အခန်း (၄၃၃-၄၃၅)
Vol. 29 Ch. 433-435
အခန်း (၄၃၃)- စက္ကူယပ်တောင် သခင်လေး၏ နာကျည်းမှု
~ယဲ့ဖုန်းသည် ကြယ်တာရာ နန်းတော်၏ အထက်တွင် ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်လျက် ခန့်ညားထည်ဝါစွာ ရပ်နေသည်။
တာ့လျန် နတ်ဆိုးနိုင်ငံသို့ လာခဲ့သော ဤခရီးစဉ်အတွင်း သူသည် တပည့်သစ် ရာပေါင်းများစွာကို ရရှိခဲ့ရုံတင်မကဘဲ အရိုးစုမိစ္ဆာ ဧကရီနှင့် ထူးဆန်းသော လူသားမျက်နှာကြီးကိုပါ သုတ်သင်နိုင်ခဲ့ကာ ရတနာ အမြောက်အမြားကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် အဆင့်နိမ့် ဝိညာဉ်ရတနာ ဖြစ်သော ကြယ်တာရာ နန်းတော်ကိုပါ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည် မဟုတ်ပါလား။
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအတွက် လိုအပ်သော ကုန်ကြမ်းများမှာလည်း အစုံအလင် ရှိနေပြီ ဖြစ်သည်။
'ငါ့ရဲ့ ကံတရားကတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကောင်းလာတာပဲ...'
ယဲ့ဖုန်းသည် မိမိကိုယ်ကို ကျေနပ်စွာဖြင့် ရေရွတ်လိုက်မိ၏။
"ဂိုဏ်းဂုဏ်သတင်းတန်ဖိုး မြင့်တက်လာတာနဲ့အမျှ မြူခိုးဂိုဏ်း တစ်ခုလုံးရဲ့ ကံကြမ္မာ ကောင်းချီးပေးမှုကလည်း ပိုပြီးတော့ အစွမ်းထက်လာမှာပါ"
စနစ်ကလည်း အသိပေးလာသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိ၏။
သည်အချက်ကို သူ အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ယခင်က ဂိုဏ်းဂုဏ်သတင်းတန်ဖိုး မမြင့်မားစဉ်က ကံကြမ္မာ ကောင်းချီးပေးမှုမှာ သိသာထင်ရှားခြင်း မရှိသော်လည်း၊ ယခုအခါ ဂုဏ်သတင်းတန်ဖိုးမှာ ဆယ်သန်းကျော်သွားပြီ ဖြစ်ရာ ကံကြမ္မာ အကျိုးပေးမှုမှာ အလွန်ပင် သိသာလှ၏။
'ကြည့်ရတာ ငါ့အနေနဲ့ ဂုဏ်သတင်းတန်ဖိုးတွေကို ဆက်ပြီး တိုးအောင် လုပ်ရဦးမှာပဲ...'
ယဲ့ဖုန်းသည် တီးတိုးဆိုရင်း ကြယ်တာရာ နန်းတော်ကို စီးနင်းကာ လူအုပ်ကြီး၏ အံ့သြကြည်ညိုသော အကြည့်များအောက်တွင် တာ့လျန် နန်းမြို့တော်ဆီသို့ ပျံသန်းသွားလေတော့သည်။
---
မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာတွင်မူ၊
တောင်ပိုင်းမြစ်ဝှမ်းအိုင်၏ ကမ်းပါးယံတွင် ကုန်းချင်းချိုးသည် သူမရှေ့ရှိ လူငယ် ရာပေါင်းများစွာကို ကြည့်ရင်း မျက်နှာတွင် အပြုံးများ ဝေဆာနေ၏။
ဤကာလအတွင်း သူမသည် ဟူဖေးဖေး၊ နင်ရှန်ရှန်၊ လေရှောင်ဟူ၊ မုစီစီ နှင့် အခြားသူများနှင့်အတူ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း၏ အစွမ်းကို အသုံးချကာ တောင်ပိုင်းမြစ်ဝှမ်းအိုင် ပတ်လည်ရှိ မြို့ပေါင်း ဒါဇင်ချီမှ အရည်အချင်းရှိသော တပည့်လောင်း ရာပေါင်းများစွာကို စုဆောင်းနိုင်ခဲ့ပါသည်။
ယခု အောက်ဘက်ရှိ မြို့မှာမူ တောင်ပိုင်းမြစ်ဝှမ်းအိုင်၏ နောက်ဆုံး မြို့တစ်မြို့ပင် ဖြစ်ချေတော့သည်။
စုစုပေါင်းဆိုလျှင် သူတို့သည် တပည့်လောင်း (၃၀၀) ခန့်ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်၏။
"ကျွန်မတို့ အပြင်ထွက်လာတာလည်း ကြာပြီဆိုတော့... ဂိုဏ်းကို ပြန်ကြရင် ကောင်းမယ် ထင်တယ်..."
ကုန်းချင်းချိုးသည် နဖူးမှ ချွေးစများကို သုတ်လိုက်ရင်း၊ ကောင်းကင်ယံရှိ တောက်လောင်နေသော နေမင်းကို ကြည့်ကာ တပည့်များနှင့်အတူ မြူခိုးဂိုဏ်းရှိရာ အရပ်ဆီသို့ ဦးတည် ပျံသန်းခဲ့ကြ၏။
မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာတွင်မူ၊ စက္ကူယပ်တောင် သခင်လေးသည် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်နေပြီး၊ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် လှပသော အမျိုးသမီးငယ်လေး နှစ်ဦးက ပုခုံးနှင့် ကျောပြင်ကို နှိပ်နယ်ပေးနေကြ၏။
"အား... နာလိုက်တာ... ဘာလို့ ဒီလောက် အားနဲ့ ညှစ်နေတာလဲ..."
ရုတ်တရက် စက္ကူယပ်တောင် သခင်လေးသည် ပုခုံးတွင် နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ၏ ပန်ကာကို ချက်ချင်း သိမ်းလိုက်ပြီး မျက်နှာ ဖြူဖျော့နေသော အမျိုးသမီးကို ဒေါသတကြီး ကြည့်လိုက်သည်။
"သခင်လေး... အသက်ချမ်းသာပေးပါရှင်....."
ထိုအမျိုးသမီးမှာ ချက်ချင်းပင် ဒူးထောက်ကာ အသနားခံနေ၏။
"သေစမ်း....."
စက္ကူယပ်တောင် သခင်လေးသည် အမျိုးသမီး၏ လည်ပင်းကို ညှစ်ကာ အားဖြင့် ချိုးပစ်လိုက်ပြီးနောက်၊ ပေပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံထက်မှနေ၍ အသာအယာပင် အောက်သို့ ပစ်ချလိုက်လေတော့သည်။
ကျန်ရှိနေသော အခြား အမျိုးသမီးမှာမူ သူမကိုပါ အောက်သို့ ပစ်ချမည်ကို ကြောက်လန့်သဖြင့် တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေရှာ၏။
"ရှေးစကားပုံ ရှိတယ်လေ... ကောင်းတဲ့ အရာဆိုတာ နှစ်ခု တွဲလာတတ်တယ်တဲ့... ဒါကြောင့် နင်လည်း သွားတော့....."
စက္ကူယပ်တောင် သခင်လေးက ခြေဖြင့် ကန်ထုတ်လိုက်ရာ ထိုအမျိုးသမီးမှာလည်း ကောင်းကင်မှ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည်။ သူမ၏ အော်ဟစ်သံမှာ မြေပြင်သို့ ရောက်သည်နှင့် တိတ်ဆိတ်သွားပြီး အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့၏။
"ဟင်း... ပျင်းစရာကြီး..."
စက္ကူယပ်တောင် သခင်လေးက သမ်းဝေလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှ ထွက်လာပြီးကတည်းက သူသည် တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခွင်တွင် လှည့်လည်ကာ အမျိုးသမီးငယ် ရာပေါင်းများစွာကို ဖျက်ဆီးခဲ့သော်လည်း၊ တဖြည်းဖြည်းနှင့် ငြီးငွေ့လာပြီး ဤကဲ့သို့သော ဘဝမှာ စိတ်လှုပ်ရှားစရာ မရှိတော့ဟု ခံစားနေရခြင်းပင်။
"တကယ့်ကို ပျင်းစရာကောင်းတယ်... ထူးခြားတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်မှ မတွေ့ရဘူး..."
သူ နောက်တစ်ကြိမ် ထပ်မံ သမ်းဝေလိုက်ပြန်၏။ ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို မြင်သောအခါ သူသည် ဦးခေါင်းစွပ်ကို ချွတ်လိုက်ပြီး၊ သူ၏ ထိပ်ပြောင်ပြောင် ဦးခေါင်းမှ ချွေးများကို သုတ်ကာ ပြန်လည် ဝတ်ဆင်လိုက်သည်။
မကြာမီ သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မျက်လုံးများ အရောင်တောက်သွားရ၏။ အောက်ဘက်ရှိ ဧရာမ ဝိညာဉ်လှေကြီးပေါ်တွင် ပန်းရောင်ဆံပင်နှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်ဝန်းများတွင် ရမ္မက်ဇောများမှာ တောက်လောင်လာတော့သည်။
"ဟောဒီ ခန္ဓာကောက်ကြောင်း... ဒီဆံပင်အရောင်... ဒီနှုတ်ခမ်းလွှာတွေ... တကယ့်ကို အဆင့်အတန်း မြင့်မားလှပေတယ်....."
စက္ကူယပ်တောင် သခင်လေးသည် ဟူဖေးဖေး၊ ကုန်းချင်းချိုးနှင့် သူတို့အဖွဲ့ကို ချက်ချင်းပင် ကြားဖြတ် တားဆီးလိုက်သည်။ သူသည် ဝိညာဉ်ပင်လယ်အဆင့်ရှိ အရှိန်အဝါများကို ဖြန့်ကြက်လိုက်ရာ၊ ထိုနေရာရှိ လူအားလုံးကို လွယ်ကူစွာပင် ဖိနှိပ်လိုက်နိုင်၏။
"ရန်သူ တိုက်ခိုက်နေပြီ....."
ကုန်းချင်းချိုး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရသည်။ သူမ၏ လက်ရှိ စွမ်းအားဖြင့်မူ ဝိညာဉ်ပင်လယ်အဆင့်ရှိသူကို ယှဉ်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်း သူမဘေးရှိ ဟူဖေးဖေးကို သတိရသွားသောအခါ စိတ်အေးသွားပြီး ရောက်ရှိလာသူကို မော့ကြည့်လိုက်သည်။
"တကယ့်ကို ထူးခြားတဲ့ အလှနတ်ဘုရားမလေးတွေပဲ... ရင့်ကျက်တဲ့သူရော၊ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့သူရော... သိပ်ကောင်းတာပဲဗျာ... တကယ့်ကို သိပ်ကောင်းတာပဲ....."
စက္ကူယပ်တောင် သခင်လေးက ယုတ်မာသော အကြည့်များဖြင့် တဟားဟား ရယ်လိုက်သည်။
"ဘယ်က ရဲတင်းလှတဲ့ လူယုတ်မာလဲ... မြူခိုးဂိုဏ်းရဲ့ အဖွဲ့ကို ကြားဖြတ်တားရဲရုံတင်မကဘဲ၊ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကိုပါ ပြောရဲတယ်ပေါ့...နင် ဘယ်သူလဲ..."
ကုန်းချင်းချိုးက ပြင်းထန်စွာ အော်ဟစ် မေးမြန်းလိုက်၏။
စက္ကူယပ်တောင် သခင်လေးက ယုတ်မာစွာ ပြုံးလိုက်ရင်း ပြန်ပြောသည်။
"မြူခိုးဂိုဏ်းလား... သိပ်ကောင်းတာပေါ့... သခင်လေးဖြစ်တဲ့ ငါက ယောက်ျားတွေ အကုန်လုံးကို သတ်ပြီး၊ မိန်းမတွေကိုတော့ ကျင့်ကြံဖော် အဖြစ် သိမ်းပိုက်ရတာပေါ့....."
ထို့နောက် သူသည် ဟူဖေးဖေး ဘက်သို့ လှည့်ကြည့်လိုက်သည့် ခဏ၌ သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားရ၏။
'တစ်ခုခုတော့ မှားနေပြီ.....'
'ဒီမိန်းမက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် နဲ့ တူနေသလိုပဲ.....'
စက္ကူယပ်တောင် သခင်လေးသည် ဟူဖေးဖေးကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမ၏ တန်ခိုးထွားသော သတင်းများကိုမူ ကြားဖူးထားသည်။ သတင်းများအရ ဤ ပန်းရောင်ဆံပင်နှင့် အလှနတ်ဘုရားမမှာ အမှန်တကယ်တွင် ကြောက်စရာကောင်းသော မူလနတ်ဘုရား အဆင့် ပညာရှင်တစ်ဦး ဖြစ်ပြီး၊ အလွန်ပင် ရက်စက်တတ်သူ ဖြစ်သည်ဟု ဆိုကြ၏။
"ပြေးမှ ဖြစ်တော့မယ်....."
ဤလူမှာ ဟူဖေးဖေး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ၏ ဘေးကင်းရေးအတွက် စက္ကူယပ်တောင် သခင်လေးမှာ ကပျာကယာ လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။
“ဝှစ်…”
ဟူဖေးဖေးသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမ၏ ပေါက်ကွဲစေသော တုတ်ကြီးဖြင့် ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်၏။ စက္ကူယပ်တောင် သခင်လေးမှာ ဝိညာဉ်ပင်လယ်အဆင့်ရှိသူ ဖြစ်ရုံတင်မကဘဲ အနာဂတ်ဟောကိန်းထုတ်သူ တစ်ဦးဖြစ်သဖြင့် အန္တရာယ်ကို ဖျတ်လတ်စွာ အာရုံခံနိုင်ကာ ရှောင်တိမ်းလိုက်နိုင်၏။
သို့သော်လည်း...၊
"ဂွမ်း....."
သူ၏ ဦးခေါင်းမှာ ကြေမွသွားခြင်း မရှိသော်လည်း၊ သူ၏ ဦးခေါင်းစွပ်မှာမူ တုတ်ချက်ကြောင့် လေထဲတွင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့၏။
"ငါ့ဆံပင်တွေ....."
စက္ကူယပ်တောင် သခင်လေးမှာ ဒေါသတကြီး အော်ဟစ်လိုက်မိပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် တွန့်လိမ်သွားရသည်။ သို့သော်လည်း သူသည် ဦးခေါင်းစွပ်အတွက် ပူပန်နေရန် အချိန်မရှိသဖြင့် အသည်းအသန် ဆက်လက် ထွက်ပြေးရတော့၏။
မြူခိုးဂိုဏ်းမှ တပည့်များသည် စက္ကူယပ်တောင် သခင်လေး၏ ပြောင်လက်နေသော ထိပ်ပြောင်ပြောင် ဦးခေါင်းကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ ကြောင်အသွားကြရသည်။ ဟူဖေးဖေးက ဤမျှလောက်အထိ ပြင်းထန်လွန်းသဖြင့် တစ်ဖက်လူ၏ ဆံပင်များကို တုတ်ဖြင့် ရိုက်ချွတ်လိုက်သည်ဟုပင် သူတို့ ထင်မိသွားကြခြင်း ဖြစ်၏။
သေသေချာချာ ပြန်စဉ်းစားကြည့်မှသာ ထိုလူမှာ မူလကတည်းက ထိပ်ပြောင်နေခြင်းဖြစ်ပြီး ဦးခေါင်းစွပ်ကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြတော့သည်။
"သူ့ကို အပြတ်ရိုက်ပစ်....."
ကုန်းချင်းချိုးက အမိန့်ပေးလိုက်၏။
ဟူဖေးဖေးမှာ တွန့်ဆုတ်ခြင်း မရှိပေ။ သူမသည် ရှေ့သို့ ဝုန်းခနဲ ခုန်တက်လိုက်ရာ စက္ကူယပ်တောင် သခင်လေးကို လွယ်ကူစွာပင် အမီလိုက်နိုင်သွားပြီး၊ သူမ၏ ပေါက်ကွဲစေသော တုတ်ကြီးကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်လေတော့သည်။
"ဟင်းလင်းပြင် ကြေးမုံ....."
စက္ကူယပ်တောင် သခင်လေးမှာ လက်ကွက်များကို အလျင်အမြန် ဖော်လိုက်ရာ၊ သူ၏ ရှေ့တွင် အရောင်တလက်လက်နှင့် မှန်တစ်ချပ် ပိတ်ဆို့လာ၏။ တုတ်ချက်၏ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို တန်ပြန် ဖယ်ရှားလိုက်သည်။
"ချွင်....."
ဟူဖေးဖေးမှာမူ တန်ပြန်လာသော အရှိန်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သို့သော်လည်း တုတ်ချက်၏ ဆယ်ရာခိုင်နှုန်းသော စွမ်းအားမှာ စက္ကူယပ်တောင် သခင်လေး၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သဖြင့်၊ သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပြည့်နှက်သွားရပြီး အသက်ပျောက်မလို ဖြစ်သွားခဲ့ရ၏။
'ဒီလောက် ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်မှု စွမ်းအားမျိုးဆိုရင်... ဒါ သေချာပေါက် ဟူဖေးဖေး ပဲ ဖြစ်ရမယ်.....'
အသည်းအသန် အခြေအနေတွင် စက္ကူယပ်တောင် သခင်လေးသည် စက္ကူအဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ သူ၏ ရင်ဘတ်တွင် ကပ်လိုက်သည်။ ထိုအချိန်မှာပင် ဟူဖေးဖေးက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ဒုတိယအကြိမ် တုတ်ဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်၏။
"ဝုန်း....."
စက္ကူယပ်တောင် သခင်လေးမှာ လှပသော မီးပန်းများပမာ ပေါက်ကွဲထွက်သွားလေတော့သည်။
"ဟင်း... ထင်သလောက် မကြမ်းပါဘူး..."
ဟူဖေးဖေးသည် သူမ၏ ပေါက်ကွဲစေသော တုတ်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပုခုံးပေါ်တွင် တင်လိုက်ကာ၊ လက်တစ်ဖက်ဖြင့် သူမ၏ နှာခေါင်းထိပ်ကို ဂုဏ်ယူစွာ သုတ်လိုက်၏။
"ဝိညာဉ်ပင်လယ်အဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်တောင်မှ... ဂိုဏ်းစောင့်ရဲ့ တုတ်ချက်တစ်ချက်တည်းနဲ့တင် အသတ်ခံလိုက်ရတာလား... တကယ့်ကို အားကျစရာပဲ....."
ဒုတိယမျိုးဆက် တပည့်ဖြစ်သော နင်ရှန်ရှန်မှာ အံ့သြကြည်ညိုမှုများ ပြည့်နှက်နေသည်။
အစမ်းခန့်တပည့်များမှာမူ ဟူဖေးဖေး၏ စွမ်းအားကို မတွက်ချက်နိုင်သော်လည်း၊ သူမမှာ အလွန်ပင် အစွမ်းထက်ကြောင်း ခန့်မှန်းမိကြသဖြင့် လေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြကုန်၏။
"ဂိုဏ်းစောင့် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်... ရှင်သာ မပါလာရင် ကျွန်မတို့ ဒီနေ့ တကယ့်ကို အန္တရာယ်ကြီးနဲ့ ကြုံရတော့မှာပါ..."
ကုန်းချင်းချိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ အစပိုင်းတွင် သူမသည် ဟူဖေးဖေးကို ခေါ်မလာရန် ကြံရွယ်ခဲ့ခြင်း ဖြစ်၏။ ယခု ပြန်စဉ်းစားကြည့်မှသာ သူမ ပါလာခဲ့ခြင်းမှာ တကယ့်ကို ကံကောင်းခြင်းတစ်ခုဖြစ်ပြီး၊ မဟုတ်ပါက ယနေ့တွင် သူတို့အားလုံးမှာ ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။
ဝှစ်...
ဝိညာဉ်လှေကြီးသည် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းရင်း မြူခိုးဂိုဏ်းရှိရာ အရပ်ဆီသို့ ပြန်လည် ထွက်ခွာသွားလေတော့၏။
---
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာတွင် ၊
စက္ကူအဆောင်လက်ဖွဲ့ တစ်ခု ပေါ်ထွက်လာပြီးနောက် ပြာအဖြစ် လောင်ကျွမ်းသွားသည်။ ထိုပြာပုံများကြားမှနေ၍ ထိပ်ပြောင်ပြောင်နှင့် စက္ကူယပ်တောင် သခင်လေးသည် အပြင်သို့ ထွက်လာပြီးနောက်၊ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ကာ နာကျည်းစွာဖြင့် မျက်နှာ ရှုံ့မဲ့သွားရ၏။
'ငါ့မှာ ကိုယ်စားလှယ် အဆောင်လက်ဖွဲ့ သာ မရှိခဲ့ရင်... အခုဆိုရင် ငါ အလောင်းတောင် ရှာရမှာ မဟုတ်ဘူး... သေစမ်း မြူခိုးဂိုဏ်း.. ကြည့်ရတာ ငါ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်တော့ဘူးပဲ... ငါ အမြန်ဆုံး ဂိုဏ်းကို ပြန်ပြီး၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ကို အဲဒီဂိုဏ်းကို အပြတ်ရှင်းဖို့အတွက် တိုက်တွန်းရတော့မယ်.....'
ဒေါသတရားများ ပြည့်နှက်နေသော စက္ကူယပ်တောင် သခင်လေးသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင် ခေါင်းပေါင်းတစ်ခုကို ထုတ်ယူကာ သူ၏ ထိပ်ပြောင်ပြောင် ဦးခေါင်းကို ပတ်လိုက်၏။ ပြီးနောက်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့၏။
---
တာ့လျန် နန်းမြို့တော်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ကြယ်တာရာ နန်းတော်၏ အထက်တွင် ရပ်နေသဖြင့်၊ မရေမတွက်နိုင်သော လူအုပ်ကြီး၏ အံ့သြကြည်ညိုသော အကြည့်များကို ရရှိနေသည်။
"ဟိုမှာကြည့်စမ်း... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပြန်လာပြီဟေ့....."
"ဒီ နန်းတော်ကြီးက ကြယ်တာရာ ပတ်လမ်းကြောင်းတွေနဲ့ ဝန်းရံနေတာပဲ... အရှိန်အဝါကလည်း တကယ့်ကို နက်နဲလှပေတယ်... ဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် တစ်ခုများလား..."
"ဟမ့်.. မြူခိုးဂိုဏ်းချုပ်လို မူလနတ်ဘုရား အဆင့် ပညာရှင်ကြီးက... အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်လောက်ကို ဂရုစိုက်ပါ့မလားဗျာ... ဒါက အနည်းဆုံးတော့ ဝိညာဉ်ရတနာ တစ်ခုပဲ ဖြစ်ရမယ်....."
"ဟင်... ဝိညာဉ်ရတနာ တဲ့လား....."
လူအုပ်ကြီးမှာ တစီစီနှင့် ပြောဆိုနေကြပြီး မျက်နှာများတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေ၏။
*
အကောင်းစား စားသောက်ဆိုင် တစ်ခု၏ အထက်တွင်၊
လုံထျန်းရှင်း၊ ကျီဇီလင်း၊ ချောင်ကျားရှီး၊ ဝမ်ဖင်းအန်းနှင့် အခြားသူများသည် ခန့်ညားထည်ဝါလှသော ကြယ်တာရာ နန်းတော်ကို မော့ကြည့်ရင်း မှင်သက်နေကြရ၏။
"ဂိုဏ်းချုပ်က အပြင်ကို ခဏသွားတာတောင်... ဒီလောက် အဖိုးတန်တဲ့ ရတနာကြီးကို ရလာတာလား... ဒါက တကယ့် ဝိညာဉ်ရတနာ တစ်ခုများလားဟင်..."
ကျီဇီလင်းသည် စိတ်ထဲမှ အလွန်အမင်း တုန်လှုပ်သွားရရှာသည်။ သူမသည် ကြယ်တာရာ နန်းတော်၏ အရှိန်အဝါမှာ အလွန်ပင် နက်နဲပြီး ကောင်းကင်၊ မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်နေသည်ကို အာရုံခံမိလိုက်ရာ၊ ၎င်းမှာ ရှေးဟောင်းသိုင်းကျမ်းများထဲတွင် ဖော်ပြထားသော ဝိညာဉ်ရတနာများနှင့် တစ်ထပ်တည်းပင် ဖြစ်ချေသည်။
ကျီဇီလင်းတို့အဖွဲ့သာ အံ့သြသွားကြခြင်း မဟုတ်ဘဲ၊ တာ့လျန် နန်းတော်ရှိ နှင်းယုန် မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များပင်လျှင် အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားသွားကြရသည်။
"ဒါ... ဒါက ကြယ်တာရာ နန်းတော် ပါလား....."
"ဒါက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ ဝိညာဉ်ရတနာ တစ်ခုလို့ ကြားဖူးတယ်... အရင်တုန်းက ဒီရတနာကြောင့် နတ်ဆိုးဧကရာဇ်ကြီး နှစ်ပါးကြားမှာ စစ်ပွဲကြီးတစ်ခုတောင် ဖြစ်ခဲ့ဖူးတာလေ..."
"ဒီ ဝိညာဉ်ရတနာကြီးက နောက်ဆုံးမှာ ဂိုဏ်းချုပ်ယဲ့ ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲဗျာ..."
နှင်းယုန် မျိုးနွယ်စုဝင်များမှာ အံ့သြတကြီး ရေရွတ်နေကြ၏။ ဒဏ်ရာများကို ကုသရန်အတွက် တံခါးပိတ် ကျင့်ကြံနေသော တာ့လျန် ဧကရီပင်လျှင် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ နံရံများကို ထွင်းဖောက်ကာ ကောင်းကင်တွင် လွင့်မျောနေသော ကြယ်တာရာ နန်းတော်ကို စိုက်ကြည့်ရင်း မှင်သက်နေမိလေ၏။
ကောင်းကင်ယံထက်တွင်၊
ယဲ့ဖုန်း၏ အမူအရာမှာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အောက်ဘက်ရှိ ကျီဇီလင်းနှင့် အခြားသူများကို လှမ်းကြည့်ကာ မေးလိုက်၏။
"မင်းတို့အားလုံး အဝစားပြီးကြပြီလား... မပြီးသေးရင်လည်း မြန်မြန် ပစ္စည်းသိမ်းပြီး ထွက်ခွာဖို့ ပြင်ကြတော့... အခုချက်ချင်း ဂိုဏ်းကို အမြန်ဆုံး ပြန်ကြမယ်....."
ယဲ့ဖုန်း၏ အသံထွက်ပေါ်လာသည်နှင့် အစားအသောက်များကို အားပါတရ စားသောက်နေကြသော ဝက်ဝံနတ်ဆိုးများ၊ မြေကြွက်ကလေးနှင့် အခြားသော ဝိညာဉ်သားရဲများမှာ ခေတ္တမျှ ကြောင်အသွားကြပြီးနောက်၊ အလျင်အမြန်ပင် အငမ်းမရ ဆက်လက် စားသောက်ကြလေတော့၏။
ကျီဇီလင်းနှင့် အခြားတပည့်များ၏ မျက်နှာတွင်မူ ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ယဲ့ဖုန်း၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ငြိမ်နေပြီး တစ်စုံတစ်ခုသော အရေးကြီးကိစ္စနှင့် ကြုံတွေ့နေရသလို ဖြစ်နေသည်ကို သူတို့ အထင်အရှား မြင်တွေ့နေရသည် မဟုတ်ပါလား။
"ဘာများ ဖြစ်လို့ပါလိမ့်..."
သူတို့အားလုံး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကြီးစိုးလာခဲ့ရ၏။
အခန်း (၄၃၄)- ရှုမိသားစု၏ တတိယမြောက် ဘိုးဘေးနှင့် မဟာ မူလနတ်ဘုရား အဆင့် လေးဦး၏ အောင်မြင်မှု
~ယဲ့ဖုန်း ပြန်တော့မည် ဟူသော သတင်းကြောင့် တာ့လျန် နန်းမြို့တော်ရှိ လူအများအပြားမှာ နှမြောတသစွာဖြင့် တိတ်ဆိတ်သွားကြ၏။
တာ့လျန် နန်းတော်အတွင်းဝယ်၊
တာ့လျန် ဧကရီ၏ အားနည်းလှသော အသံမှာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ယဲ့... ရှင်က ဂိုဏ်းကို အသည်းအသန် ပြန်ဖို့ လိုနေတာလားရှင်...”
“ဟုတ်ပါတယ်... ကျွန်တော် ဒီနေ့ပဲ ပြန်ရပါလိမ့်မယ်...”
ယဲ့ဖုန်းက ခေါင်းညိတ်၍ ပြန်လည်ဖြေကြားလိုက်၏။
ခုနလေးတင် သူ၏ အသိစိတ်ထဲတွင် ဂိုဏ်း၏ ဘေးအန္တရာယ် အချက်ပေးစနစ်က ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ခြင်းပင်။
ကြည့်ရတာ တိုက်ပွဲကြီးတစ်ခုက နီးကပ်နေပြီ ဖြစ်ရမည်။
'နတ်ဆိုးပိတ်လှောင်မျှော်စင် ကများ ပေါက်ကွဲတော့မှာလား... အကြာကြီး ငြိမ်နေခဲ့တဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း က နောက်ဆုံးတော့ လှုပ်ရှားတော့မှာလား မသိဘူး...'
ယဲ့ဖုန်း၏ မျက်ခုံးများမှာ ကျစ်ကျစ်ပါအောင် တွန့်ချိုးနေသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း က ဘယ်လိုသတ္တိမျိုးနဲ့ လာတိုက်ရဲတာလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေမိ၏။
သူနှင့် ဟူဖေးဖေး ဟူသော မူလနတ်ဘုရား အဆင့် ပညာရှင်နှစ်ဦးကို ထားလိုက်ဦး၊ ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး လေးခုဖြစ်သည့် ခရိုင်ဘုရင်မြို့တော်၊ ဓားဘုရင်ဂိုဏ်း၊ ကျွန်းပေါင်းတစ်သောင်း မဟာမိတ် နှင့် မြင့်မြတ်သော လေဓားဂိုဏ်း တို့၏ ခေါင်းဆောင်များမှာလည်း မူလနတ်ဘုရား အဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီ မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ သူတို့ အောင်မြင်စွာ တက်လှမ်းပြီးလောက်ပြီ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အနေဖြင့် မူလနတ်ဘုရား အဆင့်ရှိသူ ခြောက်ဦးကို တပြိုင်နက် ရင်ဆိုင်ရမည် မဟုတ်လော။
သူတို့မှာ ယှဉ်နိုင်မည့် အင်အား ရှိပါ့မလား။
'ငါသာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်အိုကြီး ဆိုရင်တော့... ကောင်းကင်ဘုံနှင်းရည် ကျဆင်းပြီးချင်း၊ ကျန်တဲ့ ဂိုဏ်းချုပ်လေးယောက် မူလနတ်ဘုရား အဆင့် မရောက်ခင်မှာတင် အပြတ်တိုက်မှာပဲ... အဲဒါမှ သူတို့ အားအနည်းဆုံး အချိန်ကို အသုံးချနိုင်မှာလေ...'
'အခုလို အချိန်ကျမှ လှုပ်ရှားတယ်ဆိုတာက... အချိန်ကိုက် မဟုတ်တော့ဘူး...'
'ဒါမှမဟုတ် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ရဲ့ အခြေခံအုတ်မြစ်က ငါထင်ထားတာထက် ပိုပြီး ခိုင်မာနေလို့လား... မူလနတ်ဘုရား အဆင့် ပညာရှင် အများကြီးကို ရှင်းပစ်နိုင်လောက်တဲ့အထိလား...'
'ဒါမှမဟုတ်ရင်လည်း... သူတို့မှာ စစ်ကူတွေ ရှိနေလို့လား...'
ယဲ့ဖုန်းသည် ထိုဖြစ်နိုင်ခြေကို တွက်ချက်လိုက်မိ၏။
ထိုအခိုက်အတန့်မှာပင် မြေအောက်လိုဏ်ဂူရှိ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ၏ တံဆိပ်ခတ်နှိပ်မှုနှင့်၊ လျှို့ဝှက်ဆန်းကြယ်လှသော ပြင်ပမျိုးနွယ်စု ဘုရင်ကြီးကို သူ သတိရသွားသည်။
အကယ်၍သာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း သည် မြေအောက်လိုဏ်ဂူမှ ပြင်ပမျိုးနွယ်စုများနှင့် ပူးပေါင်းလိုက်မည်ဆိုပါက၊ တကယ့်ကို ကြောက်စရာကောင်းသော အင်အားစုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
'ပြန်ရောက်တာနဲ့ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဆီကို တစ်ခေါက်သွားပြီး... တံဆိပ်ခတ်နှိပ်မှုတွေမှာ ပြဿနာရှိ၊ မရှိ စစ်ဆေးရမယ်...' ယဲ့ဖုန်းသည် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
သူ စဉ်းစားနေစဉ်အတွင်းမှာပင် ကျန်ရှိသော သူများမှာလည်း ပစ္စည်းများကို အသင့်ပြင်ပြီးကြ၏။
ခရီးထွက်ရန် အသင့်ဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ ယဲ့ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး၊ တာ့လျန် နန်းတော် ရှိရာဘက်သို့ လှမ်း၍ ပြောလိုက်သည်။
“ဧကရီ... ကျွန်တော့် ဂိုဏ်းမှာ အရေးပေါ်ကိစ္စလေးတွေ ရှိနေလို့ သွားခွင့်ပြုပါဦး ခင်ဗျာ... ကံပါရင်တော့ ကျုပ်တို့ ပြန်ဆုံကြတာပေါ့...”
“ပြန်ဆုံကြတာပေါ့ရှင်...” တာ့လျန် ဧကရီက ပြန်လည် နှုတ်ဆက်လိုက်၏။
မြေပြင်ပေါ်တွင် ထုပ်ပိုးထားသော အထုပ်အပိုးကြီးများဖြင့် အသင့်စောင့်နေသည့် ဝမ်ဖင်းအန်း နှင့် ဝိညာဉ်သားရဲ များကို ကြည့်ကာ၊ ယဲ့ဖုန်းသည် သက်ပြင်းတစ်ချက်ကို မနည်းမျိုသိပ်လိုက်၏။ လက်တစ်ချက် ဝှေ့ယမ်းကာ လူတိုင်းကို ကြယ်တာရာ နန်းတော် ရှိရာဆီသို့ ခေါ်ဆောင်သွားလေတော့သည်။
“ဒါတွေက တကယ့် ကြယ်ပွင့်လေးတွေ ပါလား.....”
ကျီဇီလင်းသည် လက်သီးဆုပ်အရွယ် ဥက္ကာခဲလေး တစ်ခုပေါ်တွင် ရပ်ကြည့်လိုက်ရာ၊ ၎င်းမှာ အလွန်မာကျောလှပြီး လေထဲတွင် ခိုင်မာစွာ ရပ်တန့်နေသည်ကို တွေ့ရှိလိုက်ရ၏။
ရူးသွပ်ဆင်ကြီး နှင့် နျူတာ့လီ ကဲ့သို့သော လေးလံလှသော နတ်ဆိုးသားရဲများပင်လျှင် ထိုပေါ်တွင် တည်ငြိမ်စွာ ရပ်နေနိုင်ကြ၏။
“သွားကြစို့.....”
ယဲ့ဖုန်းသည် လက်တစ်ချက် ဝှေ့ယမ်းကာ ကြယ်တာရာ နန်းတော် ကို ထိန်းချုပ်လိုက်ပြီးနောက်၊ လူတိုင်းကို တင်ဆောင်လျက် မိုင်ပေါင်း သောင်းချီ ဝေးကွာသော မြူခိုးဂိုဏ်း ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်း ထွက်ခွာသွားလေတော့၏။
---
ခရိုင်ဘုရင်မြို့တော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ နေ့ဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အမျိုးမျိုးသော သတင်းများမှာ ဟိုးလေးတကျော် ဖြစ်နေခဲ့ပြီး၊ အထူးသဖြင့် နွယ်ပင်ဘီလူးကြီး အကြောင်းမှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးတွင် ကျော်ကြားသွားခဲ့၏။
*
လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော်၊
ခန့်ညားထည်ဝါလှသော ဘုရားကျောင်းကြီး တစ်ခုအတွင်းဝယ်၊
ဘိုးဘေး လင်မြောင် သည် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။
သူသည် ခရိုင်ဘုရင်မြို့တော် တိုက်ပွဲသတင်းကို ကြားလိုက်ရသည့်အခါ သမ်းဝေလိုက်ရင်း ပြောလိုက်၏။
“မူလနတ်ဘုရား အဆင့် ရှိတဲ့ နတ်ဆိုးမိစ္ဆာ တစ်ကောင်လောက်ကတော့ ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး... သူမသာ တကယ် ဆင်းသက်လာရင်တောင်မှ... ဒီ ဘိုးဘေး က လက်ဝါးတစ်ချက်တည်းနဲ့ ဖိချေပစ်နိုင်တယ်...”
“ဘိုးဘေး က တကယ့်ကို အစွမ်းထက်လှပါပေတယ်.....”
ဘေးတွင် ဒူးထောက်နေကြသော မူလနတ်ဘုရား အဆင့် ပညာရှင် အချို့က အဆက်မပြတ် မြှောက်ပင့် ပြောဆိုလိုက်ကြ၏။
“ဒါပေမဲ့... မြူခိုးဂိုဏ်း က ယဲ့ဖုန်း နဲ့ ဟူဖေးဖေး တို့ကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ... ဝိညာဉ်စွမ်းအင်တွေ ရှားပါးလှတဲ့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှာ မူလနတ်ဘုရား အဆင့်အထိ ကျင့်ကြံနိုင်တယ်ဆိုတာကတော့... ဒီ ဘိုးဘေး ရဲ့ မျှော်လင့်ချက်ထက်ကို သာလွန်နေတာပဲ...”
ဘိုးဘေး လင်မြောင်က နှုတ်ခမ်းများ လှုပ်ရွရုံ အသံထွက်လိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်အေးဆေးနေဆဲပင်။
“ဘိုးဘေး.. သူတို့ကို ဆင့်ခေါ်ဖို့ လိုမလားဟင်...” နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး မုတ်ဆိတ်ဗရပွနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက မေးမြန်းလိုက်၏။
“မလိုပါဘူး.....”
ဘိုးဘေး လင်မြောင်က လက်ဝှေ့ယမ်း ပြလိုက်သည်။
“အခုလောလောဆယ် အရေးကြီးဆုံးကတော့ ကုန်ကြမ်းပစ္စည်းတွေ ပြင်ဆင်ပြီး၊ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို တည်ဆောက်ဖို့ပဲ... ဒါမှသာ ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ကြယ်လေးပွင့်အဆင့် အင်အားစု ဖြစ်လာမှာ...”
“နားလည်ပါပြီ ဘိုးဘေး...”
နဂါးဝတ်ရုံနှင့် လူကြီးက ခေါင်းညိတ်လိုက်သည်။
---
မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
မိုင်ပေါင်း ဒါဇင်ချီ ကျယ်ဝန်းသော ဧရာမ အဆောက်အအုံဝန်းကြီး တစ်ခု ရှိ၏။
“ဟမ့်... အပိုတွေ.....”
ရှုဟွာမိုသည် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ရာ၊ သူ၏ အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာခဲ့သည်။
ကောင်းကင်ဘုံနှင်းရည် ဆိုသည်မှာ မဟာရိုသေလေးစားရသူတစ်ပိုင်း အဆင့်ရှိသူတိုင်းအတွက် မူလနတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်မည့် ရွှေရောင် အခွင့်အလမ်း တစ်ခုပင်။
သို့သော်လည်း သူ ကျရှုံးခဲ့ရ၏။
သူ တက်လှမ်းနိုင်ဖို့ အလွန် နီးစပ်ခဲ့သည် မဟုတ်ပါလား။
အဓိက အကြောင်းရင်းမှာ သူ အဆင့်တက်လှမ်းမည့် အရေးကြီးဆုံး အချိန်တွင်၊ မင်းသမီး ဟူဖေးဖေး ၏ လက်ချက်ဖြင့် သူ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့် မြင်ကွင်းမှာ မျက်စိထဲ ပေါ်လာခဲ့ခြင်းကြောင့်ပင်။
သူ၏ ကျင့်ကြံခြင်း စိတ်နှလုံးမှာ မတည်မငြိမ် ဖြစ်သွားခဲ့ရသဖြင့် အဆင့်တက်လှမ်းခြင်းမှာ ကျရှုံးခဲ့ရပြီး၊ မူလနတ်ဘုရား အဆင့် နှင့် လက်တစ်ကမ်းအကွာတွင်သာ ရပ်တန့်နေခဲ့ရရှာသည်။
“ဟမ့်... အသုံးမကျတဲ့ကောင်... ဒီလောက် ကောင်းတဲ့ အခွင့်အရေးကိုတောင် လက်လွတ်ခံလိုက်ရတာကတော့... ငါ့ကို တကယ် စိတ်ပျက်စေတာပဲ...”
မြင့်မားလှသော မျှော်စင်ကြီးတစ်ခုပေါ်မှနေ၍ မထီမဲ့မြင် ပြုသော အသံ တစ်ချက် ထွက်ပေါ်လာသည်။
ရှုဟွာမိုမှာ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး အဝေးရှိ မျှော်စင်ကြီးဆီသို့ ဦးတည်ကာ ငိုယိုရင်း ပြန်ပြောလိုက်၏။
“တတိယ ဘိုးဘေး... အဲဒါ အားလုံး မင်းသမီး ဟူဖေးဖေး ကြောင့်ပါ... သူမက ကျွန်တော့်ကို ရိုက်နှက်ခဲ့လို့သာ... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း စိတ်နှလုံး မတည်မငြိမ် ဖြစ်ခဲ့ရတာပါ... မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် အဆင့်တက်တာ ကျရှုံးမှာလဲဟင်...”
“ဟမ့်... အသုံးမကျတဲ့သူတွေက အမြဲတမ်း ဆင်ခြေပေးတတ်ကြတာပဲ.....”
ရှုမိသားစု၏ တတိယ ဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဒါပေမဲ့... တောင်ပိုင်းမင်နိုင်ငံ ရဲ့ မြို့ကြီးငါးမြို့က နယ်မြေတစ်ခုကို ထိန်းချုပ်ထားတယ် မဟုတ်လား... နောက်ထပ် ခြောက်လအတွင်းမှာ မင်းသာ ဝိညာဉ်တည်ငြိမ်သီး တွေကို လုံလုံလောက်လောက် ရနိုင်မယ်ဆိုရင်... မူလနတ်ဘုရား အဆင့်ကို ထပ်ပြီး ကြိုးစားလို့ ရပါသေးတယ်...”
“ဟုတ်ကဲ့ပါ.....” ရှုဟွာမို၏ မျက်လုံးများ အရောင်တောက်သွားရသည်။
ယခုတစ်ခေါက် အဆင့်တက်ခြင်းမှာ ကျရှုံးခဲ့သော်လည်း၊ ဝိညာဉ်တည်ငြိမ်သီး ရှိနေသေးသည် မဟုတ်ပါလား။
၎င်းအပြင် သူ၏ အုတ်မြစ်မှာ ယခုအခါတွင် အလွန်ပင် ခိုင်မာနေခဲ့ပြီ ဖြစ်ရာ၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာတစ်ပါး ဖြစ်သော ဝိညာဉ်တည်ငြိမ်သီး ၏ အကူအညီသာ ရရှိမည်ဆိုပါက နောက်တစ်ကြိမ်တွင်မူ သေချာပေါက် အောင်မြင်မည်မှာ ဧကန်ပင်။
“ဝိညာဉ်တည်ငြိမ်သီး အကြောင်းကိုတော့ နောက်မှ ပြောကြတာပေါ့... အခုတော့ အဲဒါထက် ပိုအရေးကြီးတဲ့ ကိစ္စတွေကို ကိုင်တွယ်ရမယ်...” ရှုမိသားစု၏ တတိယ ဘိုးဘေးက ဆက်လက် ပြောကြားလိုက်၏။
“တတိယ ဘိုးဘေး... အမိန့်ရှိပါ ဘုရား...”
ရှုဟွာမိုသည် သူ၏ စိတ်လှုပ်ရှားမှုများကို အမြန် ထိန်းချုပ်လိုက်ပြီး၊ အသက်ပြင်းပြင်းပင် မရှူဝံ့ဘဲ နားစွင့်နေလိုက်သည်။
တတိယ ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါတို့ ရှုမိသားစု ရဲ့ သိက္ခာကို အကျခံလို့ မဖြစ်ဘူးလို့... ဘိုးဘေးကြီးက အမိန့်ရှိထားတယ်... နောက်ရက်အနည်းငယ်အတွင်းမှာ... ငါ ကိုယ်တိုင် မင်းနဲ့အတူ မြူခိုးဂိုဏ်း ဆီကို လိုက်ခဲ့ပြီးတော့... တရားမျှတမှုအတွက် သွားတောင်းဆိုမယ်...”
သို့သော်လည်း ရှုဟွာမိုမှာမူ ထိုစကားလုံးများအတွင်း၌ ယုံကြည်မှု အပြည့် ရှိနေသည်ကို အာရုံခံမိလိုက်၏။
“တတိယ ဘိုးဘေး... ဘိုးဘေး ကိုယ်တိုင် ကြွမှာလားဟင်...”
ရှုဟွာမို မျက်လုံးများ ပြူးကျယ်သွားပြီး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားရသည်။
“ဒါဆိုရင်... ဘိုးဘေး အဆင့်တက်လှမ်းတာ အောင်မြင်သွားပြီလားဟင်...”
“မှန်တာပေါ့... ဒီ ကောင်းကင်ဘုံနှင်းရည် ကြောင့်... ငါဟာ မူလနတ်ဘုရား အဆင့် (၁) အထွတ်အထိပ်ကနေပြီးတော့... အဆင့်နှစ်ဆင့် ဆင့်ကဲ တိုးတက်လာခဲ့ပြီး... အခုဆိုရင် မူလနတ်ဘုရား အဆင့် (၃) ကို ရောက်သွားပြီလေ... မြူခိုးဂိုဏ်း မှာ မူလနတ်ဘုရား အဆင့် ပညာရှင် နှစ်ယောက် ရှိနေရင်တောင်မှ... ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...”
ရှုမိသားစု တတိယ ဘိုးဘေး၏ အသံမှာ တည်ငြိမ်အေးဆေးလှသော်လည်း၊ သူ၏ စကားလုံးများမှာမူ မာန်မာနနှင့် ယုံကြည်မှုများ လျှံထွက်နေလေတော့သည်။
“မူလနတ်ဘုရား အဆင့် (၃) တဲ့လား.....”
ရှုဟွာမို အသက်ရှူမှားသွားရပြီး၊ မိမိ၏ ပေါင်ကို အားဖြင့် ဆွဲဆိတ်လိုက်မိရာ၊ နာကျင်မှုကို ခံစားလိုက်ရသည့် ခဏ၌ ၎င်းမှာ အိပ်မက်မဟုတ်ဘဲ အမှန်တရားဖြစ်ကြောင်း သိရှိသွားခဲ့၏။
တတိယ ဘိုးဘေးသည် မူလနတ်ဘုရား အဆင့် (၃) သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
'မြူခိုးဂိုဏ်း... ယဲ့ဖုန်း... မင်းသမီး ဟူဖေးဖေး... မင်းတို့အားလုံး ငါ့ကို စောင့်နေကြစမ်း.....'
ရှုဟွာမိုသည် နောက်ဆုံးတွင် နေရာမှ ထရပ်လိုက်၏။ ခေါင်းကို မော့ကာ လက်ကို နောက်ပစ်လျက် ကျယ်ပြောလှသော ရှုမိသားစု စံအိမ်တော်ကြီးအတွင်း လမ်းလျှောက်နေတော့သည်။
သူသည် နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီး သူ၏ အရှိန်အဝါ အားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်လေတော့၏။
---
ဤ ကောင်းကင်ဘုံနှင်းရည် သည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွက်မူ အရည်အသွေးဆိုင်ရာ ကြီးမားသော တိုးတက်မှုကို ဆောင်ကြဉ်းပေးခဲ့ခြင်းပင်။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ် နှင့် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်များတွင် ပိတ်မိနေကြသော ပညာရှင်အိုကြီး အများအပြားမှာ အဆင့်တက်လှမ်းနိုင်ခဲ့ကြ၏။
သက်တမ်းများ တစ်ဟုန်ထိုး တိုးလာခြင်းနှင့်အတူ သန်စွမ်းလှသော သက်စောင့်အားများကိုပါ ရရှိလိုက်ကြသဖြင့်၊ ယခင်က မှေးမှိန်နေသော သူတို့၏ မျက်ဝန်းများမှာ ယခုအခါတွင်တော့ အလင်းသစ်များဖြင့် တောက်ပနေကြ၏။
*
ကျွန်းပေါင်းတစ်သောင်း မဟာမိတ်၌၊
“ဝုန်း.....”
တန်ခိုးထွားသော အရှိန်အဝါ တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။ ဟင်းလင်းပြင်အတွင်း၌ ဧရာမ နဂါးကြီးတစ်ကောင်မှာ ခွေပတ်လျက် ရှိနေသဖြင့် အားလှိုင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
“မဟာမိတ် ခေါင်းဆောင် မိုထျန်းလုံ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ.....”
“မဟာမိတ် ခေါင်းဆောင် အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ.....”
“ဒါဟာ ကျွန်းပေါင်းတစ်သောင်း မဟာမိတ် အတွက် ပထမဆုံးသော မူလနတ်ဘုရား အဆင့် ပညာရှင်ပဲ... အခုဆိုရင် ကျုပ်တို့လည်း ကြယ်သုံးပွင့် အင်အားစု အဖြစ် တက်လှမ်းဖို့ အရည်အချင်း ပြည့်မီသွားပြီပေါ့...”
နဂါးပြာဘုရင်၊ မိုမင်ရှီး နှင့် အခြားသူများမှာမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြ၏။
မဟာမိတ် ခေါင်းဆောင် မိုထျန်းလုံ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့သဖြင့်၊ သူတို့၏ နှလုံးသားပေါ်တွင် ဖိစီးနေသော ဝန်ထုတ်ဝန်ပိုးကြီးမှာလည်း နောက်ဆုံးတွင်တော့ လွတ်ကျသွားခဲ့၏။
ဓားဘုရင်ဂိုဏ်းဝယ်၊
“ဝူး”
ကောင်းကင်သို့ ထိစပ်နေသော ဧရာမ ဓားကြီးတစ်စင်းမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။ ၎င်းမှာ တစ်ကီလိုမီတာခန့် ရှည်လျားကာ ကောင်းကင်ကိုပင် ခွဲခြမ်းပစ်နိုင်တော့မည့်အလား ထင်ရသည်။
လေပြင်းများနှင့် တိမ်တိုက်များကို လှုပ်ခတ်သွားစေသဖြင့် မရေမတွက်နိုင်သော ဓားသမားများမှာ ဒူးထောက်ကာ ဂါရဝပြုလိုက်ကြ၏။
“ဂိုဏ်းချုပ် မူလနတ်ဘုရား အဆင့် တက်လှမ်းနိုင်မှုကို ဂုဏ်ပြုပါတယ်... ကျွန်တော်တို့ ဓားဘုရင်ဂိုဏ်း ရဲ့ ဘုန်းကျက်သရေနဲ့ သာယာဝပြောမှုကို နှစ်ပေါင်း ထောင်ချီအောင် စောင့်ရှောက်ပေးပါဦး.....”
ဓားဘုရင်ဂိုဏ်း ၏ တပည့်များမှာ ဒူးထောက်လျက် အော်ဟစ်လိုက်ကြကုန်၏။
အမွေခံတပည့် ခေါင်းဆောင်ဖြစ်သူ ကျန်းပိုင်ကော မှာလည်း မြေပြင်ပေါ်၌ ဒူးထောက်လျက်၊ ကောင်းကင်ကို ပိုင်းဖြတ်တော့မည့်အလား ရှိနေသော ဓားကြီးကို စိုက်ကြည့်နေမိသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေတော့သည်။
*
မြင့်မြတ်သော လေဓားဂိုဏ်း။
“ဝှစ်.....”
ထက်ရှလှသော ဓားတစ်စင်းသည်လည်း ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သို့သော်လည်း ၎င်းမှာ ကောင်းကင်ကို ခွဲခြမ်းပစ်မည့် ဘုန်းတန်ခိုးမျိုး မဟုတ်ဘဲ၊ အလွန်ပင် ပြင်းထန်လှသော ထက်ရှမှုကိုသာ ဖြာထွက်နေခြင်းပင်။
“ရွှပ်.....”
ထိုဓား၏ ညင်သာသော တုန်ခါမှုနှင့်အတူ၊ အဆုံးမဲ့လှသော ဓားအရှိန်အဝါများမှာ မိုင်ပေါင်း ဒါဇင်ချီ၍ ရိုက်ခတ်သွားခဲ့ပြီး ထိုနယ်မြေရှိ လေပြင်းများနှင့် တိမ်တိုက်များကိုပင် လွင့်စင်သွားစေလေတော့၏။
အခန်း (၄၃၅)- ဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း၊ တပည့်တစ်ထောင် ပြည့်မြောက်မှုနှင့် အပိုဆောင်း ဆုလာဘ်များ
~မြင့်မြတ်သော လေဓားဂိုဏ်း ၏ စည်းကမ်း ထိန်းသိမ်းရေး တောင်ထိပ် ထက်ဝယ်၊
ကျောထက်တွင် အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဖြစ်သော မြင့်မြတ်သော လေဓား ကို လွယ်ထားလျက်၊ မူရူရွှယ်သည် သူမ၏ ထက်ရှလှသော ဓားသွားကို ကြည့်ကာ မျက်မှောင်ကို အနည်းငယ် ကြုတ်ထားမိ၏။
“ဂိုဏ်းချုပ်က မူလနတ်ဘုရား အဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီဆိုတော့... နောက်ဆိုရင် ဂိုဏ်းချုပ်ရာထူးကနေ အနားယူပြီး၊ ကျွန်မကို ဂိုဏ်းချုပ်ကိုယ်စားလှယ်အဖြစ် တာဝန်လွှဲပေးတော့မှာပဲ...”
သူမသည် တီးတိုး မှတ်ချက်ပြုလိုက်သည်။
“ဓားသခင်မလေးအတွက် ဒါက ဝမ်းသာစရာ ကိစ္စပဲလေရှင်.....” သူမ၏ နောက်ကွယ်မှ အစေခံမလေး လေးဦးမှာလည်း တညီတညွတ်တည်း ဂုဏ်ပြုလိုက်ကြကုန်၏။
“အင်... ဝမ်းသာစရာ ဟုတ်လား... ငါတော့ အဲဒီလို မထင်ဘူး...” မုရုရွှယ်သည် အကြီးအကဲချုပ် နေထိုင်ရာ အကြီးအကဲများ တောင်ထိပ် ဆီသို့ အကြည့် ပို့လွှတ်လိုက်ရာ၊ သူမ၏ မျက်ဝန်းများမှာ စူးရှထက်မြက်နေသည်။
သူမ၏ စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေခြင်းပင်။
ဘေးအန္တရာယ်တစ်ခုမှာ မကြာမီ ကျရောက်တော့မည် ဖြစ်ချေ၏။
---
ခရိုင်ဘုရင်မြို့တော်မှာ၊
ခရိုင်ဘုရင်စံအိမ် တည့်တည့်မှနေ၍ လူပုံရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ထိုပုံရိပ်သည် ခန့်ညားထည်ဝါလှသော စစ်ဝတ်တန်ဆာများကို ဆင်မြန်းထားပြီး၊ ကောင်းကင်ယံ အမြင့်တွင် ရဲရဲဝံ့ဝံ့ ရပ်နေ၏။ ပတ်ဝန်းကျင် အရပ်မျက်နှာ အသီးသီးမှ သဘာဝ ဝိညာဉ်စွမ်းအင်များမှာ ထိုသူ့ဆီသို့ တရှိန်ထိုး စုပြုံစီးဝင်လာကြပြီး၊ သူ့ပတ်လည်တွင် ဝဲဂယက်ကြီးတစ်ခုပမာ လှည့်ပတ်နေကြတော့သည်။
ဤမြင်ကွင်းမှာ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝ စွမ်းအင်များမှာ ထိုသူ့အား ဦးညွှတ် အညံ့ခံနေကြသည့်နှယ်။
၎င်းက မူလနတ်ဘုရား အဆင့် ၏ စွမ်းပကားပင် ဖြစ်ချေတော့၏။
*
ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝ စွမ်းအင်များကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခြင်း။
အသိစိတ် တစ်ချက်ဖြင့်ပင် မူလနတ်ဘုရား အဆင့် အောက်ရှိ ကျင့်ကြံသူများနှင့် သဘာဝ ဝိညာဉ်စွမ်းအင်များကြားရှိ ချိတ်ဆက်မှုကို ဖြတ်တောက်နိုင်ပြီး၊ ရန်သူများကို ပြင်ပစွမ်းအားများ အသုံးမပြုနိုင်အောင် တားဆီးနိုင်သည်။
ထို့ကြောင့်ပင် မူလနတ်ဘုရား အဆင့် ရှိသူတစ်ဦးသည် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိသူတစ်ဦးကို ရင်ဆိုင်ရပါက၊ အဆင့်အတန်း လုံးဝ ကွာခြားလှသော တိုက်ခိုက်မှုမျိုးဖြင့် အသာလေး နှိမ်နင်းနိုင်ခြင်း ဖြစ်၏။
သေချာသည်မှာ ဝိညာဉ်ပင်လယ်အဆင့် ရှိသူတစ်ဦး၌ ဝိညာဉ်ရတနာ တစ်ခု ရှိနေမည်ဆိုပါက၊ မူလနတ်ဘုရား အဆင့် ၏ သဘာဝ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုကို ဖောက်ထွက်နိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ဝိညာဉ်ရတနာ များမှာ အလွန်ပင် အဖိုးတန်လှသဖြင့်၊ သာမန် အခြေအနေမျိုးတွင် ဝိညာဉ်ပင်လယ်အဆင့် ရှိသူများမှာမူ ၎င်းတို့ကို ပိုင်ဆိုင်နိုင်ရန် ခဲယဉ်းလှသည်။
“ခရိုင်ဘုရင် က မူလနတ်ဘုရား အဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဟေ့.....”
“ဟားဟားဟား... ငါတို့ ခရိုင်ဘုရင်မြို့တော် မှာလည်း နောက်ဆုံးတော့ ဒေသခံ မဟာတန်ခိုးရှင် တစ်ယောက် ရှိလာပြီပဲ... အခုဆိုရင် ကျုပ်တို့လည်း ကြယ်သုံးပွင့် အင်အားစု ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသွားပြီ... အနာဂတ်ကတော့ တကယ်ကို တောက်ပနေပြီ.....”
လျူမင်၊ ဘိုးဘေးနင် နှင့် အခြားသူများမှာလည်း တဟားဟား ရယ်လိုက်ကြ၏။
ခရိုင်ဘုရင် အဆင့်တက်လှမ်းနိုင်မှုကြောင့် သူတို့သည်လည်း ဘုန်းကျက်သရေကို အတူတူ ခံစားခွင့် ရရှိကြမည် မဟုတ်ပါလား။
*
အခြားသော စံအိမ် တစ်ခုအတွင်း၌ ဖြစ်သည်။
ကြွေထည် ဘုရင် ရှုရန်ရှန်သည် သူ၏ အခန်းအတွင်း၌ ကုတ်ကုတ်လေး ပုန်းအောင်းနေပြီး၊ ကြောက်လန့်တုန်လှုပ်စွာဖြင့် တစ်ကိုယ်လုံး တုန်ခါနေရှာ၏။
“ဒီ အကျိုးနည်းတဲ့ ခရိုင်ဘုရင် ကတော့... တကယ်ပဲ အဆင့်တက်နိုင်ခဲ့တာလား... ကြည့်ရတာ ဒီ ခရိုင်ဘုရင်မြို့တော် မှာ ဆက်နေလို့ မဖြစ်တော့ဘူး...ငါ ထွက်ပြေးမှပဲဟ...”
ကြွေထည် ဘုရင်သည် အဝတ်အစားများကို ကပျာကယာ ထုပ်ပိုးလိုက်ပြီးနောက် ထပ်မံ၍ ထွက်ပြေးပြန်လေတော့သည်။
သူသည် ယခင်က တစ်ကြိမ် ထွက်ပြေးဖူးသော်လည်း၊ ရှုဟွာမို ၏ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသဖြင့် အခြားရွေးချယ်စရာမရှိဘဲ ခရိုင်ဘုရင်မြို့တော် သို့ ပြန်လာခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း ယနေ့တွင်မူ သူသည် ခရိုင်ဘုရင်မြို့တော် သို့ တစ်သက်လုံး ခြေဦးပင် မလှည့်တော့ဟု ဆုံးဖြတ်လိုက်သည်။
မဟုတ်ပါက သူသည် လူမဟုတ်ဘဲ ခွေးသာသာသာ ဖြစ်ပေလိမ့်မည်။
တောင်ပိုင်းမြစ်ဝှမ်း ဒေသ အတွင်းရှိ ကြယ်နှစ်ပွင့် အင်အားစုကြီး လေးခု၏ ဂိုဏ်းချုပ်များ မူလနတ်ဘုရား အဆင့် သို့ ရောက်ရှိသွားပြီဟူသော သတင်းမှာ လေအလျင် ဆောင်ကြဉ်းသွားခဲ့ပြီး၊ ရက်အနည်းငယ်အတွင်းမှာပင် ဒေသတွင်းရှိ မြို့ကြီးများ အားလုံးဆီသို့ ရောက်ရှိသွားခဲ့လေတော့၏။
---
ဖူယွင် တောအုပ်နက် ဝယ်၊
ယဲ့ဖုန်းသည် စိမ်းလန်းစိုပြေလှသော တောအုပ်ကြီး၏ အထက်သို့ နောက်ဆုံး၌ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ တိမ်ထုမြူခိုးများ လွှမ်းခြုံထားသော မြူခိုးဂိုဏ်း ၏ တောင်ထိပ် လေးခုကို လှမ်း၍ မြင်တွေ့နေရပြီ ဖြစ်သည်။
“ဟိုမှာ... အဲဒါ ငါတို့ဂိုဏ်းပဲ...”
လုံထျန်းရှင်းသည် အဝေးရှိ မြူခိုးတောင်ထိပ် ကို ညွှန်ပြလိုက်၏။
“အမြင့်ဆုံးတောင်က မြူခိုးတောင်ထိပ် ပေါ့... ကျန်တဲ့ သုံးခုကတော့ ဖေးလိုင်တောင်ထိပ်၊ နတ်ဆိုးသားရဲတောင်ထိပ် နဲ့ ကျင့်ကြံရေးတောင်ထိပ် တွေပဲလေ... သြော်... ပြီးတော့ လေထဲမှာ လွင့်မျောနေတဲ့ တောင်ထိပ် ခုနစ်ခုကတော့ ‘မြောက်ပိုင်းမဟာ တောင်ထိပ် ခုနစ်ခု’ လို့ ခေါ်တယ်... အဲဒီမှာ အမွေခံတပည့်တွေ၊ အကြီးအကဲတွေနဲ့ ကြီးကြပ်သူတွေ နေထိုင်ကြတာပေါ့...”
“ကျုပ်တို့က အဲဒီ လွင့်မျောနေတဲ့ တောင်ထိပ်တွေပေါ်မှာ နေရမှာလားဗျ.....”
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသော ကြီးကြပ်သူသစ် ဒါဇင်ပေါင်းများစွာမှာ စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာကြ၏။
“ဟုတ်တယ်... နောက်ကျရင် အပြင်စည်း တာဝန်ခံ အကြီးအကဲ ချူယွင်အာ ကို သွားရှာလိုက်ကြ..မင်းတို့ကို နေရာချပေးလိမ့်မယ်...” ယဲ့ဖုန်းက ခေါင်းညိတ် ပြောကြားလိုက်သည်။
ချူယွင်အာ မှာမူ သူ ပထမဆုံး စုဆောင်းခဲ့သော ကြီးကြပ်သူမလေး ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ မမြင့်မားလှသော်လည်း၊ အလုပ်အပေါ် စိတ်စေတနာပါပြီး ကြိုးစားအားထုတ်သူ ဖြစ်သဖြင့် ရာထူးတိုးမြှင့်ပေးရန်အတွက် ထိုက်တန်လှသူ ဖြစ်၏။
အပြင်စည်း တာဝန်ခံ အကြီးအကဲ။
ဒါက ယဲ့ဖုန်းက ချူယွင်အာအား တိုးမြှင့် ခန့်အပ်လိုက်သော ရာထူးပင် ဖြစ်ပါ၏။
သူမ၏ အဆင့်အတန်းမှာ အပြင်စည်း အကြီးအကဲ တစ်ဦးနှင့် အလားတူလှ၏။
“ဂိုဏ်းချုပ်... အမွေခံတပည့် တစ်ယောက် ဖြစ်လာဖို့ ဘာတွေ လုပ်ရမလဲဟင်...” တတိယမင်းသမီး လျန်ဝမ်ဖန်း က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကျင့်ကြံခြင်း အဆင့်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်ရမယ်... ကျင့်ကြံရေးမျှော်စင် ရဲ့ သတ္တမမြောက် အဆင့်ကို ဖြတ်ကျော်နိုင်ရမယ်... ပြီးတော့ ဂိုဏ်းရဲ့ တာဝန် (၁၀) ခုကို ပြီးမြောက်အောင် ထမ်းဆောင်ရမယ်... အဲဒါဆိုရင်တော့ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရမှာပဲ...”
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“ဒါပေမဲ့... လောလောဆယ် ဂိုဏ်းထဲမှာတော့ အမွေခံတပည့် အဆင့်ကို တက်လှမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးဗျ...”
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ အမွေခံတပည့် တစ်ဦး ဖြစ်လာရန်မှာ အမှန်တကယ်ပင် ခက်ခဲလှကြောင်း သဘောပေါက်သွားကြတော့၏။
သို့သော်လည်း မြောက်ပိုင်း မဟာ တောင်ထိပ် ခုနစ်ခု ပေါ်တွင် နေထိုင်ခွင့် ရမည်ဟူသော အတွေးကြောင့် သူတို့အားလုံးမှာ တက်ကြွမှုများ ပြန်လည် ပြည့်နှက်လာကြသည်။
“အို... ရေပေါ်ဖြူမြို့တော် ကို ထပ်ပြီး ချဲ့ထွင်နေကြပြန်ပြီပဲ...”
ယဲ့ဖုန်းသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ဖူယွင် တောအုပ်နက် ၏ အစွန်အဖျား၊ မီးပြတိုက်မြို့ မြစ်ကမ်းဘေးတစ်လျှောက်တွင် ကျယ်ပြောလှသော လမ်းမကြီးတစ်ခုကို ဖောက်လုပ်နေသည်ကို သတိပြုမိလိုက်၏။
ထိုလမ်းမကြီး၏ အထက်တွင် ဓားပျံများကို စီးနင်းကာ သွားလာနေကြသော တပည့်များစွာကို တွေ့ရသည်။
သူတို့သည် ကင်းလှည့်နေကြခြင်း ဖြစ်ပြီး၊ အနားသို့ ကပ်လာသော နတ်ဆိုးသားရဲများကို မောင်းထုတ်ပေးနေကြခြင်းပင်။
အချို့သော တပည့်များမှာမူ လမ်းဖောက်ရန်အတွက် ကူညီပေးနေကြပြီး၊ သာမန်လူသားများမှာမူ ကျောက်ပြားများကို သယ်ဆောင်ကာ ဖိသိပ်ထားသော ကျောက်စရစ်လမ်းပေါ်တွင် ခင်းကျင်းနေကြ၏။
“ဒါဆိုရင်... လမ်းဖောက်လုပ်ရေး တာဝန် ဆိုတာက ဒါပေါ့လေ...”
တောင်အောက်ခြေရှိ ရှောင်လင်းကျေးရွာ အနီးတွင်မူ အဆောက်အအုံများစွာမှာ ပိုမို ကျယ်ပြန့်လာခဲ့ပြီး၊ အချို့သော အိမ်များတွင်မူ လူများပင် စတင် နေထိုင်နေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် မြေပြင်ပေါ်၌ အလုပ်လုပ်နေကြသော လူများမှာ မောပန်းသဖြင့် လမ်းဘေးတွင် ထိုင်ကာ အနားယူနေကြသည်။
ထိုအခိုက်၊ ခေါင်းမော့ကြည့်လိုက်သည့်
အခါတွင်တော့ သုံးထပ်ခန်းမဆောင်ကြီး တစ်ခုမှာ သူတို့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ ပတ်လည်တွင်မူ မရေမတွက်နိုင်သော ကြယ်ပွင့်ကလေးများမှာ ဝန်းရံလျက် ရှိနေ၏။
ထို ကြယ်တာရာ ဂလက်ဆီကြီး၏ အထက်တွင်မူ လူရာပေါင်းများစွာနှင့် နတ်ဆိုးသားရဲ အုပ်စုကြီး တစ်ခုမှာ ခန့်ညားစွာ ရပ်နေကြ၏။
လူတိုင်းမှာ အံ့သြမှင်သက်သွားကြရ၏။
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်.....”
လူအုပ်ကြီးမှာ ထိုလူများမှာ မည်သူများ ဖြစ်မည်ကို မခန့်မှန်းနိုင်ခင်မှာပင်၊ ပန်းရောင် ပုံရိပ်တစ်ခုမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်လေး၏ ရင်ခွင်အတွင်းသို့ တိုးဝင်လိုက်လေတော့သည်။
“အဲဒါ ဂိုဏ်းချုပ်ယဲ့ ပဲ.....”
“ဟာ... အဲဒါ ဂိုဏ်းချုပ်ယဲ့ လား... သတင်းတွေထဲကအတိုင်း တကယ့်ကို ခန့်ညားပြီး ကြည့်ကောင်းလိုက်တာဗျာ...”
“ဟိတ်လူ... ခင်ဗျားက မိုင်ပေါင်း ဒါဇင်ချီ ဝေးတဲ့နေရာကနေ တကယ်ပဲ အဲဒီလောက် အသေအချာ မြင်ရလို့လားဗျ...”
“သေသေချာချာတော့ မမြင်ရပါဘူး... ဒါပေမဲ့ မြှောက်ပင့်ပြောရတာကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးလေဟ...”
“ခင်ဗျားကတော့ တကယ်ကို လူတတ်ကြီးပဲ ..အဘိုးကြီးရယ်.....”
လူအုပ်ကြီးမှာ သူတို့၏ အလုပ်များကို ရပ်တန့်ကာ အံ့သြတကြီး ငေးကြည့်နေကြ၏။
“ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်.....”
မြူခိုးဂိုဏ်း အတွင်းမှ တပည့်ပေါင်း တစ်ရာကျော်မှာ ဓားများကို စီးနင်းကာ ပျံသန်းထွက်လာကြပြီး၊ ကောင်းကင်ယံတွင် တန်းစီလျက် တညီတညွတ်တည်း အရိုအသေပြုလိုက်ကြ၏။
ဂိုဏ်းရင်ပြင် အလယ်ဗဟိုတွင်မူ အရည်အချင်းရှိလှသော လူငယ် ရာပေါင်းများစွာမှာ ခေါင်းမော့ကြည့်နေကြပြီး၊ ကြယ်တာရာ နန်းတော် ပေါ်ရှိ ယဲ့ဖုန်းကို စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြလေ၏။
“ဂိုဏ်းချုပ် နောက်ဆုံးတော့ ပြန်လာပြီပဲ... အကြီးအကဲကုန်း ပြောတာတော့ ဂိုဏ်းချုပ်က ကျုပ်တို့ကို ကိုယ်တိုင် စာရင်းသွင်းပေးလေ့ရှိလို့၊ ဂိုဏ်းချုပ်နဲ့ တွေ့ဆုံခွင့် ရမယ်တဲ့ဗျ...”
“ဒါက ဂိုဏ်းချုပ်ကို အနီးကပ် မြင်တွေ့ရမယ့် တစ်ဦးတည်းသော အခွင့်အရေး ဖြစ်မှာပေါ့နော်...”
“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာပဲဗျာ...”
ထိုလူများမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။
၎င်းတို့ထဲမှ အများစုမှာ အကြီးအကဲ ကုန်းချင်းချိုး က တောင်ပိုင်းမြစ်ဝှမ်းအိုင် နှင့် ပတ်ဝန်းကျင် မြို့များမှ စုဆောင်းလာခဲ့သော တပည့်လောင်းများ ဖြစ်ကြ၏။
ကျန်ရှိသော သူများမှာမူ ဂိုဏ်း၏ ဂုဏ်သတင်းကြောင့် မိမိတို့ဘာသာ လာရောက်ကြသူများ ဖြစ်ကြသည်။
ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း ၏ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့ကြသဖြင့်၊ သူတို့သည်လည်း တပည့်လောင်းများ ဖြစ်လာကြပြီး ဂိုဏ်းရင်ပြင်၌ စောင့်ဆိုင်းနေကြခြင်းပင်။
ယခု ယဲ့ဖုန်း ပြန်လည် ရောက်ရှိလာသည်ကို မြင်သောအခါ အားလုံးမှာ မော့ကြည့်နေကြတော့၏။
“ဟင်... တပည့်လောင်းတွေက တော်တော်လေး များလာတာပဲ...” ယဲ့ဖုန်းသည် ဂိုဏ်းရင်ပြင်ဆီသို့ လှမ်းကြည့်လိုက်ပြီး အဝေးမှ ထိုလူငယ်များနှင့် အကြည့်ချင်း ဆုံလိုက်သည်။
အချို့သော သူများမှာ ခမ်းနားထည်ဝါသော ဝတ်စုံများကို ဆင်မြန်းထားကြ၏။ မြင့်မြတ်သော မိသားစုဝင်များ သို့မဟုတ် ချမ်းသာကြွယ်ဝသော နောက်ခံမှ လာသူများ ဖြစ်ကြပုံ ရကာ သူတို့၏ မျက်ဝန်းများတွင် ယုံကြည်မှုများ ပြည့်နှက်လျက် တောက်ပသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အချို့မှာမူ စုတ်ပြဲနေသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အကြည့်ချင်း ဆုံရန် ရှောင်လွှဲနေကြသော်လည်း၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်မှာ ဆင်းရဲသော်လည်း ကြီးမားသော ရည်မှန်းချက်များကို ဆောင်ထားသူများ ဖြစ်ကြောင်း သိသာလှ၏။
“ငါးရာကျော်တောင် ရှိတာလား... စုစုပေါင်းဆိုရင်တော့ တပည့်အရေအတွက်က မကြာခင် တစ်ထောင် ပြည့်တော့မှာပဲ.....” ယဲ့ဖုန်းက ခန့်မှန်းကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်မိ၏။
သူသည် ရှေ့သို့ လှည့်ကြည့်လိုက်ရာ အကြီးအကဲ ကုန်းချင်းချိုးမှာ ကောင်းကင်ကို ဖြတ်သန်းကာ အနားသို့ တိုးကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ မျက်နှာတွင် ပန်းလေး တစ်ပွင့်ပမာ လှပသော အပြုံးများ ပြည့်နှက်နေပြီး ပြောလိုက်၏။
“ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်.....”
ယဲ့ဖုန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ဂိုဏ်းရင်ပြင်သို့ လှမ်းကြည့်လိုက်သည်။
“ဟိုမှာ ရှိတဲ့ တပည့်လောင်းတွေက အကြီးအကဲကုန်း အပြင်ကနေ စုဆောင်းလာခဲ့တာလားဗျ...”
“အများစုကတော့ ဟုတ်ပါတယ်ရှင်... ကျန်တဲ့သူတွေကတော့ ကျွန်မတို့ ဂိုဏ်းရဲ့ ဂုဏ်သတင်းကြောင့် တောင်ပိုင်းမြစ်ဝှမ်း ဒေသ အနှံ့အပြားကနေ လာကြတဲ့ သူတွေပါ... လူပေါင်း သောင်းနဲ့ချီတဲ့ အထဲကနေ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း နဲ့ စစ်ဆေးပြီး ရွေးချယ်ထားတာ (၅၃၄) ယောက် ရှိပါတယ်ရှင်...”
အကြီးအကဲကုန်းက ဂိုဏ်းဝင်မှတ်တမ်း တစ်ခုကို ထုတ်လိုက်၏။
အချိန်ကုန်သက်သာစေရန်အတွက် သူမသည် ထိုတပည့်လောင်းများ၏ အချက်အလက်များကို ကြိုတင် မေးမြန်းထားပြီး အကြမ်းဖျင်း စာရင်းပြုစုထားခဲ့ခြင်းပင်။
“ကောင်းတယ်ဗျာ... တကယ်ကို တော်တယ်...” ယဲ့ဖုန်းက ချီးကျူးလိုက်သည်။
အသေးစိတ်ကအစ ဂရုတစိုက် လုပ်ဆောင်တတ်သော အကြီးအကဲ ကုန်းချင်းချိုးအား သူ အလွန်ပင် ကျေနပ်မိသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်... ဒါတွေက ဘယ်သူတွေလဲဟင်...”
အကြီးအကဲကုန်းက မြေကြွက်ကလေး၊ လျန်ဝမ်ဖန်း နှင့် အခြားသူများကို ကြည့်ကာ အံ့သြတကြီး မေးမြန်းလိုက်၏။
ဂိုဏ်းချုပ်က အပြင်ထွက်သွားတာ လူတွေ စုဆောင်းဖို့သက်သက်ပဲလား။
“အချို့ကတော့ စာရင်းသွင်းထားတဲ့ တပည့်တွေပေါ့... အချို့က ဂိုဏ်းစောင့် ဝိညာဉ်သားရဲ တွေ... ကျန်တဲ့သူတွေကတော့ အပြင်စည်း တာဝန်ခံတွေ ဖြစ်ပြီး၊ အပြင်စည်း တာဝန်ခံ အကြီးအကဲ ချူယွင်အာ ရဲ့ လက်အောက်မှာ ရှိမှာပါ...” ယဲ့ဖုန်းက မိတ်ဆက်ပေးလိုက်သည်။
မကြာမီ ကြယ်တာရာ နန်းတော် မှာ မြူခိုးတောင်ထိပ် ၏ အထက် မီတာ တစ်ထောင်ခန့် အမြင့်တွင် ရပ်တန့်သွားခဲ့၏။
ယဲ့ဖုန်းသည် အဖွဲ့ကို ဦးဆောင်ကာ ဂိုဏ်းရင်ပြင်သို့ ဆင်းသက်လိုက်ပြီးနောက်၊ ဂိုဏ်းဝင်မှတ်တမ်း ကို ထုတ်ယူတော့သည်။ တပည့်လောင်း (၅၃၄) ဦးကို နှုတ်ဆက်လျက် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို စတင်လိုက်လေတော့သည်။
စာရေးရသည်မှာ ပင်ပန်းလှသော်လည်း၊ ဂိုဏ်းသား အရေအတွက် တစ်ဟုန်ထိုး တိုးတက်လာသည်ကို ကြည့်ကာ ယဲ့ဖုန်းမှာ ပင်ပန်းရကျိုးနပ်သည်ဟု ခံစားနေရ၏။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာသည့်အခါ၊
ယဲ့ဖုန်းသည် လက်ထဲမှ ကလောင်တံကို ချလိုက်ပြီး၊ သူ့ရှေ့ရှိ ပြောင်လက်နေသော ဦးခေါင်းနှင့် ခန့်ညားသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။
“မင်းနာမည်က ဝူရှင်းဝမ် ဟုတ်လား... အဆင့်မြင့် အရိုးပါရမီ ရှိတာပဲ... မင်း ကျင့်ကြံတာ မစရသေးပေမယ့်လည်း တကယ့်ကို မဆိုးပါဘူးဗျာ...”
“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... ကျွန်တော် သေချာပေါက် အပတ်တကုပ် ကျင့်ကြံပါ့မယ်...” ခန့်ညားလှသော ထိပ်ပြောင်လူငယ်လေး ဝူရှင်းဝမ် က သူ၏ ဦးခေါင်းကို ကုပ်ရင်း ပြုံးလျက် ပြန်ပြောလိုက်သည်။
ယဲ့ဖုန်းသည် ဂိုဏ်းဝင်မှတ်တမ်း ကို ပိတ်လိုက်ပြီးနောက် ပြောလိုက်၏။
“ဟုတ်သားပဲ... ဂုဏ်ယူပါတယ်ကွာ... မင်းက ငါတို့ မြူခိုးဂိုဏ်း ရဲ့ ကိုးရာရှစ်ဆယ့်လေးယောက်မြောက် ဒုတိယမျိုးဆက် တပည့် ဖြစ်သလို... ဂိုဏ်းရဲ့ စုစုပေါင်း အရေအတွက်အရဆိုရင်တော့ တစ်ထောင်မြောက် တပည့်ပဲ...”
ဝူရှင်းဝမ်မှာ အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
မိမိကိုယ်တိုင် ဂိုဏ်း၏ တစ်ထောင်မြောက် တပည့် ဖြစ်လာမည့် ကံထူးရှင်ဟု သူ ထင်မထားခဲ့သည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်... ဒါဆိုရင် ကျွန်တော်က အထူး ဆုလာဘ်တစ်ခုခု ရမှာလားဟင်...” ဝူရှင်းဝမ်က ရင်းနှီးကျွမ်းဝင်စွာဖြင့် ရယ် မေးမြန်းလိုက်သည်။
“မရဘူး...” ယဲ့ဖုန်းက ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်၏။
“အော်...” ဝူရှင်းဝမ်၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် ယဲ့ဖုန်း၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံမှာ ရုတ်တရက် မြည်ဟည်းသွားခဲ့၏။
“တီ..တီ... မြူခိုးဂိုဏ်း ရဲ့ တပည့်အရေအတွက် တစ်ထောင် ပြည့်မြောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်... ‘တပည့် တစ်ထောင် အင်အားစု’ ဘွဲ့တံဆိပ် ကို ရရှိခဲ့ပြီး၊ အပိုဆောင်း ဆုလာဘ် တစ်ခုကိုလည်း ရရှိပါတယ်... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ...”
‘အပိုဆောင်း ဆုလာဘ် တဲ့လား...’ ယဲ့ဖုန်း အံ့အားသင့်သွားရလေတော့၏။