အခန်း (၁၄၆၁-၁၄၆၂)
Vol. 147 Ch. 1461-1462
အခန်း (၁၄၆၁) - ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး
အဆုံးသတ်တွင် ထိုဝိညာဉ်ပစ္စည်းများအတွက် ဖန့်ချန်သည် ဂုဏ်ထူးဆောင်မှတ် ၁၀၀ သုံးစွဲလိုက်ရသည်။
ဈေးကြီးသည်ဟု ဆိုနိုင်သော်လည်း အချိန်နှင့် လူပင်ပန်းမှုကို များစွာ သက်သာစေခဲ့သည်။
အကယ်၍ ဖန့်ချန်သာ ကိုယ်တိုင်လိုက်လံ ရှာဖွေစုဆောင်းမည်ဆိုပါက အနည်းဆုံး နှစ်ပေါင်း ရာချီ၊ ကြာလျှင် နှစ်ပေါင်း ရာနှင့်ချီ၍ပင် အချိန်ပေးရနိုင်ပေသည်။
ဂုဏ်ထူးဆောင် ခန်းမမှ ထွက်လာကြစဉ် ကျိကန်းက အကြံပြုစကား ဆိုလာသည်။
"ဖန့်အမာခံတပည့်... အခု နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်အပြင်၊ အဆင့် ၃ မသေမျိုး နှစ်ယောက်၊ အဆင့် ၄ မသေမျိုး တစ်ယောက်နဲ့ အဆင့် ၆ မသေမျိုး တစ်ယောက် ရှိနေပြီ။ ကျနော့်အထင်တော့ နောက်ထပ် အဆင့် ၄ မသေမျိုး လေးငါးယောက်လောက် ဒါမှမဟုတ် အဆင့် ၅ မသေမျိုး တစ်ယောက်လောက် ထပ်ရှာသင့်တယ်။ ဒါမှသာ နဂါးနက်လှေအစီရင် ရဲ့ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်နိုင်မှာပါ"
ကြာနီနတ်မိမယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် လှုပ်ခတ်သွားပြီး မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။
"ဒါက စီနီယာအစ်မကြီးတို့ရဲ့ အဖွဲ့ဖွဲ့စည်းပုံမျိုး မဟုတ်ဘူးလား"
ကျိကန်းပြောသည့် ဖွဲ့စည်းပုံမှာ စီနီယာအစ်မကြီးတို့ အဆင့်အထိ မရောက်သေးသော်လည်း၊ အနည်းဆုံးတော့ စီနီယာအစ်မခုနစ်၏ အဆင့်နှင့် တန်းတူနေပြီဖြစ်သည်။
သာမန် အမာခံတပည့်များအတွက်မူ ဤမျှ မြင့်မားသော ဖွဲ့စည်းပုံမျိုး မလိုအပ်ပေ။
အကြောင်းမှာ အစီရင်မသေမျိုးအတတ် ကို အသုံးမပြုနိုင်သေးသရွေ့ ထိုသို့သော ဖွဲ့စည်းပုံမျိုးမှာ ဖြုန်းတီးမှုတစ်ခုသာ ဖြစ်နေသောကြောင့်ပင်။
အားလုံး၏ စွမ်းအားမှာ ရှေးဟောင်းမသေမျိုးတစ်ပိုင်း အဆင့်မှာတင် ရပ်တန့်နေမည်ဖြစ်ပြီး ထိုတံခါးပေါက်ကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
သူမ၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့တွင်ပင် မကြာသေးမီကမှ အဆင့် ၄ မသေမျိုး တစ်ဦးကို အသစ်ဖြည့်ထားခြင်း ဖြစ်ပြီး ကျန်သူများမှာ အဆင့် ၁၊ ၂၊ ၃ မသေမျိုးများသာ ဖြစ်ကြသည်။
မသေမျိုးလှေအစီရင်ကို စုစည်းလိုက်လျှင်လည်း ရှေးဟောင်းမသေမျိုးတစ်ပိုင်း အဆင့်နှင့် ယှဉ်နိုင်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်ပင်။
ကျိကန်းက ယဉ်ကျေးပျူငှာစွာဖြင့် ပြန်လည်ရှင်းပြသည်။
"ဟုန်အမာခံတပည့် မသိသေးတာ တစ်ခုရှိပါတယ်။ ဖန့်အမာခံတပည့်က အစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်တဲ့ အရှိန်က အရမ်းမြန်တယ်။ ဒါကြောင့် အချိန်တိုအတွင်းမှာပဲ အစီရင်မသေမျိုးအတတ်ပညာရပ်ကို နားလည်သဘောပေါက်သွားနိုင်တဲ့ အလားအလာ ရှိပါတယ်။ အခုကတည်းက လူအင်အားကို အပြည့်အစုံ ပြင်ဆင်ထားမှ နောက်ပိုင်းကျရင် အလုပ်ရှုပ်သက်သာမှာပါ"
"ဒါလည်း အကျိုးအကြောင်း ရှိသားပဲ"
ကြာနီနတ်မိမယ်က ထူးဆန်းသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျိကန်းသည် ဖန့်ချန်အပေါ် အဘယ်ကြောင့် ဤမျှ ယုံကြည်မှုလွန်ကဲနေပြီး ကိုယ်တိုင်လာရောက် ပူးပေါင်းခဲ့သည်ကို သူမ အခုမှ သဘောပေါက်တော့သည်။
ဖန့်ချန်သည် အစီရင်မသေမျိုးပညာရပ်ကို မုချ နားလည်သွားလိမ့်မည်ဟု ကျိကန်းက တစ်ထစ်ချ ယုံကြည်နေခြင်း ဖြစ်သည်။
အမှန်တကယ်တော့ သူမကိုယ်တိုင်ပင် ထိုကိစ္စအပေါ် ယုံကြည်မှု သိပ်မရှိလှပေ။
အထူးသဖြင့် မကြာသေးမီက နဂါးနက်လှေ ကို မောင်းနှင်နေစဉ်အတွင်း အစီရင်ဗဟိုချက်နှင့် လူနှင့်လှေ တစ်သားတည်းကျခြင်း အဆင့်ကို ရောက်ရှိရန် အလှမ်းဝေးနေဆဲဟု ခံစားနေရသောကြောင့် ဖြစ်သည်။
မသေမျိုးလှေအစီရင်မှတစ်ဆင့် စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးမည့် အစီရင်မသေမျိုးပညာရပ်မှာ သူမအတွက်တော့ ဝေးကွာလွန်းနေဆဲပင်။
"ကျိမိတ်ဆွေ... ကျနော် ဒီနေရာကို ရောက်တာ သိပ်မကြာသေးတော့ သိတဲ့သူ သိပ်မရှိဘူး။ မိတ်ဆက်ပေးချင်တဲ့သူ ရှိလား "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ကျိကန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်
"ဖန့်အမာခံတပည့်ကို မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြံနေတာပါ။ ဒီမိတ်ဆွေက ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး လမ်းစဉ်ကို လိုက်နေတာဖြစ်ပြီး၊ ကျွယ်မင်နန်းတော်မှာတော့ တစ်မူထူးခြားတဲ့သူလို့ ပြောလို့ရတယ်"
"ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး အဲဒါက အသွေးအသား မိစ္ဆာမသေမျိုးနဲ့ ဘာကွာလို့လဲ "
ဖန့်ချန်က စူးစမ်းစွာ မေးလိုက်သည်။
"အသွေးအသား မိစ္ဆာမသေမျိုးက ခန္ဓာကိုယ် အသွေးအသားကို အဓိကထား ကျင့်ကြံတာပါ။ ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုးကတော့ စိတ်ဝိညာဉ် ကို အဓိကထား ကျင့်ကြံတာဖြစ်လို့၊ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုအားကောင်းပါတယ်။ အချို့ အမာခံတပည့်တွေတောင် စိတ်ဝိညာဉ်လမ်းစဉ်မှာ သူမကို မယှဉ်နိုင်ကြဘူး"
ကျိကန်းက ဆက်ပြောသည်
"နှမြောစရာကောင်းတာက သူမက အမြဲတမ်း တစ်ဦးတည်း အပတ်တကုတ် ကျင့်ကြံနေတတ်ပြီး၊ ရလာတဲ့ ဂုဏ်ထူးဆောင်မှတ်တွေကိုလည်း မသေမျိုးဆေးပင်တွေနဲ့ပဲ လဲလှယ်လေ့ရှိတယ်။ မဟုတ်ရင်တော့ သူမဟာ အခုလောက်ဆို အမာခံတပည့်တစ်ယောက် ဖြစ်နေလောက်ပြီ"
"ကျိမိတ်ဆွေ... ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး လမ်းစဉ်က အသွေးအသားနန်းတော် က အမာခံတပည့်တွေ လိုက်တဲ့ လမ်းစဉ်လို့ ငါမှတ်မိနေတယ်။ ကျမတို့ ကျွယ်မင်နန်းတော်မှာလည်း အဲဒီလမ်းစဉ် ရှိတာလား "
ကြာနီနတ်မိမယ်က စူးစမ်းစွာ မေးသည်။
"ရှိတော့ ရှိတယ်၊ ဒါပေမဲ့ အသွေးအသားနန်းတော်ဘက်ကလောက်တော့ စုံစုံလင်လင် မရှိဘူးပေါ့။ ဒါကြောင့်လည်း အဲဒီမိတ်ဆွေက အဆင့် ၅ မသေမျိုး အဆင့်မှာ ပိတ်မိနေတာ နှစ်အတော်ကြာနေပြီ။ အဆင့် ၆ ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး ဖြစ်ဖို့အတွက် ဘယ်လိုဆေးပင်တွေ လိုအပ်လဲဆိုတာ ဘယ်သူမှ မသိကြဘူး"
ကျိကန်းက ဆိုသည်။
သူက ခဏရပ်ကာ
"ဒီတစ်ခေါက် တာ့လေးယင်း နယ်မြေချဲ့ထွင်ရေးမှာ အသွေးအသားနန်းတော်ကလူတွေလည်း လာကြမှာဆိုတော့၊ ဝိညာဉ်အဆီအနှစ် မိစ္ဆာမသေမျိုး အဆင့် ၆ ဆေးပင်နည်းလမ်းကို ရနိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်။ ဒါကြောင့် သူမလည်း ဖန့်အမာခံတပည့်ရဲ့ အဖွဲ့ထဲဝင်ပြီး နယ်မြေချဲ့ထွင်ရေး လိုက်ဖို့ သဘောတူလိမ့်မယ်လို့ ထင်ပါတယ်"
နာရီဝက်ခန့်အကြာတွင်...
အားလုံးသည် တောင်ကြားတစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် မြင့်မားသော ထင်းရှူးပင်ကြီးများနှင့် စိမ်းလန်းသော မြက်ခင်းပြင်များ ရှိနေကာ ကျင့်ကြံသူဂူပေါင်း ဒါဇင်အချို့ တည်ရှိနေသည်။
ဂူတစ်ခု၏ ရှေ့တွင်တော့ အလွန်ပင် သေးငယ်သော သတ္တဝါလေးတစ်ကောင် ရပ်နေသည်။
၎င်းမှာ လူတစ်ယောက်၏ လက်ဖဝါးခန့်သာ အရွယ်အစားရှိပြီး၊ ၎င်းနှင့်အပြိုင် သေးငယ်လွန်းသော ပန်းပင်လေးများကို ရေလောင်းနေခြင်း ဖြစ်သည်။
ဖန့်ချန် ၎င်းကို မြင်လိုက်ရသောအခါ တိရစ္ဆာန်တစ်မျိုးဖြစ်သည့် ရှူးပျံလေး ကို ပြေးမြင်မိသွားသည်။
သို့သော် ဤရှူးပျံလေးမှာ သပ်ရပ်လှပသော ဝတ်စုံငယ်လေးကို ဝတ်ဆင်ထား၏။
"ကျိမိတ်ဆွေ... ဒါက အဲဒီမိတ်ဆွေရဲ့ အိမ်မွေးသားရဲလား "
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ကျိကန်း၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး အနေရခက်သော အမူအရာ ပေါ်လာသည်။
ထိုရှူးပျံလေးသည်လည်း ကြားသွားပုံရကာ လှည့်ကြည့်လာသည်။
ဝိုင်းစက်နေသော မျက်လုံးကြီးများဖြင့် ရောက်လာသူများကို အကဲခတ်နေသည်။
"ဖန့်အမာခံတပည့်... ဒါက ကျနော်ပြောတဲ့ မိတ်ဆွေ မီယွီ ပါ"
ကျိကန်းက ထိုရှူးပျံလေးကို နှုတ်ဆက်လိုက်သည်။
"မီယွီမိတ်ဆွေ... ဒီနှစ်ယောက်ကတော့ ဖန့်အမာခံတပည့်နဲ့ ဟုန်အမာခံတပည့် တို့ပါ"
"ဪ... မီယွီမိတ်ဆွေ ဖြစ်နေတာကိုး၊ အခုနက ကျနော် ရိုင်းပျမိသွားရင် ခွင့်လွှတ်ပေးပါဦး"
ဖန့်ချန်က အမူအရာမပျက်ဘဲ ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ကြာနီနတ်မိမယ်ကလည်း လက်အုပ်ချီ နှုတ်ဆက်ရင်း ရှူးပျံလေးကို စူးစမ်းစွာ ကြည့်နေမိသည်။
မိစ္ဆာမျိုးနွယ်များထဲတွင် မသေမျိုးဖြစ်ရန် လွယ်ကူသူများမှာ များသောအားဖြင့် နဂါး၊ ကျား၊ သစ်၊ မြွေ သို့မဟုတ် မြေခွေး စသည့် ထွားကျိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်များသာ ဖြစ်ကြသည်။
ဤမျှ သေးငယ်သော မိစ္ဆာမျိုးနွယ်ကိုတော့ သူမ လင်းကွေ့ ကြယ်စုတန်းမှာရှိစဉ်ကပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ရှူးပျံလေးသည် ရုတ်တရက် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သာမန်လူတစ်ယောက် အရွယ်အစားသို့ ပြောင်းလဲသွားသည်။
သူမသည် အလွန်ပင် လှပချောမောကာ မျက်လုံးကြီးများမှာလည်း ဝိုင်းစက်နေပြီး အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပနေသည်။
သူမက ပြုံးလျက် နှုတ်ဆက်သည်
"မီယွီက အမာခံတပည့် နှစ်ဦးကို ဂါရဝပြုပါတယ်။ အမာခံတပည့်တို့ ဒီကို ဘာကိစ္စနဲ့ ကြွလာတာပါလဲ "
သူမ၏ အသံမှာ နူးညံ့ချိုသာလွန်းလှသဖြင့် အမှန်တကယ်ပင် ချိုသာသော စကားသံ ဟု အဓိပ္ပာယ်ရသည့် သူမ၏ အမည်နှင့် လိုက်ဖက်လှပေသည်။
ထိုအခါမှသာ လူတိုင်းသည် သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ကမ္ပည်းပြားမှာ ရွှေရောင် ဖြစ်နေသည်ကို သတိပြုမိကြသည်။
ရွှေရောင်ကမ္ပည်းပြားဆိုသည်မှာ ကျွယ်မင်နန်းတော်တွင် တွေ့ရခဲလှပေသည်။
၎င်းက ကျိကန်းပြောခဲ့သော မီယွီ၏ စွမ်းဆောင်ရည်မှာ ပိုပိုသာသာ ပြောခြင်းမဟုတ်ကြောင်း သက်သေပြနေ၏။
"မီယွီမိတ်ဆွေ... ဖန့်အမာခံတပည့်က နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ ရွေးချယ်ခံရပြီး၊ စီနီယာအစ်မကြီးရဲ့ နောက်ကိုလိုက်ပြီး နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ တာ့လေးယင်းကို သွားရမှာပါ။ ဒါကြောင့် မိတ်ဆွေကို သူ့ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲဝင်ဖို့ ဖိတ်ကြားချင်လို့ပါ၊ မီယွီမိတ်ဆွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ "
ကျိကန်းက မေးလိုက်သည်။
မီယွီက ငြင်းပယ်ရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် သူမ၏ နားထဲသို့ ကျိကန်း၏ အသံ တိုးညှိစွာ ရောက်ရှိလာသည်။
"သူက တစ်နာရီတည်းနဲ့ အစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့ ထူးခြားတဲ့ ပါရမီရှင်ပဲ။ မီယွီမိတ်ဆွေ အခွင့်အရေးကို လက်လွတ်မခံပါနဲ့၊ မင်း အဆင့် ၆ ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးက ဖန့်အမာခံတပည့်ဆီမှာ ရှိနေနိုင်တယ်"
မီယွီ၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားပြီး ဖန့်ချန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
"အခုနက ကျိမိတ်ဆွေက စိတ်ချင်းဆက်ပြီး ပြောတယ်၊ ဖန့်အမာခံတပည့်က တစ်နာရီတည်းနဲ့ အစီရင်ဗဟိုချက်နဲ့ စာချုပ်ချုပ်နိုင်ခဲ့တယ်တဲ့။ သူကများ လူအထင်ကြီးအောင် ပိုပြောနေတာလား "
"..."
ကျိကန်းသည် ဖန့်ချန်ကို မီယွီဆီ ခေါ်လာမိခြင်းမှာ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုဟု ရုတ်တရက် ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ အဆင့် ၆ မသေမျိုးတိုင်းမှာ စိတ်ဓာတ်ခိုင်မာပြီး မျက်နှာအသား ထူကြသဖြင့်၊ သူ၏ မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုမျှ မပြဘဲ ဆက်လက်၍ ပြုံးနေနိုင်ခြင်း ဖြစ်သည်။
"အဲဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူး၊ တစ်နာရီကျော်ကျော်လောက်တော့ ကြာခဲ့မယ် ထင်တယ်"
ဖန့်ချန်က ဆိုသည်။
"ဒါဆိုရင်လည်း ဖန့်အမာခံတပည့်ရဲ့ ပါရမီက အတော်လေး မြင့်တာပဲ။ ကျမ ဖန့်အမာခံတပည့်ရဲ့ အဖွဲ့ထဲဝင်ဖို့ သဘောတူပါတယ်။ ထွက်ခွာမယ့်အချိန်ကျရင် ကျမကို အကြောင်းကြားလိုက်ပါ၊ ခရီးဝေး သွားရမှာဆိုတော့ ကျမ ပိုးကောင်တောင်ကြား ကို တစ်ခေါက် သွားရဦးမယ်"
ပြောပြီးသည်နှင့် သူမသည် ဖန့်ချန်တို့ တစ်သိုက်ကို ဂူရှေ့မှာတင် ထားရစ်ခဲ့ကာ ရှူးပျံလေးအဖြစ် ပြန်ပြောင်းလိုက်သည်။
ပြီးနောက် ခြေထောက်နှစ်ဖက်ဖြင့် ဆောင့်ကန်ကာ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ၊ လက်အောက်မှ ပါးလွှာသော အမြှေးပါးလေးမှာ အတောင်ပံကဲ့သို့ ဖြစ်သွားပြီး လင်းလက်သော အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။
"..."
လူတိုင်းမှာ ခဏတာ ဆွံ့အသွားကြသည်။
လင်းတုန်းက ရယ်မောလျက် အခြေအနေကို ထိန်းလိုက်သည်။
"ဒီ မီယွီမိတ်ဆွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းသလို၊ ပွင့်လင်းရိုးသားလွန်းတာပဲ"
"အင်း... တကယ်ကို ပွင့်လင်းရိုးသားတာပါ"
ကျိကန်းက ခေါင်းညိတ်ထောက်ခံသည်။
"သူပြောတဲ့ ပိုးကောင်တောင်ကြားက ဘယ်မှာလဲ အဲဒါက နယ်မြေချဲ့ထွင်ရေးနဲ့ ဘာဆိုင်လို့လဲ"
ဖန့်ချန်က ကျိကန်းကို လှည့်မေးလိုက်သည်။
"အဲဒါက... ပိုးကောင်တောင်ကြားဆိုတာ ကျွယ်မင်ကြယ်ပေါ်က အန္တရာယ်ရှိတဲ့ နေရာတစ်ခုပါ၊ အဲဒီမှာ ပိုးကောင်မိစ္ဆာတွေ အများကြီးရှိတယ်။ မီယွီမိတ်ဆွေက... ပုံမှန်ဆိုရင် ပိုးကောင်တွေကို စားရတာ ဝါသနာပါတာကြောင့် ခရီးဝေးသွားရတော့မှာဆိုတော့ လမ်းမှာစားဖို့ အချို့သွားဖမ်းတာ ဖြစ်ပါလိမ့်မယ်"
ကျိကန်းက ရှင်းပြလိုက်တော့သည်။
အခန်း (၁၄၆၂) - အစီရင်ကို ပထမဆုံးစမ်းသပ်ခြင်း
မီယွီမိတ်ဆွေရှိရာ တောင်ကြားမှ ယာယီတည်းခိုရာသို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် သူ၏ လက်ရှိအဖွဲ့ဝင်စာရင်းကို တွက်ချက်ကြည့်လိုက်သည်။
ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သုံးယောက်၊ အဆင့် ၃ မသေမျိုး နှစ်ပါး၊ အဆင့် ၄ မသေမျိုး တစ်ပါး၊ အဆင့် ၅ မသေမျိုး တစ်ပါးနှင့် အဆင့် ၆ မသေမျိုး တစ်ပါး။
ကျိကန်း၏ စကားအရဆိုလျှင် ဖန့်ချန်အပါအဝင် စုစုပေါင်း ခြောက်ယောက်ရှိနေပြီဖြစ်ရာ အစီရင်မသေမျိုးအတတ်ကို ထုတ်ဖော်ရန်အတွက် လုံလောက်နေပြီဖြစ်သည်။
၎င်းတို့သည် အမာခံအင်အားစုများဖြစ်ပြီး အစီရင်မသေမျိုးအတတ်၏ လှုပ်ရှားစွမ်းအား အများစုမှာ နောက်မှလိုက်ပါလာမည့် နယ်မြေချဲ့ထွင်ရေးအဖွဲ့အသီးသီးမှ ရရှိမည်ဖြစ်သည်။
"ဖန့်မိတ်ဆွေ... ကျမတို့ အရင်ဆုံး နယ်မြေချဲ့ထွင်ရေးကြယ် တွေဆီ တစ်ခေါက်လောက် သွားသင့်တယ်။ နယ်မြေချဲ့ထွင်ရေးကြယ်တစ်လုံးမှာ မသေမျိုးလှေ အစင်းတစ်ထောင်လောက် ရှိတတ်ပြီး ကြယ်အနည်းငယ်လောက်ကို လှည့်လည်ကြည့်ရှုရမယ်။ နောက်ကလိုက်မယ့် အဖွဲ့တွေကို အတည်ပြုပြီးသားဖြစ်အောင် ကြိုလုပ်ထားရင် အချိန်ကုန်သက်သာတာပေါ့"
ကြာနီနတ်မိမယ်က အကြံပြုသည်။
"ဟုတ်တယ်... အရင်က စီနီယာလီတို့ရဲ့ မသေမျိုးလှေအစီရင်ကို ကြည့်ရသလောက်ဆိုရင် လုံလောက်တဲ့ စွမ်းပကား ထွက်လာဖို့အတွက် မသေမျိုးလှေ ငါးထောင်၊ ခြောက်ထောင်လောက် ရှိမှဖြစ်မှာ"
ဖန့်ချန်က ခေါင်းညိတ်ထောက်ခံရင်း
"ဒါပေမဲ့ ကျုပ်တို့ အသွားအပြန် အချိန်မလောက်ဘဲ ထွက်ခွာမယ့်အချိန်နဲ့ လွဲသွားမှာကို စိုးရိမ်မိတယ်။ စီနီယာအစ်မကြီးတို့က ဒါကို ထည့်တွက်ထားပြီးသား ဖြစ်မှာပါ။ ကျုပ်ခန့်မှန်းချက်အရတော့ အခုလောက်ဆို နယ်မြေချဲ့ထွင်ရေးကြယ်တွေဆီ သတင်းရောက်နေလောက်ပြီ၊ ကြယ်အသီးသီးက မသေမျိုးလှေတွေဟာ ကျွယ်မင်ကြယ်ရဲ့ အပြင်ဘက်မှာ ကြိုစောင့်နေကြလိမ့်မယ်"
ကြာနီနတ်မိမယ်က စဉ်းစားကြည့်ပြီးနောက် ၎င်းမှာလည်း ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
"ဖန့်အမာခံတပည့် ရှိပါသလား"
ကျင့်ကြံရေးဂူအပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဖန့်ချန် တံခါးဖွင့်လိုက်သောအခါ ယွီထျန်းကော၊ နန်မင်ရှောက်ကျဲနှင့် အခြားသူများ တံခါးဝတွင် ရပ်နေကြသည်ကို မြင်လိုက်ရ၏။
'ဟုန်အမာခံတပည့်လည်း ရှိနေတာလား'
ကြာနီနတ်မိမယ်ပါ ရှိနေသည်ကို မြင်လိုက်ရသဖြင့် ထိုသူများ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြသည်။
"ဖန့်အမာခံတပည့်... ဟုန်အမာခံတပည့်..."
အားလုံးက လက်အုပ်ချီ နှုတ်ဆက်ကြသည်။
ဖန့်ချန်က သူတို့ကို ဂူအတွင်းသို့ ဖိတ်ခေါ်၍ ခေတ္တမျှ စကားစမြည်ပြောဆိုကြသည်။
ခဏအကြာတွင် နန်မင်ရှောက်ကျဲ က မအောင့်နိုင်တော့ဘဲ လေသံတိုးတိုးဖြင့် မေးလာသည်။
"ဖန့်အမာခံတပည့်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ လူလိုသေးလား..."
ယွီထျန်းကောနှင့် ကျန်သူများကလည်း မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များဖြင့် ဖန့်ချန်ကို ကြည့်လာကြသည်။
"ဒီတစ်ခေါက် နယ်မြေချဲ့ထွင်ရေးက အန္တရာယ်တွေ အလွန်များတယ်၊ မင်းတို့ တကယ်ပဲ အတူတူ လိုက်ချင်ကြတာလား "
ဖန့်ချန်က ပြုံးလျက်
"အခုလောလောဆယ် ကျုပ်အဖွဲ့မှာ လူသိပ်မများသေးဘူး၊ မင်းတို့လည်း လိုက်ချင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး"
ဖန့်ချန်က သဘောတူလိုက်သဖြင့် ထိုသူများမှာ အလွန်အမင်း ဝမ်းသာသွားကြသည်။
ဤခရီးစဉ်မှာ အန္တရာယ်ကြီးမားမှန်း သူတို့ ကောင်းကောင်းသိကြသည်။
စီနီယာအစ်မကြီးကဲ့သို့သော တန်ခိုးရှင်မျိုးကိုပင် အမှောင်ထဲမှ ချောင်းမြောင်းရန်သူ ရှိနေသည် မဟုတ်ပါလား။
သို့သော် အန္တရာယ်ရှိလျှင် အခွင့်အရေးလည်း ရှိစမြဲပင်။
ကျွယ်မင်ကြယ်အထိ ရောက်လာကြသူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီ ရှိကြသည်ချည်းပင်။
ယွီထျန်းကောတို့အဖွဲ့ ပြန်သွားပြီးနောက် ကြာနီနတ်မိမယ်က ဖန့်ချန်အား နဂါးနက်လှေ မောင်းနှင်ပုံကို ရင်းနှီးသွားစေရန် လေ့ကျင့်ဖော်အဖြစ် ကူညီပေးလိုကြောင်း အဆိုပြုလာသည်။
"ဟုတ်တယ်... ကြိုပြီး ရင်းနှီးအောင် လုပ်ထားဖို့ လိုတယ်"
ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ခတ်သွားသည်။
ကျွယ်မင်နန်းတော်၏ ကောင်းကင်ယံထက်တွင်... ဖန့်ချန်သည် နဂါးနက်လှေပေါ်၌ ရပ်လျက် လက်ရှိအခြေအနေကို ငြိမ်သက်စွာ ခံစားနေသည်။
ကြာနီနတ်မိမယ်၏ နဂါးနက်လှေမှာ သူနှင့် မိုင်အနည်းငယ်အကွာတွင် ရှိနေပြီး လှေ၏တစ်ဝက်ခန့်မှာ တိမ်တိုက်များကြားတွင် ဖုံးလွှမ်းနေသည်။
နဂါးနက်လှေသည် ကျူလုံလှေ ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းနှင့် တူလှသည်။
တိုက်စစ်အစီရင်၊ ခံစစ်အစီရင်နှင့် ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အစီရင်များမှာ ထိပ်တန်းအဆင့်တွင် ရှိနေကြသည်။
ထို့ပြင် ကြယ်တာရာမြေပုံ၏ ပြည့်စုံမှုမှာလည်း ကျူလုံလှေနှင့် နှိုင်းယှဉ်၍မရနိုင်အောင်ပင်။
ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအင်များမှာ လှိုင်းထနေသည်။
အစီရင်ဗဟိုချက်၏ ကျေးဇူးကြောင့် သူသည် နဂါးနက်လှေနှင့် ထူးခြားသော ဆက်နွှယ်မှုတစ်ခု တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
နဂါးနက်လှေကို အသာအယာ ထိတွေ့လိုက်ရုံဖြင့် မိမိကိုယ်ကိုယ် ပြန်လည်ထိတွေ့နေရသကဲ့သို့ ခံစားချက်မျိုးပင်။
'ငါက နဂါးနက်လှေပဲ၊ နဂါးနက်လှေက ငါပဲလား'
ထိုအတွေး ပေါ်လာသည်နှင့်အမျှ ကြီးမားလှသော မသေမျိုးစွမ်းအင်များ လိုက်ပါလှုပ်ခါလာသည်ကို ဖန့်ချန် ခံစားလိုက်ရသည်။
အမှန်တကယ်ပင်... မသေမျိုးလှေအစီရင်ကို မဖွဲ့စည်းရသေးလျှင်ပင် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များသည် နဂါးနက်လှေကို ပိုင်ဆိုင်ထားရုံဖြင့် တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းကို များစွာ မြှင့်တင်နိုင်ပေသည်။
ထိုကြီးမားသော မသေမျိုးစွမ်းအင်မှာ ဖန့်ချန်ကိုယ်တိုင်ဆီမှသာမက အများစုမှာ နဂါးနက်လှေဆီမှ လာခြင်းဖြစ်သည်။
နာရီဝက်ခန့် ရင်းနှီးအောင် လုပ်ပြီးနောက် ဖန့်ချန်က အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ကြာနီနတ်မိမယ်ကို အချက်ပြလိုက်သည်။
နှစ်ဦးသားသည် ကျွယ်မင်နန်းတော် ကောင်းကင်ထက်၌ပင် လေ့ကျင့်ရေး တိုက်ပွဲကို စတင်ကြတော့သည်။
ထိုတိုက်ပွဲ၏ လှုပ်ရှားမှုမှာ မသေးလှသော်လည်း သာမန်အပြင်စည်းကျင့်ကြံသူများသည် နဂါးနက်လှေဖြစ်မှန်း သိကြသဖြင့် အနားသို့ တိုးမကပ်ရဲကြပေ။
မကြာမီမှာပင် အနီးအနားသို့ အခြားသော နဂါးနက်လှေအချို့ ရောက်ရှိလာကြသည်။
နန်မင်ရုယွဲ့သည် လှေပေါ်တွင် လက်ပစ်လက်ကိုင် ရပ်လျက် တိုက်ပွဲကို ပြုံးပြုံးလေး ကြည့်နေသည်။
နှစ်ဦးသားမှာ နားလည်မှုရှိလှပြီး နဂါးနက်လှေ မောင်းနှင်မှု ကျွမ်းကျင်မှုကိုသာ စမ်းသပ်နေကြခြင်း ဖြစ်သဖြင့် တိုက်စစ်အစီရင်များကို အသုံးမပြုဘဲ လှုပ်ရှားမှုအသွားအလာ ကိုသာ ယှဉ်ပြိုင်နေကြသည်။
ကြာနီနတ်မိမယ်သည် နဂါးနက်လှေကို သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် မောင်းနှင်ကာ၊ ဖန့်ချန်၏ လှေကို အလယ်မှ ဖြတ်တောက်ပစ်ရန် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ တိုးဝင်လာသည်။
သို့သော် ထိုသို့သော ပြင်းထန်သည့် တိုက်စစ်မျိုးကို ဖန့်ချန်က အသာအယာ ရှောင်တိမ်းနိုင်ရုံမျှမက၊ မမျှော်လင့်ထားသော ထောင့်တစ်ခုမှနေ၍ ပြန်လည် တုံ့ပြန်လိုက်သေးသည်။
"ပဉ္စမစီနီယာအစ်ကို... ကြည့်ရတာ ဖန့်ညီလေးနဲ့ ဟုန်ညီမလေးတို့ နဂါးနက်လှေကို အခြေခံအားဖြင့် ကျွမ်းကျင်သွားကြပြီ ထင်တယ်"
မနီးမဝေးရှိ နဂါးနက်လှေပေါ်မှ လီရှမ်းဇီက ခပ်နောက်နောက် ဆိုလိုက်သည်။
နန်မင်ရုယွဲ့က အသာအယာ ခေါင်းညိတ်သည်
"ဒီလို ကျဉ်းမြောင်းတဲ့ နေရာမှာတောင် လျင်မြန်ဖြတ်လတ်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်နေတာပဲ။ တိုက်ခိုက်မှုရဲ့ အရှိန်အဝါတွေကိုလည်း ပတ်ဝန်းကျင်ကို မထိခိုက်အောင် ထိန်းထားနိုင်တယ်ဆိုတော့ တကယ်ပဲ အခြေခံကျွမ်းကျင်သွားကြပြီ"
"ဒါပေမဲ့ မသေမျိုးလှေအစီရင်ကိုရော ကျွမ်းကျင်ပါ့မလားဆိုတာကတော့ အဓိကပဲ"
လီဆန်းကျီက ဆက်ပြောသည်
"ဒီတစ်ခေါက် သူတို့နှစ်ယောက်လုံး အဖွဲ့ထဲမှာ ပါဝင်ပြီး တာ့လေးယင်း ရှေးဟောင်းတားမြစ်နယ်မြေကို သွားရမှာ။ မသေမျိုးလှေအစီရင်ကို မကျွမ်းကျင်ရင် နဂါးနက်လှေရဲ့ တကယ့်စွမ်းအားကို ထုတ်နိုင်မှာ မဟုတ်ဘူး"
"လမ်းမှာ လေ့ကျင့်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
နန်မင်ရုယွဲ့က အေးဆေးစွာ ဆိုသည်။
"ဒီနေ့ပဲ သူတို့ကို မသေမျိုးလှေအစီရင်ရဲ့ ခံစားချက်ကို အရင်ဆုံး သိသွားအောင် လုပ်ပေးလိုက်ရင် ပိုမကောင်းဘူးလား"
လီဆန်းကျီသည် ပြောပြီးသည်နှင့် အသံကို ကျယ်လောင်စွာ မြှင့်၍ ဆိုလိုက်သည်။
"လက်ထဲမှာ အလုပ်မရှိတဲ့သူတွေ အကုန်လာခဲ့ကြ မင်းတို့ရဲ့ မသေမျိုးလှေတွေကို ထုတ်လိုက်ကြစမ်း"
သူ၏အသံသည် ကျွယ်မင်နန်းတော်အတွင်း ပဲ့တင်ထပ်သွားရာ၊ အပြင်စည်းကျင့်ကြံသူ အများအပြားမှာ အလုပ်များကို ခဏချထားပြီး ဤနေရာသို့ အပြေးအလွှား ရောက်လာကြသည်။
မသိမသာပင် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့၏ အောက်ဘက်တွင် မသေမျိုးလှေပေါင်း ထောင်နှင့်ချီ၍ ရှိနေပြီဖြစ်သည်။
၎င်းတို့မှာ ကျူလုံလှေများ၊ ရှန်လုံလှေများဖြစ်ကြသည့် မြေနဂါး အမျိုးအစားများ ဖြစ်ကြသည်။
"မသေမျိုးလှေ အစင်းတစ်ထောင်ကနေ အရင်စလိုက်ကြစို့။ နဂါးနက်အစီရင်ကို စုစည်းကြည့်ပြီး အစီရင်ဗဟိုချက်ကို နှလုံးသားနဲ့ ခံစားကြည့်ပါ"
လီရှမ်းဇီ ၏ အသံမှာ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့၏ နားထဲသို့ ရောက်ရှိလာသည်။
ကြာနီနတ်မိမယ်သည် ချက်ချင်းပင် မျက်လုံးကို မှိတ်လိုက်ရာ၊ ခဏချင်းမှာပင် သူမ၏ ခြေဖဝါးအောက်မှနေ၍ မှိန်ပျပျ အစိမ်းရောင် အင်အားစုတစ်ခု နဂါးနက်လှေအတွင်းသို့ စီးဝင်သွားသည်။
အောက်ဘက်ရှိ မသေမျိုးလှေများသည်လည်း မသိစိတ်ဖြင့် ဆွဲဆောင်ခံလိုက်ရကာ ကြာနီနတ်မိမယ်၏ ဘက်သို့ စတင်စုရုံးလာကြတော့သည်။
'မသေမျိုးလှေအစီရင်လား...'
ဖန့်ချန်၏ စိတ်က လှုပ်ရှားသွားပြီး ဦးနှောက်ထဲတွင် နဂါးနက်အစီရင်၏ ပုံရိပ်ကို ဖော်လိုက်သည်။
ထို့နောက်တွင်လည်း မသေမျိုးလှေ အများအပြားမှာ သူ၏ဘက်သို့ စုရုံးလာကြသည်။
သုံးစက္ကန့်မျှပင် မကြာလိုက်မီမှာပင် နဂါးနက်လှေ နှစ်စင်းမှာ သေးငယ်သော နဂါးနက်အစီရင် နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ယခင်က လီရှမ်းဇီ တို့ လုပ်ပြခဲ့သည့် အဆင့်အတန်းမျိုး မမီသလို၊ စီနီယာအစ်မကြီး၏ နဂါးနက်အစီရင်နှင့်ဆိုလျှင် ပို၍ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော်လည်း ထိုသေးငယ်သော နဂါးနက်အစီရင် နှစ်ခု ပေါ်ပေါက်လာခြင်းကပင် ပတ်ဝန်းကျင်ရှိ အဆင့် ၅ မသေမျိုး အများအပြားကို ဖိအားဒဏ် ခံစားရစေသည်။
ဒါဟာ သူတို့နှစ်ယောက်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေ နဂါးနက်လှေပေါ်မှာ မရှိသေးတာတောင်မှပါ။
အကယ်၍ အဖွဲ့ဝင်တွေပါ ပါဝင်လာရင်တော့ ဒီအစီရင်နှစ်ခုဟာ အဆင့် ၆ အဆင့်ကို စတင်နင်းထားတဲ့ စွမ်းအားမျိုး ရှိလာနိုင်ပါတယ်။
ဆက်လက်၍ အားလုံး မြင်လိုက်ရသည်မှာ ကောင်းကင်ယံထက်တွင် နဂါးနက် နှစ်ကောင် အပြန်အလှန် သတ်ပုတ်နေကြသည့် မြင်ကွင်းပင် ဖြစ်သည်။
ဖန့်ချန်၏ နဂါးနက်အစီရင်မှာ အစပိုင်းတွင် လှုပ်ရှားမှု အနည်းငယ် ထုံထိုင်းနေသော်လည်း၊ ကြာနီနတ်မိမယ်က ရာနှင့်ချီသော တိုက်စွက်ချက်များဖြင့် သင်ကြားပေးပြီးနောက် သူ၏ ကစားမှုများမှာ တဖြည်းဖြည်း ကျွမ်းကျင်လာတော့သည်။
'မသေမျိုးလှေအစီရင်ရဲ့ ခံစားချက်က ဒီလောက်အထိ ထူးခြားဆန်းပြားတာပဲလား'
ဖန့်ချန်သည် နဂါးနက်လှေပေါ်တွင် မယိမ်းမယိုင် ရပ်နေသည်။
နဂါးနက်အစီရင်မှာ မည်မျှပင် ပြင်းထန်စွာ လှုပ်ခါနေပါစေ၊ သူ၏ ခန္ဓာကိုယ်မှာမူ ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်နေသည်။
ထိုအချိန်တွင် သူ၏ စိတ်အာရုံမှာ နဂါးနက်လှေမှတစ်ဆင့် အပြင်ဘက်ရှိ မသေမျိုးလှေ အစင်းတစ်ထောင်ဆီသို့ ပျံ့နှံ့သွားသည်။
မသေမျိုးလှေတိုင်းသည် နဂါးနက်လှေ၏ အစိတ်အပိုင်းများ ဖြစ်သွားသကဲ့သို့ပင်။
လှေများ၏ စွမ်းအားနှင့် လှေပေါ်ရှိ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်များ၏ စွမ်းအားများကိုပါ ထိုအခိုက်အတန့်တွင် သူ စိတ်ကြိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။