← Chapters

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

အခန်း (၄၇၁) - စားသောက်ဆိုင်ပိုင်ရှင် ခင်ဗျားဆီမှာ သရဲခြောက်နေတယ် ၊ တာအိုအတတ်က တန်ခိုးပြပြီ ၊ မိစ္ဆာနှိမ်နင်းသူတွေရဲ့ သဲလွန်စ

စားသောက်ဆိုင်ပိုင်ရှင်၏ စကားအဆုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လီယန်ချူတို့ လူစုအပေါ်သို့ တစ်ခဏချင်း လွှမ်းမိုးသွားတော့သည်။

ကျန်းဝေ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လွင်နေသည်။

ထိုနက်နဲလှသော တည်းခိုခန်းထဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဧည့်သည်များ ရှိနေမှတော့၊ ထိုတည်းခိုခန်းပိုင်ရှင်ဆိုသည်မှာ မည်မျှအထိ ကြောက်စရာကောင်းမည့် ဖြစ်တည်မှုမျိုး ဖြစ်နေမည်နည်း။

၎င်းတို့ သုံးဦးမှာ အေးစက်စက် အငွေ့အသက်များ၏ ဖိအားကြောင့် မနေနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။

လီယန်ချူကမူ အလွန်ပင် တည်ငြိမ်နေဆဲဖြစ်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ခင်ဗျားက ဒီက ပိုင်ရှင်လား "

တုတ်ကောက်ကို အားပြုထားသည့်၊ မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသော ပိုင်ရှင်မှာပင် ထိုတုံ့ပြန်မှုကို မျှော်လင့်မထားခဲ့ပေ။

သူသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မျက်လုံးများကို မှေးစိုက်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားရဲ့ တည်းခိုခန်းက နိမိတ်မကောင်းဘူးဗျ၊ သရဲခြောက်နေတာ ခင်ဗျားသိလား "

လီယန်ချူက အသံကို နှိမ့်ကာ ပြောလိုက်သည်။

"..." စားသောက်ဆိုင်ပိုင်ရှင်

"..." ကျန်းဝေ

"..." ကျိချင်းဘုန်းကြီး

"..." လျူကျွင်း

တစ်ခဏချင်းမှာပင် တစ်ဖက်နှင့်တစ်ဖက် စကားမပြောနိုင်ဘဲ ပတ်ဝန်းကျင်မှာ အေးစက်တိတ်ဆိတ်သွားတော့သည်။

စားသောက်ဆိုင်ပိုင်ရှင်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာကာ အေးစက်စွာ ရယ်မောလိုက်သည်။

"ဘယ်မှာ သရဲရှိလို့လဲ၊ ငါ ဘာလို့ မမြင်ရတာလဲ"

"အပေါ်ထပ်မှာ အကုန်လုံး သရဲတွေချည်းပဲ၊ ခင်ဗျား တက်ကြည့်လိုက်ရင် သိပါလိမ့်မယ်"

လီယန်ချူက အပေါ်ထပ်ကို လျှို့ဝှက်ဆန်းပြားသည့်ပုံစံဖြင့် လက်ညှိုးထိုးပြလိုက်သည်။

စားသောက်ဆိုင်ပိုင်ရှင်က သွားကြိတ်လျက် ပြောလိုက်သည်။

"ဒါဆိုရင်တော့... ခင်ဗျားရဲ့ သတိပေးမှုအတွက် ကျုပ်က ကျေးဇူးတင်ရတော့မှာပေါ့လေ"

"အားမနာပါနဲ့၊ ဒီမှာ သရဲတွေ သိပ်မများရင် ကျုပ်က ခင်ဗျားအတွက် အခမဲ့ နှင်ထုတ်ပေးဦးမှာ"

လီယန်ချူက ခပ်အေးအေးပင် ပြုံးပြလိုက်သည်။

"အခုတော့... ခင်ဗျား တခြားနေရာကို ပြောင်းဖို့ပဲ အကြံပေးချင်တယ်"

ကျန်းဝေသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လီယန်ချူကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

စီနီယာချောင်ချောင်... ခင်ဗျားကတော့ တကယ့်ကို လူပဲဗျာ၊ ဒီလောက်ထိ မျက်နှာပြောင်တိုက်ပြီး အပိုတွေ ပြောနိုင်တာ ခင်ဗျားပဲ ရှိမယ်။

လီယန်ချူ၏ စကားပတ်ချွဲနွဲချွဲများကြောင့် မိစ္ဆာအငွေ့အသက် လွှမ်းနေသည့် ပိုင်ရှင်မှာပင် ခဏမျှ လမ်းကြောင်းလွဲသွားခဲ့သည်။

သို့သော် မကြာမီမှာပင် သူ၏ ရက်စက်ကြမ်းကြုတ်သော ပုံစံမှာ ပေါ်ထွက်လာတော့သည်။

သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ လျှံတက်လာကာ လီယန်ချူကို လှမ်းဖမ်းလိုက်သည်။

"ဒီနေ့တော့ မင်း ဒီမှာတင် အသက်ပျောက်ရမယ် "

စားသောက်ဆိုင်ပိုင်ရှင်၏ အသံမှာ စူးရှလှပြီး၊ သူ လှမ်းလိုက်သော လက်ပေါ်တွင် အလောင်းကောင်များ၌သာ ရှိတတ်သည့် အကွက်များ နှင့် ပြည့်နှက်နေကာ လက်သည်းများမှာလည်း ညိုမည်းနေသဖြင့် အလွန်ပင် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသည်။

"ချုပ်စမ်း"

လီယန်ချူက အေးစက်စွာ ဆိုလိုက်သည်။

ကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသော စားသောက်ဆိုင်ပိုင်ရှင်မှာ ထိုနေရာမှာတင် ချုပ်နှောင်ခြင်း ခံလိုက်ရပြီး လုံးဝ မလှုပ်နိုင်တော့ပေ။

လီယန်ချူ၏ ချုပ်နှောင်ခြင်း အတတ်မှာ အလွန်ပင် အစွမ်းထက်လှသည်။

သူသည် အရှေ့သို့ လှမ်းတက်ကာ စားသောက်ဆိုင်ပိုင်ရှင်၏ ခေါင်းကို ဖိနှိပ်လိုက်ရာ၊ ပိုင်ရှင်၏ တစ်ကိုယ်လုံးမှာ ခေါက်ဆွဲပြားကဲ့သို့ ပျော့ဖတ်လျက် တွန့်လိမ်သွားတော့သည်။

ထို့နောက် လီယန်ချူသည် သူ၏ကိုယ်ထဲမှ ဝိညာဉ်ပုံရိပ်တစ်ခုကို အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။

ထိုသူမှာ မည်သို့ပင် ရုန်းကန်စေကာမူ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဤသည်မှာ တာအိုအတတ်ဖြစ်သော

ဝိညာဉ်ဖမ်းစားခြင်း

"မင်းကို ငါက မျက်နှာသာ ပေးနေတယ် ထင်နေလား"

လီယန်ချူက အေးစက်စွာ ရယ်မောလိုက်သည်။

လီယန်ချူ၏ လက်ထဲမှ အားကောင်းလှသော ဆွဲအားကြောင့် ထိုမိစ္ဆာပိုင်ရှင်မှာ ပျောက်ကွယ်သွားပြီး လီယန်ချူ၏ လက်ထဲတွင် အနက်ရောင် အငွေ့အစုအဝေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ နောက်ကလူသုံးဦးမှာ ပါးစပ်အဟောင်းသားနှင့် မှင်တက်သွားကြသည်။

အထူးသဖြင့် ကျန်းဝေပင် ဖြစ်သည်။

သူသည် လီယန်ချူကို ထိုနတ်ဘုရားနယ်မြေထဲတွင် တိုက်ခိုက်စဉ်က မြင်ဖူးသော်လည်း၊ ထိုစဉ်က လီယန်ချူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အား၊ သွေးချီစွမ်းအင်နှင့် လက်နက်များ၏ အစွမ်းကိုသာ အဓိက သတိပြုမိခဲ့ခြင်း ဖြစ်သည်။

လီယန်ချူ၏ တာအိုအတတ်များနှင့် ပတ်သက်၍မူ ဤမျှအထိ ထဲထဲဝင်ဝင် မခံစားခဲ့ရပေ။

စီနီယာချောင်ချောင်က ဒီလောက်အထိ ဆန်းကြယ်တဲ့ တာအိုအတတ်တွေကို တတ်မြောက်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ကျန်းဝေ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ဝိညာဉ်ဖမ်းစားခြင်း အတတ်ဖြင့် စားသောက်ဆိုင်ပိုင်ရှင် သရဲကို လက်ထဲတွင် ဖမ်းချုပ်ထားစဉ်၊ အကယ်၍ လီယန်ချူတွင် သမာဓိမီး သို့မဟုတ် လက်ဖဝါးမိုးကြိုး ကဲ့သို့သော သတ်ဖြတ်ခြင်း အတတ်များသာ ရှိနေပါက ထိုသူကို ချက်ချင်း အမှုန့်ပြုပစ်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအခါ သူ၌ အခြားရွေးချယ်စရာတစ်ခု ရှိနေသည်။

သူသည် ထိုအနက်ရောင် အငွေ့တန်းကို အပေါ်ထပ်သို့ အားကုန် လွှဲပစ်လိုက်တော့သည်။

အပေါ်ထပ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများမှာ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်နေကြပြီး၊ ခြေလက်အင်္ဂါ အပိုင်းအစများမှာ ဟိုမှသည်မှ လွင့်စင်နေကာ သွေးများမှာလည်း ပန်းထွက်နေသည်။

ဒုတိယထပ်တစ်ခုလုံးမှာ လူ့ငရဲခန်းအလား ဖြစ်နေပြီး နှာခေါင်းရှုံ့ရလောက်အောင် ပြင်းထန်သော သွေးညှီနံ့များ ဖုံးလွှမ်းနေတော့သည်။

စောစောက ခေါင်းကြီးကလေးသရဲ၏ လည်ပင်းကို ပန်းထိုးဖိနပ်နှင့် အဘွားအိုက ကိုက်ဖြတ်ထားသဖြင့်... မဟုတ်သေး၊ တိတိကျကျ ပြောရလျှင် ထိုကလေးသရဲ၏ ဦးခေါင်းမှာ အရေပြား အနည်းငယ်နှင့်သာ ခန္ဓာကိုယ်တွင် ကပ်နေပြီး ဘေးသို့ တွဲလောင်းကျနေသဖြင့် အလွန်ပင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းလှသည်။

ထိုအဘွားအိုမှာလည်း အခြေအနေ သိပ်မကောင်းလှပေ။

သူမ၏ လက်မောင်းတစ်ဖက်ကို အခန်းနံပါတ် (၅) မှ အဝတ်မပါဘဲ လဲလျောင်းနေခဲ့သော အသက်လတ်ပိုင်း အမျိုးသားက အတင်းအဓမ္မ ဆွဲဖြဲပစ်လိုက်ပြီ ဖြစ်သည်။

မြင်ကွင်းမှာ အလွန်ပင် သွေးစွန်းလှသည်။

ထွားကျိုင်းလှသော သတ္တဝါကြီး၏ လက်ဖဝါးအလယ်တွင် သွားများအစီအရီရှိသော ပါးစပ်တစ်ခု ပါရှိပြီး၊ ဦးခေါင်းနောက်ဘက်တွင်လည်း နောက်ထပ်တစ်ခု ပါရှိသည်။

ယခုအခါ သူသည် အခြားသရဲတစ်ကောင်ကို မရပ်မနား ဝါးမြိုနေသည်။

ထိုသရဲမှာ နာရေးဝတ်စုံနှင့် အမျိုးသမီးဖြစ်ပြီး သူမ၏ ကိုယ်တစ်ခြမ်းလုံးမှာ ထိုထွားကျိုင်းသော သတ္တဝါကြီး၏ ဝါးမြိုခြင်းကို ခံထားရသည်။

ဖြူဝင်းလှပသော ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းကွက်များနှင့် သွားရာများ ပြည့်နှက်နေသဖြင့် ကြည့်ရသည်မှာ လှပသလိုလိုနှင့် ကြောက်စရာကောင်းလှရာ ဦးရေပြားများပင် ထုံကျင်စေသည်။

သူမသည် လက်ညှိုးနှစ်ချောင်းဖြင့် ထိုသတ္တဝါကြီး၏ မျက်လုံးတစ်ဖက်ကို အားကုန် နှိုက်ထုတ်လိုက်မှသာ လွတ်မြောက်သွားတော့သည်။

"ဝေါင်း"

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ထိုထွားကျိုင်းသော သတ္တဝါကြီးမှာ ရူးသွပ်သွားသကဲ့သို့ အရှေ့သို့ လှမ်းဖမ်းလိုက်သည်။

ထိုအချိန်မှာပင် လီယန်ချူ လွှဲပစ်လိုက်သော အနက်ရောင်အငွေ့တန်းမှာ ထိုသတ္တဝါကြီး၏ လက်ထဲသို့ တည့်တည့်တိုးဝင်သွားတော့သည်။

ထိုအငွေ့တန်းမှာ ချက်ချင်းပင် မူလပုံစံဖြစ်သော ကိုယ်လက်အင်္ဂါ မသန်စွမ်းသည့် စားသောက်ဆိုင်ပိုင်ရှင်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

"မလုပ်နဲ့"

စားသောက်ဆိုင်ပိုင်ရှင်မှာ နောက်ဆုံးတွင် ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ လက်ထဲတွင် အဖမ်းခံထားရပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ၏ မျက်နှာပေါ်မှ အသားများကို ထိုသတ္တဝါကြီး၏ လက်ဖဝါးအလယ်မှ ပါးစပ်က အတင်းအဓမ္မ ကိုက်ဖြတ် ဝါးမြိုလိုက်တော့သည်။

"အားးးး"

စူးရှလှသော အော်ဟစ်သံကြီးမှာ တည်းခိုခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

ထိုအချိန်တွင် လီယန်ချူမှာ ကျန်းဝေတို့ လူစုကို ခေါ်ဆောင်ကာ တံခါးအပြင်ဘက်သို့ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင်၏ စူးရှသော အော်ဟစ်သံကြောင့် ၎င်းတို့၏ ဦးရေပြားများမှာ ထုံကျင်ကုန်ကြသည်။

ထိုလူငယ်တာအိုဆရာ၏ ပြတ်သားလှသော ဆုံးဖြတ်ချက်ကိုလည်း သူတို့ အထင်အရှား သိမြင်သွားကြတော့သည်။

သရဲကိုသာ ရန်စရင် ရန်စမယ်၊ ဒီ လီတာအိုဆရာကိုတော့ ဘယ်တော့မှ မရန်စမိစေနဲ့ ကျိချင်းဘုန်းကြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ထိုလီတာအိုဆရာမှာ ပုံမှန်အတိုင်း ပြုမူတတ်သူမဟုတ်ဘဲ မည်သို့တွေးတောမည်ကို ခန့်မှန်းရခက်သော လျှို့ဝှက်ဆန်းပြားမှုများ ရှိနေသည်။

ဝုန်း ဗုန်း ဗုန်း

တည်းခိုခန်းထဲမှ ပြင်းထန်သော အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

အနက်ရောင် မိစ္ဆာအငွေ့အသက်များမှာ တရိပ်ရိပ် ထွက်ပေါ်လာပြီး တည်းခိုခန်းတစ်ခုလုံးကို အနက်ရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

၎င်းမှာ မည်သည့်အရောင်မှ မရောယှက်သော စစ်မှန်သည့် အနက်ရောင်ပင် ဖြစ်သည်။

ထိုအနက်ရောင်မှာ တည်းခိုခန်းကို တဖြည်းဖြည်း ဝါးမြိုသွားတော့သည်။

ထိုအချိန်တွင် လီယန်ချူသည် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း

"တစ်ယောက်ယောက်က ငါတို့ကို အမှောင်ထဲကနေ ချောင်းကြည့်နေတယ်"

ဟု အေးစက်စွာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် အလင်းများ လက်ခနဲ ဖြစ်သွားသည် အရှိန်ဝါကြည့်အတတ်

မရေမရာဖြစ်နေသော အငွေ့အသက်များကို သူ ရှာဖွေတွေ့ရှိလိုက်ရာ သူ၏မျက်လုံးထဲတွင် မြင်ရသော ကမ္ဘာကြီးမှာလည်း ပြောင်းလဲသွားတော့သည်။

အဆောက်အဦးများ၊ အိမ်ရာများမှာ ပျောက်ကွယ်သွားပြီး ရှင်းလင်းလှသော အငွေ့အသက် များအဖြစ်သာ မြင်တွေ့ရတော့သည်။

သူသည် အမှောင်ထဲမှ ချောင်းကြည့်နေသူများကိုသာမက၊ အလွန်အားနည်းနေသော အငွေ့အသက် နှစ်ခုကိုပါ တွေ့ရှိလိုက်သည်။

၎င်းမှာ လူသားအစစ်အမှန်များတွင်သာ ရှိတတ်သော အသက်ဓာတ်ဖြစ်ပြီး ကျင့်ကြံသူ နှစ်ဦးလည်း ဖြစ်သည်။

"ငါ့နောက်ကို လိုက်ခဲ့၊ ပျောက်ဆုံးနေတဲ့ မိစ္ဆာနှိမ်နင်းသူ နှစ်ယောက်ရဲ့ သဲလွန်စကို တွေ့ပြီ"

လီယန်ချူက ပြောပြောဆိုဆိုနှင့် အရှေ့သို့ အားပါပါ လှမ်းလျှောက်သွားရာ ကျန်သုံးဦးမှာလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

သူတို့နောက်မှ လျှို့ဝှက်ဆန်းပြားသော တည်းခိုခန်းမှာမူ အနက်ရောင်အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး လုံးဝ ကွယ်ပျောက်သွားတော့သည်။

လီယန်ချူသည် လူနေအိမ်တစ်ခု၏ အရှေ့သို့ ရောက်ရှိလာပြီး တံခါးကို တွန်းဖွင့်လိုက်ရာ... အခန်းထဲတွင် အလွန်ပင် ရက်စက်စွာ အသတ်ခံထားရသော အလောင်း (၁၀) လောင်းကျော်ကို တွေ့လိုက်ရသည်။

ထိုအလောင်းများမှာ အလွန်အမင်း ပုပ်ပွနေပြီး သွေးပျက်ဖွယ် ကောင်းလှသည့်အပြင်၊ အတွင်း၌လည်း လောက်ကောင်များ ဟိုမှသည်မှ တွားသွားနေသဖြင့် အလွန်ပင် ရွံရှာဖွယ် ကောင်းလှတော့သည်။

အခန်း (၄၇၂) - ဝမ်းကွဲညီအစ်ကို ၊ ရှစ်ထောင့်မျှော်စင်၊ လျှို့ဝှက်တာအိုဆရာရဲ့ ရည်ရွယ်ချက် ၊လျူမိသားစုဘိုးဘွားရိပ်သာက လက်ဗွေရာများ

ထိုနေရာတွင် အလောင်းကောင်ပုပ်စော်နံ့ မှာ အလွန်အမင်း ပြင်းထန်လှသည်။

ထိုအလောင်းပုံကြီးထဲတွင်မူ လူနှစ်ဦးမှာ မျက်စိကို တင်းတင်းပိတ်လျက် ပုန်းအောင်းနေကြသည်။

၎င်းတို့မှာ ပျောက်ဆုံးနေသော မိစ္ဆာနှိမ်နင်းသူ နှစ်ဦးပင် ဖြစ်သည်။

အော်... ဒီနေရာက အလောင်းပုပ်နံ့ကို အသုံးချပြီး သူတို့ဆီက လူသားအနံ့အသက်ကို ဖုံးကွယ်ထားတာကိုး၊ ပြီးတော့ လောကီသိုင်းပညာထဲက လိပ်အသက်ရှူနည်း လိုမျိုးကို သုံးပြီး ဟန်ဆောင်သေနေတဲ့ အခြေအနေနဲ့ ရောနှောနေထိုင်ပြီး မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားခဲ့ကြတာပဲ။

လီယန်ချူသည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူသည် အော့အန်ချင်စိတ်ကို အစွမ်းကုန်အောင့်အီးကာ အလောင်းပုံကြီးထဲမှ ဟန်ဆောင်သေနေသော ဘုန်းကြီးနှစ်ပါးကို ကယ်ထုတ်လိုက်သည်။

"တကယ်ပဲ သူတို့ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး၊ လီတာအိုဆရာ... သူတို့ နိုးလာအောင် ဘယ်လိုလုပ်ရမလဲဗျ "

ကျိချင်းဘုန်းကြီးက မေးလိုက်သည်။

လီယန်ချူက ခဏမျှ စဉ်းစားပြီးနောက်

"လူပျိုစစ်စစ် ဆီးနဲ့ ပက်ပြီး နှိုးလိုက်ရမလား "

ကျိချင်းဘုန်းကြီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကာ အမလေး... ဒီလိုနည်းလမ်းမျိုးကိုတောင် ခင်ဗျား စဉ်းစားမိတယ်ပေါ့။

သူသည် အနည်းငယ် တုန်လှုပ်သွားကာ လူပျိုစစ်စစ်ဆိုတာ ငါ့ကို ပြောနေတာများလား ဟု တွေးမိသည်။

လီယန်ချူမှာ ကျိချင်းဘုန်းကြီး၏ မျက်နှာပျက်သွားပုံကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။

"ကျိချင်းဆရာတော်... ကျုပ်က နောက်နေတာပါ၊ တက်ပြီး ပါးရိုက်လိုက်ရင် ရပါပြီ"

ကျိချင်းဘုန်းကြီးမှာတော့ ထိုမှသာ သက်ပြင်းချနိုင်တော့သည်။

ဒါကတော့ အဆင်ပြေသေးသည်။

သူသည် အရှေ့သို့ တိုးသွားကာ ထိုင်ချလိုက်ပြီး သူ၏ ကြမ်းတမ်းလှသော လက်ဝါးကြီးများဖြင့်.....

ဖြန်း ဖြန်း ဖြန်း

ဘုန်းကြီးနှစ်ပါးမှာ ဖြည်းဖြည်းချင်း နိုးလာကြတော့သည်။

လီယန်ချူသည် ၎င်းတို့၏ စကားများအရ တစ်ဦးမှာ ရွှေမင် ဖြစ်ပြီး တစ်ဦးမှာ ရွှေဟွေ ဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းတို့မှာ လင်ရှီးကျောင်းတော် မှ ဘုန်းကြီးများ ဖြစ်နေကြ၏။

သူသည် လင်ရှီးကျောင်းတော်မှ ဟွေကျိန်းဆရာတော် နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိထားသူ ဖြစ်သည်။

လင်ရှီးကျောင်းတော်က လူတွေကို ကယ်မိလိမ့်မယ်လို့ မထင်ထားဘူး ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။

ရက်တွက်ကြည့်ရလျှင် ယခု လျူမိသားစုဘိုးဘွားရိပ်သာကိစ္စ ပြီးသွားပါက ဟွေကျိန်းဆရာတော် ကျောင်းထိုင်ဆရာတော်ဖြစ်လာမည့် အခမ်းအနားသို့ သွားရန် အချိန်ကိုက်ပင် ဖြစ်သည်။

ဘုန်းကြီးနှစ်ပါးမှာ လီယန်ချူကို အလွန်ပင် ကျေးဇူးတင်ရှိနေကြသည်။

ထိုနှစ်ဦးမှာ သာသနာ့ဘောင်ထဲတွင် ဆရာတူညီအစ်ကိုများ ဖြစ်ကြသော်လည်း ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ လူဝတ်ကြောင်ဘဝက သူတို့မှာ ဝမ်းကွဲညီအစ်ကို များ ဖြစ်ကြခြင်းပင်။

ရွှေမင်ဘုန်းကြီးမှာ သိုင်းလောကမှ မျိုးရိုးကြီးမိသားစုဝင် တစ်ဦးဖြစ်ပြီး အတွင်းအားသိုင်းပညာအပြင် ဆေးဖော်စပ်နည်းနှင့် အဆိပ်ခတ်နည်းများကိုပါ တတ်ကျွမ်းသူ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် သူ၌ ထိုအရည်အချင်းရှိနေသဖြင့်သာ ထိုဝမ်းကွဲညီအစ်ကိုနှစ်ဦးမှာ ဤနေရာတွင် အသက်မပျောက်ဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

"စီနီယာ... အခု လူတွေလည်း ကယ်ပြီးပြီဆိုတော့ ကျုပ်တို့ ဒီကနေ ဘယ်လို ထွက်ကြမလဲ "

ကျန်းဝေက မေးသည်။

"ဒါကိုတော့ ကျိချင်းဆရာတော်ကိုပဲ မေးရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူကပဲ ကျုပ်တို့ကို ဒီထဲ ခေါ်လာတာဆိုတော့"

ဟု လီယန်ချူက ဆိုသည်။

"အမိတာဘ... ဆရာတော် ရှက်လှပါဘီ၊ မူလက ဒါဟာ သာမန် ယင်နဲ့ယန် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အလွန်နိမိတ်မကောင်းတဲ့နေရာ လို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေရာက ဒီလောက်အထိ ထူးခြားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဆရာတော့်ရဲ့ တာအိုအတတ်တွေနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေအားလုံး အတင်းအဓမ္မ ပျောက်ဆုံးသွားရတော့ ထွက်ပေါက်လမ်းကို မဖွင့်နိုင်တော့ဘူး"

ဟု ကျိချင်းဘုန်းကြီးက ဆိုသည်။

"ချည်တဲ့သူပဲ ဖြေရမှာပေါ့... ကျုပ်တို့ ပြဿနာတက်တာ လျူမိသားစုဘိုးဘွားရိပ်သာမှာဆိုတော့၊ လွတ်မြောက်ဖို့ အဖြေကလည်း အဲဒီဘိုးဘွားရိပ်သာထဲမှာပဲ ရှိလိမ့်မယ်"

လီယန်ချူက သုံးသပ်လိုက်သည်။

အခြားထွက်ပေါက် မရှိသေးသည့် အခြေအနေတွင် ထိုသုံးသပ်ချက်ကို အားလုံးက လက်ခံလိုက်ကြသည်။

လျူမိသားစုဘိုးဘွားရိပ်သာသို့ သွားရသည်မှာ အန္တရာယ်ရှိသော်လည်း ထိုနေရာမှာတင် သေရသည်ထက်စာလျှင် ပိုကောင်းသေးသည်။

နောက်တစ်ခါ ဘယ်လိုသရဲမျိုးနဲ့ ထပ်တွေ့ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

"ဒါပေမဲ့ အဲဒီဘိုးဘွားရိပ်သာက ဘယ်နားမှာလဲဆိုတာ ကျုပ်တို့ မသိဘူးလေ"

ကျန်းဝေက ပြောသည်။

လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး

"ဒါအတွက် ငါ့မှာ နည်းလမ်းရှိပါတယ်၊ ဘိုးဘွားရိပ်သာဆိုတာ ရှာရမခက်ပါဘူး"

သူသည် နောက်သို့ တစ်လှမ်းဆုတ်ကာ အသာအယာ ပြေးလွှားလိုက်ပြီး လက်နှစ်ဖက်ဖြင့် အားပြုကာ တံတိုင်းပေါ်သို့ တွားတက်လိုက်သည်။

သိုင်းပညာရှင် ခန္ဓာကိုယ်အရှိန်အဝါ မရှိတော့သဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်လူထက် အနည်းငယ်သာ ပိုကောင်းတော့သဖြင့် အရင်လို တံတိုင်းကျော် မြေလျှိုးမိုးပျံ မလုပ်နိုင်တော့ပေ။

သို့သော် ဤသည်မှာလည်း အလွန်ပင် ဖျတ်လတ်သော ကိုယ်ဟန်ပင် ဖြစ်သည်။

သူသည် တံတိုင်းပေါ်တွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်လိုက်ရာ ထူးဆန်းသော အဆောက်အဦးတစ်ခုကို အလွယ်တကူ မြင်တွေ့လိုက်ရသည်။

၎င်းမှာ ရှစ်ထောင့်မျှော်စင် တစ်ခု ဖြစ်သည်။

ပုံစံအရ ကြည့်ရလျှင် ထိုအဆောက်အဦးကို ဆောက်စဉ်က ဖုန်းရွှေပညာရှင် နှင့် သေချာတိုင်ပင်ခဲ့ပုံရသည်။

ထိုအဆောက်အဦး၏ ဖုန်းရွှေမှာ အလွန်ကောင်းမွန်ပြီး မျိုးနွယ်စုကို စည်ပင်စေကာ နယ်မြေတစ်ခုလုံးကို အေးချမ်းစေမည့် ပုံစံမျိုး ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ အဆောက်အဦးများမှာ အနည်းငယ် ပိုနိမ့်သော်လည်း လီယန်ချူ၏ မှတ်ဉာဏ်ထဲရှိ လျူမိသားစုဘိုးဘွားရိပ်သာ၏ ပုံစံနှင့် အတော်လေး ထပ်တူကျနေသည်။

မူလ လျူမိသားစုဘိုးဘွားရိပ်သာမှာ ဒီလို ရှစ်တောင့်မျှော်စင် တစ်ခု ရှိနေခဲ့တာလား

လီယန်ချူ အံ့ဩသွားမိသည်။

အကြောင်းမှာ သူတို့ နောက်ပိုင်းတွင် မြင်တွေ့ခဲ့ရသော လျူမိသားစုဘိုးဘွားရိပ်သာ အကြွင်းအကျန်များတွင် ထိုမျှော်စင် မရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ ဖုန်းရွှေကောင်းမွန်ပြီး မျိုးနွယ်စုကို စည်ပင်စေမည့် အဆောက်အဦးကို အပင်ပန်းခံ ဆောက်လုပ်ထားခဲ့ပြီးမှ နောက်လူတွေက ဘာကြောင့်များ အစအနမကျန်အောင် ဖျက်ဆီးပစ်ခဲ့ကြတာလဲ။

လီယန်ချူ၏ ဦးနှောက်ထဲတွင် အတွေးစများမှာ လျှပ်စီးလက်သကဲ့သို့ တရစပ် ဖြတ်သန်းသွားတော့သည်။

သူသည် တံတိုင်းပေါ်မှ အသာအယာ ခုန်ဆင်းလိုက်ကာ

"ဘိုးဘွားရိပ်သာရှိတဲ့ နေရာကို ငါတွေ့ပြီ၊ သွားကြစို့"

သူတို့တစ်စုမှာ လျူမိသားစုဘိုးဘွားရိပ်သာ၏ ရှေ့သို့ မကြာမီ ရောက်ရှိလာကြသည်။

ရင်းနှီးနေသော ဤအဆောက်အဦးကို မြင်လိုက်ရသည့်အခါ အားလုံးမှာ အသက်ရှူပင် မှားသွားကြသည်။

ဆန်းကြယ်ထူးဆန်းမှု အားလုံးသည် ဤဘိုးဘွားရိပ်သာမှ စတင်ခဲ့သလို၊ လျူမိသားစု၏ ပျက်သုဉ်းမှုမှာလည်း ထိုနေရာမှပင် စတင်ခဲ့ခြင်း ဖြစ်သည်။

ပျက်စီးသွားသည့် အရှိန်အဟုန်မှာလည်း အလွန်ပင် မြန်ဆန်လှရာ အံ့ဩဖွယ်ပင်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ထိုဘိုးဘွားရိပ်သာသည် လျူမိသားစု မျိုးဆက်သစ်များကို ဒုက္ခပေးနေဆဲဖြစ်ရာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော လျူကျွင်း၏ အဘိုးမှာပင် ထူးဆန်းစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဤနက်နဲသော မြို့ကလေးတွင် လီယန်ချူသည် အရှိန်ဝါကြည့်အတတ် ကို သုံး၍ ထိုဘိုးဘွားရိပ်သာ၏ အငွေ့အသက်ကို ကြည့်လိုက်ရာ အလွန်ပင် ရှုပ်ထွေးနေသည်ကို တွေ့ရသည်။

၎င်းမှာ ယင်နှင့်ယန် ဆန့်ကျင်နေသော အလွန်နိမိတ်မကောင်းသည့် နေရာမှန်သော်လည်း ယခုမြင်ကွဲမှာမူ အလွန်အမင်း ဆိုးဝါးလွန်းလှသည်။

ရန်ငြိုးရန်စအငွေ့အသက် များမှာ ကောင်းကင်သို့ လွှမ်းနေသည်။

၎င်းမှာ ဘိုးဘွားများကို ပူဇော်သော ဘုရားကျောင်းနှင့် မတူဘဲ လူအသက်ကို ရန်ရှာတတ်သော မိစ္ဆာနတ်ဆိုး ကို ပူဇော်ထားသည့် ဘုရားကျောင်းနှင့် ပိုတူနေသည်။

ထိုစဉ်က လျူမိသားစုဝင်များ သေဆုံးပုံမှာလည်း အလွန်ထူးဆန်းပြီး အသက်ကြီးသူများမှ စ၍ သေဆုံးခဲ့ကြခြင်းမှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။

"ကဲ... သွားရအောင်၊ အထဲဝင်ကြည့်မယ်"

လီယန်ချူသည် ရှေ့ဆုံးမှနေ၍ ဘိုးဘွားရိပ်သာထဲသို့ ဝင်လာခဲ့သည်။

နောက်ပိုင်းတွင် ပျက်စီးယိုယွင်းနေသည့် ပုံစံနှင့် မတူဘဲ ယခုမြင်ရသော လျူမိသားစုဘိုးဘွားရိပ်သာမှာ မူလပုံစံအတိုင်း ရှိနေသေးသည်။

အိမ်ရာများ ပြိုကျပျက်စီးခြင်း မရှိသေးပေ။

"ဟာ... စီနီယာ၊ ဟိုမှာ ကြည့်ပါဦး"

ကျန်းဝေက အလန့်တကြား အော်ဟစ်လိုက်သည်။

လီယန်ချူသည် သူညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ သူကိုယ်တိုင်ပင် အံ့ဩသွားမိတော့သည်။

ဤဘိုးဘွားရိပ်သာ၏ နံရံပေါ်တွင် စိပ်စိပ်ပိတ်ပိတ်ရှိသော လက်ဗွေရာများ နှင့် ပရမ်းပတာဖြစ်နေသော လက်သည်းရာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ခုက အထဲတွင် ပိတ်မိနေပြီး အပြင်သို့ ထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည့်ပုံစံမျိုး ဖြစ်နေသည်။

"ဒါက သိပ်ကို မိစ္ဆာဆန်လွန်းတယ်၊ ဒါတွေက တကယ်တော့ ဘာဖြစ်နေတာလဲ "

ကျန်းဝေက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

"အားလုံး သတိထားကြ၊ လူစုမကွဲစေနဲ့။ ဒီဘိုးဘွားရိပ်သာက အတော်လေး ထူးဆန်းတယ်၊ သေချာပေါက် မိစ္ဆာတစ်ကောင်ကတော့ အထဲမှာ ရှိနေမှာပဲ"

လီယန်ချူက သတိပေးလိုက်သည်။

ကျန်းဝေ၏ မျက်နှာမှာ ဖြူလျော်နေသည်။

သူသည် ငြိမ်ငြိမ်မနေတတ်ဘဲ ရတနာရှာဖွေ စွန့်စားရသည်ကို ဝါသနာပါသူဖြစ်သဖြင့် ဂူဗိမာန်ကြီးများစွာကို ရောက်ဖူးသူ ဖြစ်သည်။

သူသည် တစ်ခါက မှူးမတ်တစ်ဦး၏ ဂူဗိမာန်ထဲတွင် ကျောက်ခေါင်းတလား တစ်ခုကို တွေ့ရှိခဲ့ဖူးသည်။

ခေါင်းတလားကို ဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။

အတွင်း၌ ရွှေချည်ထိုး ပိုးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ရှိနေသည်။

အလောင်းမှာ ခြောက်ကပ်နေပြီဖြစ်သော်လည်း လက်နှစ်ဖက်မှာမူ ရှေ့သို့ ကွေးကွေးကြီး ဆန့်ထွက်နေကာ လက်သည်းများမှာလည်း အကုန်လုံး ပွန်းပဲ့ကျိုးပဲ့နေကြသည်။

ခေါင်းတလား အဖုံး၏ အတွင်းဘက်တွင်မူ လက်သည်းဖြင့် ကုတ်ခြစ်ထားသည့် အရာများစွာ ရှိနေသည်။

ထိုအမျိုးသမီးမှာ ကျောက်ခေါင်းတလားထဲတွင် အရှင်လတ်လတ် အသက်ရှူကျပ် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိသာလှသည်။

ထိုစဉ်က ခေါင်းတလားပေါ်က ပရမ်းပတာ ကုတ်ခြစ်ရာများကို ကြည့်ရင်း ကျောက်ခေါင်းတလားထဲတွင် ပိတ်မိနေခဲ့သော ထိုအမျိုးသမီး မည်မျှအထိ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နာကျင်ခဲ့ရမည်ကို၊ ရန်ငြိုးရန်စများ မည်မျှအထိ ကြီးမားနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

ထိုစဉ်ကလည်း ခေါင်းတလား ဖွင့်ပြီးသည်နှင့် ထိုအမျိုးသမီးမှာ ချက်ချင်းပင် မိစ္ဆာအဖြစ် နိုးထလာကာ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်မိစ္ဆာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုစဉ်က ကျန်းဝေမှာ ဒုတိယအဆင့် ကျင့်ကြံခြင်းအစောပိုင်းမျှသာ ရှိသေးသဖြင့် သူ၏ ကျင့်စဉ်မှာလည်း မတည်ငြိမ်သေးပေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ရံတော် အဆောင်လက်နက်များကြောင့်သာ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် အရှင်လတ်လတ် ပိတ်မိသေဆုံးခဲ့ရသူ၏ ထိုကြီးမားလှသော ရန်ငြိုးရန်စ အငွေ့အသက်မှာ ယနေ့တိုင် သူ့အား ထိတ်လန့်စေဆဲ ဖြစ်သည်။

All Chapters