← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 32 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 32 Ch. 439-440

‎အခန်း ( ၄၃၉ ) - မြေခွေးက ကျားအရေခြုံပြီး အာဏာပြခြင်း၊ ကုချန်၏ အမိန့်နှင့် ကုန်လွန်သွားသော ဆယ်နှစ်တာ အချိန်

‎

‎

‎

‎အင်မော်တယ်ဘုရင် ဘီလူးကြီးများ ဖြစ်လာနိုင်သူများသည် ဘီလီယံနှင့်ချီ၍ တစ်ယောက်သာ ရှိနိုင်သော ပါရမီရှင်များ ဖြစ်ကြသည့်အပြင် ရာခိုင်နှုန်းပြည့် ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးကိုလည်း ပိုင်ဆိုင်ထားကြသည်။

‎

‎

‎ထိုသို့မဟုတ်ဘဲ ပါရမီတစ်ခုတည်းသာ ရှိနေပါက အင်မော်တယ်ဘုရင် ဘီလူးကြီးအဆင့်သို့ မည်သည့်အခါမှ တက်လှမ်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုအဆင့်သို့ မရောက်မီမှာပင် သူတို့သည် တစ်စုံတစ်ယောက်၏ အကြံအစည်တွင် မသိလိုက်မသိဘာသာ သားကောင်ဖြစ်သွား၍ အကြောင်းပြချက်မရှိ သေဆုံးသွားခဲ့မည်သာ ဖြစ်၍ပင်။

‎

‎

‎ထို့ကြောင့် အရှင်ရှီနှင့် ထိုနေရာရှိ အခြားသော အင်မော်တယ်ဘုရင် ဘီလူးကြီးများသည် အခြေအနေကို အလွန် ရှင်းလင်းစွာ သဘောပေါက်နေကြ၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ သူ၏ နောက်ကွယ်ရှိ တည်ရှိမှု၏ အထောက်အထားကို ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိရာ အရှင်ရှီနှင့် အခြားသူများသည် သေချာပေါက် ဆက်လက်မေးမြန်းနေလောက်အောင် အကင်းမပါးသူများ မဟုတ်ကြတော့ချေ။

‎

‎

‎အချိန်အကြာကြီး မေးမြန်းနေပြီးနောက် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုကို အမှန်တကယ် ဖော်ထုတ်မိသွားပါက သူတို့ မည်သို့ ရင်ဆိုင်ဖြေရှင်းကြမည်နည်း။

‎

‎

‎တစ်ခါတစ်ရံတွင် မသိချင်ယောင်ဆောင်ခြင်းကလည်း ဉာဏ်ပညာတစ်မျိုးပင် ဖြစ်လေသည်။

‎

‎

‎ထို့အပြင် အရှင်ရှီနှင့် အခြားသူများသည် ကွမ်ယီအင်မော်တယ်ဘုရင်၏ အကြံအစည်များကို ကောင်းစွာ သိရှိထားကြရာ သူ၏အသုံးချခြင်းကို ကျိန်းသေပေါက် ခံမည်မဟုတ်ပေ။

‎

‎

‎ဤသည်က ကွမ်ယီအင်မော်တယ်ဘုရင်အား ယခုလို လွန်စွာ အခက်တွေ့စရာကောင်းသော အခြေအနေကို တစ်ယောက်တည်း ရင်ဆိုင်ရစေခဲ့သည်။

‎

‎

‎" ကွမ်ယီအင်မော်တယ်ဘုရင်... ရှင်က အမှန်တရားကို သိဖို့ အရမ်း စိတ်ပိုင်းဖြတ်ထားပုံရတယ် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကွမ်ယီအင်မော်တယ်ဘုရင်အား အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်၍ ' အမှန်တရား ' ဆိုသော စကားလုံးကို တမင်သက်သက် ဖိပြောလိုက်၏။

‎

‎

‎သို့သော် ကွမ်ယီအင်မော်တယ်ဘုရင်၏ မျက်နှာထားမှာ တောင့်တင်းနေကာ လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်း၍ ပြောဆိုလိုက်သည်။

‎

‎

‎" ဟီးဟီး... လုံးဝ မဟုတ်ပါဘူး... ငါအရှင်က သိချင်စိတ်လေး ဖြစ်မိရုံပါ... သိချင်ရုံလေးပါ... တာအိုရောင်းရင်းက မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့ "

‎

‎

‎ကွမ်ယီအင်မော်တယ်ဘုရင်၏ လေသံမှာ ချက်ချင်း ပျော့ပျောင်းသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအင်မော်တယ်ဘုရင် ဘီလူးကြီးများ၏ ကျောထောက်နောက်ခံ မရှိဘဲ 'အမှန်တရား' ဆိုသည်ကို သူတစ်ယောက်တည်း စုံစမ်းခြင်းက သေတွင်းထဲ ခုန်ဆင်းနေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူ သိသောကြောင့်ပင်။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကဲ့သို့ အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးပင် ဤမျှ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ရသည်။

‎

‎

‎သူဟာ အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးပင် မဟုတ်ချေ။ အကယ်၍ သူသာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှ တည်ရှိမှုကို ဒေါသထွက်စေပါက တာအိုရောင်းရင်း ချန်းရှီကဲ့သို့ သူလည်း အကြောင်းပြချက်မရှိ သေဆုံးသွားမည် မဟုတ်ပါလော။

‎

‎

‎" ငါအရှင် အခု ထွက်သွားတော့မယ်... တာအိုရောင်းရင်း လိုက်ပို့စရာ မလိုပါဘူး "

‎

‎

‎ကွမ်ယီအင်မော်တယ်ဘုရင်သည် ယွဲ့လင်အင်မော်တယ်ဘုရင်အား တောင့်တင်းစွာ အရိုအသေပေးလိုက်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသကဲ့သို့ ထိုနေရာမှ ထွက်ပြေးသွားတော့သည်။

‎

‎

‎အရှက်ရစွာ ထွက်ခွာသွားသော ကွမ်ယီအင်မော်တယ်ဘုရင်ကို ကြည့်ကာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် သိမ်မွေ့သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎သူ့ကဲ့သို့ တည်ရှိမှုတစ်ခုသည် အင်မော်တယ်ဘုရင်အဆင့်အောက်ရှိ သက်ရှိများ၏ အမြင်တွင် အထက်စီး၌ရှိ၍ အလွယ်တကူ မချဉ်းကပ်နိုင်သော အမြင့်မြတ်ဆုံး အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

‎

‎

‎သို့သော် အဆင့်တူ အင်မော်တယ်ဘုရင်များထဲမှ အခြား စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင်များ၏ အမြင်တွင်မူ သူသည် မည်သူမှ သတိမထားမိလောက်အောင် အရေးမပါသူ တစ်ယောက်မျှသာ ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ ကုချန်ကြောင့် ထိုအင်မော်တယ်ဘုရင် ဘီလူးကြီးများပင်လျှင် သူ့ကို ရင်ဆိုင်ရချိန်၌ တန်းတူရည်တူ ယဉ်ကျေးစွာ ဆက်ဆံကြကာ မည်သည့် မောက်မာမှုမျှ မပြသခဲ့ကြချေ။

‎

‎

‎ဤသည်မှာ အရှင်ရှီနှင့် အခြားသူများမှာ ချဉ်းကပ်ရလွယ်ကူသောကြောင့် မဟုတ်ဘဲ သူ၏နောက်ကွယ်မှ ' လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှု ' ကို သူတို့ မစော်ကားလိုသောကြောင့်သာ ဖြစ်သည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်နှင့် တစ်ပုံစံတည်းတူသော ကွမ်ယီအင်မော်တယ်ဘုရင်ဆိုလျှင် သူ့ကို ရင်ဆိုင်ရချိန်၌ စကားတစ်ခွန်းပိုပြောရန်ပင် မရဲခဲ့ချေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် အခြားသူများ၏ စွမ်းအားကို အားကိုးခြင်းကို ပုံမှန်အားဖြင့် ရွံရှာတတ်သော်လည်း ယခုလေးတင် ကြုံတွေ့ခဲ့ရသောအရာက သူ့ကို သက်ပြင်းချမိစေခဲ့သည်။ အခြားသူတစ်ယောက်၏ ဂုဏ်သိက္ခာကို ငှားရမ်းသုံးစွဲရသည့် ခံစားချက်မှာ တကယ်ကို ကြည်နူးစရာ ကောင်းလှ၏။

‎

‎

‎အင်မော်တယ်ဘုရင်များအားလုံး လူစုခွဲသွားပြီးနောက် ကုချန်၏အသံသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲတွင် နောက်တစ်ဖန် ပဲ့တင်ထပ်လာပြန်၏။

‎

‎

‎" ငါကိုယ်တော်က လနန်းတော်မှာ ရှိတယ်... ဒီကို လာခဲ့ဦး "

‎

‎

‎လနန်းတော်? ဒီလူ ဘယ်တုန်းက သူ့ရဲ့ နန်းတော်ကို ရောက်သွားတာလဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသော်လည်း ကုချန်၏ ညွှန်ကြားချက်အတိုင်း ကုချန်နှင့် တွေ့ဆုံရန် လနန်းတော်သို့ နာခံစွာ ပြန်လာခဲ့လေသည်။

‎

‎

‎" နောက်ဆယ်နှစ်နေရင် ငါကိုယ်တော်ရဲ့ မျိုးဆက်တွေ အောက်ကမ္ဘာကနေ တက်လာကြလိမ့်မယ်... မင်း လဝိညာဉ် ကောင်းကင်ဘုံထဲက သင့်တော်မယ့် နေရာတစ်ခုကို အရင်ရွေးချယ်ပြီး သေချာ စီစဉ်ထားလိုက် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် ရောက်လာသောအခါ ကုချန်သည် သူ့ထံ ပထမဆုံး အမိန့်ကို တိုက်ရိုက် ပေးလိုက်၏။

‎

‎

‎" အရှင်သခင်ရဲ့ အမိန့်အတိုင်းပါ "

‎

‎

‎ကုချန်၏အမိန့်ကို ရင်ဆိုင်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်သည် မည်သည့် ဆင်ခြေမျှ မပေးဘဲ လွယ်ကူစွာ သဘောတူလိုက်၏။

‎

‎

‎မည်သို့ပင်ဆိုစေ ကုချန်မှ သူ့အား လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးနိုင်ပါက ကုချန်ကို နှစ်တစ်သိန်းကြာ သစ္စာခံမည်ဟု သူ ယခင်က သဘောတူထားခဲ့ပြီး ဖြစ်သည်။

‎

‎

‎ယခု ချန်းရှီအင်မော်တယ်ဘုရင်ရော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ပါ ဖိနှိပ်သတ်ဖြတ်ခံလိုက်ရပြီဖြစ်ရာ ကုချန်သည် သဘောတူညီချက်တွင်ပါသည့် သတ်မှတ်ချက်များကို လွန်ကဲစွာ ပြီးမြောက်ခဲ့ပြီဟု ဆိုနိုင်ပေသည်။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် အစကတည်းက သူ ချမှတ်ထားသော သတ်မှတ်ချက်များကို ကျိန်းသေ ချိုးဖောက်မည် မဟုတ်ချေ။

‎

‎

‎ထို့အပြင် ကုချန်၏ စွမ်းအားမှာလည်း သူ့ထက် အတိုင်းအဆမရှိ ပိုမို ကြီးမားလှပေသည်။

‎

‎

‎ဤအချက်ကလည်း ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကုချန်အား သစ္စာခံရမည့်အပေါ် သိပ်ပြီး ငြင်းဆန်ခြင်း မရှိ‌စေခဲ့ချေ။

‎

‎

‎" လောလောဆယ်တော့ ဒီကိစ္စ တစ်ခုပဲ ရှိသေးတယ်... နောက်ပိုင်း ထပ်ပြီး ညွှန်ကြားစရာတွေ ရှိလာရင် ငါကိုယ်တော် မင်းကို ပြောပါ့မယ် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်ထံ အမိန့်ပေးပြီးနောက် ကုချန်သည် ချက်ချင်း မတ်တပ်ရပ်ကာ ခြေလှမ်းဖွဖွလှမ်းလိုက်ရာ သူ၏ပုံရိပ်သည် လနန်းတော်မှ ပျောက်ကွယ်သွားလေသည်။

‎

‎

‎သူ မထွက်ခွာမီ ချန်ထားခဲ့သော နောက်ဆုံးစကားများမှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

‎

‎

‎" ချီလျိုနဲ့ ဆက်သွယ်ဖို့ အခွင့်အာဏာကို ငါကိုယ်တော် မင်းဆီ လွှဲအပ်ပေးခဲ့တယ်... အခုကစပြီး ချီလျိုနဲ့ ဆက်သွယ်ဖို့ ဒီကျောက်စိမ်းပြားကို အသက်သွင်းလိုက်ရုံပဲ "

‎

‎

‎ယခုအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ကို သစ္စာခံထားသော လက်အောက်ငယ်သား ဖြစ်နေပြီဖြစ်ရာ သူသည် ယွဲ့လင်အား ချီလျန်မျိုးနွယ်နှင့် ဆက်သွယ်ခြင်းမှ တားဆီးမည် မဟုတ်ပေ။ အမှန်တကယ်တော့ သူတို့ အချင်းချင်း ပို၍ မကြာခဏ ဆက်သွယ်ကြရန်ပင် သူ မျှော်လင့်ထားလေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်မှသာ ဤအင်မော်တယ်ဘုရင်အဆင့် လက်အောက်ငယ်သားသည် အနာဂတ်တွင် သူ၏ လက်အောက်မှ ' ခွဲထွက် ' ရန် ပိုမို ခက်ခဲသွားမည် ဖြစ်သောကြောင့်ပင်။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန် ထွက်ခွာသွားသော နေရာကို ငေးမောစွာ ကြည့်လိုက်ရာ ရှေးဟောင်းအမှတ်အသား ကျောက်စိမ်းပြားတစ်ခု လေဟာနယ်ထဲတွင် တိတ်ဆိတ်စွာ မျောလွင့်နေလျက် သူ ယူမည့်အချိန်ကို စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏လက်ကို ညင်သာစွာ မြှောက်ကာ ကျောက်စိမ်းပြားကို လက်ဝါးထဲသို့ ယူလိုက်ချိန်တွင် ဖော်ပြ၍မရနိုင်သော သက်သာရာရမှု တစ်ခု သူ၏ရင်ထဲတွင် ဖြစ်ပေါ်လာလေသည်။

‎

‎

‎ဤတစ်ကြိမ် ကုချန်မှ သူ့ကို ဆင့်ခေါ်ချိန်တွင် သူ့ကို ခက်ခဲသော သတ်မှတ်ချက် တစ်ခုခုများ ကမ်းလှမ်းလာမည်လောဟု တွေးကာ သူ အနည်းငယ် စိုးရိမ်နေခဲ့မိ၏။

‎

‎

‎သို့သော် ရလဒ်မှာ အစမှအဆုံးတိုင် သူ၏ အရှင်သခင်သစ်သည် မည်သည့် လွန်ကဲသော သတ်မှတ်ချက်ကိုမျှ မကမ်းလှမ်းခဲ့ဘဲ သင့်တော်သော နေရာတစ်ခုကို ရှာဖွေ၍ သူ၏ အနာဂတ် သွေးသားမျိုးဆက်များကို နေရာချထားပေးရန် ပြင်ဆင်ဖို့သာ တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

‎

‎

‎တကယ်ပဲ သူက ဘယ်လိုလူမျိုးလဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် လက်ဝါးထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ချီလျိုကို ခေါ်ဆိုရန် နတ်ဝိညာဉ်အာရုံ အနည်းငယ်ကို အလျင်အမြန် ထည့်သွင်းလိုက်၏။

‎

‎

‎သို့သော် သူ၏လက်ရှိ စိတ်နေသဘောထားမှာ ချီလျန်မျိုးနွယ်၏ လက်ရှိ လှုပ်ရှားမှုများနှင့် အချက်အလက်များကို တိတိကျကျ အပူတပြင်း နားလည်လိုစိတ်မှ ကုချန်အကြောင်းကို ပိုမို သိချင်စိတ်အဖြစ်သို့ တိတ်တဆိတ် ပြောင်းလဲသွားခဲ့လေပြီ။

‎

‎

‎ဤသူအား နတ်ဝိညာဉ်ကို ပထမဆုံး ပေးအပ်ကာ နောက်လိုက်လုပ်ခဲ့သူဖြစ်သော ချီလျိုအနေဖြင့် သူ၏ နောက်ခံနှင့် အချက်အလက်များကို အများကြီး သိထားရမည် မဟုတ်လော။

‎

‎

‎...

‎

‎

‎လနန်းတော်မှ ထွက်ခွာလာပြီးနောက် ကုချန်သည် သူ၏ တံခါးပိတ် ကျင့်ကြံရာ နေရာသို့ သွားခဲ့၏။ အနာဂတ်တွင် အထက်ကောင်းကင်တားမြစ်နယ်မြေအတွက် အစီအစဉ်များကို ယွဲ့လင်မှ ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ရာ ဤကိစ္စကို အာရုံစိုက်ရန် အချိန်အများကြီး အကုန်ခံဖို့ မလိုအပ်တော့ချေ။

‎

‎

‎ဆယ်နှစ်ပြည့်သွားပါက အဆုံးမဲ့ကမ္ဘာမှ ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ပြောင်းရွှေ့လိုက်ရုံသာ ဖြစ်သည်။

‎

‎

‎ယခု သူလုပ်ရမည့်အရာမှာ အမြန်ဆုံး တံခါးပိတ်ကျင့်ကြံ၍ မကြာသေးမီက တိုက်ပွဲမှ ရရှိခဲ့သော နားလည်သဘောပေါက်မှုများကို လျင်မြန်စွာ ချေဖျက်၍ လေ့လာရန်ပင် ဖြစ်သည်။

‎

‎

‎နှစ်ကာလများသည် လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွား၏။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန် ကုန်လွန်သွားခဲ့လေပြီ။

‎

‎

‎ယနေ့တွင် အဆုံးမဲ့ကမ္ဘာ၊ အရှေ့ဘက် တာအိုနယ်မြေရှိ အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာမှ ခမ်းနားကြီးကျယ်သော အသံတစ်သံသည် ကုမိသားစု အပါအဝင် ကောင်းကင်တားမြစ်နယ်မြေရှိ သက်ရှိအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်လာလေသည်။

‎

‎

‎" ဆယ်နှစ်ပြည့်ပြီ... အားလုံးပဲ အင်မော်တယ်နယ်မြေကို တက်လှမ်းဖို့ ပြင်ဆင်ကြတော့ "

‎

‎အခန်း ( ၄၄၀ ) - အိပ်မက်တစ်ခုကဲ့သို့၊ အင်မော်တယ်နယ်မြေသို့ မတက်လှမ်းမီ အစပျိုးခြင်းနှင့် မထွက်ခွာမီ ညွှန်ကြားချက်များ

‎

‎

‎

‎နောက်ဆုံးတော့ အင်မော်တယ်နယ်မြေကို တက်လှမ်းဖို့ အချိန်ရောက်လာပြီ!

‎

‎

‎ကုချန်၏အသံ ထွက်ပေါ်လာသောအခါ ကုမိသားစုဝင် အားလုံး၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တောင့်တမှုများ ထွက်ပေါ်လာ၏။

‎

‎

‎လွန်ခဲ့သော ဆယ်နှစ်က နောက်ဆယ်နှစ်အကြာတွင် အင်မော်တယ်နယ်မြေသို့ တက်လှမ်းမည်ဟု ကုချန် ညွှန်ကြားခဲ့ကတည်းက ကုမိသားစုဝင် အားလုံးသည် ဤနေ့ကို တိတ်တဆိတ် စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎အင်မော်တယ်နယ်မြေ!

‎

‎

‎ထိုအရာသည် အဆုံးမဲ့ကမ္ဘာ၏ အဆုံးအစမဲ့ နှစ်ကာလများတစ်လျှောက်လုံး မရေမတွက်နိုင်သော သက်ရှိများ၏ အမြင့်ဆုံး အိပ်မက်တစ်ခု ဖြစ်ခဲ့လေသည်။

‎

‎

‎ရှေးဟောင်း အမြင့်မြတ်ဆုံး တည်ရှိမှု အများအပြားသည် တားမြစ်နယ်မြေများအတွင်း နှစ်ပေါင်းများစွာ ဒုက္ခခံကာ အင်မော်တယ် တက်လှမ်းနိုင်ရန်အတွက်သာ နှစ်သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာတိုင်အောင် တိတ်ဆိတ်စွာ ပုန်းအောင်းနေခဲ့ကြသော်လည်း နောက်ဆုံးတွင် တစ်ဦးတစ်ယောက်မျှ အောင်မြင်ခဲ့ခြင်း မရှိချေ။

‎

‎

‎ယခုအခါ ကုမိသားစုသည် ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးနှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းတော့မည်ဖြစ်ရာ ဤကဲ့သို့ အိပ်မက်ဆန်သော ရလဒ်မှာ လူအများကို မည်သို့ စိတ်မလှုပ်ရှားစေဘဲ နေမည်နည်း။

‎

‎

‎" ငါ ကုယိုလည်း အင်မော်တယ်နယ်မြေကို တက်လှမ်းရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး "

‎

‎

‎ကုယိုသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်နေလေသည်။

‎

‎

‎သူသည် မူလက ကုမိသားစုရွာမှ ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် ဟွမ်သွမ့် မူလဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခဲ့သည်။ ဤဘဝတွင် သူ၏ အကြီးမားဆုံး အိပ်မက်မှာ ဒဏ္ဍာရီလာ ရှေးဟောင်းသူတော်စင် တစ်ပါးဖြစ်လာရန် ရည်မှန်းထားခြင်းသာ ဖြစ်သည်။

‎

‎

‎ဒဏ္ဍာရီလာ မဟာဧကရာဇ်အဆင့်ဆိုသည်ကိုမူ သူ တစ်ခါမှပင် မတွေးဝံ့ခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏ ပါရမီဖြင့် ဧကရာဇ်ဖြစ်ရန် အခွင့်အရေး မရှိကြောင်း ကုယို သိထားသောကြောင့်ပင်။ ဤဘဝတွင် သူ သူတော်စင်ဖြစ်လာခြင်းကပင် ဘိုးဘေးသင်္ချိုင်းတွင် အမွှေးတိုင်ကြီး ထွန်းညှိရသကဲ့သို့ အလွန်ကံကောင်းလွန်းလှနေလေပြီ။

‎

‎

‎သို့သော် နောက်ပိုင်း သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် ကုယိုအတွက် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

‎

‎

‎ဟွမ်သွမ့် မူလဂိုဏ်းသည် ကျူးကျော်လာသော နတ်ဆိုးနယ်မြေ သက်ရှိများ၏ မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ အပြင်သို့ စွန့်စားခရီးထွက်နေခိုက်ဖြစ်၍ သီသီလေး လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ကုမိသားစုရွာသို့ သူ ပြန်ရောက်လာသောအခါ တစ်ချိန်က သာမန်ရွာငယ်လေးသည် ယခုအခါ ဒဏ္ဍာရီလာ ကောင်းကင်တားမြစ်နယ်မြေရှိ ကုမိသားစုနှင့် ဆက်နွှယ်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။

‎

‎

‎သူကိုယ်တိုင်လည်း ကောင်းကင်တားမြစ်နယ်မြေရှိ ထိုကုမိသားစု မဟာဧကရာဇ်၏ သွေးသားမျိုးဆက် တစ်ယောက် ချက်ချင်း ဖြစ်သွားခဲ့လေသည်။

‎

‎

‎ထိုအချိန်မှစ၍ သူ၏ဘဝသည် လှည့်ကွက်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။ ဘိုးဘေး၏ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဆင့်ခေါ်ခြင်းကို ခံရကာ အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခုထံမှ လမ်းညွှန်မှုများ ရရှိခဲ့ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို အသုံးပြုခွင့် ရရှိခဲ့သည်။

‎

‎

‎နှစ်တစ်ရာတည်းအတွင်းမှာပင် သူ တစ်သက်လုံး တောင့်တခဲ့ရသော သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

‎

‎

‎ထိုမျှမက ယနေ့တွင် သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ အင်မော်တယ်နယ်မြေသို့ပါ တက်လှမ်းတော့မည် ဖြစ်သည်။

‎

‎

‎ဤသည်မှာ ခေတ်အဆက်ဆက်မှ မဟာဧကရာဇ်များနှင့် ရှေးဟောင်းဧကရာဇ်များပင်လျှင် မည်သည့်အခါမျှ မအောင်မြင်ခဲ့သော အရာတစ်ခု ဖြစ်လေသည်။

‎

‎

‎" အဟွတ်! အဟွတ်! ရှောင်ယို... မင်း အင်မော်တယ်နယ်မြေကို ရောက်သွားပြီးရင်တော့ ပေါ့ပေါ့ဆဆ နေလို့မရဘူးနော်... အင်မော်တယ်နယ်မြေက ငါတို့ အဆုံးမဲ့ကမ္ဘာထက် အဆများစွာ ပိုကြီးတယ်လို့ ငါ ကြားဖူးတယ် "

‎

‎

‎" အဲဒီမှာက ပါရမီရှင်တွေနဲ့ ကျွမ်းကျင်သူတွေက တိမ်တွေလို ပိုလို့တောင် စုဝေးနေကြသေးတာ "

‎

‎

‎" ကုမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ မင်းက အားလုံးကို နောက်မဆွဲထားမိစေနဲ့နော် "

‎

‎

‎ရွာသူကြီး ကုရှန်မင်သည် တောင်ဝှေးကို အားပြုကာ ကုယိုထံသို့ လျှောက်လာ၍ ချောင်းဟန့်ရင်း ဆုံးမစကား ပြောဆို၏။

‎

‎

‎" ရွာသူကြီး... ကျွန်တော်တို့နဲ့အတူ အင်မော်တယ်နယ်မြေကို တကယ်ပဲ မလိုက်တော့ဘူးလား "

‎

‎

‎သူ့ဘေးရှိ ရွာသူကြီးကို ကြည့်ကာ ကုယိုမှာ မနေနိုင်စွာ မေးမြန်းလိုက်၏။

‎

‎

‎လွန်ခဲ့သော ငါးနှစ်က ကုဝူရှန့်သည် ကုမိသားစုရွာမှ ရွာသူရွာသား အားလုံးကို အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြောင်းရွှေ့ရန်နှင့် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။

‎

‎

‎သို့သော် ကုရှန်မင် အပါအဝင် ကုမိသားစုရွာမှ သက်ကြီးရွယ်အို အချို့သည် ကုဝူရှန့်၏ ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြလေသည်။

‎

‎

‎သူတို့သည် အင်မော်တယ်နယ်မြေသို့ မသွားကြဘဲ ကုမိသားစုရွာတွင်သာ ကျန်ရှိသော ဘဝကို ဖြတ်သန်းရန် ရည်ရွယ်ထားကြ၏။

‎

‎

‎" အဟွတ်! အဟွတ်! အင်မော်တယ်နယ်မြေက ကောင်းပါတယ်... ဒါပေမယ့် ငါ့လို အဘိုးအို တစ်ယောက်နဲ့တော့ မကိုက်ညီပါဘူး... အသက် နောက်ထပ် အနှစ်တစ်ရာ ပိုရှင်သန်ရပြီး မင်းတို့ လူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ကြီးပြင်းလာပြီး အောင်မြင်မှုတွေ ရလာတာကို မြင်ရတာနဲ့တင် ငါ အရမ်း ကျေနပ်နေပါပြီ "

‎

‎

‎ကုရှန်မင်၏ အိုမင်းနေသော မျက်နှာပေါ်တွင် သက်သာရာရမှုနှင့် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

‎

‎

‎သူသည် ကျင့်ကြံခြင်းကို နားမလည်သော သာမန် သေမျိုးတစ်ယောက်သာ ဖြစ်ရာ ပုံမှန်အားဖြင့် ယခုအချိန်အထိ အသက်ရှင်မနေသင့်‌ပေ။

‎

‎

‎ကုဝူရှန့် ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းကာ ကုမိသားစုရွာရှိ သက်ကြီးရွယ်အိုများ၏ သွေးကြောများကို ရှင်းလင်းပေး၍ သူတို့ သောက်သုံးရန် နတ်ဆေးများကို ချီးမြှင့်ခဲ့သောကြောင့်သာ ကုမိသားစုရွာ၏ သက်ကြီးရွယ်အိုများသည် နောက်ထပ် အနှစ်တစ်ရာ တိုး၍ ယခုအချိန်အထိ ပိုမို အသက် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ကုရှန်မင်နှင့် အခြားသူများသည် ကျင့်ကြံထားခြင်း မရှိသဖြင့် ဤမျှ နှစ်ပေါင်းများစွာ ပိုမို ရှင်သန်နိုင်ခဲ့ခြင်းကပင် ကောင်းကင်ကို ဆန့်ကျင်သော ကံကောင်းမှုတစ်ခု ဖြစ်နေလေပြီ။

‎

‎

‎ယခုအခါ ကုရှန်မင်ကဲ့သို့သော ကုမိသားစုရွာမှ သက်ကြီးရွယ်အိုများသည် အသက်ရှင်ရန် နှစ်များစွာ မကျန်တော့ဘဲ သူတို့ဘဝ၏ နောက်ဆုံးအချိန်များသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။

‎

‎

‎ထို့ကြောင့်ပင် ကုရှန်မင်နှင့် အခြား သက်ကြီးရွယ်အိုများသည် ဆွေးနွေးပြီးနောက် အင်မော်တယ်နယ်မြေသို့ မသွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎ကုယိုကဲ့သို့ လူငယ်များသည် သူတို့၏ဘဝခရီးလမ်းကို ယခုမှ စတင်ရုံသာ ရှိသေး၍ စိတ်လှုပ်ရှားစရာ ကောင်းသောအရာများစွာက သူတို့ကို စောင့်ကြိုနေသဖြင့် စူးစမ်းလေ့လာရန် အင်မော်တယ်နယ်မြေသို့ သွားရမည်မှာ သဘာဝကျ‌ပေသည်။

‎

‎

‎သို့သော် ခန္ဓာကိုယ် တစ်ဝက်ခန့် မြေကြီးထဲ ရောက်နေပြီဖြစ်သော ကုရှန်မင်ကဲ့သို့ ကုမိသားစုရွာမှ သက်ကြီးရွယ်အိုများအတွက်မူ သူတို့၏ အမြစ်များသည် ကုမိသားစုရွာတွင်သာ ရှိလေသည်။

‎

‎

‎သူတို့၏ တစ်သက်တာလုံးကို ကုမိသားစုရွာတွင်သာ ဖြတ်သန်းခဲ့ကြသည်။

‎

‎

‎ယခု သူတို့ဘဝ၏ နောက်ဆုံးအချိန်များတွင် သူတို့ လိုချင်သည်မှာ ကံကြမ္မာကို ဆန့်ကျင်၍ ပိုမို အသက်ရှင်ရန် မဟုတ်ဘဲ ရွာရှိ သူတို့၏ အမြစ်များထံသို့ တိတ်ဆိတ်စွာ ပြန်သွားရန်သာ ဖြစ်လေသည်။

‎

‎

‎ထို့အပြင် ကုရှန်မင်နှင့် အခြားသူများသည် အင်မော်တယ်နယ်မြေသို့ မသွားလိုခြင်း၏ နောက်ထပ် လျှို့ဝှက်အကြောင်းရင်းတစ်ခု ရှိသေး၏။

‎

‎

‎ထိုအရာမှာ ကုမိသားစု တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်သောကြောင့်ပင်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ရွာသူကြီးမှာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း မြင်သောအခါ ကုယိုသည် ဆက်လက် ဖိအားမပေးတော့သော်လည်း သူ၏ရင်ထဲတွင် အနည်းငယ် ခါးသီးနေသလို ခံစားလိုက်ရ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် အင်မော်တယ်နယ်မြေသို့ သွားပြီးနောက် ဤကုမိသားစုရွာမှ သက်ကြီးရွယ်အိုများကို သူ နောက်တစ်ကြိမ် ပြန်တွေ့ရမည် မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။

‎

‎

‎" ကောင်လေး... မတ်မတ်ရပ်စမ်း! ကုမိသားစုရွာရဲ့ အနာဂတ်က မင်း ထမ်းပိုးဖို့ လိုအပ်သေးတယ် "

‎

‎

‎ကုယို၏ အနည်းငယ် စိတ်ဓာတ်ကျနေသော အမူအရာကို မြင်သောအခါ ကုရှန်မင်သည် သူ၏ပခုံးကို ပုတ်ကာ အားပေးလိုက်၏။

‎

‎

‎" ငါတို့ ကုမိသားစုရွာက... အထက်ကောင်းကင်တားမြစ်နယ်မြေဆီ ပြန်ရောက်လာပြီး ဘိုးဘေးတွေနဲ့ ပြန်လည် ချိတ်ဆက်နိုင်ခဲ့တာ မှန်ပါတယ်.....

‎

‎ဒါပေမယ့် မိသားစုတစ်ခု ကြီးထွားလာတဲ့အခါမှာ မျိုးဆက်အသီးသီးအဖြစ် သေချာပေါက် ကွဲထွက်သွားလိမ့်မယ်... ကုမိသားစုရွာက အနောက်ကျဆုံးမှ ပြန်ရောက်လာတာဆိုတော့ စွမ်းအားအရ အားလုံးထဲမှာ အားအနည်းဆုံး ဖြစ်နေတာ သေချာတယ်.....

‎

‎ငါ ဆက်ပြီး မစီမံနိုင်တော့ဘူး... ဒါပေမယ့် ငါတို့ ကုမိသားစုရွာရဲ့ ပထမဆုံး ကျင့်ကြံသူနဲ့ ပထမဆုံး သူတော်စင် တစ်ယောက်အနေနဲ့... အနာဂတ်မှာ ကုမိသားစုရွာရဲ့ အခြေအနေအလုံးစုံကို မင်းက ဂရုစိုက်သင့်တယ် "

‎

‎

‎" ဒီရွာသူကြီး နေရာက မင်းအတွက်ပဲ! "

‎

‎

‎" ဗျာ? "

‎

‎

‎ကုရှန်မင်၏စကားကို ကြားသောအခါ ကုယိုသည် မချေပဘဲ မနေနိုင်တော့ချေ။

‎

‎

‎" ရွာသူကြီး... ကျွန်တော်တို့ ကုမိသားစုက တခြား မိသားစုတွေနဲ့ မတူဘူးလေ! ဘိုးဘေးက မျိုးနွယ်စုအတွင်းက အတွင်းရေး ပဋိပက္ခတွေနဲ့ အချင်းချင်း တိုက်ခိုက်တာကို အမုန်းဆုံးဆိုတာ ရွာသူကြီးလည်း သိတာပဲ... ကြည့်လေ... ကျွန်တော်တို့ ကုမိသားစုရွာ အထက်ကောင်းကင်တားမြစ်နယ်မြေကို ရောက်လာကတည်းက ခွဲခြားဆက်ဆံခံရတာမျိုး ဘယ်အချိန်က ကြုံဖူးလို့လဲ "

‎

‎

‎" အရင်းအမြစ်တွေ ခွဲဝေတာပဲဖြစ်ဖြစ်၊ ကျင့်စဉ်တွေ သင်ပေးတာပဲဖြစ်ဖြစ် အားလုံးက တခြား ကုမျိုးနွယ်စုဝင်တွေနဲ့ စံနှုန်းတူတူပဲ... ဘာမှ ချွင်းချက်မရှိဘူး... ရွာသူကြီးက အများကြီး လျှောက်တွေးနေတာပါ "

‎

‎

‎" မိုက်မဲလိုက်တာ! "

‎

‎

‎မမျှော်လင့်စွာဘဲ ကုယို၏စကားများကို ကုရှန်မင်မှ သဘောမတူခဲ့ချေ။

‎

‎

‎သူသည် တောင်ဝှေးကို အားပြုကာ ကုယိုအား စူးရှစွာ ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။

‎

‎

‎" ဘိုးဘေးက ဒီလိုကိစ္စတွေကို မနှစ်သက်တာ သေချာပါတယ်... ဒါပေမယ့် ရေရှည်ကို ကြည့်မယ်ဆိုရင် ငါတို့ ကုမိသားစုက သေချာပေါက် ပိုပိုပြီး ကြီးပွားတိုးတက်လာလိမ့်မယ်.....

‎

‎လောလောဆယ်တော့ ကုမျိုးနွယ်စုဝင် အားလုံးက ဘိုးဘေးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေကြလို့... ကောင်းကင်တားမြစ်နယ်မြေအတွင်းမှာ နေထိုင်ပြီး သင့်သင့်မြတ်မြတ် ရှိနေကြတာပေါ့.....

‎

‎ဒါ့အပြင် လက်ရှိ ကုမျိုးနွယ်စုဝင် အားလုံးက ကုမိသားစုရဲ့ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းလာခဲ့ကြတာဆိုတော့... ဖြောင့်မတ်မှန်ကန်မှုကို သဘာဝကျကျ နားလည်ကြပြီး အမှားလုပ်ကြမှာ မဟုတ်ဘူး...

‎

‎ဒါပေမယ့် နောက်နှစ်တစ်သောင်း၊ နှစ်သိန်း၊ ဒါမှမဟုတ်... နှစ်သန်းပေါင်းများစွာ ကြာတဲ့အခါကျရင်ရော ဘယ်လိုလုပ်မလဲ......

‎

‎ကုမိသားစုဝင် အားလုံးက ကောင်းကင်တားမြစ်နယ်မြေထဲမှာပဲ အမြဲတမ်း နေကြလိမ့်မယ်လို့ မင်း ထင်နေတာလား.....

‎

‎အဲဒီအခါကျရင် သူတို့တွေ ပြန့်ကျဲသွားပြီး အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာ ရှိမနေနိုင်ဘူးလား.....

‎

‎အဲဒီအချိန်ကျရင် ဘိုးဘေးရဲ့ ထိန်းချုပ်မှုမရှိတဲ့ နောက်ဆက်တွဲ မျိုးဆက်သစ် ကုမိသားစုဝင်တွေက... ကုမိသားစုဝင် အားလုံးကို ကိုယ့်သွေးသားလိုမျိုး တန်းတူညီတူ ဆက်ဆံကြမယ်ဆိုတာကို သေချာပေါက် အာမခံနိုင်ဦးမလား... ဒါမှမဟုတ် ကိုယ့်သွေးသား မျိုးဆက်ကိုပဲ အာရုံစိုက်ပြီး တန်ဖိုးထားကြမလား "

All Chapters