစီတွင် စားပွဲတင်မကဘဲ ကိုယ်လက်လှုပ်ရှားရန် နေရာလွတ်များပါ ရှိရမည် ဖြစ်သည်။ သင်ယူနေစဉ်အတွင်း တစ်စုံတစ်ရာကို ထိုးထွင်းသိမြင်သွားပါက ထိုနေရာလွတ်တွင် ချက်ချင်း စမ်းသပ်လေ့ကျင့်ကြည့်နိုင်ပြီး သင်ယူထားသည့် ကိုယ်ခံပညာကို ပိုမို ခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ လူချင်းတိုးဝှေ့နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် လူဝင်ရောက်မှုကို ကန့်သတ်လိုက်ရတော့သည်။

စာသင်ခန်း၏ ရှေ့ဆုံးတန်း စားပွဲပေါ်တွင် ညွှန်ကြားရေးမှူး ကျန်းလိချွမ်း၊ ကျောင်းအုပ်ကြီး ဟော့ကျွင်းနှင့် အခြားသူများ၏ အမည်ကတ်ပြားများကို ချထားသည်။ ခေါင်းဆောင်များမှာလည်း သူတို့၏ နေရာအသီးသီးတွင် အသီးသီး နေရာယူထားကြပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေဘို၊ မော့ယင်းနှင့် ရှောင်ဖော့စတေရှင်တို့မှ တိုက်ရိုက် ထုတ်လွှင့်မှုများလည်း ရှိနေသည်။ အင်တာနက် အကျော်အမော်များနှင့် တိုက်ရိုက်ထုတ်လွှင့်သူ အများအပြားသည်လည်း စာသင်ခန်း၏ ရှေ့ဆုံးတွင် နေရာယူထားကြပြီး သူတို့၏ အခန်းခေါင်းစဉ်များကို “အရှေ့တိုင်းဟောင်းနှင့် ခရီးသစ်တို့၏ ပူးတွဲ စာသင်ခန်းကြီး” ဟု အမည်ပြောင်းထားကြသည်။

ထိုအချိန်တွင်ပင် “အရှေ့တိုင်းဟောင်း” နှင့် “ခရီးသစ်” အဖွဲ့နှစ်ဖွဲ့မှာ စာသင်ခန်း ရှေ့ဆုံးတန်း၏ ဝဲဘက်နှင့် ယာဘက်တွင် အသီးသီး နေရာယူထားကြသည်။

စူးချီနှင့် ကော်ချန်တို့သည်လည်း သူတို့၏ အသင်းအသီးသီးတွင် ကိုယ်ပူလေ့ကျင့်ခန်းများ ပြုလုပ်ရင်း ပြင်ဆင်နေကြသည်။ အစီအစဉ် တင်ဆက်သူက ပြိုင်ပွဲဝင်မည့်သူများ၏ အချက်အလက်များကို ကြေညာပေးနေသည်။

“အရှေ့တိုင်းဟောင်းမှ ကော်ချန်၊ ကျင့်စဉ်က တတိယအဆင့် ထိပ်ဆုံးပိုင်း၊ ပြသမည့် ကိုယ်ခံပညာမှာ h ဖြစ်ပါတယ်”

“ခရီးသစ်မှ စူးချီ၊ ကျင့်စဉ်က တတိယအဆင့် အစောပိုင်း၊ ပြသမည့် ကိုယ်ခံပညာမှာ ထိုက်ကျိ ဖြစ်ပါတယ်”

တတိယအဆင့် ဟုတ်ပါသလား။

စူးချီ၏ ကျင့်စဉ်အဆင့်ကို ကြားလိုက်ရချိန်တွင် ကော်ချန် အနည်းငယ် အံ့အားသင့်သွားသည်။ အချက်အလက်များအရ လွန်ခဲ့သော လအနည်းငယ်ကမှ စူးချီသည် ပထမအဆင့်သာ ရှိသေးပြီး မကြာသေးမီကမှ ဒုတိယအဆင့်သို့ တိုးတက်လာခြင်း ဖြစ်သည်။

ယခု မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက မည်သို့ တတိယအဆင့်သို့ ရောက်ရှိသွားသနည်း။

ကော်ချန်၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဝင်လာသော်လည်း ခဏအကြာတွင်မူ သူက အကြောင်းပြချက်တစ်ခု ရှာတွေ့သွားသည်။

‘သူက ဆေးလုံးတွေစားပြီး အဆင့်တက်ထားတာ ဖြစ်ရမယ်၊ သူ့ရဲ့ အဆင့်က မခိုင်မာသေးဘူး၊ ငါကပဲ အသာစီး ရနေဦးမှာပါ’ ဟု ကော်ချန်က တွေးလိုက်သည်။

ထိုအချိန်တွင် “အရှေ့တိုင်းဟောင်း” ၏ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာတွင်မူ ပရိသတ်များ၏ အားပေးသံများ ဆူညံနေသည်။

“ဆရာကော် အစွမ်းပြလိုက်ပါ”

“ဆရာကော်၊ သူ့ကို မြန်မြန်ဆန်ဆန် အနိုင်ပိုင်းလိုက်ပါ”

“ဒီအတုအယောင်တွေကို ပညာပေးလိုက်စမ်းပါ”

“အရှေ့တိုင်းဟောင်း” ဘက်တွင် ကော်ချန်က ကိုယ်ပူလေ့ကျင့်ခန်း လုပ်ရင်း မှတ်ချက်များကို ကြည့်ကာ ကျောင်းသားများကို ပြန်လည် ဖြေကြားနေသည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့၊ ပြိုင်ဘက်က အခုမှ တတိယအဆင့် ရောက်ခါစပဲ ရှိသေးတာ၊ ကျွန်တော် လက်တစ်ဖက်တည်းနဲ့တင် သူ့ကို ဖိနှိပ်ပစ်နိုင်ပါတယ်”

“ကျွန်တော့်ရဲ့ ရိုးသားမှုကို ပြတဲ့အနေနဲ့ ခဏနေရင် သူ့ကို လက်တစ်ဖက်တည်းနဲ့ တိုက်ခိုက်ပြပါ့မယ်၊ ကျောင်းသားတို့ ဘယ်လိုသဘောရသလဲ”

“အကယ်၍ သူက ကျွန်တော့်ကို လက်နှစ်ဖက်စလုံး သုံးလာအောင် လုပ်နိုင်ရင် ကျွန်တော် အရှုံးပေးလိုက်မယ်”

ကော်ချန်သည် ထိုစကားများကို ပြောရာတွင် လေသံကို လျှော့မထားပေ။ ထို့ကြောင့် စာသင်ခန်း တစ်ခုလုံးရှိ လူတိုင်း ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ထို့နောက် ကော်ချန်က စာသင်ခန်း၏ ထောင့်တစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

“ဪ... ဒါနဲ့ တရားဝင် ပြိုင်ပွဲ မစခင်မှာ ကျွန်တော် အသုံးပြုမယ့် ကိုယ်ခံပညာကို အရင် မိတ်ဆက်ပေးပါရစေ”

“ဖားပြုတ်သိုင်း၊ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေက သဘာဝတရားမှာ ခုန်ကူးနိုင်စွမ်း အကောင်းဆုံးဖြစ်တဲ့ ဖားရဲ့ အမူအရာကို အတုယူထားတာ ဖြစ်ပါတယ်”

“ဒီကိုယ်ခံပညာရဲ့ အနှစ်သာရကတော့ အရင်ဆုံး အင်အားကို စုဆောင်းပြီးမှ ဖားတစ်ကောင်လို ရုတ်တရက် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် သွေးလေအင်အားကို ဖိသိပ်ထားဖို့ လိုအပ်ပါတယ်”

“ဒီကိုယ်ခံပညာက ခွန်အားကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်”

ပြောပြောဆိုဆိုဖြင့် ကော်ချန်က စင်မြင့်ဘေးသို့ လျှောက်သွားသည်။ ဤနေရာသည် ကိုယ်ခံပညာ သင်ကြားရာနေရာ ဖြစ်သည့်အတွက် စင်ဘေးတွင် ခွန်အားတိုင်းတာသည့် ကိရိယာတစ်ခု ရှိနေသည်။

ထိုစဉ် ကော်ချန်က နောက်ပြန်ဂျွမ်း တစ်ပတ်ထိုးလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်လိုက်သည်။ သွက်လက်သည့် ခုန်ချက်နှစ်ချက် ပြုလုပ်ပြီးနောက် သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ ခွန်အားတိုင်းကိရိယာကို ရိုက်နှက်လိုက်သည်။

တီ... တီ... တီ...

ကိရိယာပေါ်တွင် ၆၂၀၀ ဆိုသည့် ကိန်းဂဏန်းတစ်ခု ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

“၆၂၀၀ ဟုတ်လား”

တတိယအဆင့် ထိပ်ဆုံးပိုင်းရှိသူ တစ်ဦး၏ သွေးလေအင်အားမှာ အမှတ် ၁၅၀၀ ဖြစ်ပြီး ပုံမှန်အားဖြင့် ခွန်အားမှာ ဂျင် ၄၅၀၀ ရှိရမည် ဖြစ်သည်။ ကော်ချန်၏ စကားမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ခံပညာက အမှန်တကယ်ပင် ခွန်အားကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်ကို သက်သေပြလိုက်ခြင်း ဖြစ်သည်။

ထိုကိန်းဂဏန်း ပေါ်လာသည်နှင့် ဖားပြုတ်သိုင်းကို နားမလည်သေးသူများမှာ ကော်ချန်၏ ခွန်အားကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ အွန်လိုင်း၊ အော့ဖ်လိုင်းနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းအသီးသီးတွင် ဆွေးနွေးငြင်းခုံမှုများ တစ်ပြိုင်နက် ပေါ်ပေါက်လာတော့သည်။

အခြားတစ်ဖက်တွင်မူ ဆရာစူးချီက ကော်ချန်၏ အချက်အလက်များကို ကြည့်ပြီး အသာအယာ ပြုံးလိုက်ရုံသာ ပြုလုပ်သည်။

သူသည် “ခရီးသစ်” ၏ လေ့ကျင့်ရေးခန်းမတွင် စမ်းသပ်ထားပြီး ဖြစ်သည်။ ထိုက်ကျိပညာ၏ အားအင်လွှဲပြောင်းနိုင်စွမ်းမှာ ဂျင် ၆၃၀၀ အထိ ရှိသည်။ ထို့ကြောင့် ဤပြိုင်ပွဲသည် သူ့အတွက် အနိုင်သေချာနေပြီ ဖြစ်သည်။

ထို့ကြောင့် သူသည်လည်း ကိုယ်ပူလေ့ကျင့်ခန်းကို စတင်ပြုလုပ်လိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ သဘာဝကျလှသည့် ထိုက်ကျိပညာ လှုပ်ရှားမှုများ ဖြစ်နေသည်။ သူက အနည်းငယ် ဝပ်လိုက်ပြီး လက်နှစ်ဖက်ကို ရှေ့တွင် ယှက်ကာ စက်ဝိုင်းပုံစံ အနှေးလှုပ်ရှားမှုများကို စတင်ပြုလုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း လှုပ်ရှားမှုများနှင့်အတူ စည်းချက်ကျကျ လှုပ်ရှားနေသည်။

“ဟမ်... ဒါက ဘာကိုယ်ခံပညာလဲ၊ ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ”

“သူက ဒီလို အနှေးလက်သီးနဲ့ တိုက်ခိုက်မှာလား”

“ဒီလို လက်သီးမျိုးနဲ့ဆိုရင် ကော်ချန်တောင် ထွက်လာစရာ မလိုဘဲ ငါတောင် သူ့ကို အနိုင်တိုက်နိုင်မယ် ထင်တယ်”

“ကြော်ငြာထဲမှာတော့ အနှေးနဲ့ အမြန်ကို ထိန်းချုပ်ခြင်း လို့ ပြောထားတာပဲ ဒါပေမဲ့ ငါတော့ နားမလည်နိုင်ဘူး”

စူးချီ၏ ထိုက်ကျိပညာမှာ အလွန်ပင် စည်းချက်ကျပြီး လှပသည်ဟု ဆိုရမည် ဖြစ်သည်။ မတွေ့ဖူးသေးသည့် ဤလက်သီးပုံစံက အင်တာနက် အသုံးပြုသူအချို့၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

သို့သော် ကော်ချန်က ခွန်အားတိုင်းကိရိယာပေါ်တွင် စံချိန်တင်လိုက်ပြီးနောက် ကြည့်ရှုသူများထဲတွင် ဆရာစူးချီကို အားပေးမည့်သူမှာ အလွန်ပင် နည်းပါးသွားတော့သည်။

“ဆရာစု၊ သွားပြီး ခွန်အားတိုင်းကြည့်ပါဦး”

“မတိုင်းရဲဘူးဆိုတာ ကြောက်လို့နေမှာပေါ့”

လူအုပ်ထဲမှ အသံများ ထွက်ပေါ်လာပြီး ဆရာစူးချီကိုလည်း ကော်ချန်နှင့် နှိုင်းယှဉ်နိုင်ရန် ခွန်အားတိုင်းကြည့်စေချင်ကြသည်။ သို့သော် စူးချီက ဘာမှမပြောဘဲ ထိုက်ကျိပညာကိုသာ အာရုံစိုက် လေ့ကျင့်နေသည်။

သူက ခွန်အားတိုင်းကိရိယာပေါ်တွင် ဘာသွားတိုင်းရမည်နည်း။ သူက တတိယအဆင့် အစောပိုင်းသာ ရှိသေးပြီး သွေးလေအင်အား ၇၀၀ ရှိရာ ပုံမှန်အားဖြင့် ဂျင် ၂၁၀၀ ခန့်သာ ခွန်အားရှိမည် ဖြစ်သည်။ ဖားပြုတ်သိုင်းကို အသုံးပြုလျှင်ပင် ဂျင် ၄၂၀၀ သာ ရှိမည် ဖြစ်သည်။ ကိန်းဂဏန်းအရ ပြိုင်ဘက်ကို ကျော်လွန်ရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် သူသင်ကြားမည့် ကိုယ်ခံပညာမှာ ထိုက်ကျိပညာ ဖြစ်သည်။ ထိုက်ကျိပညာသည် ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ခွန်အားတိုင်းခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။

“သူ ခွန်အားမတိုင်းရဲဘူး”

“တိုင်းတိုင်း မတိုင်းတိုင်း သူကတော့ ရှုံးမှာပဲ၊ ဂျင် ၆၂၀၀ ဆိုတဲ့ ခွန်အားက တတိယအဆင့် အားလုံးကို ချက်ချင်း အနိုင်ပိုင်းနိုင်တဲ့ ခွန်အားမျိုးပဲ”

“တကယ်တော့ ဒီဆရာစုက သနားဖို့ကောင်းပါတယ်၊ ခဏနေရင် သူ အကြီးအကျယ် အရိုက်ခံရတော့မှာ”

စင်အောက်ရှိ ခေါင်းဆောင်များ နေရာတွင်မူ

“ညွှန်ကြားရေးမှူးကျန်း၊ ဒီပြိုင်ပွဲမှာ ဘယ်သူ့ကို ပိုပြီး အားပေးသလဲ”

စာသင်ခန်း၏ အလယ်တွင် သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဟော့ကျွင်းက သူ၏ ဘေးရှိ ညွှန်ကြားရေးမှူး ကျန်းလိချွမ်းကို အသာအယာ မေးလိုက်သည်။ ကျောင်းအုပ်ကြီးအတွက်မူ မည်သူနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အရေးမကြီးပေ။ သူက ညွှန်ကြားရေးမှူးနှင့် ပိုမို ရင်းနှီးသွားစေရန် စကားစလိုက်ခြင်းသာ ဖြစ်သည်။

“စိတ်ခံစားချက်အရတော့ ဆရာစူးချီကို နိုင်စေချင်ပါတယ်၊ ဒါပေမဲ့ ကျိုးကြောင်းဆီလျော်မှုအရ ကြည့်ရင်တော့ သူ နိုင်ဖို့ မျှော်လင့်ချက် မရှိသလောက်ပါပဲ”

“သူတို့နှစ်ယောက်စလုံး တတိယအဆင့် ဖြစ်နေကြပေမဲ့ သူတို့ရဲ့ သွေးလေအင်အား ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်”

ဤကမ္ဘာတွင် “သွေးလေအင်အားသည်သာ ခွန်အားဖြစ်သည်” ဆိုသည့် အယူအဆက အမြစ်တွယ်နေပြီ ဖြစ်သည်။ တတိယအဆင့်အတွင်း တိုက်ခိုက်မှုများတွင် “သွေးလေအင်အား အမှတ် ၁၀၀ ကွာခြားခြင်းသည် လူတစ်ယောက်ကို ဖိနှိပ်ပစ်နိုင်သည်” ဆိုသည့် စကားရှိသည်။

ဆရာစူးချီနှင့် ကော်ချန်တို့သည် နှစ်ဦးစလုံး တတိယအဆင့် ဖြစ်ကြသော်လည်း တတိယအဆင့် အစောပိုင်းနှင့် ထိပ်ဆုံးပိုင်းကြားရှိ သွေးလေအင်အား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ စူးချီတွင် အများဆုံး သွေးလေအင်အား ၇၀၀ သာ ရှိနိုင်ပြီး ယင်းမှာ ခွန်အား ဂျင် ၂၁၀၀ နှင့် ညီမျှသည်။

သို့သော် ကော်ချန်မှာမူ ဂျင် ၆၂၀၀ အထိ ခွန်အားရှိနေသည်။ သူတို့နှစ်ဦးကြား ကွာခြားချက်မှာ ဂျင် ၄၁၀၀ ခန့် ရှိနေပြီး ယင်းမှာ တန်ချိန် ၂ တန်ခန့် ရှိသည်။

ထို့ကြောင့် စိတ်ထဲမှ စူးချီကို နိုင်စေချင်သော်လည်း ကျန်းလိချွမ်းမှာ မျှော်လင့်ချက် မမြင်ဘဲ စူးချီအနေဖြင့် အရှက်တကွဲ မဖြစ်ရန်သာ မျှော်လင့်နေတော့သည်။

“နှမြောစရာကောင်းလိုက်တာ ဆရာစူးချီရယ်”

ညွှန်ကြားရေးမှူးကျန်း၏ အမြင်မှာ ထိုနေရာရှိ လူအားလုံး၏ အမြင်နှင့် အတူတူပင် ဖြစ်သည်။ ကော်ချန်က ဂျင် ၆၂၀၀ စံချိန်တင်လိုက်ပြီးနောက် “ခရီးသစ်” ကို အသေအလဲ အားပေးသူများမှလွဲ၍ စူးချီ နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြတော့ပေ။

အခန်း (၃၂) - အားအနည်းငယ်ဖြင့် အောင်မြင်မှုကြီးကို ရယူခြင်းလော

ထိုအချိန်တွင် စာသင်ခန်း၏ ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ရှန်ကျစ်ရှားသည်လည်း “ပင်ဂွင်း အွန်လိုင်း သင်တန်း စာမျက်နှာ” ကို ဖွင့်ကြည့်လိုက်သည်။ လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်ခြင်း မရှိသည့် “ခရီးသစ်” သင်တန်းကျောင်းမှ ကျောင်းသားများသည် ဤပွဲကို ထိုစာမျက်နှာမှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုနေကြခြင်း ဖြစ်သည်။

အပြင်လောကရှိ သံသယဖြစ်မှုများနှင့်မတူဘဲ ဤနေရာရှိ အခြေအနေမှာ လုံးဝ ကွဲပြားနေသည်။ ဆရာစုထံမှ ကိုယ်ခံပညာ နှစ်မျိုး သင်ယူထားသည့် ကျောင်းသားများသည် သူ၏ အမာခံပရိသတ်များ ဖြစ်ကြသည်။ ထို့ကြောင့် အွန်လိုင်းသင်တန်းထဲမှ အားပေးသံများမှာ အလွန်ပင် စည်းလုံးညီညွတ်နေသည်။

“ဒါက ထိုက်ကျိပညာလား၊ အင်မတန် စည်းချက်ကျတာပဲ”

“ဆရာစု၊ တက်ပြီး သူ့ကို ပညာပေးလိုက်ပါ”

“ဆရာစု နိုင်မှာကိုတော့ သိတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ နိုင်မလဲဆိုတာကို အရမ်းသိချင်နေပြီ၊ မြန်မြန် တိုက်ခိုက်ကြပါတော့”

သို့သော် လူဆိုသည်မှာ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို ခံရမြဲ ဖြစ်သည်။ အပြင်လောကမှ ဝေဖန်သံများ ပြင်းထန်လာသောအခါ အချို့သော ပရိသတ်များမှာလည်း စိတ်လှုပ်ရှား တုန်လှုပ်လာကြသည်။ ထို့ကြောင့် အွန်လိုင်းသင်တန်း၏ မှတ်ချက်များထဲတွင် သံသယဖြစ်ဖွယ် စကားအချို့ကို ရှန်ကျစ်ရှား တွေ့လိုက်ရသည်။

“ဆရာစုကို မယုံတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူပြောတဲ့ ကိုယ်ခံပညာက တကယ်ပဲ ရှိလို့လား”

“ဆရာစု ကြွားနေတာလို့ ခံစားနေရတာ ကျွန်တော် တစ်ယောက်တည်းလား”

“ဆရာစု တကယ် လုပ်နိုင်ပါ့မလားဆိုတာ သံသယတော့ ရှိမိတယ်၊ စောင့်ကြည့်ရမှာပဲ”

‘’အခု သူတို့ ဘယ်လောက်ပဲ ယုံကြည်နေပါစေ၊ ခဏနေရင်တော့ အကြီးအကျယ် စိတ်ပျက်သွားကြတော့မှာ’’

ရှန်ကျစ်ရှားသည် စူးချီကို ဝေဖန်နေသည့် မှတ်ချက်များကို တစ်ခုချင်းစီ လိုက်လံဖတ်ရှုနေသည်။ လူအများက စူးချီကို သံသယဖြစ်နေကြသည်မှာ သူ့အတွက်တော့ နတ်သံသာများကဲ့သို့ပင်။ ဤအသံများမှာ မည်မျှပင် သာယာနာပျော်ဖွယ် ကောင်းလှသလဲ။

ထိုအချိန်တွင် ရှန်ကျစ်ရှား၏ စိတ်ထဲ၌ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူ၏ ဉာဏ်စမ်းဦးနှောက်လေးမှာလည်း အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေသည်။

‘’ဒီနေရာမှာတင် စစ်ပြန် ၇၀၀ ကျော် ရှိနေတယ်၊ သူတို့ရဲ့ သွေးလေအင်အားက အနည်းဆုံး ၁၀၀၀ စီ ရှိကြတာ။ အွန်လိုင်းမှာလည်း ကျောင်းသား ၁၆၀၀၀ ကျော် ရှိသေးတယ်။ အကယ်၍ စူးချီ ရှုံးနိမ့်သွားပြီး ငါပေးထားတဲ့ “ကြယ်တံခွန်ကျခြင်း” ပစ္စည်းကို သုံးလိုက်ရတာနဲ့ ဒီလူတွေအားလုံး သူ့အပေါ် အကြီးအကျယ် စိတ်ပျက်သွားကြလိမ့်မယ်’’

‘’ခန့်မှန်းခြေအရဆိုရင် ဒီတစ်ချီမှာတင် ငါ့အတွက် အမှတ် သန်း ၂၇၀ ကျော် ပြန်ရနိုင်တယ်၊ ဒါဆိုရင် အဆင့် ၉ ကို ချက်ချင်း ရောက်သွားတော့မှာ။ ဂျက်မားတောင် အသက် ၃၅ နှစ်မှ သွေးလေအင်အား ငါးသိန်းပဲ ရှိတာ၊ လေကျင်းဆိုရင်လည်း အသက် ၃၈ နှစ်ကျမှ အမှတ် လေးဘီလီယံပဲ ရှိခဲ့တာလေ။ အခု ကျောင်းအုပ်ကြီးရှန်ကတော့ အသက် ၂၈ နှစ်နဲ့တင် အဆင့် ၉ ကို ရောက်တော့မယ်၊ ဘယ်သူကများ အနာဂတ်ရဲ့ လူသားဧကရီ ဖြစ်လာမှာလဲ’’

ထိုသို့ တွေးတောရင်း ရှန်ကျစ်ရှားသည် သူ၏ စနစ်စာမျက်နှာကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်သည်။ နေဝင်ဆည်းဆာ ယဉ်ကျေးမှု ပွဲတော်တွင် ပါဝင်နေသည့်အတွက် စနစ်စာမျက်နှာတွင် ပေါ်နေသည့် အချက်အလက်များမှာ ယခင်နှင့် မတူတော့ပေ။

“လက်ရှိ အွန်လိုင်းသင်တန်း တက်ရောက်နေသူ ၁၆၄၅၉ ဦး”

“သင်တန်းမှ နုတ်ထွက်ရန် လျှောက်ထားသူ ၀ ဦး”

“ခန့်မှန်းခြေ ပြန်လည်ရရှိမည့် သွေးလေအင်အား ၀ မှတ်”

အွန်လိုင်း အချက်အလက်များ၏ အောက်တွင် နောက်ထပ် အချက်အလက်တစ်ခု ရှိနေသေးသည်။

“အပြင်လောကမှ လာရောက်လေ့လာသူ ၇၀၃ ဦး”

“သင်တန်းကြေး ပြန်တောင်းသူ ၀ ဦး”

“ခန့်မှန်းခြေ ပြန်လည်ရရှိမည့် သွေးလေအင်အား ၀ မှတ်”

သွေးလေအင်အားများ ပြန်လည်ရရှိရန် မျှော်လင့်နိုင်ရုံသာမက ကျောင်း၏ အဆင့်သတ်မှတ်ချက်မှာလည်း လွန်ခဲ့သော အကြိမ်ထက် ၄၀၀၀ နီးပါး တက်လာခဲ့သည်။

“လက်ရှိ ကျောင်းအဆင့် ၄၁၆၁၅၇၊ စနစ်အဆင့်မြှင့်ရန် ၅၇၃၁ အဆင့် လိုအပ်ပါသေးသည်”

ဤအချက်အလက်များကို ကြည့်ပြီး ရှန်ကျစ်ရှားမှာ အနာဂတ်အတွက် အလွန်ပင် မျှော်လင့်ချက် ကြီးမားနေတော့သည်။ သူသည် စူးချီ ရှုံးနိမ့်ပြီး သူပေးထားသည့် အကူအညီကို အသုံးပြုမည့် အချိန်ကိုသာ စောင့်မျှော်နေသည်။ ထိုအခါမှသာ သူသည် သွေးနှင့် မီးတောက်များကြားမှ ဧကရီတစ်ပါးအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်မည် မဟုတ်ပါလား။

ကျောင်းအုပ်ကြီးရှန် မျှော်လင့်နေသကဲ့သို့ပင် ကိုယ်ပူလေ့ကျင့်ခန်း လုပ်သည့် အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အစီအစဉ် တင်ဆက်သူက ပြိုင်ပွဲ စတင်ကြောင်း တရားဝင် ကြေညာလိုက်သည်။

…

ပြိုင်ပွဲ စတင်သည်နှင့် ကော်ချန်သည် “ဖားပြုတ်သိုင်း” ၏ အနေအထားကို ချက်ချင်း ယူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ စူးချီထံသို့ ဦးတည်ထားပြီး ခုန်တော့မည့် ဖားတစ်ကောင်ကဲ့သို့ ရှိနေသည်။ ထို့နောက် သူသည် ရုတ်တရက် ခုန်ဝင်လိုက်ကာ စူးချီထံသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

သူ၏ လှုပ်ရှားမှုမှာ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အလဲသိပ်ရန် ကြံစည်ထားသည်မှာ သိသာလှသည်။ ထို့အပြင် သူသည် လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်မည်ဟူသော ကတိကိုလည်း တည်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ကိုယ်ခံပညာ ကျွမ်းကျင်သူများမှာ ကော်ချန်၏ လက်ဝါးချက်မှာ မည်မျှ ပြင်းထန်ပြီး ထက်မြက်သည်ကို ကြည့်ရုံနှင့် သိနိုင်ကြသည်။ သူသည် ဤတိုက်ကွက်တွင် သူ၏ အစွမ်းရှိသမျှကို အသုံးချထားခြင်း ဖြစ်သည်။ အကယ်၍ ပုံမှန် တတိယအဆင့် ကိုယ်ခံပညာရှင်တစ်ဦးသာ ဤချက်ကို ထိမှန်သွားပါက အကြောများ ပျက်စီးပြီး တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်ပေသည်။

‘’အို... မြန်မြန်ပဲ အဆုံးသတ်တော့မှာပဲ’’

ရှန်ကျစ်ရှားသည် ကော်ချန်၏ သွက်လက်သည့် လှုပ်ရှားမှုကို ကြည့်ပြီး အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ ကော်ချန်၏ တိုက်ကွက်က စူးချီကို ထိမှန်သည်နှင့် “ကြယ်တံခွန်ကျခြင်း” ပစ္စည်းက အလိုအလျောက် အလုပ်လုပ်ပြီး စူးချီကို ကာကွယ်ပေးလိမ့်မည်။ ထို့နောက် အဆင့် ၈ အဆင့်ရှိသည့် ပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်ပေးတော့မည် ဖြစ်သည်။

‘’ကော်ချန်... နင်က သတ်ဖို့ ကြံစည်ခဲ့တာဆိုတော့ ဒီပစ္စည်းရဲ့ လက်ချက်နဲ့ သေသွားရင်လည်း ထိုက်တန်ပါတယ်’’

ပြိုင်ဘက်က အရင် သတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည့်အတွက် ကာကွယ်ရေးပစ္စည်း အလုပ်လုပ်သွားခြင်းမှာ ကိုယ်ကျင့်တရားအရလည်း အပြစ်ပြောစရာ မရှိပေ။

‘’အရာအားလုံး ငါစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတော့မှာပဲ’’

မှန်ပေသည်၊ စူးချီအနေဖြင့် ထိုကဲ့သို့သော ပစ္စည်းအကူအညီဖြင့် အနိုင်ရသွားခြင်းမှာ ကျောင်းသားများကို အကြီးအကျယ် စိတ်ပျက်သွားစေလိမ့်မည်။ ထိုအခါ ကျောင်းသားများ သင်တန်းမှ နုတ်ထွက်ကြမည် ဖြစ်ပြီး ကျောင်းအုပ်ကြီးရှန်မှာလည်း ဧကရီတစ်ပါးအဖြစ် ချက်ချင်း ရောက်ရှိသွားတော့မည် ဖြစ်သည်။

‘’နောက်ဆိုရင် ငါအပြင်ထွက်တဲ့အခါ ဘယ်သူကများ ဒီဧကရီကို တည့်တည့်ကြည့်ရဲသလဲလို့ ခပ်ကြွားကြွားလေး မေးဦးမှာ’’

ထိုအခြင်းအရာကို စဉ်းစားမိရုံဖြင့် ရှန်ကျစ်ရှားမှာ ပျော်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။ သူ၏ မျက်ဝန်းများမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး ဖြူဖွေးသွယ်လျသည့် ခြေတံရှည်ကြီးများမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကိုပင် ကန်မိတော့မတတ် ဖြစ်နေသည်။

သို့သော် သူ၏ အပြုံးမှာ ခဏသာ ခံလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ လူတိုင်းကဲ့သို့ပင် သူလည်း မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

စူးချီသည် ရုတ်တရက် ဝပ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကော်ချန်၏ လက်ဝါးကို ထိန်းလိုက်သည်။ ထို့နောက် အသာအယာ ဝေ့ယမ်းကာ ဆွဲငင်ပြီး တွန်းထုတ်လိုက်ရာ အရက်မူးနေသူတစ်ဦးကဲ့သို့ပင် ကော်ချန်၏ ပြင်းထန်လှသော လက်ဝါးချက်မှာ လမ်းကြောင်း လွဲသွားတော့သည်။

ဗုန်း.....

အသံတစ်ခုနှင့်အတူ ကော်ချန်၏ လက်ဝါးသည် စာသင်ခန်း၏ နံရံကို သွားမှန်တော့သည်။ ခိုင်ခံ့လှသည့် နံရံပေါ်တွင် လက်ဝါးရာနှင့် အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။

“အား... ငါ့ရဲ့ စာသင်ခန်းလေး”

ကျောင်းအုပ်ကြီး ဟော့ကျွင်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး နှမြောတသ ဖြစ်သွားသည်။ ဤလှေကားထစ်ပုံစံ စာသင်ခန်းမှာ တတိယအဆင့် စံနှုန်းနှင့်အညီ တည်ဆောက်ထားခြင်း ဖြစ်ပြီး ပုံမှန် တတိယအဆင့် ကိုယ်ခံပညာရှင်တစ်ဦး အင်အားအပြည့်ဖြင့် ရိုက်လျှင်ပင် အနည်းငယ်သာ အမှတ်အသား ကျန်ရစ်မည် ဖြစ်သည်။ သို့သော် ကော်ချန်၏ လက်ချက်မှာမူ နံရံကို ကျိန်းစပ်သွားစေပြီး အက်ကြောင်းများပင် ဖြစ်သွားစေသည်။

ကော်ချန်၏ ခွန်အားမှာ ဂျင် ၆၂၀၀ ရှိသည်ကို သိထားကြသော်လည်း လက်တွေ့တွင် တွေ့လိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ သို့သော် ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ စူးချီက ဤအရာအားလုံးကို မည်သို့ လုပ်ဆောင်လိုက်သနည်း ဆိုသည်ပင် ဖြစ်သည်။ ထိုမျှ ပြင်းထန်သည့် လက်ဝါးချက်ကို သူက အသာအယာ ဝေ့ယမ်းကာ ဆွဲငင်ရုံမျှဖြင့် လမ်းကြောင်း လွဲသွားစေခဲ့သည်။

“သူ ဘယ်လိုလုပ်လိုက်တာလဲ”

စာသင်ခန်းထဲမှ လူများနှင့် အွန်လိုင်းမှ ကြည့်ရှုနေသူများအားလုံး ဆွံ့အသွားကြသည်။

“အခု ကျွန်တော် ပြလိုက်တာက လေးကျပ်သားဖြင့် ပိဿာတစ်ထောင်ကို လွှဲဖယ်ခြင်း ဆိုတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်”

“ဒီနည်းစနစ်ကို သုံးဖို့ဆိုရင် တစ်ကိုယ်လုံးကို ပြေလျော့ထားရမယ်၊ အင်အားအကြမ်းစားကို မသုံးဘဲ ပါးနပ်တဲ့ အင်အားကိုပဲ သုံးရမှာ ဖြစ်ပါတယ်”

စူးချီက ပြောပြောဆိုဆိုဖြင့် အနည်းငယ် ဝပ်လိုက်ပြီး လက်နှစ်ဖက်ကို ဘောလုံးတစ်လုံးကို ပွေ့ပိုက်ထားသကဲ့သို့ ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ၏ အနေအထားမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် တင့်တယ်လှပလှသည်။

ဤလှုပ်ရှားမှုမှာ လူတိုင်းကို မှင်တက်သွားစေသည်။ အသာစီးမရနိုင်ဟု ထင်ထားရသည့် စူးချီက တိုက်ကွက်ကို အေးအေးဆေးဆေးပင် ကာကွယ်လိုက်ရုံသာမက နည်းစနစ်ကိုပါ ရှင်းပြနေသည်။ တစ်ချက်တည်းဖြင့် သတ်မည်ဟု ကြုံးဝါးခဲ့သည့် ကော်ချန်မှာမူ နံရံကိုသာ သွားရိုက်မိခဲ့သည်။

“ခုနက ဘာဖြစ်သွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရဲ့လား”

“နားတော့မလည်ဘူး၊ ဒါပေမဲ့ အကြီးအကျယ်တော့ အံ့သြသွားတယ်”

“လုံးဝ နားမလည်နိုင်ဘူး”

“ဆရာစုက လက်ကို အသာလေး လှုပ်လိုက်တာနဲ့ ဆရာကော်ရဲ့ လက်ဝါးက နံရံကို သွားမှန်သွားတာပဲ”

စင်အောက်ရှိ လူကြီးမင်းများ နေရာတွင်မူ။

“ကျောင်းအုပ်ကြီးဟော့၊ စူးချီရဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်လား”

“ကျောင်းအုပ်ကြီးရော အဲဒီလို လှုပ်ရှားမှုမျိုး လုပ်နိုင်မလား”

ညွှန်ကြားရေးမှူး ကျန်းလိချွမ်း၏ မျက်လုံးများမှာ တောက်ပလာပြီး စူးချီကို စိုက်ကြည့်နေမိသည်။ ကျောင်းအုပ်ကြီး ဟော့ကျွင်းလည်း အံ့အားသင့်နေပုံရသည်။

“ရိုးရိုးသားသား ပြောရရင် ကျွန်တော်သာ တိုက်ခိုက်မယ်ဆိုရင် ပြိုင်ဘက်ရဲ့ တိုက်ကွက်ကို လွှဲထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သိတဲ့ နည်းလမ်းကတော့ အင်အားချင်း ယှဉ်ပြီး လွှဲထုတ်တာမျိုးပဲ။ ဂျင် ၆၂၀၀ ရှိတဲ့ အင်အားကို လွှဲထုတ်ဖို့ဆိုရင် ကျွန်တော့်ဘက်က ဂျင် ၁၀၀၀၀ လောက် သုံးရလိမ့်မယ်။ ဒါပေမဲ့ စူးချီမှာ ဘယ်လောက် ခွန်အားရှိလို့လဲ၊ သူက ဒီတိုက်ကွက်ကို အလွယ်လေး လွှဲထုတ်သွားနိုင်တယ်နော်။ သူ့ရဲ့ ကိုယ်ခံပညာသစ်က ဒီနည်းစနစ် တစ်ခုတည်းနဲ့တင် မြှင့်တင်ပေးဖို့ အလွန်တန်ဖိုးရှိနေပြီ”

ပညာရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် သူတို့နှစ်ဦးမှာ ထိုက်ကျိပညာ၏ ထူးခြားမှုကို ချက်ချင်း ရိပ်မိလိုက်ကြသည်။ ထိုက်ကျိပညာသည် ကမ္ဘာ့ရှေ့မှောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ စူးချီက တိုက်ကွက်တစ်ခုတည်းဖြင့် အပြင်လောကနှင့် အွန်လိုင်းမှ သံသယဖြစ်မှုများကို တစ်ဝက်ခန့် ပျောက်ကွယ်သွားစေခဲ့သည်။ ထိုနေရာတွင် မြည်ဟီးနေသည့် အသံများမှာ အံ့သြသံများနှင့် မေးခွန်းထုတ်သံများသာ ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးရှန်၏ အံ့သြလွန်းသဖြင့် အသက်ရှူမှားနေသည့် အသံလည်း ထွက်ပေါ်လာသည်။

“တစ်ခုခုတော့ မှားနေပြီ၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ငါ လမ်းညွှန်ပေးထားတဲ့ အနှေးလက်သီးက ဒီလောက် မစွမ်းရဘူးလေ”

“ငါ မြင်နေရတာတွေက အမြင်မှားတာ ဖြစ်ရမယ်၊ ဟုတ်တယ်၊ အမြင်မှားနေတာ။ ကျောင်းအုပ်ကြီးရှန် အိပ်မက်မက်နေတုန်းပဲ ဖြစ်မှာပါ။ နိုးစမ်း ရှန်ကျစ်ရှား၊ မြန်မြန် နိုးစမ်း”

သူသည် မျက်စိကို အကြိမ်ကြိမ် မှိတ်လိုက်၊ ဖွင့်လိုက် လုပ်နေမိသည်။ နောက်ဆုံးတွင်မူ ရှန်ကျစ်ရှားမှာ လက်တွေ့ကို လက်ခံလိုက်ရတော့သည်။ ထို့နောက် သူသည် မိမိကိုယ်ကိုယ် သံသယများ ဝင်လာတော့သည်။ ဤအရာသည် သူ၏ လမ်းညွှန်မှုအောက်တွင် စူးချီ ဖန်တီးခဲ့သည့် ကိုယ်ခံပညာ အမှန်ပဲလား။ အနှေးလက်သီး ဆိုသည်မှာလည်း အမှန်တကယ်ပင် နှေးကွေးလှသည်။ သို့သော် အဘယ်ကြောင့် သူတစ်ပါး၏ တိုက်ကွက်များကို လွှဲထုတ်နိုင်ရသနည်း။

‘’ငါ သူ့ကို အဲဒီလို သင်ခိုင်းတာ မဟုတ်ဘူးလေ’’

‘’ဪ... မှတ်မိပြီ၊ စူးချီက သူ နားလည်သလို ဖန်တီးမယ်လို့ ပြောခဲ့တာပဲ’’

“ဒါက နင် နားလည်တဲ့ ပုံစံလား၊ နင့်ရဲ့ နားလည်နိုင်စွမ်းက ဘယ်လိုတောင် ဖြစ်နေရတာလဲ”

လေးကျပ်သားဖြင့် ပိဿာတစ်ထောင်ကို လွှဲဖယ်ခြင်း ဆိုသည်မှာ ဤသို့ပါလား။ ရှန်ကျစ်ရှားမှာ အလွန်ပင် ပေါ့ဆသွားမိခဲ့သည်။

“စိတ်အေးအေးထား၊ စိတ်အေးအေးထား”

“သူက ဒီကိုယ်ခံပညာကို တစ်လတည်းနဲ့ ဖန်တီးခဲ့တာလေ၊ ဒါက သူ့ရဲ့ တစ်ခုတည်းသော အစွမ်းပဲ ဖြစ်မှာပါ။ သူက အနှေးနဲ့ အမြန်ကို ထိန်းချုပ်နိုင်တယ်လို့ ပြောတာကလည်း ကြွားလုံးထုတ်တာပဲ ဖြစ်ရမယ်။ ပြိုင်ဘက်ကသာ အရှိန်မြှင့် တိုက်ခိုက်လာမယ်ဆိုရင် သူ ချက်ချင်း ရှုံးသွားမှာပါ။ အဲဒီအခါကျရင် “ကြယ်တံခွန်ကျခြင်း” ပစ္စည်းက အလုပ်လုပ်လာလိမ့်မယ်”

ဟုတ်ပေသည်၊ စူးချီက ကော်ချန်ကို အကြိမ်ပေါင်းများစွာ လွှဲထုတ်နိုင်လျှင်ပင် ကော်ချန်က စူးချီကို တစ်ချက်မျှ ထိအောင် ရိုက်နိုင်သည်နှင့် ရှန်ကျစ်ရှား၏ အစီအစဉ် အောင်မြင်ပြီ ဖြစ်သည်။ ဤသို့ တွေးတောရင်း ကျောင်းအုပ်ကြီးရှန်မှာ မျှော်လင့်ချက် ပြန်လည် ရရှိလာပြန်သည်။

သူ၏ အကြည့်များမှာ ပြိုင်ပွဲဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ သို့သော် ရှန်ကျစ်ရှား မသိသည့်အချက်မှာ ထိုက်ကျိပညာသည် နာမည်ကျော် ပညာရှင် ကျန်းစန်းဖုန်း ဖန်တီးခဲ့သည့် ပညာရပ် ဖြစ်ရာ ဤမျှလောက်သော ထူးခြားချက်တစ်ခုတည်းသာ ရှိမည် မဟုတ်ကြောင်းပင် ဖြစ်သည်။

All Chapters