အခန်း (၁၇၄၄-၁၇၄၆)
Vol. 117 Ch. 1744-1746
အခန်း (၁၇၄၄) ချမ်းသာကြွယ်ဝခြင်း
ယီယွင်ယောင်ကို ပို့ဆောင်ပြီးနောက် ကျန်ရှိနေသည့် ကိစ္စများကို ရှင်းလင်းရန်သာလိုအပ်သည်။ ချူးယွင်ဖန်းသည် မိသားစုအသီးသီးမှ ခေါင်းဆောင်များကို ဖမ်းဆီးထားသည့်အပြင် သွေးမိစ္ဆာဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများကိုလည်း သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသူများသည် အသုံးမဝင်သူများသာဖြစ်သောကြောင့် ယုချူးယွင်၏ စစ်တပ်သည် ချန်မိသားစု၏ ဘိုးဘေးပိုင်နက်ကို အချိန်အနည်းအငယ်အတွင်း ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ဝမ်မိသားစု၊ ပေါင်းစည်းခြင်းဂိုဏ်း၊ ကောင်းကင်မြင့်ဂိုဏ်းနှင့် အခြားအင်အားစုများမှ ကျန်ရစ်သည့် တပည့်များသည် ထွက်ပြေးသူများ ထွက်ပြေး၍ ပုန်းအောင်းသူများ ပုန်းအောင်းကုန်ကြသည်။ ၎င်းတို့သည် ခုခံလိုလျှင်ပင် ခုခံနိုင်စွမ်း မရှိကြပေ။
ဆက်တိုက် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် အဓိက အဖွဲ့ဝင်အားလုံးကို ဖမ်းဆီးရမိခဲ့သည်။ ချူးယွင်ဖန်းသည် ဤအင်အားစုများ၏ အဖွဲ့ဝင်များအပေါ် အနည်းငယ်မျှ ကရုဏာ မထားခဲ့ပေ။ အသက်နှင့်ရင်းရသည့် တိုက်ပွဲဖြစ်သည့်အတွက် တွန့်ဆုတ်ရန် မဖြစ်ကြောင်း သူ သိထားသောကြောင့်ဖြစ်သည်။ ဤအင်အားစုများအနက် အများစုသည် ဆွေမျိုးဝေးများဖြစ်ကြ၍ ဆက်နွှယ်မှု မနက်ရှိုင်းသော်လည်း၊ အရေးကြီးသည့် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပေးဆပ်မှုများ ရှိစမြဲဖြစ်သည်။ ထို့ပြင် ဤသူများသည်လည်း အဆိုပါ အင်အားစုများကို မှီခို၍ အကျိုးအမြတ်များစွာ ရယူခဲ့ကြသူများဖြစ်သဖြင့် လုံးလုံးလျားလျား ဖြူစင်သည်ဟု မဆိုနိုင်ပေ။
ရွှေငွေ ရတနာများ၊ ဆေးဖက်ဝင်အပင်များနှင့် တန်ဖိုးဖြတ်မရသည့် ပစ္စည်းများ တင်ဆောင်လာသည့် လှည်းယဥ်တန်းကြီး ပေါင်းထိုင်မြို့၏ စစ်စခန်းအတွင်းသို့ ဝင်ရောက်လာသည်။ ချူးယွင်ဖန်းသည် မြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ရာ ယခုအချိန်တွင် ပေါင်းထိုင်မြို့၌ သူ့ကို ဆန့်ကျင်ဝံ့သူ တစ်ဦးမျှ မရှိတော့ပေ။ ချူးယွင်ဖန်းသည် ပေါင်းထိုင်မြို့ရှိ အင်အားစုအားလုံးကို အမြစ်ပြတ်ဆွဲနှုတ်နေခြင်းကိုသာ လူတိုင်း ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ ဤဖြစ်စဉ်အတွင်း ချူးယွင်ဖန်းက ပေါင်းထိုင်မြို့၏ ကိစ္စရပ်အားလုံးကို လျင်မြန်စွာ လွှဲပြောင်းယူနေသည့်အပြင် ရွှီမိသားစုသည်လည်း အခြေအနေကို အခွင့်ကောင်းယူကာ ထိုးတက်လာခဲ့သည်။ ရွှေငွေ ရတနာများနှင့် ဆေးဖက်ဝင်အပင်များအပြင် အင်အားစုကြီးများ၏ ကြွယ်ဝမှုတွင် ဆိုင်ခန်းများ၊ လယ်ကွင်းများနှင့် အခြားအရာများစွာ ပါဝင်သည်။
ချူးယွင်ဖန်းက ဤအရာများကို မလိုအပ်ပေ။ ရွှီသခင်ကြီး ထင်မှတ်ထားသကဲ့သို့ ပေါင်းထိုင်မြို့သည် ချူးယွင်ဖန်း၏ ဘဝတွင် ခေတ္တနားခိုရာ နေရာတစ်ခုမျှသာဖြစ်ရာ သူသည် ဤနေရာ၌ အခြေချရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤပိုင်ဆိုင်မှုများသည် သူ့အတွက် အဓိပ္ပာယ်မဲ့သောကြောင့် အမြန်ဆုံး ရောင်းချပစ်ရန် ဆုံးဖြတ်လိုက်သည်။ စစ်စခန်းရှိ ဗိုလ်မှူးကြီးရုံးခန်းအတွင်း ယုချူးယွင်သည် ရရှိလာသည့် အကျိုးအမြတ်များကို ချူးယွင်ဖန်းထံ အစီရင်ခံနေသည်။
"စီနီယာချူး၊ လေလံရုံနဲ့ မြေနေရာအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၁၀ သန်း ရရှိထားပါတယ်၊ အခြား ဆေးဖက်ဝင်အပင်တွေနဲ့ သဘာဝရတနာတွေဆီကလည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅ သန်းကျော် ရထားပါတယ်"
ယုချူးယွင် အစီရင်ခံနေစဥ် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေမိသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာဆိုသည် ကျင့်ကြံခြင်းတွင် အသုံးများသည့် အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်မည်ဆိုပါက မတွေးဝံ့စရာ ပမာဏဖြစ်သည်။ မြို့အတွင်းရှိ အင်အားစုအားလုံးကို ချူးယွင်ဖန်းက အမြစ်ဖြတ် သုတ်သင်လိုက်သဖြင့် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ဓနဥစ္စာအားလုံး သူ့လက်ထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။
"ဆိုင်ခန်းတွေနဲ့ လယ်ကွင်းအများစုကို ရွှီမိသားစုက ဝယ်ယူသွားပါတယ်" ယုချူးယွင်က ဆက်ပြောလိုက်သည်။
"အခုဆိုရင် ရွှီမိသားစုက မြို့ထဲမှာ အင်အားအကြီးဆုံး ဖြစ်နေပါပြီ၊ တခြားလူတွေ သူတို့ကို ရန်မဆွနိုင်တော့ဘူး၊ ရွှီမိသားစုက ကျွန်တော်တို့ကို ပြန်ပြီး ဆန့်ကျင်လာရင် ဘယ်လိုလုပ်ကြမလဲ"
လေလံတင်ရောင်းချခဲ့သည့် ဆိုင်ခန်းနှင့် လယ်ကွင်းအများစုကို ရွှီမိသားစုက ရရှိသွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ရွှီမိသားစုသည် ပေါင်းထိုင်မြို့၌ ဘီလူးကြီးတစ်ကောင်ကဲ့သို့ အင်အားကြီးမားလာပေလိမ့်မည်။ ဤအချက်သည် ယုချူးယွင်ကို စိုးရိမ်ပူပန်စေသည်။
ချူးယွင်ဖန်းက လှောင်ပြုံးပြုံးလိုက်သည်။
"ခင်ဗျား သူတို့ကို အထင်ကြီးလွန်းနေပြီ၊ ဒီလောကမှာ ခွန်အားကသာ အရာရာကို ဆုံးဖြတ်တာ။ ရွှီမိသားစုက ကျုပ်တို့ကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး၊ ကျုပ်က အဓိက အင်အားစုကြီး ၅ ခုကိုတောင် ဖျက်ဆီးနိုင်ရင် ရွှီမိသားစုကို ဖျက်ဆီးဖို့က အလွယ်လေးပါ"
မည်မျှအင်အားကြီးမားသည့် အဖွဲ့အစည်းဖြစ်စေကာမူ စစ်မှန်သည့် အကြွင်းမဲ့ခွန်အားရှေ့တွင် တစ်ချက်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ရွှီမိသားစုကို မြှင့်တင်ပေးခဲ့သူသည် ချူးယွင်ဖန်းဖြစ်သဖြင့် ၎င်းတို့ကို သုတ်သင်ခြင်းသည်လည်း ခက်ခဲမည် မဟုတ်ပေ။ ပေါင်းထိုင်မြို့တွင် စီမံစရာကိစ္စများစွာ ရှိနေသည်။ မြို့စောင့်တပ်ခေါင်းဆောင်ဖြစ်သည့် ချူးယွင်ဖန်းသည် အရာအားလုံးကို စီမံရမည်ဖြစ်သော်လည်း ထိုကိစ္စအဝဝကို တစ်ခုချင်းစီ ကိုင်တွယ်ရန် သူ့တွင် အချိန်မရှိပေ။ ယုချူးယွင်နှင့် အခြားလူများသည် ချူးယွင်ဖန်း ပင်ပင်ပန်းပန်း ပျိုးထောင်ထားသည့် အခြေခံအင်အားစုများဖြစ်သောကြောင့် ၎င်းတို့ကိုလည်း ဤသို့သော အသေးအဖွဲ ကိစ္စများတွင် အချိန်မဖြုန်းစေလိုပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် ရွှီမိသားစုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြင်းကို ခိုင်းစေလိုလျှင် အစာကျွေးရမည် မဟုတ်လေသလော။
သို့သော်လည်း ရရှိလာသည့် ပမာဏကို ကြားလိုက်ရချိန် ချူးယွင်ဖန်းပင် စိတ်လှုပ်ရှားသွားသည်။ မျှော်လင့်ထားသည့်အတိုင်း မြက်ကျွေးခြင်းမရှိဘဲ မြင်းတစ်ကောင် မဝဖြိုးနိုင်သကဲ့သို့၊ လူတစ်ယောက်သည်လည်း လာဘ်လာဘမပါဘဲ မချမ်းသာနိုင်ပေ။ သူ့အတွက်မူ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ သန်းဟူသည် အလွန်များပြားသော ပမာဏဖြစ်သည်။
"ခွဲဝေမှုနဲ့ ပတ်သက်ရင်တော့ တင်းမိသားစုရဲ့ ဘဏ္ဍာရေးကို ကိုင်တွယ်ခဲ့သလိုပဲ လုပ်လိုက်၊ တစ်ဝက်ကို စစ်ဝန်ကြီးဌာနကို လွှဲပေးပြီး၊ တစ်ပုံကို ကျုပ်ယူမယ်၊ ကျန်တာကိုတော့ လက်နက်ခဲယမ်းတွေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ဝယ်ယူတဲ့နေရာမှာ သုံးမယ်" ချူးယွင်ဖန်းက ညွှန်ကြားလိုက်လိုက်သည်။
"ပေါင်းထိုင်မြို့စောင့်တပ်ကို အမြန်ဆုံး အဆင့်မြင့်တပ်ဖွဲ့ဖြစ်လာအောင် ကျုပ် တည်ဆောက်ချင်တယ်၊ ရထားတဲ့ သိုင်းပညာကျမ်းစာ အားလုံးကို စစ်တပ်မှာ ဆုလာဘ်အဖြစ် သိမ်းထားလိုက်၊ ကောင်းကောင်း စွမ်းဆောင်နိုင်တဲ့လူ ဘယ်သူမဆို အဲ့ဒါတွေနဲ့ ဆုချမယ်"
ကျင့်ကြံခြင်းသည် ကြီးမြတ်သောတရှတွင် ပျံ့နှံ့နေသော်လည်း ၎င်းသည် အပေါ်ယံ ကျင့်စဉ်များသာဖြစ်သည်။ အဆင့်မြင့် ကျင့်စဉ်များကိုမူ အင်အားကြီး အဖွဲ့အစည်းများကသာ လျှို့ဝှက်စွာ သိမ်းဆည်းထားကြသည်။ အကယ်၍ ပေါင်းထိုင်မြို့စောင့်တပ်သည် စစ်မှန်သည့် ထိပ်တန်းစစ်တပ်ဖြစ်ခဲ့လျှင် ကြီးမြတ်သော တရှ၏ တော်ဝင်စုဆောင်းမှုများထဲမှ အဆင့်မြင့် သိုင်းပညာများ ရရှိနိုင်မည်ဖြစ်သော်လည်း၊ ၎င်းတို့သည် ဒုတိယတန်းစား တပ်ဖွဲ့များဖြစ်သဖြင့် ထိုသို့သော အခွင့်အရေး မရှိပေ။
၎င်းတို့တွင် ကျင့်ကြံခြင်း အရင်းအမြစ်များသာမကဘဲ ကျင့်စဉ်များပင် လိုအပ်နေသည်။ ချူးယွင်ဖန်းတွင် ထိပ်တန်းကျင့်စဉ်များစွာရှိသော်လည်း ၎င်းတို့သည် သာမန်လူများနှင့် မသင့်တော်ပေ။ အင်အားစုကြီးများထံမှ ရရှိလာသည့် ကျမ်းစာများသည် ချူးယွင်ဖန်း တတ်မြောက်ထားသည့် သိုင်းပညာများထက် များစွာ နိမ့်ကျသော်လည်း၊ သာမန်စစ်သည်များ ကျင့်ကြံရန် အသင့်တော်ဆုံးဖြစ်သည်။ ကျင့်ကြံခြင်းတွင် နည်းစနစ်နှင့် အရင်းအမြစ်သည် အလွန်အရေးကြီးလှရာ ယခုအခါ ချူးယွင်ဖန်းသည် နှစ်မျိုးလုံးကို ထောက်ပံ့ပေးနိုင်သည်။ အကယ်၍ စစ်သားများသာ ကြိုးစားအားထုတ်မည်ဆိုပါက အထူးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်လာရန် မခဲယဉ်းတော့ပေ။
သို့သော် ချူးယွင်ဖန်းတွင် အချိန်အများအပြား မရှိပေ။ သူသည် တပ်တစ်ခုလုံး၏ အင်အားကို အတိုဆုံးအချိန်အတွင်း တိုးတက်စေလိုသည်။ ၎င်းတို့အတွက် ဆေးလုံး အမြောက်အမြား လိုအပ်မည်ဖြစ်ရာ ထိုဆေးလုံးများအတွက် ဆေးဖက်ဝင်အပင် အမြောက်အမြား လိုအပ်ပေသည်။ ယခုအချိန် ချူးယွင်ဖန်းသည် ငြိမ်သက်စွာ အင်အားစုဆောင်းရမည်ဖြစ်သည်။
"စီနီယာချူး၊ ရတနာတစ်ထောင်ခန်းမက လူတစ်ယောက် စီနီယာ့ကို တွေ့ဖို့ ရောက်နေပါတယ်" ယုချူးယွင်က ပြောလိုက်သည်။
"ရတနာတစ်ထောင်ခန်းမတဲ့လား။ ကမ္ဘာ့အကြီးဆုံး ကုန်သည်အဖွဲ့အစည်းလား" ချူးယွင်ဖန်း၏ မျက်ခုံးများ မြင့်တက်သွားသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကမ္ဘာလောကမှတ်တမ်းတွင် ဖော်ပြထားသည့် ရတနာတစ်ထောင်ခန်းမအကြောင်းကို သူ သတိရသွားသည်။
ရတနာတစ်ထောင်ခန်းမသည် အလွန်ရှည်လျားသည့် သမိုင်းကြောင်းရှိသည့်အပြင် ထိပ်တန်းဂိုဏ်းကြီး ၁၀ ခုအောက် မနိမ့်ကျပေ။ မည်သည့်အချိန်က စတင်ခဲ့သည်ကို မသိရသော်လည်း ရတနာတစ်ထောင်ခန်းမ၏ လုပ်ငန်းများသည် ကြီးမြတ်သောတရှ တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ ကုန်သည်အဖွဲ့အစည်းဖြစ်သော်လည်း ၎င်း၏ အင်အားသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသဖြင့် ထိပ်တန်းဂိုဏ်းကြီး ၁၀ ခုနှင့် အဆင့်အတန်းခြင်း ညီမျှသည်ဟု လူအများက ယုံကြည်ကြသည်။ ရတနာတစ်ထောင်ခန်းမသည် ကြီးမြတ်သော တရှတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေ၍ ဩဇာညောင်းလှသည်။ ၎င်းတို့သည် အရေးပါသည့် ပုဂ္ဂိုလ်များစွာနှင့် ဆက်နွယ်မှုရှိသောကြောင့် သာမန်အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။
အခန်း (၁၇၄၅) ရတနာတစ်ထောင်ခန်းမ
ရတနာတစ်ထောင်ခန်းမသည် စီးပွားရေးနယ်ပယ် အလွန်ကျယ်ပြန့်လှရာ တော်ဝင်နန်းတော်နှင့်ပင် စီးပွားရေး လုပ်ငန်းများ ရှိနေသည်။ ၎င်းသည် ကုန်သည်အဖွဲ့အစည်းများစွာအနက် အကြီးမားဆုံးတစ်ခုဖြစ်၏။ ၎င်း၏ ကွန်ရက်သည် ထူထပ်စွာ ဆက်နွှယ်လျက်ရှိရာ ကျွမ်းကျင်သူ မည်မျှစုဆောင်းထားသည်ကို မည်သူမျှ မသိနိုင်ပေ။ ချူးယွင်ဖန်း ခေတ္တစဉ်းစားပြီးနောက် ရတနာတစ်ထောင်ခန်းမ၏ တမန်တော်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်"
မကြာမီတွင် ဇိမ်ခံဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လှမ်းလာကာ ချူးယွင်ဖန်း ရှေ့သို့ ရောက်ရှိလာသည်။
'ဒြပ်မဲ့ကျွမ်းကျင်အဆင့်ပဲ' ချူးယွင်ဖန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် မိမိကိုယ်ကိုယ် ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖန်း၏ အာရုံခံစားမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဤသို့သော သာမန်တမန်တော်တစ်ဦးပင် ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူဖြစ်နေခြင်းအရ ရတနာတစ်ထောင်ခန်းမ၏ အင်အားသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။
"ကျွန်တော်က ရတနာတစ်ထောင်ခန်းမရဲ့ မဟူရာသံမဏိတမန်တော် ဝမ်ဆန်ချန်းပါ၊ ဗိုလ်မှူးကြီးချူးကို နှုတ်ခွန်းဆက်သပါတယ်" ထိုလူလတ်ပိုင်း အမျိုးသားက ဦးညွှတ်လျက် ပြောလိုက်သည်။
'မဟူရာသံမဏိတမန်ဖြစ်နေတာကိုး' ချူးယွင်ဖန်းက တွေးလိုက်သည်။ "ကမ္ဘာလောက" မှတ်တမ်းများအရ ရတနာတစ်ထောင်ခန်းမအတွင်းရှိ အောက်ခြေအဆင့် အဖွဲ့ဝင်များမှအပ အဆင့်အတန်းတစ်ခုရှိသူများသည် အဆင့်အမျိုးမျိုးရှိ တမန်တော်များဖြစ်ကြသည်။ ၎င်းတို့ကို မဟူရာသံမဏိ၊ ကြေးညို၊ ငွေ၊ ရွှေနှင့် ပလက်တီနမ်ဟူ၍ အဆင့်ခွဲခြားထား၏။ မဟူရာသံမဏိတမန်တော် ရတနာတစ်ထောင်ခန်းမ၏ စီမံခန့်ခွဲမှု အပိုင်းတွင် အနိမ့်ဆုံးအဆင့်ဟု ယူဆနိုင်သော်လည်း ၎င်းတို့သည် တရားဝင် ရာထူးအဆင့်ရှိသူများဖြစ်သဖြင့် ဌာနခွဲအချို့ကို တာဝန်ယူရသူများဖြစ်သည်။
"ဘာကိစ္စနဲ့ ကျုပ်ကို လာရှာတာလဲ လူကြီးမင်းဝမ်" ချူးယွင်ဖန်းက မေးလိုက်သည်။
"မေးလာပြီဆိုတော့လည်း ကျွန်တော် ဘာမှ မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်၊ ဗိုလ်မှူးကြီးချူးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်လို့ပါ" ဝမ်ဆန်ချန်း၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားသည်။ အကြောင်းမှာ ချူးယွင်ဖန်းသည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ကျစွာ ပေါ်ထွက်လာသူဖြစ်သောကြောင့်ပင်ဖြစ်၏။
ရတနာတစ်ထောင်ခန်းမ၏ အဆက်အသွယ်များသည် ကြီးမြတ်သောတရှ တစ်ခုလုံးတွင် ပျံ့နှံ့နေ၍ ၎င်းတို့၏ လူများသည် တောရိုင်းဒေသများတွင်ပင် ရှိနေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းအသီးသီး၏ အလားအလာရှိသော တပည့်များသည် ရတနာတစ်ထောင်ခန်းမ၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိတတ်သောကြောင့် အဆက်အသွယ်များ ကြိုတင်ပြုလုပ်ထားတတ်ကြသည်။ သို့သော်လည်း ထူးချွန်တပည့် သို့မဟုတ် နယ်မြေစောင့်ခေါင်းဆောင်ဖြစ်နေပြီဖြစ်သော ချူးယွင်ဖန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက်မူ ရတနာတစ်ထောင်ခန်းမ၌ မည်သည့် ဆက်သွယ်ရေး လမ်းကြောင်းမျှ မရှိခဲ့ပေ။ ၎င်းသည် အလွန်ရှားပါးလှသည်။
သို့သော် ချူးယွင်ဖန်း၏ နောက်ခံကို ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းတို့အားလုံး နားလည်သွားကြသည်။ နောက်ဆုံးတွင် သူသည် ကြီးမြတ်သောတရှတွင် မွေးဖွားလာသူ မဟုတ်ဘဲ ခရမ်းရောင်မိုးကြိုးပြည်နယ်၏ ပါရမီရှင်တစ်ဦးဖြစ်သည်။ ဝမ်ဆန်ချန်းကို အမှန်တကယ် တုန်လှုပ်စေသည့် အချက်မှာ သတင်းအချက်အလက်များအရ ချူးယွင်ဖန်းသည် ခရမ်းရောင်မိုးကြိုးပြည်နယ်မှ ထွက်ခွာလာပြီးနောက် အလျင်အမြန် တိုးတက်လာခြင်းဖြစ်သည်။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ကာ ထိပ်တန်းမျိုးစေ့တပည့် ဆယ်ဦးထဲမှ တစ်ဦးဖြစ်လာခဲ့ရုံမျှမကဘဲ ဆယ်လအတွင်း အတွင်းစည်းတပည့် ပြိုင်ပွဲတွင်လည်း အနိုင်ရရှိကာ နာမည်ကျော်ကြားလာခဲ့သည်။
ဤအောင်မြင်မှုသည် တုန်လှုပ်ဖွယ်ကောင်းလှရာ ပေါင်းထိုင်မြို့၏ စောင့်ရှောက်သူဖြစ်လာပြီးနောက် ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည် ဝမ်ဆန်ချန်းကို ပို၍ပင် အံ့အားသင့်စေသည်။ ပေါင်းထိုင်မြို့ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားသည့် အဓိက အင်အားစု ငါးခုနှင့် မြို့အတွင်းရှိ ထိုအင်အားစုများကို မှီခိုနေသည့် အခြားအင်အားစုများသည် ချူးယွင်ဖန်း၏ အမြစ်ပြတ်သုတ်သင်မှုကို ခံလိုက်ရသည်။ သတင်းအချက်အလက်အားလုံးအရ ချူးယွင်ဖန်းသည် သာမန်လူ မဟုတ်မည်မှာ သေချာသည်။ သူ့ကို နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ဦးအဖြစ်ပင် ဆိုနိုင်သည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပေါင်းထိုင်မြို့ကို တာဝန်ယူခဲ့စဥ် စစ်ရေးဖြစ်ပါစေ၊ ပြည်သူအရေးဖြစ်စေ စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သည့် အခြားသော ဂိုဏ်းကြီးများရှိ တပည့်များကဲ့သို့ ပျာယာခတ်ခြင်း မရှိခဲ့ပေ။ ဝမ်ဆန်ချန်းသည် ဤအချက်များကြောင့် စောင့်ကြည့်သည့် ကာလကို အလျင်အမြန် အဆုံးသတ်ကာ ချူးယွင်ဖန်းနှင့် အမြန်ဆုံး အဆက်အသွယ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ရတနာတစ်ထောင်ခန်းမက ကျုပ်နဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ချင်တာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"ကျွန်တော်တို့ အဖွဲ့အစည်းက ကြီးမြတ်တဲ့တရှ တစ်ခုလုံးမှာ ကုန်သွယ်ရေး လမ်းကြောင်းမျိုးစုံ ရှိနေတာကို ဗိုလ်မှူးကြီးချူး ကြားဖူးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ရတနာတစ်ထောင်ခန်းမက ကုန်ပစ္စည်း အမျိုးမျိုး ရောင်းချသလို ဝယ်ယူတာလည်း လုပ်ကြပါတယ်၊ ဗိုလ်မှူးကြီး လိုအပ်တာ ရှိရင်လည်း ကျွန်တော်တို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ပါတယ်" ဝမ်ဆန်ချန်းက ဆိုသည်။
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။ ပြည်ထောင်စုမှ ရောက်လာသူဖြစ်သဖြင့် ကြီးမြတ်သောတရှ၏ အချို့သော ကဏ္ဍများ၌ ခေတ်နောက်ကျမှုကို သူ ကျင့်သားမရခဲ့ပေ။ အကယ်၍ ပြည်ထောင်စုတွင်ဆိုလျှင် အော်ဒါမှာလိုက်ရုံဖြင့် မည်သည့် ပစ္စည်းမဆို ရရှိနိုင်၍ ၎င်းသည် သူ့ကို အချိန်ကုန် သက်သာစေသည်။
အတိတ်ကာလများတွင် ကျင့်ကြံသူများစွာသည် ဆေးဖက်ဝင်အပင် အမျိုးမျိုး ရှာဖွေရန် တောင်များ မြစ်များကို ဖြတ်ကျော်ကြရသည်။ ၎င်းဖြင့် အချိန်များစွာ နှောင့်နှေးစေခဲ့၏။ သို့သော် ရတနာတစ်ထောင်ခန်းမကို ကြားခံအဖြစ် အသုံးပြုနိုင်ပါက ချူးယွင်ဖန်း၏ အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ အထူးသဖြင့် စစ်တပ်၏ အင်အားကို တိုးမြှင့်ရန် ဆေးလုံး အမြောက်အမြား ဖော်စပ်လိုသည့်အခါ ဆေးဖက်ဝင်အပင် အမြောက်အမြား လိုအပ်နေသည်။
"ဒါ့အပြင် ကျွန်တော်တို့က ဆေးဖက်ဝင်အပင်တွေ၊ ရတနာတွေ၊ သိုင်းပညာ လက်စွဲစာအုပ်တွေ စသဖြင့် အကုန်လုံးကို ဝယ်ယူပါတယ်၊ တန်ဖိုးရှိတာ မှန်သမျှ ကျွန်တော်တို့ဘက်က ဝယ်ပါတယ်" ဝမ်ဆန်ချန်းက ဆက်ပြောလိုက်သည်။
"လက်ရှိအချိန် ဗိုလ်မှူးကြီး ပေါင်းထိုင်မြို့ရဲ့ အဓိက အင်အားစုတွေကို ချေမှုန်းထားတာဖြစ်တဲ့အတွက် လက်ရှိ ဗိုလ်မှူးကြီး အသုံးမလိုတဲ့ ပစ္စည်းတွေ အများကြီး ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အဲဒါတွေကို သိမ်းထားမယ့်အစား ကျွန်တော်တို့ အဖွဲ့အစည်းကို ရောင်းချနိုင်ပါတယ်၊ ဈေးနှုန်းပိုင်းကိုလည်း ဗိုလ်မှူးကြီး စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ"
ချူးယွင်ဖန်းက အဓိက အင်အားစု ငါးခုကို အမြစ်ပြတ် ချေမှုန်းခဲ့သည်ဟု ပြောဆိုရာတွင် ဝမ်ဆန်ချန်းသည် မည်သည့် ထူးဆန်းသော အမူအရာမျှ မပြသခဲ့ပေ။ ရတနာတစ်ထောင်ခန်းမအတွက်မူ ပေါင်းထိုင်မြို့၏ အင်အားစု ငါးခုသည် နှစ်ခါပြန်ကြည့်ရန်ပင် မထိုက်တန်ပေ။ ဤမြို့တစ်မြို့လုံးတွင် ချူးယွင်ဖန်း တစ်ဦးတည်းသာ ထိုသို့သော ဂုဏ်ပြုမှုကို ရယူရန် အရည်အချင်း ပြည့်မီသူဖြစ်သည်။ ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်းတွင် အမှန်တကယ်ပင် မလိုအပ်သော အရင်းအမြစ်များစွာ ရှိနေသည်။ ၎င်းတို့သည် အင်အားစုတစ်ခုအတွက် အရေးပါကောင်း ပါနိုင်သော်လည်း သူ့အတွက် အသုံးမဝင်ပေ။ အကယ်၍ ထိုအရာအားလုံးကို ရတနာတစ်ထောင်ခန်းမသို့ လွှဲပြောင်းပေးလိုက်ပါက သူအတွက် အချိန်ကုန် သက်သာစေလိမ့်မည်။
"ကျွန်တော်တို့ အမြင်အရ ဗိုလ်မှူးကြီးချူးရဲ့ အနာဂတ်က အလွန်တောက်ပပြီး အကန့်အသတ်မဲ့တာကြောင့် ကျွန်တော်တို့တွေ ဗိုလ်မှူးကြီးနဲ့ ရေရှည် ဆက်ဆံရေး တည်ဆောက်ချင်ပါတယ်" ဝမ်ဆန်ချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ၎င်းအခြေအနေကို နားလည်နိုင်သည်။ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့သောကြောင့် နောက်နောင်တွင် အခြားသော အင်အားစုများစွာသည်လည်း သူနှင့် ပူးပေါင်းဆောင်ရွက်လိုကြမည်ဖြစ်သည်။
"ဒါ့အပြင် ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဖိတ်စာပါ၊ နောက် ၁၀ ရက်နေရင် ကျွန်တော်တို့ ဌာနခွဲရဲ့ လေလံပွဲတစ်ခု ကျင်းပသွားမှာပါ၊ ကျွန်တော်တို့ အဖွဲ့အစည်းက တန်ဖိုးထားတဲ့ ဧည့်သည်တွေပဲ ဒီဖိတ်စာကို ရရှိတာပါ၊ အရင်က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဖူးပေမယ် ဗိုလ်မှူးကြီးက ကျွန်တော်တို့အတွက် ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးလို့ ဆိုလို့ရပါတယ်၊ ဒါကြောင့် ဗိုလ်မှူးကြီး အချိန်ပေးပြီး ကြွရောက်လာပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဝမ်ဆန်ချန်းက ဟင်းလင်းပြင်ထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်ယူ၍ ချူးယွင်ဖန်းထံ လက်ကမ်းပေးလိုက်သည်။
အခန်း (၁၇၄၆) ဆယ်ရက်အကြာတွင် အသစ်တစ်ဖန် မွေးဖွားခြင်း
ချူးယွင်ဖန်းသည် ရွှေနက်ရောင်ကတ်ပြားဖြစ်သော ဖိတ်စာကို လက်ခံလိုက်ရာ ၎င်းပေါ်တွင် ရတနာတစ်ထောင်ခန်းမဟု ရေးသားထားသည့် ကြီးမားသော စာလုံးများကို သိသာထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ နောက်ဆယ်ရက်အကြာတွင် ရတနာတစ်ထောင်ခန်းမမှ လေလံပွဲတစ်ခု ကျင်းပမည်ဖြစ်၍ တည်နေရာသည် ပေါင်းထိုင်မြို့နှင့် မလှမ်းမကမ်းရှိ မြို့ငယ်လေးတစ်ခုဖြစ်ကြောင်း ရေးသားထားသည်။
“ကျွန်တော် မနက်ဖြန်ကျရင် လေလံပစ္စည်းစာရင်းကို လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်။ အကယ်၍ ဗိုလ်မှူးကြီး စိတ်ဝင်စားတယ်ဆိုရင် ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့က လေလံပွဲတွေကို ခဏခဏ ကျင်းပလေ့မရှိပါဘူး" ဝမ်ဆန်ချန်းက ဆိုသည်။
“နားလည်ပါပြီ။ ကျုပ် အချိန်ရရင် လာခဲ့ပါ့မယ်။ ဒါပေမယ့် အခုတော့ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရအောင်။ ကျုပ် စုဆောင်းထားတဲ့ထဲက လောလောဆယ် မလိုအပ်တဲ့ ပစ္စည်းတွေကို ရတနာတစ်ထောင်ခန်းမကတစ်ဆင့် ရောင်းချပေးလို့ရပါတယ်။ အဲဒီအစား ခင်ဗျားတို့အဖွဲ့အစည်းဘက်က ကျုပ်ကို ဆေးဖက်ဝင်အပင်တချို့ စုဆောင်းပေးပါ”
ချူးယွင်ဖန်းသည် စာရင်းတစ်ခု ပြုစုလိုက်ရာ ၎င်းအနက် အများစုသည် စစ်တပ်၏ အင်အားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးများအတွက် လိုအပ်သော ဆေးပင်များဖြစ်ကြသည်။ ထိုဆေးပင်များသည် ရှာဖွေရ မခက်ခဲသော်လည်း လိုအပ်သည့် ပမာဏသည် အလွန်များပြားလှသည်။ တပ်ခွဲတွင် လူအင်အား ၅၀၀ ရှိသဖြင့် တပ်တစ်ခုလုံး၏ ခွန်အားကို မြှင့်တင်လိုပါက အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ ဤကိစ္စတွင် ကြီးမြတ်သောတရှ၏ နန်းတွင်းကို အားကိုး၍ မရနိုင်သောကြောင့် ချူးယွင်ဖန်းအနေဖြင့် မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အင်အားကြီးအဖွဲ့အစည်းများ၏ အိမ်များကို သိမ်းဆည်းပြီးနောက် ရရှိလာသည့် ပိုင်ဆိုင်မှု လေးပုံတစ်ပုံခန့်ကို စစ်သည်များအတွက် အသုံးပြုနိုင်သဖြင့် ချူးယွင်ဖန်းသည် ကိုယ်ပိုင်ငွေကို ထပ်မံသုံးစွဲရန် မလိုတော့ပေ။
ဝမ်ဆန်ချန်းသည် စာရင်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
“နောက်ဆုံးက ပစ္စည်းတွေက ကိစ္စမရှိပါဘူး။ အရေအတွက် နည်းနည်းများပေမယ့် ဆေးပင်တွေက ရှားပါးတာ မဟုတ်လို့ ရှာပေးနိုင်ပါတယ်။ တကယ် အခက်အခဲရှိတာက ခရမ်းရောင်မြက်နုတွေပါ။ ဒါပေမယ့် လာမယ့်လေလံပွဲမှာတော့ ဒီမြက်နုတွေ ပါလာဖို့ ရှိပါတယ်။ ဗိုလ်မှူးကြီး ကိုယ်တိုင်လာကြည့်သင့်ပါတယ်"
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။ ခရမ်းရောင်မြက်နုသည် မဟာအသက်ဓာတ်ကျင့်ကြံသူဆေးကို ဖော်စပ်ရာတွင် လိုအပ်သည့် ဆေးပင်ဖြစ်သည်။ တင်းမိသားစုကို သုတ်သင်စဥ်က ဆေးပင်အချို့ကို ရရှိခဲ့သည်။ သို့သော် ထိုအပင်များသည် လီရှန်ယွမ် ပေးပို့ထားသော ဆေးပင်များဖြစ်နိုင်ကြောင်း သူ သတိထားမိသွားသည်။ ပြီးနောက် အင်အားကြီးအဖွဲ့အစည်းများကို နှိမ်နင်းခဲ့သော်လည်း မဟာအသက်ဓာတ်ကျင့်ကြံသူဆေး ဖော်ဆပ်ရန် လိုအပ်သည့် ဆေးပင်အများအပြားကို ရှာမတွေ့ခဲ့ပေ။ ရတနာတစ်ထောင်ခန်းမနှင့် မချိတ်ဆက်မိပါက ချူးယွင်ဖန်းသည် ထိုဆေးပင်များကို ရှာဖွေရန် အချိန်အတော်ကြာမြင့်ပေလိမ့်မည်။
“ခရမ်းရောင် မြက်နုကလွဲရင် ကျန်တဲ့ဆေးပင်တွေအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်းလောက် ကျသင့်ပါလိမ့်မယ်။ ငွေအလုံအလောက် ရှိမယ်ဆိုရင် မနက်ဖြန် ဆေးပင်အားလုံးကို ပို့ပေးနိုင်ပါတယ်" ဝမ်ဆန်ချန်းက တွက်ချက်ပြီးနောက် ပြောလိုက်သည်။ ဝမ်ဆန်ချန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် တန်ဖိုးဖြတ်ခြင်းသည် စားသောက်ရသကဲ့သို့ပင် လွယ်ကူသည်။
“ငွေပမာဏက အဆင်ပြေပါတယ်” ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
“ဗိုလ်မှူးကြီး မလိုအပ်တဲ့ ဆေးပင်တွေကိုတော့ ကျွန်တော် လူလွှတ်ပြီး တန်ဖိုးဖြတ်ခိုင်းလိုက်ပါ့မယ်။ ဒါဆိုရင် ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”
ဝမ်ဆန်ချန်းသည် အသေးစိတ် ဆွေးနွေးရန် ယုချူးယွင်နှင့်အတူ ထွက်ခွာသွားသည်။ တစ်ညတာ ပြင်းပြင်းထန်ထန် ညှိနှိုင်းပြီးနောက် ၎င်းတို့အားလုံး သဘောတူညီမှု ရရှိခဲ့ကြသည်။ မလိုအပ်သော ရတနာအားလုံးကို ရတနာတစ်ထောင်ခန်းမသို့ ရောင်းချခဲ့ပြီးနောက် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ စုဆောင်းရုံသာမကဘဲ ပိုလျှံမှုများပင် ရှိနေသေးသည်။ ချူးယွင်ဖန်းသည် တစ်ညတာအတွင်း ချမ်းသာကြွယ်ဝသွားခဲ့သည်။ အသုံးမဝင်သော သဘာဝရတနာ အမျိုးမျိုးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလဲလိုက်သောကြောင့် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ငါးသန်းခန့် ရရှိခဲ့သည်။ သူသည် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးပေ။
ချူးယွင်ဖန်းသည် ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိလာသဖြင့် အစီအစဉ်အမျိုးမျိုးကို အကောင်အထည် ဖော်နိုင်ပြီဖြစ်သည်။ ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို ဗြဟ္မာသစ်ပင်ထဲသို့ သွန်းလောင်းလိုက်သောကြောင့် ဝိညာဉ်စွမ်းအင် အလုံအလောက်ရရှိသွားသည့် ဗြဟ္မာသစ်ပင်သည် အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်၏ သွေးများနှင့် ပေါင်းစပ်လိုက်သောအခါ နောက်ထပ် ဗြဟ္မာသီးတစ်လုံး ထွက်ပေါ်လာသည်။
ထို့အပြင် ဝိညာဉ်ကျောက်တုံး နှစ်သန်းကိုမူ ဆေးပင်တောင်ကုန်းက စုပ်ယူလိုက်သည်။ ထိုအချိန်တွင် တောင်ကုန်းပေါ်၌ ချူးယွင်ဖန်း ယူဆောင်လာသော ဆေးပင်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ ထိုတောင်ကုန်းသည် ဆေးပင်များ ကြီးထွားရန် အသင့်တော်ဆုံး ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲနိုင်သော်လည်း ၎င်း၏ လုပ်ဆောင်ချက်များအတွက် ဝိညာဉ်စွမ်းအင်ကို အမှီပြုနေရသည်။ ချူးယွင်ဖန်းသည် ကျန်ရှိသော ဝိညာဉ်ကျောက်တုံး နှစ်သန်းကိုမူ ကျင့်ကြံရန်နှင့် လေလံပွဲတွင် ခရမ်းရောင် မြက်နု ဝယ်ယူရန်အတွက် ချန်ထားလိုက်သည်။
ဤစီစဉ်မှုများ ပြုလုပ်ပြီးနောက် မိမိရရှိခဲ့သော လာဘ်လာဘများ ခဏအတွင်း ကုန်ဆုံးသွားကြောင်း သတိပြုမိသောအခါ သူ ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျင့်ကြံခြင်းသည် အလွန် ငွေကုန်ကြေးကျများလှသည်။ အထူးသဖြင့် အချိန်တိုအတွင်း အင်အားကို အဆမတန် တိုးတက်လိုပါက အရင်းအမြစ်များ စုဆောင်းမှု မရှိဘဲ မဖြစ်နိုင်ပေ။ သို့သော် သူ၏ ကျင့်စဥ်များ တိုးတက်လာခြင်းသည်လည်း ဒုံးပျံတစ်စင်း စီးနင်းထားသကဲ့သို့ သိသာထင်ရှားလှသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူ၏ ခွန်အားများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ရတနာတစ်ထောင်ခန်းမ၏ လုပ်ဆောင်ချက်များသည် လျင်မြန်လှသည်။ နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူးယွင်ဖန်း မှာယူထားသော ဆေးပင်အားလုံး ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် အချိန်ဆွဲမနေဘဲ စခန်းအတွင်း၌ ဆေးလုံးများ စတင်ဖော်စပ်လိုက်သည်။ တောင်မြစ်ဆေးမီးဖို ရှိနေသဖြင့် ယခင်ကကဲ့သို့ ဆေးလုံးများကို တစ်လုံးချင်း ဖော်စပ်ရန် မလိုတော့ဘဲ တစ်ကြိမ်တည်းနှင့် ဆေးလုံး ရာပေါင်းများစွာကို ဖော်စပ်နိုင်ပြီဖြစ်သည်။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဆေးလုံး ထောင်ပေါင်းများစွာ ဖော်စပ်ပြီးစီးသွားခဲ့သည်။ စခန်းအတွင်းရှိ လေထုသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ ကင်းတပ်မှ စစ်သည်များသည် ယခင်က စစ်တပ်အတွင်း အသက်မွေးရုံမျှသာ လုပ်ဆောင်နိုင်ကြသူများဖြစ်၍ ထိပ်တန်းစစ်တပ်များနှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏ လက်အောက်သို့ ရောက်ရှိလာပြီးနောက် အရာအားလုံး ခြားနားသွားပေသည်။
ချူးယွင်ဖန်းက ၎င်းတို့ကို ဆေးဝါးမျိုးစုံ၊ သိုင်းပညာနှင့် ထူးခြားသော စွမ်းရည်လက်စွဲစာအုပ်များ ထောက်ပံ့ပေးသောအခါ ၎င်းတို့အတွက် တောက်ပသော အနာဂတ်များရှိကြောင်း ရှင်းလင်းသွားသည်။ လူတိုင်းသည် ခွန်အားတိုးတက်စေရန် ရူးသွပ်စွာ လေ့ကျင့်နေကြသည်။ ရက်အနည်းငယ်အတွင်း၌ တပ်တစ်ခုလုံး၏ အင်အားသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ ဆယ်ရက်အတွင်း အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ပင် ထင်မှတ်ရစေသည်။ ၎င်းတို့အနက် အများအပြားသည် အမတေအဆင့်နှင့် အထက်သို့ ရောက်ရှိသွားကြ၍ ထူးချွန်သူများသည် ရွှေအမတေပြီးပြည့်စုံအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။ ဤလူများသည် ကြီးမြတ်သော တရှ၏ ပင်မစစ်တပ်မှ ထိပ်တန်းစစ်သည်များနှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။
ဤစစ်သည်များသည် အတော်ဆုံးဟု မဆိုနိုင်သော်လည်း နှစ်ရှည်လများစွာ ကျင့်ကြံမှုကြောင့် စွမ်းအင်များ စုဆောင်းမိနေကြသူများဖြစ်သည်။ ယခုအခါ ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ခွင့် ရရှိသွားသဖြင့် ကျင့်ကြံမှု အရှိန်အဟုန်ဖြင့် တိုးတက်သွားလေသည်။ စခန်းတစ်ခုလုံးသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းအပေါ် ထားရှိသော ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် ကြည်ညိုလေးစားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဓားတောင်တက်ခိုင်း၍ ဆီပူအိုးထဲ ဆင်းခိုင်းလျှင်ပင် ဝန်မလေးဘဲ လုပ်ဆောင်ကြမည့် အနေအထားသို့ ရောက်ရှိသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်တာ ကုန်ဆုံးသွား၍ ရတနာတစ်ထောင်ခန်းမ၏ လေလံပွဲနေ့သို့ ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် တောင်မြစ်ဆေးမီးဖိုကို သိမ်းဆည်း၍ စခန်းမှထွက်လာပြီးနောက် လေလံပွဲ ကျင်းပရာသို့ ထွက်ခွာသွားသည်။ သို့သော် ချူးယွင်ဖန်းသည် ပေါင်းထိုင်မြို့မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက်တည်း တစ်စုံတစ်ယောက်၏ စောင့်ကြည့်မှုကို ချက်ချင်း ခံစားလိုက်ရသည်။