အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁) အသိအမှတ်ပြုခံရသော အစွမ်းထက် ပြိုင်ဘက်... နှစ်ပေါင်းတစ်သောင်းကြာ အိပ်မောကျနေခဲ့သော ကောင်းကင်အလင်း တားမြစ်နယ်မြေသခင်ရဲ့မိန်းမပျို
အုပ်စိုးသူ ရှားရွှမ်ယွမ်သည် သူ၏ တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိရလာပြီးနောက် သူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားလေ၏။
သူ၏သမီးသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ နတ်ဘုရားသားတော်၏ နောက်လိုက် တစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။
ထို့ကြောင့် သူတို့ နေလနတ်ဘုရားအင်ပါယာကို အချိန်အတော်ကြာအောင် စိုးရိမ်ပူပန်စေခဲ့သော ကိစ္စသည် နောက်ဆုံး၌ ပြေလည်သွားခဲ့ပြီဟု ဆိုလိုခြင်းပင်။
"ချူလီ... သမီး ဘာလို့ အဲ့ဒီနေရာမှာ ရပ်နေသေးတာလဲ... သမီးက ဘာလို့ နတ်ဘုရားသားတော်ရဲ့ ကြီးမားတဲ့ သနားညှာတာမှုအတွက် သူ့ကို ကျေးဇူးမတင်ရတာလဲ..."
ဤစကားများက ရှားချူလီကို အိပ်မက်တစ်ခုမှ နိုးလာသကဲ့သို့ ဖြစ်စေခဲ့ပြီး သူမက ချက်ချင်းဦးညွှတ်အရိုအသေပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... အရှင် နတ်ဘုရားသားတော်... ချူလီက အရှင် နတ်ဘုရားသားတော် ကို စိတ်ပျက်အောင် မလုပ်ပါဘူး..."
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီက သခင်ရဲ့ လုံးဝ ယဉ်ပါးအောင် သွေးဆောင်တာကို ခံလိုက်ရကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... သူ့ကို ယဉ်ပါးအောင် သွေးဆောင်မှုလုပ်ငန်းစဉ် ၃၀ ရာခိုင်နှုန်း တိုးလာပါတယ်...]
[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီကို အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ် ၂၄၀၀ ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]
[သုံးဆ ပြင်းထန်သော ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၇၂၀၀ ကို ရရှိခဲ့တဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်...]
[ပထမဆုံး ယဉ်ပါးအောင် သွေးဆောင်ခြင်း တာဝန် ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကောင်းကင်အမိန့်တော်အမှတ် ၅၀၀၀ ကို ဆုချီးမြှင့်ခံရသည့်အတွက် သခင်ကို ဂုဏ်ယူပါတယ်...]
[မှတ်ချက်... အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်ခံလိုက်ရတဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင်က သခင်အပေါ် လုံးဝသစ္စာရှိပါလိမ့်မယ်... သူတို့ရဲ့ သေခြင်းရှင်ခြင်းကိုလည်း သခင်က လုံးဝထိန်းချုပ်ထားနိုင်ပါလိမ့်မယ်...]
စနစ်၏အသံ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်မှာပင် နောက်ထပ် စနစ် အချက်အလက်ဇယားတစ်ခုသည် ခုံးဝူတောက်၏ရှေ့တွင် အလိုအလျောက် ထွက်ပေါ်လာပေ၏။
[အမည်: ရှားချူလီ (ယဉ်ပါးအောင် သွေးဆောင်ပြီး)]
[ကိုယ်ပိုင်အမှတ်အသား: နေလ နတ်ဘုရား အင်ပါယာ ၏ အိမ်ရှေ့မင်းသမီး ...သခင်ခုံးဝူတောက်၏ သစ္စာရှိအစေခံ]
[ဆန္ဒ: ထိန်းချုပ်နိုင်သည်]
[နတ်ဘုရားစိတ်ဝိညာဉ်: ထိန်းချုပ်နိုင်သည်]
[သေခြင်းနှင့်ရှင်ခြင်း: ထိန်းချုပ်နိုင်သည်]
အသစ်ထွက်ပေါ်လာသော စနစ်အချက်အလက်ဇယားကို ကြည့်ရင်း ခုံးဝူတောက် နားလည်သွားသည်။
အကြွင်းမဲ့ယဉ်ပါးအောင် သွေးဆောင်ခံလိုက်ရသော ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက်သည် သူ၏တာအိုရုပ်သေးရုပ် ဖြစ်လာခဲ့ပြီဟုပင် ဆိုနိုင်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူမသည် သူမ၏ ကိုယ်ပိုင်အတွေးများနှင့် အသိစိတ်ကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ခြင်းပင်။
သေချာသည်မှာ အကယ်၍ သူသာ လိုချင်ပါကစနစ်၏ရွေးချယ်စရာများမှတစ်ဆင့် သူမ၏ ဆန္ဒနှင့်အသိစိတ်ကို အကြွင်းမဲ့ထိန်းချုပ်နိုင်ပြီး ပြောင်းလဲနိုင်သည်။
ရှားချူလီနှင့် ပတ်သက်သမျှ အရာအားလုံးသည် ယခုချိန်၌ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဟု ဆိုနိုင်ပေ၏။
...........
စားသောက်ပွဲကို ဆက်လက်၍ ကျင်းပခဲ့ကြသည်။
ရှားချူလီသည် ခုံးဝူတောက်၏နောက်လိုက် တစ်ယောက် တရားဝင် မဖြစ်သေးသော်လည်း ဤကိစ္စက ကျောက်တုံးပေါ်တွင် ထွင်းထုပြီးသကဲ့သို့ ဖြစ်နေလေပြီ။
စားသောက်ပွဲတစ်ခုလုံးသည် ပို၍ပင် တက်ကြွပြီး စည်ကားလာပေ၏။
ယခုအချိန်၌ ကြီးမားသော စွမ်းအားရှိသည့် အမတ်ကြီးတချို့ပင်လျှင် ဤကိစ္စကြောင့် ရှားရွှမ်ယွမ်ကို ပို၍ရိုသေလေးစားလာကြလေသည်။
သဟဇာတဖြစ်သော အုပ်စိုးသူနှင့် အမတ်ကြီး များ၏ဇာတ်ကွက်သည် အစွန်းရောက်သည်အထိ ကစားခဲ့သည်ဟု ဆိုနိုင်ပြီး ဤအရာက နေလနတ်ဘုရားအင်ပါယာ တော်ဝင်မိသားစု ၏ အုပ်ချုပ်မှုကို ပို၍ခိုင်မာသွားစေခဲ့သည်။
သူမသည် ယဉ်ပါးအောင် သွေးဆောင်ခံလိုက်ရသောကြောင့် ဖြစ်နိုင်ပြီး လူအုပ်ထဲရှိ ရှားချူလီ သည် ခုံးဝူတောက်ကို ယခင်ထက် ပို၍တက်ကြွသော မျက်လုံးများဖြင့် ကြည့်နေလေ၏။
သူမက အလွန်အမင်း ရူးသွပ်ပြီး စိတ်ရောဂါဆန်သောအသံဖြင့် တီးတိုးပြောဆိုလိုက်သည်။
"အရှင်နတ်ဘုရားသားတော်... ချူလီက အရှင့်ကို သေချာပေါက် စိတ်ပျက်အောင် မလုပ်ပါဘူး..."
..........
အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွင်းတွင်...
နေလနတ်ဘုရား အင်ပါယာသို့ ခရီးစဉ် ပြီးဆုံးသွားသည်နှင့်...
ခုံးဝူတောက်သည် ဤခရီးစဉ်တွင် သူ ကြုံတွေ့ခဲ့ရသမျှကို သူ၏ဖခင်ခုံးဝူကျိထံသို့ သတင်းပို့ရန် အချိန်လေဟာနယ် သူတော်စင်ခန်းမသို့ ရောက်ရှိလာခဲ့သည်။
"ဟဲ ဟဲ... ငါ့သား... ဒီခရီးစဉ်ရဲ့ ရလဒ်ကို မင်းက သိပ်မကျေနပ်ဘူးလို့ ငါက ဘာလို့ ခံစားနေရတာလဲ..."
ခုံးဝူကျိ က အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုသည်။
ဤစကားကို ကြားသောအခါ ခုံးဝူတောက်က ရယ်မောပြီး ခေါင်းခါယမ်းလိုက်၏။
"ဒီခရီးစဉ်ရဲ့ရလဒ်က ကျွန်တော် မျှော်လင့်ထားတာနဲ့ တကယ့်ကို နည်းနည်းကွဲလွဲနေတယ်..."
ယခင်က သူသည် ပြန်လည်နိုးထခြင်းခေတ်၏ ဤ ပါရမီရှင်ဆိုသူများအပေါ် အလွန်အမင်း မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သည်။
နောက်ဆုံးတွင် ကွာဟချက်များက သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်အထိပင်။
မည်သို့ပင်ဆိုစေ စနစ်က ပြောခဲ့သော ကောင်းကင်ကံကြမ္မာပိုင်ရှင်များအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပေ။
သူသည် သူ၏ရုပ်ခန္ဓာကိုယ်စွမ်းအားကိုပင် မကြာခဏ မထုတ်လွှတ်ခဲ့ရဘဲ တစ်ဖက်လူက သူ၏လွယ်ကူစွာ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဤအရာက အမှန်တကယ်ကို ပျင်းစရာကောင်းလွန်းသည်။
"ခုံးဝူတောက်... စိတ်ချပါ... တားမြစ်နယ်မြေ ရှေးဟောင်းဘိုးဘေးကြီးတွေရဲ့ တွက်ချက်မှုတွေအရ လက်ရှိချိန်မှာ ပြန်လည်နိုးထခြင်းခေတ်က စတင်ရုံပဲ ရှိသေးတယ်..."
ခုံးဝူတောက် ဘာတွေးနေသည်ကို မြင်လိုက်ရသကဲ့သို့ ခုံးဝူကျိ က အပြုံးနှင့် ပြောဆိုလိုက်သည်။
"နောက်ပိုင်းမှာ ထွက်ပေါ်လာမယ့် ပါရမီရှင်တွေက ပိုပြီးကြောက်စရာ ကောင်းလာလိမ့်မယ်... သူတို့က မင်းကို အရမ်းပျင်းစရာကောင်းတယ်လို့ မခံစားရစေဘူးလို့ ငါ ယုံကြည်တယ်..."
ဤစကားကို ကြားသောအခါ ခုံးဝူတောက်က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ အခြေအနေများသည် အမြဲတစေ အလွန် နက်ရှိုင်းလှ၏။
တစ်ချိန်က ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများကို အံ့အားသင့်စေခဲ့သော တားမြစ်နယ်မြေ ဆယ့်ခြောက်ခု အပြင် ထိပ်တန်း ရှေးဟောင်းအင်အားစုများ မရေမတွက်နိုင်အောင် ရှိနေသည်။
ထိုရှေးဟောင်းအင်အားစုများသည်လည်း မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် လက်ဆင့်ကမ်းဆင်းသက်လာခဲ့ကြပြီး မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ အများအပြားနှင့် ဒဏ္ဍာရီလာ စစ်မှန်သော အင်မော်တယ်များပင် ရှိကြသည်။
ဤရှေးဟောင် အင်အားစုများသည်စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင်များကို သူတို့က ကောင်းစွာဖုံးကွယ်ထားကြ၏။
အချိန်တန်သောအခါ ဤပြိုင်ဘက်ကင်း ပါရမီရှင်များသည် ခေတ်တစ်ခု၏ ကောင်းကင်ကံကြမ္မာကို ယှဉ်ပြိုင်ရန် အစွမ်းထက်စွာဖြင့် ထွက်ပေါ်လာကြပေလိမ့်မည်။
ဤလူများသာလျှင် သူ၏ပြိုင်ဘက်များဖြစ်ရန် အရည်အချင်း ပြည့်မီကြပေမည်။
သို့သော် ပြောရမည်ဆိုလျှင်...
တခြားရှေးဟောင်းအင်အားစုများ၏ ဖုံးကွယ်ထားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်...
ပျက်စီးခြင်းခေတ် တွင် သူ အသိအမှတ်ပြုခဲ့သော သူ၏ပြိုင်ဘက်ဟောင်းများကို သူ ပို၍ စိတ်ဝင်စားလေ၏။
ထိုအချိန်က ပျက်စီးခြင်းခေတ်တွင် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေအပြင် လောကတွင် ကျန်ရှိနေသေးသော ကောင်းကင်ဘုံ တားမြစ်နယ်မြေများထဲမှ နောက်ထပ်တစ်ခု ရှိနေသေးသည်။
ဤ တားမြစ်နယ်မြေ ရှိ ထိပ်တန်း တာအိုအမွေအနှစ် ကျင့်ကြံသူသည်လည်း သူ အသိအမှတ်ပြုခဲ့ရဆုံး အစွမ်းထက် ပြိုင်ဘက်များအနက်မှ တစ်ဦးပင်။
ကောင်းကင်အလင်း တားမြစ်နယ်မြေ သခင်၏ သမီးသည် ကြောက်မက်ဖွယ်ကောင်းသော မူလဘူတ ရုပ်ခန္ဓာကိုယ်နှစ်ခုကို ပိုင်ဆိုင်ထားသည်။
သူမသည် သူ အသိအမှတ်ပြုခဲ့သော ပြိုင်ဘက်များကြားတွင် အထူးချွန်ဆုံးနှင့် အစွမ်းထက်ဆုံး လူငယ်တည်ရှိမှု ဖြစ်သည်မှာ ချွင်းချက်မရှိပေ။
စနစ်ကြောင့် နောက်ထပ် မူလဘူတ ရုပ်ခန္ဓာကိုယ်နှစ်ခုကို သူ မမျှော်လင့်ဘဲ နိုးထမလာခဲ့လျှင် သူမကို ဖိနှိပ်နိုင်မည်ဆိုသည့် အကြွင်းမဲ့ ယုံကြည်မှုမျိုး သူ့ထံတွင် ရှိမည်မဟုတ်ချေ။
ခုံးဝူတောက် စဉ်းစားနေစဉ်မှာပင် ခုံးဝူကျိ ၏ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။
"အော်... ဟုတ်သားပဲ... ခုံးဝူတောက်... မင်းက နောက်ပိုင်းကျရင် ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်မြေတွေကို ခရီးဆက်ရအုံးမယ် ထင်တယ်..."
"အထွတ်အထိပ်နယ်ပယ် တာအို အစောင့်အရှောက်တွေက နည်းနည်းတော့ အားနည်းနေသေးတယ်... အဖေက မင်းအတွက် မဟာဧကရာဇ်နယ်ပယ် တာအိုအစောင့်အရှောက် နည်းနည်းလောက်စီစဉ်ပေးရမလား..."
ဤစကားကို ကြားသောအခါ ခုံးဝူတောက်သည် အနည်းငယ် ကြက်သေသေသွားပြီး အပြုံးဖျော့ဖျော့ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"အဖေ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် မလိုအပ်ပါဘူး..ကျွန်တော်မှာ ရှေးဟောင်းဘိုးဘေးကြီးတွေ ပေးသနားထားတဲ့ ဧကရာဇ် အမိန့်တော်တွေ အများကြီး ရှိနေပြီဆိုမှတော့... ကျွန်တော်တို့ရဲ့တားမြစ်နယ်မြေက မဟာဧကရာဇ် စီနီယာတွေကို အနှောင့်အယှက် ပေးစရာ မလိုပါဘူး..."
အရေးအကြီးဆုံးအချက်မှာ အကယ်၍ သူ၏ ဖခင်က သူ့အတွက် မဟာဧကရာဇ်နယ်ပယ် တာအို အစောင့်အရှောက် အနည်းငယ်ကို စီစဉ်ပေးမည်ဆိုလျှင် သူ၏ပျော်ရွှင်မှုသည် များစွာလျော့ကျသွားပေလိမ့်မည်။
ထို့အပြင် ဤခေတ်တွင် ဥပဒေသများသည် ပြည့်စုံခြင်းမရှိချေ။
မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူများသည် သူတို့ လှုပ်ရှားသောအခါ တုံ့ပြန်တိုက်ခိုက်မှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်သောကြောင့် ဤအရာသည် သူ့အတွက် မလိုအပ်ပေ။
"အင်း... ဒီခရီးစဉ်မှာ မင်းက ဧကရာဇ် အမိန့်တော်တစ်ခုကို သုံးခဲ့ပြီးပြီလေ... နောက်မှ ငါက မင်းအတွက် နောက်ထပ်နည်းနည်းလောက် ထပ်ယူပေးမယ်..."
"ခုံးဝူတောက်... မင်းက မဟာဧကရာဇ်နယ်ပယ် တာအို အစောင့်အရှောက်တွေကို မလိုချင်ဘူးဆိုမှတော့... နောက်မှ မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဧကရာဇ်လက်နက် နည်းနည်းလောက် ငါ ယူပေးမယ်လေ... ဘယ်လိုလဲ..."
သူ့ဖခင်၏ စကားများကို ကြားသောအခါ ခုံးဝူတောက်၏ နဖူးပေါ်တွင် အမည်းရောင် အရေးအကြောင်းတစ်ခု ဖြစ်ပေါ်မလာဘဲ မနေနိုင်ခဲ့ပေ။
သူ၏ကျင့်ကြံခြင်းသည် သူတော်စင်နယ်ပယ် တွင်ပင် မရှိသေးဘဲ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဧကရာဇ်အဆင့် လက်နက်များကို ရရှိနေလေပြီ။
ဤသည်က လူငယ်မျိုးဆက်များဟုလည်း ခေါ်ဆိုနိုင်သော သူကဲ့သို့ ကျင့်ကြံသူများကို တာအို ကျင့်ကြံခြင်း အတွေ့အကြုံတစ်ခုအား ရရှိခွင့် ပေးနိုင်အုံးမည်လော...
...........
တစ်ချိန်တည်းမှာပင်…
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ ကြယ်များပြည့်နှက်နေသော မိုးကောင်းကင်ယံ တစ်နေရာတွင်....
ဝုန်း...
မိုးကြိုးများဖြင့် ဖန်တီးထားသော တလိမ့်လိမ့်ထနေသည့် နဂါးဖြူတစ်ကောင်သည် အရာအားလုံးကို နေ့အလင်းရောင်အလား ဆေးခြယ်ထားသည့် အလင်းစက်ဝန်းတစ်ခုကို ထုတ်လွှတ်ကာ ကြယ်များပြည့်နှက်နေသော ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းသွားလေ၏။
မိုးကြိုးနဂါး ဟိန်းဟောက်ပြီး ဆူပွက်လာသည်နှင့်အမျှ ထိုအရာသည် ဟင်းလင်းပြင်၏ ကြီးမားသော ဧရိယာများကို ချက်ချင်းဖရိုဖရဲဖြစ်ပြီး ကြေမွှပျက်စီးသွားစေခဲ့သည်။
အံ့အားသင့်စရာကောင်းသောအရာမှာ...
ဥပဒေသ အလင်းတန်းများ လှိုင်းထနေသော နေရာ၏ အလယ်ဗဟိုတွင် မှေးမှိန်သော တောက်ပမှုကို ထုတ်လွှတ်နေသည့် လေးထောင့်ကျကျ အရာဝတ္ထုတစ်ခုသည် ဥပဒေသ သမုဒ္ဒရာထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခြင်းပင်။
သေချာကြည့်လျှင် ထိုအရာဝတ္ထု၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း ကမ္ပည်းစာ မရေမတွက်နိုင်အောင်ကို ထွင်းထုထားပြီး ထိုအရာသည် ပုံဆောင်ခဲတစ်ခုကဲ့သို့ လုံးဝ ကြည်လင်နေလေသည်။ ဤအရာသည် တကယ်တော့ ပုံဆောင်ခဲ ခေါင်းတလား တစ်ခု ဖြစ်သည်။
ပုံဆောင်ခဲ ခေါင်းတလား အတွင်းတွင် လူတစ်ယောက် ဝေဝါးစွာ လဲလျောင်းနေသည်...
ပန်းချီကားတစ်ချပ်ထဲမှ နတ်သမီးလေးတစ်ပါးကဲ့သို့ လောကီ အသိအမြင်ထက် များစွာ သာလွန်လောက်အောင် လှပသော အမျိုးသမီးတစ်ဦး။
အမျိုးသမီးသည် ပုံဆောင်ခဲ ခေါင်းတလား ထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး သူမ၏ နှုတ်ခမ်းများပေါ်တွင် အေးချမ်းသော အပြုံးတစ်ခု ရှိနေလေသည်။
လရောင်ကဲ့သို့ ငွေရောင် ဆံပင်ရှည်များသည် သူမ၏ နောက်ကွယ်တွင် သဘာဝအတိုင်း စီးဆင်းနေပြီး သူမ၏ ခါးအထိ ရောက်ရှိနေလေသည်။
အမျိုးသမီး ဝတ်ဆင်ထားသော သက်တံရောင် နန်းတော် ဂါဝန်သည် အထူး ပစ္စည်းများဖြင့် ယက်လုပ်ထားပုံရပြီး ပိုးဟပ်တောင်ပံများကဲ့သို့ ပါးလွှာလေသည်။
ဤအရာသည် လောကတွင် အပြီးပြည့်စုံဆုံးသော အနုပညာလက်ရာတစ်ခုကဲ့သို့ သူမ၏ ကျော့ရှင်းပြီး လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ပို၍ပင် ပေါ်လွင်စေခဲ့သည်။
အထူးသဖြင့် သူမကို ဝန်းရံနေသော ငွေရောင် တောက်ပသည့် ဂမ္ဘီရစာလုံးများတွင် အလွန်အမင်း နတ်ဘုရားစွမ်းအား တစ်ခု ရှိနေလေသည်။
ဤအရာက သူမ၏ ထူးကဲပြီး လောကီနှင့် ကင်းကွာသော အရှိန်အဝါကို ပို၍ပင် အမြင့်မြတ်ဆုံးနှင့် ချိုးဖောက်၍မရနိုင်အောင် ဖြစ်စေခဲ့သည်။
ထိုသို့သော စွမ်းအား၏ သက်ရောက်မှုအောက်တွင် ကောင်းကင်နှင့် မြေကြီးတွင် လွင့်မျောနေသော ဥပဒေသ ချီ များပင်လျှင် ဆွဲဆောင်ခံခဲ့ရသည်။
ပုံဆောင်ခဲ ခေါင်းတလား ထဲသို့ စနစ်တကျ ပေါင်းစပ်သွားလေသည်။
ရုတ်တရက် အမျိုးသမီး၏ မျက်တောင်များသည် ညင်သာစွာ လှုပ်ခတ်သွားလေသည်။
ချက်ချင်းဆိုသလိုပင် နှစ်ပေါင်း မည်မျှကြာအောင် ပိတ်ထားခဲ့သည်မသိသော ထို မျက်လုံးများသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပွင့်လာလေသည်။
သူမ၏ မျက်လုံးများ ပွင့်လာသည့် အခိုက်အတန့်တွင် အဆုံးအစမရှိသော ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ယံ၌ တောက်ပသော နတ်ဘုရားအလင်းတန်း များ ရုတ်တရက် လင်းလက်သွားသကဲ့သို့ပင် ဖြစ်သည်။
အလွန်အမင်း ပြီးပြည့်စုံပြီး တောက်ပနေသော်လည်း ရင်သပ်ရှုမောဖွယ်ရာ လှပနေလေသည်။
ဂျွတ်... ဂျွတ်... ဂျွတ်...
ပုံဆောင်ခဲ ခေါင်းတလား လုံးဝ ကြေမွသွားသည်နှင့်အမျှ ရင်သပ်ရှုမောဖွယ် လှပသော ပုံရိပ်သည် ထိုအတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။
စိမ်းသက်နေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း သူမ၏ လှပသော မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။
"ဒီ အိပ်စက်ခြင်းက... နှစ်တစ်သန်း ကြာသွားပြီလား..."
"အဖေ နဲ့ ကောင်းကင်အလင်း တားမြစ်နယ်မြေ က ဘယ်လိုနေလဲ မသိဘူး..."
အခြား တစ်ခုခုကို တွေးမိလိုက်သကဲ့သို့ အမျိုးသမီးသည် ကောင်းကင်ဘုံများ ၏ အဆုံးရှိရာဘက်သို့ မော့ကြည့်လိုက်လေသည်။
သူမက ရေရွတ်လိုက်သည်။
"ခုံးဝူတောက်... မင်း အခု နိုးနေပြီလား..."
...
အခန်း (၈၂) ရှေးဟောင်းမဟာတာအို အမှတ်အသား....ကြက်သွန်မြိတ်ကြီးတွေ အများကြီးပဲ
သူ၏ဖခင်နှင့် လမ်းခွဲပြီးနောက် ခုံးဝူတောက်သည် အချိန်မဆွဲခဲ့ပေ။ သူ တံခါးပိတ်ကျင့်ကြံရန်အတွက် အချိန်လေဟာနယ် သူတော်စင်ခန်းမထဲသို့ ဝင်ရောက်ရန် သူ ဆုံးဖြတ်လိုက်သည်။
ခုံးဝူတောက်၏အတွေး လှုပ်ရှားသွားသည်နှင့် စနစ်အချက်အလက်ဇယားသည် ရုတ်တရက် ထွက်ပေါ်လာပေ၏။
[သခင်: ခုံးဝူတောက်]
[ကိုယ်ပိုင်အမှတ်အသား: အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်... ကောင်းကင်ဘုံဧကရီ၏သား...အချိန်လေဟာနယ်မဟာဧကရာဇ်၏သား...]
[နယ်ပယ်: ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်တစ် ]
[သက်တမ်း: ၁၈ / ၂၂၃၅၈]
[ရုပ်ခန္ဓာကိုယ်: ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်: ၅၀၀၀ / ၉၉၉၉၉၉
မူလဘူတ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်: ၅၀၀၀ / ၉၉၉၉၉၉
ဝါးမျိုခြင်း ကောင်းကင်ဘုံ နတ်ဘုရားမိစ္ဆာ သွေး: ၅၀၀၀ / ၉၉၉၉၉၉
မူလဘူတ မဟာတာအို အရိုး (၂၀၆ ချောင်း): ၅၀၀၀ / ၉၉၉၉၉၉]
[မဟာတာအို သုံးထောင် အမဲလိုက်ခြင်း တိုးတက်မှု: ဟင်းလင်းပြင် မဟာတာအို ၁၀၀၀ / ၉၉၉၉၉၉
လှံရှည်တာအို ၁၂၀၀ / ၉၉၉၉၉၉
ဖရိုဖရဲ မဟာတာအို ၂၀၀၀ / ၉၉၉၉၉၉
[အလယ်အလတ်အဆင့် တာအိုများ.... ချန်လှပ်ထားသည်]
[ကောင်းကင်အမိန့်တော်အမှတ်: ၇၃၅၅၀]
ဤသည်ကို မြင်သောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများ ကွေးတက်သွားလေသည်။
ဤခရီးစဉ်တွင် သူ များစွာမပျော်ရွှင်ခဲ့ရသော်လည်း ကောင်းကင်အမိန့်တော်အမှတ် အမြောက်အများကို သူ ရရှိခဲ့ပြီး စုစုပေါင်း ခုနစ်သောင်းကျော်ပင် ရှိနေသည်။
အကယ်၍ ဤအရာများအားလုံးကို သူ၏ရုပ်ခန္ဓာကိုယ် တိုးတက်မှုအား မြှင့်တင်ရန် သူ အသုံးပြုမည်ဆိုလျှင် သူ၏စွမ်းအားသည် နောက်ထပ် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုကို ခံစားရပေလိမ့်မည်။
"စနစ်... ကောင်းကင်ဘုံတွေကို အမဲလိုက်ခြင်း အခွင့်အရေး ဘယ်လောက် စုဆောင်းမိပြီလဲ..."
[သခင့်ကို အကြောင်းပြန်ပါတည်... စနစ်က သခင်အတွက် ကောင်းကင်ဘုံကို အမဲလိုက်ခြင်း အခွင့်အရေး ၁၅ ကြိမ် စုဆောင်းထားပါတယ်...]
ဤစကားကို ကြားသောအခါ ခုံးဝူတောက်က ခေါင်းညိတ်လိုက်ပြီး သူ တံခါးပိတ်ကျင့်ကြံပြီးနောက် ကောင်းကင်ဘုံများကို အမဲလိုက်ခြင်းအား လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
..........
အချိန်လဝက်ခန့်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။
ဤကာလအတွင်း ခုံးဝူတောက်သည် သူ၏ မဟာရုပ်ခန္ဓာကိုယ်လေးခု၏ တိုးတက်မှုကို အမှတ်သုံးသောင်းအထိ မြှင့်တင်ခဲ့သည်။
ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ် များကို မဟာတာအိုသုံးထောင်၏ အမဲလိုက်ခြင်း တိုးတက်မှုကို တိုးမြှင့်ရန်အတွက် အသုံးပြုခဲ့သည်။
ကောင်းကင်နှင့်မြေကြီး၏ ရတနာများစွာကို ဝါးမျိုပြီးနောက် ခုံးဝူတောက်၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်တစ် မှ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုး သို့ တိုက်ရိုက်တိုးတက်လာခဲ့ပြီး နတ်ဘုရားဘုရင်နယ်ပယ် နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ထိုကဲ့သို့ လျင်မြန်သည့် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်ခြင်း အမြန်နှုန်းသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများအားလုံးကို တုန်လှုပ်သွားစေနိုင်သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်သည် နက်ရှိုင်းသော တွေးတောခြင်းထဲသို့ နစ်မျောသွားလေ၏။
ဤရက်များအတွင်း စုဆောင်းထားသော ကောင်းကင်ဘုံများကို အမဲလိုက်ခြင်း အခွင့်အရေးများအားလုံးကို သူ အသုံးပြုခဲ့သည်။
သူသည် ရှားပါးပြီး အဖိုးတန်သော ရတနာ အနည်းငယ်ကို ရရှိခဲ့ရုံသာမက ထူးဆန်းသော ပစ္စည်းတစ်ခုကိုလည်း ရရှိခဲ့သည်။
ခုံးဝူတောက်သည် ပလ္လင်ခွေ ထိုင်နေပြီး သူ၏ လက်ထဲတွင် ထူးဆန်းသော တောက်ပမှုကို ထုတ်လွှတ်နေသည့် အရာဝတ္ထုတစ်ခုဖြင့် ဆော့ကစားနေသည်။
ဤအရာသည် ပုံမှန်မဟုတ်သော သလင်းကျောက်အပိုင်းအစ တစ်ခုနှင့်တူညီပြီး ထူထပ်သိပ်သည်းသော သက်စောင့်စွမ်းအားများကို ထုတ်လွှတ်ထားသည်။
သူက တီးတိုးရေရွတ်လိုက်သည်။
"ဒါက တကယ်တော့ ဒဏ္ဍာရီလာ အသက်မူလဘူတပုလဲရဲ့ အပိုင်းအစတစ်ခုလား..."
အသက်မူလဘူတပုလဲသည် ခေတ်ကာလများ မရေမတွက်နိုင်အောင် ဖြတ်သန်းပြီးနောက် အသက်မဟာတာအိုမှ သဘာဝအတိုင်း စုစည်းလာသော ကောင်းကင်နှင့်မြေကြီး၏ ရတနာ တစ်ခုဟု ကောလာဟလများ ရှိလေ၏။
ရှေးဟောင်းမှတ်တမ်းများအရ မဟာတာအိုသုံးထောင်ကဲ့သို့ တည်ရှိမှုများသည် ခေတ်ကာလ မရေမတွက်နိုင်အောင် ဖြတ်သန်းပြီးနောက် ထိုအရာ၏မူလအစမှ ထူးခြားသော နတ်ဘုရားအရာဝတ္ထုတစ်ခုကို ဖန်တီးပြီး စုစည်းကြပေလိမ့်မည်။
ဤနတ်ဘုရားအရာဝတ္ထုတွင် ထိုတာအို၏မူလဘူတချီ ပါဝင်လေ၏။
ဤနတ်ဘုရားအရာဝတ္ထုကို ပိုင်ဆိုင်သူတိုင်းသည် ထိုတာအို၏ အခွင့်အာဏာ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။
သို့သော် ထိုစဉ်က ကြေကွဲဖွယ် ကောင်းသော တိုက်ပွဲကြီးအပြီးတွင် မဟာတာအိုသုံးထောင် သည် ထိုအရာများ၏ တာအို နတ်ဘုရားအရာဝတ္ထုများနှင့်အတူ ကြေမွသွားပြီး အချိန်သမိုင်းကြောင်းတွင် မီးခိုးတစ်မျှင်အဖြစ် လုံးဝပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဘုံများကို အမဲလိုက်ခြင်းမှတဆင့် အသက် မဟာတာအို၏ မူလဘူတ နတ်ဘုရားအရာဝတ္ထုမှ အပိုင်းအစတစ်ခုကို သူ ရရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"ဒါပေမယ့်... ပြောရမယ်ဆိုရင်..."
"ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီနဲ့ သွားတွေ့ရမယ့် အချိန်လည်း ရောက်ပြီပဲ..."
သူ၏လက်ထဲရှိ အပိုင်းအစကို သေချာစွာ သိမ်းဆည်းပြီးနောက် ခုံးဝူတောက်သည် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ ထွက်ခွာရန် ဟန်ပြင်လိုက်လေသည်။
ဤ ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီသည် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး ရှေးဟောင်းဘိုးဘေးကြီး ဖြစ်သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် အနေဖြင့် သူမကို ကိုင်တွယ်ရန် သူ့အတွက် ခက်ခဲမည် မဟုတ်ပေ။
.........
ခုံးဝူတောက် ထွက်ခွာမသွားမီ သူ၏ဖခင်က သူ့ကို နောက်တစ်ကြိမ် ဆင့်ခေါ်ခဲ့သည်။
အချိန်လေဟာနယ် သူတော်စင်ခန်းမ အတွင်းတွင်...
"မဆိုးပါဘူး..."
ခုံးဝူကျိ၏မျက်နှာအမူအရာသည် နူးညံ့နေပြီး သူ၏သားကို ကြည့်နေစဉ် သူ၏ မျက်လုံးများအတွင်း၌ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ကြည့်ရတာတော့ ခုံးဝူတောက်... မင်း ဒီတံခါးပိတ်ကျင့်ကြံခြင်းကနေ အကျိုးကျေးဇူးတွေ အများကြီး ရလိုက်ပုံရတယ်..."
ခုံးဝူတောက်သည် သူ၏ကျင့်ကြံခြင်း ကို တမင်သက်သက် ဖုံးကွယ်မထားခဲ့သဖြင့် သူ၏ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုး အရှိန်အဝါသည် သိသာထင်ရှားနေပေ၏။
သူ၏ဖခင် ခုံးဝူကျိပင်လျှင် ခုံးဝူတောက်ကြောင့် အလွန်အမင်း အံ့အားသင့်သွားသည်။
ခုံးဝူတောက် ပြန်နိုးထလာသည့် နေ့ရက်များကို ရေတွက်ကြည့်လျှင် လဝက်ကျော်မျှသာ ရှိသေးသည်။
တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်မှ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုး ...
ထိုသို့သော ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်ခြင်း အမြန်နှုန်းသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ သမိုင်းကြောင်းတွင် လောကကြီးကို တုန်လှုပ်စေသည်ဟု သတ်မှတ်ရန် လုံလောက်သည်။
"မင်းကို တစ်ခုခု ပြောပြဖို့ ဒီတစ်ကြိမ်မှာ ငါ ခေါ်လိုက်တာပဲ..."
"မင်း တံခါးပိတ်ကျင့်ကြံနေတဲ့ ကာလအတွင်းမှာ ကောင်းကင်ဘုံတာအိုနယ်မြေမှာ တောက်ပတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်... ငါတို့ရဲ့ တွက်ချက်မှုတွေအရ ရှေးဟောင်းလျှို့ဝှက် ရတနာ တစ်ခုက အဲ့ဒီတာအိုနယ်မြေမှာ ထွက်ပေါ်လာဖို့ များတယ်..."
"ဒီပစ္စည်းက ကဏဦးခေတ်ကိုတောင် ပြန်ပြီးခြေရာခံနိုင်တယ်လို့ ငါက မှန်းဆထားတယ်..."
"အဲ့ဒါက ဒဏ္ဍာရီလာ ရှေးဟောင်းမဟာတာအို အမှတ်အသားတောင် ဖြစ်နိုင်တယ်...တကယ်လို့ ခုံးဝူတောက်... မင်းက အဲ့ဒါကို အောင်မြင်စွာ ဝါးမျိုနိုင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရှိလာလိမ့်မယ်..."
ရှေးဟောင်းမဟာတာအို အမှတ်အသားလား..
ခုံးဝူတောက်၏စိတ်နှလုံးသား အနည်းငယ် တုန်ယင်သွားသည်။
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ သမိုင်းကြောင်းကို ကြည့်လိုက်လျှင် အလွန်အမင်း ထွန်းကားခဲ့သော မဟာထောင်ချီ တောက်ပသောခေတ် ဖရိုဖရဲဖြစ်ခဲ့သော ရှေးဟောင်းခေတ်နှင့် ဧကရာဇ်ကျဆုံးခြင်း ခေတ်တို့အပြင် အထင်ရှားဆုံးမှာ မှတ်တမ်းအနည်းဆုံးဖြစ်သော ကဏဦးခေတ်သာ ဖြစ်နိုင်သည်။
ရှေးဟောင်း မှတ်တမ်းများအရ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ ၏ သမိုင်းဝင် ခေတ်များကို အစောဆုံးမှ နောက်ဆုံးအထိ ခေတ်ငါးခုအဖြစ် ခွဲခြားနိုင်သည်။
ကဏဦးခေတ်...
မဟာထောင်ချီ တောက်ပသောခေတ်...
ရှေးဟောင်းခေတ်...
ဧကရာဇ်ကျဆုံးခြင်းခေတ်...
မှတ်ချက်... ဧကရာဇ်ကျဆုံးခြင်းခေတ်ပြီးနောက် နှစ်ပေါင်းတစ်သိန်းအကြာတွင် ထိုအရာကို ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ တွင်ရှိသော သက်ရှိများက ပျက်စီးခြင်းခေတ် ဟု ခေါ်ဆိုခဲ့ကြသည်။
ဤခေတ်တွင် ကောင်းကင်ဘုံများသည် နှိုင်းယှဉ်ရလွယ်ကူစွာ တည်ငြိမ်နေသောကြောင့် ထိုအရာကို ကောင်းကင်ဘုံများရှိ သက်ရှိများက သမိုင်းဝင် စာအုပ်များတွင် မှတ်တမ်းမတင်ခဲ့ကြပေ။
ထို့ပြင် လက်ရှိကောင်းကင်ဘုံများ ပြန်လည်နိုးထခြင်းခေတ်....
မဟာထောင်ချီ တောက်ပသောခေတ်တွင် မရေမတွက်နိုင်သော တာအိုအမွေအနှစ်နယ်မြေများ မြင့်မားစွာ ရပ်တည်ခဲ့ပြီး တားမြစ်နယ်မြေဆယ့်ခြောက်ခုက လောကကြီးကို ကျော်လွန်ကာ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ တစ်ခုလုံးကို ဂုဏ်ကျက်သရေ ရှိစေခဲ့သည်။
သို့သော် ရှေးဟောင်းခေတ်တွင် ကောင်းကင်ဘုံများအားလုံးတွင် ဖရိုဖရဲဖြစ်မှုများ ပေါက်ကွဲထွက်လာပြီး သက်ရှိများအားလုံး ငိုကြွေးကာ ဆိုးရွားသော အခြေအနေများထဲသို့ ကျရောက်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးကြောင့် သက်ရောက်မှုရှိခဲ့သဖြင့် ထိုခေတ်တွင် မဟာတာအိုသုံးထောင်သည်လည်း လုံးဝဖျက်ဆီးခံခဲ့ရသည်။
ဧကရာဇ်ကျဆုံးခြင်းခေတ်နှင့် ပတ်သက်၍မူ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးအပြီးတွင် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများရှိ အင်အားစုအသီးသီး၏ နောက်ဆက်တွဲတိုက်ပွဲများ ဖြစ်ကြ၏။
ဤသည်မှာ မဟာဧကရာဇ်အသီးသီး တိုက်ခိုက်ကြသော ကာလတစ်ခုဖြစ်ပြီး ထူးချွန်သော မရေမတွက်နိုင်သည့် မဟာဧကရာဇ်များသည် ထိုခေတ်တွင် မြှုပ်နှံခံခဲ့ရသည်။
လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်သော ကဏဦးခေတ်နှင့် ပတ်သက်၍မူ ခုံးဝူတောက်သည် ထိုအရာအကြောင်းကို သိပ်မသိခဲ့ပေ။
ဒဏ္ဍာရီများအရ ကဏဦးခေတ်တွင် ဖရိုဖရဲများ ပထမဆုံး ထွက်ပေါ်လာပြီး မဟာမြူခိုးများ ပထမဆုံး ဖွဲ့စည်းလာခဲ့သည်။
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများသာမက တခြားသော လောကကြီးများနှင့် ဒဏ္ဍာရီလာအင်မော်တယ်နယ်မြေပင်လျှင် ကြီးမားသော အရာတစ်ခုအဖြစ် ကျန်ရှိနေသေးသည်။
ဤကာလအတွင်းတွင် ဤကြီးမားသော ပေါင်းစည်းထားသည့် လောကကြီးတွင် မွေးရာပါသက်ရှိများနှင့် ဖရိုဖရဲ နတ်ဘုရားမိစ္ဆာများ မွေးဖွားလာခဲ့သည်ဟုသော ကောလာဟလများ ရှိလေ၏။
အတွေးတစ်ချက်တည်းဖြင့် သူတို့သည် မရေမတွက်နိုင်သော လောကငယ်ကို ဖျက်ဆီးနိုင်ပြီး ကောင်းကင်ဘုံများကို ဖိနှိပ်နိုင်သည်။
သို့သော် နောက်ပိုင်းတွင် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း လောကကြီးအသီးသီးဖြင့် ဖွဲ့စည်းထားသော ဤ "ကြီးမားသည့် အရာ"သည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားခဲ့သည်။
သန်းဆယ်နှင့်ချီသော ကမ္ဘာ့အပိုင်းအစများသည် စကြဝဠာတစ်လျှောက် ပြန့်ကျဲသွားပေ၏။
နောက်ဆုံးတွင် ထိုအရာများသည် အင်မော်တယ်နယ်ပယ်နှင့် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများကဲ့သို့ နှိုင်းယှဉ်ရလွယ်ကူစွာ လွတ်လပ်သော မရေမတွက်နိုင်သည့် လောကကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
သေချာသည်မှာ မရေမတွက်နိုင်သော ဤကမ္ဘာ့အပိုင်းအစများတွင် အင်မော်တယ်နယ်မြေအပိုင်းအစသည် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံးပင်။
ကောင်းကင်ဘုံများ၏ ကဏဦးခေတ်မှ ရှေးဟောင်းမဟာတာအို အမှတ်အသားသည် အမှန်တကယ်ကို ပြီးပြည့်စုံသော မဟာတာအို တစ်ခုပင်။
ဤသည်က မဟာထောင်ချီ တောက်ပသောခေတ်၏ မဟာတာအိုသုံးထောင်ထက် များစွာပို၍ အစွမ်းထက်ပြီး စည်ပင်ထွန်းကားသည်။
ရှေးဟောင်းမဟာတာအို အမှတ်အသားသည် ထာဝရမူလဘူတ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်ဟု ကောလာဟလများ ရှိလေ၏။
မဟာဧကရာဇ်များကို မဆိုထားနှင့် ဒဏ္ဍာရီလာ စစ်မှန်သော အင်မော်တယ်များပင်လျှင် ထိုသို့သော အထွတ်အထိပ်ရတနာကို လိုချင်ကြပေလိမ့်မည်။
"ဒါပေမယ့်... ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ တည်နေရာက အရမ်းထူးခြားတယ်... အဲ့ဒါက ကြားနေတာအိုနယ်မြေတစ်ခုပဲ..."
ထိုအချိန်မှာပင် ခုံးဝူကျိက ဆက်လက်၍ ပြောဆိုသည်။
"သူတော်စင်နယ်ပယ်အောက်က ကျင့်ကြံသူ တွေပဲ အဲ့ဒီနယ်မြေထဲကို ဝင်ခွင့်ရှိတယ်... သူတော်စင်နယ်ပယ်ရဲ့အထက်က အစွမ်းထက် ကျွမ်းကျင်သူတွေ ဝင်သွားမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ တာအိုရဲ့တန်ပြန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်... ဒါက သေဆုံးခြင်းနဲ့ သူတို့ရဲ့တာအို ပျောက်ကွယ်သွားခြင်းကို ဖြစ်စေလိမ့်မယ်..."
"ဒါကြောင့် ဒီခရီးစဉ်အတွက် မင်းရဲ့တာအို အစောင့်အရှောက်တွေအဖြစ် နတ်ဘုရားဘုရင်နယ်ပယ် အစွမ်းထက်ကျွမ်းကျင်သူတချို့ကို ငါ စေလွှတ်မယ်..."
"ဧကရာဇ် အမိန့်တော်နဲ့ ပတ်သက်လို့တော့ အခုလောလောဆယ်မှာ မင်း သုံးလို့ မရဘူး..."
"သေချာတာပေါ့... ခုံးဝူတောက်... မင်းက ဒီခရီးစဉ်မှာ စိတ်ချလက်ချနဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်..."
"ကောင်းကင်ဘုံ တာအိုနယ်မြေ အကြောင်း သတင်းတွေက အခု ပတ်ဝန်းကျင်က တာအိုနယ်မြေတွေကို ပျံ့နှံ့သွားပြီ...ဒါကြောင့် အင်မော်တယ် တာအိုအမွေအနှစ်မြေတွေနဲ့ ရှေးဟောင်းထိပ်သီးမိသားစုတွေက သူတို့ရဲ့ အထူးချွန်ဆုံး ရှေးဟောင်း ပါရမီရှင်တွေကို စေလွှတ်ကြလိမ့်မယ်..."
ဤစကားကို ကြားသောအခါ ခုံးဝူတောက်၏ မျက်လုံးများ တောက်ပသွားပြီး အတော်လေး အံ့အားသင့်သွားပုံရသည်။
သတင်းများက ပတ်ဝန်းကျင်ရှိ တာအိုနယ်မြေ များသို့ ရောက်သွားသလော...
ထိုအရာက ကြက်သွန်မြိတ်ကြီးတွေ... မဟုတ်သေး... ကောင်းကင်ကံကြမ္မာပိုင်ရှင်များစွာ ရောက်လာတော့မည်ဆိုသည့် အဓိပ္ပာယ် မဟုတ်လော။
**Note...ကြက်သွန်မြတ်ကြီးတွေက တရုတ်ဘန်းစကားပါ...အမြတ်ထုတ်လို့ရမယ့်လူတွေဆိုတဲ့ အဓိပ္ပါယ်ရပါတယ်