အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃) အရပ်မျက်နှာအားလုံးက တုံ့ပြန်မှုများ....ပါရမီရှင်တွေအားလုံး ထွက်ပေါ်လာကြပြီ
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများသည် ကျယ်ဝန်းပြီး အဆုံးအစမဲ့ကာ တာအိုအမွေအနှစ်မြေများ မရေမတွက်နိုင်အောင် ရှိနေသည်။
ယခုချိန်၌ ကောင်းကင်ဘုံတာအိုနယ်မြေတွင် ဤမျှထိ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီဖြစ်ရာ ထိုကိစ္စသည် မရေမတွက်နိုင်သော ပါရမီရှင်များကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ဤသည်မှာ မည်သည်ကြောင့် သာမန် စမ်းသပ်ကွင်းပြင်တစ်ခု ဖြစ်နိုင်မည်နည်း...
ဤနေရာသည် ကြက်သွန်မြိတ်ကြီးများကို ရိတ်သိမ်းရန် နေရာတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေပေ၏။
"ဟဲ ဟဲ..... ကြည့်ရတာတော့ ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီကို ယဉ်ပါးအောင် သွေးဆောင်မယ့်ကိစ္စကို ထပ်ပြီး နောက်ဆုတ်ထားရမယ် ထင်တယ်..."
ခုံးဝူတောက်၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးတက်သွားသည်။
"ကောင်းကင်ဘုံ တာအိုနယ်မြေလား..."
"အဲဒါက ငါ့အတွက် ပျော်ရွှင်မှုနည်းနည်း ပိုပြီးယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
............
တစ်ချိန်တည်းမှာပင်...
ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ရှေးဟောင်းမဟာတာအို အမှတ်အသား ထွက်ပေါ်လာမည်ဟူသော သတင်းသည် တာအိုနယ်မြေများစွာကို မုန်တိုင်းတစ်ခုအလား တိုက်ခတ်သွားသည်။
အချိန်တခဏအတွင်းမှာပင် ကျယ်ဝန်းသော စကြဝဠာရှိ ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ယံတွင် နတ်ဘုရားစိတ်ဝိညာဉ်များ မရေမတွက်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းပြီး တိုက်မိနေကြ၏။
"အဲ့ဒါက တကယ်တော့ ကဏဦးခေတ်က လျှို့ဝှက်ဆန်းကြယ်ဆုံး မဟာတာအို အမှတ်အသားပဲ... ဒီလို ထိပ်သီးနတ်ဘုရားအရာဝတ္ထုမျိုးကို ငါတို့ရဲ့ကောင်းကင်ဘုံရတနာဂိုဏ်း က သေချာပေါက် ရယူရမယ်..."
"ကောင်းကင်ဘုံတွေက ပြန်လည်နိုးထလာနေပြီ... ပါရမီရှင်တွေက နေရာအနှံ့အပြားမှာ ထကြွလာနေပြီ... ကောင်းကင်ဘုံ တာအိုနယ်မြေ မှာ ဖြစ်မယ့် ဒီတိုက်ပွဲက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး အလောင်းတောင်တွေနဲ့ သွေးပင်လယ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်..."
"တကယ်လို့ ငါက ငါ့ကို ကူညီဖို့ ဒီလိုနတ်ဘုရားအရာဝတ္ထုမျိုးကို ရနိုင်မယ်ဆိုရင် မဟာဧကရာဇ် တစ်ပါး ဖြစ်လာဖို့က လုံးဝသေချာတဲ့ ကိစ္စတစ်ခုပဲ... ငါက အဲ့ဒီကနေတဆင့် ဒဏ္ဍာရီလာ ဘဝတစ်ခု ကောင်းကင်ကံကြမ္မာကိုတောင် ရကောင်းရနိုင်တယ်..."
"နတ်ဘုရားနေမင်း တာအိုနယ်မြေရဲ့ ရွှေကျီးကန်းနတ်ဘုရားတောင်က သူတို့ရဲ့ ပါဝင်မှုကို ထုတ်ပြန်ကြေညာထားပြီးပြီ... အဲ့ဒါက ယောင်မျိုးနွယ်တွေကြားက ထိပ်တန်းတာအိုအမွေအနှစ်မြေတစ်ခုပဲ... နေမင်းနတ်ဘုရား မီးတောက်ကို ကိုင်စွဲထားနိုင်တယ်လို့ ကောလာဟလ ထွက်နေပြီးတော့ သူတို့ရဲ့ မီးတောက်တစ်မျှင်က ကောင်းကင်ကို ပြာကျစေနိုင်ပြီး ပင်လယ်တွေကို ဆူပွက်စေနိုင်တယ်... ဒါက နှိုင်းယှဥ်ပြစရာမရှိအောင် ကြောက်စရာကောင်းတယ်...."
"ကောင်းကင်ဘုံ တာအိုနယ်မြေကို ဦးတည်သွားနေတဲ့ ဒီပါရမီရှင်တွေက ကြောက်မက်ဖွယ်ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ကြုံတွေ့ရဖို့ များတယ်..."
"ကောင်းကင်ဘုံ တာအိုနယ်မြေကို သွားဖို့ စီစဉ်နေတဲ့ ထိပ်တန်းယောင်မျိုးနွယ် အင်အားစုက တစ်ခုတည်း ရှိတာ မဟုတ်ဘူး... ရေနက်ပင်လယ် နဂါးမျိုးနွယ်စုကလည်း ပါဝင်ဖို့ ရည်ရွယ်ထားတယ်....."
"ယောင်မျိုးနွယ်တွေတင် မကဘူး... ဒဏ္ဍာရီလာ ရှေးဟောင်းစုန်းမမျိုးနွယ်စုကလည်း သူတို့ရဲ့ ထိပ်တန်းပါရမီရှင်တွေကို ကောင်းကင်ဘုံ တာအိုနယ်မြေ မှာ ယှဉ်ပြိုင်ဖို့အတွက် စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ငါ ကြားတယ်..."
"ပြီးတော့ ငါတို့ လူသားမျိုးနွယ်စုရဲ့ ထိပ်တန်း တာအိုအမွေအနှစ်နယ်မြေဖြစ်တဲ့ ကောင်းကင်ဘုံတောင်ဓားဂိုဏ်းကလည်း သူတို့ရဲ့ အပူအပင်မဲ့ ဓားသခင်ကို စေလွှတ်မယ့်ပုံပဲ... သူက ဒြပ်စင်ငါးပါး မူလဘူတ မဟာတာအို ဓားအရိုးတွေရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ..."
"လောကီရေးရာတွေနဲ့ ကင်းရှင်းတယ်လို့ ဆိုကြတဲ့ ဟုန်ချန်သီလရှင်ကျောင်းကလည်း ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို စေလွှတ်မယ်လို့ ငါ ကြားထားတယ်..."
"ဟုန်ချန်သီလရှင်ကျောင်းလား... လောကီရေးရာတွေကနေ စိတ်ခံစားမှုတွေကို ဖြတ်တောက်တဲ့ တာအိုကို ကျင့်ကြံတဲ့ အမျိုးသမီးတွေသီးသန့်ရှိနေတဲ့ အဲ့ဒီဂိုဏ်းလား..."
".........."
တာအိုအမွေအနှစ်မြေအသီးသီးမှ အစွမ်းထက် ကျွမ်းကျင်သူများသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။
ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ထွက်ပေါ်လာတော့မည့် အရာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များသည် အလွန်များပြားလွန်းသဖြင့် မရေမတွက်နိုင်သော တာအိုအမွေအနှစ်မြေများက သွားရောက်၍ ဝေစုတစ်ခု ရယူချင်ကြသည်မှာ သဘာဝကျသည်။
သို့သော် မကြာမီမှာပင် သူတို့၏ ဆွေးနွေးမှု အကြောင်းအရာသည် အချက်တစ်ချက်အပေါ်တွင် တိတ်တဆိတ် စုဆုံသွားသည်။
"ဒါပေမယ့် ပြောရမယ်ဆိုရင်... အခုလို ကြီးမားတဲ့ ဖြစ်ရပ်ကြီး ဖြစ်နေတာဆိုတော့ မကြာသေးခင်ကမှ သူတို့ရဲ့ အိပ်မောကျနေမှုကနေ ပြန်လည်နိုးထလာတဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကလည်း လူတွေကို စေလွှတ်လိမ့်မယ် မဟုတ်ဘူးလား..."
"အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်... ခုံးဝူတောက်..."
"ဒီ နတ်ဘုရားသားတော်က မိစ္ဆာဆန်တဲ့ တည်ရှိမှုတစ်ခုလို့ ငါ ကြားဖူးတယ်... လွန်ခဲ့တဲ့ အချိန်အတန်ကြာက သူ မြောက်ဘက်ရွှမ်တာအိုနယ်မြေကို သွားခဲ့ပြီးတော့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ကို တိုက်ရိုက်သတ်ဖြတ်ခဲ့တယ်လို့ ငါ ကြားတယ်... သူ့ရဲ့ စွမ်းအားက အဆုံးအစမရှိ ကြောက်စရာကောင်းတယ်..."
သို့သော် ထိပ်တန်းတာအိုအမွေအနှစ်မြေတချို့၏ ဆက်ခံသူများက အထင်သေးစွာဖြင့် လှောင်ပြောင်ခဲ့ကြသည်။
"ဖရိုဖရဲ မြင့်မြတ်နယ်မြေလား... အဲ့ဒါက ဘယ်လို အမှိုက်ဖြစ်ပြီး ဆုတ်ယုတ်နေတဲ့ အင်အားစုမျိုးလဲ..."
"ခုံးဝူတောက်... အဲ့ဒီကောင်က တကယ့်ကို သနားစရာကောင်းတာပဲ... ဒီလို အမှိုက် အင်အားစုတစ်ခုရဲ့နယ်မြေမှာ ကြွားလုံးထုတ်တာက ဘယ်လို စွမ်းရည်မျိုးလဲ..."
"သူက ပျက်စီးခြင်းခေတ်တုန်းက အိပ်မောကျနေခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲလေ... ကျင့်ကြံခြင်းအရဆိုရင် ပြန်လည်နိုးထခြင်းခေတ်မှာ ရှိနေတဲ့ ငါတို့နဲ့ သူက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ..."
"ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ခုံးဝူတောက် ကောလာဟလတွေက ပြောသလောက် နတ်ဘုရားဆန်သလားဆိုတာ ငါ ကြည့်ချင်တယ်..."
...........
ပြန်လည်ဝင်စားခြင်း တာအိုနယ်မြေ...ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း...
ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီ သည် ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး ရှေးဟောင်းဘိုးဘေးကြီး အနေဖြင့် ကောင်းကင်ဘုံတာအိုနယ်မြေတွင် ဖြစ်လာနိုင်သည့် အရာများကိုလည်း သိရှိထားသည်။
ပလ္လင်ပေါ်တွင် ထိုင်နေသော ပြန်လည်ဝင်စားခြင်းကောင်းကင်ဘုံဧကရီသည် သူမ၏နူးညံ့ချောမွတ်သောလက်ကို သူမ၏ပါးပြင်ပေါ်တွင် တင်ထားပြီး သူမသည် တွေးတောခြင်းထဲသို့ နစ်မျောနေပုံရသည်။
သူမ၏ ပြန်လည်မွေးဖွားခြင်း နောက်ပိုင်းတွင် သူမ၏ ယခင်ဘဝမှ အရာများစွာသည် သူမ၏ မှတ်ဉာဏ်များအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ ယခင်ဘဝက ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အနည်းငယ် နားလည်ထားသော်လည်း တိကျသောအရာများကို သူမ မမှတ်မိနိုင်တော့ပေ။
သို့သော် သေချာသောအရာ တစ်ခုမှာ ခုံးဝူတောက်သည် ကောင်းကင်ဘုံ တာအိုနယ်မြေရှိ တခြားအင်အားစုများမှ ပါရမီရှင်များနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းပင်။
ထိုအရာက သူတို့၏နောက်ကွယ်ရှိ အင်အားစုများကိုပင် ကြီးမားသော ပဋိပက္ခတစ်ခုတွင် ပါဝင်လာစေခဲ့သည်။
သူမက တခြားတစ်ခုခုကို တွေးမိသည့်အလား ခါးသီးသောအပြုံးတစ်ခုက ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီ၏ နှုတ်ခမ်းပေါ်တွင် ထွက်ပေါ်လာပေ၏။
"ခုံးဝူတောက်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကြောင့် ကောင်းကင်ဘုံ တာအိုနယ်မြေ က ပစ္စည်းတွေက သေချာပေါက် သူ့ရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်..."
"လူတွေကို လုယူဖို့ ဦးနှောက်ခြောက်ခံခိုင်းမယ့်အစား... ခုံးဝူတောက်ကို လျှို့ဝှက်စွာ ကူညီပေးပြီးတော့ သူ့ရဲ့ မျက်နှာသာပေးမှုကို ရယူတာက ပိုကောင်းတယ်....."
မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီ၏ အာရုံခံစားမှုသည် အမြဲတစေ အလွန်အကဲဆတ်သည်။
ထိုနေ့က လာရောက်လည်ပတ်မည်ဟု ခုံးဝူတောက်၏ ပြောဆိုချက်သည် ရုတ်တရက် စိတ်ကူးပေါက်ခြင်း မဟုတ်ဘဲ သူမအပေါ် ရည်ရွယ်ချက်များ ရှိနေသည်ဟု သူမ အမြဲတစေ ခံစားရသည်။
သူ တစ်ခုခုကို သိနေသည်ဟုပင် သူမ သံသယဝင်မိလေ၏။
ပြန်လည်ဝင်စားခြင်း ကောင်းကင်ဘုံဧကရီသည် ခေါင်းခါယမ်းလိုက်ပြီး ဆက်လက်၍ မတွေးတော့ဘဲ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ငါ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေအရ... ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ကဏဦးခေတ် က နတ်ဘုရားအရာဝတ္ထု ပေါ်လာပြီးတဲ့နောက်မှာ....."
"ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်မြေတွေအားလုံးရဲ့ မဟာတာအို ဥပဒေသက လုံးဝပြန်နိုးထလာပုံရပြီးတော့ မရေမတွက်နိုင်တဲ့ ရှေးဟောင်း လျှို့ဝှက်နယ်မြေတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်....."
"ဒဏ္ဍာရီလာ မဟာနတ်ဘုရားကျောက်တိုင်ကြီး ဆယ်ခုတောင်မှ လောကကြီးမှာ သဲလွန်စတွေကို နောက်တစ်ကြိမ် ပြသလာခဲ့တယ်..... နောက်ပိုင်းမှာ အပေးအယူလုပ်စရာတွေ ပိုရှိလာဖို့ ငါက ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်..."
...........
အချိန်လေဟာနယ် တားမြစ်နယ်မြေ...
အပြင်ဘက်တွင် ဖြစ်ပေါ်နေသော ရုတ်ရုတ်သဲသဲဖြစ်မှုများကို ခုံးဝူတောက် မသိခဲ့ပေ။
သူသည် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ခရီးစဉ်အတွက် ပို၍ကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် ဤကာလအတွင်း...
ခုံးဝူတောက်သည် ယခင်က သူ အောင်မြင်စွာ ထိန်းသိမ်းထားခဲ့သော ယွင်ရှောင်၏ ခန္ဓာကိုယ်ကို မဟာတာအို ရုပ်သေးရုပ်တစ်ခုအဖြစ် သန့်စင်ရန် အထူးနည်းလမ်းများကို အသုံးပြုခဲ့၏။
ယွင်ရှောင်နှင့် အနည်းငယ် ဆင်တူပြီး မျက်လုံးများ စုံမှိတ်ထားသော အမျိုးသားကို ကြည့်ရင်း ခုံးဝူတောက်၏နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။
"နောက်တစ်ဆင့်အနေနဲ့... ဒီ ရုပ်သေးရုပ် ကို လုံးဝထိန်းချုပ်ဖို့ ငါ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် တစ်မျှင်ကို ခွဲထုတ်ဖို့ပဲ လိုတော့တယ်..."
သူ၏ အသံဆုံးသွားသည်နှင့် ခုံးဝူတောက်၏ စိတ် လှုပ်ရှားသွားပြီး သူ၏နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်လာသည်။
ထိုအရာသည် သူ့ရှေ့ရှိ မဟာတာအို ရုပ်သေးရုပ် ထဲသို့ ချက်ချင်းပေါင်းစပ်သွားလေ၏။
မူလက အသက်ကင်းမဲ့နေသော မဟာတာအို ရုပ်သေးရုပ်သည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲချီ များကို ထုတ်လွှတ်လိုက်သည်။
"ငါ့ကို စွမ်းအားကုန်သုံးပြီး တိုက်ခိုက်စမ်း..."
ခုံးဝူတောက်၏အသံ အဆုံးသတ်သွားသည်နှင့်မဟာတာအို ရုပ်သေးရုပ်သည် အမိန့်ကို ချက်ချင်း လက်ခံရရှိခဲ့သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ စွမ်းအား များကို လှည့်ပတ်ပြီး ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်ကာ ခုံးဝူတောက်ဆီသို့ တိုက်ခိုက်လိုက်သည်။
ဝုန်း...
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် မုန်တိုင်းတစ်ခု ပျံ့နှံ့သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားသည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်သည့် မဟာတာအို ရုပ်သေးရုပ်၏ လက်သီးချက်ကို ခုံးဝူတောက်က သူ၏ခန္ဓာကိုယ်အား လက်မဝက်မျှပင် မလှုပ်ရှားဘဲ လက်တစ်ဖက်တည်းဖြင့် ခိုင်မာစွာ ဖမ်းဆုပ်ထားသည်။
"စွမ်းအားက လက်ခံနိုင်လောက်ပါတယ်... ငါ သန့်စင်ဖို့အတွက် ပစ္စည်းတွေအဖြစ် အဲ့ဒီ သူတော်စင်နယ်ပယ် မဟာတာအို ရုပ်သေးရုပ် နှစ်ခုကို သုံးခဲ့ရတာ အလဟဿ မဖြစ်ပါဘူး..."
ယွင်ရှောင်၏ခန္ဓာကိုယ်ကို သူ ပြန်လည်သန့်စင်ပြီးနောက် တာအိုရုပ်သေးရုပ်၏ကျင့်ကြံခြင်းသည်လည်း နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာလည်း ယခင်က ကောင်းကင်ဘုံများကို အမဲလိုက်ခြင်းအတွင်း၌ သူ ရရှိခဲ့သော သူတော်စင်နယ်ပယ် မဟာတာအို ရုပ်သေးရုပ် နှစ်ရုပ်ကြောင့်ပင်။
အကယ်၍ ယွင်ရှောင်သာ မြေအောက်ကမ္ဘာရှိ မြစ်ဝါမြစ်မှ ဤမြင်ကွင်းကို မြင်ခဲ့ရမည်ဆိုလျှင် သူ၏ဘဝကို သံသယဝင်သွားမည်လားဟု ခုံးဝူတောက်က တွေးတောမိသည်။
သူ၏ရုပ်ခန္ဓာကိုယ်ကို ခုံးဝူတောက်က နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးသို့ မြှင့်တင်ပေးပြီးနောက် သူ၏စွမ်းအားပြည့် တိုက်ခိုက်မှုသည် ခုံးဝူတောက်ကို လက်မဝက်မျှပင် မလှုပ်ရှားစေနိုင်သေးပေ။
သူ အသက်ရှင်စဉ်က သူ၏ အကြီးမားဆုံးသော ရည်မှန်းချက်ဆိုသည်မှာ ခုံးဝူတောက်၏ရှေ့တွင် ရယ်စရာတစ်ခုမျှသာ ဖြစ်ပေ၏။
မဟာတာအို ရုပ်သေးရုပ်ကို သိမ်းဆည်းပြီးနောက်....
ခုံးဝူတောက်သည် အချိန်လေဟာနယ် သူတော်စင်ခန်းမမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။
ယခုချိန်၌ သူ ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ထွက်ခွာရန် အချိန်တန်လေပြီ။
"ကြက်သွန်မြိတ်ကြီးတွေကို ရိတ်သိမ်းရမယ့် ဒီခရီးစဉ်က ဒီနတ်ဘုရားသားတော်ကို နည်းနည်းလောက် စိတ်ကျေနပ်စေဖို့ မျှော်လင့်ပါတယ်..."
...
အခန်း (၈၄) ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ရောက်ရှိခြင်း... ဧကရာဇ်တစ်ပါး ပြန်လည်မွေးဖွားလာတာလား
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ထိုနေ့တွင် ခုံးဝူတောက်သည် ခမ်းနားထည်ဝါသော ရထားလုံးတစ်စီးကိုစီးကာ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ထွက်ခွာပြီး ကောင်းကင်ဘုံ တာအိုနယ်မြေဆီသို့ ဦးတည်သွားသည်။
ဤခရီးစဉ်တွင် ကောင်းကင်အလင်း မိုးပြာနဂါး ကို သူ မစီးခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်အလင်း မိုးပြာနဂါး၏ ကျင့်ကြံခြင်း သည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ဘုံ တာအိုနယ်မြေထဲသို့ ဝင်ရောက်၍မရနိုင်ပေ။
သေချာသည်မှာ ကောင်းကင်အလင်း မိုးပြာနဂါး အတွက် တာဝန်တစ်ခုကိုလည်း သူ ချန်ထားခဲ့သည်။
အကယ်၍ သူ ပြန်လာချိန်တွင် ကောင်းကင်အလင်း မိုးပြာနဂါးသည် သူတော်စင်နယ်ပယ်၏ အထက်သို့ အောင်မြင်စွာ မချိုးဖျက်နိုင်သေးပါက...
ထိုအချိန်၌ သူသည် ကောင်းကင်အလင်း မိုးပြာနဂါးကို စွပ်ပြုတ်ချက်ရန် တိုက်ရိုက်ပြုတ်ပစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အလေအလွင့်ဖြစ်ခြင်းကို သူ အမုန်းဆုံးပင်။
ကောင်းကင်အလင်း မိုးပြာနဂါးသည် သူ၏ စီးတော်ယာဉ်သာ ဖြစ်လျှင်ပင် ထိုကောင်စုတ်သည် လုံ့လဝီရိယရှိစွာ ကျင့်ကြံရပေမည်။
ဤခရီးစဉ်တွင် ခုံးဝူတောက်သည် လူအများအပြားကို ခေါ်ဆောင်မလာခဲ့ပေ။
သူ၏နောက်သို့ လျှို့ဝှက်စွာ လိုက်ပါစောင့်ရှောက်သော ထိပ်တန်းနတ်ဘုရားဘုရင်နယ်ပယ် အစွမ်းထက်ကျွမ်းကျင်သူ အနည်းငယ်အပြင် ခုံးကျန်ယွဲ့ ခုံးရွှမ်ယန်နှင့် တခြားဧကရာဇ်သားတော်အစဉ်အဆက်လေးဦးသာ ပါဝင်သည်။
တခြား ဧကရာဇ်သားတော်များနှင့် သမီးတော်ငါးဦးနှင့် ပတ်သက်၍မူ သူတို့ထံတွင် လုပ်ဆောင်ရန် တခြားကိစ္စများ ရှိနေသည်။
ဝှစ်...
ရထားလုံးသည် တောက်ပသော ရှေးဟောင်း ကြယ်တာရာလမ်းကြောင်းတလျှောက် အရှိန်ပြင်းစွာ မောင်းနှင်သွားပြီး ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။
သူတို့၏ အမြင်အာရုံကို ဖုံးကွယ်ထားသော အလင်းမြူခိုးများ လုံးဝပျောက်ကွယ်သွားချိန်တွင်...
ခုံးဝူတောက်နှင့် သူ၏အဖွဲ့သည် ကြယ်များပြည့်နှက်နေသော တခြားကောင်းကင်ယံတစ်ခုသို့ ရောက်ရှိနေလေပြီ။
ကောင်းကင်ဘုံ တာအိုနယ်မြေသည် တာအိုနယ်မြေအနည်းငယ်၏ ဆုံချက်တွင် တည်ရှိသည်။
ထိုနေရာ၏ အထူးပထဝီဝင်အနေအထားကြောင့် ကောင်းကင်ဘုံ တာအိုနယ်မြေသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ အဓိက အမာခံ အချက်အချာနေရာတစ်ခုဟု သတ်မှတ်နိုင်သည်။
သို့သော် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် သူတော်စင်နယ်ပယ်အထက်ရှိ အစွမ်းထက် ကျွမ်းကျင်သူများ ဝင်ရောက်ခြင်းကို တားဆီးသည့် အထူးဥပဒေသများ ရှိသောကြောင့်...
ထိုနယ်မြေအတွင်းရှိ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များသည် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ မူလသက်ရှိများထဲတွင် ခြေလှမ်းတစ်ဝက် သူတော်စင်များမျှသာ ဖြစ်ကြသည်။
သို့သော် ထိုနယ်မြေအတွင်းရှိ အထူးဥပဒေသ များကြောင့်လည်း ဖြစ်နိုင်ကာ...
မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် ကောင်းကင်ဘုံ တာအိုနယ်မြေသည် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိသည့် တည်ရှိမှုအများအပြားကို မွေးဖွားပေးခဲ့သည်။
ထိုလူများအနက် တချို့သည် နောက်ဆုံးတွင် ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ခွာသွားပြီး ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ တွင် ဧကရာဇ်များ ဖြစ်လာရန် တာအိုကို အောင်မြင်ခဲ့ကြ၏။
ခေတ်ကာလများစွာအကြာက တုန်လှုပ်ချောက်ချား အင်မော်တယ်ဟု အမည်ရသော ဒဏ္ဍာရီလာ ပါရမီရှင်တစ်ဦးသည် ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ပေါ်လာခဲ့ကြောင်း ဒဏ္ဍာရီများ ရှိခဲ့သည်။
ထိုပါရမီရှင်ထံတွင် မိဘများ မရှိခဲ့ဘဲ ကောင်းကင်ဘုံ တာအိုနယ်မြေအတွင်းရှိ ကိုးရောင်ခြယ် အင်မော်တယ် သွေးတစ်စက်မှ သန္ဓေတည်ခဲ့သည်ဟု ဆိုကြသည်။
သူသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများရှိ ခေတ်တစ်ခု၏ ကောင်းကင်ကံကြမ္မာကိုပင် သိမ်းပိုက်ခဲ့ပြီး ထိုခေတ်ရှိ မရေမတွက်နိုင်သော လောကီဧကရာဇ်များ၏ အထက်တွင် ရပ်တည်နေသော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာခဲ့သည်။
ခေတ်တစ်ခေတ်တွင် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်တစ်ပါးသာ ပေါ်ထွက်လာပြီး ဤသည်မှတဆင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီ ကို ပြသရန် လုံလောက်ပေ၏။
ခုံးဝူတောက်၏ရထားလုံးသည် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ လျှင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
ယနေ့တွင် ကောင်းကင်ဘုံ တာအိုနယ်မြေသည် မျက်စိတစ်ဆုံး ကောင်းကင်ယံကို ဖြတ်သန်း၍ အဆက်မပြတ် စီးဆင်းနေသော အလင်းတန်းများနှင့်အတူ အလွန်စည်ကားနေသည်။
သူတို့ထံမှ ထွက်ပေါ်လာသော ချီများမှတစ်ဆင့် ဤအလင်းတန်းများသည် တခြားတာအိုနယ်မြေ များမှ ပါရမီရှင်များဖြစ်ကြောင်း ခန့်မှန်းနိုင်ပေ၏။
ခုံးဝူတောက်ကဲ့သို့ပင် သူတို့အားလုံးသည် ရှေးဟောင်းမဟာတာအို အမှတ်အသား အတွက် ရောက်လာခဲ့ကြခြင်းဖြစ်သည်။
"အရှင် နတ်ဘုရားသားတော်..."
ခုံးကျန်ယွဲ့က နံဘေးမှနေ၍ ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"ရှေးဟောင်းဘိုးဘေးကြီးက ပြောတယ်... ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ကျွန်မတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ လက်အောက်ခံ အင်အားစုတွေက လူတွေ ရှိနေတယ်တဲ့... ဒါကြောင့် အရင်ဆုံး ကျွန်မတို့က အဲ့ဒီမှာ သွားပြီးအခြေချလို့ ရပါတယ်..."
"အင်း... လမ်းပြပါ..."
ခုံးဝူတောက်က ခေါင်းညိတ်လိုက်သည်။
ဝုန်း...
ရထားလုံးသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားစဉ် တုန်ခါသံတစ်သံကို ထုတ်လွှတ်လိုက်ပြီးနောက် မြို့တစ်မြို့ဆီသို့ ဦးတည်ပြီး ပျံသန်းသွားသည်။
..........
တစ်ချိန်တည်းမှာပင် အသင်္ချေသူတော်စင်မြို့၌...
ယနေ့တွင် နတ်ဘုရားသင်္ဘောများသည် အသင်္ချေသူတော်စင်မြို့၏အထက် ကောင်းကင်ယံကို ဖြတ်သန်း၍ပျံသန်းနေပြီး ခမ်းနားထည်ဝါသော ပျံသန်းရေးလှေများသည် ကောင်းကင်ကို ဖြတ်သန်း၍ အရှိန်အဟုန်ဖြင့် သွားလာနေကြသည်။
ထိုအရာများအပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် လူငယ်ပုံရိပ်များ ရှိနေပြီး အသင်္ချေသူတော်စင်မြို့သို့ အဆက်မပြတ် ဆင်းသက်လာကြသည်။
ကောင်းကင်ဘုံ တာအိုနယ်မြေမှ အစွမ်းထက်သော မူလပါရမီရှင်များ ရှိသည့်အပြင် တခြားတာအိုနယ်မြေများမှ လူအများအပြားလည်း ရှိနေသည်။
"အင်း... ကြည့်ရတာ ဒီရက်ပိုင်း ကောင်းကင်ဘုံ တာအိုနယ်မြေက ဖရိုဖရဲ ဖြစ်တော့မယ့်ပုံပဲ... တခြားတာအိုနယ်မြေတွေကနေ ပါရမီရှင် တွေ အများကြီး ရောက်လာကြပြီ... ငါတို့ သူတို့ကို ရန်စလို့မရနိုင်ဘူး..."
"ဒါက ဘာလဲ... ငါတို့ရဲ့ အသင်္ချေသူတော်စင်မြို့ ကို ဆင်းသက်လာတဲ့ တခြားတာအိုနယ်မြေတွေက လူတွေဟာ အရမ်းနည်းပါးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်... ပိုများတဲ့ လူတွေက ပေါ်တောင် မလာသေးဘူး..."
"ဟမ့်... မင်း ဘာကို စိုးရိမ်နေတာလဲဆိုတာ ငါ မသိဘူး... ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေ မှာ ရှိနေတဲ့ အထူးဥပဒေသတွေကို မမေ့နဲ့..."
"ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေမှာ သူတော်စင်နယ်ပယ်အထက် အစွမ်းထက် ကျွမ်းကျင်သူတွေ မရှိပေမယ့်... သူတော်စင်နယ်ပယ်အထက်မှာရှိတဲ့ အပြင်က လူတွေလည်း ဝင်လာလို့ မရဘူးလေ..."
"သူတော်စင်နယ်ပယ်အောက်က သီးသန့် ယှဉ်ပြိုင်မှုတစ်ခုမှာ ဘယ်သူက ပိုသန်မာပြီး ဘယ်သူက ပိုအားနည်းလဲ ဆိုတာ မသိရသေးဘူး..."
အသင်္ချေသူတော်စင်မြို့အတွင်းတွင် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ မရေမတွက်နိုင်သော မူလကျင့်ကြံသူများက တက်ကြွစွာ ဆွေးနွေးနေကြသည်။
ရှေးဟောင်းမဟာတာအို အမှတ်အသား အကြောင်းကို သူတို့လည်း သဘာဝကျကျ သိရှိထားကြ၏။
ထိုသို့သော ကောင်းကင်ဘုံမှ ပေးသနားထားသည့် အခွင့်အရေးသည် သူတို့၏ ကောင်းကင်ဘုံ တာအိုနယ်မြေနှင့်သာ သက်ဆိုင်သင့်သည်။
မည်သည်ကြောင့် ထိုအရာကို တခြားတာအိုနယ်မြေများမှ လူများက ယူဆောင်သွားရမည်နည်း။
အကယ်၍ သူတော်စင်နယ်ပယ်၏အောက်တွင်ရှိသော လူများသာ ယှဥ်ပြိုင်ရမည်ဆိုလျှင် သူတို့၏အသင်္ချေသူတော်စင်မြို့မှ သူတော်စင်နန်းတော်ရှိ ပါရမီရှင်များသည် အားနည်းမည် မဟုတ်ပေ။
ကောင်းကင်ဘုံ တာအိုနယ်မြေသည် အချိန်အတော်ကြာကတည်းက တည်ရှိနေခဲ့သော မြင့်မြတ်နယ်မြေပင်။ ဤနေရာသည် မရေမတွက်နိုင်သောနှစ်များကြာမြင့်အောင် တည်ရှိခဲ့သော ထိပ်သီးမိသားစုများ သို့မဟုတ် အင်မော်တယ် တာအို အမွေအနှစ်များ ရှိသည့် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများနှင့် မတူညီပေ။
ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးတွင်ကျောင်းတော်များနှင့် ဆင်တူသော သူတော်စင်နန်းတော်များစွာ ရှိနေသည်။
သူတော်စင်နန်းတော်ကို ကောင်းကင်ဘုံ တာအိုနယ်မြေ၏ မိုးကောင်းကင်တာအိုက ဖန်တီးခဲ့ခြင်း ဖြစ်ပေ၏။
နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထူးချွန်သော လူငယ် ပါရမီရှင်များကို စစ်ထုတ်ရန် အထူးရွေးချယ်မှုများ ကျင်းပလေ့ရှိသည်။
ပါရမီရှင်တစ်ယောက်သည် ပို၍အစွမ်းထက်လာစေရန် ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ခွာရန်နှင့် ကောင်းကင်ဘုံများတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်အတွက် သူတော်စင်နန်းတော်သို့ ဝင်ရောက်၍ ကျင့်ကြံခြင်းသည် အကောင်းဆုံးနည်းလမ်းပင်။
ထို့အပြင် ဤကောင်းကင်ဘုံသူတော်စင် နန်းတော်သည် မိုးကောင်းကင်တာအို က ဖန်တီးထားသော သူတော်စင်နန်းတော်များအနက်မှ တစ်ခုဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံအနှစ်သာရကျောင်းတော်တစ်ခုရှိ ယိုယွင်းနေသော သစ်သားအိမ်လေးတစ်လုံး၏ရှေ့တွင်....
"ဟား ဟား ဟား... မုဟောက်... အမြဲတမ်း နောက်ဆုံးအဆင့် ဖြစ်နေတဲ့ ကျောင်းသားက သူတော်စင်နန်းတော်မှာ နေဖို့ ဘယ်လိုများ သတ္တိရှိရတာလဲ... နာလန်မိသားစုဆီ မြန်မြန်ပြန်သွားပြီးတော့ သူတို့ရဲ့အိမ်ပါသားမက် သွားလုပ်လိုက်စမ်းပါ..."
"ဟမ့်... ဒီအသုံးမကျတဲ့ကောင်က စီနီယာအစ်မ နာလန်ရဲ့ စေ့စပ်ထားသူဆိုတဲ့ သူ့ရဲ့အထောက်အထားကို အားကိုးနေတာပဲ... မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီးတော့ ငါတို့ရဲ့ ကောင်းကင်ဘုံသူတော်စင် နန်းတော်ထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီမှာလဲ..."
"မင်းက နာလန်မိသားစု ရဲ့ အိမ်ပါသားမက် ဖြစ်နေရုံနဲ့ သာမန်ကြက်တစ်ကောင်က သစ်ကိုင်းပေါ် ပျံတက်ပြီး ဖီးနစ် တစ်ကောင် ဖြစ်လာနိုင်တယ်လို့ တကယ်ကြီး ထင်နေတာလား..."
"မနက်ဖြန်ကျရင် မင်းက ငါ့အတွက် ဆေးလုံး တွေအားလုံး ပြင်ဆင်ထားတာ ပိုကောင်းမယ်... မဟုတ်ရင် မင်းရဲ့ ခွေးခြေထောက်တင် ကျိုးသွားမှာ မဟုတ်ဘူး..."
လှောင်ပြောင် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
သူတော်စင်နန်းတော်ဝတ်ရုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူတချို့သည် ရွှံ့ထဲတွင် လဲလျောင်းနေသော လူငယ်လေးကို အထင်သေးစွာ ကြည့်နေကြ၏။
လူငယ်လေး လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ဦးဆောင်နေသည့် အမျိုးသားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထိုလူငယ်ကို သွားနှိုးရန် သူ၏ဂျူနီယာလေးကို အချက်ပြလိုက်သည်။
"ဟေး... မုဟောက်... မင်း သေသွားပြီလား... မင်း ဒီ အသုံးမကျတဲ့ကောင်..."
"ငါ မင်းကို စကားပြောနေတာ မင်း မကြားဘူးလား...."
တစ်ဖက်လူက မလှုပ်မယှက် ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ ထိုအမျိုးသားသည် အနည်းငယ် ဒေါသထွက်သွားပြီး သူ၏ ခြေထောက်ကို ချက်ချင်းမြှောက်ကာ လူငယ်ခေါင်းဆီသို့ ပြင်းထန်စွာ ကန်လိုက်သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ရွှံ့ထဲရှိ လူငယ်လေးသည် တုန်ယင်သွားပြီး သူ၏လက်က ဆန့်ထွက်လာကာ သူ့ဆီသို့ ကန်လိုက်သော ခြေထောက်ကို ချက်ချင်းဖမ်းဆုပ်လိုက်၏။
"မင်းလို အသုံးမကျတဲ့ကောင်က တကယ်တော့..."
သို့သော် ဤလူသည် သူ၏ရုန့်ရင်းကြမ်းတမ်းသော စကားများကို မဆုံးမီမှာပင်...
မုဟောက်သည် သူ၏ခေါင်းကို မော့ထားပြီးဖြစ်ကာ သူ၏အေးစက်သောအကြည့်သည် အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပုံရပြီး ပတ်ဝန်းကျင်ရှိ အပူချိန်ကို သိသိသာသာ ကျဆင်းသွားစေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်နှာများသည်လည်း ဖြူဖျော့သွားကြ၏။
မည်သည့်အရာများ ဖြစ်နေသနည်း...
ထို အေးစက်သော အကြည့်က သူတို့ကို ရှင်းပြ၍မရသော ရင်တလှပ်လှပ်ဖြစ်စေမှုကို ခံစားရစေခဲ့သည်။
ဤအချိန်တလျှောက်လုံး မုဟောက်သည် ကောင်းကင်ဘုံသူတော်စင် နန်းတော်တွင် နောက်ဆုံးအဆင့် ကျောင်းသား ဖြစ်ခဲ့ပြီး သူတို့ ပျော်ရွှင်မှုအတွက် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်သည့် အရာဝတ္ထုတစ်ခုသာဖြစ်သည်။
သို့သော် ယခုချိန်၌ တစ်ဖက်လူသည် ရုတ်တရက် တခြားလူတစ်ယောက်ကဲ့သို့ ပုံစံမျိုး ပေါက်နေလေပြီ။
"ဒီဧကရာဇ်ရဲ့ရှေ့ကနေ ထွက်သွားစမ်း..."
မုဟောက်က သူ၏လက်ကို အားစိုက်လိုက်သည်နှင့်သူ ဖမ်းဆုပ်ထားသော ခြေကျင်းဝတ်ပိုင်ရှင် ကျင့်ကြံသူသည် ပေါ့ပေါ့ပါးပါး ကိုင်တွယ်ခံရသော ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ ချက်ချင်းလွင့်စင်သွားသည်။
ဝုန်း... ဝုန်း... ဝုန်း...
နောက်သို့ လွင့်စင်သွားစဉ်၌ ထိုကျင့်ကြံသူသည် အဝေးသို့ ပြင်းထန်စွာ ကျရောက်မသွားမီ သစ်ပင်ကြီး အနည်းငယ်ကိုပင် ချိုးဖျက်သွားခဲ့ပြီး သတိလစ်မေ့မြောသွားတော့သည်။
"မုဟောက်... မင်း..."
ကျန်ရှိနေသော ကျင့်ကြံသူများသည် အံ့အားသင့်သွားကြ၏။
အစောပိုင်းက လွင့်စင်သွားသူသည် မုဟောက်ထက် နယ်ပယ်တစ်ခု ပို၍မြင့်မားသည့် ကျင့်ကြံဆင့်နယ်ပယ်ရှိသူပင်။
ထိုလူသည် မည်သည်ကြောင့် လုံးဝခုခံနိုင်စွမ်း မရှိဘဲ လွင့်စင်သွားခဲ့သနည်း..
သို့သော် သူတို့ မတုံ့ပြန်နိုင်မီ သူတို့အားလုံးသည် သူတို့၏ မျက်လုံးရှေ့တွင် အနက်ရောင် အရိပ်တစ်ခု လင်းလက်သွားသည်ကိုသာ ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူတို့၏မျက်နှာများကို ချက်ချင်း ရိုက်ခတ်သွားလေ၏။
ထိုကဲ့သို့ အစွမ်းထက်သည့် စွမ်းအားအောက်တွင်...
ထိုလူများသည် မတုံ့ပြန်နိုင်မီမှာပင် နောက်သို့ လွင့်စင်သွားကြပြီး အဝေးသို့ ပြင်းထန်စွာ ရိုက်ချခံရကာ သတိလစ်မေ့မျောသွားကြသည်။
"လူယုတ်မာတစ်သိုက်... မင်းတို့က ဒီဧကရာဇ်ရဲ့ရှေ့မှာ ဘယ်လိုများ ဒီလောက်တောင် ရိုင်းစိုင်းရဲတာလဲ..."
အနည်းငယ် ထုံကျဉ်နေသော သူ၏ လက်ချောင်းများနှင့် လက်ဝါးကို ပွတ်သပ်ရင်း မုဟောက်သည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။
"ဒီဧကရာဇ်က ဧကရာဇ်ကျဆုံးခြင်းခေတ်တုန်းက အဲ့ဒီ မဟာတိုက်ပွဲကြီးမှာ သေသွားတာ မဟုတ်ဘူးလား..."
"ငါက ဘာလို့ ဒီကို ရောက်နေရတာလဲ..."
မုဟောက် တွေဝေမိန်းမောနေစဉ်မှာပင်...
သူ၏ခေါင်းထဲတွင် ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး မှတ်ဉာဏ်များသည် ဒီရေအလား သူ၏ စိတ်ထဲသို့ တလိမ့်လိမ့်ဝင်လာသည်။
အချိန်တခဏအကြာတွင်....
မုဟောက်၏မျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"ဒါက... ကောင်းကင်ဘုံ တာအိုနယ်မြေ... အသင်္ချေသူတော်စင်မြို့ လား..."
"ဒီ ဧကရာဇ်က နောက်ပိုင်း ပြန်လည်နိုးထခြင်းခေတ်မှာ တကယ်ကြီး ပြန်လည်မွေးဖွားခြင်းကို ခံစားခဲ့ရတာလား..."