အခန်း (၉၇-၉၈)
Vol. 9 Ch. 97-98
အပိုင်း (၉၇)
ယွင်ကျုံးဟဲ့က အမှတ် (၂၃) လူနာ ဒါဗင်ချီ ဝင်ပူးပြီး မော့ရယ်နှင့် ကျူ့ထျန်းဖန်တို့၏ လက်ရေးကို တုပကာ အထူးဆေးရည်များဖြင့် တံဆိပ်တုံးကို ရေးဆွဲထားခြင်း ဖြစ်သည်။
ဒါဗင်ချီက မည်သူနည်း။ နတ်ဘုရားအဆင့် ပန်းချီဆရာဖြစ်သည်။ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားတောင် အတုလုပ်နိုင်၏။ ဤလက်ရေးလောက်ကတော့ အပျော့ပင်။
ယွင်ကျုံးဟဲ့က စာချုပ်ကို ထိုးပြပြီး ပြောလိုက်သည်။ “ကြည့်ကြ... ကြည့်ကြ...”
ကျူ့ထျန်းဖန်၊ ဝေကုန်းနှင့် အခြား အရေးကြီးပုဂ္ဂိုလ်များက ယွင်ကျုံးဟဲ့ လက်ထဲမှ စာချုပ်ကို ယူကြည့်ကြသည်။ မော့ရယ်နှင့် မော့ချိုတို့လည်း ရှေ့တိုးကြည့်ကြသည်။ တစ်လုံးချင်း သေချာ စစ်ဆေးကြ၏။
ရလဒ်ကတော့ အံချီးနပမ်း ဖြစ်လို့နေသည်။
စာချုပ်ပါ အကြောင်းအရာကို ကျူ့ထျန်းဖန်၏ လက်ရေးဖြင့် ရေးသားထားသည်။ ကျူ့ထျန်းဖန်က သေလျှင်ပင် ဤကဲ့သို့ စာချုပ်မျိုး ရေးပေးမည် မဟုတ်ပေ။
မော့မိသားစုက နယ်မြေပြန်ပေးမည်ဟူသည်မှာ မဖြစ်နိုင်လောက်အောင်ပင် ရှိနေတော့သည်။ သို့သော်ငြား စာလုံးတိုင်းမှာ ကျူ့ထျန်းဖန်၏ လက်ရေးနှင့် တစ်ပုံစံတည်း တူညီနေ၏။
ကျူ့ထျန်းဖန်သည် စာသင်ကျောင်းအုပ်ကြီး ဖြစ်သည့်အပြင် လက်ရေးလှပညာရှင်တစ်ဦး ဖြစ်ရာ လက်ရေးလှ ပညာရှင်တိုင်းတွင် ကိုယ်ပိုင်ဟန်နှင့် လျှို့ဝှက်ချက်များ ရှိစမြဲပင် ဖြစ်သည်။
ကျူ့ထျန်းဖန်၏ လျှို့ဝှက်ချက်မှာမူ ကောက်ကြောင်းဆွဲသည့်အခါ ထောင့်ချိုး၌ မင်သား တစ်ပတ်လည် သွားခြင်းဖြစ်ပြီး သာမန်မျက်စိဖြင့် ကြည့်လျှင် မမြင်ရဘဲ အလင်းရောင်ဖြင့် ထိုးကြည့်မှသာ မြင်နိုင်၏။
ကျူ့ထျန်းဖန်က နေရောင်အောက်တွင် ထောင်ကြည့်လိုက်သောအခါ ကောက်ကြောင်းထောင့်ချိုးနေရာတွင် သူရေးနေကျအတိုင်း မင်သား တစ်ပတ်လည်နေသည်ကို တွေ့လိုက်ရသည်။
မော့ရယ်မှာမူ လက်ရေးလှပညာရှင် မဟုတ်သော်လည်း သိုင်းပညာရှင် ဖြစ်သည့်အတွက် သူ၏လက်ရေးသည် ဓားသွားကဲ့သို့ ထက်မြက်ကာ စာရွက်ဖောက်ထွက်လုမတတ် အားပါလှ၏။
ဤကဲ့သို့ လက်ရေးမျိုးမှာ တုပရန် အလွန်ခက်ခဲပြီး မော့ရယ်လောက် သိုင်းပညာ မကောင်းပါက ရေးသား၍ မရနိုင်ပေ။
စာချုပ်အတုပေါ်တွင် မော့ရယ်၏ လက်ရေးမှာ လက်မှတ်ထိုးထားသည့် နာမည်နှစ်လုံးသာ ပါဝင်သော်လည်း တစ်မူထူးခြားနေသောကြောင့် တုပရန် မဖြစ်နိုင်ချေ။ သို့ပေမည့် ရလဒ်မှာမူ မော့ရယ်ကိုယ်တိုင် ရေးသားသည်ထက်ပင် ပို၍ တူညီနေတော့သည်။
ကျူ့ထျန်းဖန်မှာ ရူးချင်သွားပြီး ဤစာချုပ်ကို သူကိုယ်တိုင် မရေးခဲ့ဖူးကြောင်း သေချာမသိပါက ကိုယ်တိုင် ရေးမိလေသလားဟုပင် ထင်မှတ်မိပေမည်။
ပို၍ ဆိုးသည်မှာ ကျူ့ထျန်းဖန်နှင့် မော့ရယ်တို့၏ ကိုယ်ပိုင်တံဆိပ်တုံးများမှာလည်း အစစ်နှင့် တစ်ပုံစံတည်း တူညီနေခြင်းပင်။ သရဲခြောက်နေသည်လား မသိနိုင်ချေ။
ယွင်ကျုံးဟဲ့က အော်ပြောလိုက်သည်။ “မြင်ကြလား။ မြင်ကြလား။ ဒါတွေက ကျူ့ထျန်းဖန်ရဲ့ လက်ရေး ဟုတ်မဟုတ်၊ မော့ရယ်ရဲ့ လက်မှတ် ဟုတ်မဟုတ်၊ တံဆိပ်တုံး ဟုတ်၊ မဟုတ်”
အရေးကြီးပုဂ္ဂိုလ်များ ခေါင်းညိတ်လိုက်ကြသည်။ အစစ်အမှန်ဖြစ်၏။ သို့သော်ငြား မော့ရယ်က ရူးနေလျှင်တောင် ဤစာချုပ်၌ လက်မှတ်ထိုးမှာ မဟုတ်ပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ဒီစာချုပ်က အစစ်ပေါ့။”
ထို့နောက် မော့ရယ်ကို ကြည့်ပြီး ပြောလိုက်သည်။ “မော့ခေါင်းဆောင်... စာချုပ်က အရာအားလုံးထက် ကြီးမြတ်ပါတယ်။ စာချုပ်အတိုင်း သစ်ရွက်ကြွေနယ်မြေကို လေခွင်းမြို့ဆီ ပြန်ပေးပါ။”
ထိုအချိန်တွင် ကျူ့ထျန်းဖန်က တည်ငြိမ်သွားပြီး အေးစက်စွာ ပြောလိုက်၏။ “ယွင်အောက်ထျန်း... စာချုပ်အတု လုပ်တာ ဘာပြစ်မှုလဲ သိလား။”
“သေဒဏ်...”
မော့ရယ်က ပြောလိုက်သည်။ “လူတိုင်းရှေ့မှာ အရှင်လတ်လတ် အရေခွံခွာ သတ်ရမယ်။”
ယွင်ကျုံးဟဲ့ ရယ်မောလိုက်၏။ “အစစ်က အတုမဖြစ်နိုင်သလို၊ အတုကလည်း အစစ်မဖြစ်နိုင်ပါဘူး။ ကျုပ် ယွင်အောက်ထျန်း တစ်သက်လုံး လိပ်ပြာလုံတယ်။ ဘယ်တော့မှ လိမ်ညာတာ မလုပ်ဘူး။”
ကျင်းကျုံးယွဲ့က တွေးလိုက်သည်။ ‘ရှင် ဒီစကား ပြောရဲတာ မိုးကြိုးပစ်မှာ မကြောက်ဘူးလား။’
မော့ရယ်က ပြောလိုက်၏။ “အဲဒီညက စာချုပ် သုံးစောင် လက်မှတ်ထိုးခဲ့တယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ လေခွင်းမြို့ တစ်စောင်၊ မော့မိသားစု တစ်စောင်၊ ကျူ့ထျန်းဖန် တစ်စောင်။”
မော့ရယ်က ဆက်ပြောလိုက်၏။ “ကျုပ်နဲ့ ကျူ့ထျန်းဖန်ရဲ့ သေတ္တာတွေကို မလဲလှယ်ခဲ့ဘူး။ တံဆိပ်တုံးတွေလည်း မပျက်စီးဘူး။ ဒါကြောင့် အထဲမှာ အဲဒီညက စာချုပ်တွေ ရှိနေမှာ သေချာတယ်။ မှန်ရဲ့လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သေချာပါတယ်။”
မော့ရယ်က ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့သေတ္တာထဲက စာချုပ်တွေနဲ့ ခင်ဗျားလက်ထဲက စာချုပ် မတူရင် ဘယ်လိုလုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ဒါဆို အများဆန္ဒအတိုင်းပေါ့။ ခင်ဗျားတို့ သေတ္တာထဲက စာချုပ်တွေက အစစ်ဖြစ်ပြီး ကျုပ်လက်ထဲက စာချုပ်နဲ့ မတူရင် နှစ်မဲ တစ်မဲ ဆိုတော့ ခင်ဗျားတို့နိုင်တယ်။ ကျုပ်လက်ထဲက စာချုပ်က အတု ဖြစ်သွားမှာပေါ့။”
“ကောင်းပြီ။”
မော့ရယ်က အော်ပြောလိုက်၏။ “အဲဒီညက ကျုပ်နဲ့ ကျင်းကျုံးယွဲ့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်က ရှင်းရှင်းလင်းလင်း ရှိတယ်။ သစ်ရွက်ကြွေနယ်မြေကို ကျုပ်တို့ဆီ အပြီးပေးမယ်။ ဆားကွင်းကို ငါးဆယ်ငှားမယ် ဆိုပြီး အတိအကျ ရေးထားတယ်။ ကျူ့ထျန်းဖန်က သက်သေပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကတော့ စာချုပ်ပေါ်က စာလုံးမည်းမည်းတွေကိုပဲ အသိအမှတ်ပြုတယ်။”
မော့ရယ်က စိန်ခေါ်လိုက်၏။ “ကောင်းပြီ။ ကျုပ်တို့ စာချုပ်တွေနဲ့ ခင်ဗျားရဲ့စာချုပ် မတူရင် ခင်ဗျားစာချုပ်က အတုပဲ။ အဲဒီကျရင် ခင်ဗျားကို လူတိုင်းရှေ့မှာ သတ်ပစ်မယ်။ ဘယ်လိုလဲ။”
“ကောင်းပြီလေ။” ယွင်ကျုံးဟဲ့ ပြန်အော်သည်။
မော့ရယ်က ပြောလိုက်၏။ “အားလုံး သက်သေလိုက်ကြပါ။ ကျုပ်တို့သေတ္တာထဲက စာချုပ်နဲ့ ယွင်အောက်ထျန်း စာချုပ် မတူရင် သူ့စာချုပ်က အတုပဲ။ သူ့ကို ကျုပ်သတ်မယ်။”
အရေးကြီးပုဂ္ဂိုလ်များ အချင်းချင်း ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
မော့ရယ်က ဓားမော့ကြီးကို ဆွဲထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ သူ့ဓားမော့ကြီးက သွေးညှီနံ့များ ထွက်နေသလို သူ့မျက်လုံးများကလည်း လူသတ်ချင်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ အဖြေထွက်သည်နှင့် ယွင်ကျုံးဟဲ့ကို သတ်တော့မှာဖြစ်၏။
မော့ရယ်က သူ့သေတ္တာကို ယူပြီး တံဆိပ်တုံးကို ဆွဲခွာလိုက်သည်။
ကျူ့ထျန်းဖန်လည်း သူ့သေတ္တာကို ယူပြီး တံဆိပ်တုံးကို ခွာလိုက်၏။
မော့ရယ်က တွေးလိုက်သည်။ ‘ယွင်အောက်ထျန်း... ခင်ဗျားက လှည့်ကွက်လေးတွေ သုံးတတ်ပေမဲ့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ခင်ဗျားတို့လက်ထဲက စာချုပ်ကို လဲလိုက်တော့ ဘာထူးမှာလဲ။ ကျုပ်နဲ့ ကျူ့ထျန်းဖန် လက်ထဲက စာချုပ်တွေကိုတော့ ဘယ်တော့မှ လဲလို့မရဘူး။’
မှန်ပေသည်။ ဤစာချုပ် နှစ်စောင်ကို မော့ရယ်နှင့် ကျူ့ထျန်းဖန်သာ သိသည့် လျှို့ဝှက်နေရာ၌ သိမ်းထားခြင်းဖြစ်၏။ လုံခြုံရေးကလည်း အပြည့်ရှိနေသောကြောင့် ခိုးယူဖို့ မဖြစ်နိုင်ချေ။
‘ခင်ဗျားကို ကြည့်မရတာ ကြာပြီ။ ဒီနေ့ ခင်ဗျားကို အပိုင်းပိုင်း ဖြတ်ပစ်မယ်။’
မော့ရယ်က ပြောလိုက်သည်။ “လူကြီးမင်းတို့ သေချာ ကြည့်ထားကြပါ။ ကျူ့ထျန်းဖန်... အတူတူ ဖွင့်ရအောင်”
“ကောင်းပြီ။”
နှစ်ယောက်သား သေတ္တာကို မြှောက်ပြီး လူတိုင်းရှေ့မှာ ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
အားလုံး မျက်လုံးပြူးပြီး ကြည့်နေကြသည်။
‘ဒီသေတ္တာထဲက စာချုပ်နဲ့ ယွင်ကျုံးဟဲ့ စာချုပ် မတူတာနဲ့ ယွင်ကျုံးဟဲ့ သေပြီ။ ဘယ်နတ်ဘုရားမှ မကယ်နိုင်တော့ဘူး။ ပြီးတော့ လေခွင်းမြို့က စာချုပ်အတိုင်း နယ်မြေနဲ့ ဆားကွင်းကို မော့မိသားစုဆီ ပေးရတော့မယ်။ နေအနောက်ဘက်က ထွက်ရင်တောင် ဒီရလဒ်ကို ပြောင်းလို့မရဘူး။’
သို့သော်ငြား ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သေတ္တာထဲကို မယုံနိုင်စွာ ကြည့်နေကြ၏။
ခဏအကြာမှ အံ့အားသင့်သည့် အသံများ ထွက်လာကြသည်။ ‘ဘာဖြစ်တာလဲ။ သေတ္တာထဲမှာ စာချုပ်မရှိဘူး။ ပြာမှုန်တွေပဲ ရှိတယ်။ အဲဒါ မီးလောင်ကျွမ်းထားတဲ့ ပြာမှုန်တွေ မဟုတ်လား။’
မော့ရယ်နှင့် ကျူ့ထျန်းဖန်က သေတ္တာကို မြှောက်ထားသောကြောင့် အထဲကို မမြင်ရပေ။ သို့ပေမည့် လူတိုင်း၏ မျက်နှာထားကို ကြည့်ပြီး ကြောင်အသွားကြ၏။
ထိုစဉ် လေတစ်ချက် ဝှေ့လိုက်သောကြောင့် သေတ္တာထဲက ပြာမှုန်များ လွင့်ထွက်သွားသည်။
မော့ရယ် သေတ္တာကို မော့ကြည့်လိုက်ချိန်မှာတော့ ပြာမှုန်များ သူ့မျက်နှာပေါ် လွင့်လာ၏။
ချက်ချင်းပဲ သူ မိုးကြိုးပစ်ခံလိုက်ရသလို ငြိမ်ကျသွားသည်။
ကျူ့ထျန်းဖန်လည်း မျက်လုံးပြူးပြီး သေတ္တာအလွတ်ကို ကြည့်နေမိသည်။ အတွင်းက ပြာမှုန်တွေ လွင့်ထွက်သွားတာကို ကြည့်ပြီး ကြက်သေ သေနေ၏။
‘ဟမ်... စာချုပ်တွေ ဘယ်ရောက်သွားလဲ။ အဲဒီညက အထဲထည့်၊ သော့ခတ်၊ တံဆိပ်ကပ်ခဲ့တာလေ။ အခု သေတ္တာထဲမှာ စာချုပ် မရှိတော့ဘူး။’
နှစ်ယောက်လုံး တုန်လှုပ်ချောက်ခြားသွားသည်။ ရာသီဥတု ပူပြင်းသော်လည်း သူတို့နှစ်ယောက် ရေခဲတိုက်ထဲ ရောက်နေသလို အေးစိမ့်သွားသည်။ ချွေးစေးများပါ ထွက်လာသည်။
‘ဘာဖြစ်သွားတာလဲ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ သံသေတ္တာထဲမှာ သော့ခတ်သိမ်းထားတဲ့ စာချုပ်တွေက ဘာလို့ မီးလောင်ပြီး ပြာကျသွားရတာလဲ။ အဲဒီညက စာရေးကိရိယာ အားလုံး မော့မိသားစုက ပြင်ဆင်ပေးခဲ့တာလေ။ ယွင်အောက်ထျန်း ဘာမှ လုပ်လို့မရပါဘူး။ ဘာလို့ မီးလောင်သွားတာလဲ။’
မော့ရယ် ခေါင်းမူးဝေလာပြီး မျက်လုံးများ ပြာဝေလာ၏။
‘ဒီအခြေအနေက ဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက သူ လူအများကြီးကို ရန်စခဲ့ရတယ်။ ထန်ထိုင်မိသားစုကို ရန်စခဲ့ရတယ်။ ကျင်းမိသားစုရဲ့ အပြစ်တွေကို ဆေးကြောပေးခဲ့တယ်။ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့တယ်။ ရလဒ်ကတော့ ဘာမှ မရလိုက်ဘူး။ သစ်ရွက်ကြွေနယ်မြေလည်း မရ၊ ဆားကွင်းလည်း မရဘူး။
ကျုပ်ရဲ့ ရည်မှန်းချက်ကြီးမားပုံကို လူသိရှင်ကြား ကြေညာသလို ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ပေးဆပ်ရတာတွေ များပြီး ဘာအကျိုးအမြတ်မှ မရလိုက်ဘူး။ အခု ယွင်အောက်ထျန်းဆိုတဲ့ ခွေးကောင်က ကျုပ်ကို ပြန်ပြီး စွပ်စွဲနေပြီ။ ဖွတ်မရ ဓားမဆုံး ဆိုတာ ဒါမျိုးကို ခေါ်တာပဲ။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ရုတ်တရက် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ... ကြောက်စရာ ကောင်းလိုက်တာ။ လူကြီးမင်းတို့... မြင်ကြရဲ့လား။ မြင်ကြရဲ့လား။ မော့ရယ်က အဲဒီညက စာချုပ် လက်မှတ်ထိုးတုန်းက သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုဆီ ပြန်ပေးမယ်လို့ ကတိပြုခဲ့တယ်။ အခု စာချုပ် ဖျက်ချင်လို့ မီးရှို့ပစ်လိုက်ပြီ။ မီးရှို့ပစ်လိုက်ပြီ။
ယုတ်မာလိုက်တာ။ အရှက်မရှိလိုက်တာ။ ကောင်းကင်ကြီးရေ... မျက်လုံးဖွင့် ကြည့်ပါအုံး။ ကျုပ်တို့အတွက် တရားမျှတမှု ပေးပါအုံး။ လက်မှတ်ထိုးထားတဲ့ စာချုပ်ကိုတောင် မီးရှို့ပစ်တယ်ဆိုရင် လောကကြီးမှာ မော့ရယ်လို လူတွေ များလာရင် ကျုပ်တို့လို ရိုးသားတဲ့လူတွေ ဘယ်လို အသက်ရှင်ရမလဲ။
မီးရှို့ပစ်မယ်ဆိုရင် အစတည်းက ဘာလို့ လက်မှတ်ထိုးလဲ။ အခု ကျုပ်ကို စာချုပ်အတု လုပ်ပါတယ် ဆိုပြီး ပြန်စွပ်စွဲနေသေးတယ်။ ကျုပ်ကို အပိုင်းပိုင်းဖြတ်မယ်တဲ့။ သစ္စာမရှိလိုက်တာ။ ရက်စက်လိုက်တာ။ အဖြူကို အမဲ လုပ်လိုက်တာ။ သမင်ကို မြင်း လုပ်လိုက်တာပဲ။
မော့ရယ်... ခင်ဗျား မြို့စားတစ်ယောက် အနေနဲ့ နေရတာ မရှက်ဘူးလား။ ကျုပ်တို့လို ရိုးသားတဲ့ လူတွေအတွက် လမ်းစ မရှိတော့ဘူးလား။ တရားမျှတမှု မရှိတော့ဘူးလား။”
ယွင်ကျုံးဟဲ့က ကောင်းကင်ကို မော့ပြီး အော်ဟစ်ငိုယိုနေသည်။ ရင်ကွဲပက်လက် ဖြစ်နေ၏။ “လူကြီးမင်းတို့... ကျေးဇူးပြုပြီး လေခွင်းမြို့အတွက် တရားမျှတမှု ပေးကြပါအုံး။ ကျုပ် ယွင်အောက်ထျန်းလို ရိုးသားတဲ့ လူအတွက် တရားမျှတမှု ပေးကြပါအုံး။”
ယွင်ကျုံးဟဲ့၏ သရုပ်ဆောင်ချက်များကို ကြည့်ပြီး ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်း ကြက်သီးထကုန်ကြသည်။ ‘တော်လွန်းတယ်ကွာ...’
မော့ရယ်သည် သူ့ခန္ဓာကိုယ်မှာ နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျနေသလို ခံစားလိုက်ရသည်။ ငရဲကြီး ၁၈ ထပ်အထိ ပြုတ်ကျသွားသလိုပင်။
.................
အပိုင်း (၉၈)
မော့ရယ်၏ သွေးများ ဆူပွက်လာပြီး ယွင်ကျုံးဟဲ့ကို လှမ်းကြည့်လိုက်သည်။ သူ ပထမဆုံးအကြိမ် ယွင်ကျုံးဟဲ့ကို သေချာကြည့်ခြင်း ဖြစ်သည်။
သူ မော့ခေါင်းဆောင်သည် သူရဲကောင်းတစ်ယောက် ဖြစ်ပါလျက် သူတောင်းစား ပုံဖမ်းထားသော ယွင်အောက်ထျန်း လက်ထဲတွင် ယခုကဲ့သို့ ရှုံးနိမ့်သွားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
အမှန်တကယ်တော့ သူသည် ယွင်အောက်ထျန်း၏ ရုပ်ရည် အစစ်ကို သိသည်။ သူတောင်းစား မဟုတ်ဘဲ ချောမောသော အမျိုးသားတစ်ဦး ဖြစ်ကြောင်းလည်း သိသည်။
သို့ပေမည့် ယွင်အောက်ထျန်းက အမြဲတမ်း သူတောင်းစားပုံစံဖြင့် နေသောကြောင့် လူအများက သူတောင်းစားအဖြစ်သာ မှတ်ယူထားကြ၏။
မော့ချို၏ မျက်လုံးများသည် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေပြီး ဦးနှောက်က လျင်မြန်စွာ အလုပ် လုပ်နေ၏။ သူသည် အလွန် ဉာဏ်ကောင်းသူဖြစ်ရာ ချက်ချင်းပဲ အရာအားလုံးကို သဘောပေါက်သွားတော့သည်။
‘ဒီကိစ္စ အားလုံးက ယွင်အောက်ထျန်းရဲ့ ပူးပေါင်းကြံစည်မှုပဲ။ ပိုင်ယင်ဆားကွင်း လူသတ်ပွဲ ဖြစ်ပြီးတည်းက ယွင်အောက်ထျန်းက ထောင်ချောက်ကြီး ဆင်ထားခဲ့တာ။ ငွေတစ်သန်း လျော်ကြေး ဆိုတာတွေ၊ နယ်မြေ ပေးမယ်။ ဆားကွင်းပေးမယ် ဆိုတာတွေ အားလုံးက ယွင်အောက်ထျန်းရဲ့ ထောင်ချောက်တွေချည်းပဲ။
ဒီလူရဲ့ ကောက်ကျစ်စဉ်းလဲမှုက အရင်က တစ်ခါမှ မကြုံဖူးလောက်အောင်ပဲ။ အဓိကက သူ ဘယ်လို လုပ်လိုက်တာလဲ။ သံသေတ္တာထဲက စာချုပ်နှစ်စောင် ဘာလို့ ပြာကျသွားတာလဲ။’
မော့ချိုသည် အလွန် အေးဆေးတည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွား၏။
သို့ပေမည့် မော့ရယ်၏ မျက်လုံးများမှာ သွေးရောင် ရဲရဲတောက်နေသည်။ သူသည် ဆယ်စုနှစ်များစွာ ကြီးစိုးခဲ့ပြီး ယခု သူတောင်းစား ယွင်အောက်ထျန်း၏ လက်ထဲတွင် အရုပ်တစ်ခုလို ကစားခံလိုက်ရသည်။
ယနေ့ ဖြစ်ရပ်က သူ့ဘဝတစ်လျှောက်လုံးအတွက် ရယ်စရာ ဖြစ်သွားပေလိမ့်မည်။ နတ်ပြည်ကနေ ငရဲပြည်ကို ပြုတ်ကျသွားခြင်း၊ အထွတ်အထိပ်ကနေ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခြင်းလည်း ဖြစ်၏။
“ကျုပ် ခင်ဗျားကို သတ်မယ်။” မော့ရယ် ဒေါသတကြီး အော်ဟစ်ပြီး ယွင်ကျုံးဟဲ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သတ်ဖြတ်လိုစိတ် ပြင်းထန်သော လက်ဝါးရိုက်ချက်ဖြစ်သည်။ ယွင်ကျုံးဟဲ့သာ ထိမှန်သွားပါက ကိုယ်တွင်း ကလီစာများ ကြေမွပြီး သေဆုံးသွားပေလိမ့်မည်။
“ရိုင်းလှချည်လား။” ကျင်းကျုံးယွဲ့ အော်ဟစ်လိုက်ပြီး ယွင်ကျုံးဟဲ့ ရှေ့သို့ ရောက်လာကာ လက်ဝါးချင်း ရင်ဆိုင်လိုက်၏။
“ဝုန်း...”
ကျယ်လောင်သော အသံနှင့်အတူ မော့ရယ် နောက်သို့ ဆယ်လှမ်းခန့် ဆုတ်သွားရသည်။
‘ဒီကောင်မလေး သိုင်းပညာ တကယ် ကောင်းတာပဲ။ ဒါ နာမည်ကြီး မော့ခေါင်းဆောင်လေ။’
ဒေါသထွက်နေသော မော့ရယ်သည် ဓားမော့ကြီးကို ဆွဲယူပြီး ယွင်ကျုံးဟဲ့ကို ထပ်မံ ခုတ်ပိုင်းရန် ပြေးဝင်လာ၏။
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြုံးပြီး ဓားရှည်ကို ဆွဲထုတ်ကာ မော့ရယ်၏ ဓားမော့ကြီးကို တားဆီးလိုက်သည်။
“ဘာလုပ်တာလဲ။” မော့ချို အော်ဟစ်လိုက်၏။
ထို့နောက် လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာပြီး ကျင်းကျုံးယွဲ့နှင့် မော့ရယ်ကြားသို့ ဝင်လိုက်သည်။
“ဒေါင်...”
မော့ချို၏ ဘယ်လက်မှ ဓားမြှောင်က ဖခင်၏ ဓားမော့ကြီးကို တားလိုက်သည်။ ညာလက်မှ ဓားမြှောင်က ကျင်းကျုံးယွဲ့၏ ဓားရှည်ကို တားလိုက်၏။
အားလုံး အံ့အားသင့်သွားကြသည်။ ‘မော့ချိုရဲ့ သိုင်းပညာက ဒီလောက် ကောင်းတာလား။ မော့ရယ်က သူ့အဖေလေ။ ဒါတောင် မော့ချိုက တွန်းထုတ်နိုင်ခဲ့တယ်။’
အဓိကက မော့ချိုက တစ်ယောက်တည်းနှင့် နှစ်ယောက်လုံးကို တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ သူလည်း ပိုင်ယွင်မြို့မှာ သိုင်းသင်ခဲ့ပြီး ကျင်းကျုံးယွဲ့ထက် နှစ်အနည်းငယ် စော၏။
မော့ချိုသည် ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ ကြည့်ပြီး ပြောလိုက်သည်။ “တော်တယ်။ တကယ် တော်တယ်။ အံ့မခန်းပါပဲ။ သွားခွင့်ပြုပါ။”
ထို့နောက် မော့ရယ်ကို ဆွဲပြီး စကားတစ်ခွန်းမှ မပြောဘဲ ထွက်ခွာသွား၏။
မော့ရယ် မကျေနပ်သော်လည်း ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ဖြတ်ချင်နေသေးသည်။
“အဖေ... သွားမယ်။” မော့ချိုက အေးစက်စွာ ပြောလိုက်၏။
ထို့နောက် မော့မိသားစု စစ်သည်များနှင့်အတူ ထွက်ခွာသွားကြသည်။
ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ‘ဒီနေ့ပွဲမှာ ရှုံးသွားပေမဲ့ မော့ချိုက ဘာမှ မပြောဘဲ ချက်ချင်း ထွက်သွားတယ်။ မျက်နှာပျက်တာကို ဂရုမစိုက်ဘူး။ ဒါ ဘာအဓိပ္ပာယ်လဲ။’
......
“ဝေါ့...”
မော့မိသားစု မြင်းလှည်းထဲတွင် မော့ချို သွေးတစ်လုပ် အန်လိုက်၏။ စောစောက လူနှစ်ယောက်၏ ဓားချက်များကို ဝင်ရောက် တားဆီးလိုက်တုန်းက အတွင်းဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ကျင်းကျုံးယွဲ့၏ ဓားချက်က ပြင်းထန်လွန်းသောကြောင့် ကိုယ်တွင်းကလီစာများ နေရာရွေ့သွားသလို ခံစားလိုက်ရ၏။
ကျင်းကျုံးယွဲ့၏ သိုင်းပညာမှာ အရမ်း ကောင်းသည်။ သို့ပေမည့် မော့ချို၏ သိုင်းပညာကလည်း အံ့မခန်း ဖြစ်လို့နေသည်။
“သား... မင်း ပြောတာ မှန်တယ်။ အမြဲတမ်း မှန်တယ်။”
မော့ရယ် တုန်ယင်စွာ ပြောသည်။ “အဖေက အကျိုးစီးပွားကြောင့် မျက်စိကန်းပြီး ယွင်အောက်ထျန်းရဲ့ ထောင်ချောက်ထဲ ဝင်မိသွားတယ်။ အခုတော့ အရှက်ကွဲရပြီ။”
မော့ချိုက အဖေဖြစ်သူကို အမြဲ သတိပေးခဲ့သည်။ အကျိုးအမြတ်ရရင် ရပ်လိုက်တော့၊ ကျင်းမိသားစုကို မကယ်နှင့်တော့ ဟုပြောခဲ့သည်။ သို့ပေမည့် မော့ရယ်က ခေါင်းမာခဲ့သည်။ လေခွင်းမြို့ကို ကယ်တင်ပေးခဲ့သောကြောင့် ယခုလို အရှက်ကွဲရခြင်းဖြစ်၏။
“အဖေ... ဖြစ်ပြီးတာတွေ ပြောနေလို့ အပိုပါပဲ။ ဒီကိစ္စမှာ ကျုပ်မှာလည်း တာဝန်ရှိတယ်။ ယွင်အောက်ထျန်းကို လျှော့တွက်မိတယ်။ ကျုပ်လည်း အကျိုးစီးပွားကြီးကို မက်မောမိသွားတယ်။ ကျင်းကျုံးယွဲ့နဲ့ ယွင်အောက်ထျန်းက ဒီလောက်ထိ အရင်းအနှီး စိုက်ထုတ်ရဲမယ်လို့ မထင်ခဲ့မိဘူး။”
မော့ချိုက ပြောသည်။ “ဒါပေမဲ့ ရှက်တတ်မှ တိုးတက်မှာ၊ ကျုပ်တို့ မရှုံးသေးပါဘူး။”
မော့ရယ်က မေးလိုက်၏။ “မရှုံးသေးဘူး ဟုတ်လား။”
“ဟုတ်တယ်။ မရှုံးသေးဘူး။ အပေါ်ယံကြည့်ရင် ယွင်အောက်ထျန်းရဲ့ လှည့်ကွက် အောင်မြင်သွားတယ်။ ကျင်းကျုံးယွဲ့ နာမည်ကြီးသွားတယ်။ ဒါပေမဲ့ သူတို့က အကျပ်အတည်းကနေ လွတ်မြောက်တာ မဟုတ်ဘူး။ ပိုပြီး အန္တရာယ်များတဲ့ နေရာ ရောက်သွားတာ”
မော့ချိုက ပြောလိုက်သည်။ “ကျုပ်တို့က လေခွင်းမြို့ရဲ့ အပြစ်တွေကို ဆေးကြောပေးလိုက်ပေမဲ့ သူတို့မှာ ပိုက်ဆံမရှိဘူး။ စပါးမရှိဘူး။ စစ်တပ်လည်း လျှော့ချလိုက်ရပြီ။ ဒီနေ့ ယွင်အောက်ထျန်းက အံ့မခန်း စွမ်းဆောင်ပြလိုက်တော့ နယ်စားတွေအားလုံး သူ့ကို ကြောက်သွားကြပြီ။
သူက ကြောက်စရာ ကောင်းလောက်အောင် ဉာဏ်များလွန်းတယ်။ နောက်ပိုင်း လေခွင်းမြို့က ဆက်ပြီး အပယ်ခံ ဖြစ်နေအုံးမှာပဲ။ ဘယ်သူမှ ဆားဝယ်မှာ မဟုတ်သလို ဘယ်သူမှလည်း စပါးရောင်းမှာ မဟုတ်ဘူး။”
မော့ရယ် ခေါင်းညိတ်လိုက်၏။
မော့ချိုက ဆက်ပြောသည်။ “ရန်သူ့အကြောင်း ကိုယ့်အကြောင်း သိမှ စစ်တိုင်းနိုင်မယ်။ အရင်က ယွင်အောက်ထျန်းကို လျှော့တွက်ခဲ့လို့ ဒီနေ့ အရှက်ကွဲရတာ။
မော့ချို ဆိုတဲ့ ကျုပ်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တယ်။ ဉာဏ်ပညာမှာ ပြိုင်ဘက်မရှိဘူး ထင်ခဲ့တယ်။ အခု ယွင်အောက်ထျန်း ပေါ်လာတော့မှ ပြိုင်ဘက်ကောင်း တွေ့တော့တယ်။ ယွင်အောက်ထျန်းကို နိုင်ချင်ရင်၊ လေခွင်းမြို့ကို သတ်ချင်ရင် သူတို့ ဘာလုပ်မလဲ သိရမယ်။”
မော့ချိုက ပြောလိုက်၏။ “ဉာဏ်ကောင်းတဲ့ ယွင်အောက်ထျန်းက သိမှာပါ။ ဒီနေ့ နိုင်ပေမဲ့ လေခွင်းမြို့ရဲ့ အကျပ်အတည်း မပြေလည်သေးဘူး ဆိုတာ။ ဒီအခြေအနေကို ဖောက်ထွက်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါ ထန်ထိုင်မိသားစုပဲ။
ကျုပ် ထင်တာ မမှားဘူးဆိုရင် ယွင်အောက်ထျန်းက ထန်ထိုင်မိသားစုဆီ ချက်ချင်း သွားပြီး ပိုင်ယင်ဆားကွင်းကို လက်ဖွဲ့အဖြစ် ပေးအပ်လိမ့်မယ်။ ပြီးတော့ ကျင်းဝူပြန်းနဲ့ ထန်ထိုင်ဖူဖင်းကို လက်ထပ်ပေးဖို့ စီစဉ်လိမ့်မယ်။”
မော့ချိုက ဆက်ပြောလိုက်သည်။ “အဲဒီအစီအစဉ်သာ အောင်မြင်သွားရင် မော့မိသားစု တကယ် ဒုက္ခရောက်ပြီ။ ဒီနေ့ မော့မိသားစု မျက်နှာပျက်ရပေမဲ့ အသက်အန္တရာယ် မထိခိုက်ဘူး။ ကျင်းမိသားစုနဲ့ ထန်ထိုင်မိသားစု ပေါင်းစည်းသွားရင်တော့ မော့မိသားစု အန္တရာယ် ရှိပြီ။”
ဘေးမှ စာရေးတော်ကြီး ယန်ရွေ့ရှန်က မေးလိုက်၏။ “ဒါဆို ဘယ်လို ဖြေရှင်းမလဲ။”
မော့ချိုက ပြောလိုက်သည်။ “သူ့ထက် ဦးအောင် လုပ်ရမယ်။ ကျုပ် ထန်ထိုင်မိသားစုဆီ ချက်ချင်းသွားပြီး ယွင်အောက်ထျန်းရဲ့ လမ်းကြောင်းကို ဖြတ်တောက်မယ်။ ထန်ထိုင်မိသားစုနဲ့ လက်ထပ်ဖို့ အရင် ကမ်းလှမ်းမယ်။”
ထို့နောက် မော့ချို မတ်တတ်ရပ်လိုက်၏။ “အဖေ... အချိန်မစောတော့ဘူး။ ကျုပ် အခုပဲ ထန်ထိုင်မိသားစုဆီ သွားမယ်။ ဒီကိစ္စကို လျှို့ဝှက်ထားပေးပါ။”
ထို့နောက် တောအုပ်တစ်ခု အရောက်တွင် မော့ချိုသည် မြင်းလှည်းပေါ်မှ ခုန်ဆင်းပြီး သိုင်းပညာကို အသုံးပြုကာ ထန်ထိုင်မိသားစု ရှိရာသို့ ပြေးထွက်သွားသည်။ တစ်ခဏလေးပင် အချိန်မဆွဲခဲ့ပေ။
‘ယွင်အောက်ထျန်း... ခင်ဗျား ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ၊ ကျုပ်လက်ထဲကနေ မလွတ်စေရဘူး။’
......
ပိုင်ယင်ဆားကွင်း ဘေးရှိ ကွင်းပြင်ထဲ၌ မော့မိသားစုမှ လူများ ထွက်ခွာသွားပြီ ဖြစ်သော်လည်း လူအများစု ရှိနေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ကျူ့ထျန်းဖန် ရှေ့သို့ သွားပြီး စာချုပ်အတုကို မြှောက်ကာ ဦးညွှတ်လိုက်၏။ “ကျောင်းအုပ်ကြီး... လူကြီးမင်းက ဂုဏ်သရေရှိ လူကြီးတစ်ယောက်ပါ၊ လေခွင်းမြို့အတွက် တရားမျှတမှု ပေးပါအုံး။ နှစ်ငါးဆယ် ပြည့်ပြီမို့ မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးသင့်ပါပြီ။”
ကျူ့ထျန်းဖန်သည် ယွင်ကျုံးဟဲ့ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ခင်ဗျားရဲ့ ဉာဏ်ပညာက အံ့မခန်းပါပဲ။ ခင်ဗျားရဲ့ နည်းလမ်းတွေကလည်း နတ်ဘုရားတွေတောင် လိုက်မမီပါဘူး။”
ထို့နောက် ကျူ့ထျန်းဖန်လည်း ထွက်ခွာသွား၏။
ယွင်ကျုံးဟဲ့သည် ထန်ထိုင်ဖူဖင်း ရှေ့သို့ သွားပြီး ပြောလိုက်သည်။ “သခင်မလေး ထန်ထိုင်၊ သခင်ကြီး လင်... ထန်ထိုင်မိသားစုက ပထမနယ်စား ဖြစ်တဲ့အတွက် ကျင်းမိသားစုအတွက် တရားမျှတမှု ပေးသင့်ပါတယ်။ မော့မိသားစုက နယ်မြေပြန်ပေးအောင် ပြောပေးကြပါ။”
ထန်ထိုင်ဖူဖင်း မတ်တတ်ရပ်လိုက်သည်။ သူမသည် အလွန် ချောမောလှပခြင်း မရှိသော်လည်း ရူပကာက မိုးမခပင်ပျိုကဲ့သို့ နွဲ့နှောင်းလှ၏။
သူမသည် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်လိုက်သည်။ သူ့အရေခွံကို ဖောက်ထွင်းမြင်ချင်သကဲ့သို့ပင်။ “ရှင့်လို ကောက်ကျစ်တဲ့လူမျိုး ကျွန်မ ပထမဆုံး မြင်ဖူးတာပဲ။”
ထို့နောက် သူမနှင့် စာရေးတော်ကြီးလင်တို့ ထွက်ခွာသွားကြ၏။
ယွင်ကျုံးဟဲ့သည် နင်လျန်ဟွာ ရှေ့သို့ သွားပြီး ပြောလိုက်သည်။ “သခင်လေးနင်... နင်မိသားစုက ဒုတိယနယ်စား ဖြစ်တဲ့အတွက် တရားမျှတမှု ပေးပါအုံး။ မော့မိသားစု နယ်မြေပြန်ပေးအောင် ပြောပေးပါအုံး။”
နင်လျန်ဟွာက ပြောလိုက်၏။ “ခင်ဗျားရဲ့ နည်းလမ်းတွေက လေးစားစရာ ကောင်းပါတယ်ဗျာ။ လေးစားပါတယ်။”
ထို့နောက် နင်လျန်ဟွာ ထွက်ခွာသွားသည်။
ယွင်ကျုံးဟဲ့သည် အခြားနယ်စားများ ရှေ့သို့ သွားပြီး စာချုပ်ကို မြှောက်ကာ တောင်းဆိုပြန်၏။ “လူကြီးမင်းတို့... ကျင်းမိသားစုအတွက် တရားမျှတမှု ပေးကြပါဦး။ နှစ်ငါးဆယ် ပြည့်ပါပြီ။ စာချုပ်မှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ ပြန်ပေးမယ်လို့လေ။”
နယ်စားများ၊ အရေးကြီးပုဂ္ဂိုလ်များသည် ဘာမှ မပြောဘဲ ထွက်ခွာသွားကြသည်။
ခဏအကြာတွင် ကွင်းပြင်ကြီး၌ ယွင်ကျုံးဟဲ့၊ ဇိုအန်၊ ကျင်းကျုံးယွဲ့နှင့် ကတိုးမွှေးသခင်မ လေးဦးသာ ကျန်ရစ်တော့၏။
တိတ်ဆိတ်ခြောက်သွေ့နေသည်။ ပိုင်ရှင်မဲ့နယ်မြေမှ နယ်စားများသည် ပွဲကြည့်ချင်ကြသော်လည်း တရားမျှတမှု ပေးဖို့ဆိုသည်မှာ နောက်နေခြင်းဖြစ်သည်။
မော့ချို ပြောသည်မှာ မှန်၏။ ယနေ့ပွဲက နိုင်ခဲ့သည်။ မော့မိသားစုကို ချောက်ကမ်းပါးထဲ ကန်ချနိုင်ခဲ့သည်။ သို့ပေမည့် လေခွင်းမြို့၏ အကျပ်အတည်းက မပြေလည်သည့်အပြင် ပို၍ ဆိုးလာသေး၏။
ယခင်က မော့မိသားစုဆီက စပါးလိမ်တောင်း၍ ရသေးသည်။ ယခု စပါးတစ်စေ့တောင် မရတော့ချေ။
ကျင်းကျုံးယွဲ့နှင့် လူများသည် ယွင်ကျုံးဟဲ့ကို ကြည့်နေကြ၏။ ထို့နောက် ဇိုအန်နှင့် ကတိုးမွှေးသခင်မတို့ လက်ခုပ်တီးလိုက်ကြသည်။
အကျပ်အတည်း မပြေလည်သေးသော်လည်း ယနေ့ ယွင်ကျုံးဟဲ့၏ စွမ်းဆောင်ရည်က ကောင်းလွန်းနေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို ဦးညွှတ်လိုက်သည်။ “သခင်မ... ကျုပ် တာဝန်ကျေပါပြီ။”
ထို့နောက် ဆက်ပြောလိုက်၏။ “ခရီးတစ်ရာမှာ ကိုးဆယ်ရောက်မှ တစ်ဝက်ကျိုးတယ်လို့ ဆိုကြပါတယ်။ ကျုပ်တို့က အောင်မြင်မှုနဲ့ သိပ်နီးစပ်နေပါပြီ။ ဒါကြောင့် ပိုပြီး သတိထားရမယ်။
သခင်မ... နောက်ပိုင်း ကျုပ်တို့ စပါးတစ်စေ့မှ ရမှာ မဟုတ်တော့ဘူး။ လေခွင်းမြို့ အသက်ရှင်ဖို့ လမ်းတစ်ခုက သစ်ရွက်ကြွေနယ်မြေကို သိမ်းပိုက်ဖို့ပဲ ရှိတယ်။ နောက်တစ်လကျော်ရင် နွေစပါး ရိတ်သိမ်းတော့မယ်။ ဒါကြောင့် တစ်လအတွင်း နယ်မြေကို ပြန်သိမ်းပြီး စပါးရိတ်ရမယ်။”
ဇိုအန်တို့ အံ့အားသင့်သွားကြသည်။ ‘ဟမ်... ယွင်အောက်ထျန်းက နယ်မြေပြန်ယူချင်ရုံမကဘူး။ စပါးတွေကိုပါ လိုချင်နေတာလား။ ဒီလောက်များတဲ့ စပါးခင်းတွေက မော့မိသားစု စိုက်ပျိုးထားတာလေ။ ဒါဆို မော့မိသားစုက ပြန်လမ်းမရှိ ဖြစ်သွားမှာပေါ့။ မော့ရယ် သွေးအန်ပြီး သေလိမ့်မယ်။’
ယွင်ကျုံးဟဲ့ ဆက်ပြောလိုက်၏။ “သစ်ရွက်ကြွေနယ်မြေ ၁,၃၀၀ စတုရန်းကီလိုမီတာရဲ့ တစ်ဝက်က စပါးခင်းတွေပဲ။ ဒီနှစ် နွေစပါး အထွက်ကောင်းမှာ သေချာတယ်။ တင်းရေ တစ်သန်းကျော် ထွက်လိမ့်မယ်။ လေခွင်းမြို့ တစ်နှစ်စားလို့ မကုန်ဘူး။ တစ်လအတွင်း နယ်မြေပြန်သိမ်းနိုင်ရင် လေခွင်းမြို့အတွက် ရိက္ခာ မပူရတော့ဘူး။ နယ်မြေပိုင်နက်လည်း ပြည့်စုံသွားပြီ။ အင်ပါယာ တည်ဆောက်ဖို့ အခြေခံ ရပြီ။”
ထိုနေ့ ရောက်လျှင် ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို လက်ထပ်ရမည့် အချိန်ဖြစ်သည်။
သို့သော်ငြား နယ်စားများ၏ သဘောထားကို ကြည့်လိုက်လျှင် သိသာနေ၏။ ထို့အပြင် မော့မိသားစု၏ သဘောထားကိုလည်း မြင်နေရ၏။
လေခွင်းမြို့အနေနှင့် နယ်မြေပြန်ယူဖို့ ဆိုသည်မှာ မိုးပေါ်တက်သည်ထက် ခက်သည်။ စပါးများပါ လုယူမည်ဆိုလျှင် မြစ်ရေပြောင်းပြန်စီးတာထက် ခက်မှာဖြစ်သည်။
“ဒါကို လုပ်ဖို့ မလွယ်ဘူး။” ဇိုအန်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။ “မလွယ်ပါဘူး။ ကျုပ် ထင်တာ မမှားဘူးဆိုရင် မော့ချိုက အခု ထန်ထိုင်မိသားစုဆီ အမြန်ဆုံး သွားနေလောက်ပြီ။ ကျုပ်ရဲ့ အခွင့်အရေးကို ဖြတ်တောက်မလို့လေ။ အခုမှ ပွဲက ကြွလာတာ။ လူနဲ့ကစားရတာ ပျော်စရာ ကောင်းလိုက်တာ။ ဒါပေမဲ့ မော့ချိုက ကျုပ်ထက် ဦးချင်ပေမဲ့ ကျုပ်က ဒီနေ့အတွက် ပြင်ဆင်လာတာ လပေါင်းများစွာ ကြာခဲ့ပြီ ဆိုတာ သူ မသိရှာဘူး။”
ဇိုအန်က မေးလိုက်၏။ “သခင်ကြီး ယွင်... ဒါဆို နောက်တစ်ဆင့် ဘာလုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်မ... နေရာတစ်ခုကို လိုက်ခဲ့ပါ။”
ကျင်းကျုံးယွဲ့ သဘောတူလိုက်၏။ “ကောင်းပြီ။”
“ကျုပ်တို့ နှစ်ယောက်တည်းနော်။”
“ကောင်းပြီ။”
ယွင်ကျုံးဟဲ့က လျှို့ဝှက်သည်းဖို လုပ်နေသည်။ မည်သို့သော ရည်ရွယ်ချက်များ ရှိနေသနည်း။
......