အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) - ရုတ်တရက် အဆင့်တက်ခြင်း
မစ္စတာ လီပေါ်သည် ထိုက်ကျိ သွေးလေလည်ပတ်မှု ပုံစံကားချပ်ကို မြင်လိုက်ရသည့် ခဏတွင် မှင်တက်သွားတော့သည်။ သူသည် စစ်ပြန်ကြီးများကြားတွင် ဩဇာညောင်းသူ တစ်ဦး ဖြစ်လာရခြင်းမှာ အမှန်တကယ်ပင် ထူးခြားသည့် အမြင်ရှိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုပုံစံကားချပ်၏ ထူးခြားမှုကို သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
“ဒီကိုယ်ခံပညာက သွေးလေအင်အားကို အမှန်တကယ် မြှင့်တင်ပေးနိုင်တဲ့ ပုံပဲ”
စူးချီ၏ ထိုက်ကျိ သွေးလေလည်ပတ်မှု ပုံစံတွင် လှုံ့ဆော်ပေးရမည့် အဓိက အပ်စိုက်မှတ် ၇၂ ခုကို အခြေခံ၍ ကြည့်လျှင် သီအိုရီအရ သွေးလေအင်အား မြှင့်တင်ပေးနိုင်သည့် အာနိသင် အမှန်တကယ် ရှိနေသည်။ သွေးလေအင်အားကို မြှင့်တင်ပေးနိုင်သည့် လက်သီးပညာလား။ မယုံနိုင်စရာ ကောင်းသော်လည်း အမှန်တရား ဖြစ်နေသည်။
“ဟူး... စူးချီဆိုတဲ့ ဒီလူငယ်လေးကတော့ တကယ်ကို မလွယ်ဘူးပဲ”
ထိုအချိန်တွင် မစ္စတာ လီပေါ်မှာ အတော်ပင် အံ့အားသင့်နေမိသည်။ သို့သော် ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေပြန်သည်။ လက်ရှိတွင် စစ်ပြန်ကြီး အများစုမှာ သူတို့၏ ရှေ့မှ သွေးလေကျင့်စဉ်အပေါ် ထူးထူးခြားခြား တုံ့ပြန်မှု မရှိကြသေးပေ။ အမှန်စင်စစ် စူးချီက ဤကိုယ်ခံပညာသည် သွေးလေအင်အားကို မြှင့်တင်ပေးနိုင်သည်ဟု ပြောလိုက်ချိန်တွင် လူအများက သံသယမျက်လုံးများဖြင့်သာ ကြည့်နေကြခြင်း ဖြစ်သည်။
ထိုသို့ တုံ့ပြန်ခြင်းမှာ လူသားတို့၏ သဘာဝပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် အရာနှင့် ကြုံတွေ့ရချိန်တွင် မျက်စိမှိတ် မယုံကြည်နိုင်ကြဘဲ အများစုမှာ ချက်ချင်းပင် မေးခွန်းထုတ်တတ်ကြသည်။ လူသားမျိုးနွယ်၏ နောက်ထပ် ဧကရီတစ်ပါး ဖြစ်သော ဂျက်မားကလည်း ဤဖြစ်စဉ်ကို အနှစ်ချုပ် ပြောဖူးသည်။ အသစ်အဆန်းတစ်ခုအပေါ် လူသားတို့၏ သိမြင်နားလည်မှု အဆင့်ဆင့်မှာ “မမြင်နိုင်ခြင်း”၊ “နားမလည်ခြင်း”၊ “အထင်သေးခြင်း” နှင့် “နောက်ကျသွားခြင်း” တို့ပင် ဖြစ်သည်။
ယခုအချိန်တွင် မစ္စတာ လီပေါ်၏ ရှေ့၌ ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ ပထမ ရွေးချယ်စရာမှာ ထိုင်ပြီး သင်ခန်းစာ တစ်ခုလုံးကို နားထောင်ကာ သွေးလေအင်အား မည်မျှအထိ မြှင့်တင်ပေးနိုင်သနည်း ဆိုသည်ကို လက်တွေ့ စမ်းသပ်ကြည့်ရန် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ပါက “အရှေ့တိုင်းဟောင်း” မှ စွန်းရွှိ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ပေ။ ထိုသူ့ထံမှ ငွေကြေး ထောက်ပံ့မှုများကိုလည်း နောက်ထပ် ရရှိနိုင်တော့မည် မဟုတ်ပေ။ ဒုတိယ ရွေးချယ်စရာမှာမူ စစ်ပြန်ကြီးများ အကျိုးသက်ရောက်မှုကို မသိရှိသေးမီတွင် အားလုံးကို သင်တန်းမှ ထွက်ခွာသွားရန် ဆက်လက် လှုံ့ဆော်ရန် ဖြစ်သည်။
သူသည် ခဏမျှသာ ဝေခွဲမရ ဖြစ်နေခဲ့သည်။ ထို့နောက် မစ္စတာ လီပေါ်သည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။ သူသည် စစ်ပြန်ကြီးများကို ဤစာသင်ခန်းထဲမှ ထွက်ခွာသွားရန်နှင့် သင်တန်းကို စွန့်လွှတ်ရန် ဆက်လက် လှုံ့ဆော်မည် ဖြစ်သည်။ ဤသို့ ဆုံးဖြတ်ရခြင်းမှာ သူသည် အိုမင်းနေပြီ ဖြစ်သလို စွန့်စားမှု မပြုလိုတော့ခြင်းနှင့် စွန့်စားရန် အင်အား မရှိတော့ခြင်းကြောင့်ပင် ဖြစ်သည်။
ဆရာစူးချီ၏ ကိုယ်ခံပညာမှာ သီအိုရီအရ သွေးလေအင်အား မြှင့်တင်ပေးနိုင်သည်မှာ မှန်သော်လည်း ကိုယ်ခံပညာဖြင့် သွေးလေအင်အား မည်မျှအထိ တက်နိုင်မည်နည်း။ ဤလက်သီးပညာဖြင့် သွေးလေအင်အား မြှင့်တင်နိုင်သည့် အရှိန်က သူ၏ သွေးလေအင်အား ဆုတ်ယုတ်နေသည့် အရှိန်ကို အမှီလိုက်နိုင်ပါ့မလား။ အကယ်၍ အမှီမလိုက်နိုင်ဘဲ စွန်းရွှိ ပေးမည့် လျော်ကြေးကိုလည်း လက်လွှတ်လိုက်ရမည် ဆိုပါက သူသည် အရာအားလုံး ဆုံးရှုံးသွားမည် မဟုတ်ပါလား။
သို့သော် စစ်ပြန်ကြီးများကို ဤစာသင်ခန်းထဲမှ ထွက်ခွာသွားအောင် စည်းရုံးနိုင်မည် ဆိုပါက “အရှေ့တိုင်းဟောင်း” ၏ အမှုဆောင်အရာရှိချုပ် စွန်းရွှိက သူ့ကို “သွေးအားဖြည့် သွေးထိန်းဆေးလုံး” တစ်လုံး ပေးရန် သဘောတူထားသည်။ ဤဆေးလုံးသာ ရှိလျှင် သူ၏ သွေးလေအင်အားမှာ တစ်နှစ်ပတ်လုံး ဆက်လက် ဆုတ်ယုတ်တော့မည် မဟုတ်ပေ။ သူ အသက်ဆက်ရှင်နိုင်မည်၊ ပိုပြီး အသက်ရှည်ရှည် နေနိုင်မည် ဖြစ်သည်။
ဤသို့ လုပ်ဆောင်ခြင်းက အခြား စစ်ပြန်ကြီးများ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဖျက်ဆီးရာ ရောက်မည်လား။ ကိုယ်ချင်းစာတရားနှင့် ဆန့်ကျင်နေမည်လား။ သူ၏ အတွက်မူ ကိုယ်ချင်းစာတရားက ဘာတန်ဖိုး ရှိသနည်း။ ကိုယ်ချင်းစာတရားက အသက်ရှည်အောင် လုပ်ပေးနိုင်ပါ့မလား။ ထို့ကြောင့် မစ္စတာ လီပေါ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ စာသင်ခန်း တံခါးဆီသို့ လျှောက်သွားတော့သည်။
စာသင်ခန်း တံခါးတွင် စာရင်းသွင်း ဆရာတစ်ဦး ရှိနေပြီး သင်တန်းမှ နုတ်ထွက်လိုသည့် ကျောင်းသားသည် ထိုသူ့ထံတွင် လက်မှတ်ထိုး စာရင်းသွင်းရုံမျှဖြင့် နုတ်ထွက်နိုင်သည်။ ထို့နောက်မှ ပွဲစီစဉ်သူများက စာရင်းသွင်းထားသည့် ကျောင်းသား အရေအတွက်ပေါ် မူတည်၍ သင်တန်းကျောင်း အသီးသီးနှင့် ငွေစာရင်း ရှင်းကြမည် ဖြစ်သည်။ ထို့ကြောင့် မစ္စတာ လီပေါ်သည် သင်တန်းမှ လုံးဝ နုတ်ထွက်ရန် လက်မှတ် တစ်ချက်ထိုးဖို့သာ လိုတော့သည်။ သူ၏ နောက်ကွယ်တွင်လည်း စစ်ပြန်ကြီး အတော်များများမှာ နေရာမှ ထကာ ထွက်ခွာလာကြပြီ ဖြစ်သည်။ တစ်ခဏချင်းအတွင်းမှာပင် စာသင်ခန်း တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။
…
“ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်”
“ဒီအဘိုးကြီး မစ္စတာ လီပေါ်ကတော့ တကယ့်ကို အမှတ်တွေ အများကြီး ရနေပြီပဲ”
ရှန်ကျစ်ရှားသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ ကုမ္ပဏီအပေါ် အမြင်စောင်းနေပြီး ခေါင်းမာလှသည့် အဘိုးကြီးတစ်ဦးကို ဤမျှလောက် သဘောကျမိလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့ပေ။ အထူးသဖြင့် စာသင်ခန်း တစ်ခုလုံးရှိ အဘိုးကြီးများကို လွှမ်းမိုးနိုင်သည့် အဘိုးကြီးမျိုးကို ဖြစ်သည်။ ကြည့်ပါဦး၊ လူပေါင်း ဒါဇင်နှင့်ချီပြီး သူ့နောက်က လိုက်ထွက်လာကြပြီ။ နောက်ထပ် လူပေါင်း ရာနှင့်ချီသော သက်ကြီးရွယ်အိုများမှာလည်း ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ထမလာသေးသူများမှာလည်း စိုးရိမ်တကြီးဖြင့် ဝန်းကျင်ကို ဝေ့ဝဲကြည့်နေကြသည်။
ငါ အဆင့် ၉ ရောက်ဖို့ကတော့ ဒီနေ့ပဲ ဖြစ်လာတော့မှာပါ။ စိတ်လှုပ်ရှားနေသည့် ကျောင်းအုပ်ကြီးရှန်သည် သူ၏ စနစ်စာမျက်နှာကိုပင် ဖွင့်ကြည့်လိုက်သည်။
“အပြင်လောကမှ လာရောက်လေ့လာသူ ၇၀၃ ဦး”
“သင်တန်းမှ နုတ်ထွက်ရန် လုပ်ဆောင်နေသူ ၁ ဦး”
“ခန့်မှန်းခြေ ပြန်လည်ရရှိမည့် သွေးလေအင်အား ၁၄၅၇၀၀ မှတ်”
လက်ရှိ စနစ်၏ အသိပေးချက်အရ တစ်စုံတစ်ဦးက သင်တန်းမှ နုတ်ထွက်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ ဤကိန်းဂဏန်းများကို မြင်လိုက်ရချိန်တွင် ရှန်ကျစ်ရှားမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲလာတော့သည်။
“နောက်ဆုံးတော့ ပထမဆုံး နုတ်ထွက်မယ့် ကျောင်းသား ပေါ်လာပြီပေါ့”
ဒီအဘိုးကြီးရဲ့ သွေးလေအင်အားက တော်တော် မြင့်တာပဲ။ ၁၄၅၇၀၀ မှတ် ပြန်ရမယ်ဆိုတော့ သူ့ရဲ့ သွေးလေအင်အားက ၁၄၅၇ မှတ် ရှိတာပေါ့။ တော်တော် မြင့်တာပဲ။ ဒါတွေအားလုံးဟာ ခေါင်းမာတဲ့ ဒီအဘိုးကြီးကြောင့်ပဲ။ ဒီကိစ္စ ပြီးသွားရင်တော့ ကျောင်းအုပ်ကြီးရှန်က သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ ဆိုင်းဘုတ်ကြီးတစ်ခုလောက် ကပ်ပေးရမယ်။
ထိုသို့ တွေးတောရင်း သူသည် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။ သို့သော် ကျောင်းအုပ်ကြီးရှန်သည် မာန်တက်လျှင် ကျရှုံးတတ်သည် ဆိုသည့် စကားကို ထပ်မံ မေ့လျော့သွားပြန်သည်။ နောက်တစ်စက္ကန့်တွင် ရှန်ကျစ်ရှားသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးလေများ အရှိန်အဟုန်ဖြင့် လှုပ်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“ဟမ် ဘာဖြစ်တာလဲ”
ရှန်ကျစ်ရှားမှာ အလွန်အမင်း အံ့အားသင့်သွားသည်။ ခဏအကြာတွင် သူ၏ မျက်လုံးများတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။ လေထဲတွင် ရှိနေသည့် သေးငယ်သော အမှုန်အမွှားများကို သူ “မြင်” နေရသကဲ့သို့ပင်။ ထိုအမှုန်အမွှားများမှာ အရောင်အသွေး စုံလင်နေပြီး ပြင်ပမှ ဝိညာဉ်စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် အပြင်လူများက ရှန်ကျစ်ရှားကို ကြည့်လိုက်သောအခါ သူ၏ ဝန်းကျင်တွင် လေလှိုင်းတစ်ခု ဝိုင်းရံထားသကဲ့သို့ ခံစားကြရသည်။ သူ၏ လှပသော ခန္ဓာကိုယ်မှာ လေလှိုင်းများကြားတွင် ရေကန်ထဲမှ ရေများကဲ့သို့ ဘယ်ပြန်ညာပြန် လှုပ်ရှားနေသည်။ သိပ္ပံနည်းကျ ပြောရလျှင် ကမ္ဘာလောကရှိ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆမှာ လေထု၏ သိပ်သည်းဆနှင့် မတူညီခြင်းကြောင့် ဖြစ်သည်။ အလင်းယိုင်မှုမှာလည်း ထိခိုက်သွားသဖြင့် စတုတ္ထအဆင့်သို့ တက်လှမ်းသူတိုင်းသည် ဤကဲ့သို့သော ထူးခြားသည့် ကမ္ဘာလောက ဖြစ်စဉ်များကို ကြုံတွေ့ရမြဲ ဖြစ်သည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးရှန်သည်လည်း သူ၏ အရိုးအကြောများနှင့် ကြွက်သားများတွင် ကိုက်ခဲခြင်း၊ ထုံကျင်ခြင်းနှင့် ရောင်ရမ်းခြင်း ဝေဒနာများကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။ ထို့နောက် သူသည် အဆင့်တက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
“ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်ထဲ စီးဆင်းပြီး အရိုးအကြောတွေ သန့်စင်သွားတာလား။ ငါ အဆင့်တက်သွားပြန်ပြီပေါ့”
သူသည် တိုးတိုးလေး ရေရွတ်ပြီးနောက် စနစ်စာမျက်နှာ၏ အောက်ခြေရှိ အသိပေးချက်ကို ကြည့်လိုက်သည်။
“အဆင့်သတ်မှတ်ချက် စတုတ္ထအဆင့်”
“လက်ရှိ ကျောင်းအဆင့် ၄၀၇၃၁၃၊ စနစ်အဆင့်မြှင့်ရန် ၁၆၁၀၅၇ အဆင့် လိုအပ်ပါသေးသည်”
ယခင်က ကျောင်းအဆင့်မှာ ၄၁၀၀၀၀ ဝန်းကျင်တွင် ရှိနေပြီး အဆင့်မြှင့်ရန် ၅၀၀၀ ခန့်သာ လိုတော့ခြင်း ဖြစ်သည်။ ဤသည်မှာ စူးချီက အပြင်လောကနှင့် အွန်လိုင်း သင်ကြားမှုကို တစ်ပြိုင်နက် လုပ်ဆောင်လိုက်သောကြောင့် ဖြစ်ကြောင်း စဉ်းစားစရာပင် မလိုဘဲ သိနိုင်သည်။ ဤသင်တန်းမှာ အပြင်လောကတွင် ရှုံးနိမ့်သွားပြီး အဘိုးကြီးများမှာ နုတ်ထွက်ရန် တန်းစီနေကြသော်လည်း အွန်လိုင်းတွင်မူ ဤသင်တန်းကို အသိအမှတ်ပြုမှုမှာ အလွန်မြင့်မားနေဆဲ ဖြစ်သည်။
သို့သော် အဆင့်တက်ခြင်း ဆိုသည်မှာ သေးငယ်သော ကိစ္စတစ်ခုသာ ဖြစ်သည်။ စတုတ္ထအဆင့် ဆိုသည်မှာ ဘာမျှ မဟုတ်ပေ။ ဤသက်ကြီးရွယ်အို ကျောင်းသားများသာ နုတ်ထွက်သွားကြမည် ဆိုပါက သူသည် အဆင့် ၉ သို့ ချက်ချင်း ရောက်ရှိသွားမည် မဟုတ်ပါလား။ ထိုသို့ တွေးတောနေစဉ် ရှန်ကျစ်ရှားသည် ဝန်းကျင်မှ ဆူညံစွာ ဆွေးနွေးနေသံများကို ကြားလိုက်ရသည်။
“ဝိညာဉ်စွမ်းအင်တွေ စီးဆင်းနေတာလား။ ခရီးသစ်ရဲ့ ကျောင်းအုပ်ကြီး အဆင့်တက်သွားပြီ”
“စတုတ္ထအဆင့်ကို တက်လှမ်းတဲ့ မြင်ကွင်းမျိုးကို ငါ့ရှေ့မှာ မြင်ရတာ ဒါ ပထမဆုံးပဲ”
“ဟမ် ခရီးသစ်ရဲ့ ကျောင်းအုပ်ကြီးလည်း ဆရာစူးချီရဲ့ ကိုယ်ခံပညာကို သင်ယူထားတာ ဖြစ်နိုင်မလား”
“တကယ်လည်း ဖြစ်နိုင်တာပဲ။ မဟုတ်ရင် သူက ဘာလို့ အစောကြီးလည်း အဆင့်မတက်၊ နောက်ကျမှလည်း အဆင့်မတက်ဘဲ အခုမှ ကွက်တိ အဆင့်တက်ရတာလဲ”
“ဒါဆိုရင် ဒီကိုယ်ခံပညာက သွေးလေအင်အားကို တကယ်ပဲ မြှင့်တင်ပေးနိုင်တာလား”
“ငါတို့ သင်တန်းကနေ မနုတ်ထွက်သေးဘဲ အရင်ဆုံး စမ်းပြီး လေ့ကျင့်ကြည့်ကြမလား”
ရှန်ကျစ်ရှားမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ‘ငါ့ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နေတာက မေးစရာ ရှိလို့ မဟုတ်ဘူး။ နင်တို့ရဲ့ အတွေးအခေါ်တွေက ပုံမှန် မဟုတ်ဘူးလို့ ငါ ထင်နေလို့။’
‘နင်တို့ရဲ့ ဘယ်ဘက်မျက်လုံးနဲ့များ ငါ ထိုက်ကျိပညာ လေ့ကျင့်နေတာကို မြင်လို့လဲ။ ငါ အဆင့်တက်တာက စနစ်ကြောင့်လေ။ တောက်... စနစ်ကသာ အချက်အလက်တွေကို အပြင်ကို မပေါက်ကြားစေရဘူးလို့ ကန့်သတ်မထားရင် နင်တို့မျက်နှာရှေ့မှာ စနစ်စာမျက်နှာကြီးကို ထိုးပြလိုက်ချင်တော့တာပဲ။’
ကံဆိုးသည်မှာ ဝိညာဉ်စွမ်းအင် စီးဆင်းနေစဉ်အတွင်း ကျောင်းအုပ်ကြီးရှန်သည် စကားမပြောနိုင်ပေ။ ထို့ကြောင့် သူသည် နေရာမှ ထရပ်ခဲ့ကြသည့် စစ်ပြန်ကြီးများ တစ်ဦးပြီးတစ်ဦး နေရာတွင် ပြန်ထိုင်နေကြသည်ကိုသာ မတတ်သာဘဲ ကြည့်နေရတော့သည်။
“နေဦးလေ၊ ပြန်မလာကြနဲ့ဦး၊ သွားကြ၊ မြန်မြန် သွားကြပါ...”
သူသည် စိတ်ထဲမှ အော်ဟစ်နေသော်လည်း ဘာမှ မထူးခြားပေ။ သူသည် လူဆိုးနှင့် တွေ့နေရသည့် အပျိုကြီးတစ်ဦးကဲ့သို့ ဘာမှ မတတ်နိုင် ဖြစ်နေတော့သည်။ ထို့နောက် သူသည် စာသင်ခန်း တံခါးဝသို့ မတတ်သာဘဲ လှမ်းကြည့်လိုက်သည်။ သင်တန်းမှ နုတ်ထွက်ရန် ပြင်နေသည့် မစ္စတာ လီပေါ်မှာ သူ၏ ဘောပင်ကို လေထဲတွင် ရပ်တန့်ထားသည်။ သူ လက်မှတ်ထိုးမည့် လက်ကို ရပ်တန့်လိုက်သည်။ သူ ဘောပင်ကို ချလိုက်သည်။
“ဟေ့ ဟေ့ လက်မှတ်ထိုးလိုက်လေ မရပ်လိုက်နဲ့လေ ဟေ့”
အခန်း (၃၈) - အရိုးအကြောများ သန့်စင်ခြင်း
“မဟုတ်ဘူး... ကျေးဇူးပြုပြီး... ရပ်လိုက်ကြပါဦး...”
ကံဆိုးသည်မှာ ကျောင်းအုပ်ကြီးရှန်၏ စွမ်းဆောင်ရည်တွင် သူတစ်ပါး၏ အတွေးကို ဖတ်နိုင်သည့် စွမ်းအား မပါဝင်ခြင်းပင် ဖြစ်သည်။ ဝိညာဉ်စွမ်းအင် စီးဆင်းနေသည့် အခြေအနေတွင် သူသည် စကားတစ်လုံးမျှ မပြောနိုင်သဖြင့် သူ၏ အဆင့်တက်ခြင်းမှာ ဤကျင့်စဉ်နှင့် မပတ်သက်ကြောင်း ရှင်းပြ၍ မရပေ။
သူသည် ကျောင်းသားများ၏ ထင်ကြေးပေးမှုများကိုသာ ဒီအတိုင်း ကြည့်နေရတော့သည်။ “ထိုက်ကျိပညာက လှပတဲ့ ကျောင်းအုပ်ကြီးရှန်ကို စတုတ္ထအဆင့်အထိ တက်လှမ်းစေခဲ့တာပဲ။ ထိုက်ကျိပညာက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် စွမ်းတာပဲ”
ကံကောင်းသည်မှာ ကျောင်းအုပ်ကြီးရှန်သည် လောကဓံကို အကြိမ်ကြိမ် ကြုံဖူးသူ ဖြစ်သလို အမြော်အမြင် ရှိသူလည်း ဖြစ်သည်။ တိတိကျကျ ပြောရလျှင် သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ် စိတ်အေးအေးထားလိုက်ခြင်း ဖြစ်သည်။
မှန်ပေသည်၊ ငါ ရုတ်တရက် အဆင့်တက်သွားသော်လည်း ဆရာစူးချီ၏ ကိုယ်ခံပညာ၏ အခြေခံ ဂုဏ်သတ္တိများကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ ဟုတ်သည်၊ ဆရာစူးချီ၏ ကိုယ်ခံပညာက သွေးလေအင်အားကို အမှန်တကယ် တိုးတက်စေနိုင်မည်ဟု ငါ မယုံကြည်ပေ။ အကယ်၍ တိုးတက်စေနိုင်သည် ဆိုလျှင်ပင် အနည်းငယ်မျှသာ ဖြစ်ရမည်။
ယခု အခြေအနေမှာ ထွက်ခွာရန် ပြင်ဆင်နေသည့် ကျောင်းသားများက ခေတ္တ ပြန်ထိုင်နေကြခြင်းသာ ဖြစ်ပြီး ဆရာစူးချီကို သင်ခန်းစာ တစ်ခု သင်ကြားခွင့် ပေးလိုက်ခြင်းမျှသာ ဖြစ်သည်။ သင်တန်းမှ နုတ်ထွက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ကိုယ်ခံပညာ၏ အရည်အသွေးပေါ်တွင်သာ မူတည်နေသေးသည်။ ငါကိုယ်တိုင် အသေးစိတ် ညွှန်ကြားထားသည့် ဆရာစူးချီ၏ သင်ခန်းစာကသာ ကောင်းမွန်နေမည် ဆိုပါက ထူးဆန်းသည့် ကိစ္စပင် ဖြစ်ပေလိမ့်မည်။
ကိုယ်ခံပညာ၏ တိုက်ခိုက်ရေး နည်းစနစ်များက ကောင်းမွန်နေလျှင်ပင် အဘိုးကြီး မစ္စတာ လီပေါ်က ဆရာစူးချီ၏ ကိုယ်ခံပညာမှာ သူတို့ အလိုရှိသည့်အရာ မဟုတ်ကြောင်း ပြောထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးရှန်အနေဖြင့် ရှုံးနိမ့်သွားပြီဟု မဆိုနိုင်သေးပေ။ သင်တန်း ပြီးဆုံးသွားသည်နှင့် သူတို့ သင်တန်းမှ နုတ်ထွက်ကြဦးမည်မှာ သေချာလှသည်။
ထိုသို့ တွက်ဆပြီးနောက် ရှန်ကျစ်ရှား၏ စိတ်ထဲတွင် အနည်းငယ် ပြေလျော့သွားတော့သည်။
…
ထိုအချိန်တွင် စင်မြင့်ထက်ရှိ ဆရာစူးချီသည် ထွက်ခွာရန် ပြင်နေသည့် လူအုပ်ကြီးကို ကြည့်နေမိသည်။ သင်ကြားမှု ဆိုသည်မှာ သူထင်သကဲ့သို့ မရိုးရှင်းကြောင်း သူ သိလိုက်ရသည်။ ဤသင်တန်းအတွက် ကုန်ကျစရိတ်ကို အာဏာပိုင်များက ပေးချေထားခြင်း ဖြစ်သည့်အတွက် စစ်ပြန်ကြီးများအတွက်မူ မည်သည့် ကုန်ကျစရိတ်မျှ မရှိဘဲ အချိန်မရွေး နုတ်ထွက်နိုင်ခြင်း ဖြစ်သည်။
သူ၏ ကိုယ်ခံပညာ မိတ်ဆက်မှုမှာ လူအများကို ဆွဲဆောင်နိုင်လောက်အောင် ပြင်းထန်မှု မရှိသေးသောကြောင့် အများအပြားမှာ ထွက်ခွာရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။ အစပိုင်းတွင် ဆရာစူးချီ အနည်းငယ် စိုးရိမ်ခဲ့သော်လည်း မျှော်လင့်မထားဘဲ ကျောင်းအုပ်ကြီးရှန်က အရေးကြီးသည့် အချိန်တွင် လူအများရှေ့၌ အဆင့်တက်ပြလိုက်သဖြင့် ကျောင်းသားများ အားလုံး နေရာတွင် ပြန်ထိုင်သွားကြတော့သည်။
ကျောင်းအုပ်ကြီးရှန်ကတော့ အကောင်းဆုံးပဲ၊ ငါ သူ့ကို အပြည့်အဝ ထောက်ခံရမယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးရှန်ရဲ့ မျက်နှာက ဘာလို့ တစ်မျိုး ဖြစ်နေရတာလဲ။ ခွန်အားတွေ တိုးလာပြီး စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ၊ သူ ဝမ်းသာနေသင့်တာ မဟုတ်ဘူးလား။ ထားလိုက်ပါတော့၊ လှပတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ကူးတွေကို ငါ နားမလည်နိုင်တာလည်း မဆန်းပါဘူး။
ထိုသို့ တွေးတောရင်း ဆရာစူးချီက ကျောင်းအုပ်ကြီးရှန်ကို အဝေးမှနေ၍ လေးစားသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူသည် သင်ကြားမှုတွင် အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။ ကျောင်းသားများ နုတ်ထွက်သွားနိုင်သည့် အခြေအနေ ရှိနေသဖြင့် သူသည် အဓိက အချက်များကို တိုက်ရိုက် ပြောကြားရန် ဆုံးဖြတ်လိုက်သည်။ ဤကိုယ်ခံပညာ၏ အံ့ဩစရာ အကောင်းဆုံး အချက်ကို ရှင်းပြရမည် ဖြစ်သည်။
“အချို့က မေးကြလိမ့်မယ်၊ ထိုက်ကျိပညာကို လေ့ကျင့်ရင် သွေးလေအင်အား ဘယ်လောက်အထိ တိုးတက်နိုင်မှာလဲလို့”
“ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို သာဓကအနေနဲ့ ပြောပြပါ့မယ်။ ကျွန်တော် သွေးလေအင်အား လည်ပတ်မှု တစ်ပတ် ပြည့်အောင် လုပ်ပြီး သက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ အပ်စိုက်မှတ် ၇၂ ခုကို တစ်ကြိမ် လှုံ့ဆော်လိုက်တဲ့အခါ...”
“ကျွန်တော့်ရဲ့ သွေးလေအင်အားက ၅ မှတ် တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ သွေးလေအင်အား တိုးတက်မှုနှုန်းက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို ကိုယ်ပိုင် ပါရမီပေါ်မှာလည်း မူတည်နေပါတယ်”
၅ မှတ် ဟုတ်လား။
ဤကိန်းဂဏန်းသည် ကြက်ခြံထဲသို့ ဗြောက်အိုး ပစ်ထည့်လိုက်သကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ရောက်ရှိနေသည့် စစ်ပြန်ကြီး ၇၀၃ ဦး၊ အွန်လိုင်း သင်တန်းမှ ကျောင်းသား ၁၆၀၀၀ နှင့် တိုက်ရိုက် ကြည့်ရှုနေသူ ရှစ်သိန်းကျော်တို့မှာ တစ်ပြိုင်နက် မှင်တက်သွားကြသည်။ ခဏအကြာတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးစလုံးတွင် မှတ်ချက်များမှာ ဒီရေကဲ့သို့ စီးဆင်းလာတော့သည်။
“၅ မှတ်လား။ ၅ မှတ် အပြည့်ပေါ့။ ငါ ၅ မှတ် ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာ မင်းတို့ သိလား”
“တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ အခြေခံ သွေးလေအင်အားက ၁၈၀ မှတ်ပဲ ရှိတာ။ ထိုက်ကျိပညာကို ၃၆ ရက်လောက် သင်လိုက်ရုံနဲ့ တက္ကသိုလ်ဝင်ခွင့် စံနှုန်းကို ရောက်သွားနိုင်တာလား”
“၇၀၀ မှတ်ဆိုတာ တတိယအဆင့် ဘွဲ့လွန်ကျောင်းသား တစ်ယောက်ရဲ့ အဆင့်ပဲ။ ဆရာစူးချီရဲ့ ပညာနဲ့ဆိုရင် ၁၄၀ ရက်ပဲ လိုတာပေါ့”
“ဒါသာ အမှန်ဆိုရင် ဆရာစုကို ဧကရီဂူဗိမာန်ထဲမှာတောင် ထည့်သွင်း ပူဇော်ရမယ်”
အချို့က အံ့သြနေကြသလို အချို့ကလည်း မေးခွန်းထုတ်နေကြသည်။
“ငါတော့ သိပ်မယုံဘူး”
“ကြည့်ရုံနဲ့တင် ဒါက အတုမှန်း သိသာတယ်”
“ဒါသာ အမှန်ဆိုရင် ငါ ခေါင်းနဲ့ရပ်ပြီး မစင်စားပြမယ်”
“သူက သင်ကြားမှုကို စတင်နေပြီပဲ၊ ဆရာစူးချီအနေနဲ့ အခုအချိန်မှာ လိမ်ပြောနေစရာ အကြောင်းမရှိပါဘူး”
နောက်ဆုံး မှတ်ချက်ကမူ သံသယများကို အနည်းငယ် ပြေပျောက်သွားစေသည်။ ထိုအချိန်တွင် စင်မြင့်ထက်မှ ဆရာစူးချီသည်လည်း သင်ကြားမှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
“စကားတွေ အများကြီး မပြောတော့ပါဘူး၊ သင်ကြားမှု အပိုင်းကို တိုက်ရိုက် သွားကြရအောင်”
“ပဉ္စဘူတကို ပျိုးထောင်ပါ၊ စိတ်အာရုံကို ခါးမှာ ထားပါ၊ သွေးလေကို အောက်ဘက် အပ်စိုက်မှတ်တွေဆီ ပို့ဆောင်ပါ... ကျွန်တော့်နောက်က လိုက်လုပ်ကြည့်ပါ၊ ထိုက်ကျိအဖွင့်”
ပြောပြောဆိုဆိုဖြင့် စူးချီသည် ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ချဲရပ်လိုက်ပြီး လက်နှစ်ဖက်ကို သဘာဝအတိုင်း ချထားကာ ပခုံးကို လျှော့၊ တံတောင်ကို ချ၊ ရင်ဘတ်ကို အနည်းငယ် ချိုင့်၊ ကျောကို ဆန့်ကာ ခေါင်းကို မတ်မတ် ထားလိုက်သည်။
“ထိုက်ကျိအဖွင့်မှာ သွေးလေက အောက်ဘက်ကို စီးဆင်းပြီး အပ်စိုက်မှတ်တွေကို ရိုက်ခတ်ရမယ်။ အချို့ကတော့ ဒီနေရာကို ဒန်ထျန်လို့ ခေါ်ကြတယ်။ တစ်ချိန်တည်းမှာပဲ လျှာဖျားက အာခေါင်ကို ထိထားရမယ်၊ အသက်ရှူမှုကို သဘာဝအတိုင်း ထားပြီး အသက်ရှူသံက အထက်ကို စီးဆင်းရမယ်”
“သွေးလေနဲ့ အသက်ရှူမှုက စွမ်းအင်နှစ်မျိုး ဖြစ်ပေါ်စေပြီး ယင်နဲ့ယန် အပြန်အလှန် လည်ပတ်နေတာဟာ ထိုက်ကျိပဲ ဖြစ်ပါတယ်...”
ဤသို့ဖြင့် ဆရာစူးချီသည် ထိုက်ကျိ တိုက်ကွက် ၁၃ ကွက်ကို ပြသရင်း သွေးလေလည်ပတ်မှု နိယာမများကို ရှင်းပြနေတော့သည်။ ရောက်ရှိနေသည့် သက်ကြီးရွယ်အိုများ အားလုံးမှာလည်း သံသယ စိတ်ဖြင့်ပင် စူးချီနောက်မှ လိုက်ပါ လေ့ကျင့်နေကြသည်။
…
ထိုအချိန်တွင် မစ္စတာ လီပေါ်သည် တံခါးဝရှိ စာရင်းသွင်း စားပွဲတွင် ရပ်နေဆဲ ဖြစ်သည်။ ရှန်ကျစ်ရှား၏ အဆင့်တက်မှုက သူ့ကို အမှန်တကယ်ပင် ထိတ်လန့်သွားစေခဲ့သည်။ သူ ဘောပင်ကို ချလိုက်ခြင်းမှာ သူ၏ စိတ်ကူး ပြောင်းလဲသွားသောကြောင့် မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်လိုသောကြောင့် ဖြစ်သည်။ သူသည် ဈေးဝယ်စင်တာများရှိ အဘိုးကြီးများကဲ့သို့ပင် အခြေအနေကို အကဲခတ်နေခြင်း ဖြစ်သည်။
ဈေးကြီးသည့် ပုစွန်ထုပ်နှင့် ငါးများကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ရန် အချို့သော အဘိုးကြီးများသည် ငါးကန်ဘေးတွင် ငါးသေမည့် အချိန်ကို စောင့်နေတတ်ကြသည်။ ထိုအခါမှသာ လတ်ဆတ်ဆဲ ဖြစ်သည့် ငါးကို အပေါဆုံးဈေးဖြင့် ဝယ်ယူနိုင်မည် မဟုတ်ပါလား။ မစ္စတာ လီပေါ်သည်လည်း ထိုနည်းအတိုင်းပင်။ သူသည် တံခါးဝတွင် ရပ်ကာ ထွက်ခွာတော့မည့် ပုံစံဖမ်းရင်း “အရှေ့တိုင်းဟောင်း” မှ စွန်းရွှိ၏ ထောက်ပံ့မှုကိုလည်း မဆုံးရှုံးစေဘဲ ဆရာစူးချီ၏ ကိုယ်ခံပညာက သွေးလေအင်အား တိုးတက်စေနိုင်ခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဆရာစူးချီ သင်ကြားမှုကို စတင်လိုက်ချိန်တွင် သူသည်လည်း စူးချီ၏ လှုပ်ရှားမှုများအတိုင်း လိုက်ပါ လေ့ကျင့်ကြည့်လိုက်သည်။ ထိုအခါ သူ လုံးဝ မှင်တက်သွားတော့သည်။ သူ၏ သွေးလေအင်အားမှာ ဖြည်းဖြည်းချင်း တိုးလာနေသည်။ သွေးလေအင်အား လည်ပတ်မှု တစ်ပတ် ပြည့်ပြီးနောက် သူ၏ သွေးလေအင်အားမှာ ၁.၅ မှတ် တိုးတက်လာခဲ့သည်။
၁.၅ မှတ် ဟုတ်လား။
ဆရာစူးချီ ပြောသကဲ့သို့ ၅ မှတ်အထိ မရောက်သော်လည်း ဤတိုးတက်မှုနှုန်းမှာ သွေးလေအင်အား ဆုတ်ယုတ်နေသည့် နှုန်းကို အဝေးကြီး ကျော်လွန်နေပြီ ဖြစ်သည်။ သူ၏ သွေးလေအင်အားမှာ ၁၄၅၇ မှတ် ဖြစ်သည်။ ဆိုလိုသည်မှာ ဤအတိုင်းသာ ဆက်လက် လေ့ကျင့်မည် ဆိုပါက သူသည် တစ်လအတွင်းမှာပင် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်မည့် မျှော်လင့်ချက် ရှိနေသည်။ ထိုသို့ဆိုလျှင် သူသည် နောက်ထပ် သက်တမ်း အနှစ် ၃၀ ကို ရရှိဦးမည် ဖြစ်သည်။
သူ၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ပြည့်နှက်သွားတော့သည်။
“ဆရာစူးချီ သင်ပေးနေတာက ဘယ်လို အဆင့်ရှိတဲ့ ကိုယ်ခံပညာလဲ။ အရင်းရှင်တွေ ရောင်းနေတဲ့ ဆေးလုံးတွေထက်တောင် ပိုပြီး စွမ်းနေပါလား”
အရင်းရှင်များအကြောင်း စဉ်းစားမိလိုက်ချိန်တွင် မစ္စတာ လီပေါ်မှာ ထိတ်လန့်သွားသည်။
“ဒါက ငါတို့လို အဘိုးကြီးတွေရဲ့ သွေးလေအင်အားကို မြှင့်တင်ပေးနိုင်ရုံတင် မကဘူး။ လူငယ်တွေရဲ့ ကျင့်စဉ်ကိုပါ မြှင့်တင်ပေးနိုင်တာပဲ။ ငါတို့လို သွေးလေအင်အား မဟာတံတိုင်းကို ဖြည့်ဆည်းခဲ့ကြတဲ့ အဘိုးကြီးတွေက သွေးလေဓာတ် ကုန်ခမ်းပြီး ခန္ဓာကိုယ် ပျက်စီးနေကြတာ ဖြစ်လို့ ကျင့်စဉ် အရှိန်က အရမ်း နှေးကွေးနေရတာ။ အကယ်၍ သာမန် ကျောင်းသားတွေသာ ဒီကိုယ်ခံပညာကို သင်ယူခွင့် ရမယ်ဆိုရင်ကော။ တစ်နေ့ကို သွေးလေအင်အား ၃ မှတ်၊ ၄ မှတ်လောက် တိုးနေမယ်ဆိုရင် သူတို့တွေဟာ နှစ်နှစ်မပြည့်ခင်မှာတင် စတုတ္ထအဆင့်ကို ရောက်သွားကြမှာ မဟုတ်လား”
“ဒါဆိုရင် မျိုးရိုးကြီးမိသားစုတွေရဲ့ ကိုယ်ခံပညာ လက်ဝါးကြီးအုပ်မှုကို လုံးဝ ဖျက်ဆီးပစ်တာ မဟုတ်ဘူးလား။ မျိုးရိုးကြီးမိသားစုတွေက သူ့ကို အလွယ်တကူ လွှတ်ပေးပါ့မလား”
ထိုသို့ တွေးတောရင်း မစ္စတာ လီပေါ်မှာ ထိတ်လန့်သွားတော့သည်။ သူသည် စင်မြင့်ထက်ရှိ ဆရာစူးချီကို ဝေခွဲမရသည့် အကြည့်ဖြင့် ကြည့်နေမိသည်။ ဤသည်မှာ မျိုးရိုးကြီးမိသားစုများ၏ အခြေခံ အုတ်မြစ်ကို တူးထုတ်လိုက်ခြင်းနှင့် ဘာကွာသနည်း။ ဆရာစူးချီသည် မည်သို့သော စိတ်ထားဖြင့် ဤမျှ မြင့်မားသည့် ကိုယ်ခံပညာကို သင်ကြားပေးနေရသနည်း။
မစ္စတာ လီပေါ်သည် စင်မြင့်ထက်ရှိ ဆရာစူးချီကို ငေးကြည့်နေမိသည်။ သူသည် ငယ်ရွယ်ပြီး တက်ကြွလှသည်။ သူ၏ ငယ်ဘဝကို ပြန်မြင်နေရသကဲ့သို့ပင်။ ထိုစဉ်က သူနှင့်အတူ ရဲဘော်ရဲဘက်များစွာ ရှိခဲ့ကြသည်။ သူတို့သည်လည်း ယခု စူးချီကဲ့သို့ပင် ရိုးသားဖြူစင်ပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သွေးလေအင်အား မဟာတံတိုင်းတွင် အက်ကြောင်းများ ပေါ်ပေါက်လာချိန်တွင် သူနှင့်အတူ လူငယ်ပေါင်း သောင်းနှင့်ချီ၍ ထိုနေရာသို့ ပြေးဝင်သွားခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ကြတော့ပေ။ လူတိုင်းသည် မိမိတို့၏ သွေးသားနှင့် စိတ်အားထက်သန်မှုများကို ရှေ့တန်းမျက်နှာစာတွင် ထားရစ်ခဲ့ကြသည်။ ထိုစဉ်က သူသည် ဘာကိုမျှ မကြောက်ဘဲ ဇွဲရှိရှိ တိုက်ပွဲဝင်ခဲ့သည်။
ထိုစိတ်ဓာတ်များကို သူ မည်သည့်အချိန်မှာ မေ့လျော့သွားခဲ့သနည်း။ ဟန်ရွှိ သေဆုံးသွားချိန်မှာ ဖြစ်ပေလိမ့်မည်။ သွေးလေအင်အား မဟာတံတိုင်းကို ဖြည့်ဆည်းစဉ်က ကျိန့်ယွဲ့ဟုန်က ပထမဆုံး ပြေးထွက်သွားခဲ့ပြီး သူက တတိယမြောက် ဖြစ်သည်။ ဒုတိယမြောက်မှာမူ သူ၏ သူငယ်ချင်း ဟန်ရွှိ ဖြစ်သည်။ နောက်ပိုင်းတွင် ဟန်ရွှိသည် ပါရမီ အလွန်ညံ့သဖြင့် သွေးလေအင်အား ဆုတ်ယုတ်မှုမှာ အမြန်ဆုံး ဖြစ်ခဲ့ပြီး ဒုတိယအဆင့်သို့ ပြန်ကျသွားပြီးနောက် သူ၏ သက်တမ်းမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရသည်။
ထိုစဉ်က သူသည် ကိုယ်ခံပညာကို လက်ဝါးကြီးအုပ်ထားသည့် မျိုးရိုးကြီးမိသားစုများကို မုန်းတီးခဲ့သလို ဆေးလုံးများကို ထိန်းချုပ်ထားသည့် အရင်းရှင်များကိုလည်း နာကျည်းခဲ့သည်။ ဤအခြေအနေအားလုံးကို ပြောင်းလဲပေးမည့်သူ တစ်စုံတစ်ဦး ပေါ်လာစေရန် သူ ဆုတောင်းခဲ့ဖူးသည်။ ယခုမူ သူ မျှော်လင့်ခဲ့သည့် လူသား ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူသည် မျိုးရိုးကြီးမိသားစုများနှင့် အရင်းရှင်များကို တော်လှန်နိုင်မည့် ကိုယ်ခံပညာတစ်ခုကို ထုတ်ပြခဲ့သည်။ ထို့နောက် ယင်းကို တစ်ကမ္ဘာလုံးကို အခမဲ့နီးပါး သင်ကြားပေးနေသည်။
ငါ... သူ့ကို ထောက်ခံရမယ်။ ဟန်ရွှိလို ကိစ္စမျိုး ထပ်ပြီး မဖြစ်စေရဘူး။
ထိုသို့ တွေးတောရင်း မစ္စတာ လီပေါ်သည် သင်တန်းမှ နုတ်ထွက်မည့် လျှောက်လွှာကို ရုတ်တရက် ကောက်ယူကာ ဒေါသတကြီးဖြင့် စုတ်ဖြဲပစ်လိုက်တော့သည်။
စွန်းရွှိရဲ့ ပိုက်ဆံတွေက ဘာမှ မဟုတ်ဘူး။ ငါ ဒီကိုယ်ခံပညာကို လူသိများအောင် လုပ်မယ်။ ငါ့ရဲ့ သူငယ်ချင်းဟောင်းတွေကိုပါ လာသင်ဖို့ ခေါ်ဦးမယ်။