အခန်း (၁၄၆၇-၁၄၆၈)
Vol. 147 Ch. 1467-1468
အခန်း (၁၄၆၇) - ကောင်းကင်တာအို၏ သွေး
တိုက်ပွဲတစ်ရာမသေမျိုးနှင့် အခြားသူများသည် ဖန့်ချန်ကို စီနီယာအစ်မကြီး၏ သီးသန့်နားနေဆောင်ထဲသို့ ခေါ်ဆောင်သွားသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြပြီးနောက် အားလုံး၏မျက်နှာတွင် အံ့အားသင့်တုန်လှုပ်ဟန်များ အသီးသီး ပေါ်လာကြသည်။
လူအများမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြစဉ် တစ်ယောက်က မတင်မကျ ရေရွတ်လိုက်သည်။
"ဟိုလူကြီးတွေ လာရင်တောင်မှ စီနီယာအစ်မကြီးက အိပ်ဆောင်ထဲကို ပေးဝင်တာ မဟုတ်ဘူး..."
"ဖန့်အမာခံတပည့်က တကယ့်ကို ထူးခြားတာပဲလေ၊ အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ဖွဲ့တဲ့နေရာမှာ ကုန်ဆုံးတဲ့အချိန်က စီနီယာအစ်မကြီးထက်တောင် နည်းသေးတာပဲကိုး"
တိုက်ပွဲတစ်ရာမသေမျိုးက ခေတ္တစဉ်းစားပြီး
"အဲဒီတုန်းက စီနီယာအစ်မကြီးက သူမရဲ့ ကျင့်ကြံမှုကို နှိမ်ထားခဲ့တာဆိုပေမဲ့ ဖန့်အမာခံတပည့်ရဲ့ လက်ထဲမှာ အရေးနိမ့်ခဲ့တာ မဟုတ်လား "
"တိုက်ပွဲတစ်ရာ မိတ်ဆွေ... မင်းပြောချင်တာက... စီနီယာအစ်မကြီးက ဖြစ်နိုင်တာက..."
လူအများမှာ ဆက်၍ မတွေးဝံ့ကြတော့ပေ။
အကယ်၍ ထိုသို့သာ တကယ်ဖြစ်လာခဲ့လျှင် ဤသည်မှာ ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်လာပြီး စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးတွင်ပါ အကြီးအကျယ် ဂယက်ရိုက်သွားပေလိမ့်မည်။
ဖန့်ချန်သည် စီနီယာအစ်မကြီး၏နောက်သို့ လိုက်ပါကာ သူမ၏ သီးသန့်အခန်းထဲသို့ ရောက်ရှိလာသည်။
အခန်းတွင်း အပြင်အဆင်မှာ အလွန်ရိုးရှင်းပြီး လေထုထဲတွင် သင်းပျံ့သော ရနံ့လေးတစ်ခု လွှမ်းခြုံနေသည်။
"မင်း အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ဖွဲ့တာ သိပ်မကြာသေးဘဲနဲ့ ဒီလို သံသယတွေ ရှိနေတယ်ဆိုတော့... အရင်ဆုံး မင်းရဲ့ ခန့်မှန်းချက်လေးကို ပြောပြပါဦး၊ အစီရင်ဗဟိုချက်ဆိုတာ ဘာဖြစ်နိုင်မယ်လို့ ထင်သလဲ "
စီနီယာအစ်မကြီးက ဖန့်ချန်ကို ထိုင်ရန် အချက်ပြပြီးနောက် ပြုံးလျက် မေးလိုက်သည်။
"ကျုပ်ကတော့ အစီရင်ဗဟိုချက်ဆိုတာ ဝိညာဉ်ပစ္စည်း တစ်မျိုးမျိုး ဖြစ်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ အသုံးဝင်ပုံက အရမ်းထူးခြားနေပြီးတော့ ဝိညာဉ်ရတနာတွေလိုမျိုးလည်း အသိစိတ် ပေါက်ဖွားလာတာ မရှိတော့ ကျုပ်လည်း အသေအချာ မပြောတတ်ဘူး ဖြစ်နေတာပါ"
ဖန့်ချန်က စဉ်းစားကာ ပြန်ဖြေသည်။
"ဝိညာဉ်ပစ္စည်းလို့ ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်"
စီနီယာအစ်မကြီးက ခေါင်းကို အသာအယာ ညိတ်ပြီး
"ဒါပေမဲ့ ဘယ်သူမှ မပြောပြရင်တော့ သူက ဘယ်ကလာတာလဲ၊ ဘယ်လိုအဆင့်အတန်းရှိတဲ့ ဝိညာဉ်ပစ္စည်းလဲဆိုတာ မင်း ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"
ဖန့်ချန် ဘာမျှဝင်မပြောဘဲ စီနီယာအစ်မကြီးကို စပ်စုသော မျက်လုံးများဖြင့်သာ ကြည့်နေလိုက်သည်။
"ဝမ်ချုံစုးန်းက မင်းကို မပြောပြဘူးလား သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် အစီရင်ဗဟိုချက်က ဘယ်ကလာသလဲဆိုတာ သူ သိပြီးလောက်ပြီလို့ ငါ ထင်တာပဲ"
စီနီယာအစ်မကြီးက ဆိုသည်။
"ဝမ်စီနီယာက ကျုပ်ကို ဒီအကြောင်း တစ်ခါမှ မပြောဖူးပါဘူး"
ဖန့်ချန်က ဆက်ပြောသည်
"ပြီးခဲ့တဲ့အကြိမ် တွေ့တုန်းကလည်း ကျုပ်က အမာခံတပည့် မဟုတ်သေးတော့ သူက ဒီလိုအကြောင်းအရာတွေကို ပြောမှာ မဟုတ်ပါဘူး"
"ကြည့်ရတာ မင်းတို့နှစ်ယောက် ကြားထဲမှာ ထပ်မတွေ့ဖြစ်ကြတော့ဘူးနဲ့ တူတယ်"
စီနီယာအစ်မကြီးက ပြုံးလျက် မေးသည်။
ဖန့်ချန်၏ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီးမှ သဘောပေါက်သွားသည်။
တစ်ဖက်လူက ဤသို့မေးခြင်းမှာ သူနှင့် ဝမ်ချုံစန်းတို့ ထပ်မံတွေ့ဆုံခြင်း ရှိ၊ မရှိကို စမ်းသပ်လိုခြင်းသာ ဖြစ်သည်။
"မတွေ့ဖြစ်ပါဘူး၊ ဝမ်စီနီယာက နဂါးလိုပဲ... ခေါင်းမြင်ရပြီး အမြီးပျောက်နေတတ်တာမျိုးလေ"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါလိုက်သည်။
"ဟင်း... သူက အဲဒီလိုပဲ ဟန်ဆောင်နေရတာကို ကြိုက်တာ။ အရင်က ကိစ္စတစ်ခုကို ငါ သူ့ကို အမြဲတမ်း မေးနေခဲ့တာ၊ သူ ငါ့ကို ပြောပြလို့ ရပါရက်နဲ့ တမင်တကာ မပြောဘဲ ငါ့ရဲ့ စိတ်ဝင်စားမှုကို ဆွပေးနေတာလေ"
စီနီယာအစ်မကြီးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"အဲဒီအဖြေတွေကို ငါ သိချင်နေလို့သာပေါ့၊ မဟုတ်ရင် သူ့ကို ငါ့ဓားနဲ့ ထိုးသတ်လိုက်တာ ကြာလှပြီ"
ဖန့်ချန် ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်သည်။
ထိုကဲ့သို့သော အကြောင်းအရာများတွင် ဝင်ပါလျှင် နှစ်ဖက်လုံးကို အပြစ်ပြုမိသကဲ့သို့ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
"ကဲ... စကားတွေ အရှည်ကြီး မပြောတော့ပါဘူး၊ ငါက သူ့လို လူမျိုး မဟုတ်တော့ မင်းကို တိုက်ရိုက်ပဲ ပြောပြလိုက်မယ်"
စီနီယာအစ်မကြီး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်ဝန်းများမှာ လေးနက်တည်ကြည်သွားကာ ရိုသေခန့်ညားမှု အရိပ်အယောင်များပင် စွန်းထင်နေသည်။
ဤသည်က ဖန့်ချန်ကို အံ့အားသင့်စေသည်။
အစီရင်ဗဟိုချက်၏ နောက်ခံမှာ သူမကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် လေးနက်ရလောက်အောင် ကြီးကျယ်နေသလော။
"ဒီအကြောင်းက ငါ ဂိုဏ်းချုပ်ကြီးဆီကနေ သိခဲ့ရတာပါ။ အဲဒါက မှန်သလား၊ မှားသလားဆိုတာကိုတော့ အတည်မပြုနိုင်တော့ဘူး။ မင်း တစ်နေ့နေ့မှာ အဆင့် ၉ မသေမျိုးအဖြစ် တက်လှမ်းနိုင်တဲ့အခါကျမှ အဲဒီအဆင့်အတန်းကို ထိတွေ့နိုင်လိမ့်မယ်"
"စီနီယာအစ်မကြီး လမ်းညွှန်ပေးပါဦး"
"အစီရင်ဗဟိုချက် ဆိုတာ... ကောင်းကင်တာအို၏ သွေး ပဲ"
"ကောင်းကင်... တာအိုရဲ့ သွေး "
ဖန့်ချန် မှင်တက်သွားပြီး မျက်နှာထားမှာ ချက်ချင်းပင် အလွန်တရာ လေးနက်သွားတော့သည်။
သူသည် ယခင်က မဟာချန်းနိုင်ငံတွင် ရှစ်မျက်နှာအရပ် ဓာကျမ်းကို ထုတ်သုံးခဲ့စဉ်က ကောင်းကင်တာအိုက ကုသိုလ်တော်များ ပေးသနားခဲ့ခြင်း မရှိပါက သူ သေဆုံးသွားလောက်ပြီဖြစ်ကြောင်းကို ဝေဝေဝါးဝါး မှတ်မိနေသေးသည်။
ထို့နောက်တွင် သူသည် ကောင်းကင်တာအိုက မုန်းတီးသော ကောင်းကင်လှည်ြစားခြင်းအတတ် ကို ကျင့်ကြံခဲ့သဖြင့် ကုသိုလ်တော်များနှင့် ကံအကျိုးပေး ပြတ်တောက်သွားခဲ့ရသည်။
၎င်းပြင် ယခင်က ယန်နတ်သားရဲ သည်ပင် ကောင်းကင်တာအို ဖြစ်လာရန် အခွင့်အရေး ရှိခဲ့သော်လည်း ကျရှုံးခဲ့ရဖူးသည်။
"စီနီယာအစ်မကြီး... လောကမှာ ကောင်းကင်တာအိုဆိုတာ တကယ်ရှိတာလား ကောင်းကင်တာအိုဆိုတာ စည်းမျဉ်းတစ်ခုခု မဟုတ်ဘူးလား "
ဖန့်ချန်က မေးလိုက်သည်။
"မင်းလည်း သိမှာပါ၊ လောကမှာ ကုသိုလ်တော်ဆိုတာ ရှိတယ်။ ကုသိုလ်တော် ရရှိတဲ့ ကျင့်ကြံသူတွေက မများပေမဲ့ ရှာကြည့်ရင်တော့ အချို့ ရှိနေတုန်းပဲ။ အဲဒါက ကောင်းကင်တာအို တည်ရှိနေတယ်ဆိုတာကို သက်သေပြနေတာပဲ။ ကောင်းကင်တာအိုက ဘယ်လိုပုံစံနဲ့ တည်ရှိနေသလဲဆိုတာကိုတော့ မင်းနဲ့ ငါတို့ မသိနိုင်ဘူး။ ပုရွက်ဆိတ်တစ်ကောင်က ငါတို့ တည်ရှိနေတာကို မသိနိုင်သလိုမျိုးပေါ့။ ငါတို့က သူတို့ကို ဝိညာဉ်စွမ်းအင်တွေ ပေးပြီး၊ မသေမျိုးအခွင့်အလမ်းတွေ ပေးသနားလို့ သူတို့က နတ်ဆိုးကျင့်ကြံသူ ဖြစ်လာတဲ့အခါကျမှသာ ငါတို့ရဲ့ တည်ရှိမှုကို သိနိုင်မှာလေ"
စီနီယာအစ်မကြီးက ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် သက်ပြင်းချဟန် အရိပ်အယောင်များ ပေါ်လာသည်။
"မင်းနဲ့ ငါတို့က ကောင်းကင်တာအို ရှေ့မှာဆိုရင် ပုရွက်ဆိတ်တွေ မဟုတ်ဘူးလား ငါတို့က ပုရွက်ဆိတ်တွေထက် နည်းနည်း ပိုသန်မာပြီး ကောင်းကင်တာအိုနဲ့ နည်းနည်း ပိုနီးစပ်တာပဲ ရှိတာပါ"
"တကယ်လို့ ကောင်းကင်တာအိုရဲ့ သွေးဆိုတာ တကယ်ရှိခဲ့ရင် ကောင်းကင်တာအို ဆိုတာကလည်း တစ်ချိန်က ကျုပ်တို့လို ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးရမယ်။ သူ့ရဲ့ အဆင့်အတန်းကသာ ခန့်မှန်းလို့မရနိုင်တဲ့ အဆင့်ကို ရောက်သွားတာ ဖြစ်လိမ့်မယ်"
ဖန့်ချန်က ရေရွတ်လိုက်သည်
"ဒါဆိုရင်... ကောင်းကင်တာအိုရဲ့ သွေးက ဘယ်လိုလုပ်ပြီး လူ့လောကထဲကို ကျဆင်းလာရတာလဲ..."
"ဟုတ်တယ်... ကောင်းကင်တာအိုရဲ့ သွေးက ဘယ်လိုလုပ် လူ့လောကထဲ ရောက်လာရတာလဲ "
စီနီယာအစ်မကြီးက ခေါင်းညိတ်ကာ ပြုံးလိုက်သည်
"ငါ့စိတ်ထဲမှာလည်း အဲဒီသံသယ ရှိနေလို့ ငါ ကြိုးစားပြီး ကျင့်ကြံနေတာပဲ။ တစ်နေ့နေ့မှာ အမှန်တရားကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးကို ငါ ခွာချနိုင်ခဲ့ရင် ကောင်းကင်တာအိုက ဘယ်လိုပုံစံမျိုးလဲဆိုတာ မြင်ရလိမ့်မယ်"
သူမ ခေတ္တရပ်ပြီး
"ငါတို့ ကျွယ်မင်နန်းတော်က စိတ်ဝိညာဉ်နယ်မြေမှာ တည်ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ အဲဒီနှစ်တွေတစ်လျှောက်မှာ အဆင့် ၉ မသေမျိုးတွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပြီး သူတို့အားလုံး ကောင်းကင်တာအိုနဲ့ အနီးစပ်ဆုံးအထိ ရောက်ခဲ့ကြတယ်။ အဲဒီနှစ်တွေမှာ ငါတို့ သဲလွန်စအချို့ကို ရှာတွေ့ခဲ့တယ်။ တစ်ချိန်က လူ့လောကနယ်မြေကိုးခုမှာ ကမ္ဘာပျက်လုနီးပါး စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးတယ်။ ကောင်းကင်တာအိုဟာ အဲဒီစစ်ပွဲမှာ ဒဏ်ရာရခဲ့လို့ သွေးတွေ လူ့လောကထဲကို ကျဆင်းခဲ့ရတာ ဖြစ်နိုင်တယ်"
"ကောင်းကင်တာအိုတင် မဟုတ်ဘူး၊ လူ့လောကနယ်မြေကိုးခု၊ နဆ်ဘုရားလောကနဲ့ ယင်လောက တွေအားလုံး အဲဒီစစ်ပွဲရဲ့ သက်ရောက်မှုကို ခံခဲ့ရတယ်"
စီနီယာအစ်မကြီးက ခပ်တိုးတိုး ရယ်မောလိုက်သည်။
"အခု ငါတို့တွေက ကြီးမားတဲ့ နိုင်ငံကြီးတွေ စစ်ဖြစ်ပြီးတဲ့နောက် မတော်တဆ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်တွေနဲ့ တူနေတာ။ ငါတို့ မြင်တွေ့နေရတဲ့အရာတွေက လူ့လောကနယ်မြေကိုးခုရဲ့ အထွတ်အထိပ်ကာလ ပုံရိပ်တွေ မဟုတ်ဘူး"
"မင်း တောက်ပသောလောက မသေမျိုး အကြောင်း ကြားဖူးလား "
"ကြားဖူးပါတယ်၊ ကြာနီမိတ်ဆွေက အဲဒီလမ်းစဉ်ကို လျှောက်လှမ်းနေတာပါ"
"အင်း... တောက်ပသောလောက မသေမျိုးတွေက ပျက်သုဉ်းသွားတဲ့ ခေတ်အဆက်ဆက်ရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်တယ်။ အဲဒီ ပျက်သုဉ်းသွားတဲ့ ခေတ်တွေဟာ လွန်ခဲ့တဲ့ ရှေးယခင်က လူ့လောကနယ်မြေကိုးခုကို ကာကွယ်စောင့်ရှောက်ခဲ့ကြတဲ့ သူတွေ ဖြစ်နိုင်တယ်။ သူတို့ရဲ့ အစွမ်းက ငါတို့ အခုရှိနေတာထက် အဆပေါင်းများစွာ ပိုပြီး အင်အားကြီးမှာ အသေအချာပဲ။ သူတို့တောင် ပျက်သုဉ်းခဲ့ရသေးရင် ငါတို့က ပြောနေစရာတောင် မလိုတော့ဘူး။ တစ်နေ့နေ့မှာ ငါတို့လည်း ပျက်သုဉ်းခြင်းဆီကို သွားကြရမှာပဲ"
ထိုသို့ပြောပြီးနောက် စီနီယာအစ်မကြီးက ပြုံးလျက် ခေါင်းကို ခါလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စက ငါတို့နဲ့တော့ မဆိုင်ပါဘူး။ အဲဒီနေ့ တကယ်ရောက်လာတဲ့အခါ မင်းနဲ့ ငါတို့က မြေကြီးထဲ ပြန်ရောက်နေကြပြီပဲ"
"ဒီကိစ္စက ထင်ထားတာထက် ပိုပြီး နီးကပ်နေနိုင်တယ်"
ဖန့်ချန် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
ယနေ့ စီနီယာအစ်မကြီးထံမှ အစီရင်ဗဟိုချက်၏ နောက်ခံသမိုင်းကြောင်းကို သိရှိလိုက်ရပြီးနောက် ယခင်က ဝမ်ချုံစန်းသည် အဘယ်ကြောင့် ၎င်းကို အသုံးပြုကာ လင်ကွေ့ကြယ်တာရာ၏ အစီရင်ကို ဖြိုခွဲနိုင်ခဲ့သည်ကို အနည်းငယ် သဘောပေါက်သွားတော့သည်။
အကယ်၍ အစီရင်ဗဟိုချက်သည် တကယ်ပင် ကောင်းကင်တာအို၏ သွေးဖြစ်ပါက ၎င်း၏ စွမ်းအားသည် လူ့လောကနယ်မြေကိုးခုထက် သာလွန်နေမည်ဖြစ်ရာ တားမြစ်အတတ်ပညာများကို ဖြိုခွဲနိုင်ခြင်းမှာ အကျိုးအကြောင်း ဆီလျော်လှပေသည်။
"ပြန်ပြီး ကျင့်ကြံတော့၊ ကျွေ့ယွမ်ကြယ်ကို ရောက်ဖို့ နောက်ထပ် နှစ် ၂၀ လောက် သွားရဦးမယ်"
စီနီယာအစ်မကြီးက ပြန်ရန် အမိန့်ပေးလိုက်သည်။
ဖန့်ချန် ထိုင်ရာမှထ၍ နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
နဂါးနက်လှေသို့ ပြန်ရောက်သောအခါ ဖန့်ချန် ကျင့်ကြံခြင်း မပြုသေးဘဲ လင်းတုန်း၏နေရာတွင် အစားဝင်ကာ မိမိဘာသာ မသေမျိုးစွမ်းအင်များကို သွန်းလောင်းပေးလိုက်သည်။
လင်းတုန်းက ကျေနပ်အားရစွာ ကြည့်နေသော်လည်း ဖန့်ချန်၏ ထိုလုပ်ရပ်သည် သူ၏ စစ်မှန်သော ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည်ကို မသိရှိပေ။
မသေမျိုးစွမ်းအင်များ ကုန်ဆုံးသွားတိုင်း သူ၏ စွမ်းအင်မှာ ပြန်လည်မြင့်တက်လာတတ်ပြီး ကုန်ဆုံးသွားသည့် အကြိမ်တိုင်းတွင် အနည်းငယ်စီ ပိုမိုတိုးတက်လာတတ်သည်။
တိုးတက်လာသော စွမ်းအင်များသည် ကျင့်ကြံမှုကို မြှင့်တင်ပေးရုံသာမက သက်တမ်းကိုလည်း တိုးစေသည်။
ယခုအဆင့်သို့ ရောက်လာသောအခါ ဖန့်ချန်သည် ကိစ္စရပ်တိုင်းကို ပို၍ စုံစုံလင်လင် စဉ်းစားလာနိုင်သည်။
အားလုံးက မသေမျိုးကျောက်တုံးများကို အသုံးပြု၍ စွမ်းအင်မြှင့်တင်နေချိန်တွင် သူသည် အဘယ်ကြောင့် ဘာမျှမရှိဘဲ စွမ်းအင်များ ထွက်ပေါ်လာနေရသနည်း။
အဖြေမှာ ထူးခြားဆန်းပြားလှသော ဝိညာဉ်ခန္ဓာ ပေါ်တွင် ရှိနေသည်မှာ သေချာလှသည်။
ထို လောင်ကျွမ်းနေသော နေမင်းကဲ့သို့ မသေမျိုးနတ်သမီး သည် တကယ်တော့ ဘယ်သူဖြစ်နိုင်သနည်း။
"ငါ အခု ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်နေပြီ၊ ဒါပေမဲ့ ဒီလိုမျိုး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း တစ်ခါမှ မကြားဖူးသေးဘူး"
ဖန့်ချန်သည် အသိစိတ်မဲ့စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ဝေးကွာလှသော ဟင်လင်းပြင်ထဲတွင် ထိန်ထိန်လင်းလက်နေသော ကြယ်ကမ္ဘာကြီးကို မြင်တွေ့လိုက်ရလေသည်။
အခန်း (၁၄၆၈) - ကျွေ့ယွမ်ကြယ်သို့ ဆိုက်ရောက်ခြင်း
"ဖန့်မိတ်ဆွေ... ဘာတွေကို ဒီလောက်တောင် အာရုံစိုက်ကြည့်နေတာလဲ"
ကြာနီနတ်မိမယ် သည် ထိုနေရာသို့ ရောက်ရှိလာပြီး ဖန့်ချန်က နောက်ဘက်သို့ လှည့်၍ အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"လူ့လောကနယ်မြေကိုးခုရဲ့ နေမင်းကို ကြည့်နေတာပါ"
ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်
"ကြာနီမိတ်ဆွေ... အဲဒီနေမင်းပေါ်မှာ လူတွေ ရှိနေနိုင်မယ်လို့ ထင်သလား"
"နေမင်းပေါ်မှာလား"
ကြာနီနတ်မိမယ်က ခေတ္တစဉ်းစားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"မသိဘူးလေ... ဒါပေမဲ့ အဲဒီလောက် ပူပြင်းတဲ့နေရာမျိုးမှာဆိုရင် အဆင့် ၉ မသေမျိုးတွေတောင် ခြေချနိုင်ပါ့မလားပဲ"
"ဒီလောက် ကျယ်ပြောလှတဲ့ ဟင်လင်းပြင်ကြီးထဲမှာ ဒီနေမင်းတစ်စင်းပဲ ရှိနေတာလားဆိုတာလည်း သိချင်မိတယ်"
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ရင်း မျက်လုံးထောင့်မှ ကြာနီနတ်မိမယ်၏ မျက်နှာအမူအရာကို အကဲခတ်နေလိုက်သည်။
ကြာနီနတ်မိမယ်က အမှတ်မထင်ပင် ပြန်ပြောလိုက်သည်။
"အဲဒါတော့ မဟုတ်လောက်ဘူး။ ဟင်လင်းပြင်ကြီးက ဒီလောက်ကျယ်တာ၊ လူ့လောကနယ်မြေကိုးခုမှာပဲ နေရှိတာ မဖြစ်နိုင်ပါဘူး။ တခြားနေရာတွေမှာလည်း ရှိနိုင်တာပဲ၊ တစ်စင်းမကတာတောင် ဖြစ်နိုင်သေးတယ်"
"ကြာနီမိတ်ဆွေက ဘယ်လိုရှေးဟောင်းကျမ်းစာမျိုးမှာ ဒီလိုမှတ်တမ်းတွေကို ဖတ်ခဲ့ဖူးလို့လဲ"
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
ကြာနီနတ်မိမယ် သည် မိမိပြောလိုက်သည့် စကားမှာ အနည်းငယ် လွန်သွားသည်ကို သတိပြုမိသွားပြီး ခပ်ဖွဖွ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"အင်း... ရှေးဟောင်းကျမ်းစာတစ်အုပ်ထဲမှာ တွေ့ခဲ့တာပါ။ အဲဒီကျမ်းစာကို ရေးတဲ့ကျင့်ကြံသူက ဒီလောကမှာ ရေတွက်လို့မရနိုင်တဲ့ နေမင်းတွေ ရှိတယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမဲ့ ကျမတို့နဲ့ အရမ်းဝေးကွာလွန်းနေလို့ ကျမတို့ရဲ့ တစ်သက်တာမှာ တစ်စင်းတည်းကိုပဲ မြင်နိုင်တာလို့ ဆိုတယ်"
ထို့နောက် သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။
"ခုနက ငါ စီနီယာအစ်မကြီးဆီ သွားပြီး ဂါရဝပြုတုန်းက ကြားလိုက်တယ်။ ရှင်က လမ်းခုလတ်မှာ အဖွဲ့ကနေ ခွဲထွက်ပြီး ကျွေ့ယွမ်ကြယ်ကို သွားမလို့ဆို "
"အင်း... အဲဒီမှာ ကျုပ်လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းအချို့ ရှိနေလို့ပါ။ အချိန်အများကြီးတော့ ကုန်မှာ မဟုတ်ပါဘူး"
ဖန့်ချန် ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ရှင့်ကို စောင့်နေကြရမှာပဲဟာ။ အဲဒါကြောင့် ကျမလည်း ရှင့်နဲ့အတူ ကျွေ့ယွမ်ကြယ်ကို လိုက်ခဲ့မယ်လေ။ ဟင်လင်းပြင်ထဲမှာပဲ အမြဲနေနေရတာက တကယ်ကို ပျင်းစရာကောင်းတယ်"
ကြာနီမိတ်ဆွေငယ်က ဆိုသည်။
ဖန့်ချန်က အစက ငြင်းပယ်ရန် ကြံရွယ်သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ကြာနီနတ်မိမယ်သည်လည်း ကျွေ့ယွမ်ကြယ်ပေါ်တွင် သူမကိုယ်တိုင် လုပ်ဆောင်စရာ ကိစ္စတစ်ခုခု ရှိနေခြင်းများလော။
ထိုစဉ် သေးငယ်သော အရိပ်လေးတစ်ခုက တိုတောင်းသော ခြေထောက်လေးများဖြင့် ထိုဘက်သို့ ပြေးလာပြီး ဖန့်ချန်၏ လည်ပင်းဟိုက်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားကာ ခေါင်းလေးကိုသာ အပြင်သို့ ပြူထွက်လျက် ချိတ်တွဲနေလေသည်။
သူမသည် အိပ်ချင်မူးတူးမျက်လုံးများဖြင့် ကြာနီနတ်မိမယ်ကို တစ်ချက်ကြည့်ကာ သမ်းဝေလိုက်ပြီး ဆက်၍ အိပ်ပျော်သွားတော့သည်။
အဝေးမှ မုံ့ချင်းလင်သည် ထိုမြင်ကွင်းကို မြင်သောအခါ ယွီဝူရှီး နှင့် လင်းယွမ် တို့ကို အသံလှိုင်းဖြင့် သတိပေးလိုက်သည်။
"ဇာတ်လမ်းကောင်း ကြည့်ရတော့မယ် ထင်တယ်"
သူတို့နှစ်ဦး ဘာကိုဆိုလိုမှန်း မသိခင်မှာပင် ကြာနီနတ်မိမယ် သည် ထိုရှဉ့်ပျံလေး ၏ လုပ်ရပ်ကို မြင်ပြီး သိသိသာသာ မှင်တက်သွားသည်။
ထို့နောက် သူမက တည်ငြိမ်သော မျက်နှာထားဖြင့် ရှဉ့်ပျံလေးကို ဆွဲထုတ်လိုက်ကာ
"မိတ်ဆွေ မိယွီ... အမာခံတပည့်တစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ဒီလိုမျိုး အိပ်နေလို့ ဘယ်ဖြစ်မလဲ၊ ဒါက စည်းကမ်းနဲ့ မညီဘူး"
ရှဉ့်ပျံလေးသည် သူမ၏ လက်ထဲတွင် ခေတ္တမျှကြာမှ သတိဝင်လာပြီး အိပ်ချင်မူးတူးဖြင့် ရေရွတ်သည်။
"ကြာနီမိတ်ဆွေ... နေကောင်းလား..."
"..."
ကြာနီနတ်မိမယ်က သက်ပြင်းချလိုက်ပြီး
"မိတ်ဆွေ မိယွီ... နဂါးနက်လှေအတွက် မသေမျိုးစွမ်းအင် သွန်းလောင်းပေးဖို့ မလိုဘူးလား"
"ဒါပေမဲ့ ကျမ ပိုးကောင်လျှိုမြောင်ကို သွားခဲ့ရတာဆိုတော့ အရမ်းပင်ပန်းနေပြီလေ"
ရှဉ့်ပျံလေးသည် ကြာနီနတ်မိမယ်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး လူပုံစံသို့ ပြောင်းလဲကာ မလိုလားအပ်ဟန်ဖြင့် နဂါးနက်လှေအတွက် စွမ်းအင်များ သွန်းလောင်းပေးတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသော ကျိကန်းမှာ မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်မောမိသွားသည်။
ကြာနီနတ်မိမယ်က ကျေနပ်သလို ခေါင်းညိတ်လိုက်ပြီးမှ ဖန့်ချန်ကို အပြစ်တင်သလို ကြည့်ကာ
"ဖန့်မိတ်ဆွေ... ရှင်က မိယွီတစ်ယောက်တည်းကိုပဲ အခွင့်အရေးပေးနေရင် နဂါးနက်လှေပေါ်က တခြားသူတွေက ဘယ်လိုထင်မလဲ။ အားလုံးကို တပြေးညီ ဆက်ဆံရမှာပေါ့"
ကြာနီနတ်မိမယ် က အလေးအနက် ဆုံးမစကား ဆိုသည်။
ထို့နောက် သူမသည် ဖန့်ချန်၏အနားတွင် ရက်အနည်းငယ် အဖော်လုပ်ပေးပြီးနောက် မိမိ၏ နဂါးနက်လှေဆီသို့ ပြန်သွားခဲ့သည်။
သူမ ထွက်ခွာခါနီးတွင် မိယွီက သူမ၏ ရင်ခွင်ထဲမှ အဆိပ်ရှိတစ်ကောင်ကို ထုတ်ယူကာ ပါးစပ်ထဲထည့်၍ တဂျွတ်ဂျွတ် ဝါးစားနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားတော့သည်။
ကြာနီနတ်မိမယ် ထွက်သွားပြီး မကြာမီ မိယွီသည် နတ်ဆိုးပုံစံသို့ ပြန်ပြောင်းကာ ဖန့်ချန်၏ လည်ပင်းနားတွင် ပြန်၍ တွဲခိုနေပြန်သည်။
မုံ့ချင်းလင်သည် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချမိသည်။
"ငါလည်း အဲဒီနေရာမှာ တွဲခိုနေလို့ ရရင် ကောင်းမှာပဲ"
"ကြာနီအမာခံတပည့်က နင့်ကို ဆွဲဆုတ်ပစ်လိမ့်မယ်"
လင်းယွမ်က လှောင်ပြောင်သလို ပြောသည်။
"နင့်မှာ အခွင့်အရေး မရှိပါဘူး"
"နင်နဲ့ ဘာဆိုင်လို့လဲ"
မုံ့ချင်းလင်က မျက်စောင်းထိုးလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးလေး ရှိနေသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချနေမိသည်။
တကယ်ပင် အခွင့်အရေး မရှိတော့ပေ။
လင်းကွေ့ကြယ်တာရာမှ အတူတူ ထွက်လာစဉ်က အားလုံး၏ ကွာခြားချက်မှာ အလွန်မကြီးမားလှသော်လည်း ယခုအခါ နှစ်ဖက်ကြား ကွာဟချက်မှာ အလွန်ကြီးမားသွားခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် ထိုကိစ္စကို ထပ်မတွေးဝံ့တော့ပေ။
အရင်ဆုံး တက်လှမ်းခြင်းအဆင့် သို့ ရောက်အောင် ကြိုးစားမည်၊ ထို့နောက်မှ နတ်ဆေးပင် ကို ရှာဖွေမည်။
တကယ်လို့ ရှာမတွေ့ခဲ့ရင်လည်း တိုက်ရိုက်ပင် လွတ်လပ်သောမသေမျိုး အဖြစ် ကူးပြောင်းမည်။
အဆင့် ၃ ရောက်မှ နတ်ဆေးပင် ကို ပြန်လည်ရှာဖွေလျှင်လည်း နောက်မကျသေးပေ။
မသိမသာပင် အဖွဲ့သည် ဟင်လင်းပြင်ထဲတွင် ဆယ်နှစ်ခန့် ခရီးနှင်ခဲ့ပြီး ဖြစ်သည်။
ထိုဆယ်နှစ်အတွင်း လင်းယွမ်တို့ သုံးဦးစလုံးသည် တက်လှမ်းခြင်းအဆင့်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းနိုင်ခဲ့ကြသည်။
ဤမျှ မြန်ဆန်ရခြင်းမှာ သူတို့ ရရှိထားသော ဂုဏ်ထူးမှတ်များကြောင့် ဖြစ်သည်။
ဂုဏ်ထူးမှတ်များဖြင့် ဝိညာဉ်ဆေးဝါးနှင့် ဝိညာဉ်ပစ္စည်းများစွာကို လဲလှယ်နိုင်ခဲ့ကြသည်။
ယခင်က နတ်ဆေးပင်မှ ရရှိသော ဂုဏ်ထူးမှတ်များကို ခွဲဝေယူခဲ့ကြရာ သူတို့၏ ကြွယ်ဝမှုမှာ အဆင့် ၂ သို့မဟုတ် အဆင့် ၃ မသေမျိုးအချို့ထက်ပင် ပို၍ များပြားနေသည်။
သို့သော် သူတို့က လျှောက်မသုံးဘဲ အဆင့် ၁ မသေမျိုးဆေးပင် လဲလှယ်ရန်အတွက် ချန်ထားကြရသေးသည်။
ယွီထျန်းကော နှင့် နန်မင်ရှောက်ကျဲ တို့မှာမူ ပို၍ပင် အစွန်းရောက်လှသည်။
သူတို့သည် မသေမျိုးဆေးပင် များကိုယ်စီ ယူဆောင်လာကြသဖြင့် ယခုအခါ လှေဝမ်းအတွင်းရှိ သီးသန့်အခန်းများတွင် အဆင့် ၁ မသေမျိုးအဖြစ် ကူးပြောင်းရန်အတွက် ကျင့်ကြံနေကြပြီ ဖြစ်သည်။
ဤဆယ်နှစ်အတွင်း ဖန့်ချန်၏ ကျင့်ကြံမှုမှာလည်း အကြီးအကျယ် တိုးတက်လာခဲ့သည်။
ကိုယ်တွင်းရှိ မသေမျိုးစွမ်းအင် ပမာဏမှာ စတင်ချိန်ကထက် နှစ်ဆကျော်ပင် ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ မသေမျိုးစွမ်းအင်များကို အဆက်မပြတ် သုံးစွဲခြင်းနှင့် သူ၏ ကိုယ်ပွားများ ဆီမှ ရရှိသော ကျင့်ကြံမှု တုံ့ပြန်ချက်များကြောင့် ဖြစ်သည်။
ဖန့်ထျန်းဇွန် သည် ယခုတိုင် အထွတ်ထိပ်ဝိညာဉ်ကျောက်တုံး တစ်တုံးကိုပင် ကုန်အောင် မသန့်စင်နိုင်သေးသည်ကို သူ အာရုံခံနိုင်နေသည်။
ယခင် အတွေ့အကြုံများအရ အထွတ်ထိပ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အမှန်တကယ် သန့်စင်နိုင်ရန် နှစ်ပေါင်း တစ်ရာခန့် ကြာမြင့်နိုင်ပေသည်။
သူ ထိုခရီးစဉ်မှ ပြန်ရောက်သောအခါ ဖန့်ထျန်းဇွန်သည် နှစ်တုံး သုံးတုံးခန့် သန့်စင်နိုင်လောက်မည် ဖြစ်ရာ ထိုအချိန်တွင် ကျင့်ကြံမှု အဆင့်တက်သွားပါက ဖန့်ချန်ဆီသို့ ရောက်ရှိလာမည့် စွမ်းအားများမှာ ပို၍ပင် များပြားလာပေလိမ့်မည်။
အချိန်များ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာသည်နှင့်အမျှ ဖန့်ချန်သည် ကြယ်ပြမြေပုံကို အမြဲစောင့်ကြည့်နေခဲ့ရာ မိမိ၏ တည်နေရာသည် ကျွေ့ယွမ်ကြယ်နှင့် ပို၍ ပို၍ နီးကပ်လာသည်ကို မြင်တွေ့နေရသည်။
"လမ်းကြောင်းက အနည်းငယ် သွေဖည်နေသလိုပဲ..."
သူ၏ မျက်နှာထား လှုပ်ရှားသွားသည်။
စစ်ကြောင်းကြီး၏ လမ်းကြောင်းမှာ အစက သတ်မှတ်ထားသည်ထက် အနည်းငယ် သွေဖည်နေသော်လည်း ဤသို့ သွေဖည်ခြင်းက ကျွေ့ယွမ်ကြယ်နှင့် ပိုမိုနီးကပ်စေသည်။
ထူးထွေထွေထွေ မဟုတ်ပါက ဤသည်မှာ စီနီယာအစ်မကြီးက သူ ကျွေ့ယွမ်ကြယ်သို့ သွားလိုသည်ကို ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
မသိမသာပင် သူတို့ ထွက်ခွာလာခဲ့သည်မှာ အနှစ် ၂၀ နီးပါး ရှိခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ကြီးမားလှသော စစ်ကြောင်းကြီးသည် ကျွေ့ယွမ်ကြယ်၏ ပုံရိပ်ကို မြင်တွေ့နိုင်သော တည်နေရာသို့ ဆိုက်ရောက်လာခဲ့သည်။
စစ်ကြောင်း၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားပြီး နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။
အမာခံတပည့်အချို့မှာ အကြောင်းရင်းကို မသိသဖြင့် စီနီယာအစ်မကြီးထံ သွားရောက်မေးမြန်းကြရာ တစ်စုံတစ်ယောက်က ကျွေ့ယွမ်ကြယ်သို့ သွားစရာရှိသည်ကို သိလိုက်ရသဖြင့် သဘောပေါက်သွားကြသည်။
သို့သော် မည်သူဖြစ်သည်ကိုမူ မသိကြသေးပေ။
ဖန့်ချန် နှင့် ကြာနီနတ်မိမယ် တို့က ခြံရံထားသော မသေမျိုး အချို့နှင့်အတူ ကျွေ့ယွမ်ကြယ်ဆီသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရမှသာ အားလုံး သဘောပေါက်သွားကြတော့သည်။
နဂါးနက်အစီရင် တစ်နေရာတွင်
စီနီယာအစ်မ ၃ က တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"တကယ့်ကို အာဏာကို ကိုယ်ကျိုးအတွက် သုံးနေတာပဲ။ ရှေးဟောင်း တားမြစ်နယ်မြေ အမှတ် ၉၇ ကို ချီတက်ရမှာကို အခုတော့ ဂျူနီယာလေး နှစ်ယောက် အလုပ်ရှုပ်ဖို့အတွက် ဒီမှာ တကူးတက စောင့်ပေးနေရတယ်"
အနားရှိ အဖွဲ့ဝင်များမှာ ဤစကားကို ကြားသောအခါ ခါးသက်သက် ပြုံးလိုက်ကြပြီး စီနီယာအစ်မကြီး ကြားသွားမည်ကို စိုးရိမ်သဖြင့် သူမရှိရာဘက်သို့ ခိုးကြည့်နေကြလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ဖန့်ချန်တို့အဖွဲ့သည် ကျွေ့ယွမ်ကြယ်အတွင်းသို့ ချောချောမောမော ဝင်ရောက်လာခဲ့ကြသည်။
မော့ကြည့်လိုက်လျှင် ကောင်းကင်ယံထက်တွင် အကာအကွယ်အမှောင်တစ်ခု ဖုံးလွှမ်းနေသကဲ့သို့ ရှိနေပြီး ဤနေရာမှနေ၍ ဟင်လင်းပြင်ထဲရှိ မြင်ကွင်းများကို မမြင်တွေ့နိုင်ပေ။
မဟုတ်ပါက မသေမျိုးလှေပေါင်း သိန်းချီ တန်းစီနေသည့် မြင်ကွင်းမှာ တကယ့်ကို အံ့မခန်း အံ့ဖွယ်ထူးကဲလှပေလိမ့်မည်။