အခန်း (၉၉-၁၀၀)
Vol. 9 Ch. 99-100
အပိုင်း (၉၉)
တစ်ရက် ကြာပြီးနောက် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ လှပသော ခြံဝင်းတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။
ယွင်ကျုံးဟဲ့သည် နဂို ချောမောခန့်ညားသော ရုပ်သွင်ကို ပြန်ပြောင်းထား၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဒီနေရာက ထန်ထိုင်မိသားစုရဲ့ လျှို့ဝှက်အိမ်တော်ပဲ။ ရှင် ဘာလုပ်မလို့လဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အထဲဝင်ပြီး မိန်းမတစ်ယောက်နဲ့ သွားအိပ်မလို့။”
ကျင်းကျုံးယွဲ့ မျက်လုံးပြူးသွားသည်။ “ရှင် အတည်ပြောနေတာလား။”
ယွင်ကျုံးဟဲ့ ဆေးတစ်လုံး ထုတ်သောက်လိုက်သည်။ “ကျုပ် တကယ် အတည်ပြောနေတာ။ ဒါကြောင့်မို့ အားအင် မကုန်ခမ်းအောင် ဆေးအရင် သောက်ထားတာလေ။”
ကျင်းကျုံးယွဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ရှင်... ရှင်က သူ့စိတ်ကို အရင် မသိမ်းပိုက်ဘဲ ခန္ဓာကိုယ်ကို သိမ်းပိုက်မလို့လား။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “သူ့စိတ်ကို သိမ်းပိုက်စရာ မလိုပါဘူး။”
ကျင်းကျုံးယွဲ့က ထပ်မေးလိုက်၏။ “အထဲက မိန်းမက ဘယ်သူလဲ။ ထန်ထိုင်ဖူဖင်း လား။”
ယွင်ကျုံးဟဲ့က လျှို့ဝှက်သည့် အပြုံးဖြင့် ပြောလိုက်သည်။ “ကျုပ် အိပ်ပြီးရင် သခင်မ သိရမှာပါ။ ပြီးတော့... အထဲမှာ ရှိနေတုန်း ကျုပ် ဘယ်လောက်ပဲ အော်ဟစ်နေပါစေ၊ အသတ်ခံရတော့မလို ဖြစ်နေပါစေ၊ သခင်မ ဝင်မကယ်ပါနဲ့။ မကြားသလိုသာ နေပေးပါ။”
ကျင်းကျုံးယွဲ့ ယွင်ကျုံးဟဲ့ကို ကြည့်ပြီး ခေါင်းညိတ်က သဘောတူလိုက်၏။ “ကောင်းပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် တကယ်ပဲ ခြံဝင်းထဲသို့ ဝင်ရောက်သွားသည်။
အထဲတွင် အမျိုးသမီးတစ်ဦး၏ ကိုယ်သင်းနံ့ ရနေသလို စောင်းတီးသံလည်း ကြားနေရသည်။ သာယာနာပျော်ဖွယ် ကောင်းလှ၏။
ယွင်ကျုံးဟဲ့က ယပ်တောင်ကို ခတ်ရင်း ပြောလိုက်သည်။ “ညတာရှည်လွန်းလို့ အိပ်မပျော်ဘူးလား အလှလေး... အထီးကျန်နေရင် ယောက်ျား လာအိပ်ပေးမယ်လေ။ တစ်ညတာ ပျော်ရွှင်ကြရအောင်...”
“ဒေါင်...”
ယွင်ကျုံးဟဲ့ စကားဆုံးသည်နှင့် စောင်းကြိုး ပြတ်တောက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ယွင်ကျုံးဟဲ့ ဂရုမစိုက်ဘဲ အထဲသို့ ဆက်လက် ဝင်ရောက်သွားသည်။
“ရွှပ်...”
အတွင်းမှ ဓားထုတ်သံ ကြားလိုက်ရ၏။
“သေချင်ရင် နောက်တစ်လှမ်း တိုးလိုက်လေ။” အမျိုးသမီး၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
ယွင်ကျုံးဟဲ့ အံကြိတ်ပြီး တံခါးဖွင့်ကာ အဆောက်အအုံထဲသို့ ဝင်သွား၏။
ခဏအကြာတွင် ဓားဖြင့် ခုတ်သံများ ကြားရသည်။
“ဘုန်း...”
စားပွဲတစ်လုံး ကွဲသွား၏။
“ဝုန်း...”
ထိုင်ခုံတစ်လုံး ကွဲသွားပြန်သည်။
ထို့နောက် တုန်ယင်နေသည့် အသံဖြင့် အော်သံကို ကြားလိုက်ရပြန်၏။ “ရှင် နောက်တစ်လှမ်း တိုးရဲရင် သတ်ပစ်လိုက်မယ်။ မသတ်ရဲဘူး မထင်နဲ့။”
ခဏအကြာတွင် နမ်းရှိုက်သံများ ကြာလိုက်ရသည်။
ထို့နောက် ယွင်ကျုံးဟဲ့၏ အော်သံများ ထွက်ပေါ်လာ၏။
ခဏကြာချိန်မှာတော့ အမျိုးသမီး တစ်ဦး၏ ငိုရှိုက်သံများ ကြားလိုက်ရပြန်သည်။
“ရှင်က တိရစ္ဆာန်ပဲ။ အရင်တုန်းက ရက်ရက်စက်စက် စွန့်ပစ်သွားပြီးတော့ အခု ဘာလို့ လာနှောင့်ယှက်ပြန်တာလဲ။”
......
နာရီဝက်ခန့် ကြာပြီးသည့်နောက် နင်ချင်းက ကျောပေးထားပြီး ဆက်လက် ရှိုက်ငိုနေ၏။ “ရှင်က ကျွန်မကို နှိပ်စက်ဖို့ပဲ တတ်တာလား။”
ယွင်ကျုံးဟဲ့ ပြန်မဖြေချေ။
နင်ချင်က မေးလိုက်သည်။ “ကျွန်မ ဒီမှာ ရှိနေတာ ဘယ်လိုသိလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ယွင်ဝမ်ရွှယ် ဆိုတဲ့ လူယုတ်မာက ခင်ဗျားကို လိုက်ရှာပြီး ဒုက္ခပေးချင်နေတာလေ။ ဒါကြောင့် ခင်ဗျားက သူ မလာရဲတဲ့နေရာမှာ ပုန်းနေရမှာပေါ့။ ခင်ဗျားနဲ့ ထန်ထိုင်ဖူဖင်းက သူငယ်ချင်းတွေ ဆိုတော့ ပိုင်ရှင်မဲ့နယ်မြေမှာ ခင်ဗျားပုန်းလို့ရတဲ့ တစ်ခုတည်းသော နေရာက သူ့ရဲ့ လျှို့ဝှက်အိမ်တော်ပဲ ရှိတယ်။”
နင်ချင်း ဒေါသတကြီး ပြောလိုက်သည်။ “အခု ရှင် အလိုကျ ဖြစ်သွားပြီ မဟုတ်လား။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး နင်းချေလိုက်ပြီ။ အခု ထွက်သွားတော့။”
ယွင်ကျုံးဟဲ့က နူးညံ့စွာ ပြောလိုက်၏။ “ချင်း... ကျုပ် မှာထားတဲ့ကိစ္စ မမေ့နဲ့နော်”
“ထွက်သွား။” နင်ချင်း သည်းမခံနိုင်တော့ဘဲ စောင်ကို လှပ်ပြီး ယွင်ကျုံးဟဲ့ကို ကန်ချလိုက်တော့သည်။
ယွင်ကျုံးဟဲ့က နာကျင်နေသည့် တင်ပါးကို ပွတ်ကာ ပြောလိုက်၏။ “အချစ်ကလေး... တကယ် အရေးကြီးတယ်။ ကံကြမ္မာနဲ့ ဆိုင်တဲ့ ကိစ္စမလို့ပါ။”
နင်ချင်းက သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။ “ထွက်သွား။ ထွက်သွား။”
......
ယွင်ကျုံးဟဲ့ အိမ်တော်မှ ထွက်လာပြီး တောအုပ်ထဲသို့ ရောက်လာ၏။
ကျင်းကျုံးယွဲ့က တင်ပျဉ်ခွေ ထိုင်နေပြီး မလှုပ်မယှက် ရှိလို့နေသည်။
နင်ချင်းလို အလှပဂေးနှင့် တွေ့ပြီးမှ ကျင်းကျုံးယွဲ့ မည်မျှ လှသနည်းဆိုသည်ကို ပို၍ သိရှိလိုက်ရ၏။
ယွင်ကျုံးဟဲ့က ခဏမျှ ငေးမောကြည့်နေပြီးမှ ပြောလိုက်သည်။ “သခင်မ... သွားစို့။”
ကျင်းကျုံးယွဲ့ မျက်လုံးဖွင့်လိုက်ပြီး မြင်းပေါ်တက်ကာ ယွင်ကျုံးဟဲ့နှင့်အတူ ထွက်ခွာသွား၏။ အစအဆုံး သူမ ဘာမှ မမေးခဲ့ပေ။
အချိန်ကြာမြင့်စွာ စီးနင်းပြီးနောက် ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “သူက အရေးပါလား။”
“ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “နောက်တစ်ဆင့် တိုက်ပွဲမှာ နင်ချင်းက အဆုံးအဖြတ် ပေးနိုင်တဲ့လူပဲ။ နိုင်မလား ရှုံးမလားဆိုတာ သူနဲ့ ဆိုင်တယ်။”
ကျင်းကျုံးယွဲ့ အံ့အားသင့်သွားသည်။ ‘ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက် နင်ချင်းက ပိုင်ရှင်မဲ့ နယ်မြေမှာ ဩဇာမရှိတော့ဘူးလေ။ သူ့မှာ အာဏာလည်း မရှိ၊ တရားမျှတမှုလည်း မရှိတော့ဘူး။ ရုပ်ချောတာ တစ်ခုပဲ ကျန်တော့တာ။ ဘယ်လိုလုပ် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မှာလဲ။’
......
ထန်ထိုင်မိသားစု အိမ်တော်၌ ပထမနယ်စား ထန်ထိုင်မြဲ့မင်သည် ရေလောင်းနေဆဲ ဖြစ်၏။
မော့ချို ဦးညွှတ်ကာ ပြောလိုက်သည်။ “တူတော်မောင်က ဦးလေး ထန်ထိုင်ကို တောင်းပန်ပါတယ်။”
ထန်ထိုင်မြဲ့မင်က အေးစက်စက် ပြောလိုက်၏။ “အချိန်က တန်ဖိုးရှိတယ်။ လိုရင်းကိုပြော…”
မော့ချိုက ပြောလိုက်သည်။ “ကောင်းပါပြီ။ မနေ့က မော့မိသားစု အရှက်ကွဲခဲ့ရပါတယ်။ လေခွင်းမြို့က ယွင်အောက်ထျန်းရဲ့ လှည့်စားတာကို ခံခဲ့ရပါတယ်။”
ထန်ထိုင်မြဲ့မင်၏ မျက်နှာထားက ပို၍ အေးစက်သွား၏။ “လိုရင်းကို ပြောစမ်း။”
မော့ချိုက သက်ပြင်းတစ်ချက်ရှိုက်ရင်း ပြောလိုက်သည်။ “နောက်တစ်ဆင့် ယွင်အောက်ထျန်းက ထန်ထိုင် မိသားစုဆီလာပြီး လက်ထပ်ဖို့ ကမ်းလှမ်းပါလိမ့်မယ်။ ဒါမှပဲ ကျင်းမိသားစုက အကျပ်အတည်းကို ကျော်ဖြတ်နိုင်မှာပါ။ သူက ပိုင်ယင်ဆားကွင်းကို လက်ဖွဲ့အဖြစ်ပေးပြီး ကျင်းဝူပြန်းနဲ့ သခင်မလေး ထန်ထိုင်ဖူဖင်းကို လက်ထပ်ပေးဖို့ စီစဉ်မှာပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ဒီလက်ဖွဲ့က တော်တော် ရက်ရောတာပဲ။”
မော့ချိုက ခေါင်းညိတ်လိုက်၏။ “ဒါကြောင့် တူတော်မောင်က ညီလေးအတွက် သခင်မလေး ထန်ထိုင်ဖူဖင်းကို လာရောက် တောင်းရမ်းတာပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “တာရှီစာသင်ကျောင်းက ပထမရတဲ့ လူတော်လေး မော့ယိုနဲ့လား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စာမေးပွဲမှာ ပထမရပြီး ဒုတိယလူကို အပြတ်အသတ် ဖြတ်ထားခဲ့တာလေ။ သူ့ကို ကျုပ် တွေ့ဖူးတယ်။ သူ့အရည်အချင်းကိုလည်း သဘောကျတယ်။”
မော့ချိုက ထပ်ပြောလိုက်၏။ “ဟုတ်ပါတယ်။ သိုင်းပညာမှာ သူက ကျုပ်ကို မမီသလို၊ စာပေမှာ ကျုပ် သူ့ကို မမီပါဘူး။ သခင်မလေး ထန်ထိုင်ဖူဖင်းကလည်း စာသင်ကျောင်းမှာ ပထမရခဲ့တဲ့ အမျိုးသမီးဆိုတော့ မော့ယိုနဲ့ဆို လိုက်ဖက်ညီပါတယ်။”
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “ကျုပ် မှတ်မိတာ မှန်မယ်ဆိုရင် ဖူဖင်းက မော့ယိုထက် အသက်နည်းနည်း ကြီးတယ်မလား။”
မော့ချိုက ခေါင်းညိတ်လိုက်၏။ “သုံးနှစ်ခွဲပါ။ မိန်းမ အသက်ကြီးတယ်ဆိုတာ ရွှေအိုးပိုက်ရတာနဲ့ တူတူပါပဲ။ ပြီးတော့ မော့မိသားစုက သံချပ်ကာ သုံးထောင်၊ လက်နက် သုံးထောင်နဲ့ သစ်ရွက်ကြွေနယ်မြေက ထွက်တဲ့ စပါး သုံးပုံတစ်ပုံကို လက်ဖွဲ့အဖြစ် ပေးပါမယ်။”
ဤကမ်းလှမ်းချက်က ကြီးမားလွန်းလှသည်။ သံချပ်ကာ ဝတ်စုံပေါင်း သုံးထောင်နှင့် ခိုင်ခံ့လှသော လက်နက်ပစ္စည်းများမှာ သာမန်ပိုင်ဆိုင်မှုမျိုး မဟုတ်ဘဲ စစ်အင်အားကို တစ်ချက်တည်းဖြင့် ပြောင်းလဲပစ် နိုင်သည့် အရာများဖြစ်၏။
သို့ပေမည့် ထိုအရာများထက် ပို၍အဓိပ္ပာယ်ရှိနေသည်မှာ မော့မိသားစု၏ ရပ်တည်ချက်ပင်။ သူတို့သည် မိမိတို့ဘာသာ စစ်အင်အားချဲ့ထွင်ရန် ရည်မှန်းချက် မရှိကြောင်းနှင့် ထန်ထိုင်မိသားစုအပေါ် သစ္စာရှိသော လက်အောက်ခံအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်းကို ဤကမ်းလှမ်းချက်ဖြင့် သက်သေပြ လိုက်ခြင်းလည်း ဖြစ်သည်။
သစ်ရွက်ကြွေနယ်မြေက တစ်နှစ်ကို စပါးတင်းရေ သုံးသန်းလောက် ထွက်သည်။ ထိုဒေသ၏ ပူပြင်းသော ရာသီဥတုသည် ကောင်းချီးတစ်ခုလိုဖြစ်နေပြီး တစ်နှစ်လျှင် စပါးနှစ်သီး စိုက်ပျိုးနိုင်၏။
ထိုအထဲမှ သုံးပုံတစ်ပုံဖြစ်သော စပါးတင်းရေ တစ်သန်းကို ပေးအပ်မည်ဟူသော ကမ်းလှမ်းချက်မှာ အံ့မခန်းပင်။ ပိုင်ယင်ဆားကွင်း၏ တစ်နှစ်ဝင်ငွေ ငါးသိန်းဆိုသည်မှာ စပါးတင်းရေ တစ်သန်း၏ တန်ဖိုး ရှေ့တွင် မှေးမှိန်သွားရသည်။
အထူးသဖြင့် လာ့မည့် စစ်ပွဲကာလအတွင်း၌ ရွှေငွေထက် စပါးရိက္ခာကသာ အသက်သွေးကြော ဖြစ်လာ ပေလိမ့်မည်။
ယွင်ကျုံးဟဲ့၏ လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် မော့ချို တစ်ယောက် ဤမျှအထိ ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံရဲသည်မှာ သူ၏ ပြတ်သားသော စိတ်ဓာတ်နှင့် နိုင်ငံရေးပရိယာယ်ကို ဖော်ပြနေသကဲ့သို့ပင်။
ထန်ထိုင်မြဲ့မင် ရေတစ်ခွက် ခပ်လိုက်ပြီး လက်ဖက်ရည် ကျိုလိုက်သည်။
လက်ဖက်ရည် ရချိန်မှာတော့ မော့ချိုကို တစ်ခွက် ငှဲ့ပေးသည်။ သဘောထားက သိသာစွာ ကောင်းမွန်လာ၏။
မော့ချိုက ပြောလိုက်သည်။ “တူတော်မောင်မှာ ပြောစရာ ရှိပါသေးတယ်။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်၏။ “ပြော...”
မော့ချိုက ပြောလိုက်သည်။ “ယွင်အောက်ထျန်း ဆိုတဲ့လူက သိပ်ကို မိစ္ဆာဆန်လွန်းတယ်။ ဖျက်ဆီးအား သိပ်ကြီးတယ်။ ဒီလောကမှာ အသက်မရှင်သင့်ဘူး။ ပိုင်ရှင်မဲ့နယ်မြေမှာ မုန်တိုင်းထန်အောင် လုပ်ခွင့် မပေးသင့်ဘူး။”
ထန်ထိုင်မြဲ့မင်က မေးလိုက်၏။ “ဘာအဓိပ္ပာယ်လဲ။”
မော့ချိုက ရှင်းပြလိုက်သည်။ “သူက လက်မှတ်ထိုးပြီးသား စာချုပ်တွေကို မီးလောင်ပြာကျအောင် လုပ်နိုင်တယ်။ ပြီးတော့ အပြစ်အနာအဆာ မရှိတဲ့ စာချုပ်အတုကို ဖန်တီးနိုင်တယ်။ သူက ကျုပ်အဖေနဲ့ ကျူ့ထျန်းဖန်ရဲ့ လက်ရေးကို တုပနိုင်ရင် မနက်ဖြန်ကျရင် ဦးလေးရဲ့ လက်ရေးကိုလည်း တုပနိုင်မှာပဲ။ အဲဒီကျရင် သူပေးနိုင်တဲ့ အန္တရာယ်က ခန့်မှန်းလို့ မရအောင် ကြီးမားသွားလိမ့်မယ်။”
ထန်ထိုင်မြဲ့မင်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
မော့ချိုက ဆက်ပြောလိုက်သည်။ “အင်း… တကယ်လို့ သူ့မှာ ဒီလိုစွမ်းရည်မျိုး ရှိတာသေချာရင် သိပ်ကြောက်ဖို့ ကောင်းတယ်။ ချက်ချင်း ဖယ်ရှားသင့်တယ်။”
ထန်ထိုင်မြဲ့မင် ဘာမှ မပြောဘဲ လက်ဖက်ရည် တစ်ခွက် ထပ်ငှဲ့ပေး၏။
မော့ချို ဆက်ပြီး မီးထိုးမပေးတော့ဘဲ လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်ရင်း တုံ့ပြန်မှုကို စောင့်နေသည်။
နာရီဝက်ခန့် ကြာချိန်မှာတော့ ထန်ထိုင်မြဲ့မင် စကားပြောလိုက်၏။ “မော့ချို... အိမ်ပြန်လိုက်တော့။ မော့ယိုကို လွှတ်လိုက်၊ ဖူဖင်းနဲ့ တွေ့ခိုင်းမယ်။”
မော့ချို ဝမ်းသာအားရ ဖြစ်သွားပြီး မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်သည်။ “ကောင်းပါပြီ။”
ထို့နောက် မော့ချို မြင်းပေါ်တက်ပြီး ရှီးယွီမြို့သို့ ပြန်သွားတော့၏။
‘ယွင်အောက်ထျန်း... ခင်ဗျားသာ ထန်ထိုင်မိသားစုဆီ လာပြီး လက်ထပ်ခွင့် တောင်းရင် သေလမ်းပဲ ရှိလိမ့်မယ်။’
......
ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ လေခွင်းမြို့သို့ ပြန်ရောက်ကြသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီလူ... အဆင်သင့် ဖြစ်ပြီလား။”
လန်ပိက ဖြေလိုက်သည်။ “အဆင်သင့်ဖြစ်နေတာ လဝက်လောက် ရှိပြီ။”
ကျင်းကျုံးယွဲ့က ထပ်မေးလိုက်၏။ “ကျင်းဝူပြန်း လေ့ကျင့်တာ ဘယ်လိုနေလဲ။”
လန်ပိက ဖြေလိုက်သည်။ “နှစ်လလောက် လေ့ကျင့်ထားတာ၊ ပါရမီ ကောင်းတယ်။ အပြစ်ပြောစရာ မရှိဘူး။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။ “အဲဒီ သင်္ချိုင်းဂူကိုရော ပြင်ပြီးပြီလား။”
လန်ပိက ပြောလိုက်သည်။ “အားလုံး ပြီးစီးပါပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီလူကို ခေါ်လိုက်”
ခဏအကြာတွင် လူတစ်ယောက် ဝင်လာသည်။
ထိုလူက ရင်းနှီးနေပြီးသားလူပင်။ ယွင်ကျုံးဟဲ့ ဗေဒင်ဟောတုန်းက တွေ့ခဲ့သည့် သူတောင်းစားအိုကြီး ဖြစ်ပြီး ပေါက်ဆီလာပို့သူပင်။
တကယ်တမ်းတွင် သူက လေခွင်းမြို့၏ သူလျှိုဖြစ်ပြီး ယွင်ကျုံးဟဲ့ကို စောင့်ကြည့်နေသူလည်း ဖြစ်၏။
“သခင်ကြီး ယွင်အောက်ထျန်းကို ဂါရဝပြုပါတယ်။ ဒီနေ့ကစပြီး ကျုပ်က သခင်ကြီးရဲ့ ခွေးပါပဲ။” သူတောင်းစားအိုကြီးက မြေကြီးပေါ် ပြားပြားဝပ်သည်အထိ ဒူးထောက် အရိုအသေ ပေးလိုက်၏။ သူ၏ မျက်လုံးများက အလွန်အမင်း ဖားယားနေလေသည်။
ယွင်ကျုံးဟဲ့ သူ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ ‘သူက အသင့်တော်ဆုံးပဲ။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လေ့ကျင့်ထားတာ ဘယ်လိုလဲ။”
လန်ပိက ဖြေလိုက်သည်။ “လပေါင်းများစွာ လေ့ကျင့်ထားတဲ့အပြင် ဆေးဝါးတွေပါ သုံးထားတော့ အပြစ်အနာအဆာ မရှိပါဘူး။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ မေးလိုက်၏။ “ခင်ဗျား နာမည် ဘယ်သူလဲ။”
သူတောင်းစားအိုကြီးက ဖြေလိုက်သည်။ “ကျုပ်နာမည် ဟွာမန်လုပါ။ နောက်ဆို ရှောင်ဟွာလို့ပဲ ခေါ်ပါ။”
“ဟား ဟား ဟား”
ယွင်ကျုံးဟဲ့ ရယ်မောလိုက်၏။
‘ဒီပွဲအတွက် ပြင်ဆင်လာတာ လပေါင်းများစွာ ကြာခဲ့ပြီ။ သေချာပေါက် နိုင်ရမယ်။ ထန်ထိုင်မိသားစုဆီ သွားကြစို့။’
......
ထန်ထိုင်မိသားစု အိမ်တော်၌ ထန်ထိုင်မြဲ့မင် ရေလောင်းနေဆဲ ရှိနေတုန်းဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လေခွင်းမြို့၊ ကျင်းယီဝေ တတိယ တပ်မှူးချုပ် ယွင်အောက်ထျန်း... သခင်ကြီး ထန်ထိုင်ကို ဂါရဝပြုပါတယ်။”
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “မင်းက ယွင်အောက်ထျန်းလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် ယွင်အောက်ထျန်းပါ။”
ထန်ထိုင်မြဲ့မင်က ရေလောင်းရင်းဖြင့် မေးလိုက်သည်။ “ဘာကိစ္စလဲ။”
ယွင်ကျုံးဟဲ့က ဂါရဝပြုကာ ပြောလိုက်၏။ “သခင်မလေး ထန်ထိုင်ဖူဖင်းကို လက်ထပ်ခွင့် တောင်းခံဖို့ လာတာပါ။ လေခွင်းမြို့ အနေနဲ့ ပိုင်ယင်ဆားကွင်း ဝင်ငွေအားလုံးကို လက်ဖွဲ့အဖြစ် ပေးပါ့မယ်။”
ထန်ထိုင်မြဲ့မင် ပြုံးလိုက်သည်။ “လက်ဖွဲ့က ကြီးမားလှချည်လား။”
လက်ရှိ အခြေအနေက ရှင်းလင်းလွန်းနေသည်။ လေခွင်းမြို့ အကျပ်အတည်းက မပြေလည်သည့်အပြင် ပို၍ ဆိုးလာသည်။ ကျန်ရှိသော ရိက္ခာများ မကြာမီ ကုန်တော့မည်။
အခြေအနေကို ဖောက်ထွက်ချင်လျှင်၊ သစ်ရွက်ကြွေနယ်မြေကို ပြန်လိုချင်လျှင် ပထမနယ်စားကြီး ထန်ထိုင်မိသားစုနှင့် လက်ထပ်မှ ပြေလည်မှာဖြစ်သည်။
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ယွင်အောက်ထျန်း... မင်းကို မေးစရာ တစ်ခု ရှိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “မေးပါ သခင်ကြီး...”
ထန်ထိုင်မြဲ့မင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “အဲဒီ သေတ္တာထဲက စာချုပ်နှစ်စောင် ဘယ်လိုလုပ် ပြာကျသွားတာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “သိပ်လွယ်ပါတယ်။ သခင်မ ကျင်းကျုံးယွဲ့ရဲ့ တံဆိပ်တုံးပေါ်မှာ ဖော့စဖရပ်ဖြူလို့ခေါ်တဲ့ အရာတစ်ခု ပါတယ်။ အဲဒါကို ကျုပ် ဖော်စပ်ထားတာပါ။ ရာသီဥတု အေးရင် ငြိမ်နေပေမဲ့ ပူလာရင် အလိုအလျောက် မီးလောင်ပါတယ်။”
ထန်ထိုင်မြဲ့မင် အံ့အားသင့်သွား၏။ “အဲဒီလောက် ဆန်းကြယ်တာလား။”
“သခင်ကြီးကို ပြပါရစေ။”
ယွင်ကျုံးဟဲ့ ပုလင်းငယ်တစ်လုံး ထုတ်လိုက်သည်။ အထဲတွင် ဖော့စဖရပ်ဖြူ ရှိသည်။ ပုလင်းထဲမှ လေကို စုပ်ထုတ်ထားသောကြောင့် မီးမလောင်ပေ။
ယွင်ကျုံးဟဲ့က ဖော့စဖရပ်ဖြူကို စာရွက်ပေါ် တင်လိုက်ပြီး နေရောင်အောက်တွင် ထားလိုက်၏။
“ဝုန်း...”
ခဏအကြာတွင် ဖော့စဖရပ်ဖြူ မီးထလောင်ပြီး စာရွက် ပြာကျသွားသည်။
ထန်ထိုင်မြဲ့မင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “မျက်စိပွင့်သွားပြီ။ ဒါဆို မော့မိသားစုက နယ်မြေပြန်ပေးမယ် ဆိုတဲ့ စာချုပ်ကိစ္စက ဘယ်လိုဖြစ်တာလဲ။ မော့ရယ်က လက်မှတ်ထိုးမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အဲဒီစာချုပ်က ကျုပ် အတုလုပ်ထားတာပါ။ မော့ရယ်ရဲ့ လက်ရေးပဲ ဖြစ်ဖြစ်၊ ကျူ့ထျန်းဖန်ရဲ့ လက်ရေးပဲ ဖြစ်ဖြစ် ကျုပ် တုပနိုင်ပါတယ်။”
ထန်ထိုင်မြဲ့မင်က အေးစက်စက်ဖြင့် မေးလိုက်၏။ “ဟုတ်လား။ ဒါဆို ကျုပ်လက်ရေးရော။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တုပနိုင်ပါတယ်။”
ထန်ထိုင်မြဲ့မင် ပြုံးလိုက်၏။ “ယွင်အောက်ထျန်း... မင်းက စွယ်စုံရတာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်က ဈေးသည်အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတာ ဆိုတော့ ဒီလို အတတ်ပညာလေးတွေပဲ တတ်တာပါ။”
ထန်ထိုင်မြဲ့မင်က တောင်းဆိုလိုက်၏။ “ဒါဆို ကျုပ်လက်ရေးကို တုပပြီး စာလုံးနည်းနည်းလောက် ရေးပြပါလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”
......................
အပိုင်း (၁၀၀)
“သခင်ကြီး... ကျုပ် ယူလာတဲ့ ဆောင်းပါးကို ကြည့်ပေးပါ။”ယွင်ကျုံးဟဲ့ စာရွက်တစ်ရွက် ဆက်သလိုက်၏။
အပေါ်တွင် ထန်ထိုင်မြဲ့မင်၏ လက်ရေးကို တုပပြီး ရေးထားသော ဆောင်းပါးတစ်ပုဒ် ပါရှိ၏။ ညံ့ဖျင်းသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး ထန်ထိုင်မြဲ့မင် ဘယ်တော့မှ ရေးမည် မဟုတ်သော ဆောင်းပါးမျိုးပင်။
သို့ပေမည့် ထန်ထိုင်မြဲ့မင်သည် သူ့လက်ရေးကို တုပထားမှုအား ကြည့်ရင်း မျက်လုံးများ စူးရှလာပြီး အေးစက်လာသည်။
ဤလက်ရေးမှာ သူ့လက်ရေးနှင့် တစ်ပုံစံတည်း တူနေသည်။ သူကိုယ်တိုင်တောင် အတုအစစ် မခွဲခြားနိုင်ပေ။
ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။ “နတ်ဘုရား လက်ရာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်ကြီး မြှောက်လွန်းပါပြီ။ ကျုပ်ရဲ့ လက်ထပ်ခွင့် ကမ်းလှမ်းချက်ကို ဘယ်လို သဘောရပါသလဲ။”
“ကျုပ်က လူတော်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက မိစ္ဆာဆန်လွန်းတယ်။ ပိုင်ရှင်မဲ့နယ်မြေကို ဒုက္ခပေးလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ လက်နှစ်ဖက်ကို ကျုပ် သိမ်းလိုက်မယ်။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “လာကြစမ်း။ ယွင်အောက်ထျန်းရဲ့ လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်။”
အမိန့်ပေးလိုက်သည်နှင့် စစ်သည်အချို့ ဝင်လာပြီး ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်ကို စားပွဲပေါ် ဖိချလိုက်၏။
အမျိုးသမီး စစ်သည်တစ်ဦးက ဓားကို မြှောက်ပြီး ယွင်ကျုံးဟဲ့၏ လက်ကို ခုတ်ဖြတ်ရန် ရွယ်လိုက်သည်။
“နေအုံး။”
ယွင်ကျုံးဟဲ့ အော်ပြောလိုက်၏။ “သခင်ကြီး ထန်ထိုင်... ခင်ဗျားရဲ့ အနာဂတ် အင်ပါယာကို လက်ဖြတ်ပစ်မလို့လား။ ကျုပ် ခင်ဗျားကို အံ့ဖွယ်ရာ တစ်ခု ပြမယ်လေ။ ဖြစ်မလား။ စိတ်ကို ပြင်ဆင်ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့် မြင်ကွင်းက အရမ်း တုန်လှုပ်စရာ ကောင်းလို့ပါ။”
ထိုစကားကို ကြားချိန်မှာတော့ ထန်ထိုင်မြဲ့မင်က လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။
ထိုအခါ အမျိုးသမီးစစ်သည်တော်၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။ သို့ပေမည့် သူမကိုင်ဆောင်ထားသော ဓားသွားမှာ ယွင်ကျုံးဟဲ့၏ လက်မောင်းအထက် နှစ်လက်မခန့်အလို၌ ဝဲပျံလျက် ရှိနေဆဲဖြစ်၏။
ဓားသွားသာ အနည်းငယ် နိမ့်ဆင်းလာခဲ့ပါက ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်မှာ ကိုယ်ခန္ဓာနှင့် အပြီးတိုင် စွန့်ခွာသွားရပေလိမ့်မည်။
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “မော့ချိုက ကျုပ်လက်တွေကို ဖြတ်ပစ်ဖို့ သခင်ကြီးကို တိုက်တွန်းခဲ့တယ် မဟုတ်လား။ ကျုပ်က သခင်ကြီးရဲ့ လက်ရေးကို တုပနိုင်တဲ့အတွက် အနာဂတ်မှာ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို ဒုက္ခပေးနိုင်တယ်လို့ သူက ယူဆထားပုံရပါတယ်။”
ထန်ထိုင်မြဲ့မင်က ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။ “ကျုပ်က သည်းခံနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ စိတ်နည်းနည်း လောတတ်တယ်။”
သူ့လက်မှာ လေထဲ၌ ဆက်လက် မြှောက်ထားဆဲဖြစ်၏။ ထိုလက် အောက်သို့ ပြန်ချလိုက်သည်နှင့် ယွင်ကျုံးဟဲ့၏ လက်မောင်းများ ပြတ်တောက်သွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “မနေ့က တိုက်ပွဲမှာ ကျင်းမျိုးနွယ်စု အနိုင်ရခဲ့ပေမဲ့ အကျပ်အတည်းက ပြေလည်မသွားဘဲ ပိုပြီး အန္တရာယ်ကြီးလာတာကို လူတိုင်းသိကြပါတယ်။ ဒီအခြေအနေကို ဖောက်ထွက် နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ထန်ထိုင်မိသားစုနဲ့ မဟာမိတ်ပြုပြီး လက်ထပ် ထိမ်းမြားခြင်းပါပဲ။
မော့ချိုက ကျုပ်ထက် ခြေလှမ်းတစ်လှမ်း ဦးသွားခဲ့တယ်။ သခင်မလေး ထန်ထိုင်ဖူဖင်းကို လက်ထပ်ခွင့်ရဖို့ တန်ဖိုးကြီးမားတဲ့ တင်တောင်းလက်ဆောင်တွေ ပေးအပ်ခဲ့မယ်လို့ထင်တယ်။ ကျုပ် မမှားဘူးဆိုရင် စစ်သည် သုံးထောင်စာ သံချပ်ကာနဲ့ လက်နက်တွေ၊ ပြီးတော့ သစ်ရွက်ကြွေနယ်မြေရဲ့ သုံးပုံတစ်ပုံစာ ရိက္ခာတွေ ပါဝင်လိမ့်မယ်။”
ယွင်ကျုံးဟဲ့က သရော်လိုက်၏။ “သူတစ်ပါးပစ္စည်းနဲ့ အလှူလုပ်ချင်နေတာပဲ။ အဲဒီပစ္စည်းတွေအားလုံးက လေခွင်းချိုင့်ဝှမ်း ကျင်းမျိုးနွယ်စုပိုင် ပစ္စည်းတွေပါ။”
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “မင်းက အဲဒီအချက်ကို ရိပ်မိတယ်ဆိုရင် ထန်ထိုင်မိသားစုရဲ့ ရွေးချယ်မှုကိုလည်း ခန့်မှန်းမိမှာပေါ့။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “မိမိကိုယ်ကျိုး မငဲ့ကွက်သူကို နတ်ဘုရားတို့ ဒဏ်ခတ်လိမ့်မည် ဆိုရိုးစကားအတိုင်း ထန်ထိုင်မိသားစုက ပိုမိုကြီးမားတဲ့ အကျိုးစီးပွားကို ရွေးချယ်မှာ အသေအချာပါပဲ။ ဒါကြောင့် ကျုပ်က မော့ချိုပေးနိုင်တာထက် ပိုမိုတန်ဖိုးကြီးမားတဲ့အရာကို ပေးပါ့မယ်။ သစ်ရွက်ကြွေ နယ်မြေရဲ့ နှစ်စဉ် ရိက္ခာထွက်နှုန်း သုံးပုံတစ်ပုံနဲ့ သံချပ်ကာ သုံးထောင်ထက်မက တန်ဖိုးရှိပါတယ်။
သခင်ကြီး... ကျုပ်ပေးမယ့် တင်တောင်းလက်ဆောင်က ထန်ထိုင်မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲစေပြီး သခင်ကြီးရဲ့ အာဏာစက်ကို အပြည့်အဝ တည်ဆောက်ပေးနိုင်ပါလိမ့်မယ်။ တပ်တော်ကြီး နှစ်သောင်း ထက်တောင် တန်ဖိုးရှိပါသေးတယ်။” ယွင်ကျုံးဟဲ့က ချဲ့ကားပြောဆိုလိုက်သည်။
“ထုတ်ပြစမ်းပါ။” ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရင်ဘတ်ထဲမှာပါ။ ထုတ်ပြရမလားခင်ဗျာ။”
ထန်ထိုင်မြဲ့မင် ခေါင်းညိတ်ပြလိုက်၏။
ယွင်ကျုံးဟဲ့သည် ရင်ဘတ်အတွင်းမှ သေတ္တာရှည်တစ်လုံးကို ထုတ်ယူလိုက်သည်။
ပိုင်ရှင်မဲ့နယ်မြေရှိမြို့စားနယ်စားများအနက် လေခွင်းချိုင့်ဝှမ်းက ဆားထွက်ရှိပြီး ရှီးယွီမြို့က ရိက္ခာများ ထွက်ရှိသည်။ ထန်ထိုင်မိသားစုကမူ မည်သည့်အရာ ထွက်ရှိသနည်း။
သတ္တုတွင်းများ ဖြစ်သည်။
ထန်ထိုင်မိသားစု၏ စိုက်ပျိုးမြေမှာ မော့မျိုးနွယ်စုလောက် မများပြားသော်လည်း ရိက္ခာမပြတ်လပ်ချေ။ နှစ်စဉ် ပိုလျှံသည်ပင် ရှိသေး၏။
သူတို့၏ နယ်မြေအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ လေးသောင်းကိုးထောင်ကျော်ရှိပြီး ပြည်နယ်ကြီး တစ်ခုနှင့် ညီမျှ၏။ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံး၏ ဆယ်ပုံတစ်ပုံခန့်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ထန်ထိုင်မိသားစု နယ်မြေအတွင်း နေထိုင်သူ ဦးရေမှာ တစ်သန်းသုံးသိန်းကျော်ရှိ၏။ အမြဲတမ်း စစ်သည် အင်အား သုံးသောင်းကျော်ရှိပြီး လိုအပ်ပါက နှစ်ဆတိုးမြှင့်နိုင်၏။
ထို့ကြောင့် ပိုင်ရှင်မဲ့နယ်မြေတွင် ထန်ထိုင်မိသားစုသည် ငြင်းချက်ထုတ်ရန် မလိုသော အဓိက အုပ်စိုးသူ ဖြစ်သည်။
ထန်ထိုင်မိသားစုကို အာဏာရှင်ဖြစ်လာစေသည့် အဓိကအချက်မှာ သူတို့၏ အဓိကထွက်ကုန်များပင် ဖြစ်သည့် သံ၊ ကြေးနီ နှင့် ရွှေများပင်။
ထန်ထိုင်နယ်မြေတွင် မိုင်ရာချီ ရှည်လျားသော ဧရာမ သတ္တုတွင်းကြီးတစ်ခုရှိသည်။ သံရိုင်း အမြောက်အမြားနှင့် ကြေးနီအချို့ ထွက်ရှိပြီး ရွှေကြောများလည်း ပါဝင်သည်။
ကြေးနီရှိလျှင် ငွေကြေးသွန်းလုပ်နိုင်ပြီး သံရှိလျှင် လက်နက်နှင့် သံချပ်ကာများ ထုတ်လုပ်နိုင်သည်။ ရိက္ခာလည်း ဖူလုံသောကြောင့် ထန်ထိုင်မိသားစုသည် မဟာဗျူဟာ လိုအပ်ချက် အပြည့်စုံဆုံးနှင့် အင်အားအကြီးဆုံး ဖြစ်လာခဲ့၏။
ထိုအထဲတွင် အခရာအကျဆုံးမှာ သံ ဖြစ်သည်။ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးရှိ လက်နက်နှင့် သံချပ်ကာ ထက်ဝက်ကျော်ကို ထန်ထိုင်မိသားစုက ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
သံထည်လုပ်ငန်းသည် ထန်ထိုင်မိသားစု၏ မဟာဗျူဟာ အသက်သွေးကြောနှင့် အာဏာစက်၏ အခြေခံအုတ်မြစ် ဖြစ်၏။
“ကြည့်ရှုတော်မူပါ သခင်ကြီး” ယွင်ကျုံးဟဲ့က သေတ္တာကို ကမ်းပေးလိုက်သည်။
ထန်ထိုင်မြဲ့မင် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဓားမြှောင်တစ်ချောင်း တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ သာမန်ကာလျှံကာ ကြည့်လျှင် အလွန်ရိုးရှင်းသော ဓားမြှောင်တစ်ချောင်းသာ ဖြစ်၏။
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “ဒါက ကျုပ်မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီး အာဏာစက် တည်ဆောက်ပေးနိုင်မယ့် ပစ္စည်းဆိုတာလား။”
“မှန်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သခင်ကြီးရဲ့ အကောင်းဆုံး ဓားရှည်၊ ဓားမြှောင်တွေကို အကုန် ထုတ်ယူလာခဲ့ပေးပါ။”
ထန်ထိုင်မြဲ့မင်က လက်ဝှေ့ယမ်းပြလိုက်သည်။
မိသားစုစစ်သည်တော်များက အကောင်းစား ဓားရှည်သုံးချောင်းနှင့် ဓားမြှောင်သုံးချောင်းကို အစဉ်လိုက် ယူဆောင်လာကြ၏။
ဤဓားများသည် အဆင့်မြင့် သံမဏိဖြင့် ထုလုပ်ထားပြီး တစ်ချောင်းလျှင် ငွေသား တစ်ထောင်ကျော် တန်ဖိုးရှိသည်။
ထန်ထိုင်မိသားစုက အထူးလက်ဆောင်အဖြစ်သာ ပေးအပ်လေ့ရှိသော ပစ္စည်းများဖြစ်သည်။ ထန်ထိုင် တပ်တော်၏ အဆင့်မြင့် စစ်ဗိုလ်ချုပ်များသာ ကိုင်ဆောင်ခွင့် ရှိ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်လက်ထဲက ဒီဓားမြှောင်လေးက သာမန် သံတိုသံစလေးလို ဖြစ်မနေဘူးလား။”
ရှိနေသူ ဆယ်ယောက်ကျော်က ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
“ခင်ဗျားတို့ရဲ့ အကောင်းစား ဓားတွေနဲ့ ကျုပ်ရဲ့ ဓားမြှောင်ကို ခုတ်ပိုင်းကြည့်ကြပါ။”
ပြောပြီးသည်နှင့် ယွင်ကျုံးဟဲ့က ဓားမြှောင်ကို ဆုပ်ကိုင်ထားလိုက်သည်။
ထန်ထိုင်စစ်သည်တစ်ဦးသည် ဓားရှည်ကို ကိုင်လျက် ယွင်ကျုံးဟဲ့လက်ထဲရှိ ဓားမြှောင်ကို ချိန်ရွယ်ကာ အားကုန် ခုတ်ချလိုက်၏။
“ခလွမ်...”
ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ယွင်ကျုံးဟဲ့၏ လက်မနှင့် လက်ညှိုးကြား နေရာ ကွဲအက်သွားပြီး သွေးများ စီးကျလာ၏။
ဓားမြှောင်မှာလည်း လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန် အားနည်းလွန်းလှသည်။
သို့ပေမည့် ကြမ်းပြင်ပေါ် ကျသွားသော ဓားမြှောင်မှာ ပကတိအတိုင်း ရှိနေပြီး ထန်ထိုင်မိသားစု၏ ဓားရှည်မှာမူ ကြီးမားစွာ ပဲ့ထွက်သွားခဲ့၏။
ထန်ထိုင်မြဲ့မင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
သူက ရှေ့တိုးသွားပြီး ရှေးဟောင်းပုံစံ ဓားမြှောင်ကို ကောက်ယူကြည့်ရှုလိုက်ရာ ဓားသွားပေါ်၌ အစင်းရာ တစ်ခုတစ်လေမှ ထင်ကျန်ခြင်း မရှိသည်ကို တွေ့လိုက်ရ၏။
ထို့နောက် သူသည် ထိုဓားမြှောင်ဖြင့် မိသားစုပိုင် ဓားရှည်ကို ပြန်လည် ခုတ်ပိုင်းလိုက်သည်။
“ခလွမ်...”
ထန်ထိုင်မိသားစု၏ ဓားရှည်မှာ ထောပတ်ကို လှီးဖြတ်ခံလိုက်သကဲ့သို့ တိခနဲ ပြတ်တောက်သွား၏။
“ခလွမ်...”
“ခလွမ်...”
“ခလွမ်...”
ထန်ထိုင်မြဲ့မင်သည် ဆက်တိုက် အားကုန် ခုတ်ပိုင်းလိုက်သည်။
အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထန်ထိုင်မိသားစုမှ အပင်ပန်းခံ ထုလုပ်ထားသော ဓားကောင်းများသည် တစ်ချက်မျှပင် မခံနိုင်ဘဲ အကုန် ကျိုးပဲ့ကုန်၏။
ယွင်ကျုံးဟဲ့ ယူဆောင်လာသော ရှေးဟောင်းဓားမြှောင်မှာမူ အနည်းငယ် ပဲ့သွားသည်မှလွဲ၍ ပြောပလောက်အောင် ထိခိုက်မှု မရှိပေ။
ယွင်ကျုံးဟဲ့သည် ထိုဓားမြှောင်ကို ပြန်ယူကာ ခန်းမအတွင်းရှိ ဓားများနှင့် သံချပ်ကာများကို စိတ်တိုင်းကျ လိုက်လံခုတ်ပိုင်းတော့သည်။
ထန်ထိုင်စစ်သည်များက မလှုပ်မယှက် ရပ်နေပြီး အခုတ်ခံကြ၏။
ယွင်ကျုံးဟဲ့သည် ကြက်ကလေးတစ်ကောင်ကိုပင် ဖမ်းနိုင်စွမ်း မရှိသည့် အားနည်းသူဖြစ်သော်လည်း သူ ခုတ်ပိုင်းလိုက်သည့် သံချပ်ကာတိုင်း ကွဲအက်ကုန်ပြီး ဓားများမှာလည်း ခွေးကိုက်ခံထားရသကဲ့သို့ စုတ်ပြတ်သတ်ကုန်သည်။
ခန်းမတစ်ခုလုံးရှိ လူအားလုံး တုန်လှုပ်သွားကြ၏။
ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးသာမက မိုင်ထောင်ချီ ပတ်ဝန်းကျင်၌ ထန်ထိုင်မိသားစု၏ သံထည်လုပ်ငန်းသည် အကောင်းဆုံး ဖြစ်သည်။
သူတို့၏ လက်နက်နှင့် သံချပ်ကာများသည် အဆင့်အမြင့်ဆုံး စံချိန်စံညွှန်းကို ကိုယ်စားပြုသည်။ ထို့ကြောင့်ပင် ထန်ထိုင်စစ်တပ်သည် အင်အားအကြီးဆုံး ဖြစ်နေရခြင်းပင်။
သို့ပေမည့် ယခုအခါ ထန်ထိုင်မိသားစု၏ အကောင်းဆုံး ဓားများမှာ ဓားမြှောင်တစ်ချောင်း၏ ခုတ်ပိုင်းမှုကို မခံနိုင်ဘဲ အလွယ်တကူ ကျိုးပဲ့ကုန်ကြ၏။
ယွင်ကျုံးဟဲ့ ယူဆောင်လာသော ဓားမှာ အမှန်တကယ်ပင် သံကို ရွှံ့လို လှီးဖြတ်နိုင်စွမ်း ရှိသည်။ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော အရာပင်။
အခြားသူများ ဤအရာ၏ တန်ဖိုးကို နားမလည်ကောင်း ရှိလျှင် ရှိပေမည်။ သို့ပေမည့် ထန်ထိုင်မြဲ့မင်ကမူ ရှင်းလင်းစွာ သဘောပေါက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်မှာ သခင်ကြီးကို ဆက်သစရာ လက်ဆောင်တွေ ရှိပါသေးတယ်။ ယူလာခဲ့ကြ...”
ခဏကြာချိန်မှာတော့ သေတ္တာအများအပြားကို သယ်ဆောင်လာကြ၏။ သေတ္တာတစ်လုံးစီတွင် ဓားဆယ်ချောင်းပါဝင်ပြီး စုစုပေါင်း ဓားတစ်ရာ ဖြစ်သည်။
ဓားတစ်ချောင်းစီသည် ရှေးဟောင်းပုံစံဖြစ်ပြီး သံချေးကွက်များဖြင့် နှစ်ကာလ ကြာမြင့်နေသော အငွေ့ အသက်များ လွှမ်းခြုံထားသည်။ ဓားပေါ်၌ ထူးဆန်းသော ပန်းကနုတ်များနှင့် ဓားရိုးပေါ်၌ ရှေးဟောင်း စာလုံးများ ပါရှိ၏။
ဓားတစ်ချောင်းချင်းစီတိုင်းသည် သမိုင်းကြောင်းကိုယ်စီ ရှိနေသယောင် ထင်ရသည်။ အပြင်ပန်းကြည့်လျှင် ဟောင်းနွမ်းဆွေးမြည့်နေပြီး အချိန်မရွေး ကျိုးပဲ့သွားမည့် ပုံစံမျိုး ပေါက်နေသည်။
ထန်ထိုင်မြဲ့မင်သည် ရှေးဟောင်းဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး ထန်ထိုင်မိသားစုပိုင် ဓားတစ်ချောင်းကို အားကုန် ခုတ်ချလိုက်၏။
“ခလွမ်...”
အံ့ဩဖွယ်ရာ မြင်ကွင်းက ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ ထန်ထိုင်မိသားစု၏ ဓားမှာ ထပ်မံ ပြတ်တောက်သွားပြန်သည်။
ဟောင်းနွမ်းဆွေးမြည့်နေသော ရှေးဟောင်းဓားမှာမူ ဓားသွားအနည်းငယ် တွန့်သွားရုံသာ ရှိ၏။
ထန်ထိုင်မြဲ့မင် ဆက်လက် စမ်းသပ်ကြည့်ရာ ယွင်ကျုံးဟဲ့ ပေးပို့လာသော ဓားတစ်ရာလုံးသည် တူညီသော စွမ်းရည်ရှိကြပြီး ထန်ထိုင်မိသားစု၏ ဓားများကို ပိုင်းဖြတ်နိုင်စွမ်း ရှိကြသည်။
ဤကဲ့သို့သော လက်နက်မျိုး တစ်ချောင်းတည်းသာ ရှိပါက ထူးခြားသည်ဟု မဆိုနိုင်ပေ။
သို့ပေမည့် တစ်ခါတည်းနှင့် အချောင်းတစ်ရာ ထွက်ပေါ်လာခြင်းမှာ ကြောက်မက်ဖွယ်ရာ အဓိပ္ပာယ်ကို ဆောင်နေ၏။ ၎င်းမှာ အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းရှိခြင်းကို ပြသနေသည်။
ဤကဲ့သို့သော သံထည်နည်းပညာကို ပိုင်ဆိုင်သူသည် အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်နိုင်ပေမည်။ ဆိုလိုသည်မှာ ထန်ထိုင်မိသားစု၏ အားသာချက်မှာ ချက်ချင်းဆိုသလို ပျက်စီးသွားခြင်း ဖြစ်၏။
သူတို့ ထုတ်လုပ်သော လက်နက်နှင့် သံချပ်ကာများသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် အာဏာစက် တည်ဆောက်ရေးကို မည်သို့ ဆက်လက် ဆွေးနွေးနိုင်တော့မည်နည်း။
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “ဒီလက်နက်တွေက ဘယ်ကရတာလဲ။”
ယွင်ကျုံးဟဲ့ ဖြေလိုက်၏။ “သခင်ကြီးထန်ထိုင်... ဒီဓားတွေရဲ့ မျက်နှာပြင်မှာ သံချေးတွေ တက်နေပြီး ရှေးဟောင်းပုံစံ ပေါက်နေတာကို ကြည့်ရင် နှစ်ကာလ ကြာမြင့်စွာ ဖြတ်သန်းခဲ့ရမှန်း သိသာပါတယ်။ ကျုပ်တို့ ကျင်းမိသားစုရဲ့ အဓိကလုပ်ငန်းက ဆားချက်တာပါ။ လက်နက်ထုတ်လုပ်ရေးမှာ သခင်ကြီးတို့ မိသားစုကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။”
ထန်ထိုင်မြဲ့မင် ခေါင်းညိတ်လိုက်သည်။
ယွင်ကျုံးဟဲ့၏ လေသံမှာ လေးနက်တည်ငြိမ်သွားပြီး ပြောလိုက်၏။ “ဒီလက်နက်တွေ အားလုံးက နေရာတစ်ခုတည်းက လာတာပါ။ ဧကရာဇ်နုရဲ့ ဂူသင်္ချိုင်း လက်နက်တိုက်ကပါ။”
“မဖြစ်နိုင်တာ။”
ထန်ထိုင်မြဲ့မင်က ငြင်းလိုက်သည်။ “တာရှအင်ပါယာ ပျက်သုဉ်းသွားတာ နှစ်ပေါင်း တစ်ထောင်ကျော်ပြီ။ ကျန်ရစ်ခဲ့တဲ့ ဓားတွေက ဒီလောက်အထိ သံတွေကို ရွှံ့လိုလှီးဖြတ်နိုင်စွမ်း မရှိနိုင်တော့ဘူး။ ဒါ့အပြင် ဧကရာဇ်နု ဂူသင်္ချိုင်း မြေပုံက ကျင်းမိသားစုလက်ထဲမှာ ရှိနေတာ ရာစုနှစ်ချီနေပြီ။ နှစ်ပေါင်းများစွာ ကြာအောင် ရှာမတွေ့ခဲ့ဘဲနဲ့ ဘာဖြစ်လို့ အခုမှ ရုတ်တရက် ရှာတွေ့သွားတာလဲ။ မြေပုံရဲ့ လျှိုဝှက်ချက်ကို ဖော်နိုင်သွားတာလား။”
ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်၏။ “သခင်ကြီး... မြေပုံကို ဖြေရှင်းနိုင်လို့ မဟုတ်ပါဘူး။ အဲဒီမြေပုံက အတုလားလို့တောင် သံသယ ဝင်မိပါတယ်။ ဒါပေမဲ့ ဧကရာဇ်နုရဲ့ လက်နက်တိုက်ကို ရှာတွေ့ခဲ့တာက မြေပုံကြောင့် မဟုတ်ပါဘူး။ မတော်တဆ ရှာဖွေတွေ့ရှိမှု တစ်ခုကြောင့်ပါ။”
ထန်ထိုင်မြဲ့မင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘယ်လို မတော်တဆမှုမျိုးလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ပိုင်ယင်ဆားကွင်း မြေပြိုကျမှုပါ။”
..................