အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း (၃၄၃) - နတ်ဘုရား ယောင်ဆောင်ခြင်း (၂)
~“ဒီသရုပ်ဆောင်မှုရဲ့ အခက်ခဲဆုံး အပိုင်းကတော့ ပြီးသွားပါပြီ...”
နောက်ရက်တွေမှာတော့ ဆုမို ပြောခဲ့သလိုပါပင်။
ခေါင်းဆောင်ကျန်း၊ ခေါင်းဆောင်လီနှင့် အခြား အာမခံအဖွဲ့မှူးများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် `သံမဏိသွေး အာမခံဌာန` အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စိတ်ဓာတ်များသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
(၃) ရက်ကြာ `ဖခင်အတွက် ပူဆွေး` ပြီးနောက်... ယန်ရှောင်ယွင်သည် အားအင်များကို ပြန်လည် စုစည်းလိုက်သည်။ အာမခံဌာနရှိ ခေါင်းဆောင်များ၊ အဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ အားလုံးကို `သိုင်းကွင်းပြင်` တွင် စုဝေးစေပြီး အစည်းအဝေးကြီး တစ်ရပ် ကျင်းပလိုက်သည်။
အဓိက ရည်ရွယ်ချက်မှာ လူထု၏ စိတ်ဓာတ်ကို စုစည်းရန်နှင့် အခြေအနေ တစ်ရပ်လုံးကို တည်ငြိမ်စေရန် ဖြစ်၏။
ယခုအချိန်တွင် သံမဏိသွေး အာမခံဌာန အတွင်းရှိ မတည်မငြိမ် ဖြစ်နိုင်ချေရှိသော အခြေအနေများ လုံးဝ အေးချမ်းသွားပြီ ဖြစ်သည်။
ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေရန် အာမခံဌာနမှ ထွက်ခွာလိုသူ အနည်းငယ် ရှိခဲ့သည်။
ယန်ရှောင်ယွင်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျောင်းဖျခဲ့သော်လည်း စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် အလုပ်မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် သူမသည် သူတို့ကို လွှတ်ပေးလိုက်ရ၏။
သို့သော် ထိုကဲ့သို့သော လူများမှာ အနည်းငယ်သာ ရှိပြီး သူတို့ ထွက်သွားခြင်းက တကယ်တမ်းတော့ ကောင်းသောကိစ္စပင် ဖြစ်သည်။
ကျန်ရှိသော နေ့ရက်များတွင် `သံမဏိသွေး အာမခံဌာန` နှင့် `ဇီယန်အာမခံဌာန` နှစ်ခုစလုံးသည် လုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်၏။ `ဝူတောက်ယို` ပြန်သယ်လာမည့် `ယန်ရီဇီ` ၏ `ရုပ်အလောင်း` ကို စောင့်မျှော်နေကြသည်။
ဒီကြားထဲတွင် ဆုမိုသည် စာနှစ်စောင် ရေးသားခဲ့သည်။
တစ်စောင်မှာ `ဝေဇီယီ` ထံသို့ ဖြစ်ပြီး၊ နောက်တစ်စောင်မှာ `ဇီယန်ဂိုဏ်း`ထံသို့ ဖြစ်သည်။
ဝေဇီယီ ထံသို့ ရေးသော စာအကြောင်းကို အထူးတလည် ပြောစရာ မလိုသော်လည်း... ဇီယန်ဂိုဏ်းထံသို့ ရေးသော စာကမူ အရေးကြီးလှ၏။
ဆုမိုသည် ဇီယန်ဂိုဏ်းသို့ သွားရောက် လည်ပတ်လိုသော်လည်း ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ သွား၍မရပေ။
ဇီယန်အာမခံဌာနနှင့် ဇီယန်ဂိုဏ်းကြား ဆက်ဆံရေး ပြတ်တောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဆုမို အနေဖြင့် ဇီယန်ဂိုဏ်းသို့ ပြန်သွားရန် သင့်လျော်သော အကြောင်းပြချက် တစ်ခု လိုအပ်သည်။
`တုန်းချန်` သို့ အာမခံပစ္စည်း သွားပို့ရင်း ဝင်တွေ့သည် ဆိုသော အကြောင်းပြချက်မှာ မရိုးသားရာ ကျလွန်း၏။
ထို့ကြောင့် ဆုမိုသည် သူ၏ ဆန္ဒကို ကြိုတင် အသိပေးသည့် အနေဖြင့် စာတစ်စောင် ရေးသား ပေးပို့လိုက်သည်။ ဇီယန်ဂိုဏ်းထံမှ အကြောင်းပြန်စာ ရရှိမှသာ တရားဝင် ခရီးထွက်မည် ဖြစ်သည်။
ဤသို့ဖြင့် လိုအပ်သော ပြင်ဆင်မှုများ အားလုံး ပြီးစီးသလောက် ဖြစ်သွားချေပြီ။
ရက်အနည်းငယ် ထပ်မံ စောင့်ဆိုင်းပြီးနောက် ဝူတောက်ယိုသည် လော့ရှားမြို့သို့ ပြန်ရောက်လာခဲ့သည်။
သို့သော်... ဆုမိုရော ယန်ရှောင်ယွင်ပါ ထင်မှတ်မထားသည့် အရာမှာ... သူနှင့်အတူ မဖိတ်ခေါ်ဘဲ ပါလာသော ဧည့်သည်တစ်ယောက် ပါလာခြင်းပင်...။
...
...
ထိုနေ့တွင် သံမဏိသွေး အာမခံဌာန၌ ဈာပန အခမ်းအနား ပြင်ဆင်ပြီး အလံဖြူများ လွှင့်ထူထားလိုက်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လျှော်တေသင်္ကန်း ဝတ်ဆင်ကာ ဈာပန ခန်းမဆောင် ရှေ့တွင် ဒူးထောက်နေကြသည်။
လော့ရှားမြို့မှ အရေးပါသော ပုဂ္ဂိုလ်များ၊ သံမဏိသွေး အာမခံဌာနနှင့် လက်တွဲ လုပ်ကိုင်ဖူးသော စီးပွားရေး လုပ်ငန်းရှင်များ အားလုံး လာရောက် ဂါရဝပြုကြသည်။
“ဝမ်းနည်းမှုကို ထိန်းသိမ်းပါ... ကံတရားကို လက်ခံပါ” ဟူ၍ နှစ်သိမ့်စကား ပြောကြသလို “သိုင်းလောကရဲ့ မမြဲသော သဘောတရားပါပဲ” ဟူ၍လည်း ညည်းတွားကြ၏။
ထို့နောက် ဆုမိုက ဦးဆောင်ပြီး ဧည့်သည်များကို ကြက်ဥနီများ ဝေငှကာ ကျေးဇူးတင် ဧည့်ခံပွဲ ကျင်းပပေးသည်။
ဒီလို အသေးအဖွဲ ကိစ္စရပ်များက တကယ့်ကို လူပင်ပန်းစေသည်။
အခေါင်းထဲတွင် လဲလျောင်းနေသော ရုပ်အလောင်းမှာ ယန်ရီဇီ မဟုတ်မှန်း ယန်ရှောင်ယွင် သိနေသော်လည်း ပတ်ဝန်းကျင် အငွေ့အသက်ကြောင့် စိတ်မကောင်း ဖြစ်မိရှာ၏။
ရံဖန်ရံခါ သူမသည် ဈာပန ခန်းမဆောင် အပြင်ဘက်တွင် ပရိသတ်အဖြစ် ရောက်ရှိနေသော အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးကို မော့ကြည့်မိတတ်သည်။ ထိုလူငယ်၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေ၏။
ထိုသူမှာ `ရွှမ်ဟူ မျှော်စင်` မှ `သခင်လေး စစ်ထူ`ပင် ဖြစ်သည်။
ဒီလို အချိန်အခါမျိုးမှာ သူ ဘာကိစ္စကြောင့် လော့ရှားမြို့ကို ရောက်နေရသလဲ ဆိုတာတော့ မသိနိုင်။
ယန်ရီဇီ၏ ပြောပြချက်များအရ ရွှမ်ဟူ မျှော်စင် အကြောင်းကို ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကြိုတင် သိရှိထားကြသဖြင့် စပ်စုချင်စိတ်နှင့် မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေကြသည်။
သို့သော်... သခင်လေး စစ်ထူ၏ ပုံစံက လောကအကြောင်း ဘာမှ နားမလည်သော ကလေးတစ်ယောက်နှင့် တူနေ၏။
ချမ်းသာ ကြွယ်ဝပြီး သက်တောင့်သက်သာ ရှိသော မိသားစုတွင် ကြီးပြင်းလာရသဖြင့် ဘဝက သူ့အတွက် သိပ်ကောင်းမွန်လွန်းနေသည်။ သိုင်းလောကထဲသို့ ရုတ်တရက် ဝင်ရောက်လာသောအခါ မြင်သမျှ အရာအားလုံးက သူ့အတွက် ဆန်းပြားနေတော့၏။
ယခုအချိန်တွင် သူသည် ပျော့ပျောင်းသော ဝေါယာဉ် (သို့မဟုတ်) ကုလားထိုင် တစ်ခုခု ပေါ်တွင် ထိုင်ပြီး လာရောက် ဝမ်းနည်းကြောင်း ပြောကြားသူများကို စိတ်ဝင်တစား လိုက်ကြည့်နေသည်။
သူ့လက်ထဲတွင် ကြက်ဥနီ တစ်လုံး ကိုင်ထားသည်။ အခွံသာ ကျန်တော့၏။
ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်ဖို့ မသင့်လျော်မှန်း သိသဖြင့် လက်ထဲတွင် မသိမသာ လှည့်ကစားနေသည်။
လာရောက်သူ ဧည့်သည်များကလည်း သူ ဘယ်သူလဲ ဆိုတာ မေးမြန်းခြင်း မရှိကြပေ။
ဈာပန အခမ်းအနား ပြီးဆုံးပြီး ဧည့်သည်များ ပြန်သွားကြသောအခါ... ဝူတောက်ယို ပင့်ဖိတ်ထားသော `ရွှေဓမ္မ ကျောင်းတော်` မှ ဆရာတော်ကြီးများသာ ကျန်ရစ်ခဲ့သည်။ သူတို့သည် ခန်းမဆောင်ထဲတွင် ဝိညာဉ် လွတ်မြောက်စေရန် ရည်ရွယ်၍ တရားစာများ ရွတ်ဖတ်နေဆဲ ဖြစ်၏။
သမီးဖြစ်သူ ယန်ရှောင်ယွင် အနေဖြင့် ထွက်ခွာသွားရန် မဖြစ်နိုင်သဖြင့် သူတို့နှင့်အတူ ဆက်လက် နေထိုင်ရသည်။
သခင်လေး စစ်ထူ ကတော့ လူရှုပ်လူရှင်း ဖြစ်သွားပြီမို့ ပေါက်စီလုံးကြီးတွေ ထည့်ထားသည့် ဇလုံကို ပိုက်ပြီး...
ပေါက်စီစားရင်း ဇလုံပိုက်လျက်သား ရှိနေ၏။ သူ့အား ဘေးခန်းဆောင်တွင် အနားယူရန် ဆုမို စီစဉ်ပေးလိုက်၏။
သခင်လေး စစ်ထူနှင့်အတူ ပါလာသော မိန်းမပျို လေးဦးကတော့ အေးစက်စက် နိုင်လှသည်။ သခင်လေး စစ်ထူ၏ ဝေါယာဉ်ကို ထမ်းရသူများ ဖြစ်သော်လည်း သခင်လေး စစ်ထူကိုပါ ထိန်းချုပ်ထားသူများ ဖြစ်ပုံရ၏။
သူတို့ကြားက ဆက်ဆံရေး အတိအကျကို ခန့်မှန်းရ ခက်နေသည်။
ဒီနေ့ကစပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကောင်းကောင်း အနားမရကြတော့။
နေ့ရောညပါ အခေါင်းဘေးတွင် စောင့်ကြပ်နေကြရသည်။ သက်သတ်လွတ် စားသုံးခြင်း (၇) ရက် ပြည့်ပြီးမှသာ အခေါင်းကို မြေမြှုပ်သင်္ဂြိုဟ်ပြီး နောက်ဆုံး အနားယူကြရမည် ဖြစ်သည်။
တစ်ညတွင်တော့ ဆုမိုသည် ယန်ရှောင်ယွင်ကို အနားယူရန် အတင်း ဖျောင်းဖျပြီး ပြန်လွှတ်လိုက်၏။
ဈာပန ခန်းမဆောင်ထဲတွင် ရွှေဓမ္မ ကျောင်းတော်မှ ဘုန်းကြီးများသာ ကျန်ရစ်ပြီး တရားစာ ရွတ်ဖတ်နေကြသည်။
ရုတ်တရက်... ဘယ်နေရာမှန်း မသိသော အရပ်မှ လေအေးတစ်ချက် တိုက်ခတ်လာပြီး ခန်းမဆောင်ထဲရှိ ဖယောင်းတိုင်ဖြူများကို လှုပ်ခတ်သွားစေသည်။
သက်တော်ကြီးသော ဘုန်းကြီးကတော့ ဒီလို မြင်ကွင်းမျိုးကို ရိုးနေပြီ ဖြစ်၍ မျက်လုံးကို တစ်ဝက်ဖွင့် တစ်ဝက်မှိတ်ဖြင့် တရားစာ ဆက်ရွတ်နေ၏။
ငယ်ရွယ်သော ကိုယ်တော်လေးများကတော့ အယူသည်းစိတ် ဝင်လာပြီး ဟိုဟိုဒီဒီ လိုက်ကြည့်နေမိကြသည်။
ဆရာတော်ကြီးက လှည့်ကြည့်စရာ မလို။ နောက်ကျောဘက်မှ တရားစာရွတ်သံများ ပြတ်တောင်းသွားသည်ကို ကြားလိုက်ရသဖြင့် ပြဿနာ ရှိနေမှန်း သိလိုက်သည်။ ချက်ချင်းပင် ဘုရားဂုဏ်တော်ကို ရွတ်ဆိုလိုက်သည်။
“အော်မိတော်ဖော်..”
သူတို့၏ စိတ်မငြိမ်သက်မှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်စဉ်မှာပင် လေအေးက ပိုမို ပြင်းထန်လာသည်ကို ခံစားလိုက်ရ၏။
ဈာပန အလံများ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ အဆုံးစွန်ထိ တောင့်ခံပြီးနောက် ဖယောင်းတိုင် မီးအိမ်များ ရုတ်တရက် ငြိမ်းသွားကြသည်။ မီးခိုးငွေ့ အနည်းငယ်သာ ကျန်ရစ်ပြီး လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွား၏။
ဆရာတော်ကြီးပင် စိတ်ထဲမှ တုန်လှုပ်မှုကို မထိန်းနိုင်တော့ဘဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ကိုယ်တော်လေးများ အလိုအလျောက် မတ်တတ်ရပ်လိုက်မိကြ၏။
“ဆရာ... ဆရာတော်...”
စကားပြောရင်း သူတို့ အလိုအလျောက် စုရုံးလိုက်မိကြသည်။
ဆရာတော်ကြီးသည် မတ်တတ်ရပ်လိုက်ပြီး ပုတီးစိပ်လက်ကို ကိုင်လျက် ပတ်ဝန်းကျင် အရပ်ရပ်သို့ အကြည့်ဖြင့် ဝေ့ဝဲ ရှာဖွေလိုက်၏။
အခန်း (၃၄၄) - နတ်ဘုရား ယောင်ဆောင်ခြင်း (၃)
~“သရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေကို လွတ်မြောက်စေဖို့... တရားစာ ရွတ်ကြစို့...”
“အမိန့်တော်အတိုင်းပါ ဆရာတော်...”
ရဟန်းငယ်များသည် ချက်ချင်းပင် တစ်နေရာတည်းတွင် စုဝေးလိုက်ကြပြီး တရားစာရွတ်သံများ ပိုမို ကျယ်လောင်လာသည်။
သို့သော် မိုးခြိမ်းသံကဲ့သို့သော အသံကြီးက ရပ်တန့်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေသည်။ ရဟန်းများ၏ မျက်လုံးများ အမှောင်ထဲတွင် ကျင့်သားရသွားသောအခါမှ... ထိုအသံ ထွက်ပေါ်ရာ အရပ်ကို သိလိုက်ကြသည်။
အခေါင်းထဲမှ ဖြစ်နေခြင်းပင်။
ခန်းမဆောင်အလယ်တွင် အထောက်အကူမပါဘဲ ထားရှိသော အခေါင်းကြီးသည် ရုတ်တရက် တုန်ခါနေသည်။ သေချာစွာ သံမရိုက်နှက်ထားသော အခေါင်းဖုံးကလည်း တဂျိန်းဂျိန်း အသံမြည်ကာ လှုပ်ခတ်နေသည်။
“မြေမှုန်က မြေမှုန်ဆီ၊ မြေကြီးက မြေကြီးဆီ... ဒကာကြီးက အနောက်အရပ်ကို တက်လှမ်းသွားပြီပဲ... ဘာလို့ လူ့ပြည်ကို တပ်မက်နေရတာလဲ...”
သက်တော်ကြီးသော ဆရာတော်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နတ်ဘုရား ကယ်မတော်မူပါ...”
ပြောရင်းဆိုရင်း ဆရာတော်က လက်ထဲမှ ပုတီးကို ဆုပ်ကိုင်လျက် အခေါင်းပေါ်သို့ ဖိချရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက်... အခေါင်းဖုံး ပွင့်ထွက်သွားပြီး လေထဲတွင် တဝီဝီ မြည်လျက် လည်နေလေသည်။
မကြာမီမှာပင် အခေါင်းထဲမှ လူတစ်ယောက် ထထိုင်လာသည်။ ရုပ်အလောင်းက ပုပ်ပွနေပြီ ဖြစ်သော်လည်း မျက်လုံးများကို ဖွင့်လျက် ရဟန်းများကို အေးစက်စက် ကြည့်နေသည်။
ဆရာတော်ကြီး ခြေလှမ်းတုံ့ခနဲ ရပ်သွားပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်သည်။
“ရပါတယ်... နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေလည်း ဘာမှ မဖြစ်ပါဘူး...”
ထို့နောက် နောက်လှည့်ကာ တပည့် ရဟန်းများကို တည်ငြိမ်စွာ အော်ပြောလိုက်၏။
“အလောင်းကောင် ပြန်ရှင်လာပြီဟေ့... ပြေးကြ...”
အမိန့်ပေးပြီးသည်နှင့် သူက ရှေ့ဆောင်ပြီး ထွက်ပြေးလေသည်။ အသက်ကြီးသော်လည်း ယုန်ထက်ပင် မြန်အောင် ပြေးနိုင်သေးသည်။
ထိုအခါမှ ကိုယ်တော်လေးများ အသိဝင်လာပြီး သူ့နောက်သို့ ကပျာကယာ လိုက်ပြေးကြရာ ခဏအတွင်းမှာပင် အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
အခေါင်းထဲတွင် ထိုင်နေသော ပုဂ္ဂိုလ်သည် သူတို့ အဝေးကြီး ရောက်သွားမှ သက်ပြင်းချလိုက်သည်။
မျက်နှာကို အသာအယာ သုတ်လိုက်ရာ... `ပုပ်ပွနေသော` အစိတ်အပိုင်းများမှာ ဘာမှ ထိခိုက်မှု မရှိဘဲ ပကတိအတိုင်း ကျန်ရှိနေသည်။
“ဈာပန လုပ်တာက လုပ်တာပေါ့ကွာ... သက်သတ်လွတ် စားတယ် ဆိုတာလည်း ထားပါတော့... စားမယ်ဆိုလည်း (၇) ရက် ပြည့်မှ စားပါလား... (၇) ရက်လောက်က သည်းခံနိုင်ပါတယ်... ဒီဘုန်းကြီးတွေက ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ...”
“ငါ့လို ဇီယန်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ကို `ယင်တောင်တန်း`က နည်းလမ်းတွေ သုံးပြီး သရဲခြောက်ပြရတဲ့ အဆင့်ထိ ရောက်အောင် လုပ်တယ်...”
သူ့ဘာသာ ရေရွတ်ပြီးနောက် အခေါင်းထဲမှ တွားသွားထွက်လာပြီး ကိုယ်လက်ဆန့်တန်းလိုက်၏။
“ချိန်းထားတဲ့ အချိန် နီးနေပြီ... သူတို့ ရောက်လာသင့်ပြီ မဟုတ်လား...”
စကားပြောနေစဉ်မှာပင် လူရိပ်အချို့ လေထဲမှ ပျံဝဲ ရောက်ရှိလာသည်။ မိန်းမပျို လေးဦးက ပျော့ပျောင်းသော ဝေါယာဉ်တစ်စီးကို ထမ်းလျက် တံတိုင်းကို ကျော်ကာ ဝင်ရောက်လာကြသည်။
“`စီနီယာသွမ့်`...”
`သခင်လေး စစ်ထူ`က အသံတိုးတိုးဖြင့် နှုတ်ဆက်လိုက်သည်။
“မအော်နဲ့ကွ... အရေးကြီးနေပြီ... အလုပ်စကြစို့...”
`သွမ့်ဆုန်`က အမြန် ပြန်ပြောလိုက်သည်။
သခင်လေး စစ်ထူ ခေါင်းငြိမ့်လိုက်ပြီး ဘေးသို့ အချက်ပြလိုက်ရာ... မိန်းမပျို တစ်ဦး ရှေ့ထွက်လာပြီး ကျောဘက်မှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
နှစ်ချက်ခန့် ခါရမ်းလိုက်သောအခါ ထိုပစ္စည်းသည် ချက်ချင်း ပုံဖော်သွားပြီး... သွမ့်ဆုန် နှင့် တစ်ထပ်တည်း တူညီသော ပုံစံ ဖြစ်သွား၏။
ထိုပစ္စည်းကို အခေါင်းထဲသို့ ထည့်လိုက်ပြီးနောက် သွမ့်ဆုန် က အခေါင်းဖုံးကို ပြန်ပိတ်လိုက်သည်။
“ပြီးပြီ... ပြီးပြည့်စုံတဲ့ အစားထိုးပစ္စည်းပဲ... `ရွှမ်ဟူ မျှော်စင်` ရဲ့ နည်းပညာက တကယ်ကို လက်ဖျားခါလောက်ပါပေတယ်...”
သွမ့်ဆုန် က ကျေနပ်စွာဖြင့် လက်ခုပ်တီးလိုက်၏။
“...စီနီယာ... ဟောက်ရန် ကျောင်းတော် ကနေ ဒီရောက်တဲ့အထိ လမ်းမှာ နေရာလဲဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာကို... ဘာလို့ ဒီရောက်မှ ဒီလို လှည့်စားမှုကို လုပ်ရတာလဲ...”
သခင်လေး စစ်ထူ နားမလည်နိုင် ဖြစ်နေသည်။
သွမ့်ဆုန် ရယ်လိုက်၏။
“သိပ်မမေးနဲ့... မင်းက သိုင်းလောကထဲ အခုမှ ရောက်ဖူးတာဆိုတော့ စပ်စုချင်တာ သဘာဝပါပဲ... ဒါပေမဲ့ မေးခွန်းတွေ အများကြီး မေးတာက မင်းအတွက် မကောင်းဘူး... ရွှမ်ဟူ မျှော်စင်က လူကြီးတွေ မင်းကို သတိမပေးလိုက်ဘူးလား...”
“အာ... ကျွန်တော် ရိုင်းပြမိသွားပါတယ်...”
သခင်လေး စစ်ထူ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ ပေါက်စီလုံး တစ်လုံးကို ထုတ်ယူပြီး မေးလိုက်၏။
“စီနီယာ စားမလား... `လောကီ သံယောဇဉ် ဖြတ်` ဆေးဝါးက (၇) ရက်လောက် အစာရေစာ ဖြတ်ပြီး ဟန်ဆောင်သေဆုံးလို့ ရတယ် ဆိုပေမယ့်...”
“...ဗိုက်တော့ ဆာနေမှာပဲ...”
“...ဟွန်း... ငါ့ရဲ့ `အတွင်းအား` က နက်ရှိုင်းတယ်ကွ... ရက်နည်းနည်းလောက် မအိပ်မစားနေရတာလောက်က အပျော့ပါ...”
သွမ့်ဆုန် က လက်ကာပြလိုက်၏။
“မင်း အမြန် ပြန်တာ ပိုကောင်းမယ်... ယန်ရှောင်ယွင် နဲ့ ဆုမို တို့ သံသယ မဝင်စေနဲ့... ဒီကလေးနှစ်ယောက်က သာမန် မဟုတ်ဘူး... သူတို့ သံသယဝင်သွားရင် `ခေါင်းဆောင်ကြီးယန်` ရဲ့ စီမံကိန်းကြီး ပျက်စီးသွားလိမ့်မယ်...”
“ဟုတ်ကဲ့ပါ...”
သခင်လေး စစ်ထူ လိမ္မာစွာ ခေါင်းငြိမ့်လိုက်ပြီး မိန်းမပျို လေးဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အစ်မတို့ လေးယောက်ကို ဒုက္ခပေးရပါဦးမယ်...”
မိန်းမပျို လေးဦးက ဘာမှ မပြောဘဲ လှည့်ထွက်သွားကြ၏။ ခြေဖျားလေးများ မြေနှင့် မထိတထိဖြင့် ဝင်းထဲမှ ပျံသန်း ထွက်ခွာသွားကြသည်။
သွမ့်ဆုန် က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်၏။
သက်တောင့်သက်သာ ရှိမည့် နေရာတစ်ခုကို ရှာပြီး စောင့်ဆိုင်းနေလိုက်သည်။ ဗိုက်ကို မသိမသာ ပွတ်သပ်ရင်း...ညည်းညူလိုက်၏။
“စီနီယာ တစ်ယောက် ဖြစ်ရတာ... သည်းခံနိုင်စွမ်း ရှိဖို့က အဓိကပဲ...”
“ဆု အဘိုးကြီးက သည်းခံနိုင်စွမ်း ရှိလို့ လူအများကြီးကို ဆွဲဆောင်နိုင်ခဲ့တာ... ငါကတော့ တစ်သက်လုံး ဒါကို မကျွမ်းကျင်ခဲ့ဘူး... မတတ်နိုင်ဘူး... ဗိုက်ကလည်း တော်တော် ဆာနေပြီ... ဟိုမှာ တင်ထားတဲ့ ပူဇော်ပစ္စည်းတွေ ယူစားရင် ကောင်းမလား...”
စဉ်းစားနေစဉ်မှာပင် အလျင်အမြန် လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။
ရဟန်းအဖွဲ့တစ်ဖွဲ့က လူတွေကို ခေါ်လာပြီး ခန်းမဆောင်ထဲတွင် မီးထွန်းလိုက်ကြ၏။ အခေါင်းကို ဖွင့်ပြီး စစ်ဆေးကြည့်ကြသည်။
အံ့ဩစရာကောင်းသည်မှာ... `ယန်ရီဇီ` သည် အခေါင်းထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲ ဖြစ်ပြီး... ပြန်ရှင်လာသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
ရဟန်းများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဆရာတော်ကြီးရော တပည့်တွေပါ ဘာဖြစ်သွားမှန်း နားမလည်ကြ။
ခေါင်းဆောင်ကျန်း နှင့် ခေါင်းဆောင်လီ တို့ မျက်နှာ ပျက်နေကြသည်။
ဒီဘုန်းကြီးတွေက ခေါင်းဆောင်ရဲ့ `အနားယူမှု` ကို အလကားနေရင်း နှောင့်ယှက်လိုက်တာပဲ ဟု တွေးကာ စိတ်ပျက်နေကြသည်။
ကံကောင်းသည်မှာ ယန်ရှောင်ယွင် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ပေ။
ရဟန်းများကိုသာ တရားစာ ဆက်ရွတ်ခိုင်းလိုက်ပြီး သူမနှင့် ဆုမိုက ထွက်ခွာသွားကြ၏။
ရဟန်းများက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တရားစာ ဆက်ရွတ်နေကြသည်။
သူတို့ စတင် ရွတ်ဖတ်လိုက်သည်နှင့် သွမ့်ဆုန် သက်ပြင်းချလိုက်သည်။ ခေါင်မိုးတန်းပေါ်မှ သတိထားပြီး ဆင်းလာကာ ခန်းမဆောင် အပြင်သို့ ရောက်သည်နှင့် ညမှောင်ရိပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေ၏။
သူ မသိလိုက်သည်မှာ... သူ ထွက်ခွာသွားပြီး မကြာမီမှာပင် ထွက်သွားပြီဟု ထင်ရသော ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တကယ်တမ်းတွင် ခေါင်မိုးပေါ်၌ ရှိနေကြခြင်းပင်။
“`ဝူတောက်ယို` က... ငါတို့အကြောင်း သူ့ကို ပြောပြမထားဘူး ထင်တယ်...”
ယန်ရှောင်ယွင် မျက်နှာထား အနည်းငယ် ထူးဆန်းနေသည်။
‘တကယ်လို့ ဝူတောက်ယိုသာ ပြောပြထားရင်... သွမ့်ဆုန် အနေနဲ့ ဒီလောက်ကြီး အပင်ပန်းခံပြီး ဟန်ဆောင်နေစရာ မလိုဘူးလေ’
ဆုမိုက မျက်ခုံးပင့်လိုက်သည်။
“ကျွန်တော် သံသယ ရှိတာက... အဲဒီအခေါင်းထဲမှာ ဘယ်သူ ရှိနေလဲ ဆိုတာကို ဝူတောက်ယို ကိုယ်တိုင်တောင် မသိတာ ဖြစ်နိုင်တယ်...”
“သွမ့်ဆုန် ဒီလောက် အပင်ပန်းခံပြီး သန်းခေါင်ကြီး လော့ရှားမြို့ကို ရောက်လာတာ... တခြား ရည်ရွယ်ချက် တစ်ခုခု ရှိလို့ နေမှာ...”
“ဒီအချိန်ကြီး ဝူတောက်ယို ဆီ မသွားဘဲ ဘယ်ကို သွားမှာလဲ... ဒီဦးတည်ချက်က...”
“`ဇီယန်အာမခံဌာန`”
ဆုမို မျက်လုံးများ အရောင်တောက်သွားသည်။
“သွားကြစို့...”
သူက ယန်ရှောင်ယွင်ကို ဆွဲယူပြီး သွမ့်ဆုန် နောက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။
သွမ့်ဆုန်က လော့ရှားမြို့ မြေပုံကို ကျွမ်းကျင်နေပုံရသည်။ ဇီယန်အာမခံဌာနသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
ခဏအတွင်းမှာပင် သူတို့ ရောက်ရှိသွားကြသည်။
ခေါင်မိုးပေါ်တွင် ရပ်လျက် သွမ့်ဆုန်မှာ စိတ်လှုပ်ရှားနေပုံ ရသည်။ ထို့နောက် အခန်းတံခါး တစ်ခုရှေ့သို့ ယုံကြည်မှု ရှိရှိ လျှောက်သွားသည်။
ရင်ဘတ်ထဲမှ ငွေအပ်တစ်ချောင်းကို ထုတ်ယူကာ သော့ပေါက်ထဲ ထိုးထည့်လိုက်၏။
နှစ်ချက်မျှ မွှေလိုက်သောအခါ ချွတ်ခနဲ အသံမြည်ပြီး သော့ပွင့်သွားသည်။
ဒီကျွမ်းကျင်မှုကို မြင်တော့ ဆုမိုက `ရှုလု`ကို ပြန်သတိရသွား၏။
သို့သော်၊... သွမ့်ဆုန် ဖွင့်လိုက်သော အခန်းက ဆုမိုကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။
ဒါက... `ဆုထျန်းယန်` ရဲ့ အခန်းပဲ...။
အခန်း (၃၄၅) - လျှို့ဝှက် စာတိုပေးပို့မှု
~`ဦးလေးဖူ`က `ဆုထျန်းယန်` ၏ အခန်းကို သူကိုယ်တိုင် ပြုပြင်မွမ်းမံပေးခဲ့ဖူးကြောင်း အရင်က ပြောခဲ့ဖူးသည်။
သို့သော် ထိုကိစ္စ၏ အသေးစိတ်အချက်အလက်များကို ဆုမိုနှင့် ယန်ရှောင်ယွင်တို့ စစ်ဆေးရန် အခွင့်မသာခဲ့ပေ။
အဓိက အကြောင်းရင်းမှာ... `တုန်းချန်` တွင် `ယန်ရီဇီ` အသတ်ခံလိုက်ရသည် ဆိုသော ပြဇာတ်ကို ပီပြင်အောင် ကပြနေရသောကြောင့် ဖြစ်သည်။ ဒီဘက်မှာ သရုပ်ဆောင် ပိုကောင်းလေ... ယန်ရီဇီ ပိုပြီး ဘေးကင်းလေ မဟုတ်ပါလော။
ထို့ကြောင့် ဆုမိုသည် `ဇီယန်အာမခံဌာန` သို့ မပြန်ဖြစ်သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်၏။
ပြဇာတ် ပြီးဆုံးသွားမှသာ ဆုထျန်းယန်၏ အခန်းထဲတွင် မည်သည့် လှည့်ကွက်များ ရှိနေသလဲ ဆိုတာကို သွားရောက် စစ်ဆေးရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ... ညသန်းခေါင်ယံတွင် မကောင်းကြံနေသော `သွမ့်ဆုန်`က ဒီနေရာကို အရင် ရောက်လာခဲ့လေသည်။
သူသည် ဆုထျန်းယန် အခန်း၏ တံခါးသော့ကို ကလော်ဖွင့်လိုက်ပြီး တိတ်ဆိတ်စွာ ဝင်သွား၏။
အခန်းထဲသို့ ခြေချလိုက်သည်နှင့် သူ၏ အကြည့်များက ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာ ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ ထို့နောက် အလိုအလျောက်ပင် နောက်ပြန်လှည့်ကာ တံခါးကို ပြန်ပိတ်လိုက်၏။
ထိုအချိန်တွင် ဆုမိုသည် ယန်ရှောင်ယွင်ကို ပွေ့ချီလျက် အပေါ်မှနေ၍ တိတ်ဆိတ်စွာ ဆင်းသက်လိုက်သည်။ ခြေဖျားလေးများ မြေသို့ မထိတထိဖြင့် ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကြသည်။
ပြတင်းပေါက်နားသို့ တိုးကပ်သွားပြီး လက်ချောင်းဖြင့် စက္ကူကို အပေါက်ဖောက်ကာ အထဲသို့ ချောင်းကြည့်လိုက်ကြ၏။
သွမ့်ဆုန်သည် တံခါးကို တစ်ချက် လှမ်းကြည့်ပြီးနောက် အခန်း၏ အရှေ့တောင်ထောင့်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
'ဒီကောင်သာ အရှေ့တောင်ထောင့်မှာ ဖယောင်းတိုင် ထွန်းရဲရင်တော့... ပုန်းမနေတော့ဘဲ ဝင်ရိုက်ပစ်လိုက်မယ်...'
ကံကောင်းစွာဖြင့် သွမ့်ဆုန် ထိုသို့ မလုပ်ခဲ့ပေ...
သူသည် အရှေ့တောင်ဘက် နံရံရှိ ပန်းချီကားနှစ်ချပ်ကြားကို လက်ဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။
အသံစည်းချက်က ထူးခြား၏။ သုံးချက်တို တစ်ချက်ရှည်... ထိုပုံစံအတိုင်း သုံးကြိမ်တိတိ ခေါက်လိုက်ခြင်း ဖြစ်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နားမလည်စွာ အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။
သိုင်းလောကတွင် ဆန်းပြားသော ယန္တရားများကို ဖန်တီးနိုင်သည့် လက်မှုပညာရှင်များ ရှိကြသည်မှာ အမှန်ပင်။ အသံစည်းချက်ဖြင့် ဖွင့်ရသော ယန္တရားမျိုး ရှိဖူးသည် ဆိုသော်ငြား... အလွန် ရှားပါးလှ၏။ ဆုထျန်းယန် ကိုယ်တိုင် ပြုပြင်ထားသော အခန်းတွင် ဤမျှ ဆန်းပြားသည့် ယန္တရားမျိုး ရှိနေမည် မဟုတ်တန်ရာ။
တကယ်လည်း မရှိခဲ့ပေ။
သွမ့်ဆုန် ခေါက်ပြီးသွားသော်လည်း... ဘာမှ ဖြစ်မလာဘဲ တိတ်ဆိတ်နေသည်။ စက္ကန့်မှ မိနစ်သို့ ပြောင်းလဲသွားသော်လည်း ဘာမှ ထူးခြားမလာပေ။
သွမ့်ဆုန် ခဏ စဉ်းစားလိုက်သည်။ နံရံနားသို့ ပြန်ကပ်သွားပြီး လက်ချောင်းများဖြင့် အကွာအဝေးကို သေချာ တိုင်းတာလိုက်၏။ နေရာ မှန်ကန်ကြောင်း သေချာမှ နောက်တစ်ကြိမ် ထပ်မံ ခေါက်လိုက်ပြန်သည်။
...သို့တိုင်၊ ဘာမှ ဖြစ်မလာသေး။
“မဖြစ်နိုင်လိုက်တာ...”
သွမ့်ဆုန်သည် အပြင်ဘက်မှ ချောင်းကြည့်နေသော ဆုမိုနှင့် ယန်ရှောင်ယွင်တို့ထက်ပင် ပို၍ ဇဝေဇဝါ ဖြစ်သွားရှာသည်။ သူ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်၏။
“ဆုထျန်းယန် စာထဲမှာ ရေးထားတာ ရှင်းနေတာပဲ... ပန်းချီကားနှစ်ချပ်ကြား သုံးလက်မခွဲ တိတိ နေရာမှာ... လက်ချောင်းနဲ့ သုံးချက်တို တစ်ချက်ရှည်... သုံးကြိမ် ခေါက်ရမယ်တဲ့...”
“ဒါဆိုရင် ယန္တရားက အလိုအလျောက် ပွင့်လာရမှာ... တကယ်လို့ မပွင့်လာဘူး ဆိုရင်တော့... ကုတင်ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ် ဦးချရမယ်... ဒါဆိုရင် ယန္တရား ပေါ်လာလိမ့်မယ်တဲ့...”
“ဒါပေမဲ့ ဒီလောကကြီးမှာ ဒီလို ယန္တရားမျိုး ဘယ်တုန်းက ပေါ်လာတာလဲ...”
သွမ့်ဆုန် စိတ်ရှုပ်စွာဖြင့် ကုတင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဆုထျန်းယန်က ရိုးသားသလိုလိုနဲ့ ဉာဏ်များတဲ့ ကောင်... အပြင်ပန်းက သူရဲကောင်းပုံစံ ဖမ်းထားပြီး... အတွင်းစိတ်က ကောက်ကျစ်
စဉ်းလဲလိုက်တာ ဘယ်သူမှ မမီဘူး...”
“`သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးချ` ဆိုတာတွေက အများအားဖြင့် လှည့်စားတာတွေပဲ...”
“ဒါပေမဲ့ ခုနက အပြင်ကကြည့်တုန်းက ဒီအခန်းက လျှို့ဝှက်ခန်း ပါတဲ့ ပုံစံမျိုး မဟုတ်ဘူး...”
သူ ကုတင်နားသို့ လျှောက်သွားပြီး အကြာကြီး ငြိမ်သက်နေသည်။ ဘာလုပ်ရမှန်း မသိ ဖြစ်နေပုံ ရ၏။
အတန်ကြာ တွန့်ဆုတ်နေပြီးမှ ရုတ်တရက် တံခါးဆီသို့ ပြေးသွားပြီး တံခါးဖွင့်ကာ အပြင်ဘက်သို့ ခေါင်းပြူကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဆုမိုသည် ယန်ရှောင်ယွင်ကို ပွေ့ချီကာ ခေါင်မိုးပေါ်သို့ အမြန် ခုန်တက်လိုက်ပြီး အမိုးကြွေပြား တစ်ချပ်ကို လှန်ကာ အပေါ်မှ ချောင်းကြည့်လိုက်ကြ၏။
လူရှင်းကြောင်း သေချာမှ သွမ့်ဆုန် တံခါးပြန်ပိတ်လိုက်သည်။
ပြတင်းပေါက်ရှေ့တွင် မတ်မတ်ရပ်လိုက်ပြီး...
“ဘာပဲဖြစ်ဖြစ်... မင်းတို့ လင်မယားက သေတာ ကြာလှပြီပဲ... ငါ အခု ဒူးထောက်ပြီး ဦးချလိုက်လည်း သိက္ခာကျစရာ မရှိပါဘူးလေ...”
သူ အဝတ်အစားများကို သပ်ရပ်အောင် ပြင်လိုက်သည်။ ထို့နောက် သူသည် ယန်ရီဇီ၏ မျက်နှာဖုံး စွပ်ထားဆဲ ဖြစ်ကြောင်း သတိရသွားပြီး နှုတ်ခမ်းထောင့်များ၌ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။
“ဒါက `ခေါင်းဆောင်ကြီးယန်` က မင်းတို့ကို ဂါရဝပြုတာလို့ပဲ မှတ်လိုက်တော့ကွာ...”
ခေါင်မိုးပေါ်မှ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သွမ့်ဆုန်က ဒီလောက် ရိုးအသည့် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
'သာမန်လူဆိုရင် ကုတင်ရှေ့က ကြမ်းပြင်မှာ တစ်ခုခု ထူးခြားနေသလားလို့ သံသယဝင်ပြီး စစ်ဆေးကြည့်ရမှာ မဟုတ်ဘူးလား... တကယ်ကြီး ဦးချမယ့်လူ ဘယ်ရှိမလဲဗျာ... ဘယ်သူကများ ပြောတဲ့အတိုင်း လိုက်ပြီး ဦးချနေမှာလဲ...'
သို့သော်၊ သွမ့်ဆုန်ကတော့ တကယ် လုပ်လိုက်၏...။
`ဒုန်း... ဒုန်း... ဒုန်း...`
အသံက တော်တော်ကျယ်သည်။ သူ တကယ်ကို အားထည့်ပြီး ဦးချလိုက်ခြင်း ဖြစ်သည်။
သုံးကြိမ် ဦးချပြီးနောက် မတ်တတ်ရပ်ကာ နဖူးကို ပွတ်လိုက်၏။ ထို့နောက် ဒုတိယအကြိမ် ထပ်မံ ဒူးထောက်ပြီး ဆက်လက် ဦးချလေသည်။
တတိယအကြိမ် ပြုလုပ်ပြီးသောအခါ သူ မလှုပ်ရှားတော့ဘဲ ဒူးထောက်လျက်သား ကြမ်းပြင်ကို စိုက်ကြည့်နေသည်။
ခဏအကြာတွင် သူ၏ ခန္ဓာကိုယ် တုန်ရီလာ၏။
လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အံကြိတ်ကာ ရေရွတ်လိုက်သည်။
“ဆုထျန်းယန်... မင်း... မင်း တကယ် ယုတ်မာတဲ့ ကောင်... သေတာတောင် ငါ့ကို လှည့်စားသွားသေးတယ်...”
ဒုတိယအကြိမ် ဦးချလိုက်စဉ်ကတည်းက သူ သတိထားမိလိုက်ပြီ ဖြစ်သည်။ ခေါင်းနှင့် ကြမ်းပြင် ရိုက်မိသော အသံက... အောက်ဘက်မှ ပဲ့တင်သံကို ဖြစ်ပေါ်စေသည်။ အောက်ဘက်တွင် အခေါင်းပွ ဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။
‘ဘယ်သူကများ `သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးချ` လုပ်စရာ လိုလို့လဲ။
ဒူးထောက်ထိုင်ချပြီး လက်နဲ့ ခေါက်ကြည့်လိုက်ရင်ကို ရှင်းနေပြီဟာကို’
သွမ့်ဆုန် အသက်ပြင်းပြင်း ရှူလိုက်သည်။ လက်တစ်ဖက်ကို ထိုကျောက်ပြားပေါ် တင်လိုက်ပြီး `အတွင်းအား`ကို စုစည်းကာ အသာအယာ မလိုက်၏။
ကျောက်ပြားတစ်ချပ်လုံး ပွင့်ထွက်လာသည်။
အောက်ဘက်တွင် လူတစ်ကိုယ်စာ ဝင်လို့ရသော အပေါက်တစ်ခု ပေါ်လာပြီး ဘေးနားတွင် ကြိုးတစ်ချောင်း ချထားလျက်သား။
သွမ့်ဆုန်သည် ဒေါသတကြီးဖြင့် နှာမှုတ်လိုက်ပြီး ကြိုးကိုဆွဲကာ အောက်သို့ ခုန်ဆင်းသွားတော့၏။
ထိုအချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ခေါင်မိုးပေါ်မှ အိမ်ဝင်းထဲသို့ ခုန်ဆင်းလိုက်ကြသည်။ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်ကာ ထိုအပေါက်ဝမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ကြ၏။
အောက်ဘက်က သိပ်နက်ပုံ မရပေ။ ဘာပဲဖြစ်ဖြစ် ဒါက ဆုထျန်းယန် ကိုယ်တိုင် တူးထားခြင်းလေ။
အကယ်၍သာ အလွန်.. နက်နေလျှင်... သူ တစ်ယောက်တည်း တူးဖို့ ဘယ်ဖြစ်နိုင်ပါ့မည်နည်…။