အခန်း (၁၇၅၃-၁၇၅၅)
Vol. 117 Ch. 1753-1755
အခန်း (၁၇၅၃) ကုန်းစွန်းလျန်ကို သတ်ဖြတ်ခြင်း
ချူးယွင်ဖန်း၏ ရုတ်တရက် ပြင်းထန်လာသော တိုက်ခိုက်မှုကြောင့် ကုန်းစွန်းလျန် အငိုက်မိသွားသည်။ ချူးယွင်ဖန်းသည် စကြဝဠာအဆင့်နှင့် ယှဉ်နိုင်သော စွမ်းအင်မျိုးကို ရုတ်ချည်း ထုတ်ဖော်နိုင်လိမ့်မည်ဟု ကုန်းစွန်းလျန် မမျှော်လင့်ထားပေ။ ယခင်က သူသည် ချူးယွင်ဖန်းကို အထင်အမြင်သေးစွာ ဆက်ဆံခဲ့သည်။ ချူးယွင်ဖန်းသည် သူ နှစ်ခါလှည့်ကြည့်ရန်ပင် မထိုက်တန်သူဟု ယူဆခဲ့သည်။ ချူးယွင်ဖန်းသည် အနည်းငယ် ကိုင်တွယ်ရ ခက်ခဲသူတစ်ဦးဟုသာ သူ ခံစားခဲ့ရသည်။
သူ၏ အမြင်တွင် သတိထားပြုမူနေသရွေ့ ချူးယွင်ဖန်းကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်းသည် သူ့ကို လှည့်စားရန်အတွက် စွမ်းအင်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့မည်ဟု မည်သူ သိမည်နည်း။ ချူးယွင်ဖန်းသာ သူ၏ ခွန်အားဖြင့် ကုန်းစွန်းလျန်ကို ထိပ်တိုက်ရင်ဆိုင်လျှင် အချိန်တိုအတွင်း အနိုင်ယူရန် မလွယ်ကူနိုင်မှန်း ကောင်းကောင်း နားလည်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းအနေဖြင့် ဟော့ပုံသဏ္ဌာန်ကို ထိန်းထားနိုင်သည့် အချိန်သည် အကန့်အသတ်ရှိနေသည်။ ထို့ကြောင့်ပင် သူက ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကုန်းစွန်းလျန်သည် ပြင်ဆင်ထားခြင်း မရှိသောကြောင့် ချူးယွင်ဖန်း၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
ကုန်းစွန်းလျန်အပြင် အဝေးမှ ကြည့်နေကြသော အခြားကျင့်ကြံသူများပင် ချူးယွင်ဖန်း၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကို မမျှော်လင့်ထားကြချေ။ လူတိုင်း ဆွံ့အသွားကြသည်။ ချူးယွင်ဖန်းသည် ဒြပ်မဲ့အဆင့် ကျင့်ကြံမှုဖြင့် ကုန်းစွန်းလျန်ကို ရင်ဆိုင်နိုင်ခြင်းက အလွန်အထင်ကြီးဖွယ်ကောင်းနေပြီဟု ၎င်းတို့ ထင်မှတ်ထားကြသည်။ သို့သော် ချူးယွင်ဖန်းက ဤကဲ့သို့ နတ်စွမ်းရည်မျိုးကို ထုတ်ဖော်ပြသ၍ ကုန်းစွန်းလျန်ကို မျက်စိတစ်မှိတ်အတွင်း ပြင်းထန်စွာ ဒဏ်ရာရအောင် ပြုလုပ်နိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
"မျှော်လင့်ထားတဲ့အတိုင်း သူ့မှာ လှည့်ကွက်တွေ ရှိနေသေးတာပဲ။ အထင်ကြီးစရာပဲ" ဝမ်ဆန်ချန်း၏ မျက်လုံးများ တောက်ပသွားသည်။
ချူးယွင်ဖန်းတွင် ဝှက်ဖဲအချို့ ရှိနေမည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ အနည်းဆုံးလျှင် သူသည် လိုက်လံသတ်ဖြတ်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းတွင် ဤကဲ့သို့သော နည်းလမ်းမျိုးရှိနေမည်ဟုမူ သူ မမျှော်လင့်ထားခဲ့ပေ။ ဝမ်ဆန်ချန်းသည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
'သူက ကုန်းစွန်းလျန် လက်ထဲကနေ ထွက်ပြေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့တာ ဖြစ်ရမယ်။ သူက ကုန်းစွန်းလျန်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ချင်နေတာပဲ'
အကယ်၍ ထိုသို့သာ မှန်ကန်ပါက ချူးယွင်ဖန်း၏ ယုတ္တိမရှိသော အချက်အလက်များစွာသည် ယခုအခါ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်များ ပေါ်ထွက်လာသည်။ ချူးယွင်ဖန်းသည် အစကတည်းက လူတိုင်း တွေးထင်ထားသော အချက်များနှင့် ကွဲပြားခြားနားသည်။ လူတိုင်း၏ စိတ်ကူးထဲတွင် စကြဝဠာအဆင့်နှင့် တိုက်ခိုက်၍ ထွက်ပြေးခြင်းဟူသည် ချူးယွင်ဖန်းအတွက် အလွန် ခက်ခဲလိမ့်မည်ဟု ထင်ထားကြသည်။ သို့သော် ချူးယွင်ဖန်း၏ အတွေးအခေါ်သည် လူတိုင်းနှင့် သိသိသာသာ ကွဲပြားနေသည်။ သူသည် အစကတည်းက ကုန်းစွန်းလျန်ကို သတ်ဖြတ်ရန် စိတ်ကူးထားပုံရသည်။
သူ၏ အံ့ဩဖွယ် စွမ်းအင်ကို မြင်တွေ့ပြီးသည့်တိုင် ဝမ်ဆန်ချန်းသည် ချူးယွင်ဖန်း၏ ရဲတင်းမှုကြောင့် တုန်လှုပ်နေရဆဲဖြစ်သည်။ အဘိုးကြီးလီသည်လည်း ဤအချက်ကို တွေးမိသွားသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အကယ်၍ ၎င်းတို့အတွေးများသာ မှန်ကန်ခဲ့လျှင် ချူးယွင်ဖန်းသည် အလွန်သတ္တိကြီးသူဖြစ်ပေလိမ့်မည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းကဲ့သို့ အင်အားကြီး အဖွဲ့အစည်းကြီး၌ပင် စကြဝဠာအဆင့် ကျင့်ကြံသူများကို ဂိုဏ်း၏ အဓိကမဏ္ဍိုင်များအဖြစ် သတ်မှတ်ထားကြသည်။ သာမန်ဂိုဏ်းများတွင်မူ ထိုအဆင့်သည် ဂိုဏ်းခေါင်းဆောင်များ သို့မဟုတ် ဂိုဏ်း၏ အကြီးအကဲများသာ ရောက်ရှိနိုင်သည့် အဆင့်ဖြစ်သည်။ သာမန် ဒြပ်မဲ့အဆင့် ကျင့်ကြံသူတစ်ယောက်သည် ထိုကဲ့သို့ တွေးဝံ့ကြမည် မဟုတ်ပေ။ ထိုမျှ မြင့်မားသော အဆင့်ရှိသူကို ထိပ်တိုက်ရင်ဆိုင်ရန် အလွန်သတ္တိရှိရပေလိမ့်မည်။
"ချူးယွင်ဖန်းက တကယ့်ကို ထူးခြားတာပဲ။ အခုမှ ခင်ဗျား သူ့အပေါ် ဘာလို့မျှော်လင့်ချက်တွေ ထားနေလဲဆိုတာ ကျုပ် နားလည်တော့တယ်" အဘိုးကြီးလီက ပြောလိုက်သည်။
သို့သော် ဝမ်ဆန်ချန်း ကိုယ်တိုင်ပင် တုန်လှုပ်နေခြင်းကို သူ မသိခဲ့ပေ။ သူသည် အနှိုင်းမဲ့ ပါရမီရှင်များစွာကို မြင်တွေ့ဖူးသော်လည်း ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်လိုက်ပါက ထိုသူများ အလွန်မှေးမှိန်သွားပုံပေါ်သည်။
"ချူးယွင်ဖန်းရဲ့ ဗီအိုင်ပီအဆင့်အတန်းကို နောက်ထပ် တစ်ဆင့် တိုးမြှင့်ပေးဖို့၊ ဌာနချုပ်ကို အကြောင်းကြားလိုက်။ တကယ်လို့ သူသာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေသွားဘူးဆိုရင် နောင်တစ်ချိန် မြို့ဝန်တစ်ယောက်ဖြစ်လာနိုင်တယ်။ အခုကတည်းက သူ့ကို မထောက်ပံ့ထားဘူးဆိုရင် နောင်ကျရင် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး" ဝမ်ဆန်ချန်းက ပြောလိုက်သည်။
အဘိုးကြီးလီက ခေါင်းညိတ်လိုက်သည်။ ရတနာတစ်ထောင်ခန်းမကဲ့သို့ စီးပွားရေး လုပ်ငန်းကြီးအနေဖြင့် ဒုက္ခရောက်နေချိန် ကူညီခြင်းက အောင်မြင်ဖြစ်ထွန်းချိန် ကူညီခြင်းထက် ပို၍ အဆင်ပြေကြောင်း ကောင်းမွန်စွာ နားလည်ကြသည်။ ထိုကဲ့သို့သောလူမျိုးကို အားနည်းနေစဉ် မကူညီခဲ့ပါက နောင်တွင် ထိုလူကို သိမ်းသွင်းရန် များစွာ ခက်ခဲသွားပေလိမ့်မည်။
ထိုအချိန်တွင် ကုန်းစွန်းလျန်သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲလုနီးပါး ခံစားနေရသည်။ ပြင်းထန်သော နာကျင်မှုသည် သူ၏ အာရုံကြောများကို လှုံ့ဆော်နေသဖြင့် သူ၏ မျက်နှာတစ်ခုလုံး ဝေဒနာကြောင့် ရှုံ့မဲ့နေသည်။
"မင်းကို ကျုပ် သတ်မယ်... မင်းကို သတ်မယ်"
ပြင်းထန်သော နာကျင်မှုနှင့် ဒေါသများသည် ကုန်းစွန်းလျန်ကို ဝါးမြိုသွားသည်။
"ကျုပ်ကို သတ်မလို့လား။ ခင်ဗျားမှာ အဲဒီလိုလုပ်ဖို့ အခွင့်အရေးရှိတော့မယ် မထင်ဘူး။ ငရဲကိုးဘုံခြေလှမ်း" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။
ကုန်းစွန်းလျန်သည် အမွေးအမျှင်များနှင့် လက်သည်ကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီးနောက် ကောင်းကင်ကို နင်းခြေကာ လေထုကို ဖောက်ခွဲပစ်လိုက်ကြောင်း မြင်တွေ့လိုက်ရသည်။ ထိုသည်းလက်ကြီးကို ဗဟိုပြု၍ မရေတွက်နိုင်သော ငရဲလှိုင်းလုံးများ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားသည်။ ပိဿာချိန် တစ်ထောင်ကျော်ရှိသော ငရဲပြည်ကြီးသည် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲကာ ခဏအတွင်း ကုန်းစွန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဘန်း
ကုန်းစွန်းလျန်သည် ကြယ်တံခွန်တစ်ခုသဖွယ် မြေပြင်နှင့် ရိုက်ခတ်သွားပြီးနောက် မြေပြင်ပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားလေသည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ မြေပြင်တစ်လျှောက် ပြန့်နှံ့သွား၏။ တစ်ချိန်တည်းမှာပင် ပေရာပေါင်းများစွာ မြင့်မားသော ဖုန်မှုန့်လှိုင်းကြီးများ ဖြစ်ပေါ်လာသည်။ ကြည့်ရှုနေကြသော ကျင့်ကြံသူများစွာသည် ဤတိုက်ခိုက်မှုကြောင့် ကမ္ဘာပျက်ကိန်း ဆိုက်ရောက်နေရသည့်အလား ခံစားလိုက်ရသည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်ကွက်ပဲ။ ဒါက စကြဝဠာအဆင့်ရဲ့ စွမ်းအင်အစစ်လား" တစ်စုံတစ်ယောက်က ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။
စကြဝဠာအဆင့်နှင့် ပတ်သက်၍ ၎င်းတို့၏ ယခင် ခန့်မှန်းထားသမျှ အရာအားလုံး ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားဟန်ရှိသည်။ ၎င်းသည် လူတိုင်း စိတ်ကူးထားသည်ထက် ပို၍ တုန်လှုပ်ဖွယ်ကောင်းပေသည်။ ကုန်းစွန်းလျန်သည် သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကြေမွသွားသည်ဟု ခံစားနေရသည်။ ဤခြေလှမ်းသည် သူ၏ အရိုးအားလုံးကို နင်းချေလိုက်ခြင်းဖြစ်သည်။ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အလွန်သန်မာသည်။ သူ၏ အရိုးများသည် ဝိညာဉ်လက်နက်တစ်ခုထက်ပင် ပို၍ မာကျောသော်လည်း ယခုအခါ ချူးယွင်ဖန်း၏ ခြေထောက်အောက်တွင် ကျိုးကြေသွားရသည်။ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုနှင့် တိုက်ခိုက်ခံရလျှင်ပင် ဤမျှအထိ ဒဏ်ရာရရှိခဲ့မည် မဟုတ်ပေ။ ကုန်းစွန်းလျန်သည် ပြင်းထန်လှသော ဝေဒနာကြောင့် သတိလစ်လုနီးပါး ခံစားနေရသည်။
"အား…. " ကုန်းစွန်းလျန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ ဆူပွက်လာပုံပေါ်သည်။ သူသည် ခုခံရန်အတွက် သူ၏ နတ်စွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်နေသည်။ သို့သော် ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သာေကြာင့် ချူးယွင်ဖန်းက သူ့ကို မည်သို့မျှ လွှတ်ပေးလိုက်မည်နည်း။
"ခုခံချင်သေးတာလား"
ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ဆူပွက်လာသည်။ သူသည် လက်ငါးချောင်းကို လက်သီးအဖြစ် ကျစ်ကျစ်ဆုပ်လိုက်သောအခါ လက်သီးစွမ်းအင်များ လျှံထွက်လာ၍ ကောင်းကင်နဂါးရှစ်ကောင် ထွက်ပေါ်လာသည်။ ပုံရိပ်ရှစ်ခုတို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက် လေတိုးသံများနှင့်အတူ ကုန်းစွန်းလျန်ထံ ပြင်းထန်စွာ ကျရောက်လာသည်။
ဘုံး
မှိုပွင့်ပုံသဏ္ဌာန် ဖုန်မှုန့်တိမ်တိုက်ကြီး ကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အင်အားကြီးမားသော လက်သီးစွမ်းအင်သည် အရာအားလုံးကို ကြိတ်ချေ ဖျက်ဆီးပစ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် မီးခိုးနှင့် ဖုန်မှုန့်များ ကင်းစင်သွားသောအခါ အလွန်ကြီးမားသော ကျင်းကြီးထဲတွင် ကုန်းစွန်းလျန်၏ ခန္ဓာကိုယ် လဲလျောင်းနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ သူသည် သွေးချင်းချင်းနီလျက် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။
"ကုန်းစွန်းလျန် သေသွားပြီ..." တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။
အခန်း (၁၇၅၄) လူတိုင်း ထိတ်လန့်သွားခြင်း
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။ ယခင်က လူတိုင်း စဉ်းစားနိုင်ခဲ့သည့် အကောင်းဆုံး အခြေအနေသည် ကုန်းစွန်းလျန်၏ ဆက်တိုက် တိုက်ခိုက်မှုများအောက်မှ ချူးယွင်ဖန်း ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။ ဒြပ်မဲ့အဆင့် ကျင့်ကြံသူတစ်ယောက်အဖို့ စကြဝဠာအဆင့် ကျင့်ကြံသူလက်ထဲမှ လွတ်မြောက်နိုင်ခြင်း မလွယ်ကူလှပေ။ အကယ်၍ သာမန်ဒြပ်မဲ့အဆင့် ကျင့်ကြံသူသာ ဆိုပါက ဤအချက်ဖြင့် ကြွားလုံးထုတ်ရန် လုံလောက်ပေသည်။ သို့သော် ချူးယွင်ဖန်းသည် သာမန်လူတို့၏ အသိအမြင်ကို ရိုက်ချိုးရန် မွေးဖွားလာသူနှင့် ဆင်တူသည်။ သူသည် စကြဝဠာအဆင့် ကျင့်ကြံသူထံမှ လွတ်မြောက်ခြင်းဖြင့် အားမရဘဲ စကြဝဠာအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်ပစ်ချင်နေသည်။
"သူ လုပ်နိုင်ခဲ့ပြီပဲ..." ဝမ်ဆန်ချန်းသည် အံ့ဩမှင်သက်နေသည်။
ချူးယွင်ဖန်းသည် မည်သည့် ဝှက်ဖဲကို အသုံးပြုခဲ့ပါစေ အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုအရ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် စကြဝဠာအဆင့်သို့ ဝင်ရောက်နေပြီဟု အဓိပ္ပာယ်ရကာ ၎င်းသည် အလွန်အထင်ကြီးဖွယ်ကောင်းလှသည်။ ဝမ်ဆန်ချန်း စုဆောင်းထားသော အချက်အလက်များအရ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ မကြာသေးမီကမှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးသာဖြစ်သည်။ ယခုအခါ တစ်နှစ်ပင် မပြည့်သေးသော်လည်း စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးသည် ချူးယွင်ဖန်း၏ လက်ထဲ၌ သေဆုံးသွားခဲ့သည်။
ဤသို့တွေးမိသောအခါ ဝမ်ဆန်ချန်း တုန်လှုပ်သွားရသည်။ ယခင်က ချူးယွင်ဖန်းကို အထင်ကြီးနေသောကြောင့် ဌာနချုပ်သို့ တင်ပြကာ ချူးယွင်ဖန်း၏ အဆင့်အတန်းကို မြှင့်တင်ရန်ပင် စီစဉ်ခဲ့သော်လည်း ယခုအခါ သူသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား လျှော့တွက်မိခဲ့ကြောင်း သိရှိလိုက်ရသည်။ အကယ်၍ ယခင်က ချူးယွင်ဖန်းကို တန်ဖိုးထားခဲ့ခြင်းမှာ အလားအလာရှိသောကြောင့်ဆိုပါက ယခုအခါ လုံးလုံးလျားလျား ကွဲပြားသွားလေသည်။ ချူးယွင်ဖန်းတွင် စကြဝဠာအဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်သည့် စွမ်းအင်ရှိနေသည်။ ဤသည်မျာ အလားအလာရှိရုံသာမဟုတ်တော့ဘဲ စစ်မှန်သော ခွန်အားဖြစ်လာသည်။
အလားအလာဆိုသည် အနာဂတ်တွင် လူတစ်ဦး မည်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်ဟူသော ညွှန်ပြချက်မျှသာဖြစ်သည်။ ခွန်အားသည် ကွဲပြားခြားနားလှရာ ချူးယွင်ဖန်းတွင် ထိုသို့သော ခွန်အားမျိုး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ဆန်ချန်းသည် ချူးယွင်ဖန်း၏ အဆင့်အတန်းကို နောက်ထပ် ထပ်မံ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
"နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် ဒီတိုက်ပွဲအကြောင်းသာ ဌာနချုပ်ဘက်က သိသွားမယ်ဆိုရင် ချူးယွင်ဖန်းရဲ့ အဆင့်အတန်းကို ဂိုဏ်းကြီးဆယ်ဂိုဏ်းက စကြဝဠာအဆင့်တွေနဲ့ တန်းတူမြှင့်တင်ပေးဖို့ သူတို့ ကန့်ကွက်ကြမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်" အဘိုးကြီးလီက ပြောလိုက်သည်။
အဘိုးကြီးလီသည်လည်း အနည်းငယ် တုန်လှုပ်နေသည်။ ကုန်းစွန်းလျန်သည် သူ၏ မျက်စိထဲတွင် သာမန်မျှသာဖြစ်သော်လည်း ချူးယွင်ဖန်းသည် ဒြပ်မဲ့အဆင့် ကျင့်ကြံမှုဖြင့် ကုန်းစွန်းလျန်ကို သတ်ဖြတ်နိုင်ခြင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူသည် စကြဝဠာအဆင့်သို့ မရောက်ရှိသေးသော်လည်း စကြဝဠာအဆင့်၏ တိုက်ခိုက်ရေးစွမ်းအင်ရှိနေသောကြောင့် စကြဝဠာအဆင့်နှင့် မခြားနားတော့ချေ။
"မဆိုးဘူး" ဝမ်ဆန်ချန်းက ခေါင်းညိတ်လိုက်သည်။ "ချူးယွင်ဖန်းရဲ့ သတင်းအချက်အလက် စုဆောင်းမှုကို အဆင့်ထပ်မြှင့်ဖို့ အကြောင်းကြားလိုက်မယ်"
ထိုအချိန်တွင် ရတနာတစ်ထောင်ခန်းမဌာနခွဲ၏ အပြင်ဘက် ကောင်းကင်ယံ၌ ချူးယွင်ဖန်းသည် လူသားပုံသဏ္ဌာန်သို့ အသွင်ပြန်ပြောင်းလိုက်သည်။ ယခုအခါ သူ၏ မျက်နှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေသည်။ သူသည် လက်ကြီးတစ်ဖက် ဖန်တီးကာ ကုန်းစွန်းလျန်၏ အလောင်းကို ဆွဲယူ၍ တောင်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ၎င်းကို အသားတုံး အသားခဲများအဖြစ် ကြိတ်ချေကာ ဗြဟ္မာပင်ပေါ်သို့ သွင်းလောင်းလိုက်သည်။
ချူးယွင်ဖန်း၏ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခြင်းအပေါ် အခြားလူများ တုန်လှုပ်နေကြသော်လည်း ချူးယွင်ဖန်းအဖို့မူ ဤသည်မှာ သူ သတ်ဖြတ်ခဲ့သည့် တတိယမြောက် စကြဝဠာအဆင့် ကျင့်ကြံသူဖြစ်သည်။ သီးခြားကြယ်နှင့် သွေးနမိစ္ဆာဂိုဏ်ခေါင်းဆောင်တို့ ရှိခဲ့ဖူးရာ ကုန်းစွန်းလျန်သည် တတိယမြောက်ဖြစ်သည်။ အခြားလူများအဖို့ မြင့်မြတ်လှသော စကြဝဠာအဆင့်သည် ချူးယွင်ဖန်းအတွက်မူ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
တောင်မြစ်ပန်းချီကားထဲတွင် ရေတွက်၍မရနိုင်သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ကြေမွသွားပြီးနောက် အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ ဗြဟ္မာပင်ထဲသို့ စီးဝင်သွားသည်။ ဗြဟ္မာပင်သည် အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ယခင်ကထက် ပိုမို ကြီးမားလာခြင်းကို နတ်အာရုံဖြင့် ချူးယွင်ဖန်း မြင်တွေ့လိုက်ရသည်။
သူ ရရှိခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးအများစုကို ဗြဟ္မာပင်အတွက် အသုံးပြုခဲ့ရသော်လည်း ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဗြဟ္မာသီးသာ ရင့်မှည့်လာပါက သူ၏ ကျင့်ကြံမှုများ တိုးတက်လာပေလိမ့်မည်။ စကြဝဠာအဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏ စွမ်းအင် အလွန်တရာ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခါ ဝမ်ယီဖန်းနှင့် ရင်ဆိုင်ရာတွင် မျက်တောင်တစ်ချက် ခတ်ရန်ပင် လိုအပ်မည် မဟုတ်ပေ။
ဝမ်ယီဖန်းသည် သူ့ကို သတ်ချင်လျှင်ပင် မသတ်ဖြတ်နိုင်ဘဲ ချူးယွင်ဖန်း၏ လက်ထဲ၌သာ သေဆုံးသွားရပေလိမ့်မည်။ လီရှန်ယွမ် ကိုယ်တိုင် တိုက်ခိုက်လာလျှင်ပင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။ သူသည် လီရှန်ယွမ်ကို ယခင်ပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သောကြောင့် လုံးလုံးလျားလျား မကြောက်ရွံ့ပေ။
'ကိုယ် မင်းဆီ လာနေပြီ၊ စီယု' ချူးယွင်ဖန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ချူးယွင်ဖန်းသည် ဤသို့တွေးပြီးနောက် ရတနာတစ်ထောင်ခန်းမခွဲမှ ထွက်ခွာလာကာ ပေါင်းထိုင်မြို့သို့ ပြန်လာလေသည်။
ထိုအချိန်တွင် မြို့အတွင်းရှိ လူတိုင်းသည် ချူးယွင်ဖန်းက ဒေသခံ အင်အားစုကြီးအားလုံးကို အမြစ်ပြတ်ရှင်းလင်းလိုက်သည့် သတင်းကြောင့် တုန်လှုပ်နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် စစ်စခန်းမှ ထွက်ခွာသွားပြီးနောက် ဤမျှကြီးမားသော ကိစ္စရပ်ကြီး လုပ်ဆောင်ခဲ့ခြင်းကို မည်သူမျှ မသိကြပေ။ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကို ချူးယွင်ဖန်း သတ်ဖြတ်ခဲ့ခြင်းကိုလည်း မည်သူမျှ မသိကြပေ။ ပေါင်းထိုင်မြို့ရှိ စစ်စခန်းသို့ ပြန်ရောက်သောအခါ ချူးယွင်ဖန်းသည် ယုချူးယွင်ကို ဆင့်ခေါ်လိုက်သည်။
"စီနီယာချူး" ယုချူးယွင်က အလေးပြုလိုက်သည်။
"ဒီအချိန်အတွင်း ခင်ဗျား တော်တော်လေး ပင်ပန်းခဲ့လောက်တယ်"
"မပင်ပန်းပါဘူး" ယုချူးယွင်က ပြန်ဖြေလိုက်သည်။
"စီနီယာသာ မရှိရင် ကျွန်တော်တို့ ဘယ်အချိန်မှ အဆင့်ဖြတ်ကျော်မလဲဆိုတာတောင် မသိနိုင်ဘူး"
ယုချူးယွင် စကားပြောနေစဉ် သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအချိန်တိုအတွင်း ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိကာ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်ပေသည်။ ကနဦး သူသည် ချူးယွင်ဖန်းကြောင့်သာ အတွင်းစည်းတပည့် ပြိုင်ပွဲတွင် ထိပ်ဆုံး ဆယ်ဦးစာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ သာမန်ကာလျှံကာဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ မတူညီပေ။ သူသည် ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည့်အတွက် ထိပ်ဆုံး ဆယ်ဦးစာရင်းနှင့် ထိုက်တန်သော စွမ်းအင်များရှိလာပြီဖြစ်သည်။
ချူးယွင်ဖန်း၏ အခြား နောက်လိုက် ဆယ်ယောက်သည်လည်း ဒြပ်မဲ့လေ့လာသူအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားကြရာ ၎င်းတို့၏ ခွန်အားများ ယခင်ကထက် သိသိသာသာ တိုးတက်လာခဲ့သည်။ ဤသည်မှာ အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည့်အပြင် ဤအရာအားလုံးသည် ချူးယွင်ဖန်းကြောင့်ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ဤလူများသည် သာမန်တပည့်များအဖြစ်သာ သတ်မှတ်ခံထားရသည်။ ၎င်းတို့သည် အခြေခံ ကျင့်ကြံမှု အရင်းအမြစ်များ ချို့တဲ့ခြင်းမဟုတ်သော်လည်း ၎င်းတို့သည် ထိပ်တန်း အရင်းအမြစ်များကို ခံစားခွင့် မရှိကြချေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကဲ့သို့ အင်အားကြီးအဖွဲ့အစည်းပင် တပည့်တိုင်းကို အဆုံးမရှိသော အရင်းအမြစ်များ မပေးနိုင်ပေ။
ချူးယွင်ဖန်းအနောက်သို့ လိုက်ကာ ပေါင်းထိုင်မြို့ရှိ အင်အားစုကြီးအားလုံးကို အမြစ်ပြတ်ရှင်းလင်းပြီးနောက် ၎င်းတို့သည်လည်း အရင်းအမြစ်များစွာ ရရှိခဲ့ကြသည်။ အရင်းအမြစ်များစွာ စုဆောင်းမိလာသောအခါ ၎င်းတို့၏ ကျင့်စဥ်များလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
"ကောင်းပြီ။ ကျုပ်အတွက် ရိုးရိုးသားသား အလုပ်လုပ်ပေးသရွေ့ ခင်ဗျားတို့လည်း အကျိုးကျေးဇူးတွေ ခံစားရစေရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဒါပေမယ့် ခင်ဗျားတို့ရဲ့ အခုကျင့်စဥ်တွေက မလုံလောက်သေးဘူး။ ခင်ဗျားတို့ ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ရောက်မှသာ ကျုပ်ကို ကူညီနိုင်မှာ"
ယုချူးယွင်သည် ထိတ်လန့်သွားပြီးနောက် သူ၏ မျက်နှာတွင် အံ့ဩဝမ်းမြောက်မှုများ ပေါ်ပေါက်လာသည်။
"စီနီယာချူး… ဆိုလိုချင်တာက..."
"ဟုတ်တယ်။ ခင်ဗျားကို အမြန်ဆုံး ဒြပ်မဲ့ကျွမ်းကျင်အဆင့်ထိ ရောက်အောင် ကျုပ် ကူညီပေးမလို့" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာချူး" ယုချူးယွင်သည် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။
အခန်း (၁၇၅၅) ဉာဏ်အလင်းပွင့်စေသော သိုင်းပညာ၊ လူတိုင်း၏အင်အား တစ်ဟုန်ထိုး တိုးတက်လာခြင်း
ယုချူးယွင်သည် အံ့အားသင့်၍ ဝမ်းသာပီတိဖြစ်သွားသည်။ ချူးယွင်ဖန်းသည် သူ့ကို အဆင့်ဖြတ်ကျော်နိုင်ရန် ကူညီပေးလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းထံတွင် မခစားမီက ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ပေါင်း ၂၀ မှ ၃၀ ခန့် အချိန်ယူရမည်ဟု သူ ခန့်မှန်းထားခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ မဝင်ရောက်မီတွင် လူအများက သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် ချီးမွမ်းခဲ့ကြသော်လည်း သူ၏ အရည်အချင်းသည် ဤအဆင့်သို့ ရောက်ရှိပြီးနောက် ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့သည်။ ကျန်ရှိသောအဆင့်များအတွက်မူ အစဉ်တစိုက် ကြိုးစားအားထုတ်မှုပေါ်၌သာ မူတည်နေသည်။
ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းရန် နောက်ထပ် နှစ်ပေါင်း ၂၀၊ ၃၀ စောင့်ဆိုင်းရန်ပင် မလိုအပ်တော့ဘူးဟု မည်သူ သိမည်နည်း။ သူသည် နောင်အနှစ် ၂၀၊ ၃၀ ကြာမြင့်လျှင် စကြဝဠာအဆင့်သို့ပင် ရောက်ရှိသွားနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့ပါက မိမိသည် ဘိုးဘေးများအတွက် ဂုဏ်ယူဖွယ်ရာဖြစ်လာပေလိမ့်မည်။ ကြီးမြတ်သောတရှတွင် အဆင့်မြင့်မိသားစုနှင့် အဆင့်နိမ့်မိသားစုကြားက အကြီးမားဆုံး ကွာခြားချက်သည် စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦး ရှိခြင်း မရှိခြင်းအပေါ်မူတည်သည်။ အကယ်၍ သူသာ စကြဝဠာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက သူ ဆင်းသက်လာသော ယူမိသားစုသည် များစွာ အကျိုးဖြစ်ထွန်းပေလိမ့်မည်။ စွန့်စားမှုပြု၍ ချူးယွင်ဖန်းကို အားကိုးခဲ့သည့် သူ၏ဆုံးဖြတ်ချက်သည် အလွန်မှန်ကန်ကြောင်း သက်သေပြနေသည်။
"ကျုပ်ကို ကျေးဇူးတင်နေဖို့ မလိုဘူး။ ခင်ဗျားကို ကျုပ်အတွက် အလုပ်လုပ်စေချင်တာမို့လို့ ခင်ဗျားကို ကူညီပေးဖို့ ကျုပ် မေ့မှာမဟုတ်ပါဘူး" ချူးယွင်ဖန်းက ဆိုသည်။
သူ့ထံသို့ လာရောက်ပူးပေါင်းသူများသည် သူ၏ အရှိန်အဝါကြောင့် အညံ့ခံကြခြင်း မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် လာရောက်ကြခြင်းဖြစ်ကြောင်း သူ သိသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ထိုအခြေအနေကို ငြင်းပယ်ခြင်း မရှိပေ။ လောကတွင် လောဘကင်းသောသူဟူ၍ ရှိနိုင်မည်မဟုတ်ပေ။
"ဒီတစ်ခါတော့ ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးဖို့ ဉာဏ်အလင်းပွင့်စေတဲ့ သိုင်းပညာကို သုံးမယ်။ တစ်ချိန်တည်းမှာပဲ ဒြပ်မဲ့ကျွမ်းကျင်အဆင့် နားလည်သဘောပေါက်မှုတွေကို ခင်ဗျားဆီ လက်ဆင့်ကမ်းပေးမယ်။ အဆင့်ဖြတ်ကျော်ပြီးသွားရင်တော့ ခင်ဗျားရဲ့ ခွန်အားကို ခိုင်မာအောင် တည်ဆောက်ဖို့ အချိန်ပေးရမယ်" ချူးယွင်ဖန်းက ရှင်းပြလိုက်သည်။
သူ အသုံးပြုမည့် သိုင်းပညာသည် ဧကရာဇ်ကျင့်စဥ် စစ်ပွဲမှတ်တမ်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဤသိုင်းပညာသည် လူတစ်ဦး၏ ကျင့်စဉ်ကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ပေးနိုင်သော်လည်း ခဏခဏ အသုံးပြု၍ မရပေ။ သို့မဟုတ်ပါက အခြေခံအုတ်မြစ်ကို ထိခိုက်စေကာ သိုင်းပညာ အထွတ်အထိပ်သို့ ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။
ချူးယွင်ဖန်းသည် ကိုယ်ပိုင်အင်အား တိုးတက်ရန်အတွက် ထိုကဲ့သို့သော သိုင်းပညာကို မည်သည့်အခါမျှ အသုံးပြုမည်မဟုတ်သော်လည်း ယုချူးယွင်အတွက်မူ အဆင်ပြေပေသည်။ အကြောင်းမှာ ချူးယွင်ဖန်း၏ အကူအညီမပါဘဲ ယုချူးယွင်သည် သိုင်းပညာ အထွတ်အထိပ်သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိသောကြောင့်ဖြစ်သည်။ ဤသိုင်းပညာသည် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသောကြောင့် မည်သူ့အပေါ်တွင် အသုံးပြုသနည်းဟူသည့်အချက်ကသာ အဓိကကျပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာချူး"
ဤလောကတွင် အလကားရသောအရာဟူ၍ မရှိကြောင်း ယုချူးယွင် နားလည်ထားသည်။ ဤသိုင်းပညာတွင် အားနည်းချက်အချို့ရှိနေနိုင်သော်လည်း တိုးတက်လာမည့် အင်အားနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။ အလွန်တိုတောင်း အချိန်ပမာဏအတွင်း သန်မာလာမည်ဟူသော အချက်ဖြင့်ပင် စမ်းသပ်ကြည့်ရန် လုံလောက်ပေသည်။ ချူးယွင်ဖန်းသည် ယုချူးယွင်ကို တင်ပျဉ်ခွေထိုင်ခိုင်းကာ သူ၏လက်ကို ယုချူးယွင်၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ ချူးယွင်ဖန်းအပေါ် အကြွင်းမဲ့ ယုံကြည်မှုကြောင့် ယုချူးယွင်သည် ရုန်းကန်ခြင်း မရှိပေ။ ယုချူးယွင်သည် ချူးယွင်ဖန်း၏ နတ်စွမ်းအင်များကို လက်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ခွင့်ပြုလိုက်သည်။
ချူးယွင်ဖန်း၏ ကြီးမားသော နတ်စွမ်းအင်များ၏ လမ်းညွှန်မှုအောက်တွင် ယုချူးယွင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ဒြပ်မဲ့ကျွမ်းကျင်အဆင့် အတားအဆီးသို့ အရူးအမူး တိုးဝင်သွားသည်။ ဖြစ်စဉ်တစ်ခုလုံးသည် နေ့တစ်ဝက်ခန့်သာ ကြာမြင့်ခဲ့၏။ ရုတ်တရက် ယုချူးယွင်က မျက်လုံးများဖွင့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။ သူသည် ထိတ်လန့်ဖွယ် ခွန်အားကို ပိုင်ဆိုင်လိုက်ရသဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ လွန်ခဲ့သော နေ့ဝက်ခန့်နှင့် နှိုင်းယှဉ်လျှင် သူ၏အင်အားသည် အနည်းဆုံး အဆပေါင်းများစွာ သန်မာလာကြောင်း ခံစားလိုက်ရသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထူးချွန်တပည့်များ အဘယ်ကြောင့် ဤမျှအောက်ခြေလွတ်ကာ မိမိကဲ့သို့ အတွင်းစည်းတပည့်များကို လျစ်လျူရှုနေရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ၎င်းတို့ကြားရှိ ကွာခြားချက် အလွန်ကြီးမားလှသောကြောင့် သာမန်အကြောင်းပြချက်ဖြင့် တွက်ဆ၍မရနိုင်ပေ။ လက်ရှိကျင့်စဉ်အဆင့်အရ ယုချူးယွင်သည် သူ၏ ယခင်ကိုယ်ပွားများကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိပေသည်။ ထူးချွန်တပည့်များက အတွင်းစည်းတပည့်များကို အထင်သေးကြခြင်းသည် မထူးဆန်းတော့ပေ။ ယခုအချိန်တွင် သူကိုယ်တိုင်ပင် သူ၏ ယခင်ကိုယ်ပွားကို အရေးတယူ ပြုမည်မဟုတ်ပေ။
"ဒါက ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရဲ့ အင်အားကို"
သူ၏ခန္ဓာကိုယ်ထဲရှိ လှိုင်းထနေသော နတ်စွမ်းအင်များကို ခံစားမိသော်လည်း အနည်းငယ် မတည်ငြိမ်သေးကြောင်း သတိပြုမိသွားသည်။ ကျင့်စဉ် တိုးမြှင့်မှုများ ချောမွေ့ခြင်းမရှိဘဲ ချူးယွင်ဖန်းက အတင်းအကျပ် မြှင့်တင်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
သို့သော်လည်း ကံကောင်းသည်မှာ သူသည် ဒြပ်မဲ့လေ့လာသူအဆင့်၏ အထွတ်အထိပ်တွင် တည်ရှိနေသည့်အတွက် အဆင့်တစ်ခုတည်းကိုသာ အတင်းအကျပ် မြှင့်တင်ခြင်းသည် အလွန်အကျွံ မဖြစ်စေခဲ့ပေ။ အကယ်၍ သူသာ ဆက်လက် တိုးတက်အောင် ကြိုးစားမည်ဆိုလျှင် ဤစွမ်းအင်ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သူသည် လောလောဆယ်တွင် ကျရှုံး၍ နေရာတွင် လဲကျသွားမည်ကို စိုးရိမ်နေသည်။
ပြီးနောက် ယုချူးယွင်သည် ဒူးထောက်ချ၍ ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာချူး။ အခုကစပြီး စီနီယာ ဘာပဲခိုင်းခိုင်း ကျွန်တော် အသက်ကိုပဓာနမထားဘဲ ထမ်းဆောင်ပေးပါ့မယ်"
ချူးယွင်ဖန်းက ယုချူးယွင်ကို ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။
"အဲဒီလောက်အထိ မလိုပါဘူး။ ကျုပ်ပြောတဲ့အတိုင်း လုပ်ရင် ရပြီ။ ကျန်တဲ့လူတွေကို သွားခေါ်လာခဲ့"
"ဟုတ်ကဲ့ စီနီယာချူး" ယုချူးယွင်သည် ချူးယွင်ဖန်း၏ အခြားနောက်လိုက်များကို ရှာဖွေရန် ဗိုလ်မှူးကြီးရုံးခန်းမှ အလျင်အမြန် ထွက်ခွာသွားသည်။
ချူးယွင်ဖန်းသည် ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော နတ်စွမ်းအင်များကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူ၏ နတ်စွမ်းအင် ကုန်ဆုံးမှုသည် တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့ခြင်းနှင့် ညီမျှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ပြန်လည်ကုသနိုင်စွမ်းသည် အံ့မခန်း ပြင်းထန်သောကြောင့် အချိန်တိုအတွင်း ပြန်သက်သာလာခဲ့သည်။
ဉာဏ်အလင်းပွင့်စေသော သိုင်းပညာများကို အသုံးပြုရန်အတွက် အသုံးပြုသူသည် လက်ခံမည့်သူထက် များစွာ သန်မာရန် လိုအပ်သည်။ ယုချူးယွင်၏ ကျင့်စဉ်သည် ချူးယွင်ဖန်းနှင့် ဆင်တူသော်လည်း ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက် ၁၀ ဆကျော်မျှ သန်မာပေသည်။ ထို့ကြောင့်ပင် သူသည် ဉာဏ်အလင်းပွင့်စေသော သိုင်းပညာကို အလွယ်တကူ အသုံးပြုနိုင်ခြင်းဖြစ်သည်။
ယခုအချိန်တွင် သူသည် ယုချူးယွင်နှင့် အခြားလူများ၏ အင်အားကို မြှင့်တင်ပေးချင်ရုံသာဖြစ်သည်။ ပျိုးပင်များကို တွန်းအားပေး ပျိုးထောင်သကဲ့သို့ဖြစ်နေသော်လည်း ၎င်းတို့၏ အုတ်မြစ်သည် အခြားလူများနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းလွန်းနေသည်။ ထို့ကြောင့် ၎င်းတို့ကို မြှင့်တင်ပေးရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုရမည်ဖြစ်သည်။
မကြာမီတွင် ယုချူးယွင်သည် အံ့အားသင့်ဖွယ် အပြုံးများကိုယ်စီ ဆင်မြန်းထားသည့် ချူးယွင်ဖန်း၏ နောက်လိုက်များကို ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ပြီးနောက် ချူးယွင်ဖန်းသည် ၎င်းတို့တစ်ဦးချင်းစီ၏ခွန်အားကို မြှင့်တင်ပေးလိုက်သည်။ သို့သော်လည်း ယုချူးယွင်၏ ခွန်အားကို မြှင့်တင်ပေးခဲ့သည့် အချိန်ကဲ့သို့ ခက်ခဲမှုမရှိပေ။ အခြားလူများသည် အဆင့်တစ်ခုလုံး ဖြတ်ကျော်ရန် မလိုအပ်ဘဲ ဒြပ်မဲ့လေ့လာသူအဆင့်နှောင်းပိုင်းမှ ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့သာ တိုးမြင့်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ယုချူးယွင်နှင့် နှိုင်းယှဥ်လျှင် အချိန်ကုန်သက်သာပေသည်။ လူ ၁၀ ယောက်လုံးအတွက်ပင် တစ်ရက်သာ အချိန်ယူခဲ့ရသည်။
"ကျွန်တော်တို့ ကျင့်စဉ်တွေ တိုးတက်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာချူး" ချူးယွင်ဖန်းသည် ၎င်းတို့၏ကျင့်စဉ်များကို မြှင့်တင်ပေးပြီးနောက် လူ ၁၀ ယောက်လုံး သူ့ကို ဦးညွှတ်လျက် ကျေးဇူးတင်လိုက်ကြသည်။
"အခုကစပြီး ကျုပ် ကျင့်စဉ်တိုးတက်ဖို့အတွက် သီးသန့်ကျင့်ကြံတော့မယ်။ စခန်းကိုတော့ ခင်ဗျားတို့လက်ထဲ အပ်ထားခဲ့မယ်" ချူးယွင်ဖန်းက ကြေညာလိုက်သည်။
"ခင်ဗျားတို့ ခွန်အားကို ကျုပ် မြှင့်တင်ပေးခဲ့တာက နောင်အနာဂတ်မှာ အသုံးဝင်လာဖို့အတွက်ပဲ။ ကျုပ် သီးသန့်ကျင့်ကြံရာကနေ ပြန်ထွက်လာတဲ့အခါ တပ်ဖွဲ့ဝင်အားလုံး ရွှေအမတေပြီးပြည့်စုံအဆင့်နဲ့ အထက်ကို ရောက်နေမယ်လို့ ကျုပ် မျှော်လင့်တယ်"
"နားလည်ပါပြီ စီနီယာချူး" အားလုံးက အလျင်အမြန် သဘောတူလိုက်ကြသည်။