အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း (၃၄၀) - လူစိတ်ပြောင်းလဲခြင်း (၂)
~ယန်ရီဇီကို သတ်လိုက်သူက `စာပေပညာရှင် လျူယွင်` ဖြစ်သည်။ ယန်ရှောင်ယွင်က ဖခင်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရသော အချိန်တွင် `ဟောက်ရန် ကျောင်းတော်` မှ လူများက ပူးပေါင်းကြံစည်ပြီး ဖခင်ကို သတ်လိုက်သည်ဟု ထင်သွားနိုင်သည် မဟုတ်ပါလော။
အကယ်၍ သူမက ဒေါသအလျောက် သူတို့ကို ပြန်သတ်ပြီး ဦးလေးယန်၏ ဝိညာဉ်ကို ပူဇော်လိုက်လျှင်... ဒါက ကောင်းသည့် ကိစ္စ မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ယန်ရှောင်ယွင်က သူတို့ကို ပြန်ခွင့်မပြုခြင်းကို နားလည်ပေးနိုင်၏။
သူမ၏ စိတ်အခြေအနေက ရှုပ်ထွေးနေမည်မှာ သေချာသည်။ ယန်ရီဇီ သေဆုံးမှုက ဟောက်ရန် ကျောင်းတော်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
သူတို့ ဒီအတိုင်း ပြန်သွားလိုက်လျှင် သင့်တော်မည် မဟုတ်ပေ။
ရွေးချယ်စရာ မရှိသဖြင့် သူတို့သည် သူမ၏ အမိန့်ကို နာခံလိုက်ရ၏။
“ရှောင်မို... လိုက်ခဲ့...”
ယန်ရှောင်ယွင်က ပြောပြီး ဆုမိုကို နောက်ဖေးဝင်းဘက်သို့ ဆွဲခေါ်သွားသည်။
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဟောက်ရန် ကျောင်းတော်မှ ဝါရင့်တပည့်များကို ဧည့်ရိပ်သာသို့ ပို့ဆောင်ကာ အနားယူစေလိုက်ကြ၏။
...
...
နောက်ဖေးဝင်းရှိ ဇရပ်ငယ်လေး အတွင်း၌...
ယန်ရှောင်ယွင်က လက်ဝှေ့ယမ်းပြလိုက်ရာ ဘေးနားရှိ လူများအားလုံး နောက်ဆုတ်သွားကြသည်။
သူမက ဆုမိုကို တစ်ချက်ကြည့်လိုက်၏။
ဆုမိုက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။ ထို့နောက် သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိုးရိမ်စိတ် အနည်းငယ်ဖြင့် မေးလိုက်၏။
“ဘယ်လိုလဲ... ငါ့သရုပ်ဆောင်တာ အဆင်ပြေရဲ့လား... ဟာကွက်တွေ ပေါ်သွားသေးလား...”
“ယေဘုယျအားဖြင့်တော့... ခံစားချက်တွေက ပြည့်စုံပါတယ်... စကားလုံးတွေ၊ မျက်နှာထားတွေကလည်း လိုက်ဖက်ပါတယ်...”
“ဒီလောက် အချိန်တိုအတွင်းမှာ ဒီလို သရုပ်ဆောင်နိုင်တာ တော်တော်လေး ကောင်းပါတယ်...”
“တစ်ခုပဲ သတိပေးစရာ ရှိတာက... နည်းနည်းလေး အားထည့်လွန်သွားသလိုပဲ...”
“ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ပြဿနာ မရှိပါဘူး...”
ဆုမိုသည် ယခင်ဘဝက တီဗီဇာတ်လမ်းတွဲ ကြည့်ပြီး ကီးဘုတ်ဖြင့် ဝေဖန်ရေးသားနေသူ ကီးဘုတ် ဖိုက်တာ တစ်ယောက်၏ လေသံမျိုးဖြင့် ပြန်လည် သုံးသပ်ပြလိုက်သည်။
“...”
ယန်ရှောင်ယွင် ကြောင်အသွားသည်။ သူမက ပေါ့ပေါ့ပါးပါး မေးလိုက်တာကို ဆုမိုက တကယ်ကြီး အလေးအနက်ထားပြီး ဖြေနေတာကိုး။
ဆုမို၏ စကားများကြောင့် သူမ ဘာဆက်လုပ်ရမည်ကိုပင် မေ့သွားသည်။ ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။
“ဒါဆို... ငါတို့ ဘာဆက်လုပ်ကြမလဲ...”
“အရင် ထိုင်လိုက်ပါဦး...”
ဆုမိုက ယန်ရှောင်ယွင်ကို ထိုင်ခိုင်းလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်ကာ ဖက်ထားလိုက်၏။
ယန်ရှောင်ယွင်၏ မျက်နှာ ရဲသွားသည်။ “ရှောင်မို... နင် တမင်သက်သက် လုပ်နေတာလား...”
“ဟင်...”
ဆုမို အံ့အားသင့်သွားသည်။ “အစ်မယွင်... ဘာတွေ လာပြောနေတာလဲ...”
“ဘာ... ဘာမှ မဟုတ်ပါဘူး...”
ယန်ရှောင်ယွင် ခေါင်းကို တွင်တွင်ခါလိုက်ပြီး ဆုမိုကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်သည်။
“အဖေ ဆုံးပါးသွားတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့... ငါ့မှာ အားကိုးစရာ မရှိတော့ဘူး... ငါ့ရဲ့ စေ့စပ်ထားသူကိုပဲ အားကိုးရတော့မှာပေါ့...”
“ဖက်ထားရုံ သက်သက် ဆိုရင်တောင်... ဒါက အပြစ်မရှိပါဘူးနော်...”
“မှန်တာပေါ့...”
ဆုမို ခေါင်းငြိမ့်လိုက်သည်။
“အစ်မက ဝမ်းနည်းပူဆွေးမှုကိုပဲ ထုတ်ဖော်ပြနေလိုက်... ကျန်တာ ကျွန်တော် စီစဉ်လိုက်မယ်...”
“...ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင်အမြင် မရှိလို့မှ မဖြစ်တာ...”
ယန်ရှောင်ယွင် ဆက်ပြောလာသည်။
“ငါတို့ ဟောက်ရန် ကျောင်းတော်ကို နောက်တစ်ခေါက် ထပ်သွားလို့ မဖြစ်ဘူးလေ... `ဝူတောက်ယို`ဆီမှာ လူအင်အားနဲ့ အာဏာတွေ အများကြီး ရှိတယ်... သူက မကြာခင် ပြန်လာမှာ မဟုတ်လောက်ဘူး... ငါတို့ သွားနှုတ်ဆက်သင့်လား...”
“မလိုလောက်ပါဘူး... ဝူတောက်ယို ထွက်သွားတုန်းက ပြောခဲ့တယ်လေ... လော့ရှားမြို့မှာ ခဏ စောင့်နေပါလို့... အကြောင်းပြချက် မရှိဘဲ စောင့်ခိုင်းတာတော့ မဟုတ်လောက်ဘူး... သူ လူလွှတ်ပြီး သတင်းပို့လာမှာပါ...”
ဆုမို သက်ပြင်းချလိုက်သည်။
“ဒါကြောင့် ကျွန်တော်တို့ ဒီမှာပဲ စောင့်နေလို့ ရပါတယ်... ဒါပေမဲ့ ဒီရက်ပိုင်း အစ်မအတွက်တော့ နည်းနည်း ပင်ပန်းလိမ့်မယ်...”
“ကိစ္စမရှိပါဘူး... သရုပ်ဆောင်ရုံပဲလေ... ငါ ကျွမ်းကျင်နေပါပြီ...”
“ဒီပညာရပ်က လေ့လာသင့်တဲ့ အရာပဲ... သိုင်းလောက ခရီးသွားရင် တကယ် လိုအပ်တယ်...”
ဆုမိုသည် `ထောင်ဟွာတောအုပ်` ၊ `လော့ဟွာ ဇရပ်` မှ `တောင်ဖြိုလက်ဝါး` ဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဝေါ်သူကို ပြန်သတိရမိသည်။
သူ့စကားတွေ၊ လုပ်ရပ်တွေမှာ ဟာကွက် လုံးဝ မရှိခဲ့ပေ။
ဆုမိုသာ သူ့အကြောင်း ကြိုမသိထားလျှင် အလွယ်တကူ လှည့်စားခံရနိုင်သည်။
ဒီလိုလူတွေ ရှိနေလို့သာ ဆုမိုသည် ရှေးလူကြီးများ၏ မှတ်တမ်းများကို ဖတ်ရှုပြီး သိုင်းလောကအပေါ် သတိထားမှု ပိုများလာရခြင်း ဖြစ်သည်။
“အင်း...”
ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးမှိတ်ကာ ခဏတာ ငြိမ်းချမ်းမှုကို ခံစားနေ၏။ သို့သော် မကြာမီမှာပင် သူမ မနေနိုင်ဘဲ ပြောလိုက်သည်။
“ရှောင်မို... ငါ့ဆံပင်တွေကို လာမကစားနဲ့လေ...”
“အိုကေ...”
“ငါ့အင်္ကျီလက်ကိုလည်း လာမဆွဲနဲ့...”
“ဟုတ်ကဲ့...”
“...လူ လာနေသလိုပဲ...”
“ကျွန်တော် ဘာမှ မကြားပါဘူး...”
“ဟို... ရှောင်မို...”
“ရှူး... စကားမပြောနဲ့တော့...”
“အင်းပါ... နင်ကလည်း ကြမ်းလိုက်တာ...”
“....”
အမွှေးတိုင် တစ်တိုင်စာလောက် ကြာအောင် ကြည်နူးပြီးနောက်... ဆုမို ခြေသံများ ကြားလိုက်ရသည်။
ယန်ရှောင်ယွင်ကို တိုးတိုးလေး သတိပေးလိုက်ပြီး ဆုမိုက နောက်လှည့်ကြည့်လိုက်၏။
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ ဇရပ်အပြင်ဘက်တွင် ရပ်နေကြသည်။ လက်သီးဆုပ် အရိုအသေပြုထားပြီး စကားပြောချင်သော်လည်း အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်နေသည့် ပုံစံများ ဖြစ်နေသည်။
ဆုမို သက်ပြင်းချလိုက်ပြီး ယန်ရှောင်ယွင်ကို ပုတ်လိုက်၏။
“အစ်မယွင်... ဦးလေးကျန်းနဲ့ ဦးလေးလီ ရောက်နေကြတယ်...”
ယန်ရှောင်ယွင် မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက ငိုထားသကဲ့သို့ စိုစွတ်နေသည်။ ခေါင်းဆောင်နှစ်ဦးကို ကြည့်ပြီး ပြောလိုက်၏။
“ဦးလေးတို့... ကျွန်မ.. စိတ်ထိန်းနိုင်စွမ်း မရှိတော့ပါဘူး...”
“ဟာ... ဒုခေါင်းဆောင်... အားတင်းထားပါ...”
“ဒီကိစ္စက ရုတ်တရက် ဖြစ်သွားတာပါ... ဒုခေါင်းဆောင်ရဲ့ ခံစားချက်ကို ကျွန်တော်တို့ နားလည်ပါတယ်...”
ခေါင်းဆောင်လီက စကားကို ခဏရပ်လိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ အခုအချိန်မှာ ဒုခေါင်းဆောင် စိတ်တည်ငြိမ်ဖို့ လိုပါတယ်... ခေါင်းဆောင်ကြီးရဲ့... ခေါင်းဆောင်ကြီးရဲ့ ရုပ်အလောင်းကို ပြန်သယ်လာရပါဦးမယ်...”
“ဟုတ်တယ်...”
ယန်ရှောင်ယွင် အိပ်မက်မှ လန့်နိုးလာသူကဲ့သို့ ခေါင်းကို တရစပ် ငြိမ့်လိုက်သည်။
“ဦးလေးလီ ပြောတာ မှန်ပါတယ်... ဒါဆိုရင် ခရီးထွက်ဖို့ ပြင်ဆင်လိုက်ကြပါ... ကျွန်မ ဒီနေ့ပဲ ဟောက်ရန် ကျောင်းတော်ကို သွားမယ်... အဖေ့ကို... အဖေ့ကို ပြန်ခေါ်လာမယ်...”
သူမ ဆက်မပြောနိုင်တော့ပေ။ ဆုမိုက သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပေးလိုက်သည်။
ထိုအခါမှသာ ယန်ရှောင်ယွင် အားအင်ပြန်ပြည့်လာသကဲ့သို့ ခံစားလိုက်ရပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်သည်။
“အဖေ့အလောင်းကို ပြန်သယ်ဖို့... ဦးလေးတို့ အားလုံး ကျွန်မနဲ့အတူ လိုက်ခဲ့ပေးကြပါ…”
အခန်း (၃၄၁) - လူစိတ်ပြောင်းလဲခြင်း (၃)
~“ကောင်းပါပြီဗျာ...”
ခေါင်းဆောင်နှစ်ဦးက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်ကြသည်။
“ဒါဆိုရင် လူတွေကို အခုချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်... အချိန်မဆွဲဘဲ ခရီးထွက်ကြတာပေါ့...”
သူတို့စကားသံ ဆုံးသည်နှင့် တပြိုင်နက် အပြင်ဘက်မှ အလျင်အမြန် လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။
မော့ကြည့်လိုက်သောအခါ အစေခံတစ်ယောက် ရောက်ရှိလာသည်ကို တွေ့ရ၏။ သူသည် ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ ယန်ရှောင်ယွင် အနားသို့ ကပ်သွားလေသည်။
“သခင်မလေး... ဟို... `ဝူချန်ဖုန်း` ရောက်နေပါတယ်...”
“...”
ဆုမိုရော ယန်ရှောင်ယွင်ပါ ကြောင်အသွားကြသည်။
စာပို့လိုက်တဲ့သူက သူ ဖြစ်နေတာလား။
နောက်တစ်ခဏတွင် ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်၏။
“သူ လာရဲသေးတယ်လား...”
အစေခံက ကပျာကယာ ရှင်းပြသည်။
“သူက စာလာပို့တာပါတဲ့... သခင်မလေး လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးချင်လို့ပါတဲ့... မူလက သခင်မလေးကို `ဇီယန်အာမခံဌာန` မှာ ရှိမယ်ထင်ပြီး သွားရှာသေးတယ်တဲ့... ဟိုမှာ ရှာမတွေ့တော့မှ ဒီကို လိုက်လာတာပါ...”
“စာလာပို့တာ ဟုတ်လား...”
ယန်ရှောင်ယွင် အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။
“ဒီအချိန်ကြီး သူက ဘာစာလာပို့တာလဲ...”
“စိတ်အေးအေးထားပါ...”
ဆုမိုက သူမ၏ လက်ကို အသာအယာ ပုတ်ပေးလိုက်သည်။
“`ဦးလေးယန်`နဲ့ မြို့စားဝူ အတူတူ ထွက်သွားကြတာလေ... ဝူချန်ဖုန်းက စာလာပို့တယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်နေလောက်တယ်... ဘာပဲဖြစ်ဖြစ် စာကို အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့...”
“အင်း...”
ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်ပြီး အမိန့်ပေးလိုက်၏။
“သူ့ကို ဧည့်ခန်းမဆောင်မှာ စောင့်ခိုင်းထားလိုက်...”
“ဟုတ်ကဲ့ပါ...”
အစေခံ ပြန်ထွက်သွားသောအခါ ယန်ရှောင်ယွင်က ခေါင်းဆောင်နှစ်ဦးဘက်သို့ လှည့်ပြောလိုက်သည်။
“ဦးလေးတို့ သွားပြင်ဆင်နှင့်ကြပါ... ဝူချန်ဖုန်းက ဘာအကြံအစည် ရှိနေလဲဆိုတာ ကျွန်မ သွားကြည့်လိုက်ဦးမယ်...”
“ကောင်းပါပြီ...”
သူတို့နှစ်ဦးလည်း အချိန်မဆွဲတော့ဘဲ ထွက်ခွာသွားကြသည်။
ထို့နောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဧည့်ခန်းမဆောင်သို့ ထွက်လာခဲ့ကြ၏။
အစေခံ၏ လမ်းပြမှုဖြင့် ဝူချန်ဖုန်း ဝင်ရောက်လာသည်။ ဆုမိုကို မြင်လိုက်ရသောအခါ သူ့မျက်ဝန်းထောင့်များ အနည်းငယ် လှုပ်ရှားသွားသည်။
ထို့နောက် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သောအခါ အတိတ်က အရိုက်ခံရဖူးသည့် အဖြစ်အပျက်များကို ပြန်သတိရသွားပုံဖြင့် မျက်နှာက အလိုအလျောက် ရှုံ့မဲ့သွားရှာ၏။
“မြို့စားလေးဝူ... မတွေ့တာ ကြာပြီပဲ...”
ဆုမိုက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ယန်ရှောင်ယွင်ကတော့ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေသည်။
ဝူချန်ဖုန်း သက်ပြင်းချလိုက်၏။
“အရင်တုန်းက သဘောတူညီချက် ရှိခဲ့တာ မှန်ပါတယ်... ကျွန်တော် ဝူချန်ဖုန်းက လူမိုက်တစ်ယောက် ဆိုပေမယ့် ကတိတည်ပါတယ်... ခင်ဗျားတို့ နှစ်ယောက် ရှိတဲ့နေရာဆိုရင် ကျွန်တော် မိုင်ပေါင်းများစွာ အဝေးကနေ ရှောင်ပါ့မယ်လို့ ကတိပေးခဲ့ဖူးပါတယ်...”
“ဒါပေမဲ့... အခုက အဖေ့အမိန့်ကြောင့် မတတ်သာဘဲ ရောက်လာရတာပါ... ခွင့်လွှတ်ပေးကြပါဗျာ...”
“အဖေ့အမိန့်ကြောင့် ဟုတ်လား...”
ဆုမိုက ဝူချန်ဖုန်းကို စူးစိုက်ကြည့်လိုက်သည်။
“မြို့စားလေးဝူက စာလာပို့တယ်လို့ ကြားတယ်...”
“ဟုတ်ပါတယ်...”
ဝူချန်ဖုန်း ခေါင်းငြိမ့်လိုက်ပြီး ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
“ဒီစာကို သခင်မလေးယန် လက်ထဲ အရောက်ပေးရမှာပါ...”
သူ့စကား မဆုံးသေးခင်မှာပင် ဆုမို လက်မြှောက်လိုက်သည်ကို မြင်လိုက်ရပြီး... ရုတ်တရက် သူ့လက်ထဲမှ စာအိတ်သည် လေထဲသို့ ပါသွားကာ ဆုမိုလက်ထဲသို့ ရောက်ရှိသွား၏။
“ငါ့ကို ပေးတာနဲ့ သူ့ကို ပေးတာ အတူတူပါပဲ...”
ဆုမိုက ပြောပြောဆိုဆိုနှင့် စာအိတ်ကို ဖွင့်ဖောက်ကာ အမြန် ဖတ်ရှုလိုက်သည်။
ပြီးနောက် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ထင်တဲ့အတိုင်းပဲ... စာထဲမှာ ရေးထားတာက သူ ဦးလေးယန်အကြောင်း အကုန်သိပြီးပြီတဲ့... အခု ဦးလေးယန်ရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပြီး လော့ရှားမြို့ကို ပြန်လာနေပြီတဲ့... ရက်ပိုင်းအတွင်း ရောက်လာလိမ့်မယ်... အစ်မကို အိမ်မှာပဲ စိတ်အေးအေးထားပြီး စောင့်နေပါလို့ မှာလိုက်တယ်...”
“ဟမ်...”
ဝူချန်ဖုန်း မှင်သက်သွားသည်။
“ခေါင်းဆောင်ယန်က...”
သူ စကားစလိုက်သော်လည်း ဆက်ပြောရန် မရဲတော့ပေ။ သူ့မျက်ဝန်းထဲတွင် ထိတ်လန့်မှုများကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
ဆုမို သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါပြလိုက်၏။ ထို့နောက် ယန်ရှောင်ယွင်ကို မေးလိုက်သည်။
“အစ်မယွင်... ဘယ်လို သဘောရလဲ...”
“ဦးလေးကျန်းနဲ့ ဦးလေးလီကို ပြန်ခေါ်ပြီး တိုင်ပင်ကြတာပေါ့...”
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
“ရှောင်မို... ငါ့စိတ်တွေ အခု အရမ်းရှုပ်ထွေးနေတယ်...”
“အင်း...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး ဝူချန်ဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
“မြို့စားလေး... ခင်ဗျား မြင်တဲ့အတိုင်းပဲ...”
“သြော်... ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် ပြန်ပါရစေဦး...”
ဝူချန်ဖုန်း ဆက်မနေရဲတော့ပေ။
ဆုမို၏ စကားအရ `ယန်ရီဇီ` ဟာ `တုန်းချန်` မှာ သေဆုံးသွားပြီ ဆိုတာ သူ သဘောပေါက်လိုက်သည်။
ယန်ရှောင်ယွင် ဒီလိုပုံစံ ဖြစ်နေတာ မဆန်းပါဘူးလေ... ဒီနေ့ သူရောက်လာတာက သေမင်းခံတွင်းထဲ ဝင်လာသလို ဖြစ်နေပါရောလား။
သူ့အဖေ `ဝူတောက်ယို`ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။
မိမိကို ဓားစာခံ လုပ်ခိုင်းလိုက်သည်ပင်။
ယန်ရှောင်ယွင်က သူ့အပေါ် မူလကတည်းက အမြင်မကြည်လင်တာကို... ဒီလို သတင်းဆိုးမျိုး လာပို့ခိုင်းရတယ်လို့။ တော်ကြာ ဒေါသထွက်ပြီး `နဂါး ချောက်နက်လှံ` နဲ့ ထိုးသတ်လိုက်ရင် သူ အလကား သေရမှာ မဟုတ်လား’
ဒီလို တွေးမိပြီး ဆုမိုကလည်း ပြန်ဖို့ လမ်းစဖွင့်ပေးနေသဖြင့် သူ တစ်ခဏလေးမျှ ဆက်မနေရဲတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။
ဝူချန်ဖုန်း ထွက်သွားပြီးနောက် ဆုမိုသည် ခေါင်းဆောင်နှစ်ဦးကို ပြန်ခေါ်လိုက်၏။
သတင်းကြားရသောအခါ သူတို့လည်း ခေါင်းငြိမ့် လက်ခံလိုက်ကြသည်။
“မြို့စားဝူက ခေါင်းဆောင်နဲ့အတူတူ တုန်းချန်ကို သွားခဲ့တာဆိုတော့... သူ အလောင်းကို ပြန်သယ်လာတာ သင့်တော်ပါတယ်... ခေါင်းဆောင်ယန် သူ့ကို ကူညီခဲ့တာ အလကား မဖြစ်ခဲ့ဘူးပေါ့...”
“ကျွတ်... တကယ်လို့သာ အခင်းဖြစ်ပွားတဲ့အချိန်မှာ ဝူတောက်ယို ဟောက်ရန် ကျောင်းတော်မှာ ရှိနေခဲ့ရင်... ခေါင်းဆောင်ယန် အခုလို ဒုက္ခရောက်ချင်မှ ရောက်မှာ...”
ခေါင်းဆောင်လီ စကားဆုံးသည်နှင့် ခေါင်းဆောင်ကျန်းက သူ့ခြေထောက်ကို လှမ်းကန်လိုက်သည်။
ထိုအခါမှ ခေါင်းဆောင်လီ အသိဝင်လာပြီး ကပျာကယာ ပြင်ပြော၏။
“အဲဒါဆိုရင်... ဒုခေါင်းဆောင် အနေနဲ့ ဒီရက်ပိုင်း အနားယူလိုက်ပါဦး... ခေါင်းဆောင်ရဲ့ ရုပ်အလောင်း ပြန်ရောက်လာမှ သေချာ စီစဉ်ကြတာပေါ့...”
ယန်ရှောင်ယွင် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ဒါဆိုရင်... ဒီရက်ပိုင်း အာမခံဌာနရဲ့ အထွေထွေကိစ္စတွေကို ဦးလေးတို့ပဲ ကူညီ စီမံပေးကြပါနော်...”
“စိတ်ချပါ ဒုခေါင်းဆောင်... ကျွန်တော်တို့ တာဝန်ထားလိုက်ပါ...”
သူတို့နှစ်ဦး ချက်ချင်း ကတိပေးလိုက်ကြသည်။
ဆုမိုက ယန်ရှောင်ယွင်ကို တွဲပြီး အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ် ခေါင်းဆောင်ကျန်းက အသံတိုးတိုးဖြင့် လှမ်းပြောလိုက်သည်။
“ခေါင်းဆောင်ဆု... ကျွန်တော် စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ...”
ဆုမိုက ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။
ယန်ရှောင်ယွင်က လက်ကာပြလိုက်ပြီး...
“ဒါဆို နင် ပြီးမှ လိုက်လာခဲ့လေ...”
“ကောင်းပြီ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး နေရာတွင် ကျန်နေရစ်ခဲ့သည်။
“ခင်ဗျားတို့နှစ်ယောက်... ကျွန်တော့်ကို ပြောစရာ ရှိလို့လား...”
သူက ခေါင်းဆောင်နှစ်ဦးကို မေးလိုက်၏။
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းဆောင်ကျန်းက သက်ပြင်းချကာ ပြောလိုက်သည်။
“ခေါင်းဆောင်ဆု... ပွင့်ပွင့်လင်းလင်း ပြောရရင်... ဟောက်ရန် ကျောင်းတော်က လူတွေ ရောက်နေတာ ကြာပြီလေ... ခေါင်းဆောင်ဆုရော ဒုခေါင်းဆောင်ယန်ပါ ပြန်မလာကြသေးတော့...”
“မနေ့ကမှ ပြန်ရောက်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမနက်မှ သိရတာပါ... ပုံမှန်ဆို ဒီလို ကိစ္စမျိုး ဘယ်ဖြစ်မလဲဗျာ...”
“ခေါင်းဆောင်ယန် ဆုံးပါးသွားတဲ့ ကိစ္စကြောင့်... ရက်ပိုင်းအတွင်းမှာတင် အာမခံဌာနက လူတွေရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲကုန်ကြပါပြီ... ဂနာမငြိမ် ဖြစ်နေကြတယ်...”
“ဒါပေမဲ့ ဒီကိစ္စကို ဒုခေါင်းဆောင်ယန်ကို ပြောပြဖို့ အချိန်မသင့်သေးလို့ပါ...”
ခေါင်းဆောင်လီက ဝင်ဖြည့်ပြောသည်။
“သူမခမျာ အခုမှ ပူဆွေးနေရတာဆိုတော့... ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာမှာ... ဒါကြောင့် ခေါင်းဆောင်ဆု အနေနဲ့ ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်... လက်ရှိ အနေအထားအရ အာမခံဌာနထဲက လူအများစုက နှုတ်ထွက်ဖို့ စဉ်းစားနေကြပြီ... ဒီကိစ္စကို နောက်ကျရင် ခေါင်းဆောင်ဆုနဲ့ ဒုခေါင်းဆောင်ယန်တို့ တိုင်ပင်ပြီး ဆုံးဖြတ်ပေးဖို့ လိုပါလိမ့်မယ်…”
အခန်း (၃၄၂) - နတ်ဘုရား ယောင်ဆောင်ခြင်း
~ဆုမို ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ ပြောလာမည့် စကားများကို သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်ပါ၏။
`သံမဏိသွေး နဂါးလှံ` ဟု ကျော်ကြားသော `ယန်ရီဇီ` သည် အာမခံဌာနအတွက် အားထားရသော သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ သူ့အပေါ် မှီခိုနေသော အာမခံအဖွဲ့မှူးများထဲတွင် သူ့ဂုဏ်သတင်းကို အသုံးချပြီး ကိုယ်ကျိုးရှာလိုသူများလည်း ပါဝင်နေမည်မှာ မလွဲဧကန်ပင်။
ယခုအခါ ထိုသစ်ပင်ကြီး ရုတ်တရက် လဲပြိုသွားပြီ ဖြစ်ရာ... မျောက်အုပ်ကြီး ကစဉ့်ကလျား ထွက်ပြေးရမည့် အခြေအနေ မဟုတ်သေးသော်ငြား... ဒီသစ်ပင်ကို အမှီပြုပြီး အသက်ဆက်နေရသူများအတွက်တော့ သူတို့၏ အနာဂတ် မရေမရာ ဖြစ်သွားသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်မှာ သဘာဝပင်။
ဒါက လူ့သဘာဝပါပင်။
ဆုမို ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကြိုတင် တွေးတောထားပြီးသား ဖြစ်သည်။
သူ့ကို အံ့ဩသွားစေသည်ကတော့ ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ကျန်းနှင့် လီ တို့က သူ့ကို ဒီကိစ္စ လာတိုင်ပင်ခြင်းပင်။
ခဏမျှ စဉ်းစားပြီးနောက် ဆုမို ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။
“ဒီကိစ္စအတွက်... ခေါင်းဆောင်နှစ်ယောက်ပဲ ကြားဝင် ဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်... အစ်မယွင်က အခုအချိန်မှာ တကယ်ကို စိတ်နဲ့လူနဲ့ မကပ်နိုင်သေးဘူး... ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်ပါတယ်...”
“ဒါပေမဲ့... ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေက စနစ်တကျ ရှိရမယ်... လွန်လွန်ကျွံကျွံ မဖြစ်စေနဲ့... အဓိက ရည်ရွယ်ချက်က အခြေအနေ တည်ငြိမ်ဖို့ပဲ...”
“နောက်ရက်နည်းနည်း ကြာရင် အစ်မယွင် ကိုယ်တိုင် ထွက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် လူတွေရဲ့ စိတ်ဓာတ်ကို တစ်ချက်တည်းနဲ့ ပြန်ဆွဲတင်နိုင်မှာပါ...”
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြ၏။
“ခေါင်းဆောင်ဆုရဲ့ အမိန့်အတိုင်းပါပဲ...”
“ကျေးဇူးတင်ပါတယ်ဗျာ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီးနောက် နောက်ပြန်လှည့်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။
ကျန်ရစ်ခဲ့သော ခေါင်းဆောင်နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းဆောင်လီက အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘယ်လိုထင်လဲ...”
“ခေါင်းဆောင်ဆုက တကယ့်ကို ဒုခေါင်းဆောင် အတွက် စဉ်းစားပေးတာပဲ... သူ့နေရာကို ကျော်မတက်ဘဲ အာမခံဌာန တစ်ခုလုံးရဲ့ အခြေအနေကို ထိန်းသိမ်းပေးချင်တာ... တကယ်ကို သာမန်လူ မဟုတ်ဘူး...”
ခေါင်းဆောင်ကျန်း သက်ပြင်းချလိုက်သည်။
“ခေါင်းဆောင်ဆု နာမည်ကြီးလာကတည်းက ဇီယန်အာမခံဌာနရဲ့ ဂုဏ်သတင်းက တရိပ်ရိပ် တက်လာတာလေ...”
“အခု ခေါင်းဆောင်ယန်က ရုတ်တရက် ဒီလို ဖြစ်သွားတော့... သံမဏိသွေး အာမခံဌာနကလည်း မကြာခင် ဆု မျိုးရိုးအောက် ရောက်သွားတော့မယ့် ပုံပဲ...”
“အခု မြင်ရသလောက်တော့ ခေါင်းဆောင်ဆုက တကယ်ပဲ နာမည်နဲ့လိုက်အောင် တော်ပါတယ်... ပြီးခဲ့တဲ့ တစ်ခေါက် လာတုန်းကလည်း ထူးခြားနေပြီသား... အခုဆို သူ့ရဲ့ အရည်အချင်းကို ပိုပြီး ယုံကြည်သွားပြီ...”
“ဒါဆို... ငါတို့ ဘာလုပ်ကြမလဲ...”
“အမိန့်အတိုင်းပဲ လုပ်ကြတာပေါ့...”
ခေါင်းဆောင်ကျန်းက ဆက်ပြော၏။
“ရှေ့လျှောက် အရာအားလုံးကို ဒုခေါင်းဆောင်ယန်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်...”
“အင်း...”
ခေါင်းဆောင်လီ ခေါင်းငြိမ့်လိုက်သည်။
ခဏတာ ဆွေးနွေးပြီးနောက် သူတို့နှစ်ဦး လှည့်ထွက်သွားကြ၏။
သူတို့ မသိလိုက်သည်မှာ... အတွင်းခန်းမဆောင် နံရံတွင် မှီရပ်နေသော ဆုမိုသည် သူတို့ ပြောသမျှ စကားများကို အကုန်ကြားလိုက်ရပြီး... ခေါင်းကို အသာအယာ ခါယမ်းကာ နောက်ဖေးဝင်းဘက်သို့ ဆက်လက် ထွက်ခွာသွားသည်ကိုပင်။
ဆုမိုသည် ယန်ရှောင်ယွင်၏ အခန်းသို့ သွားလေ့သွားထ သိပ်မရှိသော်လည်း နေရာကိုတော့ သိသည်။
မကြာမီမှာပင် ဆုမို အခန်းရှေ့သို့ ရောက်ရှိသွားသည်။
အစေခံမလေးက သူ့ကို မြင်သည်နှင့် အထဲသို့ အရင်ဝင်ပြီး သတင်းပို့လိုက်သည်။ ထို့နောက်မှ ဆုမိုကို ဝင်ခွင့်ပြု၏။
ယန်ရှောင်ယွင်က အစေခံမလေးကို ထွက်သွားရန် လက်ကာပြလိုက်သည်။ တံခါးပိတ်ပြီးသည်နှင့် သူမက မေးလိုက်သည်။
“ခေါင်းဆောင်ကျန်းနဲ့ ခေါင်းဆောင်လီတို့ နင့်ကို ဘာကိစ္စ လာရှာတာလဲ...”
ဆုမို ချက်ချင်း ပြန်မဖြေသေးဘဲ ယန်ရှောင်ယွင်၏ အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူမ၏ အိပ်ဆောင်က သာမန်အခန်းများနှင့် မတူဘဲ ထူးခြားနေသည်။ အခန်းကန့်များကို လုံးဝ ဖွင့်ထားသည်။ ပြတင်းပေါက်နားတွင် စာရေးစားပွဲနှင့် စာအုပ်စင် ရှိ၏။ အခြားတစ်ဖက်တွင်မူ ပုဆိန်၊ လှံ၊ ချိတ်၊ ခက်ရင်းခွ စသော လက်နက်များ စီစီရီရီ ရှိနေသည်။
အလယ်ကွက်လပ်က သိပ်မကျယ်ဝန်းသော်လည်း သိုင်းကွက်အနုစိတ်များကို လေ့ကျင့်ရန် လုံလောက်သည်။
ကုတင်နားတွင် စားပွဲနှင့် ထိုင်ခုံများ ရှိသည်။ ဘေးနားတွင် ဗီရိုတစ်လုံး ရှိပြီး နံရံကို မှီလျက် လှံရှည် (၃) လက် ထောင်ထားသည်။
ဒါကို မြင်တော့ ဆုမို ပြုံးလိုက်မိ၏။ ဒါမှ ယန်ရှောင်ယွင်ရဲ့ အခန်းပီသတာပေါ့။
သာမန် မိန်းကလေးတွေရဲ့ အခန်းကို သူ မရောက်ဖူးပေမယ့်... တူရိယာပစ္စည်းတွေ၊ ပန်းချီကားတွေ၊ ပန်းထိုးထားသော အဝတ်တွေ ရှိနေမည်ဟု မှန်းဆကြည့်နိုင်သည်။
စာအုပ်စင်ပေါ်မှာလည်း ဝတ္ထုတွေ၊ ပုံပြင်စာအုပ်တွေ ရှိနေမှာပေါ့။ တစ်ခါတလေ ပြတင်းပေါက်ကို မှီပြီး အိမ်ထောင်ဖက်ကောင်း ရှာရခက်သည့် အကြောင်း ညည်းတွားနေကြမှာပေါ့...
ဒီလို ပုံမှန် အသုံးအဆောင်တွေက ဒီအခန်းထဲက ပုဆိန်တွေ၊ ခက်ရင်းခွတွေနှင့် ယှဉ်လိုက်လျှင် တခြားစီ ဖြစ်နေသည်။
ခေါင်းခါလိုက်ပြီး ဆုမို စိတ်ကူးယဉ်တာကို ရပ်လိုက်၏။ စားပွဲတွင် ဝင်ထိုင်ကာ ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီးမှ စကားစပြောသည်။
“အာမခံဌာနထဲက လူတွေ စိတ်လှုပ်ရှားနေကြတယ်... တချို့က ထွက်ဖို့တောင် စဉ်းစားနေကြပြီတဲ့...”
“...”
ယန်ရှောင်ယွင် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း ချက်ချင်း ခေါင်းခါလိုက်၏။
“အဲဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝပါပဲ...”
“ဒါပေမဲ့ အဲဒီ ခေါင်းဆောင်နှစ်ယောက်ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော့်ကို လာစမ်းသပ်တာ ဖြစ်လောက်တယ်...”
“ဟေ...”
ယန်ရှောင်ယွင် အံ့ဩသွားသည်။ “ဘယ်လိုမျိုးလဲ...”
“သူတို့ အဓိက သိချင်တာက သူတို့အပေါ် ကျွန်တော့်ရဲ့ သဘောထားပဲ...”
ဆုမို ပြုံးလိုက်၏။
“ဘုရင်ပြောင်းရင် မူးမတ်တွေပါ ပြောင်းလဲတတ်တာ သဘာဝပဲလေ... သံမဏိသွေး အာမခံဌာနထဲက ဝါရင့်အဖွဲ့ဝင်တွေက ဦးလေးယန်နဲ့ လက်တွဲလာတာ နှစ်ပေါင်းများစွာ ကြာပြီ... အာမခံဌာနရဲ့ အတွင်းရေးတွေ၊ အစ်မနဲ့ ဦးလေးယန်အကြောင်းကို ကောင်းကောင်း သိကြတယ်...”
“အခု `ဦးလေးယန် သေဆုံးမှု` နဲ့ အစ်မနဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုအရ... သံမဏိသွေး အာမခံဌာနက ဇီယန်အာမခံဌာနနဲ့ ပိုပြီး နီးစပ်သွားမှာ သေချာတယ်...”
“အဲဒီအချိန်ကျရင် သံမဏိသွေး အာမခံဌာနက ယန် မျိုးရိုး နာမည်ခံထားပေမယ့်... အစ်မက ကျွန်တော့်ရဲ့ ဆု မျိုးရိုးကို ယူလိုက်ရတော့မှာလေ...”
“ဒါကြောင့် ကျွန်တော့်ရဲ့ သဘောထားက အရမ်း အရေးကြီးတယ်...”
“သူတို့မှာ ကိုယ်ပိုင် အမြင်တွေ၊ အတွေးတွေ ရှိကြတယ်... တကယ်လို့ ကျွန်တော်က သူတို့အပေါ် သဘောထား မကောင်းရင်၊ ဒါမှမဟုတ် သူတို့ကို ဆက်မသုံးချင်ဘူး ဆိုရင်... သူတို့ တခြားနေရာကို ပြောင်းရွှေ့ဖို့ လွယ်ကူသွားမှာပေါ့...”
“ခုနက ကျွန်တော့်ရဲ့ တုံ့ပြန်မှုက အဆင်ပြေပါတယ်... အခု သူတို့က ဒုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံဖို့ ဆုံးဖြတ်လိုက်ကြပြီ...”
ဒါကို ကြားတော့ ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
“သူတို့ခမျာလည်း ခက်ရှာပါတယ်... ဘဝတစ်ဝက်လောက် အာမခံဌာနမှာ မြှုပ်နှံထားတာ... အခုလို ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတော့ စိတ်လှုပ်ရှားကြမှာပေါ့...”
“ဒါကြောင့် အခု လက်ရှိ အခြေအနေက လူတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ပဲ...”
“အစ်မ အခုချက်ချင်း ထွက်ပြလို့ မဖြစ်သေးဘူး... အခုအချိန်မှာ အစ်မက စိတ်ရှုပ်ထွေးနေတဲ့ ပုံစံ ဖြစ်နေရမယ်... ဒါပေမဲ့ အစ်မရဲ့ သတ္တိကောင်းတဲ့ စိတ်ဓာတ်အရ (၂) ရက် (၃) ရက်လောက် နေရင် ပြန်ပြီး အားတင်းနိုင်သွားပြီလို့ ယူဆလို့ရတယ်...”
“အဲဒီအချိန်ကျရင် ကိစ္စတွေလည်း အတော်အတန် ငြိမ်သက်သွားလောက်ပြီ... အဲဒီကျမှ အစ်မ ထွက်လာပြီး လူတွေကို စုစည်း၊ အင်အားတွေကို ပြန်လည် ဖွဲ့စည်းလိုက်ရင် အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားမှာပါ... ပြီးရင်တော့ `ဦးလေးယန်` ရဲ့ ရုပ်အလောင်း ပြန်ရောက်လာမယ့်အချိန်ကို စောင့်ရုံပဲ...”
ဆုမိုက စကားကို တစ်ဆက်တည်း ပြောလိုက်ပြီး ရေနွေးနှစ်ခွက် ငှဲ့ကာ တစ်ခွက်ကို ယန်ရှောင်ယွင်အား ကမ်းပေးလိုက်လေ၏။