အခန်း (၉၃-၉၄)
Vol. 9 Ch. 93-94
အပိုင်း (၉၃)
“သူသေကိုယ်သေ တိုက်ခိုက်မယ် ဟုတ်လား။”
ဤကဲ့သို့သော စကားမျိုးကို ဤမျှ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးမှ ပြောထွက်လာခြင်းမှာ တကယ်ကို ရဲရင့်ပြတ်သားလွန်းလှ၏။
ယွင်ကျုံးဟဲ့က ရယ်မောပြီး ပြောလိုက်သည်။ “စိတ်ချပါ။ ဒီကနေ့ သေချာပေါက် အောင်မြင်မှာပါ။ ကျုပ်တို့က မော့မျိုးနွယ်စုကြီး တစ်လှမ်းချင်းစီ ချောက်ကမ်းပါးထဲကို လျှောက်သွားတာကို ကြည့်ရမယ်ဆိုရင် ပျော်စရာ မကောင်းဘူးလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “စောင့်ကြည့်ကြတာပေါ့။ သွားကြစို့.... နယ်စား ညီလာခံကို သွားပြီး နောက်ဆုံး အဆုံးအဖြတ်ကို ခံယူကြမယ်။”
ထို့နောက် သူမသည် ငွေရောင် ခြုံလွှာကို ယူ၍ ဝတ်ဆင်ရန် ပြင်လိုက်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့က ခြုံလွှာကို အရင်ယူလိုက်ပြီး ကျင်းကျုံးယွဲ့ကို ကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သည်။ ထိုအချိန်တွင် သူတို့ နှစ်ယောက်၏ အကွာအဝေးက အတော်လေး နီးကပ်သွားခဲ့ပြီး အသက်ရှူသံများကိုပင် ကြားနေရ၏။
ထို့အပြင် ယွင်ကျုံးဟဲ့မှာ အထူး သတိထားနေရသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့၏ ရွှေရင်အစုံမှာ အရမ်းကို ဖွံထွားလွန်းလေရာ မတော်တဆ သွားထိမိမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။
ကျင်းကျုံးယွဲ့၏ နှုတ်ခမ်းလေးမှာ သွေးများ ယိုကျတော့မလို နီရဲနေပြီး တကယ်ကို ဆွဲဆောင်မှု ရှိလွန်းသောကြောင့် အနမ်းပေးချင်စိတ်ကိုလည်း ပြင်းပြင်းထန်ထန် ချုပ်တည်းထားရ၏။
ဤလေထုက အနည်းငယ်တော့ ရင်ခုန်စရာ ကောင်းနေသည်။
ခဏအကြာတွင် မြို့စား ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၊ ဆရာကြီး ဇိုအန်တို့နှင့်အတူ နယ်စား မဟာမိတ် ညီလာခံ ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်သွားတော့၏။
ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းရင်းဖြင့် အောင်ပွဲတစ်ခု ရောက်ရှိလာမည့် အချိန်ကို ကြိုဆိုရတော့မည့် အချိန်ပင်။
............
ဤတစ်ကြိမ် နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေးအဖွဲ့က တော်တော်လေး ကြီးမားလှသည်။ ခန်းမဆောင်ကြီး တစ်ခုလုံးတွင် လူတစ်ရာကျော်ခန့် သပ်သပ်ရပ်ရပ် ထိုင်နေကြသည်။
သေချာသည်မှာ ဤစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်သူမှာ မော့မျိုးနွယ်စု ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤလျှို့ဝှက်ပူးပေါင်းကြံစည်မှုကို သူတို့က စတင်ခဲ့ခြင်းဖြစ်ပြီး ဤကြံစည်မှုအတွက် လိုအပ်သော ငွေကြေးနှင့် ပစ္စည်းများကိုလည်း သူတို့ကပဲ ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ပိုင်ယင် ဆားကွင်းမှ သစ္စာဖောက်များကိုလည်း သူတို့ စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
ယနေ့ အဆုံးအဖြတ်ကို ကြေညာပေးမည့် ခုံသမာဓိအဖွဲ့ ခေါင်းဆောင်မှာမူ တာရှီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်နေရာကို ယူထားသူမှာ နယ်စား မဟာမိတ် ညီလာခံ၏ ညာဘက် အတွင်းဝန်ချုပ် ဝေ့ကုန်း ဖြစ်သည်။
ထိုသူတွင် အခြား ရာထူးတစ်ခုလည်း ရှိသေး၏။ တာရှီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးဟောင်း ဖြစ်ပြီး မော့မျိုးနွယ်စုနှင့် ဆွေမျိုးတော်စပ်သူလည်း ဖြစ်နေ၏။
ဤတစ်ကြိမ် ခန်းမဆောင်ထဲတွင် မုဆိုးမ နင်ချင်း၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ သတင်းများအရ သူမသည် လုံးဝ တံခါးပိတ် ကျင့်ကြံနေသည်ဟု ကြားရသည်။
ကျင်းကျုံးယွဲ့က ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူတိုင်းက အသက်ပြင်းပြင်း ရှူသွင်း လိုက်မိကြပြီး နှလုံးခုန်နှုန်းများ မြန်ဆန်သွားကြ၏။
အကြိမ်တိုင်း ဤသို့ပဲ ဖြစ်သည်။ ကျင်းကျုံးယွဲ့ ပေါ်လာတိုင်း ယောကျာ်းများ၏ အလှအပအပေါ် နားလည်ထားမှုကို အသစ်ပြန်လည် ရေးဆွဲပေးသကဲ့သို့ ဖြစ်စေသည်။
ဤမျှလောက် လှပလွန်းသော မိန်းမတစ်ယောက်က မြို့စားတစ်ဦး ဖြစ်နေသည်ဆိုသည်မှာ စိတ်ကူးဖြင့် မှန်းဆကြည့်ရန် တကယ်ကို ခက်ခဲလွန်းလှ၏။
တကယ်ဆိုလျှင် ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်ရဲသည့် တိုင်းပြည်ပျက်လောက်အောင် လှပသော မိန်းမလှလေး တစ်ယောက် ဖြစ်သင့်သည် မဟုတ်ပါလား။
ကျင်းကျုံးယွဲ့သည် နောက်ဆုံးမှရေလျှင် တတိယမြောက် ဝင်ရောက်လာသူ ဖြစ်သည်။
ဆက်လက် ဝင်ရောက်လာသူမှာ လူကြီးတစ်ယောက်ဖြစ်ပြီး ဤကြံစည်မှုကို ဦးဆောင်သူလည်း ဖြစ်သည့် ပိုင်ရှင်မဲ့ နယ်မြေ၏ အခြား ထက်မြက်လှသော သူရဲကောင်းတစ်ဦးဖြစ်သော ရှီးယွီမြို့စား မော့ရယ်ပင် ဖြစ်၏။
သူ ဝင်ရောက်လာချိန်တွင် တစ်ခန်းလုံးက မတ်တပ်ထရပ်ကြသည်။
လူတိုင်း၏ အမြင်တွင် ယနေ့ ကျင်းပမည့် ညီလာခံသည် မြို့စား မော့ရယ်က လေခွင်းချိုင့်ဝှမ်းကို နောက်ဆုံး အဆုံးသတ် သတ်ဖြတ်မည့်ပွဲဖြစ်လို့နေ၏။
ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး၏ အမြင့်ဆုံး အာဏာပိုင် ဖြစ်သော ထန်ထိုင် မျိုးနွယ်စု၏ အဖွဲ့ဝင်များကို အဘယ်ကြောင့် မတွေ့ရသနည်း။
ထန်ထိုင် မျိုးနွယ်စုသည် နယ်စား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ညီလာခံ၏ အမြင့်ဆုံး အာဏာပိုင်လည်း ဖြစ်သည်။
ဤတစ်ကြိမ် ပိုင်ယင် အရေးအခင်းက လေခွင်းချိုင့်ဝှမ်းအတွက် အသက်အန္တရာယ်ရှိသည့် ထိုးနှက်ချက် ဖြစ်လာရခြင်းမှာ ထန်ထိုင် မျိုးနွယ်စုက နှုတ်ဆိတ်နေခဲ့ပြီး မော့မျိုးနွယ်စုက ဦးဆောင်ခဲ့သောကြောင့်သာ ဖြစ်၏။
စာရေးတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။ “သခင်မလေး ထန်ထိုင် ရောက်ပါပြီ။”
တစ်ခန်းလုံးက ထပ်မံ၍ မတ်တပ်ထရပ်ကြရပြန်၏။
ခဏအကြာတွင် မိန်းကလေး တစ်ယောက်က ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ သူမက ထန်ထိုင် မျိုးနွယ်စု၏ သမီးတော် ထန်ထိုင်ဖူဖင်း ဖြစ်သည်။
သူမက ပိုင်ရှင်မဲ့ နယ်မြေ၏ အခြားသော ဒဏ္ဍာရီလာ ပညာရှိ မိန်းမလှလေး တစ်ဦးဖြစ်ပြီး တာရှီ စာသင်ကျောင်း အမျိုးသမီး အတန်း၏ ပါမောက္ခလည်း ဖြစ်၏။
ရုပ်ရည်က ကြည့်ကောင်းရုံသာ ရှိသော်လည်း ခန္ဓာကိုယ် အချိုးအစားက လှပပြီး အာဏာ မပြတတ်ချေ။ ထို့အပြင် အလွန်တရာ အေးချမ်းတည်ငြိမ်သည့် အမျိုးသမီးလည်းဖြစ်သည်။
ဝင်ရောက်လာပြီးနောက် မည်သူ့ကိုမှ နှုတ်မဆက်ဘဲ သူမ၏ နေရာတွင်သာ တိုက်ရိုက် သွားထိုင်လိုက်၏။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်နှင့် အတွင်းဝန်ချုပ် ဝေ့ကုန်းတို့ကို နှုတ်ဆက်ချိန်၌ ခေါင်းကို ညင်သာစွာ တစ်ချက်သာ ညိတ်ပြသည်။
သို့ပေမည့် မည်သူကမှ သူမ၏ ဩဇာအာဏာကို အထင်သေးဝံ့ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ ယခုချိန်တွင် သူမက ထန်ထိုင် မျိုးနွယ်စုကို ကိုယ်စားပြုနေခြင်း ဖြစ်သည် မဟုတ်ပါလား။
လူအားလုံး စုံလင်သွားပြီဖြစ်ရာ ရှေ့ဆက်ပြီး လေခွင်းချိုင့်ဝှမ်းမှ ကျင်းမျိုးနွယ်စု၏ ကံကြမ္မာကို တရားဝင် အဆုံးအဖြတ် ပေးရတော့မည့်အချိန် ရောက်ရှိလာပြီဖြစ်၏။
ဆိုရိုးစကား တစ်ခွန်း ရှိသည်။ ဝက်နှင့် သိုးများကို သတ်ဖြတ်ရန် ဓားသွေးနေသည်ဟူ၍ပင်။ တစ်ခန်းလုံးရှိ နယ်စား အမြောက်အမြားက ကျင်းကျုံးယွဲ့ကို ကြည့်နေကြသည့် အကြည့်များမှာ မီးကဲ့သို့ ပူပြင်းနေသည်။
ယခုအခါ လေခွင်းချိုင့်ဝှမ်းနှင့် ကျင်းမျိုးနွယ်စုမှာ နောက်ဆုံး ထွက်သက် တစ်ချက်သာ ကျန်ရှိတော့၏။
နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေးအဖွဲ့က နောက်ဆုံး အဆုံးအဖြတ်ကို ကြေညာပေးပြီး ပိုင်ယင် အရေးအခင်းနှင့် အဆိပ်ဆား ကိစ္စတို့ကို အပြီးသတ် ကောက်ချက်ချလိုက်သည်နှင့် ကျင်းမျိုးနွယ်စုက ပျက်စီးသွားပြီဟု သတ်မှတ်၍ ရနိုင်သည်။
ထိုအချိန်သို့ ရောက်ပါက လူတိုင်းက အစာကို လုယက်နေသည့် ဝံပုလွေအုပ်ကြီးလိုမျိုး အရှေ့သို့ ပြေးဝင်သွားကြပြီး လေခွင်းချိုင့်ဝှမ်းကို အစိတ်စိတ်အမွှာမွှာ ခွဲဖြာကာ မျိုချပစ်ကြပေတော့မည်။
အထူးသဖြင့် နယ်စား မဟာမိတ် ကုန်သည်များအသင်း၏ ခေါင်းဆောင် ယွင်ဝမ်ရွှယ် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် လေလံဆွဲထားသည့် ညှိနှိုင်းမှုတွင် သူက ငွေခြောက်သိန်း ရှုံးသွားခဲ့လေရာ ပိုင်ယင် ဆားကွင်းနှင့် လန်ထျန် ဆားကွင်းတို့ဆီမှ သေချာပေါက် ပြန်လည်ရှာဖွေရမှာဖြစ်၏။
ကျင်းမျိုးနွယ်စု ပျက်စီးသွားပြီးနောက် ဤဆားကွင်း နှစ်ခုကို မည်သူကမှ နယ်စား မဟာမိတ် ကုန်သည်များ အသင်းနှင့် လာရောက် လုယူရန် စိတ်ကူးယဉ်၍ မရနိုင်ချေ။ ဤချမ်းသာကြွယ်ဝမှုကို သူက သေချာပေါက် ရယူရပေမည်။
ဤတစ်ကြိမ် အဆုံးအဖြတ်က ဝံပုလွေအုပ်ကြီး၏ ပွဲတော်ကြီးတစ်ခုပဲ ဖြစ်သည်။
မော့မျိုးနွယ်စုက စင်မြင့်ကို တည်ဆောက်ပေးပြီး နယ်စား အနည်းငယ်က အသားစားကာ မဟာမိတ် ကုန်သည်များအသင်းက သွေးသောက်မှာ ဖြစ်၏။
သူတို့ မသိနိုင်သည်မှာ ကျင်းကျုံးယွဲ့၏ ဤအလွန်တရာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က နောက်ဆုံးတွင် မည်သူ့အတွက် အကျိုးအမြတ် ဖြစ်သွားမည်နည်း ဆိုသည်ကိုပင်။
ယွင်ဝမ်ရွှယ်၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ထပ်မံ ရောက်ရှိသွားသည်။ ဤလူက သူ အံကြိတ် ထားရလောက်အောင်အထိ မုန်းတီးရသူဖြစ်၏။
ကျင်းမျိုးနွယ်စု ပျက်စီးသွားပြီးနောက် ဤယွင်အောက်ထျန်းက အရေးမပါသော သူတောင်းစားအဖြစ်သို့ ထပ်မံ ကျဆင်းသွားတော့မည် ဖြစ်၏။ ထိုအချိန်သို့ ရောက်ပါက လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ကြိတ်ချေ သတ်ဖြတ်ပစ်၍ ရနိုင်သည်။
ယွင်ဝမ်ရွှယ်က စိတ်ထဲမှ ကြိမ်းဝါးလိုက်၏။ ‘ယွင်အောက်ထျန်း... ခင်ဗျား စောင့်နေလိုက်။ ကျင်းမျိုးနွယ်စုရဲ့ နောက်ဆုံးနေ့ ရောက်လာပြီ။ ကျုပ် ခင်ဗျားကို ရှင်ချင်လျက်နဲ့ ရှင်လို့မရ၊ သေချင်လျက်နဲ့ သေလို့မရအောင် သေချာပေါက် လုပ်ပစ်မယ်။’
ထိုအချိန်တွင်ပဲ ပိုင်ယင် အရေးအခင်းနှင့် အဆိပ်ဆား ကိစ္စတို့ကို တာဝန်ယူထားသော နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဝေ့ကုန်းက မတ်တပ်ထရပ်လိုက်သည်။
ဝေ့ကုန်းက အော်ဟစ်လိုက်၏။ “တိတ်တိတ်နေကြ။”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက အသက်အောင့်ထား လိုက်ကြသည်။
မျှော်လင့်နေသည့် အခိုက်အတန့်က နောက်ဆုံးတော့ ရောက်ရှိလာတော့မှာဖြစ်၏။
လေခွင်းချိုင့်ဝှမ်းမှ ကျင်းမျိုးနွယ်စု ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရမည့် အချိန်က ရောက်လာ တော့မည်။ ကျင်းမျိုးနွယ်စု ပြိုလဲသွားပါက လူတိုင်းက ဗိုက်ဝသွားကြပေလိမ့်မည်။
ဝေ့ကုန်းက ပြောလိုက်၏။ “နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေးအဖွဲ့က ခြောက်လနီးပါးလောက် စုံစမ်း စစ်ဆေးမှုတွေနဲ့ သက်သေ အထောက်အထား ရှာဖွေမှုတွေ လုပ်ခဲ့တယ်။ သက်သေ ထောင်ချီကို စစ်မေးခဲ့ပြီး နေရာ ရာချီကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တယ်။ အလောင်း ထောင်ချီကိုလည်း စစ်ဆေးခဲ့ပြီးပါပြီ။ ဒါကြောင့် အခုအချိန်မှာ အမှန်တရားကို လုံးဝ ဖော်ထုတ်နိုင်ခဲ့ပါပြီ။”
ဝေ့ကုန်းက ဆက်ပြောလိုက်သည်။ “အခု စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကြေညာပါ့မယ်။”
လူတိုင်းက အသက်အောင့်ထားကြပြီး နားရွက်များကိုပါ ထောင်ထားလိုက်ကြ၏။
ဝေ့ကုန်းက ကြေညာလိုက်သည်။ “အဆိပ်ဆား စားမိပြီး လူသေဆုံးရတဲ့ ကိစ္စနဲ့ ပိုင်ယင် ဆားကွင်း ပြိုကျတဲ့ အရေးအခင်းတွေ အားလုံးက လေခွင်းချိုင့်ဝှမ်းက အရာရှိ လီကျင်းကျုံးရဲ့ လက်ချက်ပဲ ဖြစ်တယ်။ ဒီလူက ကျင်းမျိုးနွယ်စုရဲ့ လက်အောက်ခံ အမတ်တစ်ယောက် ဖြစ်ပေမဲ့ အရင်က အန်းမျိုးနွယ်စု ပုန်ကန်ခဲ့တာကို အတုခိုးပြီး ကျင်းမျိုးနွယ်စုရဲ့ နေရာကို အစားထိုး ယူချင်နေခဲ့တယ်။
ဒါကြောင့် သူရောင်းချတဲ့ ဆားတွေထဲမှာ အဆိပ်ဆားတွေ ရောထည့်ခဲ့တာကြောင့် လူရာချီ သေဆုံးခဲ့ရတယ်။ အဲဒီနောက်မှာလည်း ပိုင်ယင် အရေးအခင်းကို ဖန်တီးပြီး ကျင်းမျိုးနွယ်စုကို အပြစ်ပုံချဖို့ ကြိုးစားခဲ့တယ်။”
ဝေ့ကုန်းက ဆက်ပြောလိုက်၏။ “အခုတော့ အမှန်တရားက ပေါ်ပေါက်သွားပါပြီ။ သက်သေ အထောက်အထားတွေလည်း ခိုင်လုံပါတယ်။ ဒီအဆိပ်ဆား ကိစ္စနဲ့ ပိုင်ယင် အရေးအခင်းမှာ ကျင်းမျိုးနွယ်စုက အပြစ်ကင်းပါတယ်။ ပြစ်မှုအားလုံးက အရာရှိ လီကျင်းကျုံးရဲ့ အပြစ်တွေပဲ ဖြစ်ပြီး ကျင်းကျုံးယွဲ့မှာက စစ်ဆေးဖို့ ပျက်ကွက်ခဲ့တဲ့ အပြစ်ပဲ ရှိပါတယ်။”
ဝေ့ကုန်း၏ အဆုံးအဖြတ်ကို ကြားပြီးနောက် တစ်ခန်းလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။
ဘာတွေ ဖြစ်ကုန်သနည်း။ ယနေ့ ကျင်းမျိုးနွယ်စု၏ အပြစ်ကို အပြီးသတ် ကြေညာရမည့်နေ့ မဟုတ်ပါလား။ ကျင်းမျိုးနွယ်စုကို လုံးဝ ဖျက်ဆီးပစ်ရမည် မဟုတ်ပါလား။ မည်သည့်အကြောင်းကြောင့် အရာရှိ လီကျင်းကျုံးက ပြစ်မှုကျူးလွန်သူ ဖြစ်သွားရသနည်း။
ကျင်းမျိုးနွယ်စုက သေလုမျောပါး ဖြစ်နေပြီး နောက်ဆုံး ထွက်သက် တစ်ချက်သာ ကျန်ရှိတော့သောကြောင့် ညင်သာစွာ တွန်းလိုက်ရုံဖြင့်ပင် သေသွားမည် မဟုတ်ပါလား။ အဘယ်ကြောင့် အပြစ် ကင်းစင်သွားရသနည်း။ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ဝေ့ကုန်းက ဆက်ပြောလိုက်၏။ “ကျင်းမျိုးနွယ်စုက အပြစ်ကင်းကြောင်း ကျုပ် တရားဝင် ကြေညာချင်ပါတယ်။ လေခွင်းချိုင့်ဝှမ်းအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းလိုက်ပါပြီ။”
တစ်ခန်းလုံးက လုံးဝ တိတ်ဆိတ်နေဆဲဖြစ်ပြီး ထိုနေရာတွင် ရှိနေသူ အားလုံးက သူတို့၏နားကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ယွင်ဝမ်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဒီရလဒ်ကို ကျုပ် လက်မခံနိုင်ဘူး။ ဒီအထဲမှာ သေချာပေါက် လူမသိသူမသိ လုပ်ထားတဲ့ အရောင်းအဝယ်တွေ၊ လျှို့ဝှက်ချက်တွေ ရှိနေရမယ်။”
တာရှီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ခုံသမာဓိအဖွဲ့ အနေနဲ့ ကျုပ်က အစီရင်ခံစာ အားလုံးကို ဖတ်ရှုပြီးပါပြီ။ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ကိုယ်တိုင် နားထောင်ပြီးပါပြီ။ ခုံသမာဓိအဖွဲ့ကို ကိုယ်စားပြုပြီး ကျုပ် ကြေညာချင်ပါတယ်။ နယ်စား မဟာမိတ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒီတစ်ကြိမ် စုံစမ်းစစ်ဆေးမှုက တကယ်ကို မှန်ကန်ပါတယ်။”
ချက်ချင်းဆိုသလိုပဲ လူတစ်စုက သေတ္တာများကို တစ်လုံးပြီးတစ်လုံး သယ်ဆောင်လာကြသည်။ အထဲတွင် သက်ဆိုင်ရာ သက်သေ အထောက်အထားများ အားလုံး ပါဝင်နေ၏။
ထို့အပြင် လူတစ်စုပြီးတစ်စုကိုလည်း ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြလေရာ ထိုလူအားလုံးက သက်သေများ ဖြစ်နေကြသည်။
ယွင်ဝမ်ရွှယ်တို့ လူစုက ကျောရိုးမကြီးများ စိမ့်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် ပိုင်ယင် အရေးအခင်း၏ အမှန်တရားကို လူအများစုက သိထားကြသောကြောင့် ဖြစ်၏။
ထိုအရာက မော့မျိုးနွယ်စုက ပိုင်ယင်နယ်မြေမှ သစ္စာဖောက်များနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။ အရာရှိ လီကျင်းကျုံးက အဓိက ကြိုးကိုင်သူ မဟုတ်ဘဲ မော့ချိုးကသာ အဓိက ကြိုးကိုင်သူ ဖြစ်နေသည် မဟုတ်ပါလား။
.............................................
အပိုင်း (၉၄)
အရေးအကြီးဆုံး အချက်မှာ အဓိက ကြိုးကိုင်သူက အမှန်တရားကို ရှင်းလင်းချင်နေသည့် အချိန်တွင် မည်သူကများ တားဆီးနိုင်မည်နည်း။
မော့မျိုးနွယ်စုတွင် မည်သည့် သက်သေ အထောက်အထားမှ မရှိဘဲ နေမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးကို သူတို့ကပဲ စီစဉ်ထားခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
သို့ပေမည့် သူတို့ နားမလည်နိုင် ဖြစ်လို့နေသည်။ ကျင်းမျိုးနွယ်စုကို ချက်ချင်း သတ်ဖြတ်နိုင်တော့မည် ဖြစ်ပါလျက် မော့မျိုးနွယ်စုက အဘယ်ကြောင့် ကျင်းကျုံးယွဲ့အတွက် အမှုကို ပြောင်းပြန်လှန်ပေးရသနည်း။
‘ခင်ဗျားတို့ မော့မျိုးနွယ်စုက ဒီလိုလုပ်လိုက်တာက လူဘယ်လောက်များများကို စော်ကားလိုက်သလဲ။ လူဘယ်လောက်များများရဲ့ စီးပွားရေး လမ်းကြောင်းကို ပိတ်ဆို့လိုက်သလဲဆိုတာ သိရဲ့လား။ ခင်ဗျားတို့ ဒီလောက် ကြီးမားတဲ့ ပေးဆပ်မှုကို လုပ်လိုက်တာက ဘာအတွက်လဲ။’
အထူးသဖြင့် ချိုးရွှေမြို့ သခင်လေး၏ မျက်လုံးများမှာ ပြူးကျယ်ထွက်လုမတတ် ဖြစ်နေသည်။
ကျင်းမျိုးနွယ်စုသာ ပျက်စီးသွားပါက အကျိုးအမြတ် အများဆုံး ရရှိမည့်သူမှာ သူ၏ ချိုးမျိုးနွယ်စု ဖြစ်ပြီး နယ်မြေ သုံးခုကို ခွဲဝေရရှိနိုင်ပေမည်။
မြို့စား မော့ရယ်က စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ‘ကျင်းမျိုးနွယ်စု ပျက်စီးသွားရင် အကျိုးအမြတ် ရမှာက ခင်ဗျားတို့လို ဝံပုလွေဆိုးတွေပဲ။ ကျုပ်တို့ မော့မျိုးနွယ်စုအတွက် ဘာအကျိုးကျေးဇူး ရှိမှာလဲ။ အခု ကျင်းမျိုးနွယ်စုကို အသက်ခဏ ဆက်ရှင်ခွင့် ပေးထားလိုက်ရင် အကြီးမားဆုံး အကျိုးအမြတ်ကို ရမှာက ကျုပ်တို့ မော့မျိုးနွယ်စုပဲ။
ပြီးတော့ ဒီကျင်းမျိုးနွယ်စုနဲ့ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို ကျုပ်က တစ်လုတ်ချင်းစီ ဝါးမြိုပစ်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ မော့မျိုးနွယ်စုက ပိုင်ရှင်မဲ့ နယ်မြေရဲ့ နံပါတ်တစ် အင်အားစုကြီး ဖြစ်သွားလိမ့်မယ်။’
မြို့စား မော့ရယ်က ဆက်တွေးလိုက်၏။ ‘ဟုတ်တယ်။ ကျုပ်တို့ မော့မျိုးနွယ်စုရဲ့ ဒီလုပ်ရပ်က ထန်ထိုင် မျိုးနွယ်စုကို စော်ကားမိသလို ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့နောက်ကွယ်က တကယ့် ကျောထောက် နောက်ခံက ဘယ်လောက်တောင် အင်အားကြီးမားလဲ ဆိုတာ ခင်ဗျားတို့ တွေးမိမှာတောင် မဟုတ်ဘူး။’
မြို့စား မော့ရယ်၏ အကြည့်များက ကျင်းကျုံးယွဲ့ဆီသို့ ရောက်ရှိသွားပြီး သူ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။
ဤမိန်းမက တကယ်ကို လှပလွန်းလှသည်။ မယုံနိုင်လောက်အောင်ကို လှပလွန်းလှသည်။ သူမ၏ အသက်က သူ မော့ရယ်၏ သမီးအရွယ်လောက် ရှိမည်ဖြစ်သော်လည်း ဘာဖြစ်သနည်း။
သူတို့ မော့မျိုးနွယ်စုက ကျင်းမျိုးနွယ်စုကို လုံးဝ ဝါးမျိုပစ်လိုက်သည့် အချိန်သို့ ရောက်ရှိပြီးပါက သူ၏ မျက်စိရှေ့မှ ဤတိုင်းပြည်ပျက်လောက်အောင် လှပသော မိန်းမလှလေးကို သူ မော့ရယ်က မြည်းစမ်းကြည့်၍ မရနိုင်စရာ အကြောင်း မရှိပေ။
‘ဟား ဟား ဟား..’
.....................
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ကလည်း အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ဤပွဲတွင် သူတို့ နောက်ဆုံး အနိုင်ရရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။
မိုးထိအောင် မြင့်မားသည့် ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရပြီးနောက် နောက်ဆုံးတွင် ဤအရေးကြီးသော ခြေလှမ်း တစ်လှမ်းကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်၏။
ကျင်းမျိုးနွယ်စုသည် ထွက်ပေါက်ပိတ်နေသည့် အခြေအနေမှ ရုန်းထွက်နိုင်ခဲ့ပြီး ပြစ်မှုများကို ရှင်းလင်းနိုင်ခဲ့ကာ ပိတ်ဆို့ အရေးယူမှုများကိုလည်း ရုပ်သိမ်းနိုင်ခဲ့သည်။
ရှေ့ဆက်လုပ်ဆောင်ရမည်မှာ မော့မျိုးနွယ်စုကို ချောက်ကမ်းပါးထဲ တွန်းချပစ်ပြီး သစ်ရွက်ကြွေနယ်မြေ ဆိုသည့် ဗျူဟာမြောက် နေရာကို ပြန်လည်လုယူရန်သာ ကျန်ရှိတော့သည်။ ထိုသို့လုပ်မှသာ အစီအစဉ် တစ်ခုလုံးက လုံးဝ အောင်မြင်ပေလိမ့်မည်။
................
ယွင်ဝမ်ရွှယ်၊ ချိုးရွှေမြို့ သခင်လေးနှင့် နယ်စား မဟာမိတ် ကုန်သည်များအသင်းမှ အဖွဲ့ဝင်များ အပါအဝင် လူဆယ်ဂဏန်းကျော်မှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အံ့သြထိတ်လန့်သွားကြပြီး အလွန်တရာ ဒေါသထွက်သွားကြ၏။
အထူးသဖြင့် ယွင်ဝမ်ရွှယ်ပင်။ သူ သွေးအန်လုမတတ် ဖြစ်နေပြီး မြို့စား မော့ရယ်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။ “မော့ရယ်... ခင်ဗျားက အရမ်း ရက်စက်ပြီး အရမ်းလည်း လောဘကြီးတာပဲ။ တစ်ယောက်တည်းက အကျိုးအမြတ် အားလုံးကို ဝါးမျိုချင်နေတာကိုး။”
ဤတစ်ကြိမ် ကစားပွဲတွင် ယွင်ဝမ်ရွှယ်သည် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီး အထိနာသွားခဲ့ရ၏။
ထို့နောက် ထိုနေရာတွင် ရှိနေသော လူဆယ်ဂဏန်းကျော် အားလုံးသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားကြသည်။ အနည်းဆုံးတော့ ဤအခိုက်အတန့်တွင် မော့မျိုးနွယ်စုသည် လူတိုင်း၏ ပစ်မှတ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
................
တာရှီမြို့၊ ကျင်းမျိုးနွယ်စု၏ စံအိမ်အတွင်း၌ ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဦးလေး။ ကျွန်မတို့ ကျင်းမျိုးနွယ်စုကို အပြစ်ကင်းစင်အောင် လုပ်ပေးခဲ့လို့ပါ။”
မြို့စား မော့ရယ်က ကျင်းကျုံးယွဲ့ကို ကြည့်နေသည့် အကြည့်များမှာ အလွန်တရာ ရဲတင်းလွန်းလှပြီး ပိုင်ဆိုင်ချင်စိတ်များတောင်မှ ပြည့်နှက်နေသည်။
မြို့စား မော့ရယ်က မေးလိုက်၏။ “ယွဲ့အာ... အိမ်မှာ ငွေမရှိတော့ဘူး မဟုတ်လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
ငွေများက တကယ်ပဲ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်ရာ လအနည်းငယ် ကြာပြီးနောက် စစ်စရိတ်ကို ထောက်ပံ့နိုင်ရန် ခက်ခဲလာတော့မှာဖြစ်၏။
မြို့စား မော့ရယ်က ပြောလိုက်သည်။ “ငွေမရှိတော့ဘူးဆိုမှတော့ ဒီလောက်များတဲ့ စစ်သည်တွေကို မမွေးထားနဲ့တော့လေ။ နောက်ထပ် နှစ်ထောင်လောက် ထပ်လျှော့လိုက်ပါလား။”
သူက တကယ်ကို တစ်လှမ်းချင်းစီ အကြပ်ကိုင် ဖိအားပေးနေခြင်းဖြစ်၏။
ကျင်းကျုံးယွဲ့က တိတ်ဆိတ်နေသည်။
မြို့စား မော့ရယ်က ပြောလိုက်၏။ “ရှေ့ဆက်ပြီး ဆားကုန်သွယ်မှုကို ပြန်စဖို့က အချိန်တစ်ခုတော့ လိုအုံးမယ်။ ကျုပ် အရင်က မင်းကို ပေးထားတဲ့ ဆန်တန်ချိန် တစ်သိန်းကလည်း အများဆုံး စားရ နှစ်လလောက်ပေါ့။ အဲဒီကျရင် ကုန်သွားအုံးမှာပဲ။”
ဤအရာက တကယ့် အမှန်တရား ဖြစ်သည်။
မြို့စား မော့ရယ်က ဆက်ပြောလိုက်၏။ “ခင်ဗျားတို့ ကျင်းမျိုးနွယ်စုအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ပြီ ဆိုပေမဲ့ အခု ဘယ်သူကများ ကျင်းမျိုးနွယ်ကို ရိက္ခာ ရောင်းပေးနိုင်မှာလဲ။ မင်းကရော ဘယ်ငွေနဲ့ ရိက္ခာကို ဝယ်မှာလဲ။ တာယင်အင်ပါယာကတော့ ကျင်းမျိုးနွယ်ကို ရိက္ခာပေးချင်နေမှာပဲ။ ဒါပေမဲ့ မင်း ယူရဲလို့လား။”
ယခုလို အခြေအနေမျိုးတွင် အပေါ်ယံအားဖြင့် မည်သူကများ အင်ပါယာကြီး နှစ်ခုနှင့် ပူးပေါင်းကြံစည် ရဲမည်နည်း။ ထိုသို့ လုပ်ဆောင်ပါက ပိုင်ရှင်မဲ့ နယ်မြေ၏ ဘုံရန်သူ ဖြစ်သွားမှာ ဖြစ်သည်။
ဤအရာက ပိုင်ရှင်မဲ့ နယ်မြေရှိ နယ်စား အားလုံး၏ အမြင့်ဆုံး တားမြစ်ချက်ဖြစ်၏
အကြောင်းရင်းက အလွန် ရိုးရှင်းသည်။ ပိုင်ရှင်မဲ့ နယ်မြေက လက်ရှိ အခြေအနေအတိုင်းသာ တည်ရှိနေပါက လူတိုင်းတွင် နယ်မြေ ရှိမည်၊ စစ်တပ် ရှိမည်၊ အာဏာ ရှိမည် ဖြစ်သည်။
သို့ပေမည့် ပိုင်ရှင်မဲ့ နယ်မြေသာ အင်ပါယာကြီး နှစ်ခု၏ သိမ်းပိုက်မှုကို ခံလိုက်ရပါက လူတိုင်းက အမည်ခံ မှူးမတ်များသာ ဖြစ်သွားမှာဖြစ်ပြီး စစ်တပ်လည်း မရှိ၊ အာဏာလည်း ရှိတော့မည် မဟုတ်ပေ။
ပိုင်ရှင်မဲ့ နယ်မြေ၏ လွတ်လပ်မှုကို ထိန်းသိမ်းခြင်းက နိုင်ငံရေး ဖြစ်သည်။ မည်သူကများ သွားရောက် ထိပါးရဲမည်နည်း။ မည်သူက အင်ပါယာကြီး နှစ်ခုနှင့် ပူးပေါင်းကြံစည်မည်ဆိုပါက နယ်စား အားလုံး၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
သေချာသည်မှာ ဤအရာက အပေါ်ယံမျှသာဖြစ်ပြီး လျှို့ဝှက်ချက်အနေဖြင့် မည်သို့ ရှိနေမည်ကိုတော့ မည်သူကမှ ရှင်းရှင်းလင်းလင်း မပြောနိုင်ချေ။
သို့ပေမည့် ယခုအခါ မျက်လုံးအားလုံးက လေခွင်းချိုင့်ဝှမ်းကို စောင့်ကြည့်နေကြလေရာ ကျင်းကျုံးယွဲ့သာ တာယင်အင်ပါယာ သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာ၏ မည်သည့် ထောက်ပံ့မှုကိုမဆို လက်ခံရဲပါက ချက်ချင်းဆိုသလို နယ်စား အားလုံး၏ ရူးသွပ်စွာ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံရတော့မှာ ဖြစ်သည်။
မြို့စား မော့ရယ်က ပြောလိုက်၏။ “ဒါကြောင့် မင်းတို့ ကျင်းမျိုးနွယ်စုအတွက် ရိက္ခာ ထောက်ပံ့ပေးနိုင်တာက ကျုပ်တို့ မော့မျိုးနွယ်စုပဲ ရှိတယ်။ နောက်တစ်သုတ် ရိက္ခာကလည်း တန်ချိန် တစ်သိန်းပဲ ဖြစ်ပြီး ဆန်ပုပ်တွေ မဟုတ်တော့ဘူး။ ဒီရိက္ခာကို လိုချင်ရင် အရမ်းလွယ်ပါတယ်။ အရင်အတိုင်း သံချပ်ကာနဲ့ လက်နက်တွေနဲ့ လဲလှယ်ရုံပဲ။ ဒီတစ်ကြိမ် ကျင်းမျိုးနွယ် စစ်တပ်က နောက်ထပ် နှစ်ထောင်လောက် လျှော့ချလိုက်ပါလား။”
မော့မျိုးနွယ်စုက ဤရိက္ခာကို ကြိုးကွင်းတစ်ခုအဖြစ် အသုံးပြုကာ ကျင်းမျိုးနွယ်စုကို တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးပေးသတ်ဖြတ်ပြီး နောက်ဆုံးတွင် လုံးဝ ဝါးမျိုပစ်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်။
ကျင်းကျုံးယွဲ့က တိတ်ဆိတ်နေ၏။
မြို့စား မော့ရယ်က ဆက်လက်၍ အခွင့်ကောင်းယူကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကတိုးမွှေးသခင်မက သူ့ယောကျာ်းနဲ့ ကွဲသွားပြီလို့ ကြားတယ်။ ဟိုးအရင်တုန်းက ကျုပ်နဲ့ ကတိုးမွှေးသခင်မက စေ့စပ်လုနီးပါး ဖြစ်ခဲ့ဖူးတာ မင်း သိလား။”
ကျင်းကျုံးယွဲ့၏ အကြည့်များက အေးစက်သွားပြီး ဒေါသပေါက်ကွဲတော့မည့် ပုံစံဖြစ်လာ၏။
ယွင်ကျုံးဟဲ့က အမြန်အဆန် အရှေ့သို့ တိုးသွားကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “သခင်မ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ မြို့စားမော့ကလည်း ကျုပ်တို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။”
မြို့စား မော့ရယ်က ပြောလိုက်၏။ “မေလ ၁၉ ရက်နေ့ ရောက်ဖို့က လဝက်တောင် မလိုတော့ဘူး။ အဲဒီအချိန်ကျရင် သစ်ရွက်ကြွေနယ်မြေကို အပြီးတိုင် လွှဲပြောင်းပေးရတော့မယ်။ ပြီးတော့ ပိုင်ယင် ဆားကွင်းကိုလည်း ကျုပ်တို့ မော့မျိုးနွယ်စုဆီကို လွှဲပေးရတော့မယ် မဟုတ်လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
မြို့စား မော့ရယ်က ပြောလိုက်၏။ “အဲဒီမတိုင်ခင်မှာ စစ်သည် နှစ်ထောင် ထပ်လျှော့လိုက်ပြီးတော့ ကတိုးမွှေးသခင်မကို ကျုပ်အိမ်ကို ကိုယ်လုပ်တော်အဖြစ် ပို့ပေးလိုက်။”
ဤစကား ထွက်ပေါ်လာသည်နှင့် ကျင်းကျုံးယွဲ့ ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ ကတိုးမွှေးသခင်မ ဆိုသည်မှာ ယခင် လေခွင်းမြို့စား၏ တရားဝင် သမီးတော် ဖြစ်၏။ ထိုကဲ့သို့သော အမျိုးသမီးကို မော့ရယ်ဆီကို ကိုယ်လုပ်တော်အဖြစ် ပို့ပေးရမည်လား။
မြို့စား မော့ရယ်က ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “နောက်ပြီး ကျုပ်က ယွင်အောက်ထျန်းဆိုတဲ့ လူကို လုံးဝ သဘောမကျဘူး။ မေလ ၁၉ရက်နေ့ လွှဲပြောင်းမှု အခမ်းအနား ပြီးသွားတာနဲ့ မင်း သူ့ကို ရာထူးကနေ ထုတ်ပစ်ရမယ်။ လေခွင်းချိုင့်ဝှမ်းကနေ နှင်ထုတ်ပစ်ပြီး တစ်သက်လုံး ခြေတစ်လှမ်းတောင် ချခွင့် မပြုရဘူး။
ယွဲ့အာ.... မင်း သေသေချာချာ မှတ်ထား။ ဒါက တောင်းဆိုနေတာ မဟုတ်ဘူး။ အမိန့်ပေးနေတာ။ နောင်လာမယ့် အနာဂတ်မှာ ကျင်းမျိုးနွယ်စုက ကျုပ်တို့ မော့မျိုးနွယ်စု မရှိရင် အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူး။”
မြို့စား မော့ရယ်သည် ကျင်းကျုံးယွဲ့၏ ခါးလေးကို လောဘတကြီး ထပ်မံ ကြည့်မိလိုက်ချိန်မှာတော့ သူ၏ အောက်ပိုင်း နေရာတစ်နေရာက ဆတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူက လှည့်ထွက်သွားလေတော့သည်။
“ဟား ဟား ဟား ဟား ဟား ဟား ဟား....”
.................
တစ်ချိန်တည်းမှာပဲ သံသေတ္တာထဲတွင် သော့ခတ် သိမ်းဆည်းထားသော လျှို့ဝှက်စာချုပ်၊ တစ်နည်းအားဖြင့် ကျင်းမျိုးနွယ်စုက သစ်ရွက်ကြွေနယ်မြေကို အပြီးတိုင် ပေးအပ်ပြီး ပိုင်ယင် ဆားကွင်းကို မော့မျိုးနွယ်စုထံ နှစ်ငါးဆယ် ငှားရမ်းသည့် ထိုအရှက်ရစရာ စာချုပ်ကြီးက ရုတ်တရက်ဆိုသလိုပဲ အစိမ်းရောင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းလာ၏။
ယနေ့၏ အပူချိန်မှာ ၃၅ ဒီဂရီခန့်သာ ရှိသေးသော်လည်း ဤလျှို့ဝှက်စာချုပ်ပေါ်ရှိ ဖော့စဖရပ်ဖြူများက အပူချိန်ကြောင့် အလိုအလျောက် လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လျှို့ဝှက် စာချုပ် တစ်ခုလုံးက တိုက်ရိုက် ပြာကျ ပျောက်ကွယ်သွားတော့သည်။ ယွင်ကျုံးဟဲ့ နိုင်ပြီဖြစ်၏။
...............