အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) - ထူးကဲသော စွမ်းပကား
သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပညာရပ်ကို စတင်လိုက်သည်။
စူးချီသည် ဓားပျံများကို ထိန်းချုပ်နေစဉ်အတွင်း မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးလေအင်အား အပြောင်းအလဲများကို အာရုံခံကြည့်လိုက်သည်။
“ဟမ် သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်းက အပ်စိုက်မှတ် ၁၄၄ ခုကို လှုံ့ဆော်ပေးတာလား”
ဤကမ္ဘာရှိ လူသားတို့၏ ခန္ဓာကိုယ်တွင် အပ်စိုက်မှတ် ၇၂၀ ရှိသည်။ ပုံမှန် အယူအဆအရ ကိုယ်ခံပညာနှင့် သက်ဆိုင်သည့် အဓိက အပ်စိုက်မှတ် ၁၀၈ ခု ရှိသည်။ ကိုယ်ခံပညာ အားလုံးသည် ထိုအပ်စိုက်မှတ် ၁၀၈ ခုအတွင်း၌သာ သွေးလေအင်အား လှည့်ပတ် လှုံ့ဆော်ခြင်း ဖြစ်သည်။
စူးချီ ယခင်က ဖန်တီးခဲ့သည့် ကိုယ်ခံပညာ သုံးမျိုးစလုံးသည်လည်း ဤအပ်စိုက်မှတ် ၁၀၈ ခုအတွင်း၌သာ သွေးလေလှည့်ပတ်ခြင်း ဖြစ်သည်။ ယခုမူ အပ်စိုက်မှတ် ၁၄၄ ခုအထိ ဖြစ်ပေါ်လာခြင်းမှာ အများလက်ခံထားသည့် အယူအဆထက် ကျော်လွန်နေပြီ ဖြစ်သည်။
သို့သော် စေ့စေ့စပ်စပ် စစ်ဆေးကြည့်သောအခါ စူးချီသည် လမ်းစတစ်ခုကို ရှာတွေ့သွားသည်။
“ဪ ဒါတွေအားလုံးက အဓိက အပ်စိုက်မှတ်တွေ မဟုတ်ကြပါလား”
“ဒါဆိုရင် အဓိက မဟုတ်တဲ့ အပ်စိုက်မှတ် နှစ်ခုက အဓိက အပ်စိုက်မှတ် တစ်ခုကို ဝန်းရံပြီး သွေးလေ လည်ပတ်မှု လမ်းကြောင်းအသစ်ကို ပြန်လည် တည်ဆောက်လိုက်တာပေါ့”
သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပညာရပ်သည် ကျင့်စဉ် ပျက်စီးသွားသူများကို မည်သို့ ပြန်လည် ကျင့်ကြံနိုင်စေသနည်း ဆိုသည့် နိယာမကို စူးချီ ရိပ်မိသွားသည်။ ၎င်းသည် ပျက်စီးနေသော အဓိက သွေးလေ လမ်းကြောင်းများကို ရှောင်ကွင်းသွားခြင်း ဖြစ်သည်။
အသုံးမပြုသလောက် ဖြစ်နေသော အခြား သွေးလေများကို အသုံးပြု၍ လမ်းကြောင်းအသစ် တစ်ခုကို တည်ဆောက်လိုက်ခြင်းပင်။ ဤသည်မှာ လမ်းမကြီး ပြိုကျသွားသည့်အခါ ဘေးမှ လမ်းသစ်တစ်ခု ဖောက်လုပ်လိုက်ခြင်းနှင့် တူပေသည်။ အဓိက မဟုတ်သော အပ်စိုက်မှတ် ၁၄၄ ခုသည် ဆန်းကြယ်လှသော ကွန်ရက်တစ်ခုကို တည်ဆောက်ကာ အဓိက အပ်စိုက်မှတ် ၇၂ ခုကို ဝန်းရံ စောင့်ကြပ်နေကြသည်။ သွေးလေများမှာ ထိုအပ်စိုက်မှတ်များအတွင်း အရှိန်အဟုန်ဖြင့် စီးဆင်းကာ သွေးလေ လမ်းကြောင်းများကို တစ်ပြိုင်နက် သန့်စင်ပေးပြီး ပြန်လည် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။
“ဒါကြောင့်ကိုး ကျွမ်းကျင်သူတွေနဲ့ ပါရဂူတွေ အများကြီး ကြိုးစားခဲ့ကြပေမဲ့ ကျင့်စဉ် ပျက်စီးသွားတဲ့သူတွေ ပြန်လည် ကျင့်ကြံနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ခဲ့ကြတာ”
“ဖြစ်နိုင်တာကတော့ အချို့သော ကျွမ်းကျင်သူတွေရဲ့ အတွေးအခေါ်က အပ်စိုက်မှတ် ၁၀၈ ခုအတွင်းမှာပဲ ပိတ်မိနေတာ ဖြစ်မှာပါ”
ဤသည်မှာ မိမိနှင့် အနီးဆုံးနေရာတွင် ရှိနေသည့် အရာကို မမြင်နိုင်ခြင်းပင် ဖြစ်သည်။ ကိုယ်ခံပညာ၏ သွေးလေ လည်ပတ်မှုသည် အဓိက အပ်စိုက်မှတ်များတွင်သာ ကန့်သတ်မထားသင့်ပေ။ ကိုယ်ခံပညာ၏ တိုးတက်မှုနှင့် တီထွင်မှုများသည်လည်း ခေတ်နှင့်အညီ ပြောင်းလဲနေရမည် ဖြစ်သည်။ မဟုတ်ပါက ကိုယ်ခံပညာ လမ်းကြောင်းမှာ ရှေ့မတိုးနိုင်ဘဲ တန့်နေပေလိမ့်မည်။
“သူတို့ ဘာလို့ တခြား အပ်စိုက်မှတ်တွေကို ထည့်မစဉ်းစားခဲ့ကြတာလဲ”
စူးချီ၏ စိတ်ထဲတွင် ထိုအတွေး တစ်ချက် ဝင်လာသည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ခါးသက်သက် ပြုံးလိုက်မိသည်။
“ဪ ဒါက အတွေးအခေါ် ကန့်သတ်ချက် တစ်ခုတည်းကြောင့် မဟုတ်နိုင်ဘူး”
“အပ်စိုက်မှတ် ၇၂၀ ရဲ့ လုပ်ဆောင်ချက်တွေကို ရှာဖွေရတာဟာ ဆေးပညာနဲ့ သက်ရှိ သိပ္ပံပညာဆိုင်ရာ အခက်အခဲ တစ်ခုပဲ။ ဒါ့အပြင် ဒါဟာ အလွန်ကြီးမားတဲ့ ဖြစ်နိုင်ခြေ စမ်းသပ်မှု တစ်ခုလည်း ဖြစ်နေတယ်”
အဓိက အပ်စိုက်မှတ် ၁၀၈ ခုကို ဖယ်ထုတ်လိုက်လျှင်ပင် လူ့ခန္ဓာကိုယ်အတွင်း၌ အခြား အပ်စိုက်မှတ် ၆၁၂ ခု ကျန်ရှိနေသေးသည်။ ထိုအပ်စိုက်မှတ်များကို တစ်ပြိုင်နက် လှုံ့ဆော်ပါက မည်သို့သော ရလဒ် ထွက်ပေါ်လာမည်ကို သုတေသန ပြုလုပ်ရန်မှာ မလွယ်ကူပေ။ အလယ်အလတ်အဆင့် ကိုယ်ခံပညာ တစ်ခု ဖန်တီးရန်အတွက် အပ်စိုက်မှတ် ၃၆ ခုခန့် လိုအပ်သည်။ အပ်စိုက်မှတ် ၆၁၂ ခုထဲမှ ၃၆ ခုကို ရွေးချယ်၍ ပေါင်းစပ် စမ်းသပ်ရန်မှာ ဖြစ်နိုင်ခြေပေါင်း မြောက်မြားစွာ ရှိနေသည်။ တစ်စက္ကန့်လျှင် စမ်းသပ်မှု တစ်ခု ပြုလုပ်မည် ဆိုပါက ကမ္ဘာမြေကြီး ပေါက်ကွဲသွားလျှင်ပင် စမ်းသပ်မှုမှာ ပြီးဆုံးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စနစ်၏ အကူအညီကို ရယူထားသော မိမိအနေဖြင့် အခြားသူများကို မကြိုးစားဟု အပြစ်တင်နေခြင်းမှာ အနည်းငယ် လွန်ရာကျပေလိမ့်မည်။
“ထားလိုက်ပါတော့။ အဲဒါတွေကို ဆက်မစဉ်းစားတော့ဘူး”
“လူတွေကို သွေးလေအင်အား ပြန်လည် ရရှိစေနိုင်တဲ့ ဒီနည်းလမ်း တစ်ခုတည်းနဲ့တင် အလွန် ထူးကဲလှပါပြီ”
“ဒီအားသာချက် တစ်ခုတည်းနဲ့တင် သွေးလေအင်အား ဆုံးရှုံးနေရသူတွေကို ဝမ်းသာပီတိ ဖြစ်သွားစေမှာ သေချာပါတယ်”
လက်ရှိတွင် သွေးလေအင်အား ဆုံးရှုံးသွားသော စစ်သည်ပေါင်း တစ်သိန်းခန့် ရှိနေသည်။ သူတို့ အားလုံးမှာ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ပညာရှင်များ မဟုတ်ကြသော်လည်း ဆယ်ပုံတစ်ပုံခန့် ရှိမည်ဆိုလျှင်ပင် လူပေါင်း နှစ်သောင်းခန့် ရှိပေလိမ့်မည်။
တတိယအဆင့် ကျင့်ကြံသူ တစ်ဦးက ကိုယ်ခံပညာ သင်ယူပါက ဆရာကောင်း ရမှတ် ၂၅ မှတ် ရရှိပြီး စတုတ္ထအဆင့် ကျင့်ကြံသူက ၁၂၅ မှတ် ရရှိသည်။ တတိယအဆင့် ကျောင်းသား ၁၅၀၀၀ နှင့် စတုတ္ထအဆင့် ကျောင်းသား ၅၀၀၀ ဟု တွက်ချက်ကြည့်လျှင် သူသည် ဆရာကောင်း ရမှတ် တစ်သန်းအထိ ရရှိနိုင်ပေသည်။
ပို၍ အရေးကြီးသော အချက်မှာ ထိုမသန်စွမ်းသူများသည် ကျင့်ကြံလိုစိတ် အလွန် ပြင်းပြကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းမှာ ကျင့်ကြံလိုစိတ်ထက် အသက်ရှင်သန်လိုစိတ်နှင့် ပြောင်းလဲလိုစိတ် ဖြစ်ပေလိမ့်မည်။ တစ်သက်လုံး အောက်ခြေတွင်သာ နေထိုင်သွားမည်လား သို့မဟုတ် ကိုယ်ခံပညာ တစ်ခုကို သင်ယူပြီး ကံကြမ္မာကို ပြောင်းလဲပစ်မည်လား။ မျှော်လင့်ချက် ကုန်ဆုံးနေသူများသည် ရရှိလာသည့် အခွင့်အရေး တိုင်းကို ပိုမို တန်ဖိုးထားတတ်ကြသည်။
သူတို့ကို ကောင်းမွန်စွာ သင်ကြားပေးခြင်းဖြင့် စူးချီ၏ ဝင်ငွေကို အာမခံနိုင်ပေလိမ့်မည်။ ယခုခေတ် ကျောင်းသားများနှင့် မတူပေ။ စူးချီသည် ကိုယ်ခံပညာ သုံးမျိုး သင်ကြားပေးပြီးနောက် ယခုခေတ် ကျောင်းသားများ၏ ဘုံပြဿနာ တစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ သူတို့သည် အလုပ်ခိုးရန် အလွန် ဝါသနာပါကြခြင်း ဖြစ်သည်။ သူသည် လေ့ကျင့်ရုံဖြင့် တိုးတက်နိုင်သည့် ထိုက်ကျိပညာကို ထုတ်ပေးခဲ့သော်လည်း ကျောင်းသား ငါးသိန်းအနက် တစ်သိန်းပင် မတတ်မြောက်ကြပေ။
ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ကျောင်းသား ထက်ဝက်ခန့်မှာ ဗီဒီယိုကို ကြည့်ရှုပြီး “သဘောကျသည်”၊ “မျှဝေသည်”၊ “သိမ်းဆည်းသည်” စသည်တို့ကို ပြုလုပ်လိုက်ရုံဖြင့် ဤကိုယ်ခံပညာကို မိမိ ပိုင်ဆိုင်သွားပြီဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ကျန်ရှိနေသည့် သူများကလည်း သုံးမိနစ်ခန့်သာ လိုက်လုပ်ကြည့်ပြီးနောက် ကျင့်ကြံမှု ပြီးဆုံးပြီဟု ယူဆနေကြခြင်း ဖြစ်ပေလိမ့်မည်။
…
ဤကိုယ်ခံပညာ၏ သွေးလေ လည်ပတ်မှု နိယာမကို ခံစားပြီးနောက် စူးချီသည် အမြောက်ပြောင်းမှ ပစ်လွှတ်နေသည့် ဓားပျံများကို မော့ကြည့်လိုက်သည်။
“ကဲ ဒီကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ စွမ်းပကားကို ငါ အခုပဲ စမ်းသပ်ကြည့်ရအောင်”
ထိုသို့ တွေးတောရင်း စူးချီ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးလေအင်အားများမှာ အရှိန်အဟုန်ဖြင့် လှုပ်ခတ်လာသည်။ ကြမ်းပြင်ပေါ်ရှိ ဓားပေါင်းများစွာမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် လေထဲသို့ ပျံတက်သွားပြီး မျက်နှာချင်းဆိုင်ရှိ အမြောက်ပြောင်းဆီသို့ ဦးတည်သွားကြသည်။ သွေးလေအင်အားများ မြင့်တက်လာသည်နှင့်အမျှ စူးချီ ထိန်းချုပ်နိုင်သည့် ဓားပျံ အရေအတွက်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ... ရှစ်ရာ၊ ကိုးရာ...။
“တစ်ထောင်”
စူးချီသည် ဤအရေအတွက်အပေါ် အလွန် ကျေနပ်သွားမိသည်။ မဟာရှနိုင်ငံ၏ ထိပ်တန်း ဓားသိုင်းမျိုးရိုး ဖြစ်သော ချူမိသားစု၏ ကိုးပါးလျှို့ဝှက် ဓားစွမ်းအင်သည် ပဉ္စမအဆင့် ရောက်မှသာ ဓား ၇၂၉ စင်ကို ထိန်းချုပ်နိုင်သည်။ ထိုပညာရပ်မှာ ချူမိသားစု၏ အဆင့် ၄ မှ ၆ အတွင်း အခိုင်အမာ လက်ဝါးကြီးအုပ်ထားသော လျှို့ဝှက်ချက် ဖြစ်သည်။
ယခု သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပေါ်ပေါက်လာခြင်းကြောင့် အဆင့် ၄ မှ ၆ အတွင်း ချူမိသားစု၏ ကိုယ်ခံပညာ အားသာချက်မှာ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ မင်းက ပဉ္စမအဆင့်အထိ ကျင့်ကြံထားသော်လည်း မင်း၏ စွမ်းအားက ငါ့ရဲ့ စတုတ္ထအဆင့်လောက် မရှိလျှင် မင်း ငါ့ကို ဘယ်လို ယှဉ်မလဲ။
ဤမျှအထိ စမ်းသပ်ပြီးနောက် စူးချီသည် သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း၏ အနှစ်သာရကို ကောင်းကောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ သွေးလေအင်အား ပြန်လည် ရရှိစေခြင်းနှင့် အားကောင်းလှသော စွမ်းပကား။
“ကျောင်းအုပ်ကြီးရှန်ရဲ့ တောင်းဆိုချက်တွေကို အကုန် ပြည့်မီနိုင်ပြီ”
“ပြီးပြည့်စုံလိုက်တာ။ အိမ်ပြန်ပြီး ကျင့်စဉ်ကျမ်းကို ရေးသားပြီးရင် သူ့ရှေ့မှာ လက်တွေ့ ပြသပေးရမယ်”
ထိုအချိန်တွင် ဓားပျံ လေ့ကျင့်ရေးကွင်း အတွင်း၌ စမ်းသပ်မှုမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဓားပျံ လေ့ကျင့်ရေးကွင်းသည် ပြိုင်ဘက်၏ တိုက်ခိုက်မှု အင်အားပေါ် မူတည်၍ ခက်ခဲမှုကို ချိန်ညှိပေးသည်။ ထို့ကြောင့် စူးချီ၏ အမြင်တွင် မျက်နှာချင်းဆိုင်မှ ဓားပျံများမှာလည်း အလွန်ပင် ထူထပ်နေသည်။
ထိန်းချုပ်ထားသည့် ဓားပျံ အရေအတွက်မှာ တစ်ထောင်ကျော်သွားပြီးနောက် စူးချီသည် မဆိုင်းမတွတော့ပေ။ သူ၏ တစ်ကိုယ်လုံးရှိ သွေးလေအင်အားကို အသုံးပြုကာ ဓားပေါင်းများစွာကို အမြောက်ပြောင်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် တစ်မိနစ်ခန့် အကြာတွင် စက်ကြီးမှာ ရပ်တန့်သွားတော့သည်။ စူးချီ ဒဏ်ရာရသွားခြင်း မဟုတ်သလို စက်ပျက်သွားခြင်းလည်း မဟုတ်ပေ။ လေ့ကျင့်ရေးကွင်းအတွင်းရှိ ဓားများအားလုံး ကျိုးပဲ့သွားခြင်းကြောင့် ဖြစ်သည်။
ဓားပျံ တစ်ထောင်သည် မျက်နှာချင်းဆိုင်ရှိ စက်နှင့် ရိုက်ခတ်လိုက်ကြသည်။ တစ်ကွင်းလုံးရှိ ဓားပေါင်း သုံးသောင်းမှာ တစ်မိနစ်ပင် မခံလိုက်ပေ။ ဖရိုဖရဲ ဖြစ်နေသည့် မြင်ကွင်းကို ကြည့်ပြီး စူးချီ အနည်းငယ် မှင်တက်သွားမိသည်။ တစ်ကွင်းလုံးတွင် ကောင်းမွန်သည့် ဓားတစ်စင်မျှ ကျန်မနေတော့ပေ။
“ချူမိသားစုက ငါ့ကို လျော်ကြေး တောင်းပါ့မလား”
ထိုသို့ တွေးတောရင်း စူးချီက ဖုန်းကို ထုတ်ကာ ဈေးနှုန်း စစ်ဆေးကြည့်လိုက်သည်။ သံဓား အညံ့စား တစ်စင်လျှင်ပင် ၂၀ ခန့် ကျသင့်သည်။ သူသည် လေ့ကျင့်ခ ငါးသောင်း ပေးခဲ့ရသော်လည်း ချူမိသားစု၏ ပစ္စည်း နှစ်သိန်းဖိုးခန့်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ထားလိုက်ပါတော့၊ မြန်မြန် ထွက်ပြေးတာက အကောင်းဆုံးပါပဲ။
စူးချီသည် အဆင့်မြင့် ဓားပျံ လေ့ကျင့်ရေးကွင်း၏ တံခါးကို အမြန်ဖွင့်ကာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်တဆိတ် ထွက်ပြေးသွားတော့သည်။
…
လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင်မူ။
ချူရွှမ်မှာ ထိုင်ရုံသာ ရှိသေးသည်။ နဂါးရုပ်ပါသည့် ခေါင်းစွပ်အင်္ကျီနှင့် လူငယ် ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ သူသည် သူ၏ နောက်ကွယ်မှ ဓားပျံ လေ့ကျင့်ရေးကွင်း၏ ဖန်သားပြင်ကို သံသယဖြင့် ကြည့်လိုက်သည်။
တစ်မိနစ်တည်းလား။
ဤကိန်းဂဏန်းကို မြင်လိုက်ရချိန်တွင် ချူရွှမ်မှာ အကြီးအကျယ် စိတ်ပျက်သွားပြီး စူးချီနှင့် စကားပြောလိုစိတ်ပင် မရှိတော့ပေ။ ချူမိသားစုမှ တတိယအဆင့် ဓားသမား မည်သူမဆို အထဲတွင် တစ်မိနစ်တော့ ခံနိုင်ကြသည် မဟုတ်ပါလား။ ထိုကလေးက မျက်နှာဖုံး တပ်ထားခြင်းမှာ အရှက်ကွဲမည်ကို ကြောက်သောကြောင့် ဖြစ်ရမည်။
“ကြည့်ရတာတော့ အပျော်လာကစားတဲ့ သူဌေးသားလေး တစ်ယောက်ပါပဲ”
ဘေးမှ နောက်လိုက်ကလည်း ထောက်ခံလိုက်သည်။
“ဟုတ်ပါတယ် သခင်လေး။ တစ်မိနစ်တည်း ဆိုတော့ အရမ်း တိုလွန်းပါတယ်။ ၇ မိနစ်ကျော်မှ ယောကျ်ားပီသတာပေါ့”
ချူရွှမ်က အေးစက်စွာ ပြုံးလိုက်သည်။ ဤမျှလောက်သော အဆင့်ရှိသည့် သူကို သူ အာရုံစိုက်နေစရာ မလိုပေ။ သူသည် အနားယူပြီးပြီ ဖြစ်သဖြင့် မိမိ၏ အစွမ်းကို ထပ်မံ စမ်းသပ်ရန် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။ ဝန်ထမ်းဖြစ်သူကလည်း ချူရွှမ်နှင့်အတူ လိုက်ပါသွားသည်။
သူတို့နှစ်ဦး လေ့ကျင့်ရေးကွင်းထဲသို့ ရောက်ရှိသွားသည့် ခဏတွင် နှစ်ဦးစလုံး မှင်တက်သွားကြသည်။ တစ်ကွင်းလုံးရှိ ဓားများအားလုံး ကျိုးပဲ့နေကြပြီး ကောင်းမွန်သည့် ဓားတစ်စင်မျှ မရှိတော့ပေ။
“ဓားတွေ... ကျိုးကုန်ပြီ။ ဓားတွေ အကုန် ကျိုးကုန်ပြီ။ အဲဒီကလေးက နတ်ဘုရား လက်နက်တစ်ခုကို လာပြီး စမ်းသပ်သွားတာလား”
ဝန်ထမ်းဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေတော့သည်။ ချူရွှမ်မှာမူ ဘာမှမပြောဘဲ ကျိုးပဲ့နေသည့် ဓားအချို့ကို ကောက်ယူကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။ အကယ်၍ နတ်ဘုရား လက်နက်တစ်ခုခုဖြင့် ဖျက်ဆီးခြင်း ဖြစ်ပါက ဓားများမှာ အလယ်မှ ပြတ်သွားရပေလိမ့်မည်။ သို့သော် သူကိုင်ထားသည့် ဓားမှာ ဓားဖျားမှနေ၍ စောင်းလျက် ပဲ့ထွက်နေခြင်း ဖြစ်သည်။
ဤကဲ့သို့ ကျိုးပဲ့ခြင်းမှာ တစ်မျိုးတည်းသာ ရှိနိုင်သည်။ ၎င်းမှာ ဓားပျံ နှစ်စင် လေထဲတွင် တိုက်ရိုက် ရိုက်ခတ်မိခြင်းပင် ဖြစ်သည်။
ဒါဆိုရင်... အခု မြင်တွေ့နေရတဲ့ မြင်ကွင်းက ထိပ်တန်း ဆရာကြီး တစ်ဦးက ဓားပေါင်း တစ်ထောင်ကို တစ်ပြိုင်နက် ထိန်းချုပ်ပြီး ရိုက်ခတ်လိုက်တာလား။ အဲဒီလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချူရွှမ်သည် ခုနက အလျင်အမြန် ထွက်ခွာသွားသော လူငယ်ကို ရုတ်တရက် သတိရလိုက်ပြီး တစ်ကိုယ်လုံး တုန်ရင်သွားတော့သည်။
“ခုနက လူငယ်ပဲလား။ သူက ဘယ်မိသားစုကများ ထွက်ပေါ်လာတဲ့ ပါရမီရှင်လဲ”
“ငါတို့ ချူမိသားစုရဲ့ ပညာရပ်ကို ကျော်လွန်တဲ့ ကိုယ်ခံပညာ တစ်ခုခုကို တစ်စုံတစ်ယောက်က ဖန်တီးလိုက်တာလား”
“မဟုတ်ဘူး။ ငါ ဒါကို မိသားစုဆီ ချက်ချင်း သတင်းပို့ရမယ်။ ပြီးတော့ အဲဒီကလေးကို ရှာဖွေရမယ်”
အခန်း (၅၀) - ဤသည်မှာ မည်သို့သော လျှို့ဝှက်ကျမ်းစာနည်း
“သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ဆိုတာ ဒါကို ပြောတာလား”
ကျန်းမြို့ ဗဟိုဆရာအတတ်သင်တက္ကသိုလ် အနီးရှိ ခရီးသစ် ကိုယ်ခံပညာ လေ့ကျင့်ရေးကျောင်း ရုံးချုပ် အဆောက်အအုံ။ နံနက် ၁၀ နာရီ ကျောင်းအုပ်ကြီးရုံးခန်း။
နှစ်လခွဲကြာအောင် အေးအေးဆေးဆေး အနားယူနေခဲ့ပြီးနောက် စူးချီသည် ကျောင်းအုပ်ကြီးရှန်၏ ခေါ်ယူခြင်းကို ခံလိုက်ရသည်။ သူသည် ကိုယ်ခံပညာ ကျင့်စဉ်ကျမ်းကို စစ်ဆေးလိုခြင်း ဖြစ်သည်။ ထို့ကြောင့် စူးချီသည် သူ၏ ပျော်ရွှင်စရာ ဘဝလေးကို ခေတ္တရပ်နားကာ တစ်ညလုံး မအိပ်ဘဲ သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ကျင့်စဉ်ကျမ်းကို ပုံနှိပ်ထုတ်ဝေပြီး ရှန်ကျစ်ရှားထံသို့ လာရောက် ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ယနေ့တွင် ကျောင်းအုပ်ကြီးရှန်သည် ကိုယ်လုံးပေါ် အနက်ရောင် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပိုင်ပုံစံတွင် ဇာနားလေးများ ပါဝင်နေသဖြင့် တည်ကြည်ပြီး ကျော့ရှင်းသော အသွင်ကို ဆောင်နေသည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ မျက်နှာပေးမှာ တည်ကြည်ခြင်း မရှိတော့ပေ။ သူသည် စူးချီပေးထားသော ကျင့်စဉ်ကျမ်းကို ကိုင်ထားရင်း မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ သူ၏ ဘေးရှိ အတွင်းရေးမှူးလေး ရဲ့ရှူးယောင်မှာလည်း ကြောင်အမ်းအမ်းဖြင့် ကျင့်စဉ်ကျမ်းကို လှမ်းကြည့်နေမိသည်။
သူတို့နှစ်ဦး အမှန်တကယ်ပင် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။ နှစ်လခွဲတာ အချိန်ကုန်ဆုံးသွားခဲ့သော်လည်း စူးချီ ထုတ်ပြလိုက်သည်မှာ ဤအရာသာ ဖြစ်နေသည် မဟုတ်ပါလား။ ကျမ်းစာ၏ မျက်နှာဖုံးတွင် “သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း” ဟူသော စာလုံးလေးလုံးကို ရိုးရှင်းသည့် စာလုံးပုံစံဖြင့် ရိုက်နှိပ်ထားသည်။
မျက်နှာဖုံး၏ နောက်ကျောတွင်မူ စာလုံး ၁၆ လုံးကို ရိုက်နှိပ်ထားသည်။
”ဆယ်ပါးသော သွေးလေ အသက်ရှင်စေ
ဓားသွားဖြင့် အပ်စိုက်မှတ်များကို ရှင်းလင်း
မူလသို့ ပြန်လည်သော ကိုယ်ခံပညာ
ဂိုဏ်းတော်၏ အတတ်ပညာ ရှည်ကြာစေ”
အကယ်၍ ထိုစာသား ၁၆ လုံးကို သေသေချာချာ ဖတ်ကြည့်မည် ဆိုပါက စာကြောင်း တစ်ကြောင်းချင်းစီ၏ ပထမဆုံး စာလုံးများကို အပေါ်မှ အောက်သို့ ဖတ်လျှင် “သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း” ဟု ပေါ်ထွက်လာသည်ကို သတိပြုမိပေလိမ့်မည်။ ထို့အပြင် စာကြောင်း တစ်ကြောင်းချင်းစီ၏ တတိယမြောက် စာလုံးများကို အပေါ်မှ အောက်သို့ ဖတ်မည် ဆိုပါကလည်း “ကျေးဇူးပြု၍ ကိုယ်ခံပညာများကို ဖျက်ဆီးပါ” ဟူသော အဓိပ္ပာယ် ထွက်ပေါ်လာမည် ဖြစ်သည်။
ဤနေရာအထိမူ ကျမ်းစာတစ်အုပ်လုံးမှာ ပုံမှန်ဟု ထင်ရသည်။ သို့သော် နောက်တစ်မျက်နှာကို လှန်လိုက်ချိန်တွင် ရဲ့ရှူးယောင်နှင့် ရှန်ကျစ်ရှားတို့ နှစ်ဦးစလုံး ဆွံ့အသွားကြတော့သည်။
ဗလာစာရွက် နောက်တစ်မျက်နှာ ထပ်လှန်ကြည့်ပြန်သည်၊ ဗလာစာရွက်ပင်။ နောက်ထပ် လှန်ကြည့်ပြန်သည်၊ ဗလာစာရွက်သာ ဖြစ်နေပြန်သည်။ စာရွက်ပေါင်း ၃၆ ရွက်၊ မျက်နှာဖုံး ၇၂ မျက်နှာစလုံးမှာ ဗလာစာရွက်များသာ ဖြစ်နေခြင်းပင်။
ပုံနှိပ်တာ မှားသွားတာလား။ ရဲ့ရှူးယောင်မှာ ခေါင်းပင် မူးနောက်သွားတော့သည်။ သူ၏ ဘဝတစ်လျှောက်တွင် ဤမျှလောက် ပေါ့ပျက်ပျက် နိုင်လှသော ကျင့်စဉ်ကျမ်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်ဟု သူ ကျိန်ဆိုလိုက်ချင်တော့သည်။
‘စူးချီရေ... နင်က ကိုယ်ခံပညာသစ် ကျင့်စဉ်ကျမ်းထဲမှာ စာလုံးပေါင်း အမှားအယွင်းလေးတွေ ပါလာရင်တောင် ငါက မမြင်ချင်ယောင် ဆောင်ပေးလို့ ရသေးတယ်။ ဒါပေမဲ့ အခုတော့ မျက်နှာဖုံး ၇၂ မျက်နှာစလုံးကို ဗလာ ထားခဲ့တာလား။ ဒါက ဘာနောက်ပြောင်မှုလဲ။ ပုံမနှိပ်ရသေးတာလား၊ ဒါမှမဟုတ် ဒီကိုယ်ခံပညာကို လေ့ကျင့်တာက အချိန်ဖြုန်းတာလို့ ဆိုချင်တာလား။’
ဘေးရှိ ကျောင်းအုပ်ကြီးရှန်မှာလည်း ခေါင်းကိုက်သွားတော့သည်။ ရှန်ကျစ်ရှား၏ မူလအစီအစဉ်မှာ စူးချီ မည်သည့်အရာကို တင်ပြလာပါစေ သူက ချက်ချင်း ခေါင်းညိတ် သဘောတူရန် ဖြစ်သည်။ သို့သော် စူးချီက ဤအရာကို တင်ပြလာသောအခါ သူ၏ ကိုယ်ပိုင် စံနှုန်းများအရ ဤကိုယ်ခံပညာကို သင်ကြားခွင့်ပေးရန် သူကိုယ်တိုင်ပင် ရှက်မိသွားသည်။ သို့သော် အခြားနည်းလမ်း မရှိပေ။ ကျောင်းသားများကို ဒေါသထွက်စေပြီး သူ၏ အမြန်ဆုံး အမှတ်များ ပြန်လည် ရရှိကာ ဧကရီ ဖြစ်လာမည့် အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် သူသည် စူးချီ၏ ဘက်မှနေ၍ ဆင်ခြေပေးရတော့မည်။
“နေပါဦး၊ ဘာလို့ စာမျက်နှာ ၃၀ ကျော်က ဗလာစာရွက်တွေ ဖြစ်နေတာလဲ။ ပုံမနှိပ်ရသေးလို့လား”
အမှန်စင်စစ် မူရင်း ဖုန်ယွန်း ဝတ္ထုထဲတွင်လည်း ဤကျင့်စဉ်ကျမ်း၏ စာမျက်နှာ အတော်များများမှာ ဗလာစာရွက်များသာ ဖြစ်ကြသည်။ မူရင်းတွင် စာမျက်နှာ ဒါဇင် အနည်းငယ်သာ ရှိသော်လည်း စူးချီကမူ ဤနေရာတွင် စာမျက်နှာ ၇၂ မျက်နှာကို တမင်တကာ ဗလာ ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မိမိ၏ ကိုယ်ခံပညာကို ဖျက်ဆီးပြီးမှ ပြန်လည် တည်ဆောက်ရမည်ဟု ဆိုလိုရင်း ဖြစ်သည်။ စာမျက်နှာ ၇၂ မျက်နှာမှာ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် ၇၂ ခုကို ပြန်လည် လှုံ့ဆော်ရန် လိုအပ်သည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
“ဒါကို ကျွန်တော် တမင်တကာ ဗလာ ထားခဲ့တာပါ။ လေ့ကျင့်သူတွေ အနေနဲ့ အဟောင်းကို ဖျက်ဆီးပြီး အသစ်ကို ပြန်လည် တည်ဆောက်ရမယ် ဆိုတဲ့ သဘောကို ဖော်ဆောင်ချင်လို့ပါ။ စာမျက်နှာ ၇၂ မျက်နှာကတော့ ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ် ၇၂ ခုကို ပြန်လည် နိုးကြားလာအောင် လုပ်ရမယ် ဆိုတာကို ကိုယ်စားပြုပါတယ်”
ရှန်ကျစ်ရှားက အလွန် သဘောကျဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဪ... ဒါကြောင့်ကိုး။ တကယ့်ကို ထူးခြားတဲ့ အယူအဆပဲ”
ဤချီးကျူးစကားမှာ အမျိုးသမီးတစ်ဦး၏ ရုပ်ရည်ကို ချီးကျူးသကဲ့သို့ပင်။ မလှလျှင် အမူအရာကို ချီးကျူး၊ အမူအရာ မရှိလျှင် ကိုယ်လုံးကို ချီးကျူး၊ ကိုယ်လုံးလည်း မရှိလျှင် စိတ်ထားကို ချီးကျူး၊ စိတ်ထားလည်း မကောင်းလျှင် ထူးခြားသည်ဟုသာ ပြောရတော့သည် မဟုတ်ပါလား။ ဤသို့ ပြောပြီးနောက်တွင်မူ အသားထူလှသော ရှန်ကျစ်ရှားပင်လျှင် စိတ်ထဲမှ ရှက်မိသွားသည်။ တောက်... စူးချီရေ၊ နင်ကတော့ တကယ့်ကို လူရှုပ်ပဲ။ ငါတောင် နင့်ကို ချီးကျူးဖို့အတွက် အတော်လေး ရှက်နေရပြီ။
ရှန်ကျစ်ရှား၏ ချီးကျူးစကားကြောင့် ရဲ့ရှူးယောင်မှာ ပို၍ပင် ဆွံ့အသွားတော့သည်။ အဓိကဆရာနှင့် ကျောင်းအုပ်ကြီးတို့၏ ဤကဲ့သို့ အပြန်အလှန် နောက်ပြောင်နေမှုများကို ကြည့်ရင်း သူသည် ဘာပြောရမှန်းပင် မသိတော့ပေ။ မိမိ၏ ဒေါ်လေးမှာ စူးချီကဲ့သို့ပင် ပုံမှန် မဟုတ်တော့သည်မှာ သေချာလှသည်။ ဗလာစာရွက် ၇၂ မျက်နှာက ဘာလို့ ထူးခြားတာလဲ။ ဒါက အယူအဆ တစ်ခုလား။ စာရွက်တွေကို အလဟဿ ဖြုန်းတီးပြီး စက္ကူစက်ရုံတွေ ဝင်ငွေ တိုးအောင် လုပ်ပေးတဲ့ အယူအဆလား။
ထိုအချိန်တွင် ရှန်ကျစ်ရှားသည် ကျင့်စဉ်ကျမ်းကို ဆက်လက် လှန်ကြည့်လိုက်သည်။ ဗလာစာရွက် အမြောက်အမြား ပြီးဆုံးသွားသောအခါမှသာ စာသားများနှင့် ပုံများကို တွေ့လိုက်ရတော့သည်။ ဤနေရာသို့ ရောက်မှသာ ရှန်ကျစ်ရှားမှာ သက်ပြင်းအသာ ချနိုင်တော့သည်။ သို့သော် စာမျက်နှာ အနည်းငယ်ကို ဖတ်ကြည့်ပြီးနောက် သူ ထပ်မံ မှင်တက်သွားပြန်သည်။ အကြောင်းမှာ နောက်တွင် ပါဝင်လာသည့် အရာများမှာ အလွန်ပင် သာမန် ဆန်လှသည့် ဓားသိုင်း အကွက်များ ဖြစ်နေသောကြောင့် ဖြစ်သည်။
အဓိကအချက်မှာ ထိုဓားသိုင်း အကွက်များမှာ အလွန်ပင် ရိုးရှင်းနေခြင်းပင်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဓားသိုင်း စတင် သင်ယူခါစ ကိုယ်ခံပညာရှင်များပင် လေ့ကျင့်နိုင်မည့် ဓားသိုင်းကျမ်းဟု ထင်မှတ်ရပေလိမ့်မည်။ ဤသည်ကို မြင်လိုက်ရချိန်တွင် ရဲ့ရှူးယောင်၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ဤအရာက အမှန်တကယ် ပိုက်ဆံရှာပေးနိုင်မှာလား။ ဒါဟာ အခြေခံ ကိုယ်ခံပညာတွေနဲ့ ဘာမှ မခြားနားပါလား။ ရဲကိုသာ အကြောင်းကြားလိုက်တာ ပိုကောင်းမယ် ထင်တယ်။
ရှန်ကျစ်ရှားလည်း မှင်တက်နေမိသည်။ ဗလာစာရွက် ၇၂ မျက်နှာအတွက် သူသည် ရှိသမျှ အသိဉာဏ်ကို အသုံးပြု၍ ချီးကျူးခဲ့ပြီးပြီ ဖြစ်ရာ ယခု ဤအခြေခံ ကိုယ်ခံပညာကို မည်သို့ ဆက်လက် ချီးကျူးရမည်နည်း။ အမှန်စင်စစ် မူရင်း ဖုန်ယွန်း ဝတ္ထုထဲတွင်လည်း ဤအပိုင်းမှာ ရိုးရှင်းသည့် ဓားသိုင်းပညာသာ ဖြစ်သည်။ အကြောင်းမှာ သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပညာရပ်သည် ဓားပျံများ သို့မဟုတ် ဓားစွမ်းအင်များကို ထိန်းချုပ်၍ တိုက်ခိုက်ခြင်းသာ ဖြစ်သဖြင့် ဓားသိုင်း အကွက်များ အများကြီး မလိုအပ်သောကြောင့် ဖြစ်သည်။ စိတ်ကူး တစ်ချက်တည်းဖြင့် ဓားသောင်းခြောက်ထောင် ထွက်ပေါ်လာမည် မဟုတ်ပါလား။
ကျမ်းစာထဲမှ ဓားသိုင်း အကွက် အနည်းငယ်မှာ ဓားပျံများကို ထိန်းချုပ်ရာတွင် အသင့်တော်ဆုံး အနေအထားများကိုသာ ပြသထားခြင်း ဖြစ်သည်။ ထိုးခြင်း၊ ခုတ်ခြင်း၊ ညွှန်ပြခြင်း၊ လွှဲယမ်းခြင်းနှင့် မြှင့်တင်ခြင်း စသည်တို့ပင်။ တစ်ချိန်တည်းမှာပင် လူအများ နားလည်နိုင်စေရန် စူးချီသည် ထိုပုံများတွင် သွေးလေလည်ပတ်မှု ပုံစံများကိုပါ ထည့်သွင်းထားခဲ့သည်။
“အင်း”
ရှန်ကျစ်ရှားက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အတော်ကြာမှ သူ ပြန်လည် စကားပြောနိုင်တော့သည်။
“မဆိုးပါဘူး၊ ဒီတိုက်ကွက်တွေက သင်ယူရတာ အရမ်း လွယ်ကူမှာပဲ”
ဤချီးကျူးစကားကို ပြောနိုင်ရန်အတွက် ကျောင်းအုပ်ကြီးရှန်မှာ အကြိမ်ကြိမ် အောင့်အည်း သည်းခံခဲ့ရသည်။ အမှန်တရားမှာ ဤကိုယ်ခံပညာမှာ အလွန်ပင် အခြေခံ ဆန်လွန်းနေခြင်းပင်။ အကယ်၍ ဤကျင့်စဉ်ကျမ်းသာ မြေပြင်ပေါ်သို့ ကျနေမည် ဆိုပါက မည်သူမျှပင် ကောက်ယူရန် စိတ်ဝင်စားကြမည် မဟုတ်ပေ။ ထိုကဲ့သို့သော အရာကို ချီးကျူးနိုင်ရန်အတွက် ကျောင်းအုပ်ကြီးရှန်သည် သူ၏ ရှိသမျှ အင်အားများကို အသုံးချခဲ့ရခြင်း ဖြစ်သည်။ ဤထက် ပို၍မူ သူလည်း မချီးကျူးနိုင်တော့ပေ။
ကျမ်းစာ၏ နောက်ဆုံး စာမျက်နှာတွင်မူ ယေဘုယျ သဘောတရားကို ဖော်ပြထားသည်။ “သွေးလေသည် လက်ကောက်ဝတ်သို့ ခွဲထွက်ပြီး ထိုက်ချုံးသို့ ကွေ့ဝိုက်စီးဆင်းသည်၊ ကမ္ဘာမြေနှင့် ကောင်းကင်ဘုံမှာ ပြောင်းပြန် ဖြစ်သွားပြီး အပျော့ဖြင့် အမာကို အောင်နိုင်သည်”။ ဤနေရာတွင် ပါဝင်သည့် အကြောင်းအရာများမှာ သောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပညာရပ်၏ အသက်ဝိညာဉ်ပင် ဖြစ်သည်။ သွေးလေအင်အား ဆုံးရှုံးထားသူ မည်သူမဆို ဤစာသားကို မြင်လိုက်သည်နှင့် တစ်စုံတစ်ရာကို နားလည်သွားကြမည်မှာ အသေအချာပင်။
သို့သော် ရှန်ကျစ်ရှားနှင့် ရဲ့ရှူးယောင်တို့၏ အမြင်တွင်မူ ဤစာသားမှာ မျက်နှာဖုံးပေါ်မှ စာလုံး ၁၆ လုံးကဲ့သို့ပင် အဓိပ္ပာယ် မရှိလှသည့် ကြွားလုံးထုတ်ချက်များဟုသာ ထင်မှတ်နေကြသည်။ ရှေ့တွင် ပါဝင်သည့် အကြောင်းအရာများမှာ အလွန်ပင် ညံ့ဖျင်းလွန်းနေသဖြင့် သူတို့နှစ်ဦးမှာ အရေးကြီးဆုံးသော အနှစ်သာရကို လျစ်လျူရှုမိသွားကြခြင်း ဖြစ်သည်။
ကျမ်းစာကို ဖတ်ပြီးနောက် ရှန်ကျစ်ရှားသည် ကျမ်းစာအုပ်ကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ရှန်ကျစ်ရှား၏ စိတ်ထဲတွင် ဝမ်းသာပီတိများ ဖြစ်ပေါ်လာတော့သည်။ ဤသောင်းခြောက်ထောင်သော ဓားများ မူလသို့ ပြန်လည်ခြင်း ပညာရပ်မှာ တကယ့်ကို အံ့ဩစရာပင်။
စူးချီရေ... နင်က ဒီလို ညံ့ဖျင်းတဲ့ ကိုယ်ခံပညာကို ဒီလောက်အထိ ခန့်ညားတဲ့ အမည်တစ်ခု ပေးထားတာကိုး။ ဒါဟာ အပေါ့ခွက်ကို ရွှေကွပ်ထားတာထက်တောင် ပိုသေးတယ်။ ဒါကတော့ မစင်ပုံကို ရွှေချထားသလိုပဲ။ လွန်ခဲ့တဲ့ အနှစ် ၅၀၀ နဲ့ နောက်ထပ် အနှစ် ၅၀၀ အတွင်းမှာတောင် ဒီလောက် တစ်လွဲဆန်တဲ့ အရာမျိုး ရှိလာမှာ မဟုတ်တော့ဘူး။ စူးချီသာ ဒါကို သင်တန်းမှာ သင်ရဲမယ် ဆိုရင်တော့ ကျောင်းသားတွေ အားလုံး သင်တန်းကြေး ပြန်တောင်းကြမှာ ငါ အာမခံရဲတယ်။
“ဟေး... ဒီတစ်ခါတော့ ငါ တကယ်ပဲ ဧကရီ ဖြစ်တော့မှာပဲ”
ကျောင်းအုပ်ကြီးရှန်၏ ကျေနပ်နေသော အမူအရာကြောင့် စူးချီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ ကျောင်းအုပ်ကြီးရှန်က တကယ်ပဲ နားလည်သွားတာလား။ မျိုးရိုးကြီး မိသားစုက သမီးလေးမို့လို့ပဲလား။ သို့သော် သေသေချာချာ ပြသရန်ဟူသော မူအရ စူးချီက ထပ်မံ အကြံပြုလိုက်သည်။
“ကျောင်းအုပ်ကြီး... အမှန်တော့ ကျွန်တော် ဒီကိုယ်ခံပညာကို တတ်မြောက်ထားပြီးပါပြီ။ ကျောင်းအုပ်ကြီးရှေ့မှာ အခုပဲ လက်တွေ့ ပြသပေးရင် ဘယ်လိုလဲ”
ရှန်ကျစ်ရှားအနေဖြင့် ဤကိုယ်ခံပညာ၏ အစွမ်းကို အမှန်တကယ် နားလည်စေရန်အတွက် စူးချီသည် ဓားပျံပေါင်းများစွာကို ထိန်းချုပ်ပြရန် အမှန်တကယ်ပင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ကျောင်းအုပ်ကြီးရှန်က လက်ယမ်းပြလိုက်သည်။
“လက်တွေ့ ပြစရာ မလိုပါဘူး၊ ငါ ဒီကိုယ်ခံပညာကို နားလည်သွားပြီ။ တကယ့်ကို ကောင်းမွန်လှပါတယ်။ နောက်နှစ်ပတ်နေရင် ဒါကို စပြီး သင်ရမယ်။ ငါ နင့်ကို ယုံကြည်တယ်”