← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇) - အသစ်ပြန်လည် မွမ်းမံခြင်း (၂)

~“အဲဒီမတိုင်ခင်တုန်းကတော့ `ယန်ရီဇီ` က `ဇီယန်အာမခံဌာန` ကို နေ့တိုင်းလိုလို လာပြီး လေကောင်းလေသန့် ရှူနေကျပါ... ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် ဘယ်ကြောင့်မှန်းမသိ ရန်တွေဖြစ်ကြပြီး ယန်ရီဇီလည်း လာတာ ကြဲသွားတော့တာပဲ...”

“ရန်ဖြစ်ကြတယ် ဟုတ်လား...”

ဆုမို သည် အတွေးနက်နေသော ပုံစံဖြင့် မေးလိုက်သည်။

“အဲဒါအပြင် တခြား ထူးခြားတာရော ရှိသေးလားဗျ...”

“သြော်... ဟုတ်သားပဲ... အဲဒီတုန်းက သခင်ကြီးမှာ သိုင်းလောက မိတ်ဆွေတွေ အများကြီး ရှိခဲ့တယ်လေ... မိန်းကလေးတစ်ယောက်လည်း ရှိသေးတယ်... တကယ့်ကို အချောအလှလေးဗျာ... သခင်မကြီးကဆို အဲဒီမိန်းကလေးကို ညီမလေးလို့ ခေါ်ပြီး သခင်ကြီးနဲ့ စပ်ပေးချင်နေတာ...”

“သခင်မကြီးက သခင်ကြီးကို တစ်ကြိမ်မက တိုက်တွန်းဖူးတယ်... အဲဒီမိန်းကလေးကို ဆုမိသားစုထဲ ဝင်လာစေချင်တာပေါ့လေ...”

“ကံဆိုးချင်တော့... သခင်ကြီးက ခေါင်းမာလိုက်တာ ကျောက်တုံးကျောက်ခဲ ကျနေတာပဲ... ဘယ်သူ ပြောတာမှ နားမဝင်ဘူး... ဇီယန်ဂိုဏ်းကနေ ပြန်ရောက်ပြီးတဲ့နောက်မှာတော့ သခင်ကြီးက အဲဒီမိန်းကလေးကိုပါ မောင်းထုတ်လိုက်တော့တာပဲ...”

“ကျုပ် ဒီအဘိုးကြီး.. ခုထိ မှတ်မိနေသေးတယ်... အနီရောင်ဝတ်စုံလေးနဲ့ လေထဲမှာ ပျံဝဲနေသလိုပဲ... လူ့ပြည်က လူနဲ့တောင် မတူဘူး... ဒါပေမဲ့ သခင်မကြီးကလည်း နတ်သမီးလေးလို လှတာပါပဲလေ... နှစ်ယောက်စလုံးက သခင်ကြီးနဲ့ လိုက်ဖက်ပါတယ်...”

“...”

ဆုမို ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။

“တခြားကိစ္စရော ရှိသေးလား...”

“အင်း...”

ဦးလေးဖူ ခေတ္တမျှ စဉ်းစားလိုက်ပြီး အသေးအဖွဲ ကိစ္စလေးတွေကို တရစပ် ပြောပြနေတော့သည်။

စားဝတ်နေရေး ကိစ္စတွေက သိပ်အရေးမကြီးလှ... အရင်ကနှင့် သိပ်မကွာခြားပေ။

အသေးစိတ် အချက်အလက်တွေ ကျတော့လည်း ဦးလေးဖူခမျာ အသက်အရွယ် ရလာပြီဖြစ်၍ သိပ်မမှတ်မိတော့။

အရေးမပါတာတွေကိုပဲ တောင်စဉ်ရေမရ ပြောနေပြီး အရေးကြီးတာ တစ်ခုမှ ပါမလာခဲ့ပေ။

နောက်ဆုံးတွင် ဆုမို က ထပ်ခါတလဲလဲ မေးမြန်းလိုက်မှ ဦးလေးဖူသည် ရုတ်တရက် ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်လေသည်။

“အိုက်ယား... အထူးဆန်းဆုံး ကိစ္စကို ပြောရရင်တော့ တစ်ခုတော့ ရှိသားဗျ... အဲဒီတုန်းက သခင်ကြီး ပြန်ရောက်ပြီးတဲ့နောက် သူ့အခန်းကို ပြုပြင်မွမ်းမံခဲ့ဖူးတယ်...”

“ပြုပြင်မွမ်းမံခဲ့တယ် ဟုတ်လား...”

ဆုမို ကြောင်အသွား၏။

“ဘယ်လို ပြုပြင်ခဲ့တာလဲဗျ...”

“အသေးစိတ်တော့ ကျုပ်လည်း မမှတ်မိတော့ဘူး...”

“ကျုပ် သိတာကတော့... အဲဒီအချိန်တုန်းက သခင်ကြီးက အုတ်တွေ၊ ကြွေပြားတွေကို အခန်းထဲ ခိုးသွင်းခဲ့တယ်... နေ့ဘက်မှာတော့ ပုံမှန်ပါပဲ... ညရောက်ပြီး အစေခံတွေ အကုန်လုံးကို ပြန်လွှတ်ပြီးမှ တံခါးပိတ်ပြီး လုပ်တာ...”

“လနဲ့ ချီပြီး ကြာတယ်ဗျ...”

“ဒါပေမဲ့ အထဲမှာ ဘာတွေလုပ်လဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး... အဲဒီတုန်းက သခင်ကြီးက ကျုပ်ကို တံခါးစောင့်ခိုင်းထားတာလေ... တခြား ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေနဲ့ ဆိုပြီးတော့...”

“ဒါကြောင့်လည်း ဒီကိစ္စရှိခဲ့တယ် ဆိုတာကို ကျုပ် မှတ်မိနေတာ... သခင်ကြီးက နောက်ပိုင်း ဒီကိစ္စကို ဘာမှ ထုတ်မပြောတော့ ကျုပ်လည်း မမေးရဲပါဘူးလေ...”

ဦးလေးဖူက ပြုံးရင်း ဆက်ပြောသည်။

“ကျုပ်က ဆုမိသားစုကို ပြုစုလာတာ သုံးဆက် ရှိပြီ... သူတို့ တစ်ယောက်စီမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာချည်းပဲ... အရမ်း မေးလွန်းရင်လည်း ငြိုငြင်တာပဲ ခံရမှာ...”

ဆုမို နှင့် ယန်ရှောင်ယွင် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဦးလေးဖူ၏ နောက်ဆုံးစကားကို သိပ်အာရုံမစိုက်တော့ဘဲ အဓိကအချက်ကိုသာ မေးလိုက်သည်။

“အဖေ အမြဲနေတဲ့ အခန်းပဲလား...”

“ဟုတ်တယ်...”

ဦးလေးဖူ ခေါင်းငြိမ့်လိုက်သည်။

“သခင်ကြီး ဆုံးပြီးကတည်းက အဲဒီအခန်းက အလွတ်ဖြစ်နေတာ... ဒါနဲ့ စကားမစပ်... သခင်လေး မင်္ဂလာဆောင်ပြီးရင် အဲဒီဘက်ကို ပြောင်းနေမလား... ဘာပဲဖြစ်ဖြစ် အဲဒါက အိမ်မကြီး ဆိုတော့ သခင်လေး နေသင့်တဲ့နေရာပဲလေ...”

“အဲဒါကတော့ ထားပါဦးဗျာ...”

ဆုမို ခေါင်းငြိမ့်လိုက်ပြီး အခွင့်ကောင်းယူကာ မေးလိုက်သည်။

“ဦးလေးဖူ... ဒီနှစ်တွေအတွင်းမှာ ဒီကိစ္စတွေကို လာမေးတဲ့လူ ရှိလား...”

ဦးလေးဖူက ယန်ရှောင်ယွင် ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

“ယန်ရီဇီကတော့ မေးဖူးတယ်... ဒါပေမဲ့ အဲဒီတုန်းက ရန်ဖြစ်ပြီးကတည်းက သူလည်း သိပ်မလာတော့ဘူးလေ... ကျုပ်ကလည်း အသက်ကြီးတော့ တစ်ခါတလေ မေ့လွယ်တယ်... သူ မေးရင်တောင် ကျုပ်က ပြောချင်မှ ပြောမှာ...”

“...”

ဆုမို ခဏတာ စကားဆွံ့သွားပြီးမှ ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။

“ကောင်းပါပြီ ဦးလေးဖူ... ဒီနေ့ ပြောတဲ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော်...”

“ဒါကတော့ စိတ်ချပါ...”

ဦးလေးဖူ ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြသည်။

“ကျုပ်ပါးစပ်က လုံပါတယ်... ကဲ... သခင်လေးနဲ့ သခင်မလေးယန်... မနက်စာ သွားစားကြတော့လေ... ဟင်းတွေ အေးကုန်တော့မယ်... ဒီစာအုပ်တွေကို ဒီအတိုင်း ထားခဲ့လိုက်... ကျုပ်ပဲ ရှင်းလိုက်ပါ့မယ်...”

“ကျေးဇူးပါပဲ ဦးလေးဖူ...”

ဆုမို ခေါင်းငြိမ့်လိုက်ပြီး ယန်ရှောင်ယွင် နှင့်အတူ စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့သည်။

စာအုပ်များကို တစ်အုပ်ချင်း စီစီရီရီ ပြန်ထပ်နေသော ဦးလေးဖူကို ပြန်လှည့်ကြည့်လိုက်သည့် ဆုမို ၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောမှု အရိပ်အယောင်များ ယှက်သန်းနေလေသည်။

“ဘာဖြစ်လို့လဲ...”

ယန်ရှောင်ယွင် က အသံတိုးတိုးဖြင့် မေးလိုက်သည်။

ဆုမို ခေါင်းခါလိုက်သည်။

“မနက်စာ အရင်စားလိုက်ကြစို့... ပြီးမှ သွားကြည့်ကြတာပေါ့နော်... အဲဒီတုန်းက အဖေ အဲဒီအခန်းထဲမှာ ဘာတွေများ လုပ်ခဲ့သလဲ ဆိုတာ...”

“ကောင်းပြီလေ...”

ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။

“နင့်ရဲ့ သံသယက မှန်မယ့်ပုံပဲ... ဦးလေးဆုက တကယ်ကို တစ်ခုခု ချန်ထားခဲ့တာ နေမှာ... ဦးလေးဖူက ဒီလောက် နှုတ်လုံလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီလောက် နှစ်တွေ ကြာတာတောင် ဘာမှ ထုတ်မပြောခဲ့ဘူးနော်...”

“ဦးလေးဖူက ဆုမိသားစုကို သုံးဆက်တိုင်တိုင် ပြုစုလာခဲ့တာလေ...”

ဆုမို က ပြုံးရင်း ပြောလိုက်သည်။

“ဒီအိမ်မှာ သူ့ကို ဖုံးကွယ်လို့ ရတဲ့ အရာ သိပ်မရှိဘူး... သူ့ပါးစပ်သာ မလုံရင် ဆုမိသားစုရဲ့ လျှို့ဝှက်ချက်တွေက လော့ရှားမြို့မှာ ပျံ့နှံ့နေလောက်ပြီ...”

“အင်း... ဟုတ်ပါရဲ့...”

ယန်ရှောင်ယွင် ရုတ်တရက် ပြုံးလိုက်သည်။

“အဲဒါ ပြောမှ သတိရတယ်... မြို့ထဲက `ရှူ` မိသားစုအကြောင်းလေ... တစ်နှစ်တုန်းက အစေခံမလေး တစ်ယောက်က ပါးစပ်သရမ်းပြီး `သခင်ကြီးက ညဉ့်နက်သန်းခေါင် ကျော်တဲ့အထိ လယ်ထွန်ဖို့ ကြိုးစားနေတာ` လို့ လျှောက်ပြောမိလို့ တစ်မြို့လုံး ရယ်စရာ ဖြစ်သွားသေးတယ်...”

“အဲဒါ ကျွန်တော် သိတာပေါ့...”

ဆုမို တရစပ် ခေါင်းငြိမ့်လိုက်သည်။

“နောက်နှစ်ကျတော့ ရှူမိသားစုမှာ ဝဖြိုးတဲ့ သားယောက်ျားလေး မွေးလာတယ်မလား... နာမည်တောင် `ရှူစန်းကန်` (တတိယကင်းစောင့်ချိန်) လို့ ပေးလိုက်သေးတယ်...”

“ဟား... ဟား... သူ့အဖေက အဲဒီနာမည်ကို ဂုဏ်တောင် ယူနေသေးတာ...”

“မြင်းအိုကြီးက သန်းခေါင်ကျော်ထိ လယ်ထွန်နိုင်တာ ဂုဏ်ယူစရာပေါ့ဗျ...”

“ဟင်...”

ယန်ရှောင်ယွင် ခဏလောက် စဉ်းစားလိုက်သည်။

“ဒါက ပျော်စရာကိစ္စမို့လို့လား...”

“နောက်ကျရင် အစ်မ နားလည်လာမှာပါ...”

“ဘာလို့ အခု နားမလည်ရမှာလဲ...”

“အခုတော့ ကျွန်တော်တို့က မင်္ဂလာမဆောင်ရသေးတော့... မဆင်မခြင် မလုပ်သင့်...”

“ဟွန်း... နင်ကတော့လေ... ဒီအကြောင်းပဲ ပြောနေတော့တာပဲ…”

အခန်း (၃၃၈) - အသစ်ပြန်လည် မွမ်းမံခြင်း (၃)

~ယန်ရှောင်ယွင်သည် ဆုမို၏ လက်မောင်းကို ဆွဲယူပြီး မသိမသာ လှမ်းဆိတ်လိုက်သည်။

သူမ တကယ်တမ်း အားထည့်လိုက်ခြင်း မဟုတ်သဖြင့် ဆုမို နာကျင်ခြင်း မရှိသော်ငြား... သူမ၏ အံကြိတ်ထားပုံနှင့် ရှက်စိတ်၊ ဒေါသစိတ် ရောထွေးနေသော မျက်နှာထားလေးကတော့ အထင်းသား ပေါ်လွင်နေလေသည်။

ဆုမို နားလည်လိုက်သည်။

သိုင်းမယ်ကြီး ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ ဘယ်လောက်ပဲ တည်ငြိမ်ပါစေ...

ရှက်တတ်သည့် အချိန်ကျတော့လည်း ရှက်တတ်တာပါပဲလေ။

နှစ်ယောက်သား နောက်ပြောင်ကျီစယ်ရင်း ရှေ့ခန်းမဆောင်သို့ ရောက်လာကြသည်။ ထိုနေရာတွင် အာမခံအဖွဲ့မှူးများနှင့် သိုင်းပညာရှင်များ သိုင်းလေ့ကျင့်နေကြသည်။

ခွန်အားများကို ပြုစုပျိုးထောင်ရင်း ကိုယ်စီကိုယ်ငှ သိုင်းကွက်များကို ကြိုးစားပမ်းစား လေ့ကျင့်နေကြလေ၏။

ဒါက လုံးဝ ပေါ့ဆလို့ မရသော ကိစ္စပင်။

သိုင်းလောက ခရီးလမ်းတစ်လျှောက် အာမခံပစ္စည်း ပို့ဆောင်ရာတွင် ဘယ်အချိန် ဘေးဒုက္ခ ကြုံရမလဲ မသိနိုင်။

တစ်ခဏတာ ပေါ့လျော့မှု၊ သိုင်းပညာ တိုးတက်မှု နှေးကွေးခြင်းတို့သည်... သိုင်းလောကထဲတွင် အသက်ပေးလိုက်ရသည်အထိ ဆိုးရွားသော ရလဒ်များကို ဖြစ်စေနိုင်သည်။

သို့သော်... ဒီနေ့တော့ အားလုံး လေ့ကျင့်ရတာ နည်းနည်း နေရခက်နေကြသည်။

အကြောင်းမူကား... ပရိသတ်အသစ်စက်စက် ကလေးမလေးတစ်ယောက် ရောက်နေသောကြောင့်ပင်။

ကျောက်တီသည် လှေကားထစ်တွင် ထိုင်နေသည်။ လက်ထဲတွင် အသားစ၊ မုန်လာဥ ညှပ်ထားသော ပေါက်စီလုံးကို ကိုင်ထားသည်။

ကျောက်တီအတွက်တော့ ဒီလို အစားအစာမျိုးက အရင်တုန်းက စိတ်ကူးနှင့်တောင် မမှန်းရဲခဲ့သော နတ်သုဒါမျိုး ဖြစ်၏။

အသားစနှင့် မုန်လာဥကို ထားလိုက်ဦး... ဖြူဖွေးအိစက်နေသော ဂျုံပေါက်စီ ဆိုသည်မှာပင် သူမအတွက် အလွန် တန်ဖိုးကြီးလှသည်။

သာမန်နေ့များ ဆိုလျှင်တော့ သူမ

တမြုံ့မြုံ့ ဝါးနေမိမှာ သေချာသည်။

သို့သော်၊ ယနေ့တော့ သူမ တစ်လုပ်မှ မစားဘဲ လက်ထဲတွင် ကိုင်ထားကာ ရှေ့တွင် သိုင်းကစားနေသော ဦးလေးကြီး၊ အစ်မကြီးများကို မျက်တောင်မခတ် ငေးကြည့်နေ၏။

သူမစိတ်ထဲတွင် ဒီလူတွေက အရမ်း သန်မာသည်ဟု ခံစားနေရသည်။

အထူးသဖြင့် ဓားသိုင်းကစားနေသော၊ လှံသိုင်းကစားနေသော အမျိုးသမီး သိုင်းပညာရှင်များကို ကြည့်ပြီး သူမ အားကျနေမိသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ရောက်လာချိန်တွင် ဒီမြင်ကွင်းကို အတိအကျ မြင်လိုက်ရ၏။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်မိကြသည်။

ယန်ရှောင်ယွင်က ကျောက်တီ၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

ကျောက်တီ လန့်ဖျပ်သွားသည်။ ယန်ရှောင်ယွင် ဖြစ်နေမှန်း သိလိုက်သောအခါ မျက်လုံးများကို `ကပျာကယာ` အုပ်လိုက်ပြီး...

“မမ... မမရှောင်ယွင်... သမီး သိုင်းခိုးသင်နေတာ မဟုတ်ပါဘူး... သမီးကို မရိုက်ပါနဲ့နော်... တောင်းပန်ပါတယ်...”

“သိုင်းခိုးသင်တာကို နင်သိတယ်လား...”

ယန်ရှောင်ယွင် အံ့ဩသွားသည်။

“ဘယ်သူ ပြောပြတာလဲ...”

“...အဖေ ပြောပြတာပါ...”

ကျောက်တီက တိုးတိုးလေး ဖြေသည်။

“ရွာထဲက အစ်ကိုကြီး တစ်ယောက်အကြောင်း ပြောပြဖူးတယ်... သူက မြို့ထဲကို ဟင်းသီးဟင်းရွက် သွားရောင်းရင်း ဓားတွေ လွယ်ထားတဲ့ သိုင်းသမားတွေကို တွေ့ပြီး အရမ်း အားကျသွားတာ... အဲဒီမြို့နယ်မှာ သိုင်းသင်တန်းကျောင်း တစ်ခု ရှိနေတော့...”

“ဟင်းရွက်ရောင်းလို့ ရတဲ့ ပိုက်ဆံကို စုပြီး သိုင်းသွားသင်ဖို့ ကြိုးစားခဲ့တာ...”

“ဒါပေမဲ့ သွားမေးကြည့်တော့ သူက အသက်ကြီးလွန်းနေပြီ ဆိုပြီး သိုင်းကျောင်းက လက်မခံဘူး...”

“သူက အရှုံးမပေးဘဲ သိုင်းကျောင်း နောက်ဖေးကနေ ဝင်ပြီး... တံတိုင်းပေါ်ကနေ သူတို့ လေ့ကျင့်တာကို ခိုးကြည့်တာ...”

“နောက်တော့ အဖမ်းခံရပြီး... သိုင်းခိုးသင်မှုနဲ့ အပြစ်ပေးခံရတယ်... သိုင်းလောကမှာ ဒါက ကြီးမားတဲ့ တားမြစ်ချက်ပဲတဲ့...”

“သူတို့က အစ်ကိုကြီးရဲ့ သိုင်းပညာကို ဖျက်ဆီးပစ်မယ် လုပ်ကြတာ... ဒါပေမဲ့ သူ့မှာ သိုင်းပညာမှ မရှိတာ...”

“တချို့က သူ့ရဲ့ ခြေကြောလက်ကြောတွေကို ဖြတ်ပစ်ဖို့ အကြံပေးကြတယ်...”

“နောက်ဆုံးကျမှ ကျောင်းအုပ်ကြီးက သူက သိုင်းလောကသား မဟုတ်တော့ ဒီလောက် ပြင်းပြင်းထန်ထန် လုပ်စရာ မလိုပါဘူး ဆိုပြီး...”

“မှတ်လောက်သားလောက်အောင် ရိုက်နှက်ဆုံးမပြီး ပြန်လွှတ်လိုက်တာ...”

ဒီပုံပြင်လေးက ကျောက်တီ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေပုံရသည်။ တစ်လုံးမှ မထစ်မငေါ့ဘဲ ပြောပြရှာသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကယ်တင်လာပြီးနောက်ပိုင်း သူမ ဒီလောက် စကားအများကြီး ပြောတာ ဒါ ပထမဆုံးအကြိမ်ပင်။

ဆုမို ရယ်လိုက်သည်။

“သိုင်းခိုးသင်တယ် ဆိုတာ သိုင်းလောကမှာ တကယ့် တားမြစ်ချက်ကြီးပဲ... သိုင်းကျောင်းတွေပဲ ဖြစ်ဖြစ်၊ ဂိုဏ်းတွေပဲ ဖြစ်ဖြစ်... ဒါက သူတို့ရဲ့ ရပ်တည်မှု အခြေခံအုတ်မြစ်မို့လို့ ပြင်ပလူ လာချောင်းတာကို လုံးဝ လက်မခံကြဘူး...”

“ဦးလေးဆု...”

ဆုမို ဒီလို ပြောလိုက်တော့ ကျောက်တီ ပိုပြီး ကြောက်လန့်သွားသည်။

ဆုမို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး...

“တကယ်လို့ မင်းက သူတို့သိုင်းပညာကို ခိုးသင်မိတယ် ဆိုရင်တော့... အပြစ်ပေးခံရမှာပဲ...”

ဒါကို ကြားတော့ ကျောက်တီ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသော်လည်း အံကြိတ်ပြီး ထိန်းထားရှာသည်။

“ကလေးကို မစပါနဲ့တော့...”

ယန်ရှောင်ယွင်က ဆုမိုကို မျက်စောင်းထိုးလိုက်ပြီး ကျောက်တီကို ဖက်ထားလိုက်သည်။

“ရတယ်... ကျောက်တီ... မကြောက်နဲ့နော်... နင့်ဦးလေးဆုက စနေတာပါ...”

“သူက စိတ်သဘောထား အကောင်းဆုံးပဲ... နင့်အသက်ကို ကယ်ဖို့အတွက် သူ (၃) ရက် (၃) ညလုံးလုံး မအိပ်ဘဲ... နင့်နှလုံးကြောကို မပြတ် ကုသပေးခဲ့တာလေ...”

“အင်း...”

ကျောက်တီ ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုရင်... ဦးလေးဆုက သမီး သိုင်းခိုးသင်လို့ အပြစ်ပေးမယ် ဆိုရင်တောင်... သမီး မငိုပါဘူး...”

“မငိုဘူးတဲ့လား...”

ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ကျောက်တီ၏ နဖူးလေးကို ပွတ်သပ်ပေးလိုက်သည်။

“များများစားနော်... တကယ်လို့ သိုင်းသင်ချင်တယ် ဆိုရင် နင့်မမရှောင်ယွင်က နောက်ကျရင် သင်ပေးလိမ့်မယ်...”

“တကယ်လားဟင်...”

ကျောက်တီ မျက်လုံးလေးများ အရောင်တောက်သွားပြီး ယန်ရှောင်ယွင်ကို မော့ကြည့်လိုက်သည်။

ယန်ရှောင်ယွင် ခဏတာ ငြိမ်သက်သွားပြီးမှ ရုတ်တရက် ပြုံးလိုက်သည်။

“ရှောင်မို... နင် သူ့ကို ပထမဆုံး တပည့်အဖြစ် လက်ခံလိုက်ပါလား...”

“ဟေ...”

ဆုမို ကျောက်တီကို ကြည့်ပြီး ခဏ စဉ်းစားလိုက်သည်။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ ပထမဆုံး တပည့်အဖြစ် လက်ခံမယ် ဆိုရင်တော့ အစစ်အမှန် ပညာတွေပဲ သင်ပေးရမှာ...”

“ပြဿနာက... ကျွန်တော် တတ်ထားတဲ့ ပညာတွေ အကုန်လုံးက မိန်းကလေးတွေ ကျင့်ကြံဖို့ မသင့်တော်ဘူး...”

“ပြီးတော့... `သိုင်းပညာ အမွေ` ရထားရင် သိုင်းလောကထဲကို ခြေစုံပစ် ဝင်ရတော့မှာ... ခရီးတွေ ထွက်ရတော့မှာ...”

“ကျောက်တီက ငယ်ပါသေးတယ်... သိုင်းလောက ဆိုတာ သူ ထင်ထားသလို မဟုတ်လောက်ဘူး...”

“အင်း... ဟုတ်တာပဲ...”

ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။

“အခုမှပဲ တချို့အရာတွေကို နားလည်တော့တယ်... မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းလာကြတာ... နောက်မျိုးဆက်ကို ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်လို့ပဲ...”

“ဝမ်းနည်းစရာ ကောင်းတာက... မျှော်လင့်သလို ဖြစ်မလာတတ်တာပါပဲ...”

ဆုမို ခေါင်းခါလိုက်သည်။

“ကဲ... ထမင်းအရင် စားလိုက်ကြစို့... ကျောက်တီ... မလောနဲ့နော်... နင့်ကို သိုင်းသင်ပေးသင့် မပေးသင့် ဆိုတာ ငါ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပေးမယ်...”

ကျောက်တီ ခေါင်းကို တရစပ် ငြိမ့်ပြသည်။ ယန်ရှောင်ယွင်က သူမကို ပွေ့ချီလိုက်ပြီး အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင်... အလျင်အမြန် ပြေးလွှားလာသော ခြေသံများကို ကြားလိုက်ရသည်။ လာသောသူမှာ အလွန်တရာ စိတ်လှုပ်ရှားပြီး ပျာယာခတ်နေပုံ ရသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လှည့်ကြည့်လိုက်သောအခါ အစေခံတစ်ယောက် မောဟိုက်ပြီး ပြေးလာသည်ကို တွေ့လိုက်ရ၏။

သိုင်းကွင်းပြင်ကို ဖြတ်ကျော်ပြီးနောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို မြင်လိုက်ရသောအခါ သူ တုံ့ခနဲ ရပ်သွားသည်။

စကားပြောချင်သော်လည်း ပြောရခက်နေသည့် ပုံစံဖြင့် တွန့်ဆုတ်နေသည်။

ဆုမို မျက်မှောင် အနည်းငယ် ကြုတ်သွားရ၏။

“ပြောစရာ ရှိတာ ပြောလေ... ဘာလို့ ဒီလောက် ပျာယာခတ်နေရတာလဲ...”

“ဟို... ခေါင်းဆောင်... အပြင်မှာ ဧည့်သည် ရောက်နေပါတယ်... `သံမဏိသွေး အာမခံဌာန` က `ခေါင်းဆောင်ကျန်း` ပါတဲ့...”

အစေခံက စကားကို ထစ်အငေါ့ငေါ့ ပြောရင်း ယန်ရှောင်ယွင်ကို တချက် လှမ်းကြည့်လိုက်သည်။ ပြီးမှ ဆက်ပြောသည်။

“သူ... သူ သတင်းလာပို့တာပါ... `ဟောက်ရန် ကျောင်းတော်` မှာ... `ခေါင်းဆောင်ယန်` လုပ်ကြံခံလိုက်ရပါပြီတဲ့...”

ဆုမိုသည် ယန်ရှောင်ယွင် ဘက်သို့ `ချာခနဲ` လှည့်ကြည့်လိုက်၏။

ယန်ရှောင်ယွင်က တုံ့ပြန်မှု အနည်းငယ် နောက်ကျနေသေးသည်။

ထို့နောက်... သူမ၏ မျက်နှာသည် ရုတ်ချည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ထိတ်လန့်တကြား မေးလိုက်၏။

“ဘာ... ဘာပြောလိုက်တာလဲ... ပြန်ပြောစမ်း...”

အစေခံက ခေါင်းကို ငုံ့ထားပြီး အသံတိုးတိုးဖြင့် ထပ်ပြောသည်။

“ဟောက်ရန် ကျောင်းတော်က လူတွေ ပြောတာတော့... ခေါင်းဆောင်ယန် လုပ်ကြံခံလိုက်ရပါပြီတဲ့... အလောင်းက ကျောင်းတော်မှာပဲ ရှိပါသေးတယ်... ဒုခေါင်းဆောင်ကို လာပြီး... နောက်ဆုံးကိစ္စတွေကို စီမံပေးပါလို့ လာခေါ်တာပါ…”

အခန်း (၃၃၉) - လူစိတ်ပြောင်းလဲခြင်း

~ယန်ရှောင်ယွင်၏ သရုပ်ဆောင်မှုက အစပိုင်းတွင် အနည်းငယ် နှေးကွေးနေသော်လည်း... တကယ့်ကို ပီပြင်လှသည်ဟု ဆိုရပေမည်။

သတင်းဆိုးကို ကြားလိုက်ရသည်နှင့် သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောင်အသွားသည်။ ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးရန် ပြင်လိုက်သော်လည်း ခြေထောက်များ ယိုင်နဲ့သွားပြီး ဆုမိုအား အားကိုးတကြီး လှမ်းဆွဲလိုက်ရသည်။

သူမ၏ မျက်ဝန်းများထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ခြားမှုများကို မြင်လိုက်ရသောအခါ ဆုမိုပင် လန့်သွားရသည်။

“ရှောင်မို... အဖေ... အဖေ...”

ဆုမိုသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ယန်ရှောင်ယွင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် အစေခံဘက်သို့ လှည့်ကာ မေးလိုက်၏။

“သူ အခု ဘယ်မှာလဲ...”

“အပြင်မှာ စောင့်နေပါတယ်...”

အစေခံက သတင်းပို့ပြီးသည်နှင့် လျင်မြန်စွာ ပြန်လည်ဖြေကြားလေသည်။

“သွားကြစို့...”

ဆုမိုသည် ယန်ရှောင်ယွင်ကို တွဲကူလျက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ယန်ရှောင်ယွင် သတိပြန်ဝင်လာသည်။ ပွေ့ချီထားသော ကျောက်တီလေးကို ပြန်ချပေးလိုက်ပြီး အနိုင်နိုင် ပြုံးပြလိုက်၏။

“နင်... နင် အရင် စားနှင့်လိုက်နော်...”

ကျောက်တီခမျာ ဘာပြန်ပြောရမှန်း မသိဘဲ ကြောင်တောင်တောင်လေး ရပ်ကျန်ရစ်ခဲ့သည်။ ဆုမိုက ယန်ရှောင်ယွင်ကို တွဲခေါ်သွားသည်ကို ငေးကြည့်နေမိတော့သည်။

အာမခံဌာန တံခါးဝသို့ ရောက်သောအခါ `ခေါင်းဆောင်ကျန်း`ကို တွေ့လိုက်ရသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို မြင်သည်နှင့် သူသည် `ကပျာကယာ` ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာ၏။

“ခေါင်းဆောင်ဆု... ဒုခေါင်းဆောင်ယန်...”

စကားပြောနေရင်း သူသည် ယန်ရှောင်ယွင်ကို စာနာစိတ်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ သားအဖ သံယောဇဉ် ကြီးမားပုံကို တွေးမိပြီး စိတ်မကောင်း ဖြစ်မိ၏။ ဘယ်လောက်ပဲ အဖုအထစ်တွေ ရှိနေပါစေ... ဒီလို ကိစ္စကြီး ကြုံလာရသည့်အခါ ယန်ရှောင်ယွင် စိတ်ထိခိုက်သွားမည်မှာ အမှန်ပင်။

ဒီကိစ္စကြောင့် ဒုခေါင်းဆောင် စိတ်ဓာတ်ကျမသွားဖို့သာ သူ ဆုတောင်းနေမိပါ၏။

ဆုမိုက ဦးစွာ မေးလိုက်သည်။

“`ဟောက်ရန် ကျောင်းတော်` က လူတွေ ဘယ်မှာလဲ...”

“သူတို့ `သံမဏိသွေး အာမခံဌာန`မှာ ရောက်နေတာ ရက်အတော် ကြာပါပြီ... ဒုခေါင်းဆောင်ယန် ထွက်သွားပြီး မကြာခင်မှာပဲ ရောက်လာကြတာပါ... ကျွန်တော်တို့လည်း စိုးရိမ်နေပေမယ့် လက်လွတ်စပယ် မလုပ်ရဲလို့ စောင့်နေခဲ့ကြတာပါ...”

ခေါင်းဆောင်ကျန်းက ချက်ချင်း ပြန်ဖြေသည်။

“သူတို့ဆီ ခေါ်သွားပေးပါ...”

ဆုမိုက တည်ငြိမ်လေးနက်စွာ ပြောလိုက်၏။

“ကြွပါခင်ဗျာ...”

ခေါင်းဆောင်ကျန်းသည် စကားအများကြီး မပြောတော့ဘဲ ရှေ့မှ လမ်းပြခေါ်ဆောင်သွားသည်။

သူတို့၏ နောက်တွင် လျိုမိုနှင့် အခြားသူများ လိုက်ပါလာကြ၏။

ကျန်းရှောင်ရှောင်က ရှေ့ဆုံးမှ ပါလာသည်။ ဆုမိုက နောက်လှည့်ကြည့်ပြီး အမိန့်ပေးလိုက်၏။

“အားလုံး အာမခံဌာနထဲမှာပဲ နေခဲ့ကြ... ပရမ်းပတာ မလုပ်ကြနဲ့...”

လျိုမို၊ ဖုဟန်ယွမ်နှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ အရိုအသေပြုလိုက်ကြသည်။

“ခေါင်းဆောင် အမိန့်အတိုင်းပါ...”

“ဒါနဲ့ ၊ သခင်... ရန်ဖြစ်ရမယ်ဆိုရင် ကျွန်မကို ခေါ်ဖို့ မမေ့နဲ့နော်...”

ကျန်းရှောင်ရှောင်က လေးလေးနက်နက် မှာရှာသည်။

ဆုမို ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရ၏။

ဒီကောင်မလေးကို ဘယ်သူများ ဒီလို စကားတွေ သင်ပေးလိုက်ပါလိမ့်။

သူ လက်ကာပြလိုက်ပြီး ယန်ရှောင်ယွင်ကို တွဲလျက် ခေါင်းဆောင်ကျန်း၏ နောက်သို့ လိုက်ပါသွားလေသည်။

လမ်းလျှောက်နေရင်း ခေါင်းဆောင်ကျန်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည် ပြောပြလာ၏။

သူပြောပြသော အကြောင်းအရာများက ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကြိုတင် သိရှိထားသည်များနှင့် ကွဲလွဲခြင်း မရှိပေ။

ကြည့်ရတာ... နောက်ဆက်တွဲ ဖြစ်ရပ်များ အားလုံး `ယန်ရီဇီ` စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့ပုံ ရသည်။

သံမဏိသွေး အာမခံဌာနသို့ ရောက်ရှိသောအခါ ဟောက်ရန် ကျောင်းတော်မှ စာပေပညာရှင် အချို့ ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ပုံစံမှာ ဂနာမငြိမ် ဖြစ်နေကြ၏။

ယန်ရှောင်ယွင်က ဖြူဖပ်ဖြူရော် မျက်နှာဖြင့် မေးလိုက်သည်။

“အဖေ... အဖေ အခု ဘယ်မှာလဲဟင်...”

“သခင်မလေးယန်...”

ပညာရှင်များ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တစ်ယောက်က ရှေ့ထွက်လာကာ သက်ပြင်းချရင်း ပြော၏။

“သခင်မလေးယန်... ဝမ်းနည်းကြေကွဲရပါတယ်... ဒီကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတာပါ... ကျောင်းတော်ထဲမှာ ရက်အတော်ကြာ စုံစမ်းစစ်ဆေးပြီးမှ လော့ရှားမြို့ကို လူလွှတ် အကြောင်းကြား

လိုက်ရတာပါ...”

“လက်ရှိမှာတော့... ခေါင်းဆောင်ယန်ရဲ့ ရုပ်အလောင်းက ကျောင်းတော်မှာပဲ ရှိပါသေးတယ်...”

“ဒါပေမဲ့... ဒါပေမဲ့...”

ထိုပညာရှင် စကားများ ထစ်ငေါ့နေသည်။ နောက်ဆုံးတွင် တစ်ယောက်က ဝင်ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ... ကျောင်းတော်ထဲမှာ ရက်အနည်းငယ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် အတည်ပြုနိုင်ခဲ့တာကတော့... ခေါင်းဆောင်ယန်ကို လုပ်ကြံခဲ့တဲ့ လူသတ်သမားက... `ဒုတိယကျောင်းအုပ် လျူယွင်` ပါတဲ့...”

“ဦးလေးလျူယွင်...”

ယန်ရှောင်ယွင် ကြောင်အသွားသည်။

“ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဦးလေးလျူယွင်နဲ့ အဖေက အနှစ် (၂၀) လောက် ပေါင်းသင်းလာတဲ့ မိတ်ဆွေရင်းကြီးတွေလေ... ဘာ... ဘာအကြောင်းပြချက်နဲ့များ အဖေ့ကို ဒုက္ခပေးရမှာလဲ... ရှင်... ရှင်တို့ သေချာ စုံစမ်းပြီးကြပြီလား...”

“စုံစမ်းစစ်ဆေးမှု ပြီးဆုံးပါပြီ...”

“ခေါင်းဆောင်ယန်က အဆိပ်သင့်ပြီး ဆုံးပါးသွားတာပါ... အဲဒီနေ့တုန်းက... အဲဒီနေ့တုန်းက ဟောက်ရန် ကျောင်းတော်ကို ဧည့်သည် နှစ်ယောက် လာလည်ခဲ့ပါတယ်...”

“အဲဒီနေ့ တစ်နေ့လုံး ခေါင်းဆောင်ယန်က ဘာမှ မစားခဲ့ပါဘူး...”

“ညနေရောက်မှ ဒုတိယကျောင်းအုပ် လျူယွင်က အစားအသောက်နဲ့ အရက် ယူလာပြီး လာတွေ့တာပါ...”

“ဒီအချက်ကို သံမဏိသွေး အာမခံဌာနက အစောင့်တွေလည်း သက်သေခံနိုင်ပါတယ်...”

“ဒါ့အပြင် အဲဒီည ပြီးတာနဲ့ ဒုတိယကျောင်းအုပ် လျူယွင် ပျောက်ချင်းမလှ ပျောက်သွားပါတယ်...”

“ဒီအချက်တွေကို ဆက်စပ်ကြည့်လိုက်ရင်... ဒုတိယကျောင်းအုပ် လျူယွင် ကိုယ်တိုင် မသတ်ခဲ့ရင်တောင်... သူနဲ့ သေချာပေါက် ပတ်သက်ဆက်နွှယ်နေပါတယ်...”

“ကျောင်းအုပ်ကြီးက လျူယွင်ကို ဖမ်းဆီးဖို့ လူတွေ လွှတ်ထားပြီးပါပြီ...”

“ဒါနဲ့ စကားမစပ်... ကျွန်တော်တို့ကို သတင်းပို့ဖို့ မလွှတ်ခင်တုန်းက ကျောင်းအုပ်ကြီးက စာတစ်စောင် ရေးပေးလိုက်ပါတယ်... ခေါင်းဆောင်နှစ်ယောက်ကို ပေးလိုက်ပါတဲ့...”

ပြောပြောဆိုဆိုနှင့် သူသည် အင်္ကျီလက်အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။

ဆုမိုက ချက်ချင်း လှမ်းယူလိုက်ပြီး စာအိတ်ကို ဖွင့်ဖောက်ကာ အထဲမှ စာကို ထုတ်ဖတ်လိုက်သည်။

ထို့နောက် ယန်ရှောင်ယွင် လက်ထဲသို့ ထည့်ပေးလိုက်သည်။

စာထဲတွင် ကျောင်းအုပ်ကြီးက ဤကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်ကို ရှင်းပြထားသည်။ မြေအဆုံးထိ လိုက်ရှာရပါစေ... စာပေပညာရှင် လျူယွင်ကို ဖမ်းဆီးပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့အား ဖြေရှင်းချက် ပေးပါမည်ဟု ကတိပြုထားသည်။

ယန်ရှောင်ယွင်သည် စာကို စိုက်ကြည့်နေသည်။ စာလုံးတစ်လုံးချင်းစီကို ဝါးမြိုပစ်ချင်သည့်အလား စူးစိုက်ကြည့်နေသည်။

အတန်ကြာမှ သူမ သက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရှေ့မှ ဟောက်ရန် ကျောင်းတော် တပည့်များကို မော့ကြည့်လိုက်သည်။

ခေါင်းကို အနိုင်နိုင် ငြိမ့်ပြရင်း...

“ဒီကိစ္စကို လာပြောပြပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်မ သိပါပြီ... မကြာခင် အဖေ့အလောင်းကို လာယူပါ့မယ်... အခုတော့... ခဏလောက် အနားယူကြပါဦး... ခွင့်လွှတ်ပါ... ကျွန်မ... ကျွန်မ...”

ခေါင်းဆောင်ဖြစ်သူ ပညာရှင်က ချက်ချင်း ဦးညွှတ်လိုက်သည်။

“သခင်မလေးယန်... ကျွန်တော်တို့က သတင်းလာပို့ရုံ သက်သက်ပါ... အခု သတင်းပို့ပြီးပြီ ဆိုတော့... ပြန်ခွင့်ပြုပါဦး...”

“ခဏလောက်တော့ အနားယူလိုက်ကြပါဦး...”

ယန်ရှောင်ယွင်က အတင်းအကြပ် တားဆီးလိုက်သည်။

သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။

“ကောင်းပါပြီဗျာ... အိမ်ရှင်သဘော အတိုင်းပါပဲ...”

သူတို့ ချက်ချင်း ပြန်ထွက်သွားချင်နေသည့် ပုံစံမှာ အခြား ရည်ရွယ်ချက် ရှိနေပုံမရပေ။

All Chapters