← Chapters

အခန်း (၁၄၆၉-၁၄၇၀)

Vol. 147 Ch. 1469-1470

အခန်း (၁၄၆၉-၁၄၇၀)

Vol. 147 Ch. 1469-1470

အခန်း (၁၄၆၉) - သတ်ချင်လို့ သတ်လိုက်တာ

ဖန့်ချန်သည် ယခုတစ်ခေါက်တွင် ကြာနီနတ်မိမယ်အပြင် ကျိကန်း၊ ချင်အကြီးအကဲနှင့် အိပ်မောကျနေသော ရှဉ့်ပျံလေး မိယွီတို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။

ဟွမ်ဝူကျိကို မခေါ်လာခဲ့ခြင်းမှာ တစ်စုံတစ်ရာဖြစ်ပွား၍ လက်ဦးမှုယူရပါက သူသည် ဓားသိုင်းတစ်ခုတည်းကိုသာ ကျွမ်းကျင်သူဖြစ်သဖြင့် သဲလွန်စများ ပေါ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

"ဖန့်မိတ်ဆွေ... မိတ်ဆွေ မိယွီက ဘာလို့ တစ်နေ့လုံး အိပ်နေရတာလဲ"

ကြာနီနတ်မိမယ်သည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏လည်ပင်းဟိုက်ထဲမှ မိယွီကို သဘာဝကျကျပင် ဆွဲထုတ်လိုက်ကာ သူမ၏ ရင်ဘတ်ပေါ်ရှိ အိတ်ငယ်လေးထဲသို့ ထည့်ပေးလိုက်သည်။

သူမ၏ ကျင့်ကြံသူဝတ်ရုံတွင် မူလက ထိုအိတ် မပါရှိသော်လည်း မည်သည့်အချိန်ကမှန်းမသိဘဲ တစ်ခု အပိုချုပ်လုပ်ထားခြင်း ဖြစ်သည်။

"ဗိုက်အရမ်းဝနေလို့ ဖြစ်မှာပါ၊ ဒီနှစ်တွေထဲမှာ မိတ်ဆွေ မိယွီက ပိုးကောင်တွေ အများကြီး စားခဲ့တာကိုး"

ဖန့်ချန်၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

အနှစ် ၂၀ တိတိ... သူမသည် ထိုအဆိပ်ရှိသတ္တဝါများကို အဆာပြေမုန့်ကဲ့သို့ အချိန်ပြည့်နီးပါး စားနေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အကြိမ် ပြန်လာစဉ်က အဘယ်ကြောင့် ထိုမျှ ပင်ပန်းနေရသနည်းဆိုသည်မှာ မေးနေစရာပင် မလိုတော့ပေ။

ပိုးကောင်လျှိုမြောင်ထဲမှ ပိုးကောင်ပေါင်း မည်မျှအထိ သူမ ရှင်းထုတ်ခဲ့သည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။

"မိတ်ဆွေ မိယွီက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

ကြာနီနတ်မိမယ်က ရှဉ့်ပျံလေး၏ ခေါင်းလေးကို လက်ချောင်းထိပ်လေးဖြင့် အသာအယာ တို့ထိလိုက်သည်။

မိယွီသည် အသိစိတ်မဲ့စွာဖြင့် သူမ၏လက်ကို တွန်းဖယ်လိုက်ပြီး ခေါင်းလေးတစ်ဖက် စောင်းလျက် ဆက်၍ အိပ်ပျော်နေပြန်သည်။

"ဖန့်အမာခံတပည့်... ကျုပ်တို့ အခု ဘယ်ဘက်ကို ဦးတည်သွားကြမလဲ"

ကျိကန်းက သူ၏ ကျူလုံလှေကို ထုတ်လွှတ်လိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်၍ မေးလိုက်သည်။

"အရင်ဆုံး လမ်းမေးဖို့ လူရှာရမယ်။ ကျုပ်သိရသလောက်တော့ ကျွေ့ယွမ်ကြယ်မှာ မသေမျိုးပွဲတော် တစ်ခု ရှိနေတယ်"

ဖန့်ချန်က ဆိုသည်။

မှန်လေး ပေးထားသော အချက်အလက်များအရ ဤမသေမျိုးပွဲတော်မှာ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်ခန့် ကျင်းပမည်ဖြစ်ရာ ယခုထိ မပြီးဆုံးသေးလောက်ပေ။

စီနီယာအစ်မကြီးတို့က သူ့ကို အများဆုံး ဆယ်ရက်ခန့်သာ စောင့်ပေးမည်ဖြစ်သဖြင့် ထိုဆယ်ရက်အတွင်း တာအိုဓား၏ အစွယ် နှင့် နဂါးသည်းခြေသွေး တစ်ရာ တို့ကို ရရှိနိုင်မလားဆိုသည်မှာ မသေချာလှပေ။

နောက်ဆုံးတစ်ခုမှာ အရေးမကြီးလှသော်လည်း ပထမတစ်ခုဖြစ်သော ဓားအစွယ်ကိုမူ မဖြစ်မနေ ရှာဖွေရမည်ဖြစ်သည်။

သို့မှသာ လာမည့်နှစ်ပေါင်း ရာချီအတွင်း သူသည် အဆင့် ၁ မသေမျိုး၏ အဟန့်အတား ၌ ပိတ်မိမနေမည် ဖြစ်သည်။

ကျိကန်းသည် ညွှန်ကြားချက် ရသည်နှင့်တပြိုင်နက် ကျူလုံလှေကို မောင်းနှင်ကာ ကျွေ့ယွမ်ကြယ်ပေါ်တွင် အလွန်မြန်သော အရှိန်ဖြင့် ခရီးနှင်တော့သည်။

လမ်းခုလတ်တွင် သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်း နှင့် ဆင်တူသော နေရာတစ်ခုကို ဖြတ်သန်းသွားရာ ထိုနေရာ၏ အရှိန်အဝါမှာ သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်းနှင့် ထပ်တူနီးပါးပင်။

ဖန့်ချန်သည် ထိုတည်နေရာကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။

ခန့်မှန်းရသလောက် ထိုနေရာသည် ကျွေ့ယွမ်ကြယ်၏ တားမြစ်ချက် ဖြစ်ဟန်တူသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အထက်နယ်မြေသုံးခုလုံးရှိ နယ်မြေတိုင်းတွင် ယင်လောကသို့ သွားရာလမ်း မရဏလမ်း ကို တစ်ပြိုင်နက်တည်း ပိတ်ပင်ထားပုံရပေသည်။

"ဖန့်အမာခံတပည့်... ရှေ့မှာ တာအိုပေါင်းစပ်ခြင်း အဆင့် ကျင့်ကြံသူအချို့ ရှိနေတယ်၊ ကျုပ်တို့ သွားပြီး လမ်းမေးကြည့်ရအောင်"

ကျိကန်းက ဆိုသည်။

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

ခဏချင်းမှာပင် ကျူလုံလှေသည် ထိုကျင့်ကြံသူများ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။

သို့သော် ထိုသူတို့မှာ အနည်းငယ်မျှပင် သတိမထားမိဘဲ မနီးမဝေးရှိ သွေးချောင်းစီးနေသော စစ်တလင်းကို ကြည့်ကာ ပြုံးရယ်လျက် စကားပြောနေကြသည်။

ထိုနယ်မြေတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြီး ရေတွက်လို့မရနိုင်သော သာမန်လူသား စစ်သည်တော်များမှာ တစ်ဦးပြီးတစ်ဦး အသက်ပေးနေကြရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤစစ်ပွဲ၏ အတိုင်းအတာမှာ လေးငါးသန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းနိုင်သည်။

သာမန်လူသားများကြားတွင် ကျင့်ကြံသူအချို့လည်း ရောနှောနေပြီး သူတို့၏ ကျင့်ကြံမှုမှာ အောက်ခြေအဆင့်လေးဆင့် အတွင်းသာ ရှိကြသည်။

"နေဦး... မင်းတို့ထဲက ဘယ်သူက ဒီနေရာက သွေးဝိညာဉ်နတ်ဆေး ကို သန့်စင်ဖို့ တာဝန်ယူမှာလဲ ငါက နောက်ထပ် စစ်မြေပြင်တစ်ခုကို အမြန်သွားရဦးမယ်။ ခန့်မှန်းရသလောက်တော့ ဒီတစ်ခေါက် ဆယ်စုနှစ်ချီပြီး ခင်းထားတဲ့ နယ်ရုပ်တွေကြောင့် အထက်လူကြီးတွေဆီကို အဆင့် ၁ ဆေးလုံးတစ်လုံး ပို့ပေးနိုင်လိမ့်မယ်ထင်တယ်"

ထိုသူများအနက်မှ တာအိုပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်ရှိသူတစ်ဦးက ရုတ်တရက် မေးလိုက်သည်။

သူသည် အခြားသူများထက် အဆင့်မြင့်သဖြင့် ခေါင်းဆောင်ဖြစ်ဟန်တူသည်။

"ကျုပ်ပဲ နေခဲ့ပါ့မယ်၊ ကံကောင်းတာက ဒီဘက်မှာ အရေအတွက် သိပ်မများဘူးဆိုတော့ ရက်အနည်းငယ်အတွင်း သန့်စင်လို့ ပြီးမှာပါ "

"ကောင်းပြီ... ဒါဆို မင်းပဲ နေခဲ့လိုက်တော့။ ဒီဘက်ကိစ္စပြီးရင် တခြားတစ်နေရာကို သွားကြည့်လိုက်ဦး"

ကျူလုံလှေပေါ်ရှိ လူများမှာ ထိုသူတို့၏ စကားကို ကြားသည်နှင့် သူတို့၏ နောက်ခံကို ခန့်မှန်းမိသွားကြသည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူများပင်။

သွေးဝိညာဉ်ဂိုဏ်းမှလွဲ၍ ထိုလောကတွင် မည်သည့်ကျင့်ကြံသူက သာမန်လူသားများ၏ သတ်ဖြတ်မှုကို ဤမျှ အရေးတယူ လုပ်နေမည်နည်း။

ကျိကန်း၏ မျက်ဝန်းထဲတွင် လှောင်ပြောင်မှုနှင့် ရွံရှာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ချင်အကြီးအကဲ၏ မျက်နှာတွင်မူ အထင်အမြင်သေးမှုများ ထင်ဟပ်နေသည်။

ကြာနီနတ်မိမယ်၏ မျက်နှာမှာလည်း မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး ဖန့်ချန်က လမ်းမေးရန် မရှိပါက သူမသည် လက်ဦးမှုယူ၍ သတ်ဖြတ်မိပြီးလောက်ပြီဖြစ်သည်။

ရှဉ့်ပျံလေးကတော့... အိပ်ပျော်နေဆဲပင်။

"မိတ်ဆွေတို့..."

"ခွင့်လွှတ်ပါဦး..."

ဖန့်ချန်သည် ဖော်ရွေသော အပြုံးဖြင့် ဖြည်းညှင်းစွာ စကားစလိုက်သည်။

ထိုကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့ လှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းလှသော ကျူလုံလှေ သည် သားရဲကြီးတစ်ကောင်ကဲ့သို့ မိမိတို့၏နောက်တွင် အသာအယာ ကပ်နေသည်ကို မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာကာ ချွေးစေးများ ပြန်လာတော့သည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ..."

တာအိုပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်ရှိသူသည် ရင်ထဲမှ ကြောက်စိတ်ကို ဖိနှိပ်ထားလိုက်သည်။

မိမိ၏ နောက်ခံတောင့်တင်းမှုကို သတိရသွားကာ လေသံကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ရင်း

"ဘယ်သူတွေလဲ" ဟု မေးလိုက်သည်။

"လမ်းလေး တစ်ချက်လောက် မေးချင်လို့ပါ။ မိတ်ဆွေတို့အနေနဲ့ ကျွေ့ယွမ်ကြယ်ရဲ့ မသေမျိုးပွဲတော် ကို ဘယ်မှာ ကျင်းပသလဲဆိုတာ သိပါသလား"

ဖန့်ချန်က ပြုံး၍ မေးသည်။

လမ်းမေးတာပဲလား

ထိုကျင့်ကြံသူသည် ရင်ထဲတွင် သက်ပြင်းချနိုင်သွားသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားသည်။

တစ်ဖက်လူက ဤနေရာကို ကျွေ့ယွမ်ကြယ် ဟု ခေါ်နေသလော ကျွေ့ယွမ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများထဲတွင် ထိုနေရာကို ထိုအမည်ဖြင့် ခေါ်ဆိုကြောင်း သိသူ မည်မျှရှိသနည်း

ပြင်ပက လာသူတွေလား

ဂိုဏ်းအတွင်းရှိ ဒဏ္ဍာရီအချို့ကို သတိရသွားကာ ထိုကျင့်ကြံသူသည် ချက်ချင်းပင် ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်သည်။

"မိတ်ဆွေတို့က လမ်းမေးတာပဲကိုး။ ဒီနေရာရဲ့ မသေမျိုးပွဲတော်ကို တာ့ရှန့်နိုင်ငံ မှာ ကျင်းပနေတာ ကျုပ်သိပါတယ်ခင်ဗျာ။ အခုဆိုရင် နယ်ပယ်အသီးသီးက ကျင့်ကြံသူတွေဟာ အဲဒီမှာ မသေမျိုးကြီးတွေရဲ့ တရားဓမ္မဟောကြားမှုကို နားထောင်နေကြပြီး မသေမျိုးအခွင့်အလမ်းတွေကို ရှာဖွေနေကြတာပါ"

"မသေမျိုးတွေက တရားဟောနေတာလား"

ဖန့်ချန်က ပြုံးလိုက်သည်။

ထိုကျင့်ကြံသူက စိတ်ရှည်လက်ရှည်ပင် ဆက်ပြောပြသည်။

"ဟုတ်ပါတယ်၊ တာ့ရှန့်နိုင်ငံဆိုတာ ဒီနယ်မြေမှာ အစည်ကားဆုံး နိုင်ငံဖြစ်ပြီး မသေမျိုးတွေ အမြောက်အမြား ရှိပါတယ်။ အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း မသေမျိုးပွဲတော် ကျင်းပလေ့ရှိပြီး မသေမျိုးအချို့ကို စေလွှတ်ကာ ကျင့်ကြံခြင်းတရားတွေကို ဟောကြားစေတာပါ။ ဒီနှစ်တွေထဲမှာ အဲဒီတရားတွေကြောင့် ကျင့်ကြံမှုအသိပွင့်ပြီး မသေမျိုးအဖြစ် တက်လှမ်းသွားတဲ့သူတွေ အများကြီး ရှိပါတယ်။ ပွဲတော်ကာလမှာ အဲဒီနေရာက တကယ့်ကို စည်ကားလှပါတယ်။ မိတ်ဆွေတို့ သွားကြည့်ချင်ရင်တော့ ဒီလမ်းအတိုင်း တည့်တည့်သာ သွားလိုက်ပါ"

ဟု လမ်းညွှန်ပြလိုက်သည်။

"ဒါဆိုရင် ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့"

ဖန့်ချန်သည် ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် ချက်ချင်းပင် ဓားအရှိန်အဝါတစ်ခုဖြင့် ထိုကျင့်ကြံသူများကို နေရာတင် သုတ်သင်လိုက်တော့သည်။

ကြာနီနတ်မိမယ်သည် မှင်တက်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"ဖန့်မိတ်ဆွေ... ဘာလို့ ဒီလို လုပ်လိုက်တာလဲ"

"အကြောင်းပြချက်မရှိပါဘူး၊ သတ်ချင်လို့ သတ်လိုက်တာပါ"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

ချင်အကြီးအကဲက ရယ်မောလိုက်ပြီး

"ဒီလောကမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ကြည့်မရတဲ့လူတွေက အများကြီးပဲ။ ဖန့်အမာခံတပည့်အနေနဲ့ သူတို့ကို ကြည့်မရလို့ သတ်တာက သဘာဝကျပါတယ်"

ထိုကျင့်ကြံသူအချို့ သေဆုံးသွားခြင်းမှာ ပင်လယ်ထဲသို့ သဲပွင့်တစ်ပွင့် ကျသွားသကဲ့သို့ပင် မည်သည့်ဂယက်မှ မထပါချေ။

ကျူလုံလှေသည် တာ့ရှန့်နိုင်ငံရှိရာသို့ ဦးတည်ပျံသန်းသွားသည်။

ကျွေ့ယွမ်ကြယ်မှာ ကြယ်တာရာစုများကဲ့သို့ မကြီးမားလှသဖြင့် နှစ်ရက်အတွင်းမှာပင် ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။

"ဒီမှာ အဆင့် ၆ မသေမျိုး တစ်ယောက် ရှိနေတယ်"

ကျိကန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် အပိုင်ပြောလိုက်သည်။

သို့သော် သူသည် ထိုသို့သော အဆင့် ၆ မသေမျိုးကို မျက်စိထဲ ထည့်ပုံမရပေ။

တကယ့် ပါရမီရှင်များမှာ အင်အားကြီးဂိုဏ်းများက အကုန်သိမ်းကျုံးယူသွားကြပြီး ဖြစ်သည်။

အင်အားကြီးဂိုဏ်းများကို အားမကိုးသော အဆင့် ၆ မသေမျိုးမှာ အဆင့် ၇ သို့ တက်လှမ်းရန် အခွင့်အရေး လုံးဝမရှိသလောက်ပင်။

အင်အားကြီးဂိုဏ်းများက လက်မခံသော အဆင့် ၆ မသေမျိုးများမှာလည်း အဆင့် ၇ သို့ တက်လှမ်းနိုင်မည့် ပါရမီ မရှိကြသောကြောင့်သာ ဖြစ်သည်။

ကျူလုံလှေ သည် ဟင်လင်းပြင်ထဲတွင် ကိုယ်ယောင်ဖျောက်ထားပြီး အောက်ဘက်တွင်မူ မသေမျိုးပွဲတော် ကျင်းပနေသည်။

အဆင့် ၂ မသေမျိုးတစ်ဦးသည် စင်မြင့်ထက်တွင် ရပ်၍ ကျင့်ကြံခြင်းအတွေ့အကြုံများကို ဟောကြားနေ၏။

အောက်ဘက်တွင် ထောင်သောင်းချီသော ကျင့်ကြံသူများမှာ ငြိမ်သက်စွာ နားထောင်နေကြပြီး တစ်ခါတစ်ရံတွင် သဘောပေါက်နားလည်သလို၊ တစ်ခါတစ်ရံတွင်မူ မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသည်။

သူတို့၏အနားတွင်မူ ထိုမသေမျိုးပွဲတော်ကြောင့် အလွန်စည်ကားလှသော ကျင့်ကြံသူဈေးတန်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။

ဤနေရာမှာ တာ့ရှန့်နိုင်ငံ၏ မြို့တော်ပင် ဖြစ်သည်။

ကျွေ့ယွမ်ကြယ်မှာ သေးငယ်သော်လည်း ကျွမ်းကျင်သူ ဆယ်ပုံလေးပုံခန့်မှာ ဤနေရာသို့ စုဝေးနေကြသည်။

"မှန်လေး တာအိုဓားရဲ့ အစွယ်က ဘယ်သူ့လက်ထဲမှာ ရှိနေတာလဲ"

"ဟိုမှာကြည့်... ဟိုဘက်မှာ တစ်ခုခု စားနေတဲ့ ဝဝတုတ်တုတ် မိန်းကလေးငယ်လေးကို မြင်လား မင်းလိုအပ်တဲ့ တာအိုဓားရဲ့ အစွယ်က သူမဆီမှာပဲ ရှိတယ်။ တိုက်ရိုက်သွားဝယ်လိုက်ရုံပဲ"

ဖန့်ချန်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ပါးဖောင်းဖောင်းလေးနှင့် ဝဝတုတ်တုတ် မိန်းကလေးငယ်တစ်ဦးကို ရှာတွေ့သွားတော့သည်။

သူမမှာ သာမန်လူသားတစ်ဦးသာ ဖြစ်ပေသည်။

အခန်း (၁၄၇၀) - ဦးလေးကြီးက လူလိမ်လား

ပါးဖောင်းဖောင်းနှင့် မိန်းကလေးငယ်လေး၏ လည်ပင်းတွင် ဆွဲသီးတစ်ကုံး ချိတ်ဆွဲထားသည်။

၎င်းမှာ မှန်လေး ပြသပေးခဲ့သည့် တာအိုဓား၏ အစွယ် ပုံရိပ်နှင့် ထပ်တူနီးပါး တူညီနေရုံသာမက ဆွဲသီးပေါ်တွင် အလွန်နက်နဲသိမ်မွေ့သော ဓားအရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်မှာလည်း အမှန်ပင်။

"မင်းတို့ ဒီမှာ ခဏစောင့်နေကြ၊ ငါ သွားလိုက်ဦးမယ်"

ဖန့်ချန်သည် အောက်ဘက်သို့ ပျံဆင်းသွားသည်။

ထိုခဏ၌ပင် သူ့ထံသို့ အကြည့်အချို့ ကျရောက်လာသော်လည်း သူ့ကိုယ်တွင်းမှ စီးဆင်းနေသော မသေမျိုးစွမ်းအင်များကို အာရုံခံမိပြီးနောက် ထိုအကြည့်များမှာ တစ်ခုပြီးတစ်ခု ပြန်လည်လွင့်စင်သွားကြသည်။

မိန်းကလေးငယ်လေးမှာ ယခုအချိန်တွင် ဈေးဆိုင်တန်းတစ်ခု၌ ထိုင်ကာ ရန်ချွန်းခေါက်ဆွဲ တစ်ပွဲကို အားပါးတရ စားသောက်နေလေသည်။

ဖန့်ချန်သည် မိန်းကလေးငယ်၏ ရှေ့သို့ တည့်တည့်သွားလိုက်သည်။

သူမ ဆွဲထားသည့် ဆွဲသီးမှာ တာအိုဓား၏ အစွယ်ဖြစ်ကြောင်း ထပ်မံအတည်ပြုပြီးနောက် သူ၏မျက်နှာတွင် ဖော်ရွေသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း

"မိန်းကလေး... မင်း..."

"ဦးလေးကြီးက လူလိမ်လား"

မိန်းကလေးငယ်က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်သည်။

သို့သော်လည်း ခေါက်ဆွဲဖတ်များကို တရှူးရှူးစုပ်ယူရန် မမေ့လျော့သေးချေ။

"ဦးလေးက လူလိမ်မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ ကျမကို လာစကားပြောနေတာလဲ။ အစ်ကိုက ပြောတယ်... အကြောင်းမရှိဘဲ စကားလာပြောတဲ့သူတွေက လူလိမ်တွေတဲ့၊ သူတို့ကို အဖတ်မလုပ်နဲ့တဲ့"

သူမက နောက်ထပ် ခေါက်ဆွဲတစ်လုပ်ကို ထပ်မံစားလိုက်ပြန်သည်။

သို့သော် မျက်လုံးများကမူ ဖန့်ချန်ကို စိုက်ကြည့်နေဆဲပင်။

"မင်းဆီမှာ ဦးလေး လိမ်ယူစရာ ဘာပစ္စည်းမှလည်း မရှိပါဘူး မဟုတ်လား"

ဖန့်ချန်က ရယ်မောလိုက်ပြီး ဆိုင်ရှင်ကို သူ့အတွက်လည်း ရန်ချွန်းခေါက်ဆွဲတစ်ပွဲ မှာလိုက်ကာ မိန်းကလေးငယ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"အဲဒါတော့ ဟုတ်သားပဲ။ ကျမဆီမှာ ငွေပြားတစ်ပြားမှ မရှိဘူး။ အခု ခေါက်ဆွဲစားနေတာတောင် အကြွေးနဲ့ စားနေတာ"

မိန်းကလေးငယ်က ဆိုသည်။

"ရှောက်ပန်း က ဒီမှာ ခေါက်ဆွဲစားတာ အမြဲတမ်း အကြွေးနဲ့ပါ။ သူ့အစ်ကိုက ဖျန်ယောင်ကွမ် က တပည့်ဆိုတော့ အချိန်တန်ရင် လာရှင်းပေးလေ့ရှိတယ်"

ခေါက်ဆွဲဆိုင်ရှင်က အမှတ်မထင် ဝင်ပြောလိုက်သည်။

သို့သော် သူ၏အကြည့်များကမူ ဖန့်ချန်၏ကိုယ်ပေါ်တွင် ဝဲလည်နေပြီး အတော်လေး သတိထားနေပုံရသည်။

"ဦးလေးက လူလိမ်မဟုတ်ပါဘူး"

ဖန့်ချန်က နောက်တစ်ကြိမ် ထပ်မံအတည်ပြုပြောကြားလိုက်ပြီး လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

"မင်းလည်ပင်းက ဆွဲသီးလေးက တော်တော်လှတာပဲ။ အဲဒါကို ဦးလေး ဝယ်ချင်လို့၊ ဦးလေးကို ရောင်းလို့ ရမလား"

"ဆွဲသီးလား မရဘူး။ ဒါက ကျမအဖေ မသေခင်က ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ ကျမအတွက် အဖိုးတန်ဆုံး ပစ္စည်း"

ရှောက်ပန်းသည် သူမ၏ခေါင်းကို ပဲလှော်ဆုံကဲ့သို့ အဆက်မပြတ် ခါယမ်းလိုက်ပြီး

"ဦးလေးက လူလိမ်မဟုတ်ဘူးလို့ ပြောပြီးတော့ အခုတော့ ကျမဆွဲသီးကို မျက်စိကျနေတာပဲ"

"ဦးလေးက ပိုက်ဆံပေးဝယ်မှာလေ၊ ဘယ်လိုလုပ် လူလိမ်ဖြစ်မှာလဲ"

"မရောင်းဘူး မရောင်းဘူး... ဦးလေးဟွမ်... ကျမကို နောက်ထပ် ခေါက်ဆွဲတစ်ပွဲ ထပ်ပေးပါဦး၊ ဗိုက်မဝသေးဘူး"

မိန်းကလေးငယ်က အော်ဟစ်လိုက်ပြီးနောက် ဖန့်ချန်ကို လုံးဝဂရုမစိုက်တော့ချေ။

ဖန့်ချန် မည်သို့ပင် စကားဆိုစေကာမူ သူမက လုံးဝ အဖတ်မလုပ်တော့ပေ။

"အစ်ကို.. တိုက်ရိုက်ပဲ လုယူလိုက်တာက ပိုမကောင်းဘူးလား"

မှန်လေး က အကြံတစ်ခု ပေးလာသည်။

"သာမန်လူသား မိန်းကလေးတစ်ယောက်ဆီက ပစ္စည်းလုရမယ် ဘယ်လိုပေါက်ကရ အကြံတွေ ပေးနေတာလဲ"

ဖန့်ချန်က ရယ်မောမိသွားသည်။

သူ ကျင့်ကြံခြင်းမပြုခင်၊ သူ၏ အမှောင်မိုက်ဆုံး အချိန်ကာလများ၌ပင် မိန်းကလေးငယ်တစ်ဦးထံမှ ပစ္စည်းလုရလောက်အောင်အထိ သူ အောက်တန်းမကျခဲ့ချေ။

"ခုနက ဆိုင်ရှင်ခေါ်တာ ကြားလိုက်တယ်၊ မင်းနာမည်က ရှောက်ပန်း မဟုတ်လား ရှောက်ပန်း... ဦးလေးကို မင်းအစ်ကိုဆီ ခေါ်သွားပေးပါလား။ သူကတော့ ဆုံးဖြတ်နိုင်မှာပါ။ ဦးလေးက ဈေးကောင်းကောင်း ပေးမှာပါ။ သာမန်လူသားတွေလိုချင်တဲ့ ရွှေငွေပဲဖြစ်ဖြစ်၊ ကျင့်ကြံသူတွေလိုချင်တဲ့ ဝိညာဉ်ကျောက်တုံးပဲဖြစ်ဖြစ် ဦးလေး ပေးနိုင်ပါတယ်"

ဖန့်ချန်က ပြုံး၍ ပြောသည်။

"ခင်ဗျားက ကျင့်ကြံသူလား"

ခေါက်ဆွဲဆိုင်ရှင်သည် ဤဘက်မှ အခြေအနေကို အမြဲသတိထားနေပုံရပြီး ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

"ရှောက်ပန်းလည်ပင်းက ဆွဲသီးက သာမန်ပစ္စည်းလေးပါ၊ ခင်ဗျားက ဘာလို့ ဝယ်ချင်ရတာလဲ"

ထိုသို့ပြောပြီးနောက် သူ၏မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုဆွဲသီးကို အလေးအနက် ပြန်လည် စိုက်ကြည့်လိုက်သည်။

"ဦးလေးက ကျင့်ကြံသူလား ကျမအစ်ကိုလည်း ကျင့်ကြံသူပဲ။ ဦးလေးက ကျင့်ကြံသူဖြစ်နေရင်တောင် ကျမအဖေရဲ့ အမွေအနှစ်ကိုတော့ လုလို့ မရဘူးနော်"

ရှောက်ပန်းသည် ချက်ချင်းပင် ဆွဲသီးကို အင်္ကျီအတွင်းထဲသို့ ထည့်လိုက်ပြီး ဖန့်ချန်ကို သူခိုးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေတော့သည်။

"ပြောပြီးပြီလေ... လုမှာမဟုတ်ဘူး၊ ဝယ်မှာပါ"

ဖန့်ချန်မှာ အနည်းငယ် အကူအညီမဲ့သွားရသည်။

ကြာနီနတ်မိမယ်ကို ဆင်းလာခိုင်းပြီး ထိုရှောက်ပန်းလေးနှင့် စကားပြောခိုင်းရမလားဟု သူ စဉ်းစားမိသည်။

မိန်းကလေးအချင်းချင်းဆိုလျှင် တစ်ဖက်လူ၏ သံသယစိတ်မှာ လျော့နည်းသွားနိုင်ပေသည်။

သို့သော် ကြာနီနတ်မိမယ်၏ စရိုက်ကို သတိရသွားသောအခါ ထိုအစီအစဉ်ကို စိတ်ထဲမှပင် ပြန်လည် ဖျောက်ပစ်လိုက်ရသည်။

ဖန့်ချန် မှာထားသည့် ခေါက်ဆွဲပွဲကို ဆိုင်ရှင်က လာချပေးသည်။

ရှောက်ပန်းရှေ့မှ ခေါက်ဆွဲများမှာ ကုန်သွားပြီဖြစ်သဖြင့် ဖန့်ချန်ရှေ့ရှိ ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ သွားရည်ကျသလိုမျိုး အမှတ်မထင် မျိုချလိုက်မိသည်။

"မင်းပဲ အရင်စားလိုက်ပါ၊ ဦးလေးက နောက်တစ်ပွဲကို စောင့်လိုက်မယ်"

ဖန့်ချန်က ခေါက်ဆွဲပန်းကန်ကို ရှောက်ပန်းရှေ့သို့ တွန်းပေးလိုက်သည်။

ရှောက်ပန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ကျေးဇူးတင်စကားဆိုကာ ခေါက်ဆွဲများကို ထပ်မံစားသောက်ပြန်သည်။

ဖန့်ချန်၏ နောက်ထပ်ခေါက်ဆွဲပွဲ မရောက်လာခင်မှာပင် သူမသည် စားသောက်ပြီးသွားကာ ထိုင်ရာမှထ၍ တစ်ဟုန်ထိုး ထွက်ပြေးသွားတော့သည်။

ဖန့်ချန်က ရယ်မောလိုက်ပြီး အောက်ထပ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ချထားခဲ့ကာ ရှောက်ပန်းနောက်သို့ လျှောက်လှမ်းလိုက်သည်။

"ဝိညာဉ်ကျောက်တုံး "

ခေါက်ဆွဲဆိုင်ရှင်သည် လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို ကြည့်ကာ မှင်တက်သွားပြီး ရင်ထဲတွင် အံ့သြတုန်လှုပ်သွားရသည်။

ဤလူမှာ တကယ့်ကို လက်ဖွာလွန်းလှသည်။

ရန်ချွန်းခေါက်ဆွဲ တစ်ပွဲတည်းအတွက် ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးခဲ့သည်လော။

သူသည် ဝိညာဉ်ကျောက်တုံးကို ချက်ချင်းပင် သိမ်းဆည်းလိုက်ပြီး မည်သူမျှ မမြင်အောင် ဟန်ဆောင်နေလိုက်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေတော့သည်။

လူအုပ်ကြီးကြားတွင် ရှောက်ပန်းသည် အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။

သို့သော် သူမ နောက်သို့ လှည့်ကြည့်လိုက်တိုင်း ထိုလူကြီးသည် သူမ၏နောက် မလှမ်းမကမ်းတွင် အမြဲရှိနေပြီး လုံးဝ ဖယ်ထုတ်၍ မရချေ။

"ကျမနောက်ကို ထပ်မလိုက်နဲ့တော့"

ရှောက်ပန်းက ခြေဆောင့်အော်ဟစ်လိုက်ပြီး လူအုပ်ကြားထဲတွင် ဆက်လက် တိုးဝှေ့ပြေးလွှားပြန်သည်။

မကြာမီ သူမသည် ခန့်ညားထည်ဝါသော ခြံဝင်းကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။

ခြံဝင်း၏ တံခါးအပြင်ဘက်တွင် အလွန်ပင် ခန့်ညားလှပသော သားရဲရုပ်တုကြီး နှစ်ခုရှိနေသည်။

"ဖျန်ယောင်ကွမ် လား... ဪ... သူမအစ်ကိုက ဒီမှာ ကျင့်ကြံနေတာကိုး"

ဖန့်ချန်၏ မျက်နှာတွင် ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာသည်။

တစ်ဖက်လူ ထပ်မပြေးတော့သည်ကို မြင်ရသဖြင့် သူလည်း ထိုနေရာ၌ပင် ရပ်တန့်လိုက်သည်။

"တကယ်ကြီး လိုက်လာတာလား ခဏနေ ကျမအစ်ကို ထွက်လာရင် သူ့ကို အကုန်ပြောပြလိုက်မယ်၊ ဦးလေးတော့ ဒုက္ခရောက်တော့မှာပဲ"

ရှောက်ပန်းသည် ဖန့်ချန်က မထွက်သွားဘဲ ရပ်နေသည်ကို မြင်သောအခါ စကားဖြင့် ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။

"မင်းအစ်ကို ထွက်လာရင် ဦးလေးက မင်းအစ်ကိုနဲ့ စကားပြောမှာပါ"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"ကျမအစ်ကိုနဲ့ ပြောလည်း မရဘူး။ ဒါက ကျမအဖေ ပေးခဲ့တာ၊ ရှင့်ကို လုံးဝ မရောင်းဘူး။ ကျမအစ်ကိုလည်း သဘောတူမှာ မဟုတ်ဘူး "

ရှောက်ပန်းက နှုတ်ခမ်းဆူလိုက်ပြီးနောက် ဖန့်ချန်ကို လျစ်လျူရှုထားလိုက်တော့သည်။

သူတို့နှစ်ဦးသည် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ဖျန်ယောင်ကွမ်အတွင်းမှ လူများ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။

ထွက်လာသော လူငယ်အမျိုးသား အမျိုးသမီးတိုင်း၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်း အဆင့်ဝန်းကျင်တွင်သာ ရှိကြသည်။

ရှောက်ပန်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ထရပ်လိုက်ပြီး လူအုပ်ကြားထဲတွင် လည်ပင်းရှည်အောင် ရှာဖွေနေလေသည်။

ရုတ်တရက်ဆိုသလို လူရိပ်တစ်ခုမှာ ဖျန်ယောင်ကွမ်အတွင်းမှ ဒယိဒယိုင်ဖြင့် ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ဦး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုသူမှာ အသက် ၁၅၊ ၁၆ နှစ်ခန့်ရှိသော လူငယ်လေးတစ်ဦးဖြစ်ပြီး မျက်နှာတစ်ခုလုံး ဖူးရောင်နေကာ ပါးစပ်ထောင့်တွင်လည်း သွေးစများ ရှိနေသည်။

ကန်ကျောက်လိုက်သောသူက နောက်ထပ်တစ်ချက် ထပ်နင်းရန် ပြင်လိုက်စဉ် ရှောက်ပန်းသည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ လူငယ်လေး၏ရှေ့တွင် ပိတ်ရပ်လိုက်ကာ တစ်ဖက်လူကို ဒေါသတကြီး ကြည့်၍

"ဘာလို့ ကျမအစ်ကိုကို ရိုက်တာလဲ"

ဟု အော်ဟစ်လိုက်သည်။

"အဲဒါ မင်းအစ်ကိုကိုပဲ မေးကြည့်လိုက်လေ။ ကျောင်းလခ မပေးနိုင်ဘဲနဲ့ ဘာလို့ ဒီမှာ မျက်နှာပြောင်တိုက်ပြီး နေနေတာလဲ ငါ့အဖေ ဖွင့်ထားတဲ့ ဖျန်ယောင်ကွမ်ကို ဘုန်းကြီးကျောင်းလို့ မှတ်နေလား မင်းအစ်ကိုက ငါတို့ဆီမှာ ကျောင်းလခတွေ အများကြီး ကြွေးတင်နေပြီ။ အမြန်ဆုံး အကြွေးဆပ်ဖို့ ငါ သတိပေးလိုက်မယ်၊ မဟုတ်ရင် အိမ်အထိ လိုက်နှောင့်ယှက်မှာ "

တစ်ဖက်လူက ဒေါသတကြီး ပြောဆိုလိုက်သည်။

အနားရှိ ကျောင်းသားများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။

ဖူးရောင်နေသော လူငယ်လေးမှာ အလွန်ပင် အရှက်ရနေပုံရပြီး စကားတစ်လုံးမျှ မဆိုဘဲ ထရပ်လိုက်ကာ ရှောက်ပန်းကို ခေါ်၍ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် တစ်ဖက်လူမှာ ဒေါသမပြေသေးဘဲ ဓာတ်ငါးပါး နိယာမ ထိန်းချုပ်ခြင်း အတတ်ကို သုံးလိုက်ရာ သစ်သားစွမ်းအားများမှာ နွယ်ပင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ဦးထံသို့ ရိုက်နှက်ရန် ပြေးဝင်လာတော့သည်။

လူငယ်လေး သတိပြုမိသွားချိန်တွင် နိယာမစွမ်းအားများကို ထုတ်သုံးရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။

သူသည် အလိုအလျောက်ပင် ရှောက်ပန်းကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ထိုနွယ်ပင်ရိုက်ချက်ကို အလူးအလဲ ခံယူရန် ပြင်လိုက်တော့သည်။

မောင်နှမနှစ်ဦးစလုံး မိမိတို့ထံသို့ နွယ်ပင်ကြီး ပြေးဝင်လာသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေစဉ်မှာပင် ထိုနွယ်ပင်မှာ ရုတ်တရက် နှစ်ပိုင်းပြတ်တောက်သွားတော့သည်။

ထို့နောက်တွင် ရှောက်ပန်းသည် သူမနောက်သို့ အမြဲလိုက်နေသည့် စိတ်ပျက်စရာ ဦးလေးကြီး သူတို့ရှေ့သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

"သူတင်နေတဲ့ ကျောင်းလခ ဘယ်လောက်လဲ၊ ငါ ပေးလိုက်မယ်"

ဖန့်ချန်သည် တိုက်ခိုက်လိုက်သောသူကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

All Chapters