← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 32 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 32 Ch. 437-438

‎အခန်း ( ၄၃၇ ) - နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းခြင်း၊ ဘီလူးကြီးများပင် ရောက်လာကြပြီ၊ ငါမသိဘူး

‎

‎

‎

‎" ဘုန်း! "

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် သေဆုံးသွားသည်နှင့် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော ကောင်းကင်ဖုံးလွှမ်းနယ်ပယ်သည်လည်း ချက်ချင်း ပြိုကွဲပျောက်ကွယ်သွား၏။ အင်မော်တယ်ဘုရင် ဘီလူးကြီးများ၏ ကျန်ရစ်သော စွမ်းအားအငွေ့အသက် အနည်းငယ်သာ အရပ်လေးမျက်နှာသို့ ပြန့်နှံ့သွားတော့သည်။

‎

‎

‎" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်... တကယ်ပဲ ကျဆုံးသွားတာလား "

‎

‎

‎ပြိုကွဲသွားသော ကောင်းကင်ဖုံးလွှမ်းနယ်ပယ်ကို ကြည့်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ လှပသော မျက်လုံးများမှာ မှင်သက်နေကာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရလေသည်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် စိတ်ကူး၍ပင်မရနိုင်သော နည်းလမ်းများကို အသုံးပြုခဲ့သဖြင့် ကုချန်အတွက် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု သူ ယခုလေးတင် စိုးရိမ်နေခဲ့မိသည်။

‎

‎

‎သို့သော် ရလဒ်မှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့၏။

‎

‎

‎မည်သည့် ခက်ခဲသော တိုက်ပွဲမျှ မရှိခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုချန်သည် တန်ပြန်သတ်ဖြတ်မှုကို ပြီးမြောက်ခဲ့ကာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို အလွယ်တကူ ချေမှုန်းပစ်လိုက်‌လေသည်။ ဤသည်မှာ ချန်းရှီအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ခဲ့စဉ်ကထက် များစွာ ပိုမခက်ခဲခဲ့ပေ။

‎

‎

‎ဒါက.....

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ ကြီးမားသော ယဇ်ပူဇော်ခြင်း နည်းလမ်းကို အလုံးစုံ ဖိနှိပ်နိုင်စွမ်းရှိသည့် ကုချန် ကျွမ်းကျင်ထားသော အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်အကြောင်းကို ယွဲ့လင်အင်မော်တယ်ဘုရင် မသိခဲ့ချေ။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သာ ဤကြီးမားသော ယဇ်ပူဇော်ခြင်း နည်းလမ်းကို အသုံးမပြုခဲ့ပါက အချိန်အနည်းငယ် ပို၍ တောင့်ခံထားနိုင်မည်ဟုသာ ဆိုရပေမည်။

‎

‎

‎သို့သော် ရန်သူကို တစ်ထောင်သတ်ရန် မိမိကိုယ်ကို ရှစ်ရာ ထိခိုက်စေမည့် ဤကြီးမားသော ယဇ်ပူဇော်ခြင်း နည်းလမ်းကို သူ အသုံးပြုရန် ပြင်ဆင်လိုက်ချိန်မှာပင် ကုချန်၏ ပြီးပြည့်စုံသော တန်ပြန်ချေမှုန်းမှုကို ခံလိုက်ရ၍ အသက်ရှူကျပ်ဖွယ်ကောင်းအောင် သေဆုံးသွားခဲ့ရလေသည်။

‎

‎

‎" ကျန်တာ မင်းတာဝန်ပဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် မှင်သက်နေစဉ်မှာပင် ကုချန်၏အသံသည် သူ၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။

‎

‎

‎ကျန်တာ? ဘာကျန်တာလဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ဇဝေဇဝါဖြစ်သွားကာ ကုချန်ကို မေးမြန်းရန် ပြင်လိုက်၏။

‎

‎

‎သူ ဤနေရာသို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို မမေ့သေးပေ။ ချီလျိုနှင့် ဆက်သွယ်၍ ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေကို သူ သိချင်သေးသည်လေ။

‎

‎

‎သို့သော် သူ မမေးမြန်းရသေးမီမှာပင် ကုချန်၏ ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်သွားကာ သူ၏နားထဲတွင် ပဲ့တင်ထပ်နေသော အသံတစ်သံသာ ကျန်ရစ်ခဲ့လေသည်။

‎

‎

‎" ဒီကိစ္စရဲ့ နောက်ဆက်တွဲ ဂယက်တွေ ပြီးသွားရင် ငါကိုယ်တော် မင်းဆီကို ကျိန်းသေ လာရှာပါ့မယ် "

‎

‎

‎ကုချန် ဤမျှ အလျင်စလို ထွက်သွားရခြင်းမှာ ဤတိုက်ပွဲမှ ရရှိခဲ့သော အကျိုးအမြတ်များကို အနှစ်ချုပ် ချေဖျက်ရန် တံခါးပိတ်ကျင့်ကြံမည့်နေရာကို အမြန်ရှာဖွေလိုသောကြောင့် ဖြစ်လေသည်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် တိုက်ပွဲတွင် ကုချန်၏ နားလည်သဘောပေါက်မှုနှင့် တာအိုကျင့်ကြံမှုမှာ များစွာ တိုးတက်လာခဲ့ရာ ၎င်းတို့ကို ချေဖျက်ရန် တံခါးပိတ်ကျင့်ကြံရမည့်နေရာကို သဘာဝကျကျပင် အမြန်ရှာရမည် ဖြစ်သည်။

‎

‎

‎ထို့အပြင် နောက်ထပ် အကြောင်းအရင်း ရှိသေး၏။

‎

‎

‎၎င်းမှာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် သေဆုံးသွားသည့် လှိုင်းဂယက်များ ပြန့်နှံ့သွားပြီ ဖြစ်သောကြောင့်ပင်။

‎

‎

‎မကြာမီ အခြား အင်မော်တယ်ဘုရင်များ ထပ်မံရောက်ရှိလာပေတော့မည်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် တိုက်ပွဲရလဒ်အရ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားသည် အင်မော်တယ်ဘုရင်အဆင့်တွင် ပြိုင်ဘက်ကင်း၍ အင်မော်တယ်ဘုရင် ဘီလူးကြီးများကိုပင် အနိုင်ယူနိုင်စွမ်းရှိသော်လည်း အပြတ်အသတ် ချေမှုန်းနိုင်သည့် အခြေအနေမျိုး မဟုတ်သေးကြောင်း ကုချန် သဘောပေါက်သွားခဲ့သည်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကဲ့သို့ ပြိုင်ဘက်မျိုးအတွက် သူ၏ နောက်ဆုံးဖဲချပ်ကိုသာ ကုချန်မှ လုံးဝ မချေဖျက်နိုင်ခဲ့ပါက သူ့ကို ဖိနှိပ်သတ်ဖြတ်ရန် များစွာ ပို၍ အားစိုက်ထုတ်ရမည် ဖြစ်သည်။

‎

‎

‎ကုချန်၏ခန့်မှန်းချက်အရ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို အပြတ်အသတ် ချေမှုန်းလိုပါက ' ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ' ပညာရပ်ကို အသုံးပြု၍ ခန္ဓာကိုယ်သုံးခုလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပစ်ရပေလိမ့်မည်။

‎

‎

‎တစ်နည်းအားဖြင့် သူသည် အင်မော်တယ်နယ်မြေတွင် လွှမ်းမိုးသောင်းကျန်းနိုင်သည့် စွမ်းအား အပြည့်အဝ မရှိသေးချေ။

‎

‎

‎မည်သို့ပင်ဆိုစေ ဤအင်မော်တယ်ဘုရင် ဘီလူးကြီးများ၏ အထက်တွင် ကောင်းကင်ဘုံအားလုံးကို အပေါ်စီးမှ ကြည့်နေသော အင်မော်တယ်ဧကရာဇ်များ ရှိနေသေးသည် မဟုတ်လော။

‎

‎

‎ထို့ကြောင့် ကုချန်သည် ရှေ့တန်းသို့ ဤမျှစောစော ထွက်လာရန် ရည်ရွယ်ချက် မရှိသေးပေ။

‎

‎

‎ယင်းအစား သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်ကို အကာအကွယ်အဖြစ် အသုံးပြုမည်ဖြစ်ပြီး သူ အပြည့်အဝ အတောင်ပံစုံကာ လောကတွင် ပြိုင်ဘက်ကင်းဖြစ်လာချိန်မှ ကိုယ်ထင်ပြလျှင် နောက်ကျမည် မဟုတ်ချေ။

‎

‎

‎" နောက်ဆက်တွဲ ဂယက်တွေ..... "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။ ကုချန်၏ ဆိုလိုရင်းကို သူ အပြည့်အဝ နားမလည်သေးမီမှာပင် စွမ်းအားကြီးမားသော နတ်ဝိညာဉ်အာရုံများသည် ကောင်းကင်နှင့်မြေကြီးပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းလာလေသည်။

‎

‎

‎" အရှင်ရှီ... ကူအင်မော်တယ်ဘုရင်... ယွီအင်မော်တယ်ဘုရင်..... "

‎

‎

‎ထိုစွမ်းအားကြီးမားသော အရှိန်အဝါများကို ခံစားလိုက်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ လန့်ဖျပ်သွားရလေသည်။

‎

‎

‎ဤကောင်းကင်နှင့်မြေကြီးပေါ်သို့ ဆင်းသက်လာသော နတ်ဝိညာဉ်အာရုံများ အားလုံးသည် ရှေးဟောင်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့ထဲမှ အားအနည်းဆုံးသူပင်လျှင် ချန်းရှီကဲ့သို့ ဝါရင့် အင်မော်တယ်ဘုရင်များ ဖြစ်ကြကာ အများစုမှာ ကောင်းကင်ဖုံးလွှမ်းအရှင်ကဲ့သို့ အင်မော်တယ်ဘုရင် ဘီလူးကြီးများ ဖြစ်ကြသည်။

‎

‎

‎ဒီလောက်များတဲ့ အင်မော်တယ်ဘုရင် ဘီလူးကြီးတွေတောင် တုန်လှုပ်ပြီး ဒီကို ဆင်းသက်လာကြတာလား။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အံ့အားသင့်သွားရကာ တစ်ချိန်တည်းမှာပင် ကုချန် ခုလေးတင် ပြောသွားသော စကား၏ဆိုလိုရင်းကို နားလည်သွားရလေသည်။

‎

‎

‎" ချန်းရှီ သေသွားပြီ... နောက်ထပ် ဘယ်သူလဲ "

‎

‎

‎စွမ်းအားကြီးမားသော နတ်ဝိညာဉ်အာရုံများထဲမှ ရှေးကျသည့်အသံတစ်ခု ပဲ့တင်ထပ်လာ၏။

‎

‎

‎ဤရှေးဟောင်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများသည် ဤနေရာသို့ မဆင်းသက်မီကတည်းက လဝိညာဉ် ကောင်းကင်ဘုံနှင့် ကပ်လျက်ရှိသော ချန်းရှီ ကောင်းကင်ဘုံရှိ အပြောင်းအလဲများကို သတိထားမိခဲ့ကြပြီး ဖြစ်သည်။

‎

‎

‎ချန်းရှီ ကောင်းကင်ဘုံရှိ တာအိုပြည်နယ်များ အားလုံး၌ သွေးမိုးများ ရွာသွန်းနေ၍ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေလေရာ ဤကောင်းကင်ဘုံ၏ အရှင်သခင် ကျဆုံးသွားကြောင်း ထင်ရှားစွာ ပြသနေလေသည်။

‎

‎

‎သို့သော် ဤရှေးဟောင်း အင်မော်တယ်ဘုရင် ဘီလူးကြီးများကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်မှာ ချန်းရှီ သေဆုံးသွားခြင်း မဟုတ်ဘဲ ချန်းရှီထက် များစွာ ပိုမို ရှေးကျသော နောက်ထပ် အရှိန်အဝါတစ်ခုကြောင့် ဖြစ်သည်။

‎

‎

‎ထိုအရာမှာ အင်မော်တယ်ဘုရင် ဘီလူးကြီးများသာ ပိုင်ဆိုင်နိုင်သော အရှိန်အဝါပင် ဖြစ်လေသည်။

‎

‎

‎တစ်နည်းအားဖြင့်ဆိုသော် ချန်းရှီအပြင် ဤနေရာ၌ နောက်ထပ် အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးပါ ယခုလေးတင် ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎" ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ရဲ့ အရှိန်အဝါ အနည်းငယ်ကို ငါ ခံစားမိလိုက်တယ်... ခုလေးတင် ဒီမှာ ကျဆုံးသွားခဲ့တဲ့သူက တာအိုရောင်းရင်း ကောင်းကင်ဖုံးလွှမ်းအရှင် ဖြစ်ပုံရတယ် "

‎

‎

‎ရှေးဟောင်း အင်မော်တယ်ဘုရင်တစ်ပါးမှ ပြောဆိုလိုက်၏။ သူ၏အမြင်မှာ စူးရှလှရာ အမှန်တရားကို ချက်ချင်း သိမြင်သွားလေသည်။

‎

‎

‎ခုလေးတင် ဒီမှာ သေသွားတာက ကောင်းကင်ဖုံးလွှမ်းအရှင်လား။

‎

‎

‎ထိုအင်မော်တယ်ဘုရင် ဘီလူးကြီးတို့၏ မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စွမ်းအားသည် အင်မော်တယ်ဘုရင် ဘီလူးကြီးများထဲတွင် အသန်မာဆုံး မဟုတ်နိုင်သော်လည်း လျှို့ဝှက်ဆန်းကြယ်မှုနှင့် အသက်ရှင်သန်နိုင်စွမ်းတွင်မူ သေချာပေါက် အကောင်းဆုံးများထဲမှ တစ်ပါး ဖြစ်သည်။

‎

‎

‎ဒီလို ပြဿနာများတဲ့ တည်ရှိမှုမျိုးက ဘယ်လိုလုပ် အကြောင်းပြချက်မရှိ အသတ်ခံလိုက်ရတာလဲ။

‎

‎

‎ထို့အပြင် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ကျဆုံးသွားပြီးနောက် ပြန့်ကျဲနေသော ချီအငွေ့အသက် အနည်းငယ်ကိုသာ သူတို့ ခံစားမိခဲ့ကြသည်။

‎

‎

‎အစောပိုင်း၌ ဖြစ်ပျက်ခဲ့ကြသည်များကိုတော့ ဤရှေးဟောင်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများ လုံးဝ ဘာကိုမျှမသိခဲ့ကြဟု ဆိုနိုင်ပေသည်။

‎

‎

‎အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုခုကများ ဝင်ပါပြီး ကောင်းကင်ဖုံးလွှမ်းအရှင်ကို သတ်ပစ်လိုက်တာလား။

‎

‎

‎အင်မော်တယ်ဘုရင် ဘီလူးကြီးများ၏ မျက်နှာပေါ်တွင် မသေချာမရေရာသည့် အမူအရာများ ဖြတ်ပြေးသွား၏။

‎

‎

‎ချက်ချင်းပင် ထိုရှေးဟောင်း အကြည့်များအားလုံး ယွဲ့လင်အင်မော်တယ်ဘုရင်အပေါ် ကျရောက်သွားတော့သည်။

‎

‎

‎" တာအိုရောင်းရင်း ယွဲ့လင်... စောနက ဒီမှာ ဘာတွေ ဖြစ်သွားခဲ့သလဲဆိုတာ ကျေးဇူးပြုပြီး ငါတို့ကို တိတိကျကျ ပြောပြနိုင်မလား "

‎

‎

‎အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးမှ သူ၏ လေသံကို ပျော့ပျောင်းနွေးထွေးစွာ ထား၍ ပြောဆိုလိုက်သည်။

‎

‎

‎ပုံမှန်အားဖြင့် ဤအင်မော်တယ်ဘုရင် ဘီလူးကြီးများသည် ယွဲ့လင်အင်မော်တယ်ဘုရင်ကဲ့သို့ မကြာသေးမီကမှ အဆင့်တက်လာသော အင်မော်တယ်ဘုရင်များကို အဖက်လုပ်၍ပင် ကြည့်မည် မဟုတ်ချေ။

‎

‎

‎နှစ်ဦးစလုံးမှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော်လည်း တစ်ဦးမှာ အင်မော်တယ်ဘုရင် ဘီလူးကြီးဖြစ်၍ နောက်တစ်ဦးမှာ သာမန် အင်မော်တယ်ဘုရင်သာ ဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားရှိ ကြီးမားလှသော ကွာဟချက်မှာ အင်မော်တယ်အရှင်မှ အင်မော်တယ်ဘုရင်သို့ တက်လှမ်းရခြင်းထက် မငယ်လှပေ။

‎

‎

‎သို့သော် ယခုအခါ ယွဲ့လင်ကို ရင်ဆိုင်ရချိန်တွင် ဤရှေးဟောင်း အင်မော်တယ်ဘုရင် ဘီလူးကြီးများပင် နွေးထွေးပျူငှာနေကြ၍ ယဉ်ကျေးစွာ ဆက်ဆံကာ ' တာအိုရောင်းရင်း ' ဟုပင် ခေါ်ဆိုနေကြလေသည်။

‎

‎

‎ဤအပြောင်းအလဲများအားလုံး ဘာကြောင့်ဖြစ်နေသည်ကို ယွဲ့လင်ကိုယ်တိုင် ကောင်းစွာ သိထားလေသည်။

‎

‎

‎ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအင်မော်တယ်ဘုရင် ဘီလူးကြီးများသည် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့်အရာများကို မခန့်မှန်းနိုင်သလို သူနှင့် ပတ်သက်နေသလားဆိုသည်ကိုလည်း မသိသောကြောင့် ဤမျှ ယဉ်ကျေးစွာ ပြုမူနေကြခြင်း ဖြစ်သည်။

‎

‎

‎ဤအချက်ကို တွေးမိသောအခါ ' နောက်ဆက်တွဲ ဖြေရှင်းရန် ' သူ့ကို ချန်ထားခဲ့သော ကုချန်၏ရည်ရွယ်ချက် အစစ်အမှန်ကို ယွဲ့လင်အင်မော်တယ်ဘုရင် နောက်ဆုံးတွင် လုံးဝ နားလည်သွားတော့၏။

‎

‎

‎ထို့ကြောင့် ဤရှေးဟောင်း အင်မော်တယ်ဘုရင် ဘီလူးကြီး၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိဘဲ ရိုးရှင်းစွာပင် ပြန်ဖြေလိုက်လေသည်။

‎

‎

‎" စောနတုန်းက ဘာဖြစ်သွားတာလဲဆိုတာ ကျွန်မလည်း မသိပါဘူး "

‎

‎အခန်း ( ၄၃၈ ) - ဘုရင်များ၏ ကောက်ချက်ချမှု၊ သေစေနိုင်သော စိတ်ကူးယဉ်မှုနှင့် နောက်ကွယ်မှ အင်မော်တယ်ဧကရာဇ်

‎

‎

‎

‎မင်းလည်း မသိဘူးလား။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ အဖြေကို ကြားသောအခါ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားမှာ ကျိန်ဆဲမိလုနီးပါး ဖြစ်သွားကြသည်။

‎

‎

‎မသိဘူး ဟုတ်လား!? ဘယ်သူက ယုံမှာလဲ!

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်ရော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ပါ မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲမှာ သေဆုံးသွားတာလေ။ ပြီးတော့ မင်းက တခြားသူတွေထက် အရင် ဒီကိုရောက်နေတာဆိုတော့ ခုလေးတင် ဖြစ်သွားသမျှကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတာ သေချာနေတာပဲ။

‎

‎

‎မင်းက မသိဘူးဆိုရင် ဒီကျယ်ပြောလှတဲ့ အင်မော်တယ်နယ်မြေကြီးထဲမှာ တခြား ဘယ်သူကများ သိနိုင်တော့မှာလဲ!

‎

‎

‎" ဒီမှာ ကျန်ရစ်ခဲ့တဲ့ ချီအငွေ့အသက်ကို ကြည့်ရတာ... တာအိုရောင်းရင်း ကောင်းကင်ဖုံးလွှမ်းအရှင်က ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ခင်းကျင်းခဲ့တာ ဖြစ်ရမယ်... ဒါကြောင့် ဘာအငွေ့အသက်မှ အပြင်မထွက်ခဲ့တာပဲ "

‎

‎

‎" ဒါပေမယ့် ဒီနယ်ပယ်ထဲမှာ ဘာတွေဖြစ်သွားလို့ သူ အလကား သေဆုံးသွားရတာလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး "

‎

‎

‎ရှေးဟောင်း အင်မော်တယ်ဘုရင် တစ်ပါးမှ စဉ်းစားဟန်ဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" ဟက်...! ယွဲ့လင်အင်မော်တယ်ဘုရင်... မင်းက ဒီလဝိညာဉ် ကောင်းကင်ဘုံရဲ့ အရှင်သခင်ဖြစ်ပြီး ဒီနယ်မြေရဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်ထားသူပဲ... အစကတည်းက မသိခဲ့ဘူးဆိုရင်တောင် ကောင်းကင်ဖုံးလွှမ်း နယ်ပယ် ပြိုကွဲသွားချိန်မှာ တစ်ခုခုကိုတော့ မင်း ခံစားသိသင့်တာပေါ့... ဘယ်လိုလုပ် ဘာမှမသိဘူးလို့ ပြောနိုင်ရတာလဲ "

‎

‎

‎အခြား ရှေးဟောင်း အင်မော်တယ်ဘုရင် တစ်ပါးကလည်း မယုံကြည်နိုင်စွာ ဝင်ရောက် ပြောဆိုလိုက်၏။

‎

‎

‎သူတို့သည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် မည်သည့် ကိုယ်ရေးကိုယ်တာ ပတ်သက်မှုမျှ မရှိသလို သူ့အတွက် လက်စားချေပေးရန်လည်း ရည်ရွယ်ချက်မရှိကြချေ။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် သေဆုံးရသည့် အကြောင်းရင်းကို ယွဲ့လင်ထံမှ အတင်းအကျပ် သိချင်နေကြခြင်းမှာ ရိုးရှင်းစွာပင် သူတို့ ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။

‎

‎

‎ဟုတ်ပေသည်။ သူတို့ ကြောက်ရွံ့နေကြ၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများအနေဖြင့် အရှင်ရှီနှင့် ကူအင်မော်တယ်ဘုရင်တို့ကဲ့သို့သော တည်ရှိမှုများသည် အင်မော်တယ်ဧကရာဇ်များ ဝင်မပါသရွေ့ ဤကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပေသည်။

‎

‎

‎၎င်းတို့သည် အင်မော်တယ်ဧကရာဇ်များကို သွားရောက်စော်ကားလောက်အောင် မမိုက်မဲကြသဖြင့် ရှေးခေတ်တစ်လျှောက်လုံး အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသည်ဆိုသော သတင်းမျိုး မရှိခဲ့ဖူးချေ။

‎

‎

‎သို့သော် ယခုအခါ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများထဲမှ တစ်ပါးဖြစ်သော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အကြောင်းပြချက်မရှိ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်က ဘာကို ဆိုလိုသနည်း။

‎

‎

‎ဆိုလိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော သူတို့ကိုယ်တိုင်ပင် လုံခြုံမှု မရှိတော့ကြောင်းပင်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ပင် သေဆုံးနိုင်မှတော့ သူတို့လည်း ကျိန်းသေ သေဆုံးနိုင်လေသည်။

‎

‎

‎ဤမတည်ငြိမ်မှုနှင့် မသေချာမှုများကြောင့်ပင် အမှန်တရားကို သူတို့ အပူတပြင်း သိချင်နေကြခြင်း ဖြစ်၏။

‎

‎

‎အင်မော်တယ်ဘုရင်များ၏ တစ်ပြိုင်နက် စူးစိုက်ကြည့်လာမှုကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် တင်းကျပ်သွားကာ အမှန်တရားကို ပြောပြလိုက်ချင်စိတ်များပင် ပေါ်လာမိသည်။ သို့သော် ကုချန်၏ရည်ရွယ်ချက်ကို သိထားသဖြင့် ကုချန်နှင့် ပတ်သက်သည့် အချက်အလက်ကို သူ မည်သို့ ထုတ်ဖော်ပြောဆိုရဲမည်နည်း။

‎

‎

‎ထို့ကြောင့် အင်မော်တယ်ဘုရင်များ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသော်လည်း သူသည် အေးဆေးစွာသာ ပြန်လည် ပြောဆိုလိုက်၏။

‎

‎

‎" ကျွန်မလည်း ခုလေးတင် ချီအငွေ့အသက်တချို့ကို ခံစားမိလို့ ဒီကို ပြေးလာခဲ့တာပဲ... ဒါပေမယ့် ကျွန်မတွေ့ခဲ့ရတာတွေက ရှင်တို့မြင်ရတာတွေနဲ့ ဘာမှမကွာပါဘူး... ချန်းရှီနဲ့ ကောင်းကင်ဖုံးလွှမ်းအရှင်ကို ဘယ်သူသတ်သွားလဲဆိုတာ ကျွန်မလည်း မမြင်လိုက်ရဘူးလို့ ပြောပြီးပြီပဲ "

‎

‎

‎" ယွဲ့လင်... မင်း ဘယ်သူ့ကို လာလှည့်စားနေတာလဲ! တာအိုရောင်းရင်း ချန်းရှီနဲ့ မင်းကြားမှာ ရန်ငြိုးရှိတယ်ဆိုတာ လူတိုင်းအသိပဲ "

‎

‎

‎" အခု တာအိုရောင်းရင်း ချန်းရှီက မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲမှာ အကြောင်းပြချက်မရှိ သေဆုံးသွားရုံမကဘဲ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပါ ဆွဲခေါ်သွားသေးတယ်... မင်းက ဘာမှမသိဘူးလို့ ပြောနေတာလား... သရဲကိုသာသွားလိမ်လိုက်! "

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်နှင့် ဆက်ဆံရေးကောင်းမွန်သော ကွမ်ယီအင်မော်တယ်ဘုရင်မှာ မနေနိုင်တော့စွာ ဝင်ရောက်မေးခွန်းထုတ်လိုက်၏။

‎

‎

‎မကြာသေးမီကမှပင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် ဤလဝိညာဉ် ကောင်းကင်ဘုံ၌ ကျဆုံးသွားခဲ့ပြီး ယခု ချန်းရှီနှင့် ကောင်းကင်ဖုံးလွှမ်းအရှင်တို့ပါ ထပ်မံကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်သော ယွဲ့လင်အင်မော်တယ်ဘုရင်မှ ဤအရာအားလုံးကို လုံးဝ မသိပါဘူးဆိုလျှင် သရဲကသာ ယုံပေလိမ့်မည်။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ သူတို့ကို ပြီးစလွယ်ပြောကာ လှည့်စားနေကြောင်း ထင်ရှားလှပေသည်။

‎

‎

‎အင်မော်တယ်ဘုရင်များ စုံလင်နေခိုက် ယွဲ့လင်ထံမှ ရှင်းလင်းသော အဖြေတစ်ခုကို အတင်းတောင်းဆိုလိုသည့်အလား ကွမ်ယီအင်မော်တယ်ဘုရင်၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်သွား၏။

‎

‎

‎သူသည်လည်း ကြောက်ရွံ့နေသည်။ အဘယ်ကြောင့်ဆိုသော် ချန်းရှီနှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် ယခင်က ချန်းရှီသည် ယွဲ့လင်ကို ပစ်မှတ်ထားချိန်တိုင်း သူ ဝင်ရောက်ကူညီပေးခဲ့ဖူးသောကြောင့်ပင်။

‎

‎

‎ယခု ချန်းရှီ သေဆုံးသွားပြီဖြစ်ရာ ချန်းရှီအင်မော်တယ်ဘုရင် ကျဆုံးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရပါက ကွမ်ယီအင်မော်တယ်ဘုရင်သည် သေချာပေါက် စိတ်အေးနိုင်မည် မဟုတ်ချေ။

‎

‎

‎" ကျွန်မ မသိဘူးလို့ ပြောပြီးပြီပဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကွမ်ယီအင်မော်တယ်ဘုရင်ကို ကြည့်ကာ ယခင်ကဲ့သို့ပင် အေးတိအေးစက် လေသံဖြင့် ပြန်လည် ဖြေဆိုလိုက်၏။

‎

‎

‎" ကွမ်ယီအင်မော်တယ်ဘုရင်မှာ စွမ်းရည်ရှိရင် ရှင်ဘာသာရှင် သေချာ စုံစမ်းကြည့်လိုက်ပေါ့ "

‎

‎

‎" ဒါပေမယ့် ကျွန်မ ကြိုပြောထားမယ်... စုံစမ်းနေရင်းနဲ့ မတော်တဆ အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုခုကို စော်ကားမိပြီး အပြစ်ပေးခံရတာ... ဒါမှမဟုတ် ကျဆုံးသွားတာမျိုး ဖြစ်ရင် ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော် "

‎

‎

‎အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုခု?

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားကြောင့် အင်မော်တယ်ဘုရင်များ၏ ရင်ထဲတွင် အလိုအလျောက် တင်းကျပ်သွားတော့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို သတ်ဖြတ်သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် သေချာပေါက် ပတ်သက်နေမည်ဟု လူတိုင်းက တိတ်တဆိတ် ကောက်ချက်ချထားပြီးဖြစ်သောကြောင့်ပင်။

‎

‎

‎ထို့ကြောင့် ယွဲ့လင်မှ ဤစကားများကို ရည်ရွယ်ချက်မရှိသလိုမျိုး ပြောလိုက်သောအခါ ထိုနေရာရှိ အင်မော်တယ်ဘုရင်များ အားလုံး အလေးအနက် မတွေးဘဲ မနေနိုင်တော့ချေ။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုမှ အမြင့်မြတ်ဆုံး တည်ရှိမှုဟု ခေါ်ဆိုရလောက်သည်အထိဆိုလျှင် အင်မော်တယ်ဘုရင်များ၏ အထက်တွင်ရှိသော အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသာ ဖြစ်နိုင်ပေသည်။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှာ သူ့ကို ကာကွယ်ပေးမယ့် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုများ ရှိနေတာလား။

‎

‎

‎ဝိညာဉ်ဧကရာဇ်လား။ ပထမဧကရာဇ်လား။ ရွှမ်ဧကရာဇ်လား။ ဒါမှမဟုတ် ဘယ်သူလဲ။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမြတ်သော တည်ရှိမှု အသီးသီး၏ နာမည်များသည် ထိုအင်မော်တယ်ဘုရင်များ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားတော့၏။

‎

‎

‎ထိုအချိန်၌ပင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည်လည်း ယခင်က ဤနေရာ၌ပင် ကျဆုံးခဲ့ကြောင်း ထိုအင်မော်တယ်ဘုရင်များ ပြန်လည်သတိရသွားကြသည်။

‎

‎

‎ထိုစဉ်က ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင် သေဆုံးသွားချိန်တွင် အခြား အင်မော်တယ်ဘုရင်များမှာ သူတို့၏ နောက်ကွယ်ရှိ အင်မော်တယ်ဧကရာဇ်များထံ သတင်းပို့ခဲ့သော်လည်း နောက်ဆုံးတွင် ဤကိစ္စကို ဘေးဖယ်ထားခဲ့ကြပြီး မည်သည့် အင်မော်တယ်ဧကရာဇ်ကမျှ လဝိညာဉ် ကောင်းကင်ဘုံသို့ ဆင်းသက်ကာ စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ချေ။ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

‎

‎

‎အကယ်၍ ထိုစဉ်က ရှေးဟောင်းမကောင်းဆိုးဝါးကို သတ်ခဲ့သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှ အင်မော်တယ်ဧကရာဇ်သာ ဖြစ်မည်ဆိုပါက အရာအားလုံးသည် ယုတ္တိရှိသွားလေပြီ။

‎

‎

‎အင်မော်တယ်ဧကရာဇ်တစ်ပါးက ကိုယ်တိုင် ဝင်ပါနေပြီဆိုမှတော့ အခြား အင်မော်တယ်ဧကရာဇ်များက မျက်နှာသာပေးကြမည်မှာ သဘာဝပင်။ ထို့ကြောင့် သူတို့သည် ဘာကိုများ သွားစုံစမ်းနေရမည်နည်း။ ရှေးဟောင်းမကောင်းဆိုးဝါးအရှင် သေဆုံးရခြင်းမှာ အလကားဖြစ်သွားရ၏။

‎

‎

‎ယခု ချန်းရှီနှင့် ကောင်းကင်ဖုံးလွှမ်းအရှင်တို့၏ ကိစ္စမှာလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။

‎

‎

‎ဒါပေမယ့် ယွဲ့လင်အင်မော်တယ်ဘုရင်ရဲ့ နောက်ကွယ်က ဘယ်အင်မော်တယ်ဧကရာဇ်လဲ။

‎

‎

‎မှတ်မိပြီ။ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်က ရှေးခေတ်တုန်းက အင်မော်တယ်ဧကရာဇ် တစ်ပါးကို စော်ကားမိခဲ့တယ်လို့ ကောလာဟလ ကြားဖူးတယ်။ အခု ဝင်ပါလိုက်တာ အဲဒီအင်မော်တယ်ဧကရာဇ်များ ဖြစ်နေမလား။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အတွေးများစွာသည် ထိုအင်မော်တယ်ဘုရင်များ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူတို့သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှ ' တည်ရှိမှု ' သည် ကြီးမြတ်သော အင်မော်တယ်ဧကရာဇ် တစ်ပါးဖြစ်ကြောင်း သူတို့ဘာသာ အလိုအလျောက် ကောက်ချက်ချလိုက်ကြတော့သည်။

‎

‎

‎ယခု ဝင်ပါလိုက်သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သိသွားပြီဖြစ်ရာ ထိုအင်မော်တယ်ဘုရင်များသည် ဆက်လက် အတင်းအကျပ် မေးခွန်းထုတ်ရဲလောက်အောင် အကင်းမပါးသူများ မဟုတ်ကြတော့ချေ။

‎

‎

‎နောက်ကွယ်မှ လှုပ်ရှားနေသော အင်မော်တယ်ဧကရာဇ်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြသရန် ဆန္ဒမရှိသည်ဖြစ်ရာ သူတို့သာ ဆက်လက် ဖိအားပေးနေပါက အင်မော်တယ်ဧကရာဇ်တစ်ပါးကို အကြောင်းပြချက်မရှိ စော်ကားလိုက်သကဲ့သို့ ဖြစ်မသွားပေဘူးလော။

‎

‎

‎ထိုနေရာရှိ မည်သည့် အင်မော်တယ်ဘုရင်မျှ အရူးများ မဟုတ်ကြရာ သေချာပေါက် မည်သူကမျှ ထိုသို့ မလုပ်ချင်ကြပေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်တွင် အင်မော်တယ်ဧကရာဇ်တစ်ပါး ရှိနေကြောင်း သိရရုံဖြင့် လုံလောက်လေပြီ။

‎

‎

‎အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် သူတို့ကို အကြောင်းပြချက်မရှိ ပြဿနာရှာမည် မဟုတ်ချေ။ အနာဂတ်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်ကို မတော်တဆ မစော်ကားမိစေရန် သတိထားရုံသာ လိုအပ်တော့သည်။

‎

‎

‎" တာအိုရောင်းရင်း ယွဲ့လင် မပြောချင်လည်း ရပါတယ်... ဒါဆိုရင်လည်း ငါတို့ကို အရင် သွားခွင့်ပြုပါဦး "

‎

‎

‎အင်မော်တယ်ဘုရင်များသည် မိမိတို့အတွက် သင့်တော်သော ထွက်ပေါက်တစ်ခုကို အလျင်အမြန် ရှာဖွေလိုက်ကြ၍ စကားအနည်းငယ်မျှ ပြောဆိုကာ ယွဲ့လင်အင်မော်တယ်ဘုရင်ကို နွေးထွေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် အားလုံး ထွက်ခွာသွားကြလေသည်။

‎

‎

‎ရုတ်တရက် အငိုက်မိသွားသော ကွမ်ယီအင်မော်တယ်ဘုရင် တစ်ပါးတည်းသာ ထိုနေရာတွင် တောင့်တင်းစွာ ရပ်ကျန်ခဲ့တော့၏။

‎

‎

‎သူသည် ကျားအရေခြုံ၍ ခြိမ်းခြောက်ရန်ပင် အချိန်မရလိုက်မီ ထိုအင်မော်တယ်ဘုရင်များ အားလုံး လစ်ထွက်သွားကြလိမ့်မည်ဟု အမှန်တကယ် မထင်မှတ်ထားခဲ့ချေ။

All Chapters