အခန်း (၄၇၅-၄၇၆)
Vol. 48 Ch. 475-476
အခန်း (၄၇၅) - ခေါင်းတလားသံမှို ၊ အရာဝတ္ထုထိန်းချုပ်အတတ် ၊ ချုပ်နှောင်မှုစွမ်းရည် ၊ သရဲကြီးနှင့် တိုက်ပွဲ ၊ အချည်းနှီးဖြစ်သွားသော တိုက်ကွက်
လီယန်ချူသည် ထိုအဆောင်လက်နက်များကို မိမိအတွက် ရွေးချယ်ခြင်းမပြုခဲ့ပေ။
သူ၏ လက်ရှိကျင့်စဉ်အဆင့်မှာ ဒုတိယအဆင့်နှောင်းပိုင်း၊ ယင်ဝိညာဥ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအား ကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။
သူကျင့်ကြံထားသော စိတ်ဝိညာဉ်စွမ်းအားမှာ လုံဟူရှန်း၏ ထိုက်ကျိယန်ယင်လျှို့ဝှက်ချက် ဖြစ်ပြီး စွမ်းပကား အလွန်ကြီးမားလှသည်။
ထိုအဆောင်လက်နက်များမှာ နှိုင်းယှဉ်လျှင် သာမန်မျှသာရှိပြီး ကာကွယ်ရန် အတွက် ပြဿနာမရှိသော်လည်း၊ လီယန်ချူ၏ ထိုက်ကျိယန်ယင်အတတ်ဖြင့် မနှိမ်နင်းနိုင်သော သရဲမျိုးဆိုပါက ဤအဆောင်လက်နက်များကလည်း အရာထင်မည်မဟုတ်ပေ။
သို့သော်လည်း သင့်တော်သော အခွင့်အရေးရှိပါက ရန်သူကို အားအင်ကုန်ခမ်းအောင် တိုက်ခိုက်ရာတွင် အသုံးပြုရန် သူ စဉ်းစားထားပေသည်။
ဝုန်းး ဝုန်းး
လျူမိသားစုဘိုးဘွားရိပ်သာအတွင်းမှ ပြင်းထန်သော အသံကြီးများနှင့်အတူ ထိုသရဲကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
ထိုအချိန်တွင် လီယန်ချူ အသေအချာ မြင်လိုက်ရသည်မှာ... ထိုသရဲကြီးကို မိန်းမလျာပုံစံ မိစ္ဆာတစ်ကောင်က လှံရှည်ဖြင့် တရစပ် ထိုးနှက်နေခြင်းပင်။
ထိုမိစ္ဆာ၏ အလျင်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် သရဲကြီးမှာ နာကျင်စွာ ဟိန်းဟောက်နေရသော်လည်း သူ့ကို ဘာမှပြန်မလုပ်နိုင်ဘဲ ဖြစ်နေသည်။
တစ်ဖက်တွင်လည်း ယင်ယန်ဆရာ တစ်ဦးမှာ မြေအိုးတစ်လုံးကို ကိုင်ထားပြီး ထိုထဲမှ ဖြူဖွယ်သော အရိုးပြာများကို ကျဲပက်နေသည်။
ထိုအရိုးပြာများမှာ အသက်ရှိနေသည့်အလား သရဲကြီး၏ ကိုယ်ပေါ်သို့ အရိုးထဲထိ စွဲကပ်သွားကာ သရဲကြီး၏ လှုပ်ရှားမှုများကို တဖြည်းဖြည်း နှေးကွေးသွားစေသည်။
ထိုသူနှစ်ဦးမှာ ကျိချင်းဘုန်းကြီး မြင်တွေ့ခဲ့ရသော နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး နောက်သို့ လိုက်သွားသည့် သူနှစ်ဦးပင် ဖြစ်ရမည်။
ယင်ယန်ဆရာတစ်ဦးနှင့် မိန်းမလျာပုံစံ မိစ္ဆာတစ်ကောင်။
လီယန်ချူ၏ အရှိန်ဝါကြည့်အတတ် ဖြင့် ကြည့်လိုက်လျှင် ထိုသူနှစ်ဦး၏ အငွေ့အသက်မှာ ဝေဝါးနေပြီး နိမိတ်မကောင်းမှုများဖြင့် ပြည့်နှက်နေသည်။
"သူတို့ကလည်း သရဲတွေပဲလား"
လီယန်ချူ အနည်းငယ် အံ့ဩသွားမိသည်။
မူလက သူသည် ဤသူများကို တစ်စုံတစ်ရာသော လျှို့ဝှက်အတတ်ဖြင့် သွေးလနတ်မြို့ကလေးထဲသို့ ဝင်ရောက်လာသည့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
"ဟုမ်းးး"
ထိုထွားကျိုင်းလှသော သရဲကြီးမှာ ရုတ်တရက် သောင်းကျန်းလာတော့သည်။
သူ၏ ဧရာမခန္ဓာကိုယ်ကြီးပေါ်မှ အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်လာပြီး နီရဲနေသော မျက်လုံးအစုံမှာ ကြည့်ရသူကို ကြက်သီးထစေသည်။
သူသည် သူ၏ လက်မောင်းတစ်ဖက်ကို ရင်ဘတ်ပေါ်ရှိ ပါးစပ်ကြီးထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်လေသည်။
ကရက် ကရက် ကရက်
အရိုးများနှင့် အသားများကို ကြိတ်ဝါးနေသည့် နားမခံသာသော အသံများ ထွက်ပေါ်လာရာ ကြားရသူတိုင်း ဗိုက်ထဲက မအီမသာ ဖြစ်သွားစေသည်။
သို့သော် ထိုသရဲကြီး၏ အငွေ့အသက်မှာမူ ရုတ်တရက် အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
မိန်းမလျာမိစ္ဆာ၏ မျက်လုံးထဲတွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်လာကာ လက်ထဲက လှံရှည်ကို အနက်ရောင် သံကြိုးတစ်ချပ်အဖြစ် ပြောင်းလဲလိုက်ပြီး သရဲကြီးကို နောက်ထပ် မလှုပ်ရှားနိုင်အောင် တိုက်ရိုက် ပတ်နှောင်လိုက်သည်။
ယင်ယန်ဆရာကလည်း ရင်ခွင်ထဲမှ အဖြူရောင် ဖယောင်းတိုင်တစ်တိုင်ကို ထုတ်၍ ထွန်းညှိလိုက်သည်။
ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်နှင့် ဖယောင်းတိုင်ပေါ်မှ စိမ်းဖန့်ဖန့် မီးတောက်များ ထွက်ပေါ်လာသည်။
၎င်းမှာ လူတို့ပြောလေ့ရှိသည့် သရဲမီး နှင့် အလွန်တူလှသည်။
သံကြိုးနှင့် စိမ်းဖန့်ဖန့်မီးတောက်များမှာ အလုပ်ဖြစ်သွားပုံရသည်။
သရဲကြီး၏ လှုပ်ရှားမှုများမှာ ကန့်သတ်ခံလိုက်ရပြီး ထိုအဖြူရောင်ဖယောင်းတိုင်မှာ သရဲများကို ဆွဲဆောင်နိုင်သည့် အစွမ်းရှိပုံရသဖြင့် သရဲကြီးမှာ ငြိမ်သက်သွားကာ ကိုယ့်လက်မောင်းကိုယ် ဝါးနေသည့်အသံများ တိုးသွားပြီး လှုပ်ရှားမှုများလည်း အလွန်နှေးကွေးသွားသည်။
၎င်းတို့မှာ သရဲကြီး သောင်းကျန်းလာမည့် အခြေအနေကို ဟန့်တားရန် ကြိုးစားနေကြခြင်းမှာ သိသာလှသည်။
ဗျစ်
ရုတ်တရက် ယင်ယန်ဆရာ၏ နဖူးအလယ်တည့်တည့်တွင် ခေါင်းတလားသံမှို တစ်ချောင်း စိုက်ဝင်သွားသည်။
မြင်ရသူအဖို့ ရင်ထိတ်စရာပင်
သွေးများမှာ ပင့်ကူအိမ်အလား သူ၏ မျက်နှာတစ်ခုလုံးသို့ ချက်ချင်း စီးကျသွားတော့သည်။
ထိုသရဲမှာ နာကျင်စွာဖြင့် သူ၏ နဖူးကို အုပ်ထားလိုက်ရပြီး လက်ထဲမှ အဖြူရောင်ဖယောင်းတိုင်နှင့် မြေအိုးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုအခါ သရဲကြီး၏ အငွေ့အသက်မှာ တစ်ဖန် ပြန်လည် အားကောင်းလာကာ ကိုယ့်လက်မောင်းကိုယ် ဝါးနေသည့် အရှိန်မှာလည်း မြန်လာတော့သည်။
စောစောက တိုက်ခိုက်လိုက်သူမှာ လီယန်ချူပင် ဖြစ်သည်။
သူသည် အရာဝတ္ထုထိန်းချုပ်အတတ် ဖြင့် ခေါင်းတလားသံမှိုတစ်ချောင်းကို ထိန်းချုပ်ကာ ယင်ယန်ဆရာ၏ နဖူးကို ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
"အံ့ဩစရာကောင်းတဲ့ အရာဝတ္ထုထိန်းချုပ်အတတ်ပဲ"
ကျိချင်းဘုန်းကြီးသည် မိမိ၏ ဗလာ ဖြစ်သွားသော လက်ဖဝါးကို ကြည့်ရင်း မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဒီလီတာအိုဆရာက ဘာကြောင့် အဆောင်လက်နက်တွေ မယူတာလဲဆိုတာ နားလည်သွားပြီ။
ဤမျှ ဆန်းကြယ်လှသော တာအိုအတတ်များဖြင့်တင် မိစ္ဆာများကို နှိမ်နင်းနိုင်ရုံမက၊ သူ့တွင် အရာဝတ္ထုထိန်းချုပ်အတတ် ရှိနေသဖြင့် မည်သည့်လက်နက်ကိုမဆို အချိန်မရွေး လှမ်းယူသုံးစွဲနိုင်ရာ အနားမှာ ဆောင်ထားစရာ မလိုတော့ပေ။
ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားများဖြင့် မိစ္ဆာနှိမ်နင်းလေ့ရှိသော ကျိချင်းဘုန်းကြီးသည် ပထမဆုံးအကြိမ်အဖြစ် မနာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာရသည်။
တကယ်ကို လန်းတာပဲ
သူသည် လီယန်ချူကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
ကျန်းဝေမှာမူ ထုံးစံအတိုင်း လီယန်ချူကို ကိုးကွယ်ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီးမှ၊ ဘေးနားက မျက်လုံးများ တောက်ပနေသော ကျိချင်းဘုန်းကြီးကို သတိထားမိသွားကာ စိတ်ထဲမှ ရုတ်တရက် သတိပြုလိုက်မိသည်။
ဒီဘုန်းကြီးကတော့ တစ်ခုခု မှားနေပြီ...
သို့သော် ချက်ချင်းပင် သူက အေးစက်စွာ ပြုံးလိုက်မိသည်။
ရှောင်ရန် လို လှတဲ့မိန်းကလေးတောင် ငါ့ကို မယှဉ်နိုင်တာ၊ မင်းလို ကတုံးက ငါနဲ့လာပြီး မျက်နှာသာပေးခံရဖို့ ပြိုင်ချင်သေးတာလား။
မင်းမှာ ဒုတိယအစ်မ ရှိလို့လား
ကျိချင်းဘုန်းကြီးမှာမူ သူ့ကို ကျန်းဝေက အမှိုက် တစ်ခုလို သဘောထားနေသည်ကို မသိရှာပေ။
သူသည် လီယန်ချူ၏ လှုပ်ရှားမှုများကို အာရုံစိုက်နေပြီး မိမိ၏ ဦးနှောက်ထဲတွင် မှတ်သားကာ သင်ယူရန် ကြိုးစားနေသည်။
မိမိဘာသာ လေ့လာသင်ယူရသူ တစ်ဦးမှာ ဤသို့ပင် သင်ယူမှုတွင် ထက်သန်လှသည်။
ဘုန်း
ပြင်းထန်သော အသံကြီးနှင့်အတူ အနက်ရောင်လှံရှည်မှာ တိုက်ရိုက် ကျိုးပြတ်သွားတော့သည်။
အဓိကမှာ စောစောက မိန်းမလျာမိစ္ဆာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး စွမ်းအားထုတ်လွှတ်မှု ရပ်တန့်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခွန်အားကြီးမားလှသော သရဲကြီးကို မချုပ်နှောင်နိုင်တော့ပေ။
တာအိုအတတ်
ချုပ်နှောင်ခြင်းအတတ်
ထိုမိန်းမလျာမိစ္ဆာ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ချိန်တွင် ဧရာမ လက်ကြီးတစ်ဖက်က သူ့ဆီသို့ လှမ်းဖမ်းလိုက်ပြီဖြစ်သည်။
၎င်းမှာ ထိုခွန်အားကြီးသော သရဲကြီးပင် ဖြစ်သည်။ မိစ္ဆာမှာ နောက်သို့ အတင်းဆုတ်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ထပ်မံ တောင့်တင်းသွားပြန်သည်။
"တောက်"
သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သရဲကြီး၏ လက်ဝါးမှာ သူ၏ လက်မောင်းကို ဖမ်းမိသွားပြီး ကရက်ကရက် ဆိုသည့် အသံနှင့်အတူ သူ၏ အသားနှင့် အရိုးများကို သရဲကြီး၏ လက်ဖဝါးအလယ်ရှိ ပါးစပ်က ကြိတ်ဝါးပစ်လိုက်သည်။
သို့သော် သူသည် ယခုအချိန်တွင် မည်သည့်အသံမျှ မထွက်နိုင်သလို၊ မည်သို့မျှလည်း မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။
ချုပ်နှောင်ခြင်းအတတ်၏ အာနိသင် ကုန်ဆုံးသွားသည့်တိုင်အောင်ပင်
"အားးး"
မိန်းမလျာမိစ္ဆာသည် စူးရှလှသော အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ရသည်။
အလွန်အမင်း နာကျင်လွန်းသဖြင့် သူ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေတော့သည်။
ထိုအချိန်တွင် သရဲကြီးမှာ ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားကာ အဖြူရောင်ဖယောင်းတိုင် ရှိရာဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
ထိုအရာမှာ သရဲများကို ဆွဲဆောင်နိုင်စွမ်း အလွန်မြင့်မားလှသဖြင့် လက်ထဲက အစာကိုပင် စွန့်လွှတ်စေနိုင်သည်။
ယင်ယန်ဆရာ၏ နဖူးတွင် ခေါင်းတလားသံမှို စိုက်နေသဖြင့် သူ၏ မျက်လုံးများမှာ သွေးစက်လက် ဖြစ်နေပြီး မျက်နှာမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖြစ်ပျက်သမျှမှာ အလွန်ထူးဆန်းလွန်းလှသဖြင့် သူ စဉ်းစားချိန်မရဘဲ ထိုအဖြူရောင်ဖယောင်းတိုင်ဖြင့် သရဲကြီးကို အရင်ဆုံး ဆွဲဆောင်ထားရန်သာ ကြိုးစားလိုက်ရသည်။
ချက်ချင်းပင်
သူ့လက်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး အဖြူရောင်ဖယောင်းတိုင်မှာ ပျောက်ကွယ်သွားတော့သည်။
"ဟင်"
ယင်ယန်ဆရာ အသွင်ဆောင်ထားသော ထိုသရဲမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကာ မျက်လုံးများ ပြူးသွားတော့သည်။
ငါ့ရဲ့ ဖယောင်းတိုင်ကြီး ဘယ်ရောက်သွားတာလဲ
သူ အလွန်အံ့ဩသွားရသည်။
ထို့နောက် သူ၏ အကြည့်မှာ လမ်းမပေါ်သို့ ရောက်ရှိသွားသည်။
ပျက်စီးနေသော နံရံများကြားမှတစ်ဆင့် ထိုနေရာတွင် လူတစ်စု ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအဖွဲ့၏ ရှေ့ဆုံးတွင် အလွန်ချောမောသော လူငယ်တာအိုဆရာတစ်ဦး ရှိနေပြီး လက်ထဲတွင် အဖြူရောင်ဖယောင်းတိုင်ကို ကိုင်ထားသည်။
"မသာ တာအိုဆရာ "
ယင်ယန်ဆရာ၏ အသံမှာ စူးရှနေပြီး ကောင်းကင်တိုင်အောင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
နောက်တစ်စက္ကန့်တွင် အလင်းတန်းတစ်ခုမှာ သူ၏ဆီသို့ ပျံသန်းလာရာ သူ၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
သူသည် မိမိ၏ နဖူးတွင် စိုက်နေသော ခေါင်းတလားသံမှိုကို သတိရသွားကာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။
အကယ်၍ နောက်ထပ်တစ်ချောင်းသာ ထပ်စိုက်ခံရပါက သူ သေတာထက် ပိုဆိုးပေလိမ့်မည်။
ထိုအချိန်တွင်ပင်...
ယင်ယန်ဆရာသည် သူ၏ အစွမ်းထက်ဆုံး ဝှက်ဖဲ ကို ထုတ်သုံးလိုက်တော့သည်။
နတ်နံ့သာတိုင်
ထိုနံ့သာတိုင်မှာ အလွန်ဆန်းကြယ်လှသည်။
မီးညှိစရာမလိုဘဲ စိတ်အာရုံဖြင့်ပင် ထွန်းညှိနိုင်သည်။
ထိုအစွမ်းကြောင့်ပင် သူ၏ ရှေ့တွင် ဆန်းကြယ်သော စွမ်းအားတစ်ခု ချက်ချင်းပေါ်လာပြီး ထိုအလင်းတန်းကို တိုက်ရိုက် ပိတ်ဆို့လိုက်လေသည်။
ထူးဆန်းသည်မှာ ထိုနတ်နံ့သာတိုင်မှာ တိုက်ခိုက်မှု တစ်ကြိမ်ကိုသာ ကာကွယ်နိုင်သည့် တစ်ခါသုံးပစ္စည်းအလား ချက်ချင်းပင် လောင်ကျွမ်းပြာကျသွားတော့သည်။
"တောက်"
ယင်ယန်ဆရာသည် ထိုအလင်းတန်းမှာ အဘယ်အရာဖြစ်ကြောင်း အသေအချာ မြင်လိုက်ရသည့်အခါ မဆဲဘဲ မနေနိုင်တော့ပေ။
၎င်းမှာ... သာမန် ကျောက်ခဲတစ်လုံးမျှသာ ဖြစ်သည်။
ဤအရာမှာ သူ၏ ခန္ဓာကိုယ်ကို ထိမှန်လျှင်ပင် သူ့ကို အသေအပျောက်ဖြစ်စေနိုင်သည့် ဒဏ်ရာမျိုး ပေးနိုင်မည်မဟုတ်ပေ။
သူသည် သရဲတစ်ကောင် ဖြစ်သဖြင့် ဤမျှ ဒဏ်ရာမျိုးကို အလွယ်တကူ ပြန်လည်ကုသနိုင်သည် မဟုတ်ပါလား။
"ခွေးသား... မင်း တကယ့်ကို ယုတ်မာလွန်းတာပဲ"
ယင်ယန်ဆရာက ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
အခန်း (၄၇၆) - အဆုံးသတ် တိုက်ကွက် အချည်းနှီးဖြစ်ခြင်း၏ ရလဒ် ၊ မမြင်ရသော သရဲ ၊ လီယန်ချူ နှစ်ယောက် ဖြစ်နေတာလား
ဤအခြေအနေမှာ လီယန်ချူ၏ သာမန်တိုက်ကွက် တစ်ချက်ကို ရင်ဆိုင်ရန် ယင်ယန်ဆရာက သူ၏ အစွမ်းထက်ဆုံး အဆုံးသတ်တိုက်ကွက် ကို ထုတ်သုံးလိုက်ရသကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင် ထိုသရဲကြီးသည် ယင်ယန်ဆရာထံသို့ ဝုန်းခနဲ ပြေးဝင်သွားပြီး တိုက်ရိုက် ဝါးမြိုတော့သည်။
ယင်ယန်ဆရာမှာ နည်းလမ်းပေါင်းစုံရှိပြီး အသက်ဘေးမှ လွတ်မြောက်နိုင်သည့် နတ်နံ့သာတိုင် ကဲ့သို့သော ပစ္စည်းများပင် ရှိသော်လည်း၊ တစ်ဖက်လူ၏ သာမန်ကျောက်ခဲတစ်လုံးကြောင့် သူ၏ ဝှက်ဖဲကို အလကား အဖြုန်းခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လီယန်ချူ၏ ဤကဲ့သို့ ပါးနပ်လှသော ကစားကွက်မှာ ဘေးနားရှိ အဖော်များကို မျက်လုံးပြူးသွားစေပြီး တစ်ကိုယ်လုံး ထုံကျဉ်သွားလောက်အောင် အံ့ဩသွားကြရသည်။
"ဝူးးး ဝူးးး"ာ
မည်သည့်အချိန်က စတင်ခဲ့သည်မသိ၊ သွေးရောင်လွှမ်းနေသော ဤမြို့ကလေးမှာ မှောင်အတိ ကျသွားတော့သည်။
ပတ်ဝန်းကျင်ရှိ မြင့်မားမတ်စောက်သော တောင်တန်းကြီးများသည်လည်း အမှောင်ထုထဲတွင် ပုန်းကွယ်နေပြီး၊ တစ်ခါတစ်ရံတွင် နီရဲနေသော မျက်လုံးအစုံတို့က မြို့ကလေးကို စိုက်ကြည့်နေကြ၏။
ကောင်းကင်ယံရှိ သွေးလမင်းမှာ ပို၍ စူးရှတောက်ပလာပြီး သွေးများ ယိုစီးကျလာတော့မည့်အလား ရင်ထိတ်စရာ ကောင်းလှသည်။
သို့သော် ထိုသွေးလမင်း၏ အလင်းရောင်မှာ ဤဆန်းကြယ်သော မြို့ကလေးကိုမူ ဆက်လက် မထွန်းလင်း ပေးတော့ပေ။
မြို့ကလေးအတွင်း၌ တစ်စုံတစ်ရာသော အပြောင်းအလဲများ ဖြစ်ပေါ်နေပုံရပြီး၊ ထိုအပြောင်းအလဲမှာ ကောင်းမလား၊ ဆိုးမလားဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။
မကြာမီတွင် ထိုမိန်းမလျာမိစ္ဆာသည် ကိုယ်လုံးတစ်ဝက် အကိုက်ခံထားရသော ယင်ယန်ဆရာကို ပစ်ထားခဲ့ကာ လျူမိသားစုဘိုးဘွားရိပ်သာထဲသို့ လှည့်၍ ထွက်ပြေးသွားတော့သည်။
မိစ္ဆာတွေပီပီ အဖွဲ့အစည်းစိတ်ဓာတ် ဆိုတာ ဝေးရော။
ယင်ယန်ဆရာမှာမူ သရဲကြီး၏ ပါးစပ်ကြီးထဲမှ ရုန်းထွက်ရန် အတင်းကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ထိုသရဲကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ယင်ယန်ဆရာကို စားပြီးနောက် သရဲကြီး၏ အငွေ့အသက်မှာ ပို၍ အေးစက်ကြမ်းကြုတ်လာကာ မရပ်မနား ဟိန်းဟောက်ရင်း လျူမိသားစုဘိုးဘွားရိပ်သာထဲသို့ ဒုန်းစိုင်း ဝင်သွားတော့သည်။
သူသည် ထိုမိန်းမလျာမိစ္ဆာကို ဆက်လက် လိုက်လံ သတ်ဖြတ်ရန် သွားခြင်းပင်။
"ဒီကောင်က တော်တော်လည်း ရန်ငြိုးကြီးတာပဲ"
လီယန်ချူက အားလုံးကို ရယ်မောရင်း ပြောလိုက်သည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် ရယ်နိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
လူတိုင်း၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။
မြို့ကလေး၏ မူလစည်းမျဉ်းတစ်ခုခု ကျိုးပျက်သွားပြီဟု သူတို့ ခံစားနေရသည်။
ဧရာမ ခေါင်းတလားကြီးနှင့် တူလှသော လျူမိသားစုဘိုးဘွားရိပ်သာ ဖြစ်စေ၊ တစ်စထက်တစ်စ အဆင့်တက်နေသော သရဲကြီး ဖြစ်စေ အားလုံးမှာ သူတို့အတွက် မျှော်လင့်ချက်မဲ့စေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်နေပြီး အမှောင်ထု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေသည်ကို ကြည့်ကာ သူတို့ အလွန် စိုးရိမ်ထိတ်လန့်နေကြသည်။
သို့သော်လည်း...
ရေလှိုင်းများ တွန့်လိမ်သွားသကဲ့သို့ အခြေအနေတစ်ခု ဖြစ်ပေါ်ပြီးနောက် တစ်မြို့လုံး ပြန်လည် တည်ငြိမ်သွားပြန်သည်။
ပြိုကျပျက်စီးနေသော အိမ်ရာများသည်လည်း မြို့ကလေးထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။
"ဟိုမှာကြည့် ကောင်းကင်က သွေးလမင်းကြီး မရှိတော့ဘူး "
ကျန်းဝေက အထက်သို့ ကြည့်ကာ အံ့ဩတကြီး ဟစ်အော်လိုက်သည်။
လီယန်ချူတို့ အထက်သို့ လှမ်းကြည့်လိုက်သည့်အခါ မျက်လုံးကို ကျိန်းသွားစေသော နေရောင်ခြည်ကိုသာ မြင်လိုက်ရတော့သည်။
ကြောက်မက်ဖွယ် သွေးလမင်းကြီး နေရာတွင် တောက်ပသော နေမင်းကြီး တစ်စင်း ရောက်ရှိနေပြီ ဖြစ်သည်။
ဒါဟာ ယင်နဲ့ယန် ထိပ်တိုက်တွေ့နေတဲ့ အလွန်နိမိတ်မကောင်းတဲ့ နေရာ ပေါ့လေ ဟု လီယန်ချူက စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
"အမိတာဘ... ဒီနေရာက ဒီလောက်အထိ ကြမ်းမှန်းသိရင် ဆရာတော် ဒီလမ်းကြောင်းကို ဖွင့်ပြီး ဝင်မလာခဲ့ပါဘူး"
ဟု ကျိချင်းဘုန်းကြီးက ဆိုသည်။
ယခုကိစ္စမှာ သူ့အတွက် သင်ခန်းစာ အကြီးအကျယ် ရစေခဲ့သည်။
လောကကြီး၏ ဆန်းကြယ်ထူးဆန်းသော နေရာအချို့တွင် သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့် နားမလည်နိုင်သော အရာများစွာ ရှိနေသေးသဖြင့် နောင်တွင် မဆင်မခြင် မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျိချင်းဘုန်းကြီး၏ စကားကို ကြားရသောအခါ အဖြစ်အပျက် အစအဆုံးကို သိထားသည့် ဘုန်းကြီးနှစ်ပါးဖြစ်သော ရွှီမင်နှင့် ရွှီဟွေ့တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာနီသွားကြသည်။
အားလုံးက မိစ္ဆာနှိမ်နင်းသူတွေချည်း ဖြစ်ပါလျက် သူတို့နှစ်ဦးမှာ ဤနေရာတွင် ပိတ်မိနေပြီး သူတစ်ပါးကို လာကယ်ခိုင်းရရုံမက၊ အခုတော့ လာကယ်တဲ့လူကိုပါ ဒီထဲမှာ အဖော်လုပ်ခိုင်းသလို ဖြစ်နေသည့်အတွက် ရှက်ကိုးရှက်ကန်း ဖြစ်နေကြခြင်းပင်။
သာမန်လူ ဖြစ်သည့် လျူကျွင်းမှာမူ ထိုကဲ့သို့ ရှုပ်ထွေးသော ခံစားချက်မျိုး မရှိပေ။
အကြောင်းမှာ သူမက ဘာမှ နားမလည်သောကြောင့် ဖြစ်သည်။
ထိုနေရာမှာ မည်မျှအထိ ဘေးဒုက္ခကြီးမားသည်ကို သူမ မသိပေ။
သူမအဖို့တော့ သာမန်သရဲ တစ်ကောင်သည်ပင် အလွန်အမင်း အန္တရာယ်ရှိသော တည်ရှိမှု မဟုတ်ပါလား။
ယခုအချိန်တွင် လျူကျွင်း၏ ယုံကြည်ကိုးစားမှုမှာ သူမရှေ့က ချောမောခန့်ညားသော လူငယ်တာအိုဆရာဆီမှာသာ ရှိသည်။
ပြတ်သားသော ဆုံးဖြတ်ချက်၊ တည်ငြိမ်သော ဦးနှောက်နှင့် အားကောင်းလှသော စွမ်းဆောင်ရည်တို့မှာ သူမကို လုံခြုံမှု အပြည့်အဝ ပေးစွမ်းနေသည်။
ဘုန်း ဘုန်း
ဘိုးဘွားရိပ်သာအတွင်းမှ ပြင်းထန်သော ပျက်စီးသံများနှင့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
သိသာသည်မှာ သရဲများကို ဝါးမြိုပြီး အဆင့်တက်နေသော ထိုသရဲကြီးသည် လျူမိသားစုဘိုးဘွားရိပ်သာထဲတွင် သောင်းကျန်းနေခြင်း ဖြစ်သည်။
လီယန်ချူကတော့ သဘောကျနေသည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာမှာ အန္တရာယ် ရှိနေပြီးသား ဖြစ်ရာ၊ ထိုသရဲအချင်းချင်း သတ်ကြပါစေဦး၊ ရလဒ်တစ်ခု ထွက်လာမှပဲ ကြည့်ကျပ်လုပ်ရမည်။
ရုတ်တရက် သူ၏ မျက်လုံးများ အေးစက်သွားကာ...
ဘေးနားတွင် ရပ်နေသော ရွှီမင်ဘုန်းကြီးကို လှမ်းကြည့်လိုက်သည်။
"သတိထား"
လီယန်ချူက အော်ဟစ် သတိပေးလိုက်သည်။
ရွှီမင်ဘုန်းကြီး ဘာမှန်းမသိခင်မှာပင်၊ လီယန်ချူတို့ ပစ္စည်းများထဲမှ ရှာတွေ့ခဲ့သော ထို ဗုဒ္ဓဘာသာ စိပ်ပုတီး မှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ဖောင်း
ရွှီမင်ဘုန်းကြီးသည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ရောက်ရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
စိပ်ပုတီး ပေါက်ကွဲသွားသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသော သရဲစိမ်း တစ်ကောင် အနားသို့ ကပ်လာခြင်းပင် အေးစက်သော အငွေ့အသက်များသည် ရွှီမင်ဘုန်းကြီး၏ သွေးကြောများထဲသို့ ချက်ချင်း စိမ့်ဝင်သွားကာ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
"ရပ်"
ဘေးကျပ်နံကျပ် အခြေအနေတွင် လီယန်ချူသည် ချုပ်နှောင်ခြင်းအတတ် ကို အသုံးပြုလိုက်သည်။
ရွှီမင်ဘုန်းကြီးမှာ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားသဖြင့် သက်ပြင်းချလိုက်နိုင်ပြီး၊ လီယန်ချူ၏ ဆွဲထုတ်လိုက်မှုကြောင့် ဘေးသို့ လွင့်ထွက်သွားသည်။
အေးစက်သော အငွေ့အသက်တစ်ခုမှာ လီယန်ချူထံသို့ ချက်ချင်း တိုးဝင်လာပြန်သည်။
လီယန်ချူက စိတ်အာရုံကို စုစည်းလိုက်ကာ...
တာအိုအတတ်
ဘေးလွှဲအတတ်
ဘေးနားရှိ အိမ်တိုင်တစ်လုံးမှာ ချက်ချင်းပင် ဆွေးမြည့်သွားတော့သည်။
နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ် ခံထားရသည့်အလား ပျက်စီးယိုယွင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
လီယန်ချူ၏ မျက်လုံးများမှာ တောက်ပလာပြီး ဝိညာဥ်မျက်စိအတတ် ကို အသုံးပြုလိုက်သည်။
နောက်တစ်ခဏတွင် သူ၏ ဂုတ်သားများမှာ ထောင်ထလာပြီး အေးစက်သော အငွေ့အသက်တစ်ခုမှာ နောက်ကျောဘက်မှနေ၍ စိမ့်ဝင်လာသည်။
သူ၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ အလွန်အမင်း ထူးကဲသော ရှောင်ကွင်းမှုများကို မလုပ်နိုင်ပေ။
ထို့ကြောင့် လီယန်ချူသည် ဘေလွှဲအတတ် ကို ချက်ချင်း အသုံးပြုကာ ထိုမိစ္ဆာ၏ တိုက်ခိုက်မှုကို အခြားတစ်နေရာသို့ လွှဲပြောင်းပေးလိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါတွင်မူ မည်သည့်အရာက သူ့ကို တိုက်ခိုက်နေသည်ကို အသေအချာ မြင်လိုက်ရတော့သည်။
သူ၏ မျက်လုံးများမှာ မှေးကျသွားပြီး ခဏမျှ မှင်တက်သွားရသည်။
သူ့ကို တိုက်ခိုက်နေသူမှာ... မျက်နှာအမူအရာ ပီပြင်ပြီး ဓားကဲ့သို့ မျက်ခုံး၊ ကြယ်ကဲ့သို့ မျက်လုံးများ ရှိသည့် လူငယ်တာအိုဆရာ တစ်ဦးပင် ဖြစ်သည်။
၎င်းမှာ... သူကိုယ်တိုင်ပင် ဖြစ်နေသည်
သို့သော် ဤ လီယန်ချူ မှာ မျက်နှာတစ်ခုလုံး နာကြည်းချက်များဖြင့် ပြည့်နှက်နေပြီး အမူအရာမှာလည်း ထုံထိုင်းနေသည်။
ဝိညာဉ်ဖမ်းစားခြင်းအတတ်
လီယန်ချူသည် ဤအစွမ်းထက်သော တာအိုအတတ်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ ဆွဲငင်အားတစ်ခုမှာ အခြားသော မိမိကိုယ်ကိုယ် ကို လွှမ်းခြုံသွားတော့သည်။
ထိုမျက်နှာပျက်နေသော လီယန်ချူ မှာလည်း သူ၏ တိုက်ခိုက်မှုများက ထိုလူငယ်တာအိုဆရာကို မထိခိုက်စေသည်ကို မြင်ကာ အံ့ဩသွားပုံရသည်။
ခဏမျှ မှင်တက်သွားစဉ်မှာပင် လီယန်ချူ၏ ဝိညာဉ်ဖမ်းစားခြင်းအတတ်ဖြင့် အချုပ်ခံလိုက်ရပြီး သူ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပေါ်လွင်လာသည်။
ဟူးးး
အားလုံးမှာ အသက်ရှူမှားသွားကြပြီး နောက်သို့ မနေနိုင်ဘဲ ဆုတ်လိုက်ကြသည်။
လီယန်ချူ နှစ်ယောက် တစ်ပြိုင်နက်တည်း ပေါ်လာသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည် မဟုတ်ပါလား။
လီယန်ချူသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ကျင့်စဉ်စွမ်းအားများကို ဆက်တိုက် ထုတ်လွှတ်လိုက်ရာ၊ ထိုနာကြည်းနေသော လီယန်ချူ ၏ ပုံရိပ်မှာ ရုတ်တရက် တွန့်လိမ်သွားသည်။
၎င်းမှာ ဝိညာဉ်ဖမ်းစားခြင်းအတတ်၏ အကျိုးသက်ရောက်မှုပင်။
သို့သော် နောက်တစ်ခဏတွင် ထိုပုံရိပ်မှာ အားနည်းပုံရသော လူငယ်သူဌေးသား ပုံစံသို့ ပြောင်းလဲသွားသည်။
သူသည် လီယန်ချူ၏ အစွမ်းထက်သော ဝိညာဉ်ဖမ်းစားခြင်း စွမ်းအားမှ ချက်ချင်း ရုန်းထွက်လိုက်ပြီး...
ကျန်းဝေဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
စောစောက လီယန်ချူ၏ တာအိုအတတ်ကြောင့် ဤမမြင်ရသော သရဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်သည်။
ထိုသို့ ပေါ်လာခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။
မဟုတ်လျှင် မည်သည့်အချိန်တွင် သေရမည်ကိုပင် သိကြလိမ့်မည် မဟုတ်ပေ။
ကျန်းဝေသည် သူ၏ လက်ထဲ၌ ခေါင်းတလားသံမှို တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
ကျင့်စဉ်စွမ်းအား ဆုံးရှုံးသွားသဖြင့် သူ အနည်းငယ် ကြောက်ရွံ့နေသော်လည်း၊ သူ၏ အရိုးထဲတွင်မူ မိစ္ဆာနှိမ်နင်းသူ တစ်ဦး၏ စိတ်ဓာတ် ရှိနေဆဲ ဖြစ်သည်။
သူသည် ခေါင်းတလားသံမှိုကို ဆွဲကိုင်ကာ ထို ကျန်းဝေအတု ၏ မျက်လုံးကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။
သို့သော် ထိုမိစ္ဆာ၏ အလျင်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် ကျန်းဝေ၏ လက်က လှမ်းရုံရှိသေးသည်၊ ထိုမိစ္ဆာမှာ ကျန်းဝေနှင့် မျက်နှာချင်း ဆိုင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။