← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄)- ရှေးဟောင်း ယဇ်ပူဇော်ခြင်း အခမ်းအနားနှင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စုမှ ပညာရှင်များ

~“ဒီရုပ်တုက ကြည့်ရတာ တော်တော်လေးတော့ ကြမ်းမယ့်ပုံပဲ...”

ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း၊ အမြင့် သုံးမီတာခန့် ရှိသော လက်ရှစ်ဖက်နှင့် ဦးခေါင်းတစ်ခု ပါသည့် ရုပ်တုကို စေ့စေ့ငုငု အကဲခတ်နေ၏။

ထိုရုပ်တုအတွင်း၌ သာမန်လူများကို ခြောက်လှန့် သတ်ပစ်နိုင်လောက်သည့် ထူထပ်လှသော မိစ္ဆာချီများ ကိန်းအောင်းနေသည်ကို သူ စစ်ဆေးလိုက်ရသည်။

ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရပါက သတိလက်လွတ် ဖြစ်သွားနိုင်၏။

ဝမ်ဖင်းအန်းနှင့် လုံထျန်းရှင်းတို့မှာ ဤနေရာသို့ အရင် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ဆောင်ထားသော သက်သေခံ တံဆိပ်ပြား၏ ကာကွယ်ရေး အမြှေးပါးသာ မရှိခဲ့လျှင် သော်လည်းကောင်း၊ ဤနေရာတွင် အချိန်အကြာကြီး နေမိလျှင် သော်လည်းကောင်း၊ သူတို့၏ စိတ်အာရုံများမှာ ထိခိုက်သွားနိုင်ပြီး ဘေးနားရှိလူကိုပင် ဓားဖြင့် ပြန်လည် တိုက်ခိုက်မိနိုင်သည့် အခြေအနေမျိုး ဖြစ်၏။

ယဲ့ဖုန်းသည် ရုပ်တုအတွင်းရှိ မိစ္ဆာချီများကို ဝါးမြိုရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှာ မှောင်အတိ ကျသွားခဲ့၏။

တစ်နေ့တာ အလုပ်ရှုပ်ခဲ့ပြီးနောက် နေဝင်ရိုးရီ အချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ လုံးဝ ငုပ်လျှိုးသွားခဲ့ပါသည်။

စစ်မှန်သော ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ခြင်းပင်။

ခြောက်ခြားဖွယ်ရာ ကျောရိုးထဲအထိ စိမ့်သွားစေမည့် လေအေးကြီး တစ်ချက် တိုက်ခိုက်လာရာ ဝမ်ဖင်းအန်းမှာ မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားရရှာသည်။ သူ့နောက်တွင် ယဲ့ဖုန်းသာ မရှိခဲ့လျှင် သူသည် အစောကြီးကတည်းက ခြေဦးတည့်ရာ ထွက်ပြေးသွားမိလောက်ပြီ ဖြစ်၏။

“မလန့်ကြနဲ့... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်တော့မှာမို့လို့ပါ...”

ယဲ့ဖုန်းက နှစ်သိမ့်လိုက်သည်။

သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ မျက်နှာမှာ လေးနက်တည်ငြိမ်နေ၏။

ကောင်းကင်ယံထက်တွင် ထိုလေအေးကြီးမှာ ဝဲဂယက် တစ်ခုပမာ လည်ပတ်နေ၏။ တဖြည်းဖြည်းနှင့် ထူထပ်လာကာ နောက်ဆုံးတွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်ယောင် တံခါးပေါက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအတွင်းမှ ထူးဆန်းသော သတ္တဝါများ ထွက်ပေါ်လာကြတော့၏။

၎င်းတို့မှာ ချပ်ဝတ်များ ဝတ်ဆင်ထားကြပြီး စစ်မြေပြင်မှ စစ်သည်တော်များနှင့် တူညီလှ၏။

သို့သော် ထိုပုံရိပ်များမှာ လက်နက်များကို ကိုင်ဆောင်ထားခြင်း မရှိဘဲ လက်ဗလာဖြင့်သာ ဖြစ်ကြသည်။ ပုံရိပ်ယောင် တံခါးပေါက်မှနေ၍ တန်းစီကာ ဆင်းသက်လာကြပြီးနောက် ၎င်းတို့က ပျက်စီးနေသော ဘုရားကျောင်းရှေ့တွင် ရပ်လိုက်ကြ၏။

ခေါင်းကို မော့ကာ လက်ရှစ်ဖက်ပါသော မိစ္ဆာနတ်ဘုရား ရုပ်တုကို စိုက်ကြည့်နေကြ၏။

ထိုအခိုက်အတန့်တွင် မိစ္ဆာနတ်ဘုရားမှာ အသက်ပြန်ဝင်လာခဲ့သည်။

မိစ္ဆာနတ်ဘုရားသည် ခြေထောက်အောက်ရှိ အချုပ်အနှောင်များကို ရုန်းထွက်လိုက်ပြီး လေထဲတွင် စတင် လမ်းလျှောက်နေတော့သည်။ ၎င်းထံမှ ထွက်ပေါ်နေသော ဖိအားမှာ ဧရာမ တောင်ကြီးတစ်လုံးပမာ ပြင်းထန်လာပြီး ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားလေတော့၏။

မိစ္ဆာနတ်ဘုရားသည် ကောင်းကင်ယံရှိ ပုံရိပ်ယောင် တံခါးပေါက်ဆီသို့ လှမ်းကြည့်ကာ ၎င်း၏ လက်ရှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်သည်။

၎င်းသည် ပါးစပ်မှ တစ်ခုခုကို ရွတ်ဆိုနေသလို ရှိသော်လည်း ယဲ့ဖုန်းနှင့် တပည့်များမှာ မည်သည့် အသံကိုမျှ မကြားရပေ။

မြင်ကွင်းမှာ ရုတ်တရက်ဆိုသလို အလွန်ပင် ထူးဆန်းသွားခဲ့၏။

“သူ ဘာလုပ်နေတာလဲဟင်...”

ဝမ်ဖင်းအန်းက နှုတ်ခမ်းများ လှုပ်ရွရုံ အသံထွက်လိုက်မိသည်။

ယဲ့ဖုန်းက ဝမ်ဖင်းအန်းကို တစ်ချက်ကြည့်ကာ တိတ်တိတ်နေရန် လက်ဟန်ခြေဟန် ပြလိုက်၏။

ဝမ်ဖင်းအန်းသည် ပါးစပ်ကို အမြန် ပိတ်လိုက်ပြီးနောက်၊ တစ်ခုခုကို သတိရသွားကာ မျက်နှာဖုံး တစ်ခုကို ထုတ်၍ ဝတ်ဆင်လိုက်ပြီး လုံထျန်းရှင်း၏ နောက်တွင် ပုန်းအောင်းနေလိုက်သည်။

“ဝှစ်...”

အထက်မှ လေအေးများမှာ ပိုမို ပြင်းထန်လာခဲ့၏။

ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင် တံခါးပေါက်မှာ အစစ်အမှန်ပမာ ခိုင်မာလာပြီး အတွင်းမှ အနက်ရောင် မြူခိုးများ တိုးထွက်လာရာ၊ ၎င်းမှာ ပို၍ပင် ချောက်ချားဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

မရေမတွက်နိုင်သော ခူကောင်များ ကိုယ်ပေါ်တွင် တွားသွားနေသလိုပင်။

“တကယ့်ကို ရွံစရာကောင်းတဲ့ ခံစားချက်ပဲ.....”

ချောင်ကျားရှီးက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ အရှိန်အဝါများမှာ မြင့်တက်လာပြီး တစ်ကိုယ်လုံးတွင် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာရာ၊ သူမ၏ ဘုန်းတန်ခိုးမှာ မျက်စိတစ်မှိတ်အတွင်း (၁၀) ဆခန့် တိုးတက်သွားတော့၏။

လုံထျန်းရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် နဂါးအသွင်ပြောင်းလဲခြင်း ပုံသဏ္ဌာန် သို့ ဝင်ရောက်လိုက်သည်။

ကျီဇီလင်းကမူ လက်ကွက်များကို ဖော်လိုက်ပြီး တစ်ကိုယ်လုံးကို ဝိညာဉ်အာရုံ စွမ်းအားများဖြင့် လွှမ်းခြုံကာ တိုက်ပွဲအတွက် အသင့်ပြင်ထား၏။

ဝမ်ဖင်းအန်းက ဘယ်ညာ ဝေ့ကြည့်လိုက်ပြီးနောက်၊ ပိုမို ဘေးကင်းစေရန်အတွက် အမည်းရောင် အိုးကြီးကို သူ့ခေါင်းပေါ်တွင် မှောက်တင်ထားလိုက်သည်။

မြေကြွက်ကလေးမှာမူ မြေကြီးထဲတွင် ကျင်းတစ်ကျင်း တူးကာ ၎င်း၏ မျက်နှာကို မြေကြီးထဲသို့ ထိုးထည့်ထားပြီး၊ ကျန်ရှိသော ခန္ဓာကိုယ်မှာမူ အပြင်ဘက်တွင် ပေါ်နေဆဲပင်။

ယဲ့ဖုန်းသည် လက်ကို ပုံမှန်အတိုင်း ချထားလျက်၊ ပုံရိပ်ယောင် တံခါးပေါက်မှ စီးထွက်လာသော အနက်ရောင် မြူခိုးများကို မော့ကြည့်နေမိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မြို့ဟောင်း အပျက်အစီးများတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည် အမှတ်ရမ်ိသွားတော့၏။

ဤမြူခိုးများသည် ထိုမြို့ဟောင်းကို ဝါးမြိုခဲ့သည့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ မြူခိုးများနှင့် အလွန်ပင် ဆင်တူလှ၏။

‘ဒါ ဝိညာဉ်ဝါးမြို မျိုးနွယ်စု လား...’

ယဲ့ဖုန်း၏ အကြည့်များမှာ လေးနက်တည်ငြိမ်သွားသည်။

ထိုမြို့ဟောင်းကြီးမှာ ဤကဲ့သို့သော မြူခိုးများ၏ ဝါးမြိုခြင်းကို ခံရပြီးမှ အပျက်အစီးများ ဖြစ်သွားခဲ့ခြင်း မဟုတ်ပါလား။

ယခု ဤအနက်ရောင် မြူခိုးများကို ထပ်မံ မြင်တွေ့

လိုက်ရသည့်အခါတွင်တော့၊ ယဲ့ဖုန်း၏ စိတ်ထဲတွင် ထိုပုံရိပ် နှစ်ခုမှာ တစ်ထပ်တည်း ကျသွားခဲ့သည်။ ၎င်းမှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ လက်ချက်ဖြစ်ကြောင်း အသေအချာ အတည်ပြုလိုက်၏။

‘ဝိညာဉ်ဝါးမြို မျိုးနွယ်စု... ဒီလောက် ထူထပ်တဲ့ မိစ္ဆာချီတွေ... မဟုတ်ဘူး... ဒါက မိစ္ဆာချီထက်တောင် အဆင့်မြင့်သေးတာပဲ... ဒါပေမဲ့ ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ လောက်တော့ မပြင်းထန်ပါဘူး... လောလောဆယ်တော့ ဒါကို ‘ယင်ရှာချီ’ လို့ပဲ ခေါ်ထားကြတာပေါ့...’

ယဲ့ဖုန်းသည် တံခါးပေါက်မှ အဆက်မပြတ် စီးထွက်လာသော အနက်ရောင် မြူခိုးများကို ကြည့်ရင်း၊ သူ့မျက်ဝန်းများတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

အခြားသူများအတွက်မူ ဤ ယင်ရှာချီ မှာ ကပ်ဘေးတစ်ခု ဖြစ်နိုင်သော်လည်း၊ ယဲ့ဖုန်း အတွက်မူ ၎င်းမှာ အလွန်ပင် အာဟာရဖြစ်စေသော အရာတစ်ခုပင် ဖြစ်ချေ၏။

မကြာမီမှာပင် အနက်ရောင် မြူခိုးများအတွင်း၌ ထူးခြားသော ပုံရိပ်များ ပေါ်လာသည်။

၎င်းတို့မှာ အနက်ရောင် ပိုးကောင်များပင် ဖြစ်ချေ၏။

အရွယ်အစားမှာ လက်သီးဆုပ်ခန့်သာ ရှိသော်လည်း၊ ဟန်ရီ နှင့် ဟန်အာ တို့ကဲ့သို့သော နတ်ဘုရား မျိုးနွယ်စု ဝင်များကဲ့သို့ ငါးမန်းကဲ့သို့သော ပါးစပ်များ ရှိကြပြီး ကိုယ်ပေါ်တွင်လည်း ဆူးချွန်များ ပါရှိကြ၏။ သူတို့သည် မြူခိုးများကြားတွင် ပျံဝဲနေကြပြီး ကြောက်မက်ဖွယ်ရာ ‘ဝီ ဝီ’ မြည်သံများကို ထုတ်လွှတ်နေကြ၏။

အချိန်ကြာလာသည်နှင့်အမျှ ထိုအသံမှာ ကျီဇီလင်း၊ ဝမ်ဖင်းအန်း နှင့် အခြားသူများ၏ အသိစိတ်ကို နှောင့်ယှက်လာပြီး မူးမေ့လဲတော့မည့်အလား ဖြစ်ပေါ်စေသည်။

ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်ကာ သူရဲကောင်း ဝိညာဉ်စွမ်းအား ဖြင့် သူတို့ကို ကာကွယ်ပေးလိုက်သည်။

“ဝိညာဉ်ဝါးမြို မျိုးနွယ်စု က တကယ့်ကို မဆိုးဘူးပဲ.....”

“ဒီ ပိုးကောင်တွေက သူတို့ရဲ့ ရုပ်သွင်အစစ်အမှန်လား...”

ယဲ့ဖုန်းသည် နောက်ထပ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်၏။

ထိုပိုးကောင်များသည် တစ်ကောင်ကို တစ်ကောင် ကိုက်ခဲလိုက်ကြပြီး၊ ထူးဆန်းစွာပင် ပေပေါင်း သောင်းချီ မြင့်မားသော လက်ရှစ်ဖက်နှင့် ဦးခေါင်းတစ်ခုပါသည့် ဘီလူးကြီး တစ်ကောင်အဖြစ် စုစည်းသွားကြတော့သည်။

၎င်းသည် လက်များကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ယဲ့ဖုန်းနှင့် အခြားသူများကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။

၎င်း၏ နှုတ်ခမ်းထောင့်များတွင် ထူးဆန်းသော အပြုံးတစ်ခုမှာ ဖော်ပြ၍မရအောင် ပေါ်ထွက်လာ၏။

“မဆိုးဘူးပဲ... ငါ့အတွက် ယဇ်ပူဇော်စရာတွေတောင် ပြင်ထားပေးတာပဲ... တော်တော်လေး အလိုက်သိတတ်တာပဲ...” ထို ပိုးကောင်ဘီလူးကြီးသည် လူသားစကားကို ပြောလိုက်ရာ၊ သူ့မျက်ဝန်းများတွင် မထီမဲ့မြင် ပြုံးရယ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

တပည့်များမှာမူ ထိုရက်စက်သော အကြည့်နှင့် ဆုံလိုက်ရသည့်အခါ ကြက်သီးထသွားကြရသည်။

“ဟင်.....” မိစ္ဆာနတ်ဘုရား ရုပ်တုမှာ ခေတ္တမျှ ကြောင်အသွားပြီး ဘယ်ညာ ဝေ့ကြည့်လိုက်သော်လည်း၊ ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို လုံးဝ မမြင်ရပေ။

၎င်းအတွက်မူ ယဲ့ဖုန်းနှင့် အခြားသူများသည် အခြားသော အချိန်နှင့် ဟင်းလင်းပြင်တစ်ခုတွင် တည်ရှိနေသလို ဖြစ်နေသဖြင့် ၎င်းအနေဖြင့် လုံးဝ မမြင်နိုင်ခြင်းပင်။

“ဝိညာဉ်ဝါးမြို မျက်လုံး... ဖွင့်စမ်း.....”

ပိုးကောင်ဘီလူးကြီးက ဟိန်းဟောက်လိုက်ရာ၊ ၎င်း၏ မျက်နှာတစ်ခုလုံးမှာ ဟောင်းလောင်းဖြစ်နေသော မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွား၏။ ထိုမျက်လုံးမှ ထူးဆန်းသော အလင်းတန်းများကို ပတ်ဝန်းကျင်သို့ ဖြာထွက်စေလိုက်သည်။

နောက်တစ်ခဏတွင်တော့ မိစ္ဆာနတ်ဘုရား ရုပ်တုသည် ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို နောက်ဆုံး၌ မြင်တွေ့သွားခဲ့၏။

“သက်ရှိတွေပါလား... မမြင်ရတာ မဆန်းပါဘူး.....”

မိစ္ဆာနတ်ဘုရား၏ မျက်နှာထားမှာ တင်းမာသွားသည်။

၎င်းသည် ဝိညာဉ်ဝါးမြို မျိုးနွယ်စု က ရှန်ကျိုး တိုက်ကြီး ဆီသို့ အစွမ်းကုန် ကြိုးစားပြီး စေလွှတ်လိုက်သော ရုပ်သေးရုပ်တစ်ခု ဖြစ်၏။ ၎င်းတွင် အသိဉာဏ် အချို့ ရှိသော်လည်း၊ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာစဉ်အတွင်း ထိခိုက်မှုအချို့ ရှိခဲ့သဖြင့် အမှန်တကယ် ရှင်သန်နေသော သက်ရှိများကို မမြင်နိုင်ဘဲ ဖြစ်နေခြင်းပင်။

“အရှင်... ဒီသက်ရှိတွေကို သေအောင်လုပ်ပြီး အရှင့်အတွက် ယဇ်ပူဇော်ခွင့် ပြုပါ... သူတို့ကို အရှင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်လာအောင် လုပ်ပေးပါ့မယ်...”

မိစ္ဆာနတ်ဘုရားမှာ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ၎င်း၏ လက်ရှစ်ဖက်စလုံးကို မြှောက်ကာ အဆင့်မြင့် ဝိညာဉ်လက်နက် (၈) ခုကို ကိုင်ဆောင်လိုက်သည်။ ၎င်းတို့ကို တပြိုင်နက် အသုံးပြုလိုက်သည့်အခါတွင်မူ၊ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ စွမ်းအားမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက်များနှင့် မခြားတော့ပေ။

သို့သော်လည်း ယဲ့ဖုန်းကမူ လက်တစ်ချက် ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထို မိစ္ဆာနတ်ဘုရားကို မှုန့်မှုန့်ညက်ညက် ကြေသွားစေသည်။

“ဝှစ်...”

မိစ္ဆာချီများမှာ ရေတံခွန်ပမာ ပန်းထွက်လာသော်လည်း၊ ယဲ့ဖုန်းက ၎င်းတို့ကို လက်ဖြင့် ဆုပ်နယ်လိုက်ရာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ ၏ ဝါးမြိုသန့်စင်ခြင်းကို ခံလိုက်ကြရလေတော့သည်။

“သတ်ဖြတ်ခြင်း အရှိန်အဝါ.....”

ပိုးကောင်ဘီလူးကြီး၏ မျက်နှာတွင် ဒေါသတရားများ ပြည့်နှက်သွား၏။

“အားလုံး... ဝိုင်းတိုက်ကြစမ်း... သူ့ကို သတ်ပစ်ကြ.....”

လက်ဗလာနှင့် ချပ်ဝတ် စစ်သည်တော်များမှာ ရှေ့သို့ တိုးဝင်လာကြသော်လည်း၊ ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ အဝေးမှနေ၍ ဖိချလိုက်ရုံမျှဖြင့်၊ ထိုစစ်သည်တော် ထောင်ပေါင်းများစွာမှာ နေရာမှာတင် ပြိုလဲပျက်စီးသွားကြပြီး လေနှင့်အတူ လွင့်ပါသွားကြတော့သည်။

“မူလနတ်ဘုရား အဆင့် စွမ်းအားလား.....”

ပိုးကောင်ဘီလူးကြီး၏ မျက်နှာထားမှာ လေးနက်သွားရ၏။

သူ့ရှေ့ရှိ လူသားမျိုးနွယ်မှ ချောမောသော လူငယ်မှာ သာမန် မဟုတ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။ ထိုလူငယ်မှာ အစွမ်းထက်သော စွမ်းအားများ ရှိရုံတင်မကဘဲ၊ သူတို့ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ အဓိက ရန်သူတော်ဖြစ်သော သတ်ဖြတ်ခြင်း အရှိန်အဝါ ကိုပါ ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ဒီလူကို သေချာပေါက် သတ်ရမယ်။

မဟုတ်ရင်တော့ သူက ဝိညာဉ်ဝါးမြို မျိုးနွယ်စု အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။

“လက်ရှစ်ဖက် မိုးမျှော်လက်သီး.....”

ပိုးကောင်ဘီလူးကြီးမှာ တောင်ကြီးများပမာ လေးလံလှသော သူ၏ လက်သီးများကို ဝှေ့ယမ်းကာ၊ ဥက္ကာခဲ (၈) လုံး မြေပြင်သို့ ကျဆင်းလာသလို အရှိန်အဟုန် ပြင်းပြင်းဖြင့် တပြိုင်နက် ထိုးနှက်လိုက်လေတော့သည်။

“သွားစမ်း.....”

ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအား ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ရာ၊ ကောင်းကင်သို့ ထိစပ်နေသော ရွှေရောင် လှိုင်းလုံးကြီး တစ်ခုပမာ တိုးထွက်သွားပြီး ပိုးကောင်ဘီလူးကြီးကို အတင်းအဓမ္မ တွန်းထုတ်လိုက်သည်။

“ဒီကောင်လေးကို အလွတ်ပေးလို့ မဖြစ်ဘူး.....”

ပိုးကောင်ဘီလူးကြီး၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွား၏။

သူသည် ဤလူသား လူငယ်လေးကို မယှဉ်နိုင်ကြောင်း သိရှိသွားခဲ့၏။

ထို့ကြောင့် သူသည် လှည့်ထွက်လိုက်ပြီး ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ နေရပ်ဆီသို့ ပြန်လည် ထွက်ပြေးရန်နှင့် သတင်းပို့ရန်အတွက် ပုံရိပ်ယောင် တံခါးပေါက် အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

“တစ်လှမ်း - ချီကျင့်ကြံ၊ စကြဝဠာ နိုးထ။”

ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ လှမ်းတက်လိုက်သည်။

သူ ပထမဆုံး ခြေလှမ်း လှမ်းလိုက်သည့် ခဏ၌ပင်၊ သူ၏ အရှိန်အဝါ တစ်ခုလုံးမှာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအားများကို ဝါးမြိုနေသည့် မုန်တိုင်းမျက်စိ တစ်ခုပမာ ဖြစ်ပေါ်လာခဲ့သည်။

ဤ “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” လျှို့ဝှက်သိုင်းမှာ နဝမအဆင့် မန္တန်များကို ကျော်လွန်သော အထူး လျှို့ဝှက်သိုင်းတစ်ခု ဖြစ်ပြီး နတ်ဘုရား စွမ်းရည် အဆင့်တွင် ရှိ၏။

ကျင့်ကြံခြင်း အဆင့်မှာ မည်မျှပင် ဖြစ်စေကာမူ၊ နားလည်နိုင်စွမ်း ရှိရုံဖြင့် ၎င်းကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

သိသာသည်မှာ ကိုယ့်ကိုယ်ပိုင် စွမ်းအား သန်မာလေလေ၊ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာလည်း ပိုမို ပြင်းထန်လေလေပင် ဖြစ်ချေ၏။

“ဒါ ပေဟယ် ဧကရာဇ် ရဲ့ ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ပါလား... မင်းက ဒီတိုက်ကွက်ကို ဘယ်လိုလုပ် သိနေရတာလဲ...” ပိုးကောင်ဘီလူးကြီးသည် ယဲ့ဖုန်းကို ကြည့်ကာ ပိုမို ထိတ်လန့်သွားရသည်။

ထွက်ပြေးရန် ကြိုးစားသော်လည်း၊ ယဲ့ဖုန်း ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် စကြဝဠာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ပိုးကောင်ဘီလူးကြီးကို အသေအချာ ပစ်မှတ်ထားလိုက်၏။

ယဲ့ဖုန်း၏ မျက်နှာမှာ အေးစက်လျက်ပင် ဆက်လက်၍ ခြေလှမ်းများကို လှမ်းနေလိုက်သည်။

“ခုနစ်လှမ်း - ကောင်းကင် အရှင်မြတ်၊ စကြဝဠာမှာ ပြိုင်ဘက်ကင်း.....”

ဆက်တိုက် ခုနစ်လှမ်း လှမ်းပြီးနောက်တွင်တော့ သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ခြေထောက်ကို မြှောက်ကာ အစွမ်းကုန် နင်းချလိုက်လေတော့၏။

“ဝုန်း.....”

ပိုးကောင်ဘီလူးကြီးမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ပြီး မရေမတွက်နိုင်သော အနက်ရောင် ပိုးကောင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုမှတစ်ဆင့် နာကျင်စွာ တွန့်လိမ်နေသော လူသားမျက်နှာများအဖြစ် ပြိုကွဲပျက်စီးသွားပြီး နောက်ဆုံးတွင်တော့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့လေတော့သည်။

ဤလောကတွင်မူ မိစ္ဆာချီနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ ကြားရှိ အဆင့်အတန်း တစ်ခုတွင် ရှိနေသော ကြီးမားလှသော ယင်ရှာချီ များသာ ကျန်ရစ်ခဲ့ရာ၊ ယဲ့ဖုန်းက ၎င်းတို့ကို သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ဖြင့် အကုန်အစင် သန့်စင်လိုက်သည်။

“ဒီလောက် ပြင်းထန်တဲ့ ယင်ရှာချီ တွေကြောင့် ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ က (၁၀) ဆကျော်လောက် တိုးသွားပြီပဲ... အခြား အဆင့် တစ်ခုကို ရောက်သွားတာက်ုး.....”

ယဲ့ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

“ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပဲဗျာ.....” ဝမ်ဖင်းအန်းက အိုးကို တီးကာ အော်ဟစ် အားပေးလိုက်တော့သည်။

လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့မှာလည်း ရုတ်တရက် လျော့နည်းသွားသော ဖိအားများကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

ထိုအခိုက်အတန့်တွင်

“ဟင်... အဲဒါ ဘာကြီးလဲ...”

ကျီဇီလင်းက ကောင်းကင်ယံရှိ တံခါးပေါက်ကို လက်ညှိုးညွှန်ကာ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားဖြင့် မေးလိုက်သည်။

ယဲ့ဖုန်း မော့ကြည့်လိုက်ရာ ထို ထူးဆန်းသော တံခါးပေါက် နောက်ကွယ်တွင် အရိပ်များ လှုပ်ရှားနေပြီး၊ ထို့နောက်တွင်တော့ ဧရာမ နီရဲနေသော ဒေါင်လိုက် မျက်လုံးကြီး တစ်ခု ပေါ်လာကာ လူတိုင်းကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေတော့၏။

အခန်း (၄၂၅)- လျှို့ဝှက်ဆန်းကြယ်သော ဒေါင်လိုက်မျက်လုံးနှင့် တာ့လျန် နတ်ဆိုးနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်း

~ထိုမျက်လုံးအိမ်အတွင်းဝယ် မည်သည့် ခံစားချက်အရိပ်အယောင်မျှ ကိန်းအောင်းနေခြင်း မရှိပေ။

၎င်း၏ အကြည့်မှာ အေးစက်လှပြီး ကြည့်ရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

၎င်းက အောက်သို့ ငုံ့ကြည့်လိုက်ရုံမျှဖြင့် ဖုန်မှုန့်တိမ်တိုက်များနှင့် လေပြင်းမုန်တိုင်းများကို ဖြစ်ပေါ်စေပြီး မြေပြင်ကိုပင် တုန်ခါသွားစေတော့သည်။

“မင်းကို ငါ မှတ်ထားမယ်.....”

ပုံရိပ်ယောင် တံခါးပေါက် နောက်ကွယ်မှနေ၍ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံကြီး တစ်ချက် ထွက်ပေါ်လာ၏။

အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ယောင် တံခါးပေါက်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုဒေါင်လိုက် မျက်လုံးကြီးပေါ်တွင် သွေးကြောမျှင်များ ယှက်သန်းလာသည်ကို ယဲ့ဖုန်း မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ဒေါသထွက်နေပုံရပြီး၊ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာကာ သူ့ကို သတ်ဖြတ်နှိမ်နင်းပစ်ချင်နေသည့်နှယ်။

‘ဒီလူကတော့ ထိပ်တန်း မူလနတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်... အနည်းဆုံးတော့ နွယ်ပင်မီးခိုးရောင် နတ်ဆိုးမိစ္ဆာ နဲ့ အဆင့်တူလောက်ရှိမယ်၊ ဒါမှမဟုတ် ပိုတောင် သန်မာဦးမလားပဲ... ဟင်းလင်းပြင်ချိုးဖျက် အဆင့် ကိုတောင် ခြေတစ်ဖက် လှမ်းထားနိုင်လောက်တယ်...’

ယဲ့ဖုန်း၏ မျက်နှာထားမှာ လေးနက်တည်ငြိမ်သွားသည်။

ဤမျှလောက် အစွမ်းထက်သော ပညာရှင်မျိုးမှာ လောလောဆယ်တွင် သူ ယှဉ်ပြိုင်နိုင်မည့်သူ မဟုတ်သေးပေ။

သူ့အနေဖြင့် တပည့်ပေါင်း သောင်းနှင့်ချီ၍ ထပ်မံ စုဆောင်းရဦးမည်၊ သို့မဟုတ်လျှင်လည်း နတ်ဆိုးဘုရင် နှင့် နတ်ဆိုးဧကရာဇ် အဆင့်ရှိသော ဝိညာဉ်သားရဲ ဒါဇင်ပေါင်းများစွာကို စည်းရုံးရပေလိမ့်မည်။ သို့မဟုတ်ပါကလည်း ကြီးမားသော ရှေးဟောင်း စစ်မြေပြင်များစွာဆီသို့ သွားရောက်ကာ လုံလောက်သော သူရဲကောင်း ဝိညာဉ်စွမ်းအား များကို စုပ်ယူရပေဦးမည်။

ထိုသို့ လုပ်ဆောင်နိုင်မှသာ သူ၏ စွမ်းအားမှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

“ဘုန်း.....”

ယဲ့ဖုန်းသည် လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် ပျက်စီးနေသော ဘုရားကျောင်းအိုကြီးကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်ပြီး၊ ဝိညာဉ်ဝါးမြို မျိုးနွယ်စု နှင့် ဤရှေးဟောင်း စစ်မြေပြင်ကြားရှိ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။

မိစ္ဆာနတ်ဘုရား ရုပ်တု မရှိတော့ပါက ဝိညာဉ်ဝါးမြို မျိုးနွယ်စု အနေဖြင့် ဤကမ္ဘာသို့ ဆင်းသက်လိုလျှင် အချိန်နှင့် အင်အားများစွာ ထပ်မံ အကုန်အခံရပေတော့မည်။

‘ပေဟယ် ဧကရာဇ်... ဒါဆိုရင် “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ကို ချန်ထားခဲ့တဲ့ ခန့်ညားထည်ဝါပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ဘွဲ့အမည်က ပေဟယ် ဧကရာဇ်ပေါ့လေ...’

စောစောက ပိုးကောင်ဘီလူးကြီး ပြောသွားသော စကားကို ပြန်လည် အမှတ်ရရင်း ယဲ့ဖုန်းသည် ပေဟယ်၏ ဘွဲ့အမည်ကို ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်၏။

ပေဟယ် ဧကရာဇ်.....

“ဧကရာဇ်” ဟူသော ဘွဲ့အမည်ကို အသုံးပြုနိုင်သော ကျင့်ကြံသူများမှာ များသောအားဖြင့် ဟင်းလင်းပြင်ချိုးဖျက် အဆင့် ပညာရှင်များသာ ဖြစ်ကြ၏။

ယဲ့ဖုန်းသည် လှည့်ကြည့်လိုက်ရာ၊ ကြောက်လန့်တုန်လှုပ်နေကြသော တပည့်များကို မြင်တွေ့လိုက်ရသဖြင့် အားပေးလိုက်၏။

“ဘာလဲ... ဝိညာဉ်ဝါးမြို မျိုးနွယ်စု ရဲ့ မူလနတ်ဘုရား အဆင့် ကျင့်ကြံသူလောက်ကို ကြောက်နေကြတာလားကွ...”

ထိုအခါ၊ ကျီဇီလင်းသည် မျက်လုံးများ ပြူးကျယ်လျက် ရှေ့သို့ လက်ညှိုးညွှန်ကာ တုန်တုန်ယင်ယင်နှင့် ပြန်ပြောရှာသည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ကို ကြောက်အောင်လုပ်တာ အဲဒီ မျိုးနွယ်စု မဟုတ်ပါဘူး... ဂိုဏ်းချုပ် ကိုယ်တိုင်ပါရှင်...”

“ဟင်.....”

ယဲ့ဖုန်း အံ့အားသင့်သွားပြီး မြေပြင်သို့ ပြန်လည် ငုံ့ကြည့်လိုက်မိသည်။

ခုနလေးတင် သူ “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ကို ထုတ်ဖော်စဉ်က အစွမ်းကုန် အသုံးပြုခဲ့ခြင်း ဖြစ်၏။ သူသည် လေထဲတွင် လမ်းလျှောက်ခဲ့ခြင်း ဖြစ်သော်လည်း၊ မြေပြင်ပေါ်တွင်မူ တစ်ကီလိုမီတာခန့် ရှည်လျားသော ဧရာမ ခြေရာကြီး တစ်ခု ထင်ကျန်ရစ်ခဲ့သည်။

အဝေးမှ ကြည့်လျှင် ၎င်းမှာ အိုင်ကြီး တစ်ခုနှင့်ပင် တူနေတော့၏။

၎င်းအပြင် ထိုတိုက်ကွက်၏ နောက်ဆက်တွဲ အားလှိုင်းကြောင့် မီတာ ဒါဇင်ချီ ကျယ်ပြီး မိုင်ပေါင်း ရာချီ ရှည်လျားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားခဲ့သည်။

‘ကြည့်ရတာ... ဒီတိုက်ကွက်က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ.....’

ယဲ့ဖုန်း ကိုယ်တိုင်ပင်လျှင် ထိတ်လန့်သွားရ၏။

“ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ဆိုသည်မှာ မန္တန်တစ်ခုထက် သာလွန်သော နတ်ဘုရား စွမ်းရည် တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ ကိန်းအောင်းနေခြင်းပင်။

၎င်းကို နားလည်သူ…မည်သူမဆို ထုတ်ဖော်နိုင်လေ၏။

ယဲ့ဖုန်းမှာမူ သူ၏ ကိုယ်ခန္ဓာ စွမ်းအား၊ သူရဲကောင်း ဝိညာဉ်စွမ်းအား နှင့် အခြားသော စွမ်းအားများကို အသုံးပြုကာ၊ မိမိ၏ စွမ်းအားထက် များစွာ သာလွန်သော ကောင်းကင်ဘုံ တန်ခိုးများကို ဆွဲယူအသုံးချခဲ့သဖြင့် မူလနတ်ဘုရား အဆင့် အလယ်အလတ် နယ်ပယ်သို့ တိုက်ရိုက် ခြေစုံပစ် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ခြေလှမ်း တစ်လှမ်းတည်းနှင့်ပင် ပိုးကောင်ဘီလူးကြီးကို အစပျောက် ချေမှုန်းရန် လုံလောက်ခဲ့သည် မဟုတ်ပါလား။

“ကျွန်တော် ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ကို ပိုပြီးတော့တောင် ကျင့်ချင်လာပြီဗျာ... ဘယ်လို လုပ်ရမလဲဟင်...” ဝမ်ဖင်းအန်းက အားကျစိတ်ဖြင့် မျက်လုံးများ အရောင်တောက်ကာ မေးလိုက်သည်။

ချောင်ကျားရှီးက ညင်သာစွာ သက်ပြင်းချလိုက်၏။

“နှမြောစရာပဲ... ကျွန်တော်တော့ ဒါကို ကျင့်လို့ မရဘူး ထင်တယ်...”

ထိုအခါ၊ ယဲ့ဖုန်းက ခပ်ရေးရေး ပြုံးပြပြီး ပြောလိုက်၏။

“ဒီ ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ဆိုတာ ဝိညာဉ်စွမ်းအင် မလိုအပ်တဲ့ နက်နဲတဲ့ နတ်ဘုရား စွမ်းရည် တစ်ခုပဲ... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို နားလည်ပြီး ထိန်းချုပ်နိုင်ဖို့ပဲ လိုတာ... နားလည်တဲ့သူ ဘယ်သူမဆို ဒါကို အသုံးပြုနိုင်တယ်...”

“တကယ်လားဟင်...” ချောင်ကျားရှီးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ယဲ့ဖုန်းက သူ၏ သိချင်စိတ်ကို ခေါင်းညိတ် အတည်ပြုလိုက်၏။

ချောင်ကျားရှီးမှာ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။

ယဲ့ဖုန်းက စတင် ရှင်းပြလိုက်သည်။

“ဒီလျှို့ဝှက်သိုင်းက အင်မတန်မှ နက်နဲတယ်... ကျင့်ကြံခြင်းရဲ့ အဓိက အဆင့်ကြီး ခုနစ်ခုကို ခြုံငုံထားတာလေ... ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ကိုယ့်ရဲ့ စွမ်းအားက ပိုပြီး မြင့်တက်လာမှာပဲ... နားလည်နိုင်မယ်ဆိုရင်တော့ သာမန်လူ တစ်ယောက်တောင် ကျောက်တုံးကြီးတွေကို နင်းခြေ ဖျက်ဆီးနိုင်မှာပါ...”

တပည့်များမှာ ဘေးတွင် ရပ်လျက် အသေအချာ နားထောင်နေကြ၏။

မြေကြွက်ကလေးမှာ ဝမ်ဖင်းအန်း၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး၊ လက်သည်းလေးများဖြင့် မှိုကြီး တစ်လုံးကို ကိုင်ကာ ကိုက်စားရင်း နားထောင်နေသည်။

သို့သော် ခေတ္တအကြာတွင် ၎င်းမှာ လုံးဝ နားမလည်ကြောင်း သိရှိသွားခဲ့၏။

အထွတ်အထိပ်အဆင့် ပါရမီရှိသည့် ကျီဇီလင်းပင်လျှင် ယဲ့ဖုန်း၏ လမ်းညွှန်မှုအောက်တွင် ပဉ္စမမြောက် စာကြောင်းအထိသာ နားလည်နိုင်ခဲ့သည်။

နောက်ဆုံး စာကြောင်းနှစ်ကြောင်းမှာမူ သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် ကိုယ့်ဘာသာ ဖြည်းဖြည်းချင်း လေ့လာရပေဦးမည်။

ဝမ်ဖင်းအန်း၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့မှာမူ ပထမ စာကြောင်းသုံးကြောင်း၏ အဓိပ္ပာယ်ကိုသာ နားလည်ကြသဖြင့် စိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုသာ ကုပ်နေကြတော့၏။

‘နတ်ဘုရား စွမ်းရည် ဆိုတဲ့အတိုင်း ခက်ခဲတာကတော့ အမှန်ပဲ... ငါကိုယ်တိုင် ပြီးပြည့်စုံတဲ့ အဆင့်အထိ နားလည်ထားပြီးတော့၊ ငါ့ရဲ့ နားလည်မှုအတိုင်း ရှင်းပြနေတာတောင် ငါ့တပည့်တွေကို နားလည်အောင် မလုပ်နိုင်သေးဘူးပဲ...’

ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်မိသည်။

တပည့်များ “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ကို အပြည့်အဝ တတ်မြောက်ရန်မှာ ရေရှည် ရှင်းပြမှုနှင့် သူတို့၏ ကိုယ်ပိုင် ဉာဏ်အလင်းပွင့်မှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။ တစ်ညတည်းနှင့်တော့ မည်သို့မျှ မဖြစ်နိုင်သည်မှာ အသေအချာပင်။

မကြာမီ မိုးသောက်ယံသို့ ရောက်ရှိလာခဲ့ပါ၏။

ယဲ့ဖုန်းသည် အရိုးစုမိစ္ဆာ ၏ ဦးခေါင်းပေါ်တွင် ရပ်လျက် တပည့်များနှင့်အတူ အရှေ့ဘက်ဆီသို့ ဆက်လက် ပျံသန်းခဲ့သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ တကယ်ပဲ တာ့လျန် နတ်ဆိုးနိုင်ငံ ကို သွားကြမှာလားဟင်...” ကျီဇီလင်းသည် ယဲ့ဖုန်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားသဖြင့် မစိုးရိမ်ဘဲ မနေနိုင် ဖြစ်သွားရရှာသည်။

“ဟုတ်တယ်လေ...” ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

သူ ယခုတစ်ခေါက် အပြင်ထွက်လာရခြင်း၏ ရည်ရွယ်ချက်မှာ ဘာပါနည်း။

ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များကို ပိုမို စည်းရုံးရန်နှင့်၊ သူရဲကောင်း ဝိညာဉ်စွမ်းအား များနှင့် မိစ္ဆာချီ များကို စုပ်ယူရန် မဟုတ်ပါလား။

တာ့လျန် နတ်ဆိုးနိုင်ငံ ဆိုသည်မှာ ကြယ်သုံးပွင့်အဆင့် ရှိသော နတ်ဆိုးမျိုးနွယ်စုတို့၏ စည်ကားလှသော နယ်မြေတစ်ခု ဖြစ်၏။ ထိုနေရာတွင် နတ်ဆိုးသားရဲများမှာ သဲဗွက်ပမာ ပေါများလှပြီး၊ နတ်ဆိုးဗိုလ်ချုပ် များမှာလည်း လမ်းဘေးခွေးများပမာ တွေ့ရလွယ်သဖြင့်၊ ဒါဇင်ပေါင်းများစွာကို ယဉ်ပါးအောင် လုပ်ရန်မှာ လွယ်ကူလှပေလိမ့်မည်။

မကြာမီမှာပင် သူတို့အဖွဲ့မှာ ကျယ်ပြောလှသော တောင်တန်းကြီးများ၏ အထက်သို့ ရောက်ရှိလာခဲ့ကြ၏။

ထိုနေရာတွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ စတင် ပေါက်ရောက်နေသည်ကို တွေ့ရသည်။

ဆက်လက် ပျံသန်းသွားသည့် အခါတွင်တော့၊ ရှေ့ဘက်ရှိ နယ်မြေမှာ မိုင်ပေါင်း ထောင်ချီ၍ မြေဩဇာ ကောင်းမွန်လှပြီး ထပ်ဆင့်နေသော တောင်ကုန်း တောင်စွယ်များ၊ မိုးမျှော် ရှေးဟောင်း သစ်ပင်ကြီးများနှင့် ကောင်းကင်တွင် ဝဲပျံနေသော ရောင်စုံ တိမ်တိုက်များမှာ ကြည့်မဝလောက်အောင် လှပလွန်းလှ၏။

‌၎င်းက တာ့လျန် နတ်ဆိုးနိုင်ငံ ပင်။

“ဝုန်း.....”

အောက်ဘက်ရှိ ချိုင့်ဝှမ်း တစ်ခုအတွင်းဝယ် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နှစ်ကောင်စလုံးမှာ သူတို့၏ ဧရာမ မူလရုပ်သွင်များကို အသွင်ပြောင်းထားကြ၏။ တစ်ကောင်မှာ မီတာ (၁၀) ခန့် မြင့်သော ဆင်ရိုင်းကြီး တစ်ကောင် ဖြစ်ပြီး၊ ကျန်တစ်ကောင်မှာမူ (၉) မီတာခန့် မြင့်သော အသားအရေ စိမ်းဖန့်ဖန့်နှင့် နွားသိုးကြီး တစ်ကောင် ဖြစ်ကာ၊ နှစ်ကောင်စလုံးမှာ ခွန်အားကြီးမားလှသော သတ္တဝါများ ဖြစ်ကြ၏။

“မင်းတို့က ငါ့အပိုင်ပဲ.....”

ယဲ့ဖုန်း၏ လက်ဝါးချက် တစ်ချက်တည်းနှင့်တင် သူတို့နှစ်ကောင်မှာ မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားရသည်။ ခန့်ညားထည်ဝါလှသော သူရဲကောင်း ဝိညာဉ်စွမ်းအား များကြောင့် ထိုသတ္တဝါနှစ်ကောင်မှာ ကျောရိုးထဲအထိ စိမ့်တက်သွားကြရ၏။

ယဲ့ဖုန်းက လက်ကို နောက်ပစ်လျက် အရှိန်အဝါ ပြင်းပြင်းဖြင့် မေးလိုက်သည်။

“ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ပဲ... ငါ့ဂိုဏ်းကို ဝင်ပြီး ဂိုဏ်းစောင့် ဝိညာဉ်သားရဲ တွေ ဖြစ်ချင်လား...”

“ဆရာကြီး... ကျုပ်တို့ရဲ့ ဒူးတွေကို ယူလိုက်ပါတော့ဗျာ.....”

နတ်ဆိုးသားရဲ နှစ်ကောင်မှာ ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး အညံ့ခံကြောင်း ပြသလိုက်ကြ၏။

ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ သူတို့၏ နဖူးမှ သွေးတစ်စက်စီကို ထုတ်ယူလိုက်ပြီးနောက်၊ နတ်ဆိုးသားရဲဆောင် ၏ စွမ်းအားဖြင့် သူတို့ကို ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များအဖြစ် ပြောင်းလဲလိုက်လေတော့သည်။

“မင်းတို့မှာ အမည်တွေ ရှိလား...” ယဲ့ဖုန်း မေးလိုက်၏။

“ဂိုဏ်းချုပ် ကို သတင်းပို့ပါတယ်... ကျွန်တော့်အမည်က ရူးသွပ်ဆင်ကြီး ပါ...”

“ကျွန်တော်ကတော့ နွားစိမ်း ပါ... ဒါပေမဲ့ ဂိုဏ်းချုပ် က ကျွန်တော့်ကို နျူတာ့လီလို့လည်း ခေါ်လို့ ရပါတယ်..”

အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်မှာ သူတို့၏ အမည်များကို ပြောပြလိုက်ကြ၏။

ယဲ့ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

တာ့လျန် နတ်ဆိုးနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဝင်ဝင်ချင်းမှာပင် နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင်ကို ရရှိလိုက်သည်မှာ အမှန်တကယ်ပင် ဝမ်းသာစရာ ကိစ္စတစ်ခုပင်။

‘အခု နတ်ဆိုးသားရဲဆောင် က ဝိညာဉ်သားရဲ (၁၀၀) အထိ ထားလို့ ရတယ်လေ... အကယ်၍ ကျန်တဲ့ ကောင်တွေကလည်း နတ်ဆိုးဗိုလ်ချုပ် ဒါမှမဟုတ် နတ်ဆိုးဘုရင် အဆင့်တွေချည်းပဲ ဖြစ်မယ်ဆိုရင်တော့... ငါ့ရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုက မူလနတ်ဘုရား အဆင့် ထဲကို တစ်ဟုန်ထိုး တိုးဝင်သွားမှာပဲ...’

ယဲ့ဖုန်းသည် အနာဂတ်အတွက် စိတ်ကူးယဉ် အိပ်မက်များ မက်နေမိတော့သည်။

“ကဲ... ဆက်သွားကြစို့.....”

မကြာမီ သူတို့အဖွဲ့မှာ တာ့လျန် နတ်ဆိုးနိုင်ငံ ၏ အစွန်အဖျား နယ်မြေများကို လှည့်လည် စူးစမ်းကြလေတော့သည်။

နေ့တစ်ဝက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် ယဲ့ဖုန်းသည် နောက်ထပ် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ (၅) ကောင်ကို ထပ်မံ စည်းရုံးနိုင်ခဲ့သည်။ ၎င်းတို့မှာ မိုးပြာရောင်မြွေ၊ ယောင်မှားအိပ်မက် ပင့်ကူ၊ ကြာနီမီးတောက် ကြက်ဖ၊ ဟင်းလင်းပြင် သံအရိုး နဂါးနှင့် အာဏာရှင် ကြေးခေါင်း မျောက်ဝံ တို့ပင် ဖြစ်ချေသည်။

သူတို့၏ အမည်များမှာ ခန့်ညားသယောင် ရှိသော်လည်း၊ အမှန်တကယ်တွင်မူ နတ်ဆိုးဗိုလ်ချုပ် အဆင့်များသာ ဖြစ်ကြ၏။

အသန်မာဆုံးမှာ အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်သည့် အာဏာရှင် ကြေးခေါင်း မျောက်ဝံ ဖြစ်သည်။

ကျန်ရှိသော သူများမှာမူ အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် များသာ ဖြစ်ကြ၏။

ဤအခိုက်အတန့်တွင် ရူးသွပ်ဆင်ကြီး၊ နျူတာ့လီ နှင့် အခြားသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များမှာ သူတို့၏ ဧရာမ မူလရုပ်သွင်များဖြင့် အရိုးစုမိစ္ဆာ ၏ ကျောပေါ်တွင် ရပ်နေကြပြီး၊ ယဲ့ဖုန်းကို သက်တော်စောင့်များပမာ ဝိုင်းရံထားကြ၏။

သူတို့သည် တာ့လျန် နတ်ဆိုးနိုင်ငံ ၏ အလယ်ဗဟိုဆီသို့ ဆက်လက် ပျံသန်းသွားကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော အရိုင်းဆန်လှသည့် အရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်နေသဖြင့် လမ်းတစ်လျှောက်ရှိ နတ်ဆိုးသားရဲ အများအပြားမှာ ကြောက်လန့်တုန်လှုပ်ကုန်ကြရသည်။

‘ငါကတော့ လူပြက်အုပ်စု တစ်စုကို ဦးဆောင်ပြီး ရွာထဲဝင်နေတဲ့အတိုင်းပဲ... လမ်းတစ်လျှောက်မှာလည်း ရှုပ်ပွနေတာပဲ... ကြည့်ရတာ တော်တော်တော့ အရုပ်ဆိုးတယ်ဟေး...’

ယဲ့ဖုန်းက လက်ဖြင့် နဖူးကို အုပ်ကာ၊ နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ရူးသွပ်ဆင်ကြီး၊ နျူတာ့လီ နှင့် အခြားသော ဝိညာဉ်သားရဲ များမှာ ဖြတ်သွားဖြတ်လာ နတ်ဆိုးသားရဲ များကို ဒေါသတကြီး စိုက်ကြည့်နေကြသဖြင့် ထိုသတ္တဝါများမှာ သေမတတ် ကြောက်နေကြရရှာသည်ကို တွေ့လိုက်ရ၏။

‘သောက်ကျိုးနည်း... သူတို့က ဟိုကောင်တွေကို ခြောက်နေတာကိုး...’

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားရသည်။

“ဝုန်း.....”

ထိုအချိန်မှာပင် မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာ၌ ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး၊ အစွမ်းထက်သော ပညာရှင်တစ်ဦးက ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေသည့်နှယ်။

“အုန်း.....”

တောင်ထိပ်တစ်ခုမှာ မမျှော်လင့်ဘဲ ပျက်စီးသွားသဖြင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

“ကြည့်စမ်း... တစ်ယောက်ယောက်က အလိုက်ခံနေရတာပဲ... ပြီးတော့ သူ့နောက်မှာ လိုက်နေတာက အနည်းဆုံးတော့ ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင် တစ်ကောင် ဖြစ်ရမယ်.....”

မျက်လုံးထက်မြက်လှသော လုံထျန်းရှင်းက အဝေးသို့ ညွှန်ပြရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။

အားလုံး အမြန် လှမ်းကြည့်လိုက်ကြ၏။

သူတို့ မြင်တွေ့လိုက်ရသည်မှာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး၊ ဝတ်စုံများမှာလည်း စုတ်ပြဲလောင်ကျွမ်းနေသည့် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမသည် မီးတောက်များအထက်တွင် ရပ်လျက် အသက်လုကာ အစွမ်းကုန် ပြေးလွှားနေရှာသည်။

သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သန်မာလှပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေ၏။

သူမ၏ အရှိန်အဝါမှာ အဓိကအားဖြင့် နတ်ဆိုးအနှစ်သာရ စွမ်းအားများဖြင့် ဖွဲ့စည်းထားသဖြင့်၊ ထိုအမျိုးသမီးမှာ လူအသွင်ပြောင်းထားသော နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ကြောင်း အထင်အရှားပင်။ သူမ၏ မူလရုပ်သွင်မှာ မည်သို့ ဖြစ်မည်ကိုမူ လောလောဆယ်တွင် ခွဲခြား၍ မရနိုင်သေးပေ။

သူမ၏ နောက်တွင်မူ အစွမ်းထက်သော နတ်ဆိုးဗိုလ်ချုပ် ဒါဇင်ပေါင်းများစွာက ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေကြ၏။

“မင်း ပြေးစရာ မြေ မရှိတော့ဘူး... အခုချက်ချင်း အညံ့ခံစမ်း.....”

ထိုသူများ၏ နောက်ကွယ်တွင်မူ၊ ကျောက်မျက်ရတနာများ စီခြယ်ထားသော ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည့် ခန့်ညားသော အမျိုးသားတစ်ဦးမှာ လက်ကို နောက်ပစ်လျက် လိုက်ပါလာသည်။ သူ၏ ကိုယ်မှ ဝိညာဉ်ပင်လယ်အဆင့် (၁) အထွတ်အထိပ်နှင့် ယှဉ်နိုင်သော ခမ်းနားလှသည့် နတ်ဆိုးအနှစ်သာရ စွမ်းအားများ ထွက်ပေါ်နေသည်။

ဤပုဂ္ဂိုလ်မှာ နတ်ဆိုးဘုရင် တစ်ပါးပင် ဖြစ်ချေ၏။

ထို ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်သည့် အေးစက်သော အသံကြီးကို ထုတ်လွှတ်လိုက်၏။ မိုင်ပေါင်း ရာချီ ပတ်လည်ရှိ တိမ်တိုက်များ လွင့်စင်သွားပြီး မြင်ကွင်းမှာ ရုတ်တရက် ပိုမို ကျယ်ပြန့်သွားလေတော့သည်။

အခန်း (၄၂၆)- ငါက တာ့လျန် နတ်ဆိုးနိုင်ငံရဲ့ တတိယမင်းသမီးပဲ၊ ငါ့ကို ငွေပေးစမ်း

~“အညံ့ခံရမယ် ဟုတ်လား... အရူးမှတ်နေတာလား မင်းသမီးရဲ့...”

ထွက်ပြေးနေသော အမျိုးသမီးသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

သူမ၏ ဖြူနုသော လက်ချောင်းလေးကို ကိုက်ခဲကာ နတ်ဆိုးသွေးကို အသုံးပြု၍ လေထဲတွင် မန္တန်ရေးဆွဲလိုက်၏။

ခဏအတွင်းမှာပင် တောက်ပသော ကြက်သွေးရောင် အတောင်ပံ တစ်စုံမှာ ကျောဘက်တွင် ဖွဲ့တည်လာတော့သည်။

“ဝှစ်…”

အတောင်ပံများကို ခတ်လိုက်သည်နှင့် သူမ၏ အရှိန်မှာ တစ်ဟုန်ထိုး မြန်ဆန်သွား၏။

‘တကယ့်ကို ထူးချွန်တဲ့ သွေးမျိုးဆက် မန္တန်ပဲ... ငါ ဒါကို ရအောင်ယူမှ ဖြစ်မယ်…’

ယဲ့ဖုန်းသည် လက်ဝါးချင်း ရိုက်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ကို ဝင်တိုက်ခွင့် ပြုပါဦး...”

နျူတာ့လီသည် သူ၏ လေးလံသော ဦးခေါင်းကို ရမ်းခါလိုက်ရာ၊ မီတာ ငါးမီတာခန့် ရှည်လျားသော နွားချိုကြီး နှစ်ခုမှာ လေထုကို ပိုင်းဖြတ်သွား၏။

“မင်းတို့ အကုန်လုံး ပေါင်းတိုက်ရင်တောင် အဲဒီ နတ်ဆိုးဘုရင် ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒီနေ့တော့ ငါ ကိုယ်တိုင် လှုပ်ရှားမှ ဖြစ်တော့မယ်...”

ယဲ့ဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။

ထိုအချိန်တွင် ထွက်ပြေးနေသော အမျိုးသမီးသည် ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို မြင်တွေ့သွားခဲ့၏။ အထူးသဖြင့် တစ်ကီလိုမီတာခန့် ရှည်လျားသော ကြောက်မက်ဖွယ် မြွေပုံသဏ္ဌာန် အရိုးစုမိစ္ဆာကြီးကို မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားရရှာသည်။

သို့သော်လည်း သူမ၏ လက်ရှိ အခြေအနေကို ပြန်လည် စဉ်းစားမိပြီးနောက် ထိုအမျိုးသမီးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ကျွန်မက တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ တတိယမင်းသမီးပါ... ရှင်တို့ ကျွန်မကို ကယ်တင်ပေးပြီး အစွမ်းထက်တဲ့ စစ်ကူတွေ ရှာပေးနိုင်မယ်ဆိုရင်... ရတနာတွေ အများကြီး ပေးပါ့မယ်.....”

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ကြောင်အသွားရ၏။

ဘာလို့ ဒီစကားလုံးတွေက နားထဲမှာ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။

‘ငါက ချင်ရှီဟွမ် ပါ... ငါ့ဆီ ငွေလွှဲစမ်း...’ ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုမျိုးလား။

ယဲ့ဖုန်းသည် ထိုလိမ်လည်မှု ဟာသကို သတိရသွားပြီး မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။

[ TL Note - ဒီဟာသလေးကို နည်းနည်း ရှင်းပြပါရစေ။ တရုတ်ပြည်မှာ နာမည်ကြီးတဲ့ ဖုန်းစာတို လိမ်လည်မှု တစ်ခု ရှိပါတယ်။ လူလိမ်တွေက 'ငါက ဧကရာဇ် ချင်ရှီဟွမ်ပါ၊ တကယ်တော့ ငါ မသေသေးပါဘူး၊ ငါ့ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံထားရလို့ ပိုက်ဆံနည်းနည်းလောက် အရင်လွှဲပေးပါ၊ အာဏာပြန်ရတဲ့အခါ ကျရင် မင်းကို ရတနာတွေ အများကြီး ပြန်ပေးမယ်၊ စစ်သူကြီး ခန့်မယ်' ဆိုပြီး ငွေလိမ်တောင်းကြတာပါတဲ့။ ]

သူ့ရှေ့က လူက လိမ်နေတာများလား။ ဘယ်လို မင်းသမီးမျိုးကများ အခုမှတွေ့တဲ့ သူစိမ်းတွေကို ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောပြီး အဖမ်းခံရမှာ မကြောက်ဘဲ နေပါ့မလဲ။

သို့သော်လည်း အဝေးမှ လိုက်လာသော နတ်ဆိုးဘုရင်ကို ကြည့်ရင်း၊ ထိုအမျိုးသမီးမှာ တကယ့် တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ တတိယမင်းသမီး ဖြစ်နိုင်ချေ အလွန် မြင့်မားသည်ဟု ယဲ့ဖုန်း ခံစားလိုက်ရသည်။

မဟုတ်ရင်တော့ သာမန်လူ တစ်ယောက်ကို နတ်ဆိုးဘုရင် တစ်ပါးက ဘာလို့ ဒီလောက်အထိ အသည်းအသန် လိုက်ဖမ်းနေမှာလဲ။

ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်း လှုပ်ရှားရန် ပြင်လိုက်၏။

“သူတစ်ပါး ကိစ္စထဲမှာ ဝင်မရှုပ်ဖို့ အကြံပေးပါရစေ... မဟုတ်ရင်တော့ ငါတို့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဧကရာဇ်သစ်ကို ဒေါသထွက်အောင် လုပ်မိပြီး၊ မင်းတို့ မြေမြှုပ်ဖို့ နေရာတောင် ရှိမှာ မဟုတ်ဘူးနော်.....”

ဦးခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူ ဆင်မြန်းထားသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူသည် ယဲ့ဖုန်း ခြေထောက်အောက်က အရိုးစုမိစ္ဆာကို လုံးဝ ဂရုမစိုက်သည့်ဟန်ပင်။

နှစ်ပေါင်း သောင်းချီ ကြာအောင် စွမ်းအင်များ ယိုစိမ့်သွားခဲ့ပြီးနောက်၊ ထိုအရိုးစုမိစ္ဆာမှာ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော အလောင်းကောင် တစ်ခုမျှသာ ဖြစ်နေသည် မဟုတ်ပါလား။

ယဲ့ဖုန်းနှင့် သူ့အဖွဲ့တွင် အစွမ်းထက်သော နောက်ခံတစ်ခု ရှိနိုင်သည်ဟု ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် ထင်သော်လည်း၊ သူ၏ နောက်ကွယ်တွင် တာ့လျန် နတ်ဆိုးနိုင်ငံ ဧကရာဇ်သစ် ရှိနေသဖြင့် သူ လုံးဝ မကြောက်ပေ။

၎င်းအပြင် သူသည် အမိန့်အရ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဤနေရာမှာလည်း တာ့လျန် နတ်ဆိုးနိုင်ငံ ၏ နယ်နိမိတ်အတွင်း ဖြစ်နေသည် မဟုတ်ပါလား။

ဒီ လျှို့ဝှက်ဆန်းကြယ်သော လူစိမ်းတွေက ဘာအတွက် ပြဿနာ ရှာရဲရမည်လဲ။

သူ့ရှေ့က ဧကရာဇ်တစ်ပိုင်း အဆင့် အလောင်းကောင်ကြောင့်လား။ ဒါပေမဲ့ ဒီလူတွေထဲမှာ ဝိညာဉ်ပင်လယ်အဆင့် ရောက်နေတဲ့သူ တစ်ယောက်မှ မပါဘူးလေ။ ဧကရာဇ် တစ်ပိုင်း အဆင့် အလောင်းကောင် ရှိနေရင်တောင်မှ၊ အဲဒီရဲ့ စွမ်းအား ဆယ်ပုံတစ်ပုံကိုတောင် ထုတ်နိုင်ပါ့မလား။

ထိုသို့ တွေးမိရင်း ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်မှာ လုံးဝ တည်ငြိမ်နေ၏။

“အို... တော်တော်လေးကို မာန်တက်နေတာပဲလား...”

ယဲ့ဖုန်း စကားပင် မပြောရသေး၊ မလှုပ်ရှားရသေးမီမှာပင် တစ်စုံတစ်ယောက်က သူ့ကို လာရောက် ခြိမ်းခြောက်လိုက်သဖြင့် သူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားရသည်။

“ဒီကိစ္စကို ဒီနေ့ ငါ ကိုယ်တိုင် ကိုင်တွယ်မယ်... ငါ ပြောတဲ့အတိုင်းပဲ ဖြစ်ရမယ်... မင်းတို့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဧကရာဇ်သစ် ရောက်လာရင်တောင် ဒါကို မတားနိုင်ဘူး.....”

ယဲ့ဖုန်းသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအား ကို ထုတ်ဖော်နေ၏။ အရိုးစုမိစ္ဆာ၏ အတောင်ပံများကို ပြင်းထန်စွာ ခတ်စေလိုက်ရာ၊ လေထုထဲတွင် လှိုင်းထန်သော လေပြင်းများ ဖြစ်ပေါ်သွားသည်။ တတိယမင်းသမီးကို လိုက်ဖမ်းနေသော နတ်ဆိုးဗိုလ်ချုပ် များမှာ ရုတ်တရက် ကြီးမားသော ဖိအားကို ခံစားလိုက်ရရှာ၏။

“တော်တော် ရဲတင်းတဲ့ ခွေးသားပဲ... ကြယ်ခုနစ်ပွင့် မြေကမ္ဘာမိစ္ဆာ လက်ဝါး.....”

ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်က နှာခေါင်းရှုံ့လိုက်သည်။

သူသည် လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် နီရဲသော ကြယ်ခုနစ်ပွင့်မှာ တဖျပ်ဖျပ် လက်လာတော့၏။၊ မီတာ ရာပေါင်းများစွာ ရှည်လျားသော လက်ဝါးပုံရိပ်ကြီး ဖြစ်တည်လာကာ ယဲ့ဖုန်းနှင့် သူ့အဖွဲ့ဆီသို့ ရိုက်ချလိုက်လေတော့၏။

ခြောက်ခြားဖွယ်ရာ အရှိန်အဝါများ ကျဆင်းလာသဖြင့် တတိယမင်းသမီးပင်လျှင် ကြောက်လန့်တုန်လှုပ်သွားရပြီး၊ တစ်ကိုယ်လုံး လေးလံကာ လေထဲတွင် တောင့်တောင့်ကြီး ဖြစ်သွားရရှာသည်။

‘အားလုံး ပြီးသွားပြီ.....’

သူမ၏ စိတ်ထဲတွင် လေးလံသော ခံစားချက်ကြီး တစ်ခု ဝင်ရောက်လာပြီး၊ သူမ လွတ်မြောက်နိုင်မှာ မဟုတ်ရုံတင်မကဘဲ ဤ လျှို့ဝှက်ဆန်းကြယ်သော လူများကိုပါ ဒုက္ခပေးမိပြီဟု ယူဆလိုက်မိသည်။

“မြေကမ္ဘာထိုးဖောက်လက်သီး.....”

ယဲ့ဖုန်းက လက်သီးတစ်ချက် ထိုးလိုက်ရာ၊ ဧရာမ လက်ဝါးပုံရိပ်ကြီးမှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားခဲ့၏။

မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် သည် သူ၏ ခန္ဓာကိုယ်အတွင်း တုန်ခါသွားမှုကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သည့် အခါတွင်တော့ သူ၏ ရင်ဘတ်မှာ အပေါက်ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

သူ၏ သက်စောင့်အားများမှာ ဖျတ်လတ်စွာ လွင့်စင်သွားခဲ့၏။

“ဒါ... ဒါက ဘယ်လို မန္တန်မျိုးလဲ... ဘာလို့ ငါက ဝိညာဉ်စွမ်းအင်တွေ ဒါမှမဟုတ် နတ်ဆိုးအနှစ်သာရ စွမ်းအားတွေကို အာရုံမခံနိုင်ရတာလဲ... ဖြစ်နိုင်တာကတော့... ဒီလူက မူလနတ်ဘုရား အဆင့် ရဲ့ နတ်ဘုရား စွမ်းရည် တွေကို ပိုင်ဆိုင်ထားတာလား...”

ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ သူသည် ယဲ့ဖုန်းကို လက်ညှိုးညွှန်လိုက်သော်လည်း ခန္ဓာကိုယ်မှာ တုန်ခါလာပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေတော့၏။

ဤသို့ဖြင့် ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင် တစ်ပါးမှာ နိဂုံးချုပ်သွားခဲ့ရ၏။ ယဲ့ဖုန်းသည်လည်း အနည်းငယ် နှမြောတသ ဖြစ်သွားမိ၏။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်ပေ။

သူ့အပေါ် ..သတ်ဖြတ်လိုစိတ် ရှိနေသော နတ်ဆိုးသားရဲ မည်သူ့ကိုမဆို သူ ယဉ်ပါးအောင် လုပ်၍ မရသည် မဟုတ်ပါလား။

ကြားနေ သဘောထားရှိပြီး သူက အနိုင်တိုက်နိုင်သူ သို့မဟုတ် သူ့အပေါ် ကောင်းမွန်သော သဘောထားရှိသူများကိုသာ နတ်ဆိုးသားရဲဆောင် အတွက် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များအဖြစ် သိမ်းဆည်းနိုင်ခြင်း ဖြစ်၏။

“ဒါပေမဲ့လည်း... ကျဆုံးသွားတဲ့ နတ်ဆိုးဘုရင် တစ်ကောင်ကနေ လက်နက်သွန်းလုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး ရနိုင်တာပဲလေ... အဆင့်မြင့် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ဖို့ သုံးလို့ရတာပေါ့...”

မကြာမီ ယဲ့ဖုန်းက ခပ်ရေးရေး ပြုံးလိုက်မိသည်။

“မြေကမ္ဘာထိုးဖောက်လက်သီး... ဒါက ဘယ်လို မန္တန်လဲဟင်...”

ဝမ်ဖင်းအန်းမှာ ထိုတိုက်ကွက်ကို အလွန် ကျင့်ချင်နေသဖြင့် အားကျစိတ်ဖြင့် မေးလိုက်သည်။

“ငါ ခုလေးတင် ကိုယ့်ဘာသာ လျှောက်ပြောလိုက်တာလေ...”

ယဲ့ဖုန်းက မျက်နှာပြောင်ပြောင်နှင့် ပြန်ဖြေလိုက်၏။

သူ့အမြင်တွင်တော့ အသံ တစ်သံမှ မထွက်ဘဲ လက်သီးထိုးရတာက သိက္ခာမရှိသလို ခံစားရသောကြောင့်ပင်။

အကယ်၍ တစ်ခုခုကို အော်မပြောလျှင်၊ ကိုယ့်ရဲ့ တိုက်ခိုက်လိုစိတ်ကို ဘယ်လိုလုပ် မြှင့်တင်၍ ရပါ့မည်လဲ။

မဟုတ်ဘူးလား။

“ဗျာ.....”

တပည့်များအားလုံး ဆွံ့အသွားကြရသည်။

ကိုယ့်ဘာသာ လျှောက်ပြောလိုက်တဲ့လား။ ဂိုဏ်းချုပ် ရဲ့ အတွေးအခေါ်ကတော့ တကယ့်ကို ထူးခြားပါပေရဲ့။

“ဟုတ်သားပဲ... ဒီ နတ်ဆိုးသားရဲ တွေကတော့ မသေသေးဘူးပဲ...”

ယဲ့ဖုန်းသည် လေထဲတွင် ကြောင်အနက်နေသော တတိယမင်းသမီးနှင့်၊ ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်၏ လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာ ဆီသို့ အကြည့်လွှဲလိုက်သည်။

ထို နတ်ဆိုးဗိုလ်ချုပ် များမှာ ခုနလေးတင် သူတို့အပေါ် သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့ကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့ကို ယဉ်ပါးအောင် လုပ်၍ မရနိုင်ပေ။

“အသုံးမဝင်တဲ့ ကောင်တွေဆိုတော့လည်း... မင်းတို့ရဲ့ ဝိညာဉ်သွေးတွေကိုပဲ ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်...”

စကားအဆုံး၌၊ ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ ထို နတ်ဆိုးဗိုလ်ချုပ် များမှာ အသနားခံရန်ပင် အချိန်မရလိုက်။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏ လည်ပင်းများကို ညှစ်ထားသလို ခံစားလိုက်ရပြီးနောက်၊ အက်ခနဲ အသံများနှင့်အတူ နေရာမှာတင် အသက်ပျောက်သွားကြတော့၏။

“ဟူး.....”

တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူမသည် ခေါင်းငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်ကို မြင်လိုက်ရသဖြင့်၊ တံတွေးတစ်လုပ်ကို မနည်း မျိုချလိုက်ပြီးနောက် ယခုတစ်ခေါက်တွင်တော့ တကယ့် ပညာရှင်အစစ်အမှန်နှင့် တွေ့ပြီဖြစ်ကြောင်း သဘောပေါက်သွား၏။

“ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ... စီနီယာ့ကို ကြည့်ရတာ တကယ့်ကို ခန့်ညားထည်ဝါပြီး ထူးခြားလှပါတယ်... လောကမှာ အစွမ်းအထက်ဆုံး ဆရာကြီး ဖြစ်မှာ သေချာပါတယ်ရှင်... စီနီယာက ကျွန်မ အိပ်မက်ထဲက ဆရာနဲ့တောင် တူနေသလိုပဲ... ဆရာ... တပည့်မလေးရဲ့ ဂါရဝကို ခံယူပါဦးရှင်.....”

တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ ယဲ့ဖုန်းရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တစ်ခုခုကို တောင်းခံနေသည့်နှယ်။

“မင်း ဘာလုပ်နေတာလဲ...”

ယဲ့ဖုန်း လုံးဝကို ဝေခွဲမရ ဖြစ်သွားရသည်။

ဝတ်စုံတွေ စုတ်ပြဲပြီး မျက်နှာမှာ ဖုန်တွေ ပေကျံနေတဲ့ ဒီမိန်းကလေးက၊ သူ့ရဲ့ စွမ်းအားကို မြင်တာနဲ့တင် သူ့တပည့် ဖြစ်ချင်နေတာလား။

တတိယမင်းသမီးက ခေါင်းမော့ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဆရာ... ကျွန်မက တပည့်တစ်ယောက်အနေနဲ့ ဂါရဝပြုနေတာလေ... ပုံမှန်ဆိုရင် ဆရာ့ကို ဂါရဝပြုပြီးရင်... တပည့်အဖြစ် လက်ခံတဲ့အတွက် လက်ဆောင်တစ်ခုခု ပေးရမှာ မဟုတ်ဘူးလားဟင်... ဥပမာ - ကျွန်မ ကစားဖို့အတွက် အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် တစ်လက်လောက် ဆိုရင်တော့ သိပ်ကောင်းမှာပဲ...”

“....”

ယဲ့ဖုန်းမှာ ရယ်ရမလို စိတ်တိုရမလို ဖြစ်သွားရ၏။ ဒီ မိုက်မဲတဲ့ မိန်းကလေးကတော့ အခွင့်အရေး ယူတတ်လွန်းလှချေလား။

အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဟုတ်လား။ အဲဒါတွေက လမ်းဘေးက မုန်လာဥတွေလို ပေါများနေတယ်လို့ ထင်နေတာလား။

‘စနစ်... သူက ဂိုဏ်းထဲဝင်ဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလား...’

ယဲ့ဖုန်းက အနည်းငယ် စိတ်တိုနေသော်လည်း စိတ်ထဲမှ မေးမြန်းလိုက်သည်။

“တီ..တီ... သူ့ကို တပည့်အဖြစ် လက်ခံလို့ ရပါတယ်”

စနစ်က ဖျတ်လတ်စွာ အကြောင်းပြန်လာခဲ့၏။

“ဟင်.....”

ယဲ့ဖုန်း ကြောင်အသွားရပြန်သည်။ တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်ကို ရောက်နေသူ ဖြစ်ရာ၊ သူမသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ရမှာ မဟုတ်ပါလား။

ဒါဆို မင်းသမီးရဲ့ အသက်ကလည်း တပည့်သစ် လက်ခံတဲ့ သတ်မှတ်ချက်ထဲမှာ ပါနေသေးတာလား။

ထိုသံသယနှင့်အတူ ယဲ့ဖုန်းက မေးလိုက်သည်။

“မင်း အသက် ဘယ်လောက်လဲ...”

တတိယမင်းသမီး၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ပြန်ပြောလာ၏။

“အို... ဆရာရယ်... ဆရာကလည်း သိသိကြီးနဲ့... မိန်းကလေး တစ်ယောက်ရဲ့ အသက်ကို ဒီလိုပဲ လျှောက်မမေးသင့်ဘူးလေရှင်... ကျွန်မ ဒီနှစ်မှ တစ်ဆယ့်ရှစ်နှစ် ရှိသေးတာပါ.....”

သူမ စကားဆုံးသည်နှင့် ယဲ့ဖုန်း ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ကျီဇီလင်း၊ ဝမ်ဖင်းအန်း၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး ဟူသော တပည့်လေးဦးမှာလည်း မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

မြေကြွက်ကလေးသည် လူတိုင်း၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး၊ မှိုကြီးတစ်လုံးကို ပိုက်လျက် ပါးစပ်ကို ဟကာ ကျယ်လောင်လှသော “အာ...” အသံကြီး တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

“အာ.....”

နျူတာ့လီ၊ ရူးသွပ်ဆင်ကြီး နှင့် အခြားသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များမှာမူ သုံးစက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက်၊ အားလုံးက တညီတညွတ်တည်း ပေါ့ပျက်ပျက်နှင့် “အာ...” ဟု အော်လိုက်ကြပြန်သည်။

ယဲ့ဖုန်းက သူတို့ကို လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့၏။

ဒီ ဝိညာဉ်သားရဲ တွေကတော့ တကယ့်ကို ထုံအတဲ့ ကောင်တွေပဲ ဖြစ်ရမယ်။

ယဲ့ဖုန်းက လက်ဖြင့် မျက်နှာကို အုပ်ကာ တတိယမင်းသမီး ဘက်သို့ လှည့်လိုက်သည်။

“မင်း ရဲ့ စိတ်ရင်းကို ကြည့်ပြီးတော့... ဂိုဏ်းချုပ် ဖြစ်တဲ့ ငါက ဝန်လေးပေမယ့်လည်း မြူခိုးဂိုဏ်း ရဲ့ စာရင်းသွင်းထားတဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံပေးမယ်... ကဲ... မင်းရဲ့ အချက်အလက်တွေကို ပေးတော့...”

ပြောပြောဆိုဆိုနှင့်.. ကလောင်၊ မှင်တံနှင့် ဂိုဏ်းဝင်မှတ်တမ်း ကို ထုတ်လိုက်၏။

“ဆရာကလည်း အရမ်း လောတာပဲနော်... လူတွေ ဒီလောက် အများကြီး ရှေ့မှာ... ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားတွေနဲ့ ကိုယ်အလေးချိန်တွေကို ဘယ်လိုလုပ် ပြောပြလို့ ဖြစ်ပါ့မလဲရှင်... တကယ်ပဲ ရှက်ဖို့ ကောင်းလိုက်တာ.....”

တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးက ပါးပြင်လေးများ နီမြန်းလျက် တိုးညှင်းသော အသံဖြင့် ပြောလိုက်တော့၏။

All Chapters